← Chapters

အခန်း (၂၃၂-၂၃၄)

Vol. 16 Ch. 232-234

အခန်း (၂၃၂-၂၃၄)

Vol. 16 Ch. 232-234

အပိုင်း (၂၃၂) ရှုပ်ထွေးပွေလီလှသည့် အမှု

ယုံးကျားဧကရာဇ်၏ နဂါးမျက်လုံးများသည် မီးတောက်များ တောက်လောင်နေသလို ထင်ရပြီး သူသည် မယ်တော်ကြီးကျောက်၏ စူးရှကာ ကောက်ကျစ်လှသည့်မျက်နှာကို စိုက်ကြည့်နေမိ၏။

ဒါက သူ့ရဲ့အမေအရင်း! သူက သူ့အားနည်းချက်တွေကို အသိဆုံးပဲ။

သူ ပြောတဲ့စကားလုံးတိုင်းကလဲ သူ့ရဲ့နှလုံးနဲ့ရင်ဘတ်ကို ထိုးဖောက်သွားစေတယ်။

သာမာန်မျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်က ပုန်ကန်ထကြွပြီး သူရဲကောင်းအများအပြားထဲက ပထမဦးဆုံး အလံစိုက်ထူ။ မင်းဆက်သစ် တည်ထောင်။ အရပ်ရပ်က လာရောက်ခိုလှုံကြတဲ့ အရပ်သားအမတ် စစ်သူကြီးတွေကိုလက်ခံ။ နှစ်အနည်းငယ်အတွင်းမှာပဲ ဒီလောက်ကြီးမားတဲ့ နယ်မြေကို သိမ်းပိုက်နိုင်ခဲ့တာ....

ဒါက သာမာန်လူတစ်ယောက် လုပ်နိုင်စွမ်းတဲ့ကိစ္စရပ်မျိုး လုံးဝမဟုတ်ဘူး!

သတ်ဖြတ်မှုကြီးကို ရှေ့မှောက်တွင် ချပြလိုက်သည်နှင့် သူသည် နောက်ကွယ်က တရားခံအစစ်အမှန်က မည်သူဖြစ်စည်ကို တွက်ချက်ပြီးသားပင်။ ထို့ကြောင့် ယနေ့ နန်းတွင်းညီလာခံက ပြဇာတ်သည် သူ့ကို ပိုပြီးဒေါသထွက်ရစေလေသည်။

သူသည် ပုံမှန်အချိန်များတွင် မျက်စိတစ်ဖက်မှိတ် နားတစ်ဖက်မှိတ် နေလေ့ရှိရာ တစ်ယောက်ချင်းစီတိုင်းက သူ့ကို တကယ်အသုံးမကျဟု ထင်နေကြသည်တဲ့လား။

မယ်တော်ကြီးကျောက်သည် သားဖြစ်သူ၏ မီးတောက်မတတ် ဒေါသထွက်နေသောပုံစံကို ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် နောင်တရသွားတော့သည်။

စကားသံကို နည်းနည်းလေး သွယ်ဝိုက်ပြီးပြောသင့်တာ။ ဒီလောက် သားဖြစ်သူရဲ့စိတ်နှလုံးကို ထိုးနှက်လိုက်တာကလဲ တကယ်မသင့်တော်ပါဘူး။

မယ်တော်ကြီးကျောက်သည် ချောင်းတချက်ဟန့်လိုက်ပြီး လေသံကို ဖြေလျှော့လိုက်လေသည်။ "အိုက်ကျားက ခုနက စကားနည်းနည်း လွန်သွားတယ်။ အရှင်မင်းကြီး စိတ်ထဲမထားပါနဲ့"

အဲဒီ့စကားက ဘာတစ်ခုမှ မထိခိုက်ပါစေနဲ့လို့ဘဲ မျှော်လင့်ရတော့တာပဲ။

ယုံကျားဧကရာဇ်သည် စကားတစ်ခွန်းမှမပြောဘဲ ဒေါသတကြီး မျက်လုံးများဖြင့် စိုက်ကြည့်နေဆဲပင်။

မယ်တော်ကြီးကျောက်သည်လဲ မျက်နှာကို ခွာချနိုင်သူဖြစ်ကာ မျက်ဝန်းများ ချက်ချင်းနီရဲလာပြီး မျက်ရည်များ ဖြိုင်ဖြိုင်ကျလာလေတော့သည်။ "အိုက်ကျားက ကျောက်မိသားစုကို အသရေဖျက်တဲ့စကားတွေ ကြားလိုက်ရလို့ စိတ်ထဲမှာ တကယ် ဒေါသထွက်သွားတာပါ။ ဒေါသတစ်ချက် ထွက်သွားတော့ ပါးစပ်က မဆင်မခြင်ဖြစ်ပြီး စကားကလဲ နည်းနည်း နားဝင်ဆိုးသွားတယ်။ မင်းက အိုက်ကျားနဲ့ ရန်ငြိုးထားအုံးမလို့လား။ အိုက်ကျား မင်းကို တောင်းပန်ပါတယ်"

"ဒါပေမဲ့ အိုက်ကျား အဲဒီ့စကားကိုပဲပြောရမယ်။ ကျောက်မိသားစုက လုမင်ယွိကို လုပ်ကြံသတ်ဖြတ်တဲ့ကိစ္စမျိုး လုံးဝမလုပ်ရဲဘူး။ အရှင်မင်းကြီးသာ မယုံရင် အသေးစိတ် စုံစမ်းစစ်ဆေးဖို့ ပြင်းပြင်းထန်ထန် အမိန့်ပေးလိုက်ပါ။ တကယ်လို့ ကျောက်မိသားစုက တကယ် ပါဝင်ပတ်သက်နေတယ်တယ်ဆိုရင် အိုက်ကျားကိုယ်တိုင် တောင်းပန်မယ်။ ဒီလိုဆိုရင်ရပြီလား"

လိုရင်းကိုပြောရမည်ဆိုလျှင်ဖြင့် သူမသည် ကျောက်မိသားစုကို ကာကွယ်ပေးလိုခြင်းသာပင်။

ယုံးကျားဧကရာဇ်သည် ဘာမှမပြောဘဲ အင်္ကျီလက်ကို ခါရမ်းကာ လှည့်ထွက်သွားလေတော့သည်။

မယ်တော်ကြီးကျောက်သည်လဲ လိုက်မမှီတော့သဖြင့် ဆက်မလိုက်တော့ဘဲ အင်္ကျီလက်စဖြင့် မျက်လုံးထောင့်ကို သုတ်ကာ ကိုယ်ရံတော် နန်းတွင်းအပျိုတော်ကိုခေါ်ပြီး လေသံတိုးတိုးဖြင့် အနည်းငယ်မှာ ကြားလိုက်လေသည်။ ထိုနန်းတွင်းအပျိုတော်သည် တိတ်တဆိတ် ခေါင်းညိမ့်ပြလိုက်ပြီး လျင်မြန်စွာ ထွက်ခွာသွားခဲ့၏။

ယုံးကျားဧကရာဇ် ရှေ့ကထွက်ခွာသွားသည်နှင့် ချင်ဖေးသည်လဲ နောက်က ချက်ချင်းရောက်လာခဲ့သည်။

"ယိမူ" ချင်ဖေး၏ မျက်နှာသည် ထိတ်လန့်နေပြီး စကားသံများပင် တုန်ယင်လို့နေသည်။ “လုရှီကို လုပ်ကြံတဲ့ကိစ္စက ဘယ်လိုလုပ်ပြီး ကျောက်မိသားစုနဲ့ ပတ်သက်သွားရတာလဲ။ ကျွန်မ ဒီနေ့ နန်းတွင်းညီလာခံထဲက သတင်းကိုကြားပြီး ကြောက်လွန်းလို့ ခြေထောက်တောင် ပျော့ညံ့သွားတယ်"

ချင်ဖေးသည် စိတ်လှုပ်ရှားနေသဖြင့် ယိမူဟု တိုက်ရိုက်ခေါ်မိသွားလေသည်။

မယ်တော်ကြီးကျောက်၏ မျက်နှာသည် ညှို့မှိုင်းနေပြီး လေသံနှိမ့်ကာ ပြောလိုက်တော့၏။ "ဆက်မပြောနဲ့တော့။ အိုက်ကျားလဲ လန့်သွားတာပဲ။ ခုနတုန်းက အရှင်မင်းကြီးကိုယ်တိုင် ရှို့နဥ်နန်းဆောင်ကိုလာပြီး ဒီကိစ္စကို အိုက်ကျားကို ပြောပြတယ်။ အိုက်ကျားက ဒေါသထွက်သွားလို့ နားခါးတဲ့စကားတွေ နည်းနည်းပြောလိုက်မိတာ။ အရှင်မင်းကြီးကို အိုက်ကျားက ဒေါသထွက်သွားအောင် လုပ်လိုက်မိတယ်"

ချင်ဖေးသည် ရည်မှန်းချက် မသေးလှသော်ငြားလည်း သတ္တိကတော့ ထိုမျှလောက် မကြီးလှချေ။ ယခုအခါ ဦးနှောက်ထဲတွင် ဤသို့သာ စဥ်းစားမိလေတော့သည်။ "ဒုက္ခပါပဲ။ အရှင်မင်းကြီးကတော့ ငါ့ကို သေချာပေါက် သံသယဝင်နေတော့မှာပဲ" သူမသည် မယ်တော်ကြီးကျောက်ကို နှစ်သိမ့်ဖို့ရန် စိတ်မဝင်စားနိုင်တော့ချေ။ မျက်လုံးများက နီရဲကာဖြင့် ငိုယိုကာ ပြောလိုက်လေသည်။ "ယိမူ အရှင်မင်းကြီးက ကျွန်မနဲ့ အားရှန်းတို့ကို သံသယဝင်မှာတော့ မဟုတ်ပါဘူးနော်"

