တောကြက်တစ်ကောင်က ဖီးနစ်ငှက်နဲ့ ဘယ်လိုလုပ် တစ်တန်းတည်းမှာ နေနိုင်မှာလဲ။
Vol. 3 Ch. 28
“သူ ဘာဖြစ်နေတာလဲ။”
ရှောင်ယီသည် တန်ဝမ်ကျဲကို ကြည့်ရင်း အနားည်းငယ် စဉ်းစားပြီးနောက် လေထဲတွင် ဝဲပျံ၍ အနားသို့ ကပ်သွားလိုက်သည်။
သူမသည် သူ၏ ရုပ်ရည်ကြောင့် မိန်းမောသွားခြင်းမျိုး မဟုတ်ဘဲ ခုနက သူဆိုသွားသည့် သီချင်းကို စပ်စုချင်ရုံသက်သက်သာ ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ စပ်စုချင်သော ထိုသူမှာ အတော်လေး ချောမောသည့် လူရွယ်တစ်ဦး ဖြစ်နေခြင်းပင်။
သို့သော် အားနွဲ့သော အမျိုးသမီးတစ်ဦးအနေဖြင့် လူသူကင်းဝေးသော နေရာတွင် သူ့ကို သံသယမဝင်စေဘဲ မည်သို့ သဘာဝကျကျ ကိုယ်ထင်ပြရမည်နည်း။
ရှောင်ယွီသည် တန်ဝမ်ကျဲ ဖြတ်ရမည့် လမ်းဘက်သို့ ပျံသန်းသွားလိုက်သည်။ “ဖြတ်ရမည့်လမ်း” ဟု ဆိုရခြင်းမှာ တန်ဝမ်ကျဲသည် ထိုလမ်းပေါ်တွင် စက်ဘီးကို လေးငါးခေါက်မက ရှေ့ပြန်နောက်ပြန် စီးနေသောကြောင့်ပင်။ ...
လေအေးများက သူမမျက်နှာကို တိုးဝှေ့သွား၏။
တန်ဝမ်ကျဲ မျက်တောင်တစ်ချက် ခတ်လိုက်စဉ်မှာပင် လမ်းဘေးတွင် ရပ်နေသော အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးကို ရုတ်တရက် မြင်လိုက်ရလေသည်။
နောက်ဆုံးတော့ ပေါ်လာပြီပဲ။ သူသာ ထပ်ပြီး ပေါ်မလာရင် ငါ့ရဲ့ ဆွဲဆောင်မှုမှာ တစ်ခုခု ချို့ယွင်းနေပြီလားလို့ ငါတောင် သံသယဝင်မိတော့မလို့ပဲ။
“အိုမား...”
ထိုအဖြူရောင် ဝတ်စုံဝတ် အမျိုးသမီးမှာ ရုတ်တရက် ခန္ဓာကိုယ် ယိုနဲ့သွားပြီး လမ်းပေါ်သို့ လဲကျသွားခဲ့၏။
မြေညီလမ်းကြီးပေါ်မှာ ဒီအတိုင်း လှဲချလိုက်တာလား။
တန်ဝမ်ကျဲ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။
သရုပ်ဆောင်တာက သိပ်သိသာလွန်းမနေဘူးလား။
ထားလိုက်ပါတော့။ ငါ ဘာမှ မမြင်သလိုပဲ ဟန်ဆောင်လိုက်ပါမယ်။ ဒီလို သရုပ်ဆောင်မှုမျိုးကိုတော့ ငါ လိုက်မမီနိုင်ဘူး။
စက်ဘီးမှာ အဖြူရောင်ဝတ် အမျိုးသမီးအနားမှ ဖြတ်နင်းသွားခဲ့သည်။
