၂၉ ခုမြောက် တပ်မတော်၏ ဓားမကြီး
Vol. 2 Ch. 14
မဟာအနက်ရောင်ဗုဒ္ဓမယ်တော်ကို အစွမ်းမထက်လှဟု ယူဆရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ၎င်းသည် ကျိန်စာဗီဒီယိုကို ကြည့်ခဲ့သည့် ဘုန်းတော်ကြီးကို မသတ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုဘုန်းတော်ကြီးမှာ အလွန်အစွမ်းထက်ပုံရသော်လည်း တို့တို့ကို မွေးစားထားသည့် မိသားစုမှ ဖခင်ရှဲ့ချီမင်သည်မူ ဘုန်းတော်ကြီးနှင့် တွေ့ပြီးနောက် သေဆုံးသွားခဲ့သည်။ ထို့ကြောင့် ယူနန်သို့ သွားခြင်းမှာလည်း အာမခံချက်မရှိလှပေ။
မည်သို့ပင်ဖြစ်စေ ပိုကောင်းသည့် နည်းလမ်းမရှိသလို အချိန်လည်း မရှိတော့သဖြင့် ယနေ့ညတွင် သူကိုယ်တိုင်ပင် အံတုရင်ဆိုင်ရတော့မည် ဖြစ်သည်။
“ငါ့ကို ဘုရားကျောင်းကိုပဲ ပြန်မောင်းပေးတော့။”
တန်ဝမ်ကျဲသည် ပို၍ စိတ်ချရသည့်နေရာ၌သာ နေလိုသည်။
“အေးပါ”
အားဟုန်က ခေါင်းငြိမ့်လိုက်ပြီး သူ၏ ကူညီသူအခန်းကဏ္ဍကို ကောင်းမွန်စွာ ထမ်းဆောင်တော့လေသည်။
သူ ပြန်ရောက်လာသည်ကို မြင်သောအခါ ဆရာကြီးအားချင်းက ပဟေဠိ ဖြစ်သွားခဲ့၏။ တန်ဝမ်ကျဲက ကံစမ်းသည့်ခွက်ကို ထပ်မံပစ်လွှတ်လိုက်သည်ကိုသာ သူ စောင့်ကြည့်နေမိခဲ့သည်။
“နတ်မင်းကြီးခင်ဗျာ... ကျွန်တော်မျိုး ဒီည ဒီမှာ အိပ်လို့ရမလား။”
ဤတစ်ကြိမ်တွင်မူ ရလဒ်မှာ ပြတ်သားလွန်းလှ၏။
‘မရဘူး။’
မင်းကို အဆောင်လည်း ပေးထားပြီးပြီ၊ နတ်ဘုရားရဲ့ တန်ခိုးစွမ်းအားလည်း ငှားပေးထားပြီးပြီ၊ ဒါတောင် မင်းက ဘေးကင်းဖို့ပဲ ရှာဖွေနေတုန်းလား။ ဒီလောက်ထိ ကြောက်တတ်နေရင် မိစ္ဆာတွေကို ဘယ်လိုနှိမ်နင်းမှာလဲ။
‘မိစ္ဆာနှိမ်နင်းတာနဲ့ သေမှာကြောက်တာက ဘာမှမဆိုင်ဘူးလေ။ ငါက အားနည်းတဲ့သူကိုပဲ နှိပ်စက်ချင်တာ။ အားကြီးတဲ့ရန်သူနဲ့ တိုက်ခိုက်ရင်း သေသွားတာက ဘာမှတန်ဖိုးမရှိဘူး။ ငါသာ အသက်ရှင်နေရင် နောက်ထပ် မိစ္ဆာအငယ်အပွားလေးတွေကို အများကြီး သတ်ပေးနိုင်ဦးမှာ။ အဲဒါကမှ ပိုပြီး အကျိုးရှိတာလေ။’
တန်ဝမ်ကျဲ စိတ်ထဲမှ ပြန်ပြောမိလိုက်၏။
သို့သော်လည်း သူ ဘုရားကျောင်းမှ ထွက်လာခဲ့ရသည်။ တစ်ယောက်တည်း ရင်ဆိုင်ရမည်ဆိုလျှင်လည်း ရင်ဆိုင်ရုံသာ ရှိတော့ပေသည်။ နတ်မင်းကြီး ကျိုးချန်းကို စိတ်ဆိုးအောင်လုပ်မိ၍ နဂါးစိမ်းလခြမ်းဓားအညး မငှားပေးတော့ဘဲနေမှာကို ပို၍စိုးရိမ်ရပေသည်။
