နျန်ယင်း၊ နင့်မျက်စိ တစ်ခုခုဖြစ်နေလို့လား
Vol. 1 Ch. 7
“မင်္ဂလာပါ ထိုင်ပါဦးရှင်။”
ကျူးကျူးက ဆိုသည်။
တန်ဝမ်ကျဲသည် ချက်ချင်းမထိုင်သေးဘဲ လက်ဆောင်နှစ်ခုကို ထုတ်ယူလိုက်၏။
သူသည် ထိုလက်ဆောင်များကို မိန်းကလေးနှစ်ဦးရှေ့သို့ တင်ပေးလိုက်ပြီး ပြောလိုက်သည်။
“ပထမဆုံးအကြိမ် တွေ့ဆုံရတာ ဝမ်းသာပါတယ်။”
“ဒါက ဘာလဲ။”
“ပန်းကိတ်တွေပါ။”
တန်ဝမ်ကျဲက ဆိုသည်။
“ယူနန်ပြည်နယ်ရဲ့ နာမည်ကြီး မုန့်တွေပေါ့။”
ပထမဆုံးတွေ့ဆုံမှုမှာတင် အခြားဒေသတစ်ခုမှ အထူးလက်ဆောင်ပစ္စည်းကို ပြင်ဆင်လာခြင်းက မိန်းကလေးနှစ်ဦးအပေါ် အထင်ကြီးမှုကို အများကြီး ရရှိစေခဲ့သည်။ ထို့ပြင် လက်ဆောင်များမှာ အလွန်အမင်း ဈေးကြီးလွန်းခြင်း သို့မဟုတ် တန်ဖိုးနည်းလွန်းခြင်းမျိုး မဟုတ်သဖြင့် လက်ခံသူများအတွက် စိတ်ထဲတွင် ဝန်ထုပ်ဝန်ပိုး မဖြစ်စေပေ။
ကျူးကျူးသည် သူမအတွက်ပါ လက်ဆောင်ရရှိလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် တန်ဝမ်ကျဲအပေါ် အမြင်မှာ ပို၍ပင် ကောင်းသွားခဲ့လေသည်။
“နျန်ယင်းဆိုတဲ့ သခင်မလေးက ဘယ်သူပါလဲ ”
တန်ဝမ်ကျဲက မေးလိုက်သည်။
“သူမက နျန်ယင်းပါ။ ကျွန်မကတော့ ကျူးကျူး။”
ကျူးကျူးက ဦးဆောင်မိတ်ဆက်ပေးလိုက်၏။ သို့သော် သူမသည် ထိုနှစ်ဦးကို စကားပြောခွင့် မပေးသေးဘဲ တဲ့တိုးပင် မေးလိုက်သည်။
“သခင်လေးတန်က အခု ဘာအလုပ်လုပ်နေတာလဲ။”
၎င်းမှာ မိန်းကလေးကြည့်ပွဲများ၏ ပုံစံအတိုင်းပင်ဖြစ်သည်။ ဇာတ်လိုက်က ငြိမ်နေပြီး ဘေးမှလူက မေးခွန်းများ တရစပ် မေးမြန်းခြင်းပင်။
သို့သော် နျန်ယင်း၏ ခဲအိုမှာ စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်ကို ထည့်တွက်လျှင် သူမကို ဤကဲ့သို့ အခွင့်အရေးပေးခြင်းက သင့်တော်သည်ဟု သူခံစားရပေသည်။
“အိမ်မှာ မိသားစု စီးပွားရေးကို ကူလုပ်ပေးနေပါတယ်။”
