← Chapters

မော်ရှန်း ကျန်းမာရေးစောင့်ရှောက်မှုသိုင်း

Vol. 1 Ch. 4

မော်ရှန်း ကျန်းမာရေးစောင့်ရှောက်မှုသိုင်း

Vol. 1 Ch. 4

[သင်သည် ချန်ခိုင်၏ သင်ကြားမှုကို ရရှိပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။ ‘ဓားလက်ချောင်း’ အတွေ့အကြုံ +၁]

[....]

[သင်သည် ချန်ခိုင်၏ သင်ကြားမှုကို ရရှိသည်...]

[.....]

[ချန်ခိုင် သင်ကြားပေးနေသော အပိုင်းသည် ယခင်သင်ထားသည်များနှင့် ကွဲလွဲနေကြောင်း သင်သတိပြုမိသွားခဲ့သည်။ သင်၏စိတ်ထဲတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသည်။ သင် ဘာမှနားမလည်တော့ပါ။ ခွန်အား -၁၊ ‘ဓားလက်ချောင်း’ အတွေ့အကြုံ -၁]

ချက်ချင်းပင် မောပန်းနွမ်းနယ်မှုတစ်ခုက သူ့ထံသို့ လွှမ်းမိုးလာခဲ့၏။

သင်ယူမှု အသိပေးချက်များသည် အချိန်နှင့်တပြေးညီ ပေါ်လာခြင်းမဟုတ်ဘဲ သူ အမှန်တကယ် တစ်ခုခုရရှိမှသာ ပေါ်လာခြင်းဖြစ်သည်။ ၎င်းမှာ နာရီဝက်လောက်သာ ကြာနိုင်သလို သုံးနာရီမှ ငါးနာရီအထိလည်း ကြာနိုင်ပေသည်။ ယခုအချိန်အထိ သူသည် ‘ဓားလက်ချောင်း’ တွင် အတွေ့အကြုံ ၃ မှတ်သာ ရရှိသေး၏။

သို့သော်လည်း တန်ဝမ်ကျဲ စောစောက ရရှိလိုက်သော အသိပေးချက်ကြောင့် သူ၏မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သို့သော်လည်း တန်ဝမ်ကျဲသည် ချက်ချင်း မရပ်လိုက်ပေ။ ထိုအစား သူသည် ချန်ခိုင်၏နောက်တွင် အချိန်အတော်ကြာအောင် အလေးအနက်ထားကာ လိုက်လုပ်ပြနေပြီးမှ ပြောလိုက်၏။

“ကောင်းပြီ...ဒီနေ့တော့ ဒီလောက်နဲ့ပဲ ခဏနားရအောင် ဆရာချန်။”

ချန်ခိုင်က ပြုံးကာ ခေါင်းငြိမ့်၍ သဘောတူလိုက်သည်။

ထိုအခါ အနီးနားရှိ အစေခံမလေးတစ်ဦးသည် ရေဇလုံတစ်ခုဖြင့် လျှောက်လာပြီး မျက်နှာသုတ်ပုဝါကို ရေစိုညှစ်ကာ တန်ဝမ်ကျဲ၏ မျက်နှာနှင့် လက်များမှ ချွေးများကို သုတ်ပေးလိုက်လေသည်။

ချန်ခိုင် ပြန်သွားသောအခါ တန်ဝမ်ကျဲသည် ဘာမှမသိသလို ဟန်ဆောင်ကာ စာအိတ်နီအကြီးကြီး တစ်အိတ်ကိုပင် လက်ဆောင်ပေးလိုက်သေးသည်။

“ပိုက်ဆံယူပြီး အလုပ်ကို သေသေချာချာ မလုပ်တာကတော့ မကောင်းဘူးဗျာ ဆရာချန်။”

တန်ဝမ်ကျဲ သက်ပြင်းချလိုက်မိသည်။ မူလက ချန်ခိုင်၏ ပိုက်ဆံအတွက် အလုပ်လုပ်သည့် စိတ်ဓာတ်မှာ အတော်လေး ကောင်းမွန်သည်ဟု သူထင်ခဲ့သော်လည်း ယခုကဲ့သို့ တမင်တကာ ပညာကို ဖုံးကွယ်ပြီး နှောင့်နှေးအောင် လုပ်လာခြင်းမှာတော့ နည်းနည်း များသွားချေပြီ။

