← Chapters

လက်တစ်ဖက်အဆုံးရှုံးခံ၍

Vol. 2 Ch. 163

လက်တစ်ဖက်အဆုံးရှုံးခံ၍

Vol. 2 Ch. 163

ထိုအဖြစ်အပျက်မှာ ဟိုင်သခင်ကြီး ဘဝတွင် ကြီးမားသည့် ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ပြီး များစွာ စိတ်ဒုက္ခ ခံစားခဲ့ရလေသည်။ သူ့ဘဝကို ပြန်လည် စတင်နိုင်ရန်အတွက် အချိန်များစွာ ယူခဲ့ရသည်။

ထို့ပြင် ရူပနတ်ဘုရား မင်းကြီး ပြောခဲ့သည့် ဗောဓိဿကျနှင့် ရေစက်ပါသူ ဆိုသည့် အချက်မှာ သူ့ကိုများစွာ စိတ်အနှောင့်အယှက် ဖြစ်စေလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော လူမျိုးမှာ လောကတွင် ဗောဓိဿကျတစ်ပါး ဖြစ်လာရန် ကံကြမ္မာပါသူ ဖြစ်လေသည်။ ထိုသို့ အပြောခံရ ပြီးသည့်နောက် ထိုစကား အမှန်ဖြစ်လာရန်ပင် သူ့မှာ ထိုင်စောင့်ရတော့မလိုလို ဖြစ်ရလေသည်။

ထို့ပြင် ဗောဓိဿကျ ဖြစ်ရမည်ဆိုလျှင် ဘုန်းကြီးဝတ်ရမည် ဖြစ်လေသည်။ သူက ဝိနည်းပေါင်းများစွာ စောင့်ထိန်းရသည့် ဘုန်းတော်ကြီးတစ်ပါး လုံးဝမဖြစ်ချင်ပေ။ သူ့ဘဝကို ချမ်းသာကြွယ်ဝစွာဖြင့် အခြွေအရံများ၊ ကိုယ်လုပ်တော်များ အများအပြားဖြင့် စည်းစိမ်ခံစားကာ နေချင်သူ ဖြစ်လေသည်။

ထိုနေ့မှစ၍ ဟိုင်သခင်ကြီးမှာ စိတ်ဖိစီးမှုများဖြင့် အသက်ရှင် ခဲ့ရလေသည်။ ရူပနတ်ဘုရား မင်းကြီး၏ စကားမှာ ဘုရားစကားလောက်တော့ မှန်ကန်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူခံစားနေရသည့် စိတ်ဖိစီးမှုများအတွက် အဖြေရှာရန်နှင့် ကျင့်စဉ်လမ်းကို အန္တရာယ်ကင်းစွာ အဆင့်တက်နိုင်ရန် ဗောဓိဿကျ အမွေအနှစ်များကို ငှားရမ်း အသုံးပြုလိုခြင်း ဖြစ်လေသည်။

ဟိုင်သခင်ကြီးမှာ စိတ်လှုပ်ရှားနေရာမှ ပြန်လည် တည်ငြိမ်သွားလေသည်။

"ကျုပ်ဘယ်တော့မှ ဘုန်းကြီးမဝတ်ဘူး"

ဟု ပြန်ပြောလိုက်လေသည်။

ထို့နောက် သူ့မျက်ဝန်းဆီမှ အလင်းရောင်များ ဖြာထွက်လာပြီး ဟွေခဲ့ဆရာတော်၏ ကိုယ်ပေါ်သို့ ထိုအလင်းတန်းများက ကျရောက်သွားလေတော့သည်။ ဟွေခဲ့ဆရာတော်က သူ၏ ခန္ဓာကိုယ်ကို ရောင်ခြည်တစ်ခုဖြင့် ကာကွယ်ထားလိုက်လေသည်။ ထို့ကြောင့် ဟိုင်သခင်ကြီး၏ တိုက်ခိုက်မှုမှာ ဟွေခဲ့ဆရာတော်ကို မထိခိုက်နိုင်တော့ပေ။

