တင်းလွန်းရင် ပြတ်လွယ်တယ်
Vol. 3 Ch. 22
ဝမ်ချိုင်သည် ရန်ထင်ထင်၏ နောက်ပြောင်ခြင်းကို ခံနေရသော်လည်း သူမ၏ လှပသော မျက်နှာလေးကို ကြည့်ပြီးနောက် စိတ်မဆိုးနိုင်ရုံသာမက သူမ ဘာလုပ်လုပ် ချစ်စရာကောင်းနေသည်ဟုသာ ခံစားနေရသည်။
“ပါးပါး တောင်ဘက်က လက်ဖက်ရည်ဆိုင်ကို ဘယ်တော့သွားမှာလဲ။”
ဝမ်ချိုင်၏ အကြည့်ကို သတိပြုမိသွားသော ရန်ထင်ထင်သည် သူမ၏ခန္ဓာကိုယ်ကို အနည်းငယ် လွှဲလိုက်ရင်း မေးလိုက်သည်။
“ဦးလေးကျိုးနဲ့ စကားပြောလို့ ပြီးမှသွားမယ်။”
ရန်ဖားက ပြန်ဖြေလိုက်၏။
“ဒါဆို သမီးနဲ့ ဝမ်ကျဲ အရင်သွားနှင့်လို့ ရမလား။”
ထင်ထင်က ဇွတ်အတင်း မေးလိုက်လေသည်။
“သွားလေ။ အာ...နေဦး ငါကိုယ်တိုင် လိုက်ခဲ့မယ်။”
ရန်ဖား၏ တန်ဝမ်ကျဲအပေါ် အမြင်မှာ သာမန်ကာလျှံကာသာ ရှိသည်။ သူ အမြတ်တနိုး ကျွေးမွေးထားသော ‘မုန်လာဥ’ ကို သူစိမ်းတစ်ယောက်က လာနှုတ်ယူသွားသကဲ့သို့ ခံစားနေရသဖြင့် စိတ်ထဲတွင် မနှစ်မြို့လှပေ။ ထို့အပြင် ထိုလူငယ်သည် အပြင်ထွက်ရာ၌ လှပသော မိန်းကလေးတစ်ဦးကိုပါ တစ်ပါတည်း ခေါ်လာခဲ့သေးသည်။
ထိုအရာမှာ သိက္ခာမဲ့တဲ့ လုပ်ရပ်ပင်။ ဇနီးသည် ဆုံးပါးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း နောက်အိမ်ထောင်ပြုရန် စိတ်ပင်မကူးခဲ့သော မိမိနှင့် များစွာ ကွာခြားလှပေသည်။
သို့သော် ပုဂ္ဂိုလ်ရေးရာ ခံစားချက်များကို ဘေးဖယ်ထားလျှင် တန်ဝမ်ကျဲနှင့် စီးပွားရေးလုပ်ခြင်းက အကျိုးအမြတ်ရှိလှပေသည်။ တစ်ဖက်လူက ဆိုင်ဟောင်းကြီးကို လာရောက်လွှဲပြောင်းယူမည့်သူ ဖြစ်သဖြင့် ကောင်းမွန်စွာ ဧည့်ခံရန် လိုအပ်သည်။
ရန်ဖားသည် ဦးလေးကျိုးကို ခွင့်ပန်ကာ တန်ဝမ်ကျဲ၏ စားပွဲသို့ လျှောက်သွားပြီးနောက် မိမိတို့မိသားစု၏ ဘိုးဘေးသင်္ချိုင်း ပြောင်းရွှေ့မည့် ကိစ္စကြီးအကြောင်း ရှင်းပြလိုက်လေသည်။
“ဦးလေးရန်က အားနာနေပါပြီ။ ဘိုးဘေးသင်္ချိုင်း ပြောင်းရွှေ့တာက ကိစ္စကြီးပဲလေ။ ကျုပ်ကို ထင်ထင် လိုက်ပြရင် ရပါပြီ။”
“ထင်ထင် ဝမ်ကျဲကို သေချာ လိုက်ပြလိုက်နော်။”
“သိပါတယ်ရှင့်။”