ရှောင်ယွီသည် နင်းထွက်သွားသော တန်ဝမ်ကျဲကို ကြည့်ရင်း စိတ်တိုသွား၏။ သူမ သေချာ စီစဉ်ထားသည့် အကြံအစည်မှာ ဘယ်လိုလုပ် လွဲချော်သွားရသနည်း။
သူက သူမကို သရဲမမှန်း ရိပ်မိသွားလို့လား။
ဒါဆိုရင်တော့ ဆက်ပြီး ဟန်ဆောင်နေစရာ မလိုတော့ဘူး။ သူမ သိချင်တာက သူဆိုနေတဲ့ သီချင်းအကြောင်းပဲ။ တခါတရံမှာ လူဖြစ်ရတာထက် သရဲဖြစ်ရတာက ပိုပြီး အသုံးဝင်တယ်။
ထိုသို့တွေးရင်းဖြင့် ရှောင်ယွီသည် သူမ၏ လက်နှစ်ဖက်ကို မြှောက်ကာ လက်သည်းများ ထုတ်၍ ခြောက်လှန့်ရန် ပြင်လိုက်စဉ်မှာပင် သိပ်မဝေးသေးသော တန်ဝမ်ကျဲက စက်ဘီးကို ရုတ်တရက် ရပ်တန့်လိုက်လေသည်။ သူက ပြန်ပြေးလာပြီး စိုးရိမ်တကြီး မေးလိုက်သည်။
“မိန်းကလေး မင်း အဆင်ပြေရဲ့လား။”
ရှောင်ယွီ၏ သရဲအရှိန်အဝါများ ချက်ချင်း ပျောက်ကွယ်သွား၏။
သူက သူမကို သရဲမှန်း မသိသေးဘူးပဲ။ သူက သူမကို စိတ်တိုလွန်းပြီး စားပွဲကို မှောက်ပစ်ချင်အောင် လုပ်နေတာပဲ။ ဒါပေမဲ့ သူက ဘာလို့ အရင် ဖြတ်နင်းသွားပြီးမှ ပြန်လှည့်လာတာလဲ။
သူမ၏ လက်သည်းများကို ကျောနောက်တွင် ဝှက်ထားရင်း ရှောင်ယီသည် လမ်းဘေးတွင် တစောင်းလှဲလျက် ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။
လရောင်သည်ပင် သူမနှင့် ကြိုတင် ချိန်းဆိုထားသကဲ့သို့ သူမ၏ ပါးပြင်ပေါ်သို့ အသာအယာ ကျရောက်နေခဲ့ပြီး သူမ၏လှပသော မျက်နှာလေးမှာ နုနယ်ကာ အနည်းငယ် ဖျော့တော့နေခဲ့သည်။ ဖားလျားချထားသော ဆံနွယ်များနှင့်ပေါင်းစပ်လိုက်လျှင် လူတို့အား သနားစိတ်ဝင်အောင် စွမ်းဆောင်နိုင်ပေသည်။
“ခြေမျက်စိ လည်သွားလို့ပါ။”
သူမက ထိုပြောရင်း သူမ၏ စကတ်အနားသတ်ကို အသာအယာ မလိုက်၏။ အဖြူရောင် စကတ်လေးမှာ တဖြည်းဖြည်း ပင့်တက်လာပြီး ဝင်းမွတ်သော ခြေသလုံးသားလေးကို မြင်လိုက်ရလေသည်။ သို့သော် သူမ၏ ခြေမျက်စိမှာမူ နီရဲပြီး အတော်လေး ရောင်ကိုင်းနေခဲ့သည်။
“အိုး၊ တကယ်ပဲ လည်သွားတာပဲ။”
တန်ဝမ်ကျဲက ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။
“ကျုပ် အိမ်ကို ပြန်လိုက်ပို့ပေးမယ်။”
ချော့မွေ့လှချည်လား။
