အခြေချရန် ပြင်ဆင်ခြင်း
Vol. 33 Ch. 353
"ဒါဆိုရင်... ဒါက ငါ့ရဲ့ တတိယမြောက် စနစ် ပေါ့"
ထန်ထျန်းက မရယ်ဘဲ မနေနိုင်တော့ပေ။
သူကိုယ်တိုင် သွန်းလုပ်ထားသည့် ဤရတနာမှာ အမှန်တကယ်ပင် သမားရိုးကျ စနစ်တစ်ခုနှင့် တစ်ထေရာတည်း တူညီနေ၏။
ပထမဦးစွာ ၎င်းက လူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ အလွယ်တကူ ပေါင်းစပ်နိုင်သည်။
ထို့အပြင် ၎င်းမှာ ပုံသဏ္ဌာန်မရှိသဖြင့် နိယာမ အဆင့်တွင် အလွန်မြင့်မားသော နားလည်မှုရှိသူ မဟုတ်ပါက သာမန်လူများအနေဖြင့် ၎င်းတည်ရှိနေသည်ကို လုံးဝ သိနိုင်မည် မဟုတ်ပေ။
လျှို့ဝှက်နိုင်စွမ်းမှာ အပြည့်အဝပင် ဖြစ်၏။
ဒုတိယအချက်မှာ ၎င်း၌ ပစ္စည်းသိုလှောင်နိုင်စွမ်းလည်း ရှိသည်။
ထန်ထျန်းက ပစ္စည်းများစွာကို အသုံးပြု၍ ၎င်းအတွင်း၌ ကြီးမားသော ဟင်းလင်းပြင်တစ်ခုကို အထူးတလည် ထည့်သွင်းပေးထားခြင်း ဖြစ်၏။
အမှန်အတိုင်း ပြောရလျှင် ထိုအရာက အလွန်အမင်း အသုံးဝင်လှသည်တော့ မဟုတ်သော်လည်း ထန်ထျန်း၏ ဝါသနာအရ ထည့်သွင်းထားခြင်းသာ ဖြစ်သည်။
နောက်ဆုံးအချက်မှာ ၎င်း၏ လုပ်ဆောင်ချက်များ ဖြစ်၏။
ထန်ထျန်း၏ ပုံစံ အရ လုပ်ဆောင်ချက် နှစ်ခုစလုံးကို အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပြီ ဖြစ်သည်။
မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် မည်သည့်ဖြစ်ရပ်ကိုမဆို သိလိုပါက စိတ်ထဲမှ နှိုးလိုက်ရုံဖြင့် လိုချင်သော သတင်းအချက်အလက်အားလုံး ပေါ်လာလိမ့်မည်။
သတင်းအချက်အလက်များကို စုဆောင်းလိုသည့်အခါတွင်လည်း ပို့ဆောင်လိုသော သတင်းများကို ရှေ့တွင် ချထားပေးရုံဖြင့် ၎င်းက အလိုအလျောက် မှတ်သားသွားမည် ဖြစ်၏။
၎င်းအပြင် ပတ်ဝန်းကျင်ရှိ အခြေအနေများကို အလိုအလျောက် စုဆောင်းနိုင်သော လုပ်ဆောင်ချက်လည်း ပါဝင်သဖြင့် အလွန်ပင် အဆင်ပြေလှသည်။
ထိုလုပ်ဆောင်ချက် နှစ်မျိုးစလုံးမှာ စနစ်တစ်ခု၏ အလုပ်လုပ်ပုံနှင့် တစ်ထေရာတည်း တူညီနေခြင်း ဖြစ်၏။
ထို့အပြင် ဤစနစ်အသစ်၌ ထူးခြားသော အားသာချက်တစ်ခု ရှိနေသေးသည်။
၎င်းမှာ သူအလိုရှိသူထံသို့ လွတ်လပ်စွာ လွှဲပြောင်းပေးနိုင်ခြင်းပင် ဖြစ်၏။
"ဒီလောက်တောင် တူနေမှတော့ မင်းကို ကျင့်ကြံရေးလောက နာမည်တွေ ပေးမနေတော့ဘူး"
