← Chapters

ငါ “မဟာအနက်ဗုဒ္ဓမယ်တော်” ကို မဲနှိုက်မိသွားပြီ။

Vol. 2 Ch. 17

ငါ “မဟာအနက်ဗုဒ္ဓမယ်တော်” ကို မဲနှိုက်မိသွားပြီ။

Vol. 2 Ch. 17

အရာအားလုံးသည် စိတ်ကူးယဉ်အိပ်မက်တစ်ခုလို ခံစားနေရသော်လည်း ဦးခေါင်းခွံအထိ စိမ့်တက်သွားသော ထိုထူးဆန်းသည့် ခံစားချက်ကြောင့် ရှဲ့ချီမင်တစ်ယောက် ချွေးစေးများ ထွက်လာခဲ့လေသည်။

“ကလေးကို အောက်ချလိုက်စမ်း။”

ရဲများက တန်ဝမ်ကျဲကို စိုးရိမ်တကြီး ကြည့်နေခဲ့ကြ၏။ တန်ဝမ်ကျဲသည် အလွန်ပင် လိမ္မာယဉ်ကျေးစွာဖြင့် သတိလစ်နေသော တို့တို့လေးကို မြေပြင်ပေါ်သို့ အသာအယာ ချပေးလိုက်ပြီး ပြောလိုက်သည်။

“ကလေးက ခုနစ်ရက်နဲ့ ခုနစ်ည ဘာမှမစားရသေးဘူး။ မြန်မြန် ဆေးရုံပို့လိုက်ကြပါဦး။”

“မလှုပ်နဲ့။”

တန်ဝမ်ကျဲက စကားပြောရလွယ်ကူသည်ကို မြင်သောအခါ တစ်ဖက်လူက ပို၍လွန်ကဲသော တောင်းဆိုမှုကို ပြုလုပ်လာခဲ့လေသည်။

မလှုပ်နဲ့ ဟုတ်လား။

မင်းတို့ပြောသမျှ အကုန်နားထောင်နေရင် ငါ့မျက်နှာ ဘယ်နားသွားထားရတော့မလဲ။

တန်ဝမ်ကျဲသည် နောက်လှည့်၍ ခြေတစ်လှမ်းသာဝေးသော အိပ်ခန်းထဲသို့ ပြေးဝင်သွားတော့၏။ ရဲများသည် နောက်ကလိုက်သွားသောအခါ ပြတင်းပေါက်တွင် ချည်ထားသော တောင်တက်ကြိုးတစ်ချောင်းကိုသာ တွေ့လိုက်ရတော့လေသည်။ ပြတင်းပေါက်အပြင်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ကားတစ်စီးသည် စက်နှိုးပြီး လှုပ်တုပ်လှုပ်တုပ်ဖြင့် မောင်းထွက်သွားသည်ကို တွေ့လိုက်ရလေသည်။

“လိုက်ကြ... မြန်မြန်။”

...

“ဒါက ဘယ်လိုဖြစ်ပြီး Grand Theft Auto (GTA) ဂိမ်းလို ဖြစ်သွားတာလဲ။ ငါ့ရဲ့ ဝရမ်းပြေးအဆင့်က ကြယ်ဘယ်နှစ်လုံးတောင် ရှိနေပြီလဲ မသိဘူး။”

သူ၏ စိတ်အခြေအနေမှာ အလွန်ပင် ကြည်လင်နေ၏။ စစ်သူကြီးကျိုးချန်သည် မဟာအနက်ရောက်ဗုဒ္ဓမယ်တော်နှင့် မှော်အတတ်ချင်း ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိခဲ့သဖြင့် သူ၏ နောက်ထပ်လုပ်ငန်းစဉ်များမှာ များစွာလွယ်ကူသွားခဲ့သည်။

တန်ဝမ်ကျဲသည် လမ်းမပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေ၏။ ချန်ကျေးရွာသို့ သွားမည်ဟုသာ သူပြောခဲ့သော်လည်း လမ်းညွှန်ဆိုင်းဘုတ်များကိုမူ တစ်ချက်ကလေးမျှ ကြည့်မနေခဲ့ပေ။

ထိုစဉ် မမျှော်လင့်ဘဲ သူကားမောင်းနေရင်း ရှေ့ဘက်ရှိ လမ်းမှာ တောလမ်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။ နောက်မှ လိုက်လာသော ရဲကားများမှာလည်း အသည်းအသန် လိုက်နေကြဆဲပင်။

