ဖုတ်ကောင် ခေါင်းတလားထဲက ထွက်လာပြီ
Vol. 3 Ch. 30
တန်ဝမ်ကျဲသည် သူ၏နေအိမ်သို့ ပြန်ရောက်ရောက်ချင်း စက်ဘီးကို နံရံတွင် မှီလိုက်ပြီး ဧည့်ခန်းထဲသို့ ဝင်လိုက်ရာ ရန်ထင်ထင်နှင့် နျန်ယင်းတို့ စားပွဲပေါ်တွင် မှေးစက်နေကြသည်အား တွေ့လိုက်ရလေသည်။
“ဝမ်ကျဲ ပြန်လာပြီလား။”
နျန်ယင်းက အသံကြား၍ နိုးလာခဲ့ပြီး ရန်ထင်ထင်သည်လည်း လန့်နိုးသွားခဲ့သည်။
ထို့နောက် သူတို့နှစ်ယောက်စလုံးသည် တန်ဝမ်ကျဲကို ထူးထူးဆန်းဆန်း ကြည့်လိုက်ကြလေသည်။
“ဝမ်ကျဲ ရှင် ဘာလို့ ဒီလိုမျိုးကြီး ဝတ်ထားတာလဲ။”
သူသည် ရှုပ်ပွနေသော ပစ္စည်းများ ချိတ်ဆွဲထားသည့် မှော်ဝတ်ရုံကြီးကို ဝတ်ထားရာ။သူ၏ ချောမောသော မျက်နှာကို ဖယ်လိုက်လျှင် ပုံစံမကျသော မှော်ဆရာအိုကြီးနှင့် တူနေပေသည်။
“သီချင်းဆိုနေလို့...။”
တန်ဝမ်ကျဲက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ သူသည် လိမ်ညာရခြင်းကို မနှစ်သက်ပေ။
ရန်ထင်ထင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“သီချင်းဆိုတာလား။ ဒီလိုမျိုး ဝတ်ပြီးမှ ဆိုရတာလား။”
“ဟုတ်တယ်။ နောက်ရက်ကျရင် ငါ မင်းတို့ကို ဆိုပြမယ်။ လူတွေကတော့ ငါ့အသံက လန်ကွေ့ဖန်ထက်တောင် ကောင်းတယ်လို့ ပြောကြတယ်။”
တန်ဝမ်ကျဲက ပြောလိုက်သည်။
သူ ယခုတစ်ကြိမ် ပြောသည်မှာ အမှန်ပင်။ ယခင်က “သူဌေးသားလေး” တစ်ဦးဖြစ်ခဲ့သည့် တန်ဝမ်ကျဲအတွက် ဖျော်ဖြေရေးက သိပ်မရှိလှပေ။ မိသားစုမျိုးဆက်ကို ဆက်ခံရမည့် တာဝန်ရှိသူဖြစ်၍ မူးယစ်ဆေးဝါးကိုလည်း လုံးဝ မထိခဲ့ရပေ။ သူ၏ အရင်ခန္ဓာကိုယ်ပိုင်ရှင်မှာ မိန်းမလိုက်စားသော်လည်း လောင်းကစားလုပ်ခြင်း မရှိချေ။ မိန်းမလိုက်စားခြင်းမှာ တန်မိသားစု၏ ရိုးရာတစ်ခုလိုကို ဖြစ်နေခဲ့ခြင်းပင်။ ထို့ကြောင့် ကျန်ရှိသော ဖျော်ဖြေရေးမှာ ပြဇာတ်နားထောင်ခြင်းနှင့် ကပြခြင်းသာ ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် တန်ဝမ်ကျဲသည် ဦးလေးကျိုးတို့အဖွဲ့ မြှင့်တင်ပေးသော “နာမည်ကြီးမင်းသား” များ၏ “နံပါတ်တစ် ပရိသတ်” ဖြစ်လေ့ရှိရာ သဘာဝအတိုင်း အသံကောင်းရှိနေခြင်းပင်။
“မင်းတို့နှစ်ယောက် အိပ်မနေဘဲ ဒီမှာ ဘာလုပ်နေကြတာလဲ။”
“ရှင် ပြန်လာတာကို စောင့်နေတာ။”
နျန်ယင်းက ပြောလိုက်သည်။