"အရင်ရက်တုန်းက ကျွန်မအပြစ်ပေးခံရပြီး အကျယ်ချုပ်ကျနေတာ။ နန်းဆောင်တံခါးကိုတောင် ခြေတစ်လှမ်းမှမကျော်ခဲ့ဘူး။ နောက်ပိုင်း အိပ်ဆောင်ထဲကထွက်တော့လည်း တခြားနေရာကို မသွားခဲ့ပါဘူး။ နန်းတော်အပြင်ကလူနဲ့တောင်မှ မတွေ့ခဲ့ဘူး"

"ယိမူ ကျွန်မရဲ့ စိတ်နေစိတ်ထားကို ယိမူက အသိဆုံးပါ။ ကျွန်မမှာ ဒီလောက်သတ္တိကောင်းမရှိပါဘူး။ လုရှီကို သွားလုပ်ကြံဖို့တဲ့လေ။ တကယ်လို့ အရှင်မင်းကြီးက သံသယဝင်ပြီး အပြစ်ပေးမယ်ဆိုရင် ယိမူက ကျွန်မတို့သားအမိနှစ်ယောက်အတွက် ရပ်တည်ပေးရမယ်နော်!"

သူမသည် ငိုယိုကာ ဒူးထောက်ချလိုက်လေသည်။

မယ်တော်ကြီးကျောက်ကလဲ ချင်ဖေးကို ချက်ချင်းဆွဲထူပေးလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ဘာကြောက်နေတာလဲ။ ဒီကိစ္စက အဲဒီ့အခြေအနေအထိ မရောက်သေးပါဘူး။ မင်း ဘာမှမလုပ်တာကို မပြောနဲ့အုံး။ တကယ်လို့ စိတ်လိုက်မာန်ပါနဲ့ အမှားတစ်ခုခု ကျူးလွန်ခဲ့တယ် ဆိုဦးတော့ ငါ ရှိနေသရွေ့ မင်းတို့ကို ကာကွယ်ပေးနိုင်တယ်"

"နောက်တစ်ချက်က ဒီကိစ္စကို သေသေချာချာ စဥ်းစားကြည့်ရင် မူမမှန်ဘူး။ လုရှီက ကိုယ်ဝန်လွယ်ထားရတာ တစ်ခုခုဖြစ်သွားတာနဲ့ အသက်နှစ်ချောင်း ဖြစ်သွားမှာ။ ဒီနန်းတော်အပြင်နဲ့အတွင်းမှာ ဘယ်သူက ဒုတိယမင်းသားအိမ်တော် ကံဆိုးမိုးမှောင်ကျတာကို အမျှော်လင့်ဆုံးလဲ။ အရှင်မင်းကြီးက အသုံးမကျတဲ့လူမှ မဟုတ်တာ။ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်"

"ယန်ရှီနန်းဆောင်က တစ်ယောက်ကတော့ အခုလောက်ဆိုရင် ဝမ်းသာအား ရဖြစ်နေပြီ။ သူရဲ့အကြံအစည် အောင်မြင်တယ်။ ရေလမ်းကြောင်း လွဲနိုင်ပြီလို့ ထင်နေလောက်တယ်။ အရှင်မင်းကြီးက သူ့ကို ဘယ်လောက်ပဲ ချစ်ခင်နေပါစေ။ ဒီလို လှိုင်းလုံးတွေ ဖန်တီးခွင့်ပေးထားမှာ မဟုတ်ဘူးဆိုတာကိုတော့ စဥ်းစားမိမှာမဟုတ်ဘူး"

"အရှင်မင်းကြီး ဘယ်လောက်တောင် ဒေါသထွက်သွားလဲ ကြည့်လိုက်လေ။ ဒီတစ်ခါတော့ သားအမိနှစ်ယောက်စလုံး ဒီကိစ္စကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး!"

ချင်ဖေးက ထိုစကားကို ကြားလိုက်ရသည်တွင် ဝမ်းသာမိသလို စိုးရိမ်စိတ်လဲဖြစ်သွားပြီး ထရပ်ကာ လက်ကိုင်ပုဝါဖြင့် မျက်ရည်များကို သုတ်လိုက်ပြီးနောက် မယ်တော်ကြီးကျောက်နှင့် တီးတိုးစကား ပြောဆိုလိုက်လေသည်။

...

ယုံးကျားဧကရာဇ်သည် ဒေါသတကြီးဖြင့် ရှို့နဥ်နန်းဆောင်က ထွက်လာခဲ့ပြီး မျက်နှာတော်က မည်းမှောင်နေသည်မှာ ရေများပင် ကျလာတော့မည့်အတိုင်းပင်။

ကုန်းကုန်းများ အားလုံးသည် ဆောင်းတွင်းပုရစ်များကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ နှစ်သိမ့်စကား မဆိုရဲကြဘဲ အရှင်မင်းကြီး၏နောက်က တိတ်တဆိတ် လိုက်ပါလာခဲ့ကြ၏။

အရှင်မင်းကြီးသည် ပထမတွင် ဒေါသတကြီးဖြင့် ယန်ရှီနန်းဆောင်သို့ လျှောက်သွားခဲ့သည်ကို တွေ့လိုက်ရပြီး လမ်းတစ်ဝက်သို့ ရောက်သောအခါ လမ်းကြောင်းပြောင်းလိုက်ကာ ကျောင်းဖန်နန်းဆောင်သို့ သွားမည့်ဟန်တူသည်။ လမ်းတစ်ဝက်သို့ ထပ်ရောက်သောအခါ ဝမ်ဟွားခန်းမဆောင်ဘက်သို့ ထပ်မံလမ်းကြောင်း ပြောင်းသွားပြန်၏။

ယုံးကျားဧကရာဇ်သည် ဝမ်ဟွားခန်းမထဲသို့ ဝင်ရောက်သွားပြီး လျှောက်တင်လွှာတစ်စောင်ကို ကောက်ယူလိုက်ကာ စာလုံးလေး နည်းနည်းလေးမှ မဖတ်ရသေးခင်မှာပင် လျှောက်တင်လွှာကို အားဖြင့် လွှင့်ပစ်လိုက်တော့၏။ စားပွဲပေါ်တွင် စုပုံနေသည့် လျှောက်တင်လွှာများ အားလုံးသည်လဲ ကြမ်းပြင်ပေါ်သို့ လွင့်ကျသွားကုန်တော့သည်။ ဤသို့ ပြုလုပ်လိုက်သော်ငြား ဒေါသမပြေသေးဘဲ ကုလားထိုင်ကို ထပ်မံကန်ကျောက်ကာ လွင့်ပစ်ပြန်သည်။

အရှင်မင်းကြီး တကယ်ကို အမျက်ခြောင်းခြောင်း ထွက်နေတာပဲ။

လျိုကုန်းကုန်းသည် ယုံးကျားဧကရာဇ်ကို နှစ်ပေါင်းများစွာ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သော စိတ်ချရသူဖြစ်၏။ ဒီလိုအချိန်မျိုးတွင် သူသည် သတ္တိမွေးပြီး ရှေ့သို့တိုးကာ နှစ်သိမ့်စကားပြောရဲသူ ဖြစ်လေသည်။ "အရှင်မင်းကြီး ဒေါသကို လျှော့တော်မူပါ။ နဂါးခန္ဓာကိုယ်ကို ထိခိုက်မိပါအုံးမယ်"

"တရားရေးဌာနက အခုအရေးတကြီး စစ်ဆေးမေးမြန်းနေပါတယ်။ မကြာခင် ရှင်းရှင်းလင်းလင်း သိရတော့မှာပါ။ အဲဒီ့အချိန်ကြရင် အမှန်တရား ပေါ်ထွက်လာမှာပါပဲ။ အရှင်မင်းကြီး ဘာဖြစ်လို့ ဒီလောက်စိတ်မချမ်းမသာ ဖြစ်နေရတာလဲ"

ယုံးကျားဧကရာဇ်သည် နှုတ်ခမ်းထောင့်ကို တွန့်ပေကွးထားလိုက်ပြီး မျက်လုံးအစုံကလဲ မည်းမှောင်ကာ ကြမ်းတမ်းနေသည့် အငွေ့အသက်များ ပြည့်နှက်လို့နေလေသည်။ "မင်း ပြောစမ်း။ သူတို့ တယောက်ချင်းစီတိုင်းက ကျန်းကို လွယ်လွယ်ကူကူ လှည့်စားလို့ရတယ်။ လွယ်လွယ်ကူကူ ကြိုးကိုင်လို့ရတယ်လို့ ထင်နေကြတာလား"

လျိုကုန်းကုန်း "... "

ဒီသူတို့ဆိုတာက မယ်တော်ကြီးကျောက်နဲ့ ချင်ဖေးကို ပြောတာလား။ ဒါမှမဟုတ် ယန်ရှီနန်းဆောင်က တစ်ယောက်ကို ပြောတာလား။ ဒါမှမဟုတ် ချောင်မိဖုရားခေါင်နဲ့ စူးဖေးကို ပြောတာလား။

လျိုကုန်းကုန်းသည် စကားလုံးများကို သတိထားကာ စဥ်းစားချင့်ချိန်ရင်း သတိကြီးစွာဖြင့် ပြန်ဖြေလိုက်လေသည်။ "အရှင်မင်းကြီးက ကြီးကျယ်ခမ်းနားတဲ့ အကြံအစည်တွေရှိပြီး ဉာဏ်ပညာထက်မြက်တဲ့ ဧကရာဇ်တစ်ပါးဖြစ်သလို မင်းဆက်အသစ်ကိုလဲ တည်ထောင်ခဲ့ပြီး ပြည်မကြီးကို စည်းရုံးဖို့ကလဲ လက်တစ်ကမ်းအလိုမှာပါ ..."

