← Chapters

နဂါးစိမ်းလခြမ်းဓား၏ ဂျင်ချူရီကီ

Vol. 2 Ch. 13

နဂါးစိမ်းလခြမ်းဓား၏ ဂျင်ချူရီကီ

Vol. 2 Ch. 13

သူသည် ကံစမ်းသည့်ခွက်ကို ထပ်မံပစ်လိုက်ပြန်ရာ ရလဒ်မှာ ‘ယန်’ နှစ်ခုစလုံး မှောက်လျက်သားပင် ဖြစ်နေပြန်၏။

နတ်မင်းကြီးက ကူညီဖို့ ဝေခွဲမရဖြစ်နေတုန်းပဲလား။

မဟာအနက်ရောင်ဗုဒ္ဓမယ်တော်နဲ့ ပတ်သက်နေပြီး ကျိုးချန်းနတ်မင်းကြီးက မကူညီချင်တာများလား။

ထိုသို့ဖြစ်နိုင်ခြေရှိသော်လည်း ရုပ်ရှင်တစ်ခုလုံးကို ပြန်ကြည့်လျှင် ကျိုးချန်းသည် ဗုဒ္ဓမယ်တော်ကို မယှဉ်နိုင်သည်မဟုတ်ဘဲ သူသည် တိုက်ပွဲပင် စတင်ခဲ့သေးသည်။ သို့သော် တစ်စုံတစ်ယောက်၏ မိုက်မဲမှု သို့မဟုတ် တမင်လုပ်ဆောင်မှုကြောင့် နတ်နှင်သည့် အစီအစဉ် ပျက်ပြယ်သွားကာ သူက ဆက်လက်မကူညီတော့ခြင်းသာ ဖြစ်သည်။

တန်ဝမ်ကျဲသည် တတိယအကြိမ် ခွက်ပစ်ရန် ပြင်နေစဉ် သူ၏ဖုန်းမှာ မရပ်မနား တုန်ခါလာခဲ့သည်။ သူ အကြိမ်ကြိမ် ဖုန်းချခဲ့သော်လည်း ဆက်တိုက်ဆိုသလို မြည်နေသဖြင့် သူသည် ခေတ္တရပ်ကာ ဘုရားကျောင်းအပြင်ဘက်သို့ ထွက်၍ ဖုန်းဖြေလိုက်ရလေသည်။

“အားဟုန် ဘာဖြစ်လို့လဲ။”

“မင်း ဘယ်မှာလဲ။ ငါ မင်းဆီ လာခဲ့မလို့။”

“ကျိုးချန်း ဘုရားကျောင်းမှာ။ အော်... ပြီးတော့ ပိုက်ဆံ အများကြီး ယူလာခဲ့ဦး။”

“ဘာလို့လဲ။”

တန်ဝမ်ကျဲသည် အကျိုးအကြောင်း ရှင်းမပြတော့ဘဲ ဖုန်းချလိုက်၏။ ရှင်းပြနေလျှင် တစ်ဖက်လူက ပိုက်ဆံယူလာချင်မှ ယူလာမည်ဖြစ်ရာ မရှင်းပြခြင်းက ပို၍ကောင်းပေသည်။

မကြာမီမှာပင် ကားတစ်စီး ရောက်ရှိလာခဲ့သည်။

သူသည် မည်သည့်နေရာက ကျိုးချန်းဘုရားကျောင်းဟု အတိအကျ မပြောခဲ့သော်လည်း အားဟုန်မှာ ရှာတွေ့အောင် လာနိုင်ခဲ့လေသည်။

အကယ်၍ သူက ချန်ရွာကို သွားချင်ရင် ဘယ်လမ်းက သွားသွား အဲ့နေရာကိုပဲ ရောက်သွားမှာလား။

တစ်ဖြောင့်တည်း သွားနေရသည့် ဇာတ်လမ်းသွားက တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှ၏။

“အားကျဲ ဒီနေရာကလည်း ရှာရခက်လိုက်တာကွာ။”

အားဟုန်က ကားပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ ညည်းညူလိုက်သည်။

“မင်း ဘယ်လိုလုပ်ပြီး ရှာတွေ့ခဲ့တာလဲ “

“ရှာရခက်တယ် ဟုတ်လား။”

ငါက ဘယ်သွားမယ်လို့တောင် မပြောဘဲ ဒီရောက်လာတာလေ။ မင်းကလည်း နောက်ကနေ ရှာတွေ့အောင် လိုက်လာနိုင်သေးတယ်။

“ပိုက်ဆံ ပါလာလား?”