ဟိုင်သခင်ကြီးက ထိုင်ရာမှထကာ ဟွေခဲ့ဆရာတော်ထံသို့ တစ်လှမ်းချင်း လျှောက်သွား လိုက်သည်။

စုန့်ချင်းယီက ထူးဆန်းသည့် တန်ခိုးစွမ်းအား တစ်ခုကို ခံစားမိသည့်အတွက် မတ်တတ်ထရပ်ရန် ပြင်လိုက်သော်လည်း ဆန်းလျန်က သူ့ကို လှမ်းတားလိုက်လေသည်။

ဟွေခဲ့ဆရာတော်နှင့် ဟိုင်သခင်ကြီးမှာ တန်ခိုးစွမ်းအား ပြိုင်နေကြလေသည်။ သူတို့နှစ်ယောက် မည်သူမျှ မလှုပ်ရဲကြဘဲ ငြိမ်သက် နေကြလေသည်။ အကယ်၍ တစ်ယောက်ယောက်သာ ရပ်တန့် လိုက်ပါက စွမ်းအားများ ပေါက်ကွဲပြီး ဒုက္ခရောက်မည် ဖြစ်လေသည်။

ဟွေခဲ့ဆရာတော်နှင့် ဟိုင်သခင်ကြီးမှာ တန်ခိုးအဆင့်အတန်း တူညီခြင်း မရှိပေ။ ဟိုင်သခင်ကြီး အနားသို့ တိုးကပ်လာသည်နှင့် ဟွေခဲ့ဆရာတော်၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် ရောင်ခြည်တန်းမှာ ရောင်စုံရောင်စဉ်တန်း တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ရောင်စဉ်များမှာ အပေါ်နှင့်အောက် လူးလာစီးမျော နေလေသည်။

ဟိုင်သခင်ကြီးက သူ၏ တန်ခိုးစွမ်းအားများကို ရေလှိုင်းများနှင့် တောင်တန်းများအလား ဟွေခဲ့ ဆရာတော်ထံသို့ တိုက်ရိုက် ပို့လွှတ်နေခြင်း ဖြစ်လေသည်။

အကယ်၍ ထိုတန်ခိုးစွမ်းအားများသာ ဟွေခဲ့ဆရာတော်ဆီသို့ မဟုတ်ဘဲ အခြားနေရာသို့ ပို့လွှတ်လိုက်ပါက နတ်အရက်ဗိမာန် တစ်ခုလုံး အမှုန့်ဖြစ်သွားမည်မှာ ပြောစရာပင် မလိုပေ။

ဟွေခဲ့ဆရာတော်မှာ ကြင်နာသနားတတ်သည့် နှလုံးသားရှိသူ ဖြစ်လေသည်။ ထို့ကြောင့် သူက ဟိုင်သခင်ကြီး၏ တန်ခိုးစွမ်းအားကို ရှောင်လွှဲခြင်း မရှိဘဲ ရင်ဆိုင်လိုက်ခြင်း ဖြစ်လေသည်။ သို့သော် ထိုသို့ ရင်ဆိုင်လိုက်ရသည့် အတွက် ဆရာတော်အနေဖြင့် သက်သာလှသည် မဟုတ်ပေ။ ဆရာတော်မှာ မျက်မှောင်ကို ကြုတ်ထားလေသည်။

ဗောဓိဿကျတွင် နတ်မိစ္ဆာနှိမ်နင်းသည့် ကျင့်စဉ်ပေါင်းများစွာ ရှိပါသည်။ သို့သော် နတ်မိစ္ဆာ အားလုံးကိုတော့ နှိမ်နင်းနိုင်မည် မဟုတ်ပေ။

ဟိုင်သခင်ကြီးမှာ မင်ဝမ် ဝတ်ကျောင်းတော်ကို လေးစားခဲ့သည့်အတွက် ဟွေခဲ့ဆရာတော်ကို ထိခိုက်အောင် လုပ်လိုစိတ် မရှိပေ။ သို့သော် ဟွေခဲ့ဆရာတော်က သူ့ကို လာရောက် ပတ်သက်သည့် အတွက် သင်ခန်းစာ နည်းနည်းပေးရန် ဆုံးဖြတ်လိုက်လေသည်။

