ရုပ်ချောတဲ့ အမျိုးသားက သရဲကိုတောင် လှည့်စားနိုင်တယ်
Vol. 3 Ch. 29
ရှောင်ယွီသည် တန်ဝမ်ကျဲထံသို့ ခုန်အုပ်လိုက်ပြီး သူမ၏ သရဲလက်သည်းများဖြင့် သူ့ပါးစပ်ကို တည့်တည့်ချိန်ကာ ကုတ်ဆွဲရန် ကြိုးစားလိုက်လေသည်။
ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ဖုန်မှုန့်များ လွင့်စင်တက်လာခဲ့သည်။
တန်ဝမ်ကျဲသည် လွင့်မျောနေသော ဖုန်မှုန့်များကြားတွင် ဝေ့ဝဲနေသည့် ယင်စွမ်းအင်များကို အာရုံခံမိလိုက်လေသည်။
သူသည် ဓားမကြီးကို ရှေ့သို့ ထိုးသွင်းလိုက်၏။
သရဲလက်သည်းများနှင့် ဓားသွားတို့ ထိတွေ့မိသွားခဲ့သည်။ သံမဏိဓားသွားပေါ်၌ စီးဆင်းနေသော မိစ္ဆာနှိမ်နင်းရေး စွမ်းအင်များသည် ရှောင်ယွီ၏ လက်သည်းများကို ပိုင်းဖြတ်လိုက်ရာ သရဲအငွေ့အသက်များ ပေါက်ကွဲထွက်လာတော့လေသည်။
“ဘယ်လိုတောင် ပြင်းထန်လိုက်တဲ့ ဓားလဲ။”
ရှောင်ယွီသည် ၎င်းကို ရှောင်တိမ်းရန် အလျင်အမြန် နောက်ဆုတ်လိုက်၏။
သူမသည် လူသားများနှင့် တိုက်ခိုက်ခဲသော်လည်း လူသားများထဲမှ မှော်ဆရာများနှင့် ရဟန်းများတွင် နတ်ဆိုးနှင့် သရဲများကို နှိမ်နင်းနိုင်သော မှော်ပစ္စည်းများ ရှိသည်ကို သိထားပေသည်။ ထို့အပြင် လူသတ်လက်နက်များသည် လူသတ်ထားသည့် အရေအတွက် များလေလေ ထိုလက်နက်သည် ပို၍ ထက်မြက်ပြီး ကြောက်စရာကောင်းလေလေ ဖြစ်သည်။
တန်ဝမ်ကျဲ၏ ဓားသည် လူမည်မျှကို သတ်ခဲ့သည်ကို သူမ မသိသော်လည်း ဤဓားအောက်တွင် သေဆုံးခဲ့သူများသည် ဤမျှ ပြင်းထန်သော အရှိန်အဝါ ရှိနေရအောင် မည်မျှ ယုတ်မာခဲ့ကြသနည်း။ ရှောင်ယွီ၏ မျက်လုံးထဲ၌ ဤဓားသည် အချို့သော မှော်ဆရာများ၏ မက်မွန်သားဓားထက်ပင် ပို၍ပင် ကြောက်စရာကောင်းနေခဲ့သည်။
တန်ဝမ်ကျဲသည် ကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး ကျောပိုးအိတ်ကို ချကာ ဆရာကြီးချန်း၏ နတ်ဆိုးနှိမ်နင်းရေး ပစ္စည်းကိရိယာအစုံကို ထုတ်ယူလိုက်လေသည်။
ဤပစ္စည်းများကို [လျှို့ဝှက်နယ်မြေ] ကမ္ဘာထဲသို့ ယူဆောင်သွား၍ မရသော်လည်း ဤကမ္ဘာတွင်တော့ အပြည့်အဝ အသုံးပြု၍ ရပေသည်။
