← Chapters

လေ့ကျင့်ရေးကွင်း လေးခု

Vol. 33 Ch. 354

လေ့ကျင့်ရေးကွင်း လေးခု

Vol. 33 Ch. 354

တစ်ညတာ အနားယူပြီးနောက် နောက်တစ်နေ့ နံနက်စောစောတွင် ထန်ထျန်းက မိုကျွင်း ထံသို့ တိုက်ရိုက် ဆက်သွယ်လိုက်၏။

"ညီလေး ထန်..."

တစ်ဖက်မှ မိုကျွင်း၏ ပွင့်လင်းသော ရယ်မောသံ ထွက်ပေါ်လာသည်။

"မင်းက ငါ့ကို အရင်တစ်ခါမှ အရင် မဆက်သွယ်ဖူးဘူးနော်။"

" ကဲ... ပြောပါဦး၊ ငါ့ကို ဘာများ ခိုင်းစရာ ရှိလို့လဲ"

မိုကျွင်းက စနောက်လိုက်၏။

ထန်ထျန်းက "အစ်ကိုမို... အားနာစရာတွေ ပြောနေပြန်ပြီ။"

" ဒီရက်ပိုင်းအတွင်း ကိစ္စတွေ နဲ့ လုံးပန်းနေရလို့ တခြား ဘာကိုမှ ဂရုမစိုက်နိုင်ခဲ့တာပါ။"

" နောင်တစ်ချိန် အားတဲ့အခါကျမှ မင်းဆီကို အရောက်လာပြီး တောင်းပန်ပါ့မယ်"

သူနှင့် မိုကျွင်း၏ ဆက်ဆံရေးမှာ မိုရှောင်းရှောင်း နှင့်ကဲ့သို့ မဟုတ်သဖြင့် လိုအပ်သော ယဉ်ကျေးပျူငှာမှုများကိုမူ ပြုလုပ်ရပေဦးမည်။

မိုကျွင်းက ပြုံး ရင်း "အဲဒါတွေ မလိုပါဘူး၊ ငါတို့ နောက်ပိုင်း ခဏခဏ ဆက်သွယ်ကြတာပေါ့။ "

"မင်းဘက်က အခြေအနေတွေကိုလည်း ငါ ကောင်းကောင်း သိပါတယ်။ "

"ညီလေး ... မင်းကတော့ တကယ့်ကို အစွမ်းထက်တာပဲ၊ ဒီတစ်ခေါက် မင်းလုပ်လိုက်တဲ့ ကိစ္စက ထျန်းဖူနန်းတော် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တာ။ "

"အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် အခုတစ်ရာကို ဆက်တိုက် နားလည်သဘောပေါက်သွားတာက ထျန်းဖူနန်းတော် ရဲ့ သမိုင်းမှတ်တမ်းမှာ သေချာပေါက် ရေးထိုးခံရမှာပဲ"

သူက အံ့သြစွာ ပြောလိုက်၏။

ထန်ထျန်း၏ ဤကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်သော လုပ်ရပ်မှာ အမှန်တကယ်ပင် လူသားတို့၏ နားလည်နိုင်စွမ်း အကန့်အသတ်ကို ကျော်လွန်နေခြင်း ဖြစ်သည်။

ထိုသတင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မိုမိသားစု၏ အဆင့်မြင့် အကြီးအကဲ ပိုင်းများက မိုကျွင်းကို ကိုယ်တိုင်ကိုယ်ကျ ခေါ်ယူတွေ့ဆုံခဲ့ကြ၏။

နှစ်ဖက်စလုံး တည်ဆောက်ထားသော ဆက်ဆံရေးကို သိရှိသွားသည့်အခါ သူတို့က များစွာ ချီးကျူးခဲ့ကြပြီး ထန်ထျန်းနှင့် ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းရန်နှင့် အခွင့်အရေး ရပါက မိုမိသားစုဘက်သို့ ပါလာအောင် စည်းရုံးရန် မိုကျွင်းကို အမိန့်ပေးခဲ့ကြသည်။

ထို့ကြောင့် ထန်ထျန်းက သူ့ကို ဦးစွာ ဆက်သွယ်လာခြင်းအပေါ် မိုကျွင်းမှာ များစွာ ဝမ်းမြောက်နေခြင်း ဖြစ်၏။

"ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ"

