← Chapters

ခွဲခွာခြင်း

Vol. 001 Ch. 33

ခွဲခွာခြင်း

Vol. 001 Ch. 33

ချင်းကျူ ရေကန်၏ ကမ်းနှစ်ဖက်မှာ မြို့၏ အကောင်းမွန်ဆုံးသော စားသောက်ဆိုင်များ တည်ရှိရာ နေရာဖြစ်သည်။ သူတို့အားလုံးမှာ ရေကန်၏ အလှအပများအား အကောင်းဆုံး မြင်နိုင်သော နေရာများတွင် တည်ရှိသည်။

လှပသော ရှုခင်းများအား ကြည့်ရှုခံစားရင်း စားသောက်ဆိုင် တစ်ဆိုင်၏ အကောင်းဆုံး နေရာတွင် ထိုင်နေသော လူတစ်စုရှိသည်။

ထိုလူစုထဲတွင် မူရွန်ချူလည်း ပါဝင်သည်။ သို့သော်လည်း သူကား အရေးပါသောလူ ဟုတ်ဟန်မတူပေ။ သူနှင့် ထိုင်နေသောသူများမှာ သူ့ထက် အဆင့်အတန်း မြင့်ပုံရသည်။

ထိုစားပွဲဝိုင်း၏ ထိပ်ပိုင်းတွင် ထိုင်နေသာ လူငယ်၏ အမည်မှာ ရှာဖန် ဖြစ်သည်။ သူကား အရှေ့ပင်လယ်ဒေသတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဟု ဆိုနိုင်သည်။ သူ၏ဘေးတွင် ထိုင်နေသော လူငယ်မှာ မြို့တော်ဝန်၏သား ဝေဖန်း ဖြစ်သည်။

"မူရွန်ချူ ... တီအန်ယွာတောင်ရဲ့ အခြေအနေ ထူးသေးလား...” ရှာဖန်က မေးလိုက်သည်။

"ကျုပ်တို့လူတွေက တောင်ပေါ်က နေရာတွေကို ရှာဖွေနေတုန်းပဲ... ဒီညနေမှာပဲ သူတို့က ထူးဆန်းတဲ့နေရာ တစ်နေရာ ရှာတွေ့တယ်လို့ သတင်းပို့လာတယ်... အဲဒီနေရာမှာ တစ်ခုခု ဖုံးကွယ်ထားတာ ရှိကောင်းရှိနိုင်တယ်...”မူရွန်ချူက တင်ပြလိုက်သည်။

"ဒီအတိုင်း ဆက်သွားရင် ကျုပ်တို့လူတွေ တီအန်ယွာတောင်မှာ အန္တရာယ် မတွေ့နိုင်ဘူးလား... ကျုပ်တို့အုပ်စု နှစ်စုလုံးက လူတွေ ဒီထက်ပို မလွှတ်သင့်ဘူးလား...” ရှာဖန်က အကြံပေးလိုက်၏။

"ကျုပ် အိမ်ပြန်ရောက်တဲ့အခါ ဒီကိစ္စကို အဖေနဲ့ ပြောလိုက်မယ်...” မူရွန်ချူက ပြောလိုက်သည်။ ဝေဖန်းကလည်း ခေါင်းညိတ်လျက် ထောက်ခံလိုက်သည်။

"ကောင်းပြီ...” ရှာဖန်က ပြောလိုက်သည်။ ထို့နောက် သူက ထပ်ပြောလိုက်သည်... “မင်းအမှား မလုပ်ဘူးလို့ ငါမျှော်လင့်တယ်...”

"မြေဓာတ်ကျောင်းဆောင် ကျောင်းအုပ်က ကျုပ်အဖေရဲ့ သူငယ်ချင်းပဲ... ကျုပ်ညီနဲ့ ကျုပ်က ဒီကိစ္စတွေ အကုန်လုံးကို ကိုယ်တိုင် တာဝန်ယူပြီး ဆောင်ရွက်နေကြတာ... ကျုပ်တို့ အမှားအယွင်း တစ်ခုခု ဖြစ်လိမ့်မယ်လို့ မယုံဘူး... တီအန်ယွာ တောင်ပေါ်မှာ နဂါးနဲ့တူတဲ့ တစ်စုံတစ်ခု ရှိတယ်ဆိုတာ သေချာတယ်...” မူရွန်ချူက အာမခံလိုက်သည်။

