နောက်ထပ် ရုပ်ရှင်ဇာတ်ကောင်တစ်ဦး
Vol. 1 Ch. 6
ဘေးစားပွဲတွင် ထိုင်နေသော ဝိုင်ဟွားအဘိုးကြီးက တန်ဝမ်ကျဲကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
“သခင်လေးတန် မြင်းလှည်းဆရာ လိုသေးလား။”
ပေါင်ကျန်းသည် မြင်းလှည်းမမောင်းနိုင်သော်လည်း သူကတော့ ကျွမ်းကျင်စွာ မောင်းနှင်နိုင်သည်။
“မလိုဘူး။”
တန်ဝမ်ကျဲက ခေါင်းခါပြလိုက်သည်။ သူသည် အနီးနားတွင် တစ်ယောက်ယောက်ကို စောင့်နေရန် စီစဉ်ထားပြီးသားဖြစ်သည်။ ပေါင်ကျန်းက မိမိအလိုအလျောက်ဖြစ်စေ၊ အခြေအနေအရဖြစ်စေ ယနေ့တွင်တော့ သူ၏မိန်းမ ဖောက်ပြန်နေသည်ကို လက်ပူးလက်ကျပ် မိစေရန် တန်ဝမ်ကျဲက သေချာပေါက် ဖန်တီးပေးရပေလိမ့်မည်။
အကြံပေးလျိုနှင့် သူဌေးကြီးတန်တို့၏ လုပ်ပုံကိုင်ပုံအရ ပြဿနာတစ်ခုခုဖြစ်လာလျှင် တာအိုဆရာတစ်ယောက်၏ အကူအညီကို အရင်ဆုံး ရှာဖွေကြပေလိမ့်မည်။ ၎င်းမှာ သူတို့ နှစ်ပေါင်းများစွာ စွဲမြဲလာခဲ့သည့် အလေ့အထဖြစ်သဖြင့် အလွယ်တကူ ပြောင်းလဲနိုင်မည်မဟုတ်ပေ။
ထို့ပြင် ဂိုဏ်းတူ ညီအစ်ကိုများဖြစ်ကြသည့် ချန်ခိုင်နှင့် ဆရာရွှီတို့အကြား ရန်ငြိုးများကလည်း ရှိနေသည်မှာ ကြာပြီဖြစ်ရာ ချန်ခိုင်နှင့် သူ၏ညီငယ်ကြား တိုက်ပွဲဖြစ်လာရန် လှုံ့ဆော်ဖို့ အခွင့်အလမ်း အလွန်များနေ၏။
အချုပ်အားဖြင့်ဆိုရသော် တန်ဝမ်ကျဲအနေဖြင့် အတင်းအကျပ် ဝင်မရှုပ်ဘဲ ‘ဇာတ်လမ်း’ ကို ၎င်း၏ သဘာဝအတိုင်းသာ စီးမျောခွင့်ပေးထားလျှင် အဆင်ပြေပေလိမ့်မည်။ အကယ်၍ အဆင်မပြေခဲ့လျှင်ပင် ကိစ္စမရှိချေ။ သူ့တွင် နောက်ထပ် ပြင်ဆင်မှုများ ရှိနေသေး၏။ ဤသို့ လုပ်ဆောင်ခြင်းမှာ သူ၏ စေ့စပ်သေချာတတ်သော အလေ့အထကြောင့်သာ ဖြစ်သည်။
ကြိုးစားကြည့်ရုံနှင့် ဘာမှဆုံးရှုံးစရာမရှိပေ။ အကယ်၍ အောင်မြင်သွားခဲ့လျှင်ကော...။
သူဌေးကြီးတန်နှင့် အလွန်ရင်းနှီးသော ရုံးတော်အဖွဲ့မှာလည်း စိုးရိမ်စရာတစ်ခုပင်။ သူဌေးကြီးတန်၏ အမွေများကို သူ အမှန်တကယ်ဆက်ခံရလျှင်ပင် မြို့ထဲမှ ဒေသခံလူကုံထံများက သိန်းငှက်များအလား စောင့်ကြည့်နေကြမည်ဖြစ်ရာ ထိုအမွေများကို သူ အမှန်တကယ် လက်ဝယ်ပိုင်ဆိုင်နိုင်ခြင်း ရှိ၊ မရှိမှာ အခြားကိစ္စတစ်ခု ဖြစ်သည်။
