← Chapters

ဘက်ပေါင်းစုံမှ အကူအညီကောင်းများ

Vol. 3 Ch. 24

ဘက်ပေါင်းစုံမှ အကူအညီကောင်းများ

Vol. 3 Ch. 24

“ဆရာ... ကံကြမ္မာ ဆိုတာ ဘာကို ဆိုလိုတာလဲ။”

ချူရှန်း အနားတိုးပြီး မေးလိုက်သည်။

“ကံကြမ္မာဆိုတာ ကောင်းကင်ဘုံက စီရင်ဖန်တီးထားတဲ့ လူတစ်ယောက်ရဲ့ ဝဋ်ကြမ္မာပဲ။”

ကောင်းကင်ဘုံသည် တန်ဝမ်ကျဲအား လူသတ်ငွေ့ များနှင့်အတူ မွေးဖွားလာအောင် ဖန်တီးခဲ့သည်ဆိုလျှင် သူဟာ သွားလေရာမှာ သွေးချောင်းစီးစေမည့် ကပ်ဆိုးကြယ်အဖြစ် မွေးဖွားလာခြင်း မဟုတ်ပါလော။

ဦးလေးကျိုးသည်မူ တန်ဝမ်ကျဲ၌ တစ်ခုခု ဖုံးကွယ်ထားတာ ရှိရမည်ဟု ယုံကြည်နေသည်။ ဥပမာသရဲနှိမ်နင်းသည့် ကိစ္စတွင် တန်ဝမ်ကျဲသည် သရဲနှင့် မတော်တဆ တွေ့ခဲ့ခြင်းမျိုး မဟုတ်ဘဲ သရဲကို တကူးတက လိုက်ရှာခဲ့တာမျိုး ဖြစ်နိုင်သည်ဟု သူ တွေလိုက်မိသည်။

မည်သူပင်ဖြစ်စေ သရဲတစ္ဆေနှင့် မိစ္ဆာများကို တကူးတက လိုက်လံနှိမ်နင်းသူတိုင်းသည် ဘဝတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရစမြဲပင်။

တန်ဝမ်ကျဲသည်မူ အတွေးကိုယ်စီနှင့် ငြိမ်သက်နေခဲ့သည်။ အကယ်၍ သူ၏ ရွှေလက်ချောင်းစွမ်းရည်က ‘ကံကြမ္မာ’ သတ်မှတ်ချက်အရ ဖြစ်လာခြင်းဆိုလျှင် ငြင်းပယ်ရန် ခက်ခဲပါလိမ့်မည်။

အကယ်၍ သူသာ လျှို့ဝှက်နယ်မြေထဲကို မဝင်ဘူးဆိုလျှင် မိစ္ဆာများ လွှမ်းမိုးနေသည့် ဤကမ္ဘာကြီးတွင် မည်သို့ အသက်ရှင်နိုင်မည်နည်း။

အနာဂတ်တွင် သူသည် သူ၏သက်တမ်းကို ဆွဲဆနိ့ပြီး သက်ရှည်ရှည် နေနိုင်အောင်တောင် လုပ်နိုင်ကောင်း လုပ်နိုင်ဦးပေမည်။ ဤသို့ ကစဉ့်ကလျားဖြစ်နေသော ခေတ်ကြီးတွင် သူဌေးဖြစ်ရခြင်းထက် မသေမျိုးတစ်ယောက် ဖြစ်ရခြင်းက ပိုကောင်းသည် မဟုတ်ပါလား။

နတ်ဘုံသို့ တက်လှမ်းမည့် လှေကားထစ်က သူ့ရှေ့မှောက်၌ ရှိနေပြီဖြစ်ရာ ဘယ်လိုအကြောင်းမျိုးနဲ့မှ လက်မလွှတ်နိုင်ပေ။

သူ၏ စိတ်ထဲမှ လူသတ်ငွေ့များ ထွက်ပေါ်လာရခြင်းမှာ သူက အကျိုးအမြတ်အတွက် သရဲများကို သတ်ချင်နေ၍ ဖြစ်သည်။ ထို့အပြင် ဘေးဥပဒ်ပြုသော သရဲများအပေါ် သူ၏ သဘောထားမှာ အမြဲတမ်း ပြတ်သားသည်။

