← Chapters

ပြန်လည်ဝင်စားဖို့ တန်းစီတာကို ဖြတ်ကျော်လို့ရမလား

Vol. 1 Ch. 9

ပြန်လည်ဝင်စားဖို့ တန်းစီတာကို ဖြတ်ကျော်လို့ရမလား

Vol. 1 Ch. 9

“ဖြည်းဖြည်းပြောပါ။ အရင်ဆုံး ရေသောက်လိုက်ပါဦး။”

တန်ဝမ်ကျဲသည် ဝိုင်ဟွားအဘိုးကြီးအတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်၏။

“ဂလု... ဂလု... အား..”

ဝိုင်ဟွားအဘိုးကြီးသည် အင်္ကျီလက်ဖြင့် သူ၏ပါးစပ်ကို သုတ်လိုက်ပြီးနောက် တန်ဝမ်ကျဲ၏ အေးဆေးတည်ငြိမ်နေသော ပုံစံကို မော့ကြည့်ကာ ပြောလိုက်သည်။

“သခင်လေးတန် သူဌေးကြီးတန် သေပြီ။ ပေါင်ကျန်းက ရိုက်သတ်ပစ်လိုက်တာ။”

“ပေါင်ကျန်းကော ဘယ်လိုလဲ။”

တန်ဝမ်ကျဲက မေးလိုက်၏။ သူ၏ တည်ငြိမ်သော တုံ့ပြန်မှုက ဝိုင်ဟွားအဘိုးကြီး၏ ယခင်သံသယကို ပို၍ပင် ခိုင်မာသွားစေခဲ့သည်။

“သူ့ကို ရုံးတော်က ဖမ်းထားပါတယ်။ သူဌေးကြီးတန်ရဲ့ နာရေးကိစ္စပြီးတာနဲ့ သူ့ကို ခေါင်းဖြတ်သတ်ပါလိမ့်မယ်။”

“အင်း...”

တန်ဝမ်ကျဲက ခေါင်းငြိမ့်ပြလိုက်သည်။

သူ အလေးအနက် စဉ်းစားနေဆဲဖြစ်သည်ကို မြင်သောအခါ ဝိုင်ဟွားအဘိုးကြီးက ပြောလိုက်သည်။

“သခင်လေးတန် ဟိုမြို့က လူကုံထံကြီးတွေနဲ့ ရုံးတော်က ဗိုလ်ချုပ်လင်းတို့က တန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေယူဖို့ လုပ်နေကြပြီ။”

ဝိုင်ဟွားအဘိုးကြီးက လောင်းကြေးထပ်ချင်နေခဲ့၏။ သူသည် တန်ဝမ်ကျဲအပေါ်တွင် အရာအားလုံး ပုံအောလောင်းလိုက်ပြီ ဖြစ်သည်။

ငွေသန်းချီတန်သော ပိုင်ဆိုင်မှုအတွက် ယှဉ်ပြိုင်ရာတွင် အကယ်၍ တန်ဝမ်ကျဲ အောင်မြင်သွားခဲ့လျှင် သူသည် အစောဆုံး အနားမှာ ရှိနေခဲ့သူဖြစ်သဖြင့် သူ၏ အနာဂတ်မှာ တဟုန်ထိုး တိုးတက်သွားပေလိမ့်မည်။

တစ်ဖက်တွင်လည်း အကယ်၍ ဒေသခံလူကုံထံများက အနိုင်ရသွားလျှင် ဝိုင်ဟွားအဘိုးကြီးကို တစ်ပြားမှ ပေးကြမည်မဟုတ်ပေ။ ထို့ပြင် သူသည် တန်ဝမ်ကျဲ ရှုံးနိမ့်လိမ့်မည်ဟုလည်း မထင်ပေ။

