အခန်း (၂၂၉-၂၃၁)
Vol. 16 Ch. 229-231
အပိုင်း (၂၂၉) အသေးစိတ်စုံစမ်းစစ်ဆေးခြင်း (၁)
ဒီအချိန်တွင် စတုတ္ထမင်းသားသည်လဲ မျက်မှောင်ကြုတ်ကာ ချင်ဖေးကို စိုက်ကြည့်ရင်း မေးလိုက်လေသည်။ ”မူဖေး အာ့စောင် လုပ်ကြံခံရတဲ့ကိစ္စက မူဖေးနဲ့ ပတ်သက်မှုရှိနေတာလား"
စူးဖေးသည် လုမင်ယွိကို မည်မျှပင် ဒေါသထွက်ပြီး မုန်းတီးနေပါစေ နန်းတော်အပြင်ဘက်တွင် လုမင်ယွိကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်နိုင်သည့် စွမ်းရည်မရှိချေ။
ဒီအချက်ကိုကြည့်လျှင် သံသယအရှိဆုံးသူမှာ မုန့်ကွေ့ဖေးဖြစ်သည်မှာ သဘာဝကျလေသည်။ ကွမ်းပင်းနယ်စားသည် လက်ထဲတွင် စစ်အင်အားအများအပြား ကိုင်ဆောင်ထားပြီး အိမ်တော်ထဲက စစ်သည်များလည်း များပြားလှသည်။ ပထမမင်းသားသည် အိမ်တော်သို့ ပြောင်းရွှေ့ခဲ့သည်မှာ လေးနှစ်ရှိခဲ့ပြီဖြစ်ပြီး တိတ်တဆိတ် လှုပ်ရှားမှုအနည်းငယ် ပြုလုပ်လိုလျှင် အလွန်လွယ်ကူလေသည်။
ပထမမင်းသား၏ ကိုယ်လုပ်တော်က မွေးသောသားအကြီးဆုံးသည် မကြာမှီ မွေးဖွားတော့မည်ဖြစ်ပြီး ဒုတိယမင်းသား အိမ်တော်တွင်လည်း ဇနီးမယားကမွေးသော သားတော်ရရှိတော့မည်ဖြစ်၏။ မနာလိုမုန်းတီးမှုကြောင့် မုန့်ကွေ့ဖေးနှင့် ပထမမင်းသားတို့တွင် လှုပ်ရှားရန် အကြောင်းပြချက်ရှိလေသည်။
ချင်ဖေးကတော့ လုမင်ယွိကို ကြံစည်ခြင်းမှာ မအောင်မြင်သည့်အပြင် ရှန်ဖေးရာထူးကို ပြန်လည်ရုတ်သိမ်းခံရပြီး နန်းဆောင်တွင် အကျယ်ချုပ်ခံရသည့် အခြေအနေသို့ ရောက်သွားခဲ့သည်တွင် စိတ်ထဲတွင် မည်သို့မနာကျည်းဘဲ ရှိပါမည်နည်း။
ချင်ဖေးကိုယ်တိုင်တွင်တော့ ဒီလိုစွမ်းရည်မရှိသော်ငြား မယ်တော်ကြီးကျောက်တွင်တော့ ရှိလေသည်။ နန်းတော်အပြင်ဘက်တွင် ကျောက်မိသားစုရှိနေ၏။
ထို့ကြောင့် စတုတ္ထမင်းသား အစိုးရိမ်ဆုံးမှာ ချင်ဖေးက မယ်တော်ကြီးကို တိတ်တဆိတ် သွေးထိုးလှုပ်ဆော်ပြီး ကျောက်မိသားစုက လုမင်ယွိကို ရင်ဆိုင်တိုက်ခိုက်မှာကိုပင်။
ချင်ဖေးက သားဖြစ်သူကို တစ်ချက်စောင်းကာကြည့်လိုက်၏။ ”လုံးဝမပတ်သက်ဘူး။ ဒီရက်ပိုင်းအတွင်းမှာ ငါက ရှို့နဥ်နန်းဆောင်ကို မင်းရဲ့အဘွားဆီသွားပြီး အဖော်ပြုပေးနေတာ။ အပြင်လူတစ်ယောက်တောင် မတွေ့ခဲ့ဘူး။ လုမင်ယွိ လုပ်ကြံခံရတဲ့ကိစ္စ ငါနဲ့ဘာမှမဆိုင်ဘူး"
စတုတ္တမင်းသားက ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် လေသံတိုးတိုး ပြောလိုက်၏။ ”မူဖေး ဒီကိစ္စက ကိစ္စသေးသေးလေး မဟုတ်ဘူး။ မူဟုပ်နဲ့ အာ့ကောတို့နှစ်ယောက်စလုံး ဝမ်ဟွားနန်းဆောင်ကို သွားကြပြီ။ ရှင်ယန်ဝမ်လဲ နန်းတော်ထဲမှာ ဆူပူပြီးဝင်သွားတယ်"
"ကြားတာတော့ ဖုဟွမ်က အရမ်းဒေါသထွက်နေပြီး တရားရေးဝန်ကြီးကို နန်းတော်ထဲဝင်ဖို့ ဆင့်ခေါ်လိုက်တယ်တဲ့။ ဒီကိစ္စ အသေးစိတ် စုံစမ်းစစ်ဆေးတော့မဲ့ပုံပဲ"
ချင်ဖေးက နှုတ်ခမ်းကို မဲ့ထားလိုက်ကာ သူမ၏ လေသံထဲတွင်လည်း မနာလိုသွားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာတော့၏။ ”လုမင်ယွိမှာ အဖေကောင်းတစ်ယောက် ရှိတာကိုး။ မိဖုရားခေါင်နဲ့ ဒုတိယမင်းသား နှစ်ယောက်ထဲဆိုရင် မင်းရဲ့ ဖုဟွမ်က အထိခိုက်ခံပြီး လုပ်မှာမဟုတ်ဘူး။ ရှင်းယန်ဝမ်က နန်းတော်ရှေ့အထိ လာပြီးဆူပူမှတော့ မင်းရဲ့ ဖုဟွမ်က ဘယ်လိုလုပ်ပြီး ဘယ်လောက်ပဲ မစွန့်လွှတ်နိုင် ဖြစ်နေပါစေ ဒီတခေါက်တော့ လက်ဆပြင်းရတော့မှာပဲ"
စကားထဲတွင် ပါဝင်နေသည့် လေးနက်သော အဓိပ်ပါယျ ကြောင့် စတုတ္ထမင်းသားမှာ စိတ်ထဲတွင် ကြိတ်ပြီး ထိတ်လန့်သွားတော့သည်။ ”မူဖေး ပြောချင်တာက တကယ်လက်စွမ်းပြလိုက်တဲ့သူက ..."
"နန်းတော်ထဲမှာ လူကဒီလောက်ပဲရှိတာပဲ။ မင်းသေသေချာချာ စဥ်းစားကြည့်ရင် အဖြေထွက်လာမှာပါ"
ချင်ဖေးသည် အစကတည်းက သတိရှိသူဖြစ်ပြီး သားအမိနှစ်ယောက်ထဲ တိုးတိုးတိတ်တိတ် စကားပြောနေသော်ငြား စကားကို ရှင်းရှင်းလင်းလင်း ပြောရန်ဆန္ဒမရှိချေ”ဘာပဲဖြစ်ဖြစ် ဒီကိစ္စက အဘွားတော်နဲ့လည်း မပတ်သက်ဘူး”
"မင်းရဲ့အဘွားတော်က လုရှီဆိုတဲ့ ဒီမြေးချွေးမကို မုန်းတီးတာမှန်ပေမဲ့ လုရှီရဲ့ ဗိုက်ထဲက တော်ဝင်မိသားစုရဲ့ သွေးသားအရင်းအချာကို လွယ်ထားရတာ မင်းရဲ့အဘွားတော်က ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ"
စတုတ္ထမင်းသားသည် နားလည်သွားပြီး မျက်လုံးအမူအယာကလဲ ရှုပ်ထွေးသွားကာ ခဏလောက် နှုတ်ဆိတ်နေလိုက်ပြီးမှ လေသံကိုနှိမ့်ကာ ပြောလိုက်လေသည်။ ”မုန့်မိသားစုလား ဒါမှမဟုတ် သာ့ကော လုပ်လိုက်တာလားမသိဘူး"
ချင်ဖေးကတော့ မှတ်ချက်မပေးချေ။ ”ဘယ်သူပဲလုပ်လုပ် ဘာပဲဖြစ်ဖြစ် ဒီကိစ္စ ငါတို့သားအမိနဲ့ မဆိုင်ဘူး။ မင်း ရှေ့ကို အလျင်စလိုမတိုးနဲ့။ မင်းရဲ့ဖုဟွမ်ကို သံသယဝင်ပြီး စိတ်မချမ်းမသာဖြစ်အောင် မလုပ်မိစေနဲ့"
ခရုနှင့်ရေငှက်တို့ တိုက်ခိုက်နေကြစဥ်တွင် တံငါသည်က အမြတ်ထွက်သွားတတ်သည်။
ပထမမင်းသားအုပ်စုနှင့် ဒုတိယမင်းသားအုပ်စုတို့ ပိုပြီးပြင်းပြင်းထန်ထန် တိုက်ခိုက်လေ ကောင်းလေပင်။ နှစ်ဖက်စလုံး ထိခိုက်အနာတရ ပျက်စီးသွားလျှင်တော့ အကောင်းဆုံးပင်။
ချင်ဖေးသည် စိတ်ထဲကနေ တွက်ချက်နေပြီး စတုတ္ထမင်းသားကို လေသံနှိမ့်ကာ ထပ်မံမှာကြားလိုက်လေသည်။ ”ဒီရက်ပိုင်းအတွင်း မင်းငြိမ်ငြိမ်နေ မင်းရဲ့ဖုဟွမ်ရှေ့မှာ သိပ်မတွေ့စေနဲ့။ ကိစ္စရဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးပြီး အဖြေထွက်လာတဲ့အထိ စောင့်ပြီးမှ ဆက်ပြော"
စတုတ္ထမင်းသားကလဲ ခေါင်းညိမ့်ပြလိုက်၏။
...