လူကို ရန်ပြုချင်ရင် သူက သတ်ပစ်လိုက်မှာပဲ။

လူအချင်းချင်းဆိုလျှင် ဥပဒေကို ထည့်သွင်းစဉ်းစားနိုင်သော်လည်း မိစ္ဆာများနှင့်ဆိုလျှင်တော့ လက်သီး ပိုကြီးသည့်သူကသာ အနိုင်ရစတမ်းပင်။

“ဦးလေးကျိုး လူတစ်ယောက်က သူ့ကံကြမ္မာကို ပြောင်းလဲဖို့ ကောင်းကင်ဘုံကို ဆန့်ကျင်လို့ ရမလား။”

ဤတစ်ကြိမ်တွင်မူ ထင်ထင်က မေးလိုက်ခြင်း ဖြစ်သည်။

သူမသည် ဦးလေးကျိုးကို အပြည့်အဝ မယုံကြည်သော်လည်း သူမအဖေနှင့် ဝမ်ကျဲက ယုံကြည်နေသဖြင့် သူမလည်း ယုံကြည်ရန်သာ ရွေးချယ်လိုက်လေသည်။

“ခက်ခဲတယ်။”

ဦးလေးကျိုးက ခေါင်းခါပြလိုက်သည်။

အချို့က အကြွေးတောင်းဖို့ မွေးဖွားလာကြသည်။ အချို့က ကံကောင်းခြင်းတွေကို ခံစားဖို့ မွေးဖွားလာကြသည်။ အချို့ကတော့ လူသတ်သမား ဖြစ်ဖို့ မွေးဖွားလာကြသည်။ ကံကြမ္မာကို အလွယ်တကူ ပြင်ဆင်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

“ဝမ်ကျဲ ကျွန်မအစ်မ သိတဲ့ ပညာရှင်ကြီးတစ်ယောက် ရှိသေးတယ်။ တို့တွေ ပြန်သွားပြီး သူ့ကို ရှာကြမလား။”

နျန်ယင်းလည်း အတော်လေး ကြောက်လန့်နေရှာသည်။

အသက်တိုမယ်၊ အသတ်ခံရမယ်၊ ကပ်ဘေးကြယ်ဝင်စားတယ် ဆိုတဲ့ စကားလုံးတွေက ကြားရသူအဖို့ တုန်လှုပ်စရာကြီးပင် မဟုတ်ပါလား။

“ကျုပ်ဆရာရဲ့ ထူးခြားဆန်းကြယ် အတတ်ပညယက လောကမှာ နံပါတ်တစ်ပဲ။ ခင်ဗျားအစ်မ သိတဲ့ လူက ဘယ်သူမို့လို့လဲ။ ကျုပ်ဆရာနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။”

ချူရှန်းက ပထမဆုံး ခုန်ထွက်လာကာ ပြောလိုက်သည်။

နျန်ယင်းက တန်ဝမ်ကျဲ အနားမှာသာ ကပ်နေသည်ကို မြင်ရသဖြင့် သူ စိတ်မကြည်ဖြစ်နေခြင်းဖြစ်သည်။ ထို့အပြင် သူသည် အချစ်ဦးကို စတင်ခံစားနေရသော လူငယ်တစ်ဦးဖြစ်ပြီး မိန်းကလေးများနှင့် မည်သို့စကားပြောရမည်ကို မသိသဖြင့် သူမ၏ အာရုံစိုက်မှုကို ရရှိရန် ရန်စသည့် စကားများသာ ပြောတတ်ခြင်း ဖြစ်ပေသည်။

“မော်ရှန်းတောင်က ဆရာကြီး ‘လင်းကျန့်ယင်း’ လေ။ နင် ကြားဖူးလား။”