သူမက စောင့်နေရန် အစီအစဉ်မရှိသော်လည်း ရန်ထင်ထင်က စောင့်နေသဖြင့် သူမက မစောင့်ဘဲ မနေနိုင်တော့ပေ။ ဤသည်မှာ အမျိုးသမီးများကြားမှ မသိစိတ်ဖြင့် ယှဉ်ပြိုင်မှုပင် ဖြစ်သည်။
အစပိုင်းတွင် သူတို့နှစ်ယောက် ယှဉ်ပြိုင်နေကြသော်လည်း နောက်ပိုင်းတွင် စိုးရိမ်စိတ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူမတို့သည် တန်ဝမ်ကျဲကို လမ်းဘေးက မြေခွေးနတ်သမီး တစ်ကောင်ကောင်က ဆွဲဆောင်သွားမည်ကို စိုးရိမ်နေကြခြင်းပင်။ ကံကောင်းထောက်မစွာဖြင့် တန်ဝမ်ကျဲ ပြန်ရောက်လာခဲ့သည်။
သူတို့နှစ်ယောက် အခန်းထဲတွင် စောင့်နေသည့် ပုံစံမှာ ဇနီးသည်က လင်ယောင်္ကျား အိမ်ပြင်ထွက် အပျော်အပါးလိုက်စားပြီး ပြန်လာသည်ကို စောင့်ဖမ်းနေသည့်ပုံစံနှင့် တူနေသဖြင့် တန်ဝမ်ကျဲ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရလေသည်။
နေပါဦး...။ ငါက ဘာလို့ အပြစ်ရှိရမှာလဲ။ င့က ငွေကြေးချမ်းသာပြီး ရုပ်ချောတဲ့ လူပျိုကြီးပဲ။ ငါ လုပ်ချင်တာ လုပ်ပိုင်ခွင့် ရှိတယ်။
“ကဲ... သွားနားကြတော့။”
တန်ဝမ်ကျဲ နာရီကို ကြည့်လိုက်ရာ မနက်အစောပိုင်းသို့ ရောက်နေပြီဖြစ်သည်။ သူသည် ငြင်းပယ်၍မရသော လေသံဖြင့် ပြောလိုက်၏။
“မနက်ဖြန်ကျရင် မင်းတို့ကို မနက်ခင်း လက်ဖက်ရည် လိုက်တိုက်မယ်။”
“အွန်း...”
ရနခထင်ထင် ခေါင်းညိတ်လိုက်ပြီး တန်ဝမ်ကျဲအနားသို့ လျှောက်လာကာ သူ၏ကိုယ်နံ့ကို အသာအယာ ရှူကြည့်လိုက်သည်။ ထို့နောက် နျန်ယင်းကို လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ယောက် လက်ချင်းတွဲ၍ ထွက်သွားကြသောအခါ သူတို့၏ မျက်နှာအမူအရာများမှာလည်း အလွန်တည်ကြည်နေခဲ့လေသည်။
“ဘာဖြစ်တာလဲ။ ငါ့ဆီက အနံ့ဆိုး ထွက်နေလို့လား။”
တန်ဝမ်ကျဲ ဇဝေဇဝါဖြင့် သူ၏ ဝတ်ရုံကို ငုံ့နမ်းကြည့်လိုက်၏။
“အား... ဒီအနံ့က... ချဉ်စော်နံနေတာပဲ။”
မှော်ဝတ်ရုံ၏ ချဉ်စော်နံသော အနံ့မှာ အမွှေးတိုင်နံ့၊ စက္ကူပြာနံ့တို့နှင့် ပေါင်းစပ်သွားကာ အလွန်နံစော်နေခဲ့သည်။
ဒီလောက် ရုပ်ချောပါလျက်နှင့် ရှောင်ယွီကို ဘာလို့ မဆွဲဆောင်နိုင်ခဲ့တာလဲ ဆိုတာ မထူးဆန်းတော့ပါဘူး။
ဒီည ရေမချိုးဘဲနှင့်တော့ သူ အိပ်ပျော်မည် မဟုတ်ပေ။
အခြားတစ်ဖက်တွင် အမျိုးသမီးနှစ်ယောက်မှာ သူမတို့၏ အခန်းတံခါးကို ပိတ်လိုက်ကြလေသည်။
“ငါ တခြားမိန်းကလေးတစ်ယောက်ရဲ့ အနံ့ကို ရလိုက်တယ်။”
ရန်ထင်ထင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟမ်...”
