← Chapters

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အပိုင်း (၂၂၆) ပြင်းထန်သော ဒေါသ (၂)

ဒိနေရာသည် အမှန်တကယ် ကြာကြာနေသင့်သည့် နေရာမဟုတ်ပေ။

လီကျင့်သည် သတိပြန်ဝင်လာပြီး ချက်ချင်းပင် လုအိမ်တော်သို့ ပြန်ရန် အမိန့်ပေးလိုက်လေသည်။

လုယီက လေသံခပ်အေးအေးဖြင့် အမိန့်ကို နာခံလိုက်ပြီး အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းရန်အတွက် ကိုယ်ရံတော်အချို့ကို ထားခဲ့လိုက်သည်။

မြင်းလှည်းထဲက လုပ်ကြံသူ၏ အလောင်းကိုလည်း လုအိမ်တော်သို့ တစ်ပါတည်း သယ်ဆောင်သွား၏။ ထိုသမားတော်ကြီးမှာလည်း တာဝန်ကျေပွန်လှပြီး လမ်းတစ်လျှောက်လုံး ကလေးမလေးအတွက် ပတ်တီးစည်း ဆေးထည့်ပေးနေလေသည်။ ကလေးမလေးသည် ငိုထားရသောကြောင့် ပင်ပန်းသွားသည်ထင်၏။ မြင်းလှည်း လမ်းတစ်ဝက်သို့ မရောက်မီပင် ငိုက်မျဉ်းပြီး အိပ်ပျော်သွားတော့သည်။

မြင်းလှည်းထဲတွင် နောက်ဆုံးတော့ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

လီကျင့်သည် လုမင်ယွိ၏ ဘေးတွင် ထိုင်လျက် သူမ၏လက်ကို မြဲမြဲဆုပ်ကိုင်ထား၏။

လုမင်ယွိက သူမ၏ခေါင်းကို သူ့ပုခုံးပေါ်သို့ မှီထားလိုက်သည်။ အလွန်အမင်း တင်းကြပ်နေမှုမှ လျော့ကျသွားပြီးနောက် လူကို အထူးပင် ပင်ပန်းနွမ်းနယ်သွားစေသည်။ လုမင်ယွိသည် သူမကိုယ်သူမ မသိလိုက်ဘဲ မျက်လုံးများကို မှိတ်ထားလိုက်ရာမှ မှေးခနဲ အိပ်ပျော်သွားတော့သည်။

အချိန်မည်မျှ ကြာသွားသည်မသိ၊ သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါ့ပါးသွားပြီး တစ်စုံတစ်ယောက်၏ ပွေ့ချီခြင်းကို ခံလိုက်ရသည်။

လုမင်ယွိသည် အမှတ်တမဲ့ မျက်လုံးဖွင့်ရန် ကြိုးစားလိုက်၏။

အနမ်းတစ်ပွင့်က သူမ၏ မျက်ခွံပေါ်သို့ ညင်သာစွာ ကျရောက်လာပြီး အကျွမ်းတဝင်ရှိသော လေသံတိုးတိုးကို နားနားကပ်ကာ ကြားလိုက်ရသည်။ “အရာရာတိုင်းအတွက် ကို ရှိတယ်။ ဘာမှ စိတ်ပူမနေနဲ့။ အိပ်ချင်ရင် အိပ်လိုက်”

ဒီတစ်ရေး အိပ်ပျော်သွားသည်မှာ အချိန်မည်မျှ ကြာသွားသည်ကို မသိတော့ပေ။

သူမသည် အိပ်မက်ထဲတွင် မျက်မှောင်ကြုတ်လျက် မသက်မသာဖြင့် လူးလွန့်နေသည်။ လက်တစ်စုံက သူမကို ပွေ့ဖက်ထားပြီး မကြာမကြာ သူမ၏ ကျောပြင်ကို ညင်သာစွာ ပုတ်ပေးနေ၏။ အိပ်ချင်စိတ်က ပိုပြင်းထန်လာပြီး သူမသည် ခေါင်းလေးကို အကျွမ်းတဝင်ရှိသော နွေးထွေးသည့် ရင်ခွင်ထဲသို့ တိုးဝှေ့လိုက်လေသည်။

သူမ မျက်လုံးဖွင့်ကာ နိုးလာသောအခါ နက်ရှိုင်းပြီး မှောင်မိုက်နေသော မျက်ဝန်းနက်တစ်စုံနှင့် ဆုံလိုက်ရသည်။

သူမ၏ အသိစိတ်တို့သည် အပြည့်အဝ မနိုးကြားသေးဘဲ သူ့မျက်ခုံးကြားဆီသို့ လက်လှမ်းလိုက်ကာ ပြောလိုက်သည်။ “ကျွန်မ တကယ် ဘာမှမဖြစ်တော့ပါဘူး”

သူမသည် နူးညံ့ပြီး အပြုံးရိပ်သန်းနေသော သူ့ကိုသာ သဘောကျပြီး သူ၏ သည်လို အေးစက်ပြီး ခက်ထန်နေသည့် ပုံစံကို အသားမကျပေ။

လီကျင့်၏ မျက်မှောင်များက အနည်းငယ် ပြေလျော့သွားပြီး အင်း ဟု တစ်ချက် အသံပြုလိုက်ကာ မျက်ဝန်းနက်ထဲတွင်လည်း နွေးထွေးမှုတို့ ဝင်ရောက်လာ၏။ “မင်း တစ်နေ့ခင်းလုံး အိပ်ပျော်သွားတာ။ အခု ညနေစောင်းတောင် ရောက်တော့မယ်။ ဗိုက်ဆာနေရောပေါ့။ ကို မီးဖိုဆောင်ကို တစ်ခုခု ပို့ခိုင်းလိုက်မယ်”

အစားအသောက်ဟု ပြောလိုက်မှ လုမင်ယွိသည် ချက်ချင်းပင် အလွန်အမင်း ဗိုက်ဆာလာသည်ကို ခံစားလိုက်ရပြီး ပါးစပ်မှ ပြောလိုက်တော့သည်။ “ကျွန်မ ကြက်ပေါင်းခေါက်ဆွဲ စားချင်တယ်။ ပန်းကန်လုံး အကြီးကြီးနဲ့”

လီကျင့်၏ မျက်လုံးထဲတွင် နောက်ဆုံးတော့ အပြုံးရိပ်သန်းသွားသည်။ “ကောင်းပြီလေ။ မင်း သဘောအတိုင်းပဲ။ မီးဖိုဆောင်ကို ကြက်ပေါင်းခေါက်ဆွဲ ပန်းကန်လုံး အကြီးကြီးနဲ့ လုပ်ပြီး ပို့ခိုင်းလိုက်မယ်”

…

အမွှေးတိုင်တစ်တိုင် မကုန်မီမှာပင် ပူပူနွေးနွေး ကြက်ပေါင်းခေါက်ဆွဲ ရောက်လာလေသည်။

ကြက်ပေါင်းခေါက်ဆွဲနှင့်အတူ ရှန်းလန်၊ လုမင်ယွဲ့၊ လုရွှမ်း သုံးယောက်လည်း ပါလာသည်။

လုမင်ယွဲ့နှင့် လုရွှမ်းတို့သည် အသက်ငယ်သေးသဖြင့် စိတ်ထဲရှိသည့်အတိုင်း မျက်နှာတွင် ပေါ်လွင်နေ၏။ သူတို့၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြစ်နေပြီး ပါးစပ်မှလည်း ပြောလိုက်ကြသည်။ “စစ်ကျဲ အခု ဘယ်လိုနေသေးလဲ”

“ဗိုက်ရော နာသေးလား”

“နန်းတော်ထဲက တော်ဝင်သမားတော်ကို လွှတ်လိုက်ပြီ။ တော်ဝင်သမားတော်ကို အရင် ပြကြည့်ခိုင်းရမလား”

ရှန်းလန်က မျက်လုံးထဲမှ စိုးရိမ်စိတ်ကို ဖုံးကွယ်ထားပြီး ပြုံးလျက် ပြောလိုက်သည်။ “ဝူမေ့နဲ့ လျို့တိတို့ အရင်ဆုံး စိတ်မပူကြနဲ့ဦး။ ရှောင်ယွိကို အရင် ခေါက်ဆွဲစားခိုင်းလိုက်ပါဦး”

လုမင်ယွိက ပေါ့ပေါ့ပါးပါး ဟန်ဆောင်ကာ ရယ်လျက် ပြောလိုက်သည်။ “အာ့စောင် ပြောတာ မှန်တယ်။ ကောင်းကင်ကြီး ပြိုကျလာတာမှ မဟုတ်တာ။ လုပ်ကြံတဲ့လူတွေလည်း သေကုန်ပြီ။ ငါလည်း ကောင်းကောင်းမွန်မွန် ဒီမှာ ထိုင်နေတာပဲ။ အခု အကြီးမားဆုံး ခံစားနေရတာက အရမ်းဗိုက်ဆာနေတာပဲ။ နင်တို့ ခဏစောင့်ကြဦး။ ငါ ဗိုက်ပြည့်အောင် စားပြီးမှ နင်တို့နဲ့ စကားပြောမယ်”

