← Chapters

အဝတ်စုတ်နှင့် မြေနင်းဂိုဏ်း

Vol. 1 Ch. 3

အဝတ်စုတ်နှင့် မြေနင်းဂိုဏ်း

Vol. 1 Ch. 3

တန်ဝမ်ကျဲသည် ဂိုဏ်းတစ်ခုခုသို့ ဝင်ရောက်ရန် ရည်ရွယ်ထားဆဲဖြစ်သော်လည်း ချန်ခိုင်ကို ဆရာအဖြစ် တင်မြှောက်ရန် မလိုအပ်ပေ။ သူသည် ဂိုဏ်း၏ ဂုဏ်းချုပ်ဘိုးဘေးကို တိုက်ရိုက် ကိုးကွယ်နိုင်၏။ ထို့ပြင် သူတို့နှစ်ဦး၏ ပတ်သက်မှုကို အပြင်လူများ သိစရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် သူဌေးကြီးတန်က မျိုးဆက်ပြတ်မည့်ကိစ္စအား သိသွားမည်ကို သူတို့နှစ်ဦးစလုံး ကြောက်ရွံ့နေကြသောကြောင့်ဖြစ်သည်။ တန်ဝမ်ကျဲကမူ သူ၏ပါရမီများကို အဆင့်မြှင့်တင်နိုင်သဖြင့် ယခုကလေးမရနိုင်သော်လည်း နောင်တွင် ရလာနိုင်သည်ဟု ယူဆထားခဲ့သည်။

တစ်ဖက်တွင်လည်း ချန်ခိုင်သည် ဤနယ်တစ်ဝိုက်တွင် အချမ်းသာဆုံးဖြစ်သော သူဌေးကြီးတန်ကို မစော်ကားဝံ့ပေ။ မဟုတ်ပါက အနာဂတ်တွင် ပိုက်ဆံရှာရ ခက်ခဲသွားပေလိမ့်မည်။

ထို့ပြင် တန်ဝမ်ကျဲ ပေးကမ်းသော ပိုက်ဆံများကိုလည်း လက်လွှတ်ရန် သူ နှမြောလှ၏။ တန်ဝမ်ကျဲသည် ဆရာတစ်ယောက်ကို တစ်ကြိမ်တည်း အပြီးပေးငှားခြင်းမျိုး မဟုတ်ဘဲ လစဉ်ကြေးပေး၍ ငှားရမ်းခြင်းဖြစ်သည်။

သို့သော် တန်ဝမ်ကျဲသည် မိမိအတွက် ထွက်ပေါက်တစ်ခုလည်း ချန်ထားခဲ့သေး၏။ အကယ်၍ ‘တစ်ညသိပ်ငွေ’ ပြဿနာကို မဖြေရှင်းနိုင်ပါက ချန်ခိုင်သည် သူ့ကို ဂိုဏ်းမှ ထုတ်ပယ်ရမည်ဟု သဘောတူညီချက် ယူထားခြင်းပင်။ တပည့်ခံခြင်းသည် လူမိုက်ဂိုဏ်းဝင်သကဲ့သို့ ‘ဓားသုံးစင်း၊ အပေါက်ခြောက်ပေါက်’ ရိုးရာလုပ်ရန် မလိုသောကြောင့် ချန်ခိုင်က ခေါင်းငြိမ့်ကာ တန်ဝမ်ကျဲနှင့် ပူးပေါင်းရန် သဘောတူလိုက်လေသည်။

လက်ရှိအခြေအနေတွင် တန်မိသားစု၏ သန်းချီသော ချမ်းသာကြွယ်ဝမှုနှင့် ယှဉ်နိုင်သောအရာ မရှိပေ။

ဤကမ္ဘာတွင် မော်ရှန်းဂိုဏ်း ရှိသော်လည်း ချန်ခိုင်နှင့် အနီးအနားရှိ တာအိုဆရာများသည် ‘မော်ညီအစ်ကိုသုံးပါး’ ၏ တိုက်ရိုက်မျိုးဆက်များ မဟုတ်ကြပေ။