နျန်ယင်း မျက်နှာပျက်သွား၏။
ဦးလေးကျိုး တစ်ယောက်တည်းတင် မကဘဲ ယခု တခြားမိန်းကလေး တစ်ယောက် ထပ်တိုးလာပြန်ချေပြီ။ သူတို့သာ သေချာ ဂရုမစိုက်လျှင် ဝမ်ကျဲကို တစ်ယောက်ယောက်က လုသွားပေတော့မည်။
ဒီညတော့ သူတို့နှစ်ယောက် ကောင်းကောင်း အိပ်ပျော်တော့မည် မဟုတ်ပေ။
...
“ချူရှန်း မနေ့ညက ကောင်းကောင်း မအိပ်ရဘူးလား။”
တန်ဝမ်ကျဲသည် မနက်စောစော ရင်ခွဲရုံသို့ ရောက်ရှိလာခဲ့ပြီး ခေါင်းတလားကို အရင်ဆုံး စစ်ဆေးကြည့်လိုက်သည်။
ကောင်းပြီ၊ ဘာပြဿနာမှ မရှိဘူး။
သို့သော် ယခု ပြဿနာမရှိခြင်းက နောက်ပိုင်း ပြဿနာမရှိဘူးဟု မဆိုလိုပေ။
သူသည် မူလက ရန်ထင်ထင်နှင့် နျန်ယင်းကို မနက်ခင်း လက်ဖက်ရည် တိုက်ရန် စီစဉ်ထားသော်လည်း သူတို့နှစ်ယောက်စလုံး အိပ်ရာထ နောက်ကျနေသဖြင့် သူတို့၏ သုံးယောက်တွဲ ချိန်းဆိုမှုကို ဂရုမစိုက်သလို ဖြစ်သွားခဲ့ရလေသည်။ ထို့ကြောင့် သူ အချိန်ပိုရသွားကာ ချစ်လှစွာသော ဦးလေးကျိုးဆီသို့ ပျော်ရွှင်စွာ ထွက်လာလိုက်ခြင်းဖြစ်သည်။
မိန်းမတစ်ယောက်က ဦးလေးကျိုလောက် ဘယ်မှာ ဆွဲဆောင်မှု ရှိပါ့မလဲ။
ချူရှန်းက သမ်းဝေလိုက်၏။
“ကောင်းကောင်း မအိပ်ရတာ မဟုတ်ဘူး။ လုံးဝကို မအိပ်ရတာ။ ဝမ်ချိုင်က တစ်ညလုံး သွားကြိတ်တယ်၊ လေတက်တယ်၊ အိပ်မက်ယောင်တယ်၊ လေတောင် လည်သေးတယ်။ ကျုပ် တစ်ယောက်တည်း တစ်ညလုံး ခေါင်းတလားကို စောင့်နေရတာ။”
ညစောင့်ရသည့်အကြောင်း ပြောရင်း ချူရှန်း ရုတ်တရက် သတိဝင်လာခဲ့သည်။
“အစ်ကိုကျဲ မနေ့က ကျုပ် ဘီးကို ခင်ဗျား ဖောက်လိုက်တာ မဟုတ်လား။”
“အေး ငါပဲ”
တန်ဝမ်ကျဲ ခေါင်းငြိမ့်လိုက်၏။ သူက အလွန်ရိုးသားသူတစ်ယောက်ပါပေ။
သူ တကယ်ပဲ ဝန်ခံလိုက်တာလား။
“ဖုတ်ကောင်က အန္တရာယ်များတယ်လို့ ငါ ထင်လို့လေ။ ပြီးတော့ မင်းက ယုံကြည်စိတ်ချရတဲ့ ရုပ်ချောတဲ့ လူရွယ်တစ်ယောက်ဆိုတော့ မင်းကို ဒီမှာ ရှိနေစေချင်လို့ပါ။ စိတ်မဆိုးပါနဲ့။ အဲ့ဒီအတွက် ငါ လက်ဖက်ရည် ပြန်တိုက်ပါ့မယ်။”