နျန်ယင်းက ဒေါသတကြီးနှင့် ပြန်ပြောလိုက်၏။

ဘေးနားတွင် ‘ကံကြမ္မာ’ အကြောင်းကို စဉ်းစားနေသော တန်ဝမ်ကျဲသည် နျန်ယင်း၏ စကားကို ကြားလိုက်ရသောအခါ ရုတ်တရက် သတိဝင်လာခဲ့သည်။

သူ ခေါ်လာခဲ့သော ‘အာမခံချက်’ (နျန်ယင်း) က သူ့ဘာသာသူ အမှတ်တွေ ဝင်ယူပေးနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် ဦးလေးကျိုး၏ ‘အချစ်ဦး’ ဖြစ်သူ၏ အနာဂတ် ခဲအိုဖြစ်ကြောင်းကို ဘယ်လိုပုံစံနှင့် စကားထဲ ညှပ်ပြောရမလဲဟု စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။

အခုတော့ အကူအညီကောင်းက ဘယ်ကမှန်းမသိ ရောက်လာလေပြီ။

“ဟားဟားဟား...ဘာ နာမည်ကြီးလဲ။ အဲဒါမျိုး တစ်ခါမှ မကြားဖူးဘူး။”

ချူရှန်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဝမ်ချိုင်ကလည်း လိုက်ရယ်လိုက်လေသည်။

“နင်တို့...”

နျန်ယင်းသည် ဒေါသထွက်ကာ လက်ညှိုးထိုးလိုက်၏။

သူမသည် ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသူဖြစ်သဖြင့် လူကို ဆဲဆိုတတ်သူမဟုတ်သလို၊ သူမကို ရန်တွေ့ဝံ့သူလည်း မရှိခဲ့ပေ။

ထိုစဉ် လက်ကြီးတစ်ဖက်က လှမ်းလာပြီး နျန်ယင်း၏ လက်ကလေးကို အသာအယာ ဆုပ်ကိုင်လိုက်လေသည်။

တန်ဝမ်ကျဲသည် ဤ ‘လူချောလေး’ ချူရှန်း) အား သူ့မိန်းကလေးကို နှောင့်ယှက်ခွင့် ပေးမည်မဟုတ်ပေ။

နူးညံ့သိမ်မွေ့သည့် လူများက ဇာတ်ပို့နေရာမှာပဲ နေသင့်သည်။ အခုလို စိတ်လှုပ်ရှားအောင် လာလုပ်ပြီး မိန်းကလေးကို လုယူသွားသည့် ဇာတ်ညွှန်းမျိုးကို သူ မကြိုက်ချေ။

“ဝမ်... ဝမ်ကျဲ... သူ...။”

“သူက ဦးလေးကျိုးရဲ့ တပည့်ပဲ၊ ငါတို့ ဦးလေးကျိုးရဲ့ မျက်နှာကို ထောက်ထားရမယ်လေ။”

တန်ဝမ်ကျဲက ဆိုသည်။

ယနေ့ ချူရှန်း ပြောသမျှအားလုံးသည် ဦးလေးကျိုး၏ အကောင့်ထဲသို့ ရောက်သွားမည်ဖြစ်သည်။ နျန်ယင်းသည် ဤကိစ္စကို မှတ်ထားပြီး သူမအစ်မ မီချီလျန်ထံ သွားတိုင်သောအခါ ဦးလေးကျိုး ဘာဖြစ်သွားမလဲဆိုသည်ကို သူ သိချင်လှသည်။

ဦးလေးကျိုး၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွား၏။ ချူရှန်းနှင့် ဝမ်ချိုင်တို့သည် ယနေ့ သူ့မျက်နှာကို အတော်လေး ပျက်အောင် လုပ်ခဲ့ကြချေပြီ။ ယခုတော့ သူ၏နာမည်ရင်းကိုပါ ‘အလကား နာမည်’ ဟု ပြောလိုက်ကြချေပြီ။ ၎င်းမှာ အတိအကျ သူ၏ နာမည် မဟုတ်သော်လည်း အရေးမကြီးပေ။

“ချူရှန်း တစ်ခုခုတော့ မှားနေပြီ။ အဲဒါက ဆရာ့ရဲ့ နာမည်နဲ့ တူနေတယ်။”

ဝမ်ချိုင်က တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ဆရာ့ကို ဦးလေးကျိုးလို့ ခေါ်တာ မဟုတ်ဘူးလား။”

ချူရှန်းသည်လည်း ရုတ်တရက် သတိဝင်လာခဲ့သည်။ လူတိုင်းက သူ့ကို ဦးလေးကျိုးဟု ခေါ်ကြသော်လည်း ၎င်းမှာ နာမည်ရင်း မဟုတ်ပေ။

“ဆရာ...”

