← Chapters

သူမရဲ့ အကြည့်၊ သူမရဲ့ အကြည့်တွေက မှိတ်တုတ်မှိတ်တုတ်လင်းလက်နေတဲ့ ကြယ်ပွင့်တွေနဲ့တူတယ်

Vol. 3 Ch. 27

သူမရဲ့ အကြည့်၊ သူမရဲ့ အကြည့်တွေက မှိတ်တုတ်မှိတ်တုတ်လင်းလက်နေတဲ့ ကြယ်ပွင့်တွေနဲ့တူတယ်

Vol. 3 Ch. 27

တန်ဝမ်ကျဲသည် အရာအားလုံးထက် တည်ငြိမ်မှုကို ဦးစားပေးသူဖြစ်သည်။ အသေချာဆုံး တည်ငြိမ်သည့် နည်းလမ်းမှာ ဖုတ်ကောင်ကို ခေါင်းတလားထဲမှ လုံးဝ ထွက်မလာနိုင်အောင် တားဆီးရန်ပင်။

အကယ်၍ ထိုဖုတ်ကောင်သည် ခေါင်းတလားထဲမှ ထွက်လာပြီး ရန်ဖားတစ်ဦးတည်းကိုသာ သတ်လိုက်လျှင် ကိစ္စမရှိလှပေ။ သူသည် ထင်ထင်ကို လက်ထပ်ကာ ရန်မိသားစု၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းရယူနိုင်ပြီး ထို့နောက်မှ ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားသော ရန်ဖားနှင့် ၎င်း၏သားကို သတ်ကာ အတွေ့အကြုံများ ရယူလိုက်ရုံပင်။ ထိုသို့ဆိုလျှင် တစ်ချက်တည်းနှင့် အချက်ပေါင်းများစွာ ပြီးမြောက်သွားပေမည်။

သို့သော် အကယ်၍ ထိုဖုတ်ကောင်က ထင်ထင်ကိုပါ သတ်ပစ်ပြီး တစ်ရွာလုံးကိုပါ သတ်ဖြတ်ပွဲကြီး လုပ်ခဲ့လျှင်ကော။

အကျပ်အတည်း မည်မျှပင် ကြီးမားပါစေ ဦးလေးကျိုးကတော့ နောက်ဆုံးတွင် ဖြေရှင်းနိုင်မည် ဖြစ်သည်။ သို့သော် ဦးလေးကျိုးနောက် လိုက်နေရုံဖြင့် အသက်ရှင်မည်ဟု အာမမခံနိုင်ပေ။ သူသည် နတ်ဆိုးနှင့် မိစ္ဆာများကို နောက်ဆုံး၌ အောင်မြင်စွာ နှိမ်နင်းနိုင်မည်ဟုသာ အာမခံနိုင်သည်။

‘Mr. Vampire’ ဇာတ်ကားထဲမှ သခင်ကြီးရန်ကို နမူနာယူကြည့်လျှင် သူသည် မည်သို့ပင်ဖြစ်စေ သေရမည့်သူသာ ဖြစ်သည်။

“အကောင်းဆုံးသော ခုခံမှုသည် တိုက်စစ်ဆင်ခြင်းပင် ဖြစ်သည်” ဟု ဆိုရိုးစကားရှိသည် မဟုတ်ပါလား။ အတည်ငြိမ်ဆုံး နည်းလမ်းမှာ အကာအကွယ်များ ပြင်ဆင်ပြီး ရန်သူ၏တိုက်ခိုက်မှုကို စောင့်နေခြင်းမဟုတ်ဘဲ ရန်သူမလှုပ်ရှားမီ ကြိုတင်တိုက်ခိုက်ခြင်း ဖြစ်သည်။

ရန်သူအားလုံး သေဆုံးသွားလျှင် အန္တရာယ်ဆိုသည့်အရာမှာလည်း ရှိတော့မည်မဟုတ်ပေ။

သူ ရင်ခွဲရုံသို့ ရောက်သောအခါ ချူရှန်းနှင့် ဝမ်ချိုင် တို့သည် မင်ကြိုးကို အသုံးပြု၍ ခေါင်းတလားပေါ်တွင် အမှတ်အသားများ ရိုက်နှိပ်နေကြသည်ကို တွေ့လိုက်ရလေသည်။

“သူဌေးတန် ရောက်လာပြီလား။”