ချူရှန်း၏ ဒေါသများ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ လက်ဖက်ရည် သောက်ရခြင်းက အရာအားလုံးထက် အရေးကြီးပေသည်။ ထို့ပြင် တန်ဝမ်ကျဲက သူ့ကို ရုပ်ချောသူဟု ခေါ်လိုက်သေးသည်မဟုတ်ပါလား။ အမျိုးသားတစ်ဦးက နောက်အမျိုးသားတစ်ဦးကို ရုပ်ချောသည်ဟု ဝန်ခံခဲလှသည်။
တန်ဝမ်ကျဲဆီက ‘ရုပ်ချောသူ’ ဟု အခေါ်ခံရဖို့ဆိုလျှင် ချူရှန်းအနေနှင့် ကော်ဖီကို နောက်ထပ် သုံးရက်လောက် သောက်ပြီး အနီရောင်စာအိတ်နှစ်ခုလောက် ထပ်ယူဖို့တောင် ဝန်မလေးပေ။
“ဦးလေးကျိုး ဘယ်မှာလဲ။”
“ဆရာက သခင်ကြီးရန်ဆီ သွားပြီး သင်္ချိုင်းရွှေ့မယ့် နေရာအကြောင်း ဆွေးနွေးဖို့ ပြင်နေတယ်။”
...
ဤနေ့တွင်မူ ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေပြီး မည်းမှောင်နေသော တိမ်တိုက်ကြီးများက စောင်အထူကြီးတစ်ခုလို ဖိနှိပ်ထားခဲ့သည်။
ရန်အိမ်တော်၌ သင်္ချိုင်းရွှေ့ပြောင်းရန် ပြင်ဆင်နေကြ၏။
သင်္ချိုင်းအသစ်၏ တည်နေရာမှာ သာမန်မျှသာ ဖြစ်သည်။ သားစဉ်မြေးဆက်ကို ချမ်းသာကြွယ်ဝမှု မပေးနိုင်သော်လည်း ဘိုးဘေးကို ထိုနေရာတွင် မြှုပ်နှံခြင်းဖြင့် မိသားစု အေးချမ်းစွာ ဆက်လက် တည်ရှိနေထိုင်နိုင်မှုကိုတော့ အာမခံနိုင်မည်ဖြစ်သည်။
လူအချို့ကို တောင်ပေါ်တွင် ခေါင်းတလားကျင်း တူးရန် အမိန့်ပေးထားပြီး ဖြစ်သော်လည်း အောက်တွင်ရှိသော ဦးလေးကျိုး၏ မျက်နှာမှာမူ တည်ကြည်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တန်ဝမ်ကျဲက သူ့ကို စောစောစီးစီး လာရောက်ဆွေးနွေးထားသောကြောင့် ပင်။ မြို့၏ အချမ်းသာဆုံး မိသားစုဖြစ်သည့် ရန်မိသားစု၏ ခမ်းနားသော သင်္ချိုင်းရွှေ့ပြောင်းပွဲသည် နောက်ပိုင်းတွင် ပစ္စည်းခိုးလိုသော သင်္ချိုင်းသူခိုးများကို ဆွဲဆောင်လိမ့်မည်မှာ သေချာပေသည်။
ဒါတင်မကသေးပေ။ နောက်ထပ် နှစ်ပေါင်းများစွာ ကြာသည့်အခါ အလောင်းကို တစ်ယောက်ယောက်က ပြန်လည်တူးဖော်ရင်ကော။
ပြီးတော့... အကယ်၍... ဒါမှမဟုတ်... တစ်လှမ်းလောက် ဆုတ်ပြီး စဉ်းစားလျှင်...