အားဟုန်က တန်ဝမ်ကျဲကို အိမ်သို့ ပြန်ပို့ပေးခဲ့၏။
“ငါ မင်းနဲ့အတူ နေပေးရမလား။”
တန်ဝမ်ကျဲသည် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲတော့မည့်အလား ပူဇော်ပွဲ ပြင်ဆင်နေသည်ကို မြင်လိုက်ရသဖြင့် အားဟုန်မှာ စိုးရိမ်စိတ်နှင့် သိချင်စိတ်များ ရောပြွန်းနေခဲ့သည်။
“ငါ့ကို ခြောက်မှာက အမျိုးသမီးသရဲလေ။ မင်းက ဘာလဲ...။ ဘေးကနေ ပွဲကြည့်ချင်လို့လား။”
တန်ဝမ်ကျဲက လက်ခါပြလိုက်သည်။ ဝမ်ကျဲက လက်ခါပြလိုက်သည်။
“မင်း တကယ်စိတ်ဝင်စားတယ်ဆိုရင်လည်း ငါ ဒီည သူမနဲ့ သေချာစကားပြောပေးမယ်။ ငါ့အစား မင်းပဲ လက်ထပ်လိုက်ဖို့ပေါ့။”
“မလုပ်ပါနဲ့။ ငါ နောက်တာပါ။ သူငယ်ချင်းရဲ့ ဇနီးလောင်းကို ငါက ဘယ်လိုလုပ်ပြီး စိတ်ဝင်စားမှာလဲ။”
အားဟုန်က လက်ကာပြကာ ငြင်းတော့၏။
“မင်း ငါ့ကို တကယ်ကူညီချင်တယ်ဆိုရင် အစွမ်းထက်တဲ့ လက်နက်တွေ ရှာပေးပါလား။ မဟုတ်သေးဘူး...။ မှော်လက်နက်တွေ မဟုတ်ဘူး။”
တန်ဝမ်ကျဲက ခေါင်းခါလိုက်သည်။ နတ်ဘုရား၏ကောင်းချီးမပါဘဲ ရှာလာသည့် မှော်လက်နက်များမှာ အလကားပင်ဖြစ်သည်။
သူက ထပ်ဖြည့်ပြောလိုက်သည်။
“ငါ့ကို အရမ်း ကြောက်စရာကောင်းတဲ့ နတ်ဆိုးအငွေ့အသက်ရှိတဲ့ လက်နက်တွေ ရှာပေးပါ။”
“အငွေ့အသက် အားကောင်းတဲ့ လက်နက်လား။ ဥပမာပြောလေ။ ဘယ်လိုဟာမျိုးလဲ။”
“ဥပမာ လူသတ်သမား သုံးခဲ့တဲ့ ဓား၊ လူသတ်တဲ့နေရာမှာ သုံးခဲ့တဲ့ ကြိုး၊ ဒါမှမဟုတ် လူသတ်ဖို့ သုံးခဲ့တဲ့ ကျောက်ခဲမျိုးပေါ့။”
“လူသတ်လက်နက်တွေချည်းပဲလား။”
“လူတွေ အများကြီး သတ်ခဲ့လေ ပိုကောင်းလေပဲ။ ပိုရက်စက်လေ ပိုကောင်းလေပဲ။”
သရဲတောင်မှ ရက်စက်တဲ့ လူကို ကြောက်တတ်သည် မဟုတ်ပါလား။
“အဲ့ဒါတွေက လူသတ်လက်နက်တွေလေကွာ။”
အားဟုန်သည် သူ၏လုပ်ဖော်ကိုင်ဖက် ရူးသွားပြီလားဟု တွေးရင်း ခေါင်းခါလိုက်သော်လည်း “အေးပါ... ငါ စုံစမ်းကြည့်ပေးပါ့မယ်” ဟု ပြောကာ ထွက်ခွာသွားခဲ့သည်။
တန်ဝမ်ကျဲသည် သူ့ကို ယုံကြည်အားကိုးစိတ် ပေါက်အောင် လုပ်ဆောင်နိုင်စွမ်းရှိ၏။
မထွက်ခွာမီ အားဟုန်သည် ကင်မရာပစ္စည်းများကို ပြင်ဆင်ရင်း သတိပေးသွားခဲ့သေးသည်။
