ဖုတ်ကောင်ရုပ်ရှင် မင်းသမီးများ၏ ဝန်းရံမှု
Vol. 1 Ch. 8
ကျူးကျူးက နျန်ယင်း၏ ပုခုံးကို ပုတ်လိုက်၏။
“ကြည့်မနေနဲ့တော့။ ဟိုကဖြင့် ထွက်သွားတာ ကြာလှပြီ။”
“ဝေ ကျူးကျူး ဝမ်ကျဲကို နင် ဘယ်လိုထင်လဲ။”
“နင်ကတောင် သူ့ကို ဝမ်ကျဲလို့ ခေါ်နေပြီပဲ။ ငါ့ကို မေးနေသေးတယ်လား။”
ကျူးကျူးက နှုတ်ခမ်းစူလိုက်သည်။ နျန်ယင်းက “ကျူးကျူးလေးကလည်း” ဟု တစာစာ ချော့မော့ပြီးမှသာ ကျူးကျူးက ပြောတော့လေသည်။
“သူက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းပြီး အားကိုးထိုက်တဲ့လူလို့ ထင်ရပါတယ်။ ဒါပေမဲ့ ငါတို့ အတူရှိနေတာ သိပ်မကြာသေးဘူးလေ။ သူ ဒီမှာ ခဏနေဦးမယ် ပြောတယ်မလား။ မနက်ဖြန် အတူလည်ကြရင်တော့ ပိုသိလာရမှာပေါ့။”
“အင်း...”
နျန်ယင်းက အကြိမ်ကြိမ် ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါပေမဲ့...”
ကျူးကျူးက ရုတ်တရက် စကားထောက်လိုက်သည်။
“ဒါပေမဲ့ ဘာဖြစ်လို့လဲ...”
“သူက နည်းနည်းတော့ ရှေးရိုးစွဲဆန်မလားလို့ ငါ ခံစားရတယ်။”
ကျူးကျူးက ဆိုသည်။
“ရှေးရိုးစွဲတာလား။”
နျန်ယင်းက နားမလည်ပေ။
“ငါဆိုလိုတာက... မယားအများကြီး ယူမယ့်ပုံစံမျိုးပေါ့။”
တန်ဝမ်ကျဲက သူမ (ကျူးကျူး) ကို ပိုပြီးစိတ်ဝင်စားပုံရသည်ဟု ကျူးကျူး ခံစားရသဖြင့် သူမ၏ သူငယ်ချင်းကောင်းကို လူရှုပ်လူပွေများမှာ မကောင်းကြောင်း သတိပေးလိုခြင်း ဖြစ်သည်။
နျန်ရင်း: “အဲဒါကို ရှေးရိုးစွဲလို့ ခေါ်တာလား။ ငါ့ခဲအိုဆိုရင် မယားငယ်ယူချင်နေတာ ကြာလှပြီ။ ငါကိုယ်တိုင်တောင် ရွေးပေးထားသေးတယ်။”
ကျူးကျူးမှာ ဘာမှမတတ်နိုင်တော့ပေ။ သူမက သူငယ်ချင်းကို ဆွဲတင်ချင်သော်လည်း တစ်ဖက်လူက လုံးဝ ဂရုမစိုက်သလို ဖြစ်နေခဲ့လေပြီ။
သို့သော် မမျှော်လင့်ဘဲ နျန်ယင်းက ရုတ်တရက် ပြောလိုက်၏။
“နင်လည်း မယားငယ် လုပ်ချင်လို့လား။ ငါတို့နှစ်ယောက်လုံး သူ့ကိုပဲ ပေါင်းယူလိုက်ရင်ရော ဘယ်လိုလဲ “
“ဘာ...”
