← Chapters

အခန်း (၈၁)

Vol. 9 Ch. 81

အခန်း (၈၁)

Vol. 9 Ch. 81

မျက်စိတစ်မှိတ်အတွင်း ၁၀ ရက်ကြာသွားခဲ့သည်။ ရှန်းယန်မြို့တော်က ခမ်းနားထည်ဝါစွာ ရှိနေသည်။ မြို့တံခါး၏ အပြင်ဘက်တွင် လူများစွာ စုဝေးနေကြပြီး အဝေးသို့ ကြည့်နေကြသည်။ ကင်းလှည့်တပ်ဖွဲ့က တာဝန်ထမ်းဆောင်နေသောကြောင့် စနစ်တကျရှိနေကြသည်။

မြို့ပြင်တွင်သာမက မြို့၏ အတွင်းပိုင်းရှိ လမ်းမ၏ ဘေးနှစ်ဖက်တွင်လည်း မြို့သူမြို့သားများက စိတ်လှုပ်ရှားစွာဖြင့် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြသည်။

မြို့တံခါးတွင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ရပ်နေသည်။

" သူတို့ လာနေကြပြီ။ " ထိုအချိန်တွင် စိတ်လှုပ်ရှားနေသော အော်သံတစ်ခုက မြို့တံခါးမှ ထွက်ပေါ်လာသည်။

ချက်ချင်းပင် လူအားလုံး၏ အကြည့်များက မြို့ပြင်ရှိ အဝေးတစ်နေရာသို့ ရောက်ရှိသွားကြသည်။ အဝေးတွင် ချင်နိုင်ငံ၏ အလံတန်းကြီးက တဖြည်းဖြည်း ထွက်ပေါ်လာသည်။ အလံများအောက်တွင် အနက်ရောင်ချပ်ဝတ်နှင့် ချင်စစ်သည်များက ရှန်းယန်မြို့တော်သို့ ဦးတည်လာနေကြသည်။

ထိုတပ်ဖွဲ့တွင် ခြေလျင်တပ်နှင့် မြင်းတပ်နှစ်မျိုးလုံး ပါဝင်ကြသည်။ စစ်တပ်၏ အလယ်တွင် လူနှစ်ယောက်သုံးယောက်တင်ဆောင်ထားသော အကျဉ်းလှည်းများ ရှိနေသည်။

အကျဉ်းလှည်းတန်းမှာ ဦးဆောင်လာသူမှာ သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသော တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့သည့် လူတစ်ယောက်ဖြစ်သည်။ သူက အခြားသူမဟုတ်ဘဲ လန်ထျန်းစခန်း၏ စစ်သေနာပတိချုပ် ဝမ်ကျန့်ပင်ဖြစ်သည်။

" စစ်သေနာပတိချုပ် ဝမ်ကျန့်က အောင်ပွဲနဲ့ ပြန်လာပြီ။ "

" စစ်သေနာပတိချုပ်ကို ကြိုဆိုပါတယ်။ "

ချင်နိုင်ငံသားများ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများက မြို့တံခါးတွင် ပဲ့တင်ထပ်သွားသည်။ ရုတ်တရက် ရှန်းယန်မြို့တော်တစ်ခုလုံးက လှုပ်ရှားလာကြသည်။

" စစ်သေနာပတိချုပ် ဝမ်ကျန့်ကို ကြိုဆိုပါတယ်။ "

" စစ်သေနာပတိချုပ် အောင်ပွဲနဲ့ ပြန်လာတာကို ကြိုဆိုပါတယ်။ "

မြို့အတွင်းနှင့် မြို့ပြင်ရှိ မရေတွက်နိုင်သော လူများက ဝမ်းသာအားရဖြင့် အော်ဟစ်ကြိုဆိုကြသည်။ ဝမ်ကျနွပ ဟန်နိုင်ငံကို တိုက်ခိုက်ရာတွင် အောင်မြင်ခဲ့ပြီး ဟန်နိုင်ငံကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဝမ်ကျန့်က ချင်နိုင်ငံ၏ သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့သည်။ ချင်နိုင်ငံက ကမ္ဘာကြီးကို စုစည်းရန် ရည်ရွယ်ချက်က မျိုးဆက်များ လက်ဆင့်ကမ်းလှမ်းလာ​ခြင်းဖြစ်သည်။

