အမျိုးသမီးသုံးယောက်နှင့် ဘာစားစရာမှမရှိဘူး
Vol. 2 Ch. 19
တန်ဝမ်ကျဲမှာ အံ့ဩသွားပြီးနောက် ဦးနှောက်ခြောက်သလိုပင် ခံစားလိုက်ရသည်။
“မင်း ဘာလို့ ပြန်လာတာလဲ။”
သူသည် သတ္တိခဲကျန်းနှင့် အမှန်တကယ်မပတ်သက်ချင်ပေ။ သရဲကားများထဲမှ ဇာတ်လိုက်များ၊ အထူးသဖြင့် တပည့်နေရာကလူများသည် များသောအားဖြင့် ပြဿနာရှာတတ်သူများဖြစ်ကြောင်း လူတိုင်းသိကြသည်။ သတ္တိခဲကျန်းမှာ သရဲကားဇာတ်ကောင်များထဲတွင် အားကိုးရဆုံးသူတစ်ဦး ဖြစ်သော်လည်း သူ၏ ခေါင်းမာမှုနှင့် ကြွားဝါတတ်သည့်အကျင့်မှာ ပြဿနာကြီးဖြစ်ပြီး ဒုက္ခများကို အလွယ်တကူ ဆွဲဆောင်တတ်ပေသည်။
“အထဲဝင်ပြီး စကားပြောရအောင်။”
သတ္တိခဲကျန်းကို အိမ်ထဲသို့ ခေါ်လာပြီးနောက် ဖယောင်းတိုင်အလင်းအောက်တွင် ကြည့်လိုက်ရာ ကျန်းမှာ အတော်လေး ပိန်သွားပြီး အဝတ်အစားများမှာလည်း စုတ်ပြတ်နေသည်ကို တွေ့လိုက်ရသည်။
ဒုက္ခပဲ...။
သတ္တိခဲ ကျန်းသည်လည်း အဝတ်စုတ်နှင့် မြေနင်းဂိုဏ်းဝင်တစ်ဦးဖြစ်ကြောင်း သူ မေ့သွားခဲ့သည်။ ငွေရှိနေလျှင် သူ ကံဆိုးနေပေလိမ့်မည်။
“မင်းကို ဘဝသစ်စဖို့ ငါ ငွေတစ်စု ပေးလိုက်တယ်မဟုတ်လား။ ဘာလို့ ဒီလိုဖြစ်...”
တန်ဝမ်ကျဲက မေးလိုက်၏။
တစ်ဖက်လူ၏ ကံဆိုးမှုမှာ သူနှင့်ပတ်သက်နေမလားဆိုသည်ကိုမူ သူ မသေချာပေ။
“ဟဲဟဲ...။ သခင်လေးပေးလိုက်တဲ့ ပိုက်ဆံကိုယူပြီး အဲဒီမိန်းမနဲ့အတူ တန်မိသားစုမြို့ကနေ ကျုပ်ထွက်သွားခဲ့တယ်လေ။ သူက ကျုပ်ဆီက ပိုက်ဆံကို ထပ်ပြီး လိမ်ချင်နေသေးတာနဲ့ ကျုပ်လည်း သူ့ကို အမာရွတ်နဲ့ ခြေမသန်တဲ့လူတစ်ယောက်ဆီ ရောင်းစားခဲ့လိုက်တယ်။”
သတ္တိခဲကျန်းက ပြုံးကာ ပြောလာခဲ့သည်။
တန်ဝမ်ကျဲအတွက်မူ ဤသည်မှာ ရယ်စရာ လုံးဝမဟုတ်ပေ။
“လမ်းမှာ လည်ပင်းစောင်းနေတဲ့ သူဌေးတစ်ယောက် ပေါ်လာတယ်လို့လည်း ကြားလိုက်သေးတယ်။ အဲ့ဒါနဲ့ အကြံပေး လျိုဖြစ်မယ်လို့ ကျုပ်တွေးမိလိုက်ပြီး သူ့နောက်ကို လိုက်သွားခဲ့တယ်။ တကယ်ပဲ သူက တန်အိမ်တော်က ခိုးသွားတဲ့ ပိုက်ဆံတွေနဲ့ ပျော်ပါးနေတာကို တွေ့လိုက်ရတယ်လေ။”
သတ္တိခဲကျန်းက ဒေါသတကြီးဖြင့် လေထဲသို့ လက်သီးနှစ်ချက်ပင် ထိုးပြလိုက်သေး၏။