ဟွေခဲ့ဆရာတော် သဘောထားကတော့ ရိုးရှင်းလေသည်။ ယခင်က ရူပနတ်ဘုရား မင်းကြီးက ဟိုင်သခင်ကြီးမှာ ဗောဓိဿကျနှင့် ရေစက်ပါသူဖြစ်ကြောင်း ပြောခဲ့လေသည်။ ထိုစကားမှာ အမှန်ဖြစ်ရန် နီးစပ်လေသည်။ ထို့ကြောင့် သူက ဟိုင်သခင်ကြီးကို ထိုစကားအဓိပ္ပာယ်ကို နားလည်ပြီး ဗုဒ္ဓကျင့်စဉ်လမ်းသို့ လျှောက်လှမ်းစေလိုခြင်း ဖြစ်လေသည်။

သို့သော် ဟိုင်သခင်ကြီးက ကြီးမားသည့် တန်ခိုးစွမ်းအားဖြင့် စတင်တိုက်ခိုက် လာသည့် အခါတွင်တော့ ဟွေခဲ့ဆရာတော်က မတတ်သာတော့ဘဲ ရင်ဆိုင်လိုက်ရ လေသည်။ မဟုတ်ပါက ပတ်ဝန်းကျင်မှ လူအများ ထိခိုက်ကြရလိမ့်မည် ဖြစ်လေသည်။

တကယ်တမ်းတွင် သူက ဟိုင်သခင်ကြီးနှင့် တိုက်ခိုက်ရန် မရည်ရွယ်ခဲ့ပါ။

ထို့ပြင် ယနေ့ ဟိုင်သခင်ကြီးနှင့် ဆုံတွေ့ရခြင်းမှာ ကံတရားအတိုင်း တွေ့ဆုံခြင်း ဖြစ်သည်ဟု သိမြင်မိသည့်အတွက် သူ၏ တရားအလင်း တန်ခိုစွမ်းအားကို အသုံးပြုကာ ကြည့်ခဲ့ခြင်း ဖြစ်လေသည်။

ဟွေခဲ့ဆရာတော် လက်ထဲတွင် ဓားတစ်လက် ကိုင်ထားလေသည်။ လွန်စွာမှ ထက်မြက်သည့် ဓားတစ်လက် ဖြစ်လေသည်။ သို့သော် ထိုဓားဖြင့် ဟိုင်သခင်ကြီးကို တိုက်ခိုက်ခြင်း မရှိပါ။ ထိုဓားဖြင့် သူ၏ လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်ခြင်း ဖြစ်လေသည်။

သူ၏လက်မှ ရွှေရောင်သွေးများ စီးကျလာလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆရာတော် ကျင့်ကြံနေသည့် ရူပဓမ္မ ကျင့်စဉ်ကျမ်းမှာ အောင်မြင်ခါနီး ဖြစ်နေပြီဖြစ်ကြောင်း သိရှိ နိုင်လေသည်။

သူ၏ လက်တစ်ဖက်ကို ကိုယ်တိုင်ဖြတ်တောက် ပစ်လိုက်သည့်တိုင် ဟွေခဲ့ဆရာတော်၏ မျက်နှာ အမူအရာမှာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပါ။

ပြတ်တောက်သွားသည့် သူ၏လက်မှာ လေထဲတွင် ရွှေမှုန်များအဖြစ် အသွင်ပြောင်းသွားကာ လေထဲတွင် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူပုံ ပေါ်လာလေသည်။ ကြီးမားပြီး ထည်ဝါသည့် ရုပ်ပွားတော်ပုံ ဖြစ်လေသည်။ ဟိုင်သခင်ကြီး၏ တန်ခိုးစွမ်းအားများမှာ ထိုဗုဒ္ဓရုပ်ပွားတော် ဆီသို့ စီးဆင်း သွားလေသည်။ နွေဦးလေပြည်လေးက စိမ်းလန်းသော ရေကန်လေးဆီသို့ ဖြတ်သန်းတိုက်ခတ် သွားသကဲ့သို့ပင် ဖြစ်လေသည်။ လှိုင်းများ မထသည့်တိုင် ဂယက်လေး အနည်းငယ်တော့ ရိုက်ခတ် သွားလေသည်။