“ဟေး... ရိုက်ထားဖို့ မမေ့နဲ့ဦးနော်။ ဒီည ဖြစ်သမျှကို မှတ်တမ်းတင်ထားရမယ်။”
“အေးပါ...ငါ သိပါတယ်။”
အားဟုန် ထွက်သွားပြီး တံခါးပိတ်သွားမှ တန်ဝမ်ကျဲ သက်ပြင်းချနိုင်တော့လေသည်။ လူသတ်လက်နက် ရသည်၊ မရသည်က အရေးမကြီးပေ။ အားဟုန် ထွက်သွားဖို့ကသာ အရေးကြီးပေသည်။ သူသည် အားဟုန်ဆီက ပိုက်ဆံယူထားသဖြင့် လူကြီးလူကောင်းပီပီ အခြားသူကို အန္တရာယ်ထဲသို့ ဆွဲမသွင်းလိုပေ။
သူသည် ကျွမ်းကျင်စွာပင် ကင်မရာပစ္စည်းများကို ဖြုတ်လိုက်ပြီး မှန်ဘီလူးကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်၏။ ထို့နောက် မီးဖိုကို ဖွင့်ကာ မှန်ဘီလူးအပိုင်းအစများကို မီးမြှိုက်ပစ်လိုက်လေသည်။
“မှတ်တမ်းတင်ရမယ် ဟုတ်လား။ အိမ်မက်ပဲ မက်နေလိုက်။”
“ကျိန်စာ” ရုပ်ရှင်ထဲက ကျိန်စာတွေက ဗီဒီယိုကနေတစ်ဆင့် ပြန့်နှံ့တာလေ။ ဒီလို အောက်တန်းစား အမှားမျိုးကို သူ ဘယ်လိုလုပ် ကျူးလွန်ပါ့မလဲ။
ပစ္စည်းများကို ဖျက်ဆီးလိုက်သည့်အတွက် လျော်ကြေးပေးရမှာက သူ၏အသက်နှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။
အားဟုန်ကတော့ ဒါကို ဖြေရှင်းနိုင်မှာပါ။
ညရောက်လာ၏။
တန်ဝမ်ကျဲသည် ဆိုဖာပေါ်တွင် ထိုင်ကာ အမျိုးသမီးသရဲ လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်နေခဲ့သည်။
သူသည် အိမ်က မိန်းခလုတ်ကို ချထားရုံတင်မကဘဲ မီးသီးဝိုင်ယာကြိုးများကိုပါ ဖြတ်တောက်ပစ်ကာ မီးသီးအားလုံးကို ရိုက်ခွဲထားခဲ့သည်။ သရဲပေါ်လာသည့်အချိန်တွင် မီးမှိတ်တုတ်မှိတ်တုတ်လုပ်ပြီး ကြောက်စရာကောင်းသည့် အငွေ့အသက်အား ဖန်တီးမည်ကို သူက ကြိုတင်ကာကွယ်ထားခြင်း ဖြစ်သည်။
အခန်းထဲတွင် မှောင်အတိ ကျနေ၏။
တန်ဝမ်ကျဲသည် သူ၏လက်မောင်းတွင် ပတ်ထားသော အဆောင်ကို စမ်းကြည့်ရင်း စိတ်တည်ငြိမ်အောင် ကြိုးစားနေလိုက်သည်။
ထိုစဉ် အေးစိမ့်သော လေပွေတစ်ခု တိုက်ခတ်လာပြီး တံခါးမှာ တကျီကျီမြည်ကာ လှုပ်ခါလာခဲ့သည်။
ဤသည်မှာ သူ ပထမဆုံးအကြိမ် သရဲနှင့် ထိပ်တိုက်တွေ့ရခြင်း ဖြစ်သည်။ ယခင်က သူသည် အလွန်သတိကြီးသူဖြစ်သဖြင့် သာမန်ဘဝတွင်သာ နေထိုင်ခဲ့ပြီး သရဲအကြောင်း ကြားရုံသာ ကြားဖူးကာ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