အများစုမှာ ‘ရိုးရာမော်ရှန်း’ များဖြစ်ကြပြီး မော်ရှန်းဂါထာများ၊ ရိုးရာမှော်အတတ်များနှင့် အခြားသော အထွေထွေ အတတ်ပညာများ ရောနှောနေကြခြင်းဖြစ်သည်။

တန်ဝမ်ကျဲသည် သူ၏ပုံရိပ်ကို ပြုပြင်ပြီးမှသာ မော်ရှန်းတောင်သို့သွား၍ ဆရာကောင်းတစ်ယောက် ရှာဖွေရန် စီစဉ်ထားသည်။

အခွင့်အရေးရလျှင် သူသည် လမ်းတစ်လမ်း...မဟုတ်သေးဘူး၊ လမ်းဆယ်လမ်းလောက် ခင်းပေးလိုက်မည်ဖြစ်သည်။ ပြီးလျှင် နှစ်စမှ နှစ်ဆုံးအထိ ဆန်ပြုတ်အလှူမဏ္ဍပ်များ ဖွင့်ပေးထားလိုက်ပေမည်။ ထိုသို့ဆိုလျှင် နာမည်ကောင်းရလာမည်မှာ သေချာပေ၏။

ရိုးရာမော်ရှန်းတွင် စည်းကမ်းများစွာ ရှိသော်လည်း အများစုမှာ ဆင်းရဲမွဲတေမှုကြောင့် ဖြစ်ပေါ်လာသည့် ကန့်သတ်ချက်များသာ ဖြစ်သည်။ ကံကောင်းသည်မှာ တန်ဝမ်ကျဲတွင် ပိုက်ဆံရှိနေခြင်းပင်။

ပိုက်ဆံသာရှိလျှင် ကန့်သတ်ချက်များ သိပ်မရှိတော့ဘဲ အဆင်ပြေချောမွေ့မှု တံခါးများ အကျယ်ကြီးပွင့်လာပေလိမ့်မည်။

သူသည် ‘တာအိုအရှင်မြတ် သုံးပါး’ ကိုလည်း ကိုးကွယ်လိုက်၏။

ထို့ပြင် အဝတ်စုတ်နှင့် မြေနင်းဂိုဏ်း၏ ဘိုးဘေးကိုလည်း ပူဇော်လိုက်သည်။

ထိုဂိုဏ်းဝင်များသည် ပိုက်ဆံကို လက်ထဲမထားရသဖြင့် အားလုံး ဆင်းရဲကြပေသည်။

သို့သော် တန်ဝမ်ကျဲသည်မူ ဝက်ခေါင်းနှင့် ကြက်ကင်များကို တိုက်ရိုက်ပူဇော်ကာ စားပွဲအပြည့် ကန်တော့ပွဲများ ပြင်ဆင်ပေးလိုက်၏။

‘ဘိုးဘေးကတော့ အဝတ်စုတ်ကို လိုချင်ရင် လိုချင်လိမ့်မယ်။ ဒါပေမဲ့ ဒီတပည့်ရဲ့ ဝတ္တရားကတော့ အပြည့်ပါပဲ။ ကျူပ်မှာရှိသမျှ အကောင်းဆုံးအရာတွေနဲ့ ပူဇော်ပါ့မယ်။’

ခြံဝင်းအတွင်း၌ အမွှေးတိုင်နံ့သာများ ဝေဆာနေပြီး အမွှေးတိုင်မီးခိုးများသည် မီးဖိုချောင်မှ မီးခိုးများအလား တစ်မိုင်ပတ်လည်အထိ လွင့်ပျံ့နေ၏။

“ဒီလောက်ပဲလား။”