"ကောင်းပြီ...” ရှာဖန်က ပြတင်းပေါက်မှ တစ်ဆင့် အပြင်ဘက်သို့ မျှော်ကြည့်လိုက်သည်။ ကောင်းကင်တွင် မီးကျည်မီးပန်းများ ထိန်လင်းနေပြီး ပတ်ဝန်းကျင် တစ်ခုလုံး ရောင်စုံမီးများဖြင့် သာယာလှပနေသည်။ သူက ရေကန်အား ကြည့်လိုက်လျှင် ကန်ဘေးမှ ကောင်လေး တစ်ယောက်နှင့် မိန်းမပျို တစ်ယောက် ရပ်နေသည်ကို သတိထားမိလိုက်သည်။ သူကား ထိုမိန်းမပျို၏ အလှတရားတွင် နစ်မျောသွားလေသည်။ သူက သူတို့ရှိနေရာသို့ လက်ညှိုးထိုးလျက် မေးလိုက်သည်... “သူတို့က ဘယ်သူတွေလဲ...”

မူရွန်ချူက လှမ်းကြည့်လိုက်သည်။ ရှာဖန် ညွှန်ပြသည့် အတွဲအား ကြည့်ပြီး မူရွန်ချူ၏မျက်နှာ မည်းမှောင်သွားသည်။

"ဟွာဂျီယူ... ချင်းကျူမြို့က အလှပဂေးပဲ... နောက်တစ်ယောက်က ရီဖူရှင်း ... ဟွာဖန်းလူရဲ့ တပည့်...။ သူက ချင်းကျူ ကျောင်းတော်ရဲ့ ကျောင်းသားဟောင်း တစ်ယောက်ပဲ... ဒါပေမဲ့ ကျောင်းကို ပုန်ကန်ပြီးတော့ ထွက်သွားတယ်...” မူရွန်ချူက ရှင်းပြလိုက်သည်။

"ဟွာဖန်းလူ ... ကု့ချင်းမိစ္ဆာ ဟွာဖန်းလူလား...” ရှာဖန်၏ဘေးမှ လူက မေးလိုက်သည်။

"ကျုပ်အဖေက သူနဲ့ပတ်သက်ပြီး စုံစမ်းဖူးတယ်... သူက တကယ်ပဲ ဒွန်ဟိုင်မြို့က ကု့ချင်းမိစ္ဆာ ဆိုတဲ့လူပဲ...” မူရွန်ချူက ပြန်ပြောလိုက်သည်။

"ဒါက အမှန်တကယ်ဆိုရင်... သူမက ဟွာဖန်းလူရဲ့သမီး ဖြစ်ရမယ်...” ထိုလူက သေချာ စဉ်းစားလျက် ပြောလိုက်သည်။

"သူက အနုပညာသူတော်စင်ရဲ့ စွမ်းအင်ဖျက်ဆီးခြင်းခံရတဲ့ တစ်ယောက်လား...” ရှာဖန်က စိတ်ဝင်စားသွားသည်။ ဒွန်ဟိုင်မြို့က ထိုမျှ ထင်ရှားသော ပုဂ္ဂိုလ်အား ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

"မှန်တယ်... ဒီကောင်မလေးက အင်အားကြီး မိသားစုဝင်တစ်ယောက်ပဲ... သူ့ကို သွားမထိတာ အကောင်းဆုံးပဲ... ဒါက မင်းကို မဆုံးနိုင်တဲ့ ပြဿနာတွေ ဖြစ်စေလိမ့်မယ်...”

သူက ရှာဖန်မှာ မည်ကဲ့သို့သော လူဖြစ်သည်ကို သိသည်။ ထို့ကြောင့် သူ့အား သတိပေးရန် လိုသည်ဟု သူ ခံစားမိသည်။

"ကျုပ်လည်း အခြေအနေကို သုံးသပ်လို့ရပါတယ်... သွားနှုတ်ဆက်ရအောင်...” ရှာဖန်က ပြောလိုက်သည်။ သူက ပြုံးလျက် စားသောက်ဆိုင်၏ အပြင်ဘက်သို့ လှမ်းထွက်လိုက်သည်။ သူ၏ဘေးမှလူလည်း လိုက်ပါလာသည်။ ထို့အတူ အတူ ထိုင်နေကြသူများကလည်း လိုက်ပါလာကြသည်။ သူတို့အားလုံးက ရီဖူရှင်းနှင့် ဟွာဂျီယူတို့ထံသို့ ဦးတည်၍ လာနေကြသည်။

