← Chapters

ပြဿနာရှာသူကို ဖြေရှင်းခြင်း

Vol. 2 Ch. 15

ပြဿနာရှာသူကို ဖြေရှင်းခြင်း

Vol. 2 Ch. 15

တန်ဝမ်ကျဲ၏ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။

ရက်စက်ရုံတင်မကဘဲ ဤလက်နက်မှာ လူ့လောကထဲသို့ ကြွချီလာသည့် ကြောက်မက်ဖွယ် နတ်ဘုရားတစ်ပါးနှင့်ပင် တူလှသည်။

၎င်းသည် နှလုံးသားမရှိသည့် ဂျပန်စစ်သားများကိုပင် သတ်နိုင်ခဲ့ခြင်းဖြစ်ပြီး သာမန်သရဲလောက်ကတော့ ပြောနေစရာပင် မလိုတော့ချေ။

“အခု မင်းဆီ ယူလာပေးရတော့မလား။”

“မလိုတော့ဘူး။ ငါ့ဘက်က ကိစ္စပြတ်သွားပြီ။”

ဘေးကင်းစေရန်အတွက် အားဟုန်ကို အိမ်သို့ အလာမခံခြင်းက ပိုကောင်းသည်ဟု တန်ဝမ်ကျဲ တွေးလိုက်မိ၏။ ထို့ပြင် သူသည် ထူးခြားချက်တစ်ခုကို သတိပြုမိလိုက်သည်။ သူကိုယ်တိုင်မှာ တစ်ဖြောင့်တည်းသွားနေသော ဇာတ်လမ်းထဲတွင် ပိတ်မိနေသော်လည်း အားဟုန်မှာမူ လွတ်လပ်စွာ သွားလာနိုင်နေခြင်း ဖြစ်သည်။

ဤသို့ဆိုလျှင် အားဟုန်မှာ သူ၏ ခရီးသွားဖားလေးကဲ့သို့ပင် သူကိုယ်တိုင် သွားယူ၍မရသော ပစ္စည်းများကို ရှာဖွေပေးမည့်သူ ဖြစ်လာနိုင်ပေသည်။

“ဟမ်...မင်း ဗီဒီယို ရိုက်နိုင်ခဲ့လို့လား။”

“ကံမကောင်းစွာနဲ့ပဲ ရန်သူက အရမ်းအစွမ်းထက်နေခဲ့တော့ ပစ္စည်းတွေ အကုန်ပျက်စီးသွားတယ်။”

“မင်း နောက်နေတာပဲ ဖြစ်ရမယ်။”

“ငါ တကယ်ပြောနေတာ။”

“...”

ခဏတာ တိတ်ဆိတ်သွားပြီးနောက် အားဟုန်က ပြောလာခဲ့သည်။

“ငါတို့သာ ဒီသတင်းကို အောင်အောင်မြင်မြင် မတင်ပြနိုင်ရင် အလုပ်ပြုတ်တော့မှာ သေချာတယ်။”

“မင်း အစားအသောက် ပို့တဲ့အလုပ်တို့ ဒါမှမဟုတ် ပစ္စည်းဝယ်ပေးတဲ့အလုပ်တို့ ပြောင်းလုပ်ဖို့ စဉ်းစားဖူးလား။ အဲဒီဘက်မှာ မင်းက တကယ့် ပါရမီရှင်ပဲ။”

တန်ဝမ်ကျဲက ပြောလိုက်သည်။ ထို့နောက် တစ်ဖက်မှ ဆဲဆိုသံများ ထွက်ပေါ်မလာမီ ဖုန်းကို နားမှ အမြန်ခွာလိုက်တော့လေသည်။