ရှောင်ယွီ အံ့သြသွား၏။ သူမက ခေါင်းငြိမ့်တော့မည် ပြင်စဉ်မှာပင် တစ်ခုခု မှားနေသည်ကို သတိပြုမိသွားခဲ့သည်။ သူမသည် သူဆိုနေသည့် သီချင်းကို မေးရန်သာ လာခဲ့ခြင်းဖြစ်ပြီး သူ့ကို အိမ်လိုက်ပို့ခိုင်းရန် စိတ်ကူးမရှိပေ။ သူမ အိမ်လိုက်ပို့ခိုင်းချင်သည်က ချူရှန်းကို ဖြစ်သည်။
ဘာဖြစ်လို့ ဒီလူသားက သရဲမရှေ့မှာ အစီအစဉ်တွေကို ကျော်ပြီး အလောတကြီး လုပ်နေရတာလဲ။
“ကြည့်ပါဦး။ မိန်းကလေးက ဒီလောက် လှတာ။ လမ်းပေါ်မှာ တစ်ယောက်တည်း လျှောက်သွားရင်း ညကင်းသမားတွေနဲ့ တွေ့လို့ နှောင့်ယှက်ခံရရင် ဘယ်လိုလုပ်မလဲ။ ကျုပ် လိုက်ပို့လိုက်တာ ပိုမကောင်းဘူးလား။”
အို... သူက ရိုးအတဲ့ လူကောင်းတစ်ယောက်ပဲ။
ရှောင်ယွီသည် သူ့ကို ပွေ့ချီခိုင်းရန် ရည်ရွယ်ပြီး ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်၏။ သို့သော် သူသည် သူမ၏ ပွေ့ဖက်မှုကို လုံးဝ ဂရုမစိုက်ဘဲ စက်ဘီးကိုသာ တွန်းလာသည်ကို တွေ့လိုက်ရလေသည်။
“မိန်းကလေးက ခြေထောက်တစ်ဖက်ပဲ ဒဏ်ရာရတာဆိုတော့ မတ်တတ်ရပ်နိုင်မှာပါ။ လာ စက်ဘီးပေါ် တက်လိုက်။ ကျုပ် နင်းပို့ပေးမယ်။”
ရှောင်ယွီက ခေါင်းကို ခက်ခက်ခဲခဲ ခေါင်းခါပြလိုက်သည်။
“ခြေထောက်တစ်ဖက်က ဒဏ်ရာရနေတာကို ဘယ်လိုလုပ် မတ်တတ်ရပ်နိုင်မှာလဲ။ အစ်ကိုလေး ကျွန်မကို တွဲပေးဖို့ လိုဦးမယ်ထင်တယ်။”
“ကျား၊ မ မရှောင် ထိတွေ့တာက မကောင်းပါဘူးလေ။”
တန်ဝမ်ကျဲက ခေါင်းကို အခါခါ ခါယမ်းလိုက်၏။
“ခြေထောက်တစ်ဖက် ဒဏ်ရာရလည်း မတ်တတ်ရပ်လို့ ရပါတယ်။ ကျုပ် လုပ်ပြမယ်။ အရမ်းလွယ်ပါတယ်။ ဒီလိုမျိုး လုပ်ရတာ။”
သူသည် ထိုသို့ပြောရင်းဖြင့် သူ၏ ဘယ်ဘက်ခြေထောက်ကို ဆန့်ထုတ် ညာဘက်ဒူးကို ကွေးပြီး ထိုင်ချလိုက်လိုက်၏။ ထို့နောက် ညာဘက်ခြေထောက် တစ်ဖက်တည်းဖြင့်ပင် အလွယ်တကူ ပြန်ထပြလိုက်လေသည်။
“ဒါကို ‘Ip Man Squat’ လို့ ခေါ်တယ်။ ခြေထောက်တစ်ဖက်ကို ရှေ့ကိုဆန့်ထုတ်ပြီး အနိမ့်ပိုင်းဟန်ချက်ထိန်းရတဲ့ နည်းပေါ့။ အခုချိန်မှာ Ip Man ဆိုတာကို သိကြဦးမှာ မဟုတ်ပေမဲ့ အဲ့ဒါက အရေးမကြီးပါဘူး။ မိန်းကလေးလည်း တစ်ချက်လောက် စမ်းကြည့်ပါလား။”
ရှောင်ယွီ: “ကျွန်မ...”