မျှော်လင့်ထားသည့်အတိုင်းပင် ပိုက်ဆံကို အလွယ်တကူ ပေးကမ်းလွန်းခြင်းက တစ်ဖက်လူ၏ လောဘကို ဆွပေးလိုက်သလို ဖြစ်သွားခဲ့လေသည်။

ထိုညတွင် တန်ဝမ်ကျဲသည် ဝဝလင်လင် စားသောက်ပြီး အိပ်စက်လိုက်ရာ နောက်ဆုံးတွင် မန်နာ ၁ မှတ် ပြန်လည် ပြည့်သွားခဲ့၏။

“ငါ ဂါထာတွေကိုပဲ သင်နေလို့ မရဘူး။ မန်နာပမာဏ တိုးလာဖို့လည်း လိုသေးတယ်။”

ချန်ခိုင် ပြန်ရောက်လာသောအခါ တန်ဝမ်ကျဲအတွက် “မော်ရှန်း ကျန်းမာရေးစောင့်ရှောက်မှုသိုင်း” ဟူသည့် စာအုပ်တစ်အုပ် ယူလာပေးခဲ့သည်။ ကျင့်စဉ်တစ်ခုကို သင်ယူရခြင်းမှာ တန်ဝမ်ကျဲ ထင်ထားသည်ထက် ပို၍ ခက်ခဲနေခဲ့၏။ သင်ယူရသည်မှာ ခက်ခဲရုံတင်မကဘဲ ချန်ခိုင်ကလည်း သူ၏တိုးတက်မှုကို နှေးကွေးစေရန် တမင်တကာ ဝေဝေဝါးဝါး ရှင်းပြခြင်း၊ အချက်အလက်အချို့ကို ဖုံးကွယ်ထားခြင်းများ ပြုလုပ်လာခဲ့သည်။

တန်ဝမ်ကျဲသည် ၎င်းကို ဘာမှမပြောဘဲ အကြံပြုကြေးများကို ရက်ရက်ရောရော ပေးမြဲပေးနေသော်လည်း ချန်ခိုင်နှင့် အတူရှိချိန်မှာ တဖြည်းဖြည်း တိုတောင်းလာခဲ့၏။

သံသယမဝင်စေရန်အတွက် တန်ဝမ်ကျဲသည် တစ်ခုခုကို မသင်ယူနိုင်သည့်အခါ စိတ်ရှည်မှုမရှိတော့သည့် ပုံစံမျိုးကို အဓိက ဟန်ဆောင်ပြခဲ့သည်။ ထို့ပြင် သူသည် ချန်ခိုင်အား နက်နဲသော ဂါထာအတတ်မျိုးစုံကို ရှင်းပြခိုင်းခြင်း သို့မဟုတ် သရုပ်ပြခိုင်းခြင်းများ ပြုလုပ်တတ်၏။ သူသည် တာအိုတရားကိုသာ အာရုံစိုက်နေသည့် ချမ်းသာသော သခင်လေးဘဝမှ သဘာဝလွန် ဇာတ်လမ်းများကို နားထောင်ရုံသာ ဝါသနာပါသည့် သူတစ်ဦးအဖြစ်သို့ တဖြည်းဖြည်း အသွင်ပြောင်းလိုက်သည်။

ချန်ခိုင် ပြန်သွားပြီးနောက် တန်ဝမ်ကျဲသည် ကျန်းမာရေးသိုင်းကို မိမိဘာသာ စတင်လေ့လာတော့လေသည်။ သူသည် တရုတ်တိုင်းရင်းဆေး ဆရာကြီးတစ်ဦးကို တိုက်ရိုက်ခေါ်ယူကာ ခန္ဓာကိုယ်ရှိ ‘အာရုံကြော အချက်အချာ’ ဇယားကို သင်ယူပြီး ထိုဆရာကြီးအား သူ့အတွက် အားဆေးများ ဖော်စပ်ခိုင်းထားလိုက်သည်။

မော်ရှန်း ကျန်းမာရေးစောင့်ရှောက်မှု သိုင်းသည် ထိုက်ချိနှင့် ‘နှလုံးသားကျမ်းအား ပေါင်းစပ်ထားသကဲ့သို့ပင်။ သူ ထင်ထားသလို ငြိမ်ငြိမ်လေး ထိုင်ကာ တရားမှတ်ရခြင်း မဟုတ်ဘဲ သိုင်းကွက်များနှင့် ကိုယ်ခံပညာကို လေ့ကျင့်ရခြင်းဖြစ်သည်။ ဤသည်မှာ မော်ရှန်းတာအိုဆရာတိုင်း အဘယ်ကြောင့် ကိုယ်ခံပညာ အသင့်အတင့် တတ်မြောက်နေရသနည်းဆိုသည့် အကြောင်းရင်း ဖြစ်ပေလိမ့်မည်။