မက်မွန်သားဓား၊ ပါးကွားမှန်၊ ဖယောင်းတိုင်အနီများ၊ အဝါရောင် လက်ဖွဲ့စာရွက်များ၊ နီကျားရုပ်ထု၊ လွီတုံးပင်း၏ရုပ်ထု၊ ကျားနှိမ်နင်းရေး ရဟန္တာရုပ်ထု စသည်တို့ ပါဝင်သည်။
တန်ဝမ်ကျဲသည် အထက်ပါ နတ်မင်းများကို တစ်ခါမျှ မပင့်ဖိတ်ဖူးသဖြင့် သူတို့ အမှန်တကယ် ကြွရောက်လာမည်လားဆိုသည်ကိုမူ မသေချာပေ။ ကြိုတင် အဆက်အသွယ် မလုပ်ထားဘဲ ပင့်ဖိတ်လျှင် သူတို့က မျက်နှာသာ ပေးချင်မှ ပေးပေလိမ့်မည်။ နတ်မင်းများကို ပင့်ဖိတ်ရာတွင် ကြိုတင် နှုတ်ဆက်ထားရန် လိုအပ်၏။ သို့မဟုတ်ပါက ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ပြဿနာသာ တက်ပေလိမ့်မည်။
ဆရာချန်းသည် သူ၏ တစ်သက်တာလုံး စုဆောင်းထားသော နတ်ဆိုးနှိမ်နင်းရေး ပစ္စည်းများကို အသုံးပြုသည့်အခါတိုင်း အကုန်ပစ်ထုတ်ရန် ရည်ရွယ်ထားပုံရသည်။ သူသည် အသက်ကြီးပြီဖြစ်ရာ သေလျှင် ယူသွား၍ မရသလို၊ မသုံးဘဲ ထားလျှင်လည်း သက်တမ်းကုန်သွားနိုင်သောကြောင့်ပင်။
တန်ဝမ်ကျဲက ရုတ်တရက် ပစ္စည်းပုံကြီးအား ထုတ်ယူလိုက်သည်ကို မြင်သောအခါ ရှောင်ယွီမှာ ပို၍ပင် ထိတ်လန့်သွားခဲ့သည်။
ထိုအဝါရောင် လက်ဖွဲ့စာရွက် အထပ်လိုက်ကြီးနှင့်သာ ပစ်ပေါက်လိုက်လျှင် သူမ သေလုနီးပါး ဖြစ်သွားနိုင်ပေသည်။
ထို့နောက် သူမ တန်ဝမ်ကျဲကို ကြည့်လိုက်သောအခါ သူသည် ဘယ်ဘက်လက်တွင် မက်မွန်သားဓား၊ ညာဘက်လက်တွင် ဓားမကြီး၊ ဖယောင်းတိုင်အနီများကို ထွန်းထားပြီး အဝါရောင်လက်ဖွဲ့များကို ခါးပတ်တွင် ထိုးထား၏။ ရင်ဘတ်တွင် ပါးကွားမှန်ကို ချိတ်ဆွဲထားကာ အဝါရောင်လက်ဖွဲ့စာရွက်များနှင့် ဂါထာများ ရေးထိုးထားသော စုတ်ပြတ်နေသည့် မှော်ဝတ်ရုံကို လွှမ်းခြုံထားလေသည်။ သူ၏ တစ်ကိုယ်လုံးမှာ ဆူးများဖြင့် ပြည့်နေသကဲ့သို့ ဖြစ်နေပြီး သရဲမတစ်ကောင်အနေဖြင့် တိုက်ခိုက်ရန် နေရာလွတ်ပင် မရှိတော့ပေ။
ရှောင်ယွီသည် သူမ၏ ဆံပင်များကို ဆန့်ထုတ်ကာ စမ်းသပ်တိုက်ခိုက်ကြည့်လိုက်၏။
ဆံပင်များသည် တန်ဝမ်ကျဲနှင့် ထိတွေ့မိသည်နှင့် ရွှေရောင်အလင်းတန်းတစ်ခု ပွင့်ထွက်လာပြီး ဆံပင်များကို လွင့်စင်သွားစေခဲ့သည်။ ချက်ချင်းဆိုသလိုပင် ဓားချက်တစ်ခု ကျရောက်လာပြီး ဆံပင်များကို ဖြတ်တောက်ပစ်လိုက်လေသည်။
“ဟူး...”