ဆန်းလျန်၏ ခန္ဓာကိုယ်မှာ တစ်ချက်တုန်ခါ သွားလေသည်။ ဟွေခဲ့ဆရာတော် လုပ်လိုက်သည့် အပြုအမူမှာ သူရှေးယခင်က ကြားခဲ့ဖူးသည့် ဗုဒ္ဓဘာသာ ဂိုဏ်းများ၏ စွန့်လွှတ်ခြင်း ကျင့်စဉ်ပင် ဖြစ်လေသည်။ အသွေးအသားကို စွန့်လွှတ်လှူဒါန်းကာ ဗုဒ္ဓဘုရားကို ကိုးကွယ်သည့် ကျင့်စဉ် ဖြစ်လေသည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ဗောဓိဿကျဆီမှ တန်ခိုးစွမ်းအားများကို ဆက်သွယ်ရယူ နိုင်လေသည်။

ဗုဒ္ဓဘုရား၏ တန်ခိုးစွမ်းအား ဆိုသည်က အကန့်အသတ် မရှိပေ။ ဘေးအန္တရာယ်များ အားလုံးကိုလည်း ကျော်လွှား နိုင်လေသည်။

ဟွေခဲ့ဆရာတော်၏ စိတ်ဓာတ်ခိုင်မာသည့် အပြုအမူကို ဟိုင်သခင်ကြီးပင် လေးစားသွားရ လေသည်။

ဗုဒ္ဓရုပ်ပွားတော်မှ မုဒြာ လက်သဏ္ဌာန်ကို ငေးကြည့်နေရင်း ဟိုင်သခင်ကြီးမှာ လောကတွင် မည်သည့်နေရာမှ သွားစရာ မရှိတော့သလို ခံစားလိုက်ရလေသည်။

ဒဏ္ဍာရီထဲမှ ဗုဒ္ဓ၏ လက်ဖဝါးမှ သဏ္ဌာန်ပြောင်းလဲသွားသည့် ဒြပ်စင်ငါးမျိုး တောင်အောက်တွင် ဖိထားခြင်းခံရသည့် စွန်းဝူခုန်း မျောက်မင်းကဲ့သို့ပင် ဖြစ်လေသည်။

ဗုဒ္ဓရုပ်ပွားတော်မှ မုဒြာလက်သဏ္ဍန်မှာ သန့်စင်ပြီး စွမ်းအားနှင့် ပြည့်ဝလေသည်။ လေထဲတွင် စွမ်းအား အလွှာများမှာ စက္ကူစာရွက်များကဲ့သို့ တစ်လွှာချင်း တစ်လွှာချင်း ကွာကျသွားသည်ကို ဆန်းလျန် မြင်တွေ့နေရလေသည်။ ထို့နောက် ဗုဒ္ဓရုပ်ပွားတော်သည် ဟိုင်သခင်ကြီး၏ ရှေ့တွင် စံပယ်တော် မူလေသည်။

ဗုဒ္ဓဘုရား၏ မေတ္တာတရား ကြီးမားမှုကြောင့် မည်သည့်စွမ်းအား ပေါက်ကွဲမှုမှ ဖြစ်မလာ တော့ပါ။ ဟိုင်သခင်ကြီး၏ တန်ခိုးစွမ်းအားများမှာ လှိုင်းလေးတစ်ခု အသွင်သာ ကျန်ရစ် လေတော့သည်။ ထိုခဏလေး အတွင်းမှာပင် ဟိုင်သခင်ကြီးသည် မိုးကုတ်စက်ဝိုင်းဆီသို့ တိုးဝင်သွားပြီး မည်သည့်နေရာသို့ ပျောက်ကွယ်သွားမှန်း မသိတော့ပေ။

