ခြင်္သေ့က သူ့ပါးစပ်ကို အကျယ်ကြီး ဟလိုက်ပြီ
Vol. 3 Ch. 23
ရန်ကျားမြို့၊ ရင်ခွဲရုံ၊ နံနက်ခင်းအချိန်...။
“ဆရာက ဒီနေ့ ရန်အိမ်တော်ကို သွားမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။”
ချူရှန်းက မေးလိုက်သည်။ ရန်အိမ်တော်ကို မသွားတော့ဘူးဆိုသည့် သတင်းကို သူ ခုလေးတင် ကြားလိုက်ရခြင်း ဖြစ်သည်။
“အင်းလေ...ဒါပေမဲ့ သူဌေးကြီးတစ်ယောက်က ဆရာ့ကို ဖုန်းရွှေ ကြည့်ပေးဖို့ ဖိတ်ထားတယ်။”
ဝမ်ချိုင်က ပြန်ဖြေလိုက်သည်။
“ဘယ်လောက်တောင် ကြီးလို့လဲ။”
ချူရှန်း အံ့သြသွား၏။
“သူက သခင်ကြီးရန်ရဲ့ လက်ဖက်ရည်ဆိုင်ကို ဝယ်တယ်။ ပြီးတော့ ဆန်ဆိုင်ကိုလည်း ဝယ်တယ်။ အခု လမ်းပေါ်မှာလည်း ဆန်ပြုတ်အလကားတိုက်နေတယ်လေ။”
ဝမ်ချိုင်က စိတ်လှုပ်ရှားစွာ ပြောပြလိုက်သည်။
“ဒါတင်မကဘူး။ သူက တခြားဆန်ပြုတ်ဆိုင်တွေရဲ့ အရောင်းအဝယ်ကိုပါ တိုက်ရိုက် ထိခိုက်စေခဲ့တာ။ အဲဒီဆိုင်ပိုင်ရှင်တွေက မကျေနပ်လို့ သူ့ကို သွားပြဿနာရှာကြတာ။ ဘာဖြစ်ကုန်ကြလဲ သိလား။”
“ဘာဖြစ်သွားလဲ။”
ချူရှန်းက အလောတကြီး မေးလိုက်သည်။
“သူက အဲဒီဆိုင်ပိုင်ရှင်တွေကို ငွေပေးပြီး သူ့အတွက် ဆန်ပြုတ်ချက်ပေးဖို့နဲ့ အလကား ဝေပေးဖို့ ငှားလိုက်တယ်လေ။”
“ဟမ်...”
ချူရှန်းသည် သူကြားလိုက်ရသည်များကြောင့် ခေါင်းထဲ မူးနောက်သွားသလိုပင် ခံစားလိုက်ရ၏။ ၎င်းမှာ သူ နားလည်နိုင်စွမ်းထက် ကျော်လွန်နေချေသည်။
သို့သော် သူ တစ်ခုတော့ နားလည်လိုက်၏။
ဒီသူဌေးကြီးက အတော်လေး ချမ်းသာတာပဲ။
“သူက အဲ့လောက် ချမ်းသာမှတော့ ငါတို့ သူ့ကို တစ်ခါလောက်တော့ သေချာ ‘ဓားနဲ့ခုတ်’ (ငွေအဆမတန် တောင်း) ရမယ်။”
ချူရှန်း၏ အသံမှာ လုံးဝ မတိုးပေ။
“ဘယ်သူ့ကို ဓားနဲ့ခုတ်မှာလဲ။ ငါက လူမိုက်ခေါင်းဆောင် မဟုတ်ဘူးနော်။”
ဦးလေးကျိုး၏ အေးစက်စက် အသံက သူတို့နှစ်ဦး အနောက်ဘက်မှ ထွက်ပေါ်လာခဲ့လေသည်။ သူတို့နှစ်ယောက်လုံး လန့်သွားပြီး ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကြသည်။
ဦးလေးကျိုးသည် လက်နှစ်ဖက်ကို အနောက်ပစ်ကာ ရင်ခွဲရုံထဲမှ လျှောက်ထွက်လာပြီးနောက် သူ့အသံက ဆက်လက်ထွက်ပေါ်လာခဲ့သည်။
“အဟမ်း... ဒါပေမဲ့လည်း အခုတလော လုပ်အားခနဲ့ ကုန်ကြမ်းစရိတ်တွေက တက်နေတယ်။ ငါတို့လည်း ဈေးနှုန်းကို သင့်တော်သလို တိုးမြှင့်ဖို့ လိုအပ်နေပြီ။”