"ဒါဆိုရင်... "
"မင်းကို ရှောင်ကျိ လို့ပဲ ခေါ်မယ်"
ထန်ထျန်းက သာမန်ကာလျှံကာပင် နာမည်ပေးလိုက်သည်။
ရှောင်ကျိမှာ သက်မဲ့ကိရိယာ သက်သက်သာ ဖြစ်ပြီး ကိုယ်ပိုင်စိတ်ဆန္ဒ မရှိသဖြင့် မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။
ဤအရာအားလုံး ပြီးဆုံးသွားသည့်အခါတွင်မှ ထန်ထျန်းက သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။
လွန်ခဲ့သည့် နှစ်ပတ်လုံး သူက လက်နက်သွန်းလုပ်ခြင်း ထဲ၌သာ နစ်မြုပ်နေခဲ့ခြင်း ဖြစ်သည်။ ခန္ဓာကိုယ်ပိုင်းအရ မပင်ပန်းသော်လည်း စိတ်ပိုင်းဆိုင်ရာတွင်မူ အတော်လေး နွမ်းနယ်မှုကို ခံစားနေရ၏။
အရင်က သူသည် ဤမျှအထိ ကြိုးစားခဲ့ဖူးခြင်း မရှိပေ။
ယခုတစ်ကြိမ်တွင် သူ့အတွက် သီးသန့်လက်နက် သွန်းလုပ်ရန်နှင့် အသုံးဝင်မည့် စနစ်တစ်ခု ဖန်တီးရန်သာ မဟုတ်ပါက သူသည် ဤမျှအထိ အားစိုက်ထုတ်မည် မဟုတ်ပါ။
သက်သောင့်သက်သာ ကျင့်ကြံခြင်းနှင့် ပျော်ရွှင်စွာ ကျင့်ကြံခြင်းမှာ သူ၏ အမြဲတမ်း လက်ကိုင်ထားသော မူ ပင် ဖြစ်သည်။
ခဏမျှ နားပြီးနောက် ထန်ထျန်းက လီဟုန်ကို ခေါ်လိုက်၏။
လီဟုန်အား ရှောင်ကျိ၏ လုပ်ဆောင်ချက်အချို့ကို ရှင်းပြလိုက်သည့်အခါ လီဟုန်မှာ မျက်လုံးများ ပြူးထွက်သွားရသည်။
"သခင်လေး... သခင်လေး က တကယ့်ကို နတ်ဘုရားတစ်ပါး လူ့လောကကို ဆင်းသက်လာတာပဲ"
"ဒီလိုမျိုး ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ရတနာမျိုးကိုတောင် သွန်းလုပ်နိုင်တယ်လား"
ထန်ထျန်း၏ မယုံနိုင်စရာ လုပ်ရပ်များကို မြင်တွေ့နေကျ ဖြစ်သော်လည်း ရှောင်ကျိဟု ခေါ်သော ဤအရာက လီဟုန်ကို များစွာ တုန်လှုပ်စေခဲ့ခြင်း ဖြစ်၏။
ဤကဲ့သို့သော ရတနာမျိုး ရှိသည်ကို သူ တစ်ခါမျှ မမြင်ဖူးသလို ကြားပင်မကြားဖူးခဲ့ပေ။
အဓိကမှာ မည်သူကမျှ ဤသို့ မလုပ်ကြခြင်းကြောင့်ပင် ဖြစ်၏။
မည်သူကများ ဤမျှ ကြောက်စရာကောင်းသော စွမ်းအားကို သတင်းအချက်အလက် စုဆောင်းရုံသက်သက်အတွက် အဖြုန်းတီးခံမည်နည်း။
သို့သော် ထန်ထျန်းကမူ တခြားသူများကို မသိသဖြင့် အနေရခက်သောကြောင့်သာ ဤအရာကို လုပ်ခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ...