ထန်ထျန်းက ဤကဲ့သို့သော ကိစ္စများကို အမြဲတမ်း နှိမ့်ချစွာပင် စကားလွှဲလိုက်သည်။

ထို့နောက် "မိုရှောင်းရှောင်း ရဲ့ တံခါးပိတ် ကျင့်ကြံမှုက ဘယ်လိုလဲ"

မိုကျွင်းက "မဆိုးပါဘူး၊ ကျင့်ကြံမှု ရလဒ်ကတော့ အံ့ဩစရာကောင်းလောက်အောင် ကောင်းနေတယ်။"

" ဒါက သူမရဲ့ စိတ် နဲ့များ ဆိုင်မလားတော့ မသိဘူး။ "

"ခန့်မှန်းရသလောက်တော့ နောက်ထပ် နှစ်လလောက်ဆိုရင် တရားဝင် ထွက်လာနိုင်မှာပါ"

ထန်ထျန်းက ခေါင်းညိတ်လိုက်၏။

မိုရှောင်းရှောင်းက ထျန်းဖူနန်းတော် သို့ ပြန်ရောက်ပြီးနောက် မိသားစု၏ လျှို့ဝှက်ကျင့်စဉ် အချို့ကို အသုံးပြုကာ အဆင့်တက်နေသည့် အမြန်နှုန်း မှာ ရေသောက်ရသကဲ့သို့ လွယ်ကူမြန်ဆန်လှသည်။

၎င်းမှာ ထန်ထျန်းထက်ပင် ပို၍ ထူးခြားဆန်းပြားနေ၏။

သို့သော် ထိုကဲ့သို့သော ကျင့်စဉ် မှာ ဘေးထွက်ဆိုးကျိုးများလည်း သိသာလှသည်။

မိုရှောင်းရှောင်း ကို အရင်တစ်ခါ တွေ့စဉ်ကပင် သူမ၏ အဆင့်အတန်းမှာ အလွန်အမင်း ခိုင်မာမှု မရှိဘဲ အသက်ရှူနှုန်းမှာ ဟာလာဟင်းလင်း ဖြစ်နေကာ အခြေခံမှာလည်း ထင်ထားသကဲ့သို့ နက်ရှိုင်းမှု မရှိသည်ကို ထန်ထျန်းက ခံစားမိခဲ့သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် သူမက ထိုအဆင့်တူ ကျင့်ကြံသူများထဲ၌ အားအနည်းဆုံး အုပ်စုထဲတွင် ပါဝင်နေခြင်း ဖြစ်၏။

သို့သော် မိုရှောင်းရှောင်း မှာ ထိုကဲ့သို့သော အချက်အပေါ် ဂရုမစိုက်ပုံရပြီး သူမ၏ ရည်မှန်းချက်မှာလည်း ကျင့်ကြံခြင်းလမ်းပေါ်၌ မဟုတ်သကဲ့သို့ ရှိနေသည်။

မိသားစုဝင်တစ်ဦး ဖြစ်ရခြင်းမှာ အပြင်ရှိ ကျင့်ကြံသူများထက် ပိုမို ရှုပ်ထွေးလှပေသည်။

"ဒီလိုဆိုရင်တော့ ငါ နောက်ထပ် လုပ်ချင်တဲ့ ကိစ္စမှာ ညီအစ်ကိုမိုကို အကူအညီ တောင်းရတော့မယ် ထင်တယ်"

ထန်ထျန်းက အဓိက အကြောင်းအရာသို့ ပြော လိုက်၏။

မိုကျွင်းက ပြုံး ရင်း "ထျန်းရှထုန် ကုန်သွယ်ရေးအသင်း ကိစ္စ မဟုတ်လား။ "

"ညီမလေး တံခါးပိတ် မကျင့်ကြံခင်ကတည်းက ဒီကိစ္စကို ငါ့ကို ပြောသွားခဲ့ပြီးသားပါ။"

" သူမက မင်းအတွက် အကြီးမားဆုံးသော အဆင်ပြေချောမွေ့စေ ဖို့ ငါ့ကို ထပ်ခါတလဲလဲ မှာသွားခဲ့တာ။ မဟုတ်ရင် သူမ ထွက်လာတဲ့အခါ ငါ့ကို ကောင်းကောင်းကြီး ပညာပေးမယ်တဲ့။"

" တကယ်ပါပဲ..."