နှစ်ယောက်လုံး ပြိုင်တူ ငိုမဲ့မဲ့ဖြင့် အော်လိုက်ကြ၏။

နှစ်ယောက်လုံး ခေါင်းငုံ့သွားကြပြီး မျက်နှာများမှာလည်း မအီမသာဖြစ်သွားကြလေသည်။ သူတို့ဆရာမှာ အလွန် စိတ်ပုသူ ဖြစ်ကြောင်း သူတို့ သိကြသည်။ ဆရာ့ရှေ့တင် ဆရာ့ကို စော်ကားမိသဖြင့် ပြန်ရောက်လျှင်တော့ အသေအလဲ အနှိပ်စက်ခံရတော့မည်မှာ သေချာပေသည်။

“ဟမ့်”

ဦးလေးကျိုးက နှာခေါင်းရှုံ့လိုက်၏။ ဒီညပြီးရင်တော့ တံမြက်စည်း အသစ်နှစ်ချောင်း ဝယ်ရတော့ပေမည်။

“မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ မျိုးဆက်ပါလား။ မင်းအစ်မရဲ့ နာမည်က ဘယ်သူလဲ။”

ဦးလေးကျိုးက သူ၏လေသံကို ပြောင်းကာ ယဉ်ကျေးစွာ မေးလိုက်သည်။

“မီချီလျန်...”

နျန်ရင်းက ရှင်းလင်းစွာ ပြန်ဖြေလိုက်၏။

သူမအစ်မ ပြောနေကျလူမှာ ဒီလူဖြစ်လိမ့်မည်ဟု သူမ မယုံနိုင်ချေ။ သူ့တပည့်နှစ်ယောက်က ကြည့်မရအောင် အသုံးမကျလှပေ။

သူမအစ်မ မျက်စိကျတဲ့ လူမှာ ဒီလိုတပည့်မျိုး ရှိနေရလား။

သို့သော် ပြန်စဉ်းစားကြည့်တော့လည်း အကယ်၍ သူသာ အရသာခံတတ်သူဖြစ်ရင် သူမအစ်မကို လက်လွတ်ခံမှာ မဟုတ်ဘူးဟု တွေးမိကာ အခုလိုဖြစ်နေတာကလည်း သဘာဝကျပါသည်ဟု သူမ ယူဆလိုက်သည်။

“အာ... အစ်မလျန်လား။”

ဦးလေးကျိုး၏ အသံမှာ တုန်ရီသွားခဲ့သည်။

“ဘာဖြစ်လို့လဲ ဦးလေးကျိုး။ နျန်ယင်းရဲ့ အစ်မကို သိလို့လား။”

တန်ဝမ်ကျဲက မေးလိုက်သည်။

“အခုနက ဘယ်သူလို့ ပြောလိုက်တာလဲ။”

ဦးလေးကျိုး ထပ်မံ တုန်လှုပ်သွားပြန်သည်။

ဤတစ်ကြိမ်တွင်မူ နျန်ယင်းကသာ ပြန်ဖြေလိုက်၏။

“ကျွန်မကို အစ်မကပဲ ပြုစုပျိုးထောင်ခဲ့တာ။ ကျွန်မကို နျန်ယင်းလို့ နာမည်ပေးခဲ့တာလည်း အစ်မပဲ။”

“နျန်... ယင်း...”

