ရှင့်ပေါင်ကျွန်း
Vol. 33 Ch. 356
ဝမ်ပေါင်ရေကန်
ဤနေရာမှာ ဝမ်ပေါင်ရေကန်၏ အလယ်ဗဟို အကျဆုံး နယ်မြေဖြစ်သလို ကျွန်းများ အစည်ကားဆုံး စုဝေးရာ နေရာလည်း ဖြစ်၏။
ကျွန်းငယ်များစွာမှာ တစ်ခုနှင့်တစ်ခု တိုးဝှေ့ စုပြုံနေကြပြီး ဆန်းကြယ်သော ရေပေါ်ကမ္ဘာကြီးတစ်ခုအလား ထင်မှတ်ရပေသည်။
ထိုကျွန်းများစွာထဲ၌ အလွန်ပင် ကြီးမားလှသော ကျွန်းကြီးတစ်ကျွန်းမှာ များစွာ ထင်ရှားနေ၏။
"အဲဒီနေရာကို ရှင့်ပေါင်ကျွန်း လို့ ခေါ်တယ်"
မိုကျွင်းက မိတ်ဆက်ပေးလိုက်သည်။ "အဲဒါက ဝမ်ပေါင်ရေကန်ထဲမှာ အကြီးဆုံးကျွန်းပဲ၊ သူ့ရဲ့ ဧရိယာက တခြားကျွန်းတွေအားလုံး ပေါင်းလိုက်တာရဲ့ ထက်ဝက်နီးပါးလောက် ရှိတယ်။ "
"အစည်ကားဆုံး နေရာလည်း ဖြစ်သလို ကုန်သွယ်ရေးအသင်းကြီးတွေနဲ့ အင်အားစုကြီးတွေရဲ့ လုပ်ငန်းတွေ၊ ရုံးချုပ်တွေအားလုံးကလည်း အဲဒီပေါ်မှာပဲ ရှိကြတာ"
ထန်ထျန်းက ခေါင်းညိတ်လိုက်၏။
အဝေးက လှမ်းကြည့်ရုံဖြင့်ပင် ရှင့်ပေါင်ကျွန်းပေါ်ရှိ အဆောက်အအုံများ၊ အခင်းအကျင်းများနှင့် လူစည်ကားမှုမှာ တခြားကျွန်းများ လုံးဝ ယှဉ်နိုင်ခြင်း မရှိသည်ကို သူ မြင်နိုင်ပေသည်။
၎င်းမှာ အမှန်တကယ်ပင် အချက်အချာကျသော နယ်မြေဖြစ်၏။
"မိုမိသားစုလည်း အဲဒီမှာ ရှိတာလား"
ထန်ထျန်းက မေးလိုက်သည်။
မိုကျွင်းက ခေါင်းညိတ်ပြ၏။ "ဟုတ်တယ်၊ မိုမိသားစု လုပ်ငန်းတွေရဲ့ အခြေစိုက်စခန်းကလည်း ရှင့်ပေါင်ကျွန်းပေါ်မှာပဲ။"
" ဒါပေမဲ့ ငါတို့မိသားစု လုပ်ငန်းက အတိုင်းအတာ သိပ်မကြီးသလို လုပ်ငန်းအမျိုးအစားကလည်း သိပ်မစုံလင်လှဘူး။"
" အဲဒီတော့ ဒီနေရာမှာတော့ ငါတို့က ဘေးနားက တည်ရှိမှုလေး တစ်ခုပဲပေါ့။ "
"ခဏနေရင် ညီလေးထန်အနေနဲ့ ငါတို့ကို ကြည့်ပြီး မရယ်ပါနဲ့ဦး"
ထန်ထျန်းက ထိုကဲ့သို့ မဟုတ်ကြောင်း အလျင်အမြန် ဆိုလိုက်ရ၏။
