အဖက်ဖက်မှ တုံ့ပြန်မှုများ
Vol. 33 Ch. 350
"လက်နက်သွန်းလုပ်တဲ့ဖို ဟုတ်လား"
လန်တင်းအင်မော်တယ်အရှင်မှာ ခဏတာ မှင်တက်သွား၏။
ထန်ထျန်းကမူ ခေါင်းညိတ်ပြလိုက်သည်။
မနေ့က ကြယ်စင်စင်မြင့် ခရီးစဉ်အတွင်း သူသည် ကြယ်တာရာ ခရစ်စတယ် အမြောက်အမြားကို မထင်မှတ်ဘဲ ရရှိခဲ့သည်။
၎င်းတို့မှာ အကောင်းဆုံးသော လက်နက်သွန်းလုပ်ရေး ပစ္စည်းများဟု ဆိုနိုင်သည်။
၎င်းတို့ကို ရရှိပြီးနောက် ထန်ထျန်းက သူ့အတွက် လက်နက်တစ်ခု သွန်းလုပ်ရန် စိတ်ကူးရခဲ့ခြင်း ဖြစ်၏။
ဤလောကသို့ ရောက်ရှိလာကတည်းက သူ့တွင် လိုက်ဖက် သော လက်နက် အစစ်အမှန် တစ်ခုမှ မရှိသေးပေ။
ကြယ်တာရာ ခရစ်စတယ် များမှာ ထိုအတွက် အလွန် သင့်လျော်ပေသည်။
သို့သော် လက်နက်သွန်းလုပ်ခြင်းမှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။
ထန်ထျန်းက ကျင့်စဉ်ပေါင်းစုံကို ကျွမ်းကျင်သူဖြစ်ရာ လက်နက်သွန်းလုပ်ခြင်း မှာလည်း ပါဝင်ပြီးသား ဖြစ်၏။
ယခု သူလိုအပ်နေသည်မှာ အရည်အသွေး ကောင်းမွန်သော ဖိုတစ်ခုသာ ဖြစ်သည်။
သို့မှသာ ကြယ်တာရာ ခရစ်စတယ် များကို အရည်ဖျော်နိုင်မည် ဖြစ်၏။
"ကျွန်တော့်အတွက် လက်နက်တစ်ခု သွန်းလုပ်ချင်လို့ပါ"
ထန်ထျန်းက အရှိအတိုင်း ပြောလိုက်သည်။
လန်တင်းအင်မော်တယ်အရှင်မှာ နောက်တစ်ကြိမ် အံ့ဩသွားပြန်သည်။
"မင်းက လက်နက်သွန်းလုပ်တာကိုလည်း နားလည်တာလား"
"ဪ... ငါ မေ့သွားတယ်၊ နဂါးတံခါး စမ်းသပ်ပွဲတုန်းက မင်းက ဘက်စုံတော်တဲ့ ပါရမီရှင် တစ်ယောက်ပဲနော်..."
သူ ခဏတာ ဆွံ့အသွားရသည်။
အကယ်၍ ထိုစဉ်က နဂါးတံခါးမှာ ပြဿနာ မတက်ခဲ့လျှင် ထန်ထျန်းက ရှန်းယွမ်စင်မြင့်သို့ တိုက်ရိုက် ရောက်ရှိသွားမည်ဖြစ်ပြီး ယခုကဲ့သို့ ရှုပ်ထွေးသော ကိစ္စများလည်း ဖြစ်လာမည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ဘာမှပြော၍ မရတော့ဘဲ တတ်နိုင်သမျှ ပြန်လည် ဖြည့်ဆည်းပေးရန်သာ ရှိတော့သည်။
"ကောင်းပြီ... ရတယ်"
"မင်းအတွက် အရည်အသွေးကောင်းတဲ့ ဖိုတစ်ခုကို ငါကိုယ်တိုင် ရှာပေးမယ်"
လန်တင်းအင်မော်တယ်အရှင်က ကတိပေးလိုက်သည်။
ထန်ထျန်းက လက်သီးဆုပ် ၍ ကျေးဇူးတင်စကား ဆိုလိုက်၏။