ထိုအချိန်တွင် ရီဖူရှင်းနှင့် ဟွာဂျီယူတို့မှာ ပတ်ဝန်းကျင် အလှအပအား ကြည့်နေကြသည်။ သို့သော် တစ်ခုခု လွဲမှားနေသလို ခံစားလိုက်ရသည်။ သူတို့က နောက်လှည့်ကြည့်လိုက်လျှင် လူအုပ်စု တစ်ဖွဲ့က သူတို့ဆီကို လှမ်းလာနေသည်ကို မြင်ရ၏။ သူတို့အထဲတွင် အတူပါလာသော မူရွန်ချူအား ရီဖူရှင်းက သတိထားမိလိုက်ကာ သူတို့က မည်သည့်ရည်ရွယ်ချက်ဖြင့် လာကြသနည်း သူတွေးလိုက်သည်။

"ဟွာဂျီယူ မိန်းကလေး... ကျုပ်က အရှေ့ပင်လယ်ဒေသက ရှာဖန်ပါ...” ရှာဖန်က ဟွာဂျီယူ၏ရှေ့တွင် ရပ်လိုက်သည်။ သူ၏ကောင်ကျစ်သော မျက်လုံးများက သူမအား တပ်မက်သော စိတ်အား မဖုံးကွယ်ထားနိုင်ပေ။ သူတွေ့ခဲ့ဖူးသော မိန်းမများမှာ မည်သူ တစ်ဦးတစ်ယောက်မှ ဟွာဂျီယူ၏အလှအား လိုက်မမီပေ။

"တစ်ခုခု ကူညီဖို့လိုလား...” ဟွာဂျီယူ၏ လေသံကား အေးစက်ပြီး မာကျောလှသည်။

"ကျုပ်က ကု့ချင်းမိစ္ဆာရဲ့ ပညာကို အရမ်းလေးစားရတဲ့ လူတစ်ယောက်ပါ... ဒါပေမဲ့ သူ့ကို လူချင်းတစ်ခါမှ တွေ့ပြီး ဂါရဝ မပြုဖူးဘူး... မိန်းကလေးနဲ့ ဒီနေရာမှာ တွေ့ခွင့်ရတာ အရမ်း ကျေနပ်စရာပါ... အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်... ဒါပေမဲ့... မိန်းကလေး ဆန္ဒရှိရင် ကျုပ်တို့နဲ့အတူ စားသောက်ဆိုင်မှာ လိုက်ထိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်...” ရှာဖန်က ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။ ရီဖူရှင်း မျက်မှောင်ကုတ်သွားသည်။ သူကား သည်ကောင်၏ မျက်လုံးထဲတွင် ရှိသည်ဟုပင် ထင်ပုံမရပေ။

"မလိုဘူး...” ဟွာဂျီယူက ငြင်းလိုက်သည်။ သူမက ပြုံးနေသော်လည်း သူမမှာ သူတို့အား မလိုလားကြောင်း လူတိုင်းက ခံစားကြရ၏။

ရှာဖန်၏ဘေးမှ လူများအားလုံး၏ မျက်နှာများတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်သွားသည်။ သူမက အမှန်တကယ်ပင် ရှာဖန်အား ငြင်းဆန်ခဲ့သည်။

"ဒါဆိုလည်း ခွင့်ပြုပါဦး...” ထိုသို့ပြောရန် ရှာဖန်မှာ အတော် အချိန်ယူရ၏။ သူက နောက်လှည့်လိုက်သည်နှင့် သူ၏မျက်နှာမှ အပြုံးမှာ ပျောက်ကွယ်သွားပြီး အေးစက်သော ပုံစံဖြစ်သွားလေသည်။

"အာရုံနောက်တယ်..." ရီဖူရှင်းက သဘောမကျသလို ပြောသည်။ ထို့နောက် သူ၏လက်က ဟွာဂျီယူ၏လက်သို့ ရောက်သွားသည်။

"နင်ဘာလုပ်နေတာလဲ...” သူမ၏လက်အား ဝှက်လိုက်ပြီး ဟွာဂျီယူက ရယ်မောလိုက်သည်။

"ငါက ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အတည်ပြုပြီးသွားပြီလို့ ထင်နေတာ...” ရီဖူရှင်းက အပြစ်ကင်းသည့်ပုံစံဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်လေ ... ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အတည်မပြုရသေးလို့လား...” ဟွာဂျီယူက ကျီစယ်လိုက်သည်။

"မြေခွေးမ... ငါ့ကို ဘယ်လိုလုပ် ဒီလို လုပ်ရက်တာလဲ...” ရီဖူရှင်းက စိတ်မသက်မသာဖြင့် ပြောလိုက်သည်။ သူကား သူမနှင့် ချိန်းတွေ့နေသော်လည်း သူမအား ထိခွင့် မရပေ။