“နဂါးချစ်တဲ့ မင်းကြီးလိုမျိုး ဖြစ်မသွားဖို့ပဲ မျှော်လင့်ရတော့မယ်။”
သူကိုယ်တိုင်လည်း သရဲကို မြင်မြင်ချင်း မည်သို့ခံစားချက်မျိုး ဖြစ်မလဲဆိုသည်ကို မခန့်မှန်းနိုင်ပေ။ စိတ်ကူးယဉ်စရာတော့ ဖြစ်မှာ မဟုတ်သည်မှာ သေချာပေသည်။
ထိုစဉ် တရှပ်ရှပ်လျှောက်လာနေသော ခြေသံသဲ့သဲ့ကို ကြားလိုက်ရ၏။ တမင် ဖွင့်ထားသော တံခါးဝတွင် အနီရောင် အရိပ်တစ်ခု ပေါ်လာခဲ့လေသည်။
ရှေးဟောင်းစတိုင် မင်္ဂလာဆောင် ဝတ်စုံအနီရောင်၊ ခေါင်းဆောင်းနှင့် ဝတ်ရုံအပြည့်အစုံပါ၏။
ထိုအမျိုးသမီးမှာ အရပ် ၅ ပေ ၃ လက်မခန့် ရှိပြီး ကိုယ်လုံးကိုယ်ပေါက်မှာ တော်တော်လေး လှပသည်။ မှောင်နေသဖြင့် သေချာမမြင်ရသော်လည်း အချိုးအစားမှာ ၃၃-၂၃-၃၄ ခန့် ရှိပေလိမ့်မည်။ နှမြောစရာကောင်းသည်မှာ သူမ၏ အရေပြားပေါ်တွင် ပုပ်ပွနေသော အစက်အပြောက်များနှင့် အနာဖေးများ ရှိနေခြင်းပင်။
နောက်ကျောက ကြည့်လျှင်တော့ သူမက သေချာပေါက် အလှလေးပင်။
“သေပြီးရင်တောင် အရေပြားကို ဂရုစိုက်သင့်တယ်နော်။ ကြည့်စမ်း... အနာတွေ၊ အစက်အပြောက်တွေနဲ့။ မျက်လုံးတွေကလည်း သွေးရောင်လွှမ်းနေတယ်။ မျက်မှန်တွေ အကြာကြီး တပ်ထားလို့ မျက်စိနာနေတာလား။”
တန်ဝမ်ကျဲက ခေါင်းခါရင်း သက်ပြင်းချလိုက်မိသည်။
“အပြင်မှာ တွေ့ရတာက စိတ်ပျက်စရာကောင်းတတ်မှန်းတော့ ငါလည်း သိပါတယ်။ ဒါပေမဲ့ မင်းကလည်း အရှိအတိုင်းကြီး ပြလွန်းတယ်။ မိတ်ကပ်လေး ဘာလေး လိမ်းလာသင့်တာပေါ့။ ငါက မိန်းကလေးတွေကို စိတ်မဝင်စားပေမဲ့ မင်းသာ လှလှပပ ပြင်လာရင် ငါ လှည့်စားခံရနိုင်သေးတယ်။ မှတ်ထားပါ... ရုပ်ဆိုးတဲ့ မိန်းမဆိုတာ မရှိဘူး။ အပျင်းတစ်တဲ့ မိန်းမပဲ ရှိတယ်။”
အကယ်၍ သူမသာ နေးရှောင်ချန်းလို ချောမောလှပနေပါက သူသည် အံကြိတ်ပြီး သူမနှင့် အတူနေပေးကာ တာဝန်ကို ပြီးဆုံးအောင်လုပ်ပြီး မှော်ဝင်ငွေ ရှာနိုင်ကောင်း ရှာပေလိမ့်မည်။
သို့သော် သူမ၏ ရုပ်ရည်အစစ်အမှန်ကို မြင်လိုက်ရသောအခါ တန်ဝမ်ကျဲသည် မိမိကိုယ်ကို တရားမျှတသည့် လူသားတစ်ဦးအဖြစ်သာ ခံယူလိုက်ပြီး မိစ္ဆာနှိမ်နင်းရန်သာ ဆုံးဖြတ်လိုက်တော့လေသည်။
“မောင်... ကြီး...”