လန်တင်းအင်မော်တယ်အရှင် ကိုယ်တိုင် ရှာပေးမည်ဆိုပါက ညံ့ဖျင်းသော ပစ္စည်းတစ်ခု ဖြစ်လာစရာ အကြောင်းမရှိပေ။
"တခြား လိုအပ်တာ ရှိသေးလား"
လန်တင်းအင်မော်တယ် အရှင် က မေးရာ ထန်ထျန်းက ခေါင်းခါပြလိုက်သည်။
ယနေ့ သူရရှိခဲ့သော အကျိုးကျေးဇူးမှာ ခန့်မှန်းထားသည်ထက်ပင် ကျော်လွန်နေပြီဖြစ်ရာ သူက လောဘကြီးသောသူ မဟုတ်ပေ။
လန်တင်းအင်မော်တယ်အရှင်က ခေါင်းညိတ်ပြပြီးနောက် သူတို့နှစ်ဦးမှာ စကားဆက်မပြောတော့ဘဲ အကာအကွယ်ကို ဖယ်ရှားလိုက်ကြသည်။
ထို့နောက်တွင် ထန်ထျန်းက ကျင့်စဉ်များ နားလည်မှုကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်ပြီး ၁၀၀ မြောက်သော အဆင့်မြင့် ကျင့်စဉ်ကို ယူဆောင်ကာ အောက်ရှိ လူအုပ်ထဲသို့ ပြန်လည် ဆင်းသက်လာခဲ့သည်။
စောင့်ကြည့်နေသော တပည့်များမှာလည်း သက်ပြင်းရှည်ကြီး ချလိုက်ကြတော့သည်။
နောက်ဆုံးတော့ ပြီးသွားပြီ...။
သို့သော် ထန်ထျန်းသာ ဆက် လုပ်ရန် ရွေးချယ်ခဲ့မည်ဆိုလျှင် သူတင်ထားသော မယုံနိုင်စရာ စံချိန်ကို ဆက်လက် မြှင့်တင်နိုင်မည် ဖြစ်ကြောင်း လူတိုင်း သိကြသည်။
အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် ၁၀၀ ကို ဆက်တိုက် နားလည်နိုင်ခြင်း ဆိုသည်မှာ တကယ်ကို မယုံနိုင်စရာ ကိန်းဂဏန်းပင် ဖြစ်၏။
ထန်ထျန်း ပြီးဆုံးသွားပြီးနောက်မှသာ ကျန်ရှိနေသော တပည့်အချို့က စင်မြင့် ပေါ်သို့ တက်လာကြသည်။
ထိုအထဲတွင် တပည့်တစ်ဦးမှာ အဆင့်မြင့် ကျင့်စဉ် နှစ်ခုကို ဆက်တိုက် နားလည်နိုင်ခဲ့သဖြင့် စွမ်းဆောင်ရည် မဆိုးလှသော်လည်း ထန်ထျန်း၏ စံချိန်ရှေ့တွင်မူ ဘာမှ မဟုတ်တော့ပေ။
နောက်ဆုံးတွင် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ကျင့်စဉ်မျှော်စင်မှ ထွက်ပေါ်နေသော အလင်းတန်းများ မှိန်ဖျော့သွားကာ ကုံးချန်ခြံဝင်း တပည့်အသစ်များအတွက် အထူးအခွင့်အရေးမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထန်ထျန်း၏ အံ့ဖွယ်စံချိန်သစ်မှာ နှင်းပွင့်များသဖွယ် ထျန်းဖူနန်းတော် တစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။
......