တန်ဝမ်ကျဲက မေးလိုက်သည်။

သူ မေးရသည့်အကြောင်းရင်းမှာ ချန်ခိုင်သည် ဂါထာများစွာ ရွတ်ဖတ်ပြီးနောက် အမွှေးတိုင်တစ်ချောင်းကိုယူကာ တန်ဝမ်ကျဲ၏ အဝတ်တွင် လက်မအရွယ်ခန့် အပေါက်ငယ်တစ်ခုကိုသာ ထိုးဖောက်လိုက်သောကြောင့်ပင်။

ချန်ခိုင်သည် ဤမျှ ခမ်းနားကြီးကျယ်သော ပူဇော်ပွဲကိုကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

“မင်းရဲ့ စိတ်ရင်းက အရမ်းဖြူစင်တာပဲ။ ဘိုးဘေးက မင်းအတွက် အဆင်ပြေအောင် သေချာပေါက် တံခါးဖွင့်ပေးထားမှာပါ။”

“ဒါက ကိစ္စအသေးအမွှားလေးပါ။”

ပူဇော်ပြီးနောက် ဤအရာများသည် အလကားဖြစ်သွားမည်မဟုတ်ပေ။ ၎င်းတို့ကို အစေခံများနှင့် အပြင်လူများအား ဝေငှပေးမည်ဖြစ်ရာ အားလုံးက ဝိုင်းလုကြပေလိမ့်မည်။

ဤခေတ်ကာလတွင် အစားကောင်းတစ်နပ် စားရရန်မှာ မလွယ်ကူလှပေ။

“လာခဲ့...ဦးချပြီး ပူဇော်လိုက်ရင် အကုန်ပြီးပြီ။”

ချန်ခိုင်က ဆို၏။

တန်ဝမ်ကျဲသည် ခေါင်းငြိမ့်ကာ အမွှေးတိုင်စင်ရှေ့တွင် ဦးချလိုက်လေသည်။

[နေ့စဉ်ဆုတောင်းခြင်း- သင်သည် ဘိုးဘေး၏ ကောင်းချီးကို ရရှိခဲ့သည်။ ကံကောင်းခြင်း +၁]

အဲ့လောက်တောင်လား...။

တန်ဝမ်ကျဲ အံ့သြဝမ်းသာသွား၏။

“ဘိုးဘေး... ဒီနေ့ကစပြီး တစ်နေ့ သုံးနပ်လုံးကို ဒီစံနှုန်းအတိုင်းပဲ ပြင်ဆင်ပေးပါ့မယ်။”

ဤအစားအစာဖိုးမှာ အလွန်နည်းပါးလှပေသည်။ အဘယ်ကြောင့်ဆိုသော် စားသောက်ဆိုင်မှာ သူ၏ကိုယ်ပိုင်ဆိုင် ဖြစ်သောကြောင့်ပင်။ ယနေ့မှစ၍ သူ တစ်ပြားမှ မရှာနိုင်ဘဲ သူဌေးကြီးတန်၏ အမွေများအား မရခဲ့လျှင်ပင် သူ အသက်တစ်ရာအထိ ဤသို့ ကျွေးမွေးနိုင်စွမ်း ရှိပေသည်။

အကယ်၍ ကံကောင်းထောက်မစွာဖြင့် အမွေများ ရလာခဲ့လျှင်မူ ခေါင်းကိုက်စရာပင်။ စစ်တပ်နှင့်သာ မတွေ့လျှင် ထိုပိုက်ဆံများကို သူ ဘယ်တော့မှ သုံး၍ ကုန်နိုင်မည် မဟုတ်ပေ။

[သင်သည် ဘိုးတော်၏ နှစ်သက်မှုကို ရရှိခဲ့သည်၊ (နှစ်သက်မှု +၁)။

နေ့စဉ်ဆုတောင်းခြင်း အကျိုးသက်ရောက်မှု ပြောင်းလဲသွားသည်၊ ကံကောင်းခြင်း +၂။ ]