လုလင်းနှင့် လီကျင့်တို့ ယောက္ခထီးနှင့် သမက်နှစ်ယောက်သည် နန်းတော်ထဲက ထွက်လာပြီးနောက် လုအိမ်တော်သို့ အတူတူမြင်းစီးကာ ပြန်လာခဲ့ကြ၏။
အေးစက်စက်လေပြေက စိတ်ထဲက ပူလောင်နေသည့် ဒေါသကို မငြှိမ်းသတ်နိုင်ချေ။
ယောက္ခထီးနှင့် သမက်တို့သည် လမ်းတလျှောက် စကားပြောရန် အချိန်မရဘဲ လုအိမ်တော်သို့ ခြေလှမ်းဝင်ပြီးမှသာ စကားအနည်းငယ် တိုးတိုးလေးပြောရန် အချိန်ရတော့သည်။
"ယွဲ့ဖု ကျွန်တော် တောင်းပန်ပါတယ်" လီကျင့်၏ အသံသည် အနည်းငယ် ခက်ထန်လို့နေ၏။ ”ကျွန်တော် ပေါ့ဆသွားတာတယ်။ လမ်းမပေါ်မှာတင် ရှောင်ယွိကို လုပ်ကြံရဲရလောက်အေုင် သတ္တိကောင်းတဲ့လူ ရှိလိမ့်မယ်လို့ မထင်မိဘူး။ ကံကောင်းလို့ ရှောင်ယွိ ဘာမှမဖြစ်တာ။ မဟုတ်ရင် ကျွန်တော် ယွဲ့ဖုကို ဘယ်လိုမျက်နှာပြရမလဲ မသိတော့ဘူး"
လုလင်းကတော့ သမက်ဖြစ်သူကို အပြစ်မတင်ဘဲ လီကျင့်၏ ပုခုံးကို လှမ်းပုတ်လိုက်ပြီးမှ ပြောလိုက်သည်။ ”လင်မယားဆိုတာ အစကတည်းက တစ်သားတည်းပဲ။ ရှောင်ယွိက မင်းကို လက်ထပ်ပြီးမှတော့ ဒုတိယမင်းသားကြင်ရာတော်ရဲ့ ကြွယ်ဝမှုနဲ့ ဂုဏ်သိက္ခာကို ခံစားရသလို အဲဒါနဲ့အတူပါလာမဲ့ အန္တရာယ်မျိုးစုံကိုလည်း ခံနိုင်ရည်ရှိရမှာပေါ့"
မင်းကို အပြစ်တင်လို့မရပါဘူး။ ကိုယ့်ဟာကို အပြစ်မမြင်ပါနဲ့"
ယောက္ခထီးဖြစ်သူက ဒီလို အကျိုးအကြောင်း နားလည်သူဖြစ်သဖြင့် သမက်ဖြစ်သူ လီကျင့်မှာ စိတ်လှုပ်ရှားပြီး နွေးထွေးသွားကာ ယောက်ျားတို့၏ မျက်ရည်စက်ပင် ကျလုနီးပါးဖြစ်သွားတော့သည်။
"ဒီကိစ္စကို အရှင်မင်းကြီးက အသေးစိတ်စုံစမ်းပြီး ရှောင်ယွိအတွက် တရားမျှတမှုကို ပြန်ပေးမယ်။ လုမိသားစုကို ကျေနပ်လောက်တဲ့အဖြေ တစ်ခုပေးမယ်လို့ သဘောတူလိုက်ပြီ" လုလင်း၏ စိတ်ထဲက ဒေါသမီးသည် မျက်လုံးထဲက အေးစက်သောနှင်းခဲများဖြင့် စုစည်းသွားလေသည်။ ”ဒါပေမဲ့ ငါတို့လဲ သေသေချာချာ စောင့်ကြည့်ထားရမယ်။ မဟုတ်ရင် တစ်ချို့လူတွေက ကြားထဲကနေ လက်ဝင်ပြီး အစားထိုးခံမဲ့သူ့ကို တွန်းထုတ်ဖို့ ကြိုးစားနိုင်တယ်"
လီကျင့်ကလဲ လေးပင်စွာ ပင့်သက်တစ်ချက်ရှိုက်လိုက်လေသည်။ ”ယွဲ့ဖု စိတ်ချပါ။ ဒီကိစ္စက တရားရေးဌာနကို ရောက်သွားမှတော့ ကျွန်တော်ကိုယ်တိုင် တရားရေးဌာနကို သွားပြီး စောင့်ကြည့်ပါမယ်"
လုလင်းက အနည်းငယ် ခေါင်းငြိမ့်ပြလိုက်ပြီး လီကျင့်ကို ကြည့်နေသည့်အကြည့်ကလဲ အနည်းငယ် ပျော့ပျောင်းသွားတော့သည်။ ”မင်းလဲ ဒီကိစ္စကြောင့် အရှင်မင်းကြီးအပေါ် စိတ်ထဲမှာ အတားအဆီးမဖြစ်စေနဲ့။ မင်းတို့က သားအဖအရင်းတွေ။ အရှင်မင်းကြီးက ပထမမင်းသားကို ချစ်ခင်သလို မင်းလို တရားဝင်ဇနီးသည်က မွေးထားတဲ့ သားတော်ကိုလည်း အတူတူမြတ်နိုးပါတယ်"
လက်ဖမိုးလက်ဖဝါးအားလုံး အသားတွေ ဖြစ်နေသောကြောင့်သာ ယုံးကျားဧကရာဇ်သည် ယနေ့ညတွင် တွေဝေပြီး ဆုံးဖြတ်ချက်မပြတ်မသား ဖြစ်နေခဲ့ခြင်းပင်။
လီကျင့်၏ မျက်နှာအမူအယာသည် အနည်းငယ် ညိုမှိုင်းသွားပြီး လေသံနှိမ့်ကာ ပြောလိုက်လေသည်။ ”ယွဲ့ဖုရဲ့ ဆိုလိုရင်းကို ကျွန်တော် အားလုံးနားလည်ပါတယ်"
တော်ဝင်မိသားစုက သားအဖနှစ်ယောက်၏ ဆက်ဆံရေးသည် သာမာန်မိသားစုနှင့် မတူချေ။ သွေးသားတော်စပ်မှုရှိသော်ငြား ဧကရာဇ်နှင့်မှူးမတ်တို့၏ ကွာခြားမှုလည်း ရှိနေသေးသည်။ သူသည် ဖခင်အရင်း၏ ခံနိုင်မှုအပေါ် မကျေနပ်သော်ငြားလည်း လုံးဝထုတ်ဖော်ပြသလို့မဖြစ်ချေ။
လိုရင်းကို ပြောရမည်ဆိုလျှင်တော့ အခုတလောတွင် စားပွဲကို လှန်ပစ်နိုင်သည့် အရည်အချင်းမရှိသေးသဖြင့် အတိုင်းအတာတစ်ခုအထိ သည်းခံရပေမည်။
လုလင်းက ကျေနပ်စွာဖြင့် ခေါင်းအနည်းငယ် ညိမ့်ပြလိုက်ကာ "မင်းနားလည်ရင် ပြီးတာပါပဲ" ခဏလောက် ရပ်လိုက်ပြီးမှ ထပ်ပြောလိုက်၏။ ”ရှောင်ယွိ ဒီနေ့ လန့်သွားလောက်တယ်။ ငါ သူ့ကို အရင်သွားကြည့်လိုက်အုံးမယ်"
လီကျင့်ကလဲ သဘောတူလိုက်လေသည်။ ”ကျွန်တော် ယွဲ့ဖုနဲ့အတူတူ လိုက်ခဲ့ပါ့မယ်"
ပြောရင်းဆိုရင်း ခြံဝန်းထဲသို့ လှမ်းဝင်သွားကြတော့သည်။
...