ဦးလေးကျိုး၏ ခေါင်းထဲတွင် တဝီဝီ မြည်နေတော့၏။ သူသည် တန်ဝမ်ကျဲကဲ့သို့ စိုးရိမ်တကြီး ကြိုတင်တွက်ဆတတ်သူမျိုးကို တစ်သက်လုံး မတွေ့ဖူးခဲ့ပေ။
“ဝမ်ကျဲ... မင်းက တကယ်ပဲ... သတိကြီးလွန်းတယ်။”
ဦးလေးကျိုး မပြောဘဲ မနေနိုင်တော့ပေ။ သူသည် တန်ဝမ်ကျဲ၏ စကားအချို့ကို သဘောတူသော်လည်း အချို့ကိုတော့ သဘောမတူပေ။
ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး နတ်ဆိုးအရှိန်အဝါတွေ ရှိပြီး ကပ်ဘေးကြယ်ဝင်စားတဲ့သူဖြစ်နေရတာလဲ။ အဓိပ္ပာယ် မရှိလိုက်တာ။
“ဟူး... ဒါတွေအားလုံးက ဝမ်ချိုင်နဲ့ ချူရှန်းတို့ဆီက သင်ယူထားတာပါ။”
တန်ဝမ်ကျဲက ခေါင်းခါရင်း ပြောလိုက်သည်။ သူ၏ တွေးခေါ်မှုများမှာ ဝမ်ချိုင်နှင့် ချူရှန်းတို့လို ဦးနှောက်မပါဘဲ အရာရာကို ဖျက်ဆီးတတ်သည့် ဇာတ်ကောင်များပါသော သရဲကားများကို ကြည့်ပြီး အတွေ့အကြုံ ရထားခဲ့ခြင်း ဖြစ်သည်။
“သူတို့ဆီက သင်ယူထားတာ ဟုတ်လား။”
ဦးလေးကျိုးသည် သူ၏ နုံနုံအအဖြင့် ရယ်မောနေသော တပည့်နှစ်ယောက်ကို လှည့်ကြည့်လိုက်၏။
သူတို့ဆီက ဘာသင်ယူစရာ ရှိလို့လဲ။
“မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ။”
ဦးလေးကျိုးသည် ဖုတ်ကောင်သည် အစကတည်းက ဖြစ်ပြီးနေပြီဖြစ်ကြောင်း သိထားပေသည်။ ယခု မဖျက်ဆီးလိုက်လျှင် နောင်တွင် ပြဿနာတက်နိုင်သော်လည်း သူကတော့ အကောင်းမြင်နေဆဲပင်။ ထို့ပြင် သူသည် အငှားလိုက်နေရသူဖြစ်၍ အလုပ်ရှင် ခိုင်းသည့်အတိုင်း လုပ်ပေးရမည်ဖြစ်သည်။
အကယ်၍ အနာဂတ်တွင် ဖုတ်ကောင်က ခေါင်းတလားထဲမှ ထွက်လာလျှင်ပင် သူ နှိမ်နင်းနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
“သခင်ကြီးရန်ကို အလောင်းကို နေလှန်းခိုင်းလိုက်ပါ။ မကောင်းတဲ့ ကံကြမ္မာတွေ ပျောက်သွားအောင်လို့။”
တန်ဝမ်ကျဲက အုံ့မှိုင်းနေသော ကောင်းကင်ကို ကြည့်လိုက်သည်။ နေလှန်းရမည်ဟူသော သူ၏ စကားကို သူကိုယ်တိုင်ပင် မယုံပေ။
“ဦးလေးကျိုး... ကျုပ်ထက်စာရင် ဦးလေးက စကားပြော ပိုကောင်းပါတယ်။”
ဖုန်းရွှေဆရာတစ်ယောက်က ဇာတ်လမ်းဆင်ပြောလိုက်လျှင် လူအများကို လှည့်စားရန်မှာ လွယ်ကူလှပေသည်။
