အခန်း (၂၃၅-၂၃၇)
Vol. 16 Ch. 235-237
အပိုင်း (၂၃၅) သေခြင်းရှင်ခြင်း (၁)
ချောင်မိဖုရားခေါင်က စကားပင် မဆိုရသေးမီ ဟွေ့အန်းကုန်းကျူသည် မျက်မှောင်ကြုတ်ကာ ဒေါသတကြီး ဆူပူလိုက်လေသည်။ "မရိုင်းစမ်းနဲ့။ ဘာလို့ ဒီလောက်တောင် ထိတ်ထိတ်ပျာပျာ ဖြစ်နေရတာလဲ။ နန်းတော်ထဲမှာ ဘယ်လိုလုပ် အရေးကြီးကိစ္စ ဖြစ်ရမှာလဲ”
ထိုအပျိုတော်သည် ဖုတ်ခနဲ အသံမြည်အောင် ဒူးထောက်ချလိုက်ပြီး "ကျွန်မ သေသင့်ပါတယ်။ ကုန်းကျူ ဒီတစ်ကြိမ်တော့ ကျွန်မကို ခွင့်လွှတ်ပေးပါ။ ယန်ရှီနန်းဆောင်က လူလွှတ်ပြီး သတင်းပို့လာပါတယ်။ မုန့်ကွေ့ဖေးက ကတ်ကြေးချွန်တစ်လက်ကို သုံးပြီး သူ့ရဲ့ နှလုံးသားထဲကို ထိုးစိုက်လိုက်လို့..."
ဘာ...။
ချောင်မိဖုရားခေါင်နှင့် ဟွေ့အန်းကုန်းကျူတို့နှစ်ဦးလုံး တစ်ပြိုင်နက် မျက်နှာပျက်သွားကြပြီး အာမေဍိတ်သံဖြင့် မေးလိုက်ကြသည်။ "ကွေ့ဖေး အခု ဘယ်လိုနေသေးလဲ”
အပျိုတော်က လျင်မြန်စွာ ပြန်ဖြေလိုက်၏။ "အပျိုတော်တွေက အခြေအနေ မမှန်တာကို တွေ့လိုက်ရတဲ့အချိန်မှာ အိပ်ဆောင်ထဲကို အတင်းဝင်ရောက်ပြီး မုန့်ကွေ့ဖေးကို ကယ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ မုန့်ကွေ့ဖေးရဲ့ ရင်ဘတ်ကနေ သွေးတွေ မတရားစီးကျနေပြီး အသက်ရှူသံကလည်း တအားတိုးလျလျလေးပဲ ရှိတော့တယ်။ သူ့အသက်ကို ကယ်နိုင်မလား မကယ်နိုင်ဘူးလား ဆိုတာတောင် မသိရသေးပါဘူး”
ချောင်မိဖုရားခေါင်၏ စိတ်နှလုံးထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး စဉ်းစားမနေတော့ဘဲ ပြောလိုက်သည်။ "ပန်ကုံး အခုချက်ချင်း ယန်ရှီနန်းဆောင်ကို သွားမယ်”
သူမနှင့် မုန့်ကွေ့ဖေးသည် မူလကတည်းက တည့်ရှုခြင်း မရှိခဲ့ကြပေ။ သို့သော် သူမသည် နန်းလယ် မိဖုရားခေါင်တစ်ပါးဖြစ်ပြီး အနောက်နန်းဆောင်၏ ကြီးငယ်ကိစ္စဟူသမျှသည် သူမ၏ အုပ်ချုပ်မှုအောက်တွင် ရှိလေသည်။ မာနကြီး ခက်ထန်လွန်းပြီး ဩဇာကြီးမားလှသည့် မုန့်ကွေ့ဖေးက ရုတ်တရက် မိမိကိုယ်ကို သတ်သေသွားရာ သူမအနေဖြင့် လက်ပိုက်ကြည့်နေလို့ မဖြစ်ချေ။
ဟွေ့အန်းကုန်းကျူက တွေဝေမနေဘဲ ပြောလိုက်သည်။ "ကျွန်မ မူဟုပ်နဲ့ အတူတူ လိုက်ခဲ့ပါ့မယ်”
ဝူဖုမာသည် ယောက်ျားသားတစ်ဦးဖြစ်သဖြင့် ကျောင်းဖန်နန်းဆောင်သို့ ဝင်ထွက်ခြင်းမှာ ကိစ္စမရှိသော်လည်း ယန်ရှီနန်းဆောင်သို့ သွားရောက်ရန်ကတော့ အဆင်မပြေလှသောကြောင့် သတင်းစောင့်ဆိုင်းရန်သာ ကျန်ရစ်ခဲ့ရလေသည်။