ကျူးကျူး ထိတ်လန့်သွားခဲ့သည်။
“အော်... ဒါနဲ့ အချိန်စောသေးတာပဲ။ နင့်ဝမ်းကွဲကလည်း ပြည်နယ်မြို့တော်မှာ ရှိနေတာ မဟုတ်လား။”
နျန်ယင်းက မေးလိုက်သည်။
“အာ... ဟုတ်သားပဲ။”
ကျူးကျူး သတိပြန်ဝင်လာခဲ့သည်။
တန်ဝမ်ကျဲ၏ လုပ်ငန်းကိစ္စများမှာ အလွန်ပင် ချောမွေ့ခဲ့လေသည်။
သမ္မတနိုင်ငံ အစောပိုင်းနှစ်များတွင် စီရင်ပိုင်ခွင့်များမှာ ကမောက်ကမ ဖြစ်နေသည်ဖြစ်ရာ အထူးသဖြင့် ပြည်နယ်အစိုးရ တိုက်ရိုက်အုပ်ချုပ်သော မြို့နယ်များမှာ စီမံခန့်ခွဲစရာ အလွန်များပြားလှသည်။
သို့သော် ရှေးစကားအတိုင်းပင် ပိုက်ဆံသည် ကမ္ဘာပေါ်ရှိ ဒုက္ခ ၉၉ ရာခိုင်နှုန်းကို ဖြေရှင်းပေးနိုင်၏။
သူသည် အခြားသူများ၏ ဒုက္ခကို ဖြေရှင်းပေးရန် ပိုက်ဆံဖြင့် ရောက်ရှိလာခဲ့သည်ဖြစ်ရာ တစ်ဖက်မှလည်း ပြုံးရွှင်သော မျက်နှာများဖြင့် ကြိုဆိုကြတော့လေသည်။
သူ့အနေဖြင့် နောက်ဆက်တွဲကိစ္စများကိုပင် ပူစရာမလိုတော့ပေ။ တစ်စုံတစ်ယောက်က သူ့ကို လူတန်းစားကျော်စေပြီး အခြေချရန် ကူညီပေးခြင်း၊ ဝန်ထမ်းငှားပေးခြင်း စသည်တို့ကို အကုန်ပြုလုပ်ပေးမည်ဖြစ်သည်။
ပုံမှန်ဆိုလျှင် စာရွက်စာတမ်းကိစ္စများမှာ အချိန်အတော်ကြာ တန်းစီရမည်ဖြစ်သော်လည်း တန်ဝမ်ကျဲသည် အခြားသူများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်သူဖြစ်ရာ သူ၏ အခက်အခဲများကိုလည်း အခြားသူများက အလိုအလျောက် ဖြေရှင်းပေးလိုက်ကြတော့သည်။
နောက်ရက်တွင် တန်ဝမ်ကျဲသည် မမျှော်လင့်ဘဲ ဖိတ်ကြားချက်တစ်ခုကို လက်ခံရရှိခဲ့လေသည်။ လှပသော သခင်မလေးနှစ်ဦးက သူ့ကို အတူလည်ပတ်ရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။ အလုပ်ကိစ္စများလည်း ပြီးပြီဖြစ်ရာ တန်ဝမ်ကျဲသည် စိတ်လက်ပေါ့ပါးစွာဖြင့် လက်ခံခဲ့လိုက်သည်။
သူသည် သူတို့၏ စိတ်ဝင်စားမှုကို ခံရခြင်းကို စိတ်မရှိပေ။ ရုပ်ဖြောင့်သူတစ်ဦး ဖြစ်ရခြင်းမှာ အလွန်ကြီးမားသော အားသာချက်ပင်။
ရုပ်ဖြောင့်ရုံနှင့် မိန်းကလေးက ချက်ချင်း ချစ်သွားမှာ မဟုတ်သော်လည်း ရုပ်ဆိုးနေလျှင်တော့ သူမက သင့်အကြောင်းကို သိချင်စိတ်တောင် ရှိမည်မဟုတ်ပေ။ ၎င်းမှာ ကျား/မ မရွေး အတူတူပင် ဖြစ်သည်။
ချိန်းဆိုထားသည့် နေရာသို့ ရောက်သောအခါ တန်ဝမ်ကျဲသည် တတိယမြောက် အလှလေးတစ်ဦးကို တွေ့လိုက်ရသဖြင့် အံ့သြသွားခဲ့၏။
ကမ္ဘာကူး ခရီးသည်အားလုံး၏ ‘ဇနီးလောင်း’ : ရန်ထင်ထင်
အကယ်၍ သင်သာ ရန်ထင်ထင်ကို မယူရသေးဘူးဆိုလျှင် ဇာတ်လိုက်လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဖို့ ရှက်သင့်တယ် မဟုတ်ပါလား။
စရိုက် လုံးဝ မတူညီကြသော သခင်မလေး သုံးဦး။
နျန်ယင်းသည် တက်ကြွဖျတ်လတ်ပြီး ကလေးဆန်သော်လည်း သူမ၏ ဆွဲဆောင်မှုမှာ အပြစ်ကင်းစင်ခြင်းနှင့် ချစ်စရာကောင်းခြင်း ဖြစ်သည်။