လီဟုန် ပြောစရာ စကားလုံးပင် မရှိတော့ပေ။
သူက သူ့ကိုယ်သူသာ "သခင်လေးကတော့ နတ်ဘုရားတစ်ပါးပဲ၊ နတ်ဘုရားတွေရဲ့ အလုပ်ကို ငါ့လို လူသားတစ်ယောက် နားမလည်နိုင်တာ သဘာဝပဲ" ဟုသာ နှစ်သိမ့်နေရတော့သည်။
"ဒီရက်ပိုင်းအတွင်းမှာ ရှောင်ကျိကို မင်းဆီ ခဏပေးထားမယ်"
"မင်း ရှာတွေ့သမျှ သတင်းအချက်အလက်အားလုံးကို အသေးစိတ်ကအစ အကုန်လုံး အထဲမှာ ထည့်ပြီး သိမ်းထားလိုက်"
ထန်ထျန်းက ပြော ၏။
လီဟုန်က အလေးအနက် ခေါင်းညိတ်လိုက်သည်။
တုန်လှုပ်မှုများ ပြီးဆုံးသွားသည့်အခါတွင် စိတ်လှုပ်ရှားမှုများက အစားထိုး ဝင်ရောက်လာ၏။
ဤကာလအတွင်း သူနှင့် လန်ယွီ ညီအစ်မတို့မှာ ထန်ထျန်းအတွက် သတင်းအချက်အလက်များ စုဆောင်းပေးရန် မနားတမ်း ပြေးလွှားခဲ့ရသည်။
အောင်မြင်မှု အနည်းငယ် ရရှိသော်လည်း လူပင်ပန်းလှ၏။
ယခု ရှောင်ကျိ ရှိလာပြီဖြစ်ရာ သူတို့အနေဖြင့် တခြားသော အရေးကြီးသည့် ကိစ္စများကို အေးဆေးစွာ လုပ်ဆောင်နိုင်တော့မည် ဖြစ်သည်။
"စိတ်ချပါ သခင်လေး၊ ကျွန်တော် အောင်မြင်အောင် လုပ်ပါ့မယ်"
လီဟုန်က ပြော သည်။
ထို့နောက် ထန်ထျန်းက ရှောင်ကျိကို သူ့ခန္ဓာကိုယ်ထဲမှ ထုတ်၍ လီဟုန်၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးလိုက်၏။
ရှောင်ကျိက သူ့အတွင်း၌ အခြေချသွားသည်ကို ခံစားလိုက်ရသည့်အခါ လီဟုန်မှာ တစ်ဖန် အံ့ဩသွားပြန်ပြီး ၎င်း၏ စွမ်းရည်များကို ချီးကျူးမဆုံး ဖြစ်နေတော့သည်။
"ဒါက တကယ့်ကို... အံ့ဩစရာကောင်းတယ်"
သူက ရေရွတ်မိ၏။
အတန်ကြာမှ သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်သွားသည်။
ထို့နောက် လီဟုန်က အနည်းငယ် အားနာစွာဖြင့် "သခင်လေး... သတင်းပို့စရာ ကိစ္စတစ်ခု ရှိပါသေးတယ်"
ထန်ထျန်းက ခေါင်းညိတ်သည်။ "ပြော"
လီဟုန်က "ခေါင်းဆောင် ဝမ်ကန်းဆီကနေ သတင်းတစ်ခု ရောက်လာပါတယ်"
"ထျန်းရှထုန် ကုန်သွယ်ရေးအသင်းက ချင်းယွဲ့ဂိုဏ်း ဘက်မှာ အခိုင်အမာ ခြေကုပ်ယူနိုင်သွားပါပြီ"
"ကျွန်တော်တို့က ကုန်သွယ်ရေးအသင်းကြီး ၁၅ ခုနဲ့ တခြား အလတ်စား၊ အသေး စား အသင်းပေါင်းများစွာကို ဝါးမြိုပြီး အကုန်လုံးကို တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ပြီးပါပြီ"