ယုံးကျားဧကရာဇ်က အေးစက်စွာ ရယ်မောလိုက်တော့၏။ "ကျန်း ဒီလိုမြှောက်ပင့်တဲ့ စကားအပိုတွေကို မကြားချင်ဘူး။ ကျန်း မင်းကို မေးနေတာ သူတို့က ကျန်းကို အနောက်နန်းဆောင်ထဲမှာ တစ်ဖက်စကားပဲ နားယောင်ပြီး ခေါင်းရှပ်ထွေးနေတယ်လို့ ထင်နေကြတာလား။ ကျန်းက စိတ်နှလုံး ပျော့ပျောင်းပြီး သူတို့ကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေကြတာလား"

ဟင်း။ သေချာသွားပြီ။

ယုံးကျားဧကရာဇ် ပါးစပ်ကနေပြီးတော့ ပြောနေတာက ယန်ရှီနန်းဆောင်က သူ့နှလုံးသားထဲက ချစ်သောမိဖုရားငယ်ပဲ။

လျိုကုန်းကုန်းက ပိုပြီးသတိဖြင့် ခေါင်းငုံ့ကာ ဖြေလိုက်တော့သည်။ "အရှင်မင်းကြီးက အမြော်အမြင်ကြီးမားပြီး စစ်မြေပြင်မှာ တိုက်ပွဲတိုင်းကို အနိုင်ရသလို နန်းတွင်းညီလာခံမှာလဲ တည်ငြိမ်ပြီး ပြတ်သားလှပါတယ်။ အနောက်နန်းဆောင်ကို ရောက်လာတော့လည်း အားလုံးက အရှင်မင်းကြီးရဲ့ လူတွေကြီးပါပဲ။ အရှင်မင်းကြီး စိတ်ပျော့သွားတာလဲ ရှောင်လွှဲလို့ မရပါဘူး။ ယောက်ျားတစ်ယောက်က အတွင်းဆောင်ထဲမှာ ဘာအရှိန်အဝါမှ ပြစရာမလိုပါဘူး"

လျိုကုန်းကုန်း၏ စကားမှာ အလွန်ပါးနပ်လိမ်မာလှသော်ငြားလည်း အဓိပ္ပါယ်ကတော့ ရှင်းလင်းလေသည်။

ယုံးကျားဧကရာဇ်က မုန့်ကွေ့ဖေးတို့ သားအမိကို အရမ်းချစ်ခင်ပြီး အလိုက်လွန်းခဲ့တာ။

ယုံးကျားဧကရာဇ်မှာ နှုတ်ဆိတ်သွားလေတော့၏။

လျိုကုန်းကုန်းသည်လဲ ထပ်ပြီးစကားမပြောရဲတော့ဘဲ မျက်လုံးများဖြင့် အချက်ပြလိုက်ရာ ကုန်းကုန်းငယ်လေးတစ်ချို့က ခြေသံတိတ်စွာဖြင့် လျှောက်တင်လွှာများကို ဝင်ရောက်သိမ်းဆည်းလိုက်ကြ၏။ ယုံးကျားဧကရာဇ်၏ ဒေါသမီး မငြိမ်းသေးခင်မှာပင် ကုန်းကုန်းတစ်ယောက်က ဝင်လာပြီး လျှောက်တင်လိုက်လေသည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ မုန့်ကွေ့ဖေးညန်ညန် တွေ့ဆုံခွင့်တောင်းနေပါတယ်"

ယုံးကျားဧကရာဇ်၏ မျက်လုံးများမှာ မည်းမှောင်သွားပြီး အေးစက်စွာ ပြောလိုက်လေသည်။ "သူ့ကို ဝင်ခိုင်းလိုက်"

ခဏအကြာတွင် သေသေချာချာ ပြင်ဆင်ထားပြီး ထူးထူးခြားခြား ချစ်စဖွယ်ဖြစ်နေသည့် မုန့်ကွေ့ဖေးသည် ဝမ်ဟွားခန်းမဆောင်ထဲသို့ ဝင်လာခဲ့လေသည်။

ကြမ်းပြင်တစ်ခုလုံး ရှုပ်ပွနေသည်မှာ မသိမ်းဆည်းရသေးဘဲ ကန်ကျောက်ကာ လှဲထားသည့် ကုလားထိုင်တစ်ချို့သည်လဲ ဟိုတစ်လုံး ဒီတစ်လုံး ပြန့်ကြဲလို့နေ၏။ ဒီလိုဒေါသတကြီး ဖြစ်သွားပြီးနောက် အပျက်အစီးများအားလုံးသည် မုန့်ကွေ့ဖေး၏ မျက်လုံးထဲသို့ ဝင်ရောက်လာတော့သည်။

မုန့်ကွေ့ဖေး၏ မျက်နှာပေါ်တွင် စိတ်မကောင်းဖြစ်သွားသည့် အမူအယာပေါ်လာပြီး ညင်သာစွာ ရှေ့သို့တိုးကာ ယုံးကျားဧကရာဇ်၏ လက်မောင်းကို ပွေ့ဖက်ထားလိုက်ရင်း " အရှင်မင်းကြီး ဘာဖြစ်လို့ ဒီလောက်ဒေါသကြီးနေတာလဲ။ နဂါးကိုယ်တော်ကို မထိခိုက်ပါစေနဲ့အုံး" ထို့နောက်တွင်တော့ လျိုကုန်းကုန်းကို အမိန့်ပေးလိုက်ပြန်လေသည်။ "မင်းတို့အားလုံး ထွက်သွားကြ"

...

အပိုင်း (၂၃၃) ကွဲအက်ခြင်း (၁)

စကားအပြောအဆိုကို အထူးဂရုစိုက်ဆက်ဆံတတ်သည့် ချောင်မိဖုရားခေါင်နှင့် နှိုင်းယှဥ်ကြည့်လျှင် မုန့်ကွေ့ဖေးသည် နန်းတော်ထဲတွင် ပိုပြီးလွတ်လပ်ပေါ့ပါးစွာ နေထိုင်ရလေသည်။ အပေါ်ယံ ဟန်ဆောင်ခြင်းကအပ ယုံးကျားဧကရာဇ်နှင့် သီးသန့်ရှိနေချိန်များတွင်တော့ သူတို့နှစ်ဦးသည် သာမာန်လင်မယားနှင့် ပိုပြီးတူနေသေး၏။

အကယ်၍ ဒီနေရာတွင်သာ ချောင်မိဖုရားခေါင်သာ ရှိနေခဲ့လျှင် လျိုကုန်းကုန်းနှင့် တခြားသူများကို အပြင်ထွက်သွားရန် ပြောကြားသည့် စကားမျိုး သူမထံမှ ကြားရလိမ့်မည် မဟုတ်ချေ။

ဒါသည် မိမိ၏အဆင့်အတန်းနှင့် လုပ်ပိုင်ခွင့်ကို ကျော်လွန်သည့် အမူအရာမျိုးဖြစ်ကြောင်း ထင်ရှားလေသည်။

သာမာန်အချိန်များတွင်ဆိုလျှင် လျိုကုန်းကုန်းက ထွက်ခွာသွားတတ်သည်။ သို့သော် ယနေ့တွင်တော့ လျိုကုန်းကုန်းသည် နေရာမှမခွာဘဲ ယုံးကျားဧကရာဇ်၏ အမိန့်တော်ကိုသာ စောင့်ဆိုင်းနေတော့သည်။

မုန့်ကွေ့ဖေးသည် လျိုကုန်းကုန်းက မိမိ၏ အမိန့်ကို မနာခံသည်ကို တွေ့လိုက်ရသောအခါ မကျေမနပ်ဖြင့် မျက်ခုံးများကို တွန့်ချိုးထားကာ လျိုကုန်းကုန်းကို စိုက်ကြည့်လိုက်၏။ "ပန်ကုံး ပြောတဲ့စကားကို မကြားဘူးလား။ အခုထိ မထွက်သေးဘူးလား"

ယုံးကျားဧကရာဇ်က အေးစက်စွာ မိန့်လိုက်၏။ "အားလုံး ထွက်သွားကြ။ ကျန်းရဲ့အမိန့်မရှိဘဲ ဘယ်သူမှ ဝင်မလာနဲ့"

လျိုကုန်းကုန်းသည် ချက်ချင်းဆိုသလို ခါးကိုင်းကာ အမိန့်ကိုနာခံလိုက်၏။ ကုန်းကုန်းတစ်သိုက်ကို ဦးဆောင်ကာ တိတ်တဆိတ် ထွက်သွားလေသည်။

မုန့်ကွေ့ဖေးသည် စိတ်ထဲတွင် အလွန်မကျေမနပ်ဖြစ်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြောလိုက်၏။ "အဲဒီ့ လျိုကုန်းကုန်းက အရမ်းထောင်လွှားတာပဲ။ အခု ကျွန်မကိုတောင်မှ အဖက်မလုပ်တော့ဘူး"