သူသည် ဘေးကင်းလုံခြုံမှုအတွက် ဤသို့ လုပ်ဆောင်ခြင်းဖြစ်၏။ တန်ဝမ်ကျဲက သေရမှာကို ကြောက်တတ်သူဖြစ်သည်။ ချန်ခိုင်သည် စိတ်မချရသည့် လက္ခဏာ တစ်ကြိမ်ပြပြီးပြီ ဖြစ်ရာ သူသည် ထိုလူကို ဒုတိယအကြိမ် အခွင့်အရေး ပေးတော့မည် မဟုတ်ပေ။

နောက်ရက်များတွင် တန်ဝမ်ကျဲသည် အိမ်၌သာနေ၍ လေ့လာနေခဲ့၏။ ချန်ခိုင် ရောက်လာသည့် အကြိမ်ရေမှာ တဖြည်းဖြည်း နည်းပါးလာပြီး သူ၏ တိုးတက်မှုကို လာစစ်ဆေးရုံနှင့် ပိုက်ဆံလာယူရုံလောက်သာ လာတော့သည်။

အမှန်စင်စစ် ချန်ခိုင်ကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်နေခဲ့လေသည်။ အကယ်၍ သူသာ တန်ဝမ်ကျဲကို သေသေချာချာ သင်ပေးလိုက်လျှင် တပည့်က ဆရာ့ထက် အစွမ်းထက်သွားပြီး သူ့မှာ ဘာမှမကျန်တော့မှာကို စိုးရိမ်နေ၏။ အကြောင်းမှာ တန်ဝမ်ကျဲ၏ သင်ယူနိုင်စွမ်းမှာ အလွန် မြန်ဆန်လွန်းသောကြောင့်ပင်။

သို့သော် သူ သေချာ မသင်ပေးလျှင်လည်း ထိုသခင်လေး၏ စိတ်ဝင်စားမှုမှာ ခဏတာသာ ဖြစ်သွားပေလိမ့်မည်။ သင်ယူလို့ မရတော့သည့်အခါ စိတ်ကုန်သွားမည်ဖြစ်၏။ ထိုသို့ဆိုလျှင် ချန်ခိုင်အတွက် ဝင်ငွေနည်းသွားပေလိမ့်မည်။

သူသည် သေသေချာချာ မသင်ပေးနိုင်သလို တပည့်က မသင်ယူနိုင်လျှင်လည်း အလုပ်ပြတ်သွားချေဦးမည်။ ထို့ကြောင့် ချန်ခိုင်သည် တန်ဝမ်ကျဲ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ထားလျက်နှင့် တစ်ဖက်တွင်လည်း အမှန်တကယ် မတတ်မြောက်သွားစေရန် ဟန်ချက်ညီအောင် ထိန်းကျောင်းနေရတော့လေသည်။

ဆယ်ရက်ခန့် ကြာပြီးနောက်တွင် တန်ဝမ်ကျဲသည် ‘ဓားလက်ချောင်း’ ကို ကျွမ်းကျင်သွားရုံမှလွဲ၍ အခြားအရာ ဘာမှမတတ်မြောက်သေးချေ။ သို့သော်လည်း သူသည် ချန်ခိုင်ထံမှ ‘မီးထိန်းချုပ်ခြင်းအတတ်’၊ ‘လျှပ်စီးလက်ဝါး’၊ ‘ပွဲတော်ပြင်ဆင်ခြင်း’၊ ‘မှော်အတတ်ဖြင့် တိုက်ခိုက်ခြင်း’၊ ‘ဖုတ်ကောင်ထိန်းချုပ်ခြင်း’ နှင့် ‘မြေနင်း၍နတ်ဘုရားပင့်ဖိတ်ခြင်း’ တို့ကို အကြိမ်ကြိမ် တွေ့မြင်ခဲ့ရပြီး ၎င်းတို့ကို စာဖြင့်ပါ မှတ်တမ်းတင်ထားနိုင်ခဲ့သည်။