ထိုအချိန်တွင် ကောင်းကင်ကလဲ မှောင်မည်းနေပြီဖြစ်၏။
လုမင်ဖန်းနှင့် တခြားသူများ အားလုံးသည် ခြံဝန်းထဲတွင် စုဝေးနေကြပြီး လုမင်ယွိကို ကုတင်ပေါ်တွင် လဲလျောင်းနေရန် အားလုံးက တညီတညွှတ်တည်း တိုက်တွန်းနေကြလေသည်။ လုလင်း ဝင်လာပြီးနောက်မှ မောင်နှမများက အရင်ဆုံး အလိုက်တသိ ဆုတ်ခွာသွားကြပြီး သားအဖနှစ်ယောက်တည်း စကားပြောရန် နေရာပေးလိုက်၏။
"အဖေ" လုမင်ယွိက ကုတင်ပေါ်က ထထိုင်လိုက်လေသည်။ ”အဖေ နန်းတော်ထဲ ဝင်သွားတာ ဘယ်လိုနေလဲ"
ထိန်လင်းနေသည့် ဖယောင်းတိုင်မီးရောင်အောက်တွင် လုမင်ယွိ၏ လှပပြီး ထက်မြက်သောမျက်နှာလေးသည် အနည်းငယ် ဖြူဖျော့လို့နေသည်။ ယနေ့ကိုယ်ဝန်ကို ထိခိုက်သွားသဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ အနားယူမှသာ ပြန်လည်ကောင်းမွန်လာတော့မည်။
လုလင်းက သမီးဖြစ်သူကို ဒီလိုပုံစံကြည့်ရင်း အလွန်စိတ်မကောင်းဖြစ်ရသည်ကိုတော့ ပြောရန်ပင် မလိုတော့ချေ။ လုမင်ယွိ၏ ဆံနွယ်လေးကို လက်လှမ်းကာသပ်ပေးလိုက်ပြီး နန်းတော်ထဲသို့ ဝင်သွားခဲ့ရသည့် အကြောင်းအရာကို လေသံတိုးတိုးဖြင့် ပြောပြလိုက်တော့၏။ ”... အရှင်မင်းကြီးက တကယ်ကို အရမ်း ဘက်လိုက်တာပဲ"
"ငါ သွားတဲ့အချိန်မှာ အရှင်မင်းသားနဲ့ မိဖုရားခေါင်တို့ နှစ်ယောက်စလုံး ဒူးထောက်နေကြတာ။ အရှင်မင်းကြီးရဲ့သဘောက လုံးဝကို မပြတ်မသား ဖြစ်နေတာ။ ကြည့်ရတာ အရှင်မင်းကြီးစိတ်ထဲမှာလည်း ဒီလိုကိစ္စမျိုး လုပ်နိုင်တဲ့လူက ဘယ်သူလဲဆိုတာ သိနေပုံပဲ"
"ငါလဲ ရှေ့ကိုတိုးဖို့ နောက်တစ်လှမ်းဆုတ်ပေးတဲ့ ဟန်ရေးပြအကွက်ကို သုံးခဲ့တယ်။ အဲဒီ့တော့မှပဲ အရှင်မင်းကြီးက စိတ်ပိုင်းဖြတ်ပြီး ဒီကိစ္စကို အသေးစိတ် စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်တာ။ အရှင်မင်းသားမှာ ကိုယ်လုပ်တော်ကမွေးတဲ့ သားအကြီးဆုံးကိုပဲ ဘက်လိုက်တဲ့ ဖခင်အရင်းတစ်ယောက် ရှိနေတာကတော့ တကယ် ကံဆိုးမိုးမှောင်ကျတာပဲ"
ဘယ်မိသားစုက တရားဝင် ဇနီးမယားကမွေးတဲ့သားက ချစ်ခင်ယုယစွာ ကြီးပြင်းလာပြီး မိသားစုအမွေကို အလိုအလျောက် ဆက်ခံခွင့်မရတာ ရှိလို့လဲ။
လီကျင့်ဆီရောက်မှပင် ငယ်စဥ်ကတည်းက ကိုယ်လုပ်တော်ကမွေးသော အစ်ကိုကြီး၏ ဖိနှိပ်ခြင်းကိုခံခဲ့ရသည်။ ယခု မင်းသားများ ဖြစ်လာကြသောအခါ တရားဝင်ဇနီးသည်မှ မွေးဖွားခြင်းက အားသာချက်ကြီးကြီးမားမား ရှိနေသည်မှာ သေချာသည်။ သို့သော်ငြား တော်ဝင်မိသားစုတွင် တရားဝင်ဇနီးသည်နှင့် ကိုယ်လုပ်တော်တို့၏ ကွာခြားမှုက သာမာန်မိသားစုများလောက် မထင်ရှားချေ။ မည်သို့ဆိုစေ ကိုယ်လုပ်တော်ကမွေးလျှင်လည်း မင်းသားပင်ဖြစ်လေသည်။
ယခင်မင်းဆက်များကို ရေတွက်ကြည့်လျှင် ကိုယ်လုပ်တော်ကမွေးသော မင်းသားများ၏ဂုဏ်ပုဒ်ဖြင့် အိမ်ရှေ့စံဖြစ်သွားသည်မှာလည်း မဆန်းချေ။
အစစအရာရာ ဘက်လိုက်ကာ အချစ်ခံရသော ပထမမင်းသားတွင် နန်းလုလိုစိတ်မရှိမှသာ ထူးဆန်းပေအုံးမည်။
လုမင်ယွိကလဲ ဒီကိစ္စကို အကြိမ်ကြိမ် စဥ်းစားပြီးသွားပြီဖြစ်သဖြင့် လေသံကိုနှိမ့်ကာ ပြောလိုက်၏။ ”သမီးလဲ အဖေနဲ့ အတွေးတူပါတယ်။ စူဖေးမှာ ဒီလိုစွမ်းရည်မရှိဘူး။ ချင်ဖေးက အခုမှ အကျယ်ချုပ်က လွတ်လာတာ လောလောဆယ် လက်လှမ်းရဲအုံးမှာ မဟုတ်ဘူး။ အဘွားတော်က ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သမီး ကိုယ်ဝန်လွယ်ထားရတာကို ထည့်စဥ်းစားရအုံးမှာ။ လှုပ်ရှားဖို့ အကြောင်းပြချက်ရှိတယ်။ လုပ်ကြံသတ်ဖြတ်ဖို့ ဒီအကွက်ကို ကြံစည်နိုင်တဲ့ အရည်အချင်းလဲရှိတာက ပထမမင်းသားအုပ်စုပဲရှိတယ်"
"ဒီကိစ္စကို တကယ်လုပ်ခဲ့တဲ့သူက ဘယ်သူလဲဆိုတာပဲ မသိတာ"
မုန့်မိသားစုလား၊ ဒါမှမဟုတ် ပထမမင်းသားလား။
ပထမမင်းသားကြင်ရာတော်နဲ့ လျန်မိသားစုကလဲ သံသယရှိစရာသူတွေပဲ!
လုလင်းသည် အေးစက်စက် လူသတ်လို စိတ်ပြင်းပြသည့် ရယ်သံတစ်ချက်ဖြင့် ရယ်မောလိုက်လေသည်။ ”ဘယ်သူပဲဖြစ်ဖြစ် သူတော့ ကံဆိုးပြီပဲ!"
...
အပိုင်း (၂၃၀) အသေးစိတ်စုံစမ်းစစ်ဆေးခြင်း (၂)
ထို့နေ့ညတွင်တော့ မရေမတွက်နိုင်သည့် လူပေါင်းများစွာသည် လူးလွန့်ရင်း အိပ်မပျော်နိုင်ဖြစ်ခဲ့ရလေသည်။
ချောင်ကောလောင်သည်လဲ အလားတူပင် ပြင်းထန်စွာ ဒေါသထွက်လျှက်ရှိ၏။
ချောင်မိသားစုသည် ဒုတိယမင်းသားနှင့် တစ်ဖက်တည်း အတူရပ်တည်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ကာ လုမင်ယွိသာ တစ်ခုခုဖြစ်သွားပါက ဒုတိယမင်းသားအတွက် ပြင်းထန်သော ထိုးနှက်ချက် ဖြစ်ပေလိမ့်မည်။ ခံစားချက်အရပြောရလျှင်တော့ သူသည် မြေးချွေးမတော် တစ်စုံတစ်ခုဖြစ်သည်ကို လုံးဝမြင်တွေ့လိုမည်မဟုတ်ချေ။
ပိုပြီးမုန်းတီးစရာကောင်းသည်က လုပ်ကြံသတ်ဖြတ်သူတို့က ချောင်ဝမ် လက်ထပ်သည့်နေ့ကို ရွေးချယ်ပြီး လက်စွမ်းပြခဲ့ခြင်းပင်။
လုမင်ယွိ လုပ်ကြံခံရသည့်သတင်း ချောင်အိမ်တော်သို့ ပြန့်နှံ့သွားသောအခါ လူတိုင်းမှာ မျက်နှာပျက်သွားကြတော့သည်။ မင်္ဂလာပွဲကို ရပ်တန့်ထား၍ မဖြစ်။ ထို့ကြောင့်ပင် ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်တို့ ပျောက်ဆုံးသွားခဲ့ရလေသည်။
ချောင်သခင်မကြီးက အားတင်းကာ ပြုံးဟန်ဆောင်လျက် ဧည့်သည်တော်များအားလုံး ကို နှုတ်ဆက်ပို့ဆောင်ပြီးနောက်မှသာ ချောင်ကောလောင်ကို မေးရတော့သည်။ "တကတည်း ဘယ်သူက လုပ်ကြံသူတွေကို မင်းသားကြင်ရာတော်ကို သတ်ဖို့ခိုင်းလိုက်တာလဲ"
