← Chapters

ဦးလေးကျိုး - လောကပေါင်းစုံတွင် အားအကောင်းဆုံးသော လမ်းပြဆရာကြီး

Vol. 3 Ch. 21

ဦးလေးကျိုး - လောကပေါင်းစုံတွင် အားအကောင်းဆုံးသော လမ်းပြဆရာကြီး

Vol. 3 Ch. 21

လမ်းဘေးတွင် စက်ဘီးစီးစစ်သားတစ်တန်း ရပ်တန့်နေကြပြီး ၎င်းတို့၏ကျောတွင် ပိုးလွယ်ထားသော ရိုင်ဖယ်သေနတ်ပြောင်းများမှာ ကောင်းကင်သို့ပင် ထောင်မတ်နေကြ၏။

မြင်းရထားနှစ်စီးသည် ကြည့်ရှုသူ လူအုပ်ကြီးကို ဆွဲဆောင်ထားပြီး ရန်ကျားမြို့၏ အဝင်ဝကို ပိတ်ဆို့ထားလေသည်။

လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာချေပြီ။

ထိုစဉ် ဘယ်ဘက်မြင်းရထား၏ လိုက်ကာကို ဆွဲဖွင့်လိုက်ရာ ခန့်ညားထည်ဝါသော လူငယ်တစ်ဦး ထွက်ပေါ်လာခဲ့သည်။

ထိုလူငယ်သည် ကျောင်းတော်သားယူနီဖောင်းနှင့် ဆင်တူသော ထူးခြားသည့် ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားခဲ့၏။ သို့သော်လည်း သူ၏ ခါးတွင် ချိတ်ဆွဲထားသော ပစ္စတိုသေနတ်က သူ၏ ပညာရှိအသွင်အပြင်ကို လုံးဝ ပျောက်ကွယ်သွားစေခဲ့လေသည်။

ရန်ဖားတစ်ယောက် အမျိုးမျိုး ခန့်မှန်းနေစဉ်မှာပင် သူ၏ သမီးဖြစ်သူ ထင်ထင်က ကိုယ့်သဘောနှင့်ကိုယ် လှမ်းလျှောက်သွားလေပြီ။

“ဝမ်ကျဲ။”

ထင်ထင်၏ မျက်နှာတွင် ပန်းတစ်ပွင့်ပွင့်လာသကဲ့သို့ ပြုံးရွှင်သွားသည်ကို မြင်ရသော ရန်ဖားမှာ မနာလိုဖြစ်ပြီး စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့တော့သည်။

“ထင်ထင် မတွေ့တာ ကြာပြီနော်။”

ထိုလူငယ်က ပြုံးကာ နှုတ်ဆက်လိုက်၏။

“အဖေ သမီး မိတ်ဆက်ပေးပါရစေ၊ ဒါက...”

“ထင်ထင်”

ထိုအခိုက်၌ အခြားမြင်းရထားပေါ်မှ မိန်းကလေးတစ်ဦး ခုန်ဆင်းလာခဲ့သည်။ သူမသည် ရန်ထင်ထင်ကဲ့သို့ပင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ထင်ထင်၏ လည်ပင်းတွင် ဆွဲထားသော ပုလဲကုံးကြီးကဲ့သို့သော အဆင်တန်ဆာမျိုးတော့ မပါရှိပေ။

“နျန်ယင်း...နင်လည်း ရောက်လာတာလား အဟင်းဟင်း။”

ထင်ထင်၏ အပြုံးမှာ အနည်းငယ် တောင့်တင်းသွားခဲ့၏။

“အင်း ဝမ်ကျဲက ရန်ကျားမြို့မှာ အလုပ်ကိစ္စရှိတယ်ဆိုလို့ ငါလည်း လိုက်ခဲ့တာ။ ငါ နင့်ကို အရမ်းသတိရနေတာနော်။”

