ငါက အရမ်းဖြောင့်မတ်တဲ့ လူတစ်ယောက်ပါ
Vol. 2 Ch. 18
အခြေအနေများမှာ တန်ဝမ်ကျဲ စိုးရိမ်သလို ဖြစ်မလာခဲ့ပေ။ မဲနှိုက်၍ ရရှိလာသော မဟာအနက်ရောင်ဗုဒ္ဓမယ်တော်သည် ပြဿနာမရှာဘဲ ငြိမ်သက်စွာ ရှိနေခဲ့လေသည်။ သို့သော် အူလမ်းကြောင်းပွင့်နေသည့်ပုံစံနှင့် တူသော သူမ၏မျက်နှာကို ကြည့်ရသည်မှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလှ၏။
မဟာအနက်ရောင်ဗုဒ္ဓမယ်တော်
အဆင့် : ၁/၃၀ (၀/၅၀)
ပါရမီ : -
စွမ်းရည် : -
တန်ဝမ်ကျဲ အံ့ဩသွားခဲ့သည်။ သူသာ အထင်မမှားပါက ဤအရာသည် သူ၏ အဖွဲ့ဝင် ဖြစ်လာပုံပင်။ ၎င်းသည် [ဇာတ်ကောင်] ကော်လံ၏ အောက်တွင် ပေါ်နေခဲ့ခြင်းဖြစ်သည်။
အဖွဲ့ထဲမှာ မဟာအနက်ရောင်ဗုဒ္ဓမယ်တော်ကို ထည့်ထားလို့ ရတာလား။ ဘုရားရေ...။
သို့သော် သူမတွင် အဆင့် လုံးဝမရှိပေ။ အဝေးထိန်းစနစ်ဖြင့် လူသတ်နိုင်သော အဆင့်သို့ ပြန်ရောက်ရန် အဆင့် ၃၀ အထိ မြှင့်တင်ရမည်လော။ ထိုမျှတော့ မရိုးရှင်းနိုင်ပေ။ ပါရမီလည်းမရှိ၊ စွမ်းရည်လည်းမရှိသဖြင့် လောလောဆယ်တွင် အသုံးမဝင်သော အမှိုက်တစ်ခုသာ ဖြစ်ပေသည်။
“ထားလိုက်ပါတော့။”
သူသည် နတ်မင်းကြီးသုံးပါးကို ကိုးကွယ်ထားသူဖြစ်၏။ နောက်ထပ် နတ်ဆိုးနတ်ဘုရားတစ်ပါးကို မွေးမြူခြင်းမှာ လမ်းစဉ်နှင့် မကိုက်ညီပေ။ ဤအရာကို ကိုးကွယ်ထားခြင်းက ဆရာဘိုးဘေး၏ ရင်းနှီးမှုကို လျော့ကျစေမည်ကို သူစိုးရိမ်နေမိသည်။
အကယ်၍ ဤအရာကို မဟာဗုဒ္ဓအနက်ရောင်မယ်တော်ဟု မခေါ်ဘဲ အနက်ရောင် ပိုးသားဗုဒ္ဓမယ်တော်ဟု ခေါ်ပါက သူသည် မကောင်းသော အတွေးအချို့ကို ဝင်ခွင့်ပေးမိကောင်း ပေးမိပေလိမ့်မည်။
“ငါက ဒီအဖွဲ့ဝင်ကို မလိုချင်ဘူးဆိုရင် သူ့ကို သတ်ပစ်လို့ ရလောက်မလား။”
တန်ဝမ်ကျဲ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
သူသည် မဟာအနက်ရောင်ဗုဒ္ဓမယ်တော်ကို အနီရောင်အဝတ်ဖြင့် လုံအောင်အုပ်လိုက်ပြီးနောက် စစ်သူကြီး ကျိုးချန်၏ ရုပ်တုတစ်ခုကို ပင့်ဆောင်ကိုးကွယ်ရန် လူလွှတ်လိုက်လေသည်။ အနာဂတ်တွင် သူနှင့် ရင်းနှီးမှုရသော နတ်ဘုရားတိုင်းကို သီးခြားစီ ကိုးကွယ်ထားရန် သူစီစဉ်လိုက်သည်။