မိုကျွင်းက ထိုဘက်မှနေ၍ ခေါင်းကို ရမ်းကာ သက်ပြင်းချနေမည့် ပုံစံကို ထန်ထျန်းက မြင်ယောင်နေမိ၏။

"မင်းတို့ ထျန်းဖူနန်းတော် ထဲကို အခြေချဖို့ အဆင်သင့် ဖြစ်ပြီလား"

မိုကျွင်းက မေးခဲ့သည်။

ထန်ထျန်းက ခေါင်းညိတ်သည်။ "အဆင်သင့် ဖြစ်သလောက် ရှိနေပါပြီ၊ အချိန်မရွေး လာလို့ ရပါတယ်။ "

"ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ထျန်းဖူနန်းတော် ဘက်က သက်ဆိုင်ရာ အခြေအနေတွေကို အရင် သိထားချင်တယ်။"

" စီးပွားရေး ဆိုတာက အမြဲတမ်း ပဋိပက္ခတွေနဲ့ ဒွန်တွဲနေတတ်တာ မဟုတ်လား"

နယ်မြေသစ်တစ်ခုကို သိမ်းပိုက်လိုပါက ဒေသခံ အခြေအနေများကို အရင်ဆုံး ရှင်းလင်းစွာ သိထားရန် လိုအပ်ပေသည်။

သူ၏ ငွေကြေးအင်အားမှာ အလွန်တောင့်တင်းလှသော်လည်း "စွမ်းအားကြီးသော နဂါးပင်ဖြစ်စေ မြေခံ မြွေဟောက်ကို မနှိပ်ကွပ်နိုင်" ဆိုသည့် အချက်ကိုမူ သူ နားလည်ထားသည်။

"ပြဿနာ မရှိပါဘူး"

မိုကျွင်းက ချက်ချင်းပင် သဘောတူလိုက်၏။

"ဒါပေမဲ့ ထျန်းဖူနန်းတော် ရဲ့ စီးပွားရေး အခြေအနေက တော်တော်လေး ရှုပ်ထွေးတယ်။ စကားလုံး တစ်ခွန်းနှစ်ခွန်းနဲ့ ရှင်းပြဖို့က ခက်ခဲလိမ့်မယ်။ "

"မင်း ဘယ်အချိန် အားမလဲ၊ ငါ မင်းကို အဲဒီဘက်ကို ခေါ်သွားပြီး ပြပေးမယ်။ ဒါဆိုရင် ပိုပြီး မြင်သာတာပေါ့"

ထန်ထျန်းက ခဏမျှ စဉ်းစားပြီးနောက် "ရပါတယ်။ "

"ကျွန်တော် အခုလည်း အားနေသလို နောက်ရက်တွေမှာလည်း အချိန်ရှိပါတယ်။ "

"မင်းဘက်က ဘယ်အချိန် အဆင်ပြေမလဲ"

မိုကျွင်းက ပြုံးလျက် "ဒါဆိုရင် အခုပဲ ပေါ့။"

" မင်းရဲ့ ကိစ္စက အရေးကြီးဆုံးပဲ၊ ညီမလေးရဲ့ ပညာပေးတာကို ငါ မခံနိုင်ဘူး။ "

"ဒါဆိုရင် ငါတို့... ထျန်းချီတောင် ရဲ့ တောင်ဘက် တောင်ခြေမှာ တွေ့ကြမယ်။"

" အဲဒီမှာ အလွန်ကြီးမားတဲ့ ကျင့်ကြံရေးကွင်း ကြီး တစ်ခု ရှိတယ်။ "

"ငါတို့ အဲဒီကွင်း ရဲ့ အလယ်တံခါးဝင်ပေါက်က ဝရန်တာမှာ ဆုံကြမယ်"

သူက နေရာကို တစ်ခါတည်း သတ်မှတ်လိုက်တော့သည်။

ထန်ထျန်းကလည်း သဘောတူလိုက်ပြီးနောက် သူတို့က ဆက်သွယ်မှုကို အဆုံးသတ်လိုက်ကြ၏။

ထို့နောက် ထန်ထျန်းက ထကာ ကုံးချန်ခြံဝင်း တပည့်ဝတ်စုံကို ဝတ်ဆင်လိုက်ပြီး ရှင်းယွဲ့ အင်မော်တယ်ဓားကိုလည်း ခါးတွင် ချိတ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။

....

