ကျိန်စာ
Vol. 1 Ch. 10
ပေါင်ကျန်းသည် အကျဉ်းထောင်ထဲတွင် ရှိနေ၏။ ၎င်းမှာ သူ၏ ဒုတိယအကြိမ်မြောက် ထောင်ကျခြင်းပင်။
ယခင်တစ်ခေါက်က အကောက်ကြံခံရခြင်းဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူသည် အမှန်တကယ် လူသတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် နောက်ဆုံးတွင် သူဌေးကြီးတန်ကို သတ်လိုက်နိုင်ခြင်းက သူ၏ရင်ထဲတွင် ပိတ်ဆို့နေသော အမုန်းတရားများကို ဖွင့်ထုတ်ပေးလိုက်သကဲ့သို့ ရှိ နေခဲ့လေသည်။
သူ စဉ်းစားနေစဉ်မှာပင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရပြီး မှောင်ရိပ်ထဲမှ ရင်းနှီးသော လူရိပ်တစ်ခု ထွက်လာခဲ့၏။
“ဝိုင်ဟွားအဘိုးကြီးလား။”
ပေါင်ကျန်း အံကြိတ်မိလိုက်၏။ ဝိုင်ဟွားအဘိုးကြီးကြောင့်သာ မဟုတ်လျှင် သူသည် မာရွာဘိုးဘေးခန်းမ၌ နှစ်ကြိမ်တိုင်တိုင် သေလုမျောပါး ဖြစ်ခဲ့ရမည်မဟုတ်ပေ။
“သတ္တိခဲလေး မင်း အဆင်ပြေရဲ့လား။”
“အရင်က ကျုပ်ကို ဒုက္ခပေးခဲ့တာ ခင်ဗျားမလား။”
“ဟေ့... စကားကို ဆင်ခြင်ပြောစမ်းပါ။ မင်းကို ဒုက္ခပေးတာ ငါမဟုတ်ဘူး။ သူဌေးကြီးတန်ပဲ။ သူက မင်းမိန်းမကို မျက်စိကျနေတာလေ။ ငါကတော့ သိတဲ့အတိုင်း ပိုက်ဆံပေးတဲ့သူရဲ့အလုပ်ကို လုပ်ပေးရုံပဲ။ ဒါပေမဲ့ မင်းကတော့ ‘အရူးမှ ကံကောင်းသပ’ဆိုသလိုပဲနော်။ ဒီတစ်ခေါက်လည်း အသက်ချမ်းသာရာရဖို့ အကူအညီပေးမယ့်သူ ပေါ်လာပြန်ပြီ။”
“ဟမ် ကျုပ် ကယ်တင်ခံရတော့မယ် ဟုတ်လား။”
ပေါက်ကျန်း ဝမ်းသာသွား၏။
သူသည် အမှန်တကယ် လူသတ်ခဲ့ခြင်း မဟုတ်ပါလော။
“သခင်လေးတန်က ပြောတယ်။ အမှုတိုင်းမှာ တရားခံရှိပြီး အကြွေးတိုင်းမှာ အကြွေးရှင်ရှိတယ်တဲ့။ မင်းက နောက်ကျမှ သူ့ကို သတ်ခဲ့တာဆိုပေမဲ့ သူဌေးကြီးတန်က မင်းကို အရင်ဆုံး ရန်စခဲ့တာမို့ သခင်လေးက မင်းကို လွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။”
“သခင်လေးတန်... သူ ပြန်ရောက်ပြီလား။”
ပေါင်ကျန်း အလောတကြီး မေးလိုက်သည်။