“ချေးငှားပြီးရင် တိတိကျကျ ပြန်ဆပ်မှ နောက်တစ်ကြိမ် ချေးငှားရလွယ်သည်။” ဟူသော စကားအတိုင်း သူသည် အနာဂတ်တွင် “အကြွေးဘုရင်” ဖြစ်လာရန် ကံပါလာသူဖြစ်ရာ အခြားသူများ၏ စွမ်းအားကို အဓမ္မသိမ်းယူ၍ မဖြစ်ပေ။
စစ်သူကြီး ကျိုးချန်သည် သစ္စာရှိမှုနှင့် သတ္တိရှိမှုတို့ကြောင့် ကမ္ဘာကျော်သူဖြစ်သည်။ သူ့အတွက် ရွှေကိုယ်ထည် ရုပ်တုသွန်းလုပ်ပေးခြင်းကို သူ သိပ်ဝမ်းသာချင်မှ ဝမ်းသာမည်ဖြစ်သော်လည်း ကွမ်ယင်ကိုပါ ဘေးတွင် အတူကိုးကွယ်ပေးလျှင်မူ သူ အလွန်ကျေနပ်သွားမည် မဟုတ်ပါလား။
အကြံကောင်းပဲ။
ထို့ကြောင့် ကွမ်ယင်ရုပ်တု တစ်ခုပါ ထပ်ထည့်ပေးလိုက်လေသည်။
တန်ဝမ်ကျဲ၏ လက်အောက်ငယ်သားများမှာ အလုပ်ရာ၌ အလွန်လျင်မြန်လှသည်။ နာရီအနည်းငယ်အတွင်းမှာပင် စစ်သူကြီး ကျိုးချန်နှင့် ကွမ်ယင်ရုပ်တုများကို သီးခြားအခန်းတစ်ခုတွင် ပင့်ဆောင်ကိုးကွယ်ပေးခဲ့သည်။
အမွှေးတိုင်များ ထွန်းညှိလိုက်ပြီးနောက် -
“တပည့်တော် တန်ဝမ်ကျဲက ကူညီပေးခဲ့တဲ့အတွက် နတ်မင်းကြီးကို ကျေးဇူးတင်ရှိပါတယ်။”
ဤကမ္ဘာရှိ စစ်သူကြီး ကျိုးချန်မှာ “ကျိန်စာ” ကမ္ဘာမှ စစ်သူကြီးနှင့် အတူတူပင်လားဆိုသည်ကို သူ မသိပေ။
[စစ်သူကြီး ကျိုးချန်၏ နှစ်သက်မှု +၁]
သူတို့သည် မူရင်းစစ်သူကြီး မဟုတ်နိုင်သော်လည်း လောကပေါင်းစုံရှိ စစ်သူကြီး ကျိုးချန်အားလုံးသည် နောက်ဆုံးတွင် မူလခန္ဓာကိုယ်၌ ပေါင်းစည်းသွားမည်ဖြစ်သည်။ သူသည် စစ်သူကြီး ကျိုးချန်၏ နှစ်သက်မှုကို +၃ အထိ စုဆောင်းထားပြီးဖြစ်ရာ အနာဂတ်တွင် စွမ်းအားချေးငှားရန် ပို၍လွယ်ကူလာမည်မှာ သေချာပေသည်။