ချန်ကျေးရွာသို့ ရောက်ရှိလာသောအခါ လူသူအရိပ်အယောင်များ လုံးဝရှိမနေခဲ့ပေ။ ဂိမ်းတစ်ခု၏ ဇာတ်လမ်းအတိုင်း တဖြောင့်တည်း သွားနေသလိုပင်။ သူ ရှေ့ကိုသာ ဆက်လျှောက်သွားလျှင် ရောက်လိုသော ပန်းတိုင်က ရှေ့တည့်တည့်မှာပင် ရှိနေပေလိမ့်မည်။

ဥမင်လိုဏ်ခေါင်းရှေ့တွင်...

တန်ဝမ်ကျဲသည် ညာဘက်လက်တွင် ဓားမကြီးကိုကိုင်၊ ခြေလှမ်းများကို စနစ်တကျနင်းကာ ဘယ်ဘက်လက်ကို ဓားလက်ချောင်းပုံစံဖြင့် ရှေ့သို့ ချိန်ရွယ်လိုက်လေသည်။

ဆိုးယုတ်သော စွမ်းအင်များ ကောင်းကင်သို့ ထိုးတက်သွားခဲ့၏။

“ငမဲမရေ ငါ ရောက်ပြီဟေ့။”

ထိုသို့ပြောပြီးနောက် သူသည် ဥမင်လိုဏ်ခေါင်းထဲသို့ တဟုန်ထိုး လျှောက်ဝင်သွားတော့သည်။

သူသည် ဘေးပတ်ဝန်းကျင်ရှိ မှောင်မည်းအုံ့မှိုင်းသော အခြေအနေကိုမူ လျစ်လျူရှုထားခဲ့၏။

အခြေအနေကောင်းနေတဲ့အချိန်မှာ ဘာကို ကြောက်နေရဦးမှာလဲ။

တန်ဝမ်ကျဲသည် အနီရောင်အဝတ်ဖြင့် ဖုံးအုပ်ထားသော မဟာအနက်ရောင်ဗုဒ္ဓမယ်တော်၏ ရုပ်တုရှေ့သို့ လျှောက်သွားလိုက်သည်။ သူသည် ဓားလက်ချောင်းဖြင့် ရှေ့သို့ ထိုးလိုက်ပြီးနောက် ရုတ်တရက် ရုပ်တုကို ကန်ချလိုက်ရာ ရုပ်တုမှာ လဲကျသွားတော့လေသည်။

နတ်စင်ကို ဖျက်ဆီးပြီး ပွဲတော်ကို မှောက်လှန်ပစ်လိုက်ပြီဖြစ်၏။

အောင်မြင်သွားချေပြီ။

ထိုတာဝန်ကို ပြီးမြောက်လိုက်သည့် အခိုက်တွင် တန်ဝမ်ကျဲသည် ဂိမ်းအဆင့်တစ်ခုကို အောင်မြင်သွားပြီး ပြန်ရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း မရေမရာ ခံစားလိုက်ရလေသည်။

သို့သော် သူ့ကို အံ့အားအသင့်စေဆုံးအရာမှာ ပထမမျိုးဆက် “နဂါးစိမ်းလခြမ်းဓား” လူသားကျောရိုး၏ မျက်နှာသာပေးမှုကို ရရှိလိုက်ခြင်းပင် ဖြစ်သည်။

[စစ်သူကြီး ကျိုးချန်၏ ရင်းနှီးမှု +၁]

...

နောက်မှ လိုက်လာသော ရဲများသည်လည်း ကပ်လျက် ရောက်ရှိလာခဲ့ကြ၏။ ထူးဆန်းသော ဥမင်လှိုင်ခေါင်းရှေ့တွင် တန်ဝမ်ကျဲသည် နတ်ဝင်နေသလိုမျိုး လုပ်ဆောင်နေပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော စစ်သူကြီးတစ်ဦးအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်သောအခါ သူတို့၏ နှလုံးသားအောက်ခြေအထိ စိမ့်တက်သွားခဲ့ကြလေသည်။

တန်ဝမ်ကျဲ အထဲသို့ ပြေးဝင်သွားသည်ကို မြင်သောအခါ ရဲများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

“ငါတို့ ဘာလုပ်ကြမလဲ။”