"နင့်ကို ဘာလုပ်လို့လဲ...” ဟွာဂျီယူက ရယ်မောလိုက်သည်။ “အခု ငါတို့က ချိန်းတွေ့နေတာလေ... နင့်ကို အခြားကောင်မလေးတွေနဲ့ စနောက်တာ လုံးဝတားမြစ်လိုက်ပြီ... ပြီးတော့... ငါဘယ်နေရာကိုပဲ ရောက်နေနေ... နင် ငါ့ဆီကို လာရမယ်...”

"မဟုတ်ဘူး... ငါတို့ရဲ့ ဆက်ဆံရေးက ဒီအခြေအနေအထိ မရောက်သေးဘူး...” ရီဖူရှင်းက သူကား အရာအားလုံး ကန့်သတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

"စမ်းကြည့်လေ... အဖေကပြောတာ... နင်က မယုံရဘူးတဲ့... ပြီးတော့ အိမ်ကို မြန်မြန်ပြန်လာတဲ့... ငါပြန်ရတော့မယ်...” ဟွာဂျီယူက ရီဖူရှင်းအား ကြည့်လိုက်သည်။ သူမကား သူ့အား ထားမသွားချင်ပေ။ သူတို့က မနက်ဖြန်ဆိုလျှင် ခွဲခွာရတော့မည် ဖြစ်သည်။ သူမ ထွက်ခွာသွားသောအခါ သူ ဝမ်းနည်းနေမည်လား...။

ရီဖူရှင်းကား ဝမ်းနည်းနေပုံရ၏။ ဟွာဂျီယူက သူ့အား ထိုသို့ ဖြစ်နေသည်ကို မကြည့်ရက်ပေ။ သူမ၏လက်က သူ့ဆီ ရောက်သွားသည်။

သို့သော်လည်း...၊ ရီဖူရှင်းက သူမ၏လက်အား ဆုပ်ကိုင်ခြင်း မရှိပေ။ သူက သူမအား ဆက်၍ ကြည့်ပြီး မေးလိုက်သည်...  “နင်တကယ်ပဲ ထွက်သွားတော့မှာလား...”

ဟွာဂျီယူက ရီဖူရှင်း ဘာကို ဆိုလိုသည်ကို သိသည်။ သူကား ယခုခွဲခွာရမည်ကို ပြောနေခြင်း မဟုတ်ပေ။

"တစ်ယောက်နဲ့တစ်ယောက် ချစ်ပြီးမှ ခွဲခွာရတယ်... ပြန်ဆုံဖို့ ခရီးအကြာကြီး သွားရဦးမယ်... ငါ့ရဲ့အချစ်ခရီးက ဒီလောက် ကြမ်းတမ်းလိမ့်မယ်လို့ ငါလုံးဝ မထင်ခဲ့ဘူး... ငါ့အတွက် မမျှတဘူးလို့ နင် မထင်ဘူးလား...” သူမ၏မျက်လုံးများတွင် တစ်စုံတစ်ခုရှာရန် ကြိုးစားလိုက်သည်။ လအတန်ကြာ အချိန်အတူတူ ကုန်ဆုံးခဲ့ပြီးသောကြောင့် သူမမှာ မည်ကဲ့သို့သော လူမျိုးဖြစ်သည်ကို သူသေသေချာချာ နားလည်သည်။ သူ့အပေါ်ထားသော သူမ၏ခံစားချက်များအား သိရှိပြီးသော်လည်း သူမက သူနှင့် အတူတူရှိရန် လုံးဝမဖြစ်နိုင်ပေ။ ရီဖူရှင်းကား မည်သို့ ဖြစ်ပျက်နေသည်ကို သိ၏။

ဟွာဂျီယူ၏ မျက်လုံးထဲတွင်ကား ဝမ်နည်းမှုများကိုသာ တွေ့ရသည်။ သူမ၏မျက်ဝန်းများမှာ စိုစွတ်လာသည်ဟု ခံစားမိသောကြောင့် ခေါင်းအား ငုံ့လိုက်သည်။ သူ့အား မည်သို့ ရှင်းပြရမည်ကို သူမ နားမလည်ပေ။

"ငါ့ကို ဘာလုပ်စေချင်တာလဲ...” သူမက တိုးတိုးလေး ပြောလိုက်သည်... ထို့နောက် သူ၏မျက်လုံးများအား ကြည့်ရန် ခေါင်းအား ပြန်မော့လိုက်သည်။