ချူရှန်းနှင့် ဝမ်ချိုင် နှစ်ယောက်စလုံးသည် တန်ဝမ်ကျဲကို အလွန်သဘောကျကြ၏။ သူသည် ငွေကြေးရက်ရောရုံသာမက စကားပြောဆိုရာတွင်လည်း ယဉ်ကျေးပျူငှာသူ ဖြစ်သည်။

“လူကြီးတွေကတော့ ငါ့ကို ဝမ်ကျဲလို့ ခေါ်ကြတယ်။ မင်းတို့ နှစ်ယောက်ကတော့ အစ်ကိုကျဲလို့ပဲ ခေါ်ပါ။”

ထို့နောက် တန်ဝမ်ကျဲ ယူဆောင်လာသော ထမင်းချိုင့်ကို သူတို့ မြင်လိုက်ရလေသည်။ ထိုထဲမှ ထွက်ပေါ်လာသော အနံ့မှာ သွားရည်ကျစရာပင်။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တပြိုင်နက်တည်း အော်လိုက်ကြတော့လေသည်။

“အစ်ကိုကျဲ...။”

နေ့တိုင်းသာ ဒီလို အရသာရှိတာတွေ စားရမည်ဆိုလျှင် အစ်ကိုကျဲဟု ခေါ်ရခြင်းက ဘာမှ နစ်နာစရာမရှိချေ။ သူတို့လည်း ဗိုက်ဆာနေချိန်နှင့် အတော်ပင် ဖြစ်သွားခဲ့လေသည်။

“မင်းတို့ ဘာလုပ်နေကြတာလဲ “

တန်ဝမ်ကျဲက မေးလိုက်သည်။

“ဒါက သခင်ကြီးရန်ရဲ့ ခေါင်းတလားလေ။ မြေကြီးထဲမှာ အနှစ်နှစ်ဆယ်ကြာအောင် မပုပ်မသိုးဘဲ ရှိနေတာဆိုတော့ ဖုတ်ကောင် ဖြစ်တော့မှာ။”

ဝမ်ချိုင်က ခေါင်းတလားကို ညွှန်ပြလိုက်သည်။

“ဒီည ဖုတ်ကောင် ခေါင်းတလားထဲက ထွက်မလာအောင် ခေါင်းတလားတစ်ခုလုံးကို မင်ကြိုးတွေနဲ့ ရိုက်ထားဖို့ ဆရာက ခိုင်းထားတယ်။”

သူတို့နှစ်ယောက်စလုံးသည်မူ ဖုတ်ကောင်ကို သိပ်ဂရုမစိုက်ကြချေ။ သူတို့၏ ဦးရီးတော်လေးသည် ဖုတ်ကောင်အုပ်လိုက်ကြီးကိုပင် အမြဲတမ်း မောင်းထုတ်နေကျဖြစ်၏။ သူသည် ထိုအရာများ၏ နဖူးတွင် အဝါရောင် လက်ဖွဲ့စာရွက်များ ကပ်လိုက်သည်နှင့် ကြောင်တောင်တောင်အဖြစ်သွားတတ်သည်ကို သူတို့သိထားကြပေသည်။ ထို့ကြောင့် သူတို့အတွက်တော့ ဒါဟာ သာမန် အလုပ်တစ်ခုလိုပင်။

ဦးလေးကျိုး၏ အလိုလိုက်မှုကြောင့် သူတို့မျက်လုံးထဲတွင် မည်သည့်အရာမှ အရေးမကြီးသလို ဖြစ်နေခဲ့လေသည်။ မိုးပြိုလျှင်တောင် သူတို့ဆရာက ထိန်းထားပေးမည်ဟု ယုံကြည်နေခဲ့ကြသည်။

“ခေါင်းတလား အောက်ခြေကိုရော မင်ကြိုးရိုက်ပြီးပြီလား။”

တန်ဝမ်ကျဲက မေးလိုက်၏။

“ဟာ...မေ့တော့မလို့။”

သူတို့နှစ်ယောက် အမှားကို သတိပြုမိသွားကြသည်။

သူတို့ အလုပ်ပြီးသွားသောအခါ တန်ဝမ်ကျဲက လက်နှစ်ဖက်ကို နောက်ပစ်ကာ တစ်ပတ်ပတ်ကြည့်ပြီး မည်သည့်နေရာမှ မကျန်ခဲ့ကြောင်း သေချာအောင် စစ်ဆေးလိုက်သည်။

“အစ်ကိုကျဲ ဘဲကင် ပါလားဟင်။”