"ချင်းယွဲ့ဂိုဏ်းရဲ့ အာဏာတည်ဆောက်ပုံက အပြောင်းအလဲကြီးကြီးမားမား မရှိသရွေ့နဲ့ ကျွန်တော်တို့ဆီမှာ ရန်ပုံငွေ မပြတ်လပ်သရွေ့ အဲဒီဘက်မှာ ဘာပြဿနာမှ ရှိမှာ မဟုတ်တော့ပါဘူး"
"ဒါကြောင့် သူက အခုအချိန်ဟာ ပိုမိုကျယ်ပြန့်တဲ့ နေရာကို တိုးချဲ့ဖို့ အချိန်တန်ပြီလို့ ယုံကြည် နေပါတယ်"
ထန်ထျန်းက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်၏။
ထျန်းရှထုန် ကုန်သွယ်ရေးအသင်း စတင်ချဲ့ထွင်လာခဲ့သည်မှာ နှစ်ဝက်ကျော်မျှသာ ရှိသေးသော်လည်း ၎င်းတို့၌ အကန့်အသတ်မရှိသော ရန်ပုံငွေရှိသလို ချင်းယွဲ့ဂိုဏ်း၏ တိုက်ရိုက်ကာကွယ်မှုကိုလည်း ရရှိထားသည်။
ကုန်သွယ်ရေးအသင်းတိုင်း ရပ်တည်ရန် ခက်ခဲနေသည့် အချိန်မျိုးတွင် သူတို့၏ ချဲ့ထွင်မှုမှာ အလွန်ပင် ချောမွေ့ခဲ့ခြင်း ဖြစ်၏။
သို့သော် ၎င်းမှာ ဝမ်ကန်း၏ စွမ်းဆောင်ရည်ကို လျှော့တွက်၍ မရပေ။
တခြားအသင်းများကို ဝါးမြိုရန် လွယ်ကူသော်လည်း အားလုံးကို စနစ်တကျ ပြန်လည် ပေါင်းစည်းရန်မှာ ခက်ခဲလှသည်။
ဤမျှ တိုတောင်းသော အချိန်အတွင်း အသင်းကို တည်ငြိမ်အောင် လုပ်နိုင်ခြင်းမှာ သူ၏ အရည်အချင်းကို သက်သေပြနေခြင်းပင် ဖြစ်၏။
"အဲဒီဘက်မှာ ရန်ပုံငွေ လုံလောက်သေးရဲ့လား"
ထန်ထျန်းက မေးလိုက်သည်။
လီဟုန်းက "လုံလောက်ပါတယ်"
"ချင်းယွဲ့ဂိုဏ်းကနေ ထွက်လာပြီးကတည်းက ကျွန်တော်တို့ သူ့ဆီကို ရှန့်ထန်း တာအိုကျောက်စိမ်း ၃ သန်းကျော် ပေးပို့ခဲ့ပြီးပါပြီ"
"ခေါင်းဆောင် ဝမ်ကန်းရဲ့ စနစ်ကျတဲ့ စီမံခန့်ခွဲမှုကြောင့် အခုထိ သိန်းဂဏန်းလောက် ကျန်ပါသေးတယ်"
ထန်ထျန်းက အသိအမှတ်ပြုသည့်အနေဖြင့် အသံပြုလိုက်၏။ အပြင်လောကတွင် အကွာအဝေးကြီးမားသော တည်နေရာရွှေ့ပြောင်း အစီအရင် များ ရှားပါးသော်လည်း အသေးစားများမှာမူ ရှိနေသေးသည်။
သူတို့က ဝမ်ကန်းထံသို့ ငွေများကို အခါအားလျော်စွာ ပို့ပေးခဲ့သော်လည်း လီဟုန်ကသာ တာဝန်ယူရသဖြင့် ထန်ထျန်းက ပမာဏအတိအကျကို မသိပေ။
သူကလည်း သိရန် စိတ်မဝင်စားပေ ၊ အဘယ်ကြောင့်ဆိုသော် သူ၏ အိတ်ထဲ၌ ငွေများက အမြဲတမ်း တိုးနေသောကြောင့် ဖြစ်၏။