စာဖြင့် မှတ်ထားရုံနှင့် တန်ဝမ်ကျဲ တတ်သွားမည်ကို ချန်ခိုင် မစိုးရိမ်ပေ။ အကြောင်းမှာ ဆရာ၏လမ်းညွှန်မှု မပါဘဲ လေ့လာရန်မှာ မဖြစ်နိုင်သောကြောင့်ပင်။

မကြာသေးမီ ရက်ပိုင်းအတွင်း တန်ဝမ်ကျဲ၏ ဂါထာအတတ်များအပေါ် စိတ်ဝင်စားမှုမှာ ပျောက်ကွယ်သွားသလို ရှိနေခဲ့၏။ ချန်ခိုင်သည် သူ၏ ဝင်ငွေ တဖြည်းဖြည်း နည်းပါးလာသည်ကို မြင်သောအခါ စတင် စိုးရိမ်လာတော့သည်။ သူ တန်ဝမ်ကျဲကို သွားတွေ့သည့်အခါ ထိုသခင်လေးမှာ ရက်ရောနေဆဲဖြစ်သော်လည်း ပေးလိုက်သည့် စာအိတ်များမှာ အရင်ကလောက် မထူတော့ပေ။

‘အဝတ်စုတ်နှင့် မြေနင်းဂိုဏ်း’ စည်းကမ်းအရ ချန်ခိုင်သည် နေ့စဉ် ပိုက်ဆံကို စုဆောင်းထား၍ မရပေ။ တန်ဝမ်ကျဲက သူ့ကို တစ်ရက်လောက် လျစ်လျူရှုထားလိုက်ရုံနှင့် သူ၏နေထိုင်မှုအဆင့်အတန်းမှာ မနေ့ကနှင့် ယနေ့ သိသိသာသာ ကွာခြားသွားတော့လေသည်။

စိတ်ပိုင်းဆိုင်ရာအရလည်း ကွာဟချက်မှာ ကြီးမားလှ၏...။

“တစ်ယောက်လောက် ဆရာကြီးချန်အတွက် ပိုက်ဆံနည်းနည်းလောက် သွားပေးလိုက်ကြစမ်း။”

တန်ဝမ်ကျဲသည် သူ၏ ကျန်းမာရေးသိုင်းကို ဖြည်းဖြည်းချင်း လေ့ကျင့်ပြီးနောက် ပြောလိုက်သည်။

သူသည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ အစေခံမလေးကို မျက်နှာသုတ်ခိုင်းပြီး အခြားအစေခံတစ်ဦးကို ပိုက်ဆံသွားပေးရန် အချက်ပြလိုက်၏။

ချွေတာရာမှ ဇိမ်ကျကျ နေထိုင်ရန် လွယ်ကူသော်လည်း ဇိမ်ခံရာမှ ပြန်လည် ချွေတာရန်မှာ အလွန်ခက်ခဲကြောင်း သူ ကောင်းကောင်း သိပေသည်။

သူသည် ချန်ခိုင်ကို ကောင်းမွန်သော ဘဝတစ်ခု ပေးထားခဲ့၏။ ချန်ခိုင်က ကျေးဇူးတင်မည် မဟုတ်သော်လည်း တစ်နေ့တွင် ထောက်ပံ့မှုကို ဖြတ်တောက်လိုက်ပါက ချန်ခိုင်က သေချာပေါက် ရန်ငြိုးဖွဲ့လာပေလိမ့်မည်။

“ခင်ဗျားသာ အစကတည်းက ကျုပ်ကို သေသေချာချာ သင်ပေးခဲ့ရင် ဘယ်လောက် ကောင်းမလဲ။”

အကယ်၍ ချန်ခိုင်က သူ့ကို အကုန်လုံး သင်ပေးခဲ့လျှင်ပင် သူသည် ချန်ခိုင်ကို ဆက်လက် ထောက်ပံ့ပေးနေမှာပင်။ ထိုကဲ့သို့ အစွမ်းထက်သည့် လူတစ်ယောက် အိမ်မှာရှိနေခြင်းက အလွန်စိတ်ချရ၏။