တန်ဝမ်ကျဲက မေးလိုက်သည်။

“အများကြီးတော့ မပါဘူး...။”

သူက ငွေစက္ကူအချို့ကို ထုတ်ပြရန် ပြင်လိုက်စဉ်မှာပင် တန်ဝမ်ကျဲက ဆတ်ခနဲ လုယူလိုက်၏။

“နောက်မှ ပြန်ပေးမယ်။ အော်... ထပ်ရှိသေးလား။”

တန်ဝမ်ကျဲသည် အားဟုန်၏ ရင်ဘတ်အိတ်နှင့် ဘောင်းဘီအိတ်များကိုပါ နှိုက်၍ ရှာဖွေလိုက်လေသည်။

“ဟေး...”

အားဟုန် တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသော်လည်း သူ သတိပြန်ဝင်လာချိန်တွင် တန်ဝမ်ကျဲမှာ ဘုရားကျောင်းထဲသို့ လှည့်ဝင်သွားပြီ ဖြစ်သည်။

ဘုရားကျောင်းထဲ ရောက်သောအခါ တန်ဝမ်ကျဲသည် နတ်ရုပ်တုကို ထပ်မံ အရိုအသေပြုကာ ပြောလိုက်ပြန်သည်။

“မော်ရှန်းတပည့် ထန်းဝမ်ကျဲ ဤနေရာသို့ ရောက်ရှိလာတဲ့ ပထမဆုံး မိစ္ဆာဝိညာဉ်ရဲ့ အနှောင့်အယှက်ကို ခံရပြီး လူသား‌တွေကို ဒုက္ခပေးနေတဲ့ မိစ္ဆာကိုးကွယ်မှုကို တွေ့ရှိခဲ့ရပါတယ်။ နတ်မင်းကြီးမှ မိစ္ဆာများကို နှိမ်နင်းဖို့၊ မိစ္ဆာဘုရားကျောင်းနဲ့ ယဇ်ပလ္လင်တွေကို ဖျက်ဆီးဖြိ့ ခွန်အားများ ငှားရမ်းပေးပါရန် တောင်းပန်အပ်ပါတယ်။”

သူသည် ကွမ်းယွီ၏ အမည်ကို အသုံးချပြီး စိတ်ဓာတ်ရေးရာအရ တောင်းဆိုချင်သော်လည်း နဂါးစိမ်းလခြမ်းဓားက လူမှားပြီး သူ့ခေါင်းကို လာဖြတ်မည် စိုးရိမ်သဖြင့် မပြောရဲခဲ့ပေ။ အချို့စကားများကို စည်းလွတ်ဝါးလွတ် မပြောသင့်ပေ။

သူ့မှာ အဆောင်လည်း ရှိနေပြီဖြစ်ရာ အခြားသော နတ်ဘုရားကျောင်းများသို့လည်း သွားရောက် ကိုးကွယ်နိုင်သေးသည်။

တန်ဝမ်ကျဲသည် ဖြစ်ချင်ရာဖြစ်ဟူသော စိတ်ဖြင့် ကံစမ်းသည့်ခွက်ကို ထပ်မံ ပစ်လိုက်ပြန်၏။

အံ့ဩစရာကောင်းသည်မှာ ဤတစ်ကြိမ်တွင် အောင်မြင်သွားခဲ့ခြင်းပင်။

“အားကျဲ မင်း ခုနက...”