တန်ဝမ်ကျဲက ပြန်ဖြေလိုက်သည်။ ထို့နောက် သူက လေသံကို ရုတ်တရက် ပြောင်းလိုက်၏။
“ဒါကတော့ တရားဝင် ပြောရတဲ့ စကားပေါ့။ တကယ်တမ်းတော့ ကျုပ်က ဘာအလုပ်မှ မလုပ်ဘဲ အိမ်ကပေးတာ သုံးနေတဲ့ လူတစ်ယောက်ပါပဲ။”
ယဉ်ကျေးသိမ်မွေ့သော သူ၏ ပုံရိပ်မှ ထွက်ပေါ်လာသော ဤစကားများသည် မိမိကိုယ်ကို ပြက်ရယ်ပြုသလို ဖြစ်နေသော်လည်း နားထောင်ရသူအဖို့ စိတ်အနှောင့်အယှက် မဖြစ်ရုံသာမက စိတ်ဝင်စားစရာပင် ကောင်းနေခဲ့သည်။ သို့သော် သူတို့ စိတ်ဝင်စားရသည့် အဓိက အကြောင်းရင်းမှာ သူက ရုပ်ဖြောင့်နေသောကြောင့်ပင်။
ရုပ်ဖြောင့်နေသရွေ့ ဘယ်လို ပြက်လုံးပဲထုတ်ထုတ် ရယ်စရာကောင်းနေမှာပင်။
“ရှင်က တကယ် စိတ်ဝင်စားဖို့ကောင်းတဲ့ လူပဲ။”
ကျူးကျူးက ဆိုသည်။
“ကျုပ် အမှန်အတိုင်း ပြောနေတာပါ။”
တန်ဝမ်ကျဲက ဆို၏။ ထို့နောက် သူက ပြန်မေးလိုက်သည်။
“ဒါနဲ့ ခင်ဗျားတို့ကရော။ ဘယ်မှာ ကျောင်းတက်နေကြတာလဲ။”
“နျန်ယင်းက ဒီ ပြည်နယ်မြို့တော်မှာပဲ တက်နေတာ။ ကျွန်မကတော့ ဆန်ဖရန်စစ္စကိုမှာ။”
“ဆန်ဖရန်စစ္စကိုလား။”
တန်ဝမ်ကျဲ အံ့သြသွားခဲ့သည်။ ဤခေတ်ကာလတွင် နိုင်ငံခြားသွားသူများမှာ နှစ်မျိုးသာ ရှိသည်။ အခြားသူများထက် အဆင့်အတန်း မြင့်မားသူများ သို့မဟုတ် လူလို ဆက်ဆံမခံရသူများပင်။
သူက ဆက်ပြောလိုက်၏။
“ခရီးက တော်တော်ဝေးမှာပဲ။”
ကျူးကျူးက ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်တယ်။ ရှန်ဟိုင်းကနေ သင်္ဘောနဲ့ ထွက်ရတာ။ ကိုဘေးနဲ့ ယိုကိုဟားမားကို ဖြတ်၊ ဟိုနိုလူလူဘက်ကို ဦးတည်ပြီးမှ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ရတာ။ လမ်းကြောင်းက တော်တော်ပတ်ရပြီး ရက်ပေါင်း ၂၀ ကျော်လောက် ကြာတယ်။”
“ပြန်သွားရဦးမှာလား။”
“ဟုတ်တယ်။ ဒါပေမဲ့ နောက်နှစ် ပြန်လာပြီးရင်တော့ ထပ်သွားဖြစ်တော့မှာ မဟုတ်ဘူး။”
“....”