ယခုမူ အခြေအနေများက ဤသို့ ဖြစ်သွားပြီဖြစ်ရာ ချန်ခိုင် ဘာတွေးနေမှန်း သူ မသိသော်လည်း အန္တရာယ်ရှိသော လူတစ်ယောက်ကို နေ့တိုင်း သူ့အပေါ်မှာ သွေးစုပ်ခွင့် ပေးထား၍မရမှန်း တန်ဝမ်ကျဲ သိပေသည်။ အလုပ်လုပ်ပြီး ပိုက်ဆံရယူတာက တစ်မျိုး၊ ပိုက်ဆံယူပြီး အလုပ်ကို သေသေချာချာ မလုပ်တာက တစ်မျိုး...။ ဤကိစ္စကို အမြစ်ပြတ် ဖြေရှင်းရန် နည်းလမ်း ရှာရပေလိမ့်မည်။

ချန်ခိုင်၏ အစွမ်းနှင့်ဆိုလျှင် သူ့ကို ကိုင်တွယ်ရန် ခက်ခဲပေလိမ့်မည်။ အမှားအယွင်း လုံးဝ မခံပေ။ ထို့ကြောင့် ချန်ခိုင်ကို ကိုင်တွယ်နိုင်ပြီဟု လုံးဝစိတ်မချရမချင်း သူငယ်ချင်းလို ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားရန်အတွက် ပိုက်ဆံ ဆက်ပေးနေရဦးမည်ဖြစ်၏။

“ငါလေးက လူကောင်းတစ်ယောက်ပါ။”

တန်ဝမ်ကျဲက မိမိဘာသာ တွေးလိုက်သည်။

သူသည် ပေါင်ကျန်းကို အရင် ရှေ့ထွက်ခိုင်းလိုက်မည်ဖြစ်သည်။ သူ့မိန်းမ အခိုးခံနေရသည်ဖြစ်၍ သူက အရေးယူတာ သဘာဝကျပေသည်။

ပေါင်ကျန်း ရှုံးနိမ့်သွားမှသာ သူ ဝင်ပါရပေမည်။

သာမန်လူတွေကိုတော့ ထည့်စဉ်းစားမနေပါနဲ့။ အစိုးရ လက်နက်ကိုင်တွေတောင် ချန်ခိုင်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။

ချန်ခိုင်သည် လူများကို အဝေးမှ ထိန်းချုပ်နိုင်ပြီး သူသည် ဓားကို အမှန်တကယ် ကြောက်၊ မကြောက်ဆိုသည်ကို ပြောရန်မှာ ခက်ခဲလှပေသည်။ အကယ်၍ သူ သေသွားပြီး မကောင်းဆိုးဝါး တစ္ဆေ ဖြစ်သွားပါက ပို၍ပင် ဒုက္ခရောက်ပေဦးမည်။ သူ မသေဘဲ ထွက်ပြေးသွားရင်လည်း တန်ဝမ်ကျဲအတွက် အန္တရာယ် ရှိပေသည်။

ချန်ခိုင်သည် သူ ပိုက်ဆံရနည်းသွားသည့်အပေါ်တွင်သာ မကျေမနပ် ဖြစ်နေသော်လည်း တန်ဝမ်ကျဲကမူ သူ့ကို ရုပ်ပိုင်းဆိုင်ရာရော ဝိညာဉ်ပိုင်းဆိုင်ရာကိုပါ အမြစ်ပြတ် ချေမှုန်းပစ်ရန် စဉ်းစားနေသည်အား အိပ်မက်ပင် မက်ဖူးမည် မဟုတ်ပေ။

မတတ်နိုင်ဘူးလေ၊ ဒီကမ္ဘာကြီးကိုက အန္တရာယ် များလွန်းတာကိုး။ တန်ဝမ်ကျဲအတွက် ဘေးကင်းဖို့က အဓိကပဲ။

မကြာမီ ပိုက်ဆံသွားပေးသော အစေခံ ပြန်ရောက်လာခဲ့ပြီး ပိုက်ဆံရပြီးနောက် ချန်ခိုင်၏ မျက်နှာအမူအရာကို အသေးစိတ် ပြန်လည်ပြောပြလာခဲ့သည်။

၎င်းကို ကြားပြီးနောက် တန်ဝမ်ကျဲ မျက်မှောင်ကျုံ့လိုက်၏။

“ဒီတစ်ခါ စာအိတ်ရဲ့ အထူကို သူ မကျေနပ်သေးဘူး ထင်တယ်။ နောက်တစ်ခါကျရင် တိုးပေးဦးမှပါ။”