ချူရှန်းနှင့် ဝမ်ချိုင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နားလည်မှုရှိရှိ ပြုံးလိုက်ကြ၏။
သဘောပေါက်ပြီ။
“ဆရာ... ဒါကို ကျုပ်တို့ဆီသာ လွှဲထားလိုက်။”
ဆရာနှင့် တပည့်နှစ်ယောက်သည် တောင်ဘက် လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိလာရာ ဆိုင်ရှေ့တွင် စောင့်နေသော ခန့်ညားသည့် လူငယ်တစ်ဦးကို မြင်လိုက်ရလေသည်။ သို့သော် ချူရှန်းနှင့် ဝမ်ချိုင်မှာ သူ့ကို အာရုံမစိုက်အားပေ။
‘ငါ့နီးနီး ချောရုံပါပဲ။ ဘာမှ ထူးထူးခြားခြား မရှိဘူး။ × 2’
တန်ဝမ်ကျဲ၏ ဘေးတစ်ဖက်တစ်ချက်တွင် နျန်ယင်းနှင့် ထင်ထင်တို့ ရပ်နေသည်ကို မြင်သောအခါ သူတို့ အလွန် မနာလိုဖြစ်သွားကြသည်။ သို့သော် သေနတ်ကိုင် စစ်သားများ စောင့်ကြပ်နေသည်ကို မြင်လိုက်ရသောအခါ သူတစ်ပါးကို မနာလိုဖြစ်ခြင်းမှာ မကောင်းသော အပြုအမူဖြစ်၍ ပြုပြင်သင့်သည်ဟု ရုတ်တရက် ခံစားလိုက်ရလေသည်။
“သူဌေးကြီးတန်...။”
“ဦးလေးကျိုး...။”
နှစ်ယောက်သား ဆုံဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း တရားဝင် နှုတ်ဆက်ကြသည်မှာတော့ ယနေ့က ပထမဆုံး ဖြစ်ပေသည်။
“သူဌေးကြီးရန်က ဦးလေးကျိုးဟာ ဖုန်းရွှေပညာမှာ ကျွမ်းကျင်တယ်လို့ ပြောထားပါတယ်။”
တန်ဝမ်ကျဲက သူ၏ အနောက်ရှိ လက်ဖက်ရည်ဆိုင်ကို ညွှန်ပြလိုက်၏။
“ကျုပ် ဒီဆိုင်ကို သဘောကျတယ်။ ဒါပေမဲ့ ဖြိုဖျက်ပြီး ပြန်ဆောက်ဖို့တော့ စိတ်ကူးမရှိဘူး။ အဲ့ဒါကြောင့် ဦးလေးကျိုးကို ဆိုင်ရဲ့ တည်ဆောက်ပုံကို ကြည့်ပေးဖို့နဲ့ ပြုပြင်မွမ်းမံဖို့ အကြံပေးစေချင်ပါတယ်။”
ဦးလေးကျိုးက ခေါင်းငြိမ့်ပြပြီး စကားပြောရန် ပြင်လိုက်၏။ ထိုစဉ် ချူရှန်းန့်က ရုတ်တရက် ရှေ့တက်လာခဲ့သည်။
“ကြည့်လို့ရပါတယ်။ ဒါပေမဲ့ ကျုပ်ဆရာရဲ့ ဖုန်းရွှေကြည့်ခက ဈေးမသက်သာဘူးနော်။”
“ဒါပေါ့။ ဈေးနှုန်းကို ကြိုတင် ညှိနှိုင်းသင့်တာပေါ့။ ဦးလေးကျိုးရဲ့ နှုန်းထားက ဘယ်လောက်များလဲ။”
တန်ဝမ်ကျဲက ဦးလေးကျိုးကို ကြည့်ကာ မေးလိုက်သည်။
ငွေအကြောင်း အရင်ပြောခြင်းမှာ ဦးလေးကျိုး၏ စတိုင်မဟုတ်ပေ။ ၎င်းက သူ့ကို လောဘကြီးသူဟု ထင်စေနိုင်ပေသည်။ သူသည် ပုံမှန်လုပ်ထုံးလုပ်နည်းမှာ ဖုန်းရွှေကို အရင်ကြည့်၊ ပြဿနာ တစ်ခုနှစ်ခုကို ထောက်ပြပြီး သူ့ပညာကို ပြသပြီးမှသာ ငွေအကြောင်း ပြောလေ့ရှိပေသည်။