ထိုသို့ စိတ်လှုပ်ရှားနေကြသော အခြေအနေတွင် ရှေ့ဆုံးမှ မြင်းစီးလာသော ဝမ်ကျန့်ကလည်း ဂုဏ်ယူမှုကို ခံစားလိုက်ရသည်။ ချင်နိုင်ငံသားများ၏ ကြိုဆိုမှုကို ရရှိခြင်းမှာ ထူးခြားသော အခွင့်ထူးတစ်ခုပင်ဖြစ်သည်။ ထိုနေရာတွင် စောင့်ဆိုင်းနေသော လူကို မြင်သောအခါ သူက ပြုံး၍ မြင်းပေါ်မှ ဆင်းလိုက်သည်။

" မုန့်ဝူ အရှင်မင်းကြီးက ငါ့ကို ကြိုဖို့ မင်းကို လွှတ်လိမ့်မယ်လို့ မထင်ထားဘူး။ " ဝမ်ကျန့်က မုန့်ဝူကို ကြည့်ပြီး ဂုဏ်ယူသော လေသံဖြင့် ပြောလိုက်သည်။

မုန့်ဝူက ချင်နိုင်ငံ၏ စစ်သေနာပတိချုပ်ဖြစ်ပြီး ဝမ်ကျန့်ထက် မနိမ့်ကျသူဖြစ်သည်။ သူက လက်ရှိ မုန့်မိသားစု၏ ခေါင်းဆောင်ဖြစ်ပြီး မြောက်ဘက်နယ်စပ်ကို စောင့်ကြပ်နေသူဖြစ်သည်။

ဝမ်ကျန့်၏ ဘဝင်မြင့်နေသော အမူအရာကို မြင်သော်လည်း လူအများ၏ စောင့်ကြည့်နေမှုအောက်တွင် မုန့်ဝူက သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။

" အရှင်မင်းကြီးရဲ့ အမိန့်အရ မင်းကို လာကြိုတာပဲ။ "

" ဟားဟားဟား..." ဝမ်ကျန့်က အားရပါးရ ရယ်မောလိုက်ပြီး မြို့တော်ရှိရာသို့ ဦးညွှတ်လိုက်သည်။

" အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ "

" ဟန်ဘုရင် ဘယ်မှာလဲ။ " မုန့်ဝူက မေးလိုက်သည်။

" ငါ့နောက်မှာ။ " ဝမ်ကျန့်က ပြုံး၍ လက်ဝှေ့ရမ်းလိုက်သည်။ သူ၏ ကိုယ်တော်ဆယ်ယောက်ကျော်က အကျဉ်းလှမ်းတစ်စီးနှင့် ရှေ့သို့ ထွက်လာကြသည်။

လှည်းအတွင်း၌ ဘုရင်ဝတ်စုံကို ဝတ်ဆင်ထားသော ဟန်ဘုရင်က စိတ်ဓာတ်များ ပျက်ပြားနေပြီး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ ဟန်နယ်မြေမှ မထွက်ခွာမီ သူ၏ လက်အောက်ငယ်သားများက လာကယ်၍ မျှော်လင့်နေခဲ့မိသည်။

သို့သော် သူက ဟန်နယ်မြေမှ ထွက်ခွာပြီး ချင်နယ်မြေသို့ ရောက်လာသောအခါ သူ့အတွက် စိတ်ပျက်အားငယ်မှုများသာ ကျန်နေခဲ့တော့သည်။ သူ၏ မျှော်လင့်ချက်များက အချည်းနှီးဖြစ်သွားခဲ့သည်။

" ဟန်ဘုရင်... နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်သူ အခုတော့ ငါတို့ချင်ရဲ့ အကျဉ်းသားတစ်ယောက်ဖြစ်နေပါလား။ "

" ဟားဟား ကောင်းကင်ဘုံက ချင်ကို စောင့်ရှောက်နေတာပဲ။ ဟန်ကျရှုံးသွားတော့ ချင်ရဲ့နယ်မြေတွေက ကျယ်ပြန့်လာပြီ။ "

" ငါတို့ ဘိုးဘေးတွေရဲ့ မျှော်လင့်ချက်ကို အရှင်မင်းကြီးက ဖြည့်ဆည်းပေးတော့မယ်။ ကမ္ဘာကြီးက ချင်အောက်မှာ တစ်စည်းတစ်လုံးတည်း ဖြစ်သွားလိမ့်မယ်။ "

အကျဉ်းလှည်းပေါ်မှ အင်အားချည့်နဲ့နေသော ဟန်ဘုရင်ကို မြင်သောအခါ ကြည့်ရှုနေသူများက ဂုဏ်ယူမှုကို ခံစားရစေသည်။ ကမ္ဘာပေါ်တွင် နိုင်ငံများက တစ်နိုင်ငံနှင့် တစ်နိုင်ငံ တိုက်ခိုက်နေကြသော်လည်း နိုင်ငံတစ်ခုကို အမြစ်ပြတ်ချေမှုန်းနိုင်ခြင်းမရှိခဲ့ပေ။ ချင်နိုင်ငံကသာ ဟန်နိုင်ငံကို ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်။

