ဆရာအား အနိုင်ယူသည့် တပည့်
Vol. 5 Ch. 50
ပိုင်ချူးရန်၏ တပည့်ဖြစ်သည့် တန်ရော်ဝေမှာ ဆရာဖြစ်သူနှင့် အခြေအနေဆင်တူသူ ဖြစ်သည်။ ထို့ကြောင့် ပိုင်ချူးရန်က သူ့အနေဖြင့် အဆင့်တက်မှု ပထမဆုံးအကြိမ်၌ ကျရှုံးစဉ်ကကဲ့သို့ အခြေအနေမျိုး ဖန်တီးလိုသည်။ သူ့အနေဖြင့် တာအိုသခင် ချီမင် ပေးအပ်သည့် နည်းလမ်းအား တပည့်ဖြစ်သူထံသို့ ပေးအပ်သည့်အပြင် အခြေတည်ဆေးလုံးသည်လည်း တာအိုသခင် ချီမင်ပေးအပ်သည့် ဆေးလုံးသာ ဖန်တီးမည် ဖြစ်၏ ။
ဆေးဖော်စပ်ရာ၌ အမယ်နှင့် အပူချိန်တို့တွင်လည်း ဆရာသခင် ဖော်စပ်စဉ်ကကဲ့သို့ ရာနှုန်းပြည့် တုပထားသည်။ သို့သော်လည်း ပိုင်ချူးရန် အနေဖြင့် တပည့်ဖြစ်သူအား စမ်းသပ်လိုခြင်း မဟုတ်ပေ။
ချီမင်ဓားဂိုဏ်းရှိ များစွာသော ရပိုင်ခွင့်များဖြစ်သည့် အရာဝတ္ထုများ၊ နည်းလမ်းများနှင့် လက်နက်များအား အသုံးပြုရန် ကျင့်ကြံမှု လောက၏ လက်ရှိ ငွေကြေးဖြစ်သည့် စိတ်ဝိညာဉ် ကျောက်တုံးနှင့် ဂိုဏ်းတွင်း ရမှတ်များအား အသုံးပြုနိုင်သည်။ ဂိုဏ်းအတွင်း၌ အဆင့်အတန်းနှင့် ကျင့်ကြံမှု အဆင့်အရ လစဉ်ရမှတ်များ ရရှိသည်။ ထို့အပြင် ဂိုဏ်းအကျိုးဆောင်မှုအတွက်လည်း ရမှတ်များ ချီးမြှင့်သည်။
ပိုင်ချူးရန်မှာ ဂိုဏ်းအတွင်း တရားဝင် ရာထူးမရှိသည့်အပြင် ချီသန့်စင်ခြင်းအဆင့်၌ ပိတ်မိနေဆဲဖြစ်သော်လည်း ဂိုဏ်းအား အကျိုးပြု၌ အမြင့်ဆုံးနေရာတွင် ရပ်တည်ထားသည်။
နှစ်သုံးထောင်ကာလ၌ ပိုင်ချူးရန် အနေဖြင့် တပည့်မည်မျှကို ကယ်တင်ပေးခဲ့သည်ကို မသိနိုင်တော့ပေ။ ထိုနည်းတူပင် ဂိုဏ်း၏ ကပ်ဘေးများမအား ကယ်တင်ပေးသဘ့် အကြိမ်ရေကိုလည်း သတိမရတော့ချေ။
ထို့ကြောင့် ပိုက်ချူးရန်၏ ရပိုင်ခွင့် ဝေစုမှာ ဂိုဏ်းအတွင်း၌ အမြင့်ဆုံးဖြစ်သည်။ ပြောရပါက ပိုင်ချူးရန် အခြေအနေမှာ အထူးအနေအထားပင် မဟုတ်လော။ ဂိုဏ်းအကြီးအကဲများ အနေဖြင့် ချီသန့်စင်ခြင်းအဆင့်အား မည်သည့်အဆင့်ဖြင့် ညှိရမည်ကို မသိနေကြချေ။
ပိုင်ချူးရန်အနေဖြင့် ဂိုဏ်းမှ ရမှတ်များအား အသုံးမပြုသည်မှာ နှစ်တထောင်ကျော်ကြာပြီ ဖြစ်၏ ။ သို့ဖြစ်ရာ စုဆောင်းထားသည့် ရမှတ်များမှာ ကြောက်မက်ဖွယ် ဂဏန်းအထိ ရောက်နေပြီ ဖြစ်သည်။
ပိုင်ချူးရန်၏ အနေအထားအရ စိတ်လိုလားမှုရှိလျှင် ဂိုဏ်းခေါင်းဆောင်ပင်ဖြစ်နိုင်သည်။ ထိုနည်းတူပင် အကြီးအကဲရာထူး အကုန်လုံးကိုလည်း ထိန်းသိမ်းထားနိုင်သေးသည်။
ယနေ့တွင် တပည့်ဖြစ်သူ တန်ရော်ဝေအတွက် အခြေတည်ဆေးလုံး ဖော်စပ်ရမည် ဖြစ်၏ ။ ထို့ကြောင့် ပိုင်ချူးရန်က ကျောက်စိမ်းတံဆိပ်ပြား ကိုင်ဆောင်ကာ ချီမင်ဓားဂိုဏ်းမှ ဆေးဝါးလဲလှယ်ပေးသည့် နေရာသို့ ဦးတည်လိုက်သည်။