"ဘာ တစ်နာရီကျော်အတွင်းမှာ အဆင့်မြင့်ကျင့်စဉ် ၁၀၀ ကို ဆက်တိုက် နားလည်ခဲ့တယ် ဟုတ်လား"
"အိမ်မက်မက်နေတာလား ဒီလို မဖြစ်နိုင်တဲ့ သတင်းတွေ ဘယ်ကနေ ထွက်လာတာလဲ"
"မဟုတ်ဘူး... ဒါက အမှန်ပဲ။ အဲဒီလူက တခြားသူမဟုတ်ဘူး၊ ပြီးခဲ့တဲ့ရက်က နာမည်ကြီးခဲ့တဲ့ အပြင်လောကက တပည့်အသစ် ထန်ထျန်းပဲ"
"ဘုရားရေ... ဒါက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်"
"ဒါပေါ့... ထျန်းဖူနန်းတော်ရဲ့ အဆင့်မြင့် အကြီးအကဲ တွေတောင် တုန်လှုပ်ကုန်တာ။ လန်တင်းအင်မော်တယ်အရှင် ကိုယ်တိုင်တောင် ရောက်လာခဲ့တာလေ"
ထန်ထျန်း၏ ကိစ္စမှာ ထျန်းဖူနန်းတော်အတွင်း၌ ဗုံးတစ်လုံး ပေါက်ကွဲလိုက်သကဲ့သို့ ရက်အနည်းငယ်အတွင်း အုန်းအုန်းကျွက်ကျွက် ဖြစ်သွားတော့သည်။
အချို့မှာ မဖြစ်နိုင်ဟု ငြင်းဆန်နေကြသော်လည်း ခိုင်လုံသော သက်သေများကို မြင်လိုက်ရသောအခါ မျက်နှာများ ပြာနှမ်းကုန်ကြရသည်။
အချို့ဆိုလျှင် တာအိုနှလုံးသား များပင် ယိုင်နဲ့သွားကြ၏။
ထိပ်တန်းတပည့်များပင်လျှင် ယင်းကို လက်ခံရန် ခက်ခဲနေကြသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူ ဘယ်လိုလုပ်လိုက်တာလဲ"
ယခုနှစ် ရှန်းယွမ်စင်မြင့်သို့ တက်လှမ်းနိုင်ခဲ့သော တပည့် ယင်းချန် မှာ မျက်မှောင်ကြုတ်လျက် စဉ်းစားမရ ဖြစ်နေသည်။
ရှန်းယွမ်စင်မြင့်သို့ တက်လှမ်းခဲ့သော မိန်းကလေး လော့ရှီး မှာမူ မျက်လုံးများ တောက်ပလျက် ထုန်းရှန့်တောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"ရှင်က သာမန်မဟုတ်ဘူးဆိုတာ ကျွန်မ သိသားပဲ။ "
"ဟွန့်... ရှင် ရှန်းယွမ်စင်မြင့်ကို ရောက်လာတဲ့အခါ ကျွန်မ ရှင်နဲ့ အပြတ်အသတ် တိုက်ဦးမယ်"
နန်းတော်အတွင်းရှိ ထိပ်တန်း အင်အားစုများတွင်လည်း တုံ့ပြန်မှု အမျိုးမျိုး ရှိနေသည်။
စစ်နတ်ဘုရားနန်းတော် တွင်မူ ထျန်းယွမ်အင်မော်တယ်အရှင် က သူအချစ်ဆုံးသော ကျောက်စိမ်းပစ္စည်း များကို ရိုက်ခွဲကာ ဒေါသတကြီး အော်ဟစ်နေသည်။
အကြောင်းမှာ ဤကိစ္စ ဖြစ်ပျက်ပြီးနောက်တွင် ထန်ထျန်းကို သာမန်နည်းလမ်းဖြင့် ရန်စရန်မှာ လုံးဝ မဖြစ်နိုင်တော့ကြောင်း သူ သိသွားသောကြောင့် ဖြစ်၏။
မိုမိသားစု ထဲတွင်မူ အခြေအနေက ပေါ့ပါးနေသည်။
"ဟားဟား... ညီမလေးရဲ့ အမြင်က တကယ်ကို စူးရှတာပဲ။ ကံကောင်းလို့ ထန်ထျန်းနဲ့ ဝေးဝေး နေဖို့ ပြောခဲ့တဲ့ ငါ့စကားကို သူမ နားမထောင်ခဲ့တာ။"
" ဒီကောင်ကတော့ တကယ့်ကို ကောင်းကင်ကို ဆန့်ကျင်မယ့်သူပဲ"
မိုရှု၏ အစ်ကို မိုကျွင်း က ပြုံး၍ ပြောလိုက်သည်။