အားဟုန်သည် တစ်ခုခု မေးရန် လျှောက်လာခဲ့သော်လည်း တန်ဝမ်ကျဲက အားဟုန်အတွက် အတော်လေး ရင်းနှီးနေသော ပိုက်ဆံထုပ်ကို ထုတ်ကာ ဆရာကြီးအားချင်းထံ ပေးလိုက်သည်ကို မြင်လိုက်ရလေသည်။

“ဆရာကြီးအားချင်း ကျုပ် အကောင်းဆုံး အနီရောင်ဖယောင်းတိုင်၊ အမွှေးတိုင်နဲ့ အင်းစာရွက်တွေ ဝယ်ချင်လို့ပါ။”

“ဒါတွေက ပိုက်ဆံမလိုပါဘူး။ မင်းကို ကူညီပေးနိုင်တာနဲ့တင် လုံလောက်နေပါပြီ။”

ဆရာကြီးအားချင်းက ခေါင်းခါပြလိုက်သည်။

“ဒါဆိုလည်း ကျေးဇူးတင်ပါတယ်။”

တန်ဝမ်ကျဲက ပိုက်ဆံများကို သူ့အိတ်ထဲ ပြန်ထည့်လိုက်၏။ သူသည် တရားမျှတသော လူများနှင့် အလုပ်လုပ်ရသည်ကို အလွန်နှစ်သက်ပေသည်။ သူတို့သည် ပိုက်ဆံတောင် မယူကြဘဲ အလွန် စိတ်ကောင်းရှိကြ၏။

ခဏလေး... ငါကလည်း တရားမျှတတဲ့ လူတစ်ယောက်ပဲလေ။ ဒါပေမဲ့ ငါက ပိုက်ဆံလိုချင်တာ...။

ကင်မရာမန်းအဖြစ် လုပ်ဆောင်နေသော အားဟုန်မှာ စိတ်လှုပ်ရှားနေ၏။

သူ့ဘေးက ကင်မရာမန်း အားကျဲက တကယ်ကြီး နတ်ဘုရားအား ပင့်ဖိတ်နိုင်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။ ဒါက တကယ့်ကို အလန်းစားကြီးပင်။

ဆရာကြီးအားချင်းနှင့် တပည့်ဖြစ်သူမှာမူ ဇဝေဇဝါ ဖြစ်နေခဲ့ကြသည်။

တန်ဝမ်ကျဲက ပူဇော်ပွဲကို ပြင်ဆင်ကာ အမွှေးတိုင်များကို စိုက်ထူပြီး အရာအားလုံး အဆင်သင့်ဖြစ်မှ ဖယောင်းတိုင်အနီများအား ထွန်းလိုက်သည်ကို သူတို့ စောင့်ကြည့်နေခဲ့ကြလေသည်။

အဝတ်စုတ်နှင့် မြေနင်းဂိုဏ်း၏ နတ်ဘုရားပင့်ဖိတ်နည်းမှာ နတ်ဖိတ်နည်းများအားလုံးထဲတွင် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး ဖြစ်သည်။

ဖယောင်းတိုင်ထွန်း၍ နတ်ဖိတ်ခြင်း။

တန်ဝမ်ကျဲသည် မျက်လုံးမှိတ်ကာ ဂါထာကို ရွတ်ဆိုလိုက်၏။

ဆရာကြီးချန် နတ်ဘုရားပင့်ဖိတ်သည်ကို သူကြည့်ခဲ့ဖူးသဖြင့် ဆရာကြီးမှာ နတ်ဘုရားများနှင့် ညှိနှိုင်းနေစရာ မလိုဘဲ တိုက်ရိုက်ဆင့်ခေါ်နိုင်သည်ကို သူသိထားခဲ့သည်။ သို့သော် တန်ဝမ်ကျဲကမူ အမြဲသတိကြီးသူပီပီ နတ်ဘုရားကို အရင်မေးမြန်းညှိနှိုင်းခြင်းက ပိုကောင်းသည်ဟု ယူဆခဲ့ပေသည်။