“ဘိုးဘေး... အဲဒါမှ အားမရသေးရင် နှစ်ဆ တိုးပေးပါ့မယ်။ တစ်နေ့ ငါးနပ် စားတာက ကျန်းမာရေးအတွက် ပိုကောင်းမယ် ထင်တယ်။ ဒါနဲ့ ဘိုးဘေးအတွက် ဘုရားကျောင်းအသစ် ဆောက်ပေးရမလား။ ရွှေကိုယ်တော်ကိုလည်း ရွှေအစစ်နဲ့ အသစ်သွန်းပေးမယ်လေ။”

ကံမကောင်းစွာဖြင့် မည်သည့် တုံ့ပြန်မှုမှ ထပ်မလာတော့ပေ။

လက်ရှိ တန်ဝမ်ကျဲမှာ ရွှေကိုယ်တော် သွန်းပေးနိုင်လောက်အောင် ပိုက်ဆံမရှိသေးပေ။ သူဌေးကြီးတန် သေဆုံး၍ အမွေများ ဆက်ခံရပြီးမှသာ ဖြစ်နိုင်ပေလိမ့်မည်။

ဘေးတွင်ရှိနေသော ချန်ခိုင်မှာမယ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

‘မင်း... မင်း ဒါကတော့ နည်းနည်း များသွားပြီကွ။’

သို့သော် ချန်ခိုင်သည် သူ၏မျက်နှာအမူအရာကို ချက်ချင်း ပြန်ပြင်လိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ ငွေဒင်္ဂါးပုံကို သူ တစ်ချက်ကြည့်လိုက်၏။ ဤသခင်လေးတန်နှင့်သာ ပတ်သက်နေသရွေ့ အနာဂတ်တွင် သူ ပိုက်ဆံပြတ်တော့မည် မဟုတ်ပေ။

တစ်ညသိပ်ငွေ မရှိဘူး ဟုတ်လား။ ပိုက်ဆံကုန်သွားရင် ထပ်ရှာလို့ ရတာပဲ။ ငါတော့ ရွှေဝက်ကလေး တစ်ကောင် ဖမ်းမိပြီဟေ့။

စိတ်ကို ငြိမ်အောင်ထားပြီးနောက် ချန်ခိုင်က ပြောလိုက်သည်။

“တန်ဝမ်ကျဲ အခုကစပြီး မင်းက မော်ရှန်းတပည့် တစ်ယောက် ဖြစ်သွားပြီ။ အဝတ်စုတ်နှင့် မြေနင်းဂိုဏ်းရဲ့ စည်းကမ်းတွေကို မှတ်ထား။”

တစ်ချိန်တည်းမှာပင် တန်ဝမ်ကျဲသည် သူ၏ အခြေအနေများ ပြောင်းလဲသွားသည်ကို သတိပြုလိုက်မိ၏။

“ တန်ဝမ်ကျဲ

အဆင့် : ၁ (၀/၅၀)

သွေး : ၁၀/၁၀

မန်နာ : ၁/၁

ခွန်အား : ၅/၅

အတွေ့အကြုံ : ၀

စွမ်းရည် : -

ပါရမီ : အဝတ်စုတ် အဆင့် ၁ : (ညတိုင်း ‘ဇီ’ အချိန်တွင် ငွေကြေး လက်ဝယ် မရှိရ၊ မဟုတ်ပါက ကံဆိုးခြင်း + ၁၀။ အဝတ်စုတ် ဝတ်ဆင်ရမည် မဟုတ်ပါက ကံဆိုးခြင်း +၁၀။)

မြေနင်း အဆင့် ၁ : (နတ်ဘုရားပင့်ဖိတ်ခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်မှု -၁၀%၊ နတ်ဘုရားပင့်ဖိတ်ခြင်း အောင်မြင်မှုနှုန်း +၁၀%)

အထီးကျန်ခြင်း အဆင့် ၁ : (ကလေးရနိုင်ခြေ ၀%)”