ရှောင်ယွီသည် သူမ၏လက်သည်းနှစ်ဖက်ကို မြှောက်ကာ တန်ဝမ်ကျဲကို ဖြည်းဖြည်းချင်း ဝိုင်းပတ်နေ၏။
တန်ဝမ်ကျဲသည် သူ၏လက်ညှိုးနှင့်လက်ခလယ်ကို သုံး၍ ‘ဓားလက်ချောင်း’ဖြင့် ထိုးရန် စဉ်းစားလိုက်သော်လည်း မန်နာကို အလဟဿ မဖြုန်းတီးချင်သဖြင့် ပြန်ထိန်းထားလိုက်သည်။ ထို့နောက် ‘လျှပ်စီးလက်ဝါး’ကို သုံးရန် စဉ်းစားမိလိုက်ပြန်သော်လည်း ရှေ့က ကိုက်ထားခဲ့ရသော ဒဏ်ရာမှာ အသားနုမတက်သေးသည်ကို သတိရသွားခဲ့လေသည်။ လက်ချောင်းကို ထပ်ကိုက်လျှင် ရန်သူကို နှိမ်နင်းနိုင်ရန် အာမမခံနိုင်သည့်အပြင် ပိုးပင် ဝင်သွားနိုင်ပေသေးသည်။ ထို့အပြင် အတော်လေးလည်း နာကျင်လှသည်။ အသက်လုတိုက်ခိုက်နေရခြင်း မဟုတ်သဖြင့် အသုံးမပြုရန် ဆုံးဖြတ်လိုက်လေသည်။
အဝေးပစ် နည်းလမ်းများ မရှိတော့ခြင်းနှင့် တန်ဝမ်ကျဲကိုယ်တိုင်ကလည်း သရဲမကို အသေအလဲ မတိုက်ခိုက်ချင်ခြင်းကြောင့် နှစ်ဖက်စလုံးက အခြေအနေကို စောင့်ကြည့်နေခဲ့ကြလေသည်။
ပျံသန်းနိုင်သော ရန်သူများမှာ ကိုင်တွယ်ရ အလွန်ခက်ခဲလှပေသည်။ သူသည် ဓားကိုမြှောက်ပြီး အနားကပ်ရန် ကြိုးစားလိုက်တိုင်း ရှောင်ယွီသည် နောက်သို့ ဆုတ်သွားကာ ဘေးကင်းသော အကွာအဝေးကို အမြဲ ထိန်းထားခဲ့၏။
ရှောင်ယွီနှင့် ပထမအကြိမ် ထိပ်တိုက်တွေ့ဆုံပြီးနောက် တန်ဝမ်ကျဲသည် သူ၏ “တစ်ကိုယ်တော် သရဲနှိမ်နင်းရေးဝတ်စုံ” ၏ အားနည်းချက်ကို သိမြင်သွားခဲ့သည်။
၎င်းက သူ့ကို လိပ်တစ်ကောင်လို အကာအကွယ်ပေးရုံသာ ရှိပြီး ရန်သူက ပြေးချင်လျှင် သူ မလိုက်နိုင်ပေ။
ရန်သူ မလွတ်သွားစေရန်အတွက် သူသည် အဝေးပစ် တိုက်ခိုက်မှုများနှင့် ရန်သူကို ထိန်းချုပ်နိုင်စွမ်းများအား အသေအချာ လိုအပ်နေခဲ့သည်။
ရန်သူ လွတ်သွားခြင်းမှာ အသက်ရှင်သန်ရေးအတွက် အဟန့်အတားပင် ဖြစ်သည်။ လူဆိုးများသည် များသောအားဖြင့် လူသေးသေးလေးများနှင့် တိုက်ခိုက်ပြီးမှ လူကြီးပိုင်းများကို ခေါ်လာတတ်ကြသည်။ ရန်သူသာ လွတ်သွားလျှင် အသက်ရှင်ရန် ပို၍ ခက်ခဲလာပေလိမ့်မည်။ ရန်သူကို သတ်ဖြတ်၊ အရိုးကို ပြာချပြီး အပြီးအပိုင် နှိမ်နင်းနိုင်မှသာ အောင်မြင်သော အသက်ရှင်သန်မှုဟု သတ်မှတ်နိုင်မည်ဖြစ်သည်။