“အဲ့ဒါနဲ့ ကျုပ်လည်း ညသန်းခေါင်မှာ သူ့ကို အဝတ်အစားတွေ ချွတ်၊ သခင်လေးရဲ့ ပိုက်ဆံတွေ အကုန်ပြန်လုပြီး သူ့ခြေထောက်တစ်ဖက်ကိုပါ ရိုက်ချိုးခဲ့လိုက်တယ်။ သခင်လေးပေးခဲ့တဲ့ ပိုက်ဆံတွေကိုတော့ ကျုပ်သိတဲ့ ဘဏ္ဍာရေးနယ်ပယ်က သူငယ်ချင်းတစ်ယောက်ဆီမှာ ရင်းနှီးမြှုပ်နှံမှုအဖြစ် အပ်ထားခဲ့ပြီးပါပြီ။”
သတ္တိခဲကျန်းသည်လည်း တော်တော်လေး လူရည်လည်သူဖြစ်သည်။ ငွေကို မိမိကိုယ်ပေါ်တွင် ထား၍မရကြောင်း သူသိပုံရသည်။ ဖြစ်နိုင်သည်မှာ သူသည်လည်း တန်ဝမ်ကျဲကဲ့သို့ပင် ဂိုဏ်း၏ စည်းကမ်းချက်များထဲမှ ဟာကွက်ကို ရှာတွေ့သွားခြင်း ဖြစ်ပေလိမ့်မည်။
ခေတ်ကာလများ ပြောင်းလဲသွားပြီဖြစ်သည်။ စည်းစိမ်ဥစ္စာကို မိမိဘေးတွင် ထားနိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိနေပြီဖြစ်၏။ ရှေးရိုးစွဲဂိုဏ်း၏ စည်းကမ်းချက်များမှာ (၂၀) ရာစု၏ ဥပဒေများကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။ အပြင်ပန်းတွင် မွဲသယောင် ပြထားရုံသာဖြစ်ပြီး အမှန်တကယ် မွဲနေခြင်း မဟုတ်ပေ။
အဝတ်အစားတွင် အပေါက်ပါရမည်ဟူသော သတ်မှတ်ချက်အပါအဝင် “အဝတ်စုတ်ဂိုဏ်း” ၏ အခြားကန့်သတ်ချက်များမှာ သိပ်ပြီး အခက်အခဲ မရှိလှပေ။
သတ္တိခဲကျန်းသည် တန်ဝမ်ကျဲရှေ့ရှိ စားပွဲပေါ်သို့ ထုပ်ပိုးထားသော အထုပ်တစ်ထုပ် တင်လိုက်ပြီး ဖွင့်ပြလိုက်၏။ အထဲတွင် အကြံပေး လျို ခိုးသွားသော ငွေများ ဖြစ်သည်မှာ ထင်ရှားလှပေသည်။
ငွေစက္ကူများမှာ တန်ဖိုးမရှိပေ။ အမှန်တကယ် တန်ဖိုးရှိသည်မှာ ငွေစင်များ၊ ရွှေချောင်း ဆယ်ချောင်းကျော်နှင့် ငွေဒင်္ဂါးဘူးတစ်ဘူးဖြစ်သည်။ အကြံပေးလျိုသည် ငွေစက္ကူများကိုသာ သုံးစွဲနေခဲ့ပြီး ကျန်သည့်အရာများကိုမူ ထိတွေ့ရန် အချိန်မရသေးပေ။
ဤမျှများပြားသော ပမာဏကို အချိန်တိုအတွင်း စားသောက်ပျော်ပါး၍ ကုန်အောင်သုံးရန်မှာ ကောင်းကင်ဘုံသို့ တက်ရသည်ထက်ပင် ခက်ခဲပေလိမ့်မည်။
“ကျန်း... မင်းက တကယ်ကို စိတ်ကောင်းရှိတာပဲ။”
တန်ဝမ်ကျဲ ခေါင်းငြိမ့်လိုက်မိသည်။ ဆုံးရှုံးသွားသော ပစ္စည်းများကို ပြန်ရခြင်းမှာ ကောင်းသောအချက်ဖြစ်ပြီး ဤသူက ကိုယ်တိုင်ကိုယ်ကျ လာပြန်ပေးခြင်းမှာ သူ၏ ရိုးသားမှုကို ဖော်ပြနေခဲ့သည်။