ဆရာတင်လိုက်သည်နှင့် ပါရမီ သုံးခု ချက်ချင်း ရရှိခဲ့သည်။ တစ်ခုမှာ ဆိုးကျိုးဖြစ်သော်လည်း ကိစ္စမရှိပေ။ ငွေသား လက်ဝယ် မထားရုံသာဖြစ်သည်။ သူ့နောက်တွင် အကြံပေး သို့မဟုတ် မန်နေဂျာတစ်ယောက် လိုက်ခိုင်းလိုက်လျှင် အဆင်ပြေသွားပြီဖြစ်သည်။ တန်ဝမ်ကျဲသည် အပြင်သွားလျှင် ကိုယ်တိုင် ပိုက်ဆံရှင်းလေ့ရှိသူ မဟုတ်ပေ။

ထို့ပြင် အခုဆိုလျှင် သူ့တွင် မန်နာဘားလည်း ရှိလာပြီ ဖြစ်ရာ ဂုဏ်ပြုထိုက်သည့် ကိစ္စပင်။

‘အဝတ်စုတ်’ နှင့် ပတ်သက်၍မူ ဘိုးဘေက သူ့ကို မျက်နှာသာပေးကာ ‘လက်ဝယ် ပိုက်ဆံ မရှိရ’ ဆိုသည့် စည်းကမ်းကိုသာ ထည့်ပေးခဲ့ခြင်း ဖြစ်နိုင်သည်ဟု သူ ခံစားလိုက်ရသည်။ ဘိုးဘေးက သူ တကယ် ဆင်းရဲသွားမှာကို ကြောက်နေပုံရသည်။

ဘိုးဘေး၏ တပည့်တပန်းများမှာ အားလုံးမှာ ဆင်းရဲသားများသာ ဖြစ်ကြရာ ယနေ့ကဲ့သို့ ဝဝလင်လင် စားရသည်မှာ ကြာပြီ ဖြစ်ပေလိမ့်မည်။

‘ဘိုးဘေး... ခင်ဗျား ရွှေကိုယ်တော်နဲ့ ဘုရားကျောင်းအသစ်ကို လက်လွှတ်မခံချင်ဘူး မဟုတ်လား။’

“ဆရာချန်”

တန်ဝမ်ကျဲက သူ၏ခေါ်ဝေါ်ပုံကို ပြောင်းလဲလိုက်၏။ ပညာသင်ယူချိန်တွင် ဆရာဟု ခေါ်သော်လည်း သူ့ကို သီးသန့် ဦးမချရသေးသဖြင့် သူတို့သည် အကျိုးစီးပွားချင်း ဆက်စပ်နေသူများသာဖြစ်သည်။

အကျိုးစီးပွားပေါ် အခြေခံသည့် ဆက်ဆံရေးက ဘယ်လောက် ဖြူစင်လိုက်သလဲ။

“ခင်ဗျား ဘယ်လို ဂါထာတွေ တတ်လဲ။”

“ငါတို့ဂိုဏ်းက အဓိကအားဖြင့် ‘မြေနင်းအတတ်’ လို့ခေါ်တဲ့ နတ်ဘုရားပင့်ဖိတ်ခြင်းကို လေ့လာကြတယ်။ နတ်ဘုရားပင့်ဖိတ်ခြင်းမှာ အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်အဆင့်ဆိုပြီး ရှိတယ်။ အဆင့်အဆင့်နိမ့်ပင့်ဖိတ်ခြင်းက ဝိညာဉ်တွေနဲ့ တစ္ဆေတွေကို ပင့်တာ။ အဲဒါက ကိုယ်ခန္ဓာကို ထိခိုက်စေလို့ ငါတို့ မလေ့လာဘူး။ အလယ်အလတ်အဆင့်ပင့်ဖိတ်ခြင်းက ဘိုးဘေးကို ပင့်တာပဲ။ အဲဒါက သင်လို့ရပေမဲ့ မလိုအပ်ဘူး။ အဆင့်မြင့်အဆင့်ပင့်ဖိတ်ခြင်းကတော့ ကောင်းကင်စစ်သည်တွေနဲ့ နတ်ဗြဟ္မာတွေကို ပင့်တာပဲ။ ငါတို့က အဆင့်မြင့်ပင့်ဖိတ်ခြင်းကို သုံးတယ်။”