ချောင်ကောလောင်ကလဲ အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်၏။ "ဒီလူတွေထဲကပဲ ဖြစ်မှာပါ"
"ငါ သတင်းရပြီးသွားပြီ။ ရှင်ယန်ဝမ်က နန်းတော်ထဲကိုဝင်ပြီး အရှင်မင်းကြီးနဲ့ တွေ့ဆုံတယ်။ အရှင်မင်းကြီးက တရားရေးဝန်ကြီးကို နန်းတော်ထဲဝင်ဖို့ ဆင့်ခေါ်ပြီး တရားရေးဌာနကို ၃ရက်အတွင်း အမှုဖော်ထုတ်ဖို့ အမိန့်ပေးလိုက်တယ်"
ချောင်မိဖုရားခေါင်မှာ အံကြိတ်ကာ မုန်းတီးစွာဖြင့် ပြောတော့၏။ "ဒီလူ တကယ်သေသင့်တယ်"
ချောင်ကောလောင်ကလဲ နောက်တစ်ကြိမ် ခနဲ့စွာ ရယ်မောလိုက်လေသည်။ "တကယ် သေသင့်တယ်။ အရှင်မင်းကြီးက စွန်လွှတ်နိုင်တာ မစွန့်လွှတ်နိုင်တာ ဘာပဲဖြစ်ဖြစ် ဒါက ရခဲတဲ့အခွင့်အရေးကောင်းပဲ။ ငါမနက်ဖြန် နန်းတော်ကို လျှောက်တင်လွှာတင်ပြီး အရှင်မင်းကြီးကို တရားခံကို ကြီးကြီးမားမား အပြစ်ပေးဖို့တောင်းဆိုရမယ်"
စစ်တိုက်ခြင်းသည် စစ်သူကြီးများ၏ အဓိကစွမ်းရည်ဖြစ်ပြီး လျှောက်တင်လွှာဖြင့် ပြစ်တင်ဝေဖန်ခြင်းကတော့ အရပ်ဖက်အမတ်များ၏ ကျွမ်းကျင်လှသည့်အရာပင်။
ချောင်ကောလောင်သည် အရပ်ဘက်အမတ်များ၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဦးဆောင်ကာ လျှောက်တင်လွှာကို လျှောက်တင်ပြီး ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ကြေငြာခြင်းကလဲ ယုံးကျားဧကရာဇ်ကို သွယ်ဝိုက်သောအားဖြင့် ဖိအားပေးခြင်းပင်။
တရားခံကို ကာကွယ်ပေးချင်ရင်လည်း လုမိသားစုနဲ့ ချောင်မိသားစုက သဘောတူသလား။ မတူဘူးလားဆိုတာ ကြည့်ရအုံးမှာပေါ့။
ချောင်သခင်မကြီးသည် နန်းတွင်းညီလာခံထဲက ကိစ္စရပ်များကို သိပ်နားမလည်သဖြင့် အများကြီး ဝင်မပြောတော့ဘဲ သက်ပြင်းတစ်ချက်ချကာသာ ပြောလိုက်တော့၏။ "မနက်ဖြန် ကျွန်မ နန်းတော်ထဲဝင်ပြီး မိဖုရားခေါင်ကို သွားနှစ်သိမ့်လိုက်အုံးမယ်"
ချောင်ကောလောင်ကလဲ ခေါင်းညိမ့်လိုက်လေသည်။ "မိဖုရားခေါင်ကြီးကို စိတ်တည်ငြိမ်အောင် နေခိုင်းလိုက်ပါ။ ဒီကိစ္စက အနောက်နန်းဆောင်က ထိန်းချုပ်နိုင်တာထက် ကျော်လွန်သွားပြီ။ မိဖုရားခေါင်ကြီးကို ပင်မနန်းဆောင် မိဖုရားခေါင်တစ်ပါးရဲ့ အရှိန်အဝါကိုထုပ်ပြပြီး စိတ်ရှည်ရှည်နဲ့ စောင်းဆိုင်းခိုင်းလိုက်ပါ"
ခဏလောက် ရပ်တန့်လိုက်ပြီးမှ ထပ်ပြောလိုက်လေသည်။ "တရားရေးဌာနက ဒီနေ့ညတော့ အနားရဖို့မစဥ်းစားနဲ့တော့။ ငါအခုပဲ လူလွှတ်ပြီး တရားရေးဌာနကို စာတစ်စောင် ပို့ခိုင်းလိုက်မယ်!"
တရားရေးဌာနသည် အမှန်ပင် အလုပ်ရှုပ်နေလေတော့သည်။
တရားရေးဝန်ကြီးယန်သည် အရပ်မမြင့်လှဘဲ ရုပ်ရည်က သာမာန်မျှသာဖြစ်လေသည်။ ပုံမှန်အချိန်များတွင် ပျော်ပျော်ရွှင်ရွှင်နေတတ်ကာ ကြည့်လိုက်လျှင် သနားကြင်နာပြီး သဘောကောင်းသည့်ပုံစံမျိုး ရှိလေသည်။ သို့သော်ငြား သူသည် အပြုံးမျက်နှာဖြင့် ကျားတစ်ကောင်ပင်ဖြစ်၏။ တရားရေးဌာန အထက်အောက်လူတိုင်းသည် သူ့ကို သုံးပုံတစ်ပုံလောက် ကြောက်ရွံ့ရိုသေကြရလေသည်။
တရားရေးဝန်ကြီးယန်သည် နန်းတော်ထဲကပြန်လာပြီးနောက် ချက်ချင်းဆိုသလို တရားရေးဌာနက လူများအားလုံးကို ခေါ်ယူလိုက်၏။ ရုံးဆင်းပြီး အိမ်ပြန်သွားကြသည့်သူများ တိတ်တဆိတ် ပျော်ပါးရန် ထွက်သွားသူများအားလုံး ပြန်ဆွဲခေါ်ခံခဲ့ရသည်။
တရားရေးဝန်ကြီးယန်၏ မကျဥ်းမကျယ် မျက်လုံးတစ်စုံသည် လူတိုးင်း၏ မတူညီသော မျက်နှာအမူ့ယာများကို ဝေ့ဝဲကာ ကြည့်လိုက်၏။ "အရှင်မင်းကြီးက တရားရေးဌာနကို ၃ရက်အချိန်ပေးထားတယ်။ ၃ရက်အတွင်း အမှုမဖော်ထုတ်နိုင်ရင် ဒီမှာထိုင်နေတဲ့ လူကြီးမင်းတို့အားလုံးလဲ ခေါင်းပေါ်ကဦးထုပ်တွေကို ချွတ်လိုက်ကြတော့"
တရားရေးဝန်ကြီးဌာနက အရာရှိများအားလုံးသည် မျက်နှာငယ်ငယ်လေးများဖြင့် တပြိုင်တည်း ပြန်ဖြေလိုက်ကြတော့သည်။ "လူကြီးမင်း အမိန့်ပေးတော်မူပါ"
တရားရေးဝန်ကြီးယန်သည် နှစ်ပေါင်းများစွာ တရားရေးဝန်ကြီးအဖြစ် ဆောင်ရွာက်ခဲ့ပြီး အမှုစစ်ဆေးသည့်ကိစ္စတွင် အလွန်ကြမ်းတမ်းလေသည်။ ချက်ချင်းဆိုသလို အမိန့်ပေးလိုက်ပြီး အမှုစစ်ဆေးသည့်ကိစ္စကို လမ်းကြောင်းသုံးခုခွဲလိုက်၏။ တစ်ခုမှာ လုပ်ကြံသတ်ဖြတ်သူ၏ အလောင်းမှစတင်ပြီး အတွေ့အကြုံရှိသည့် မှုခင်းသမားတော်ကို အလောင်းကိုစစ်ဆေးစေကာ မည်သည့်အဆိပ်အပင်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်း စစ်ဆေးစေသည်။
ဒုတိယတစ်ခုမှာ ချူသခင်ကြီးနှင့် ကျောက်သခင်လေးတို့၏ ဆွေမျိုးမိသားစုထံမှ စတင်ပြီး ထိုလူနှစ်ယောက်၏ နောက်ကြောင်းရာဇဝင်နှင့် မည်သူကခိုင်းစေသည်ကို အသေးစိတ် စုံစမ်းစစ်ဆေးစေသည်။
တတိယတစ်ခုမှာ ထိုနေ့က လမ်းပေါ်ကလူများထံမှ စတင်လေသည်။ ထိုနေရာတွင် မျက်မြင်တွေ့ရှိခဲ့သူများကို အသေးစိတ် စစ်ဆေးမေးမြန်းပြီး မည်သည့်သံသယကိုမဆို လက်လွှတ်ခံ၍မဖြစ်ချေ။
ဒီတစ်ညအတွင်း တရားရေးဌာနက ဘယ်သူမှမအိပ်ခဲ့ရချေ။ ဒီအမှုနှင့်ပတ်သက်သော ပြည်သူများနှင့်ကုန်သည်များကို တစ်ယောက်ချင်းစီ တရားရေးဌာန၏ အကျဥ်းထောင်သို့ ခေါ်ဆောင်သွားခဲ့လေသည်။ ကျောက်သခင်လေး၏ မိသားစုဝင်များသည်လည်း အကြိမ်ကြိမ်အခါခါ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရသည်။
လုအိမ်တော်သို့ လုပ်ကြံသတ်ဖြတ်သူ၏အလောင်းကို သွားရောက်သွားယူသော တရားရေးဌာနက လက်ထောက်ဝန်ကြီးသည်လဲ အခက်အခဲ မတွေ့ခဲ့ရချေ။ အိမ်တော်ထိန်းကြီးလုက အလောင်းလေးလောင်းလုံးကို ကြည်ကြည်ဖြူဖြူဖြင့် ထုတ်ပေးလိုက်လေ၏။
