အလောင်းအစား(၁)
Vol. 5 Ch. 49
တန်ရော်ဝေ အနေဖြင့် ပိုင်ချူးရန်နှင့် ပြုလုပ်ထားသည့် အလောင်းအစားတွင် အနိုင်ရရှိရန် ကျင့်ကြံမှုအပေါ်၌ နဂိုမူလကထက် နှစ်ဆခန့် အားစိုက်ထားသည်။
နေ့စဉ် နံနက် ငါးနာရီတွင် အိပ်ယာထကာ ခန္ဓာပြောင်းလဲခြင်း အတတ်အား လေ့ကျင့်သည်။ နံနက်စာ သုံးဆောင်ပြီးချိန်၌ ကျောက်တံတားအား ဖြတ်သန်း၍ ကြယ်ခုနှစ်ခု တောင်ထွဋ်၏ ဘေးမှ တောင်ထွဋ်သို့ သွားရောက်ကာ မူလ မဟာဆွဲအား နည်းလမ်းကို ကျင့်ကြံသည်။
ထိုနည်းလမ်းမှာ တခြားသော မြေဒြပ်စင် အခြေပြု နည်းလမ်းများဖြင့် ခြားနားသည်။ ယခုနည်းလမ်းမှာ ဆွဲအားကိုသာ အခြေပြုထား၏ ။ အနက်ရောင် တောင်ထွဋ်သည်လည်း ထိုနည်းလမ်း လေ့ကျင့်ရန် သင့်တော်လှသည့် နေရာတခုပင်။
အနက်ရောင် တောင်ထွဋ်တွင် မြေကမ္ဘာကီ များပြားသိပ်သည်းသည့်အပြင် တခြားသော နေရာများထက်ပင် ဆွဲအားပိုသည်။ တောင်ခြေ၌ ဆွဲအားမှာ သာမန်ဆွဲအားထက် အဆနှစ်ဆယ်ပိုနေသည်။
တန်ရော်ဝေ အနေဖြင့် တောင်ထိပ်တွင်သာ လေ့ကျင့်နိုင်သေးသည်။ သို့သော်လည်း စိတ်ဝိညာဉ်အမြစ်၏ အရည်အသွေးကြောင့် ခန္ဓာကိုယ်အတွင်း ဆွဲအားပထမအဆင့် ထုတ်လွှတ်ရန် အချိန်ကြာတော့မည် မဟုတ်ပေ။
နေမွန်းတည့်ချိန်၌ တန်ရော်ဝေမှာ ချီမင်တောင်ထပ်ရှိ ကျင့်ကြံမှု သင်ခန်းစာအတန်းအား တက်ရောက်ရသည်။ ညအချိန်တွင် တန်ရော်ဝေမှာ ဆေးဝါးများ စိမ်ထားသည့် ရေဖြင့် ရေစိမ်ရပြန်သည်။
ထိုအချိန်မှာ တန်ရော်ဝေအတွက် အခက်အခဲဆုံးနှင့် အပင်ပန်းဆုံးသော အချိန်ဖြစ်သည်။
အကြောင်းမှာ ဆေးရည် စိမ်နေစဉ်တွင် ဆရာဖြစ်သူမှ တပည့်ဖြစ်သူ၏ တိုးတက်မှုအား သရော်ခြင်းကြောင့် ဖြစ်၏ ။
ဉပမာအားဖြင့် အောက်ပါစကားများတည်း။
"လေ့ကျင့်နေရင် ရင်ခံမဝတ်ရဘူး…"
"အမျှန်တရား ဘက်တော်သားဆိုတာ မာနနဲ့ ဒေါသကင်းရမယ်… ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကြီးလာဖို့ဆိုရင် နှစ်တရာလောက် ကြာလိမ့်မယ်…"
တန်ရော်ဝေအနေဖြင့် ထိုစကားများအား မကြားလိုပေ။ ထို့ကြောင့် ဆရာဖြစိ်သူအား မေးခွန်းမေးကာ တန်ပြန် တိုက်ခိုက်လေ့ရှိသည်။
"ဆရာ ချီသန့်စင်ခြင်းအဆင့် (၆၆,၆၆၅)ရောက်တာ ဘယ်လိုခံစားရလဲ…"
"ဆရာ ရည်းစား မရှိတာ ဘယ်လောက်တောင်ကြာပြီလဲ…"
ဆရာတပည့် နှစ်ဦးက အပြန်အလှန် တိုက်ခိုက်နေရင်းမှ တပည့်ဖြစ် သူသည်လည်း ကျင့်ကြံရန် စိတ်ခွန်အားရနေသည်။ ထိုနည်းတူပင် ဆရာဖြစ်သူသည်လည်း အခြေတည်အဆင့်အတွက် ဆက်လက် လေ့လာနေသည်။