ကျူးကျူးကလည်း တက်ကြွသော်လည်း နိုင်ငံခြားပြန်ဖြစ်သဖြင့် ပို၍ ရင့်ကျက်ပြီး ကိုယ်ပိုင် အယူအဆ ရှိသည်။
ရန်ထင်ထင်ကတော့ အခုမှ တွေ့ဖူးသော်လည်း ဆော့ကစားတတ်ပြီး စိတ်ကောက်တတ်သော ပုံစံရှိရာ တကယ်ကိုပင် ချစ်စရာကောင်းလှသည်။
အထူးသဖြင့် သူမ၏ မျက်နှာနှင့်... ဤလည်ဆွဲမှာ တကယ်ကို ဖြူဖွေးလှပေသည်။
စကားပြောရင်းနှင့် သူသည် မနေ့က မသိခဲ့ရသော သတင်းအချက်အလက်များကိုလည်း အပိုင်ရလိုက်သည်။
ဥပမာအားဖြင့် နျန်ယင်း၏ အစ်မမှာ မီချီလျန်ဖြစ်ပြီး ခဲအိုမှာ ဗိုလ်ချုပ်လုံဖြစ်သည်။ နျန်ယင်းမှာ မွေးစားညီမဖြစ်သဖြင့် အစ်မဖြစ်သူက နာမည်ပေးထားခြင်း ဖြစ်သည်။
ကျူးကျူးသည်မယ ရန်ကျားမြို့တွင် နေ၏။ သူမကို အချစ်ဆုံး အဖိုးဖြစ်သူမှာ ရန်ထျန်ထန်ဖြစ်ပြီး သူ မသေသေးပေ။
ရန်ထင်ထင်ကလည်း နောက်ထပ် ရန်ကျားမြို့ တစ်ခုမှာ နေထိုင်သည်။ သူမ၏ ဖခင်မှာ ရန်ဖားဖြစ်ပြီး အဖိုးမှာ ရန်ဝေယုံဖြစ်သည်။
ရန်ကျားမြို့ နှစ်ခုမှာ မတူညီသော်လည်း ရန်မိသားစုများမှာ ဆွေမျိုးတော်စပ်ကြပြီး အင်အားကြီးမားသော မျိုးနွယ်စုများ ဖြစ်ကြသည်။
တန်ဝမ်ကျဲ စိတ်ထဲမှ အံ့သြနေမိသည်။
“Mr. Vampire II၊ The Musical Vampire နဲ့ Mr. Vampire... ငါ ဖုတ်ကောင်ရုပ်ရှင် မင်းသမီးတွေရဲ့ ဝန်းရံခြင်းကို ခံနေရတာလား။”
ဦးလေးကျိုး... ခင်ဗျား ဘယ်ကို ပြေးနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့။
အကယ်၍ ရန်ကျားမြို့၏ တည်နေရာကို သိချင်လျှင် ရန်ထင်ထင်နှင့် စကားများများ ပြောရုံနှင့် လုံလောက်ပြီဖြစ်၏။
ကျူးကျူးနှင့် ပတ်သက်လျှင်တော့... The Musical Vampire ဆီကနေ ဝေးဝေးနေတာ အကောင်းဆုံးပဲ။
ထို့ကြောင့် တက်ကြွနေသော ကျူးကျူးနှင့် နျန်ယင်းတို့သည် တန်ဝမ်ကျဲက ရန်ထင်ထင်ကိုသာ အာရုံစိုက်၍ စကားတတွတ်တွတ် ပြောနေသည်ကို တွေ့လိုက်ရလေသည်။
သွားပြီ၊ သွားပြီ။
ထိုနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏။ သူတို့သည် အစွမ်းထက်သော ပြိုင်ဘက်တစ်ဦးကို မတော်တဆ ခေါ်လာမိလေပြီ။
ညနေပိုင်း လမ်းခွဲကြသောအခါ ရန်ထင်ထင်၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေခဲ့လေသည်။ ဤမျှ စကားပြောကောင်းသော လူမျိုးကို သူမ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ စကားပြောရသည်မှာ အလွန် ပျော်စရာကောင်းသည့်အပြင် ရန်ထင်ထင်က မကြာမီ ဇာတိပြန်တော့မည်ဖြစ်ရာ သူမနှင့် တန်ဝမ်ကျဲတို့သည် ဆက်သွယ်ရန် လိပ်စာများပင် အပြန်အလှန် ပေးဖြစ်ခဲ့ကြသေးသည်။
အနာဂတ်တွင် စာဖြင့် ဆက်သွယ်နိုင်ကြပေလိမ့်မည်။
ထိုစဉ် ရန်ထင်ထင်က လှည့်ကြည့်လိုက်၏။
“ကျူးကျူး၊ နျန်ယင်း... နင်တို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ။”
“ဘာမှ မဖြစ်ပါဘူး။”
...