သို့သော် တရားရေးဌာနက ခြေထောက်ကျိုးသွားသော ကလေးမလေးကို ခေါ်ဆောင်သွားလိုသောအခါ လုကျားက လေသံဖျော့ဖျော့ဖြင့် ပြောလိုက်၏။ "အဲဒီ့ကလေးမလေးက ထုံထုံထိုင်းထိုင်းနဲ့ ၅နှစ်၆နှစ်လောက်ပဲ ရှိသေးတယ်။ စကားတောင်မပြောတတ်ဘူး။ အခု ခြေထောက်ကျိုးတာကိုမှ အခုမှပြန်ဆက်ထားတာ။ စိတ်ငြိမ်ဆေးသောက်ပြီး အိပ်ပျော်သွားပြီ။ မနက်ဖြန်ကျမှ ကျွန်တော်ကိုယ်တိုင် တရားရေးဌာနကို လူလွှတ်ပြီး ပို့ပေးလိုက်ပါ့မယ်"
တရာရေးဌာနက လက်ထောက်ဝန်ကြီးသည်လဲ အတင်းတောင်းဆိုမနေတော့ဘဲ အလောင်းများကိုအရင်သယ်ပြီး တရားရေးဌာနသို့ ပြန်သွားလေသည်။
တရားရေးဌာနတွင် သာ့ဝေတိုင်းပြည်၏ အကောင်းဆုံး မှုခင်းသမားတော်များ ရှိနေပြီး တညလုံးအလောင်းကို စစ်ဆေးပြီးနောက် အသက်လေးဆယ်ကျော်ပြီဖြစ်သော မှုခင်းသမားတော်ကြီးက အဆိပ်ပြင်းကို စစ်ဆေးတွေ့ရှိခဲ့၏။ ထိုအဆိပ်မှာ ချန်ကျီဟုခေါ်သည့် အဆိပ်ပြင်းတစ်မျိုး ဖြစ်လေသည်။ ဒီထူးဆန်းလှသည့်အဆိပ်သည် ပြင်းထန်လှပြီး သွေးနှင့်ထိသည်နှင့် လည်မျိုကိုပိတ်ကာ အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် လူ့အသက်ကို သေစေနိုင်လေသည်။ ဒီလို အဆိပ်ပြင်းကို ဖော်စပ်ရန် အလွန်အမင်း ရှုပ်ထွေးလှ၏။ ယခင်မင်းဆက်များလက်ထပ်က ရံဖန်ရံခါ ပေါ်ထွက်လာခဲ့ဖူးသည်။ နောက်ပိုင်းတွင်တော့ ပျောက်ဆုံးသွားခဲ့၏။
မထင်မှတ်ဘဲ ယနေ့တွင် လူအများရှေ့၌ ပြန်လည်ပေါ်ထွက်လာခဲ့လေသည်။
တခြားအရာများကို မပြောဘဲ ဒီထူးဆန်းလှသည့် အဆိပ်တစ်မျိုးတည်းနှင့်ပင် လုပ်ကြံသူသည် သာမာန်လူမဟုတ်ကြောင်း ဆုံးဖြတ်နိုင်လေသည်။
တညလုံး စစ်ဆေးမေးမြန်းပြီးနောက် အကျိုးအမြတ် အနည်းငယ်ရရှိခဲ့၏။
ချူသခင်ကြီးသည် ကောင်းကင်မှ ရုတ်တရက် ပေါ်ပေါက်လာသကဲ့သို့ပင်။ ခဏတာအတွင်း သူ၏နောက်ကြောင်းရာဇဝင်ကို စုံးစမ်း၍ မရခဲ့ချေ။ ကျောက်သခင်လေးကို သိသောသူများကတော့ အများအပြား ရှိနေသည်။ ထို့အပြင် ကျောက်သခင်လေးတွင် အဖေ အမေ ဆွေမျိုးများရှိသဖြင့် ဒီလူများထံက သတင်းအနည်းငယ်ကိုလဲ စစ်ဆေးမေးမြန်းနိုင်ပေမည်။
ကျောက်သခင်လေးသည် ကျောက်မိသားစု၏ မျိုးနွယ်တူတစ်ယောက်ဖြစ်၏။ ထိုစဥ်က စစ်စခန်းထဲသို့ ဝင်ရောက်ခဲ့ပြီး ညသန်းခေါင်တွင် လူစုလူဝေးဖြင့် လောင်းကစားလုပ်ခဲ့သဖြင့် စစ်စခန်းက နှင်ထုတ်ခံခဲ့ရသည်။ ဒီနှစ်များအတွင်းတွင် ကျောက်မိသားစု၏ နာမည်ကိုအသုံးပြုပြီး ရပ်ရွာထဲတွင်လည်း မကောင်းမှုပြုလုပ်ခဲ့သည်မှာ မနည်းလှချေ။
လူတိုင်းသည် ဒေါသကို မျိုသိပ်ထားပြီး ငွေပေးဆောင်ခဲ့ကြပြီးမှ ကျောက်စန်းကို ကြောက်ရွံ့သောကြောင့်မဟုတ်ဘဲ ကျောက်မိသားစုကို ကြောက်ရွံ့သောကြောင့်ပင်။ ကျောက်စန်းနှင့်ကျောက်မိသားစုမှ အိမ်တော်ထိန်းသည်လဲ အဆက်အသွယ် ရင်းနှီးလှ၏။
တရားရေးဝန်ကြီးယန်သည် တညလုံး မအိပ်ရဘဲ နောက်တနေ့ ညီလာခံတက်သောအခါ တညလုံးစစ်ဆေးမေးမြန်းကာ ရရှိထားသည့် အခြေအနေများကို အရှင်မင်းကြီးအား အရင်ဆုံး လျှောက်တင်လိုက်တော့သည်။
ယုံးကျားဧကရာဇ်၏ မျက်နှာတော်မှာ မည်းမှောင်နေပြီး ဖူယန်ဟူကို တစ်ချက်ဝေ့ကြည့်လိုက်လေသည်။
ဖူယန်ဟူ၏ နားထင်ကြောများမှာ ထောင်တက်သွားပြီး မျက်နှာကလဲ ရှုံ့မဲ့သွားတော့၏။ "တရားရေးဝန်ကြီးယန် ထမင်းကိုမှားစားလို့ရပေမဲ့ စကားကိုတော့ လျှောက်ပြောလို့မရဘူး။ ကျောက်မျိုးနွယ်စုဝင်တွေက ထောင်ဂဏန်းမရှိရင်တောင်မှ ရာဂဏန်းတော့ရှိတယ်။ မျိုးဆက်၅ဆက်တောင် ကွာသွားတဲ့ မျိုးနွယ်တူတစ်ယောက်ကို ကျွန်တော်က သူ ဘယ်လိုပုံစံလဲဆိုတာတောင် မသိတော့ဘူး"
တရားရေးဝန်ကြီး၏ မျက်နှာအမူအယာကတော့ မပြောင်းလဲဘဲ လက်နှစ်ဖက်ကိုယှက်ကာ ပြန်ဖြေလိုက်လေ၏။ "အရှင်မင်းကြီး တရားရေးဌာနကို ၃ရက်အတွင်း အမှုဖော်ထုတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ တရားရေးဌာနရဲ့ အထက်အောက်ဝန်ထမ်းတွေက တညလုံး အားလုံးအလုပ်များခဲ့ကြပြီး လောလောဆယ် ဒီလောက်ပဲ စုံစမ်းလို့ရပါသေးတယ်။ ကျွန်တော်မျိုးလဲ စုံစမ်းရသမျှကို ပြန်ပြောလိုက်တာပါ။ ဖူယန်ဟူကို ဆွဲထည့်လိုတဲ့ဆန္ဒ မရှိပါဘူး"
ဒါတောင် ဆွဲထည့်တာ မဟုတ်သေးဘူးတဲ့လား။
ဖူယန်ဟိုသည် ပြင်းထန်စွာ ဒေါသထွက်သွားပြီး တရားရေးဝန်ကြီး၏ နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီး ဆဲဆိုလေတော့သည်။ "ဖွီ။ အရှင်မင်းကြီးက မင်းကို အမှုစစ်ခိုင်းတာ မင်းက ငါ့ခေါင်းပေါ်ရောက်လာအောင် စစ်ဆေးနေတာပဲ"
"ဒုတိယမင်းသားက ငါ့ရဲ့တူတော်တယ်။ မင်းသားကြင်ရာတော်က ငါ့တူရဲ့ ချွေးမတော်တယ်။ ငါက သူတို့ကောင်းတာကိုပဲ မျှော်လင့်တာ။ ဘယ်လိုလုပ်ပြီး ဒီလိုကြောက်စရာကောင်းတဲ့ကိစ္စမျိုးကို လုပ်နိုင်မှာလဲ"
"မင်းက နောက်ဆုံးတော့ ဘယ်သူ ခိုင်းစေတာကို ခံရလို့ ငါ့ကို ရေဆိုးတွေ လာလောင်းနေတာလဲ"
ကွမ်းပင်းနယ်စားသည် ဟန်ဆောင်ကာ အနားသို့တိုးလာပြီး ဒေါသတကြီးဖြင့် လက်စွမ်းပြရန် အင်္ကျီလက်ကို ပင့်တင်နေသော ဖူယန်ဟိုကို ဆွဲထားလိုက်လေသည်။ "ဒီအမှုက အခု ရှင်းရှင်းလင်းလင်း မဖြစ်သေးဘူး။ လူကြီးမင်း အရင်ဆုံး ဒေါသမထွက်ပါနဲ့အုံး။ သန့်ရှင်းတဲ့သူက သန့်ရှင်းနေမှာပါပဲ။ လူကြီးမင်း မလုပ်တဲ့ကိစ္စကို ဘယ်သူမှ လူကြီးမင်းရဲ့ခေါင်းပေါ်ကို လာပုံချလို့မရပါဘူး"