ထိုသို့တွေးရင်း တန်ဝမ်ကျဲသည် ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်လိုက်ပြီး ပြောလိုက်၏။
“ရှောင်ယွီ ငါတို့ကြားမှာ နားလည်မှုလွဲတာ တစ်ခုခု ရှိနေပြီ ထင်တယ်။”
ရှောင်ယွီ : “ဘာ နားလည်မှုလွဲတာလဲ။ ရှင်က ဒီပစ္စည်းတွေအပြည့်နဲ့ အပြင်မှာ စက်ဘီးကို ပတ်စီးနေတာ သရဲတွေကို ထောင်ချောက်ဆင် ဖမ်းဖို့ မဟုတ်ဘူးလား။”
“ငါ့ကို မတိုက်နိုင်တော့မှ နားလည်မှုလွဲတဲ့အကြောင်း လာပြောနေတာလား။ အဲလောက် မလွယ်ဘူး။”
“ညဘက်မှာ သရဲတွေနဲ့ တွေ့ဖို့ လွယ်တာကြောင့် ငါ့ကိုယ်ငါ ကာကွယ်ဖို့ လိုအပ်တယ်လေ။ ကြည့်ကြည့် ငါ အခုပဲ မင်းနဲ့ တွေ့သွားတာ မဟုတ်ဘူးလား။”
တန်ဝမ်ကျဲက ပြောလိုက်သည်။
သူသည် ထောင်ချောက်ဆင်နေခြင်း ဖြစ်ကြောင်း ဝန်ခံလိုက်သော်လည်း ဤနုံအသော သရဲမက ငါးစာကို လာဟပ်ခဲ့ခြင်းသာ ဖြစ်သည်။
အကယ်၍ ရှောင်ယွီသာ လူနှင့် သရဲ လမ်းကြောင်းမတူခြင်းဟူသော စည်းကမ်းကို လိုက်နာခဲ့လျှင် သူမ မည်သို့ လှည့်စားခံရပါမည်နည်း။
လောင်ယု: “ရှင်...”
တန်ဝမ်ကျဲက ဆက်ပြောလိုက်သည်။
“ပြီးတော့ ငါ့ကို မင်းပဲ အရင် စတိုက်တာလေ။ ငါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံပဲ။ မဟုတ်ရင် ငါတို့ လက်ဖက်ရည် သောက်၊ သီချင်းဆိုပြီး လက်ထပ်ဖို့အထိ ကတိပေးတဲ့ အပိုင်းကို ရောက်သွားမှာပေါ့။ ဒါပေမဲ့ ငါတို့ကြားမှာတော့ ဒါက မဖြစ်နိုင်တဲ့အရာပဲ။”
သူတို့ကြားတွင် မဖြစ်နိုင်ခြင်းမှာ လူနှင့် သရဲ ကွဲပြားခြင်းကြောင့် မဟုတ်ဘဲ ရုပ်ရည်ကြောင့် ငြင်းပယ်ခြင်းသာဖြစ်သည်။
မျက်နှာတစ်ခြမ်းလုံး ပုပ်ပွနေသော သူမ၏ သေဆုံးပုံကို သူ လက်ခံရန်မှာ ခက်ခဲလှပေသည်။ သူက ဇီဇာမကြောင်သော်လည်း အမျိုးသမီးသရဲဆိုလျှင် အနည်းဆုံး ဝမ်ကျူရှန်း သို့မဟုတ် ကျုံးချူးဟုန် အဆင့်လောက်တော့ ရှိရပေမည်။
ထို့အပြင် သူသည် အလှပြင် Filter များနှင့် Photoshop များကို မကြိုက်ပေ။ ရှောင်ယွီ၏ ကြောက်စရာကောင်းသော ပုံစံမှာ သူမ၏ ပုံစံအစစ်အမှန် ဖြစ်သည်။
“လက်ထပ်ဖို့ ကတိပေးမယ် ဟုတ်လား။”
ရှောင်ယွီသည် တန်ဝမ်ကျဲကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ စောစောက သူသည် သူမအား စကားလုံးများဖြင့် အဆက်မပြတ် တိုက်ခိုက်မှုကို ကြည့်လျှင် သူမအနေဖြင့် သူ့ကို လက်ထပ်ရန် ကတိပေးမည် မဟုတ်ပေ။