သို့သော်လည်း ယခုက ၁၉၁၂ ခုနှစ်သို့ ရောက်နေပြီဖြစ်၏။ ရုံးတော်ဆိုသည်မှာ အတိတ်က အရာသာ ဖြစ်တော့သည်။ တန်ဝမ်ကျဲအနေဖြင့် ‘ဗိုလ်ကြီးအားကျဲ’ တစ်ယောက် ဖြစ်မလာနိုင်စရာ အကြောင်းမရှိပေ။ ပြည်နယ်မြို့တော်သို့ မိန်းကလေးကြည့်သွားသည့် ဤခရီးစဉ်မှာ အပိုဆုတစ်ခုသာဖြစ်ပြီး သူ၏ အမှန်တကယ် စီမံကိန်းမှာ မိမိကိုယ်ကို ကာကွယ်ဖို့အတွက် အင်အားတစ်ခုခု ရယူရန်ဖြစ်သည်။
သူသည် အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီး အမွေကို လွှဲပြောင်းရယူရန်အတွက် တရားဝင် လုပ်ထုံးလုပ်နည်းများကို အသုံးပြုမည်ဖြစ်သည်။
တန်ဝမ်ကျဲ ယခုရက်ပိုင်း စာဖတ်နေခဲ့သည်မှာ အလကားမဟုတ်ပေ။ ဤခေတ်ကာလတွင် နတ်ဆိုးများနှင့် သရဲတစ္ဆေများကို ကိုင်တွယ်နိုင်ခြင်းကသာ အသက်ရှင်ရန် အမှန်ကန်ဆုံး လမ်းစဖြစ်ကြောင်း သူသိသော်လည်း ဓားမတိုး၊ သေနတ်မပေါက်သည့် အစွမ်းမရသေးမီတွင်တော့ သေနတ်ကို ကြောက်နေရဦးမည်ဖြစ်သည်။
ယခင် မင်းဆက်သည် ပြည်နယ်၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်စနစ်ကို ကျင့်သုံးခဲ့၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဤပထမနှစ် လွန်ခဲ့သော နှစ်လ၊ သုံးလခန့်ကမှ မြို့နယ်များကို ပြည်နယ်အစိုးရ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစနစ်အတွင်း၌ လှုပ်ရှားနိုင်သည့် အခွင့်အလမ်းများစွာ ရှိနေ၏။ ငွေဒင်္ဂါး တစ်ရာခန့်ဆိုလျှင် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန် လုံလောက်ပေလိမ့်မည်။
ဘေးကင်းစေရန်အတွက် သူ၏ သေတ္တာထဲတွင် ငွေဒင်္ဂါးများသာမက အခြားအရာများလည်း ပါဝင်သေးပေသည်။
တန်ဝမ်ကျဲသည် လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်ရင်း ပြောလိုက်၏။
“ဝိုင်ဟွားအဘိုးကြီး ကျုပ်အတွက် နောက်ထပ် ကိစ္စတစ်ခုလောက် လုပ်ပေးပါဦး။”
“သခင်လေးတန် ခိုင်းသာ ခိုင်းလိုက်ပါ။”
ဝိုင်ဟွားအဘိုးကြီးက အလျင်အမြန် ပြောလိုက်သည်။