“အမိန့်တော်အတိုင်း အမြန်ဆုံး ကြွရောက်တော်မူပါ။”

တန်ဝမ်ကျဲသည် သူ၏ ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ပြင်းထန်စွာ စောင့်နင်းလိုက်လေသည်။

[သင်သည် မြေကိုနင်းနတ်ဘုရားပင့်ဖိတ်ခြင်းကို အောင်မြင်စွာ အသုံးပြုပြီး ‘နဂါးစိမ်းလခြမ်းဓား’ ၏ အကူအညီကို ရရှိခဲ့သည်။ သင်သည် ‘နဂါးစိမ်းလခြမ်းဓား ပူးကပ်သည့်အခြေအနေကို ရရှိသွားပါပြီ။ တစ်မိနစ်လျှင် သွေး ၀.၉ နှင့် ခွန်အား ၀.၉ လျော့နည်းသွားမည်ဖြစ်သည်။]

ဘာလို့ ၀.၉ လဲ။ အဝတ်စုတ်နှင့် မြေနင်းဂိုဏ်းရဲ့ ပါရမီကြောင့်လား။

[မြေနင်းခြင်း အဆင့် ၁ (နတ်ပူးစဉ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု -၁၀%၊ နတ်ဖိတ်ခြင်း အောင်မြင်မှုနှုန်း +၁၀%)]

တန်ဝမ်ကျဲ သေချာစဉ်းစားရန် အချိန်မရမီမှာပင် သူ၏ ကိုယ်ခန္ဓာမှာ ရုတ်တရက် တောင့်တင်းသွားပြီး မလှုပ်မယှက် ဖြစ်သွားခဲ့လေသည်။

သောက်ကျိုးနည်း။

သူသည် နဂါးစိမ်းလခြမ်းဓား၏ ဂျင်ချူရီကီ(ဝိညာဉ်လက်ခံကောင်) ဖြစ်သွားခဲ့ချေပြီ။

တန်ဝမ်ကျဲသည် နတ်ပူးသည့် အခြေအနေကို ချက်ချင်း ပြန်ဖျက်လိုက်ရာ သူ၏ မျက်နှာတွင် ပဲစေ့ခန့် ချွေးစက်များဖြင့် ဖုံးလွှမ်းသွားခဲ့၏။

နတ်ဘုရားပင့်ဖိတ်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် ခွန်အားကို အလွန်အမင်း ကုန်ခန်းစေရာ ၎င်းမှာ အသက်အန္တရာယ်နှင့် ရင်းရသည့် လုပ်ရပ်ပင် ဖြစ်သည်။

သူ အောင်မြင်ခဲ့သော်လည်း ရာနှုန်းပြည့် အောင်မြင်သည်ဟု မဆိုနိုင်ပေ။

အကယ်၍ သူသည် အခြားတစ်ယောက်ကိုသာ နတ်ဘုရားပင့်ဖိတ်ခိုင်းနိုင်ပါက သူကိုယ်တိုင် ထိုထိခိုက်မှုများကို ခံစားရတော့မည် မဟုတ်ပေ။

တန်ဝမ်ကျဲသည် သူ့ဘေးက အားဟုန်ကို ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်မိသည်။ သူသည် သူ့ကိုယ်သူ လူကောင်းတစ်ယောက်ဟု သတ်မှတ်ထားသဖြင့် အပြစ်မဲ့သူများကို ဒုက္ခထဲသို့ ဆွဲမသွင်းချင်ပေ။

“ဟေး အားကျဲ မင်း ခုနက ဘာလို့ ရုတ်တရက်ကြီး ခက်ထန်သွားတာလဲ။ တကယ်ကြီး နတ်မင်းကြီး ဝင်ပူးသွားတာလား။”

“ငါ နဂါးစိမ်းလခြမ်းဓားကို ဝင်ပူးဖို့ ဖိတ်လိုက်တာ။”