အပြစ်အနာအဆာ ကင်းမဲ့သော သူမ၏မျက်နှာလေးနှင့် လှပသော မျက်ဝန်းအစုံအား ကြည့်ကာ ရီဖူရှင်းကား သူ၏နှလုံးသားများ အရည်ပျော်သွားသလို ခံစားနေရသည်... “ဒါက ခက်ခဲ ကြမ်းတမ်းတယ်ဆိုလည်း... ထားလိုက်တော့... မြေခွေးမနဲ့ ချစ်ကြိုက်ဖို့ ဘယ်သူက ပြောလို့လဲ...”

အလှတရား၏စွမ်းအားကား အင်အား ကောင်းလွန်းလှပေသည်။

သူ၏စကားများအား ကြားပြီး သူမက ပြုံးလိုက်သည်။ သူမ၏ ခံစားချက်များ အနည်းငယ် သက်သာသွားသလို ခံစားလိုက်ရသည်။ သူမက ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်သည်... “ကောင်းပြီလေ... ငါနင့်အတွက် တွေးပေးမယ်လေ... ဒီညမသွားသေးဘဲ အတူနေပေးမယ် ဆိုရင်ရော...”

"အမ်... ငါတို့က မမြန်လွန်းဘူးလား...” ရီဖူရှင်း၏ မျက်လုံးများ တောက်ပသွားသည်။ ယနေ့ည သူနှင့် အတူနေမည်...။

ထို နှာဘူးရုပ်အား ကြည့်ကာ ဟွာဂျီယူက သူမ၏ခြေထောက်ဖြင့် ရီဖူရှင်း၏ ခြေဖမိုးအား ဖိနင်းလိုက်သည်... “ဘယ်လို ညစ်ပတ်တဲ့ အတွေးမျိုး တွေးနေတာလဲ... ငါက ဒီလိုမျိုးဆိုလိုတာ မဟုတ်ဘူး...”

"ဘယ်လိုမျိုး အတွေးလဲ...” ရီဖူရှင်းက မျက်လုံးများ ဝိုင်းစက်လျက် အပြစ်ကင်းသလိုမျိုး မေးလိုက်သည်။

"နင်... ငါခုနက ပြောမိတာတွေ နောင်တရလိုက်တာ...” သူမက လှည့်ထွက်ရန် ပြင်လိုက်သည်။ သို့သော် သူမ မသွားခင် ရီဖူရှင်းက သူမ၏လက်မောင်းအား ဖမ်းဆွဲထားလိုက်သည်... “ငါပြန်လိုက်ပို့ပေးမယ်...”

"ကောင်းပြီ...” ဟွာဂျီယူက တိတ်တဆိတ်ပင် ခေါင်းညိတ်လိုက်သည်။ သူမကား ငြင်းဆန်ရန် မကြိုးစားတော့ပေ။ ရီဖူရှင်းအား သူမ၏လက်အား ပေးကိုင်ကာ အတူတူ လျှောက်သွား လိုက်ကြသည်။

"လှေသွားစီးရအောင်...” ရီဖူရှင်းက ပြောလိုက်သည်...။ သူမက ခေါင်းညိတ်လိုက်ပြီး အတူတူ ဆိပ်ကမ်းသို့ လျှောက်သွားလိုက်ကြသည်။ လှေထက်သို့ တက်ပြီးသည်နှင့် သူတို့က ချင်းကျူ ရေကန် တစ်လျှောက် လှေဖြင့် အောက်ဘက်သို့ လှော်ခတ် သွားလိုက်ကြသည်။

ရေကန်ပေါ်တွင်ကား လှေအများအပြားရှိ၏။ ရေကန်၏မျက်နှာပြင်မှာကား ကောင်းကင်မှ မီးပန်းများကြောင့် အလင်းပြန်ကာ မီးရောင်စုံများ တောက်ပနေသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ဘေးချင်းကပ်ထိုင်လျက် မှီနေသည်ကို ကြည့်ကာ ဖြတ်သွားသော လှေပေါ်မှ လူအများစုအား အားကျခြင်း။ မနာလိုခြင်းများ ကြီးစွာဖြစ်စေသည်။

ထိုစဉ် လှေ၏ ဆန့်ကျင်ဘက်အရပ်မှ လူအတော်များများပါသော လှေတစ်စင်းမှာ ရီဖူရှင်းတို့အား တွေ့ကာ အံ့အားသင့် သွားကြသည်။