ယုံးကျားဧကရာဇ်သည် စကားတစ်ခွန်းမှမပြောဘဲ မုန့်ကွေ့ဖေးကိုသာ စူးစိုက်ကြည့်နေလေသည်။

မုန့်ကွေ့ဖေးကတော့ သူ စူးစိုက်ကြည့်နေသည်ကို မကြောက်ရွံ့ဘဲ တရင်းတနှီးပင် တိုးကပ်သွားကာ ယုံးကျားဧကရာဇ်၏ တင်းကျပ်နေအောင် တွန့်ချိုးထားသည့် မျက်ခုံးများကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ "ဒီနေ့ နန်းတွင်းညီလာခံထဲမှာ ဖြစ်ခဲ့တာတွေ ကြားပြီးပါပြီ”

"ကျောက်စန်းက ခဏလောက် ခေါင်းရှုပ်ထွေးသွားပြီး လုရှီကို သွားထိပါးမိတာ ဖြစ်မှာပါ။ ကျွန်မ အထင်တော့ ဒီကိစ္စက. မူဟုပ်နဲ့ ဘာမှမဆိုင်လောက်ပါဘူး။ ရှင်လဲ ဒီကိစ္စကြောင့် မူဟုပ်နဲ့ စိတ်မကွက်ပါနဲ့။ ချင်မိသားစုကိုလည်း အပြစ်မတင်လိုက်ပါနဲ့"

သူ၏ မျက်ခုံးများကြားထဲသို့ ထိတွေ့လာသည့် လက်ချောင်းလေးများမှာ အလွန်တရာ ကောင့းမွန်စွာ ထိန်းသိမ်းထားသဖြင့် နူးညံ့ပျော့ပျောင်းလို့ နေသည်။

သူ့ရှေ့မှောက်က မျက်နှာလေးသည် ကျက်သရေရှိကာ လှပနေဆဲဖြစ်ပြီး ရင့်ကျက်သည့် အမျိုးသမီးတစ်ဦး၏ စွဲမက်ဖွယ်ရာများရှိသော်ငြား အိုမင်းရင့်ရော်မှု တစ်စုံတစ်ရာမှ မတွေ့ရချေ။ နေရောင်ခြည်နှင့် မိုးရေတို့၏ အာဟာရဖြည့်တင်းမှုကို ခံထားရသဖြင့် လန်းဆန်းတက်ကြွစွာ ပွင့်လန်းနေသည့် ပန်းတစ်ပွင့်နှယ်ပင်။

ဒီအမျိုးသမီးသည် သူနှင့်ငယ်စဥ်ကတည်းက အတူတူကြီးပြင်းလာခဲ့သည့် ငယ်ကျွမ်းဆွေဖြစ်ပြီး သူကိုယ်တိုင် နှစ်ပေါင်း၂၀ကျော် ချစ်မြတ်နိုးခဲ့ရသည့် အမျိုးသမီးပဲဖြစ်လေသည်။

နန်းတွင်းရော နန်းပြင်မှာပါ သူမသည် သူ့နှလုံးသားမှ ရတနာတစ်ပါးဖြစ်ကြောင်း လူတိုင်းသိကြ၏။ မယားငယ်အဖြစ် နေသည်ဖြစ်စေ။ ကွေ့ဖေးအဆင့်သို့ ရောက်လာသည်ဖြစ်စေ။ သူမသည် နည်းနည်းလေးမှပင် စိတ်ဒဏ်ရာရအောင် ဆက်ဆံမခံခဲ့ရချေ။ သူ၏ အကာအကွယ်ပေးမှုနှင့် အစွဲအလန်းကြီးမှုတို့အောက်တွင် သူမသည် လွတ်လပ်ပေါ့ပါးစွာ နေထိုင်ခဲ့ရလေသည်။

သူသည်လဲ ထိုအချက်ကို အမြဲတမ်း ဂုဏ်ယူခဲ့ရ၏။ ယောက်ျားတစ်ယောက်အနေဖြင့် မိမိချစ်မြတ်နိုးရသူကို တရားဝင်နာမည်တစ်ခု မပေးနိုင်ခဲ့သော်ငြား ထိုတရားဝင် အဆင့်အတန်းကလွဲလျှင် ကျန်အရာများ အားလုံးကို သူ ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ဒါပေမဲ့ သူမက ဘာလို့ မကျေနပ်နိုင်သေးရတာလဲ။

ဘာဖြစ်လို့များ သူ့နှလုံးသားကို အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေမဲ့ ကိစ္စမျိုးကိုမှ လုပ်ရက်ရတာလဲ။

...

"ရှင် ကျွန်မကို ဘာဖြစ်လို့ ဒီလိုကြီးစိုက်ကြည့်နေတာလဲ" မုန့်ကွေ့ဖေးသည် ယုံးကျားဧကရာဇ်က သူမကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ နှုတ်ခမ်းလေးများကို စေ့ရင်းပြုံးလိုက်ပြီး ယုံးကျားဧကရာဇ်၏ ရင်ခွင်ထဲသို့ တိုးဝှေ့ကာ မှီခိုလိုက်လေသည်။ "စိတ်မဆိုးပါနဲ့တော့။ ကျွန်မ လူတွေကို စားစရာပြင်ခိုင်းလိုက်ပါ့မယ်။ ရှင်နဲ့အတူတူ ပွဲတော်တည်ပြီးမှ ညစာစားကြရအောင်နော်"

သီးသန့်တွေ့ဆုံချိန်များတွင် ဒီလို ရှင်နှင့်ကျွန်မဟု ရင်းနှီးစွာ သုံးနှုန်းခေါ်ဝေါ်ခွင့် ရရှိခြင်းသည်လဲ မုန့်ကွေ့ဖေး တစ်ဦးတည်းသာ ရရှိသည့် အထူးအခွင့်အရေးပင်။

ယုံးကျားဧကရာဇ်သည် မိမိ၏ ရင်ခွင်ထဲက ရင်းနှီးနေကြ နူးညံ့သည့်ခန္ဓာကိုယ်လေးကို တွန်းမထုတ်လိုက်ဘဲ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်၏။ "ကျန်း မင်းကို ပြောစရာကိစ္စတစ်ခုရှိတယ်"

"မုန့်ကွေ့ဖေးက ပြုံးရင်းမော့ကြည့်လိုက်သည်။ "ဘာကိစ္စမလို့လဲ"

ယုံးကျားဧကရာဇ်သည် မုန့်ကွေ့ဖေး၏ မျက်လုံးများကို စူးစိုက်ကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်တော့သည်။ "ကျန်း ဒုတိယမင်းသားကို အိမ်ရှေ့စံအဖြစ် တင်မြှောက်ဖို့ ဆုံးဖြတ်လိုက်ပြီ"

မုန့်ကွေ့ဖေး "..."

ယုံးကျားဧကရာဇ်သည် မုန့်ကွေ့ဖေး၏ မယုံကြည်နိုင်ခြင်းကြောင့် ဝိုင်းစက်ပြူးကျယ်သွားသော မျက်လုံးများကို မြင်လိုက်ရလေသည်။ သူမ၏ အပြုံးများက တောင့်တင်းအေးခဲသွားပုံ ကြီးမားသော စိတ်ပျက်အားငယ်မှုကို အစွမ်းကုန် ဖုံးကွယ်ရန်ကြိုးစားနေပုံ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာပုံများကို စိုက်ကြည့်နေခဲ့၏။

ယုံးကျားဧကရာဇ်သည် မိမိအနေဖြင့် တနေ့နေ့တွင် သူမကို ဒီလောက်အေးစက်ကာ ခက်ထန်သောစကားများ ပြောထွက်လိမ့်မည်ဟု စိတ်ကူးထဲတွင်လည်း ထည့်မတွေးခဲ့ဖူးချေ။ "ကျန်းအသက်၄၀ရှိပြီ။ သာ့ဝေတိုင်းပြည် တည်ထောင်တာလဲ ၉နှစ်ရှိပြီ။ တိုင်းပြည်မှာ အိမ်ရှေ့စံ မရှိတော့ လူတွေ ရဲ့စိတ်ကလဲ မတည်ငြိမ်ဘူး။ ကျန်းက လာမဲ့နှစ်မှာ ယန်နဲ့ချူကို စစ်ချီဖို့စဥ်းစားထားတယ်။ ဒါကြောင့် အိမ်ရှေ့စံကို အတည်ပြုသတ်မှတ်သင့်ပြီ"

မုန့်ကွေ့ဖေး၏ မျက်လုံးအိမ်များမှာ ကျုံ့သွားပြီး အပြုံးတစ်ခုကို အားယူဖန်တီးကြည့်သော်ငြား မည်သို့မှ ပြုံးလို့မရတော့ချေ။ "ရှင် ... ရှင် ဒုတိယမင်းသားကို အိမ်ရှေ့စံတင်မယ် ဟုတ်လား"

ယုံးကျားဧကရာဇ်ကတော့ ပေါ့ပေါ့ပါးပါးပင် ထပ်ပြောလိုက်၏။ "ဒုတိယမင်းသားက တရားဝင်မိဖုရားက မွေးတာ။ ကျန်းက သူ့ကို အိမ်ရှေ့စံမတင်ရင် ဘယ်သူ့ကို တင်ရမှာလဲ"

"တရားဝင်မိဖုရားကြီးကမွေးသူ" ဟူသည့် စကားလုံးနှစ်လုံးသည် မုန့်ကွေ့ဖေး၏ နားထဲတွင် ဆူးချွန်တစ်ခုလို စူးစိုက်ကာ ဝင်ရောက်သွားလေတော့သည်။

မုန့်ကွေ့ဖေးသည် အလွန်တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး သူမ၏ ပင်ကိုစိတ်ရင်းက တုံ့ပြန်မှုများကို ဖုံးကွယ်ဖို့ရန် မရနိုင်တော့ချေ။