ထင်ထင်က ချိုသာသော အသံလေးဖြင့် ပြန်ဖြေလိုက်၏။
“အသံလေးကလည်း ချိုလိုက်တာ။”
ဝမ်ချိုင်သည် ရန်ထင်ထင်ကို ကြည့်နေရင်းမှ သူ၏ အကြည့်မှာ နျန်ယင်းဆီသို့ ရောက်သွားပြန်ရာ ရင်ထဲတွင် တဒိန်းဒိန်း ခုန်သွားခဲ့ရပြန်သည်။
ထင်ထင်သည် နောက်ပြောင်တတ်ပြီး သူမလည်ပင်းရှိ ပုလဲကုံးကြီးက ဖြူဖွေးကြီးမားသလို၊ နောက်တစ်ယောက်ကလည်း ဝင်းပနုနယ်ပြီး ချစ်စရာကောင်းလောက်အောင် ရိုးသားပုံရလေသည်။
တိုက်ဆိုင်လိုက်တာ... နှစ်ယောက်လုံးက သူ ကြိုက်တတ်တဲ့ အမျိုးအစားတွေပဲ။
ထိုစဉ် ဝမ်ချိုင်သည် လှပသော မိန်းကလေးနှစ်ဦးကြားတွင် ရုတ်တရက် ပေါ်လာသော ပုံရိပ်တစ်ခုကို သတိပြုမိသွား၏။
ဒီမျက်စိဆံပင်မွှေးစူးစရာကောင်းတဲ့ လူက ဘယ်အချိန်က ရောက်နေတာလဲ။ ပြီးတော့ မိန်းကလေးနှစ်ယောက်လုံးက သူ့ကို ကြည့်နေတာက ဘဲကင်ကို ကြည့်နေသလိုပဲ။ အသိသာကြီးကို ငမ်းနေကြတာလေ။
ဝမ်ချိုင်သည် ထိုလူကို အကဲခတ်ကြည့်ပြီးနောက် အထင်သေးစွာ နှာခေါင်းရှုံ့လိုက်လေသည်။ သူသည်လည်း ချောမောသူတစ်ယောက်ဖြစ်ရာ ထိုလူနှင့် သူသည် အဆင့်အတန်းချင်း တူတူလောက်ပဲဟု သူထင်နေခဲ့သည်။
ငါတို့ကြားမှာ ကွာခြားချက်က သိပ်မရှိပါဘူး။ အဲဒီနေရာမှာ ရပ်နေရမှာက ငါဖြစ်သင့်တာကို။
“သခင်ကြီးရန် ခုနက လူက ဘယ်သူလဲ။”
ဦးလေးကျိုးက စတင်၍ မေးမြန်းလိုက်လေသည်။
လှပသော မိန်းကလေးနှစ်ဦးနှင့် ကြားက အပိုလူကြီး ထွက်သွားသည်ကို ကြည့်နေသော ဝမ်ချိုင်သည် ဆရာဖြစ်သူ၏ အသံကြားသည်နှင့် နားစွင့်ကာ ချက်ချင်း လှည့်ကြည့်လိုက်၏။
“အဲဒါ သူဌေးကြီးတန်လေ။ သူက မြို့တောင်ဘက်က လက်ဖက်ရည်ဆိုင်ကို ဝယ်ပြီး စီးပွားရေးလုပ်ချင်လို့တဲ့။”
ရန်ဖားက ရှင်းပြပြီးနောက် ပြန်မေးလိုက်သည်။
“ဦးလေးကျိုး သူက ဘာမှားနေလို့လဲ။”
“သူ့ဆီမှာရှိတဲ့ သတ်ဖြတ်ချင်စိတ်အငွေ့အသက်က အရမ်းကို ပြင်းထန်လွန်းတယ်။”
ဦးလေးကျိုးက ခေါင်းကို အနည်းငယ်ခါယမ်းရင်း ပြောလိုက်သည်။
“တင်းလွန်းရင် ပြန်လွယ်တယ်တဲ့။ ဒီသူဌေးကြီးတန်က ငယ်ငယ်လေးပဲ ရှိသေးပေမဲ့ သူ့ဆီက လူသတ်ငွေ့က စစ်သားတစ်ယောက်ထက်တောင် ပိုပြင်းနေတယ်။”