ဦးလေးကျိုးသည် ခေါင်းကို ၄၅ ဒီဂရီ အထက်သို့ မော့ကာ အတိတ်ဟောင်းများထဲသို့ နစ်မျောသွားတော့လေသည်။

၎င်းကို မြင်ရသောအခါ တန်ဝမ်ကျဲ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ ဦးလေးကျိုးသည်လည်း သူ့လို အချစ်ကြီးသူ တစ်ဦးပင် ဖြစ်သည်။

သို့သော် တန်ဝမ်ကျဲနှင့် ဦးလေးကျိုး၏ ကွာခြားချက်မှာ သူသည် အမြဲတမ်း အလိုက်ခံရသူဖြစ်ပြီး သူတစ်ပါး၏ ‘အချစ်ဦး’ သာ ဖြစ်လေ့ရှိသည်။ မည်သူမျှ သူ့အတွက် အချစ်ဦး မဖြစ်နိုင်ပေ။

ထို့အပြင် သူသည် အချစ်ကြီးသူဖြစ်ပြီး ‘သူ့မိန်းကလေးကို တခြားလူဆီ ပေးလိုက်ရတာ နှမြောစရာကြီး’ ဟု ယူဆတတ်သူ ဖြစ်သည်။ ထို့ကြောင့် ဦးလေးကျိုးလို ရိုးစင်းသည့် အချစ်မျိုးကို သူ ခံစားရနိုင်ခြေ မရှိဟု သူ ယုံကြည်ထားသည်။

စဉ်းစားကြည့်လျှင်တော့ အတော်လေး နှမြောစရာ ကောင်းလှပေသည်။

ထိုစဉ် အသုံးမကျသော ချူရှန်းနှင့် ဝမ်ချိုင်တို့ကလည်း ပြိုင်တူ ရေရွတ်လိုက်ကြ၏။

“အို... နျန်... ယင်းလား။”

(နျန်ယင်း၏ အဓိပ္ပာယ်မှာ ‘သတိရခြင်း’ ဖြစ်သည်။)

၎င်းတို့သည် ဦးလေးကျိုးကို စနောက်နေခြင်း ပင်။ ထို့နောက် သူတို့သည် ဦးလေးကျိုး၏ မျက်စောင်းအောက်တွင် ချက်ချင်းပင် ငြိမ်သွားကြတော့လေသည်။

သူတို့ ငြိမ်နေသည်မှာ ခဏတာသာ ဖြစ်သည်။ သူတို့သည် ကြောက်တော့ ကြောက်၏၊း။ သို့သော် မပြင်ကြပေ။ နောက်တစ်ခါဆိုလျှင်လည်း ထပ်လုပ်ဦးမည်သာဖြစ်သည်။

“မင်းအစ်မ အခု ဘယ်လိုနေလဲ။”

ဦးလေးကျိုးက အလောတကြီး မေးလိုက်သည်။

“အစ်မနဲ့ ခဲအိုတို့က အဆင်ပြေကြပါတယ်။ ပြီးတော့ အစ်မက ဝမ်ကျဲကို အရမ်းသဘောကျတာ။”

နျန်ယင်းမှာ အသားအရေ ပါးလွှာသူဖြစ်သဖြင့် နောက်တစ်နှစ်နေလျှင် လက်ထပ်မည့်အကြောင်းကို ပြောရန် ရှက်နေရှာလေသည်။

တန်ဝမ်ကျဲသည် သူ၏ လက်ချောင်းလေးများဖြင့် နျန်ယင်း၏ လက်ဖဝါးကို အသာအယာ ကလိထိုးလိုက်၏။

‘တော်တယ်။’

“အစ်မလျန် လက်ထပ်သွားပြီပေါ့... ။”

ဦးလေးကျိုး၏ ရင်ထဲ၌ ကြောင်ကုတ်နေသလို ကလိကလိခံစားနေရပြီး မီချီလျန်၏အကြောင်းကို အခုချက်ချင်း ပို၍သိချင်နေမိသည်။

သို့သော် ရန်အိမ်တော်က ကိစ္စကလည်း လက်တကမ်းမှာ ရှိနေသေးသည်။ ဦးလေးကျိုးသည် မီချီလျန်အကြောင်းကို ပိုသိချင်သော်လည်း သခင်ကြီးရန်ကိုလည်း ပစ်ထား၍ မရပေ။ ရန်ထင်ထင်ကလည်း ဤနေရာ၌ပင် ရှိနေသေး၏။