“နောက်နှစ်ရက်လောက်နေရင် ပြည်နယ်မြို့တော်ကို လာပြီး ကျုပ်ကို အိမ်ပြန်ဖို့ သတင်းလာပေးပါ။”
တန်ဝမ်ကျဲ၏ ဘေးနားရှိ လူများမှာ အခြေခံအားဖြင့် သူဌေးကြီးတန်၏ လူများသာ ဖြစ်သည်။
ထို့ကြောင့်ပင် သူသည် ဤခရီးစဉ်တွင် မည်သူ့ကိုမျှ ခေါ်မလာခဲ့ခြင်းဖြစ်ပြီး သူ၏ ထိုလုပ်ရပ်များကို အစေခံများက နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။
သို့သော်လည်း သခင်လေးတန် ပြဿနာမရှာသရွေ့ အစေခံများက ကျေးဇူးတင်နေကြမည်ပင်။
အချို့သော ကိစ္စများအတွက်မူ ပြင်ပလူကိုသာ အကူအညီ တောင်းရပေလိမ်ါမည်။ ဝိုင်ဟွားအဘိုးကြီးမှာ ရွေးချယ်စရာ အကောင်းဆုံးပင်။ သူက အလုပ်တွင်ကျယ်သည်၊ အခြေအနေကို နားလည်သည်၊ ပိုက်ဆံမက်သော်လည်း သေရမှာ ကြောက်တတ်သည်။
တန်ဝမ်ကျဲ၏ အမြင်တွင်တော့ ဤအရာအားလုံးမှာ လူကောင်းတစ်ယောက်၏ အရည်အချင်းများပင် ဖြစ်သည်။
“ဟမ်...”
ဝိုင်ဟွားအဘိုးကြီးသည် ကောင်းကောင်း နားမလည်သော်လည်း သူ၏ ဦးနှောက်က မြန်မြန်ဆန်ဆန် အလုပ်လုပ်နေ၏။
“သခင်လေးကို တန်မိသားစုမြို့ကို ပြန်ဖို့ သတင်းပေးရမယ် ဟုတ်လား။ ဘယ်အချိန်လဲ။ ဘယ်သူ့ကို စောင့်ကြည့်နေရမလဲ။”
“အချိန်တန်ရင် ခင်ဗျား ကျုပ်ကို သတင်းပေးရမယ်ဆိုတာ သိလာပါလိမ့်မယ်။”
တန်ဝမ်ကျဲက သူ၏ ညာဘက်လက်ကို မြှောက်ကာ မှောက်လိုက်ပြီး စားပွဲပေါ်သို့ ပုတ်လိုက်သည်။
“ဒါက ခင်ဗျားအတွက် ဆုလာဘ်ပဲ။”
ဝိုင်ဟွားအဘိုးကြီး မျက်လုံးများ တောက်ပသွားခဲ့သည်။
“စိတ်မပူပါနဲ့ သခင်လေး ကျုပ် မျက်တောင်မခတ်တန်း စောင့်ကြည့်နေပါ့မယ်။ ပြဿနာ အရိပ်အယောင်လေး တစ်ခုခုတွေ့တာနဲ့ သခင်လေးဆီကို သတင်းရောက်အောင် ကျုပ်ရဲ့ ခြေထောက်နှစ်ဖက်လုံး ကျိုးရမယ်ဆိုရင်တောင် ပြေးလာခဲ့ပါ့မယ်။”
“မဟုတ်ဘူး၊ မဟုတ်ဘူး။ ခင်ဗျား ကျုပ်ရဲ့ဆိုလိုရင်းကို နားမလည်သေးဘူး။”
တန်ဝမ်ကျဲက ခေါင်းခါပြလိုက်၏။
“ခင်ဗျား အလုပ်ကို ခင်ဗျား ပုံမှန်အတိုင်းပဲ လုပ်ပါ။ ကျုပ်ကို သတင်းပေးရမယ့် အချိန်ရောက်ရင် ခင်ဗျား သိလာလိမ့်မယ်။ ဘာမှမဖြစ်ရင်လည်း ကျုပ်ဘာသာကျုပ် ပြန်လာမှာပါ။ စိတ်မပူပါနဲ့။ ခင်ဗျား ပိုက်ဆံ ရစေရပါမယ်။”