ပိုင်ချူးရန်၏ တည်ရှိမှုမှာ ခေါင်းဆောင်နှင့် အကြီးအကဲများသာ သိထားသည်။ ထို့အပြင် အကြီးအကဲများ၏ ကိုယ်ပိုင်တပည့် တချို့သာ သိထားကြသည်။ သို့ဖြစ်ရာ ခဏအတွင်း၌ ရမှတ်များစွာ ပိုင်ဆိုင်ထားသည့် လူတဦးမှ လဲလှယ်မှုပြုလုပ်သည့် သတင်းက ဂိုဏ်းအတွင်း၌ ပြန့်နှံ့သွားသည်။
ဂိုဏ်းခေါင်းဆောင် ကျူယွမ်ကျီနှင့် တခြားသော အကြီးအကဲများကလည်း ထိုသတင်းအား အာရုံစိုက်မိကြသည်။ ဂိုဏ်းခေါင်းဆောင်မှာ ပစ္စည်းလဲလှယ်ရာ နေရာသို့ ရောက်လာကာ မေးသေးသည်။
"ဘိုးဘေးငယ် ဘာလုပ်နေတာများလဲ…"
"ရော်ဝေ အဆင့်တက်တော့မယ် ငါ သူ့အတွက် အခြေတည်ဆေးလုံ
ဖော်မလို့လေ…"
ပိုင်ချူးရန်က ပြောပြောဆိုဆိုဖြင့် အကြီးအကဲငါးအား ဆေးအမယ်များ ရွေးချယ်ခိုင်းလိုက်သည်။
"ဘယ်လို… ရော်ဝေ အဆင့်တက်တော့မယ်တဲ့လား…"
ကျူယွမ်ကျီက အံ့အားသင့်မိသွားတော့သည်။
"ရှုံးပြီ…"
"ဘာရှုံးတာတုံး…"
ပိုင်ချူးရန်က မေးခွန်းထုတ်လိုက်၏ ။
"အို ဘာမှ မဟုတ်ပါဘူး…"
ကျူယွမ်ကျီက စကားလွှဲလိုက်ကာ…
"ဘိုးဘေးက ဘယ်ဆေးအမယ်ကို သုံးမယ်လို့ စဉ်းစားထားလဲ…"
"ငါ့ဆရာ ပြင်ဆင်ပေးထားတဲ့ တခုပေါ့…"
ပိုင်ချူးရန်က ဖြေပေးနေသည်။
ကျူယွမ်ကျီက သိလိုစိတ်ပြင်းပျစွာဖြင့် ပြောလာသည်။
"တာအိုသခင် ချီမင်ရဲ့ နည်းလမ်းလား… အံ့ဩစရာကောင်းမှာ သေချာတယ်…"
"မဟုတ်ဘူး အဲ့အချိန်က ကပ်ဘေးကြီး ပြီးကားမို့ ကျင့်ကြံခြင်းလောကမှာ ပုံမှန်ဖြစ်လာဖို့ စောင့်နေတုန်းပေါ့… ဆရာသခင်တောင် သာမန်နည်းလမ်းကိုပဲ သုံးခဲ့တာ… လွဲချော်တာ မရှိပေမယ့် အံ့အားသင့်စရာလည်း ရှိမနေဘူး…"
ပိုင်ချူးရန်က ကျူယွမ်ကျီအား ပုခုံးပုတ်ကာ ပြောလိုက်သေးသည်။
"ငါသင်ပေးထားတာတွေ မေ့ပြီလား… မန္တန်တွေ နည်းလမ်းတွေ ဆေးဖော်စပ်ပုံတွေ… အကုန်လုံးက အချိန်ကြာလေလေ ပိုကောင်းလေပဲ… ရှေးကတည်းက အခုထိ ကျန်နေပြီး အသုံးဝင်နေတာ မဟုတ်ရင် နောက်ပေါ်တွေက ပိုကောင်းတာပေါ့…"
"ဒါဆို ဘိုးဘေးက…"
ကျူယွမ်ကျီက ခဏကြာ သုံးသပ်နေရင်းမှ အံ့အားသင့်မိပုံ ပေါ်လာသည်။
"ဘိုးဘေးငယ်က ကိုယ့်တပည့်ကို စမ်းသပ်ခန်းက ကြွက်လို သဘောထားနေတာလား…"
"ဘုန်း…"
ထိုစကားကြောင့် ပိုင်ချူးရန်က ကျူယွမ်ကျီအား တပည့်များစွာ၏ ရှေ့၌ လက်သီးတချက် ချီးမြှင့်လိုက်သည်။ တပည့်များနှင့် တခြားသူများက ထိုဖြစ်ရပ်ကြောင့် စိုက်ကြည့်လာကြ၏ ။ ပိုင်ချူးရန်က ကျူယွမ်ကျီအား လည်ပင်းမှ ကိုင်ဆွဲကာ ခြိမ်းခြောက်ပြန်သည်။
"မဟုတ်တာတွေ လျှောက်မပြောနဲ့ အခုလို လုပ်တာက ရော်ဝေရဲ့ အနာဂတ်အတွက်ပဲ… ကျင့်ကြံသူတယောက်က ကိုယ့်ဘာသာကိုယ် တဆင့်ချင်း ကျင့်ကြံရမယ်လေ…"
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ဘိုးဘေး ဆန္ဒအတိုင်းပါ…"
ကျူယွမ်ကျီက တောင်းပန်ကာ ပြောလာသည်။