အခြားသူများ မသိသော်လည်း ဝိုင်ဟွားအဘိုးကြီးသည်မူ ကောင်းကောင်းသိ၏။ ပေါင်ကျန်း အိမ်မှာ ဖောက်ပြန်သူကို မိသည့်ကိစ္စမှသည် ယခု သူ သတင်းလာပို့သည့်အချိန်အထိ အရာအားလုံးမှာ တန်ဝမ်ကျဲ၏ တွက်ချက်မှုအတွင်းမှာသာ ရှိနေခဲ့ခြင်းဖြစ်သည်။ သခင်လေးတန်သည် အလွန်ပင် စေ့စပ်သေချာပြီး ကြောက်စရာကောင်းလှသည်။

“စိတ်မပူပါနဲ့”

တန်ဝမ်ကျဲက ဆိုသည်။

“အရင်ဆုံး တစ်ခုခုစားလိုက်ပါဦး။ ခင်ဗျားလည်း ခရီးပန်းလာရောပေါ့။”

တန်မိသားစုမြို့....။

သူဌေးကြီးတန် သေဆုံးသွားပြီဖြစ်ရာ ငွေသန်းချီတန်သော ပိုင်ဆိုင်မှုများမှာ ထုံးတမ်းစဉ်လာအရ သူ၏ တစ်ဦးတည်းသော သွေးသားတော်စပ်သည့် တူဖြစ်သူ တန်ဝမ်ကျဲထံသို့ ရောက်ရှိရမည် ဖြစ်သည်။

ယခုအချိန်တွင် တန်မိသားစု၏ ချောင်ရှန်းအိမ်တော်၌ လူအုပ်ကြီးတစ်ခု စုရုံးနေကြ၏။

မြို့တော်ဝန်က ခေါင်းခါလိုက်သည်။

“ဝမ်ကျဲကို ငါတို့အားလုံး ကြည့်ရှုပြီး ကျွေးမွေးစောင့်ရှောက်လာခဲ့ကြတာ။ ဒီကလေးက ပေါ့ပျက်ပျက် နေတတ်တယ်။ အကယ်၍ ဒီပိုင်ဆိုင်မှုတွေအားလုံးကို သူ့လက်ထဲ အပ်လိုက်ရင် သူ အကုန်ဖြုန်းတီးပစ်မှာပဲ။ ငါတို့က ဒီကလေးကို စောင့်ရှောက်ထားရမယ်။ ဒါမှ သူ အသက်ကြီးတဲ့အခါ ထမင်းမငတ်နေမှာ။”

လူကုံထံ အဖိုးကြီးတစ်ဦးက ချက်ချင်းပင် ခေါင်းငြိမ့်ကာ ထောက်ခံလိုက်၏။

“ဟုတ်တယ်...။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ဝမ်ကျဲက ငါ့ဆန်ဆိုင်ကိုလာပြီး ဈေးနှုန်းတွေ လာမေးသေးတယ်။ သူက ကောက်ပဲသီးနှံနဲ့ ကျွဲနွားတိရစ္ဆာန်တောင် ကွဲကွဲပြားပြား မသိသေးတဲ့ကလေးပဲ။ တန်မိသားစုရဲ့ လေးလံတဲ့ တာဝန်တွေကို သူ့ပုခုံးပေါ် တင်ပေးလိုက်ရင် အဲဒီကလေးအတွက် အရမ်းပင်ပန်းရလိမ့်မယ်။ ငါတို့ လူကြီးတွေအနေနဲ့ သူ့ကို ကူညီပေးရမယ်။ ဗိုလ်ချုပ်လင်း... ခင်ဗျားကော ဘယ်လိုထင်လဲ။”

ပုလိပ်မင်းလင်းက သူ၏ ဓားရှည်ကို ကိုင်ဆောင်ထားသည်။ သူ၏နောက်တွင် ရဲမက် ဆယ်ဂဏန်းခန့် လိုက်ပါလာခဲ့သည်။ ၎င်းတို့မှာ သူ၏ အားကိုးရာပင်။

“ကျုပ်ကတော့ အရင်က ကတိပေးထားတဲ့ ဝေစုကိုပဲ လိုချင်တယ်။”

သူသည် ဤလူများနှင့် စကားကို၍ ကွေ့ပတ်မပြောလိုပေ။

သူ၏ စကားတစ်ခွန်းက အားလုံး၏ စိတ်ရင်းကို ထိုးဖောက်သွားသော်လည်း မည်သူမျှ စိတ်မဆိုးကြဘဲ ရယ်မောလိုက်ကြသည်။