“ဘာမှ မဖြစ်ဘူး ဟုတ်လား။ ဘယ်သူက ဘာမှ မဖြစ်ဘူး ပြောလဲ။”
ဝိုင်ဟွားအဘိုးကြီးသည် စောင်ထဲတွင် တုန်တုန်ရင်ရင် ဖြစ်နေ၏။
တန်ဝမ်ကျဲ ထွက်သွားပြီး မကြာမီမှာပင် တန်မိသားစုမြို့၌ ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။
ပေါင်ကျန်းသည် သူ့မိန်းမ ဖောက်ပြန်နေသည်ကို သိသွားခဲ့၏။ သို့သော် သူက စကားမပြောတတ်သဖြင့် မိန်းမဖြစ်သူကို ပြန်မပြောနိုင်ခဲ့သလို ဖောက်ပြန်သူ၏ ဖိနပ်တစ်ဖက်မှလွဲ၍ ဘာသက်သေမှ မမိခဲ့သဖြင့် ခေတ္တခဏ အောင့်အည်းထားခဲ့ရသည်။
ထို့နောက် ဝိုင်ဟွားအဘိုးကြီးကို ဆရာကြီးချန်နှင့် အကြံပေးလျိုတို့က လာရှာခဲ့ကြသည်။ ပေါင်ကျန်းကို မာမိသားစု ဘိုးဘေးခန်းမထဲတွင် တစ်ညအိပ်ရန် လှည့်ဖြားခိုင်းခြင်း ဖြစ်သည်။
ငွေဒင်္ဂါးအချို့၏ ဆွဲဆောင်မှုအောက်တွင် ဝိုင်ဟွားအဘိုးကြီးသည် ပိုက်ဆံရမည့် အခွင့်အရေးကို လက်လွှတ်မခံခဲ့ပေ။
ထိုနေရာတွင် တကယ် ဖုတ်ကောင်ရှိ၊ မရှိ သူ မသေချာသော်လည်း ပေါင်ကျန်းသည်တော့ သေအောင် အစနောက်ခံရတော့မည်ကို သူ သိထားပေသည်။
သို့သော် မမျှော်လင့်ထားစွာပင် ပေါင်ကျန်းသည် နောက်တစ်နေ့၌ အသက်ရှင်လျက် ပြန်ထွက်လာခဲ့၏။
ချက်ချင်းပင် ဝိုင်ဟွားအဘိုးကြီးသည် နောက်ထပ် ဆုလာဘ်တစ်ခု ရရှိခဲ့ပြီး ပေါင်ကျန်းကို ဘိုးဘေးခန်းမမှာ နောက်တစ်ည ထပ်အိပ်ရန် ထပ်မံ လှည့်ဖြားခိုင်းခဲ့ပြန်သည်။
အစကတော့ ဝိုင်ဟွားအဘိုးကြီးသည် ဤကိစ္စများမှာ တန်ဝမ်ကျဲနှင့် ပတ်သက်လိမ့်မည်ဟု ထင်ခဲ့၏။ တန်ဝမ်ကျဲက သူ့ကို အထူးတလည် ခေါ်ယူကာ ပေါင်ကျန်းရှေ့တွင် မိန်းမဖောက်ပြန်သည့်အကြောင်း သတိပေးခိုင်းခဲ့သည် မဟုတ်ပါလော။
သို့သော် နောက်ဆက်တွဲ ဖြစ်ရပ်များက သူ့ကို စဉ်းစားရ ခက်စေခဲ့သည်။ ပေါင်ကျန်းသည် သူ၏မိန်းမကို သတ်ဖြတ်မှုဖြင့် စွပ်စွဲခံခဲ့ရပြီး ထောင်ထဲသို့ ပို့ဆောင်ခြင်း ခံလိုက်ရ၏။
အကယ်၍ အရာအားလုံးမှာ တန်ဝမ်ကျဲနှင့် ပတ်သက်နေလျှင် တန်ဝမ်ကျဲ၏ စီမံကိန်းကတော့ ကျရှုံးသွားပြီ ဖြစ်သည်။
