ထူးဆန်းသော တွေ့ဆုံမှုများ
Vol. 1 Ch. 1
မှောင်ရိပ်ကျနေသော အခန်းတစ်ခုအတွင်းရှိ စားပွဲပေါ်တွင် အနီရောင်ပိတ်စတစ်စ လွှမ်းခြုံထားပြီး ဆန်အပြည့်ထည့်ထားသော ပန်းကန်လုံးတစ်လုံးနှင့် တဖျပ်ဖျပ်တောက်နေသော ဖယောင်းတိုင်များ ရှိနေ၏။
လူရိပ်များသည် နံရံပေါ်တွင် ရှည်လျားစွာ ထိုးကျနေပြီး ဖြဲထားသော သွားစွယ်များနှင့် ကုတ်ခြစ်တော့မည့် လက်သည်းများနှယ် ပေါ်လွင်နေခဲ့သည်။
အဘွားအိုတစ်ဦးသည် သူမ၏လက်များအား စားပွဲပေါ်သို့ ဖိ၍ရိုက်ချလိုက်သောအခါ ပန်းကန်ထဲမှ ဆန်စေ့များ ထိန်းမနိုင်သိမ်းမရ ခုန်ထွက်လာကြလေ၏။
အဘွားအိုသည် သူမရှေ့တွင် မျက်လုံးများ တင်းတင်းပိတ်ထားသော လူငယ်လေးအား စေ့စေ့ကြည့်လိုက်စဉ် လူငယ်လေးသည် တုန်တက်သွားပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
“မင်းနာမည် ပြောစမ်း...”
“တန်ဝမ်ကျဲပါ။”
“မင်းအသက် ဘယ်လောက်လဲ။”
“နှစ်ဆယ်။”
“သူဌေးကြီး တန်ယွီနဲ့ ဘာတော်သလဲ။”
“သူက ကျုပ်ဦးလေးပါ။”
“မင်းက တန်ဝမ်ကျဲ မဟုတ်ဘူး။ မင်း ဘယ်သူလဲ။”
“ကျုပ် တန်ဝမ်ကျဲပါပဲ။”
“ဒါ မဖြစ်နိုင်တာ...”
အဘွားအိုသည် သူမ၏ လက်ချောင်းများကို ခေါက်ကာ တွက်ချက်ကြည့်ရင်း စိတ်ရှုပ်ထွေးသွားခဲ့လေသည်။
ထို့နောက် အဘွားအို အခန်းထဲမှ ထွက်လာခဲ့၏။ တံခါးအပြင်ဘက်တွင် ဦးထုပ်တစောင်း ဆောင်းထားပြီး လည်ဂုတ်တွင် စက္ကူယပ်တောင် ထိုးထားသော အမျိုးသားတစ်ဦး စောင့်နေခဲ့သည်။
“အဘွားစွန်း ဘယ်လိုလဲ။”
“အကြံပေး လျို...”
အဘွားစွန်းက ခေါင်းညိတ်ပြပြီးမှ ပြန်ခါပြလိုက်၏။
“ဒီကလေးက... ကြည့်ရတာ ပုံမှန်ပဲ။ ဒါပေမဲ့ တစ်ခုခုတော့ လွဲနေတယ်။”
“တကယ်ကို လွဲနေတာ။”
အကြံပေးလျိုက ခေါင်းငြိမ့်ပြလိုက်ရင်း သူ၏ခေါင်းတစ်ခုလုံး ကိုက်ခဲလာသလို ခံစားလိုက်ရသည်။
လွန်ခဲ့သော သုံးရက်က တန်ဝမ်ကျဲသည် ရုတ်တရက် ကြက်အများအပြားနှင့် ဝက်တစ်ကောင်ကို ဝယ်ယူခဲ့၏။ သူသည် ဘာအကြောင်းပြချက်မှ မပေးဘဲ ၎င်းတို့ကို သတ်ပတ်ပြီးနောက် “ဘာလို့ အကောင်သတ်တာ အတွေ့အကြုံ (EXP) မရတာလဲ။” ဟု ရေရွတ်ကာ “လူသတ်မှ ရမှာလား” ဟု တွေးနေခဲ့သည်။ ထို့နောက် ဓားတစ်လက်ကိုင်ကာ ရွာအဝင်တွင် လျှောက်သွားနေသဖြင့် လူများ ထိတ်လန့်ခဲ့ရကြသည်။
လွန်ခဲ့သော နှစ်ရက်က တန်ဝမ်ကျဲသည် ရုတ်တရက် စိတ်သဘောထား ကောင်းလာပြီး လမ်းပေါ်ရှိ လူတိုင်းကို အကူအညီ လိုသလား၊ ခိုင်းစရာရှိသလားဟု လိုက်မေးနေပြန်၏။ ၎င်းက မိန်းမပျိုလေးများနှင့် ဇနီးသည်များကို ကြောက်လန့်တကြား ထွက်ပြေးစေခဲ့သည်။
လွန်ခဲ့သော တစ်ရက်ကမူ တန်ဝမ်ကျဲသည် စာအုပ်များကို လှန်လှောကာ စာပေပညာသင်ယူရန် ပြင်ဆင်နေပြန်၏။ ဤအချိန်တွင် ဦးလေးဖြစ်သူ သူဌေးကြီးတန်သည် ငြိမ်မနေနိုင်တော့ဘဲ အကြံပေးလျိုကို ခေါ်ကာ တန်ဝမ်ကျဲအား အောက်လမ်းဆရာမဆီသို့ ခေါ်လာခိုင်းခဲ့ခြင်းဖြစ်သည်။
“ဒါပေမဲ့...”