တန်ဝမ်ကျဲက ပြန်ဖြေလိုက်၏။ ကံမကောင်းစွာဖြင့် အားဟုန်က ထိုစကားကို လုံးဝ မယုံကြည်ပေ။

ထို့နောက် တန်ဝမ်ကျဲသည် ပူဇော်ပွဲကို သိမ်းဆည်းလိုက်၏။ နောက်ထပ် သူ ဖြေရှင်းရမည့်ကိစ္စမှာ ‘ဝိညာဉ်နှင့် လက်ထပ်ခြင်း’ ဖြစ်သည်။ နဂါးစိမ်းလခြမ်းဓား၏ ဝိဉာည်လက်ခံကောင်ဖြစ်လာပြီဆိုပါက အမျိုးသမီးသရဲ သို့မဟုတ် ဗုဒ္ဓမယ်တော်ကို ရင်ဆိုင်ရန် ပြဿနာမရှိတော့ပေ။

သို့သော် ၎င်းမှာ မလုံလောက်သေးသဖြင့် သူသည် နောက်ထပ် အရန်အစီအစဉ်များကို ပြင်ဆင်ရဦးမည်ဖြစ်သည်။

ပြန်လည်မထွက်ခွာမီ တန်ဝမ်ကျဲသည် သူ၏ ဆက်သွယ်ရန် လိပ်စာကို ချန်ထားခဲ့ပြီး လီရူနန် ထပ်ရောက်လာလျှင် သူ့ကို ဖုန်းဆက်ရန် ဆရာကြီးအားချင်းကို မှာကြားခဲ့လေသည်။ သူသည် ထိုလူကို တိုက်ရိုက်သတ်ပစ်လျှင် ဘာဖြစ်လာမလဲဆိုသည်ကို စမ်းကြည့်ချင်နေခဲ့သည်။

ပြဿနာကို မဖြေရှင်းနိုင်လျှင် ပြဿနာရှာသည့်လူကို ဖြေရှင်းလိုက်ရုံပင်။ ဂိမ်းတစ်ခုကို နိုင်အောင်ကစားနည်းက တစ်နည်းထက်မက ရှိသည်မဟုတ်ပါလော။

ထိတ်လန့်စရာ ရုပ်ရှင်အားလုံးကို ကြည့်လျှင် မလွဲမသွေ သေရမည့်အခြေအနေများမှလွဲ၍ ကျန်သည့် ရုပ်ရှင်များတွင် နားမထောင်သူ၊ ပြောင်းပြန်လုပ်သူ၊ လူစုခွဲသူ စသည့် မိုက်မဲသော လူများကြောင့်သာ ကိစ္စများက ပိုဆိုးသွားခဲ့ရခြင်းဖြစ်သည်။ အကယ်၍ သူတို့သာ စနစ်တကျ လုပ်ဆောင်ခဲ့လျှင် ဇာတ်သိမ်းမှာ ပြောင်းလဲသွားနိုင်ပေသည်။

ဆရာကြီးအားချင်းမှာ ဇဝေဇဝါ ဖြစ်နေခဲ့သော်လည်း တန်ဝမ်ကျဲအား ခေါင်းငြိမ့်ကာ သဘောတူလိုက်၏။ တန်ဝမ်ကျဲ နတ်ဖိတ်စဉ်က အားဟုန်ကတော့ ထူးထူးခြားခြား ဖြစ်စဉ်တစ်ခုဟုသာ မြင်လိုက်ရသော်လည်း ဆရာကြီးအားချင်းသည်မူ တန်ဝမ်ကျဲထံသို့ နတ်ဘုရား၏ တန်ခိုးတော်များ အမှန်တကယ် ရောက်ရှိလာသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။

သို့သော် သူ တစ်ခုတော့ ထူးဆန်းနေမိသည်။

ဘာလို့ တန်ဝမ်ကျဲက နတ်ပူးနေတုန်းမှာ တောင့်တောင့်ကြီး ရပ်နေရတာလဲ။ ကျိုးချန်း နတ်မင်းကြီး ပူးနေတာနဲ့ မတူဘဲ သူ့ကို ထိလိုက်တာနဲ့ သွေးထွက်သွားမလောက် ထက်မြက်လှတဲ့ ဓားတစ်လက်လို ဘာလို့ ဖြစ်နေရတာလဲ။