ထို့နောက် မိုကျွင်း၏ ဦးဆောင်မှုဖြင့် ထန်ထျန်းက ရှင့်ပေါင်ကျွန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ကျွန်းပေါ်ရှိ မိုမိသားစု၏ လုပ်ငန်းများကို မြင်လိုက်ရသည့်အခါမှ မိုကျွင်းဆိုသည့် လူမှာ ဟန်ဆောင်နှိမ့်ချတတ်သူမှန်း ထန်ထျန်း သိလိုက်ရတော့သည်။
ဘေးက တည်ရှိမှု ဟုတ်လား...။
အလယ်ဗဟိုနှင့် နီးကပ်သော နေရာ၌ ရှိနေသလို အဆောက်အအုံ၏ ကြီးမားခန့်ညားမှုမှာလည်း အနီးနားရှိ တခြားလုပ်ငန်းများထက် တစ်ဆင့်မက သာလွန်နေပေသည်။
ဤမျှ အခြေအနေမျိုးကိုမှ ဘေးကဟု ခေါ်ရမည်လော။
"တကယ့် ငွေကြေးအင်အား တောင့်တင်းတဲ့ အင်အားစုတွေနဲ့ ယှဉ်ရင်တော့ ငါတို့က ဘေးရောက်နေတာ အမှန်ပဲ"
မိုကျွင်းက ရှေ့ဘက်မလှမ်းမကမ်းရှိ ဖြူလွလွ အဆောက်အအုံကြီးတစ်ခုကို ညွှန်ပြကာ "ကြည့်... အဲဒါက ရှန်းယွဲ့ရေကန် ရဲ့ အခြေစိုက်စခန်းပဲ၊ တော်တော်လေး အနုပညာဆန်တယ် မဟုတ်လား"
ထို့နောက် သူက အဖြူအမဲ အဆောက်အအုံကြီးတစ်ခုကို ထပ်မံ ညွှန်ပြပြန်သည်။ "အဲဒါက ထိုက်ယိမဟာမိတ် ရဲ့ နေရာ၊ ငါတို့ မိုမိသားစုထက် ဧရိယာ နှစ်ဆနီးပါး ပိုကျယ်တယ်။ "
"ဟိုဘက်က အမည်းရောင် အဆောက်အအုံကတော့ စစ်နတ်ဘုရားနန်းတော် ပေါ့၊ ငါတို့ထက် သေးပေမဲ့ သူတို့ စီးပွားရေးကတော့ အရမ်းကောင်းတယ်၊ အင်မော်တယ်လက်နက်တွေကတော့ အရောင်းရဆုံးပဲ။"
" ဟိုဘက်က လင်းရှောင်တောင်ကြား၊ မုမိသားစု၊ ဟန်မိသားစု တွေ ကတော့ ငါတို့နဲ့ အတိုင်းအတာ တူတူပါပဲ။"
" ကောင်းခြင်းဆိုးခြင်း ခန်းမရဲ့ ရှန်ဝူ ခန်းမနဲ့ ရှန်ကျိုးခန်းမတွေကတော့ အနောက်ဘက်မလှမ်းမကမ်းမှာ ရှိတယ်၊ သူတို့ကို တွေ့ရင် မင်း သိပါလိမ့်မယ်၊ တစ်ခုချင်းစီကို ခွဲထုတ်လိုက်ရင်တောင် မိုမိသားစုထက် ပိုတောင့်တင်းတယ်။ "
"နောက်ပြီး စီးပွားရေးကိုပဲ အဓိကလုပ်တဲ့ ရွှမ်ယွင်မျှော်စင် ဆိုရင်တော့ ထိုက်ယိမဟာမိတ်ထက်တောင် အဆပေါင်းများစွာ ပိုကြီးပြီး ရှင့်ပေါင်ကျွန်းရဲ့ တကယ့် ဘုရင်ပဲ။"
" ဒါ့အပြင် တခြား ကုန်သွယ်ရေးအသင်းကြီးတွေလည်း အများကြီး ရှိသေးတယ်..."