“နောက်ထပ် ဘယ်ကိုသွားဖို့ စိတ်ကူးထားလဲ။”
တန်ဝင်ကျဲက မေးလိုက်သည်။
“ရှန်ဟိုင်းကို သွားချင်တယ်။ အဲဒီမှာ ဗဟုသုတတွေ သွားရှာချင်တယ်။ အဲ့ဒါက ကမ္ဘာပေါ်မှာ အစည်ကားဆုံးနေရာလို့ ကြားဖူးတယ်လေ။”
“မင်းပြောတဲ့ ဘဏ္ဍာရေးနယ်ပယ်က သူငယ်ချင်းလည်း ရှန်ဟိုင်းကို သွားမှာလား။”
“ဟုတ်တယ်။”
ထိုအခါ တန်ဝမ်ကျဲက ငွေများကို သတ္တိခဲကျန်းဘက်သို့ တွန်းပေးလိုက်လေသည်။
“ဒါဆို ဒီပိုက်ဆံတွေကို ယူသွားလိုက်ပါ။ မင်းလက်ထဲမှာ တစ်ခုခု ရှိနေဖို့ လိုတယ်။ အိမ်နဲ့ဝေးတဲ့နေရာမှာ ပိုက်ဆံမရှိရင် ဘာမှလုပ်လို့မရဘူး။”
သတ္တိခဲကျန်းမှာ ဟာကွက်ကို မည်သို့အသုံးချရမည်ကို သိထားသဖြင့် သူ စိတ်ပူစရာ မလိုတော့ပေ။
“အရင်ကပေးထားတဲ့ ပိုက်ဆံတွေနဲ့တင် လုံလောက်နေပါပြီ။ အဲဒီသူငယ်ချင်းကလည်း အရမ်းအားကိုးရပါတယ်။ ကျုပ်က ရင်းနှီးမြှုပ်နှံထားတာဆိုပေမယ့် လက်ငင်းငွေကို မလိုချင်ဘူး။ သူက ကျုပ်ရဲ့ နေ့စဉ်နေထိုင်စရိတ်နဲ့ မုန့်ဖိုးတွေကို နေ့တိုင်း ပေးတယ်။”
ငွေပေးပြီး အလုပ်လုပ်တာလား။ ဘယ်လိုတောင် အမြင်ကျယ်တဲ့ အလုပ်လုပ်ပုံမျိုးလဲ။ သတ္တိခဲ ကျန်း မင်းလည်း ၂၁ ရာစုကနေ ပြန်ရောက်လာတဲ့လူများလား။
သူတို့နှစ်ဦး အတန်ကြာ စကားပြောဖြစ်ကြပြီး စာဖြင့် အဆက်အသွယ်လုပ်ရန် ကတိပြုခဲ့ကြပြီးနောက် သတ္တိခဲကျန်းက နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့လေသည်။ သူ၏ သူငယ်ချင်းမှာ သူ့ကို စောင့်နေဆဲပင်။
“သတ္တိခဲ ကျန်းရဲ့ သိုင်းပညာက ကောင်းတယ်ဆိုတော့ သူ အဆင်ပြေမှာပါ။”
သူကိုယ်တိုင်သည်မူ လောလောဆယ်တွင် မြို့ကြီးပြကြီးသို့ မသွားလိုသေးပေ။ ကျေးလက်သူဌေးကြီးတစ်ဦးအဖြစ် နေရသည်မှာလည်း အတော်လေး အဆင်ပြေလှသည်။ ရှန်ဟိုင်းမှာ မည်မျှပင် စည်ကားပါစေ (၂၀) ရာစု အစောပိုင်းကာလသာ ဖြစ်နေသေးသည်။ ကွန်ပျူတာ၊ လက်ကိုင်ဖုန်းနှင့် အင်တာနက်တို့ရှိသည့် လျှို့ဝှက်နယ်မြေနှင့်မူ လုံးဝမယှဉ်နိုင်ပေ။ ထိုအရာကမှ အစစ်အမှန် ပျော်ရွှင်မှုဖြစ်သည်။ နောက်တစ်ကြိမ်တွင်မူ ထိုနေရာ၌ ပိုကြာကြာနေနိုင်ရန် နည်းလမ်းရှာရပေမည်။ ယပ်တောင်ခပ်ပေးမည့် အစေခံမလေးထက် အဲယားကွန်းကိုသာ သူ ပိုနှစ်သက်မိသည်။