နောက်တစ်နေ့တွင် တန်ဝမ်ကျဲသည် အားဟုန်ထံမှ ဓားမကြီးကို လက်ခံရရှိခဲ့လေသည်။ အားဟုန်ကလည်း ပစ္စည်းအပိုင်းအစများကို ပြန်ရရှိခဲ့သည်။ ကံကောင်းသည်မှာ မှန်ဘီလူးတစ်ခုသာ ပျက်စီးသွားခြင်းဖြစ်ပြီး ပြန်တပ်လိုက်လျှင် အသုံးပြု၍ ရနိုင်သေးသည်။ ၎င်းမှာ ကံဆိုးခြင်းထဲမှ ကံကောင်းခြင်းပင်။

သို့သော် ပြန့်ကြဲနေသော စက်ပစ္စည်း အစိတ်အပိုင်းများကို ကြည့်ရင်း ၎င်းမှာ သရဲဖျက်ဆီးထားခြင်း ဖြစ်နိုင်သည်ဟု အားဟုန် မယုံကြည်ပေ။ ဖြုတ်ထားသည့် နည်းလမ်းမှာ အလွန်ကျွမ်းကျင်လွန်းလှပေသည်။

သံသယဖြစ်စရာ လူမှာ တစ်ယောက်တည်းသာ ရှိ၏။ ၎င်းမှာ တန်ဝမ်ကျဲပင် ဖြစ်သည်။

ထိုအချိန်တွင် တန်ဝမ်ကျဲ၏ အာရုံစိုက်မှုအားလုံးမှာ ၂၉ ခုမြောက် တပ်မတော်၏ ဓားမကြီးပေါ်သို့ ရောက်ရှိနေခဲ့လေသည်။

သံဓားမှာ အမြင်အားဖြင့် ထူးခြားမှု မရှိလှပေ။

အလေးချိန်မှာ ၃ ပေါင်ခန့် (၁.၈ ကီလိုဂရမ်) ရှိပြီး လက်ရာမှာ သိပ်မကောင်းလှဘဲ သံချေးပင် တက်နေသေးသည်။ ဓားသွားမှာလည်း အထစ်အထစ်များ ဖြစ်နေကာ အရှည်မှာ ၉၀ စင်တီမီတာခန့် ရှိသည်။

[ဓားမကြီး - သရဲနှင့် ရန်သူတို့ကို ကွပ်မျက်နိုင်သည်။ မကောင်းမှုကို အပြစ်ပေးကာ မိစ္ဆာတို့ကို နှိမ်နင်းနိုင်သည်။]

အစစ်အမှန်ကြီးပဲ။

“မင်း ဒါကို ဘယ်က ရလာတာလဲ။”

တန်ဝမ်ကျဲက မေးလိုက်သည်။

“ဘိုးဘွားရိပ်သာကလေ။ အဲဒီမှာ ရူးနေတဲ့ အဘိုးကြီးတချို့ ရှိတယ်။ သူတို့က ၂၉ ခုမြောက် တပ်မတော်ရဲ့ ဓားမကြီးတပ်ဖွဲ့က တကယ့်စစ်သည်ဟောင်းတွေပဲ။ မိစ္ဆာနှိမ်နင်းဖို့ ရက်စက်တဲ့ လက်နက်တစ်ခု လိုချင်တယ်လို့ ငါပြောတော့ အဘိုးတစ်ယောက်က သူ့ဓားကို လိုလိုလားလားနဲ့ ပေးလိုက်တာ။ တခြားဓားတွေကတော့ ကျိုးကုန်ပြီ။ ဒီတစ်လက်ပဲ သုံးလို့ရမယ့်ပုံ ပေါက်နေတာ။”

တန်ဝမ်ကျဲ ခေါင်းညိတ်ကာ ပိုက်ဆံအချို့ ထုတ်ပေးလိုက်သည်။

“ဒါကို ငါဝယ်တယ်လို့ပဲ သဘောထားလိုက်ပါ။ အဘိုးတို့အတွက် အားဆေးလေး ဘာလေး ဝယ်သွားပေးလိုက်ဦး။”

