ဂိုဏ်းတူအစ်ကိုကြီးနှင့် တစ်ထေရာတည်း တူလွန်းခြင်း
Vol. 3 Ch. 25
“နျန်ယင်းလေးရော ဘယ်ရောက်သွားလဲ။”
ဦးလေးကျိုးသည် ခုံတွင် ဝင်ထိုင်လိုက်သော်လည်း နျန်ယင်းကို မတွေ့သဖြင့် မေးလိုက်သည်။
“ဪ... နျန်ယင်းက ထင်ထင်နဲ့အတူ နှုတ်ခမ်းနီဆိုင် သွားကြတယ်လေ။ ခဏနေရင်တော့ ပြန်လာကြတော့မှာပါ။”
တန်ဝမ်ကျဲက မသိချင်ယောင်မဆောင်ဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။
လောကတွင် လုံခြုံမှုအရှိဆုံးဆိုသည်မှာ သူတစ်ပါး ချောက်ထဲကျအောင် ထောင်ချောက်ဆင်ခြင်း မဟုတ်ပေ။ လိမ်လည်မှုဟူသမျှသည် တစ်နေ့တွင် ပေါ်သွားစမြဲဖြစ်ပြီး ဖော်ထုတ်ခံရပါက ပြဿနာတက်သွားနိုင်၏။ မိမိ၏ အနာဂတ်အတွက် မိုင်းဗုံးများ ထောင်ထားခြင်းကို မည်သို့ “လုံခြုံမှု” ဟု ခေါ်နိုင်ပါမည်နည်း။
စစ်မှန်သော လုံခြုံမှုဆိုသည်မှာ ပွင့်လင်းရိုးသားစွာ လုပ်ဆောင်ခြင်း၊ တစ်ဖက်လူ၏ အတွေးနှင့် တိုက်ဆိုင်နေခြင်းနှင့် နှစ်ဦးနှစ်ဖက် ဘာလိုချင်သည်ကို သိရှိနားလည်ခြင်းတို့ပင် ဖြစ်သည်။ ထိုသို့သော တန်ဖိုးချင်း တူညီသည့် ဖလှယ်မှုမျိုးမှသာ စိတ်အေးလက်အေး ရှိနိုင်ပေလိမ့်မည်။
မှန်ပါသည်။ ဤယုတ္တိမှာ ဦးလေးကျိုးကဲ့သို့သော ဖြောင့်မတ်သူများနှင့်သာ သက်ဆိုင်ပေသည်။ မိစ္ဆာများနှင့် မိစ္ဆာလမ်းစဉ်လိုက်သူများအတွက်မူ အရင်သတ်၊ ပြီးမှ မီးရှို့၊ ပြီးလျှင် နာရေးဝန်ဆောင်မှု အပြည့်အဝပေးကာ ငရဲမင်းတမန်များကိုပါ လာဘ်ထိုးပေးလိုက်ခြင်းက အကောင်းဆုံးပင်။
“ဟေ့... တစ်ယောက်ယောက် ရန်သခင်ကြီးရဲ့ စားသောက်ဆိုင်ကိုသွားပြီး ဟိုနိုင်ငံခြားသား စားဖိုမှူးကို သွားခေါ်လိုက်စမ်း။”
တန်ဝမ်ကျဲသည် ဦးလေးကျိုးထံမှ ပညာအမြန်တောင်းရန် မလောဘဲ လက်ဖက်ရည်ဆိုင် ဝန်ထမ်းကို အလုပ်ခိုင်းလိုက်၏။
“သူဌေး... အခုက နေ့လယ်စာစားချိန်ဆိုတော့ သခင်ကြီးရန်က...”