ရန်ကျားမြို့၌ အသက်မွေးဝမ်းကျောင်း ပြုရန်အတွက် မြို့၏ အချမ်းသာဆုံးလူကြီးကို မျက်နှာသာ ပေးရမည်ဖြစ်သည်။ ထိုလူကြီးက သူ့ကို ဦးလေးကျိုးဟု ခေါ်ကာ မျက်နှာသာပေးထားသဖြင့် သူကလည်း ပြန်ပေးရပေမည်။ မျက်နှာသာဆိုသည်မှာ အပြန်အလှန် ရှိရခြင်းမျိုးပေသည်။

“ဦးလေးကျိုး ဒီည ညစာ အတူစားကြမလား။”

တန်ဝမ်ကျဲက စတင် ဖိတ်ခေါ်လိုက်၏။

“ကျုပ်မှာလည်း ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ဦးလေးကျိုးကို မေးစရာတွေ အများကြီး ရှိနေလို့ပါ။”

စကားပြောရင်းဖြင့် သူသည် နျန်ယင်း၏ လက်ဖဝါးကို အသာအယာ ဆွဲလိုက်၏။ နျန်ယင်းက သတိဝင်သွားပြီး ပြောလိုက်သည်။

“ဟုတ်တယ်။ ကျွန်မလည်း ကျွန်မအစ်မ နေ့တိုင်း ပြောနေတဲ့သူက ဘယ်လိုလူလဲဆိုတာ သိချင်တယ်။”

“နေ့တိုင်း ပြောတယ် ဟုတ်လား။”

ဦးလေးကျိုး၏ မျက်နှာမှာ နီမြန်းသွားခဲ့သည်။

“ကောင်းပါပြီ...။ ဒါဆိုရင်တော့ ဒီည သူဌေးကြီးတန်ကို အနှောင့်အယှက် ပေးရတော့မှာပဲ။”

ဦးလေးကျိုးသည် တန်ဝမ်ကျဲကို လူကောင်းတစ်ယောက်ဟု ခံစားလိုက်ရသည်။ သူသည် တန်ဝမ်ကျဲကို သေချာ သင်ပြပေးပြီး သူ၏ မေးခွန်းအားလုံးကို ဖြေပေးချင်စိတ်ပင် ပေါက်လာခဲ့လေသည်။

“ဟားဟားဟား...အနှောင့်အယှက် မဟုတ်ရပါဘူးဗျာ။”

“ချူရှန်း၊ ဝမ်ချိုင်! သွားကြမယ်။”

“ဆရာ... ဘယ်ကို သွားမှာလဲ။”

“ရန်အိမ်တော်ကို။”

“ဟုတ်ကဲ့ ဟေး... ဆရာ၊ ဖြည်းဖြည်းသွားပါဦး။”

ဆရာတပည့် သုံးယောက်မှာ လမ်းထောင့်ရောက်သည်နှင့် ဦးလေးကျိုးက ရုတ်တရက် ရပ်လိုက်ပြီး သူတို့နှစ်ယောက်လုံး၏ ခေါင်းကို ရိုက်ချလိုက်၏။

“ဆရာ ဘာဖြစ်လို့လဲ...။”

သူတို့နှစ်ယောက်လုံး မေးလိုက်ကြသည်။ ထိုအခါ ဦးလေးကျိုးက သူ၏လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။

“ဟမ်...”