“အေး သခင်လေးတန် ပြန်ရောက်ပြီ။ သူက တန်မိသားစုရဲ့ အလုပ်တွေနဲ့ မအားလပ်လို့ မင်းဆီကို မလာနိုင်ဘူး။ မင်းကို မင်းဘာသာမင်းပဲ ထွက်သွားစေချင်တယ်။ အမှန်တော့ သူက မင်းမိန်းမအကြောင်းကို အစကတည်းက သိပေမဲ့ မင်းကို မပြောရဲခဲ့တာပါ။”
“ဘာလို့လဲ။ အော်... သိပြီ။ သူဌေးကြီးတန်ကြောင့်မို့လို့ပဲ။”
ပေါင်ကျန်းက သူ့ဘာသာ ဆင်ခြေတစ်ခု ရှာတွေ့သွား၏။
“ဒါပေါ့...တစ်မြို့လုံးက သိနေကြပေမဲ့ သခင်လေးတန် တစ်ယောက်ပဲ မင်းကို နည်းလမ်းလေးသုံးပြီး သတိပေးခဲ့တာ။ အဲဒီနေ့က ငါနဲ့ မင်းတို့လင်မယား မတော်တဆ ဆုံအောင် စီစဉ်ပေးခဲ့တာလည်း သခင်လေးတန်ပဲ။ သူက မင်းကို အရိပ်အယောင်ပြဖို့ လုပ်ခဲ့ရုံပါပဲ။ ဒါပေမဲ့ အခြေအနေတွေက ဒီလောက်အထိ ဖြစ်သွားမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူးလေ။”
ဤအကြောင်းကို ပြောရင်း ဝိုင်ဟွားအဘိုးကြီးသည် သူ၏ ကျောထဲ၌ စိမ့်တက်သွားခဲ့၏။ သူသည် ဘာမှမဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောနေခြင်းဖြစ်သော်လည်း အမှန်တရားက ပို၍ ကြောက်စရာကောင်းနေခဲ့သည်။
တစ်ဦးတစ်ယောက်၏ ကောင်းကျိုးကို လုပ်ဆောင်ပေးနေသည့် ဟန်ဆောင်မှုအောက်တွင် အရာအားလုံးကို ဖန်တီးခဲ့ပြီး နောက်ဆုံး၌ တစ်ဦးတည်းသော အကျိုးအမြတ်ရရှိခဲ့သူမှာ တန်ဝမ်ကျဲ ကိုယ်တိုင်ပင် ဖြစ်သည်။ ဝိုင်ဟွားအဘိုးကြီး နားမလည်နိုင်ဆုံးသော အချက်မှာ တန်ဝမ်ကျဲသည် သူဌေးကြီးတန် သေမည်ကို မည်သို့ကြောင့် ဤမျှ သေချာနေခဲ့သနည်းဟူသော အချက်ပင်။
သို့သော် ပေါင်ကျန်း၏ အမြင်တွင်မူ လုံးဝ ကွဲပြားနေခဲ့သည်။ သူ၏မိန်းမ ဖောက်ပြန်သည်ကို သိခဲ့ရသည့် အချိန်မှစ၍ ကြုံတွေ့ခဲ့ရသမျှမှာ ‘သရဲပုံပြင်’ ထဲကအတိုင်းပင်။
တန်ဝမ်ကျဲက နတ်ဘုရားတစ်ပါး လူ့ပြည်ဆင်းလာသည့်တိုင်အောင် ပေါင်ကျန်းတစ်ယောက် တာအိုဆရာဆီမှာ တပည့်ခံမည်၊ မှော်အတတ်တွေနဲ့ တိုက်ခိုက်မည်၊ နောက်ဆုံး မျောက်မင်း စွန်းဝူခုန်းကိုတောင် ကိုယ်ထဲ ဝင်ပူးခိုင်းလိမ့်မည်ဟု ဘယ်လိုမှ မှန်းဆနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သခင်လေးတန်က သူ့အတွက်တော့ လူကောင်းတစ်ယောက်ပင်။