" ဟန်ဘုရင်..." မုန့်ဝူကလည်း လှည်းပေါ်မှ ဟန်ဘုရင်ကို ကြည့်ပြီး လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။ " ချင်နိုင်ငံက ကြိုဆိုပါတယ်။ ဒါက မင်းအလိုရှိတဲ့အရာတော့ မဟုတ်လောက်ဘူး။ မဟုတ်ရင် မင်းက မြို့တော်ကို စွန့်ခွာပြီး ထွက်ပြေးမှာမဟုတ်ဘူး။ "

မုန့်ဝူက မြို့တော်ကို စွန့်ခွာကာ ထွက်ပြေးခဲ့သော ဘုရင်တစ်ပါးကို အမှန်တကယ်ပင် အထင်သေးမိသည်။ ထိုသို့လှောင်ပြောင်သံကို ကြားသော်လည်း ဟန်ဘုရင်က ဘာမှမပြောဘဲ ခေါင်းငုံ့နေခဲ့သည်။

" စစ်သေနာပတိချုပ်ဝမ် " မုန့်ဝူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ " အရှင်မင်းကြီးက ဟန်ဘုရင်ကို နန်းတော်ထဲ စောင့်ကြပ်ပြီး နန်းတော်ကို ခေါ်ဆောင်လာဖို့ အမိန့်ထုတ်ထားတယ်။ အရှင်မင်းကြီးက ခန်းမအပြင်ဘက်မှာ မင်းကို ကိုယ်တိုင် ကြိုဆိုလိမ့်မယ်။ "

" အမိန်အတိုင်းပါ။ " ဝမ်ကျန့်က ထိုအမိန့်ကို ဝမ်းမြောက်စွာ လက်ခံလိုက်သည်။

တစ်မြို့လုံးရှိ ပြည်သူများ၏ အကြည့်အောက်တွင် ဝမ်ကျန်းက အကျဉ်းလှည်းပေါ်သို့ တက်ပြီး မြင်းဇက်ကြိုးကို ကိုင်လိုက်သည်။

မုန့်ဝူကလည်း သူ၏ မြင်းပေါ်သို့ တက်လိုက်သည်။ ချင်နိုင်ငံ၏ စစ်သေနာပတိချုပ်နှစ်ယောက်က ဟန်ဘုရင်ကို တော်ဝင်နန်းတော်သို့ လိုက်ပါပို့ဆောင်ကြသည်။ ဝမ်ကျန့်၏ နောက်တွင် သူ၏ လက်အောက်ငယ်သားများက အကျဉ်းလှည်းများနှင့်အတူ မြို့ထဲသို့ ဝင်လာကြသည်။

" ချင်နိုင်ငံ အဝွန့်ရှည် တည်တံ့ပါစေ။ အရှင်မင်းကြီး အသက်ရာကျော် ရှည်ပါစေ။ " မရေတွက်နိုင်သော လူများက သူတို့၏ နိုင်ငံအပေါ် ဂုဏ်ယူစွာဖြင့် ဟစ်ကြွေးလိုက်ကြသည်။

" ချင်ပြည်သူတွေရဲ့ စိတ်ဓာတ်က ဒီလိုပါလား။ ချင်စစ်သည်တွေ ဒီလောက်ရဲရင့်နေကြတာ အံ့ဩစရာမရှိဘူး။ ငါ့ရဲ့ ဟန်နိုင်ငံမှာတော့ လူတွေက စစ်တပ်ကို ရှောင်ကြဉ်ကြတယ်။ ဒီချင်ပြည်သူတွေကတော့ စစ်တပ်အပေါ် ကြောက်ရွံ့တာ၊ ရှောင်ဖယ်တာမျိုး လုံးဝမရှိကြဘူး။ " အကျဉ်းလှည်းအတွင်းမှ ဟန်ဖေးက စိတ်အားထက်သန်နေကြသော ချင်ပြည်သူများကို ကြည့်ပြီး စိတ်ပျက်သွားမိသည်။

ပြည်သူများကို ကြည့်ရုံနှင့် ကွာခြားချက်က သိသာထင်ရှားနေသည်။ ၎င်းတို့က ချင်နိုင်ငံ၏ ပြောင်းလဲမှုများကြောင့် ဖြစ်နိုင်သည်။ ချင်ဥပဒေက တင်းကျပ်သော်လည်း နိုင်ငံသားတိုင်ကို ဂုဏ်သိက္ခာပေးထားလေသည်။