“လူသတ်ငွေ့ ပြင်းရင် ဘာဖြစ်တတ်လဲ။”
“အသက်တိုတတ်တယ်။”
“ဒါဆို ဘယ်လိုလုပ်ရမလဲ။”
ဝမ်ချိုင်က သိချင်စိတ်ဖြင့် ဝင်မေးလိုက်သည်။
သူသည် ထန်ဝမ်ကျဲကို စိုးရိမ်နေ၍ မဟုတ်ဘဲ စူးစမ်းချင်ရုံသက်သက်သာဖြစ်သည်။
“စိတ်ကို ယဉ်ကျေးအောင် ပျိုးထောင်ပြီး စိတ်ရင်းကို မွေးမြူရမယ်။ စိတ်လျှော့၊ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်၊ စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှား၊ မေတ္တာသုတ်တွေ ပိုရွတ်၊ တရားမှတ်၊ ပြီးတော့ အဓိကကတော့ သူ့ရဲ့ လူသတ်ချင်တဲ့ စိတ်ရိုင်းကို သိမ်းဆည်းထားဖို့ပဲ။”
ဦးလေးကျိုးမှာ ပြောစရာ တစ်ခု ကျန်သေးသည်။ တန်ဝမ်ကျဲတွင် လူသတ်ငွေ့ ပြင်းရုံသာမက မကြာသေးမီက သရဲနှင့်လည်း တွေ့ကြုံထားပုံရသည်။ ၎င်းမှာ ထူးဆန်းလှ၏။ လူသတ်ငွေ့ ပြင်းသူတစ်ဦးအဖို့ သရဲနှင့် တွေ့ရန် အလွန်ခက်ခဲလှပေသည်။ အကြောင်းမှာ မကောင်းဆိုးဝါးများပင်လျှင် ယုတ်မာရက်စက်သူများကို ရန်မစလိုကြသောကြောင့်ပင်။
သို့သော် လောကတွင် မတရားမှုများစွာ ရှိနေသဖြင့် အကုန်လုံးကို လိုက်လံ မစီမံနိုင်ပေ။ ထို့ကြောင့် ဦးလေးကျိုးသည် ရန်ဖားကို သတိပေးရုံသာ ပြောလိုက်ခြင်းဖြစ်သည်။ အကယ်၍ ထိုလူသည် ရန်ဖားနှင့် ရင်းနှီးပါက အပိုအလုပ်အဖြစ် ကူညီပေးနိုင်သော်လည်း မရင်းနှီးပါက စေတနာနှင့် သတိပေးချက်အဖြစ်သာ မှတ်ယူလိုက်မည်ဖြစ်သည်။
လူသတ်ငွေ့ ပြင်းထန်သူတစ်ဦးမှာ ဖြောင့်မတ်သူ ဖြစ်နိုင်သော်လည်း သူ၏လက်တွင် အသက်ပေါင်းများစွာ ပါခဲ့သည်မှာတော့ သေချာပေသည်။
ဝမ်ချိုင်က ဆက်မေးပြန်သည်။
“အကယ်၍ သူက လူသတ်စိတ်ကို မသိမ်းဆည်းဘူးဆိုရင်ရော။”
“ဒါဆိုရင်တော့ သူက တခြားလူတွေရဲ့ သတ်ဖြတ်ဖြင်းကို ခံရလိမ့်မယ်။”
ဦးလေးကျိုးက ပြန်ဖြေသည်။
“အာ...”
ဝမ်ချိုင် အံ့အားသင့်သွားခဲ့လေသည်။
“မင်းက သူများကို သတ်ချင်ရင်၊ သူများကရော မင်းကို ပြန်မသတ်ချင်ဘူးတဲ့လား။”
ဦးလေးကျိုးက ပြန်မေးလိုက်သည်။
“ဒါဆိုရင်တော့ ဟိုလှပတဲ့ မိန်းကလေးနှစ်ယောက် နှမြောစရာကြီးပဲ။”
ဝမ်ချိုင်က တိုးတိုးလေး ရေရွတ်လိုက်၏။
“ဟမ်...”