သူမရှေ့က အမျိုးသားသည် ရိုးအယုံတင်မကဘဲ အတော်လေးကို အစွန်းရောက်နေသည်ဟု သူမ ခံစားလိုက်ရသည်။ အားနွဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို ကိုယ်ခံပညာ နည်းစနစ်သုံးပြီး ခြေတစ်ဖက်တည်းနဲ့ ရပ်ဖို့ သင်ပေးနေတာလား။
ရှောင်ယွီ စမ်းကြည့်ချင်စိတ်ဖြင့် ရုန်းကန်ကာ ထရပ်လိုက်သည်။
တကယ်တမ်းဆိုလျှင် သူမသည် ခြေထောက်ကို မသုံးဘဲ ပျံသွား၍ပင် ရပေသည်။
“အိုး... ကျွန်မ မလုပ်နိုင်ဘူး။”
သူမ စိတ်ပျက်လက်ပျက်ဖြင့် လက်လျှော့လိုက်ရလေသည်။
“ဟူး... ဒါဆိုရင်တော့ ကျုပ် ရိုင်းပြရပါတော့မယ်။”
တန်ဝမ်ကျဲက ခေါင်းခါရင်း ရှောင်ယွီ၏ လက်ကောက်ဝတ်ကို ဆွဲကာ ရုတ်တရက် မတင်လိုက်လေသည်။ သူ၏ လှုပ်ရှားမှုများတွင် ကြင်နာယုယမှုဟူ၍ အစအနမျှ မရှိပေ။
ဒီလူတော့ တကယ့် သစ်တုံးပဲ။
သာမန် အမျိုးသားတစ်ယောက်သာ ဤကဲ့သို့ လုပ်ဆောင်လျှင် ရှောင်ယွီ စိတ်ကုန်ပြီး ပျံသန်းထွက်ခွာသွားသည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော် သူမရှေ့က အမျိုးသားမှာ ရုပ်ချောပြီး သီချင်းဆိုကောင်းသူ ဖြစ်သောကြောင့် သူမ အနည်းငယ် ပိုပြီး၍ စောင့်ကြည့်ချင်နေမိသည်။
ထို့အပြင် သူမကို အိမ်လိုက်ပို့ပေးမည့် ကျေးဇူးက ချူရှန်း အမွှေးတိုင်ထွန်းပေးသည့် ကျေးဇူးထက် မနည်းလှပေ။ သူမက ရုပ်ချော၍ စိတ်ဝင်စားနေတာ မဟုတ်ချေ။ ကျေးဇူးဆပ်ချင်ရုံ သက်သက်သာဖြစ်၏။
အဲဒါ ဘာမှားလို့လဲ။
ရှောင်ယွီ စက်ဘီးနောက်ထိုင်ခုံပေါ် ရောက်သွားသောအခါ တန်ဝမ်ကျဲက စက်ဘီးကို စီးလိုက်ပြီး အလွန်ကျေနပ်သွားခဲ့သည်။
အတွေ့အကြုံသစ်ကတော့ ပါဖက်တ်ပဲ။
“ခုနက ရှင် ဆိုနေတဲ့ သီချင်းက ဘာသီချင်းလဲ။”
ရှောင်ယွီသည် တန်ဝမ်ကျဲ၏ အင်္ကျီထောင့်စွန်းကို လက်နှစ်ဖက်ဖြင့် အသာအယာ ဆွဲလိုက်၏။
“’တစ္ဆေသတို့သမီး’ လေ။ ဒီခေတ်မှာ ဒီသီချင်းကို ပထမဆုံး ဆိုတဲ့သူက ကျုပ်ပဲ။ နားထောင်လို့ ကောင်းရဲ့လား။”
“ကောင်းပါတယ်။”
ရှောင်ယီက ခေါင်းငြိမ့်ပြလိုက်သည်။
“နောက်တစ်ခေါက်လောက် ထပ်ဆိုပြလို့ ရမလား။”
“ကျုပ် နည်းနည်း ရေငတ်နေလို့။ မိန်းကလေးအိမ်ကို ရောက်ရင် ရေလေးသောက်ပြီး လည်ချောင်းရှင်းသွားမှ ထပ်ဆိုပြမယ်လေ။ ဘယ်လိုလဲ။”
တန်ဝမ်ကျဲက ပြန်ပြောလိုက်သည်။
ရှောင်ယွီ: “...”