နားထောင်ရသည်မှာ အလွန်ခမ်းနားလှသော်လည်း တန်ဝမ်ကျဲက မယုံကြည်ပေ။ အဘယ်ကြောင့်ဆိုသော် ‘မြေနင်း’ ပါရမီတွင် နတ်ဘုရားပင့်ဖိတ်ခြင်းကြောင့် ခန္ဓာကိုယ် ထိခိုက်နိုင်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသောကြောင့်ပင်။

သူ၏ တောင်းဆိုချက်အရ ချန်ခိုင်က ရိုးရိုးရှင်းရှင်း ပြန်လည် ရှင်းပြပေးလာခဲ့သည်။

သူတို့သည် ကောင်းကင်ဘုံမှ အစစ်အမှန်နတ်ဘုရားများကို ပင့်ဖိတ်ခြင်း မဟုတ်ပေ။ အစစ်အမှန်နတ်ဘုရားများသည် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်း မရှိကြပေ။

သူတို့ ပင့်ဖိတ်သည်မှာ ဘုရားကျောင်းများတွင် ကိုးကွယ်ထားသည့် ရွှံ့ရုပ်၊ ကျောက်ရုပ်ကဲ့သို့ နတ်ရုပ်များသာဖြစ်၏။

၎င်းကို မှားယွင်းသည့်အတတ်ဟု ပြော၍မရပေ။

အဘယ်ကြောင့်ဆိုသော် ထိုရုပ်တုများသည် တစ်ရက်တွင် ကောင်းကင်ဘုံမှ အစစ်အမှန်နတ်ဘုရားများနှင့် ချိတ်ဆက်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားပင့်ဖိတ်ရန်အတွက် ဓမ္မပွဲတော်ကို ပြင်ဆင်ပေးရပြီး မည်သည့် အဆင့်ကိုမျှ ကျော်ဖြတ်၍ မရပေ။

“နောက်ထပ် ဘာရှိသေးလဲ။”

“ငါက အင်းအိုင်လက်ဖွဲ့မှာတော့ သိပ်မတော်ဘူး။ ဒါပေမဲ့ လျှပ်စီးလက်ဝါး၊ ဓားလက်ချောင်း၊ မီးထိန်းချုပ်ခြင်းအတတ်၊ ပွဲတော်ပြင်ဆင်ခြင်းနဲ့ ဂါထာချင်း ပြိုင်ဆိုင်ခြင်းတွေမှာတော့ တော်တော် ကျွမ်းကျင်တယ်။”

“ကောင်းတယ်...။”

တန်ဝမ်ကျဲက ရယ်မောလိုက်သည်။

“ကျုပ်ကို သင်ပေးပါ။ အကုန်လုံး သင်ချင်တယ်။”

ပညာသင်ယူခြင်းမှာ မလွယ်ကူသော်လည်း ချန်ခိုင်၏ ကိုယ်တိုင် သင်ကြားပေးမှုနှင့်ဆိုလျှင် ပို၍ လွယ်ကူသွားပေလိမ့်မည်။

သို့သော် အခြေအနေမှာ တန်ဝမ်ကျဲ ထင်ထားသလို မဟုတ်ခဲ့ပေ။

[ချန်ခိုင်၏ သင်ကြားမှုဖြင့် သင်သည် ‘လျှပ်စီးလက်ဝါး’ ကို လေ့လာခဲ့သည်။ သင်၏ မန်နာ မလုံလောက်သဖြင့် သင်ယူမှု မအောင်မြင်ပါ။]

[...]

[ချန်ခိုင်၏ သင်ကြားမှုဖြင့် သင်သည် မီးထိန်းချုပ်ခြင်းအတတ်’ ကို လေ့လာခဲ့သည်။ သင်၏ မန်နာ မလုံလောက်သဖြင့် သင်ယူမှု မအောင်မြင်ပါ။]

[...]