ထျန်းချီတောင်မှာ ထျန်းဖူနန်းတော် အတွင်းရှိ အကြီးမားဆုံးနှင့် အမြင့်ဆုံးသော ခန့်ညားထည်ဝါသည့် တောင်ထိပ်ကြီးပင် ဖြစ်၏။

၎င်းက ထျန်းဖူနန်းတော် ၏ အချက်အချာ အကျဆုံးသော နေရာလည်း ဖြစ်သည်။

အာဏာရှိ အကြီးအကဲ ပိုင်းများ၊ အင်အားစု အသီးသီးမှ အကြီးအကဲများနှင့် အတော်ဆုံးသော တပည့်များမှာ ထျန်းချီတောင်ပေါ်၌ ရှိနေကြသည်။

အပြင်လောကတွင် သိထားကြသည့် နန်းတော်သခင် သုံးဦးနှင့် လျှို့ဝှက်ထားသော ဘိုးဘေးအဆင့် ပုဂ္ဂိုလ်ကြီးများမှာလည်း ထိုတောင်ပေါ်၌ပင် နေထိုင်ကြ၏။

ထန်ထျန်း အဝေးမှ လှမ်းမြင်ခဲ့ရသော တားမြစ်ထားသည့် ရုပ်တုကြီးမှာလည်း ထျန်းချီတောင်ထိပ်ပေါ်၌ တည်ရှိနေခြင်း ဖြစ်သည်။

ထို့ကြောင့် ထျန်းချီတောင်ပေါ်တွင် လူဦးရေ အလွန်အမင်း မများသော်လည်း ၎င်းမှာ အာဏာ၊ ငွေကြေးနှင့် ခွန်အားတို့ စုစည်းရာ အမြင့်ဆုံးသော အရပ်ပင် ဖြစ်၏။

သို့သော် ထျန်းချီတောင်ခြေမှာမူ အလွန်ပင် စည်ကားလှသည်။

ကျင့်ကြံရေးကွင်း ကြီး လေးခုမှာ အရှေ့၊ တောင်၊ အနောက်၊ မြောက် ဟူ၍ အရပ်လေးမျက်နှာတွင် တည်ရှိနေကြပြီး ထျန်းဖူနန်းတော် ၏ တရားဝင်တပည့် ဖြစ်ရုံဖြင့် ထိုကွင်းပြင် များအတွင်းသို့ ဝင်ရောက်ကာ ကျင့်ကြံခြင်း၊ လက်နက်သွန်းလုပ်ခြင်း၊ ဆေးဖော်ခြင်းနှင့် တိုက်ခိုက်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ပေသည်။

နေ့စဉ်နေ့တိုင်း ထိုကျင့်ကြံရေးကွင်းပြင် များသို့ ဝင်ထွက်သွားလာနေသော တပည့်ဦးရေမှာ ဂဏန်းဖြင့်ပင် ဖော်ပြရန် ခက်ခဲလှ၏။

လူကြပ်ခြင်းကို ရှောင်ရှားရန်အတွက် ကျင့်ကြံရေးကွင်း တစ်ခုစီ၌ တပည့်များ သွားလာနိုင်ရန် တံခါးပေါက်ပေါင်း ဆယ်ဂဏန်းကျော်ကို ဖွင့်လှစ်ပေးထားသည်။

ထိုအချိန်တွင် တောင်ဘက် ကျင့်ကြံရေးကွင်း၏ အလယ်တံခါးရှေ့၌ လူငယ်တပည့်တစ်ဦးမှာ တံခါးရှေ့တွင် ရပ်ကာ တိမ်တိုက်များထဲအထိ မြင့်တက်နေသော ထျန်းချီတောင်ကြီးကို မော့ကြည့်ရင်း လောကကြီးကို မမြင်ဖူးသော တောသားတစ်ဦးကဲ့သို့ ကြောင်တောင်တောင် ဖြစ်နေခဲ့၏။

တပည့်များမှာ သွားလာရင်း သူ့ကို မြင်သည့်အခါ မျက်မှောင်ကြုတ်ကာ "ဒါက ဘယ်ကလာတဲ့ တောသားလဲ" ဟု စဉ်းစားနေကြသည်။

သို့သော် ထိုတပည့် ဝတ်ဆင်ထားသော ဝတ်စုံကို မြင်လိုက်ရသည့် ခဏ၌ သူတို့အားလုံးမှာ ထိတ်လန့်သွားကြပြီး မည်သူမျှ မဝေဖန်ရဲတော့ပေ။