“ငါတို့မှာ သေနတ်ပါတယ်လေ။ ဘာကြောက်စရာရှိလဲ။ ဝင်မယ်။”

သို့သော် သူတို့ ဥမင်ထဲသို့ ဝင်သွားသောအခါ မြေပြင်ပေါ်တွင် ရိုက်ခွဲခံထားရသော ထူးဆန်းပြီး ပျက်စီးနေသည့် ဗုဒ္ဓရုပ်တုတစ်ခုကိုသာ တွေ့ရပြီး လူတစ်ယောက်မှ မရှိတော့ပေ။

“ဒီကနေ ထွက်ပေါက် နောက်တစ်ခု ရှိသေးလို့လား။”

“မရှိဘူး။”

“ဒါဆို... သူ ဘယ်ရောက်သွားတာလဲ။”

...

တန်ဝမ်ကျဲသည် ထန်အိမ်တော်ရှိ ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေ၏။

သူသည် အစေခံတစ်ဦးကို ခေါ်ယူပြီး မေးမြန်းကြည့်လိုက်ရာ သူတို့၏ အမြင်တွင်မူ သူသည် နေ့လယ်ခင်း ခဏတဖြုတ် အိပ်ပျော်သွားခြင်းသာ ဖြစ်ပြီး ရက်ပေါင်းများစွာ ပျောက်ကွယ်သွားခြင်းမျိုး မရှိခဲ့ကြောင်း သိလိုက်ရလေသည်။

သူသည် ဤခရီးစဉ်မှ ရရှိလာသော အကျိုးအမြတ်များကို စစ်ဆေးကြည့်လိုက်၏။ ပထမဆုံးမှာ “သရဲသတို့သမီး” ကို နှိမ်နင်းခြင်းကြောင့် ရရှိခဲ့သော အတွေ့အကြုံ ၅ မှတ် ဖြစ်ပြီး ၎င်းမှာ သူ၏ အတွေ့အကြုံစုဗူးထဲတွင် ရှိနေခဲ့သည်။

နည်းလွန်းတယ်။

ကံဆိုးခြင်းမှာ အမြဲတမ်း မကောင်းသောအရာ မဟုတ်ကြောင်း သူ သဘောပေါက်လိုက်၏။ နတ်ဆိုးများနှင့် သရဲတစ္ဆေများကို မိမိဆီသို့ အလိုအလျောက် ဆွဲဆောင်နိုင်ခြင်းသည် သူတို့က သူ့ထံသို့ အမှတ်များ လာရောက်ဆက်သနေခြင်းနှင့် အတူတူပင် ဖြစ်သည်။

နောက်တစ်ကြိမ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်သောအခါ ဘေးထွက်ဇာတ်လမ်းများ ပိုမိုပွင့်လာစေရန် အဝတ်အစားသစ်များ ဝတ်ဆင်ပြီး လက်ထဲတွင် ငွေများ ကိုင်ထားရပေမည်။ မဟုတ်ပါက ပင်မတာဝန်တစ်ခုတည်း လုပ်နေရသည်မှာ အလွန်ပင် နစ်နာလှ၏။ ၎င်းက မှော်ဝင်ငွေနှင့် အတွေ့အကြုံများကို လုံလောက်အောင် မစုဆောင်းနိုင်ပေ။

“အဝတ်စုတ်” နှင့် “မြေနင်းခြင်း” တို့မှ ရရှိသော ပါရမီ သုံးခုစလုံးမှာ ကောင်းမွန်သော ပါရမီများ ဖြစ်ကြောင်း သူသိလာခဲ့လေသည်။

ထို့နောက် သူသည် သရဲသတို့သမီးအတွက် မှော်ဝင်ငွေ ၃၀၀ နှင့် မဟာအနက်ရောင်ဗုဒ္ဓမယ်တော်အတွက် မှော်ဝင်ငွေ ၁၃၀၀ ကို ဆုလာဘ်အဖြစ် ရရှိခဲ့သည်။

စုစုပေါင်း မှော်ဝင်ငွေ ၁၆၀၀ ဖြစ်၏။ ၎င်းမှာ မဲ ၁၀ ကြိမ်နှိုက်ရန် လုံလောက်ပေသည်။

တန်ဝမ်ကျဲသည် စျေးဆိုင်ကို ဖွင့်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း ‘နတ်ဘုရားပင့်ဖိတ်ခြင်းနှင့် သရဲထိန်းကျောင်းခြင်း တိုကင်’ ကိုသာ လဲလှယ်နိုင်ပြီး တစ်ခုလျှင် မှော်ဝင်ငွေ ၁၆၀ ပေးရမည်ဖြစ်သည်။