"ချင်းယွဲ့ဂိုဏ်းဘက်ကရော ဘယ်လိုလဲ"
ထန်ထျန်းက ထပ်မေးသည်။
လီဟုန်းက "ဘာပြဿနာမှ မရှိပါဘူး"
"ဂိုဏ်းချုပ်လေး ယွင်ခုံးက အခုဆိုရင် ဂိုဏ်းချုပ်ရာထူးအတွက် အတည်ဖြစ်သွားပါပြီ၊ တရားဝင် ကြေညာဖို့ပဲ လိုပါတော့တယ်။"
"ဒု ဂိုဏ်းချုပ် ချီယွမ်ရဲ့ ရာထူးကလည်း ဘယ်သူမှ လှုပ်ခါလို့ မရပါဘူး"
"သူတို့ နှစ်ယောက်လုံးက သခင်လေးကို အပြတ်အသတ် ထောက်ခံသူတွေပါ"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
ချင်းယွဲ့ဂိုဏ်းမှ မထွက်ခွာမီ သူက အရာအားလုံးကို စီစဉ်ထားခဲ့ပြီးသား ဖြစ်၏။
အနည်းဆုံးတော့ ချီယွမ် ရာထူးရှိနေသရွေ့ ပြဿနာကြီးကြီးမားမား ရှိလာစရာ အကြောင်းမရှိပေ။
"ကောင်းပြီ"
ထန်ထျန်းက ပြော သည်။"ဝမ်ကန်းကို အကြောင်းကြားလိုက်၊ ကုန်သွယ်ရေးအသင်းကို ထျန်းဖူနန်းတော်ထဲမှာ အခြေချဖို့ ပြင်ဆင်ခိုင်းလိုက်တော့"
"ဒါ့အပြင် ယုံကြည်ရတဲ့သူတစ်ယောက်ကို ဧကရာဇ်မြို့ရဲ့ ပုံရိပ်ယောင်ကမ္ဘာ ဆီကို လွှတ်ခိုင်းလိုက်၊ ငါ နောက်ထပ် ၁၀ သန်း ထပ်ပေးမယ်"
"ထျန်းဖူနန်းတော် ဘက်မှာ ချဲ့ထွင်ရမှာ ဖြစ်သလို အခြေစိုက်စခန်းကိုလည်း ပစ်ထားလို့ မရဘူး"
လီဟုန်က ခေါင်းညိတ်ကာ နာခံလိုက်၏။
အသေးစိတ်အချက်အလက်အချို့ကို ထပ်မံမှာကြားပြီးနောက် လီဟုန်က အလုပ်ကိစ္စများ လုပ်ဆောင်ရန် ထွက်ခွာသွားခဲ့သည်။
ထန်ထျန်းက အဝေးသို့ လှမ်းကြည့်ရင်း သက်ပြင်းကို အသာအယာ ချလိုက်မိ၏။
ကြည့်ရသည်မှာ မိုရှု၏ အစ်ကိုဖြစ်သူ မိုကျွင်းကို သွားတွေ့ရတော့မည် ထင်သည်။
သွားသည့်အခါ ရွှမ်ဟွမ်မူလသတ္တု ကိုလည်း တစ်ပါတည်း ယူသွားရမည်။
ထိုစဉ်က မိုရှုသည် ၁.၁ သန်းအထိ ပေးပြီး ဝယ်လိုခဲ့သဖြင့် သူမအတွက် အလွန်လိုအပ်မည်မှာ သေချာသည်။
လက်ရှိ မိသားစုနှစ်ခု၏ ဆက်ဆံရေးအရ ထန်ထျန်းအနေဖြင့် မည်သည့် အဖုအထစ်မျှ မကျန်စေလိုပေ။
ထို့အပြင် ဖြေရှင်းရန် ပြင်ဆင်ထားရမည့် ကိစ္စတစ်ခုလည်း ရှိနေသေးသည်။
သူက သူ့ နေရာလွတ် ကို လှမ်းကြည့်လိုက်၏။
ရှင်းဟယ် အင်မော်တယ်အရှင် ၏ ဝိညာဉ်စာချုပ် မှာ ထိုနေရာ၌ ငြိမ်သက်စွာ ရှိနေဆဲ ဖြစ်၏။