သူမရှေ့က အမျိုးသားသည် ထင်သလောက် မရိုးသားဘူးဟု သူမ ခံစားလိုက်ရ၏။
“ကောင်းပါပြီ။ ကျွန်မအိမ်က အရှေ့နားလေးတင်ပဲ။”
ရှောင်ယီက သူမလက်ကို ဆန့်ထုတ်လိုက်ရာ သူမ၏ ပါးလျသော အဝတ်စသည် တန်ဝမ်ကျဲ၏ မျက်လုံးများကို ဖြတ်သန်းသွားခဲ့လေသည်။
တန်ဝမ်ကျဲသည် သူ၏ မျက်လုံးကို ဖုံးအုပ်ထားသော အဝတ်စကို ဖမ်းရန် ကြိုးစားလိုက်သော်လည်း သူ၏ လက်ကို မြှောက်လိုက်သည့်အခါ အဝတ်စမှာ ပျောက်ကွယ်သွားပြီး ရှေ့တွင်လည်း ထုထဲသည့်မြူခိုးများ ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။
ထို့နောက် ထူထဲသောမြူခိုးများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး လမ်းရှေ့တွင် အိမ်ကြီးတစ်အိမ် ထွက်ပေါ်လာခဲ့သည်။
“ဒါ ကျွန်မအိမ်ပါ။”
ရှောင်ယွီက ပြောလိုက်သည်။
“ဒါက သာမန် ဆင်းရဲတဲ့ အိမ်လေးပါ။ အစ်ကိုလေး စိတ်မရှိပါနဲ့နော်။”
သူမ၏ အသံတွင် ဂုဏ်ယူမှု အရိပ်အယောင်များ ပါဝင်နေ၏။ ဤကဲ့သို့သော အိမ်မျိုးမှာ သာမန်လူများ နေထိုင်နိုင်သည့် အိမ်မျိုး မဟုတ်ပေ။ ချမ်းသာသော သူဌေးသမီးတစ်ဦး၏ အဆင့်အတန်းမှာလည်း အရေးကြီးသော အချက်တစ်ခု ဖြစ်သည်။
တန်ဝမ်ကျဲက ခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်။
“တကယ့်ကို သာမန်ပါပဲ။ မိန်းကလေးရဲ့ မိသားစုကလည်း သိပ်မချမ်းသာဘူးပဲ။”
သူသည် ‘သူဌေးကြီးတန်’ ဖြစ်ပြီး မြို့ပေါ်ရှိ လူကြီးသူမများ၏ ရက်ရောမှုကို လက်ခံနေရသူ ဖြစ်သည်။ ရှောင်ယွီ မှော်အစွမ်းနှင့် ဖန်တီးထားသော အိမ်သာမက ဥယျာဉ်ပါသော အိမ်ကြီးအိမ်ကောင်းကို မြင်လျှင်တောင် သူ အထင်ကြီးမည် မဟုတ်ပေ။
ရှောင်ယွီ: “...”
“အစ်ကိုလေးကို ဘယ်လို ခေါ်ရမလဲဆိုတာ သိပါရစေ။”
“တန်ဝမ်ကျဲ။ ရန်ကျားမြို့ကနေ မိုင်ရာချီဝေးတဲ့ တန်မိသားစုမြို့ရဲ့ အချမ်းသာဆုံး လူပေါ့။ ကျုပ်ရဲ့ မိသားစုမှာတော့ ငွေ သန်းအနည်းငယ်လောက်ပဲ ရှိပါတယ်။”
တန်ဝမ်ကျဲသည် သူ၏ ချမ်းသာမှုကို မလိုလားသလိုနှင့် ကြွားဝါလိုက်၏။
သူမက အရင်ကြွားတာမို့ သူက ပြန်လည်တိုက်စစ်ဆင်လိုက်ခြင်းသာ ဖြစ်သည်။
ရှောင်ယွီ: “...”