တန်ဝမ်ကျဲသည် ကွမ်တိကို အလေးအမြတ်ပြုခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။ သူသည် ထိုနတ်မင်းကြီးနှင့် ဆက်သွယ်ရန် အရည်အချင်း မပြည့်မီသေးပုံရသည်။ စစ်သူကြီး ကျိုးချန်၏ နှစ်သက်မှုကို ၁၀၀ ကျော်အောင် လုပ်နိုင်လျှင် ကွမ်တိကိုပါ သွယ်ဝိုက်ပြီး လွှမ်းမိုးနိုင်မလားဟု သူတွေးလိုက်မိသည်။ အကယ်၍ ကွမ်တိကိုပါ နတ်ဝင်ပူးခိုင်းနိုင်လျှင် သရဲကားများမှာ “Dynasty Warriors” ဂိမ်းကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိသောအခါ သူ အမှန်တကယ်ပင် မျှော်လင့်မိလာခဲ့သည်။ အဆင့်အမြင့်ဆုံး ပစ္စည်းတွေဝတ်ပြီး အစပြုသူရွာမှာ လာကစားရတာကို သူ အလွန်နှစ်သက်ပေသည်။
ပြင်ဆင်မှုများ ပြီးဆုံးသွားသောအခါ တန်ဝမ်ကျဲသည် နတ်ပင့်ရန် မြေကိုနင်းလိုက်ပြီး၊ ကြောင်တောင်တောင် ဖြစ်နေသော မဟာအနက်ဗုဒ္ဓမယ်တော် ရုပ်တုကို “ဒေါင်လိုက်ဓား ငါးရိုက်ချက်” ဖြင့် သုတ်သင်ပစ်လိုက်လေသည်။
[ရရှိသောအတွေ့အကြုံ - ၅၀]
“နည်းလိုက်တာ။ မသတ်ခင် အဆင့်နည်းနည်းလောက် အရင်တင်ပေးခဲ့သင့်တာများလား။”
နွားကို ဝအောင်ကျွေးပြီးမှ သတ်သလိုမျိုး မဟာအနက်ရောင်ဗုဒ္ဓမယ်တော်ကို အပြင်ထွက် လူသတ်ခိုင်းပြီးမှ သူပြန်သတ်လျှင် ပိုကောင်းမည်လား။
...
ထားလိုက်ပါတော့။
ထိုနည်းလမ်းမှာ မဖြစ်နိုင်ပေ။ သူက လူကောင်းတစ်ယောက် မဟုတ်ပါလား။
သူ့ခြေရင်းတွင် အမှုန့်အမွှားများအဖြစ် ကြေမွသွားသော မဟာအနက်ရောင်ဗုဒ္ဓမယ်တော် ရုပ်တုကို ကြည့်ရင်း တန်ဝမ်ကျဲသည် ကွမ်တိနှင့် စစ်သူကြီး ကျိုးချန်ရုပ်တုများကို ကြည့်ကာ စဉ်းစားခန်း ဝင်နေခဲ့မိသည်။
သူ့ကမ္ဘာရှိ နတ်ဘုရားများမှာ အစွမ်းထက်နေဆဲပင်။
“ကျိန်စာ” ကမ္ဘာတွင် ဗိုလ်ကျနေသော မဟာအနက်ရောင်ဗုဒ္ဓမယ်တော်သည် ဤနေရာတွင်မူ လေသံတောင် မဟဝံ့ပေ။ တန်မိသားစုမြို့၏ ရဲတပ်ဖွဲ့၏ ဗိုလ်မှုကြီးနှင့် သူဌေးကြီးအသစ် ဖြစ်လာသော တန်ဝမ်ကျဲအတွက် အလုပ်များမှာ ပြီးဆုံးသွားခြင်း မရှိသေးပေ။
သူသည် ရူယီတည်းခိုခန်းသို့ ရောက်သည်နှင့် လှပသော အမျိုးသမီးများက “သခင်လေးတန်” ဟု ဝိုင်းရံအော်ဟစ်ကြသော်လည်း သူသည် ဘာမှမကြားသလိုသာ နေလိုက်၏။ အသံတစ်ခု ထွက်ပေါ်လာသည်အထိပင်။
“သူဌေးကြီးတန်...”
