အခန်း (၈၄)
Vol. 9 Ch. 84
" တရားရေးဝန်ကြီးက သဘောမတူဘူးလား။ " ရင်ကျန့်က လီစီကို မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
ရင်ကျန့်၏ အကြည့်ကို ရင်ဆိုင်ရသောအခါ လီစီက နှလုံးခုန်မြန်သွားသည်။ သူက အမြန်ဦးညွှတ်ပြီးပြောလိုက်သည်။ " ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ အမိန့်ကို ဘယ်လိုလုပ်ငြင်းဆန်ဝံ့မှာလဲ။ "
" ဖုစု " ရင်ကျန့်က ဖုစုကို ကြည့်ပြီး ပြောလိုက်သည်။ " တရားရေးဝန်ကြီးရဲ့ သမီးက သိမ်မွေ့ပြီး ယဉ်ကျေးတယ်။ ဒါကြောင့် ဒီလက်ထပ်ပွဲကို အတည်ပြုလိုက်ပြီ။ "
" ခမည်းတော် " ဖုစုက ကန့်ကွက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ နောက်မှ ဝမ်ဝမ်က သူ၏ ဝတ်ရုံကို ဆွဲလိုက်ပြီး မပြောရန် အချက်ပြလိုက်သည်။သူ၏ ဆရာ ချွန်းယွီယွဲ့ကလည်း ဆက်မပြောရန် တားဆီးလိုက်သည်။
" ဝန်ကြီးဟွိုက် " ရင်ကျန့်က ပြောလိုက်သည်။
" ကျွန်တော်မျိုးရှိပါတယ်။ " ဟွိုက်ကျွမ်းက ချက်ချင်း ရှေ့တိုးလာသည်။
" အခု ဆောင်းရာသီရောက်တော့မယ်။ ယင်ချွမ်းကလည်း အခုမှ တည်ငြိမ်တာဆိုတော့ အုပ်ချုပ်ရေးပိုင်းတွေ လုပ်ဖို့လိုသေးတယ်။ စစ်ပွဲကြောင့် နိုင်ငံရဲ့ အင်အားတွေလည်း အများကြီးဆုံးရှုံးခဲ့ရတာဆိုတော့ ဒီနှစ်တော့ ထားလိုက်မယ်။ "
" ဒါကြောင့် မင်းသားဖုစုနဲ့ တရားရေးဝန်ကြီးရဲ့ သမီးတို့ လက်ထပ်ဖို့အတွက် နောက်နှစ်ထဲမှာ ရက်ကောင်းရက်မြတ်ကို ရွေးချယ်ပေးလိုက်ပါ။ " ရင်ကျန့်က ပြောလိုက်သည်။
" အမိန့်အတိုင်းပါ အရှင်မင်းကြီး။ " ဟွိုက်ကျွမ်းက ဦးညွှတ်ပြီး ပြောလိုက်သည်။
" ဖုစု၊ လီစီ " ရင်ကျန့်က သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ " မင်းတို့က အမိန့်မနာခံကြဘူးလား။ "
" အမိန့်အတိုင်းပါ အရှင်မင်းကြီး။ " သူတို့က ကိုယ်ပိုင်စိုးရိမ်မှုများ ရှိနေကြသော်လည်း ဦးညွှတ်ပြီး နာခံရုံသာ တတ်နိုင်ကြသည်။
" ဒီနေ့က စစ်သေနာပတိချုပ် အောင်ပွဲနဲ့ ပြန်လာတဲ့နေ့ပဲ။ ဒါကြောင့် ညီလာခံပြီးတာနဲ့ စစ်သေနာပတိချုပ်က ကျန်းထိုင်နန်းဆောင်ထဲမှာ ငါနဲ့အတူတူသောက်ပြီး စစ်တပ်အကြောင်းတွေကို ပြောပြရမယ်။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။
ဝမ်အိမ်တော်။
အိမ်တော်ရှိ အစေခံများက အလုပ်ရှုပ်နေကြသည်။ မိသားစုခေါင်းဆောင်က အောင်ပွဲနှင့် ပြန်လာသောအခါ အိမ်တော်က ဘယ်လိုလုပ် အလုပ်မရှုပ်ဘဲနေမည်နည်း။