ဝန်ထမ်းက တွေဝေနေခဲ့သည်။ သခင်ကြီးရန်သည် သူ၏ အနောက်တိုင်းစားသောက်ဆိုင်ကို မည်မျှ တန်ဖိုးထားသည်ကို တခြားလူများ မသိသော်လည်း လက်ဖက်ရည်ဆိုင် ဝန်ထမ်းများကတော့ ကောင်းကောင်းသိပေသည်။ ၎င်းမှာ သားအရင်းနှင့် သားအဖျားကဲ့သို့ ကွာခြားလှ၏။
“ငါ သခင်ကြီးရန်ဆီကိုလည်း လူလွှတ်ပြီး အကြောင်းကြားလိုက်မယ်။ မင်းက အဲဒီလူကိုသာ သွားခေါ်လာခဲ့။”
တန်ဝမ်ကျဲသည် အနောက်တိုင်းအစားအစာကို မကြိုက်သော်လည်း ဦးလေးကျိုးကို ဧည့်ခံရန်အတွက်မူ တစ်မျိုးဖြစ်ပေသည်။
“ဒါက... သိပ်တော့ မသင့်တော်ဘူး ထင်တယ်နော်။”
ဦးလေးကျိုး တုံ့ဆိုင်းသွားခဲ့သည်။
“ကျုပ်တို့ပဲ ဟိုဘက်ဆိုင်ကို သွားလိုက်ရင် မကောင်းဘူးလား။”
တန်ဝမ်ကျဲက လက်ကာပြလိုက်သည်။
“ဟာ... ဦးလေးကျိုးကို ကျုပ်က ဧည့်ခံတာလေဗျာ။ ဦးလေးကျိုးကို လမ်းပြန်လျှောက်ခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ။ ပြီးတော့ နျန်ယင်းနဲ့ ထင်ထင်တို့လည်း မကြာခင် ပြန်လာတော့မှာ။ သူတို့ ပြန်လာလို့ ကျုပ်တို့ကို မတွေ့ရင် စိုးရိမ်နေကြလိမ့်မယ်။”
ထိုစကားကို ကြားသောအခါ ဦးလေးကျိုးက ခေါင်းငြိမ့် သဘောတူလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် ဤနေရာမှာ ထိုင်စောင့်နေပြီး နိုင်ငံခြားသား စားဖိုမှူးကိုယ်တိုင် လာချက်ပေးမည့် အနောက်တိုင်းစာကို စားရမည်ဟူသော ခံစားချက်က ဦးလေးကျိုးကို အနည်းငယ် ဝေခွဲမရ ဖြစ်စေခဲ့သည်။
“သူဌေးကြီးတန်”
ဦးလေးကျိုးက စကားစလာခဲ့ပြန်သည်။
“ဦးလေးကျိုး... ကျူပ်က အဲဒီလောက်လည်း မအိုသေးပါဘူးဗျာ။ ပြီးတော့ ကျုပ်တို့ နှစ်ယောက်လုံးက မော်ရှန်းနွယ်ဖွားတွေပဲလေ။ ဦးလေးကျိုးက ကျုပ်ထက် အကြီးဆိုတော့ ဝမ်ကျဲ ဒါမှမဟုတ် အားကျဲလို့ပဲ ခေါ်ပါ။”
တန်ဝမ်ကျဲသည် သူ့ကိုယ်သူ ဤလူကြီးလူကောင်းနှင့် အလျင်အမြန် ရင်းနှီးအောင် လုပ်လိုက်၏။
အရပ်ထဲက မော်ရှန်းဖြစ်စေ၊ ဂိုဏ်းက မော်ရှန်းဖြစ်စေ၊ မော်ရှန်းကတော့ မော်ရှန်းပင်ဖြစ်သည်။ မိစ္ဆာများကို နှိမ်နင်းနေသည့်အချိန်တွင် ဂုဏ်ဒြပ်များကို ဘယ်သူက ဂရုစိုက်နေမည်နည်း။
လူအားလုံးက သာမန်ပြည်သူတွေ အတွက်ပဲ မဟုတ်ဘူးလား။
“ဝမ်ကျဲ”
ဦးလေးကျိုး ခေါင်းငြိမ့်လိုက်သည်။ သူသည် ဂိုဏ်းဂဏ ခွဲခြားခြင်း မရှိပေ။ ထို့အပြင် တန်ဝမ်ကျဲ၏ ဆန်ပြုတ်တိုက်ကျွေးမှု၊ အလုပ်လုပ်ပုံ စေ့စပ်မှု၊ ရက်ရောသော စာအိတ်နီများနှင့် အဓိကအားဖြင့် သူ့ကို ပေးထားသော မျက်နှာသာများကြောင့် ဦးလေးကျိုးက သူ့အပေါ် အမြင်ကောင်းနေခဲ့သည်။ ထို့အပြင် သူက အစ်မလျန်၏ အနာဂတ် ခဲအိုလောင်းလည်း ဖြစ်နေသည်မဟုတ်ပါလား။