ကြက်ပေါင်းခေါက်ဆွဲသည် ပူနွေးပြီး မွှေးကြိုင်နေ၏။ ခေါက်ဆွဲမျှင်များက နူးညံ့ပြီး စေးပိုင်နေကာ ကြက်သားမျှင်များနှင့် စိမ်းစိုသော ဟင်းသီးဟင်းရွက်များလည်း ပါဝင်သည်။ ဆာလောင်နေသည့် အချိန်တွင် တစ်ပန်းကန် စားလိုက်ရသည်မှာ တကယ်ကို အရသာရှိလှသည်။

ရှန်းလန်တစ်ယောက်လည်း ဘေးတွင် ထိုင်ကြည့်ရင်း စားချင်စိတ် ပေါက်လာတော့သည်။

လုမင်ယွိက ရယ်မောပြီး စနောက်လိုက်သည်။ “အာ့စောင်လည်း ဗိုက်ဆာနေပြီ မဟုတ်လား။ ဒါဆိုရင် မီးဖိုဆောင်ကို နောက်တစ်ပန်းကန် ထပ်လုပ်ခိုင်းလိုက်လေ။ ငါတို့ နှစ်ယောက် အတူတူစားကြတာပေါ့”

လုမင်ယွိတွင် နောက်ပြောင်နိုင်သေးသည့် စိတ်ရှိနေသည်ကို ကြည့်လျှင် အမှန်တကယ် ပြဿနာမရှိတော့သည်မှာ သိသာလေသည်။

ရှန်းလန်သည် စိတ်လက်ပေါ့ပါးသွားပြီး အားမနာတော့ဘဲ အစေခံမလေးကို ခေါ်လိုက်လေသည်။

လုမင်ယွဲ့နှင့် လုရွှမ်းတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး တစ်ပြိုင်တည်း ပြောလိုက်ကြသည်။ “ကျွန်တော်တို့လည်း ဗိုက်ဆာတယ်”

လုမင်ယွိ လုပ်ကြံခံရသည့် သတင်း လုအိမ်တော်သို့ ပြန်ရောက်လာသောအခါ သူတို့ စိုးရိမ်နေကြပြီး လုမင်ယွိ ဘာမှမဖြစ်မှန်း သိသော်လည်း ထမင်းစားချင်စိတ် မရှိခဲ့ကြပေ။

ရှန်းလန်သည် အသံထွက် ရယ်မောမိတော့ပြီး ချက်ချင်းပင် မှာကြားလိုက်သည်။ “မီးဖိုဆောင်ကို ခေါက်ဆွဲ သုံးပန်းကန် ထပ်လုပ်ခိုင်း…” လီကျင့်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် “ခေါက်ဆွဲ လေးပန်းကန် လုပ်ခိုင်း” ဟု ပြင်ပြောလိုက်တော့သည်။

လီကျင့်သည် လုမင်ယွိကို ပွေ့ချီပြီး အိမ်တော်ထဲ ဝင်လာကတည်းက လုမင်ယွိအနားမှ တစ်လက်မမှ မခွာဘဲ စောင့်နေခဲ့ရာ ဒီတစ်နေ့ခင်းလုံး ထမင်းတစ်စေ့မှ မစားရသေးဘဲ သေချာပေါက် ဗိုက်ဆာနေလောက်ပြီ ဖြစ်သည်။

မွှေးကြိုင်သော ကြက်ပေါင်းခေါက်ဆွဲသည် ဆာလောင်နေသော ဗိုက်ကို ပြေစေသလို လူတိုင်း၏ စိတ်ကိုလည်း ပြေလျော့သွားစေသည်။

အားလုံး စားသောက်ပြီးချိန်တွင် ဖြစ်စဥ်အစအဆုံးကို မေးမြန်းရန် ပြင်နေစဥ်မှာပင် လုမင်ဖန်းနှင့် လုမင်ဟွားတို့လည်း ပြန်ရောက်လာကြသည်။ သူတို့နှစ်ယောက်သည် သတင်းကြားကြားချင်း လုအိမ်တော်သို့ ချက်ချင်း ပြန်လာခဲ့ကြခြင်း ဖြစ်သည်။

မောင်နှမများအားလုံး လုမင်ယွိ၏ ဘေးတွင် ဝိုင်းဖွဲ့ထိုင်လိုက်ကြပြီး လုမင်ယွိ ပြောပြသည်ကို နားထောင်နေကြလေသည်။

လုမင်ယွိသည် အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါး ပြောပြနေသော်လည်း ကြားရသူများမှာ ကျောပင် စိမ့်သွားကြသည်။

“ဓားမြှောင်ပေါ်က အဆိပ်က ဒီလောက်တောင် ပြင်းထန်တယ်။ သွေးထိတာနဲ့ လည်မျိုကို ပိတ်စေပြီး ခဏလေးအတွင်း အသက်သေစေနိုင်တယ်” လုမင်ဖန်း၏ မျက်ဝန်းနက်ထဲတွင် ဒေါသရိပ် ဖြတ်ပြေးသွားပြီး အသံကလည်း နက်ရှိုင်းသွားသည်။ “နင့်ကို တိတ်တဆိတ် ထောင်ဖမ်းပြီး လုပ်ကြံတဲ့လူက သာမန်လူတော့ မဟုတ်ဘူး”

သာမန်လူက ဒီလို ပြင်းထန်တဲ့ အဆိပ်မျိုးကို ဘယ်ကနေ သွားရှာနိုင်မှာလဲ။ ဘယ်လိုလုပ် အသံတိတ် ဒီလို သတ်ကွင်းမျိုး ဖန်တီးနိုင်မှာလဲ။

ဟို ချူတာ့ပဲ ဖြစ်ဖြစ်၊ ကျောက်စန်းပဲ ဖြစ်ဖြစ်၊ လုပ်ကြံမှု အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူတို့ သေလမ်းက လွတ်မှာ မဟုတ်ဘူး။ ဒီလို အသေခံလုပ်ကြံသူတိုင်းကို မွေးမြူထားတဲ့လူကလည်း သာမန်လူ မဟုတ်နိုင်ပေ။

ဆက်ပြီး နက်နက်နဲနဲ စဥ်းစားကြည့်လျှင် လုမင်ယွိသည် ဒေါသကြီးပြီး ပါးစပ်ဆော့သော်လည်း အသက်အရွယ်ငယ်သေးပြီး မည်သူနှင့်မှ ကြီးမားသည့် ရန်ငြိုးရန်စ မရှိခဲ့ပေ။ နောက်ဆုံးတော့ ဘယ်သူက သူမကို သေစေချင်ရတာလဲ။

ရှန်းလန်နှင့် တခြားသူများသည် တိတ်ဆိတ်စွာဖြင့် လီကျင့်ကို တစ်ချက် ကြည့်လိုက်ကြသည်။

ဧကရာဇ်မင်းမြတ်၏ သားတော်အကြီးဆုံးနှင့် လက်ထပ်ရသည့် ဒုတိယမင်းသားကြင်ရာတော် ဖြစ်ရသည်မှာ တကယ် မလွယ်ကူလှပေ။

လီကျင့်၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး သက်ပြင်းရှိုက်လိုက်သည်။ “မင်းတို့ ရှောင်ယွိနားမှာ နေပေးကြ။ ကျွန်တော် အခု နန်းတော်ထဲကို ဖုဟွမ်နဲ့ သွားတွေ့လိုက်ဦးမယ်”

အားလုံးက တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်ကြ၏။

လုမင်ယွိက လီကျင့်ကို ကြည့်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ဘယ်လောက်ပဲ ဒေါသထွက်ထွက် စိတ်တိုတို၊ စိတ်တည်ငြိမ်အောင် ထားပါ။ ပြီးတော့ အစောကြီး ပြန်လာခဲ့ဖို့ မမေ့နဲ့”

လီကျင့်က ခေါင်းညိတ်လိုက်ပြီး သူမအနား တိုးကပ်လာကာ လူရှေ့သူရှေ့ မရှောင်ဘဲ လုမင်ယွိ၏ နဖူးကို နမ်းလိုက်သည်။ ထို့နောက်မှ ထပြီး ထွက်သွားလေသည်။

အားလုံး “…”

…

လီကျင့် ထွက်သွားပြီး မကြာမီမှာပင် လုလင်းနှင့် လုဖေး သားအဖနှစ်ယောက်သည် အထူးလေ့ကျင့်ထားသည့် မြင်းများဖြင့် ပြန်ရောက်လာကြသည်။

စစ်စခန်းသို့ သတင်းပို့ပြီး အမြန်ဆုံးမြင်းဖြင့် အသွားအပြန် ဆိုလျှင်ပင် တစ်နေ့ခင်း ကုန်သွားပေမည်။ အချိန်ကို တွက်ကြည့်လျှင် သူတို့နှစ်ယောက်သည် သတင်းကြားသည်နှင့် ချက်ချင်း မြင်းစီးပြီး လုအိမ်တော်သို့ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။