ငါ သူဌေးကြီးအသစ် ဖြစ်သွားပြီဆိုတာကို ဘယ်သူကများ ဒီလောက် မျက်စိလျှင်လျှင်နဲ့ သိသွားတာလဲ။
သူလှည့်ကြည့်လိုက်သောအခါ သေးသွယ်သော ခါးနှင့် ကြီးမားသော ရင်သားကြီးမားရှိသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် တန်ဝမ်ကျဲသည် ချက်ချင်းပင် ပြုံးလိုက်မိ၏။
“ဪ... ရှောင်ချွေ့ကိုး။”
ယခင် တန်ဝမ်ကျဲသည် ရှောင်ချွေ့ကို ဘာကြောင့် စွဲလန်းခဲ့သလဲဆိုသည်မှာ အကြောင်းရှိပေသည်။ သူမ၏ အရွယ်အစားမှာ အမှန်ပင် အလွန်ကြီးမားလွန်းလှ၏။ နံပါတ်သည်တော့ သိပ်မကြီးသော်လည်း အက္ခရာမှာမူ အင်္ဂလိပ်စာလုံး၏ နောက်ဆုံးပိုင်းလောက် ရှိပေသည်။ သူမ၏ခါးမှာ သေလောက်အောင် သေးသွယ်ပြီး ချောင်ဆန်ကို ဝတ်ဆင်ထားရာ မိန်းမစိုးတစ်ဦးပင်လျှင် သူမနှင့်တွေ့ပါက စိတ်လှုပ်ရှားပြီး အိပ်မပျော်နိုင် ဖြစ်သွားပေလိမ့်မည်။
“သူဌေးကြီးရဲ့ အမွေကို ဆက်ခံနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်နော်။”
ရှောင်ချွေ့သည် တန်ဝမ်ကျဲ၏ လက်မောင်းကို ဖက်တွယ်လိုက်၏။
ဟင်း... ငါ တကယ်ကို အထင်မှားသွားတာပဲ။ ဒါက D မဟုတ်ဘူး။ ရင်အောက်ပိုင်းက သေးပြီး ရင်သားက မြင့်နေတာပဲ။
အနည်းဆုံးတော့ E ပဲ ဖြစ်ရမယ်။
ချောင်ဆန်က အရမ်းကျပ်နေသဖြင့် ကြည့်ရသည်မှာ သေးနေသယောင် ရှိနေခြင်းပင်။ ရှောင်ချွေ့တစ်ယောက် အသက်မှ ဝဝရှူနိုင်ပါ့မလားဟု သူတွေးမိလိုက်သည်။
“ရှောင်ချွေ့ ငါ့ရဲ့ ပစ္စည်းဥစ္စာတွေ အားလုံး ဆုံးရှုံးရရင်တောင် ငါ့ဦးလေးကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်ရင် ငါ ရာခိုင်နှုန်းပြည့် လိုလိုလားလား လုပ်ပေးချင်မိတယ်။”
တန်ဝမ်ကျဲက တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ရှောင်ချွေ့က စိတ်ထဲမှ ရွဲ့လိုက်မိ၏။
‘နင်ပြောတာကို ငါယုံမယ်ထင်လို့လား။’
သူမသည် ယခင်က တန်ဝမ်ကျဲကို သူမ၏ လက်ခုပ်ထဲတွင် အလွယ်တကူ ကစားခဲ့သူဖြစ်သည်။ ယခုအခါ သူသည် ချမ်းသာပြီး အာဏာရှိသော သူဌေးကြီး ဖြစ်လာသဖြင့် သူမအနေဖြင့် အခွင့်အရေး တစ်ခုခုကို ဆုပ်ကိုင်ရပေလိမ့်မည်။ အကောင်းဆုံးမှာ သူ၏ မယားငယ် ဖြစ်လာရန်ပင်။ သူမတွင် အသိတရားတော့ ရှိပေသည်။ သူမသည် စစ်မှန်သည့် ဇနီးတစ်ယောက် မဖြစ်နိုင်သော်လည်း မယားငယ်ဖြစ်လျှင်ပင် တစ်သက်လုံး စည်းစိမ်ဥစ္စာများကို ခံစားနိုင်မည် မဟုတ်ပါလော။