ဝမ်ချိုင်သည်မး ထမင်းချိုင့်နားသို့ ရောက်နေပြီ ဖြစ်သည်။

“ဘဲကင်ရော၊ ခိုကင်ရော ပါတယ်။ မင်းတို့ စားချင်တာ အကုန်စားလို့ရတယ်။”

တန်ဝမ်ကျဲက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

စားစရာဆိုသည်မှာ သူ့အတွက် ဈေးအချိုဆုံး အရာဖြစ်သည်။ အရသာရှိသော ဟင်းလျာများသည် ငွေကုန်ကြေးကျ သိပ်မများလှပေ။

အိမ်ပြန်ရန် အလျင်စလိုဖြစ်နေသော ချူရှန်းသည်လည်း ရပ်တန့်သွားခဲ့၏။ သူ အလျင်မလိုတော့ပေ။ ဤကဲ့သို့ အရသာရှိသော ဟင်းကို စားရမည်ဆိုလျှင် မှောင်မှောင်မည်းမည်း လမ်းလျှောက်ပြန်ရခြင်းက ထိုက်တန်ပါသည်။

ဦးလေးကျိုး အလုပ်ပြီး၍ စစ်ဆေးရန် ရောက်လာသောအခါ တန်ဝမ်ကျဲနှင့် စားပွဲပေါ်မှ အစားအစာများကို မြင်ပြီး ပြုံးရွှင်သွားခဲ့သည်။

တန်ဝမ်ကျဲသည် ဖုတ်ကောင်အကြောင်းကို တစ်ခွန်းမှ မဟပေ။ ထိုအကြောင်းကို ဦးလေးကျိုးနှင့် ပြောနေ၍လည်း အပိုပင်။ သူသည် ရန်ဖားနှင့်သာ တွေ့ဆုံရမည် ဖြစ်သည်။

ထမင်းဝိုင်းတွင် သူတို့သည် ပြဇာတ်အကြောင်းကို စကားစပ်မိခဲ့ကြ၏။ ဆရာနှင့် တပည့်နှစ်ယောက်စလုံးမှာ ပြဇာတ်ရူးများ ဖြစ်ကြသည်။ ဤခေတ်ကာလတွင် ဖျော်ဖြေရေးမှာ ရှားပါးလှသဖြင့် ပြဇာတ်ကြည့်ခြင်း သို့မဟုတ် ဖျော်ဖြေခြင်းမှာ အဓိက အလုပ်တစ်ခုပင်။

ထမင်းစားပြီးနောက် တန်ဝမ်ကျဲသည် သူတို့ကို နှုတ်ဆက်ကာ စက်ဘီးစီး၍ ထွက်လာခဲ့လေသည်။

“ဆရာ အစ်ကိုကျဲက ဘာလုပ်နေတာလဲ။”

ဝမ်ချိုင်က ဘဲပေါင်ကို ပါးစပ်ထဲငုံထားရင မေးလိုက်သည်။

“အဲဒါက မြို့ထဲပြန်တဲ့လမ်း မဟုတ်ဘူးထင်တယ်။”

သို့သော် ဦးလေးကျိုးသည်မူ တစ်ခုခုကို အာရုံခံမိနေပြီ ဖြစ်သည်။

“မင်းက ဘာလို့ အဲ့လောက်တောင် စပ်စုနေတာလဲ။ ဒီည ခေါင်းတလားကို သေချာစောင့်ကြည့်ထား။ ဘာမှ အလွဲအချော် မရှိစေနဲ့။ နားလည်လား။ ချူရှန်း မင်း ဒီမှာနေတာ ကောင်းမယ်...။”

“ဟဲဟဲ...ဆရာ ကျုပ် အရင်သွားပြီနော်။”

ချူရှန်းသည် ဗိုက်ပြည့်သွားပြီဖြစ်ရာ ခိုးထွက်ရန် ပြင်ဆင်လိုက်၏။ သို့သော် သူ စက်ဘီးကို တွန်းရန်ပြင်လိုက်သောအခါ စက်ဘီးဘီးတွင် သံမှိုစွဲနေသည်ကို တွေ့လိုက်ရလေသည်။

ချူရှန်း မျက်နှာပျက်သွား၏။

“ငါ့ဘီး ဘယ်တုန်းက ပေါက်သွားတာလဲ။”

ဝမ်ချိုင်က ရယ်မောလိုက်သည်။

“ဒါဆို ကွက်တိပဲ။ ဒီည ဒီငါနဲ့အတူတူ စောင့်ပေးလိုက်တော့။”

...