“မင်းရဲ့ ကျင့်ကြံခြင်းမှာ ပြဿနာရှိရင် ငါ ကူညီနိုင်သမျှ အကုန်ပြောပြပေးပါ့မယ်။”
“ဦးလေးကျိုး... ကျုပ်ကို တပည့်အဖြစ် လက်ခံလိုက်လို့ မရဘူးလား။”
တန်ဝမ်ကျဲက ပြောလိုက်သည်။
အရင်ဆုံး ဦးလေးကျိုး၏ တပည့်ဖြစ်၊ ပြီးမှ ရန်ထင်ထင်နှင့် လက်ထပ်လိုက်လျှင် ဇာတ်လိုက်တစ်ယောက်၏ လက္ခဏာအစုံအလင်ကို ရရှိသွားပြီး လောကကြီးတွင် စိတ်ကြိုက် လှည့်လည်နိုင်တော့မည် ဖြစ်သည်။
ဦးလေးကျိုးသာ တစ်စက္ကန့်လောက် တွေဝေသွားလျှင် သူသည် ချက်ချင်း ဒူးထောက်ကာ ဆရာတင်မည်ဖြစ်ပြီး ငါးစက္ကန့်အတွင်း လက်ဖက်ရည်ပင် တည်ခင်းပေးလိုက်မည် ဖြစ်သည်။
“ဝမ်ကျဲ... နောက်မနေပါနဲ့။”
ဦးလေးကျိုးသည် တန်ဝမ်ကျဲထက် ပိုမြန်စွာ မတ်တပ်ရပ်လိုက်ပြီး တန်ဝမ်ကျဲ ဒူးထောက်မည့် လမ်းကြောင်းကို ပိတ်လိုက်၏။
“တကယ်ပဲ မဖြစ်နိုင်ဘူးလား။”
တန်ဝမ်ကျဲက မေးလိုက်သည်။ ဦးလေးကျိုးက ခေါင်းခါလိုက်၏။
“မင်းရဲ့ ဇာတာက ချမ်းသာကြွယ်ဝမယ့် ဇာတာမျိုးပဲ။ ငါနဲ့ ဆရာတပည့် ဖြစ်မယ့် ကံပါမလာဘူး။ အတင်းအကျပ် လုပ်ရင်တော့...”
သူ၏ အဓိပ္ပာယ်မှာ ရှင်းပါသည်။ သူကို တပည့်အဖြစ် လက်မခံချေ။
ကံကောင်းသည်မှာ တန်ဝမ်ကျဲက သူ၏စိတ်ကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။ တပည့်ဖြစ်ဖို့က အရေးမကြီးချေ။ ပညာသင်ခွင့်ရဖို့ကသာ အဓိကဖြစ်သည်။
လူဆိုသည်မှာ အမြဲတမ်း ညှိနှိုင်းယူရသည် မဟုတ်ပါလား။
ပထမဆုံး သူ မေးမြန်းသည့် အရာမှာ “မော်ရှန်း ကျန်းမာရေး ကျင့်စဉ်လက်သီး”ပင် ဖြစ်သည်။ တန်ဝမ်ကျဲက ထိုကျင့်စဉ်ကို ဖြည်းဖြည်းချင်း ကစားပြလိုက်သည်။ အစပိုင်းတွင် ဦးလေးကျိုးက သိပ်ဂရုမစိုက်သော်လည်း ကျင့်စဉ်ဝက်လောက် ရောက်သောအခါ သူ၏ မျက်နှာပေးမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
တန်ဝမ်ကျဲ ကစားပြပြီးသောအခါ ချူရှန်းတို့နှစ်ယောက်မှာလည်း တံခါးဝသို့ ဘယ်အချိန်က ရောက်နေမှန်း မသိပေ။
“ကောင်းတယ်...။ သူဌေးကြီးတန်က တော်လိုက်တာ။”
ချူရှန်းနှင့် ဝမ်ချိုင်တို့က ပြိုင်တူပြောကာ လက်ခုပ်ပင် တီးပေးလိုက်ကြသည်။
“မင်းတို့နှစ်ယောက် ဒီမှာ ဘာလုပ်နေတာလဲ။”
ဦးလေးကျိုးက မေးလိုက်၏။
ချူရှန်း: “ဆရာ တစ်ယောက်တည်း အလုပ်များနေမှာ စိုးလို့ ကူညီပေးမလို့ပါ။”