“ဆရာ... ဒါက သူဌေးကြီးတန် ပေးလိုက်တဲ့ စာအိတ်တွေပါ။”

ချူရှန်း သဘောပေါက်သွားခဲ့သည်။

“ဟုတ်ပါတယ် ဆရာ။”

ဝမ်ချိုင်လည်း နားလည်သွား၏။

ထိုသို့ ပြောလိုက်သော်လည်း နှစ်ယောက်လုံးသည် စာအိတ်များကို ဦးလေးကျိုး၏လက်ထဲသို့ နှမြောတသစွာနှင့် ထည့်ပေးလိုက်ကြရလေသည်။

ဦးလေးကျိုးသည် စာအိတ်၏ အထူကို စမ်းကြည့်ပြီး တန်ဝမ်ကျဲ၏ စေ့စပ်သေချာမှုကို စိတ်ထဲမှ ချီးကျူးမိလိုက်သည်။ သို့သော် အပြင်ပန်းတွင်မူ ဖြောင့်မတ်ဟန်ဆောင်ကာ ပြောလိုက်၏။

“မင်းတို့က ပညာစုံပြီလား။ ဘာမှ မတတ်ဘဲနဲ့ သူများဆီက စာအိတ်ကို ယူရဲတယ်ပေါ့။ မင်းတို့က လိမ်စားနေတဲ့ လူလိမ်တွေနဲ့ ဘာကွာတော့လို့လဲ။”

“ကျုပ်တို့က ဆရာ့နာမည်ကို သုံးပြီး လိမ်...အာ... မဟုတ်ပါဘူး ဆရာ။ ဆရာ့ကြောင့် သူဌေးကြီးတန်က စာအိတ်ပေးလိုက်တာပါ။ ဆရာက ကျုပ်တို့ရဲ့ ကျောထောက်နောက်ခံအဖြစ် ရှိနေတာပဲဟာ။ ဘယ်လိုလုပ် လူလိမ်ဖြစ်မှာလဲ။”

“ဒီငွေတွေကို ငါ သိမ်းထားပေးမယ်။ မင်းတို့ လက်ထပ်တဲ့အခါကျမှ ပြန်ပေးမယ်။ မဟုတ်ရင် မင်းတို့က ဖြုန်းတီးပစ်လိုက်ကြမှာပဲ။”

ဦးလေးကျိုးသည် စာအိတ်များကို သူ၏ ရင်ဘတ်အိတ်ထဲသို့ ထည့်လိုက်တော့လေသည်။

ဆရာတပည့် သုံးယောက်မှာ အတွေးကိုယ်စီနှင့် ရန်အိမ်တော်သို့ အလုပ်ကိစ္စ ပြောရန် ထွက်ခွာသွားကြစဉ်...

ရန်ထင်ထင်သည်လည်း တန်ဝမ်ကျဲ၏ ဘေးတွင် ကျန်ရစ်ခဲ့လေသည်။ သူမသည် အကြီးအကျယ် စိုးရိမ်စိတ် ဝင်နေခဲ့သည်။ တန်ဝမ်ကျဲနှင့် နျန်ယင်းတို့၏ လက်ကလေးများမှာ ဆုပ်ကိုင်ထားဆဲပင်။

“နျန်ယင်း စစ်သားတွေကို သွားပြောလိုက်ပါဦး။ အနားယူပြီး စားသောက်ကြဖို့။ သူတို့ လက်ဖက်ရည်ဆိုင်မှာ ဘာစားချင်လဲ မေးကြည့်လိုက်ပါ။ တို့တွေလည်း နေ့လယ်စာ အတူစားကြမယ်လေ။”

တန်ဝမ်ကျဲက ဆိုသည်။ဝမ်ကျဲက ဆိုသည်။

လက်ဖက်ရည်ဆိုင်မှာ အခုတလော အရောင်းအဝယ် မရှိသော်လည်း မည်သူ့ကိုမျှ အလုပ်မထုတ်ထားပေ။ စားဖိုမှူးမှအစ စားပွဲထိုးအဆုံး ဆိုင်ထဲမှာသာ ရှိနေကြပေသည်။ အိပ်နေသူရှိသလို သန့်ရှင်းရေး လုပ်နေသူလည်း ရှိပြီး မည်သူမျှ အလုပ်လက်မဲ့ မဖြစ်ကြပေ။

“ကောင်းပြီ။”

နျန်ယင်းရ ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။ သူမ၏ စိတ်အခြေအနေမှာ အမြဲတမ်း လျင်မြန်စွာ ပြောင်းလဲနေတတ်လေသည်။