ဝိုင်ဟွားအဘိုးကြီးသည် ဤမျှ သက်သောင့်သက်သာရှိသော အလုပ်မျိုးကို မမျှော်လင့်ထားသဖြင့် အကြိမ်ကြိမ် ခေါင်းငြိမ့်ကာ သဘောတူလိုက်တော့သည်။
ဝိုင်ဟွားအဘိုးကြီး ထွက်သွားပြီးနောက် လက်ဖက်ရည်ဆိုင်၏ နောက်ခန်းမှ မြင်းလှည်းဆရာ တစ်ယောက် ထွက်လာခဲ့လေသည်။
“သခင်လေး”
“သွားကြမယ် လမ်းထွက်ရအောင်။”
တန်ဝမ်ကျဲ သက်ပြင်းချလိုက်မိသည်။ သူ အမှန်တကယ်တော့ မိန်းကလေးကြည့် မသွားချင်ပါ။ သို့သော်လည်း ရွေးချယ်စရာ မရှိပေ။
သူဌေးကြီးတန် မသေသေးသဖြင့် သူသည် လိမ္မာသောတူအဖြစ် ဆက်လက် ဟန်ဆောင်ရမည်ဖြစ်ပြီး မိန်းမရှာသည့်ကိစ္စကို အလေးအနက်ထားပြရပေလိမ့်မည်။
ခရီးသွားရသည့် ပင်ပန်းဆင်းရဲမှုများမှာ ပြောနေစရာပင် မလိုပေ။ တန်ဝမ်ကျဲ ထွက်လာစဉ်က ခွန်အား ၅ မှတ် အပြည့်ရှိသော်လည်း ပြည်နယ်မြို့တော်သို့ ရောက်သောအခါ သုညနီးပါး ဖြစ်သွားခဲ့၏။ သူသည် အားပြန်ပြည့်ရန်အတွက် ဟိုတယ်တွင် တစ်ရက်လုံး အိပ်လိုက်ရလေသည်...။
ပြည်နယ်မြို့တော်၊ အနောက်တိုင်း စားသောက်ဆိုင်...။
လှပသော မိန်းကလေးနှစ်ဦး အတူထိုင်ကာ စကားပြောနေကြ၏။
တစ်ဦးမှာ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ချစ်စရာကောင်းသော ပုံစံရှိသည်။ သူမ၏ အမည်မှာ ‘နျန်ယင်း’ ဖြစ်သည်။
အခြားတစ်ဦးမှာ ရင်ဖုံးအင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ထားသဖြင့် သူမ၏ ဖြူဖွေးသော ခြေသလုံးလေးများကို မြင်နေရလေသည်။ သူမ၏ မျက်နှာမှာမူ ကြည်လင်ပြီး တင့်တယ်လှပလှ၏။ သူမ၏ အမည်မှာ ‘ကျူးကျူး’ ဖြစ်သည်။
ဘောင်းဘီတိုနှင့် မိန်းကလေးမှာ ပျင်းရိစွာ ထိုင်နေ၏။
“နျန်ယင်း နင့်ရဲ့ ခဲအိုက နင့်အတွက် ဘယ်နှယောက်မြောက် လူရှာပေးတာလဲ။”
“ဒီနေ့က နောက်ဆုံး တစ်ယောက်ပဲ။”
အနောက်တိုင်းဝတ်စုံနှင့် မိန်းကလေးက မျက်နှာကိုရှုံ့မဲ့ကာ ပြောလိုက်သည်။
“ငါက အသက် ၁၇ ပဲ ရှိသေးတာပါ ကျူးကျူးရယ်။ ခေတ်သစ်ကို ရောက်နေပြီဆိုပေမဲ့ လူကြီးချင်း စီစဉ်တဲ့ အိမ်ထောင်ရေးတွေက ရှိနေတုန်းပဲ။ အဲဒီ မိတ်ဆက်ပေးတဲ့ လူတွေကလည်း...”