“ကျုပ် သခင်လေးတန်ရဲ့ မြင်းလှည်းဆရာ လုပ်ချင်ပါတယ်။”
ပေါင်ကျန်းက ဆိုသည်။
“မရဘူး။ မင်းက သူ့ဦးလေးကို သတ်ထားတာလေ။ မင်း တန်မိသားစုမြို့မှာ ဆက်နေရင် သခင်လေးတန်က သူ့ဦးလေးကို သူကိုယ်တိုင် သတ်ခိုင်းထားသလို ဖြစ်မနေဘူးလား။”
ဝိုင်ဟွားအဘိုးကြီးက မဆိုင်းမတွ ခေါင်းခါလိုက်၏။ သူသည် မလာခင်ကတည်းက ညွှန်ကြားချက် ရထားပြီးသားဖြစ်သည်။
“သခင်လေးတန်က မင်းအတွက် ခရီးစရိတ်တွေ ပြင်ဆင်ပြီး မင်းအိမ်မှာ ထားပေးထားတယ်။ အော်... မင်းမိန်းမလည်း အိမ်မှာ ရှိတယ်။ သူမကို ခေါ်ပြီး ထွက်သွားတော့။ ဒီတစ်ခါ ဘယ်သူ့ကိုမှ မသတ်ပစ်နဲ့ဦး။”
ဝိုင်ဟွားအဘိုးကြီးသည် ထောင်တံခါးကို ဖွင့်ပေးလိုက်ပြီး ပေါင်ကျန်း ပြေးထွက်သွားသည်ကို ရပ်ကြည့်နေခဲ့မိသည်။ သူ သံသယဖြစ်မိသည်မှာ တန်ဝမ်ကျဲသည် သူ၏ ဂုဏ်သိက္ခာကို စိုးရိမ်နေသည်ထက် ပေါင်ကျန်း၏ စရိုက်က အရာရာကို ဖျက်ဆီးပစ်မည်ကို ပို၍စိုးရိမ်နေပုံရ၏။ ပေါင်ကျန်းသည် သတ္တိရှိသော်လည်း ဒေါသကြီးသူဖြစ်သည်။ လူတွေပြောသမျှကို ခံစားလွယ်ပြီး ခေါင်းမာတတ်ရာ အရာရာကို ဖျက်ဆီးပစ်ရန် အလားအလာ အရှိဆုံးသူပင်။
ပိုက်ဆံယူပြီး ထွက်သွားကြမည့် ပေါင်ကျန်းနှင့် ဒဏ်ရာပြင်းထန်နေသော သူ၏ဇနီး ဘာဆက်ဖြစ်မည်ကိုတော့ မည်သူမျှ ဂရုမစိုက်ကြတော့ပေ။
တန်မိသားစုမြို့တွင်မူ တန်ဝမ်ကျဲသည် တံခါးဝသုံးခု၊ ဝင်းသုံးခုပါသော တန်မိသားစု အိမ်တော်ကြီးထဲသို့ ပြောင်းရွှေ့နေထိုင်နေပြီဖြစ်သည်။
အကြံပေးလျိုမှာမူ သူဌေးကြီးတန် သေသည့်ညမှာပင် အထုပ်ပြင်ပြီး ထွက်ပြေးသွားခဲ့သည်။ ငွေစင် ထောင်ဂဏန်းတန်ဖိုးရှိသော ရွှေငွေရတနာ အများအပြားကိုလည်း သူနှင့်အတူ ယူဆောင်သွားခဲ့၏။ တန်ဝမ်ကျဲအတွက်မူ ထိုပမာဏမှာ ဘာမှမဟုတ်သဖြင့် ဖမ်းဝရမ်း ထုတ်ရုံသာ ထုတ်ထားပြီး ထပ်မစဉ်းစားတော့ပေ။
မည်သို့ပင်ဖြစ်စေ ထိုပိုက်ဆံများကို ပြန်ရနိုင်တော့မည်လည်း မဟုတ်ချေ။