အာဟုန်: “အားကျဲ... ဒီပိုက်ဆံတွေကို မြင်ဖူးသလိုလို ရှိသားပဲ။”

သူသည် ဤပိုက်ဆံမှာ မနေ့က တန်ဝမ်ကျဲ သူ့ဆီက “ငှား” သွားသည့် ပိုက်ဆံဖြစ်ကြောင်း ပြောချင်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် တန်ဝမ်ကျဲသည် ပိုက်ဆံထည့်ထားသော အိတ်ထဲမှပင် ပြန်ထုတ်ပေးနေသောကြောင့်ပင်။

ထိုအခါ တန်ဝမ်ကျဲက အားဟုန်၏ ပုခုံးကို ပုတ်လိုက်၏။

“လောကမှာ ရှိသမျှ ပိုက်ဆံတွေအားလုံးက မြင်ဖူးသလိုလို ရှိကြတာချည်းပါပဲ။”

အားဟုန်သည် တန်ဝမ်ကျဲကို စိုက်ကြည့်နေလိုက်သော်လည်း တန်ဝမ်ကျဲကမူ တည်ကြည်ဖြောင့်မတ်သော ဟန်ပန်ဖြင့်သာ နေမြဲနေနေခဲ့သည်။

“ဒါနဲ့ အားဟုန်... လူတစ်ယောက်ကို ရုန်းမရအောင် ချည်နှောင်နိုင်ပြီး ရုန်းလေ နာလေဖြစ်စေမယ့် ပစ္စည်းမျိုး ဘယ်မှာဝယ်လို့ရလဲ။ ပြီးတော့ အသံထွက်မလာအောင် ပါးစပ်ပိတ်ထားဖို့ကော။”

ထိုစကားကိုကြားသောအခါ အားဟုန်က ကောက်ကျစ်သော အပြုံးဖြင့် ပြုံးလိုက်သည်။

“သိတာပေါ့ကွ။”

ထို့နောက် သူ့ဖုန်းထဲက ရှာဖွေမှုရလဒ်တွင် ပေါ်လာသည့် လူကြီးသုံးပစ္စည်းများကို ကြည့်ရင်း တန်ဝမ်ကျဲ ခဏတာ တွေဝေသွားပြီးနောက် မေးလိုက်သည်။

“ခွေးအကြီးကြီးတွေ ချည်တဲ့ သံကြိုးမျိုးရော ဝယ်လို့ရလား။”

...

ညရောက်သော်...ကျိုးချန်း စစ်သူကြီး ဘုရားကျောင်း၌။

လီရူနန်သည် သမီးဖြစ်သူ တို့တို့ကို စိုးရိမ်တကြီး ကြည့်နေ၏။ သူမ၏ မျက်နှာပေါ်ရှိ မိခင်မေတ္တာနှင့် စိုးရိမ်စိတ်များသည် လမ်းသွားလမ်းလာတစ်ဦးပင် သိနိုင်လောက်သည်အထိ ထင်ရှားနေခဲ့သည်။

ဆရာကြီးအားချင်းနှင့် သူ့ဇနီးတို့၏ အစီအစဉ် ပြီးဆုံးသွားသည်ကို မြင်သောအခါမှသာ သူမ သက်ပြင်းချနိုင်တော့သည်။

တို့တို့ကို ၇ ရက် ၇ ညတိုင်တိုင် ဘာအစာမှ မကျွေးရဟု သိလိုက်ရသောအခါ လီရူနန်မှာ စိုးရိမ်သွားခဲ့သော်လည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ သမီးလေးအတွက်ဆိုလျှင် သူမ သေချာပေါက် လုပ်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

လီရူနန်ကိုယ်တိုင်လည်း ယုံကြည်သည်။ ဆရာကြီးအားချင်းလည်း ယုံကြည်၏။ သို့သော် မယုံကြည်သည့် လူတစ်ယောက် ရှိနေပြီး ထိုလူမှာလည်း အပြေးအလွှား ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ခြေသံများ နီးကပ်လာ၏။