ဖူယန်ဟူသည် မျက်နှာမှာ စိမ်းဖန့်သွားပြီး ခနဲ့ကာဖြင့် တစ်စုံတစ်ရာကို ရည်ညွှန်းကာပြောလိုက်လေသည်။ "ပြောတာမှန်တယ်။ ဘယ်သူက မလုပ်တာလုပ်ထားလဲဆိုတာကို ကိုယ့်စိတ်ထဲမှာ အသိဆုံးနေမှာပါ။ ငါ့ခေါင်းပေါ် လာပုံထားဖို့မစဥ်းစားနဲ့"
ကွမ်းပင်းနယ်စားသည် ဖူယန်ဟို၏ စကားထဲက ဆိုလိုရင်းကို မကြားလိုက်သည့်နှယ် ဆက်ပြီးဖျန်ဖြေလို့နေသည်။
ရှင်းယန်ဝမ် လုလင်းသည်လဲ ယနေ့ညီလာခံ တက်ရောက်ခဲ့ပြီး သူသည် ဘာမှမပြောဘဲ ထက်ရှလှသည့် မျက်ဝန်းနက်နက်များဖြင့် ဖူယန်ဟိုနှင့် ကွမ်းပင်းနယ်စားတို့၏ မျက်နှာကို ကြည့်လို့နေတော့သည်။
ချောကောလောင်သည် တရားရေးဝန်ကြီးယန် အရှက်ခွဲခံနေရသည်ကို ထိုင်ကြည့်မနေနိုင်တော့သဖြင့် လေသံခပ်အေးအေးဖြင့် ပြောလိုက်တော့၏။ "တရားရေးဝန်ကြီးယန်က တညလုံး အမှုစစ်ဆေးပြီး ဒီနေ့ အရှင်မင်းကြီးကို တိုးတက်မှုကို လာရောက်လျှောက်တင်တာပါ။ အမတ်မင်းတို့နှစ်ယောက် စိတ်ထဲမှာ ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ တရားရေးဝန်ကြီးယန်ကို လေးစားသမှုတော့ နည်းနည်းထားသင့်ပါတယ်"
ဖူယန်ဟူသည် တရားရေးဝန်ကြီးယန်ကို ဆဲဆိုစဥ်က တွေဝေမနေခဲ့သော်ငြား အမတ်ချုပ်ကြီးနှင့် ရင်ဆိုင်ရသောအခါ အနည်းငယ် ယဥ်ကျေးပြရပြီး မကျေမနပ်ဖြင့် အင်္ကျီလက်ကို ပြန်ချလိုက်ရ၏။
ကွမ်းပင်းနယ်စားသည်လဲ ပါးစပ်ပိတ်လိုက်ပြီး မီးလောင်ရာလေပင့်ခြင်း မလုပ်တော့ပေ။
ချောင်ကောလောင်က နဂါးပလ္လင်ပေါ်က မျက်နှာတော်မကောင်းလှသည့် ယုံကျားဧကရာဇ်ကို ထပ်မံလျှောက်တင်လိုက်ပြန်သည်။ "သာ့ဝေ့တိုင်းပြည် တည်ထောင်ခဲ့တာ ၉နှစ်ရှိပါပြီ။ မြို့တော်က အမြဲတမ်း တည်ငြိမ်အေးချမ်းတယ်လို့ ဆိုနိုင်ပါတယ်။ လမ်းမကြီးပေါ်မှာ မင်းသားကြင်ရာတော်ကို လုပ်ကြံသတ်ဖြတ်တဲ့ ဒီလိုယုတ်မာတဲ့ အပြုအမူမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ အရှင်မင်းကြီး တရားခံကို ကြီးကြီးမားမား အပြစ်ပေးပြီး သာ့ဝေတိုင်းပြည်ရဲ့ တရားဥပဒေကို မှန်ကန်အောင် ဆောင်ရွက်ပေးတော်မူပါ"
...
အပိုင်း (၂၃၁) ရှုပ်ထွေးနေသော ကြိုးမျှင်
ဤတစ်ကြိမ် နံနက်ခင်း ညီလာခံသည် သာ့ဝေတိုင်းပြည်၏ သမိုင်းထဲတွင် ထည့်သွင်းရလောက်သည်အထိ ဖြစ်လေသည်။
သာ့ဝေတိုင်းပြည် တည်ထောင်သည်မှာ ၁၀ နှစ်ပင် မပြည့်သေးပေ။ ဤနှစ်များအတွင်း အရှင်မင်းကြီးသည် အချိန်တစ်ဝက်ကျော်လုံးလုံး စစ်တပ်ကို ဦးဆောင်၍ စစ်တိုက်ခြင်းဖြင့်သာ အလုပ်များနေခဲ့သည်။ နန်းတွင်းဥပဒေဆိုသည်မှာလည်း မူလကတည်းက သိပ်ပြီး တိကျခိုင်မာခြင်း မရှိခဲ့ပေ။
ဒုတိယမင်းသားကြင်ရာတော်ကို လုပ်ကြံသတ်ဖြတ်ခြင်းကဲ့သို့သော အမှုကြီးမျိုးကို တရားရေးဌာနသည်လည်း ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။ သက်သေလည်း မရှိသလို ရင်ဆိုင်တုံ့ပြန်ရန် အတွေ့အကြုံလည်း မရှိပေ။ အသေးစိတ် မစုံစမ်းရသေးမီမှာပင် နန်းတွင်းညီလာခံတွင် ကနဦး စစ်ဆေးမေးမြန်းမှု၏ ရလဒ်ကို လျှောက်တင်လိုက်လေသည်။
အဖြစ်မှန်က သက်သေပြနေသည်မှာ သည်လို အပြုအမူသည် လုံးဝ မလုပ်ဆောင်သင့်သည့် အရာဖြစ်ကြောင်းပင်။
ကိစ္စက ကျောက်မိသားစုနှင့် ပတ်သက်ဆက်နွှယ်သွားသည်နှင့် ဖူယန်ဟိုသည် ပထမဆုံး ထွက်ပေါ်လာခဲ့ပြီး ကွမ်းပင်းနယ်စားက ဘေးမှနေ၍ မီးလောင်ရာ လေပင့်ပေးနေကာ ရှင်းယန်ဝမ်ကမူ စကားတစ်ခွန်းမှ မပြောဘဲ မျက်လုံးများက အေးစက်ပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ အရပ်ဖက်မှူးမတ်များကလည်း ချောင်ကောလောင်၏ ဦးဆောင်မှု အချက်ပြမှုအောက်တွင် အရှင်မင်းကြီးကို တရားခံအား ကြီးကြီးမားမား အပြစ်ပေးရန် တစ်ပြိုင်တည်း စာလွှာတင် တောင်းဆိုကြလေသည်။
ရှုပ်ထွေးနေသော ကြိုးမျှင်တစ်စုဟု သုံးနှုန်းဖော်ပြလျှင် လွန်ကဲသည်ဟု မဆိုနိုင်ပေ။
ယုံးကျားဧကရာဇ်၏ နဖူးပေါ်တွင် အကြောစိမ်းများ ထလာပြီး ညာဘက်လက်က နဂါးပလ္လင်၏ လက်တန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။
ဘေးတွင် ရပ်နေသော လျိုကုန်းကုန်းသည် ကြည့်ရင်း ရင်တုန်ပန်းတုန် ဖြစ်သွားပြီး ယုံးကျားဧကရာဇ် တစ်ချက် ထိန်းမရဘဲ ဒေါသတကြီး ထွက်ပေါ်လာမည်ကိုသာ စိုးရိမ်နေမိတော့သည်။
ကံကောင်းစွာဖြင့် ယုံးကျားဧကရာဇ်သည် နောက်ဆုံးတွင် သည်းခံထိန်းချုပ်လိုက်နိုင်လေသည်။
"အမတ်မင်းတို့အားလုံး အရင်ဆုံး ထကြပါ” ယုံးကျားဧကရာဇ်သည် အသံကို အစွမ်းကုန် ဖြေလျှော့ကာ ပြောလိုက်သည်။ "ဒီလိုကိစ္စမျိုး ဖြစ်လာတာကို ကျန်းက မင်းတို့ထက်တောင် ပိုပြီး ဒေါသထွက်နေပါသေးတယ်။ ကျန်း ဒီအမှုကို တရားရေးဌာနကို အပ်လိုက်ပြီ။ အဆုံးစွန်ထိ စုံစမ်းစစ်ဆေးပြီး ကြီးကြီးမားမား အပြစ်ပေးရမှာ သေချာတယ်”
ချောင်ကောလောင်သည် အခွင့်အရေးကို လက်လွတ်မခံဘဲ လက်သီးဆုပ်လိုက်သည်။ “အရှင်မင်းကြီး အမြော်အမြင် ကြီးမားလှပါတယ်”
အရပ်ဖက်မှူးမတ်များ အားလုံးက တစ်သံတည်း ထောက်ခံလိုက်ကြလေသည်။ “အရှင်မင်းကြီး အမြော်အမြင် ကြီးမားလှပါတယ်”
စစ်သူကြီးများ၏ တုံ့ပြန်မှုကတော့ ပိုရှုပ်ထွေးပြီး သိမ်မွေ့လှသည်။
ရှင်းယန်ဝမ် လုလင်းက ပထမဆုံးအနေဖြင့် ရိုးသားစွာဖြင့် အရှင်မင်းကြီး၏ ကျေးဇူးတော်ကို ချီးကျူးလိုက်၏။ “ကျွန်တော်မျိုးက သမီးကိုယ်စား အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ချီးကျူးဂုဏ်ပြုပါတယ်”