သူသည် ရုံးတော်ကို ဖျက်သိမ်းပြီး ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကာ တန်ဝမ်ကျဲသည် ဗိုလ်မှူးကြီး ‘အားကျဲ’ ဖြစ်လာခဲ့လေပြီ။
အိမ်နောက်ဖေးတွင် သူသည် ဂိုဏ်းချုပ်ဆရာကြီးနှင့် နတ်မင်းကြီးသုံးပါးကို ပူဇော်ထားပြီး အမွှေးတိုင် အမြဲမပြတ်ရှိစေရန် စီစဉ်ထားခဲ့သည်။
ထို့ပြင် သူသည် ငွေသန်းချီတန်သော အမွေများကိုလည်း စီမံခန့်ခွဲရသေးရာ တန်ဝမ်ကျဲမှာ တကယ်ကို မအားလပ်နိုင်အောင် ဖြစ်နေခဲ့၏။
တန်မိသားစု၏ လုပ်ငန်းမှာ အလွန်ကြီးမားပြီး မိုင်ပေါင်းများစွာအထိ အဆက်အသွယ်ရှိရာ တန်ဝမ်ကျဲအတွက် ဆယ်ဘဝစာ စားမကုန်နိုင်ပေ။
ရွှေငွေ ရတနာများကို ပေါ်တင်ထားခြင်းကလည်း ပြဿနာကို ဖိတ်ခေါ်ခြင်းပင်။
မငြိမ်မသက်ဖြစ်နေသော ဤခေတ်ကာလတွင် ဆိုင်များ သို့မဟုတ် ငွေဒင်္ဂါးများမှာ ရွှေနှင့် မယှဉ်နိုင်ပေ။ တန်ဝမ်ကျဲသည် ရွှေအချို့ကို စုဆောင်းကာ အုတ်ချပ်များအဖြစ် သွန်းလောင်းပြီး ကြမ်းပြင်ခင်းရန် စီစဉ်ထား၏။ ထို့နောက် အပေါ်မှ ဘိလပ်မြေ တစ်လွှာ အုပ်လိုက်မည်ဖြစ်သည်။ ပြီးလျှင် အပေါ်ယံတွင် ငွေစင်၊ ကြေးပြားနှင့် ငွေဒင်္ဂါးအချို့ကို ဟန်ပြ ကျဲထားလိုက်ပေမည်။ အကယ်၍ တစ်စုံတစ်ယောက်က ခိုးယူရန် သို့မဟုတ် လုယက်ရန် ရောက်လာလျှင်ပင် ငွေဒင်္ဂါးများကိုသာ ယူသွားကြလိမ့်မည်ဖြစ်ပြီး သူတို့နင်းနေသော ကြမ်းပြင်သည်သာ တန်ဖိုးအရှိဆုံး ဖြစ်ကြောင်း ဘယ်တော့မှ သိကြမည်မဟုတ်ပေ။
ထို့နောက် သူဌေးကြီးတန်၏ နာရေးကိစ္စကို ကိုင်တွယ်ရပြန်သည်။ တစ်ဦးတည်းသော အမွေဆက်ခံသူအနေဖြင့် တန်ဝမ်ကျဲသည် အခမ်းအနားကို ခမ်းခမ်းနားနား ကျင်းပပေးရပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်များကို ဝတ်ဆင်ရမည်ဖြစ်သည်။
ဤကမ္ဘာတွင် သရဲတစ္ဆေများ ရှိ၏။ တန်ဝမ်ကျဲသည် သူဌေးကြီးတန် သရဲဖြစ်ပြီးနောက် ပြဿနာလာရှာ၊မရှာ မသေချာသဖြင့် မိုင်သုံးဆယ်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် တာအိုကျောင်းများမှ ဆရာကြီးများကို ပင့်ဖိတ်ကာ အလှည့်ကျ တရားရွတ်ဖတ် ခိုင်းထားခဲ့သည်။ ထို့ပြင် နာရေးငိုချင်းချရန် အခကြေးငွေပေးထားသော လူပေါင်း တစ်ရာကျော်ကိုလည်း မိုးလင်းမှ မိုးချုပ်အထိ ငိုခိုင်းထားလိုက်၏။