ချောင်မိဖုရားခေါင် သားအမိနှစ်ဦးသည် လေးနက်သော မျက်နှာထားများဖြင့် ယန်ရှီနန်းဆောင်သို့ အမြန်လျှောက်လှမ်းသွားကြသည်။ လမ်းတစ်လျှောက်လုံးတွင် သားအမိနှစ်ဦးသည် စကားနည်းနည်း တီးတိုးပြောဆိုရန် အချိန်ရကြ၏။ "မူဟုပ် မုန့်ကွေ့ဖေးက ဘယ်လိုဖြစ်လို့ ရုတ်တရက် သူ့ကိုယ်သူ သတ်သေရတာလဲ”
"အတွင်းသတင်းကိုတော့ ပန်ကုံးလည်း မခန့်မှန်းတတ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ ပုံစံအရဆိုရင်တော့ တစ်ခုခု လုပ်ထားမိလို့ မင်းရဲ့ ဖုဟွမ်ကို မျက်နှာမပြရဲတော့လို့ ဒီလို သတ်သေတာပဲ ဖြစ်ရမယ်”
ဟွေ့အန်းကုန်းကျူ၏ ပါးစပ်မှ "သေသွားတာပဲ ကောင်းတယ်" ဟူသော စကားတစ်ခွန်းသည် ထွက်လုနီးပါး ဖြစ်သွားတော့၏။
ချောင်မိဖုရားခေါင်က သူမကို လျင်မြန်စွာ စွေကြည့်လိုက်ကာ "အခြေအနေတွေ မရှင်းလင်းသေးဘူး။ မင်းပါးစပ်ကို လုံအောင်ပိတ်ထား။ လျှောက်မပြောနဲ့”
ဟွေ့အန်းကုန်းကျူသည် ရှားရှားပါးပါး နားထောင်လွယ်စွာဖြင့် ပါးစပ်ကို အသာပိတ်လိုက်တော့သည်။
မုန့်ကွေ့ဖေး၏ တစ်ဦးတည်းသော အချစ်တော်ဘဝသည် အခြားသူများအမြင်တွင်တော့ အရေးမပါ အရာမရောက်လှသော ပွဲကောင်းတစ်ခု ဟာသတစ်ခုမျှသာ ဖြစ်၏။ သို့သော် ဟွေ့အန်းကုန်းကျူနှင့် ချောင်မိဖုရားခေါင်တို့အတွက်တော့ ထိုအရာသည် နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့သော အမှောင်ရိပ်မိုးနေသည့် အိပ်မက်ဆိုးကြီးတစ်ခုပင်။
ဟွေ့အန်းကုန်းကျူသည် စိတ်ထဲတွင် အကြိမ်မည်မျှ ကျိန်ဆဲခဲ့သည်ကို မသိတော့။ မုန့်ကွေ့ဖေး တစ်ခုခုဖြစ်ပါစေဟု မျှော်လင့်ခဲ့သည်။ လမ်းလျှောက်ရင်း ချော်လဲ။ ထမင်းစားရင်း နင်ခြင်း ဟင်းရည်သောက်ရင်း အပူလောင်။ ဥယျာဉ်ထဲတွင် ပျားတုပ်ခံရ... အလွန်ဆုံး သည်လောက်ပင်။
တကယ်တမ်း သည်အခိုက်အတန့်သို့ ရောက်လာသောအခါ ဟွေ့အန်းကုန်းကျူ၏ စိတ်အစဥ်သည် ရုတ်တရက် ကြည်လင်သွားတော့သည်။
မုန့်ကွေ့ဖေးသာ တကယ်သေသွားရင် ဖုဟွမ် ဘယ်လိုတုံ့ပြန်မလဲ။ မူဟုပ့်အပေါ်ကို အမျက်ဒေါသတွေ ပုံချပြီး အပြစ်တင်လေမလား။ အဲဒီအချိန်ကျရင် မူဟုပ်မှာ ပါးစပ်တွေ အများကြီး ရှိနေရင်တောင် ရှင်းပြလို့ နိုင်တော့မှာ မဟုတ်ဘူး။
မည်မျှပင် မုန်းတီးနာကြည်းနေစေကာမူ မုန့်ကွေ့ဖေး အသက်မပျောက်သွားပါစေနှင့်ဟုသာ တိတ်တဆိတ် ဆုတောင်းနေရမည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
...