ဦးလေးကျိုးသည် ချူရှန်းကို တားရန် လက်မြှောက်လိုက်ပြီး ပုံမှန်အတိုင်း လုပ်ဆောင်ရန် ရည်ရွယ်လိုက်၏။ နောက်ဆုံးတွင် ရန်မိသားစု၏ အလောင်းဖော်ပြီး ပြန်လည် မြှုပ်နှံမည့် အလုပ်ကြီးကလည်း ရှိနေသေးပေသည်။ အကယ်၍ သူသည် သခင်ကြီးရန်၏ မျက်နှာအား ပျက်အောင်လုပ်မိလျှင် ရန်မိသားစု၏ စီးပွားရေးက ဆက်လက် တည်တံ့နိုင်ပါ့မလား။
သို့သော် ချူရှန်းသည် ဦးလေးကျိုး၏ ညာဘက်လက်မှ ဖြည်းဖြည်းချင်း ပွင့်လာသော လက်ချောင်းငါးချောင်းကို သတိပြုမိသွားလေသည်။
သဘောပေါက်ပြီ...။
“ငွေ ၅၀၀။”
“အဟွတ်...အဟွတ်။”
ဦးလေးကျိုး သီးသွား၏။
“ငွေ ၅၀၀ ဟုတ်လား။ အဲဒီငွေနဲ့ ဒီလမ်းပေါ်က ဆိုင်တွေအကုန်လုံးတောင် ဝယ်လို့ရတယ်။”
တန်ဝမ်ကျဲ စကားမပြောရသေးခင်မှာပင် နျန်ယင်းက မကျေမနပ်ဖြစ်ကာ လျှောက်လာပြီး တန်ဝမ်ကျဲ၏ လက်မောင်းကို ဆွဲလိုက်လေသည်။
“ဝမ်ကျဲ၊ သူတို့ကို မငှားနဲ့တော့။ ကျွန်မအစ်မ သိတဲ့သူတစ်ယောက် ရှိတယ်။ သူက အရမ်းတော်တယ်။ ပြီးတော့ ဒီလောက်လည်း စိတ်မပုပ်ဘူး။”
ဘေးနားရှိ ထင်ထင်ကလည်း နှုတ်ခမ်းဆူကာ မကျေမနပ် ဖြစ်နေခဲ့လေသည်။ သူမအဖေ ညွှန်ကြားလိုက်သော လူမှာ ယုံကြည်ရပုံမပေါ်ဘဲ သူတို့ကို ဓားနဲ့ထောက်ရန် ကြိုးစားနေသည်ဟု သူမ ထင်သွားခဲ့သည်။
“၅၀ ပါ... ဟဲဟဲ... ၅၀ ပါ။”
ဆရာဖြစ်သူ၏ မျက်နှာ ပျက်နေသည်ကို မြင်သောအခါ ချူရှန်းက ချက်ချင်း ဈေးလျှော့လိုက်၏။
“၅၀ ဟုတ်လား။ မင်းက ခြင်္သေ့ကြီး ပါးစပ်ဟလိုက်သလိုပဲ။ ငါ့ကို ဓားပြလို့ ထင်နေတာလား။”
ဦးလေးကျိုး စိတ်မရှည်တော့ပေ။ ကောင်းမွန်သော စီးပွားရေးတစ်ခုမှာ မစတင်မီကပင် ပျက်ပြယ်တော့မည့် အခြေအနေ ဖြစ်နေပြီဖြစ်သည်။
သူ့မျက်နှာလည်း အတော်လေး ပျက်သွားချေပြီ။
“၁၀ ယွမ်လို့ပဲ ထားလိုက်ပါ။”
တန်ဝမ်ကျဲသည် ချူရှန်း၏ အဆမတန် တောင်းဆိုမှုကို စိတ်ထဲမထားဘဲ ဦးလေးကျိုးကို ပြောလိုက်သည်။
“ဦးလေးကျိုးလို ပညာရှင်မျိုးအတွက် ၁၀ ယွမ်ဆိုတာ ထိုက်တန်ပါတယ်။”
မျက်နှာ အနည်းငယ် ပျက်သွားသော်လည်း နှုန်းထားမှာ သူ မျှော်လင့်ထားသည်ထက် နှစ်ဆဖြစ်နေသဖြင့် ဦးလေးကျိုး၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။
သို့သော်လည်း ချူရှန်းကတော့ အဆူခံရမှာ သေချာနေချေပြီ။
...