သူမသည် မိမိကိုယ်ကို လှည့်စားလိုသော်ငြား လှည့်စားလိုစိတ်မရှိတော့ဘဲ ယုံးကျားဧကရာဇ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ "ရှင်ကျွန်မကို ပြောခဲ့ဖူးတယ်လေ။ ဒီဘဝမှာ အချစ်ဆုံးလူက ကျွန်မတဲ့။ အချစ်ဆုံးကလဲ ကျွန်မတို့သားတဲ့။ ရှင်ရှိနေသရွေ့ ကျွန်မတို့သားအမိကို စိတ်ဒဏ်ရာ နည်းနည်းလေးမှတောင် မရစေဘူးဆို။ ဒီစကားကို ရှင် မေ့သွားပြီလား"

ယုံးကျားဧကရာဇ်နှင့် မုန့်ကွေ့ဖေးတို့သည် မျက်နှာချင်းဆိုင် အကြည့်ချင်း ဆုံလိုက်ကြလေသည်။ ယုံးကျားဧကရာဇ်၏ တည်ငြိမ်လှသော အသံထဲတွင် အေးစက်မှုများ ပါဝင်လို့နေ၏။ "ကျန်းလဲ မင်းကို ပြန်မေးချင်တယ်။ ဒီနှစ်တွေအတွင်းမှာ ကျန်းက မင်းတို့သားအမိကို စိတ်ဒဏ်ရာရအောင် လုပ်ခဲ့လို့လား"

မုန့်ကွေ့ဖေးမှာ ဆွံအသွားလေတော့၏။ သူမသည် မည်မျှပင် ဒေါသထွက်နေပါစေ။ ထိုကဲ့သို့ ကျေးဇူးမသိတတ်ရာ ရောက်သည့်စကားမျိုး ပြောထွက်မည် မဟုတ်ချေ။

သူမလဲ တကယ်ပဲ စိတ်ဒဏ်ရာမရခဲ့ပါဘူး။

သူမ လီအိမ်တော်မှာ မယားငယ်အဖြစ် နေခဲ့ရတုန်းကတောင် တရားဝင်ဇနီးထက် ပိုပြီးသြဇာတိက္ကမ ကြီးမားခဲ့တယ်။ နောက်ပိုင်း ကွေ့ဖေး ဖြစ်လာတော့လည်း အဝတ်အစား အစားအသောက် အသုံးအဆောင်မှန်သမျှ အကောင်းဆုံးတွေချည်းပဲ။ သူမ ဘာလိုချင်လဲ။ ယုံးကျားဧကရာဇ်က အကုန်ပေးပြီးသား။ တရားဝင် ဇနီးနေရာလွဲလျှင် သူမမှာ အားလုံးပိုင်ဆိုင်ခဲ့တယ်။

သူမရဲ့ သားကလဲ ချစ်ခင်ရဆုံး မင်းသားတစ်ပါးဖြစ်ခဲ့တယ်။ ယုံးကျားဧကရာဇ်က ပထမမင်းသားအပေါ် ဘယ်လောက် ဘက်လိုက်တယ်ဆိုတာ လူတိုင်းက သိကြတာပဲ။

ဒါပေမဲ့ ယုံးကျားဧကရာဇ်က ထီးနန်းကို ဒုတိယမင်းသားကိုပဲ ပေးမယ်တဲ့။ ဒါဆိုရင် ပထမမင်းသားက ဘယ်လိုလုပ်မှာလဲ။ သူမကရော ဘယ်လိုလုပ်မှာလဲ။ သူတို့သားအမိက လူတွေမျက်စိထဲမှာ ဟားစရာကြီး ဖြစ်သွားတော့မှာ မဟုတ်ဘူးလား။

"ကျောင်းကျောင်း ကျန်း ကိုယ့်ဟာကို ပြန်သုံးသပ်ကြည့်ပြီးပြီ။ မင်းတို့သားအမိအပေါ် ဘယ်တုန်းကမှ မတရားမဆက်ဆံခဲ့ဖူးဘူး"

ဒေါသအထွက်ဆုံး အချိန်ကာလက ကျော်လွန်သွားခဲ့ဟန်တူ၏။ ယုံးကျားဧကရာဇ်သည် ယခုအချိန်တွင် အလွန်အေးဆေးတည်ငြိမ်နေပြီး သူ့နှုတ်မှ ထွက်လာသည့် စကားလုံးများကလဲ တည်ငြိမ်အေးစက်လှသည်။ "ကျန်းကလဲ မင်းကျန်းရဲ့နှလုံးသားကို နားလည်တယ်လို့ ထင်ခဲ့တာ"

"ကျန်း မင်းတို့သားအမိကို ပေးနိုင်သမျှ အကုန်ပေးခဲ့ပြိးပြီ။ ဒါပေမဲ့ မင်းက မင်းနဲ့မသက်ဆိုင်တဲ့အရာတွေကို လောဘတကြီး မတောင်းသင့်ဘူး။ ကျန်းမှာ အစကတည်းက တရားဝင်ဇနီးရှိတယ်။ တရားဝင်သားသမီးတွေ ရှိတယ်။ ကျန်းက အိမ်ရှေ့စံ တင်မယ်ဆိုရင် တခြားသားတော်တွေကို တင်လို့မရဘူး။ ဒုတိယသားတော်ကိုပဲ တင်ရမှာ"

မုန့်ကွေ့ဖေး၏ နှလုံးသားထဲက တလိပ်လိပ်တက်လာသည့် ဒေါသများမှာ ဦးနှောက်ဆီသို့ ဆောင့်တက်လာပြီး မျက်ဝန်များထဲသို့ စီးဝင်လာလေသည်။ သူမ၏ မျက်လုံးအစုံက နီရဲနေသော်ငြားလည်း မျက်ရည်ကျရန်တော့ မဟုတ်ချေ။

"ကောင်းတယ်။ ပြောသွားတာ တကယ်ကောင်းတယ်!"

မုန့်ကွေ့ဖေးသည် အံကို တင်းနေအောင် စေ့ထားလိုက်ပြီး သွားကြားထဲက စကားလုံးအနည်းငယ်ကို ညှစ်ထုတ်လိုက်၏။ "အရှင်မင်းကြီးရဲ့ တွေးခေါ်ကြံဆမှုတွေက တကယ်ကို ပြည့်စုံလွန်းပါတယ်။ ချန်ချဲ့ကသာ အချစ်ကို ကိုးစားပြီး မာနယစ်မူးရင်း မဖြစ်သင့်တဲ့အတွေးတွေကို တွေးမိတာပါ။ ကံကောင်းတာက ... ကံကောင်းတာက အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားပြီး ဆုံးဖြတ်ချက်ကို စောစောစီးစီး ချထားပြီးသား ဖြစ်နေတာပဲ။ ချန်ချဲ့က အရှင်မင်းကြီးကို အရင်ဆုံး ဂုဏ်ပြုစကားပြောရမှာပါ"

ယုံးကျားဧကရာဇ်၏ မျက်လုံးများထဲတွင် သရော်ရိပ်တစ်ခု ဖြတ်ပြေးသွားတော့သည်။ "မင်း ဒီလို သဘောပေါက်သွားရင်တော့ ကောင်းတာပေါ့"

ထိုစကားလုံး အနည်းငယ်သည် မုန့်ကွေ့ဖေး၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိုးနှက်လိုက်လေတော့သည်။

မုန့်ကွေ့ဖေးသည် မျက်တောင်ခပ်လိုက်ပြီး မျက်ဝန်းထဲက မျက်ရည်များကို ထိန်းထားလိုက်၏။ "အရှင်မင်းကြီးက ဆုံးဖြတ်ချက် ချပြီးမှတော့ ချန်ချဲ့ ထပ်ပြောစရာ မရှိတော့ပါဘူး။ ချန်ချဲ့ နန်းဆောင်ကို ပြန်ခွင့်ပြုပါအုံး"

ပြောပြီးသည်နှင့် သူမသည် လှည့်ထွက်သွားလေတော့သည်။

ခြေလှမ်းလှမ်းရုံသာ ရှိသေးသည်။ သူမ၏ ကျောပြင်မှ ယုံးကျားဧကရာဇ်၏ အသံပေါ်ထွက်လာခဲ့၏။ "ကျောင်းကျောင်း မင်း ဘယ်လိုမှ မလုပ်သင့်တဲ့အရာက လုရှီကို သွားထိလိုက်တာပဲ!"

မုန့်ကွေ့ဖေး၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး မြန်မြန်ပြန်လှည့်လာကာ ခုခံချေပရန် ပါးစပ်ဟလိုက်စဥ်မှာပင် ယုံးကျားဧကရာဇ်က စကားဆက်ပြောလာလေသည်။ "မင်း ငြင်းစရာမလိုဘူး။ ရှင်းပြစရာလည်း မလိုဘူး။ ကျန်းက အဖြူအမည်း မခွဲတတ်လောက်အောင် ဉာဏ်နည်းနေတာ မဟုတ်ဘူး"

"လုပ်ခဲ့တဲ့ကိစ္စတိုင်းက သဲလွန်စချန်ခဲ့တာချည်းပဲ။ ရာဇဝတ်မှု တရားရုံးက ၃ရက်အတွင်း အမှုမဖော်နိုင်ရင် ၇ရက်ပေးမယ်။ ၇ရက်မရရင် ၁၅ရက်ပေးလိုက်မယ်"

"ကျန်းက ဒုတိယမင်းသားကို ဖြေရှင်းချက်တစ်ခု ပေးရမယ်။ လုမိသားစုနဲ့ ချောင်မိသားစုကိုလည်း ဖြေရှင်းချက်ပေးရမယ်။ ကျန်းရဲ့ချွေးမတော်နဲ့ မမွေးသေးတဲ့ မြေးတွေအတွက် တရားမျှတမှုကို ယူပေးရမယ်။ ဒီအမှုကို အဆုံးထိစစ်ဆေးရမှာပဲ!"