သူတို့နှစ်ဦး စကားလက်ဆုံ ကျနေကြစဉ် နျန်ယင်းမှာမူ ဘေးမှနေ၍ ငေးကြည့်နေရုံသာ တတ်နိုင်၏။
ကျူးကျူးက စပ်စုလိုက်သည်။
“ရှင် နိုင်ငံခြား ရောက်ဖူးလား။”
“မရောက်ဖူးပါဘူး။”
တန်ဝမ်ကျဲက ခေါင်းခါပြလိုက်သည်။
“ဒါပေမဲ့ ရှင်နဲ့ စကားပြောရတာ ကျွန်မ အိမ်က အစ်ကို၊ အစ်မတွေနဲ့ စကားပြောရသလိုမျိုး မဟုတ်ဘူး။”
ကျူးကျူးက မှတ်ချက်ပေးလိုက်သည်။ သူမက လျှပ်စစ်မီး၊ တယ်လီဖုန်း၊ ဓာတ်လှေကားနှင့် ကင်မရာများအကြောင်း ပြောသည့်အခါ တန်ဝမ်ကျဲက အကုန်လုံးကို နားလည်နေ၏။ ကားနှင့် လေယာဉ်များအကြောင်း ပြောသည့်တိုင် သူတို့အကြား စကားပြောဆိုရာ၌ အဟန့်အတား မရှိခဲ့ပေ။
ရှေ့မှ ချမ်းသာသော သခင်လေးသည် နည်းပညာပစ္စည်းများကို ဤမျှ စိတ်ဝင်စားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ တန်မိသားစုမြို့မှာ လျှပ်စစ်မီး မရှိသေးသည့်အပေါ် သူက နှမြောတသဟန်ပင် ပြသခဲ့သေးသည်။
နျန်ယင်း၏ ယခင် မိန်းကလေးကြည့်ပွဲများတွင် နည်းပညာအကြောင်း တတွတ်တွတ် ပြောတတ်သော အခြားသခင်လေးများနှင့် ယှဉ်လျှင်... ကျူးကျူး ထိုစဉ်က ဘာမှ စိတ်မဝင်စားခဲ့ပေ။ သူတို့မျက်နှာကို မြင်လိုက်ရကတည်းက စိတ်ကုန်သွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် အစားအစာ မှာရမည့်အချိန်သို့ ရောက်ရှိလာခဲ့သည်။ စားပွဲထိုးက အင်္ဂလိပ်လို ရေးထားသော မီနူးကို ယူလာပေး၏။
သူတို့နှစ်ဦးကို မေးမြန်းပြီးနောက် တန်ဝမ်ကျဲက မှာပေးလိုက်သည်။ စားပွဲထိုး ထွက်သွားသည်နှင့် သူ ခေါင်းခါလိုက်မိ၏။
ပိုက်ဆံပေးပြီး စားသောက်ရပါလျက်နှင့် မှာယူစဉ်က အင်္ဂလိပ်လို မပြောခဲ့သဖြင့် စားပွဲထိုး၏ အထင်သေးမှုကို ခံလိုက်ရခြင်းမှာ ပထမဆုံးအကြိမ်ပင်။
“ဘာဖြစ်လို့လဲ...။”
ကျူးကျူးက မေးလိုက်သည်။ နျန်ယင်းကလည်း မော့ကြည့်လာ၏။ တန်ဝမ်ကျဲသည် အင်္ဂလိပ်မီနူးကို ကြည့်၍ တိုက်ရိုက်မှာယူနိုင်ခြင်းက သူမအပေါ် အထင်ကြီးမှုကို ပိုတိုးစေခဲ့သည်။
ဤခေတ်တွင် အင်္ဂလိပ်စာ တတ်ခြင်းမှာ အဆင့်အတန်း မြင့်မားခြင်းဖြစ်ပြီး အနောက်တိုင်းသားများမှာ အားလုံးထက် သာလွန်သည်ဟု ယူဆထားကြလေသည်။
“အင်္ဂလိပ်လို မပြောတတ်ရုံနဲ့ ဖောက်သည်ကို အထင်သေးတဲ့ ဆိုင်မျိုး ပထမဆုံး တွေ့ဖူးလို့ပါ။”
ဖောက်သည်ကသာ ဆိုင်ကို ရွေးချယ်ရစမြဲဖြစ်သည်။ ဆိုင်က ဖောက်သည်ကို ရွေးချယ်ရသည်ဟု သူ တစ်ခါမှ မကြားဖူးပေ။
အင်္ဂလိပ်လို ပြောတဲ့လူဆီက ပိုက်ဆံက မွှေးပြီး၊ မပြောတတ်တဲ့လူဆီက ပိုက်ဆံက နံနေလို့လား။
“ဟားဟား...”