လီရူနန် အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။ ရောက်ရှိလာသူမှာ အလွန်ချောမောသော လူငယ်လေးတစ်ဦး ဖြစ်သည်။ တစ်စုံတစ်ရာသော အကြောင်းကြောင့် သူ့ကို မြင်လိုက်ရသည်မှာ ထက်မြက်သော ဓားတစ်လက်ကဲ့သို့ပင် စူးရှလှလေသည်။

သူသည် ဂစ်တာအိတ်တစ်အိတ်ကို လွယ်ကာ ခရီးဆောင်သေတ္တာ အကြီးကြီးတစ်ခုကို ဆွဲလာခဲ့၏။

“အားကျဲ မင်း ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာတာလဲ။”

ဆရာကြီးအားချင်း အံ့ဩသွားခဲ့သည်။ သူ ဖုန်းဆက်ရုံသာ ရှိသေးသော်လည်း တန်ဝမ်ကျဲမှာ ရောက်နေခဲ့ချေပြီ။

တန်ဝမ်ကျဲက သေမှာကြောက်လွန်းလို့ ဘုရားကျောင်းနားမှာတင် ပုန်းနေတာလား။

“ကျုပ် လမ်းလျှောက်ရင်းနဲ့ ဒီဘက် ရောက်လာတာပါ။”

တန်ဝမ်ကျဲသည် ကလေးမလေး တို့တို့နှင့် သူမ၏ မိခင် လီရူနန်ကို ကြည့်လိုက်သည်။

တို့တို့မှာ ဗုဒ္ဓမယ်တော်၏ ပစ်မှတ်ထားခြင်းကို ခံထားရပြီးသား ဖြစ်သည်။ သူမ မမွေးခင်ကတည်းက ဗုဒ္ဓမယ်တော်ထံ၌ ယဇ်ပူဇော်ခံထားရသူ ဖြစ်သည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ ဗုဒ္ဓမယ်တော်သည် လူတစ်ယောက်ကို သတ်ရန် ထိုသူ၏ အမည်ကို သိရန် လိုအပ်ပေသည်။ ၎င်းမှာ ကြည့်ရှုသူများက ဗုဒ္ဓမယ်တော်ကို အစွမ်းမရှိသော မိစ္ဆာဟု သတ်မှတ်ရသည့် အကြောင်းရင်းတစ်ခုပင်။

တန်ဝမ်ကျဲသာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ချိန်၌ နာမည်အစစ် သုံးခိုင်းခြင်း မခံခဲ့ရလျှင် သူ၏ အမည်ကို ‘လီရူနန်’ ဟု ပြောင်းပစ်မည် သို့မဟုတ် အာဖရိက နာမည်ရှည်ကြီးတစ်ခုခု (ဥပမာ - အူမူဝဲဝဲဝဲ အိုယီတွန်းဂျီ အူမူဝဲဝဲဝဲ အိုဆက်စ်) ကို ရွေးချယ်မိမည်မှာ သေချာပေသည်။

“ကျွန်မတို့ သွားလိုက်ပါဦးမယ်။”

တန်ဝမ်ကျဲ၏ အကြည့်အောက်တွင် လီရူနန်မှာ မနေတတ်သဖြင့် တို့တို့ကို ချီကာ ထွက်သွားရန် ပြင်လိုက်၏။

တန်ဝမ်ကျဲသည်လည်း သူမတို့နောက်သို့ တိုက်ရိုက် လိုက်သွားတော့လေသည်။ သူ၏ ပစ်မှတ်မှာ လီရူနန်နှင့် သမီးဖြစ်သူ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

“အားကျဲ...”