ဤအချိန်အတောအတွင်း သူဌေးကြီးတန်သည် ပေါင်ကျန်း၏ ဇနီးနှင့် အချစ်နယ်ကျွံနေခဲ့၏။ တန်ဝမ်ကျဲသည်မူ ပုံမှန်အတိုင်း အိမ်မှာပဲနေပြီး ကျန်းမာရေး သိုင်းကွက်များကိုသာ သင်နေကြောင်း သိသွားပြီးနောက် သူဌေးကြီးတန်က သူ့ကို ဂရုမစိုက်တော့ပေ။ တန်ဝမ်ကျဲ၏ တစ်ခုတည်းသော တာဝန်မှာ မျိုးဆက်တစ်ခု ချန်ရစ်ပေးရန်သာ ဖြစ်သည်။

‘ကျန်းမာရေး လေ့ကျင့်တာ ကောင်းတာပေါ့။’

သူဌေးကြီးတန်က မိုက်မဲသူ မဟုတ်ပေ။

အရွယ်ရောက်ပြီးသား တူတစ်ယောက်၊ ငယ်ငယ်ကတည်းက သူ ကိုယ်တိုင် ပြုစုပျိုးထောင်ထားတာ မဟုတ်တဲ့အတွက် မိသားစု စီးပွားရေးကို တကယ်ကြီး လွှဲပေးချင်ပါ့မလား။

သူ လိုချင်သည့်အရာမှာ တန်မိသားစုအတွက် တန်ဝမ်ကျဲကနေ ကလေးတစ်ယောက် ရရှိရန်သာဖြစ်သည်။ ချမ်းသာသည့် သူဌေးကြီးတန်သည် နောက်ထပ် အနှစ်နှစ်ဆယ်လောက်တော့ သက်တမ်းရှည်နိုင်ပါသေးသည်။ ထိုအချိန်ဆိုလျှင် ကလေးကို အရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ဖို့ လုံလောက်ပေသည်။

သူဌေးကြီးတန်သည် တန်ဝမ်ကျဲဆီက သားတစ်ယောက် ရရှိရန် မျှော်လင့်နေသလို တန်ဝမ်ကျဲကလည်း အမွေများကို ဆက်ခံရရန် မျှော်လင့်နေခဲ့သည်။ နှစ်ဦးစလုံး တစ်မြို့တည်းတွင် နေထိုင်ကြသော်လည်း ပုံမှန်ရက်များတွင် မတွေ့ဖြစ်ကြဘဲ တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်နေကြရင်း... နောက်ဆုံးတွင် ယနေ့၌ တန်ဝမ်ကျဲသည် ဉာဏ်အလင်း တစ်ချက် ပွင့်သွားသည့်အထိ သည်းခံ လေ့ကျင့်နိုင်ခဲ့လေသည်။

[သင်သည် “မော်ရှန်း ကျန်းမာရေးစောင့်ရှောက်မှု သိုင်းကွက်” ကို ကြိုးစားအားထုတ် လေ့လာခဲ့ပြီး နောက်ဆုံးတွင် ဉာဏ်အလင်းတစ်ခု ရရှိသွားခဲ့သည်။ သင် “မော်ရှန်း ကျန်းမာရေးစောင့်ရှောက်မှု သိုင်းကွက်” ကို တတ်မြောက်သွားပါပြီ။]

မော်ရှန်း ကျန်းမာရေးစောင့်ရှောက်မှု သိုင်းကွက် အဆင့် ၁ (၁/၃၀)။ အကျိုးသက်ရောက်မှု: အမြင့်ဆုံး မန်နာ +၃။

သူ၏ မန်နာမှာ နောက်ဆုံးတွင် ၄/၄ သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ တန်ဝမ်ကျဲ သက်ပြင်းချကာ စိတ်အေးသွားခဲ့၏။

ကံမကောင်းစွာဖြင့် ချန်ခိုင်၏ ဘက်မှတော့ မည်သည့်အရာကိုမျှ ထပ်မံ မျှော်လင့်၍ မရတော့ပေ။