အိမ်တော်ရှိ ခန်းမဆောင်တစ်ခုအတွင်း ဝမ်ယန်က ပြင်းထန်စွာ အော့အန်နေပြီး သူမ၏ မျက်နှာက ဖြူဖျော့နေသည်။ ခဏကြာသောအခါ သူမက တည်ငြိမ်သွားခဲ့သည်။
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တစ်ညတည်းရှိသေးတာကို...." ဝမ်ယန်က သူမ၏ ဗိုက်ပေါ်သို့ လက်တင်ထားရင်း မယုံကြည်နိုင်သောအမူအရာနှင့် ရေရွတ်လိုက်သည်။
သူမက အိမ်ထောင်သည်အမျိုးသမီတစ်ယောက်ကဲ့သို့ ဗဟုသုတမရှိသော်လည်း အမျိုးသမီးတစ်ယောက်ဖြစ်သောကြောင့် ကိုယ်ဝန်ရှိသော အကြောင်းအရာများကို ကြားဖူးနေသည်။
" ငါဘာလုပ်ရမလဲ။ တကယ်လို့ အဖေသာသိသွားရင် ကျောက်ဖုန်း အန္တရာယ်နိုင်တယ်။ ပြတော့ အခုအဖေပြန်ရောက်လာပြီဆိုတော့ အရှင်မင်းကြီးက လက်ထပ်ပွဲကို သေချာပေါက် စီစဉ်တော့မှာပဲ။ တကယ်လို့ ငါက စေ့စပ်ပြီးမှ ကိုယ်ဝန်ရှိမှန်းသိသွားရင် ဝမ်မိသားစုတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ "
" အဖေက အခုနန်းတော်ကို သွားနေပြီ။ အရှင်မင်းကြီးကသာ အဖေကို လက်ထပ်ဖို့ကိစ္စ ပြောလာရင် ဘယ်လိုလုပ်မလဲ။ " ဝမ်ယန်က စိတ်ထဲတွင် ဗလောင်ဆူနေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
သူမက ကျောက်ဖုန်းဒုက္ခရောက်မည်ကိုလည်း စိုးရိမ်သကဲ့သို့ ဝမ်မိသားစုပျက်စီးသွားမည်ကိုလည်း စိုးရိမ်နေသည်။ သူမက မဖြစ်နိုင်သော အခြေအနေတစ်ခုတွင် ပိတ်မိနေသည်။
" ငါသာ သေလိုက်ရင် အားလုံး ပြီးသွားမယ်ထင်ပါတယ်။ " စိတ်ပျက်အားငယ်သော အတွေးတစ်ခုက သူမ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
ဒေါက် ဒေါက် ဒေါက်...
ထိုအချိန်တွင် အခန်းအပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
" ယန်အာ တစ်နေ့လုံး အခန်းထဲမှာပိတ်ပြီး ဘာတွေလုပ်နေတာလဲ။ သမီးအဖေပြန်လာတော့မယ်။ အခုထိ အပြင်ထွက်မလာသေးဘူးလား။ " ဝမ်ကတော်၏ အသံက အပြင်မှ ထွက်ပေါ်လာသည်။
ဝမ်ယန်က အိမ်တော်သို့ ပြန်ရောက်လာကတည်းက အပြင်သို့ သိပ်မထွက်ဘဲ သူမ၏ ကိုယ်ပိုင်ခြံဝင်းနှင့် အခန်းထဲတွင်သာ အမြဲနေခဲ့သည်။
" လာပြီ။ " ဝမ်ယန်က ပြန်ပြောလိုက်သည်။
" တကယ်လို့ ငါသေသွားရင် အသက်နှစ်ချောင်းလုံး ဆုံးရှုံးရမှာမဟုတ်လား။ " သူမက သူမ၏ ဗိုက်ကို ငုံ့ကြည့်ပြီး ယခင်အတွေးကို ဖျောက်ဖျက်လိုက်သည်။ ထို့နောက် သူမက အခန်းတံခါးကို ဖွင့်လိုက်သည်။
ဝမ်ကတော်က ဖြည်းညင်းစွာ လျှောက်ဝင်လာပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောလိုက်သည်။ " တကယ်ပဲ။ ပြန်ရောက်ကတည်းက အခန်းထဲအောင်းနေတာ ဘာဖြစ်လို့လဲ။ "