ထိုနှစ်ဦးမှာ ရယ်မောမိလိုက်ကြ၏။ သို့သော် တန်ဝမ်ကျဲ၏ စကားထဲမှ နိုင်ငံခြားသားကို ဖားချင်သူများအပေါ် အထင်သေးရွံရှာသည့် အဓိပ္ပာယ်ကိုမူ သူတို့ သတိမထားမိခဲ့ကြပေ။ စားပွဲထိုး၏ ဆက်ဆံရေး ညံ့ဖျင်းမှုအပေါ် သူက ညည်းတွားနေသည်ဟုသာ ထင်မိလိုက်ကြသည်။
အကယ်၍ သူ အင်္ဂလိပ်မီနူးကို နားလည်နိုင်လျှင် အင်္ဂလိပ်လိုလည်း သေချာပေါက် ပြောနိုင်မှာပင်။
ဤခေတ်တွင် နေထိုင်ကြသော ထိုမိန်းကလေးနှစ်ဦးအတွက်ပင် အင်္ဂလိပ်စာ တတ်ခြင်းမှာ ဂုဏ်ယူစရာတစ်ခုဟု ယူဆထားခဲ့သည်။
နျန်ယင်း ယခင်က တွေ့ဖူးသော အချို့လူများမှာလည်း အင်္ဂလိပ်လို ပြောတတ်ကြသော်လည်း ၎င်းတို့ကို သူမက တမင် လျစ်လျူရှုထားခဲ့၏။
အကြောင်းရင်းမှာ ထိုလူများ၏ မျက်နှာကြောင့်ပင်။ တန်ဝမ်ကျဲကဲ့သို့ မျက်နှာမျိုးရှိလျှင် အင်္ဂလိပ်လို မပြောတတ်သည့်တိုင် နျန်ယင်း၏ စိတ်ထဲတွင် သူ့အတွက် ဆင်ခြေတစ်ခုခု ရှာပေးနေမည်မှာ သေချာသည်။
ကျူးကျူးသည် မျက်လုံးလေးများ တောက်ပလျက် တန်ဝမ်ကျဲကို ကြည့်နေပြီး သူတို့၏ စကားဝိုင်းမှာ အလွန်ပင် ပျော်စရာကောင်းနေခဲ့သည်။ ဘေးတွင် ထိုင်နေသော နျန်ာင်း တစ်ဦးတည်းသာ တစ်ခုခု မှားနေပြီဟု ခံစားနေရ၏။
ယနေ့သည် သူမ၏ မိန်းကလေးကြည့်ပွဲ မဟုတ်ပါလား။
နျန်ယင်းသည် ကျူးကျူးကို မျက်စိတစ်ချက် မှိတ်ပြလိုက်သော်လည်း ဘာမှ ထူးမလာခဲ့ပေ။
“အဟမ်း...”
နျန်ယင်းက ချောင်းဟန့်ကာ မျက်စိဆက်၍ မှိတ်ပြလိုက်၏။ ကျူးကျူးက ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“နျန်ယင်း နင် မျက်စိ တစ်ခုခုဖြစ်နေလို့လား။ နေမကောင်းရင် အရင်ပြန်နားလိုက်လေ။”
နျန်ယင်း: ??