၎င်းသာမက တန်မိသားစုမြို့တွင် စတုဒီသာ ကျွေးမွေးပြီး ပြဇာတ်အဖွဲ့များကိုလည်း ကပြရန် ဖိတ်ခေါ်ထားခဲ့သည်။
အချုပ်အားဖြင့်ဆိုရသော် သူဌေးကြီးတန်၏ အသုဘသည် အလွန်ပင် ခမ်းနားထည်ဝါရပေမည်။
ဆရာကြီးရွှီ၊ ဆရာကြီးချန်၊ တာအိုတပည့်ငယ်နှင့် တန်ဝမ်ကျဲ သေနတ်ဖြင့် ပစ်သတ်ခဲ့သော စစ်သားများအတွက်ပင် အမျှဝေ ဆုတောင်းပွဲများ ပြုလုပ်ပေးခဲ့ပြီး သူတို့ကို သရဲဖြစ်ခွင့် လုံးဝ မပေးတော့ပေ။
နတ်စက္ကူများ၊ စက္ကူလူရုပ်များ၊ စက္ကူမြင်းများကို တန်ဖိုးမရှိသလို မီးရှို့ပူဇော်နေခြင်းမှာ ပိုက်ဆံတွေကို မီးရှို့နေသကဲ့သို့ပင် ဖြစ်ရာ စက္ကူအရုပ်လုပ်သူပင် ရင်နာမိနေခဲ့လေသည်။
တန်မိသားစုမြို့၏ ကောင်းကင်ယံတွင် ရက်ပေါင်းများစွာကြာအောင် မည်းနက်သော မီးခိုးများ ဖုံးလွှမ်းနေခဲ့သည်။ အနီးနားရှိ ရွာများမှ သရဲများပင် ဖြတ်သွားဖြတ်လာရင်း အံ့သြတကြီး ငေးကြည့်ရသည်အထိပင်။
အလောင်းများအားလုံးကိုလည်း ဖုတ်ကောင်များ မဖြစ်လာစေရန် ပြာဖြစ်အောင် မီးရှို့သင်္ဂြိုဟ်လိုက်၏။
သေဆုံးပြီး ခုနစ်ရက်မြောက်နေ့တွင် ဘာမှ ဖြစ်မလာခဲ့ပေ။ ထိုအခါမှ တန်ဝမ်ကျဲ သက်ပြင်းချနိုင်ခဲ့လေသည်။
အရာအားလုံး ပြီးဆုံးသွားခဲ့ချေပြီ။
သို့သော် တန်ဝမ်ကျဲသည် အလုပ်ပြီး၍ ပြန်တော့မည့် ဆရာကြီးများကို တားဆီးလိုက်ပြန်၏။
“သခင်လေးတန် ဘာကိစ္စရှိလို့လဲ။”
ဆရာကြီးတစ်ဦးက မေးလိုက်သည်။
တန်ဝမ်ကျဲသည် အလွန်ပင် ရိုသေကိုင်းရှိုင်းပြီး ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့သဖြင့် သူတို့မှာ သူ့အပေါ် အမြင်အလွန်ကောင်းနေကြလေသည်။
“ကျုပ် မေးချင်တာက ကျုပ်ဦးလေးလို အခြေအနေမျိုးဆိုရင် လူပြန်ဖြစ်ဖို့ ဘယ်လောက်ကြာမလဲ။”
“သူဌေးကြီးတန်က သက်တမ်းမစေ့ဘဲ မတော်တဆ သေဆုံးသွားတာဆိုတော့ အစောဆုံး နှစ် ၃၀ ကနေ ၅၀ အထိ ကြာနိုင်ပါတယ်။”
“သူ တန်းစီတာကို ကျော်လိုက်လို့ရမလား။”
“ဟမ်...”