"ဒါပေမဲ့ ကျန်းအတွက်တော့ ထပ်ပြီးအသေးစိတ် စစ်စရာမလိုတာ့ဘူး။ မနေ့ညကတည်းက ဒီကိစ္စက မင်း လက်ချက်မှန်း ကျန်း သိပြီးသား။ အားယိ ပါသလား မပါသလားတော့ ကျန်း မသိဘူး။ ဒါပေမဲ့ မုန့်မိသားစုတော့ ပါတာ သေချာတယ်"

"ကျန်းစိတ်ထဲမှာ မင်းက အမြဲတမ်း တက်ကြွတယ်။ ပျော်ပျော်နေတတ်တယ်။ ပွင့်လင်းတယ်။ ပြီးတော့ ကြင်နာတတ်တယ်။ အဲဒီ့တုန်းက မးင်ရဲ့ဂုဏ်သိက္ခာကိုတောင် မငဲ့ဘဲ မယားငယ်အဖြစ်နဲ့ ကျန်းနောက်ကို လိုက်ခဲ့တယ်။ မင်းကို ကျန်း လက်ထပ်ယူတဲ့နေ့ကတည်းက သစ္စဆိုခဲ့ဖူးတယ်။ ဒီဘဝမှာ မင်းရဲ့မေတ္တာကို ကျန်းဘယ်တော့မှ သစ္စမဖောက်ဘူးလို့"

"ဒါပေမဲ့ မင်းကတော့ ဒီလိုလူမျိုး ဖြစ်သွားလိမ့်မယ်လို့ ကျန်း တစ်ခါမှ မတွေးမိခဲ့ဖူးဘူး!"

"ကျောင်းကျောင်း မင်း ဘယ်လိုဖြစ်လို့ ဒီလိုမျိုးဖြစ်သွားရတာလဲ!"

...

အပိုင်း (၂၃၄)

"ကျောင်းကျောင်း မင်း ဘယ်လိုဖြစ်လို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ!"

ထိုစကားသည် နားထဲသို့ ဝင်ရောက်လာသည်နှင့် မုန့်ကွေ့ဖေး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နောက်တစ်ကြိမ် တုန်ယင်လာပြန်သည်။ သူမ လှည့်ကြည့်လိုက်ချိန်တွင် မျက်နှာတစ်ခုလုံး မျက်ရည်များ ပြည့်လျှံနေခဲ့၏။ "အခု ကျွန်မ ဘာပဲပြောပြော ရှင်က မယုံတော့ဘူးမလား”

"သက်သေအထောက်အထား မရှိဘဲနဲ့ ရှင့်အနေနဲ့ လုမင်ယွိကို လုပ်ကြံတဲ့ကိစ္စက ကျွန်မ လုပ်တယ်လို့ပဲ တစ်ထစ်ချ သတ်မှတ်ထားတာ။ ရှင်က ပါးစပ်ကတော့ ကျွန်မကို ချစ်တယ် ယုံတယ်လို့ ပြောနေတာ ဒါတွေအားလုံးက ဒီလောက်ပါပဲ။ ရှင်က ကျွန်မ ပြောင်းလဲသွားတယ်လို့ ပြောတယ် တကယ်တမ်း ပြောင်းလဲသွားတဲ့လူက ရှင်!"

"ရှင်က ဧကရာဇ်ဖြစ်သွားပြီ နဂါးပလ္လင်ပေါ် ထိုင်နေပြီ အနောက်နန်းဆောင်မှာ လှပတဲ့ မိန်းမလှလေးတွေကို ပိုင်ဆိုင်ထားတယ်။ ကျွန်မက တဖြည်းဖြည်း အသက်ကြီးပြီး ရုပ်ရည်ကျဆင်းလာပေမဲ့ ရှင်ကတော့ မိန်းမလှငယ်လေးတွေကို ရင်ခွင်ထဲ အဆက်မပြတ် ထည့်သွင်းနိုင်တုန်းပဲ။ ရှင့်မှာ တရားဝင် သားတော်သမီးတော်တွေ ကိုယ်လုပ်တော်တွေက မွေးတဲ့ သားတော်သမီးတော်တွေ ရှိနေပြီ။ နောက်ဆိုရင်လည်း မင်းသားငယ်လေးတွေ မင်းသမီးငယ်လေးတွေ ဘယ်လောက်များများ ထပ်မွေးလာဦးမလဲ မသိနိုင်ဘူး”

"ရှင်နဲ့ ကျွန်မကြားမှာ ဘယ်တုန်းကမှ တန်းတူညီမျှမှု မရှိခဲ့ဘူး။ ကျွန်မက ရှင့်အပေါ်မှာပဲ တစ်စိတ်တစ်ဝမ်းတည်း ရှိခဲ့တာ ရှင်ကရော ကျွန်မအပေါ် တစ်စိတ်တစ်ဝမ်းတည်း ရှိခဲ့လို့လား။ ရှင်က ကျွန်မ ပြောင်းလဲသွားတယ်လို့ ပြောတယ် တကယ်တမ်း ပြောင်းလဲသွားတဲ့လူက ရှင်!"

မုန့်ကွေ့ဖေးသည် ငိုကြွေးနေသည့်ဟန်မှာ လှပခြင်းမရှိပေ။ စူးဖေးကဲ့သို့ မျက်ရည်များ တပေါက်ပေါက်ကျကာ သနားစဖွယ် ဝမ်းနည်းကြေကွဲဟန်ဖြင့် ငိုချင်းချနေခြင်းမျိုး မဟုတ်သလို သစ်တော်ပန်းလေး မိုးရေစိုသည့်အလား လှပအောင် ငိုနေနိုင်ခြင်းလည်း မဟုတ်ချေ။

သူမသည် ငယ်စဉ်က ပွင့်လင်းတောက်ပပြီး အနည်းငယ် စွာတေးလန်ကာ စိတ်သဘောထား သိပ်မကောင်းလှပေ။ စိတ်တိုလျှင် မျက်လုံးပြူးကာ ကြည့်တတ်ပြီး ငိုကြွေးလျှင်လည်း မျက်ရည်ရော နှာရည်ပါ ရွှဲကျအောင် ငိုတတ်ကာ မိမိ၏ အမူအရာကို မည်သည့်အခါကမျှ ဂရုမစိုက်ခဲ့ပေ။ ယခုအချိန်တွင် သူမ၏ မျက်လုံးနှစ်ဖက်လုံး နီရဲနေပြီး ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေမှုကြောင့် မျက်နှာတစ်ခုလုံးပင် ရှုံ့မဲ့လုနီးပါး ဖြစ်နေတော့သည်။

ယခင်အချိန်များတွင်သာ ဆိုလျှင် ယုံးကျားဧကရာဇ်သည် ဤကဲ့သို့သော ငိုသံအောက်တွင် အရှုံးပေးကာ ရှေ့သို့တိုးပြီး တိုးတိုးညင်းညင်း နှစ်သိမ့်စကား ဆိုလိမ့်ပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်တော့ ယုံးကျားဧကရာဇ်သည် အဆက်မပြတ် ငိုကြွေးနေသော မုန့်ကွေ့ဖေးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေရုံသာ ကြည့်နေလေသည်။

မုန့်ကွေ့ဖေးသည် ယခင်ကကဲ့သို့ စိတ်လိုက်မာန်ပါ ခြေဆောင့်ထွက်ခွာသွားခြင်း မပြုဘဲ အသံများပင် ဝင်သွားသည်အထိ အဆက်မပြတ် ငိုကြွေးနေခဲ့သည်။ သူမ၏ နှလုံးသားသည် တဖြည်းဖြည်း နစ်မြုပ်သွားပြီး အဆုံးမဲ့ အမှောင်ကျနေသော ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရ၏။

"မင်း ယန်ရှီနန်းဆောင်ကိုပဲ ပြန်တော့” ယုံးကျားဧကရာဇ်သည် နောက်ဆုံးတွင် ပါးစပ်ဖွင့်လိုက်၏။ သူ၏ အသံထဲတွင် ပင်ပန်းနွမ်းနယ်မှုနှင့် တည်ငြိမ်အေးစက်မှုတို့ ပါဝင်နေသည်။ "ဒီညကစပြီး နန်းဆောင်ကို ပိတ်ပြီး ‘ကျန်းမာရေးမကောင်းလို့ အနားယူ’ လိုက်တော့”

ဒါက သူမကို အအေးနန်းတော်ထဲ အပြီးတိုင် ပို့တော့မယ့် သဘောလား။ မုန့်ကွေ့ဖေးသည် ဆက်လက် မငိုနိုင်တော့ဘဲ ယုံးကျားဧကရာဇ်ကို ရုတ်တရက် မော့ကြည့်လိုက်သည်။

သို့သော် ယုံးကျားဧကရာဇ်ကတော့ သူမကို ထပ်မံကြည့်ရှုလိုစိတ် မရှိတော့ဘဲ အသံကျယ်ကျယ်ဖြင့် မိန့်လိုက်သည်။ "လာကြစမ်း။ ကွေ့ဖေးကို သူ့နန်းဆောင် ပြန်ပို့လိုက်ကြ”