ဤခေတ်ကာလတွင် အမျိုးသမီးတစ်ဦး ငွေရှိခြင်းမှာ အန္တရာယ်ရှိ၏။ အားကိုးရသော အမျိုးသားတစ်ဦး ရှိမှရပေလိမ့်မည်။ ထို့အပြင် တန်ဝမ်ကျဲမှာ အလွန်ချောမောသောကြောင့် ငွေမပေးလျှင်ပင် သူမ လိုလိုလားလား ရှိပါသည်။
တန်ဝမ်ကျဲသည် ရှောင်ချွေ့၏ အတွေးများကို အလွန်ရှင်းလင်းစွာ သိထား၏။ သူမကို လက်ထပ်ဖို့ ဝေးစွ၊ ထပ်မံပတ်သက်ဖို့တောင် မဖြစ်နိုင်ပေ။ သူသည် မူဝါဒရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး “ဟင်းကျန်” များကို ပြန်မသောက်ချင်ပေ။ သို့သော် သူသည် စိတ်ပျော့သော လူတစ်ယောက်ဖြစ်သောကြောင့်သာ သူမကို ဤသို့ အခွင့်ကောင်းယူရန် ခွင့်ပြုထားခြင်း ဖြစ်သည်။
ဖက်ထားပါစေလေ။ သူက သံယောဇဉ်ကြီးသူတစ်ယောက်ပဲ မဟုတ်လား။
ဤတစ်ကြိမ်တွင် တန်ဝမ်ကျဲသည် ဒေသခံ လူကုံထံများနှင့် တွေ့ဆုံကာ အတူတူ ငွေရှာရန် ဆွေးနွေးခဲ့ကြသည်။ သူသည် အမြဲတမ်း သတိဖြင့်သာ လှုပ်ရှားတတ်၏။ အကယ်၍ လူတိုင်းနှင့် ဆက်ဆံရေး ပျက်ပြားသွားပါက ထိုလူများက သူ့ကို သတ်ရန် လူသတ်သမားများ ငှားရမ်းလာနိုင်သည် မဟုတ်ပါလား။ အကျိုးစီးပွားချင်း ချိတ်ဆက်ထားခြင်းက ပို၍ စိတ်ချရပေသည်။
သူဌေးကြီး၏ အမွေများမှာ ကျေးလက်မြို့နယ် သူဌေးအဆင့်သာ ရှိသဖြင့် မြို့ကြီးပြကြီးများတွင်မူ ပြောပလောက်သည် မဟုတ်သော်လည်း ကောင်းမွန်စွာ စီမံခန့်ခွဲပါက အိမ်ထောင်ရေးအတွက် လုံလောက်သော ဝင်ငွေကို ရရှိနိုင်မည်ဖြစ်သည်။ သူသည် ဆေးရွက်ကြီး၊ သံသတ္တု သို့မဟုတ် ဘဏ္ဍာရေးကဲ့သို့သော လုပ်ငန်းများကိုပင် မစဉ်းစားခဲ့ပေ။ သူသည် နတ်ဆိုးနှိမ်နင်းသည့် လမ်းစဉ်ကို လျှောက်လှမ်းလိုသူဖြစ်ရာ ငွေကြေးမှာ သိပ်အရေးမကြီးတော့သဖြင့် စွမ်းအင်များကို ထိုနေရာတွင် များစွာ မဖြုန်းတီးလိုပေ။
ထာဝရနုပျိုခြင်း၊ ရွှေဖြစ်ငွေဖြစ်နိုင်သော စွမ်းအားနှင့် မသေနိုင်သော ဘဝတို့ထက် မည်သည့်အရာက ပိုအရေးကြီးဦးမည်နည်း။ သူသည် အသေးအဖွဲကိစ္စအတွက် အဓိကအရာကို အဆုံးရှုံးမခံနိုင်ပေ။
ထိုစားသောက်ပွဲ၌ သူတို့သည် ပျော်ပျော်ပါးပါး စကားပြောခဲ့ကြ၏။ ထိုစဉ် ဘေးတွင် ထိုင်နေသော ရှောင်ချွေ့က ဝိုင်ခွက်တစ်ခွက်ကို မြှောက်လိုက်လေသည်။
“သူဌေးကြီးတန် တစ်ခွက်လောက် သောက်ပါဦး။”
သူမသည် သူမ အသစ်ဝယ်ထားသော ပိုးသားခြေအိတ်ကို ခိုးကြည့်လိုက်သည်။ သူတို့သည် ထိတွေ့မှုကြောင့် အမွေးအမှင်များ ထောင်ထနေသည်ကို မြင်လိုက်ရသဖြင့် သူမ စိတ်မကောင်း ဖြစ်သွားမိသည်။
“ငါ အများကြီး မသောက်နိုင်ဘူး။ တော်ပြီ တော်ပြီ။”
တန်ဝမ်ကျဲက လက်ခါပြလိုက်သည်။