"ဗိုလ်ချုပ်ချင်... စီနီယာအစ်မ ချင်ယီ...” ရီဖူရှင်းက လှမ်းနှုတ်ဆက်လိုက်သည်။

ဗိုလ်ချုပ်ချင်ကား ရိုးရိုးသာမန်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ သူ၏မိသားစုနှင့်အတူ နှစ်သစ်ကူးညအား အတူလျှောက်လည် နေသည်မှာ သာမန်လူတစ်ယောက်နှင့် တူလှသည်။ ရီဖူရှင်းနှင့် အတူရှိနေသော မိန်းကလေးအား မြင်ကာ ဗိုလ်ချုပ်ချင်က လက်မ ထောင်ပြလိုက်သည်။

"ဘယ်လောက် ပျော်ရွှင်ဖို့ကောင်းလဲ...” ချင်ယီက ကျီစယ်လိုက်သည်။

သူ့အား မကောင်းမှု တစ်ခုခုလုပ်နေစဉ် လူမိသွားသလို ခံစားလိုက်ရကာ ရီဖူရှင်းက ဟက်ခနဲ့ ရယ်မောလိုက်သည်။ ထိုစဉ် အခြားလှေငယ်တစ်စီး သူတို့အနားမှ ဖြတ်သွားပြီး လူငယ်တစ်ယောက်က လှမ်းအော်လိုက်သည်... “စီနီယာအစ်မ... နင့်ရဲ့ ခန္ဓာက တကယ်လှတာပဲ...”

ရီဖူရှင်းကလည်း ထိုလူငယ်၏စကားအား ကြားကာ သဘောတူသလို ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ ဘာလုပ်လိုက်သည်ကို ချက်ချင်း သိလိုက်ကာ ဟွာဂျီယူအား ကြည့်လိုက်ရာ သူမက သူ့အား ပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"ဒါပေမဲ့ ငါနင့်ကို ပိုပြီးကြိုက်တယ်...” သူက ကျရောက်လာမည့် အန္တရာယ်အား လျင်မြန်စွာ ကာကွယ်ရန် ကြိုးစားလိုက်သည်။

သို့သော် သူမကား စိတ်ကောက်သွားကာ သူမ၏အကြည့်အား ရီဖူရှင်းထံမှ အခြားတစ်ဖက်သို့ ရောက်သွားလေပြီ...။ ထိုစဉ် သူမ၏ ပခုံးနှစ်ဖက်အား အသာအယာ ရစ်ပတ်လာသော သူ၏လက်နှစ်ဖက်အား ခံစားလိုက်ရသည်။ သူမ အနည်းငယ် အံ့အားသင့် သွားသော်လည်း ငြင်းဆန်ရန် မကြိုးစားပေ။ သူမက သူ့ရင်ခွင်တွင် ငြိမ်သက်စွာပင် မှီနေလိုက်သည်။ ထိုအခိုက်တွင် အရာအားလုံးကား အေးချမ်းလျက် လှပနေသည်။ သူတို့မှာလည်း အရင်ကထက်ပို၍ ရင်းနှီးလာသလို ခံစားရ၏။

ချင်းကျူ ကျောင်းတော်မှ သူမ၏ အိမ်သို့ ဟွာဂျီယူနှင့် ရီဖူရှင်းတို့ ပြန်လာကြသော အချိန်တွင် ညနက်ပိုင်းသို့ ရောက်နေပြီဖြစ်သည်။ မြို့ထဲမှ လူရှုပ်ထွေးသော လမ်းများနှင့် ယှဉ်လျှင် ကျောင်းဝင်းထဲတွင်ကား တိတ်ဆိတ်လွန်းလှသည်။ ဟွာဖန်းလူမှာလည်း အိပ်ရာဝင်သွားပြီ ဖြစ်သည်။

သူမ၏အခန်းထဲသို့ ဝင်လိုက်သည်နှင့် ရီဖူရှင်းမှာ သူမ၏နောက်မှ လိုက်ပါလာနေဆဲ ဖြစ်သည်ကို သိလိုက်ပြီး ရှက်သွေးကြောင့် မျက်နှာက နီရဲသွားသည်။

"ဒီလို ညဉ့်နက်ကြီးထဲမှာ နင်ငါ့ကို အပြင်ကို ကန်မထုတ်ပါဘူးနော်... အပြင်မှာ အရမ်း အန္တရာယ်များတယ်...” ဟွာဂျီယူ မည်သို့မှ မပြောရသေးမီ ရီဖူရှင်းက ပြောလိုက်သည်။ ရီဖူရှင်းက သူမ၏ အကြည့်စူးစူးများအား သတိထားမိပြီးနောက် ထပ်ပြောလိုက်သည်... “နင့်မှာ ဒီလိုလုပ်ဖို့ နှလုံးသားရှိလို့လား...”