“နောက်ထပ် ‘ဒါပေမဲ့’ တစ်ခုလား။”
“စောစောက ပြောထားတဲ့ ဈေးနှုန်းလေး နည်းနည်းတိုးပေးဖို့ သဘောတူထားတယ်နော်...ဟီးဟီးဟီး။”
အဘွားစွန်းက သူမ၏လက်များကို ပွတ်သပ်ရင်း ပြောလိုက်၏။
“ခင်ဗျား ပိုက်ဆံ ရမှာပါ။ သူ မိသားစုမျိုးဆက်ကို ဆက်ခံနိုင်ပါ့မလား။”
အကြံပေးလျိုက ထိုအရာတစ်ခုတည်းကိုသာ ဂရုစိုက်သည်။
“ကျွန်မ စမ်းကြည့်လိုက်ရမလား။”
“တော်စမ်းပါ...။”
အကြံပေးလျိုက ခေါင်းခါလိုက်၏။
“ဒါက တန်မိသားစုရဲ့ နောက်ဆုံးမျိုးဆက်ပဲ။ ခင်ဗျား မသိဘူးလား... ထားလိုက်ပါတော့။ ကျုပ်ကို အထဲခေါ်သွား။ အတူတူ စမ်းကြည့်ရအောင်။”
ထို့နောက် သူတို့နှစ်ယောက်သား အခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာခဲ့ကြသည်။ စားပွဲတွင် ထိုင်နေသော လူငယ်လေးသည်မူ မျက်လုံးများကို မှိတ်ထားဆဲပင်။
“တန်ဝမ်ကျဲ...။”
အဘွားစွန်းက သူ့ကို လှုပ်နှိုးလိုက်၏။ သူမသည် အင်းစာရွက်တစ်ရွက်ကို ယူကာ ဖယောင်းတိုင်မီးဖြင့် ရှို့ပြီး ရေခွက်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမ၏လက်ချောင်းဖြင့် မွှေကာ အင်းရေကို သူ့အား ကမ်းပေးလိုက်လေသည်။
“သောက်လိုက်...။”
အပြင်ပန်းတွင် တန်ဝမ်ကျဲသည် အိပ်မက်မက်ရင်းလမ်းလျှောက်နေသူကဲ့သို့ ဟန်ဆောင်နေသော်လည်း အမှန်တကယ်တွင် သူက ဟန်ဆောင်ပြနေခြင်းသာ ဖြစ်သည်။
ယခုသည် ၁၉၁၂ ခုနှစ် ဖြစ်သော်လည်း ၎င်းသည် ကမ္ဘာမြေ၏ ၁၉၁၂ မဟုတ်ဘဲ သူ နိုးလာသည့် ‘ဂိမ်းလောက’ ဖြစ်နေခဲ့လေသည်။ သူသည် ‘Mr. Vampire’ အမည်ရှိ မိုဘိုင်းဂိမ်းကို ဆော့နေရင်း တက်ဘလက်နှင့် မျက်နှာကို ရိုက်မိရာမှ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
[ဂုဏ်သတ္တိများ]
တန်ဝမ်ကျဲ
အဆင့်: ၁ (၀/၅၀)
သွေး : ၁၀/၁၀
မန်နာ : ၀/၀
ခွန်အား: ၄/၅
အတွေ့အကြုံ: 0
အခြေအနေ: -
စွမ်းရည် : -
ပါရမီ : -
သူသည် ကြက်များကို သတ်ကြည့်သော်လည်း အတွေ့အကြုံ မရခဲ့ချေ။ အကူအညီပေးရန် လိုက်မေးသော်လည်း တာဝန်များ ပေါ်မလာခဲ့ချေ။
ထို့ကြောင့် သူသည် ကံကြမ္မာကို ပြောင်းလဲဖို့အတွက် စာဖတ်ရန် ဆုံးဖြတ်လိုက်ချိန်တွင် သူ၏ဦးလေး ‘သူဌေးကြီးတန်’ က သူ့ကို အပယောဂဝင်သည်ဟု ထင်ကာ ဤပယောဂဆရာမဆီသို့ ပို့လိုက်ခြင်းဖြစ်သည်။
အဘွားစွန်းသည် တန်ဝမ်ကျဲအား အင်းရေကို တိုက်လိုက်၏။
[နံစော်နေသော အင်းရေ - ထူးဆန်းသော အကျိုးသက်ရောက်မှုရှိသည်။ သောက်ပါက ဝမ်းလျှောရန် အခွင့်အလမ်း မြင့်မားသည်။ ယန်ဓာတ်လွန်ကဲသည့် အခြေအနေကို ရရှိစေမည်။]
[ယန်ဓာတ်လွန်ကဲခြင်း - အမျိုးသား အင်္ဂါ၏ လုပ်ဆောင်ချက်များ ပုံမှန်ရှိ၊မရှိ စစ်ဆေးနိုင်သည်။]
သောက်ကျိုးနည်း...