" အမေ သမီး အပြင်မထွက်ချင်လို့ပါ။ " ဝမ်ယန်က တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။
" ကောင်းပါပြီ။ " ဝမ်ကတော်က ပြုံးပြီး ပြောလိုက်သည်။ " အမေနဲ့အတူ ခန်းမမှာ သွားစောင့်ရအောင်။ သမီးအဖေ မကြာခင် ရောက်လာတော့မယ်။ "
" ဒေါ်လေး " ထိုအချိန်တွင် အပြင်ဘက်မှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ အသက်လေးငါးနှစ်အရွယ် ကောင်လေးတစ်ယောက်က အခန်းထဲသို့ ပြေးဝင်လာပြီး ဝမ်ယန်၏ ခြေထောက်ကို ဖက်ထားလိုက်သည်။
" လီအာ " ဝမ်ယန်က ပြုံးပြီး ထိုင်၍ ကောင်လေးကို ပွေ့ဖက်လိုက်သည်။
ထိုကောင်လးက ဝမ်ပင်း၏ သား၊ ဝမ်ကျန့်၏ မြေး ဝမ်လီပင်ဖြစ်သည်။ သူ၏ မိခင်က သူ့ကို မွေးဖွားပြီး သွေးသွန်ခြင်းကြောင့် ကွယ်လွန်သွားခဲ့သည်။ ထိုခေတ်တွင် ကလေးမွေးဖွားခြင်းက သေမင်းတံခါးဝသို့ ခြေတစ်ဖက်လှမ်းထားရသည်။ ထို့ကြောင့် ဝမ်လီကို သူ၏ အဖွားကသာ စောင့်ရှောက်ပေးခဲ့ပြီး ဝမ်ယန်ကလည်း ကြည့်ရှုပေးခဲ့သည်။
" ဒေါ်လေး " ဝမ်လီက ဝမ်ယန်ကို မော့ကြည့်ပြီး ဝမ်းနည်းနေသော မျက်နှာလေးဖြင့် ပြောလိုက်သည်။ " ဘာလို့လီအာနဲ့ လာမဆော့တော့တာလဲ။ "
" ဒေါ်လေး ဒီရက်ပိုင်းနေလို့သိပ်မကောင်းလို့ပါ။ " ဝမ်ယန်က ညင်သာစွာ ပြောလိုက်သည်။ " နေပြန်ကောင်းရင် လီအာနဲ့ ဆော့ပေးမယ်နော်။ "
" ယန်အာ " ဝမ်ကတော်က စိုးရိမ်နေသော အမူအရာဖြင့် ပြောလိုက်သည်။ " သမီးပြန်လာကတည်းက အရမ်းစိတ်ဓာတ်ကျနေသလိုပဲ။ တကယ် ဘာတွေဖြစ်နေတာလဲ။ အမေကို ပြောပြလေ။ အားလုံးကို စိတ်ဲထမှာပဲ မြိုသိပ်ထားတာ မကောင်းဘူး။ "
ဝမ်ကတော်ကလည်း သူမ၏ ခင်ပွန်းဝမ်ကျန့်ကဲ့သို့ပင် သမီးဖြစ်သူကို အလွန်အလိုက်လိုက် အချစ်ပိုသူဖြစ်သည်။
" သမီး ဘာမှမဖြစ်ပါဘူး အမေ။ " ဝမ်ယန်က စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း အပြင်တွင် တည်ငြိမ်ဟန်ဆောင်ထားသည်။
" ကောင်းပြီ။ ဒါဆို ခန်းမမှာသွားပြီး သမီးအဖေကို စောင့်ရအောင်။ " ဝမ်ကတော်က ဆက်မမေးတော့ဘဲ ဝမ်ယန်ကို ခေါ်ပြီး အခန်းထဲမှ ထွက်ခွာသွားသည်။
ကျန်းထိုင်နန်းဆောင်ထဲတွင် ရင်ကျန့်နှင့် ဝမ်ကျန့်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