နောက်နှစ်ရက်တွင်မူ “ကျိန်စာ” လျှို့ဝှက်နယ်မြေသို့ ထပ်မံဝင်ရောက်နိုင်ပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသော်လည်း ၎င်းအတွက် အသက်စွမ်းအား ၃၀ မှတ် လိုအပ်ပေသည်။ သူသည် တစ်ရက်လျှင် စွမ်းအား ၁ မှတ်သာ အလိုအလျောက် ပြန်လည်ရရှိခြင်းဖြစ်သည်။ ထို့ကြောင့် ဝင်ရောက်နိုင်ရန် အနည်းဆုံး ရက်ပေါင်း ၃၀ စောင့်ရပေဦးမည်။
“စျေးဆိုင်မှာ အသက်စွမ်းအား ပြန်ဖြည့်တဲ့ ပစ္စည်းတွေ ဘာလို့ မရောင်းတာလဲ။”
အလုပ်များသည့် ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် တန်မိသားစုမြို့၏ စီးပွားရေးမှာ တည်ငြိမ်သွားပြီဖြစ်သည်။ တန်ဝမ်ကျဲကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ စာရင်းစစ်ခြင်းနှင့် ဆိုင်များကို လှည့်ပတ်ကြည့်ရှုရခြင်းတို့ကြောင့် အမြဲတမ်း အလုပ်များနေခြင်းပင်။
ပထမမျိုးဆက်သူဌေးကြီးဖြစ်ရသည်မှာ သိပ်ပြီးပျော်စရာမကောင်းလှပေ။ ဒုတိယမျိုးဆက် သူဌေးဖြစ်ရသည်ကမှ သူ့အတွက် ပို၍သင့်တော်ပေသည်။ ၎င်းသည် ပိုက်ဆံပဲ သုံးရပြီး ဘာပူစရာမှ မရှိခြင်းပင်။
ကံကောင်းသည်မှာ ထိုသို့အလုပ်များခြင်းမှာ ခဏသာဖြစ်သည်။ မကြာမီပင် သူသည် သူဌေးကြီးတစ်ဦး၏ လူနေမှုပုံစံသို့ ကူးပြောင်းနိုင်ခဲ့သည်။ သူသည် နေ့စဉ်နေ့တိုင်း သိုင်းကျင့်ခြင်းနှင့် “ဓားလက်ချောင်း” ကျင့်စဉ်ကို လေ့ကျင့်သည်။ နှမြောစရာကောင်းသည်မှာ ထိုမန္တန်များကို ကိုယ့်ဘာသာ လေ့ကျင့်၍ မရခြင်းပင်။ သူ ဆရာတစ်ယောက် ရှာရပေဦးမည်။
သူသည် ရရှိထားသော အတွေ့အကြုံများကို မသုံးသေးဘဲ စုထားလိုက်၏။ မော်ရှန်း ကျန်းမာရေးသိုင်း ဖြစ်စေ၊ ဓားလက်ချောင်းဖြစ်စေ အတွေ့အကြုံများ သုံးရသည်မှာ မထိုက်တန်ပေ။ သူ့ဘာသာသူ လေ့ကျင့်နိုင်သည်ဆိုကတည်းက ပြဿနာမရှိသဖြင့် ထိုအမှတ်များကို သင်ယူရန် ခက်ခဲသော ပညာရပ်များနှင့် တွေ့မှသာ သုံးစွဲမည်ဖြစ်သည်။
ပြောရလျှင် ဘေးကင်းသည်ပေါ့။