ဆရာကြီးအားချင်းက စိုးရိမ်တကြီး ခေါ်လိုက်၏။ သူ ထိတွေ့ဖူးသမျှထဲတွင် တန်ဝမ်ကျဲမှာ အလွန်သတိကြီးသော လူတစ်ယောက် ဖြစ်သည်။

“စိတ်မပူပါနဲ့။ နောက် ၇ ရက်နေရင် အားလုံး ပြီးသွားမှာပါ။ ဒါနဲ့ ဆရာကြီးဆီမှာ အဆောင်တွေ ရှိရင် ကျုပ်ကို ထပ်ငှားပါဦး။”

ဆရာကြီးအားချင်းသည် နောက်ဆုံးတွင် တန်ဝမ်ကျဲကို ယုံကြည်ရန်သာ ရွေးချယ်လိုက်လေသည်။ နတ်မင်းကြီးက ရွေးချယ်ထားသည့်သူမှာ လူဆိုးတစ်ယောက် မဖြစ်နိုင်ဟု သူယူဆထားခဲ့သည်။

တန်ဝမ်ကျဲသည် သူတို့အိမ်အထိ နောက်ကနေ လိုက်သွားခဲ့၏။

လီရူနန်သည် အစီအစဉ်ကို ပယ်ဖျက်ပြီး တို့တို့အား အစာကျွေးမှာကို သူသိနေခဲ့သည်။ ထို့ကြောင့် နောက်ဖြစ်မည့်ကိစ္စမှာ ရိုးရှင်းပါသည်။

လီရူနန်သည် အိမ်မှ အလျင်အမြန် ထွက်လာကာ ကုန်စုံဆိုင်သို့ တန်းတန်းမတ်မတ် လျှောက်သွားတော့လေသည်။

သို့သော် သူမ အိမ်ပြန်ရောက်၍ တံခါးပိတ်ရန် ပြင်လိုက်စဉ်မှာပင် ခြေထောက်တစ်ဖက်က တံခါးကြားထဲသို့ ကန်ထည့်ကာ ပိတ်ဆို့လိုက်လေသည်။

ညဉ့်နက်သန်းခေါင်တွင် မုဆိုးမနှင့် ကလေးငယ်သာရှိသော အိမ်နောက်သို့ လူတစ်ယောက် လိုက်လာခြင်းဖြစ်သည်။

၎င်းမှာ ကာမရမ္မက်ပြင်းထန်သူလော သို့မဟုတ် လူသတ်သမားလောဆိုတာ မသိရသော်လည်း သူမ ဒုက္ခရောက်နေပြီမှန်း လီရူနန် သိလိုက်လေသည်။

တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ ကုန်စုံဆိုင်က ပလတ်စတစ်အိတ်ကို ခေါင်းစွပ်ထားပြီး မျက်စိနှစ်ပေါက် ဖောက်ထားသော ခေါင်းတစ်လုံးက အထဲသို့ ဖြည်းဖြည်းချင်း တိုးဝင်လာခဲ့သည်။

“နင်ပဲ...”

“ဒီလိုကြီးလုပ်ထားတောင် ခင်ဗျားက မှတ်မိသေးတယ်လား။”

တန်ဝမ်ကျဲ အံ့ဩသွား၏။

လီရူနန်သည် တန်ဝမ်ကျဲကို ကြောက်လန့်တကြား စိုက်ကြည့်နေသည်။ ထိုစူးရှသော မျက်လုံးများကို တစ်ခါမြင်ရုံနှင့် သူမ မမေ့နိုင်ပေ။

“နင်... နင် ဘာလုပ်မလို့လဲ။ ငါ ရဲတိုင်လိုက်မှာနော်။”

လီရူနန်သည် တုန်တုန်ရင်ရင်ဖြင့် အလိုအလျောက်ပင် ဗုဒ္ဓမယ်တော်ထံ ကာကွယ်ပေးရန် ဆုတောင်းချင်လာ၏။သူမ၏ လက်များမှာ လက်ကွက်ဖော်ရန် ချက်ချင်း ပြင်လိုက်လေသည်။

“အား... နင် ဘာလုပ်တာလဲ။”