ပြီးတော့ စက်ဘီးနောက်မှာ လိုက်စီးရုံနဲ့ လက်ထပ်ဖို့ ကတိပေးရအောင် ဘယ်မိန်းမသရဲက အဲလောက်ထိ ဖြစ်နေလို့လဲ။ သူက သူမကို ရာဂရူးတဲ့ သရဲမလို့ ထင်နေတာလား။
သူမလည်း ခံစားချက်ကို တန်ဖိုးထားပါတယ်။ ရုပ်ရည်ကတော့ အခြေခံအချက်တစ်ခုပေါ့။ ၇၀... မဟုတ်ဘူး ၉၀ ရာခိုင်နှုန်းလောက် ပါတာပေါ့။ စိတ်နေစိတ်ထားကလည်း အရေးကြီးတယ်လေ။
“ဒီလိုလုပ်ရအောင်။ ဒီနေ့ မင်း ငါ့ကို လုပ်ကြံဖို့ ကြိုးစားတာကို ငါ ခွင့်လွှတ်လိုက်မယ်။ ဒါပေမဲ့...။”
တန်ဝမ်ကျဲက ပြောလိုက်သည်။
“ဒီနားတစ်ဝိုက်မှာ ဒုက္ခပေးနေတဲ့ မကောင်းဆိုးဝါး သရဲတွေ ဒါမှမဟုတ် ဖုတ်ကောင်တွေ ရှိလားဆိုတာ ငါ သိချင်တယ်။”
“ရှင် ဘာလုပ်မလို့လဲ။”
ရှောင်ယွီက သတိကြီးစွာဖြင့် မေးလိုက်သည်။ ထိုအခါ တန်ဝမ်ကျဲက ပြောလိုက်၏။
“နတ်ဆိုးနှိမ်နင်းပြီး မိစ္ဆာတွေကို အောင်နိုင်ဖို့ပေါ့။”
သူ့ရဲ့ ပစ္စည်းကိရိယာ အပြည့်အစုံကို ကြည့်ရင် သူက ပရော်ဖက်ရှင်နယ် သရဲဖမ်း မှော်ဆရာဆိုတာ မသိသာဘူးလား။
“မဖြစ်နိုင်တာ။ ကျွန်မ ရှင်ကို မကူညီနိုင်ဘူး။”
ရှောင်ယွီက တစ်ခွန်းတည်းနှင့် အပြတ်ငြင်းပယ်ပစ်လိုက်သည်။
သူက သူမကို တခြားသရဲတွေကို သစ္စာဖောက်ခိုင်းနေတာလား။ အဲ့လိုဆိုရင် သူမ သရဲလောကမှာ ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး။
“ဒါဆို ငါ ချူရှန်းကို မင်းရဲ့ အုတ်ဂူ ဘယ်မှာလဲလို့ သွားမေးလိုက်မယ်။”
တန်ဝမ်ကျဲက ပြောလိုက်သည်။
“ရှင် ဘာလုပ်မလို့လဲ။”
“စိတ်မပူပါနဲ့။ ငါက ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။”
ရှောင်ယွီသည် တန်ဝမ်ကျဲ၏ မျက်နှာကို အကြာကြီး စိုက်ကြည့်နေပြီးနောက် ကျောခိုင်း၍ ပျံသန်းကာ ထွက်သွားပြီး စကားတစ်ခွန်းတည်းသာ ချန်ထားခဲ့၏။
“ရှင် ဘယ်လိုပဲ ခြိမ်းခြောက်ပါစေ ကျွန်မ ရှင်နဲ့ ဘယ်တော့မှ ပူးပေါင်းမှာ မဟုတ်ဘူး။”