အမိန့်တော်တစ်ခွန်း ထွက်ပေါ်လာသည်နှင့် လျိုကုန်းကုန်းနှင့် အခြားကုန်းကုန်းနှစ်ဦးသည် ခြေလှမ်းကျဲဖြင့် ဝင်ရောက်လာကြ၏။ လျိုကုန်းကုန်းသည် ဤအမိန့်တော်ကို အစတည်းက စောင့်ဆိုင်းနေခဲ့သည်ဟုပင် သံသယဝင်စရာ ဖြစ်နေတော့၏။

မုန့်ကွေ့ဖေးသည် မည်သို့ပင်ဖြစ်စေ ဂုဏ်ယူဝင်ကြွားတတ်သူတစ်ဦးပင်။ ဤအခြေအနေသို့ ဆိုက်ရောက်လာသောအခါ သူမသည် မငိုကြွေးတော့ဘဲ အင်္ကျီလက်စဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး နှုတ်ဆက်ထွက်ခွာခွင့်ပင် မတောင်းဘဲ ခေါင်းကိုမော့ကာ လှည့်ထွက်သွားလေသည်။

ရင်းနှီးနေသော ထိုကျော့ရှင်းသည့် အရိပ်လေးသည် တံခါးခုံကို ကျော်ဖြတ်စဉ် ခလုတ်တိုက်မိမလို ဖြစ်သွားပြီး ချော်လဲမတတ် ဖြစ်သွားခဲ့သည်။ လျိုကုန်းကုန်းက ရှေ့တိုးကာ တွဲထူရန် ကြိုးစားသော်လည်း မုန့်ကွေ့ဖေး၏ အားဖြင့် ပုတ်ထုတ်ခြင်းကို ခံလိုက်ရ၏။

မုန့်ကွေ့ဖေးသည် သူမ၏ ခါးကို မားမားမတ်မတ် ပြန်လည် တည့်မတ်လိုက်ပြီး ထွက်ခွာသွားရာ သူမ၏ အရိပ်သည် ယုံးကျားဧကရာဇ်၏ အမြင်အာရုံမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ယုံးကျားဧကရာဇ်သည် ထိုနေရာတွင် အချိန်အတော်ကြာ ရပ်တန့်နေခဲ့ပြီး တစ်ကိုယ်လုံး အလွန်တရာ အေးစက်နေသည်ဟုသာ ခံစားလိုက်ရလေသည်။

...

ကျောင်းဖန်နန်းဆောင်တော်အတွင်းတွင်။

အပျိုတော် ချိုင်လန်သည် ခြေသံဖွဖွဖြင့် ဝင်ရောက်လာပြီး ချောင်မိဖုရားခေါင်၏ နားနားသို့ကပ်ကာ စကားအနည်းငယ်ကို တီးတိုးလျှောက်တင်လိုက်၏။

ချောင်မိဖုရားခေါင်၏ မျက်နှာထားသည် ချက်ချင်း တင်းမာသွားပြီး မျက်မှောင်ကြုတ်လိုက်ကာ အတွေးပေါင်းများစွာသည် သူမ၏ စိတ်ထဲတွင် တဖျပ်ဖျပ် ဖြတ်ပြေးသွားတော့သည်။

ယုံးကျားဧကရာဇ် ရှို့နဉ်နန်းဆောင်သို့ သွားခြင်းမှာ လုပ်ကြံသတ်ဖြတ်မှုတွင် ကျောက်မိသားစု ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်ပေမည်။ ချင်ဖေးသည် သတင်းရသွားသောအခါ စိတ်ထဲတွင် လှုပ်ရှားခြောက်ခြားပြီး အားကိုးရာမဲ့နေသဖြင့် ရှို့နဉ်နန်းဆောင်သို့ သွားခြင်းမှာ မယ်တော်ကြီးကျောက်ကို အကာအကွယ်တောင်းရန် သွားခြင်းဖြစ်မည်မှာ သေချာသည်။

မုန့်ကွေ့ဖေး ဝမ်ဟွာခန်းမဆောင်သို့ သွားပြီး ယုံးကျားဧကရာဇ်နှင့် အဘယ်သို့သော စကားများ ပြောဆိုခဲ့ကြသနည်း။ အဘယ်ကြောင့် မျက်လုံးများ နီရဲကာ ယန်ရှီနန်းဆောင်သို့ ပြန်သွားရသနည်း။

ချောင်မိဖုရားခေါင်သည် အချိန်အတော်ကြာ စဥ်းစားတွေးတောပြီးနောက် ပါးစပ်ဖွင့်ကာ အမိန့်ပေးလိုက်သည်။ "လူလွှတ်ပြီး နန်းတော်ထဲက နေရာအသီးသီးရဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီး စောင့်ကြည့်ခိုင်းထား။ တစ်ခုခု ထူးခြားတာနဲ့ ချက်ချင်း ပန်ကုံးဆီ လာသတင်းပို့ခိုင်း”

ချိုင်လန်က အသံတိုးတိုးဖြင့် ဟုတ်ကဲ့ပါ ဟု ပြန်ဖြေလိုက်သည်။

ချောင်မိဖုရားခေါင်က ထပ်မံမိန့်ကြားပြန်သည်။ "လုအိမ်တော်ကို လူလွှတ်ပြီး ကိုယ်ဝန်တည်မြဲစေတဲ့ အားဖြည့်ဆေးတွေ များများ ပို့ပေးလိုက်။ ပြီးတော့ ကုန်းကျူအိမ်တော်ကိုလည်း သတင်းစကားပါးလိုက်။ ဟွေ့အန်းကုန်းကျူကို အားတာနဲ့ နန်းတော်ထဲ ဝင်လာခဲ့ဖို့ ပြောလိုက်”

ဟွေ့အန်းကုန်းကျူသည်လည်း လုမင်ယွိ လုပ်ကြံခံရသည့် ကိစ္စကြောင့် အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး ယနေ့ နံနက်စောစောကတည်းက လုအိမ်တော်သို့ သွားရောက်ခဲ့လေသည်။

လုမင်ယွိတွင် စိုးရိမ်စရာ အခြေအနေမရှိကြောင်း သေချာသွားမှသာ ဟွေ့အန်းကုန်းကျူသည် အနည်းငယ် စိတ်အေးသွားပြီး မွန်းလွဲပိုင်းတွင် ကုန်းကျူအိမ်တော်သို့ ပြန်လာခဲ့သည်။ ထို့နောက်တွင် ကျောင်းဖန်နန်းဆောင်မှ သတင်းစကား လာပို့သော အပျိုတော်နှင့် တည့်တည့်တိုးလေတော့သည်။

ချောင်မိဖုရားခေါင် နှုတ်ဖြင့် အမိန့်စကားပါးလိုက်ပြီး နာရီဝက်ကျော် အကြာတွင် ဟွေ့အန်းကုန်းကျူသည် နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့သည်။

သားအမိနှစ်ဦးလုံးသည် မျက်နှာများပေါ်တွင် စိုးရိမ်သောကများဖြင့် အတွေးကိုယ်စီ လေးလံနေကြတော့သည်။ တွေ့ဆုံကြသောအခါ ဘယ်သူကမှ အရေးမပါသည့် စကားများ ပြောဆိုနေလိုစိတ် မရှိဘဲ နှုတ်ဖွင့်သည်နှင့် မိမိတို့ အလေးထားဆုံး ကိစ္စများကိုသာ တိုက်ရိုက် မေးမြန်းကြတော့သည်။

"လုရှီရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ”

"နန်းတော်ထဲမှာ ဘာကိစ္စမှ မဖြစ်ဘူးမလား”

ဟွေ့အန်းကုန်းကျူက အလျင်စလို ဖြေကြားလိုက်သည်။ "လုရှီရဲ့ ကိုယ်ဝန်က တည်ငြိမ်တယ်လို့ ပြောရမှာပါ။ ကိုယ်ဝန်တည်မြဲဆေး သောက်ပြီး ကုတင်ပေါ်မှာ အနားယူနေတယ် စိုးရိမ်စရာ မရှိပါဘူး။ မူဟုပ် အရမ်း စိတ်ပူနေစရာ မလိုတော့ပါဘူး”

ချောင်မိဖုရားခေါင်သည်လည်း စိတ်အေးသွားပြီး နန်းတော်ထဲမှ ထူးခြားသော လှုပ်ရှားမှုများကို အသံတိုးတိုးဖြင့် ပြောပြလေသည်။ "... ဒီကိစ္စတွေ တစ်ခုချင်းစီတိုင်းက ပုံမှန်မဟုတ်ဘူး။ ပန်ကုံး ဘယ်လိုပဲ တွေးတွေး မင်းရဲ့ ဖုဟွမ် စိတ်ထဲမှာ ဘာရှိနေလဲ ဆိုတာကို လုံးဝ နားမလည်နိုင်ဘူး”

အမှန်တကယ်တွင် ချောင်မိဖုရားခေါင်သည် သူမ၏ ခင်ပွန်းဖြစ်သူကို ဘယ်သောအခါမှ နားလည်ခဲ့ခြင်း မရှိပေ။ ယုံးကျားဧကရာဇ်သည် သူမ၏ ရှေ့တွင် ဟန်နှင့်ပန်နှင့် နေထိုင်တတ်သောကြောင့်လည်း ဖြစ်နိုင်၏။ သူတို့သည် လင်မယားဟု ဆိုရသော်လည်း နှလုံးသားနှစ်ခုမှာမူ အလှမ်းကွာဝေးလျက် ရှိသည်။