တန်ဝမ်ကျဲ ဂါချာမဲနှိုက်သည့် စနစ်ကို ဖွင့်လိုက်သောအခါ မမျှော်လင့်ဘဲ အလင်းရောင်များ ရုတ်တရက် လက်ခနဲ ဖြစ်သွားခဲ့လေသည်။

[“ကျိန်စာ” မဲပုံစံကို ထည့်သွင်းပြီးပါပြီ။]

ပစ္စည်းများ၊ လူများနှင့် လူမဟုတ်သော သတ္တဝါများ မဲပုံစံထဲသို့ တစ်ခုပြီးတစ်ခု ဝင်လာသည်ကို တန်ဝမ်ကျဲ ကြည့်နေမိ၏။

ဓားမကြီး၊ အဆောင်လက်ဖွဲ့များ၊ စာအိတ်အနီများ၊ သရဲသတို့သမီး ကျူးမေမေ၊ မဟာအနက်ရောင်ဗုဒ္ဓမယ်တော်၊ လီရူနန်၊ တို့တို့လေး၊ ဆရာကြီးအားချင်၊ ဆရာမကြီး အားချင်၊ စစ်သူကြီး ကျိုးချန်။

အားလုံးမှာ သူနှင့် ထိတွေ့ခဲ့ဖူးသော အရာများ ဖြစ်သည်။

စမ်းသပ်တဲ့အနေနဲ့ တစ်ခါလောက် နှိုက်ကြည့်ရင် ကောင်းမလား။

သူ၏လက်များ ယားကျိကျိ ဖြစ်နေပြီဖြစ်၏။

“အင်မော်တယ်ဆရာကြီးယိုချန်းတို့သာ ဒီမှာရှိရင် ကောင်းမှာပဲ။”

တန်ဝမ်ကျဲက အနည်းငယ် နောင်တရမိသွားခဲ့သည်။

သို့သော် သူသည် မှော်ဝင်ငွေ ၁၆၀၀ ကို အသုံးပြု၍ နတ်ဘုရားပင့်ဖိတ်ခြင်းနှင့် သရဲထိန်းကျောင်းခြင်း တိုကင် ၁၀ ခုကို လဲလှယ်လိုက်လေသည်။

၁၀ ကြိမ် တစ်ခါတည်း နှိုက်မှသာ အားရစရာ ကောင်းမည်ဖြစ်သည်။

ထို့နောက် သူသည် တိုကင်များကို မဲပုံစံထဲသို့ ပစ်ထည့်လိုက်၏။

[သရဲတံခါး] ပွင့်ပါပြီ။

အလင်းတန်း ၁၀ ခု လက်ခနဲ ဖြစ်သွားခဲ့လေသည်။

အဖြူရောင်အလင်း ၈ ခု၊ အစိမ်းရောင်အလင်း ၁ ခု နှင့် အပြာရောင်အလင်း ၁ ခု။

ပထမဆုံး အဖြူရောင်အလင်းနှင့်အတူ အမျိုးသမီးတစ်ဦး၏ ပုံရိပ်တစ်ခုမှာ တန်ဝမ်ကျဲ၏ရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။ ၎င်းသည် လက်နှစ်ဖက်ဖြင့် တံဆိပ်ခတ်ထားပြီး၊ မျက်နှာပေါ်တွင် ဂါထာများ ရေးထိုးထားသော လီရူနန် ဖြစ်သည်။

[ကံကောင်းခြင်းနှင့် ကံဆိုးခြင်းမှာ ရောယှက်နေပြီး သေခြင်းနှင့် ရှင်ခြင်း မှာ ကံကြမ္မာအတိုင်းသာဖြစ်သည် - လီရူနန်။]

ထို့နောက် လီရူနန်၏ ပုံရိပ်မှာ ကွဲကြေသွားပြီး အလင်းတန်းတစ်ခုအဖြစ် တန်ဝမ်ကျဲ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

[မန်နာ အကန့်အသတ် +၁]

ဒုတိယတစ်ခု...။

[ကံကောင်းခြင်းနှင့် ကံဆိုးခြင်း... လီရူနန်။]

တတိယတစ်ခု...။

[ကံကောင်းခြင်းနှင့် ကံဆိုးခြင်း...]