လူငယ်လူရွယ် အစွမ်းအစရှိသူများ မရှိသည်တော့ မဟုတ်ပေ။ သို့သော် သူမက မည်သူ့ကိုမှ စိတ်မဝင်စားခြင်းပင်။
အချို့က နိုင်ငံခြားပြန်များ၊ အချို့က ဆရာဝန်များဖြစ်၏။ သို့သော် သူတို့အားလုံးတွင် တူညီသည့် အချက်တစ်ခု ရှိသည်။ ၎င်းမှာ ရုပ်ရည်က သာမန်ပဲ ဖြစ်နေခြင်းပင်။
“ခေတ်သစ်ရောက်နေလို့သာပေါ့။”
ကျူးကျူးက သူမ၏လက်ချောင်းလေးများ ချိုးပြီး ရေတွက်ပြလိုက်သည်။
“မဟုတ်ရင် နင့်ကို အတင်းကြိုးတုတ်၊ ခေါင်းမြီးခြုံပေးပြီး မြင်းလှည်းပေါ် တင်လွှတ်လိုက်မှာ။ ခေါင်းမြီးခြုံ မဖွင့်မချင်း နင့်ယောက်ျား ရုပ်ဘယ်လိုမှန်းတောင် နင်သိမှာ မဟုတ်ဘူး ဟားဟားဟား...။”
နျန်ယင်းက နှာခေါင်းရှုံ့လိုက်၏။
“ခဏနေရင် ငါ့ကို ကူညီဦးနော်။ သူ့ကို မေးခွန်းတွေနဲ့ အကျပ်ရိုက်အောင် လုပ်ပေးတာ အကောင်းဆုံးပဲ။ ဟင်း...။”
ကျူးကျူးက ခေါင်းငြိမ့်လိုက်ပြီး မျက်လုံးလေး ကစားကာ နောက်ပြောင်လိုက်သည်။
“ငါ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ဒါပေမဲ့ နင် ငါ့ကို အချက်ပြရမယ်နော်။ အကယ်၍ အဲဒီလူက အံ့သြစရာကောင်းလောက်အောင် တော်နေရင်ကော...။”စ
“ဒါဆိုရင်တော့ ငါ နင့်ကို မျက်စိတစ်ချက် မှိတ်ပြမယ်။ အဲဒီအခါကျရင် နင်က နေမကောင်းဘူးလို့ ပြောပြီး အိမ်ပြန်နားတော့မယ်လို့ ပြောလိုက်ပေါ့။”
နျန်ယင်းက စဉ်းစားကြည့်လိုက်သော်လည်း သူမ ထိုလူကို သဘောကျသွားမည့် အခွင့်အလမ်းက အလွန်နည်းပါးသည်ဟု ခံစားလိုက်ရသည်။
သူမ ဘာမျှော်လင့်ချက်မှ မထားတော့ပေ။
ကျူးကျူးက ခေါင်းငြိမ့်ပြလိုက်၏။
“ဒါဆို သဘောတူပြီနော်။”
သူငယ်ချင်းကောင်းအတွက် ဘာမဆို လုပ်ပေးဖို့က သူမ၏ တာဝန်ပင်။
“ဒါနဲ့ နင် ဒီတစ်ခါ ပြန်လာတာ ဘယ်လောက်ကြာမှာလဲ။”
နျန်ယင်းက ထပ်မေးလိုက်သည်။
“နှစ်လ၊ သုံးလလောက်ပါပဲ။ ပြီးရင် ပြန်သွားရမှာ။”
“သင်္ဘောနဲ့ နိုင်ငံခြားသွားရတာ အရမ်းပင်ပန်းလား။”
သူတို့နှစ်ဦးသား စကားပြောနေစဉ် အနောက်တိုင်း စားသောက်ဆိုင်၏ အဝင်ဝတွင် လူရိပ်တစ်ခု ပေါ်လာခဲ့လေသည်။ သူသည် သန့်ရှင်းသော ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် သေတ္တာတစ်လုံးကို ကိုင်ဆောင်ထားသည်။ ဆံပင်ကို သေသေသပ်သပ် ပြင်ဆင်ထားပြီး အလွန်ပင် ရုပ်ဖြောင့်လှ၏။