“အဲဒီ လယ်ကွင်းတွေက စိုက်ပျိုးရေးသိတဲ့လူကပဲ လုပ်မှဖြစ်လိမ့်မယ်။ မဟုတ်ရင် လယ်မြေတွေကို အလကား ပစ်ထားသလို ဖြစ်ကုန်လိမ့်မယ်။”

“ဆီစက်ကိုလည်း ကြည့်ရှုပေးမယ့်လူ လိုတာပေါ့။”

“ဒီ ဟော်တယ်အလုပ်ကိုတော့ ကျုပ်အတွက်ပဲ ထားလိုက်ပါ။”

ရောက်ရှိနေသူအားလုံးမှာ တန်မိသားစုမြို့မှ လူကုံထံများ ဖြစ်ကြ၏။ သူဌေးကြီးတန် အသက်ရှိခဲ့စဉ်က သူတို့မှာ ငြိမ်နေခဲ့ရသော်လည်း ယခု သူသေပြီဖြစ်ရာ ပေါ့ပျက်ပျက် နေတတ်သော လူငယ်တစ်ဦးတည်းသာ ကျန်တော့သဖြင့် သူတို့အတွက် အရာရာမှာ ရိုးရှင်းနေတော့သည်။

ထိုလူစု ပျော်ပျော်ပါးပါး ခွဲဝေနေကြစဉ် ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရသည်။

“ဟော်တယ်အလုပ်ကို ဦးလေးအတွက် ထားလိုက်ရမယ် ဟုတ်လား။ တတိယဦးလေး... ဦးလေးက ပြည့်တန်ဆာရုံ ဖွင့်ထားတာ မဟုတ်ဘူးလား။”

ထိုအသံမှာ ရင်းနှီးနေ၏။ လူတိုင်း တံခါးဝသို့ လှည့်ကြည့်လိုက်ရာ တန်ဝမ်ကျဲသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ရလေသည်။ သို့သော် သူသည် ခန်းမအဝင်ဝ၌သာ ရပ်နေပြီး ဓားကိုင်ထားသော ရဲမက်များနှင့် အကွာအဝေးတစ်ခုကို ထိန်းထားခဲ့သည်။

ဝိုင်ဟွားအဘိုးကြီးသည် တန်ဝမ်ကျဲ၏ နောက်မှ ခေါင်းမော့ရင်ော့လျက် လိုက်လာ၏။ သူ့ပုံစံမှာ ‘ကျားအားကိုးနဲ့ ဝါကြွားတဲ့ မြေခွေး’ အလားပင်။

တတိယဦးလေးဟု အခေါ်ခံလိုက်ရသောသူသည် သူ၏ နှုတ်ခမ်းမွှေးကို သပ်လိုက်ရင်း ပြောလိုက်သည်။

“ဝမ်ကျဲ ဦးလေးတို့ စိတ်မကောင်းပါဘူးကွယ်။ ဒါပေမဲ့ မင်း ပြန်လာတာ အချိန်ကိုက်ပဲ။ ငါတို့ မြို့က လူကြီးတွေက မင်းကို ကူညီဖို့ စဉ်းစားနေကြတာ။ ပုလိပ်မင်းလင်းလည်း ဒီမှာရှိနေတုန်း အားလုံး သက်သေအဖြစ် ဒီစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြရအောင်။”

သူတို့ဘက်တွင် လူအင်အား၊ ဂုဏ်သိက္ခာနှင့် လက်နက်များ ရှိနေသဖြင့် ဟန်ဆောင်နေစရာပင် မလိုတော့ပေ။

သူ၏ အမည်ကို ကြားလိုက်ရသည်နှင့် ပုလိပ်မင်းလင်းက လက်ဝေ့ယမ်းလိုက်ရာ ရဲမက်များသည် ချက်ချင်းပင် တန်ဝမ်ကျဲဆီသို့ တိုးဝင်လာခဲ့ကြလေသည်။