နျန်ယင်းသည် လမ်းခရီးတွင် အနည်းငယ် စိတ်မကြည်မလင် ဖြစ်နေခဲ့သော်လည်း ကလေးဆန်သော စိတ်သဘာဝရှိသူဖြစ်၍ ထင်ထင်ကို မြင်သည်နှင့် နွေးထွေးစွာ ဆက်ဆံလေတော့သည်။

ရန်ဖားမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်းနှင့် ဇဝေဇဝါ ဖြစ်နေခဲ့ရသည်။

မိန်းကလေးတစ်ယောက်ကို ခေါ်လာပြီးမှ ငါ့သမီးကို လာပိုးပန်းနေတာလား။ ဒါမှမဟုတ် ငါပဲ အတွေးလွန်နေတာလား။ လောကကြီးမှာ ဒီလောက်အထိ ရဲတင်းတဲ့သူတော့ မရှိနိုင်ပါဘူးနော်။

“ဒါက သခင်ကြီး ရန်ဖားလားခင်ဗျာ။”

တန်ဝမ်ကျဲက လျှောက်လာပြီး သူ့ကိုယ်သူ မိတ်ဆက်သည်။ ဝမ်ကျဲက လျှောက်လာပြီး သူ့ကိုယ်သူ မိတ်ဆက်သည်။

“ကျူပ်က တန်မိသားစုမြို့က တန်ဝမ်ကျဲပါ။ ကျုပ်တို့ အရင်က စာအပေးအယူ လုပ်ဖူးပါတယ်။”

“သူဌေးကြီးတန်။”

ရန်ဖား၏ မျက်နှာပေးမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့၏။ လက်ရှိ သူဌေးကြီးတန်က မည်သူဖြစ်သည်ကို သူ ကောင်းကောင်းသိပေသည်။ သူတို့သည် လူချင်းမတွေ့ဖူးသော်လည်း ငွေကြေးချမ်းသာသူချင်းဖြစ်၍ မိတ်ဆွေကောင်းများ ဖြစ်နေကြပြီဖြစ်သည်။

“ကျုပ်တို့ လက်ဖက်ရည် သောက်ရင်း စကားပြောကြမလား။”

ရန်ဖားက ဖိတ်ခေါ်လိုက်၏။ တန်ဝမ်ကျဲက ခေါင်းငြိမ့်ပြလိုက်သည်။

“ဒါဆိုရင်တော့ ဝမ်းမြောက်စွာ လက်ခံရမှာပေါ့။”

မိန်းကလေးနှစ်ဦးမှာ စကားတတွတ်တွတ် စကားပြောရင်း နောက်မှ လိုက်ပါလာခဲ့ကြပြီး စစ်သားများသည်မူ အနောက်မှနေ၍ စောင့်ကြပ်လိုက်ပါလာခဲ့ကြလေသည်။

ကော်ဖီဆိုင်အတွင်း၌ အလွန်စည်ကားနေလေသည်။

ရန်ဖား ရောင်းချချင်သည့် အရာမှာ ရန်ကျားမြို့ တောင်ဘက်ရှိ လက်ဖက်ရည်ဆိုင်ဟောင်းကြီး ဖြစ်သည်။

လက်ဖက်ရည်ဆိုင်၏ တည်နေရာမှာ အလွန်ကောင်းမွန်လှပေသည်။ ရန်ကျားမြို့သည် ပြည်နယ်မြို့တော်နှင့် မဝေးလှသလို ပထဝီဝင်အနေအထားအရလည်း တန်မိသားစုမြို့ထက် သာလွန်၏။ ထို့အပြင် မြို့ရှိ အိမ်ထောင်စုတိုင်းမှာ ချမ်းသာကြလေသည်။ သီအိုရီအရဆိုလျှင် စီးပွားရေးမှာ အလွန်ကောင်းမွန်သင့်ပြီး ထိုဆိုင်အနီးအနားရှိ ဆိုင်အချို့မှာလည်း အရောင်းအဝယ် အလွန်ကောင်းကြ၏။

သို့သော် လက်တွေ့တွင်မူ ထိုလက်ဖက်ရည်ဆိုင်မှာ ဖွင့်ထားသမျှ နေ့တိုင်း ရှုံးနိမ့်နေခြင်းဖြစ်သည်။