လမ်းလျှောက်သွားသည့်အခါ၌ပင် သူ့ကို မနှောင့်ယှက်မိစေရန် အဝေးမှ ပတ်သွားကြ၏။

အဘယ်ကြောင့်ဆိုသော် ခရမ်းရွှေရောင် အစီအရင်များ ပန်းထိုးထားသည့် ထိုဝတ်စုံမှာ ထုန်းရှန့်တောင် ကို ကိုယ်စားပြုသောကြောင့် ဖြစ်၏။

ထိုအရာမှာ တောင်ထိပ် တပည့် တစ်ဦးပင် ဖြစ်သည်။

မည်သူကမျှ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို သွားရောက် မစော်ကားရဲပေ။

ဤသို့ဖြင့် ထိုတပည့်မှာ မလှုပ်မယှက် ရပ်နေခဲ့ပြီး အတန်ကြာမှ သတိပြန်ဝင်လာခဲ့သည်။

"တခြားသူတွေရဲ့ ကျင့်ကြံရေးကွင်းနဲ့ ယှဉ်လိုက်ရင် ချင်းယွဲ့ဂိုဏ်း ကွင်းကတော့ ဖုန်မှုန့်လေး တစ်စက်လောက်ပဲ ရှိတော့တယ်။ "

"ကြည့်လို့တောင် မရတော့ဘူး"

ဤလူမှာ ချိန်းဆိုထားသည့်အတိုင်း ရောက်ရှိလာသော ထန်ထျန်းပင် ဖြစ်၏။

သူက ရှေ့မှ မြင်တွေ့နေရသော အလွန်ကြီးမားသည့် ကျင့်ကြံရေးကွင်းကြီးကို အမှန်တကယ်ပင် အံ့ဩနေမိသည်။

၎င်းမှာ ဧရိယာ ကျယ်ဝန်းလွန်းခြင်း သို့မဟုတ် တပည့်ပေါင်းများစွာကို ဆံ့ခြင်းကြောင့်သာ မဟုတ်ပေ။

ဤမျှ ကြီးမားလှသော ကျင့်ကြံရေးကွင်းကြီးတစ်ခုလုံးကို အလွှာပေါင်းများစွာသော အစီအရင် ပေါင်းစုံဖြင့် ဖုံးအုပ်ထားခြင်းကြောင့် ဖြစ်၏။

ထို့အပြင် ဆန်းကြယ်လှသော တာအိုနိယာမ အော်ရာ များမှာ ထျန်းချီတောင် အပေါ်ဘက်မှနေ၍ ဖြည်းဖြည်းချင်း ကျဆင်းလာကာ ကျင့်ကြံရေးကွင်း တစ်ခုလုံးကို လွှမ်းခြုံထားသည်။

တံခါးဝ၌ ရပ်နေရုံဖြင့်ပင် ကျင့်ကြံမှု အကျိုးကျေးဇူးမှာ ချင်းယွဲ့ဂိုဏ်း၏ အဆင့်မြင့် ကျင့်ကြံရေး အခန်းများနှင့် ညီမျှနေ၏။

အတွင်းပိုင်းရှိ မြင်ကွင်းမှာ မည်မျှအထိ ကြောက်စရာကောင်းလိမ့်မည်နည်းဟု စဉ်းစားကြည့်ရန်ပင် ခက်ခဲလှသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုး၌ ကျင့်ကြံပါက တိုးတက်မှု မရှိရန်မှာ အလွန်ပင် ခက်ခဲလိမ့်မည် ဖြစ်၏။

မှန်ကန်သော နေရာတစ်ခုတွင် မွေးဖွားလာရခြင်းမှာ မည်မျှအထိ အရေးကြီးသည်ကို ထန်ထျန်းက ရေရွတ်မိသည်။

ငြိမ်သက်စွာ ခဏမျှ ရပ်နေပြီးနောက် ကျောဘက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာ၏။

"ညီလေး ထန်... မင်းက ဒီမှာကိုး"

ထန်ထျန်း လှည့်ကြည့်လိုက်သည့်အခါ ရောက်ရှိလာသူမှာ မိုကျွင်းပင် ဖြစ်ပါတော့သည်။

All Chapters