“လက်ဖက်ရည်ဆိုင်မှာ ဘာမှတော့ မှားယွင်းနေတာ မရှိပါဘူး။ ဒါပေမဲ့ သူဌေးကြီးတန်က ပြုပြင်မွမ်းမံပြီး ပြန်ဖွင့်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ အချို့နေရာတွေကို ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။”
ဦးလေးကျိုးသည် အလုပ်ကို အလွန်သေချာစွာ လုပ်ဆောင်ပေးလေသည်။
သူ၏ တပည့်နှစ်ယောက်မှာမူ အနောက်မှ တိုးတိုးတိုးတိုးနှင့် လိုက်ပါလာခဲ့ကြ၏။ သူတို့သည် ဘာမှ မတတ်မြောက်ထားသလို သင်ယူရန်လည်း စိတ်ကူးမရှိကြသည်မှာ ထင်ရှားလှပေသည်။
တန်ဝမ်ကျဲသည်မူ သင်ယူလိုစိတ် ရှိသော်လည်း လမ်းညွှန်ပေးမည့်သူ မရှိသဖြင့် မည်သို့စရမည်ကိုပင် မသိဖြစ်နေလေသည်။
“နောက်ဆက်တွဲ ကိစ္စရပ်တွေကိုလည်း ဦးလေးကျိုးပဲ ကူညီပေးပါဦး။”
တန်ဝမ်ကျဲက ဆိုသည်။
ဖုန်းရွှေမှာ ပထမအဆင့်သာ ရှိသေးသည်။ ပြုပြင်မွမ်းမံခြင်း၊ နောက်ဆက်တွဲ ရှင်းလင်းချက်များနှင့် ဆိုင်အသစ် ဖွင့်ပွဲများတွင် ဦးလေးကျိုး၏ ပါဝင်ပတ်သက်မှုကို လိုအပ်မည်ဖြစ်သည်။
“ဒါဆို ကျုပ်တို့ နေ့လယ်စာ အတူစားကြမလား။”
တန်ဝမ်ကျဲက စတင်၍ ဖိတ်ခေါ်လိုက်၏။
“မစားတော့ပါဘူး။ သခင်ကြီးရန်နဲ့ ချိန်းထားတာလေး ရှိသေးလို့ပါ။”
ဦးလေးကျိုးက ခေါင်းခါပြလိုက်သည်။
“အိာ... ဒါဆိုရင်တော့ ဦးလေးကျိုးရဲ့ အလုပ်ကို ကျုပ် မနှောင့်ယှက်တော့ပါဘူး။”
တန်ဝမ်ကျဲက ခေါင်းညိတ်ပြပြီး သူကြိုတင်ပြင်ဆင်ထားသော စာအိတ်နီ များကို ထုတ်ပေးလိုက်လေသည်။ ဦးလေးကျိုးတင်မကဘဲ ချူရှန်းနှင့် ဝမ်ချိုင်တို့ကိုပါ ပေးလိုက်လေသည်။
“ဝါး... အရမ်း ရက်ရောတာပဲ။”
ချူရှန်း အံ့သြသွားခဲ့သည်။
“ကျေးဇူးတင်ပါတယ် သူဌေးကြီးတန်။”
ဝမ်ချိုင်က သွားဖြဲပြီး ပြုံးပြလိုက်၏။
၎င်းကို မြင်သောအခါ ဦးလေးကျိုးက ချောင်းတစ်ချက် ဟန့်လိုက်ပြီး တန်ဝမ်ကျဲကို ပြောလိုက်သည်။
“သူဌေးကြီးတန် မင်းရဲ့ မျက်ခုံးနှစ်ခုကြားမှာ လူသတ်ငွေ့တွေက အရမ်းကို ပြင်းထန်နေတယ်။ တင်းလွန်းရင် ပြတ်လွယ်တယ်ဆိုတာ မင်းသိထားရမယ်။ ဘဝမှာရော အလုပ်မှာပါ တတ်နိုင်သမျှ သနားညှာတာမှုကို ပြသသင့်တယ်။”
တန်ဝမ်ကျဲ၏ စိတ်နေစိတ်ထားမှာ ကောင်းမွန်ပြီး ရက်ရက်ရောရော ရှိသဖြင့် ဦးလေးကျိုးအနေဖြင့် လျစ်လျူရှုထားရန် ခက်ခဲသွားခဲ့လေသည်။
“တကယ်တော့ မကြာသေးခင်က ကိစ္စအချို့ ဖြစ်ပျက်ခဲ့တာ ရှိပါတယ်။ အမှန်အတိုင်း ပြောရရင် ဦးလေးကျိုး...”