ထိုအခါမှ ဗုဒ္ဓရုပ်ပွားတော်မြတ်မှာ ပျောက်ကွယ်သွားပြီး ဟွေခဲ့ဆရာတော်ဆီမှ တန်ခိုးစွမ်းအား ရောင်စဉ်များပါ ပျောက်ကွယ်သွားလေသည်။ ချီးရှိုးသည် နေရာမှ ရုတ်တရက် ထလိုက်ကာ သူမ၏ အကြောက်တရားမဲ့ တံဆိပ်တော် ပညာဖြင့် ဟွေခဲ့ဆရာတော်၏ လက်မှ ဒဏ်ရာကို ကုသပေးလိုက် လေသည်။ သန့်စင်သည့် အဖြူရောင် အလင်းတန်းများကြားတွင် ဒဏ်ရာမှာ ချက်ချင်းပင် ပျောက်ကင်း သွားလေသည်။

ဟွေခဲ့ဆရာတော်က ချီးရှိုးကို တစ်ချက်ကြည့်လိုက်ပြီး နူးညံ့စွာ ပြုံးလိုက်သည်။

"ကျေးဇူးပါပဲကွယ်"

သီလရှင်ငယ်လေး အသုံးပြုလိုက်သည့် ပညာမှာ ကျိကျိုက်သီလရှင် ကျောင်းမှ အကြောက်တရားမဲ့ တံဆိပ်တော်ပညာ ဖြစ်ကြောင်း ဆရာတော် ကောင်းကောင်း သိလေသည်။ ထိုသီလရှင်လေးသာ နွယ်ဖြူပင် ကျင့်စဉ်ကို ကျင့်ကြံအောင်မြင်မည် ဆိုလျှင် စန်းကွမ်း ပရိတ်ရေကို ဖော်စပ်နိုင်ပြီး အသက်သေသည့် လူကိုပင် ပြန်လည် အသက်သွင်းနိုင်မည် ဖြစ်သလို အရိုးကျနေသည့် အလောင်းကိုပင် အသားများ ပြန်လည် ပြည့်ဖြိုးစေပြီး အသက်သွင်းနိုင်မည် ဖြစ်လေသည်။

ဆန်းလျန်က ဟွေခဲ့ဆရာတော်ကို လက်အုပ်ချီ အရိုအသေ ပေးလိုက်ရင်း ...

"ဆရာတော် တကယ် အကြင်နာတရား ရှိတာပဲ"

ဟု သူ၏ စိတ်ရင်းအတိုင်း ဖွင့်ဟ ဝန်ခံလိုက်လေသည်။

အမှန်တော့ ဟွေခဲ့ဆရာတော်၏ တန်ခိုးစွမ်းအားမှာ ဟိုင်သခင်ကြီးလောက် ကြီးမားခြင်း မရှိပေ။ သို့သော် မင်ဝမ်ဝတ်ကျောင်းတော်တွင် ယခု ဟွေခဲ့ဆရာတော် အသုံးပြုခဲ့သည့် စွန့်လွှတ်ခြင်း ကျင့်စဉ်ကဲ့သို့ လျှို့ဝှက်ကျင့်စဉ်များစွာ ရှိလေသည်။

ဟွေခဲ့ဆရာတော်သာ လက်တစ်ဖက် ဆုံးရှုံးခံကာ စွန့်လွှတ်ခြင်း ကျင့်စဉ်ကို အသုံးမပြုခဲ့လျှင် ဟိုင်သခင်ကြီးထံမှ တန်ခိုးစွမ်းအားများကြောင့် အားလုံး ဒုက္ခရောက်ကြရမည် ဖြစ်လေသည်။ ဆန်းလျန် အနေဖြင့် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိသည့်တိုင် စုန့်ချင်းယီနှင့် ချီးရှိုးတို့ကတော့ ကာကွယ်နိုင်မည် မဟုတ်ပေ။ စုန့်ချင်းယီနှင့် ချီးရှိုးတို့မှာလည်း နာမည်ကြီး ကျင့်ကြံသူ ဂိုဏ်းများမှ တပည့်များ ဖြစ်သည့်အတွက် လျှို့ဝှက်ကျင့်စဉ်များဖြင့် ကာကွယ်ကောင်း ကာကွယ်နိုင်မည် ဆိုလျှင်တောင်မှ နတ်အရက်ဗိမာန် တစ်ခုလုံးက ပျက်စီးသွားရပြီး လူပေါင်းများစွာ သေကြေကြရမည် ဖြစ်လေသည်။