သည်အချိန်တွင် ယန်ရှီနန်းဆောင်သည် ပရမ်းပတာ အရှုပ်အထွေးများဖြင့် ပြည့်နှက်နေလေပြီ။ အပျိုတော်နှင့် ကုန်းကုန်း ဒါဇင်ပေါင်းများစွာတို့သည် ဖြူဖျော့နေသော မျက်နှာများ ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာများဖြင့် အိပ်ဆောင်၏ အပြင်ဘက်တွင် ဒူးထောက်နေကြသည်။
အကယ်၍ မုန့်ကွေ့ဖေးသာ တစ်စုံတစ်ခု ဖြစ်သွားခဲ့ပါလျှင် သူတို့အားလုံးလည်း အသက်ရှင်ရန် မျှော်လင့်နေစရာ မလိုတော့ပေ။
ချောင်မိဖုရားခေါင်နှင့် ဟွေ့အန်းကုန်းကျူတို့၏ အရိပ်များ ပေါ်လာသည်နှင့် အပျိုတော်နှင့် ကုန်းကုန်းများအားလုံးသည် အလုအယက် ဦးခိုက်ကာ အပြစ်ဝန်ခံ၍ အသက်ဘေးမှ ချမ်းသာပေးရန် တောင်းပန်ကြတော့သည်။ "ကျွန်မတို့ သေသင့်ပါတယ်။ မုန့်ကွေ့ဖေးကို ကောင်းကောင်းမွန်မွန် မပြုစု နိုင်ခဲ့ပါဘူး။ မိဖုရားခေါင်ကြီး အသက်ကို ချမ်းသာပေးပါ”
ချောင်မိဖုရားခေါင်သည် ဤအချိန်တွင် သူတို့ကို ဂရုစိုက်နိုင်သည့် စိတ်အခြေအနေ မရှိဘဲ တင်းမာသော မျက်နှာထားဖြင့် မုန့်ကွေ့ဖေး၏ အိပ်ဆောင်အတွင်းသို့ ဝင်ရောက်သွားလေသည်။
ဟွေ့အန်းကုန်းကျူသည် အတွင်းသို့ အလျင်စလို မဝင်သေးဘဲ အရင်ဆုံး အပျိုတော်တစ်ဦးကို လေးနက်သောအသံဖြင့် မေးလိုက်သည်။ "မင်းတို့ ဝမ်ဟွာနန်းဆောင်ကို သတင်းပို့ပြီးပြီလား”
အပျိုတော်များထဲမှ တစ်ဦးက တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလိုက်သည်။ "နှုတ်စကားနဲ့ သတင်းပို့ပြီးပါပြီ”
ဝမ်ဟွာနန်းဆောင်သည် အနောက်နန်းဆောင်နှင့် အနည်းငယ် အလှမ်းကွာဝေးလေသည်။ ကြည့်ရသည်မှာ ဖုဟွမ် အချိန်မီ ရောက်လာခဲ့ဟန်မတူ။
ဟွေ့အန်းကုန်းကျူ၏ ဦးနှောက်ထဲတွင် ထိုအတွေးသည် လျင်မြန်စွာ ဖြတ်ပြေးသွားပြီး အိပ်ဆောင်အတွင်းသို့ ခြေလှမ်းဝင်လိုက်သည်။ တော်ဝင်သမားတော်ချုပ်ကျိုးက တော်ဝင်သမားတော် နှစ်ဦးကို ဦးဆောင်ကာ ကုတင်ဘေးတွင် ဝိုင်းရံကာ အစွမ်းကုန် ကယ်တင်နေကြသည်ကို တွေ့လိုက်ရသည်။
ဟွေ့အန်းကုန်းကျူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်တွင် ကုတင်ပေါ်မှ မြင်ရသူတိုင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သွေးကွက်ကြီးကို မြင်ကာ လန့်ဖျပ်သွားတော့သည်။
မုန့်ကွေ့ဖေးသည် ကုတင်ပေါ်တွင် ပက်လက်လှန်လျက် မျက်နှာမှာ ဖြူဖျော့နေပြီး အသက်ရှူသံမှာ အလွန်တရာ တိုးလျကာ သေသည် ရှင်သည် မသိနိုင်သော အခြေအနေတွင် ရှိနေလေသည်။