မိုကျွင်း၏ ရှင်းပြချက်ကို နားထောင်ရင်း ထန်ထျန်းက ရှင့်ပေါင်ကျွန်း၏ အခင်းအကျင်းကို အကြမ်းဖျင်း နားလည်သွားခဲ့၏။
မိုကျွင်းက ဘာကြောင့် မိုမိသားစုကို ဘေးကဟု ပြောရသည်ကိုလည်း သူ သဘောပေါက်သွားသည်။
အဘယ်ကြောင့်ဆိုသော် ရွှမ်ယွင်မျှော်စင်၊ ကောင်းခြင်းဆိုးခြင်း ခန်းမတို့ကဲ့သို့ အဆင့်တူ အင်အားစုကြီးများနှင့် ယှဉ်လျှင် မိုမိသားစု၏ စီးပွားရေးလုပ်ငန်းမှာ အမှန်တကယ်ပင် အနည်းငယ် အားနည်းနေခြင်းကြောင့်ပင် ဖြစ်၏။
အင်အားစုလေးများကိုမူ မိုကျွင်းအနေဖြင့် ယှဉ်ကြည့်ရန်ပင် စိတ်မဝင်စားသည်မှာ သေချာပေသည်။
ခြုံငုံကြည့်ရလျှင် ဝမ်ပေါင်ရေကန်အတွင်းရှိ အင်အားစု အခင်းအကျင်းမှာ ထျန်းဖူနန်းတော် ၏ အခြေအနေနှင့် များစွာ မကွာခြားလှပေ။
အခြေခံအားဖြင့် ထိုအင်အားကြီး အင်အားစုများကပင် ဦးဆောင်နေခြင်း ဖြစ်၏။
ထို့နောက်တွင်မှ အင်အားစုများစွာ ပေါင်းစပ်ထားသော ကုန်သွယ်ရေးအသင်းကြီး အချို့ကသာ ထိုအင်အားကြီးများနှင့် ယှဉ်ပြိုင်နိုင်ကြသည်။
ကျန်ရှိသူများမှာမူ ပြောပလောက်စရာ မရှိပေ။
ထန်ထျန်းက ခဏမျှ ငြိမ်သက်စွာ နားထောင်နေပြီးနောက် မလှမ်းမကမ်းရှိ မီးခိုးရောင် အဆောက်အအုံဆန်းကြီးတစ်ခုကို ညွှန်ပြကာ မေးလိုက်၏။ "အစ်ကို မို... အဲဒါက ဘယ်အင်အားစုရဲ့ နေရာလဲ။"
" သူ့ရဲ့ အခင်းအကျင်းက မင်းပြောတဲ့ အင်အားကြီးတွေနဲ့တောင် မရှေးမနှောင်း ဖြစ်နေသလိုပဲ"
မိုကျွင်းက တစ်ယောက်ယောက်ကို ပြောပြရန် မေ့ကျန်ခဲ့သည်ဟု သူ ထင်မှတ်လိုက်ခြင်း ဖြစ်၏။
သို့သော် မိုကျွင်းက ကြည့်လိုက်ပြီးနောက် နှာခေါင်းရှုံ့ကာ "အဲဒါက ချန်တာအိုခန်းမ ရဲ့ ရုံးချုပ်ပဲ။ ချန်တာအို ခန်းမ... ဘယ်လိုပြောရမလဲ၊ အမြဲတမ်း လျှို့ဝှက်ချက်တွေ များနေတာ။ "
"သူတို့ရဲ့ အတိုင်းအတာက ကြီးမားသလို ထျန်းဖူနန်းတော် တစ်ခုလုံးမှာလည်း ထိပ်တန်း အင်အားစုလို့ ပြောလို့ရပေမဲ့ သူတို့ရဲ့ စီးပွားရေးကတော့... အပြင်ဘက်က အသင်းလေးတွေလောက်တောင် မရှိဘူး။ "
"ရှင့်ပေါင်ကျွန်းပေါ်က နှစ်စဉ် မြေငှားခကတောင် သူတို့အတွက် တော်တော်လေး ခေါင်းခဲစရာ ဖြစ်နေမှာပဲ"
သူ ပြော ကာ ခေါင်းယမ်းလိုက်သည်။
ထန်ထျန်းက တိတ်ဆိတ်သွားမိ၏။ ဤအခြေအနေမှာလည်း ထင်ထားသည့်အတိုင်းပင် ဖြစ်ပေလိမ့်မည်။
ချန်တာအို ခန်းမ၏ စီးပွားရေးပုံစံမှာ ကျန်းမာမှုမရှိရုံသာမကဘဲ ဖောက်ပြန်နေသလိုပင် ဖြစ်၏။