"အကြင်နာတရား ရှိတာ မဟုတ်ပါဘူး။ ဒီလိုမှ မဟုတ်ရင် အသက်ပေါင်းများစွာ ဆုံးရှုံးကြရမှာ မို့လို့ပါ။ ဒါနဲ့ ဒီလို အခြေအနေမျိုးနဲ့ ဒီနေရာမှာ မင်းနဲ့ ဆုံရလိမ့်မယ်လို့ မထင်မိဘူးကွဲ့"

ဟွေခဲ့ဆရာတော်က ပြောလိုက်လေသည်။

ဆန်းလျန်မှာလည်း လက်ရှိ အခြေအနေအရ ဟုန်ကျန်း ဆရာတော်က လာရောက် ဖိတ်ကြားသောကြောင့် ရောက်လာရသည့် အကြောင်းကို မပြော ဖြစ်လိုက်တော့ပေ။

သို့သော် ဟုန်ကျန်း ဆရာတော်၏ အခြေခံကျင့်စဉ် စွမ်းအားမှာ ခိုင်မာလွန်းလေသည်။ ထို့ကြောင့် ဟုန်ကျန်း ဆရာတော်သာ မင်ဝမ်ဝတ်ကျောင်းတော်မှ ရူပဓမ္မ ကျင့်စဉ်ကို ကျင့်ကြံမည် ဆိုလျှင် လူပြန် မဝင်စားလျှင်တောင်မှ အဆင့်မြင့်မြင့်သို့ ရောက်အောင် ကျင့်ကြံနိုင်မည် ဖြစ်လေသည်။ ဟွေခဲ့ဆရာတော်နှင့် ဟုန်ကျန်းဆရာတော်၏ ဆက်ဆံရေးက မည်သို့ရှိသည်လဲ ဆန်းလျန် မသိပါ။ သို့သော် ဟွေခဲ့ဆရာတော် အနေဖြင့် ဟုန်ကျန်းဆရာတော်ကို မင်ဝမ်ဝတ်ကျောင်းတော်၏ တပည့်အဖြစ် လက်ခံမည်လား ဆိုသည်ကတော့ မသေချာလှပေ။

"ဆရာတော်က ဒီလောက် ထိခိုက်ခံလိုက် ရတာတောင်မှ တည်ငြိမ်နေတာပဲ။ ကြည့်ရတာ သိပ်မကြာခင်မှာ ကျင့်စဉ်လမ်း အောင်မြင်တော့မယ် ထင်တယ်။ ပြီးတော့ ပေါင်ယွဲ့ ဆရာတော်ကြီးနဲ့လည်း တွေ့ဆုံရဦးမယ် မဟုတ်လား။ ဒါကြောင့် ဒီကြားထဲမှာ ဆရာတော်ကို ကျုပ်ကာကွယ် ပေးပါရစေ"

ဟွေခဲ့ဆရာတော်မှာ သူ၏ လက်တစ်ဖက်ကို အဆုံးရှုံးခံကာ လူအများကို ကယ်တင်ခဲ့သည့်တိုင် တည်ငြိမ်နေဆဲ ဖြစ်သည့် ဆရာတော်ကို ဆန်းလျန်က လေးစားနေမိ လေသည်။ ဟွေခဲ့ဆရာတော် ကဲ့သို့ ကိုယ်ကျိုးစွန့်သည့် လုပ်ရပ်မျိုးကို ဆန်းလျန်ပင် လုပ်နိုင်မည် မဟုတ်ပေ။

***

All Chapters