[ချန်ခိုင်၏ သင်ကြားမှုဖြင့် သင်သည် ‘ဓားလက်ချောင်း’ ကို လေ့လာခဲ့သည်။ သင် တစ်စုံတစ်ခု ရရှိသွားခဲ့သည်။ အတွေ့အကြုံ +၁။ သင် ‘ဓားလက်ချောင်း’ အတတ်ကို သင်ယူပြီးပါပြီ။]

နောက်ဆုံးတော့ တစ်ခု တတ်သွားပြီ။

ချန်ခိုင်၏ ဓားလက်ချောင်းသည် သူ၏ အထူးသီးသန့် အတတ်ပညာဖြစ်၏။ အခြားသူများသည် ၎င်းကို မကောင်းဆိုးဝါး နှင်ထုတ်ရန်သာ သုံးနိုင်သော်လည်း သူ၏ လက်ချောင်းမှာမူ ‘ခြောက်သွယ်နတ်ဓား’ ကဲ့သို့ပင်ဖြစ်သည်။ ၎င်းသည် လူကိုပင် ထိမှန်စေနိုင်ပြီး အရိုက်ခံရပါက လက်သီးပြင်းပြင်းနှင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားသွားရမည်ဖြစ်သည်။

စွမ်းရည် : ဓားလက်ချောင်း အဆင့်၁ (၁/၅၀)

မန်နာ ကုန်ကျစရိတ်: ၁

တန်ဝမ်ကျဲသည် အချိန်အတော်ကြာ ပြင်ဆင်ပြီးမှ သူ၏လက်ချောင်းကို ဖြည်းညှင်းစွာ ထိုးထုတ်လိုက်၏။ သို့သော် ဖယောင်းတိုင်မီးကိုပင် ငြိမ်းအောင် မလုပ်နိုင်ခဲ့ပေ။ တန်ဝမ်ကျဲ အားမလိုအားမရ ဖြစ်သွားခဲ့သည်။

‘သိပ်လည်းမကောင်းလှပါလား။’

သို့သော် ဘေးတွင်ရှိနေသော ချန်ခိုင်၏ မျက်နှာအမူအရာမှာမူ လုံးဝ ပြောင်းလဲသွားခဲ့၏။ မူလက သူသည် တန်ဝမ်ကျဲကို ပိုက်ဆံရရုံသာ သင်ပေးရန် စိတ်ကူးထားခဲ့ခြင်းဖြစ်သည်။ သို့သော် တန်ဝမ်ကျဲသည် ‘ဓားလက်ချောင်း’ အတတ်ကို နေ့တစ်ဝက်စာလောက်အတွင်းမှာတင် တတ်သွားခဲ့၏။

တန်ဝမ်ကျဲက တကယ်ပဲ ကျင့်ကြံခြင်း ပါရမီရှင်တစ်ယောက်များလား။ ဒါပေမဲ့ ပါရမီရှင် ဖြစ်နေတာက ပြဿနာပဲ။ တပည့်က အမြန်တတ်သွားရင် ပိုက်ဆံက ကြာကြာမရတော့ဘူးလေ။

သူသည် တန်ဝမ်ကျဲကို နောက်ကျောပေးကာ ဤစီးပွားရေးအား ဘယ်လို ရေရှည်ဆွဲရမလဲဆိုသည်ကို စဉ်းစားလိုက်သည်။ သူ့ကို တစ်သက်လုံး တင်ကျွေးထားနိုင်လျှင် အကောင်းဆုံးပင်...။ အဆုံးတွင် တန်ဝမ်ကျဲ၏ မျိုးရိုးမှာ သူဌေးကြီးတန်၏ တန်မျိုးရိုး မဟုတ်ပါလော။

ထိုစဉ် သူ၏နောက်မီ တန်ဝမ်ကျဲ၏အသံ ထွက်လာခဲ့လေသည်။

“ဆရာချန် ဆက်သင်ကြရအောင်။”

All Chapters