ထိုသို့ဖြင့် နှစ်ဦးသားမှာ လေ့ကျင့်ခြင်း၊ စီနီယာများ၏ အတွေ့အကြုံအား လေ့လာခြင်း၊ ဆေးရေစိမ်ခြင်း စသည်တို့ ပြုလုပ်ကာ နေ့စဉ် ကုန်ဆုံးကြသည်။ ညအချိန်တွင်မူ ရေပူစမ်းသို့ သွားရောက်၍ ပင်ပန်းမှုအား ဖြေလျော့ကြ၏ ။ ဆရာတပည့် နှစ်ယောက်၏ နေ့စဉ် လုပ်ငန်းဆောင်တာများမှာ ထိုနည်းအတိုင်းပင် ဆက်သွားနေသည်။
ကျင့်ကြံသူများ အနေဖြင့် ခြောက်နှစ်ဟူသော ကာလမှ တိုးတောင်းလှသည့် ကာလသာဖြစ်၏ ။ ပိုင်ချူးရန်မှ တပည့်ဖြစ်သူအား ဆေးလုံးများ အသုံးမပြုစေဘဲ ကျင့်ကြံစေရာ တန်ရော်ဝေ၏ ကျင့်ကြံမှုသည်လည်း ချီသန့်စင်ခြင်း အဆင့်တစ်ဆယ် ထိပ်သီးအဆင့်သို့ ရောက်လာသည်။ သူမ အနေဖြင့် အခြေတည်အဆင့် တက်လှမ်းရန် ခြေတလှမ်းသာ လိုတော့သည်။
လွန်ခဲ့သည့် ခြောက်နှစ်တာ ကာလ၌ ပိုင်ချူးရန်သည်လည်း ချီသန့်စင်ခြင်း (၆၆,၆၆၆)ဆင့်သို့ တက်လှမ်းရမည်ကို တွန်းလှန်ထားခဲ့သည်။ ထို့အစား နောက်တဆင့်သို့သာ တက်လှမ်းလို၏ ။ အဆင့်တက်မှုအား ခုခံထားချိန်၌ ချီမင်ဓားဂိုဏ်းရှိ ထပ်သီးနည်းလမ်းများနှင့် နည်းနာနိသယများကိုလည်း ဆက်လက်လေ့လာထားသေးသည်။
တခုသော နံနက်ခင်း၌ အဆုံးမဲ့သည့် ချီပင်လယ်မှ မူလချီအား ဖိနှိပ်ရန် လေ့လာနေသည့် ပိုင်ချူးရန်ထံသို့ တန်ရော်ဝေ ရောက်လာသည်။
"ဆရာ…"
မိန်းကလေးငယ်ဖြစ်သူက အနည်းငယ် ရှက်နေပုံ ပေါ်သကဲ့သို့ အနည်းငယ် မျှော်လင့်ချက် ရှိနေပုံပေါ်သည်။
"တပည့် အခြေတည်အဆင့် တက်တော့မယ့်ပုံပဲ…"
"နောက်ဆုံးတော့… ဒီနေ့ရောက်လာပြီ…"
ပိုင်ချူးရန်က မင်တံအား ချကာ ရေရွတ်လိုက်၏ ။
"ခဏစောင့်ဦး ဆရာ အခြေတည်ဆေးလုံး လုပ်ပေးမယ်…"
ပိုင်ချူးရန်က မတ်တပ်ထရပ်ကာ စာအုပ်စင်ထက်မှ စာလိပ်ဟောင်းတခုအား တပည့်ဖြစ်သူထံသို့ ပေးလိုက်သည်။
"ဒီနည်းလမ်းက ဆရာအဆင့်တက်ကာနီးမှာ ဆရာ့ရဲ့ဆရာ ပေးထားတာ… နှစ်ရက်လောက် စိတ်ငြိမ်ငြိမ်ထားပြီး အာရုံစိုက်… အခြေတည်အဆင့်တက်ဖို့ ပြင်ဆင်ထားပေးမယ်…"
အခြေတည်ဆေးလုံးအား သန့်စင်ရာ၌ ယခုလောကတွင် မဆိုထားဘိ အင်မော်တယ် လောကတွင်ပင် ပိုင်ချူးရန်အား ယှဉ်နိုင်မည့်သူ မရှိပေ။
နှစ်သုံးထောင်ကြာ ကာလတွင် အခြေတည်ဆေးလုံး အမယ်များစွာနှင့် ဖော်စပ်ပုံများအား လေ့လာထားခဲ့သည်။ ချူးရန် အနေဖြင်ဘ ဆေးလုံးအား မြင်ရုံဖြင့်ပင် အာနိသင်နှင့် ဆေးလုံးအား သောက်သုံးချိန်၌ မည်သို့ ခံစားရမည်ကိုပါ ပြောပြနိုင်သည်။
လက်ရှိ အမှန်တရား မဟာမိတ်အဖွဲ့ရှိ အခြေတည်ဆေးလုံး ဖော်စပ်ပုံများမှာ ပိုင်ချူးရန်၏ ရေးသားမှုများသာ ဖြစ်၏ ။ သို့သော်လည်း တပည့်ဖြစ်သူအတွက် ချူးရန်က ပြုပြင်ထားသည့် နည်းလမ်းအား အသုံးမပြုပေ။