“ငါ့လခွမ်း”

တန်ဝမ်ကျဲ ကျိန်ဆဲမိချင်သွားခဲ့သည်။ သူ့လက်တွေများ မစင်ကြယ်လို့လားဟုပင် သူသံသယဝင်လာခဲ့လေသည်။

မဟုတ်သေးဘူး။ သူအရင်ဆုံး ဆရာဘိုးဘေးကို ကန်တော့သင့်ခဲ့တာပဲ။

ပထမ ၃ ခုလုံးသည် လီရူနန်များ ဖြစ်နေသဖြင့် တန်ဝမ်ကျဲမှာ သူမနှင့် ရေစက်ဆိုးပါလာသလားဟုပင် ထင်ရ၏။

နောက်ဆုံးတွင်တော့ တစ်ခုကွဲပြားသွားခဲ့လေသည်။

စတုတ္ထမြောက်တစ်ခု...။

[ဓားမကြီး - သရဲများကို သုတ်သင်၍ ရန်သူများကို သတ်ဖြတ်သည်။ မကောင်းမှုကို အပြစ်ပေး၍ နတ်ဆိုးများကို ဖယ်ရှားသည်။]

သံချေးတက်နေသော ဓားမကြီးတစ်လက် တန်ဝမ်ကျဲ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ဒါက လက်နက်တစ်ခုပဲ။

ထို့နောက်...

[ဓားမကြီး - သရဲများကို သုတ်သင်၍ ရန်သူများကို သတ်ဖြတ်သည်...]

ဒုတိယတစ်လက် ထပ်ပေါ်လာပြီး ဓားမကြီးမှာ တိုက်ရိုက်ပင် +၁ အဆင့်သို့ ရောက်ရှိသွားခဲ့၏။

[ဓားမကြီး +၁ - သရဲများကို သုတ်သင်၍ ရန်သူများကို သတ်ဖြတ်သည်။ သရဲများအပေါ် ပေးစွမ်းနိုင်သော ထိခိုက်မှု +၁။]

သူသည် စုစုပေါင်း ဓားမကြီး ၄ လက် မဲနှိုက်မိခဲ့သည်။

ဓားမကြီးမှာ +၃ ဖြစ်သွားခဲ့လေသည်။

[ဓားမကြီး +၃ - သရဲများကို သုတ်သင်၍ ရန်သူများကို သတ်ဖြတ်သည်။ သရဲနှင့် နတ်ဆိုးများအပေါ် ထိခိုက်မှု +၃။ အထူးအရည်အသွေး - မာကျောခြင်း (အလွယ်တကူ မကျိုးပဲ့နိုင်ပါ)။]

တန်ဝမ်ကျဲသည် သံချေးတက်နေသော ဓားမကြီးကို ဝေ့ယမ်းပြီး ခပ်ဖွဖွလေး ခေါက်ကြည့်လိုက်ရာ သံချေးအနည်းငယ် ကွာကျလာခဲ့သည်။ အကယ်၍ ဓားသွေးသမားတစ်ဦးနှင့် သေချာ ပြုပြင်ထိန်းသိမ်းလိုက်ပါက ယခင်ကဲ့သို့ ထက်မြက်လာမည်မှာ သေချာပြီး ထို့ထက်ပင် ပို၍ ကောင်းမွန်လာနိုင်သေးသည်။

သူသည် လက်နက်ကို လက်နက်နေရာတွင် တပ်ဆင်ကြည့်ရာ အောင်မြင်သွားခဲ့သည်။

ဂိမ်းထဲတွင် လက်နက်နေရာ ၂ ခုသာ ရှိ၏။

အဓိကလက်နက်နှင့် အရံလက်နက်။

ထို့နောက် ဦးထုပ်၊ အင်္ကျီ၊ ခါးပတ်၊ ဘောင်းဘီ၊ ဖိနပ်၊ လက်စွပ်၊ ဆွဲကြိုး စသည့် နေရာများ ရှိသည်။

၎င်းတို့အပြင် “မှော်ရတနာ” နေရာများလည်း ရှိသော်လည်း မှော်ရတနာများမှာ ရရှိရန် အလွန်ခက်ခဲလှပေသည်။