ရှောင်ချွေ: နင်က တစ်ငုံပဲ သောက်ရသေးတာလေ။ ကျန်တာတွေ ငါပဲ အကုန်သောက်ပေးခဲ့ရတာပါဟဲ့။
“ဟားဟားဟား ရှောင်ချွေ့ သူဌေးကြီးတန်ကို မင်းအခန်းထဲ ခေါ်သွားပြီး အနားယူခိုင်းလိုက်ပါဦး။”
“ကျုပ် အိမ်ပြန်ပြီးပဲ နားလိုက်ပါ့မယ်။”
တန်ဝမ်ကျဲက ခေါင်းခါလိုက်သော်လည်း လက်ကမူ ရှောင်ချွေ့၏ ပခုံးကို တင်းတင်းဖက်ကာ လူသားထောက်တိုင်အဖြစ် အသုံးပြုနေပြီဖြစ်သည်။
ထိုအခြင်းအရာကို မြင်သောအခါ ရှောင်ချွေ့ အလွန်ဝမ်းသာသွား၏။ ယခု တန်ဝမ်ကျဲသည် ရူယီတည်းခိုခန်း၏ ပိုင်ရှင်ဖြစ်ပြီး သူက ရှောင်ချွေ့ကို အချစ်ဆုံးဟု လူတိုင်းသိကြပြီး ရလဒ်အနေဖြင့် လတ်တလောတွင် ရှောင်ချွေ့မှာ အခြားဧည့်သည် မရှိသလောက် ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမတွင် ဝင်ငွေနည်းနေပြီး အလှပြင်ပစ္စည်းများကလည်း ဈေးကြီးလှသဖြင့် သူမ နေ့တိုင်း ပိုက်ဆံအမြောက်အမြား ဆုံးရှုံးနေခဲ့ရသည်။
သို့သော် ဤညတွင်သာ တန်ဝမ်ကျဲကို ပြန်လည်ဖမ်းစားနိုင်ပြီး ခေါင်းအုံးပေါ်က စကားလေးတွေနဲ့ တန်အိမ်တော်ကို ပြောင်းနေနိုင်မည်ဆိုလျှင် အရာအားလုံး ပြောင်းလဲသွားပေလိမ့်မည်။
ရထားလုံးသည် တန်အိမ်တော်သို့ ရောက်သောအခါ တန်ဝမ်ကျဲသည် မူးနေသည့် အရိပ်အယောင် လုံးဝမပြဘဲ ခုန်ဆင်းလိုက်လေသည်။ သူသည် ရထားလုံးမောင်းသူကို ပေါ့ပေါ့ပါးပါးပင် မှာကြားလိုက်၏။
“ရှောင်ချွေ့ကို ဘေးကင်းအောင် ပြန်ပို့ပေးလိုက်ဦး။”
“သူဌေးကြီးတန်...”
ရှောင်ချွေ့သည် နီမြန်းနေသော မျက်နှာလေးဖြင့် သူနှင့်အတူ လိုက်ဆင်းချင်နေခဲ့သည်။
“ရှောင်ချွေ့ ငါက အရမ်းရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ပါ။”
ထိုသို့ပြောပြီးနောက် သူသည် ရှောင်ချွေ့ကို အမြန်ပြန်ခေါ်သွားရန် လက်ယမ်းပြလိုက်၏။ သူမသည် သူ၏ လက်မောင်းကို သူမ၏ ရင်သားနှင့် အခွင့်ကောင်းယူသည်ကို သူ လက်ခံနိုင်သော်လည်း သူမ အနေဖြင့် လူရော ငွေပါ ရသွားမည့် အခြေအနေကိုမူ သူ ခွင့်မပြုနိုင်ပေ။
တန်အိမ်တော်၏ တံခါးပေါက်သို့ ရောက်သောအခါ အမှောင်ထဲမှ လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တန်ဝမ်ကျဲသည် လန့်ဖျန့်သွားပြီး သူ၏ခါးကြားမှ ပစ္စတိုကို ဆွဲထုတ်ရန် အလိုလို ပြင်လိုက်၏။
“သခင်လေးတန် မပစ်ပါနဲ့ ကျုပ်ပါ။”
“သတ္တိခဲ ကျန်းလား။”
အမှောင်ထဲမှ ရုတ်တရက် ပြေးထွက်လာသူမှာ ယခင်က ထွက်ခွာသွားခဲ့သော ပေါင်ကျန်းပင် ဖြစ်လေသည်။