ထိုစကားကို ကြားသောအခါ တန်ဝမ်ကျဲသည် ဘာမှ ဖုံးကွယ်မထားတော့ပေ။ မကြာသေးမီက သူ ကြုံတွေ့ခဲ့ရသည်များကို အစအဆုံး ပြောပြလိုက်တော့လေသည်။ မော်ရှန်း အတတ်ပညာရှင်တစ်ဦးထံမှ ကိုယ်ခံပညာနှင့် ဂါထာမန္တရားများကို သင်ယူခဲ့ပုံ၊ ဦးလေးဖြစ်သူ ကွယ်လွန်သွားပုံ၊ မြို့သူမြို့သားများက အစိုးရနှင့် ပူးပေါင်းကာ သူ့ကို ဖမ်းဆီးပြီး ပစ္စည်းများ ခွဲဝေယူရန် ကြံစည်ကြပုံတို့ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ပြည်နယ်မြို့တော်သို့ သွားစဉ်က သူသည် သေနတ်နှင့် စစ်သားများကို ရရှိခဲ့လေသည်။ သူသည် သတ်ဖြတ်ရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသော်လည်း အလောင်းများကို တောထဲတွင် ပစ်မထားဘဲ စနစ်တကျ မြှုပ်နှံသင်္ဂြိုဟ်ပေးခဲ့သည်။
နျန်ယင်းနှင့် ထင်ထင်တို့သည် ဝမ်ကျဲနှင့် ခွဲခွာသွားပြီးနောက် သူ အိမ်ပြန်ရောက်စဉ် ထိုမျှလောက် များပြားသော ကိစ္စရပ်များအား ကြုံတွေ့ခဲ့ရမည်ဟု မထင်ထားခဲ့ကြပေ။ ၎င်းတို့သည် သူ့ကို စိတ်မကောင်းစွာဖြင့် ကြည့်လိုက်မိကြလေသည်။
“သူ့ကံက ကောင်းသားပဲ။ အပြင်သွားပြီး ပြန်လာတော့ ဦးလေးက ဆုံးနေပြီ။ ပြီးတော့ ငွေသန်းချီတဲ့ အမွေကိုလည်း ဆက်ခံလိုက်ရသေးတယ်။”
ချူရှန်းက တိုးတိုးလေး ပြောလိုက်သည်။ ဝမ်ချိုင်ကလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်လေသည်။
ပြောရရင် ဘလိုင်းဒိတ်တုန်းက နျန်ယင်းနှင့် ထင်ထင်တို့လို မိန်းကလေးမျိုးတွေနဲ့ တွေ့ခဲ့ရတာ... ဘယ်လိုတောင် ကံကောင်းလိုက်သလဲ။
ထိုနှစ်ယောက်၏ စကားမှာ မတိုးလှသဖြင့် ဦးလေးကျိုးလည်း ကြားသွားခဲ့၏။ သူက နှာခေါင်းရှုံ့ကာ သူတို့ကို အေးစက်စွာဖြင့် မျက်စိစောင်းထောက်၍ ကြည့်လိုက်လေသည်။ ထင်ထင်နှင့် နျန်ယင်းတို့ကလည်း မျက်စောင်းထိုးလိုက်ကြ၏။ အကယ်၍ ဝမ်ကျဲ မဟုတ်ဘဲ တခြားလူဆိုလျှင် တစ်ဦးတည်းသော ဆွေမျိုးကို ဆုံးရှုံးရပြီး တစ်မြို့လုံး၏ ပစ်မှတ်ထားခြင်းကို ခံရပါက သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
ဒီလူနှစ်ယောက်ကတော့ ငွေသန်းချီတဲ့ အမွေအကြောင်းပဲ တွေးနေကြတယ်။