ဦးလေးကျိုးသည် မျက်မှောင်ကျုံ့လိုက်ပြီး လူတစ်ယောက်ကို ဝါးစားတော့မည့် ဆာလောင်နေသော ကျားတစ်ကောင်ကဲ့သို့ နှာခေါင်းရှုံ့လိုက်သည်။
ဘေးနားရှိ ရန်ဖား၏ မျက်နှာမှာလည်း ပျက်ယွင်းသွားတော့လေသည်။ ဤအသုံးမကျသော ဝမ်ချိုင်က သူ၏ အဖိုးတန်သမီးလေးကို မျက်စိကျနေသည်မဟုတ်ပါလား။
သူသည် တန်ဝမ်ကျဲမှာ အားနည်းချက်မရှိဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ ရှုပ်ထွေးသော ဆက်ဆံရေးများကို ဖယ်လိုက်လျှင် သူသည် ချမ်းသာသည်၊ ငယ်ရွယ်သည်၊ ခန့်ညားသည်၊ အထက်တန်းလွှာကဲ့သို့ နေထိုင်တတ်ပြီး သေနတ်လည်း ရှိသည်။
အထူးသဖြင့် ဝမ်ချိုင်နှင့် ထန်ဝမ်ကျဲကို ယှဉ်ကြည့်လိုက်သောအခါ...
အင်း
ပြီးပြည့်စုံတယ်။
...
ရန်ကျားမြို့ တောင်ဘက်၊ လက်ဖက်ရည်ဆိုင်။
သုံးယောက်သား ဆိုင်၏အပေါ်ထပ် အောက်ထပ်ကို လှည့်ပတ်ကြည့်ရှုပြီးသွားပြီဖြစ်သည်။
“ဝမ်ကျဲ ဘယ်လိုထင်လဲ။”
ရန်ထင်ထင်က မေးလိုက်သည်။
“ပြင်ဆင်ဖို့တော့ လိုသေးတယ်။”
တန်ဝမ်ကျဲက ပြောလိုက်လိုက်သည်။
လက်ဖက်ရည်ဆိုင်မှာ အကောင်းအတိုင်း ရှိနေသေးသည်။ အတွင်းပိုင်းရှိ သစ်သားတည်ဆောက်ပုံများမှာ ၂၁ ရာစု၏ ကွန်ကရစ် အဆောက်အဦးများထက် ပို၍ လှပပြီး လက်ရာမြောက်လှပေသည်။
ခုအခါ အနောက်တိုင်း လက်ဖက်ရည် စီးပွားရေးမှာ ခေတ်စားနေလေသည်။ ကျဆင်းနေသော ရန်မိသားစုပင်လျှင် ဤဆိုင်မှ အမြတ်ရနေသေးသည်ကို ကြည့်ခြင်းအားဖြင့် အမြတ်ငွေ မည်မျှများမည်ကို ခန့်မှန်းကြည့်နိုင်၏။
၎င်းမှာ ခေတ်ကာလနှင့်လည်း သက်ဆိုင်ပေသည်။ ယခုအချိန်တွင် အနောက်တိုင်းသားများမှာ မြင့်မြတ်သူများအဖြစ် ကိုယ်စားပြုနေကြသည်။
“အနောက်တိုင်း” ဟူသော စကားလုံးလေး ထည့်လိုက်ရုံဖြင့် စီးပွားရေးမှာ အလိုအလျောက် အဆင်ပြေသွားတတ်၏။
သို့သော် တန်ဝမ်ကျဲမှာ ငွေမရှားချေ။ ကော်ဖီဆိုင်တွင် အလကားထိုင်နေမည့်အစား မနက်ခင်း လက်ဖက်ရည် သောက်ရခြင်းက ပို၍ ကောင်းပေသည်။ သူသည် ရန်ကျားမြို့သို့ ချမ်းသာရန် လာခြင်းမဟုတ်သဖြင့် စီးပွားရေးကို အားစိုက်လုပ်ရန် မလိုပေ။ သူသည် ဤဆိုင်ဟောင်းကြီးကိုလည်း မဖျက်ဆီးလိုချေ။