သူတို့သည် ဤစကားကို ဆဲဆိုသည့်နေရာ၌သာ ကြားဖူးကြ၏။ လူပြန်ဖြစ်ဖို့ အလောတကြီး ဖြစ်နေသလား ဆိုပြီးတော့ပေါ့။ သို့သော် တန်ဝမ်ကျဲသည် အမှန်တကယ်ပင် တန်းစီခြင်းကို ဖြတ်ခိုင်းချင်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ကျုပ်ဦးလေး ငရဲပြည်မှာ ဒုက္ခခံနေရမှာကို ကျုပ် မကြည့်ရက်လို့ပါ။ ဆရာကြီးတို့ဆီမှာ ငရဲမင်းတမန်တွေကို လာဘ်ထိုးပြီး ကျုပ်ဦးလေးကို အရင်ဆုံး လူပြန်ဖြစ်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းရှိမလားလို့။”
“ဒါက...”
“ကျုပ် ပိုက်ဆံ အပိုပေးပါ့မယ်။”
...
“အေးဆေးပဲ။ ဒီတစ်ခါတော့ တကယ် အေးဆေးသွားပြီ။”
တန်ဝမ်ကျဲ စိတ်ထဲတွင် ပေါ့ပါးသွားခဲ့၏။
သူသည် ပြဿနာများစွာကို တစ်ခါတည်း ဖြေရှင်းလိုက်နိုင်ခဲ့လေပြီ။
ပထမဦးစွာ အမျှဝေပွဲများ ပြုလုပ်ပြီး သေသူများ ပြဿနာမရှာအောင် လုပ်ခဲ့၏။ ဒုတိယအနေဖြင့် အလောင်းများကို မီးရှို့ပြီး ဖုတ်ကောင်မဖြစ်အောင် ကာကွယ်ခဲ့သည်။ နောက်ဆုံးတွင် ပိုက်ဆံသုံး၍ သူဌေးကြီးတန်ကို လူအမြန်ပြန်ဖြစ်စေရန် စီစဉ်ခြင်းဖြင့် ‘သရဲပွဲတော်’ ကာလတွင် ပြန်လာမည်ကို တားဆီးနိုင်ခဲ့သည်။ သူ စဉ်းစားနိုင်သမျှ အခြေအနေတိုင်းကို ဖြေရှင်းထားပြီးဖြစ်၏။
ပိုင်နိုင်လိုက်တာ။
သူ၏ ရက်ရောမှုကြောင့် [ငရဲမင်းတမန် ကျောက်ယင်မောက်နှင့် ရင်းနှီးမှု +၁] ဆိုသော အသိပေးချက်ပင် ရရှိခဲ့သေးသည်။
“ဂိုဏ်းချုပ်ဘိုးဘေး ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကို နှစ်ယောက်ကို စောင့်ရှောက်ပေးဖို့ တာဝန်ပေးပါတယ်နော်။ သူတို့ကို အမြန်ဆုံးလူပြန်ဖြစ်ဖို့ လူလွှတ်ပြီး စီစဉ်ထားပြီးပါပြီ။ အော်... ဆရာကြီးအတွက်လည်း ရွှေစင်ရုပ်တု တစ်ဆူ သွန်းလုပ်ပေးထားပါတယ်။ ရွှေအစစ်နော်။ ဆရာကြီး သဘောကျမလားလို့ ကြည့်ပေးပါဦး။”
[နေ့စဉ် ဆုတောင်းခြင်း - ကံကောင်းခြင်း +၁]
နောက်ပိုင်းရက်များတွင် တန်ဝမ်ကျဲ၏ ဘဝမှာ အလုပ်များနေခဲ့၏။
သူသည် အားရှိလျှင် လက်ဝှေ့လေ့ကျင့်ပြီး အားမရှိလျှင် ဂါထာမန္တန်များကို လေ့ကျင့်သည်။ ဘဝက အတော်လေး သက်သောင့်သက်သာ ရှိနေခဲ့၏။
ဤနေ့သို့ ရောက်လာသည့်တိုင်အောင်ပင် ဖြစ်သည်။
[လျှို့ဝှက်နယ်မြေ ဖြစ်ရပ် ပွင့်သွားပါပြီ]
[ကျိန်စာ]