ရဲမက်တစ်ဦးသည် သူ၏ဓားကို ဆွဲထုတ်၍ ပြေးဝင်လာ၏။ သိသာသည်မှာ တန်ဝမ်ကျဲကို ‘မတော်တဆ’ ဒဏ်ရာရအောင်လုပ်၍ သို့မဟုတ် ခြိမ်းခြောက်၍ စာချုပ်ပေါ်၌ လက်မှတ်ထိုးခိုင်းရန်ဖြစ်သည်။

သို့သော် သူ အနားမရောက်မီမှာပင် တန်ဝမ်ကျဲသည် သူ၏ ညာဘက်လက်ကို ရုတ်တရက် မြှောက်လိုက်၏။ ထို့နောက် မိုးကြိုးပစ်သကဲ့သို့ ‘ဒိုင်း’ ဟူသော အသံကြီး ထွက်ပေါ်လာခဲ့သည်။ တန်ဝမ်ကျဲဆီ ပြေးဝင်လာသော ပထမဆုံး ရဲမက်သည် ဘုန်းကနဲ မြေပေါ်သို့ လဲကျသွားတော့လေသည်။

သူ၏ နဖူးအလယ်တွင် သွေးစိမ်းရှင်ရှင်ထွက်နေသော အပေါက်တစ်ခု ရှိနေခဲ့သည်။

“ဒီပစ္စည်းက တကယ်ကို အသုံးဝင်တာပဲ။”

တန်ဝမ်ကျဲသည် သူ့လက်ထဲမှ သေနတ်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိ၏။

“သေနတ်!!”

ရောက်ရှိနေသော လူကြီးမင်းများနှင့် လူကုံထံများမှာ ထိတ်လန့်တုန်လှုပ်ကာ မျက်နှာများ ဖြူလျော့ကုန်ကြတော့လေသည်။

ပုလိပ်မင်းလင်းက စားပွဲခုံကို ထုနှက်လိုက်၏။

“တန်ဝမ်ကျဲ မင်းက လူသတ်ရဲတယ်ပေါ့။ ငါ ပုလိပ်မင်းလင်းက...”

သူ့တွင် ရဲမက် ဆယ်ဂဏန်းကျော် ရှိသော်လည်း တန်ဝမ်ကျဲတွင် သေနတ် တစ်လက်သာ ရှိသည်။ သူက...

ထိုစဉ်မှာပင် အပြင်ဘက်မှ ခြေသံများစွာ ကြားလိုက်ရ၏။ စစ်ဝတ်စုံဝတ်ထားသော စစ်သားအုပ်စုကြီးသည် သေနတ်များကို ကိုင်ဆောင်လျက် ပြေးဝင်လာခဲ့ကြလေသည်။ သေနတ်ပြောင်း ဒါဇင်ပေါင်းများစွာသည် လူသတ်တွင်းနက်ကြီးများအလား ထိုနေရာရှိ လူအားလုံးဆီသို့ ချိန်ရွယ်လိုက်ကြ၏။

အပြန်လမ်းတွင် တန်ဝမ်ကျဲသည် ပိုက်ဆံအမြောက်အမြား သုံး၍ ဤလူများကို ငှားရမ်းလာခဲ့ခြင်း ဖြစ်သည်။ ပိုက်ဆံပေးရကျိုး တကယ်နပ်လှပေသည်။

“***ချင်းမင်းဆက်က ပျက်စီးသွားပြီကွ။ မင်းက မင်းဆက်ဟောင်းက ဓားကို ကိုင်ပြီး အခုခေတ် အရာရှိကို စိန်ခေါ်ရဲတယ်ပေါ့။”

ရဲမက်များသည် သူတို့၏ ဓားများကို ချက်ချင်း ချလိုက်ကြ၏။ ၎င်းသည် သူတို့တွင် ပြန်လည် ခုခံရန် စိတ်ကူးမရှိတော့ကြောင်း အချက်ပြလိုက်ခြင်းပင်။ သူတို့သည် တစ်လမှ ငွေဒင်္ဂါး တစ်ပြား၊ နှစ်ပြားသာ ရကြခြင်းဖြစ်ရာ အဘယ်ကြောင့် အသက်ကို စတေးခံရပါမည်နည်း။

“ဝမ်ကျဲ... ဝမ်ကျဲ ဒါက...”