ကျူးကျူးသည် ယနေ့က သူမ၏ ပွဲမဟုတ်ကြောင်းကို သတိပြုမိသွားပုံရပြီး အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့၏။
သို့သော်လည်း တန်ဝမ်ကျဲသည် သူမ တွေ့ဖူးသမျှထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံးလူ ဖြစ်နေသည်ကိုး။
နောက်ဆုံးတွင် စကားဝိုင်းထဲသို့ နျန်ယင်းလည်း ပါဝင်လာနိုင်ခဲ့သည်။
ကျူးကျူးနှင့် မတူသည်မှာ နျန်ယင်းသည် လူကြီးများကြားတွင်သာ ကြီးပြင်းလာရသူ ဖြစ်ပုံရသဖြင့် သူမ၏ စကားပြောပုံမှာ ကလေးဆန်လှသည်။ နျန်ယင်းကဲ့သို့ မိန်းကလေးမျိုးနှင့် တွဲရခြင်းက ပို၍ ကောင်းနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူမထံမှ အဖြူစင်ဆုံး ခံစားချက်များကို ရရှိနိုင်ပြီး သူမအတွက် ကိုယ်က ရွေးချယ်စရာ အများကြီးထဲမှ တစ်ယောက် ဖြစ်နေမလားဆိုပြီး စိုးရိမ်နေစရာ မလိုသောကြောင့်ပင်။
သူမက သင့်ကို မကြိုက်လျှင် လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။
တန်ဝမ်ကျဲသည် မိန်းကလေး နှစ်ဦးစလုံးကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခဲ့၏။ သူတို့ပြောနေသော အကြောင်းအရာများမှာ အလွန်ခေတ်နောက်ကျလွန်းသဖြင့် တစ်ခါတစ်ရံ စကားများပင် ထစ်ငေါ့သွားတတ်သည်။
ဥပမာအားဖြင့် ကျူးကျူးနှင့် နျန်ယင်း ပြောနေသည့် တယ်လီဖုန်းများမှာ လူကိုယ်တိုင် ဆက်သွယ်ပေးရသော စနစ်ဖြစ်သည်။ ဖုန်းနံပါတ်တစ်ခုစီ ရှိကြပြီး လက်ဖြင့် လှည့်ရသော စက်ကို သုံး၍ အော်ပရေတာကို မည်သည့်လိုင်းနှင့် ချိတ်ပေးပါဟု ပြောပြီးမှ စကားပြောနိုင်ခြင်း ဖြစ်သည်။
ဤကဲ့သို့ ရှေးကျသောပစ္စည်းများကို သူ တစ်ခါမှ မမြင်ဖူးပေ။
စားသောက်ပြီးနောက် တန်ဝမ်ကျဲ၏ သုံးသပ်ချက်မှာ ‘မတန်ဘူး’ ဟူ၍ပင်။
အစားအစာက မကောင်းပေ။ သေသေချာချာ မချက်ပြုတ်ထားသော အမဲသားစတိတ်တစ်ပွဲကို ငွေဒင်္ဂါး ၃ ပြားအထိ ယူရဲကြ၏။ လက်ဖက်ရည်ဖိုး၊ နို့လက်ဖက်ရည်၊ ကော်ဖီနှင့် အချိုပွဲများ အပါအဝင် တန်ဝမ်ကျဲ တစ်ဦးတည်းက စုစုပေါင်း ငွေဒင်္ဂါး ၁၀ ပြား ကုန်ကျခဲ့သည်။
တန်မိသားစုမြို့မှာဆိုလျှင် ကြက်၊ ဘဲ၊ ငါး၊ အသားစုံပါသော အကောင်းဆုံး စားပွဲတစ်ပွဲလုံးမှ ငွေဒင်္ဂါး တစ်ပြားပင် မကျပေ။ လက်ရှိတွင် ငွေဒင်္ဂါးနှင့် ငွေစင်မှာ ၁:၁ နှုန်းဖြင့် လဲလှယ်နေကြခြင်းဖြစ်သည်။