လုလင်းသည် ခြေလှမ်းကျဲကြီးများဖြင့် လုမင်ယွိ၏ အိပ်ဆောင်အခန်းထဲသို့ ဝင်လာခဲ့ပြီး သူ၏ မျက်နှာထားသည် ယခင်က မမြင်ဖူးလောက်အောင် အေးစက် ခက်ထန်နေသည်။ “ရှောင်ယွိ”

လုမင်ယွိက ထရပ်လိုက်ပြီး ဒေါသထွက်နေသော လုလင်းကို နှစ်သိမ့်လိုက်သည်။ “အဖေ၊ သမီး တစ်စက်ကလေးမှ မထိခိုက်မိပါဘူး။ လုပ်ကြံတဲ့လူလည်း သေသွားပြီ။ အဖေ အရင်ဆုံး ဒေါသမထွက်ပါနဲ့ဦး”

လုလင်းက စကားမပြောဘဲ သူမကို အသေးစိတ် အကဲခတ်ကြည့်လိုက်ပြီး လုမင်ယွိ ဘာမှမဖြစ်သည်ကို သေချာမှ ပြောလိုက်သည်။ “ငါ အခု နန်းတော်ထဲ ဝင်ပြီး မင်းကြီးနဲ့ တွေ့မယ်”

လုမင်ယွိ အံ့အားသင့်သွားပြီး သူမ၏ ဖခင်အရင်းကို တားရန် ကြိုးစားလိုက်သည်။ “အဖေက အခုမှ စစ်စခန်းက ပြန်ရောက်လာတာ။ တစ်ညလောက် အနားယူပြီး မနက်ဖြန်မနက်မှ နန်းတော်ထဲ ဝင်ပါလား”

လုမင်ဖန်းကလည်း ဝင်တားသည်။ “ဒုတိယမင်းသား အခုလေးတင် နန်းတော်ထဲ ဝင်သွားပါပြီ။ ယိဖု အရင်ဆုံး စောင့်ကြည့်လိုက်ပါဦး။ နန်းတော်ထဲက ဘယ်လို တုံ့ပြန်မလဲဆိုတာ…”

စကားမဆုံးမီမှာပင် လုလင်းက အေးစက်စွာ ပြောလိုက်သည်ကို ကြားလိုက်ရသည်။ “ရှောင်ယွိသာ တုံ့ပြန်မှုမမြန်ရင်၊ ကိုယ်ခံပညာ မကောင်းရင် ဒီတစ်ခေါက် လွတ်နိုင်မှာ မဟုတ်ဘူး”

“ငါ နန်းတော်ထဲသွားပြီး အရှင်မင်းကြီးကို မေးရမယ်။ ငါ့သမီးကောင်းကောင်းမွန်မွန်ကို လီမိသားစုထဲ ထည့်လိုက်ရတာ ဘာလို့ ဒီလို အဖြစ်မျိုးနဲ့ ကြုံရတာလဲ။ ငါ့သမီးက ဘယ်သူ့လမ်းကို ပိတ်နေလို့လဲ။ သူ့ကို ရင်ဆိုင်ဖို့ ဒီလို ယုတ်မာတဲ့ နည်းလမ်းမျိုးကို သုံးရတာလဲ။ ငါ့ကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု မပေးနိုင်ဘူးဆိုရင် ငါကိုယ်တိုင်ပဲ ရှင်းရှင်းလင်းလင်းဖြစ်အောင် စုံစမ်းမယ်”

အစကတည်းက စကားမပြောသေးသော လုဖေးကလည်း ဒေါသတကြီး မျက်နှာဖြင့် ပြောလိုက်သည်။ “ကျွန်တော် ယိဖုနဲ့အတူ နန်းတော်ထဲ လိုက်ခဲ့မယ်”

သားအဖနှစ်ယောက်သည် စကားဆက်မပြောတော့ဘဲ လှည့်ထွက်သွားကြသည်။

လုမင်ယွိသည် တားမရတော့ဘဲ အနောက်ကနေ အမြန်လိုက်ကာ မှာကြားလိုက်ရသည်။ “အဖေ၊ အာ့ကော၊ အရမ်း စိတ်လိုက်မာန်ပါ မလုပ်ကြနဲ့ဦး”

လုလင်းက ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ဘေးတိုက်မျက်နှာတွင် အေးစက်မှုနှင့် ထန်ပြင်းမှုတို့ ပေါ်လွင်လို့နေတော့သည်။ “စိတ်ချ။ ငါ ဝမ်ဟွာနန်းဆောင်ကိုတော့ သွားမရိုက်ချိုးပါဘူး”

…

အပိုင်း (၂၂၇) နောက်တစ်လှမ်းဆုတ်ကာ တိုက်ခြင်း

သည်အချိန်တွင် ဝမ်ဟွာခန်းမဆောင်ထဲ၌လည်း တိတ်ဆိတ်လျက်ရှိသည်။

ယုံးကျားဧကရာဇ်၏ မျက်နှာတော်မှာ တင်းမာနေပြီး နဂါးမျက်ဝန်းတော်ထဲတွင် ဒေါသရိပ်တို့ ဖြတ်ပြေးလျက်ရှိ၏။

ချောင်မိဖုရားခေါင်လည်း ရှိနေပြီး မျက်နှာပေါ်မှ ဒေါသက ယုံးကျားဧကရာဇ်ထက်ပင် သာလွန်နေလေသည်။

ဒီနေ့သည် မူလက ရက်ကောင်းရက်မြတ်တစ်ရက် ဖြစ်လေသည်။ တူမတော် ချောင်ဝမ် လက်ထပ်သဖြင့် ချောင်အိမ်တော်တွင် မင်္ဂလာပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့၏။ ချောင်မိဖုရားခေါင်၏ စိတ်ထဲမှ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေပုံကို အသေးစိတ် ပြောပြရန် မလိုအပ်တော့ပေ။ မပျော်ရွှင်ရသေးမီမှာပင် လုမင်ယွိ လုပ်ကြံခံရသည့် သတင်းဆိုးကို ကြားလိုက်ရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ချောင်မိဖုရားခေါင်သည် ဒေါသထွက်လွန်းသဖြင့် နေ့လယ်စာပင် မစားနိုင်တော့ဘဲ ချက်ချင်း ဝမ်ဟွာခန်းမဆောင်သို့ ရောက်လာခဲ့ခြင်း ဖြစ်၏။

ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်ထက်ပင် ထိုကိစ္စကို အနည်းငယ် စောကာ သိရှိခဲ့ပြီး စိတ်ထဲတွင် အလားတူ ပြင်းထန်စွာ ဒေါသထွက်နေလေသည်။

ဂုဏ်ယူဖွယ် မင်းသားကြင်ရာတော်တစ်ယောက် ဖြစ်လျက် နေခင်းကြောင်တောင်ကြီးတွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံရသည်မှာ တော်ဝင်မိသားစုအပေါ် စော်ကားခြင်းပင်။ ထို့အပြင် လုမင်ယွိသည် ယခု ကိုယ်ဝန်လွယ်ထားရပြီး အလွန်အဖိုးတန် အရေးကြီးသူ ဖြစ်လေသည်။ ကိုယ်ဝန်ကို ထိခိုက်သွားလျှင်ပင် လူကို ဒေါသထွက်စေလောက်သည်။

လုမင်ယွိသည် စိတ်အေးချမ်းသာစွာ ကိုယ်ဝန်ကို ပြုစုပျိုးထောင်ရန်အတွက် အဖေဖြစ်သူ၏ အိမ်တော်၌သာ အမြဲတမ်း နေထိုင်ပြီး မင်းသားအိမ်တော်သို့ ပြန်မလာခဲ့ပေ။ သည်ကိစ္စသည် စည်းမျဥ်းစည်းကမ်းများနှင့် လုံးဝ မကိုက်ညီချေ။

ချောင်မိဖုရားခေါင်က သည်ကိစ္စကို တိတ်တဆိတ် ခွင့်ပြုခဲ့ပြီး ယုံးကျားဧကရာဇ်ကလည်း မျက်စိတစ်ဖက်မှိတ် နားတစ်ဖက်ပိတ်ကာ မသိချင်ယောင်ဆောင်နေခဲ့သည်။ အမှန်တကယ်တွင် သည်ချွေးမတော်သည် ကိုယ့်သဘောကိုယ် ဆောင်လွန်းပြီး ကိုယ်ဝန်ရှိလာသည်နှင့် မင်းသားအိမ်တော်၌ပင် မနေနိုင်တော့ဟု စိတ်ထဲက မတွေးမိဘဲ မနေခဲ့ပေ။ မင်းသားအိမ်တော်က နဂါးပွက်အိုင် ကျားသောင်းကျန်းရာနေရာမို့လို့ သူ့ကို ဝါးမျိုသွားမှာ ကျနေတာပဲ။