တန်ဝမ်ကျဲ ထင်ထင်ကို ကြည့်လိုက်သည်။ သူမသည် သူနှင့် နျန်ယင်း၏ ဆက်ဆံရေးအပေါ် အလွန်အမင်း စိုးရိမ်နေသည်ကို သူ သိပေသည်။

‘အချစ်စစ်’ ကို ကိုးကွယ်သူဖြစ်သဖြင့် တန်ဝမ်ကျဲသည် စိတ်ပိုင်းဆိုင်ရာ လိမ်လည်သူ မဖြစ်လိုပေ။ မယားပြိုင်ထားခွင့် ရှိသော ဤခေတ်ကာလတွင် သူ အဘယ်ကြောင့် လိမ်ရမည်နည်း။ အားလုံးက ကြည်ဖြူနေဖို့သာ အဓိကပင်။

မယားပြိုင်ထားခွင့် မရှိသော ခေတ်သစ်မြို့ပြ နောက်ခံတွင်သာ သူသည် စိတ်ယုတ်မာသူအဖြစ် နေထိုင်ပါလိမ့်မည်။

စစ်သားများ ဆိုင်ထဲသို့ ဝင်သွားသော်လည်း လမ်းပေါ်၌ လူသူ သိပ်မရှိပေ။ လမ်းတစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့သည်။

“ထင်ထင် တို့တွေ အထဲဝင်ရကြအောင်။ အပြင်မှာ နေအရမ်းပူတယ်။”

စဉ်းစားပြီးနောက် ထးတန်ဝမ်ကျဲသည် ရန်ထင်ထင်ကို အတင်းအကျပ် ဆုံးဖြတ်ချက် မချခိုင်းသေးပေ။ သူသည် သူမကို သေချာ စဉ်းစားရန် အချိန်ပေးသင့်ပေသည်။ သူမသာ ထွက်မပြေးသွားဘူးဆိုလျှင် သူ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

အဆုံးစွန်ပြောရလျှင် သူသည် တစ်ဖက်လူက စတင်လာသည်ကိုသာ စောင့်လိုသူဖြစ်သည်။

ရန်ထင်ထင်လည်း သက်ပြင်းချနိုင်သွားခဲ့သည်။ သူမ ကြောက်ရွံ့နေသည့် အဖြေကို မကြားရသဖြင့် ခေါင်းညိတ်ပြကာ “အင်း” ဟု ဆိုလိုက်၏။

ထိုစဉ် မမျှော်လင့်ဘဲ ထွက်သွားသည်မှာ တစ်နာရီခွဲပင် မပြည့်သေးသော ဦးလေးကျိုးမှာ အလောတကြီး ပြန်ရောက်လာခဲ့လေသည်။

“ဟူး... သခင်ကြီးရန်ဘက်က အလုပ်တွေ ပြီးသွားပြီ။”

ဦးလေးကျိုးသည် အသက်မရူနိုင်အောင် မောဟိုက်နေပြီး လက်ဖက်ရည်သောက်နေသော တန်ဝမ်ကျဲကို ကြည့်ကာ ပြောလိုက်သည်။

“သူဌေးကြီးတန်၊ တို့တွေ အစ်မလျန်...အာ... မဟုတ်ပါဘူး။ မင်းကြုံတွေ့နေရတဲ့ ကျင့်ကြံခြင်း ပြဿနာတွေအကြောင်း ဘယ်တော့ စကားပြောကြမလဲ။”

ဦးလေးကျိုးဘယ်လောက်တောင် အလောတကြီး ဖြစ်နေသလဲ ကြည့်ပါဦး။ သူ၏ အင်္ကျီများမှာ ချွေးတွေချည်းပဲ။ သူ တစ်လမ်းလုံး ပြေးလာခဲ့တာ သေချာတယ်။

အချစ်ဦး၏ ပြင်းအားမှာ အမှန်တကယ်ကို ကြီးမားလှပေသည်။

ခင်ဗျား ဒီလောက်တောင် ဖြစ်နေမှတော့ ကျုပ်လည်း ခင်ဗျားဆီကနေ ပညာတွေ အကုန်ရအောင် ယူရတော့မှာပေါ့။

All Chapters