လုပ်ငန်းက တစ်မျိုးတည်းရှိပြီး ပျက်စီးနေသော လက်နက်များကိုသာ ရောင်းချသည်၊ ယခုလို ခေတ်ကာလမှာတောင် ဈေးမလျှော့သည့်အပြင် အရင်ကအတိုင်း မာနကြီးနေဆဲ ဖြစ်ရာ စီးပွားရေး မကောင်းသည်မှာ အံ့ဩစရာ မဟုတ်ပေ။
သို့သော် ဤသည်မှာ ထန်ထျန်း စိတ်ပူရမည့် ကိစ္စမဟုတ်ဘဲ သူ ပို၍ ဂရုစိုက်သည်မှာ ထျန်းရှထုန် ကုန်သွယ်ရေးအသင်း ထျန်းဖူနန်းတော် အတွင်း ဝင်ရောက်ပြီးနောက် မည်သို့ တိုးတကိ လာမည်ဆိုသည့် အချက်ပင် ဖြစ်၏။
"မြေငှားခ လား"
ထန်ထျန်းက မေးလိုက်သည်။
မိုကျွင်းက ခေါင်းညိတ်ကာ "ဒါပေါ့... ဝမ်ပေါင်ရေကန်မှာ အခြေစိုက်တဲ့ ကုန်သွယ်ရေးအသင်းနဲ့ လုပ်ငန်းတိုင်းက နှစ်တိုင်း ထျန်းဖူနန်းတော် ကို မြေငှားခ အမြောက်အမြား ပေးဆောင်ရတယ်။ "
"အလယ်ဗဟိုနဲ့ နီးလေလေ မြေငှားခက ပိုကြီးလေလေပဲ။"
" ရှင့်ပေါင်ကျွန်းပေါ်မှာဆိုရင် ပိုတောင် ဆိုးသေးတယ်။ "
"ငါတို့ မိုမိသားစု နေရာဆိုရင်ကို တစ်နှစ်ကို မြေငှားခတင် သန်းပေါင်း ဆယ်ဂဏန်းလောက် ပေးရတယ်။ ထိုက်ယိမဟာမိတ်တို့၊ ရွှမ်ယွင်မျှော်စင်တို့ဆိုရင် ပိုတောင် များဦးမယ်။ "
"ချန်တာအို ခန်းမကလည်း ခြွင်းချက် မဟုတ်ဘူး၊ သူတို့ မြေငှားခက ငါတို့ မိုမိသားစုထက်တောင် မြင့်နေသေးတာ၊ အခုထိ ဘယ်လို တောင့်ခံထားလဲဆိုတာကို ငါတောင် အံ့ဩမိတယ်"
ထန်ထျန်း နားထောင်ပြီးနောက် စိတ်ထဲမှ အံ့သြသွားမိသည်။
ဤနေရာမှ မြေငှားခမှာ အမှန်တကယ်ပင် မပေါ့လှပေ။
မြေနေရာတိုင်းက ရွှေတန်ဖိုးထက်ပင် ပိုသည်ဟု ဆိုလျှင်လည်း မမှားနိုင်ပေ။
သို့သော် သူ့ အတွက်မူ... ဤအချက်က ပြောင်းပြန်အားဖြင့် သတင်းကောင်းတစ်ခု ဖြစ်နေ၏။
"ဒါဆိုရင် ကုန်သွယ်ရေးအသင်းအသစ် တစ်ခုအနေနဲ့ ဒီမှာ မြေနေရာ ငှားလို့ရမလား"
ထန်ထျန်းက မေးလိုက်သည်။
မိုကျွင်းမှာ ခဏမျှ မှင်တက်သွားကာ "မင်း ဆိုလိုတာက... ထျန်းရှထုန် လား"
ထန်ထျန်းက ခေါင်းညိတ်ပြလိုက်၏။
မိုကျွင်းက ခါးသက်သက် ပြုံးရင်း "ညီလေး ထန်... တကယ်တော့ မင်းရဲ့ အသင်းက ခုမှ စဝင်လာတာဆိုတော့ ရှင့်ပေါင်ကျွန်းပေါ်မှာ အခြေချဖို့ ငါ သိပ်ပြီး အကြံမပေးချင်ဘူး။"
" ဒီနေရာကို အင်အားကြီးတွေက သိမ်းပိုက်ထားကြတာဆိုတော့ သူတို့ရဲ့ အင်အား အခင်းအကျင်းက သတ်မှတ်ပြီးသား ဖြစ်နေပြီ။ "