"နင့်မှာ နင့်အခန်းရှိတာပဲ...” သူမက ထိုအရှက်မဲ့လှသော လူငယ်လေးအား ပြောလိုက်သည်။

"နင်က မနက်ဖြန် ထွက်သွားတော့မယ်... ငါက နင်နဲ့ အချိန်အနည်းငယ် ပိုပြီး နေချင်တာပဲ ရှိတယ်... နင့်ကို ဘယ်အချိန်မှ ထပ်တွေ့ရတော့မယ်မှန်း ငါမသိဘူး...” သူမအား အသံတိုးတိုးဖြင့် ပြောလိုက်သည်။ ရီဖူရှင်းက ချိုသာသော စကားများအား ပြောကာ သူမအား ချော့မော့ရန် ကြိုးစားနေသည်ကို သိသော်လည်း သူမ၏နှလုံးသားမှာကား ပျော့ပျောင်း သွားရသည်သာ ဖြစ်၏။ နောက်ဆုံး မတတ်သာတော့ဘဲ ခွင့်ပြုပေးရန် သူမ ဆုံးဖြတ်လိုက်သည်။

အိပ်ရာဘေးသို့ လျှောက်သွားရင်း သူမက အပြင်ဝတ် သိုးမွေးဝတ်ရုံရှည်အား ချွတ်လိုက်ရာ သူမ၏ လှပပြည့်စုံသော ကောက်ကြောင်းများ ပေါ်လာကာ ရီဖူရှင်းမှာ မျက်လုံးများ ကျယ်သွားရ၏။ ဟွာဂျီယူက ခစ်ခနဲ ရယ်ကာ ရီဖူရှင်းအား မေးလိုက်သည်... “ငါ့ခန္ဓာ ဘယ်လိုလဲ...”

"ပြည့်စုံတယ်...” ရင်ထဲနွေးသွားသလို ခံစားလိုက်ရကာ ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

ဟွာဂျီယူက ပြုံးလိုက်သည်။ ထို့နောက် သူမက အိပ်ရာပေါ်သို့ တက်ကာ ရီဖူရှင်းအား ကျောပေးလျက် အိပ်ရန် ကြိုးစားလိုက်သည်။ အခြားတစ်ဖက်တွင်လည်း သူမကား အလွန်ရှက်နေ၏။

ဘယ်လို စနောက်ခြင်းမျိုးလဲ... ရီဖူရှင်းက ထိုလှပသော ကောက်ကြောင်းများအား ကြည့်ကာ စိတ်ထဲမှ အပြစ်တင်လိုက်သည်။ မိန်းမများကား အမှန်တကယ်ပင် အငြိုးကြီးလှသည်...

"ငါနင့်ကို ဒီအတိုင်း မကြည့်နိုင်တော့ဘူး...” ရီဖူရှင်းက ထိုသို့ပြောလိုက်သည် သို့သော် ဟွာဂျီယူက ဂရုမစိုက်ပေ။ သို့သော်လည်း သူမက ရီဖူရှင်းဘက်သို့ လှည့်၍ ပြောလိုက်သည်... “အဲဒီမှာပဲနေ...မတိုးလာနဲ့...”

ထို့နောက် သူမက မျက်လုံးများအား မှိတ်လျက် အိပ်ပျော်အောင် ကြိုးစားလိုက်သည်။

ရီဖူရှင်းကား သူမ၏အလှအပများအား ကြည့်ရှုခံစားရင်း ထိုနေရာတွင်ပင် တိတ်တဆိတ် ထိုင်နေသည်။ သူမအား ကြည့်နေရသည်ကပင် သူ့ရင်ထဲ နွေးထွေးစေသည်။

အချိန်အကြာကြီး ကုန်ဆုံးသွားသည်ဟု ထင်ရပြီး ဟွာဂျီယူက မျက်လုံးများ ဖွင့်လိုက်ပြီး ရီဖူရှင်းအား ရှာဖွေလိုက်သည်။ ရီဖူရှင်းကား သူမအား ကြည့်နေတုန်းပင်။ သူမက တိုးတိုးလေး ပြောလိုက်သည်... “ငါအိပ်မရဘူး...”