ဆန်ဆိုင်များ၏ ပေါက်ဈေးအရဆိုလျှင် ငွေဒင်္ဂါး ၁ ပြားဖြင့် ဆန် ပိဿာ ၃၀ မှ ၅၀ ခန့် ဝယ်ယူနိုင်၏။ တစ်နည်းအားဖြင့်ဆိုရသော် သူတို့ သုံးယောက်သည် ဆန် ပိဿာ သုံးရာမှ ငါးရာခန့်ကို စားပွဲပေါ်တွင် တင်စားလိုက်ခြင်းဖြစ်ပေသည်။
အရေးကြီးဆုံးအချက်မှာ သူ ဗိုက်မဝခြင်းပင်။
သူသည် ကပ်စေးနှဲတတ်သူ မဟုတ်သော်လည်း ပိုက်ဆံအများကြီးပေးရပြီး အစားအစာက မကောင်းသည့်အပြင် စားပွဲထိုး၏ မောက်မာသော ဆက်ဆံရေးကြောင့် ဤဆိုင်ကို သူ မနှစ်သက်တော့ပေ။ သူခန့်မှန်းရသရွေ့ ဤဆိုင်မှာ အင်္ဂလိပ်မီနူးကို သုံး၍ နိုင်ငံခြားဘာသာ တတ်ကျွမ်းသူများကို လိမ်ညာ စားသောက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ သူ နောက်တစ်ခါ လာတော့မည် မဟုတ်ပေ။
ထို့နောက် သူတို့ အနောက်တိုင်း စားသောက်ဆိုင်မှ ထွက်လာခဲ့ကြသည်။
ချောမောလှပသော ယောက်ျားတစ်ယောက်နှင့် မိန်းကလေးနှစ်ယောက်တို့ လမ်းလျှောက်လာသည်ကြောင့် လူအများက လည်ပြန်ကြည့်နေကြရ၏။
“ကျွန်မ မေးချင်နေတာ ကြာပြီ။ ရှင့်အင်္ကျီမှာ ဘာလို့ ဒီအကွက်လေး ပါနေတာလဲ။”
နျန်ယင်းက တန်ဝမ်ကျဲ ဘေးမှ လမ်းလျှောက်ရင်း မေးလိုက်သည်။
ဘေးမှ ကျူးကျူးက သူမကို တားချင်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
တန်ဝမ်ကျဲ၏ သုံးဖြုန်းပုံအရဆိုလျှင် သူ့မှာ ပိုက်ဆံမရှိစရာ အကြောင်းမရှိသော်လည်း သူ၏ အင်္ကျီပေါ်မှ ဖာထေးရာမှာ တကယ်ကိုပင် ထင်ရှားလှပေသည်။
၎င်းကို လှပအောင် ဒီဇိုင်းထုတ်ထားသည့်တိုင် ဖာထေးရာမှာ ဖာထေးရာပင်။
“ကျုပ် ဗေဒင်မေးကြည့်ဖူးတယ်လေ။ ကျုပ်ဘဝမှာ အဝတ်အစားကောင်းကောင်း ဝတ်လို့မရဘူး။ အဝတ်စုတ်တွေကိုပဲ ဝတ်ရမယ်တဲ့။”
တန်ဝမ်ကျဲက ပြန်ဖြေလိုက်၏။
“ကျွန်မအစ်မကလည်း ဗေဒင်ကို တကယ်ယုံတာ။”
နျန်ယင်းသည် တန်ဝမ်ကျဲနှင့် တူညီသော အချက်တစ်ခုကို ချက်ချင်း ရှာတွေ့သွားခဲ့၏။ သူမ စကားပြောလျှင် သူမ၏ အစ်မ သို့မဟုတ် ခဲအိုအကြောင်းသာ ပါတတ်သည်။ ၎င်းမှာ ကြွားဝါချင်၍ မဟုတ်ဘဲ သူမ၏ စိတ်ထဲတွင် “မေမေကပြောတယ်” ဟု အမြဲပြောဆိုတတ်သည့် ကလေးငယ်တစ်ဦးကဲ့သို့ စိတ်ဓာတ်ရှိနေသောကြောင့်ပင်။ ထိုသို့သော သူများသည် မိမိက အားကိုးရသူရှိသလို၊ မိမိကို ဂရုစိုက်သူရှိနေသဖြင့် ပျော်ရွှင်နေကြသူများ ဖြစ်သည်။