ဝမ်ချိုင်: “လမ်းမှာ လက်ဖက်ရည်ဆိုင် ဝန်ထမ်းနဲ့ တွေ့တာ။ ဆရာက ဒီမှာ အနောက်တိုင်းစာ စားတော့မယ်ဆိုလို့။ ချူရှန်း ပြောတယ်... ဆရာ တစ်ယောက်တည်း ကောင်းတာတွေ ခိုးစားနေသလား သွားကြည့်ရအောင်တဲ့။”
နှစ်ယောက်လုံး ပြိုင်တူပြောလိုက်သော်လည်း ချူရှန်းက ဝမ်ချိုင် စကားတစ်ဝက်ပင် မရောက်ခင်မှာပင် စကားဆုံးသွားခဲ့လေသည်။
အပြောခံလိုက်ရသဖြင့် ချူရှန်းက ဝမ်ချိုင်၏ ခေါင်းကို တစ်ချက် ခေါက်လိုက်၏။
“ဟမ့်... ရှက်ဖို့ကောင်းလိုက်တာ။”
ဦးလေးကျိုး နှာမှုတ်လိုက်သည်။ ယနေ့ တန်ဝမ်ကျဲရှေ့၌ မျက်နှာပျက်ရသည်မှာ ဤတပည့်နှစ်ယောက်ကြောင့်ပင်။
နှစ်ယောက်လုံးကတော့ မျက်နှာအရည်ထူထူနှင့်ပင် ရယ်မောနေလိုက်ကြလေသည်။
“စားပွဲမှာ ဇွန်းခက်ရင်း နှစ်စုံ ထပ်တိုးလိုက်ရုံပါပဲ။ ချူရှန်းနဲ့ ဝမ်ချိုင်တို့လည်း ဒီမှာပဲ အတူစားလိုက်ကြပေါ့။”
တန်ဝမ်ကျဲက ဆိုသည်။ဝမ်ကျဲက ဆိုသည်။
ထိုစဉ် နိုင်ငံခြားသား စားဖိုမှူးကြီး ရောက်ရှိလာခဲ့လေသည်။ သူသည် တန်ဝမ်ကျဲရှေ့တွင် အင်္ဂလိပ်လို တတွတ်တွတ် ပြောနေပြီး တန်ဝမ်ကျဲကလည်း ခေါင်းညိတ်ကာ အချို့အချက်များကို ပြန်လည် ညွှန်ကြားလိုက်သည်။
နိုင်ငံခြားသားကို မြင်သောအခါ ဆရာတပည့် သုံးယောက်လုံး အနောက်တိုင်းအစားအစာကို စတင် မျှော်လင့်နေကြပြီဖြစ်သည်။
“ဝမ်ကျဲ... မင်း ဒီလက်သီးကို ကျင့်တာ တစ်လတောင် မပြည့်သေးဘူးလို့ ပြောလိုက်တာလား။”
ဦးလေးကျိုးက မေးလိုက်သည်။
“ဟုတ်ပါတယ်”
နန်ဝမ်ကျဲ ခေါင်းငြိမ့်ပြလိုက်သည်။
“ကျုပ်ရဲ့ကျင့်စဉ်မှာ တစ်ခုခု မှားနေလို့လား။”
“ယေဘုယျအားဖြင့်တော့ ဘာမှမမှားပါဘူး။ ဒါပေမဲ့ ငါ တစ်ခါလောက် ကစားပြတာကို ကြည့်လိုက်ပါဦး။”
ထို့နောက် ဦးလေးကျိုး မတ်တပ်ထရပ်လိုက်သည်။
ဆရာရှိခြင်းနှင့် မရှိခြင်းမှာ အလွန်ကွာခြားလှပေသည်။ ဦးလေးကျိုး၏ လမ်းညွှန်မှုအောက်တွင် တန်ဝမ်ကျဲ ထပ်မံ ကျင့်ကြံကြည့်သောအခါ “မော်ရှန်း ကျန်းမာရေး လက်သီးကျင့်စဉ်” ၏ အတွေ့အကြုံရမှတ်မှာ တစ်ကြိမ်လျှင် ၁ မှတ်မှ ၂ မှတ်သို့ တိုးသွားသည်ကို အံ့သြဖွယ် တွေ့လိုက်ရလေသည်။
ဤအတိုင်းသာ ဆက်ကျင့်သွားလျှင် သုံးရက်မှ ငါးရက်အတွင်း အဆင့်တက်နိုင်မည်ဖြစ်သည်။ ၎င်းမှာ အမှန်တကယ် ဂုဏ်ယူစရာပင်။
သူ မနေနိုင်ဘဲ နောက်ထပ် တစ်ပတ် လေ့ကျင့်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူသည် အရှိန်ကို မြှင့်တင်လိုက်ရာ သူ၏ လက်သီးနှင့် ခြေကန်ချက်များမှာ လေတိုးသံများနှင့်အတူ လူသတ်ငွေ့ များ လွှမ်းမိုးနေခဲ့သည်။