ဤကမ္ဘာ၌ စီးပွားရေး အတတ်ပညာထက် ဖုန်းရွှေက ပို၍ အရေးကြီးလှသည်။ အဆုံးစွန် ပြောရလျှင် ဤလောကတွင် လောကုတ္တရာပညာကသာ အဓိကဖြစ်နေသောကြောင့်ပင်။

အကယ်၍ သင်သည် မှန်ကန်သော နတ်ဘုရားကို ကိုးကွယ်ပါက မည်သည့်စီးပွားရေးမဆို အခွင့်သာနေမည်ဖြစ်ပြီး ကံဆိုးမှုများကို ကံကောင်းမှုများအဖြစ် အမြဲတမ်း ပြောင်းလဲနိုင်ပေလိမ့်မည်။

တန်ဝမ်ကျဲသည် လက်ဖက်ရည်ဆိုင်ကို ဘာမှမဆိုင်းမတွ ဝယ်ယူလိုသည်အား မြင်သောအခါ ရန်ဖားမှာ ဝမ်းသာသွားသော်လည်း ရန်ထင်ထင်ကမူ မနေနိုင်ဘဲ တိုးတိုးလေး ကပ်ပြောလိုက်လေသည်။

“ဝမ်ကျဲ အဲဒီဆိုင်က ဘာအရောင်းအဝယ်မှ မရှိဘူးနော်။”

၎င်းတို့မှာ စားပွဲတစ်ခုတည်းတွင် ထိုင်နေကြသဖြင့် ရန်ထင်ထင်က တိုးတိုးလေး ပြောလိုက်သော်လည်း လေးယောက်လုံး ကြားလိုက်ရလေသည်။

ရန်ဖား - အို... ဒုက္ခပါပဲ။ ငါ့သမီးက ငါ့ရှေ့တင် လူစိမ်းဘက်က ပါနေပြီ။

နျန်ရင်း - သွားပြီ... ငါရော ဘာပေးနိုင််လဲ။

တန်ဝမ်ကျဲက ခေါင်းခါပြလိုက်သည်။

“ဈေးနှုန်းက တရားမျှတပါတယ်။ ဦးလေးရန်က ကျုပ်ကို လိမ်မှာမဟုတ်ဘူးဆိုတာ ကျုပ်ယုံကြည်ပါတယ်။”

သူသည် ငွေကြေးကို သိပ်ဂရုမစိုက်ချေ။ တန်မိသားစုမြို့၏ စီးပွားရေးမှာ သူ၏ ကွယ်လွန်သူ ဦးလေးဖြစ်သူ ချန်ထားခဲ့သော အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ သူ၏ ရဲတပ်ဖွဲ့က စည်းကမ်းနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သဖြင့် ငွေများမှာ အလွန်လျင်မြန်စွာ စီးဝင်လာနေခဲ့သည်။ တန်ဝမ်ကျဲအနေဖြင့် ယနေ့ မသုံးစွဲလိုက်ပါက ငွေများမှာ တိုးပွားသည်ထက် တိုးပွားလာနေမည်သာဖြစ်သည်။

ထို့အပြင် သူ၏ နေ့စဉ် ဝတ်ပြုဆုတောင်းမှုများကြောင့် ရရှိရန် အလွယ်ကူဆုံး အကျိုးကျေးဇူးမှာ [ဓနကံ +၁] ဖြစ်သည်။ များသောအားဖြင့် ဤအကျိုးကျေးဇူးက ထိုနေ့အတွက် အမြတ်ငွေ အနည်းငယ် တိုးလာစေရန် အာမခံချက် ပေးထားလေသည်။ ၎င်းကို တန်ဝမ်ကျဲက စာရင်းဇယားများ အကြိမ်ကြိမ် နှိုင်းယှဉ်ကြည့်ပြီးနောက်မှ သိရှိခဲ့ခြင်းဖြစ်သည်။

[ဓနကံ +၂] ဆိုလျှင် အမြတ်ငွေမှာ သိသိသာသာ များပြားလာမည်ဖြစ်သည်။

[ဓနကံ +၃၊ +၄၊ +၅...] များကိုမူ သူ မမြင်ဖူးသေးပေ။ ဆရာဘိုးဘေးများထံ ဆုတောင်းရုံဖြင့် မလုံလောက်ဘဲ ကွမ်းတိမင်းကြီးထံ ပိုမို ဆုတောင်းရမည်ဟု သူ ယူဆထားခဲ့သည်။

“အဖေ..”