" စစ်သေနာပတိချုပ် ဒီတစ်ခါ စစ်တပ်ကို ကိုယ်တိုင် ဦးမဆောင်ခဲ့ပေမယ့် စစ်ဗျူဟာတွေနဲ့ တပ်ဖြန့်မှုတွေက စစ်သေနာပတိချုပ်လက်ထဲက ထွက်လာတာပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီး အစိုးရကို ထိန်းချုပ်ကတည်းက ဟန်နိုင်ငံရဲ့ အင်အားကို တဖြည်းဖြည်း ချည့်နဲ့အောင် လုပ်ခဲ့တာပါ။ ဟန်ကို သိမ်းပိုက်တာက ခက်ခဲတဲ့ အလုပ်မဟုတ်ပါဘူး။ " ဝမ်ကျန့်က ပြုံး၍ ပြန်ဖြေလိုက်သည်။
" အမှန်အတိုင်းပြောရရင် ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကြောင့် စစ်ရေးအောင်မြင်မှုကို လက်ဆောင်ရလိုက်သလိုပါပဲ။ "
ရင်ကျန့်က ပြုံး၍ ဝမ်ကျန့်နှင့် သူ့အတွက် ဝိုင်ကို ငှဲ့လိုက်သည်။ ဝမ်ကျန့်က လေးစားစွာဖြင့် သူ၏ ခွက်ကို မြှောက်လိုက်သည်။
" အရင်က စစ်သေနာပတိချုပ်ကြီး ငါ့ကို ဘယ်လိုကယ်ခဲ့လဲဆိုတာ ငါမှတ်မိပါသေးတယ်။ " ရင်ကျန့်က ပြောလိုက်သည်။ " စစ်သေနာပတိချုပ်က အရမ်းနှိမ့်ချလွန်းတယ်။ အရမ်းသတိထားလွန်းတယ်။ စစ်သေနာပတိချုပ်က ငါ့ကို အထင်သေးနေတာပဲ။ "
" ကျွန်တော်မျိုး မဝံ့ရဲပါဘူး။ " ဝိုင်ခွက်ကို ကိုင်ထားသော ဝမ်ကျန့်၏ လက်က အနာ်းငယ် တုန်ယင်သွားပြီး အမြန်လျှောက်တင်လိုက်သည်။
" စစ်သေနာပတိချုပ်ရဲ့ သမက်လောင်းအပေါ် ဘယ်လိုမြင်လဲ။ " ရင်ကျန့်က ပြုံးပြီး မေးလိုက်သည်။
" အဲ့ဒီလူငယ်က ရဲရင့်တဲ့ စစ်သည်တစ်ယောက်ဖြစ်သလို စစ်သူကြီးတစ်ယောက်ဖြစ်လာမယ့် အရည်အချင်းတွေလည်း ရှိပါတယ်။ " ဝမ်ကျန့်က ဆိုလိုက်သည်။ " စစ်တပ်ထဲမှာ နောက်ထပ် နှစ်နည်းနည်းလောက် လေ့ကျင့်ပြီးရင် သူက ချင်နိုင်ငံအတွက် အားကိုးရတဲ့ ထောက်တိုင်တစ်ခု ဖြစ်လာမှာသေချာပါတယ်။ "
" ဟားဟား..." ရင်ကျန့်က ရယ်လိုက်သည်။ " စစ်သေနာပတိချုပ်အကြောင်း ငါသိပါတယ်။ စစ်သေနာပတိချုပ်က ဝမ်ပင်းကိုတောင် ဒီလောက်ထိ ချီးကျူးတာ မကြားဖူးဘူး။ ဒီကျောက်ဖုန်းက တစ်ခုခုထူးခြားနေပုံရတယ်။ "
" တခြားမရှိရင်တောင် သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ တာဝန်ယူလိုစိတ်တစ်ခုတည်းနဲ့တင် ကျွန်တော်မျိုး သူ့ကို အများကြီး အထင်ကြီးမိပါတယ်။ " ဝမ်ကျန့်က ပြုံးပြီး ပြောလိုက်သည်။
" ငါတကယ် သိချင်သွားပြီ။ ပြောပြပါဦး။ " ရင်ကျန့်က ပို၍ စိတ်ဝင်စားလာသည်။
ဝမ်ကျန့်က ကျောက်ဖုန်း ဝမ်ယန်အပေါ် သူ၏ အချစ်ကို ဝန်ခံခဲ့သည့်အကြောင်းကို ပြောပြခဲ့သော်လည်း ကျောက်ဖုန်း၏ ခြိမ်းခြောက်မှုများနှင့် လူသားထက်သာလွန်သော ခွန်အားအကြောင်းကိုတော့ ချန်လှပ်ထားခဲ့သည်။
" အဲ့ဒီကျောက်ဖုန်းက တကယ်တာဝန်ယူတတ်တဲ့သူတစ်ယောက်ပဲ။ " ရင်ကျန့်က ချီးကျူးလိုက်သည်။