အဖြစ်မှန်က သက်သေပြနေသည်မှာ အမှန်တကယ်ပင် မသမာစိတ်ရှိသူများ ရှိနေခြင်းပင်။ လုမင်ယွိနှင့် သူမ၏ ဗိုက်ထဲက ကလေးကို သတ်ရန် ကြံစည်နေကြသည်။

တကတဲ ဘယ်သူလဲ။

“ဖုဟွမ်” လီကျင့်သည် ဝမ်ဟွာခန်းမဆောင်ထဲသို့ ဝင်လာသည်နှင့် ဒူးထောက်လိုက်လေသည်: “ဒီနေ့ ရှောင်ယွိ လုပ်ကြံတဲ့လူရဲ့လက်ထဲမှာ သေမလို ဖြစ်ခဲ့ပါတယ်။ လုပ်ကြံတဲ့လူ နှစ်ယောက်လုံးက အသေခံတိုက်ခိုက်ရေးသမားတွေဖြစ်ပြီး သူတို့လက်ထဲမှာ သွေးထိတာနဲ့ လည်မျိုပိတ်စေတဲ့ အဆိပ်ပြင်း ဓားမြှောင်တွေ ကိုင်ထားပါတယ်။ ရှောင်ယွိကို လုပ်ကြံဖို့အတွက် တစ်လလုံးလုံး ပုန်းကွယ်စောင့်ဆိုင်းနေခဲ့တာပါ”

“သားတော် ဖုဟွမ်ကို ဒီကိစ္စ အသေးစိတ် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်။ ဒီ မသမာစိတ်ရှိတဲ့ ယုတ်မာတဲ့လူကို ရှာဖွေပြီး ကြီးကြီးမားမား အပြစ်ပေးစေချင်ပါတယ်”

ပြောပြီးသည်နှင့် အရိုအသေပေးကာ သုံးကြိမ်တိုင် ဦးခေါင်းဖြင့် ကြမ်းပြင်ကို ထိတိုက်လိုက်သည်။ ပြန်မတ်လာသောအခါ နဖူးတွင် နီရဲနေလေပြီ။

ချောင်မိဖုရားခေါင်သည် အလွန်အမင်း စိတ်မကောင်းဖြစ်သွားပြီး ရှေ့သို့တိုးကာ သားဖြစ်သူကို ထူပေးရန် ကြိုးစားလိုက်သည်။

လီကျင့်သည် လုံးဝမလှုပ်ရှားဘဲ ဒူးထောက်ထားသည့် ပုံစံအတိုင်းပင် လေသံတိုးတိုးနှင့် ခိုင်မာစွာ ပြောလိုက်သည်။ “သားတော် ဖုဟွမ်ကို တာဝန်ယူပေးဖို့ တောင်းဆိုပါတယ်။ သားတော်နဲ့ ရှောင်ယွိအတွက် တရားမျှတမှုကို ပြန်ပေးပါ”

ချောင်မိဖုရားခေါင်သည် တစ်စုံတစ်ရာကို နားလည်သွားဟန်တူပြီး ဆန့်တန်းထားသော ညာလက်သည် လေထဲတွင် ရပ်တန့်သွားကာ မျက်နှာသည် တိတ်တဆိတ် ဖြူဖျော့သွားတော့သည်။

ယုံးကျားဧကရာဇ်၏ မျက်နှာအမူအရာသည် အနည်းငယ် ရှုပ်ထွေးသွားပြီး လီကျင့်ကို စိုက်ကြည့်လျက် စကားမပြောပေ။

လီကျင့်ကလည်း ထပ်မံ စကားမပြောတော့ဘဲ တိတ်ဆိတ်စွာဖြင့် ယုံးကျားဧကရာဇ်နှင့် အကြည့်ချင်းဆုံလိုက်သည်။

သားအဖနှစ်ယောက်သည် အချိန်အတော်ကြာအောင် အကြည့်များဖြင့် အသံတိတ် ထိပ်တိုက်ရင်ဆိုင်နေကြသည်။

ချောင်မိဖုရားခေါင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်ကို ပြန်ရုတ်ကာ လီကျင့်၏ ဘေးတွင် ဒူးထောက်လိုက်သည်။ “ချန်ချဲ့ အရှင်မင်းကြီးကို ဒီကိစ္စ အသေးစိတ် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်။ နောက်ကွယ်ကလူက ဘယ်သူပဲဖြစ်ဖြစ် လုံးဝ လျှော့မပေးပါနဲ့”

ဟုတ်တယ်လေ။ ဒီလို စွမ်းရည်ရှိပြီး လုမင်ယွိကို တိုက်ခိုက်ရဲတဲ့ သတ္တိရှိတဲ့လူက နန်းတော်အပြင်အတွင်း ပေါင်းလိုက်ရင်တောင် ၅ ယောက်ထက် မကျော်လွန်နိုင်ဘူး။

နောက်ကွယ်က သခင်ကို ဖော်ထုတ်နိုင်ဖို့က ယုံးကျားဧကရာဇ်က အထိအခိုက်ခံပြီး လုပ်ရဲသလား ဆိုတာကိုပဲ ကြည့်ရတော့မည်။

ချောင်မိဖုရားခေါင်၏ ဤတစ်ကြိမ် ဒူးထောက်လိုက်ခြင်းသည် အသက်ရှူမှားလောက်အောင် တိတ်ဆိတ်နေမှုကို ဖြိုခွဲလိုက်သည်။

ယုံးကျားဧကရာဇ်သည် တစ်နေရာတည်းတွင် ဒူးထောက်နေကြသော မိဖုရားခေါင်နှင့် တရားဝင်သားတော်ကို ကြည့်လိုက်ပြီး သေမလို ဖြစ်ခါနီး ချွေးမတော်နှင့် မမွေးဖွားသေးသော တော်ဝင်မြေးတော်တို့ကို တွေးမိကာ မျက်လုံးထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ပြောလိုက်သည်။ “မင်းတို့ အရင်ဆုံး ထလိုက်ကြ။ ဒီကိစ္စကို ကျန်း ကို အပ်ထားလိုက်။ ကျန်း မင်းတို့ကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု…”

စကားမဆုံးမီမှာပင် လျိုကုန်းကုန်းသည် အလျင်စလို အမူအရာဖြင့် ဝင်လာခဲ့သည်။ “အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ရှင်းယန်ဝမ်က ခန်းမဆောင်အပြင်ဘက်မှာ တွေ့ဆုံခွင့် တောင်းနေပါတယ်”

လုလင်း ဒီလောက် မြန်မြန် ရောက်လာတာပဲ။

ချောင်မိဖုရားခေါင်၏ မျက်လုံးထဲတွင် ဝမ်းသာရိပ် ဖြတ်ပြေးသွားပြီး လီကျင့်သည်လည်း စိတ်ဓာတ်တက်ကြွလာသည်။

ယုံးကျားဧကရာဇ်သည်လည်း အံ့အားသင့်သွားပြီး စိတ်ထဲတွင် အပြစ်ရှိစိတ်နှင့် ပြောမပြနိုင်သော ရှက်ရွံ့မှုတို့ ဖြစ်ပေါ်လာသည်။ မသိစိတ်က အချိန်အနည်းငယ် ဆွဲထားရန် တွေးလိုက်မိလေသည်။ “ကျန်း က မိဖုရားခေါင်နဲ့ ဒုတိယမင်းသားတို့နဲ့ စကားပြောနေတာ။ ရှင်းယန်ဝမ်ကို ခဏစောင့်ခိုင်းလိုက်”

ထိုအချိန်မှာပင် လျင်မြန်ပြီး အားကောင်းသော ခြေသံတစ်ခုသည် ခန်းမဆောင်ထဲသို့ ပြေးဝင်လာခဲ့၏။

ဝမ်ဟွာခန်းမဆောင် တံခါးဝကို စောင့်နေသော ကုန်းကုန်းငယ်လေး နှစ်ယောက်သည် မျက်နှာငယ်လေးဖြင့် လိုက်ဝင်လာပြီး ဒူးထောက်ကာ အပြစ်လွှတ်ပေးရန် တောင်းပန်လိုက်ကြသည်။ “ရှင်းယန်ဝမ်က ခန်းမဆောင်ထဲကို အတင်းဝင်ဖို့ လုပ်နေလို့ ကျွန်တော်မျိုးတို့ တားချင်ပေမဲ့လည်း တားမရပါဘူး။ အရှင်မင်းကြီး အသက်ချမ်းသာပေးပါ”

…

ဝမ်ဟွာခန်းမဆောင်ထဲသို့ ပြေးဝင်လာသူမှာ အခြားသူမဟုတ် ရှင်းယန်ဝမ် လုလင်းပင်။

လုလင်းသည် ဒေါသဖြင့် ရောက်လာပြီး ပုံမှန်အချိန်က နူးညံ့သိမ်မွေ့မှု မရှိတော့ဘဲ ချောမောသော မျက်နှာတစ်ခုလုံးသည် နှင်းခဲများဖြင့် ဖုံးလွှမ်းနေသည်။