ထင်ထင်က ရန်ဖားကို လှည့်ကြည့်လိုက်၏။ ဆိုင်မလာခင်က သူမ၏အဖေဖြစ်သူသည် တောင်ဘက်လက်ဖက်ရည်ဆိုင်မှာ အဆိုးရွားဆုံးပဲဟု ပြောခဲ့သည်ကို သူမ မှတ်မိနေသေးသည်။

“ဟားဟားဟား... မစိုးရိမ်ပါနဲ့။ ငါတို့မိသားစုတွေက မိတ်ဟောင်းဆွေဟောင်းတွေ‌ပဲလေ။ အသက်သာဆုံးဈေးနဲ့ ရောင်းပေးမှာပါ။”

ရန်ဖားသည် ခေါင်းငြိမ့်ပြလိုက်ရသော်လည်း ရင်ထဲတွင်မူ ကြိတ်၍ ခံပြင်းနေခဲ့၏။

၎င်းသည် သမီးဖြစ်သူက ချစ်စရာကောင်းအောင် သရုပ်ဆောင်နေ၍ မဟုတ်ချေ။ သူမသည် တစ်ဖက်လူကို မျက်နှာသာပေးနေသောကြောင့်သာဖြစ်သည်။ သူမက ထိုသို့ လုပ်လေလေ သူ ပို၍ ဒေါသထွက်လေလေပင်။ ရန်ဖားသည် အပြင်ဘက်ရှိ ရိုင်ဖယ်သေနတ်ကိုင် စစ်သားများကို တွေးတောကြည့်လိုက်၏။

သူ၏ အသုံးမကျသော တူဖြစ်သူ အားဝေမှာမူ ကြောက်လန့်လွန်း၍ မျက်နှာပင် မပြရဲတော့ပေ။ အကယ်၍ ကောက်ကျစ်သော နည်းလမ်းများကို သုံးမည်ဆိုလျှင်ပင် သူသည် တန်ဝမ်ကျဲကို ယှဉ်နိုင်မည် မဟုတ်ပေ။

အေးလေ... လျှော့ဈေးနဲ့ပဲ ရောင်းပေးလိုက်မယ်။ ဝယ်လိုက်စမ်းပါ။ အကုန်လုံး ရှုံးပြီး ပြာကျသွားပါလိမ့်စေ။

ထို့နောက် ရန်ဖားက မတ်တပ်ထရပ်လိုက်၏။

“ဝမ်ကျဲ၊ မစ္စမီ၊ ကျုပ် ဟိုဘက်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတာ ရှိသေးလို့ အရင်သွားလိုက်ပါဦးမယ်။”

တန်ဝမ်ကျဲ ရန်ဖား ကြည့်နေသည့်ဘက်သို့ လှည့်ကြည့်လိုက်ရာ လူနှစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရလေသည်။

တစ်ယောက်မှာ လေးထောင့်ကျကျ မျက်နှာနှင့် ထူထဲသော မျက်ခုံးများရှိပြီး ဖြောင့်မတ်မှန်ကန်သော အရှိန်အဝါရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။

အခြားတစ်ယောက်မှာမူ လူငယ်လေးတစ်ဦး၏ ကိုယ်လုံးကိုယ်ပေါက်ရှိသော်လည်း မျက်နှာမှာ ရင့်ရော်နေသဖြင့် သူ၏ အသက်ကို ခန့်မှန်းရန်မှာ ခက်ခဲလှပေသည်။ ထိုနှစ်ယောက်မှာ တစ်ယောက်ပြီးတစ်ယောက် ဆိုင်ထဲသို့ လျှောက်လှမ်းဝင်လာခဲ့ကြသည်။