အသံမှာ အလွန်ပင် စူးရှပြီး ကြောက်စရာကောင်းလှ၏။ သရဲမ၏ ပါးစပ်လှုပ်ရှားသည်ကို မမြင်ရသော်လည်း အသံမှာ အရပ်မျက်နှာ အနှံ့မှ ထွက်ပေါ်နေခဲ့သည်။
“ဒါ အဆောင်ကြောင့်ပဲ နေမယ်။ ငါ့ကို လှည့်စားနေတာတွေကို မြင်နိုင်အောင် လုပ်ပေးနေတာပဲ။”
သူမ၏ အော်ဟစ်သံများသည် နားမခံသာအောင် စူးရှလှသဖြင့် တန်ဝမ်ကျဲ မျက်မှောင်ကျုံ့လိုက်မိသည်။
သို့သော် အကွာအဝေးက မနီးသေးပေ။
နီးလာပြီ။
သူမသည် သူ့ဆီသို့ လျှောက်လာ၏။ သူမ မျက်နှာပေါ်က ပုပ်ပွနေသော အစက်အပြောက်များကိုပင် သူ မြင်နေရပြီဖြစ်သည်။
နီးလာပြီ။
ညှော်နံ့လိုလို အနံ့ဆိုးတစ်ခုကို သူ ရလိုက်၏။
နီးလာပြီ...။
တန်ဝမ်ကျဲသည် သူ၏ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ဆောင့်နင်းလိုက်ပြီး ကိုယ်ကို လွှတ်ကာ သရဲမဆီသို့ တိုက်ရိုက်ခုန်ဝင်လိုက်တော့လေသည်။
နတ်ပူးစေ...။
တစ်ခါဆိုရင် မသိသေးဘူး၊ နှစ်ခါဆိုရင်တော့ သိလာပြီ။
နဂါးစိမ်းလခြမ်းဓား၏ ဝိဉာည်လက်ခံကောင် ဖြစ်ရခြင်းကို တန်ဝမ်ကျဲ အသားကျလာပြီဖြစ်သည်။ သူသည် သရဲမ၏ ရင်ဘတ်ဆီသို့ ခေါင်းဖြင့် တိုးဝင်လိုက်သော်လည်း လွဲချော်သွားခဲ့သည်။
ဘုန်း
သူ့ကိုယ်ခန္ဓာမှာ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွား၏။
တန်ဝမ်ကျဲသည် နတ်ပူးခြင်းကို ချက်ချင်း ဖျက်လိုက်လေသည်။ ချွေးများမှာ မိုးရေအလား စီးကျလာခဲ့လေသည်။
နတ်ဖိတ်သည့် အကြိမ်တိုင်းတွင် သူ၏ အားအင်နှင့် အသက်စွမ်းအားများ ကုန်ခန်းပေ၏။ နောက်ထပ် အနည်းငယ်သာဆိုလျှင် သူ သေသွားနိုင်ပေသည်။
ဖတ်
ပုပ်ပွနေသော အမျိုးသမီးလက်တစ်ဖက်က သူ့ပုခုံးပေါ်သို့ ကျရောက်လာ၏။ သို့သော် ခဏအကြာတွင် ထိုပုပ်ပွနေသော အရာများမှာ မျက်စိရှေ့တင် ပျောက်ကွယ်သွားတော့လေသည်။
“ဘာလို့ အစွမ်းမပြတော့တာလဲ။”
တန်ဝမ်ကျဲသည် ပလတ်စတစ်အောက်က အဆောင်ကို ကြည့်ရင်း စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။
ပလတ်စတစ်က လေလုံနေပြီး သူ နတ်ဖိတ်တိုင်း ချွေးများ အလွန်ထွက်သဖြင့် အဆောင်စာရွက်မှာ ချွေးများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။
သူသည် နောက်သို့ လှည့်ကာ ဓားလက်ချောင်းဖြင့် သရဲမ၏ နဖူးကို အားကုန်ထိုးစိုက်လိုက်တော့လေသည်။