မှူးမတ်တစ်ယောက်အနေဖြင့် ဧကရာဇ်မင်းမြတ်၏ ခေါ်ယူခွင့်မပြုဘဲ ဝမ်ဟွာခန်းမဆောင်ထဲသို့ ပြေးဝင်လာခြင်းသည် ဧကရာဇ်မင်းမြတ်ကို မလေးမစားပြုခြင်း ဖြစ်လေသည်။ တကယ်တမ်း အရေးယူမည်ဆိုလျှင် ကြီးမားသော မလေးမစားမှုဖြင့် အပြစ်ပေးခံရနိုင်သည်။

သို့သော် သည်အချိန် သည်အခိုက်အတန့်တွင် ဧကရာဇ်နှင့် မှူးမတ်တို့ အကြည့်ချင်း ဆုံလိုက်ကြရာ အပြစ်ရှိပြီး မလုံမလဲ ခံစားနေရသူမှာ ယုံးကျားဧကရာဇ်သာ ဖြစ်နေသည်။

ချွေးမတော်သည် ရက်စက်ကြမ်းကြုတ်သော လုပ်ကြံသူနှင့် တွေ့ဆုံခဲ့သည်မှာ မကြာသေးဘဲ ကိုးဆယ်ရာခိုင်နှုန်းလောက်က အတွင်းလူ၏ လက်ချက်ပင် ဖြစ်သည်။ ယုံးကျားဧကရာဇ်သည် ယခုအချိန်တွင် မတွေ့ချင်ဆုံးလူမှာ လုလင်းဖြစ်သဖြင့် ဆူပူကြိမ်းမောင်းရန် ခါးပင် မတ်နိုင်တော့ပေ။

“ကျွန်တော်မျိုး အရှင်မင်းကြီးကို တွေ့ဆုံဂါရဝပြုပါတယ်” လုလင်းသည် ပြင်းထန်သော ဒေါသအောက်တွင် ရှိနေသော်လည်း ရိုသေလေးစားမှုကို မမေ့ဘဲ လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။

ယုံးကျားဧကရာဇ်သည် နဂါးပလ္လင်ပေါ်မှ ထကာ ကိုယ်တိုင် လုလင်းအရှေ့သို့ လျှောက်လာပြီး လက်ဆန့်ကာ မထိတထိ ထူပေးလိုက်သည်။ “ရှင်းယန်ဝမ် မြန်မြန်ထပါ”

လုလင်းသည် မထဘဲ ဆက်ပြီး ကိုယ်ကို ကိုင်းထားလျက် တောင်းပန်လိုက်၏။ “ကျွန်တော်မျိုးက သမီးလေးအတွက် စိတ်နာကျင်ပြီး ရင်ထဲမှာ ဆီပူလောင်နေသလို ခံစားနေရလို့ အရှင်မင်းကြီး ခေါ်တော်မမူခင်မှာပဲ ဝမ်ဟွာခန်းမဆောင်ထဲကို ပြေးဝင်လာခဲ့မိပါတယ်။ ကြီးမားတဲ့ မလေးမစားမှု ကျူးလွန်မိတဲ့အတွက် အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ”

ယုံးကျားဧကရာဇ်က သက်ပြင်းတစ်ချက်ချလိုက်သည်။ “ဒီမှာ တခြားလူတွေ မရှိပါဘူး။ မင်း ဒီလို လုပ်စရာမလိုပါဘူး။ မင်း စိတ်ထဲမှာ ဒေါသထွက်နေမှန်း ကျန်း သိတယ်။ လုရှီကို လုပ်ကြံတဲ့လူ ရှိတယ်ဆိုတာ သိရတော့ ကျန်း လည်း အတူတူ ဒေါသထွက်နေတာပါ”

“ကျန်း က မင်းကို အားနာရမှာပါ။ အဲဒီနေ့က မင်း လက်ထပ်ခွင့် ပေးခဲ့တုန်းက ကျန်း မင်းကို ကတိပေးခဲ့ဖူးတယ်။ ဘယ်အချိန်ပဲ ရောက်ရောက် လုရှီကို သမီးတစ်ယောက်လို ဆက်ဆံမယ်လို့။ ဘယ်ကိစ္စမဆို သူ့အတွက် ကျန်း တာဝန်ယူပေးမယ်လို့”

“ကျန်း ပြောခဲ့ပေမဲ့ မလုပ်နိုင်ခဲ့ဘူး။ နေခင်းကြောင်တောင်ကြီးမှာ ဓားမြှောင်ကိုင်ပြီး လူသတ်ရဲတဲ့လူ ရှိနေတယ်။ ကံကောင်းလို့ လုရှီ ဘာမှမဖြစ်သွားတာ။ မဟုတ်ရင် ကျန်း မင်းကို ဘယ်လို မျက်နှာပြရတော့မလဲ”

နောက်ဆုံး စကားတစ်ခွန်းက ယုံးကျားဧကရာဇ်၏ တကယ့် စိတ်ရင်းမှန်ကို အနည်းငယ် ဖော်ပြလိုက်လေသည်။

ဟုတ်တယ်လေ။ လုမင်ယွိက ဘာမှမဖြစ်သွားဘူး။ စုံစမ်းစစ်ဆေးမှာတော့ သေချာပေမဲ့ အရမ်းကြီး လှုပ်လှုပ်ရှားရှား ဖြစ်အောင် လုပ်စရာမလိုတော့ဘူး။ အိမ်တွင်းဖြစ် အရှုပ်အထွေးကို အပြင်လူ မသိစေရဘူး။ မျက်နှာကို အလေးအမြတ်ထားတဲ့ တော်ဝင်မိသားစုဆို ပိုဆိုးတာပေါ့။

လီကျင့်၏ စိတ်ထဲမှ မီးတောက်သည် ဟုန်းခနဲ လောင်ကျွမ်းလာသည်။

သူသည် စကားပြောရန် ခေါင်းမော့လိုက်သော်လည်း ယောက္ခမဖြစ်သူ လုလင်းက ဒေါသကို ထိန်းချုပ်လိုက်ပြီး ဒူးထောက်လိုက်သည်ကို တွေ့လိုက်ရသည်။ “ကျွန်တော်မျိုး နန်းတော်ထဲကို အရှင်မင်းကြီးနဲ့ တွေ့ဆုံခွင့် တောင်းတာက ဒီကိစ္စအတွက်ပါပဲ”

“ရှောင်ယွိ လမ်းမှာ လုပ်ကြံတဲ့လူနဲ့ တွေ့ခဲ့တယ်။ ကံကောင်းလို့ ဘာမှမဖြစ်ဘဲ အန္တရာယ်ကင်းခဲ့တယ်။ ကိုယ်ဝန် တည်ငြိမ်ဆေး ရက်အနည်းငယ် သောက်လိုက်ရင် ရပါပြီ။ သူ ဘာမှမဖြစ်တော့မှတော့ ကျွန်တော်မျိုး ထင်တယ်၊ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ပါတော့။ ဆက်ပြီး မစုံစမ်းပါနဲ့တော့”

ယုံးကျားဧကရာဇ်: “…”

ယုံးကျားဧကရာဇ် မပြောနှင့် ချောင်မိဖုရားခေါင်ပင် အံ့အားသင့်သွားသည်။

လီကျင့်ကတော့ ချက်ချင်းပင် ယောက္ခမဖြစ်သူ၏ ဤလှုပ်ရှားမှု၏ နက်နဲသော အဓိပ္ပာယ်ကို နားလည်သွားပြီး စိတ်ထဲမှ ကောင်းလိုက်တာ ဟု ချီးကျူးလိုက်မိသည်။

နောက်တစ်လှမ်းဆုတ်ပြီး တက်တိုက်တဲ့ နည်းလမ်းကောင်းတစ်ခုပဲ။

အမှန်ပင်။ လုလင်းက လေသံနှိမ့်ကာ ဆက်ပြောသည်ကို တွေ့လိုက်ရသည်။ “မိသားစု သာယာမှ အရာအားလုံး အဆင်ပြေမှာပါ။ အိမ်တွင်းဖြစ် အရှုပ်အထွေးကို အပြင်လူ မသိစေရပါဘူး။ ကျွန်တော်မျိုးမှာလည်း သားသမီး ၆ ယောက် ရှိပါတယ်။ လက်ဖဝါး၊ လက်ဖမိုး အားလုံးက အသားတွေပါပဲ။ အရှင်မင်းကြီးရဲ့ ခက်ခဲတဲ့အခြေအနေကို ကျွန်တော်မျိုး နားလည်ပါတယ်”