ထို့နောက် သူက သူတို့မိသားစု၏ အခြားပါရမီရှင်တစ်ဦးထံ သတင်းပို့လိုက်သည်။
" ညီမလေး မိုရှု... ရွှမ်ဟွမ်မူလသတ္တု ကိစ္စကို မေ့လိုက်တော့။ မိသားစုက မင်းအတွက် တခြားတစ်ခု ပြန်ပေးမယ်။"
" ကုံးချန်ခြံဝင်းထဲမှာ ထန်ထျန်းနဲ့ ဘာပြဿနာမှ မဖြစ်အောင် နေနော်"
မိုရှုက ချက်ချင်း ပြန်ဖြေလာသည်။
"အစ်ကို စိတ်ချပါ။ ကျွန်မမှာ အစီအစဉ် ရှိပါတယ်။ "
" ရွှမ်ဟွမ်မူလသတ္တု အတွက်လည်း စိတ်မပူပါနဲ့၊ ကျွန်မ အရွယ်ရောက်ပြီဆိုတော့ ကျွန်မကိစ္စကို ကျွန်မကိုယ်တိုင်ပဲ ဖြေရှင်းပါ့မယ်"
အခြားတစ်ဖက်တွင်မူ ဟန်မိသားစု က ဘာမှ မပြောပေ။ သူတို့က ပင်ကိုယ်ကပင် အေးဆေးနေတတ်သူများ ဖြစ်ကြသည်။
သို့သော် ရွှမ်ယွင်မျှော်စင် ဘက်ကမူ တုံ့ပြန်မှု ပြင်းထန်နေသည်။
"ထန်ထျန်းက ပိုက်ဆံရှိရင် နဂါးတံခါးမှာ ဖြစ်ခဲ့တဲ့ ဆုံးရှုံးမှုတွေကို အရင် ဆပ်သင့်တယ်။ "
"အခုတော့ အဲဒီမှာ လျှောက်ပြီး ဖြုန်းတီးနေတယ်"
သူက ပြော ကာ ထန်ထျန်းကို တိုက်ခိုက်နေကြသည်။
သို့သော် ထောက်ခံသူ သိပ်မရှိပေ။
ထျန်းဖူနန်းတော် အဆင့်မြင့် အကြီးအကဲ တွေတောင် ဘာမှ မပြောတာကို မင်းတို့က ဘာဖြစ်နေတာလဲဟု လူများက ပြန်တွေးကြသည်။
ရှောင်းယောင် မိသားစု ၏ တုံ့ပြန်မှုမှာမူ အံ့ဩစရာ ကောင်းလှသည်။
"ဒီလို ပါရမီရှင်မျိုး ရရှိတာဟာ နန်းတော်အတွက် ကံကောင်းခြင်းပဲ။ "
"အစွမ်းကုန် ပျိုးထောင်ပေးသင့်တယ်"
ရှောင်းယောင်မိသားစုက ပုံမှန်အားဖြင့် အငြင်းပွားမှုများတွင် မပါဝင်တတ်သော်လည်း ထန်ထျန်းကို စစ်ဆေးစဉ်တုန်းကလည်း သူတို့က ထန်ထျန်းဘက်က ရပ်တည်ပေးခဲ့ဖူးသည်။
ထို့ကြောင့် လူအများက ထန်ထျန်းနှင့် ရှောင်းယောင်မိသားစုကြားတွင် ပတ်သက်မှု တစ်ခုခု ရှိနေသလားဟု သံသယ ဝင်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ ထန်ထျန်း၏ ကျင့်စဉ်မျှော်စင် ခရီးစဉ်မှာ ထျန်းဖူ နန်းတော်အတွင်း နောက်ထပ် လှိုင်းလုံးကြီးတစ်ခုကို ဖန်တီးလိုက်ပြန်ပြီ ဖြစ်သည်။
လူအများက ဤအပြင်ကလာသော လူငယ်လေးသည် ထျန်းဖူနန်းတော်တွင် မည်မျှအထိ မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်မလဲဆိုသည်ကို စောင့်ကြည့်နေကြတော့သည်။
သို့သော် ဤလှိုင်းလုံးကြီးကို ဖန်တီးခဲ့သူ ထန်ထျန်းမှာမူ ရက်အနည်းငယ်အတွင်း အပြင်သို့ မထွက်ခဲ့ပေ။
သူက သူ၏ ချင်းရွှီခြံဝင်း ထဲတွင် ကြီးမားသော ဖိုကြီးတစ်ခု၏ ရှေ့၌သာ အချိန်ကုန်နေခဲ့သည်။
တောက်လောင်နေသော မီးလျှံများကြားတွင် တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည့် ဓားရှည်တစ်လက်မှာ တဖြည်းဖြည်း ပုံပေါ်လာနေလေတော့သည်။