ကွမ်းပင်းနယ်စားက ဖူယန်ဟိုကို တစ်ချက် ကြည့်လိုက်ပြီးမှ ပြောလိုက်သည်။ “ဒီကိစ္စမှာ တခြား အတွင်းရေးတွေ ရှိနေမှာ သေချာပါတယ်။ ကျွန်တော်မျိုး ယုံကြည်တယ်။ ဖူယန်ဟိုက ဒီလို စိတ်နှလုံး ရက်စက်ကြမ်းကြုတ်တဲ့လူမျိုး လုံးဝ မဟုတ်ပါဘူး”
ဖူယန်ဟိုကတော့ လုံးဝ ကျေးဇူးမတင်သည့်အပြင် အေးစက်စွာ ရယ်မောလျက် ပြောလိုက်သည်။ “ကျွန်တော်မျိုး အမြင်အရတော့ ဒီကိစ္စက ကျောက်မိသားစုနဲ့ ရုတ်တရက် ပတ်သက်ဆက်နွှယ်လာတာက တစ်စုံတစ်ယောက်က ကြိုတင် ကြံစည်ထားပြီး ရေလမ်းကြောင်း လွှဲပြောင်းချင်လို့၊ ကြားထဲကနေ သွေးထိုးလှုံ့ဆော်ပြီး တံငါ အမြတ် ထိုင်စားချင်နေတာ သေချာတယ်။ ကျွန်တော်မျိုး အရှင်မင်းကြီးကို အသေးစိတ် စုံစမ်းစစ်ဆေးပြီး ကျွန်တော်မျိုးအတွက် အဖြူအစင် ဖြစ်ကြောင်း သက်သေပြပေးဖို့ တောင်းဆိုပါတယ်”
ယုံးကျားဧကရာဇ်သည် နားထောင်ရင်း ခေါင်းကိုက်လာသဖြင့် မိန့်လိုက်တော့သည်။ "တော်ပြီ၊ မင်းတို့အားလုံး ပါးစပ်ပိတ်ထားလိုက်။ ဒီနေ့ ညီလာခံ ဒီမှာပဲ ရပ်လိုက်ရအောင်။ တရားရေးဝန်ကြီးယန် ကျန်း နဲ့အတူ ဝမ်ဟွာခန်းမဆောင်ကို လိုက်ခဲ့။ ကျန်တဲ့လူတွေအားလုံး ပြန်ကြတော့။ ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြ”
…
ယုံးကျားဧကရာဇ်နှင့် တရားရေးဝန်ကြီးယန်တို့ မည်သည့်အကြောင်းအရာကို အတိအကျ ပြောဆိုခဲ့ကြသည်ကို မည်သူမျှ မသိရှိပေ။
တရားရေးဝန်ကြီးယန်သည် နန်းတော်ထဲမှ ပြန်လာပြီးနောက် ချက်ချင်းပင် တရားရေးဌာနသို့ ပြန်လာခဲ့သည်။
တရားရေးဌာနထဲသို့ ခြေချလိုက်သည်နှင့် တစ်စုံတစ်ယောက်က တိတ်တဆိတ် လာရောက် လျှောက်တင်လေသည်။ “ဒုတိယမင်းသားက မနက်စောစောကတည်းက ရောက်လာပါတယ်။ ပြောတာတော့ တရားရေးဌာနမှာ နေပြီး ကျွန်တော်တို့ ဘယ်လို အမှုစစ်မလဲဆိုတာကို ကြည့်ချင်လို့တဲ့”
တရားရေးဝန်ကြီးယန်၏ စိတ်ထဲတွင် ဆဲဆိုတိုင်းထွာမှုပေါင်း တစ်သောင်းလောက် ပေါက်ကွဲထွက်သွားသော်လည်း မျက်နှာတွင် ပုံမှန်အတိုင်း တည်ငြိမ်စွာဖြင့် မေးလိုက်သည်။ “အရှင်မင်းသားက မင်းတို့ အမှုစစ်ဆေးတာကို နှောင့်ယှက်သေးလား”
သတင်းပို့သော တရားရေးဌာနမှ အရာရှိက ခေါင်းခါလိုက်သည်။ “ဒါတော့ မရှိပါဘူး။ အရှင်မင်းသား ရောက်လာပြီးနောက် အကျဉ်းထောင်ထဲမှာပဲ နေပြီး ကျွန်တော်တို့ အကျဉ်းသားတွေကို ဘယ်လို စစ်ဆေးမေးမြန်းလဲဆိုတာကို ကြည့်နေပါတယ်။ မှတ်တမ်းတွေကိုလည်း ကြည့်သွားတယ်။ စကားတစ်ခွန်းတောင် ပိုမပြောခဲ့ပါဘူး”
တရားရေးဝန်ကြီးယန်က မျက်လုံးစိမ်းဖြင့် တစ်ချက် ကြည့်လိုက်ကာ “ဒီလိုဆိုမှတော့ အရှင်မင်းသား နေချင်ရင် နေနေပေါ့။ မင်းက ဘာ အပိုစကားတွေ ပြောနေတာလဲ”
အပြုံးမျက်နှာနဲ့ ကျားက ပြုံးမနေတော့ဘူး။ မျက်နှာမည်းမည်းနဲ့ တကယ် ကြောက်စရာကောင်းလိုက်တာ။
တရားရေးဌာနမှ အရာရှိသည် အဆဲခံလိုက်ရသဖြင့် မျက်နှာပျက်ယွင်းကာ တိတ်တဆိတ် ပြန်ဆုတ်သွားလေသည်။
တရားရေးဝန်ကြီးယန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အကျဉ်းထောင်ထဲသို့ သွားလိုက်သည်။
တရားရေးဌာန၏ အကျဉ်းထောင်သည် လူတိုင်း ကြားရုံဖြင့် လိပ်ပြာလွင့်စေသည့် နေရာတစ်ခုပင်။ အလင်းရောင်မှာ မှောင်မိုက်ပြီး နေရာတိုင်းတွင် သွေးညှီနံ့များ ထွက်ပေါ်နေသည်။ စစ်ဆေးမေးမြန်းသည့် နေရာသို့ ဝင်ရောက်သွားသောအခါ မျက်စိရှေ့တွင် မြင်တွေ့ရသည်မှာ ညှဥ်းပန်းနှိပ်စက်သည့် ကိရိယာမျိုးစုံပင် ဖြစ်သည်။
သတ္တိ အနည်းငယ် နည်းပါးသူသာ သည်လိုနေရာမျိုးသို့ ဝင်ရောက်လာပါက တစ်ဝက်လောက် အသက်ထွက်မတတ် ကြောက်လန့်သွားပေမည်။
ချူသခင်ကြီး၏ နောက်ကြောင်းရာဇဝင်ကို ခဏတာအတွင်း စုံစမ်း မရသဖြင့် ကျောက်စန်း၏ မိသားစုဝင်များသည် အဓိက စစ်ဆေးမေးမြန်းခြင်း ခံနေရသည်။ တစ်ညတာ ကုန်ဆုံးသွားသောအခါ တစ်ယောက်ချင်းစီတိုင်းသည် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး ငိုယို အော်ဟစ်သံများ၊ အသက်ချမ်းသာပေးရန် တောင်းပန်သံများမှာ နားမဆံ့အောင် ထွက်ပေါ်နေသည်။
မင်းသားဝတ်စုံကို ဝတ်ဆင်ထားသော ဒုတိယမင်းသားလေးသည် မှောင်မိုက်သော အကျဉ်းထောင်ထဲတွင် မတ်တပ်ရပ်နေသည်မှာ အကျဉ်းထောင်ကိုပင် အနည်းငယ် လင်းထိန်သွားစေသကဲ့သို့ပင်။ သို့သော် ထိုချောမောလှပသော မျက်နှာပေါ်တွင် ပုံမှန်အချိန်က နူးညံ့သိမ်မွေ့သော အပြုံး မရှိတော့ဘဲ မျက်ဝန်းနက်ထဲတွင် အေးစက် ရက်စက်လုနီးပါး အရောင်များ ဖြတ်ပြေးလို့နေသည်။
တရားရေးဝန်ကြီးယန်သည် စိတ်ထဲ၌ သက်ပြင်းတစ်ချက်ချလိုက်ပြီး ရှေ့သို့တိုးကာ အရိုအသေပေးရန် ပြင်လိုက်၏။
"တရားရေးဝန်ကြီးယန် အားမနာပါနဲ့” လီကျင့်သည် လက်ဆန့်ထုတ်ကာ တရားရေးဝန်ကြီးယန်၏ လက်မောင်းကို ထိန်းကိုင်လိုက်ပြီး လေသံနှိမ့်ကာ ပြောလိုက်လေသည်။ "ကျွန်တော် ကိုယ်တိုင် တရားရေးဌာနကို လာတာက စည်းမျဥ်းစည်းကမ်းနဲ့ မကိုက်ညီပါဘူး။ တရားရေးဝန်ကြီးယန် နားလည်ပေးပါ။ ကျွန်တော် တရားရေးဌာနရဲ့ အမှုစစ်ဆေးတာကို ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး။ ဒီမှာ ၃ ရက်ပဲ နေမှာပါ။ အမှုရဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီးတာနဲ့ ကျွန်တော် ပြန်ပါ့မယ်”
ကိစ္စက ဤအခြေအနေသို့ ရောက်လာမှတော့ တရားရေးဝန်ကြီးယန်သည်လည်း ဂုဏ်သရေရှိ ဒုတိယမင်းသားကို နှင်ထုတ်ရန် နည်းလမ်းမရှိတော့ဘဲ သဘောတူလိုက်ရသည်။ “အရှင်မင်းသားက ဒီလို ညစ်ပတ်စုတ်ပြတ်တဲ့ နေရာမျိုးမှာ နေနေတာက ကျွန်တော်မျိုး စိတ်မအေးနိုင်ပါဘူး”