ထိုနေ့တွင် ရန်ထင်ထင်ထံမှ စာတစ်စောင် ရောက်လာခဲ့လေသည်။ သူမသည် ရန်မိသားစုမြို့သို့ ပြန်ရောက်သွားပြီဖြစ်ကြောင်းနှင့် သူမ၏ အဘိုးဖြစ်သူ၏ အုတ်ဂူကို ရွှေ့ပြောင်းတော့မည့်အကြောင်း စာထဲတွင် ထည့်ရေးထားခဲ့သည်။
အခုတော့ သူသွားမှဖြစ်တော့မည်။ ကောင်းကင်ဘုံ၏ အားအကောင်းဆုံး ဆရာကြီးဖြစ်သော ဦးလေးကျိုးဖြစ်စေ၊ ကောင်းကင်ဘုံ၏ မဖြစ်မနေ တိုက်ခိုက်ရမည့် အစပြုသူရွာမှ ဘော့စ်ဖြစ်သော ရန်အဘိုးကြီး ဖြစ်စေ တန်ဝမ်ကျဲ လက်လွှတ်မခံနိုင်ပေ။
ရန်ထင်ထင်မှာမူ ကောင်းကင်ဘုံ ဇာတ်လိုက်တစ်ဦး၏ စံပြမင်းသမီးဖြစ်ရာ လမ်းကြုံသည့်အခါ တစ်ခါတည်း သွားခေါ်လိုက်ရုံပင်။
စာရင်းတွေ စစ်ကြည့်ဦးမှပါ။
တန်မိသားစုမြို့နှင့် ရန်မိသားစုမြို့ကြားတွင် စီးပွားရေး ပတ်သက်မှု ရှိ၊ မရှိ သူ သိချင်သည်။ မလှုပ်ရှားခင် ခိုင်လုံသော အကြောင်းပြချက်တစ်ချို့ လိုအပ်သည်မဟုတ်ပါလား။ ရန်ထင်ထင်ကို ပိုးပန်းချင်သည်ဆိုလျှင်ပင် မိုင်ပေါင်းရာချီအောင် တကူးတက သွားခြင်းက သူ့ကို အညှာလွယ်သည့်လူတစ်ယောက်လို ဖြစ်စေပေလိမ့်မည်။ ထို့ကြောင့် သူသည် ထိုသို့မဖြစ်စေဘဲ “လမ်းကြုံဝင်လာခြင်း” ဆိုသည့်ပုံစံမျိုး ဖြစ်အောင် လုပ်ရပေလိမ့်မည်။
သူက ချောလည်းချော၊ ချမ်းလည်းချမ်းသာတာပဲ။ သူက အညှလွယ်တဲ့လူမျိုးပါလုပ်နေလျှင် တခြားအမျိုးသားတွေက ဘာလုပ်ကြရတော့မှာလဲ။
သူ စစ်ဆေးကြည့်လိုက်ရာ အမှန်တကယ်ပင် ပတ်သက်မှုရှိနေခဲ့လေသည်။ နှစ်ဦးနှစ်ဖက်ကြား နောက်ဆုံး စီးပွားရေးမှတ်တမ်းမှာ လွန်ခဲ့သော ၈ နှစ်က ဖြစ်သည်။ ထိုအချိန်က ရန်ဖား၏ မိသားစုလုပ်ငန်းမှာ တောင့်ခံထားနိုင်သေးသော်လည်း ကျဆင်းနေပြီဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် သူဌေးကြီးတန်မှာမူ မတူပေ။ သူသည် တာအိုဘုန်းကြီးများ၊ ဆရာကြီးများနှင့် အမြဲတမ်း ပတ်သက်နေပြီး ဘိုးဘေးအုတ်ဂူနှင့် ဖုန်းရွှေများတွင် အမြောက်အမြား ရင်းနှီးမြှုပ်နှံထားခဲ့ပေသည်။ ထို့ကြောင့် သူ၏ စီးပွားရေးမှာလည်း တဖြည်းဖြည်းနှင့် ပိုမို အဆင်ပြေလာခဲ့သည်။
ဤသို့သော မှော်ပညာများ လွှမ်းမိုးသည့် ကမ္ဘာတွင် နတ်ဘုရားများကို ကိုးကွယ်ခြင်းမှာ မှန်ကန်သော လမ်းညွှန်ချက်ပင်။ ဘိုးဘေးအုတ်ဂူမှ မီးခိုးထွက်ခြင်း (ကံကောင်းခြင်း) သည် တစ်သက်လုံး ကြိုးစားအားထုတ်ရသည်ထက် ပို၍ အသုံးဝင်ပေသည်။