ဆိုင်ကို ခဏကြည့်ပြီးနောက် သုံးယောက်သား လမ်းမပေါ်တွင် လမ်းလျှောက်လာခဲ့ကြလေသည်။ မိန်းကလေးနှစ်ဦးက ဈေးဝယ်ချင်၍ မဟုတ်ဘဲ တန်ဝမ်ကျဲက ရန်ကျားမြို့၏ တိုးတက်မှုကို လေ့လာချင်၍ဖြစ်သည်။
ပြည်နယ်မြို့တော်နှင့် နီးသဖြင့် ဤနေရာမှာ တန်မိသားစုမြို့ထက် ပို၍ တိုးတက်စည်ကားလှပေသည်။
သို့သော် လုံခြုံရေးမှာမူ အနည်းငယ် ညံ့ဖျင်းပုံရသည်။ ဦးလေးကျိုး ရှိနေသော်လည်း ဝမ်ချိုင်နှင့် ချူရှန်းတို့လည်း ရှိနေသည်မဟုတ်ပါလား။
သိသူများ သိကြသည့်အတိုင်း... ဦးလေးကျိုးသည် ပြဿနာကို နောက်ဆုံးမှသာ ဖြေရှင်းနိုင်သူဖြစ်ပြီး သေသင့်သူများမှာတော့ သေကြရစမြဲဖြစ်သည်။
အပြန်အလှန်အားဖြင့် ပြဿနာရှာတတ်သော တပည့်နှစ်ယောက်မှာတော့ တစ်ခါမှ စိတ်ပျက်အောင် မလုပ်ခဲ့ကြပေ (အမြဲ ပြဿနာရှာသည်)။
အနောက်တိုင်းကုန်စည်ဆိုင်မှာ ဇိမ်ခံပစ္စည်းဆိုင် ဖြစ်သည်။ “ပြင်သစ်နိုင်ငံထုတ်”ဟု ရေးထားလျှင် အမှန်တကယ်ပင် ပြင်သစ်မှ လာခြင်းဖြစ်ပေသည်။
မိန်းကလေးနှစ်ဦးမှာ ပျော်ရွှင်စွာဖြင့် ပစ္စည်းများ ရွေးနေကြသော်လည်း တန်ဝမ်ကျဲ၏ အကြည့်မှာ လမ်းတစ်ဖက်ရှိ ဆန်ဆိုင်သို့ ရောက်ရှိနေခဲ့သည်။
အခြားအကြောင်းကြောင့် မဟုတ်ဘဲ ဆန်ဆိုင်တစ်ဆိုင် ဖွင့်ချင်၍ ဖြစ်သည်။
“နင် ဆန်ဆိုင်တစ်ဆိုင် ဝယ်လိုက်တာလား။”
အနောက်တိုင်းကုန်စည်ဆိုင်မှ ထွက်လာသော ထင်ထင်နှင့် နျန်ယင်းတို့မှာ ထန်ဝမ်ကျဲ ခဏပျောက်သွားစဉ်အတွင်း သူသည် ရန်ကျားမြို့ရှိ ဆန်ဆိုင်တစ်ဆိုင်၏ ပိုင်ရှင်ဖြစ်သွားသည်ကို သိလိုက်ရလေသည်။
၎င်းတို့သည် အနောက်တိုင်းပစ္စည်းများကို စိတ်မဝင်စားတော့ဘဲ ဆန်ဆိုင်ထဲသို့ ပြေးဝင်ကာ လှည့်ပတ်ကြည့်ကြတော့လေသည်။
တန်ဝမ်ကျဲက ခေါင်းငြိမ့်ပြလိုက်သည်။
“နောင်ကျရင် ရန်ကျားမြို့မှာ ဆန်ပြုတ်အလကားတိုက်ဖို့ အစီအစဉ် ရှိတယ်လေ။ အဲ့ဒါကြောင့် ဆန်ဆိုင်တစ်ဆိုင် ဝယ်ထားတာက ပိုအဆင်ပြေလိမ့်မယ်။”