သူမက သရဲမတစ်ကောင် ဖြစ်ပါလျက်နဲ့ ဘာလို့ ချမ်းသာမှုနဲ့ အကြွားခံနေရတာလဲ။
သူ၏ လေသံကြောင့် သူမ သွားများပင် ကျိန်းသွားခဲ့သည်။
ထို့နောက် သူတို့နှစ်ဦး အိမ်ထဲသို့ ဝင်လာခဲ့ကြသည်။
“မိန်းကလေးကိုရော ဘယ်လို ခေါ်ရမလဲ။”
တန်ဝမ်ကျဲသည် ရှောင်ယွီ၏ ခြေထောက်များ ပြန်ကောင်းသွားပြီး လမ်းပြနေသည်ကို မမြင်ချင်ယောင် ဆောင်ထားလိုက်၏။ အချို့အရာများကို ဖွင့်မပြောသင့်ပေ။ သို့မဟုတ်ပါက ပျော်စရာ ကောင်းတော့မည် မဟုတ်ချေ။
ရှောင်ယွီမှာ သရုပ်ဆောင် မကောင်းမှန်း သိသာလှပေသည်။ သူမ၏ တစ်ခုတည်းသော အတတ်မှာ ‘မျက်စိလှည့်သားခြင်း’ ခြင်းသာ ဖြစ်ပြီး သူမ၏ မုသာဝါဒများမှာ အပေါက်အပြဲများဖြင့် ပြည့်နှက်နေခဲ့သည်။
“ကျွန်မ မျိုးရိုးက တုံပါ၊ နာမည်ကတော့ ရှောင်ယွီ။”
“မစ္စတုံ...။”
တန်ဝမ်ကျဲ ရုတ်တရက် သီချင်းဆိုချင်စိတ်များ ပေါက်လာခဲ့သည်။ ဘာကြောင့်လဲ မသိ၊ ဒီည သူ အမှန်တကယ် သီချင်းဆိုချင်နေခဲ့သည်။
“သခင်လေးတန် ထိုင်ပါဦး။”
ရှောင်ယွီသည် တန်ဝမ်ကျဲကို အခန်းထဲသို့ ခေါ်ဆောင်သွားပြီး လက်ဖက်ရည် တစ်ခွက် ငှဲ့ထည့်ပေးလိုက်သည်။
ထို့နောက် သူမသည် စားပွဲတွင် ဝင်ထိုင်ကာ ပါးပြင်ကို လက်နှင့်ထောက်လျက် တန်ဝမ်ကျဲကို ကြည့်လိုက်လေသည်။
“သခင်လေး လက်ဖက်ရည်ကို အမြန်သောက်လိုက်ပါဦး။ သောက်ပြီးရင် အဲဒီ ‘တစ္ဆေသတို့သမီး’ သီချင်းကို ဆိုပြနော်။”
ထိုစဥ် တန်ဝမ်ကျဲက လက်ဖက်ရည်ကို မထိဘဲ မေးလိုက်သည်။
“ရှောင်ယွီ ဒီအိမ်ကြီးထဲမှာ မင်း တစ်ယောက်တည်း နေတာလား။ မင်းက သရဲမတစ်ကောင်တော့ မဟုတ်ပါဘူးနော်။”
ရှောင်ယွီ၏ မျက်နှာ တောင့်တင်းသွား၏။
“အဟင်း... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အစေခံတွေက ကိစ္စရှိလို့ သူတို့အိမ်ကို ခဏပြန်သွားကြတာပါ။”
“အော်... အဲလိုလား။”
တန်ဝမ်ကျဲက ခေါင်းငြိမ့်ပြပြီး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ကာ ပြန်ချထားလိုက်သည်။
“ရှောင်ယွီ မင်း တကယ်ကို သရဲမပဲ။”
အခန်းထဲတွင် တိတ်ဆိတ်သွားခဲ့သည်။
“ရှင် စောစောကတည်းက ရိပ်မိနေတာလား။”
ရှောင်ယွီ မငြင်းတော့ပေ။ သို့သော် သူမ၏ တော်လှသော သရုပ်ဆောင်မှုနှင့် ဆန်းပြားသော မုသာဝါဒများကို သူက ဘယ်လိုလုပ်ပြီး သိသွားသနည်းဆိုသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။
“ချူရှန်းနဲ့ ဝမ်ချိုင်လို ငနုံ၊ငအ တွေဆိုရင်တော့ သိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းက ငါနဲ့ တွေ့ခဲ့တာလေ။ လူတွေကို သရဲအိမ်ထဲ ဆွဲသွင်းပြီး ဒုက္ခပေးချင်တာလား။ ဟမ့်...။”
တန်ဝမ်ကျဲက နှာခေါင်းရှုံ့လိုက်၏။
ရှောင်ယွီ: “...”