“အရှင်မင်းသားလည်း စိတ်ချပါ။ တရားရေးဌာန အောက်၊ အထက် ဘယ်သူမှ ပေါ့ဆရဲမှာ မဟုတ်ပါဘူး။ အမြန်ဆုံး အမှုဖော်ထုတ်နိုင်မှာ သေချာပါတယ်”
ခဏရပ်ပြီးနောက် တရားရေးဝန်ကြီးယန်က လေသံနှိမ့်ကာ ထပ်ပြောလိုက်သည်။ “ဒီနေ့ နံနက်ခင်း ညီလာခံမှာ ဖူယန်ဟိုက နန်းတွင်းညီလာခံမှာ ဆူပူသောင်းကျန်းမလို ဖြစ်သွားလို့ အရှင်မင်းကြီး စိတ်ထဲမှာ အရမ်း မကျေမနပ် ဖြစ်သွားပါတယ်”
ယုံးကျားဧကရာဇ်က သီးသန့် မှာကြားလိုက်သည့် စကားများကိုတော့ တရားရေးဝန်ကြီးယန်သည် သဘာဝကျကျပင် ထုတ်ပြောလို့ မဖြစ်ပေ။
လီကျင့်၏ မျက်ဝန်းများ လင်းလက်သွားပြီး ခေါင်းအနည်းငယ် ညိတ်လိုက်လေသည်။ “တရားရေးဝန်ကြီးယန် သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သည်လုပ်ကြံသတ်ဖြတ်မှုကြီးသည် ယုံးကျားဧကရာဇ်၏ မိခင်ဘက်က ဆွေမျိုးများနှင့် ပတ်သက်ဆက်နွှယ်နေပြီး မယ်တော်ကြီးကျောက်ကို မထင်မရှား ညွှန်ပြနေလေသည်။ ယုံးကျားဧကရာဇ် သည်လိုပြင်းထန်စွာ ဒေါသထွက်သည်မှာလည်း အံ့ဩစရာ မရှိပေ။
…
"ဘာလဲ။ ဘယ်လိုလုပ် ကျောက်မိသားစုနဲ့ ပတ်သက်နိုင်မှာလဲ။ တကယ် အဓိပ္ပာယ်မရှိတာပဲ”
ရှို့နင်နန်းဆောင်ထဲမှ မယ်တော်ကြီးကျောက်၏ ဒေါသတကြီး အသံ ထွက်ပေါ်လာသည်။ “ဖူယန်ဟိုက အိုက်ကျားရဲ့ တူတော်တယ်၊ မင်းရဲ့ ညီဝမ်းကွဲအရင်းပဲ။ အိုက်ကျားက လုရှီကို ဘယ်လောက်ပဲ မကြိုက်ပါစေ၊ ဒီလို ရက်စက်တဲ့ နည်းလမ်းမျိုးနဲ့ သူ့အသက်ကို သတ်ဖို့ လုပ်မှာ မဟုတ်ဘူး။ နားထဲ မဝင်ချင်စရာ စကားတစ်ခွန်း ပြောရရင် သူ သေသေ မသေသေ အိုက်ကျား ဂရုမစိုက်ဘူး။ သူ့ဗိုက်ထဲက ကလေးက လီမိသားစုရဲ့ ဇနီးမယားအရင်းက မွေးတဲ့ သွေးသားအရင်းအချာပဲ”
ယုံးကျားဧကရာဇ်သည် မနေ့ညကတည်းက ယခုအချိန်အထိ စိတ်အခြေအနေက အလွန် ဆိုးရွားနေသည်။
သည်အချိန်တွင် မိခင်အရင်း၏ သည်လို ဒေါသတကြီး အော်ဟစ်ခြင်းကို ခံလိုက်ရသဖြင့် မျက်နှာတော်က ပိုလို့ပင် ဆိုးရွားသွားသည်။ “ကျန်း က မူဟုပ်ကို ဘယ်လိုလုပ် သံသယဝင်မှာလဲ”
မယ်တော်ကြီးကျောက်က ဒေါသတကြီး ပြောလိုက်၏။ “ကျောက်မိသားစုကို သံသယဝင်တာလည်း မရဘူး”
မယ်တော်ကြီးကျောက်သည် ကိုယ့်ဘက်ကိုယ် ကာကွယ်ပေးသည်ဟု နာမည်ကြီးသူပင်။ နန်းတော်ထဲတွင် ချင်ရှီနှင့် စတုတ္ထမင်းသားကို ကာကွယ်ပေးသည်။ နန်းတော်အပြင်ဘက်တွင် မိခင်ဘက်က တူတော်ကို ကာကွယ်ပေးရသည်ကလည်း သဘာဝကျလေသည်။
ယုံးကျားဧကရာဇ်လည်း ဒေါသထွက်လာပြီး လေသံမာမာဖြင့် ပြောလိုက်တော့၏။ “ဖူယန်ဟိုက အပြစ်ကင်းသလား မကင်းဘူးလားဆိုတာ တရားရေးဌာနက ဆက်ပြီး စုံစမ်းစစ်ဆေးတာကို စောင့်ရမယ်။ ကျန်းက တစ်စုံတစ်ယောက်က မူဟုပ်ရဲ့ နားနားကပ်ပြီး မီးလောင်ရာ လေပင့်မှာ စိုးလို့ ကိုယ်တိုင် မူဟုပ်ကို လာပြောတာ။ ဒီကိစ္စကို မူဟုပ် ဝင်မစွက်ဖက်ပါနဲ့တော့”
မယ်တော်ကြီးကျောက်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ “အိုက်ကျားက မေးကြည့်တော့ ဘာဖြစ်လဲ။ အိုက်ကျားက ဖူယန်ဟိုကို ယုံတယ်။ သူ လုမင်ယွိအပေါ်မှာ ဒီလို သတ်ဖြတ်တဲ့ လက်မျိုးကို လုံးဝ သုံးမှာ မဟုတ်ဘူး”
စိတ်လောနေသဖြင့် မယ်တော်ကြီးကျောက်သည်လည်း စကားက နားထဲစူးဝင်သည် မဝင်သည်ကို ဂရုမစိုက်နိုင်တော့ပေ။ “မင်းသား နှစ်ယောက်လုံးက ဖူယန်ဟိုရဲ့ တူတော်တွေပဲ။ ဘယ်သူက အိမ်ရှေ့စံ လုပ်လုပ်၊ ကျောက်မိသားစုအတွက်ကတော့ အတူတူပဲ။ ကျောက်မိသားစုက ဘာလို့ ဒီလို အန္တရာယ်မျိုးကို စွန့်စားပြီး လုရှီကို လက်စွမ်းပြရမှာလဲ”
“ဖူယန်ဟိုက စတုတ္ထမင်းသားကို နည်းနည်းလေး ဘက်လိုက်တယ် ဆိုဦးတော့၊ စတုတ္ထမင်းသားက လက်တောင် မထပ်ရသေးဘူး။ ဒီအခြေအနေအထိ စိတ်လောမှာ မဟုတ်ဘူး”
“လုရှီသာ တစ်ခုခုဖြစ်သွားရင် အကျိုးအမြတ် အများဆုံး ရမယ့်လူက ဘယ်သူလဲ၊ တရားခံက အဲဒီလူပဲ ဖြစ်မှာ သေချာတယ်”
ယုံးကျားဧကရာဇ်သည်လည်း ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး အသံက အေးစက်သွားတော့သည်။ “မူဟုပ်။ အထောက်အထားမရှိဘဲ စကားကို ဘယ်လိုလုပ် လျှောက်ပြောလို့ ရမှာလဲ”
မယ်တော်ကြီးကျောက်သည် တစ်ခါတစ်ရံတွင် မိုက်မဲ ထုံထိုင်းသော်လည်း ယနေ့တွင်တော့ ထူးထူးခြားခြား ထက်မြက် စူးရှနေလေသည်။ “အိုက်ကျားက လျှောက်ပြောတာ ဟုတ်လား မဟုတ်ဘူးလားဆိုတာ အရှင်မင်းကြီးက ဘယ်သူ့ထက်မဆို ပိုရှင်းရှင်းလင်းလင်း သိတယ်။ ဒီကိစ္စက မင်းရဲ့ နှလုံးသား၊ အသည်းနှလုံးနဲ့ ပတ်သက်ဆက်နွှယ်လာတာနဲ့ မင်းရဲ့ အမြော်အမြင် ကြီးမားမှုနဲ့ ပြတ်သားမှုတွေ ဘယ်ရောက်သွားတာလဲ”
“မင်း မှားယွင်းတဲ့ ကိစ္စကို အမှန်လုပ်မယ်ဆိုတဲ့ အတွေးမျိုးနဲ့ ဒီရေညစ်အိုးကို ကျောက်မိသားစုပေါ် လာပုံချဖို့ မစဥ်းစားနဲ့။ အိုက်ကျား ရှိနေသမျှ ဘယ်သူမှ ကျောက်မိသားစုကို လက်ညှိုးတစ်ချောင်းတောင် လာထိဖို့ မစဥ်းစားနဲ့”
“အိုက်ကျား အမြင်အရတော့ အရှင်မင်းကြီး ယန်ရှီနန်းဆောင်ကို သွားပြီး မင်းရဲ့ ကွေ့ဖေးကောင်းကို သွားမေးကြည့်လိုက်ပါဦး။ ဒီလို ယုတ်မာပက်စက်တဲ့ ကိစ္စမျိုးတောင် လုပ်ရဲတယ်။ အရှင်မင်းကြီးကလည်း သူ့ခေါင်းရင်းမှာ အိပ်ရဲသေးတယ်။ သတိထား၊ သူ နောက်တစ်နေ့ ချန်ကျီ အဆိပ်ကို ထပ်ထုတ်မသုံးလာဘူးလို့ မပြောနိုင်ဘူး”
ယုံးကျားဧကရာဇ်: “…”
...