“ခြိမ်းခြောက်တာ မဟုတ်ပါဘူးလို့ ငါ ပြောပြီးသားပဲ။ မင်း လူပြန်ဖြစ်နိုင်မယ့် အချိန်ကို မေးပေးဖို့ ငရဲအရာရှိတွေနဲ့ ငါ ဆက်သွယ်ပေးနိုင်တယ်။ လူပြန်ဖြစ်လာမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ရုပ်ချောတဲ့ ကောင်လေးတစ်ယောက် ရှာပြီး ငယ်သူငယ်ချင်းတွေအဖြစ် လက်တွဲကြီးပြင်းလို့ရတာပေါ့။ ပြီးတော့ ငါ့ကို နတ်ဆိုးနှိမ်နင်းဖို့ ကူညီတာက မင်းအတွက် ကုသိုလ်ရစေတယ်လေ။ ဟေး... ဟေး...တကယ်ပဲ ထွက်သွားလိုက်တာလား။”
တန်ဝမ်ကျဲ မတ်တတ်ထရပ်လိုက်၏။ သူ မသိလိုက်ဘဲ သူ၏ မှော်ဝတ်ရုံပေါ်တွင် ဖုန်များ ပေကျံနေခဲ့ပြီဖြစ်သည်။ သူသည် ဝတ်ရုံကို ခါလိုက်သောအခါ လက်ဖွဲ့စာရွက်များ ချုပ်ထားသော အဝါရောင်ဝတ်ရုံမှ ဖုန်မှုန့်များ လွင့်စင်သွားလေသည်။
အကယ်၍ “Mr. Vampire” ဇာတ်ကားထဲတွင် ပြဿနာရှာသည့်နေရာ၌ ထိပ်ဆုံးကဆိုလျှင် ချူရှန်းနှင့် ဝမ်ချိုင်တို့ ဖြစ်ပေလိမ့်မည်။
သို့သော် ယုံကြည်စိတ်ချရမှုအပိုင်းတွင်မူ အမျိုးသမီးသရဲ ရှောင်ယွီသည် အကောင်းဆုံးများထဲတွင် ပါဝင်ပေသည်။ သူမနှင့် ချူရှန်းတို့သည် စကားပင် သိပ်မပြောဖူးကြဘဲ သာယာမှုသက်သက်သာ ဖြစ်သည်။ သို့သော် သူမသည် ဝိညာဉ် ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ကြားမှ လူတစ်ယောက်ကို ကယ်တင်ရန် ကြိုးစားခဲ့သူဖြစ်၏။
ဘယ်သာမန် မိန်းမသရဲက အမွှေးတိုင်တစ်တိုင် ထွန်းပေးရုံနဲ့ လက်ထပ်ဖို့ ကတိပေးမှာလဲ။ ဒါက သာယာမှု မဟုတ်ရင် ဘာဖြစ်ဦးမလဲ။
သူမသည် စိတ်အလိုလိုက်တတ်သော်လည်း ရှောင်ယွီမှာ အတော်လေး ယုံကြည်စိတ်ချရသူ ဖြစ်သည်။
အကယ်၍ လူပြန်ဝင်စားခြင်းနှင့် ပတ်သက်လာလျှင် သူမသည် ပို၍ပင် ယုံကြည်ရပေဦးမည်။ သရဲဘဝဖြင့် နေရခြင်းမှာ လူသားဘဝ၏ သက်တောင့်သက်သာရှိမှုနှင့် မယှဉ်နိုင်ပေ။ သရဲများသည် ဟော်မုန်းများ မထုတ်နိုင်ကြသဖြင့် ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို မရနိုင်ဘဲ စိတ်ပိုင်းဆိုင်ရာ သာယာမှုသာ ရနိုင်ပေလိမ့်မည်။
သရဲမ၏ မျက်စိလှည့်စားခြင်းများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ တန်ဝမ်ကျဲသည် ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးနေသည်ကို ဂရုမစိုက်ပေ။ သူသည် ဤထက် ပိုဆိုးသော နေရာများကိုပင် မြင်ဖူးခဲ့၏။ ဤနေရာတွင် ပင့်ကူအိမ်အချို့နှင့် ခွေးချေးများ မရှိရုံဖြင့်တင် သူ့အတွက် အဆင်ပြေနေပြီ ဖြစ်သည်။