လက်ဖက်ရည် သောက်ချင်တယ်ဆိုပြီး ဇွတ်အတင်းလိုက်လာတာ ရှင်ကိုယ်တိုင်ပဲလေ။ သာမန်လူဆိုရင် သရဲနဲ့ တွေ့ပြီဆိုတာ သိတာနဲ့ ချက်ချင်း ထွက်ပြေးရမှာ မဟုတ်ဘူးလား။
တန်ဝမ်ကျဲကို ခြောက်လှန့်ပြီး မောင်းထုတ်ရန် ဆုံးဖြတ်လိုက်သဖြင့် ရှောင်ယွီ၏ မျက်နှာပေါ်၌ စိမ်းဖန့်ဖန့် အလင်းတန်းများ ဖြတ်သန်းသွားခဲ့သည်။
သူမသည် အနည်းငယ်တော့ ထိန်းထားပါသေးသည်။ ပတ်ဝန်းကျင်ကို ပိုပြီး ကြောက်စရာကောင်းအောင်သာ လုပ်လိုက်၏။ သူမ သေဆုံးစဉ်က အရုပ်ဆိုးသော ပုံစံကိုမူ တန့်ဝမ်ကျဲရှေ့၌ မပြသချင်ပေ။ သရဲမ ဖြစ်နေသော်လည်း သူမသည် လှလှပပ ရှိချင်သေးသည်။
တန်ဝမ်ကျဲ: “ဘာလို့ မျက်လုံးပြူးကြီးနဲ့ ကြည့်နေတာလဲ။”
“ကျွန်မ...”
သူမ၏ အသံမှာ အေးစက်စက်နှင့် ခြောက်ခြားဖွယ် ကောင်းလှ၏။
တန့်ဝမ်ကျဲ: “ငါ့ကိုတော့ လာမချစ်နဲ့နော်။ ငါက ဖော်ရွေတယ်၊ ရုပ်ချောတယ်၊ ခန့်ညားတယ် ဆိုပေမဲ့... တောကြက်တစ်ကောင်က ဖီးနစ်ငှက်နဲ့ ဘယ်လိုလုပ်ပြီး တစ်တန်းတည်း နေနိုင်မှာလဲ။”
ရှောင်ယွီ : “ကျွန်မ... လိုချင်တာက...”
တန်ဝမ်ကျဲ: “စဉ်းစားတောင် မစဉ်းစားနဲ့။ အဲလို စဉ်းစားတာက အပြစ်ပဲ။ မင်း ဘာတွေ တွေးနေလဲဆိုတာ ငါ မသိဘူး မထင်နဲ့။”
ရှောင်ယွီ : “ကျွန်မ ရှင်ကို သတ်ချင်နေပြီ။”
ဤအချိန်တွင်မူ သူမ၏ စိတ်ရင်းအမှန်များ ထွက်ပေါ်လာလာခဲ့တော့လေသည်။
တန်ဝမ်ကျဲ: “မင်းက ငါ့ကိုသတ်ပြီး ငါ့ကိုပါ သရဲဖြစ်အောင် လုပ်မလို့လား။ အဲဒါဆိုရင် မင်း အခွင့်အရေး ရမယ်ထင်တယ်ပေါ့။ မရဘူး။ မင်းအတွက် လုံးဝ အခွင့်အရေး မရှိဘူး။”
“အားးးးးး”
ရှောင်ယွီသည် ရုတ်တရက် သူမ၏ မူလပုံစံသို့ ပြောင်းလဲသွား၏။
တန်ဝမ်ကျဲ ရုတ်တရက် ပျင်းရိသွားခဲ့သည်။
“မင်းက နောက်တာကိုတောင် လုံးဝ လက်မခံနိုင်ဘူးပဲ။”
ထို့နောက် သူသည် သူ၏ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ရာ ဓားမကြီးမှာ သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
မင်းတို့အားလုံး မြင်တဲ့အတိုင်းပဲနော်။ ငါက အရင်စတာ မဟုတ်ဘူး။ ငါက ပြန်ပြီး တိုက်စစ်ဆင်ရုံပဲ။