နာမည်ဂုဏ်သတင်း ရယူလိုပါက လူမြင်ကွင်းတွင် လုပ်ဆောင်ရန် လိုအပ်ပေသည်။ မဟုတ်ပါက ဝေးလံသော နေရာတွင် သွားရောက်၍ ကောင်းမှုလုပ်နေလျှင် ဦးလေးကျိုးက မည်သည့်အခါမှ သိလိမ့်မည်မဟုတ်ပေ။
ထို့အပြင် ဖုတ်ကောင်များ ပေါ်လာတော့မည် ဖြစ်ရာ ရန်သခင်ကြီး၏ ခေါင်းတလား ပြဿနာနှင့် နောက်ဆက်တွဲ ပြဿနာများကို သူ ဖြေရှင်းနိုင်မည် ဖြစ်သော်လည်း အခြားဖုတ်ကောင်များ ပေါ်လာနိုင်ခြေကိုတော့ လျစ်လျူရှု၍မရပေ။ ထို့ကြောင့် ကောက်ညှင်းဆန်ကို ဝယ်စုနေမည့်အစား ဆန်ဆိုင်တစ်ဆိုင် ဝယ်ထားခြင်းက ရင်းမြစ်ကို ထိန်းချုပ်နိုင်သဖြင့် ပို၍ စိတ်ချရပေသည်။
သူ ရောက်သည့်နေရာတိုင်းတွင် ဆန်ဆိုင်တစ်ဆိုင်စီ ဝယ်ထားခြင်းဖြင့် ကောက်ညှင်းဆန်ကို စိတ်ကြိုက် သုံးနိုင်မည်ဖြစ်သည်။
ဖုတ်ကောင်များကို နှိမ်နင်းသော မော်ရှန်းလမ်းစဉ် ဆရာများမှာလည်း ကောက်ညှင်းဆန် ဝယ်ရန် လိုအပ်သဖြင့် သူသည် ၎င်းတို့၏ ရင်းမြစ်ကို ထိန်းချုပ်ထားနိုင်ပြီး ဆက်ဆံရေး ပိုမို ရရှိစေမည်ဖြစ်သည်။
ထို့အပြင် ဆန်ဆိုင်ဖွင့်ခြင်းမှာလည်း ရှုံးခဲလေသည်။
ရန်မိသားစုလိုမျိုး ဘိုးဘေးသင်္ချိုင်းမှာ ပြဿနာမရှိရင်ပေါ့။
“ကျွန်မလည်း ဖေဖေ့ကို ဆန်ပြုတ်တိုက်ခိုင်းရမယ်။”
ရန်ထင်ထင်က ဆိုသည်။
နျန်ယင်းကလည်း အလျင်အမြန် ခေါင်းငြိမ့်ပြီး ထောက်ခံလိုက်၏။
“ကျွန်မလည်း တူတူပဲ။”
သူမက စိတ်မရှည်၍ မဟုတ်ချေ။ ယခင် ကျူးကျူးနှင့် လူချင်းတွေ့စဉ်က တန်ဝမ်ကျဲသည် ကျူးကျူးနှင့် ပျော်ပျော်ပါးပါး စကားပြောခဲ့သည်။ ယခု ထင်ထင်နှင့်ရှိနေချိန်တွင်လည်း တန်ဝမ်ကျဲက ထင်ထင်နှင့်သာ ပျော်ပျော်ပါးပါး စကားပြောနေခဲ့၏။
သူမက ဘာလို့ အမြဲတမ်း တတိယဘီးဖြစ်နေရတာလဲ။
လက်ထပ်ဖို့အတွက် နောက်ထပ် တစ်နှစ်လောက် စောင့်ရဦးမည်ကို တွေးမိသောအခါ ထိုအချိန်တွင် ဝမ်ကျဲ၏ဘေး၌ လူမည်မျှ ဝိုင်းနေမည်ကို သူမ မတွေးရဲတော့ပေ။
တန်ဝမ်ကျဲသည်လည်း ၎င်းတို့၏ စေတနာကို မငြင်းပယ်ချေ။ သူမတို့နှစ်ဦးလုံးမှာ ချမ်းသာသော မိသားစုများမှ ဖြစ်သဖြင့် သာမန်လူများကို ကူညီခြင်းဖြင့် ကုသိုလ်ထူးများ ရရှိနိုင်ပေသည်။