နတ်ဘုရားအဆင့် အသုံးအဆောင်များ စုဆောင်းရန်မှာလည်း အလွန်အရေးကြီးပေသည်။ ကံမကောင်းစွာဖြင့် ဂိမ်းထဲမှ မဲနှိုက်၍ရသောအရာများမဟုတ်လျှင် ယူဆောင်ခွင့်မရှိခြင်းက ငွေအစစ်ကိုသုံးရန် ဖိတ်ခေါ်နေသလိုပင် ခံစားလိုက်ရသည်။

ဒါနဲ့ ငါ ဘယ်လို ငွေချေရမှာလဲ။ ငါ့မှာ ပိုက်ဆံရှိတယ်လေ။ ငါ တကယ်လည်း သုံးချင်နေတာပါ။

ခုနစ်ကြိမ် ဆက်တိုက်မဲနှိုက်လိုက်ရာ အားလုံးက အဖြူရောင်အလင်းတွေချည်း ဖြစ်နေခဲ့၏။

ရှစ်ကြိမ်မြောက် နှိုက်ချက်မှာတော့...

[ကံကောင်းခြင်းနှင့် ကံဆိုးခြင်းမှာ ရောယှက်နေပြီး၊ သေခြင်း၊ရှင်ခြင်းမှာ ကံကြမ္မာအတိုင်းသာဖြစ်သည် - လီရူနန်။]

ကောင်းပြီ၊ ကောင်းပြီ၊ တော်တော်လေးကို ကောင်းလွန်းနေပြီ။

သူ အမှန်တကယ် ဒေါသထွက်ချင်လာခဲ့သည်။

တန်ဝမ်ကျဲသည် ကျန်ရှိနေသော အစိမ်းရောင်နှင့် အပြာရောင်မဲများကိုသာ အာရုံစိုက်လိုက်တော့လေသည်။ အရောင်တွေကို ကြည့်ရသလောက် အပြာရောင်အလင်းက အတောက်ပဆုံးဖြစ်ပြီး အကောင်းဆုံးပစ္စည်း ဖြစ်သင့်ပေသည်။

ကိုးကြိမ်မြောက် နှိုက်ချက်မှာတော့ အစိမ်းရောင် ဖြစ်သည်။

[လူငယ်လေး..မင်းမှာ ဝမ်ယဲ့ဆီက အကူအညီတောင်းစရာ တစ်ခုခု ရှိလို့လား -ဆရာကြီး အားချင်း။]

အို...

ဆရာကြီး အားချင်သည်လည်း အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားခဲ့သည်။

【မန်နာ အကန့်အသတ် +၂】

【စစ်သူကြီး ကျိုးချန်၏ နှစ်သက်မှု +၁】

အစိမ်းရောင် တစ်ခုက အဖြူရောင် သုံးခုစာလောက် တန်ဖိုးရှိတာပဲ။

တန်ဝမ်ကျဲသည် နောက်ဆုံးကျန်ရှိသော အပြာရောင်အလင်းကို စူးစူးစိုက်စိုက် ကြည့်လိုက်လေသည်။

[မီးဗုဒ္ဓ ကျင့်စဉ် (၁)၊ XXXX — မဟာအနက်ရောင်ဗုဒ္ဓမယ်တော်]

တန်ဝမ်ကျဲသည် သူ့လက်ထဲတွင် ပေါ်လာသော မဟာအနက်ရောင်ဗုဒ္ဓမယ်တော် ရုပ်တုကို ကြည့်ပြီး တစ်ခုခုတော့ မှားနေပြီဟု ခံစားလိုက်ရ၏။

“ငါ့ကို လာမစနဲ့ဟ။”

သူ့ကို ဆုလာဘ်မပေးဘဲ ဘာလို့ မဟာအနက်ရောက်ဗုဒ္ဓမယ်တော်ကို တိုက်ရိုက်ကြီး ခေါ်ချလာရတာလဲ။

သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ထိုရုပ်တုကို ကိုင်ပြီး “အဝတ်စုတ်နှင့် မြေနင်းခြင်း” ဆရာဘိုးဘေး၏ ပူဇော်ပွဲဆီသို့ တန်းပြေးခြင်းပင်ဖြစ်လေသည်။

“ဆရာဘိုးဘေးရေ ကယ်ပါဦး။ အကောင်ကြီး တစ်ကောင် ရောက်ချလာပြီဗျ။”

ဤအရာက နောက်ပြောင်ရမည့် အရာမဟုတ်ပေ။ သူ အမြန်ဆုံး ဖြေရှင်းပစ်ရပေမည်။

All Chapters