ရန်ကျားမြို့ပြင်တွင် တန်ဝမ်ကျဲသည် အမွှေးတိုင်တစ်စည်းကို ထွန်းလိုက်ပြီး လက်နှင့်ယပ်ကာ စက်ဘီးပေါ်တွင် စိုက်လိုက်သည်။

အမွှေးတိုင်အငွေ့များ လေထဲတွင် ပျံ့လွင့်သွားသည်။

ချောမောသော အမျိုးသားတစ်ဦး၊ ညအမှောင်ထဲတွင် စက်ဘီးစီးနေသည်။

မင်းက မြေခွေးနတ်သမီးပဲဖြစ်ဖြစ်၊ လှပတဲ့ အမျိုးသမီးတစ္ဆေပဲဖြစ်ဖြစ်၊ အခုတော့ မင်း ကံကောင်းသွားပြီ။

“ဘာကျန်သေးလဲ။ ဟုတ်ပြီ နောက်ခံတေးဂီတ...။”

တန်ဝမ်ကျဲသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် သူ၏လည်ချောင်းကို ရှင်းလိုက်သည်။

“လမင်းတောက်ပ အလင်းတွေပေး...ဆောင်းလေအေးက မိုးမခလမ်းထဲ တိုးဝှေ့နေ...။”

“ဒါဟာ ချစ်သူကို ရှာဖွေနေတဲ့ သရဲမလေးပါပဲ...။”

“ဒီလို ဝမ်းနည်းစရာကောင်းတဲ့ တစ္ဆေသတို့သမီးကို ဘယ်သူက ချစ်မှာလဲ....။”

“ညဉ့်နက်သန်းခေါင် သရဲမလေးနဲ့အတူ လရောင်အောက်မှာ တိတ်တဆိတ် ရှိခိုးရင်း...။”

“...”

လသာသော်လည်း ကြယ်များမှာ ကျို့တို့ကျဲတဲဖြစ်နေ၏။

တန်ဝမ်ကျဲသည် တိတ်ဆိတ်သော လမ်းမပေါ်တွင် စက်ဘီးစီးနေခဲ့သည်။ ခရီးတစ်လျှောက်လုံးတွင် တစ္ဆေကိုတွေ့ဖို့နေနေသာသာ တစ္ဆေအမွှေးတစ်ပင်တောင် မတွေ့ရသေးပေ။ သူသည် သူ၏ ‘ထောင်ချောက်’ နည်းဗျူဟာကို သံသယဝင်လာမိလေသည်။

ဦးလေးကျိုးက အနီးအနားမှာရှိပြီး ဆရာကြီးချန်းရဲ့ ပစ္စည်းကိရိယာတွေလည်း သူ့ဆီမှာ ရှိနေတာပဲ။ အခုမှ အခွင့်အရေးကို မယူရင် ဘယ်တော့ ယူရမှာလဲ။ ရှောင်ယွီ ပေါ်မလာရင်တောင် တခြားတစ်ယောက်ယောက်တော့ ပေါ်လာသင့်တာပေါ့။

“သူ ဘာလုပ်နေတာလဲ။”

တန်ဝမ်ကျဲက ‘ညဘက်လူပျိုလှည့်ခြင်း’ အစီအစဉ်ကို လုပ်ဆောင်နေစဉ်တွင် စက္ကူရုပ်လေးဦး ထမ်းလာသော အနီရောင် ဝေါယာဉ်တစ်စီးသည် လမ်းဘေးတွင် ဆိုက်ရောက်လာခဲ့သည်။ လိုက်ကာကို လှပ်လိုက်ပြီးနောက် လှပသော မျက်နှာလေးတစ်ခု ထွက်ပေါ်လာကာ တန်ဝမ်ကျဲကို စပ်စုသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

တုန်းရှောင်ယွီသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးခဲ့ရသူ ဖြစ်သည်။ ယနေ့တွင် တောင်ပေါ်ရှိ သူမ၏အုတ်ဂူတွင် တစ်စုံတစ်ယောက်က အမွှေးတိုင်တစ်တိုင် လာထွန်းပေးခဲ့သည်။ ထိုအမွှေးတိုင်တစ်တိုင်အတွက် ကျေးဇူးတင်သောကြောင့် သူမသည် ကျေးဇူးဆပ်ရန် ဆုံးဖြတ်ခဲ့လေသည်။

သို့သော် ချူရှန်းဟုခေါ်သော ထိုချောမောသည့် အမျိုးသားသည် ထွက်သွားကတည်းက ပြန်ပေါ်မလာတော့သဖြင့် သူမ အကြာကြီး စောင့်နေခဲ့ရ၏။