"အသင်းအသစ်တစ်ခု ဝင်လာရင် တခြားအသင်းတွေရဲ့ ဖိနှိပ်မှုကို သေချာပေါက် ကြုံရမှာ ဖြစ်သလို ရှင်သန်ဖို့ကလည်း အလွန် ခက်ခဲလိမ့်မယ်။"
" နောက်ပြီး အဲဒါက သိပ်ပြီးတော့လည်း အဓိပ္ပာယ် မရှိဘူး၊ ရှင့်ပေါင်ကျွန်းကို လာတဲ့ ဧည့်သည်တွေက များသောအားဖြင့် အင်အားကြီး အသင်းတွေကိုပဲ ရည်ရွယ်ပြီး လာကြတာ၊ သူတို့မှာ ခိုင်မာတဲ့ ပန်းတိုင် ရှိကြတယ်။"
" အသင်းအသစ်ကိုတော့ သူတို့ ထည့်စဉ်းစားမှာ မဟုတ်ဘူး"
ထန်ထျန်းက ခေါင်းညိတ်လိုက်၏။
မိုကျွင်း ပြောပြသော အခြေအနေကို သူ ကောင်းစွာ နားလည်ပါသည်။
သို့သော် ထျန်းရှထုန် ကုန်သွယ်ရေးအသင်းမှာ တခြားသော အသင်းများနှင့် မတူညီပေ။
တခြားသော အသင်းများ သို့မဟုတ် လုပ်ငန်းများ၏ နောက်ဆုံးပန်းတိုင်မှာ ငွေရှာရန် ဖြစ်၏။
ထန်ထျန်း၏ ပန်းတိုင်တွင်လည်း ငွေရှာရန် ပါဝင်သော်လည်း သူ၏ အဓိက ရည်ရွယ်ချက်မှာ ငွေဖြုန်းရန် ဖြစ်သည်။
စနစ် ရှိနေသရွေ့ ငွေဖြုန်းခြင်းက ငွေရှာခြင်းထက် ပို၍ ဝင်ငွေကောင်းနေသည် မဟုတ်လား။
စီးပွားရေး စီမံခန့်ခွဲမှု ကိစ္စနှင့် ပတ်သက်လျှင်မူ ထန်ထျန်း ယုံကြည်ထားသည်မှာ ငွေသာ လုံလောက်အောင် ပေးနိုင်ပါက မအောင်မြင်နိုင်သော စီးပွားရေး လိုအပ်ချက်ဟူ၍ မရှိနိုင်ပေ။
"အစ်ကို မို ရဲ့ အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်။"
" ဒါပေမဲ့ ကျွန်တော်က ထျန်းရှထုန် ရဲ့ အစပြုမှုကို တတ်နိုင်သမျှ အမြင့်ဆုံး နေရာမှာ ထားချင်တယ်။ "
"အဲဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့် အသင်းရဲ့ အခြေစိုက်စခန်းကို အလယ်ဗဟိုနဲ့ တတ်နိုင်သမျှ အနီးဆုံး နေရာမှာ ထားချင်ပါတယ်"
ထန်ထျန်းက ပြော လိုက်၏။
မိုကျွင်းမှာ လုံးဝ မှင်တက်သွားရတော့သည်။
ဤလူကို ကြည့်ရသည်မှာ စီးပွားရေးသမားတစ်ဦးနှင့်ပင် မတူတော့ပေ။
အနည်းဆုံးတော့ သူ၏ ဆုံးဖြတ်ချက်နှင့် လုပ်ရပ်များမှာ အရည်အချင်းရှိသော စီးပွားရေးသမားတစ်ဦး၏ လုပ်ရပ်များ မဟုတ်သည်မှာ သေချာသည်။
သို့သော် သူက ဘာကြောင့် ဤမျှအထိ ငွေတွေ အများကြီး ရှာနိုင်ခဲ့ရသနည်း။
အပြင်မှ အသင်းငယ်လေးတစ်ခုကို နှစ်ဝက်အတွင်း အဆပေါင်း ဆယ်ဂဏန်းကျော် တိုးတက် အောင် လုပ်နိုင်ခဲ့ရုံသာမက ထျန်းဖူနန်းတော် ထဲကိုပင် အခြေချရန် ပြင်ဆင်နေသည်မှာ သာမန်လူတစ်ယောက် လုပ်နိုင်သည့် အရာ မဟုတ်ပေ။
မိုကျွင်းအနေဖြင့် မည်သို့မျှ စဉ်းစား၍ မရနိုင်တော့ပေ။