"နင့်အတွက် သီချင်းတစ်ပုဒ် တီးပြမယ်...” သူက နွေးထွေးစွာ ပြုံးလျက် ပြောလိုက်သည်။ သူက ထိုနေရာမှ ထသွားပြီး ချက်ချင်း ပြန်ရောက်လာကာ အခန်းထဲမှ ကု့ချင်းဂီတသံများ တဖြည်းဖြည်း ပျံ့နှံ့လာနေ၏။

ဆောင်းရာသီ၏ ညချမ်းလေးမှာကား တိတ်ဆိတ်ကာ တည်ငြိမ်အေးချမ်းမှုကို ပေးသည်။ ပတ်ဝန်းကျင်တစ်ခုလုံး သီချင်းက လှပစွာ စီးဆင်းသွားကာ သူ တီးခတ်လိုက်သော သံစဉ်တိုင်းတွင် အချစ်များနှင့် ပြည့်နှက်နေသလို ဝမ်းနည်းသော အရိပ်အယောင်များ အားလည်း ခံစားရစေ၏။ ဟွာဂျီယူက သူမ၏မျက်လုံးများအား မှိတ်လျက် သီချင်းအား နားထောင်လိုက်သည်။ တိတ်တဆိတ်ပင် သူမ၏ပြုံးနေသော မျက်နှာပေါ်တွင် မျက်ရည်ပူ စီးကြောင်း နှစ်ခု ကျဆင်းလာနေသည်။

ပထမဆုံးအချစ်၏ နွေးထွေးမှု ... သင်၏လက်အား သူက ဆုပ်ကိုင်သောအခါ သင့်နှလုံးသား၏ လှုပ်ရှားမှုများ... ထို့အပြင် ခွဲခွာခြင်း၏ နာကျင်ခံစားမှု... သည်အရာမှာပင် အချစ်ဖြစ်ပေလိမ့်မည်။

ကောင်းကင်ဒေသ ပြက္ခဒိန်၊ နှစ် ၁၀ဝ၀ဝ။ နှစ်သစ်၏ နံနက်ခင်းအစ...

ကြီးမားသော သိမ်းငှက်ကြီး တစ်ကောင်က ချင်းကျူ ကျောင်းတော်ဝင်းထဲသို့ ဆင်းသက်လာ၏။ ထိုသိမ်းငှက်က ဟွာဖန်းလူ၏ အိမ်ဝင်း အပြင်မှ စောင့်နေသည်။ အထဲတွင် ဟွာဂျီယူကား အဆင်သင့် ဖြစ်တော့မည် ဖြစ်သည်။ ဝတ်ရုံရှည် ဝတ်ဆင်လိုက်လျှင် နတ်သမီးအလား ထင်ရလောက်သော သူမ၏ အလှတရားက သူမ၏မျက်နှာမှ အပြုံးနှင့် လိုက်ဖက်လှသည်။

သူမက အိမ်ဝင်း၏ အဝင်ဝသို့ လျှောက်သွားလိုက်ပြီးလျှင် ရီဖူရှင်းအား ပြန်၍ ကြည့်လိုက်သည်။ သူကား ကု့ချင်း တီးခတ်နေတုန်းပင်...။ သို့သော်လည်း သူ၏မျက်လုံးများက သူမထံတွင်သာလျှင် ရှိနေသည်။ သူတို့က တစ်ယောက်မျက်လုံးကို တစ်ယောက် ကြည့်ပြီးလျှင် အပြန်အလှန် ပြုံးပြလိုက်ကြသည်။ သူတို့၏ တစ်ယောက်ကို တစ်ယောက် ကြည့်သော အကြည့်များတွင် သန်းပေါင်းများစွာသော စကားလုံးများ ပါဝင်နေပေသည်။

ထာဝရ အတူတူ ရှိနေရမည်ဟု ကတိမျိုး မရှိပေ။ သေမှသာလျှင် ခွဲခွာမည်ဟူသော ကတိမျိုး မရှိပေ။ အပြုံးတစ်ချက်က အရာအားလုံးကို ပြည့်စုံစေသည်။ ထို့နောက် ဟွာဂျီယူ ထွက်ခွာသွားသည်။ သူမက သိမ်းငှက်ကြီ၏ ကျောပေါ်တွင် နေရာယူလိုက်သည်နှင့် သိမ်းငှက်ကြီးက အသံပေးလျက် ကောင်းကင်သို့ ပျံတက်သွားလေသည်။ မကြာခင်ပင် သူတို့မှာ မိုးတိမ်များအကြားသို့ ပျောက်ကွယ်သွား၏။

***

All Chapters