ထင်ထားသည့်အတိုင်းပင်။ အလောင်းကို မြေမမြှုပ်မီ နေလှန်းခြင်းဖြင့် ကံဆိုးမှုများ ပျောက်ကွယ်မည်ဟု ကြားသောအခါ သခင်ကြီးရန်က ချက်ချင်းပင် သဘောတူလိုက်လေသည်။
ထိုအတောအတွင်း တန်ဝမ်ကျဲသည် ရန့်ထင်ထင်ကို သွားရှာပြီး သူသည်လည်း သင်္ချိုင်းရွှေ့ပြောင်းပွဲသို့ လိုက်ချင်ကြောင်း ပြောလိုက်သည်။ သူမ၏ အလိုလိုက်မှုကြောင့် စီတန်းလှည့်လည်ပွဲတွင် လူ ၁၀ ယောက်ကျော် တိုးလာခဲ့လေသည်။ တန်ဝမ်ကျဲအပြင် နျန်ယင်းဆီမှ ငှားလာသော သေနတ်ကိုင် စစ်သားများနှင့် ဆန်ဆိုင်မှ အလုပ်သမားများလည်း ပါဝင်လာခဲ့သည်။
သင်္ချိုင်းနေရာတွင် ရန်ဖားသည် တန်ဝမ်ကျဲနှင့် ကောက်ညှင်းအိတ်များ သယ်ဆောင်လာသော အလုပ်သမားများကို ကြည့်ကာ မေးလိုက်၏။
“သူဌေးတန်... ဒါတွေက ဘာတွေလဲ။”
“အော်... ဘာမှမဟုတ်ပါဘူး။ ကောက်ညှင်းဆန်တွေပါ။”
ထိုစကားကို ဘေးမှကြားလိုက်ဪသော ဦးလေးကျိုးက စိတ်ထဲတွင် ထပ်မံ တွေးလိုက်မိပြန်သည်။
တကယ်ကို သတိကြီးလွန်းတာပဲ။
ကောက်ညှင်းဆန် ပေါင် ရာနှင့်ချီကို တန်ဝမ်ကျဲ၏ လူများက သယ်ဆောင်လာခဲ့ကြလေသည်။ သခင်ကြီးရန် ဖုတ်ကောင်ဖြစ်လာသည်ကို အသာထား၊ ဖုတ်ကောင်အုပ်လိုက်ကြီး ပေါ်လာလျှင်ပင် ဤကောက်ညှင်းဆန်များဖြင့် ကိုင်တွယ်ရန်မှာ လုံလောက်နေချေပြီ။
“ခေါင်းတလားကို ဖွင့်လိုက်။”
“ဆရာ... ခေါင်းတလား အဖုံးက ပွင့်မလာဘူး။ တစ်ခုခုက စုပ်ထားသလိုပဲ။”
“အလောင်းချီတွေ အဖုံးကို စုပ်ထားတာပဲ။”
ဦးလေးကျိုးက တည်ကြည်သော မျက်နှာဖြင့် ခေါင်းတလားဆီသို့ လျှောက်သွားလိုက်လေသည်။ ဤသည်မှာ အတွင်းရှိ ဖုတ်ကောင်သည် အဆင့်တက်သွားပြီး နေ့ဘက်တွင် အလင်းရောင်နှင့် မထိတွေ့ချင်တော့ကြောင်း ပြသနေခြင်းဖြစ်သည်။
အကယ်၍ ဖုတ်ကောင်ကိုသာ မြေမြှုပ်လိုက်လျှင် ၁၀ လက်မလောက်ရှိသော မြေကြီးထုက ခွန်အားကြီးမားသော ဖုတ်ကောင်ကို မည်သို့ တားဆီးနိုင်မည်နည်း။
သို့သော် ယခုမှာ မွန်းတည့်ချိန် ဖြစ်သည်။ မိုးအုံ့နေသော်လည်း ယန်စွမ်းအင်မှာ အထွတ်အထိပ်သို့ ရောက်နေချိန် ဖြစ်သည်။ အခြားသူဆိုလျှင် လက်မှိုင်ချနေရမည် ဖြစ်သော်လည်း ဦးလေးကျိုးအတွက်ကတော့ ဒါဟာ သာမန်ကိစ္စလေးပင်။
သူသည် လက်ကွက်များ ထုတ်ဖော်လိုက်၏။
ဝုန်း...