တန်ဝမ်ကျဲသည် အစပိုင်းတွင် ၎င်းကို အလေးအနက်မထားခဲ့သော်လည်း ဤပယောဂဆရာမတွင် တကယ်အစွမ်း ရှိလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ သူသည် မည်းညစ်နေသော အင်းရေကို ကြည့်ကာ သန်းကြွယ်သူဌေး၏အမွေကို သတိရလိုက်ပြီး စိတ်တင်းကာ သောက်လိုက်၏။
ဂလု၊ ဂလု၊ ဂလု။
ထို့နောက်...
“ဟင်...”
အဘွားစွန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရှက်သွေးဖြာသော မျက်နှာထားတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“လှည်းဘီးကိုတောင် လှည့်နိုင်မဲ့ အားမျိုးပဲ။”
အကြံပေးလျိုက အံ့ဩတုန်လှုပ်ရင်း မနာလိုဖြစ်သွားခဲ့၏။
“အား...”
တန်ဝမ်ကျဲသည် နံရံကို မှီကာ ဘောင်းဘီကို ဆွဲမရင်း အိမ်သာထဲမှ ထွက်လာခဲ့သည်။
သူ၏မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး ခြေထောက်များက ဆန်ခါတုန်သလို တုန်နေ၏။ ဝမ်းလျှောလွန်းသဖြင့် သူ၏အားအင်များ အကုန် ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့လေသည်။
ခဏအကြာတွင်...
“သခင်လေးတန်...ဟီးဟီးဟီး”
အကြံပေးလျိုသည် သူ့ကို လာတွဲပေးရင်း လက်မထောင်ပြလိုက်၏။
“တကယ့် ရတနာပဲ။ သူဌေးကြီးတန်ရဲ့ တူဆိုတဲ့အတိုင်းပဲ တကယ်ကို ထိုက်တန်ပါပေတယ်။”
ယနေ့တွင် အကြံပေးလျို၌ တာဝန်နှစ်ခု ရှိသည်။ ပထမတစ်ခုမှာ တန်ဝမ်ကျဲ အပယောဂဝင်သလားဆိုသည်ကို စစ်ဆေးရန်ဖြစ်ပြီး ဒုတိယတစ်ခုမှာ သူ မျိုးဆက်ပြန့်ပွားအောင် လုပ်နိုင်စွမ်းရှိ၊ မရှိ စစ်ဆေးရန်ဖြစ်သည်။
“အကြံပေးလျို...”