ဦးလေးကျိုး... ခင်ဗျား နောက်ဆုံးတော့ ပေါ်လာပြီပေါ့။

ဦးလေးကျိုး - လောကပေါင်းစုံမှာ အားအကောင်းဆုံး လမ်းပြဆရာကြီး။

“ရပါတယ် ဦးလေးရန်။ သွားလိုက်ပါ။ အလုပ်ကိစ္စကိုပဲ အာရုံစိုက်ပါ။”

တန်ဝမ်ကျဲက ကော်ဖီကို တစ်ငုံ သောက်လိုက်သည်။ဝမ်ကျဲက ကော်ဖီကို တစ်ငုံ သောက်လိုက်သည်။

ထိုလူနှစ်ယောက်မှာ အခြားတစ်ဖက်တွင် ဝင်ထိုင်လိုက်ကြလေသည်။ ရန်ဖားသည် ၎င်းတို့နှင့် သွားရောက် စကားပြောပြီး ခဏအကြာတွင် ရန်ထင်ထင်ကိုပါ လှမ်းခေါ်လာခဲ့သည်။

ရန်မိသားစု၏ စီးပွားရေးမှာ ကျဆင်းနေသော်လည်း ရန်ကျားမြို့တွင် သူတို့၏ အဆက်အသွယ်များမှာ အလွန်ကျယ်ပြန့်နေဆဲပင်။ လူအများက ရန်ဖားထံသို့ လာရောက် စကားပြောဆိုနေကြ၏။

သို့သော် ၎င်းတို့ စကားပြောနေစဉ်မှာပင် တန်ဝမ်ကျဲကိုလည်း ခိုးကြည့်နေခဲ့ကြလေသည်။ လူချမ်းသာတစ်ယောက် ရောက်နေသည်ကို အားလုံးက သိထားကြပေသည်။ သူတို့တွင် မကောင်းသော ရည်ရွယ်ချက်များ မရှိဘဲ မိတ်ဖွဲ့လိုကြခြင်းသာ ဖြစ်သည်။

တန်ဝမ်ကျဲသည်မူ အေးအေးဆေးဆေးပင်။ သူသည် ခန့်ညားချောမောသူတစ်ယောက် ဖြစ်သဖြင့် အကြည့်ခံရခြင်းမှာ သူ့အတွက် ပြဿနာမဟုတ်ပေ။

ဦးလေးကျိုးနှင့် ပတ်သက်၍မူ သူသည် အတင်းအကျပ် သွားရောက် ကပ်လျားနေမည် မဟုတ်ပေ။ သူသည် ဦးလေးကျိုးကို ဆရာတင်ရန် စိတ်ကူးမရှိဘဲ သာမန် ဆက်ဆံရေးနှင့် အပြန်အလှန် ဖလှယ်မှုရှိလျှင်ပင် လုံလောက်ပြီဟု ယူဆထားလေသည်။

ထို့အပြင် ဦးလေးကျိုး၏ တပည့်နှစ်ယောက်မှာ ပြဿနာရှာတတ်သူများဖြစ်ပြီး ဘေးနားက လူကိုပါ အသက်အန္တရာယ် ဖြစ်စေနိုင်ပေသည်။ ချူရှန်းနှင့် ဝမ်ချိုင်တို့ကို ကြည့်ရသည်မှာ သူတို့ ဖန်တီးသော ပြဿနာများမှာ ပို၍ ကြီးထွားလာတတ်သော်လည်း သူတို့ကတော့ ဘာမှမဖြစ်ဘဲ ဘေးနားကလူများသာ ခံစားရတတ်သည်။

“ဝမ်ကျဲ ဘာဖြစ်လို့လဲ။”