ရန်ဖားသည် သူ၏ဖခင်အတွက် အကောင်းဆုံး နန်းမူသစ်သားဖြင့် ပြုလုပ်ထားသော ခေါင်းတလားကို အသုံးပြုထားခဲ့ခြင်းဖြစ်သည်။ ကြီးမားလှသော ခေါင်းတလားအဖုံးမှာ ပေါင်ရာနှင့်ချီ၍ လေးလံ၏။ သူ၏ဖခင် အလောင်းမှာ နှစ် ၂၀ ကြာသည်အထိ မပုပ်မသိုးဘဲ ရှိနေခြင်းမှာ ခေါင်းတလား သစ်သားကောင်းသောကြောင့်ဟုသာ သူက ယုံကြည်ထားခဲ့သည်။
ထိုကဲ့သို့ ကြီးမားသော အဖုံးကြီးမှာ ရုတ်တရက် ပွင့်ထွက်သွားသဖြင့် အနီးနားရှိ လူတိုင်း လန့်ဖျန့်ကုန်ကြတော့လေသည်။
အဖုံးမှာ လေထဲတွင် ဝဲပျံသွားပြီး မြေပြင်ပေါ်သို့ အုန်းခနဲ ပြုတ်ကျသွားခဲ့၏။
“အားလုံး နောက်ဆုတ်ကြ။”
တန်ဝမ်ကျဲက အော်လိုက်ပြီး ကောင်းကင်ပေါ်သို့ သေနတ်တစ်ချက် အရင်ပစ်လိုက်သည်။
“စလိုက်တော့။”
သူခေါ်လာသော စစ်သားများသည် စနစ်တကျ ရှိစေရန် သေနတ်များကို ချိန်ထားလိုက်ကြ၏။ ဦးလေးကျိုးမှလွဲ၍ ကျန်သူအားလုံးကို မီတာ ဒါဇင်ပေါင်းများစွာ ဝေးရာသို့ မောင်းထုတ်လိုက်လေသည်။ သူတို့ထဲတွင် ချူရှန်းနှင့် ဝမ်ချိုင်တို့မှာ တန်ဝမ်ကျဲ အဓိက စောင့်ကြည့်ခိုင်းထားသည့် လူများ ဖြစ်သည်။ သူတို့ ဝေးလေလေ ဘေးကင်းလေလေဖြစ်ပြီး အစီအစဉ် အောင်မြင်ဖို့ ပိုသေချာလေလေ ဖြစ်သည်။
ခေါင်းတလားထဲက အရာက ဘယ်လောက်ပဲ ကြောက်စရာကောင်းပါစေ၊ သေနတ်ပြောင်းဝများလောက်တော့ မကြောက်စရာ မကောင်းပေ။
ထိုစဉ် လေးလံသော ပုံရိပ်ကြီးတစ်ခု ခေါင်းတလားထဲမှ ခုန်ထွက်လာခဲ့လေသည်။
ဒုန်း
ဖုတ်ကောင် ခေါင်းတလားထဲမှ ထွက်လာခဲ့ချေပြီ။