သူ့ထံမှ နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်သော အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။
ထိုလူသည် စားပွဲထိုးနှင့် တိုးတိုးတိတ်တိတ် စကားပြောပြီးနောက် စားပွဲထိုးက သူတို့ထိုင်နေသည့် စားပွဲဘက်သို့ ညွှန်ပြလိုက်သည်ကို တွေ့လိုက်ရလေသည်။
မိန်းကလေးနှစ်ဦးမှာ ချက်ချင်းပင် ကိုယ်ကို မတ်လိုက်ကြပြီး အဝတ်အစားနှင့် ဆံပင်များကို အလိုအလျောက် ပြုပြင်လိုက်ကြသည်။
“နင့်ရဲ့ လူလာနေပြီ။”
ကျူးကျူးက တိုးတိုးလေး ပြောလိုက်၏။
“သူ့ရုပ်ရည်က မဆိုးဘူးပဲ။ ကဲ... ဘယ်လိုလဲ။ သဘောကျရဲ့လား။”
“စကားပြောကြည့်ပြီးမှ သိမှာပေါ့။”
နျန်ယင်း၏ လေသံမှာ သိသိသာသာ နူးညံ့သွားခဲ့သည်။
သူက တကယ်ပဲ ရုပ်ဖြောင့်တာပဲ။
အဆင်ပြေတယ်။
တခြား အခြေအနေများမှာ အရေးမကြီးချေ။ သူမ၏ ခဲအိုနှင့် အစ်မဖြစ်သူသ သူမကို သေချာပေါက် လိမ်မဟုတ်ချေ။
တန်ဝမ်ကျဲ စားပွဲဆီသို့ လျှောက်လာခဲ့သည်။ ထိုစဉ် မိန်းကလေး နှစ်ယောက်ကို မြင်လိုက်ရသဖြင့် သူ ခေါင်းနည်းနည်း ကိုက်သွား၏။
ဘယ်ခေတ်မှာမဆို မိန်းကလေးကြည့်သွားရင် မိသားစုဝင်တွေ ပါလာတတ်ကြတာပဲလား။
ကံကောင်းသည်မှာ သူက အသင့်ပြင်ထားပြီးသား ဖြစ်သည်။
“နှောင့်ယှက်မိရင် ခွင့်လွှတ်ပါ...။ ကျုပ်က တန်ဝမ်ကျဲပါ။ မိန်းကလေးကြည့်ဖို့ လာတာပါ။”
သူ၏ နောက်ထပ် စရိုက်တစ်ခုမှာ တဲ့တိုး ပြောဆိုခြင်းပင်။
သူသည် အခြားသူများအပေါ် ပွင့်လင်းရိုးသားသူတစ်ဦးအဖြစ် အထင်ကြီးခံရအောင် ပြုမူတတ်၏။ ဤသို့ဖြင့် သူ၏ စေ့စပ်သော ပြင်ဆင်မှုများမှာ ပိုမို ထိရောက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ပွင့်လင်းသောလူကို သတိမထားတတ်သောကြောင့်ပင်။
သူတို့နှစ်ဦးကို မြင်လိုက်ရသောအခါ အထူးသဖြင့် အနောက်တိုင်း ရင်ဖုံးအင်္ကျီ ဝတ်ထားသော မိန်းကလေးကို မြင်လိုက်ရသည့် အခိုက်၌ တန်ဝမ်ကျဲ သူမကို ချက်ချင်း မှတ်မိသွားခဲ့သည်။
သူမက ‘မက်မွန်နတ်သမီး’ ပဲ။
နောက်ထပ် ရုပ်ရှင်ဇာတ်ကောင်တစ်ဦး။