နှစ်ဦးနှစ်ဖက်စလုံး၏ စီးပွားရေးအဆင့်အတန်းမှာ အလွန်ကွာခြားသွားသဖြင့် အတူတူ အလုပ်လုပ်ရန် မဖြစ်နိုင်တော့ဘဲ အဆက်အသွယ်များ ပြတ်သွားခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်စလုံးသည် မြို့၏ အချမ်းသာဆုံးများ ဖြစ်ကြသော်လည်း တစ်ယောက်က သိန်းငါးဆယ်ရှိ၍ အချမ်းသာဆုံးဟု ခေါ်ပြီး နောက်တစ်ယောက်က သိန်းနှစ်ဆယ်ရှိရုံနှင့် အချမ်းသာဆုံးဟု ခေါ်ဆိုနေရခြင်းမျိုး ဖြစ်သည်။
သူသည် ရန်ထင်ထင်ထံသို့ စာတစ်စောင် ပြန်ရေးလိုက်၏။ ထိုစာထဲတွင် သူသည် စီးပွားရေးလုပ်ငန်းအသစ်တစ်ခု စတင်ရန် ပြင်ဆင်နေပြီး ရန်မိသားစုမြို့ကို ဖြတ်သွားဖွယ်ရှိကြောင်း ပြောလိုက်သည်။
ထို့နောက် ရန်ဖားထံသို့လည်း စာတစ်စောင် ရေးလိုက်၏။ သူသည် စီးပွားရေးလုပ်ရန် လာမည်ဖြစ်ကြောင်းနှင့် သူ၏အိမ်တွင် ပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းအဟောင်းများ ရှိပါက သူ့ကို ရောင်းနိုင်ကြောင်း ပြောလိုက်လေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရန်မိသားစုမြို့သို့ သွားသည့်လမ်းမှာ ခရိုင်မြို့တော်ကို ဖြတ်သွားရသဖြင့် တန်ဝမ်ကျဲသည် နျန်းယင်းကို အတူတူ လိုက်လည်ရန် ဖိတ်ခေါ်လိုက်လေသည်။ သူ့အတွက် နျန်းယင်းကို တွေ့ဖို့ထက် သူမ၏ အစ်မကို တွေ့ဖို့က ပိုအရေးကြီးပေသည်။
“ဖြူစင်သော လရောင်” - သူမ၏ ရိုက်ခတ်မှုမှာ အလွန် ပြင်းထန်လှပေသည်။
ကျူးကျူးအတွက်ကတော့... အဲဒါက ပြဿနာပဲ။
သူမကို မခေါ်သွားတာ ပိုကောင်းပေလိမ့်မည်။
စကားပုံရှိသည်မဟုတ်လား။
ရဟန်းတစ်ပါးဆိုလျှင် ရေသယ်သောက်၏။ ရဟန်းနှစ်ပါးဆိုလျှင် အတူတူ ရေသယ်သောက်ကြသည်။ သို့သော် မိန်းမသုံးယောက် ဖြစ်လာလျှင်မူ သူ့မှာ စားစရာ ဘာမှရှိတော့မည် မဟုတ်ပေ။
သူ့ကို နှစ်သက်သော အမျိုးသမီးများကို သူ့နောက်ကိုသာ လိုက်ခွင့်ပေးရမည်ဖြစ်သည်။ တြိဂံပုံစံမှာ အလွန် တည်ငြိမ်လွန်းသဖြင့် သူတို့ မျက်နှာချင်းဆိုင်ရန် ခက်ခဲသွားမည်ကို သူစိုးရိမ်မိ၏။ ထို့ကြောင့် သူကိုယ်တိုင် ခက်ခဲမှုကို အနည်းငယ် လျှော့ချပေးရပေလိမ့်မည်။