“ဒီမှာ တခြားလူ မရှိပါဘူး။ ကျွန်တော်မျိုး အခြေအနေမသိတဲ့ စကားတစ်ခွန်း ပြောပါရစေ။ ကျွန်တော်မျိုးရဲ့ သမက်က ဧကရာဇ်မင်းမြတ်ရဲ့ တရားဝင်သားတော် ဖြစ်ပြီး ဂုဏ်ပုဒ် မြင့်မားပါတယ်။ ရှောင်ယွိက ဒုတိယမင်းသားကြင်ရာတော် ဖြစ်ပြီး ကိုယ်ဝန်လည်း လွယ်ထားရပါတယ်။ ကလေးကို အန္တရာယ်ကင်းကင်း မွေးဖွားနိုင်ခဲ့ရင် ဧကရာဇ်မင်းမြတ်ရဲ့ တရားဝင်သားတော်က မွေးဖွားတဲ့ မြေးတော် ဖြစ်လာမှာပါ”

“တချို့လူတွေ စိတ်ထဲမှာ မသက်မသာဖြစ်ပြီး ရှောင်ယွိကို မျက်စိထဲက ဆူး၊ အသားထဲက အရိုးလို သဘောထားပြီး ဖယ်ရှားပစ်ချင်နေကြတယ်။ ဒါကလည်း ရှောင်လွှဲလို့ မရပါဘူး။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် သူတို့ လင်မယားနှစ်ယောက်ကို ဘယ်သူမှ ဖိနှိပ်နိုင်မှာ မဟုတ်တော့ပါဘူး”

“အရှင်မင်းကြီးက အရွယ်ကောင်းတုန်း စွမ်းအားရှိတုန်းပဲ။ အိမ်ရှေ့စံခန့်အပ်ဖို့ အချိန် မရောက်သေးပါဘူး။ ဒါပေမဲ့ တချို့လူတွေက မစောင့်နိုင်တော့ဘူး။ လူတစ်ယောက်မှာ မကောင်းတဲ့စိတ် ဝင်လာပြီဆိုရင် စိတ်လိုက်မာန်ပါနဲ့ ဘာမဆို လုပ်နိုင်ပါတယ်”

“အရှင်မင်းကြီးသာ ဆက်ပြီး စုံစမ်းစစ်ဆေးမယ်ဆိုရင် မထင်မှတ်ဘဲ ရလဒ်တစ်ခုပဲ ထွက်လာမှာပါ။ တိုက်ခိုက်တဲ့လူက အရှင်မင်းကြီးနဲ့ ရင်းနှီးပြီး ချစ်ခင်ရတဲ့လူပဲ ဖြစ်မှာ သေချာပါတယ်”

“အဲဒီအချိန်ကျရင် အရှင်မင်းကြီး ဘယ်လိုလုပ်ရက်နိုင်မှာလဲ”

“ကျွန်တော်မျိုး အရှင်မင်းကြီးကို အခက်တွေ့စေမနေချင်ပါဘူး။ ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ပါတော့”

...

အပိုင်း (၂၂၈) ရှေ့တက်ရန်အတွက် နောက်တစ်လှမ်းဆုတ်ခြင်း

ချောင်မိဖုရားခေါင်သည် ကြားလိုက်ရသည်တွင် ရင်တုန်ပန်းတုန် ဖြစ်သွားပြီး စိတ်ထဲတွင် ခမည်းခမက်ကတော့ တကယ်ပြောရဲတာပဲ... ဟု တွေးလိုက်မိသည်။

ပြောလိုက်တာကလည်း တကယ်ကို စိတ်ကျေနပ်စရာပဲ။

စကားလုံးတိုင်း စကားလုံးတိုင်းက ချွန်ထက်သော ဓားသွားများကဲ့သို့ လူ၏ နှလုံးအသည်းကို ထိုးစိုက်လိုက်သလိုပင်။ ယုံးကျားဧကရာဇ်၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း ပိုတင်းမာလာခဲ့ပြီး အထိမခံနိုင်ဆုံးနေရာကို အပြည့်အဝ ထိမှန်သွားခြင်းကြောင့်ပင်။

လီကျင့်၏ ရင်ထဲမှ မွန်းကြပ်နေသော စိတ်များသည်လည်း ရင်ခေါင်းထဲမှ လွင့်ထွက်သွားသည်။

သူသည် ယောက္ခမဖြစ်သူ၏ ဘေးတွင် ဒူးထောက်လိုက်ပြီး ယောက္ခမဖြစ်သူ၏ စကားအတိုင်း လိုက်ပြောလိုက်သည်။ “ယွဲ့ဖု ပြောတာ မှန်ပါတယ်။ သားတော်က အစောပိုင်းတုန်းက အရမ်း စိတ်လိုက်မာန်ပါ ဖြစ်သွားပြီး ဖုဟွမ်ကို ဒီကိစ္စ အသေးစိတ် စုံစမ်းစစ်ဆေးဖို့နဲ့ ရှောင်ယွိအတွက် တရားမျှတမှုကို ပြန်ပေးဖို့ တောင်းဆိုမိတာက ဖုဟွမ်ကို အခက်တွေ့စေခဲ့ပါတယ်။ ဒါက သားတစ်ယောက် လုပ်သင့်တဲ့ အလုပ်မှ မဟုတ်တာပဲ”

“သားတော် အစောက ပြောခဲ့တဲ့ စကားကို ပြန်ရုပ်သိမ်းပါတယ်။ ဖုဟွမ်လည်း အဆုံးစွန်ထိ ဆက်မစုံစမ်းပါနဲ့တော့။ လူတစ်ယောက်ယောက်ကို ရှာပြီး ဒီအတိုင်းပဲ ဒီကိစ္စကို တာဝန်ယူခိုင်းလိုက်ပါ။ လောကကြီးက လူတွေရဲ့ ပါးစပ်ကို ပိတ်နိုင်ရုံလောက်ဆို ရပါပြီ”

ယုံးကျားဧကရာဇ်: “…”

ယုံးကျားဧကရာဇ်သည် ယောက္ခထီးနှင့် သမက်ဖြစ်သူ နှစ်ယောက် ပူးပေါင်း အကျပ်ကိုင်ခံလိုက်ရသဖြင့် အဆုတ်များပင် နာကျင်သွားတော့သည်။

ဧကရာဇ်တစ်ပါး ဖြစ်သည့်အလျောက် မျက်နှာတော့ လိုအပ်သေးသည်။

ယုံးကျားဧကရာဇ်သည် သက်ပြင်းကို ပြင်းပြင်းတစ်ချက် ရှိုက်ထုတ်လိုက်ပြီး လက်ဆန့်ကာ လုလင်းကို ထူပေးလိုက်လျက် လေးနက်စွာ ပြောလိုက်သည်။ “ဒီကိစ္စကို ကျန်း အဆုံးစွန်ထိ စုံစမ်းစစ်ဆေးပြီး လုမိသားစု တစ်ခုလုံးကို ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးမယ်။ လုရှီအတွက်လည်း တရားမျှတမှုကို ပြန်ပေးမယ်”

“ကျန်း လူတိုင်းကို သိစေရမယ်။ ကျန်း က ဒီလို ယုတ်မာတဲ့ နည်းလမ်းမျိုးကို သုံးတဲ့ ဘယ်လူကိုမှ သည်းခံမှာ မဟုတ်ဘူးဆိုတာ။ ဘယ်သူ လက်လှမ်းရဲလဲ၊ ကျန်း သူ့လက်ကို ရိုက်ချိုးပစ်မယ်”

ဧကရာဇ်မင်းမြတ်၏ စကားသည် တည်၏။

လုလင်းသည် စိတ်လှုပ်ရှားသွားသဖြင့် ကျားမျက်လုံးများ နီရဲလာပြီး ရှိုက်သံဖြင့် ပြောလိုက်လေသည်။ “အရှင်မင်းကြီး ဒီလို လုပ်စရာ မလိုပါဘူး။ ရှောင်ယွိက တော်ဝင်မိသားစုထဲကို ချွေးမတော်အဖြစ် ဝင်လာတာပါ။ အရှင်မင်းကြီးက သူ့ကို နေရာတိုင်းမှာ ညှာတာပြီး ကာကွယ်ပေးနေတာကို ကျွန်တော်မျိုး စိတ်ထဲမှာ အားလုံး နားလည်ပြီး ကျေးဇူးတင်မဆုံး ဖြစ်နေရပါတယ်။ သူ့ရဲ့ အန္တရာယ်ကင်းရေးအတွက် ဒီလောက် လှုပ်လှုပ်ရှားရှား လုပ်လိုက်ရလို့ တော်ဝင်မိသားစုရဲ့ မျက်နှာကို ထိခိုက်သွားရင် ကျွန်တော်မျိုး ဘယ်လိုလုပ် စိတ်ကောင်းနိုင်မှာလဲ”

လုလင်းက ပို နှိမ့်ချလေ ယုံးကျားဧကရာဇ်က ပို ခိုင်မာလာလေ ဖြစ်သည်။ “မင်း ဘာမှ ဆက်မပြောနဲ့တော့။ ကျန်း ဆုံးဖြတ်ပြီးသွားပြီ”