“ပါရမီ ထူးကဲလိုက်တာ။”
ဦးလေးကျိုးက တန်ဝမ်ကျဲကို ကြည့်ကာ သူ၏ ပါရမီမြင့်မားပုံကို စိတ်ထဲမှ ချီးကျူးမိလိုက်၏။ ကိုယ်ခံပညာ ပါရမီသက်သက်ဆိုလျှင် သူသည် ချူရှန်းထက် မနိမ့်ကျပေ။
“ဒါ့အပြင် ကျူပ်မှာ ဦးလေးကျိုကို မေးချင်တဲ့ တခြား ဂါထာတချို့လည်း ရှိပါသေးတယ်။”
တန်ဝမ်ကျဲက သူကိုယ်တိုင် ပြင်ဆင်ထားသော “စွမ်းရည် စာအုပ်များ” ကို ထုတ်ပြလိုက်လေသည်။
“ဒါက... သိပ်တော့ မသင့်တော်ဘူး ထင်တယ်နော်။”
အရပ်ထဲက မော်ရှန်း လျှို့ဝှက်ချက်ပညာရပ်များသည် အလွန်အစွမ်းထက်တတ်ပြီး မျိုးဆက်တစ်ခုတည်းကိုသာ လက်ဆင့်ကမ်းလေ့ရှိသည်။ အစရှာကြည့်လျှင် ၎င်းတို့မှာ မော်ရှန်းဂိုဏ်း၏ ပျောက်ဆုံးသွားသော ပညာရပ်များလည်း ဖြစ်နိုင်ပေသည်။
ဤစစ်မက်ထူပြောသော ခေတ်ကာလတွင် လူတိုင်းမှာ ကိုယ်ပိုင် အစွမ်းထက် ပညာရပ်များ ရှိကြသည်။
ဦးလေးကျိုးသည် သိချင်စိတ် ပြင်းပြနေသော်လည်း တန်ဝမ်ကျဲထံမှ အခွင့်ကောင်း မယူလိုပေ။
“ကျုပ်က ဦးလေးကျိုဆီက ပညာတောင်းတာဆိုတော့ ပညာပြန့်သွားမှာကို မကြောက်ပါဘူး။ ပြီးတော့ ကျုပ်တို့မျိုးဆက်မှာ တပည့်က နှစ်ယောက်ပဲ ကျန်တော့တာပါ။ တစ်ယောက်က ရှန်ဟိုင်းကို ရောက်နေတော့ ဒီပြည်နယ်မှာ ကျုပ် တစ်ယောက်တည်းပဲ ရှိပါတော့တယ်။ ဒီနေ့ ဦးလေးကျိုးရဲ့ လမ်းညွှန်မှုကို မမျှော်လင့်ဘဲ ရရှိခဲ့ပြီးမှ ကျုပ်က ပညာတွေကို ဖုံးကွယ်ထားဦးမယ်ဆိုရင် ဘယ်အချိန်မှ တတ်မြောက်တော့မှာလဲ။”
တန်ဝမ်ကျဲသည် စာအုပ်ကို ဦးလေးကျိုး၏ ရင်ခွင်ထဲသို့ ထိုးထည့်လိုက်ပြီး အနောက်သို့ နှစ်လှမ်းဆုတ်ကာ လက်ချောင်းများကို ဓားလက်ချောင်းပုံစံ ပြုလုပ်လိုက်လေသည်။
သူသည် ဤ “ဓားလက်ချောင်း” ကို ခဏခဏ လေ့ကျင့်သော်လည်း မန်နာအင်အားပြန်တက်နှုန်း နှေးကွေးခြင်းနှင့် အကြိမ်တိုင်း အတွေ့အကြုံ မတက်ခြင်းတို့ကြောင့် တိုးတက်မှု နှေးကွေးနေခြင်း ဖြစ်သည်။
စားပွဲပေါ်တွင် ဖယောင်းတိုင်အနီတစ်တိုင် ထွန်းထားခဲ့သည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဖယောင်းတိုင်မီးမှာ တုန်ခါသွားပြီး ငြိမ်းလုနီးပါး ဖြစ်သွားကာမှ ပြန်လည် တောက်ပလာခဲ့သည်။
ချူရှန်းနှင့် ဝမ်ချိုင်တို့၏ မျက်လုံးများ ပြူးကျယ်သွားကြ၏။
“ဒီလက်ချောင်း ထိုးချက်က ‘နတ်မင်းချိပ်တံဆိပ်’ နဲ့ ဆင်တူပေမဲ့ သူ့မှာ ပါတာက...”