ဝိုင်ဟွားအဘိုးကြီးအနေဖြင့် ပြည်နယ်မြို့တော်သို့ သွားပြီး သတင်းပို့သင့်၊ မပို့သင့် စဉ်းစားနေစဉ် ထိုညမှာပင် ချောင်ရှန်းအိမ်တော်အတွင်း၌ မိုးကြိုးသံများ၊ မီးတောက်များဖြင့် ပြည့်နှက်သွားခဲ့သည်။ တစ်ခါတစ်ရံ ကျားနှိမ်နင်းသူ ရဟန္တာအသံ၊ တစ်ခါတစ်ရံ နီရဲသော ကောင်လေး၏အသံ၊ ထို့နောက် မျောက်မင်း စွန်းဝူခုန်းနှင့် လုတုံးဘင်တို့၏ အသံများ ထွက်ပေါ်လာခဲ့သည်။ နတ်ဗြဟ္မာအပေါင်း ကောင်းကင်မှ ဆင်း၍ ပြဇာတ်ကပြနေသကဲ့သို့ပင်။
ဝိုင်ဟွားအဘိုးကြီးသည် အလွန်ပင် ထိတ်လန့်သွားပြီး ထိုညကို မအိပ်နိုင်ဘဲ စိုးရိမ်တကြီး ဖြတ်သန်းခဲ့ရသည်။
စောစောကမှ အပြင်ဘက်ရှိ ဆူညံသံများကို ကြားရသဖြင့် သူ သွားရောက် မေးမြန်းကြည့်လိုက်ရာ ပေါင်ကျန်းသည် သူဌေးကြီးတန်ကို သတ်ပစ်လိုက်ပြီ ဖြစ်သည်။ အခင်းဖြစ်ပွားရာ နေရာတွင် တာအိုဆရာ အလောင်းနှစ်လောင်းနှင့် တပည့်ကျော် အလောင်းတစ်လောင်းကို တွေ့ရှိရပြီး ပေါင်ကျန်း၏ ဇနီးသည်မှာလည်း သွေးအန်သည်အထိ အရိုက်ခံထားရသဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိထားခဲ့သည်။
ပေါင်ကျန်းကိုမူ ရုံးတော်မှ ဖမ်းဆီးသွားခဲ့ပြီး ဒေသခံလူကုံထံများက တရားမျှတမှုအတွက် ရှေ့ထွက်လာကြချိန်တွင် ဝိုင်ဟွားအဘိုးကြီးသည် ရုတ်တရက် သတိဝင်လာပြီး ချွေးစေးများ ပြန်လာခဲ့ရ၏။
တန်ဝမ်ကျဲက ဝိုင်ဟွားအဘိုးကြီးကို ပြောခဲ့သည်။ ‘ကိစ္စတွေ ဖြစ်လာတဲ့အခါ ခင်ဗျား သိလာပါလိမ့်မယ်။ အဲဒီအခါ ပြည်နယ်မြို့တော်ကို လာပြီး ကျုပ်ကို သတင်းပေးပါ’ တဲ့။
ဘယ်လောက်ကြီးမားတဲ့ ကိစ္စမျိုးမှ တန်ဝမ်ကျဲကို သတင်းပို့ရမှာလဲ။
သူဌေးကြီးတန် သေပြီ။ တန်ဝမ်ကျဲက ငွေသန်းချီတန်တဲ့ မိသားစု အမွေကို ဆက်ခံရတော့မယ်။
“သခင်လေးတန်... ဒါတွေအားလုံးက ခင်ဗျားရဲ့ စီမံကိန်းတွေလား။”
သူ၏လက်မောင်းမှာ ကြက်သီးများပင် ထသွားခဲ့၏။
ဝိုင်ဟွားအဘိုးကြီးသည် မြို့ထဲရှိ ဆူညံမှုများကို ဂရုမစိုက်တော့ဘဲ လန်ချားတစ်စီး ငှားကာ ညတွင်းချင်းပင် ပြည်နယ်မြို့တော်သို့ အပြေးနှင်ခဲ့တော့လေသည်။