လုလင်း၏ မျက်လုံးထဲမှ ယောက်ျားတို့၏ မျက်ရည်နှစ်စက် ထွက်ကျလာသည်။ “အရှင်မင်းကြီး ဒီလို ဆက်ဆံတာကို ကျွန်တော်မျိုး ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူး။ ဒီဘဝမှာ အရှင်မင်းကြီးအတွက် ရှေ့ဆုံးက မြင်းစီးစစ်သည် ဖြစ်ခွင့်ရပြီး ယန်နဲ့ ချူကို တိုက်ခိုက်ကာ အရှင်မင်းကြီး ပြည်မကြီးကို စည်းရုံးနိုင်အောင် ကူညီပေးပါရစေ”

ယုံးကျားဧကရာဇ်သည် မျက်မှောင်များကို ဖြေလျော့လိုက်ပြီး လုလင်း၏ ပုခုံးကို ပုတ်လိုက်သည်။ “မင်းရဲ့ သစ္စာစောင့်သိမှုကို ကျန်း အားလုံး နားလည်ပါတယ်။ သာ့ဝေတိုင်းပြည်က သစ္စာရှိတဲ့ အမတ်ကောင်း စစ်သူကြီးကောင်းတွေနဲ့ ကင်းကွာလို့ မရသလို၊ ကျန်းလည်း မင်းနဲ့ ကင်းကွာလို့ မရဘူး။ မင်း စိတ်ချလိုက်ပါ။ ကျန်း ရှိနေသမျှ ဘယ်သူမှ လုရှီကို အနိုင်ကျင့်လို့ မရဘူး”

မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲ ဖြစ်သော လီကျင့်အတွက်တော့ ဤကဲ့သို့သော အခွင့်အရေးမျိုး မရခဲ့ဘဲ တိတ်ဆိတ်စွာ ဒူးထောက်နေရာမှ သူ့ဘာသာသူ ထရပ်လိုက်ရလေသည်။

လုလင်းသည် အတင်အချ အတိုးအဆုတ်ကို ကောင်းစွာ နားလည်သူဖြစ်ပြီး လာရင်းအဓိပ္ပာယ် ပြီးမြောက်သွားသဖြင့် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ “ကျွန်တော်မျိုး အရင် နှုတ်ဆက်ပြီး ပြန်လိုက်ပါဦးမယ်။ အိမ်တော်ပြန်ပြီး ရှောင်ယွိကို သွားကြည့်လိုက်ဦးမယ်။ သူက ကိုယ်ခံပညာ ဘယ်လောက်ပဲ ကောင်းကောင်း၊ ဒီလို အန္တရာယ်ကြီးတဲ့ ကိစ္စမျိုးကို မကြုံဖူးသေးဘူး။ အခုအချိန်ထိ လိပ်ပြာလွင့်နေတုန်း ဖြစ်မှာ”

ယုံးကျားဧကရာဇ်၏ စိတ်ထဲမှ ရှက်ရွံ့စိတ်က ပိုကြီးမားလာပြီး ပြောလိုက်တော့သည်။ “အာ့ကျင့်၊ မင်းရဲ့ ယွဲ့ဖုကို အိမ်တော်ပြန်မပို့သေးဘဲ ဘာလုပ်နေတာလဲ”

မြန်မြန် ပြန်ခိုင်းလိုက်တာ ပိုကောင်းတယ်။ မဟုတ်ရင် သူ့ကို မြင်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေရဦးမယ်။

လီကျင့်သည် မျက်နှာအရေ ထူလာသည်မှာ ကြာပြီဖြစ်သဖြင့် ယုံးကျားဧကရာဇ်၏ လေသံထဲမှ မကျေနပ်မှုကို မကြားဟန်ဆောင်ကာ လက်သီးဆုပ်ပြီး သဘောတူလိုက်လျက် ချောင်မိဖုရားခေါင်ကို နှုတ်ဆက်ပြီးနောက် ယောက္ခမဖြစ်သူနှင့်အတူ ထွက်ခွာသွားသည်။

ချောင်မိဖုရားခေါင်သည် ယုံးကျားဧကရာဇ်၏ မျက်နှာအမူအရာကို တစ်ချက် ကြည့်လိုက်ပြီး ဆက်မနေလိုတော့ဘဲ အရိုအသေပေးကာ နှုတ်ဆက် ထွက်ခွာသွားသည်။

အားလုံး ထွက်သွားကြပြီးနောက် ယုံးကျားဧကရာဇ်သည် တစ်ယောက်တည်း ခဏကြာအောင် မတ်တပ်ရပ်နေခဲ့ပြီး မျက်နှာတော်မှာ မည်းမှောင်နေကာ မျက်လုံးထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ မည်သည့်အရာကို တွေးလိုက်မိသည်မသိ။ ရုတ်တရက် ခြေထောက်ကို ဆန့်တန်းလိုက်ပြီး နဂါးပလ္လင်ရှေ့မှ စားပွဲတော်ကို ကန်လှဲပစ်လိုက်သည်။

ဒုန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာသည်။

ဘေးတွင် ရှိနေသော နန်းတွင်းကိုယ်ရံတော်များနှင့် အတွင်းဝန်များအားလုံး ခေါင်းငုံ့ထားလိုက်ကြသည်။

“လျိုကုန်းကုန်း” ယုံးကျားဧကရာဇ်သည် သွားကြိတ်ကာ ဒေါသတကြီး ပြောလိုက်သည်။ “ကျန်းရဲ့ မိန့်တော်ကို သွားပြန်ကြားလိုက်။ တရားရေးဝန်ကြီးကို ချက်ချင်း နန်းတော်ထဲ ဝင်ခိုင်းလိုက်”

လျိုကုန်းကုန်းသည် ခေါင်းငုံ့ကာ သဘောတူလိုက်သည်။

နန်းတော်အပြင်အတွင်း လျှို့ဝှက်သော လှိုင်းလုံးများ အမြဲတမ်း ရှိနေခဲ့ပြီး မင်းသားများ၏ တိုက်ခိုက်မှုများအားလုံးသည် အမှောင်ထဲတွင် ရှိနေခဲ့ကာ မိဖုရားငယ်များ၏ ပြိုင်ဆိုင်မှုများကလည်း အလွန်အမင်း ထင်ရှားစွာ မဖော်ပြရဲခဲ့ကြပေ။

လုမင်ယွိ လုပ်ကြံခံရသည့် ကိစ္စသည် ကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်ပြီး ကန်ရေအောက်မှ ရွေ့လျားနေသော လျှို့ဝှက်လှိုင်းလုံးများမှာ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။

…

ယိဟွားနန်းဆောင်ထဲတွင်။

စူးဖေးသည် ယနေ့ စိတ်အခြေအနေက အလွန်အမင်း ကောင်းမွန်နေသဖြင့် နေ့လယ်စာကို ပုံမှန်ထက် တစ်ပန်းကန် ပိုစားခဲ့သည်။ တစ်နေ့ခင်းလုံး ကောင်းမွန်စွာ အိပ်စက်လိုက်ပြီး မည်သည့်အရာကို အိပ်မက်မက်သည်မသိ။ အိပ်မက်ထဲတွင်ပင် ရယ်မောသံ ထွက်ပေါ်လာခဲ့သည်။

ညနေစောင်းသို့ ရောက်သောအခါ စူးဖေးသည် နန်းတွင်းအပျိုတော်ကို တယောတစ်လက် ယူလာခိုင်းပြီး တယောကျွမ်းကျင်သော နန်းတွင်းအပျိုတော်ကို အနည်းငယ် တီးခတ်ခိုင်းကာ သူမကိုယ်တိုင် ယိဟွားနန်းဆောင်ထဲတွင် ကကွက်အနည်းငယ် ကပြလိုက်သည်။

စူးဖေးသည် ကချေသည်ဘဝမှ လာသူဖြစ်ပြီး သီးသန့် အချိန်များတွင် ယုံးကျားဧကရာဇ်ကို မကြာခဏ ကပြလေ့ရှိသည်။ သို့သော် တခြားသူများက သည်ကိစ္စကို ပြောဆိုခြင်းကိုတော့ အလွန် မနှစ်မြို့ပေ။ စိတ်အခြေအနေ အလွန်အမင်း ကောင်းမွန်နေသည့် အချိန်မျိုးမှသာ ယခုကဲ့သို့ အကပဒေသာအချို့ကို ကပြလေ့ရှိသည်။

တယောသံသည် စမ်းချောင်းလေး စီးဆင်းနေသကဲ့သို့ ပျံ့လွင့်နေပြီး အသက် သုံးဆယ်ကျော်ပြီ ဖြစ်သော စူးဖေး၏ ခန္ဓာကိုယ် အချိုးအစားမှာ နူးညံ့ပြီး လှုပ်ရှားမှုကို ဆွဲဆောင်နိုင်ဆဲပင်။ တေးသွားလေးကို တိုးတိုးလေး ညည်းတွားရင်း လှပစွာ ကခုန်နေပြီး ကကွက်များမှာ လှပပြီး ဆွဲဆောင်မှုရှိကာ မျက်နှာပေါ်မှ ချစ်စဖွယ် အမူအရာသည် ဘေးတွင် အကျွေးအမွေး ပြုစုနေသော နန်းတွင်းအပျိုတော်လေးများ မြင်လျှင်ပင် မျက်လုံးပူပြီး ရင်ခုန်သွားစေလောက်သည်။