ဘေးနားရှိ နျန်ယင်းက ထန်ဝမ်ကျဲတစ်ယောက် ရန်ထင်ထင်တို့ စားပွဲဘက်ကိုသာ ကြည့်နေသည်ကို သတိပြုမိသွားခဲ့လေသည်။ ထိုစားပွဲရှိ အမျိုးသားနှစ်ယောက်ကို ကြည့်နေသည်ဟုတော့ သူမ မထင်ချေ။ ထို့ကြောင့် ရန်ထင်ထင်ကို ကြည့်နေသည်မှာ သေချာပေသည်။

ရန်ထင်ထင် လည်ပင်းက ပုလဲကုံးကြီးကို ကြည့်နေတာလား... ဟွန့်။

နျန်ယင်း အနည်းငယ် စိတ်တိုသွား၏။

ထိုအခါ တန်ဝမ်ကျဲက လက်လှမ်းပြီး သူမ၏ ပါးကို အသာအယာ ဆွဲလိုက်လေသည်။

ဒီလောက် ငယ်ငယ်လေးနဲ့ သဝန်တိုတတ်နေပြီလား။ ဒီလိုဆို နောက်ကျရင် ငါ့မှာ ရည်းစားတွေ အများကြီး ရှိလာတဲ့အခါ နင်က ပုဆိန်နဲ့ လိုက်ခုတ်နေတော့မှာပေါ့။

သဝန်တိုခြင်းမှာ အကျင့်ဆိုးတစ်ခု ဖြစ်သဖြင့် ပြုပြင်ရန် လိုအပ်ပေသည်။

“လျှောက်တွေးမနေနဲ့ ငါက စိတ်ဝင်စားစရာ တစ်ခုခုတွေ့လို့ ကြည့်နေတာ။”

တန်ဝမ်ကျဲသည် ထင်ထင်က ဆရာတပည့်နှစ်ယောက်အား နောက်ပြောင်နေသည်ကို ကြည့်ရင်း ကင်မရာတစ်လုံးသာ ပါလာလျှင် ကောင်းမှာပဲဟု တွေးနေမိလေသည်။

ပြီးတော့ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်က ဦးလေးကျိုးလောက် စိတ်ဝင်စားဖို့ ကောင်းပါ့မလား။ ရန်ထင်ထင်၊ နျန်ယင်းနဲ့ ကျူးကျူးတို့ အားလုံး ပေါင်းလိုက်လျှင်ပင် ဦးလေးကျိုးကို မမှီချေ။

ပါးကို အဆွဲခံလိုက်ရသဖြင့် နျန်ယင်းမှာ ရှက်ကိုးရှက်ကန်းနှင့် ခေါင်းငုံ့သွားခဲ့လေသည်။

သူက ရုတ်တရက်ကြီး ထိတွေ့လာတာပဲ။ အခု ငါတို့ ဆက်ဆံရေးက အတော်လေး နီးစပ်သွားပြီလား။

တန်ဝမ်ကျဲသည် နျန်ယင်း၏ တုံ့ပြန်မှုကို မြင်သော်လည်း ဂရုမစိုက်ခဲ့ချေ။

သူ့လို ခန့်ညားချောမောသည့် လူတစ်ယောက်အဖို့ ဘာလုပ်လုပ် အထင်လွဲခံရတတ်သည်မှာ သဘာဝပင်။ သူ နေသားကျအောင် ကြိုးစားရပေမည်။

အမှန်အတိုင်း ပြောရလျှင် ထင်ထင်၏ နောက်ပြောင်တတ်သော အကျင့်မှာလည်း မကောင်းသဖြင့် ပြုပြင်ပေးရန် လိုအပ်သည်။

တာဝန်သိတတ်သော လူရှုပ်တစ်ယောက် ဖြစ်ရသည်မှာလည်း ပင်ပန်းလှ၏။ သို့သော် သူတို့အားလုံးကို ပိုမိုကောင်းမွန်သော လူသားများ ဖြစ်လာစေရန်အတွက် တန်ဝမ်ကျဲသည် အံကြိတ်ကာ ဤခါးသီးသော အသီးအပွင့်ကို တစ်ယောက်တည်း မျိုချရပေဦးမည်။

All Chapters