ဦးလေးကျိုးသည် တန်ဝမ်ကျဲ၏ သရုပ်ပြမှုကို ကြည့်ကာ စာရွက်ပေါ်က မှတ်တမ်းများကို ဖတ်ရင်း မသိစိတ်က လိုက်လုပ်ကြည့်လိုက်သည်။
သူက လက်ကို မြှောက်ကာ ထိုးပြလိုက်ရာ လေညင်းလေးတစ်ခု ဖြတ်သန်းသွားခဲ့သည်။
ချူရှန်းနှင့် ဝမ်ချိုင်သည် ဆရာ ပညာမတတ်ဘူးဟု ထင်ကာ ပါးစပ်ပိတ်ပြီး ခိုးရယ်လိုက်ကြသည်။
သို့သော် တန်ဝမ်ကျဲသည်မူ အံ့သြသွားခဲ့လေသည်။ ဦးလေးကျိုး၏ “ပါရမီ” မှာ အမှန်တကယ် အစွမ်းထက်လှသည်။ သူသည် တစ်ကြိမ်ကြည့်ရုံဖြင့် သင်ယူနိုင်ပြီး သူ့ကိုပင် မှီလုနီးပါး ဖြစ်နေချေပြီ။ သူကတော့ စနစ်ရှိနေလို့သာ တတ်မြောက်နေခြင်းဖြစ်လေသည်။
လောကကြီးတစ်ခုလုံးမှာ ဦးလေးကျိုးထက် ပါရမီ ပိုမြင့်နိုင်သူဆိုလို့ “တခြားလူတွေက လမ်းစဉ်ကို ကျင့်ကြံနေချိန်မှာ သူကတော့ မသေမျိုးဖြစ်အောင် ကျင့်နေတဲ့” ဂိုဏ်းတူအစ်ကိုကြီး ‘ရှီကျန့်’ တစ်ယောက်သာ ရှိပါလိမ့်မည်။
“မဟုတ်ဘူး... တစ်ခုခု မှားနေတယ်။”
ဦးလေးကျိုးက ခေါင်းခါလိုက် ခေါင်းညိတ်လိုက် လုပ်နေပြီးမှ နောက်ထပ် ဂါထာတစ်ခုကို ဆက်သင်ရန် ဆုံးဖြတ်လိုက်သည်။
တန်ဝမ်ကျဲကို သင်ပေးခြင်းမှာ မိမိတပည့်များကို သင်ပေးသလို မဟုတ်သဖြင့် ဦးလေးကျိုးက သိပ်ပြီး တင်းတင်းကျပ်ကျပ် မလုပ်သော်လည်း လိုအပ်သော အဆင့်များကိုတော့ ကျော်မသွားခဲ့ပေ။ တန်ဝမ်ကျဲ ဘယ်လောက် နားလည်သလဲ ဆိုတာပေါ်၌သာ မူတည်ပေသည်။
နောက်တစ်ခုမှာ “လျှပ်စီးလက်ဝါး” ဖြစ်သည်။
“ဆရာ... ဒါကို သိလား။”
“သိတာပေါ့”
ဦးလေးကျိုက ခဏကြည့်လိုက်ပြီး ကျင့်ကြံပုံ လျှို့ဝှက်ချက်များကို တန်ဝမ်ကျဲအား ပြောပြလိုက်လေသည်။
သို့သော် ပြောပြီးသောအခါ ဦးလေးကျိုးသည် သူ့ဘာသာသူ ပြန်လည် ရေရွတ်နေမိသည်။
လက်ဖဝါး မိုးကြိုးဖြစ်စေ၊ နတ်မင်းချိပ်တံဆိပ်ဖြစ်စေ အားလုံးမှာ မိစ္ဆာများကို နှိမ်နင်းဖို့ဖြစ်ပြီး လူများကိုတော့ ဘေးဥပဒ် မပေးနိုင်ပေ။ သို့သော် တန်ဝမ်ကျဲ ထုတ်ပြသမျှ ဂါထာတိုင်းမှာ အဘယ်ကြောင့် ပြင်းထန်သော လူသတ်ငွေ့များ ပါဝင်နေရသနည်း။