" ဒါကြောင့်လည်း ကျွန်တော်မျိုးက မင်းသားဖုစု လက်ထပ်ခွင့်တောင်းတာကို ရဲရဲဝံ့ဝံ့ငြင်းခဲ့တာပါ။ ဒါက ကျွန်တော်မျိုးရဲ့ သမီးအတွက်တင်မဟုတ်ဘဲ ချစ်သူနှစ်ယောက်ကို မခွဲချင်တာကြောင့်လည်း ပါပါတယ်။ " ဝမ်ကျန့်က ဆက်ပြောလိုက်သည်။ " အရှင်မင်းကြီး စိတ်မဆိုးဖို့ ကျွန်တော်မျိုးမျှော်လင့်ပါတယ်။ "
" ငါ အရင်ကလည်း ပြောဖူးပါတယ်။ " ရင်ကျန့်က ပြောလိုက်သည်။ " လက်ထပ်ပွဲကို အတင်းအကျပ် စီစဉ်တာက တခြားဘုရင်တွေ လုပ်ကောင်း လုပ်နိုင်ပေမယ့် ငါကတော့ မလုပ်ဘူး။ "
" အရင်တုန်းက အဲ့ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ စစ်သေနာပတိချုပ် မကြုံတွေ့ခဲ့ရရင်တောင် ကြားတော့ကြားဖူးမှာပါ။ " ရင်ကျန့်က ခပ်ဖျော့ဖျော့ ပြုံးပြီး သူ၏ ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
" စစ်သေနာပတိချုပ် ငါနဲ့အတူ ဒီဝိုင်တစ်အိုးကို ကုန်အောင် သောက်ပြီးရင်တော့ အိမ်တော်ကို ပြန်လို့ရပါပြီ။ စစ်သေနာပတိချုပ်ရဲ့ ဇနီးနဲ့သမီးက စောင့်နေလောက်ပြီ။ "
" အမိန့်အတိုင်းပါ။ " ဝမ်ကျန့်က လက်ခံလိုက်သည်။
ထို့နောက် သူက ဝိုင်တစ်အိုးသောက်ပြီးနောက် အိမ်တော်သို့ ပြန်သွားခဲ့သည်။
ရင်ကျန့်က ပလ္လင်သို့ ပြန်သွားပြီး အစီရင်ခံစာများကို စစ်ဆေးနေသည်။
" ဝမ်ကျန့်က လက်ထပ်ပွဲကို ငြင်းလိုက်တဲ့အပေါ် မင်းဘယ်လိုမြင်လဲ။ " ရင်ကျန့်က ရုတ်တရက် မေးလိုက်သည်။
" အရှင်မင်းကြီး " တည်ငြိမ်သော အသံတစ်ခုက ထွက်ပေါ်လာသည်။ သွမ်လောက ပလ္လင်ရှေ့တွင် ပေါ်လာသည်။ " စစ်သေနာပတိချုပ်က ဉာဏ်ရှိသူတစ်ယောက်ပါ။ သူ့သမီးမှာ ချစ်သူရှိနေတယ်ဆိုတာလည်း အမှန်ဖြစ်နိုင်ပါတယ်။ "
" ဒါပေမယ့် အဓိကအချက်ကတော့ စစ်သေနာပတိချုပ်က တော်ဝင်မိသားစုနဲ့ မပက်သက်ချင်တာပါပဲ။ သူသမီးက မင်းသားဖုစုနဲ့ လက်ထပ်ပြီးရင် သူက မင်းသားဖုစုရဲ့ ဘက်တော်သားဖြစ်လာရမှာပါ။ "
" ငါက ဖုစုကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်မှာမဟုတ်ဘူးလို့ မင်းထင်နေတာလား။ "
သွမ်လောက ဒူးထောက်လိုက်သည်။ " ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ စိတ်ကို မခန့်မှန်းရဲပါဘူး။ အိမ်ရှေ့စံမင်းသားကိစ္စက အရှင်မင်းကြီးရဲ့ အမိန့်အတိုင်းပါပဲ။ "
" ကျောက်ဖုန်းအကြောင်း စုံစမ်းပြီးပြီလား။ "
" အရှင်မင်းကြီး အားလုံး စုံစမ်းပြီးပါပြီ။ " သွမ်လောက ပြန်ဖြေလိုက်သည်။