ဟွေ့အန်းကုန်းကျူသည်လည်း သူမ၏ ဖခင်အရင်းကို သိပ်ပြီး နားလည်ခြင်း မရှိလှပေ။ သူမသည် ငယ်စဉ်ကတည်းက နန်းဆောင်အတွင်း၌သာ ကြီးပြင်းခဲ့ရပြီး ဖခင်အရင်းနှင့် တွေ့ဆုံရသည့် အကြိမ်အရေအတွက်မှာလည်း များလှသည် မဟုတ်။ သူမ တဖြည်းဖြည်း အရွယ်ရောက်လာသောအခါ ယုံးကျားဧကရာဇ်သည် စစ်တပ်များကို ဦးဆောင်ကာ နယ်မြေများ သိမ်းပိုက်တိုက်ခိုက်နေခဲ့ပြန်သည်။

သည်နှစ်များအတွင်း ဟွေ့အန်းကုန်းကျူ လက်ထပ်ပြီး ကုန်းကျူအိမ်တော်သို့ ပြောင်းရွှေ့သွားပြီးနောက် နန်းတော်ထဲသို့ ဂါရဝပြုရန် ၁၀ ကြိမ် ဝင်ရောက်လျှင်ပင် ယုံးကျားဧကရာဇ်နှင့် တစ်ကြိမ်မျှ ဆုံတွေ့ရခြင်း မရှိပေ။

"မူဟုပ်တောင် နားမလည်နိုင်မှတော့ ကျွန်မက ပိုလို့တောင် မသိနိုင်တော့ဘူး” ဟွေ့အန်းကုန်းကျူက ခပ်တိုးတိုး ညည်းတွားလိုက်၏။ "ကျွန်မ မူဟုပ်ဆီ ဂါရဝပြုဖို့ လာတိုင်းလည်း ဖုဟွမ်ကို တွေ့ရတာ မဟုတ်ဘူး”

ချောင်မိဖုရားခေါင်သည် ရင်ဘတ်ကို မြားဖြင့် အပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသော်လည်း သမီးဖြစ်သူနှင့် အငြင်းမပွားလိုသဖြင့် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး စကားလမ်းကြောင်း မြန်မြန် ပြောင်းလဲလိုက်တော့သည်။ "ဟုတ်သားပဲ။ အားကျင့် ရာဇဝတ်မှုတရားရုံးကို သွားတယ်။ ဟိုမှာ အမှုစစ်ဆေးနေတာ ဘယ်လိုအခြေအနေ ရှိပြီလဲ မသိဘူး”

ဟွေ့အန်းကုန်းကျူသည်လည်း ထိုကိစ္စကို အလွန်စိတ်ဝင်စားနေသဖြင့် ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်၏။ "ကျွန်မတို့ သွားတာက အဆင်မပြေဘူး။ ဖုမာကိုပဲ ရာဇဝတ်မှုတရားရုံးကို သွားကြည့်ခိုင်းလိုက်ရင် ကောင်းမယ်”

ဒါလဲ အဆင်ပြေတာပါပဲ။

ချောင်မိဖုရားခေါင်၏ မျက်နှာထားသည် အနည်းငယ် ပေါ့ပါးသွားကာ "ဖုမာက စိတ်တည်ငြိမ်တယ်။ လုပ်ကိုင်တာ ယုံကြည်ရတယ်။ ပါးစပ်ကလည်း လုံတယ်။ သူ့ကို သွားခိုင်းတာက အသင့်တော်ဆုံးပဲ”

ဟွေ့အန်းကုန်းကျူသည် သူမ၏ အနီးကပ်အပျိုတော်ကို ခေါ်လိုက်ပြီး အသံတိုးတိုးဖြင့် စကားအနည်းငယ် မှာကြားလိုက်၏။ အပျိုတော်သည် အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်ပြီး ဝူဖုမာထံ သတင်းစကားပို့ရန် လူရှာထွက်သွားလေတော့သည်။

ချောင်မိဖုရားခေါင်သည် ခဏလောက် စဉ်းစားပြီးနောက် ဟွေ့အန်းကုန်းကျူကို အသံတိုးတိုးဖြင့် ပြောလိုက်၏။ "မင်းနဲ့ ဖုမာ လက်ထပ်တာ ၄ နှစ်ကျော်ပြီ အခုထိ ကိုယ်ဝန်မရှိသေးဘူး။ ဒီအတိုင်း ဆက်သွားနေလို့လည်း မဖြစ်ဘူး။ ဒီလိုလုပ်ပါလား။ အနီးကပ်အပျိုတော် တစ်ယောက်ယောက်ကို ရွေးပြီး ဖုမာကို လုပ်ကျွေးပြုစုခိုင်းလိုက်။ သားလေးမွေးလာရင် မင်းက မင်းရဲ့ ရင်သွေးအဖြစ် ပေါင်ပေါ်တင်ပြီး မွေးစားလိုက်ပေါ့”

ယခင်က သည်ကိစ္စကို စကားစလိုက်သည်နှင့် ဟွေ့အန်းကုန်းကျူသည် ချက်ချင်း မျက်နှာထားပြောင်းကာ ဒေါသထွက်လေ့ ရှိသည်။

သို့သော် သည်တစ်ကြိမ်တွင်တော့ ဟွေ့အန်းကုန်းကျူသည် ဒေါသမထွက်ဘဲ ခဏလောက်တွေ ဝေငေးမောသွားပြီးမှ ပြောလိုက်လေသည်။ "နှစ်ကုန်ထိ စောင့်ကြည့်လိုက်ပါဦးမယ်”

အကယ်၍ နှစ်မကုန်မီ ကိုယ်ဝန်အရိပ်အယောင် မရှိသေးပါက ထိုအချိန်မှ လူရွေးလျှင်လည်း နောက်မကျသေးပေ။

သမီးဖြစ်သူ၏ ဗိုလ်ကျစိုးမိုးတတ်ပြီး စိတ်တိုင်းကျ ပြုမူတတ်သော စွာတေးလန်သည့် အမူအကျင့်သည် ချောင်မိဖုရားခေါင်ကို မကြာခဏ ခေါင်းခဲစေခဲ့သည်။ ရုတ်တရက် သည်လို နားလည်မှုရှိလာသောအခါ ချောင်မိဖုရားခေါင်သည် အလွန်တရာ သနားချစ်ခင်စိတ် ဝင်သွားပြီး ဟွေ့အန်းကုန်းကျူ၏ လက်ကိုကိုင်ကာ အချိန်အတော်ကြာ နှစ်သိမ့်ပေးနေခဲ့သည်။

...

ညနေစောင်းတွင်တော့ ဝူဖုမာသည် နန်းတော်ထဲသို့ ဝင်ရောက်လာပြီး လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးရန် ပြင်လိုက်လေသည်။

ဟွေ့အန်းကုန်းကျူသည် စိတ်ထဲတွင် စိုးရိမ်ပူပန်နေသဖြင့် အနည်းငယ် စိတ်မရှည်သလို ပြောလိုက်သည်။ "အခုက ဘယ်လိုအချိန်ရှိနေပြီလဲ ဒီလို အပေါ်ယံ ယဉ်ကျေးမှုတွေကို လုပ်နေစရာ လိုလို့လား။ မြန်မြန်ပြောစမ်းပါ။ အာ့တိ အခြေအနေ ဘယ်လိုလဲ။ ရာဇဝတ်မှုတရားရုံးဘက်က အသုံးဝင်တဲ့ သတင်းတွေ ဘာတွေ စစ်ဆေးလို့ ရပြီလား”

ချောင်မိဖုရားခေါင်က ဟွေ့အန်းကုန်းကျူကို အပြစ်တင်သလို ကြည့်လိုက်၏။ "မင်းရဲ့ စိတ်ဓာတ်ကို ကြည့်စမ်းပါ”

ဟွေ့အန်းကုန်းကျူသည် နှုတ်ခမ်းစူလိုက်ပြီး ဆက်မပြောတော့ပေ။

ဝူဖုမာက သဘောထားကြီးကြီးဖြင့် ပြုံးပြလိုက်ကာ "ကျွန်တော် ရာဇဝတ်မှုတရားရုံးကို တစ်ခေါက် သွားခဲ့တယ်။ အရှင်မင်းသားက ရာဇဝတ်မှုတရားရုံးမှာ တောက်လျှောက် ရှိနေတော့ တရားရုံးကလည်း အမှုစစ်ဆေးတာကို မပေါ့ဆရဲဘဲ အစွမ်းကုန် ကြိုးစားနေကြတယ်။ ကျောက်စန်းနဲ့ အဆက်အသွယ်ရှိတဲ့ ကျောက်မိသားစုက အိမ်တော်ထိန်းကိုလည်း ရာဇဝတ်မှုတရားရုံးကို ခေါ်သွားပြီး စစ်ဆေးမေးမြန်းနေတယ်။ လောလောဆယ်တော့ သူက ဝန်မခံသေးဘူး။ ဒါပေမဲ့ မနက်ဖြန်လောက်ဆိုရင်တော့ ကြာကြာခံနိုင်မှာ မဟုတ်ဘဲ အကုန် ဖွင့်ဟဝန်ခံလောက်တယ်လို့ ခန့်မှန်းရပါတယ်”

ထိုအချိန်မှာပင် အပျိုတော်တစ်ဦးသည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာထားဖြင့် ဝင်ရောက်လာသည်။ "မိဖုရားခေါင်ကြီး အရေးကြီး ကိစ္စ ဖြစ်ကုန်ပါပြီ!"

...

All Chapters