တန်ဝမ်ကျဲကမူ “ဦးလေးကပြောတယ်” ဟု ဘယ်တော့မှပြောမည် မဟုတ်ပေ။ သူက “ဦးလေး သေပြီးရင်” ဟုသာ ပြောမည့်သူမျိုး ဖြစ်သည်။
တစ်ဖက်တွင်လည်း ကျူးကျူးက မျက်မှောင်ကြုတ်လိုက်မိ၏။ သူမ လေ့လာခဲ့သော ပညာရပ်များနှင့် ပတ်ဝန်းကျင်ကြောင့် ဤကဲ့သို့ အယူသည်းမှုများကို သူမက အလွန်လက်မခံနိုင်ဖြစ်နေသည်။
တန်ဝမ်ကျဲနှင့် နျန်ယင်းတို့ ပျော်ပျော်ပါးပါး စကားပြောနေသည်ကို မြင်ရသောအခါ ကျူးကျူး စိတ်ထဲတွင် ဘယ်လိုခံစားရမှန်း မသိသော်လည်း သူမ ပို၍ ငြိမ်သက်သွားခဲ့သည်။
ရုတ်တရက် တန်ဝမ်ကျဲ ပြောလိုက်သည်ကို သူမ ကြားလိုက်ရ၏။
“ဒါနဲ့ ခင်ဗျားတို့ကို တစ်ခု အရင်ပြောပြဖို့ မေ့နေလို့။ ပန်းကိတ်တွေက ယူနန်ရဲ့ အထူးမုန့်ဆိုပေမဲ့ ကျုပ် ယူနန်မှာ သွားဝယ်ခဲ့တာ မဟုတ်ဘူး။”
“ဟင်...”
နျန်ရင်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူ ဘာလို့ ဒါကို ရုတ်တရက်ကြီး ထပြောရသလဲဆိုသည်ကို သူမ နားမလည်ပေ။
ထိုစဉ် တန်ဝမ်ကျဲက ရှေ့ကို ညွှန်ပြလိုက်၏။
“ဟိုရှေ့က ဆိုင်မှာ ဝယ်ခဲ့တာ။ ဒီဘက်ကို ပြန်ရောက်လာမယ်လို့ မထင်ထားဘူး။ အခု အမှန်အတိုင်း မပြောပြရင် လျှို့ဝှက်ချက်က ပေါက်ကြားသွားတော့မှာ မဟုတ်လား။”
သူ၏ ‘ဖြောင့်မတ်ရိုးသားသော’ ရှင်းပြချက်ကြောင့် ကျူးကျူးမှာ ရုတ်တရက် ရယ်မောလိုက်မိတော့လေသည်။
သူမ တန်ဝမ်ကျဲကို ပြန်ကြည့်လိုက်သည့်အခါ သူက သူမကို ပြုံးကြည့်နေသည်ကို တွေ့လိုက်ရ၏။
ကျူးကျူး၏ စိတ်အခြေအနေမှာ အုံ့မှိုင်းနေရာမှ ချက်ချင်းပင် နေသာသွားခဲ့တော့လေသည်။
သူတို့နှစ်ဦးကို လိုရာခရီး ပို့ပေးပြီးနောက် တန်ဝမ်ကျဲက ပြောလိုက်သည်။
“သခင်မလေးတို့ ကျုပ်မှာ အရေးတကြီးလုပ်စရာလေး ရှိသေးလို့ နှုတ်ဆက်ခဲ့ပါတယ်။”
မိန်းကလေးများကို ကြိုက်အောင် လုပ်သည့်အခါ ဘယ်တော့မှ ‘အလိုလိုက်လွန်းသူ’ တစ်ယောက် ဖြစ်စေ၍မရပေ။
လက်ဆွဲသေတ္တာကို ကိုင်၍ တန်ဝမ်ကျဲသည် သူတို့၏ အမြင်အာရုံမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သူ့တွင် လုပ်စရာ အရေးကြီးသော အလုပ်များ ရှိနေသေးပေသည်။