သူတို့ ဘုရားကျောင်းမှ ထွက်လာခဲ့ကြ၏။

“အားဟုန် အနီးဆုံး ပုထိုးဘုရားကျောင်း ဘယ်မှာရှိလဲဆိုတာ မင်းသိလား “

တန်ဝမ်ကျဲက မေးလိုက်သည်။

“သိတာပေါ့ကွ။”

အားဟုန်က ကားမောင်းသူနေရာတွင် ဝင်ထိုင်လိုက်၏။ သူ၏သူငယ်ချင်းသည် ယနေ့ တကယ့်ကို အလန်းစား ဖြစ်နေသဖြင့် ဒီလောက် ကောင်းသည့် သတင်းအချက်အလက်များဖြင့်ဆိုရင် ရလဒ်ကောင်းရရန်မှာ စိတ်ပူစရာမလိုတော့ပေ။

သို့သော် မကြာမီမှာပင် ပုထိုးဘုရားကျောင်းသို့ သွားရာလမ်း၌ ကားပိတ်မိနေခဲ့လေသည်။

ထို့နောက် ရေဒီယိုကို ဖွင့်လိုက်သောအခါ ကြေညာသံတစ်ခုကို ကြားလိုက်ရပြန်သည်။

“တောက် ရှေ့မှာ ကားတိုက်မှုဖြစ်လို့ လမ်းပိတ်နေပြီ။ သွားလို့ မရတော့ဘူး။”

“ဒါဆို ‘မိစ္ဆာနှိမ်နင်းရေး နတ်ဘုရား’ ဘုရားကျောင်းကို သွားရအောင်။”

ထို့နောက် မျှော်လင့်ထားသည့်အတိုင်း လမ်းတွင် ထပ်မံ ပိတ်မိနေပြန်သည်။

“ဒါက တစ်ခုခုတော့ ထူးဆန်းနေသလိုပဲ။”

အားဟုန်က အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ ထူးဆန်းသော ဖြစ်ရပ်များကို တစ်ခုပြီးတစ်ခု ကြုံတွေ့နေရခြင်းက သူ့ကို မကြောက်ရွံ့စေဘဲ ပို၍သာ စိတ်လှုပ်ရှားစေခဲ့၏။

သို့သော် တန်ဝမ်ကျဲကမူ အရာအားလုံးကို အလွယ်တကူ နားလည်လိုက်လေသည်။

၎င်းမှာ လျှို့ဝှက်နယ်မြေ၏ ဇာတ်လမ်းသွားအတိုင်း သူ့ကို မမြင်ရသော နံရံများဖြင့် ပိတ်ပင်ထားခြင်းလော သို့မဟုတ် ပိုမိုအစွမ်းထက်သော နတ်ဘုရားများနှင့် မဆက်သွယ်နိုင်အောင် တမင် ကန့်သတ်ထားခြင်းလော။

အကယ်၍ သူသည် ဇာတ်ကောင်အတိုင်း တစ်ဖြောင့်တည်း သွားရမည်ဆိုရင် အမျိုးသမီးသရဲက ဘယ်လိုလုပ် သူ့ဆီ ရောက်လာရတာလဲ။သူရဲ့ +၁၀ ကံဆိုးမှုကြောင့် အလိုအလျောက် ဆွဲဆောင်လိုက်တာလား။

ထိုသို့လည်း ဖြစ်နိုင်ပေသည်။

ဤကမ္ဘာတွင် ဗုဒ္ဓမယ်တော်ထက် ပိုဆိုးသော အရာများစွာ ရှိနေနိုင်ပေသည်။

“ယူနန်ကို သွားကြည့်ရင်ကော ဘယ်လိုလဲ။”

All Chapters