ချင်စစ်သည်များ၏ စောင့်ကြပ်မှုအောက်တွင် ဟန်နိုင်ငံမှ အကျဉ်းသားများကို အကျဉ်းထောင်သို့ ခေါ်ဆောင်သွားကြသည်။

ချင်တော်ဝင်နန်းတော်၊ ညီလာခံခန်းမ၏ ရှေ့တွင် ရင်ကျန့်က တည်ငြိမ်စွာ ရပ်နေပြီး ချင်အရာရှိများက အောက်တွင် စောင့်ဆိုင်းနေကြသည်။ ထိုအချိန်တွင် ခရာသံများက ပဲ့တင်ထပ်သွားခဲ့သည်။

" အရှင်မင်းကြီး " မုန့်ဝူက ရှေ့ဆုံးမှ ရောက်လာပြီး အသံကျယ်ကျယ်ဖြင့် အစီရင်ခံလိုက်သည်။ " စစ်သေနာပတိချုပ် ဝမ်ကျန့်က ဟန်ဘုရင်ကို ခေါ်ဆောင်လာပါပြီ။ "

ရင်ကျန့်၏ အကြည့်များက စူးရှသွားပြီး ရင်မြင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ ဝမ်ကျန့်၏ လက်ထဲတွင် သေတ္တာတစ်လုံးကို ကိုင်ဆောင်ထားပြီး လှေကားထစ်များဆီသို့ လျှောက်လာသည်။ သူ၏ နောက်တွင် စစ်သည်နှစ်ယောက်က ဟန်ဘုရင်ကို ခေါ်ဆောင်လာကြသည်။

" ကျွန်တော်မျိုး ဝမ်ကျန့် ဟန်နိုင်ငံကို ချေမှုန်းပြီး ပြန်လာပါပြီ။ အရှင်မင်းကြီးရဲ့ အမိန့်တော်ကို စောင့်ကြိုနေပါတယ်။ " ဝမ်ကျန့်က ဦးညွှတ်လိုက်သည်။

" စစ်သေနာပတိချုပ် ထပါ။ " ရင်ကျန့်က ပြုံး၍ လက်ဝှေ့ရမ်းလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး " ဝမ်ကျန့်က ပြောလိုက်ပြီး သေတ္တာကို ဖွင့်လိုက်ရာ တံဆိပ်တုံးတစ်ခုနှင့် မြေပုံတစ်ခု ထွက်ပေါ်လာသည်။

" အရှင်မင်းကြီး " ဝမ်ကျန့်က ကျယ်လောင်စွာ လျှောက်တင်လိုက်သည်။ " ဒါက ဟန်နိုင်ငံရဲ့ တော်ဝင်တံဆိပ်တုံးနဲ့ နယ်မြေမြေပုံ အရှင်မင်းကြီးကို ဆက်သပါတယ်။ ဟန်နယ်မြေဆိုတာ မရှိတော့ပါဘူး။ အရှင်မင်းကြီးရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်သွားပါပြီ။ "

ရင်ကျန့်က လက်ဟန်ပြလိုက်သည်နှင့် ကျောက်ကောင်းက အောက်သို့ ဆင်းသွားပြီး သေတ္တာကို ယူကာ ရင်ကျန့်ကို ဆက်သလိုက်သည်။

ရင်ကျန့်က ဟန်နိုင်ငံ၏ တော်ဝင်တံဆိပ်တုံးကို ယူလိုက်သည်။ သူ၏ အကြည့်များက ရွေ့လျားသွားပြီး ဟန်ဘုရင် ဟန်အန်းဆီသို့ ရောက်သွားသည်။

" ဟန်အန်း " ရင်ကျန့်၏ အရှိန်အဝါပါသော အသံက ထွက်ပေါ်လာသည်။ " မင်း ဒါကို လက်မခံနိုင်သးဘူးလား။ "

သူ၏ အသံအဆုံးတွင် ချင်အရာရှိတိုင်း၏ အကြည့်များက ဟန်ဘုရင်ပေါ်သို့ ကျရောက်သွားသည်။ ထိုသို့သော ဖိအားအောက်တွင် ဟန်ဘုရင်က တောင့်ခံနိုင်ခြင်းမရှိဘဲ ဒူးထောက်ကျသွားသည်။

" ကျွန် ကျွန်တော်မျိုး မဝံ့ရဲပါဘူး။ " ဟန်ဘုရင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

All Chapters