တန်ဝမ်ကျဲ၏ နှုတ်ခမ်းများမှာ တုန်ရီနေ၏။
“ဘာလို့ ကျုပ်ကို ဒါတွေ အကုန်လုံး လုပ်ခိုင်းနေရတာလဲဆိုတာ အခုထိ မပြောရသေးဘူးနော်။”
သူဌေးကြီးတန်တွင် ပြဿနာတစ်ခုရှိသည်။ သူသည် သားသမီး မရနိုင်ပေ။ ထို့ကြောင့် သန်းပေါင်းများစွာသော အမွေများကို ဆက်ခံရန်အတွက် တန်ဝမ်ကျဲအား မျိုးဆက်သစ်အဖြစ် ပြင်ဆင်နေခြင်းဖြစ်သည်။
“သူဌေးကြီးက ပြောတယ်။ မင်းရဲ့ ခန္ဓာကိုယ်ကို အရင်စစ်ဆေးပြီးရင် တန်မိသားစု မျိုးဆက်အတွက် ဇနီးတစ်ယောက် ရှာပေးမယ်တဲ့။”
“သူက အဲ့လောက် စိတ်ကောင်းရှိလို့လား။”
တန်ဝမ်ကျဲ တွေးလိုက်မိ၏။
သူက သားသမီးမရှိဘူးဆိုတော့ သူသေရင် အမွေက ငါ့ဆီရောက်လာမှာပဲ။ အခု ဇနီးတောင် ရှာပေးဦးမလို့လား။
“ဒါပေါ့...။ စစ်ဗိုလ်ချုပ်ရဲ့ ခယ်မလေးလေ။ ချောလည်းချော၊ အသံလည်းချိုပြီး မြို့တော်မှာ ကျောင်းတက်နေတာ။ သူက နေ့တိုင်း အနောက်တိုင်းဝတ်စုံတွေ ဝတ်တာတဲ့။ နောက်လကျရင် သူ့ကိုသွားတွေ့ဖို့ မြို့တော်ကို သွားကြမယ်။”
တန်ဝမ်ကျဲက နားလည်ကြောင်း လက်ဝေ့ယမ်းပြလိုက်သည်။ အထူးသဖြင့် စစ်ဗိုလ်ချုပ်က ထိုမိန်းကလေးကို တခြားလူငယ် ၁၀ ယောက်လောက်နှင့်လည်း ပေးတွေ့ဖို့ ကတိပေးထားကြောင်း သိလိုက်ရသည့်အခါတွင်မူ သူက စိတ်မဝင်စားတော့ပေ။
တန်ဝမ်ကျဲ လမ်းလျှောက်ရခက်နေသည်ကို မြင်သောအခါ အကြံပေးလျိုက မေးလိုက်၏။
“သခင်လေး စိတ်ဖြေဖျောက်ဖို့ တစ်နေရာရာ သွားမလား။”
“ကျုပ် ဝမ်းလျှောနေတုန်းပဲဗျ...”
တန်ဝမ်ကျဲက အံကြိတ်ကာ ပြောလိုက်သည်။
“အား... တွဲပေးဦး။ အိမ်သာ ပြန်သွားရဦးမယ်။”
“ပေါင်ကျန်း”
အကြံပေးလျိုက နှာခေါင်းကို ပိတ်ကာ အပြင်က လှည်းမောင်းသမားကို လှမ်းအော်လိုက်၏။
“လာဦး သခင်လေးတန်ကို ကူတွဲပေးလိုက်စမ်း။”
ထိုအခါ လှည်းမောင်းသမား ပေါင်ကျန်းတစ်ယောက် ပြေးဝင်လာခဲ့သည်။ တန်ဝမ်ကျဲသည် အားအင်များ ကုန်ခန်းစွာဖြင့် လှည်းပေါ်သို့ ရောက်သွားခဲ့လေသည်။
“သူဌေးကြီးတန်က အခုမှ လှည်းမောင်းသမားအသစ် ခန့်လိုက်တာလား။ နာမည်ကလည်း ပေါင်ကျန်းတဲ့လား။ ဒါက ‘Encounters of the Spooky Kind’ (သရဲကမ္ဘာမှ ထူးဆန်းသောတွေ့ဆုံမှုများ) ဇာတ်လမ်းထဲက လူများလား။”
ဇာတ်လမ်းထဲတွင် သူဌေးကြီးတန်သည် ပေါင်ကျန်း၏ ဇနီးကို လိုချင်သဖြင့် ပေါင်ကျန်းအား လှည်းမောင်းသမားအဖြစ် ခန့်အပ်ကာ အဝေးသို့ လွှတ်ထားလေ့ရှိပြီး နောက်ပိုင်းတွင် ပေါင်ကျန်းကို သတ်ရန် အောက်လမ်းပညာကို အသုံးပြုခဲ့သည်။
ထိုအချက်ကို တွေးမိပြီး တန်ဝမ်ကျဲက အော်ဟစ်လိုက်သည်။
“တစ်ယောက်ယောက် ဒီကို လာစမ်း။”
“သခင်လေး..”
တံခါးပွင့်လာ၏။
“ငါ့ကို... သွားရှာပေးစမ်း...”
“ရူယီဂေဟာက ရှောင်ချွေ့ကိုလား။”
အစေခံက စကားဖြတ်ပြောလိုက်၏။
“ငါက ဒီလောက်ချောမောခန့်ညားနေတာကို ပိုက်ဆံပေးနေရဦးမှာလား။ သူက ငါ့ကိုရတာတောင် မြတ်နေတာ မဟုတ်ဘူးလား။ ငါ တန်ဝမ်ကျဲက အလိုရမ္မက်ကြီးတဲ့လူတွေကို အမုန်းဆုံးပဲ။”
“ဒါဆိုရင်...”
“အကြံပေးလျိုကို သွားခေါ်ခဲ့။”