ကံမကောင်းစွာဖြင့် အစွမ်းက အလွန်နည်းလွန်းလှ၏။ သူမ၏ ခေါင်းမှာ နောက်သို့ အနည်းငယ် လန်သွားရုံသာ ရှိပြီး ပုခုံးပေါ်က လက်ကတော့ မလှုပ်မယှက် ရှိနေဆဲပင်။
တန်ဝမ်ကျဲက သူမ၏ လက်ကို ပြန်လည် ဆွဲကိုင်လိုက်သည်။
အဆောင်မှာ အစွမ်းမပြတော့သဖြင့် သရဲမမှာ သူမ အသက်ရှင်စဉ်က ရုပ်ရည်အတိုင်း ပြန်ပေါ်လာခဲ့သည်။ အသားဖြူလွန်းသည်ကလွဲလျှင် သူမသည် တန်ဝမ်ကျဲ ကြိုက်တတ်သည့် ပုံစံမျိုးပင်။
သူ့ရဲ့ စံနှုန်းကတော့ ရှင်းပါတယ်။
ချောရမယ်။
“မင်း ငါနဲ့ လက်ထပ်ချင်တာ မဟုတ်လား။ ငါက နတ်မင်းကြီး ကွမ်းယွီကို ကိုးကွယ်တာ။ ငါတို့ နတ်မင်းကြီး ရှေ့မှောက်မှာပဲ မင်္ဂလာပွဲ ကျင်းပကြရအောင်။”
သူသည် ညာဘက်ခြေဖြင့် မြေကို ဆောင့်နင်းကာ နတ်ဖိတ်လိုက်ရင်း သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့လေသည်။
နဂါးစိမ်းလခြမ်းဓား ပူးကပ်စေ။
အမိန့်တော်အတိုင်း အမြန်ဆုံး။
ကလန်....
ဓား၏ အသံမှာ မြည်ဟည်းသွား၏။ ထို့နောက် သူ့မျက်စိရှေ့က အရာအားလုံး ပျောက်ကွယ်သွားတော့သည်။
[အတွေ့အကြုံ ရရှိမှု - ၅]
“ဒီလောက်လေးပဲလား။”
တာဝန်ပြီးမြောက်ကြောင်း ပြသလာခဲ့သည်။ ကံမကောင်းစွာဖြင့် မှော်ဝင်ငွေ ၃၀၀ ကိုတော့ လျှို့ဝှက်နယ်မြေက ထွက်မှသာ ထုတ်ယူနိုင်မည်ဖြစ်သည်။
သူ့၏မိစ္ဆာနှိမ်နင်းနည်းက အိန္ဒိယက “ဓားနဲ့ငါး တိုက်မိခြင်း” အယူအဆကနေ ရလာခြင်းဖြစ်၏။ သူတို့၏ ဘာသာတရားက သတ်ဖြတ်ခြင်းကို တားမြစ်ထားသည့်အတွက် ငါးတွေက ဓားပေါ်ကို ခုန်တက်ပြီး သေသွားအောင် လုပ်သည့် နည်းလမ်းမျိုးပင်။
ငါးက သူ့ဘာသာ သတ်သေတာ။ ငါ သတ်တာ မဟုတ်ဘူး။
ထန်းဝမ်ကျဲ၏ “ဖက်ပြီးသတ်ခြင်း” ကလည်း ထိုကဲ့သို့ ထက်မြက်သည့် နည်းလမ်းမျိုးပင်ဖြစ်သည်။
နတ်ပူးနေချိန်တွင် သူက မလှုပ်ရှားနိုင်ပေ။ သို့သော် သရဲက သူ့ဆီကို သူ့ဘာသာ တိုးဝင်လာမည်ဆိုလျှင်တော့ ရလဒ်က အတူတူပင်။
ထိုစဉ် သူ၏ဖုန်းမှာ တုန်ခါလာခဲ့သည်။ တန်ဝမ်ကျဲ ဖုန်းကိုင်လိုက်သောအခါ အားဟုန်၏ အသံကို ကြားလိုက်ရလေသည်။
“အားကျဲ ငါ မင်းအတွက် ပစ္စည်းကောင်းတစ်ခု ရှာတွေ့ထားတယ်။”
“လူသတ်လက်နက် ရှာတွေ့ထားတာလား။”
“၂၉ ခုမြောက် တပ်မတော်ရဲ့ ဓားမကြီးတဲ့။ အဲဒါဆိုရင်ကော လုံလောက်ပြီမလား။”