သူမသည် နေ့ဘက်တွင် ကိုယ်ထင်မပြရဲသလို ညဘက်တွင်လည်း သူ့ကို မတွေ့နိုင်ပေ။ သူတို့ကြားတွင် ရေစက်မပါဘူးလားဟု ညည်းတွားနေစဉ်မှာပင် ရုတ်တရက် အမွှေးတိုင်နံ့ကို ရလိုက်လေသည်။ တစ်စုံတစ်ယောက်သည် ညဘက်တွင် ခရီးသွားရင်း နတ်ဒေဝါများနှင့် တစ္ဆေများကို လမ်းဖွင့်ပေးရန် အမွှေးတိုင်ထွန်းနေခြင်း ဖြစ်ပေသည်။

ဒါက စည်းမျဉ်းစည်းကမ်းတွေကို နားလည်တဲ့သူပဲ။ အမွှေးတိုင်နံ့ထဲမှာ တံတွေးနံ့ မပါဘူး။

သူမ ထိုအမျိုးသားကို ထပ်ကြည့်လိုက်သောအခါ သူသည် ချူရှန်းထက်ပင် ပို၍ ချောမောနေသည်ကို တွေ့ရသဖြင့် သူမ ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့သည်။

သူဆိုနေသော သီချင်းကို ကြားလိုက်ရသောအခါ ရှောင်ယွီသည် သူက သူမအကြောင်းကို ဆိုနေသည်ဟုပင် ခံစားလိုက်ရသည်။

“လမင်းတောက်ပ အလင်းတွေပေး... မကျေမနပ်ဖြစ်နေတဲ့ ဝိညာဉ်လေးက လေထဲမှာ လွင့်နေ...။”

“ညဉ့်နက်လာလေ...မြူတွေက ပိုအေးလာလေ...။”

“အထီးကျန် တိတ်ဆိတ်တဲ့လမ်းပေါ်မှာ ဝိညာဉ်လေးက လျှောက်လှမ်းနေ...။”

“လရောင်အောက်မှာ ဆောင်းလေအေးတွေ တိုက်ခတ်ရင်း အစားထိုးမယ့်သူကို ရှာနေ...။”

“သူမရဲ့ အကြည့်တွေ၊ သူမရဲ့ အကြည့်တွေက...မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်လေးတွေနဲ့ တူနေတယ်...။”

“ကြည့်ရင်း ကြည့်ရင်း ကြည့်ရင်း ကြည့်ရင်းနဲ့...။”

“ငါ့နှလုံးသားတွေ တုန်လှုပ်လို့နေပြီ။”

ရှောင်ယီသည် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသော်လည်း ထိုသူသည်မူ လမ်းပေါ်မှာသာ စက်ဘီးကို ရှေ့ပြန်နောက်ပြန် စီးနေသည်ကို တွေ့လိုက်ရလေသည်။

သူ ‘တစ္ဆေမျက်ကွယ်’ မိနေတာများလား။

သူမ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ အမွှေးတိုင်နံ့ကို မြည်းစမ်းပြီးသော တစ္ဆေလေးများသည် အစီအစဉ်တကျ လူစုခွဲသွားကြပြီဖြစ်သည်။ သူတို့ထဲမှ မည်သူမျှ ကိုယ့်သဘောနှင့်ကိုယ် မနှောင့်ယှက်ကြပေ။

အမွှေးတိုင်နံ့ကို ရရှိပြီးသည်နှင့် သူတို့သည် ယဉ်ကျေးစွာ လမ်းဖွင့်ပေးကြစမြဲပင်။

အကယ်၍ လူသားတွေက တစ္ဆေတွေကို အရင်ရန်မစရင်၊ တစ္ဆေတွေကလည်း လူသားတွေကို ရန်မမူတတ်ကြပါချေ။

သူ ဘာလုပ်မလဲဆိုသည်ကို သိရရန်အတွက် ရှောင်ယွီသည် ခဏလောက် ထပ်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။

သူ့ဦးနှောက်များ တစ်ခုခုဖြစ်နေတာလား မသိဘူး...။

“အခုထိ ပေါ်မလာသေးဘူးလား။”