[လင်းဖုန်းကျောက် (ဦးလေးကျို၏ နာမည်ရင်း) ၏ လမ်းညွှန်မှုအောက်တွင် သင်သည် ‘လျှပ်စီးလက်ဝါး’ ကို လေ့လာခဲ့သည်။ အတွေ့အကြုံရမှတ် +၁။ သင်သည် ‘လျှပ်စီးလက်ဝါး’ ကို တတ်မြောက်သွားပါပြီ။]
“လျှပ်စီးလက်ဝါး အဆင့် ၁ (၁/၅၀)၊ မန်နာ သုံးစွဲမှု - ၃၊ သွေး သုံးစွဲမှု - ၁”
ဘာလို့ သွေးအင်အားကို သုံးရတာလဲ။
လက်ထိပ်ကို ကိုက်လိုက်ရတဲ့အတွက်ကြောင့်လား။
အင်း... အမှန်အတိုင်း ပြောရရင် လက်ကို ကိုက်ရတာ တကယ် နာတာပဲ။
တန်ဝမ်ကျဲသည် သူ၏ လက်ညှိုးကို ကိုက်လိုက်ပြီး လက်ဖဝါးပေါ်တွင် အဆောင်လက်ဖွဲ့တစ်ခုကို အလျင်အမြန်ဆွဲကာ ပစ်လွှတ်လိုက်လေသည်။
ဝုန်း
ကုလားထိုင်တစ်လုံး ရုတ်တရက် လွင့်ထွက်သွားခဲ့၏။
ချူရှန်းနှင့် ဝမ်ချိုင် လန့်သွားခဲ့ကြသည်။
ဘာဖြစ်တာလဲ။ ဂါထာတွေက ဒီလိုလား။ ဘာလို့ ဆရာ သုံးနေကျပုံစံနဲ့ မတူဘဲ ကွဲပြားနေရတာလဲ။
“တကယ်ပဲ သွေးအင်အား ကုန်တာပဲ။”
တန်ဝမ်ကျဲ၏ လက်ချောင်းမှာ နာကျင်နေ၏။ သူသည် မန်နာ ၃ သာမက သွေး ၁ ပါ ဆုံးရှုံးသွားခဲ့သည်။ ဆရာကြီးချန်သည် အဘယ်ကြောင့် ဓားလက်ချောင်းကို အကြိုက်ဆုံး ဖြစ်နေရသလဲဆိုသည်ကို အခုမှသာ သူ နားလည်သွားတော့သည်။ အကယ်၍ သူသာဆိုလျှင်လည်း ဤစွမ်းအင်သုံးစွဲမှုနည်းသော နည်းလမ်းကိုသာ ရွေးချယ်ပါလိမ့်မည်။ ဤပညာကို အသုံးများလွန်းလျှင် ရန်သူမသေခင် ကိုယ်အရင် ဒဏ်ရာရနိုင်ပေသည်။
“တတ်သွားပြီလား။”
ဦးလေးကျိုးက မေးလိုက်သည်။
သူ အရင်က ပြောခဲ့သော စကားများကို ပြန်ရုပ်သိမ်းရပေတော့မည်။ ထန်ဝမ်ကျဲသည် ကိုယ်ခံပညာမှာတင် ပါရမီထူးသည်မဟုတ်ဘဲ ဂါထာမန္တရားများ သင်ယူရာမှာလည်း ထူးခြားလှပေသည်။ သို့သော် သူ၏ လုပ်ဆောင်ချက်တိုင်းမှာ အေးစက်သော လူသတ်ငွေ့များ လွှမ်းမိုးနေပြီး ၎င်းမှာ ဦးလေးကျိုး၏ ပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးနှင့် ဆင်တူနေခဲ့သည်။
မဟုတ်ဘူး... ဆင်ရုံတင် မဟုတ်ဘူး။ တစ်ထေရာတည်းကို တူနေတာပဲ။