တန်ဝမ်ကျဲသည် သူ၏ ပစ္စည်းများကို မချွတ်သေးပေ။ သူသည် ပစ္စည်းအပြည့်အစုံဖြင့်ပင် စက်ဘီးကို တွန်းကာ ပျက်စီးနေသော အိမ်ထဲမှ ထွက်လာခဲ့လိုက်သည်။ အိမ်တံခါးဝတွင် ရပ်လိုက်ပြီးနောက် လေထဲသို့ စကားလှမ်းပြောလိုက်လေသည်။
“သေချာ စဉ်းစားကြည့်ပါဦး။ ဒါက ငါတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်ပဲ။ ဘယ်သူ့ကိုမှ မပြောတာ ပိုကောင်းမယ်နော်။ မင်းရဲ့ အုတ်ဂူ ဘယ်မှာလဲဆိုတာလည်း ငါ သိတယ်နော်။”
ဤသည်မှာ ယခုမှ အမှန်တကယ် ခြိမ်းခြောက်လိုက်ခြင်းပင်။
ခေါင်မိုးစွန်းတွင် ပုန်းကွယ်လျက် တန်ဝမ်ကျဲ ထွက်သွားသည်ကို ကြည့်နေသော ရှောင်ယွီသည် စိတ်တိုလွန်း၍ အံကြိတ်လိုက်မိ၏။ ခဏတာ စပ်စုမိခြင်းကြောင့် ဤမျှ ကြီးမားသော ပြဿနာကောင်နှင့် ပင်ပင်းတိုးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
အဲဒီသီချင်းကိုသာ နားမထောင်မိခဲ့ရင် ကောင်းသား။
သူမသည် တန်ဝမ်ကျဲ ပစ္စည်းများ ချွတ်လိုက်သည့်အချိန်မှာ သူ့ကို ခြေထိုးလဲပြီး မျက်နှာနဲ့ မြေကြီးကို စောင့်ပေးဖို့ စောင့်နေခဲ့ခြင်းဖြစ်၏။ သို့သော် တန်ဝမ်ကျဲသည် သိပ်ကို သတိကြီးလွန်းပြီး အဝတ်များကိုပင် မချွတ်ခဲ့ချေ။
သို့သော် တန်ဝမ်ကျဲ ပြောသွားသော စကားအချို့က သူမ၏ စိတ်ကို လှုပ်ခတ်သွားစေခဲ့၏။
ဘယ်သရဲကမှ လူပြန်မဖြစ်ချင်ဘဲ နေပါ့မလဲ။
သရဲဘဝသည် လွတ်လပ်သလို ထင်ရသော်လည်း ကန့်သတ်ချက်များ အများကြီး ရှိပေသည်။ အုတ်ဂူထဲ၌ ပုန်းနေရခြင်းကလည်း အေးအေးချမ်းချမ်း အိပ်စက်ရခြင်းမျိုး မဟုတ်ချေ။
ထို့အပြင် လွင့်မျောနေသော ဝိညာဉ်များနှင့် မကောင်းဆိုးဝါး သရဲမျာစကြောင့် ပတ်ဝန်းကျင်ကလည်း အရမ်းဆိုးရှားနေသေး၏။ ပြီးတော့ သူမ နေရောင်ခြည်ကိုလည်း ပြန်လည်ခံစားချင်သေးသည်။
“ဒီလူကို ယုံလို့မဖြစ်ဘူး။”
ရှောင်ယွီ ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။ သူမသည် တန်ဝမ်ကျဲ ဝေးရာသို့ စက်ဘီးစီးသွားသည်ကို ကြည့်ရင်း သူမ၏ စိတ်ထဲ၌ တွေးလိုက်မိ၏။
တော်သေးတာပေါ့...တန်ဝမ်ကျဲရဲ့ အပြောကောင်းမှုတွေမှာ သူမ လှည့်စားခံရတော့မလို့။
ရုပ်ချောတဲ့ အမျိုးသားတွေက သရဲကိုတောင် လှည့်စားနိုင်တာပဲ။