တန်ဝမ်ကျဲ ဇဝေဇဝါ ဖြစ်သွားခဲ့၏။

အစီအစဉ်မစမီကပင် သူသည် ချူရှန်းအိမ်၏ လမ်းကြောင်းကို မေးမြန်းထားခဲ့ပြီး ရန်ကျားမြို့မှ အိမ်နီးချင်းမြို့သို့ သွားသောလမ်းကိုလည်း အတည်ပြုထားပြီး ဖြစ်သည်။ လမ်းကြောင်းကတော့ သေချာပေါက် မှန်ကန်ပေသည်။

ဒီလမ်းမှာမှ အမျိုးသမီးတစ္ဆေနဲ့ မတွေ့ရင် တခြားဘယ်လမ်းမှာမှ တွေ့မှာ မဟုတ်တော့ဘူး။

သူသည် ချူရှန်းထက်ပင် ပို၍ ရုပ်ချောသေးသည်။

အမျိုးသမီးတစ္ဆေက ချူရှန်းရဲ့ စက်ဘီးနောက်ကနေတောင် လိုက်ထိုင်နိုင်ပြီး သူ့ဆီကျမှ ပေါ်မလာစရာ အကြောင်းရင်း မရှိနိုင်ဘူး။

ချူရှန်း နောက်မှ ရောက်လာမည်ကို သေချာစေရန်အတွက် တန်ဝမ်ကျဲသည် ချူရှန်း၏ စက်ဘီးဘီးကို သံမှိုနှင့်ပင် ထိုးဖောက်ခဲ့သေးသည်။ ဤသည်မှာ သူ့အသက်ကို ကယ်တင်လိုက်ခြင်းလို့တောင် ပြော၍ရပေသည်။ အမျိုးသမီးတစ္ဆေနှင့် တစ်ကြိမ်လောက် နည်းနည်းလေးပင် နီးစပ်ခွင့် မရတော့ခြင်းက သူ့အသက်ကို အနည်းဆုံး နှစ်အနည်းငယ် ပိုရှည်စေမည် ဖြစ်သည်။

အမျိုးသမီးတစ္ဆေသည် ချူရှန်းကို အမွှေးတိုင်ကျေးဇူးကြောင့်သည ကြိုက်သည်ဆိုခြင်းကတော့ အလကားစကားပင်။

ဝမ်ချိုင်လည်း ချူရှန်းနဲ့အတူ အမွှေးတိုင်တွေ လိုက်ထွန်းတာပဲ။ ဘာလို့ တခြားတစ္ဆေတွေက ဝမ်ချိုင်ကိုကျ မလိုက်တာလဲ။

မြင်မြင်ချင်း အချစ်လား။

မှားတယ်။

ဒါက မြင်မြင်ချင်း သာယာမှုသက်သက်ပဲ။

အမျိုးသမီးတစ္ဆေဖြစ်စေ၊ ချူရှန်းဖြစ်စေ သူတို့နှစ်ဦးစလုံးသည် ရာဂစိတ်ကြောင့်သာ ဖြစ်သည်။

သို့သော် အမျိုးသမီးတစ္ဆေက သူ့ကို စိတ်မဝင်စားခြင်းသည်မူ သူမ၏ အလှအပဆိုင်ရာ အမြင်၌ တစ်ခုခု မှားယွင်းနေခြင်းကြောင်း၏ဟု တန်ဝမ်ကျဲ သံသယဝင်မိသည်။

သူ မှတ်မိသလောက်ဆိုရင် ရှောင်ယွီသည် သူမ၏ မူလပုံစံကို ပြသည့်အခါ မျက်နှာတစ်ခြမ်းက ပုပ်ပွနေပြီး မျက်လုံးက ပြူးထွက်နေခဲ့၏။ ထို့ကြောင့် သူမ အသက်ရှင်ခဲဘစဉ်က မျက်စိ၌ ပြဿနာ ရှိခဲ့ခြင်း ဖြစ်နိုင်သည်။

ကိစ္စပြီးပြီ။

“ထားလိုက်တော့။ အိမ်ပြန်ပြီးပဲ အနားယူတော့မယ်။”

တန်ဝမ်ကျဲ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့၏။ သူသည် အဝတ်အစားသစ်များ ဝတ်ထားပြီး ငွေစက္ကူများလည်း အပြည့်ပါလာခဲ့သော်လည်း တစ္ဆေတစ်ကောင်နှင့် တိုးလောက်အောင်ပင် ကံမဆိုးခဲ့ပေ။

ကံဆိုးမှုကို ရှာဖွေနေတာတောင် ရှာလို့မတွေ့ဘူး။ ငါ တကယ်ကို ကံမကောင်းတာပဲ။

All Chapters