၎င်းတို့၏ အကြည့်များမှာ ဓားကဲ့သို့ အေးစက်လှ၏။ ထိုနှစ်ယောက်မှာ ခေါင်းငုံ့သွားပြီး ဘာမှ ထပ်မပြောရဲတော့ပေ။ သို့သော်လည်း သူတို့၏ သုံးသပ်ချက်မှာ မှားယွင်းသည်ဟုတော့ မထင်ကြပေ။
“ဒါကြောင့်ကိုး။ မင်းက မော်ရှန်းပညာရပ်ကို လေ့လာခဲ့ပြီး ဘိုးဘေးတွေကို ကန်တော့ခဲ့တယ်ဆိုရင်တော့ မင်းက မော်ရှန်းတပည့် တစ်ယောက်ပါပဲ။ ဒါပေမဲ့ မင်းဆီက လူသတ်ငွေ့က အရမ်းပြင်းနေတယ်။ ဒါဟာ လူသတ်ခဲ့ရုံတင် မဟုတ်တာတော့ သေချာတယ်။”
“ကျုပ်ကို သင်ပေးတဲ့ ဆရာက ပြောတာတော့ အဲ့ဒီဂိုဏ်းကို အဝတ်စုတ်နှင့် မြေနင်းလို့ ခေါ်တယ်တဲ့။ ကျုပ် တစ်ခါက သရဲတွေကို နှိမ်နင်းဖို့နဲ့ မကောင်းဆိုးဝါးတွေကို တိုက်ထုတ်ဖို့ ကျိုးချန်ကို ကိုယ်ပေါ် ပင့်ဖိတ်ခဲ့ဖူးပါတယ်။ အဲဒါကြောင့်များလား မသိဘူး။”
“ကျိုးချန်လား...။ အဲဒါ ဘယ်သူလဲ။”
ဝမ်ချိုင်က တိုးတိုးလေး မေးလိုက်သည်။ နျန်ယင်းနှင့် ထင်ထင်တို့သည်လည်း ပဟေဠိ ဖြစ်သွားကြခဲ့သည်။
ချူရှန်းသည်မူ သူက ပိုပြီး ဗဟုသုတရှိသူပီပီ လက်သီးကို ပါးစပ်မှာတေ့ပြီး ချောင်းတစ်ချက် ဟန့်ကာ ပြောလိုက်သည်။
“အဟမ်း... ကျိုးချန်ဆိုတာ ကွမ်ယွီရဲ့ ဘေးမှာ ဓားကြီး ထမ်းပေးရတဲ့သူလေ။”
သူ၏ ကြွားလုံးမှာ ထိုမျှနှင့်တင် ပြီးဆုံးသွားခဲ့၏။ သူလည်း ထို့ထက်ပို၍ မသိတော့ပေ။
ကွမ်းယွီအကြောင်း ပြောလိုက်သည်နှင့် ရှိနေသူအားလုံး နားလည်သဘောပေါက်ကာ ခေါင်းငြိမ့်လိုက်ကြလေသည်။ သူတို့အားလုံးက သူ့ကို သိကြသည်။
“ပတ်သက်မှုတော့ ရှိတယ်။ ဒါပေမဲ့ သိပ်တော့ မကြီးမားဘူး။”
ဦးလေးကျိက ခေါင်းငြိမ့်ပြပြီးမှ ခေါင်းပြန်ခါလိုက်သည်။ တန်ဝမ်ကျဲ၏ လူသတ်ငွေ့မှာ အဘယ်ကြောင့် ဤမျှ ပြင်းထန်နေရသည်ကို သူလည်း ရှာမတွေ့ပေ။ သူ၏ မွေးသက္ကရာဇ်ကို မေးမြန်းပြီး တွက်ချက်ကြည့်သောအခါ တန်ဝမ်ကျဲမှာ ချမ်းသာမည့် ဇာတာပါသော်လည်း လူသတ်ခြင်း၊ မီးရှို့ခြင်းများနှင့် မပတ်သက်သင့်ဘဲ သူ၏ ကံကြမ္မာတွင် သေဘေးနှင့် ကြုံရမည့် ကံပင် ရှိနေသေးသည်။
နောက်ဆုံးတွင် ဦးလေးကျိုးက တစ်ခုတည်းသာ ပြောနိုင်တော့လေသည်။
“ဒါဟာ ကံကြမ္မာပဲ။”