လူကုံထံများ၏ ခြေထောက်များ တုန်ယင်နေကြ၏။ သူတို့သည် တစ်သက်လုံး သက်သောင့်သက်သာ နေလာကြသူများဖြစ်ရာ သေနတ်နှင့် အချိန်ခံရသည့် အတွေ့အကြုံမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ ထို့ပြင် ကြမ်းပြင်ပေါ်တွင် ယခုထိ နွေးနေသေးသော အလောင်းတစ်လောင်းကလည်း ရှိနေသေးသည်။

“ဦးလေးတို့က ကျုပ်ကို ကူညီချင်တယ် ဆိုတာ ဘယ်လိုမျိုးလဲ တစ်ယောက်ယောက်က ကျုပ်ကို ကောက်ပဲသီးနှံတောင် မခွဲခြားတတ်ဘူးလို့ ပြောလိုက်သလားလို့။”

“ငါ... ငါပြောတာက...ငါ့ဆန်ဆိုင်က အခြေအနေ သိပ်မကောင်းတော့လို့ ဝမ်ကျဲကို တစ်ဆိုင်လောက် ပေးလိုက်ရင် ကောင်းမလားလို့ ပြောနေတာပါ။”

တစ်ယောက်က ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။

“တစ်ယောက်ယောက်က ကျုပ်ကို လယ်မစိုက်တတ်ဘူးလို့ ပြောလိုက်သလား။”

“ငါပြောတာက ဝမ်ကျဲက လယ်မစိုက်တတ်သေးတော့ ကောင်းမွန်တဲ့ ရိတ်သိမ်းမှုရအောင် လေ့ကျင့်ဖို့ လိုတယ်လို့ ပြောတာပါ။ ငါ လယ်မြေ မူး ၅၀ ပေးပါ့မယ်။”

“ကျုပ်က စီးပွားရေးလုပ်ရင် အကုန်ရှုံးမှာပဲလို့ ပြောတဲ့လူကော။”

“ငါ... ငါ့ရဲ့ နိုင်ငံခြားကုန်စုံဆိုင်ကို ပေးပါ့မယ်။ ပြင်သစ်က တိုက်ရိုက်တင်သွင်းတဲ့ အကောင်းစား ပစ္စည်းတွေချည်းပါပဲ။”

“ကျုပ်က...”

လူတိုင်းသည် တစ်ယောက်ထက်တစ်ယောက် အလုအယက် ပေးဖို့ ပြောနေကြ၏။ သူတို့သည် စောစောက တန်မိသားစု၏ ပိုင်ဆိုင်မှုများကို ခွဲဝေရယူရန် ကြိုးစားခဲ့စဉ်ကထက် ပို၍ပင် စိတ်အားထက်သန်နေခဲ့ကြလေသည်။ တန်ဝမ်ကျဲ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

သူရဲ့ တစ်ရွာတည်းသားချင်းတွေက သူ့အပေါ် တကယ်ကို ကောင်းကြတာပဲ။ တကယ်ကို ရက်ရောကြတာပဲ။

တန်ဝမ်ကျဲသည် ခေါင်းလှည့်၍ ပတ်ပတ်လည်ကို ကြည့်လိုက်၏။ သူ၏ အကြည့် ရောက်သွားသည့် လူတိုင်းက သူ့ကို ဘာပေးနိုင်ကြောင်း ချက်ချင်း ထအော်ကြလေသည်။

တတိယဦးလေးဆီ ရောက်သောအခါ -

“ဝမ်ကျဲ၊ မင်း ရှောင်ချွေ့ကို ကြိုက်တယ် မဟုတ်လား။ ဦးလေး ရှောင်ချွေ့ကို မင်းကို ပေးမယ်။”

တန်ဝမ်ကျဲ၏ မျက်နှာ ချက်ချင်း တင်းမာသွား၏။

“ရူယိဂေဟာကို ပေးပါ့မယ်။”