စူးဖေးသည် မထင်မရှား နေထိုင်ပြီး ပုံမှန်အချိန်များတွင် ခေါင်းငုံ့ကာ နေထိုင်သည်ဟု မထင်လိုက်ပါနှင့်။ အမှန်တကယ်တွင် ယောက်ျားကို ပြုစုသည့် အရည်အချင်းနှင့် ဆိုလျှင် အနောက်နန်းဆောင်ထဲတွင် မည်သူမှ စူးဖေးကို မမီပေ။

ယုံးကျားဧကရာဇ် အချစ်ဆုံးမှာ မုန့်ကွေ့ဖေး ဖြစ်သည်မှာ သေချာသည်။ မုန့်ကွေ့ဖေးမှလွဲလျှင် ယိဟွားနန်းဆောင်သို့ လာရောက်သည့် အကြိမ်အရေအတွက်မှာ အများဆုံးဟု ဆိုနိုင်သည်။

မည်သို့ဆိုစေ ယုံးကျားဧကရာဇ်သည် အမြော်အမြင်ရှိပြီး တိုက်ခိုက်ရေးစွမ်းရည် မြင့်မားသော်လည်း ယောက်ျားတစ်ယောက်ပင် ဖြစ်သည်။ ယောက်ျားဖြစ်လျှင် အလှအပကို မကြိုက်သည့်သူ မရှိပေ။ ခေါင်းရင်းတွင် ပြုစုရသော မိဖုရားငယ်များက ဉာဏ်ကောင်းခြင်း မကောင်းခြင်းသည် အရေးမကြီးလှပေ။

စူးဖေးသည် အကပဒေသာ အနည်းငယ် ကခုန်ပြီးနောက် တစ်ကိုယ်လုံး ချွေးအနည်းငယ် စို့လာပြီး စိတ်လက် ပျော်ရွှင်နေသည်။ ညစာ တည်ခင်းခိုင်းရန် ပြင်နေစဥ်မှာပင် လီဟောက် ရောက်လာခဲ့၏။

လီဟောက်၏ မျက်နှာအမူအရာသည် သိပ်မကောင်းလှဘဲ စူးဖေးကို ကြည့်နေသော အကြည့်ထဲတွင် လျှို့ဝှက်သော စူးစမ်းမှုတို့ ပါဝင်နေသည်။

စူးဖေးက ရယ်မောပြီး သားဖြစ်သူကို စိတ်ဆိုးဟန်ဖြင့် ပြောလိုက်လေသည်။ “မင်းက ငါ့ကို ဘာလို့ ဒီလို ကြည့်နေတာလဲ။ မဟုတ်မှလွဲရော အမေက လက်တစ်ဖက် ပိုရှည်လာလို့လား”

“လုမင်ယွိ ဒီနေ့ ချောင်အိမ်တော်ကို မင်္ဂလာလက်ဆောင် သွားပေးရင်း လမ်းမှာ လုပ်ကြံတဲ့လူတစ်စုနဲ့ တွေ့ခဲ့တယ်” လီဟောက်သည် စူးဖေးကို စိုက်ကြည့်လျက် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “သူ ကိုယ်ခံပညာ မြင့်မားလို့သာပဲ။ မဟုတ်ရင် ဒီနေ့ လုပ်ကြံတဲ့လူရဲ့ လက်ထဲမှာ သေသွားနိုင်တယ်”

“မူဖေး ဒီနေ့ စိတ်အခြေအနေ ဒီလောက် ကောင်းနေတာက ဒီကိစ္စကြောင့်လား”

စူးဖေး: “…”

စူးဖေးသည် ရင်ကော့ပြီး “ဟုတ်တယ်၊ မှန်တယ်၊ ဘာဖြစ်လဲ” ဟု ပြန်ပြောချင်လိုက်သည်။ လီဟောက်၏ တင်းမာနေသော ချောမောသည့် မျက်နှာကို မြင်လိုက်ရသောအခါ ပါးစပ်ဖျား ရောက်နေသော စကားများက ပြန်မျိုချလိုက်ရသည်။ “ငါက အနောက်နန်းဆောင်ထဲမှာ တစ်နေ့လုံး နေနေတာ။ အပြင်မှာ ဘာဖြစ်နေလဲဆိုတာ ဘယ်လိုလုပ် သိမှာလဲ။ လုရှီက တကယ် လုပ်ကြံတဲ့လူနဲ့ တွေ့ခဲ့တာလား။ သူ ဘာမှမဖြစ်ဘူး မဟုတ်လား”

လီဟောက်သည် တိတ်ဆိတ်စွာ စကားမပြောဘဲ စူးဖေး၏ ဟန်ဆောင်နေသော မျက်နှာကို စိုက်ကြည့်နေသည်။

သူ့အမေအရင်းက ဘယ်လို စိတ်ဓာတ်မျိုးလဲဆိုတာ သူ့ထက် ပိုသိတဲ့လူ ရှိမှာမဟုတ်ဘူး။

စူးဖေးသည် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားပြီး သူ့ကို မပြောပြပေ။ လုမင်ယွိကလည်း ထိုနည်းတူပင်။ ဘာကြောင့်မှန်း မသိဘဲ သူတို့နှစ်ယောက်သည် မဟာရန်သူများကဲ့သို့ပင်။

လုမင်ယွိ လုပ်ကြံခံရတာကို စူးဖေးက ကံဆိုးမိုးမှောင်ကျတယ်လို့ သဘောကျနေမှာ သေချာတယ်။ သူ အခု စဥ်းစားနေတာက ဒီကိစ္စက စူးဖေးနဲ့ တကယ်ပဲ ပတ်သက်မှု ရှိသလား မရှိဘူးလား ဆိုတာပဲ။

“မင်းက ငါ တိတ်တဆိတ် လက်စွမ်းပြလိုက်တယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်” စူးဖေးသည် အံ့အားသင့်ပြီး ရယ်စရာကောင်းသလို သားဖြစ်သူကို မေးလိုက်သည်။ “မင်း ငါ့ကို ကြည့်စမ်းပါ။ ဒီလို စွမ်းရည်မျိုး ရှိတဲ့လူနဲ့ တူလို့လား”

မတူပါဘူး။

စူးဖေးက ယုံးကျားဧကရာဇ်ကို တွယ်ကပ်ပြီး အသက်ရှင်နေရတဲ့ နွယ်ပင်တစ်ပင်ပဲ။ နန်းတော်ထဲမှာ နန်းတွင်းအပျိုတော် အနည်းငယ်ကို တိတ်တဆိတ် လာဘ်ထိုးနိုင်တဲ့ နည်းလမ်းတော့ ရှိပေမဲ့ နန်းတော်အပြင်မှာ လုပ်ကြံသတ်ဖြတ်သူ သေရဲတိုက်စစ်မှူးတွေ မွေးမြူထားနိုင်တဲ့ အရည်အချင်းတော့ မရှိဘူး။

တခြား မိဖုရားငယ်တွေမှာ အားကိုးရတဲ့ မိခင်ဘက်က မိသားစု တွေ ရှိကြတယ်။ စူးမိသားစုကတော့ ဆင်းရဲတဲ့ မိသားစုဖြစ်ပြီး အဲဒီတုန်းက သမီးကို ရောင်းစားပြီးမှ အသက်ဆက်နိုင်ခဲ့တာ။ စူးဖေးက အဲဒီတုန်းက လီမိသားစုရဲ့ ကိုယ်လုပ်တော် ဖြစ်သွားပြီးနောက် မိခင်ဘက်က မိသားစု နဲ့ ပြန်ဆက်သွယ်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ယုံးကျားဧကရာဇ်က နဂါးပလ္လင်ပေါ် ထိုင်ပြီးနောက် စူးမိသားစုကို လယ်ယာမြေ အနည်းငယ် ချီးမြှင့်ခဲ့တယ်။ သူ့ရဲ့ အဘိုးနဲ့ ဦးလေးတွေက အမြင်မကျယ်တဲ့ မြေပိုင်ရှင်တွေပဲ။

စူးဖေးက လုမင်ယွိကို သတ်ချင်ရင်တောင် ဒီလို ရက်စက်တဲ့ နည်းလမ်းမျိုးကို သုံးနိုင်မှာ မဟုတ်ဘူး။

ဒါဆိုရင် လက်စွမ်းပြတဲ့လူက ဘယ်သူလဲ။

လီဟောက်၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး စိတ်ထဲတွင် အတွေးများ ဆက်တိုက် ပေါ်လာသည်။

စူးဖေးသည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး လေသံနှိမ့်ကာ ပြောလိုက်သည်။ “ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး။ မင်း ဒီမှာ လျှောက်တွေး မနေနဲ့။ လုမင်ယွိ သေသွားရင်တောင်မှ မင်းက မျက်ရည်ကျပေးရမယ့် အလှည့် မဟုတ်ဘူး”

…

All Chapters