တန်ဝမ်ကျဲသည် ရုတ်တရက် ရှေ့သို့ တိုးကာ လီရူနန်ကို တွန်းလှဲလိုက်ပြီး အခန်းထဲသို့ ဝင်လာခဲ့၏။

ထို့နောက် ဂါထာရွတ်လိုက်သည်။

လက်ကွက်ဖော်သည်။

မြေနင်းပြီးနတ်ဖိတ်သည်။

သူသည် လက်ကို မြှောက်ပြီး ရှေ့သို့ ညွှန်ပြလိုက်ရာ သူ၏ လက်ချောင်းထိပ်မှ စွမ်းအားများ ထွက်ပေါ်လာခဲ့လေသည်။

လီရူနန်သည် သူမ၏ နဖူးအလယ်ကို ပြင်းထန်သော စွမ်းအားတစ်ခု လာရောက်ထိမှန်သကဲ့သို့ ခံစားလိုက်ရ၏။ သူမသည် နာကျင်စွာ အော်ဟစ်ရင်း နောက်သို့ လန်ကျသွားခဲ့သော်လည်း ထိုလူမှာ သူမအနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ခင်ဗျားက မိစ္ဆာနတ်ဘုရားရဲ့ လွှမ်းမိုးမှုကို ခံထားရလို့ စိတ်မမှန်ဖြစ်နေတာပဲ။ ဒါပေမဲ့ စိတ်မပူနဲ့။ ကျုပ် ခင်ဗျားကို လမ်းမှန်ပြန်ရောက်စေမယ့် အစွမ်းထက်တဲ့ ကယ်တင်ခြင်း နည်းလမ်းတွေ ကျုပ်မှာ ရှိပါတယ်။”

မော်ရှန်း ကျန်းမာရေးသိုင်းကွက်များကို အမြဲလုပ်ဆောင်နေခဲ့သဖြင့် တန်ဝမ်ကျဲ၏ ခန္ဓာကိုယ်မှာ အလွန် သန်မာလှပေသည်။ ထို့ပြင် ယောက်ျားတစ်ယောက်ဖြစ်သဖြင့် လီရူနန်ထက် ခွန်အား ပိုကြီးသည်။ သူသည် သူမ၏ ပုခုံးကို လက်တစ်ဖက်ဖြင့် ဖမ်းကိုင်ကာ ညာဘက်ခြေထောက်ဖြင့် ခွ၍ ကြိုးတုတ်တော့လေသည်။

“ဟော့ဖိုရှိုးယီ... အွန့်”

[ဟော့ဖိုရှိုးယီ: ဂါထာရွတ်သံ]

လီရူနန်မှာ တန်ဝမ်ကျဲကို လုံးဝ မယှဉ်နိုင်ပေ။ သူသည် သူမ၏ လက်နှင့် ခြေထောက်များကို အလွယ်တကူ ချည်နှောင်လိုက်ပြီး ပါးစပ်ကိုလည်း အဝတ်ဖြင့် ပိတ်ထားလိုက်သည်။

ဆရာကြီးအားချင်း၏ အမြင်တွင် ကျိုးချန်းနှင့် ဗုဒ္ဓမယ်တော်၏ တိုက်ပွဲမှာ တို့တို့အပေါ်တွင်သာ မူတည်နေပေသည်။

သို့သော် တန်ဝမ်ကျဲ၏ အမြင်တွင်မူ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းမှာ တို့တို့အပေါ် မူတည်သည်မဟုတ်ဘဲ လီရူနန်အပေါ်တွင်သာ မူတည်ခြင်း ဖြစ်သည်။

ပြဿနာရှာသည့် လူကို ဖြေရှင်းလိုက်ခြင်းက ပြဿနာကိုယ်တိုင်ကို ဖြေရှင်းတာထက် အများကြီး ပိုလွယ်ကူပေသည်။

သတိကြီးတာကတော့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပေါ့။

All Chapters