တတိယဦးလေးက ချက်ချင်း အော်ပြောလိုက်လေသည်။

အခြားသူများနှင့် မတူသည်မှာ တတိယဦးလေးသည် ပိုက်ဆံ အများကြီး ရသော်လည်း သူ၏ ပိုင်ဆိုင်မှုမှာ ရူယိဂေဟာတစ်ခုတည်းသာ ရှိသည်။ ထိုစကားကို ကြားမှ တန်ဝမ်ကျဲ၏ မျက်နှာမှာ နည်းနည်း ပြေလျော့သွားခဲ့သည်။

သို့သော် သူ၏ နောက်ထပ်စကားက လူတိုင်းကို ဘောင်းဘီထဲ ဆီးထွက်မတတ် ထိတ်လန့်သွားစေခဲ့သည်။

“အကယ်၍ ခင်ဗျားတို့ အားလုံး ဒီမှာ သေသွားရင် အရာအားလုံးက ကျုပ်ဟာ ဖြစ်သွားမှာ မဟုတ်ဘူးလား။”

သူက လူအုပ်ကြီးကို ဝေ့ကြည့်ကာ သက်ပြင်းချလိုက်သည်။

“အလောင်းတွေ အများကြီးပဲ။”

“ဝမ်ကျဲ ဒီလိုမျိုး စနောက်မနေပါတော့နဲ့။”

လူကုံထံများမှာ မျက်နှာပျက်နေကြလေပြီ။

သူ စိတ်ဝင်စားသော်လည်း လူတွေကို အကြောင်းမဲ့ သတ်ပစ်ဖို့က မဖြစ်နိုင်ပေ။

စောစောက ရဲမက်ကတော့... သူက တစ်လမှ ငွေဒင်္ဂါး အနည်းငယ်ပဲ ရတာကို ဘာလို့ အသက်စတေးပြီး ထွက်လာရတာလဲ။

“ကျုပ်ဦးလေးက ခုမှ ဆုံးသွားတာ ဦးလေးတို့ကလည်း ကူညီဖို့ ရောက်လာကြတာဆိုတော့ ကျုပ်က ကောင်းကောင်း ကျေးဇူးဆပ်သင့်တာပေါ့။ ဒီလိုလုပ်ပါလား။ လူတိုင်း စာချုပ်တွေမှာ လက်မှတ်ထိုး၊ တံဆိပ်တုံးထုပြီးတဲ့အထိ ဒီ ‘ချောင်ရှန်းအိမ်တော်’ မှာ ခဏလောက် နေသွားကြဦးပေါ့။”

ဤစကားလုံးများမှာ နားထဲတွင် ရင်းနှီးနေသလိုပင်။

သို့သော် သေနတ်ပြောင်းများကို ကြည့်ကာ မည်သူမျှ ငြင်းဆန်ရဲခြင်း မရှိပေ။

တန်ဝမ်ကျဲသည် ထိုလူကုံထံများကို ဂရုမစိုက်တော့ဘဲ ပုလိပ်မင်းလင်းဆီသို့ လှည့်ကြည့်လိုက်၏။ ပုလိပ်မင်းလင်း၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားခဲ့သည်။

“ငါ...”

“ကျုပ်ဦးလေးနဲ့ ခင်ဗျားက တစ်လှေတည်းစီး တစ်ခရီးတည်း သွားလာခဲ့ကြတာ။ သူ သေတာတောင် မကြာသေးဘူး။ ခင်ဗျားက သူ့ပိုင်ဆိုင်မှုတွေကို ခွဲဝေဖို့ စိတ်လောနေတယ်ပေါ့။ သူ့အပေါ် ရှက်စိတ် မရှိဘူးလား။”

“သူ့ကို ဖမ်းလိုက်စမ်း။ သူက မင်းဆက်ဟောင်းက အကြွင်းအကျန်...ရွာကို ဒုက္ခပေးနေတဲ့ လူပဲ။ အရင်သတ်ပြီးမှ တရားစီရင်မယ်။”

All Chapters