ဆန်ဆိုင်ပိုင်ရှင် ပြောင်းသွားသော်လည်း မည်သည့်အလုပ်သမားကိုမျှ အလုပ်မထုတ်ခဲ့ပေ။ ဆိုင်ဆိုင်းဘုတ်ကိုသာ “တန်မိသားစု ဆန်ဆိုင်” ဟု ပြောင်းလဲလိုက်လေသည်။
တန်ဝမ်ကျဲက ဆန်ဆိုင်၏ စာရင်းကိုင်ကို ခေါ်ပြီး မေးလိုက်သည်။
“ကောက်ညှင်းဆန် ဘယ်လောက်ကျန်သေးလဲ။”
“ပိဿာ ၃၀၀ (၅၀၀ ကတ်တီး) လောက် ကျန်ပါသေးတယ်။”
“နည်းလှချည်လား။”
ရန်ကျားမြို့တွင် လက်ဖက်ရည်ဆိုင် အများအပြား ရှိပြီး ကောက်ညှင်းထမင်းနှင့် ကောက်ညှင်းကြက်သားကဲ့သို့သော ဟင်းလျာများအတွက် ကောက်ညှင်းဆန်ကို အသုံးများပေသည်။ ထို့အပြင် ရန်ကျားမြို့မှာ စည်ကားလှသဖြင့် တစ်နေ့လျှင် ဆန်အရောင်းအဝယ်မှာ ပိဿာထောင်ချီ၍ရှိသည်။
“သူဌေးကြီး... ကျုပ်တို့ဆိုင်က အရောင်းအဝယ် အရမ်းအေးနေလို့ပါ။”
စာရင်းကိုင်က သူအလုပ်ပြုတ်မည်ကို စိုးရိမ်သဖြင့် မျက်နှာငယ်လေးနှင့် ပြန်ဖြေရှာ၏။
စာရင်းကိုင်သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက စာရင်းစာအုပ်များကို ထုတ်ပြလာခဲ့သည်။
“ဆန်တွေ ထပ်ဝယ်ထားလိုက်။ မနက်ဖြန်ကစပြီး ဆန်ပြုတ်အလကားတိုက်ဖို့ ဆိုင်ရှေ့မှာ မဏ္ဍပ်ထိုးမယ်။ ဒါကို မင်းပဲ တာဝန်ယူလိုက်ပါ။ မင်း သေချာလုပ်နိုင်ရင် မင်းကို ဆန်ဆိုင်မန်နေဂျာအဖြစ် ခန့်အပ်မယ်။”
“တကယ်လား။”
စာရင်းကိုင်၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး မျက်နှာမှာလည်း ဝင်းပသွားတော့လေသည်။
ထိုစဉ် တန်ဝမ်ကျဲက နောက်ဆုံး ညွှန်ကြားချက် ပေးလိုက်၏။
“ဒါကို မှတ်ထား...။ ကောက်ညှင်းဆန်ကို တတ်နိုင်သမျှ များများ စုထားပေး။ အဲဒါက ကောက်ညှင်းစစ်စစ်ပဲ ဖြစ်ရမယ်။ တခြားဆန်တွေနဲ့ မရောစေနဲ့။”
ဒီတစ်ခါတော့ စိတ်ချရပါပြီ။
ကောက်ညှင်းဆန် ပိဿာ ထောင်ချီ ပြင်ဆင်ထားမှတော့ ရန်သခင်ကြီး တကယ် ခုန်ထွက်လာရင်တောင်... တော်ပြီ၊ ဆက်မပြောတော့ဘူး။ သတိထားရမယ်...ကြိုတင် နိမိတ်ဖတ်သလိုမျိုး မဖြစ်စေနဲ့။