ထိုအရာသည် သူ၏ အခြေအနေပြ ဘားကွက်ပေါ်ရှိ အပြောင်းအလဲများထက် ပိုသည်ကို သူ ခံစားမိလိူက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ပိုမို ပျော့ပျောင်းလာပြီး ဤရက်ပိုင်းအတွင်း သိုင်းကွက် လေ့ကျင့်ခြင်းကြောင့် သူ၏ စိတ်ခံစားမှုနှင့် စိတ်နေစိတ်ထားမှာလည်း ပိုမိုတည်ငြိမ် အေးချမ်းလာခဲ့သည်။ သူ့တွင် စိတ်ဓာတ်ကို ပျိုးထောင်ခြင်းမှ ရရှိသည့် တည်ငြိမ်မှုမျိုး ရှိလာခဲ့လေသည်။ မှန်ထဲကြည့်လိုက်သည့်အခါ သူ၏ အသားအရေမှာလည်း ပိုကောင်းလာသည်ကို သတိပြုမိလိုက်၏။ အထူးသဖြင့် ကမ္ဘာကူးမလာခင် ‘ရူယိဂေဟာ’ တွင် အချိန်ဖြုန်းခဲ့မှုကြောင့် ချည့်နဲ့နေသည့် တန်ဝမ်ကျဲ၏ ခန္ဓာကိုယ်မှာ အပြည့်အဝ ပြန်လည် နာလန်ထူလာခဲ့သည်။

သူ့ရဲ့ ကျောက်ကပ်တွေကတော့ အတော်လေး ကောင်းမွန်နေတဲ့ ပုံပဲ။

“မော်ရှန်း ကျန်းမာရေးစောင့်ရှောက်မှု သိုင်းကွက်” တစ်စုံလုံးကို လေ့ကျင့်လျှင် ခွန်အား ၃ မှတ် ကုန်ဆုံးသော်လည်း အတွေ့အကြုံ +၁ ရရှိပေသည်။

သူ၏ လက်ရှိ အခြေအနေအရဆိုလျှင် ကျန်းမာရေး သိုင်းကွက်ကို အဆင့် ၂ သို့ ရောက်ရန် တစ်လခန့် အချိန်ယူရပေလိမ့်မည်။

“လူရှိလား။”

“သခင်လေး။”

အစေခံတစ်ဦး တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။

“ဆရာကြီးချန်ကို ရှာနေတာလား။”

နောက်ထပ် အဖြေကို ကြိုတင်ခန့်မှန်းတတ်သည့် အစေခံ တစ်ယောက်ပဲ။

“ဘာ ဆရာကြီးချန်လဲ။ သူ့ကိုရှာမယ့်အစား ရှောင်ချွေ့ကို ရှာတာကမှ ပိုကောင်းဦးမယ်။”

“ဒါဆို အခုချက်ချင်း ရူယိဂေဟာကို သွားလိုက်ရမလား။”

ထိုအစေခံ သက်ပြင်းချလိုက်မိသည်။

ဒါမှ သူ့သခင်လေး အစစ်ပဲ။

“ရှောင်ချွေ့ကို မေ့ထားလိုက်စမ်းပါ။”

တန်ဝမ်ကျဲသည် သူ၏ လက်အောက်ငယ်သားများက ရိုးအလွန်းသဖြင့် ရဲ့ရဲ့တင်းတင်း ပြောသည်ကိုပင် မခွဲခြားတတ်ဟု မထင်ခဲ့မိပေ။

“မြင်းလှည်း ပြင်ထားစမ်း။ အကြံပေးလျို ပြောတဲ့အတိုင်းဆိုရင် မနက်ဖြန် ငါ ပြည်နယ်မြို့တော်ကို ‘မိန်းကလေးကြည့်’ သွားရမယ် မဟုတ်လား။”

“အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်။”

“နေဦး ငါ့ဦးလေး သူဌေးကြီးတန်ကို သွားရှာပြီး မြင်းလှည်း ပြင်ခိုင်းလိုက်။”

“ဗျာ...”

“ဘာ ‘ဗျာ’ နေတာလဲ။ မြန်မြန်သွားစမ်း။”

တန်ဝမ်ကျဲက အနည်းငယ်စဉ်းစားပြီး ထပ်ပြောလိုက်သည်။

“နေဦး၊ အရင်က ငါ ရှာခိုင်းထားတဲ့ ‘ဝိုင်ဟွားအဘိုးကြီး’ကိုရော တွေ့ပြီလား။”

ပြန်လှည့်ထွက်တော့မည့် အစေခံက ချက်ချင်း ရပ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“သခင်လေး ရှာတွေ့ပါပြီဗျ။”

“သူ့ကို ငါ့ဆီ ခေါ်လာခဲ့။”

All Chapters