ကြီးမားလှသော သွေးကွက်ကြီးသည် မုန့်ကွေ့ဖေး၏ ရင်ဘတ်မှ စတင် ပျံ့နှံ့နေသည်။ သွေးတို့သည် သူမ၏ ခန္ဓာကိုယ်အောက်သို့တိုင် စီးဆင်းပျံ့နှံ့နေ၏။
ကုတင်ထက်တွင် သွေးပန်းတစ်ပွင့် ပွင့်လန်းနေသကဲ့သို့ပင်။
ပြင်းထန်လှသော သွေးညှီနံ့သည် နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။
မိုးမြေကိုပင် မကြောက်ရွံ့တတ်သော ဟွေ့အန်းကုန်းကျူသည် ရုတ်တရက် ပျို့အန်ချင်စိတ်များ တက်လာပြီး လက်ဖြင့် ပါးစပ်ကို အုပ်ထားလိုက်ရမှသာ ထိုနေရာတွင် အန်မချမိအောင် ထိန်းထားနိုင်ခဲ့သည်။ ချောင်မိဖုရားခေါင်၏ မျက်နှာထားသည်လည်း အလွန်ဆိုးရွားနေသော်လည်း အကြည့်ကိုတော့ မလွှဲဖယ်ဘဲ ကုတင်ပေါ်တွင် သေရှင်မကွဲဘဲ ရှိနေသော မုန့်ကွေ့ဖေးကိုသာ စူးစိုက်ကြည့်နေမိလေသည်။
တော်ဝင်သမားတော်များသည် လူကို ကယ်တင်ရန်သာ အာရုံစိုက်နေသဖြင့် ယောက်ျားမိန်းမ ခွဲခြားမှုကိုပင် ဂရုမမူနိုင်တော့ဘဲ ကတ်ကြေးချွန်ဖြင့် ဒဏ်ရာရထားသော နေရာမှ အဝတ်အစားများကို ညှပ်ဖွင့်ကာ ပြင်ပဒဏ်ရာကို ကုသနေကြသည်။
အိပ်ဆောင်အတွင်းတွင် တိုးညင်းလှသော သည်အသံများမှလွဲလျှင် အခြားမည်သူတစ်ဦးတစ်ယောက်ကမှ စကား မပြောနေကြပေ။ ပတ်ဝန်းကျင် လေထုသည် လေးလံကာ တိတ်ဆိတ်ငြိမ်သက်လို့နေလေသည်။
အချိန်သည် ရပ်တန့်သွားသကဲ့သို့ပင်။
အချိန်မည်မျှ ကြာသွားသည်မသိ။ ဟွေ့အန်းကုန်းကျူသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ချောင်မိဖုရားခေါင်၏ အနားသို့ တိုးကပ်ကာ တီးတိုးပြောလိုက်၏။ "ဖုဟွမ် ဘာဖြစ်လို့ အခုထိ ရောက်မလာသေးတာလဲ”
မုန့်ကွေ့ဖေးသည် ယုံးကျားဧကရာဇ်၏ နှလုံးသားမှ ရတနာတစ်ပါး ဖြစ်သည်။ ယခု မုန့်ကွေ့ဖေး အရေးကြုံနေချိန်တွင် ကောင်းကင်ပြိုလောက်သည့် ကိစ္စကြီးကပင် ယုံးကျားဧကရာဇ်ကို တားဆီးထားနိုင်မည် မဟုတ်ပေ။ သို့သော် သည်လောက် အချိန်ကြာအောင် စောင့်ဆိုင်းနေသော်လည်း ယုံးကျားဧကရာဇ်သည် ရောက်ရှိမလာသေးသဖြင့် အလွန်တရာ ထူးဆန်းနေလေသည်။
ချောင်မိဖုရားခေါင်က ခေါင်းလှည့်လာပြီး ဟွေ့အန်းကုန်းကျူကို လေးလေးနက်ကန် တစ်ချက် ကြည့်လိုက်၏။ "ပန်ကုံးလည်း မသိဘူး။ ဒါပေမဲ့ မုန့်ကွေ့ဖေး မိမိကိုယ်ကို သတ်သေတာကတော့ မင်းရဲ့ ဖုဟွမ်နဲ့ သေချာပေါက် ပတ်သက်နေလိမ့်မယ်”
ဟွေ့အန်းကုန်းကျူသည်လည်း ဉာဏ်မထိုင်းလှပေ။ ဦးနှောက်ကို လျင်မြန်စွာ အလုပ်ပေးလိုက်ရာ မကြာမီပင် အတန်ငယ် ခန့်မှန်းမိသွားပြီး အသက်ကို အေးစက်စွာ ရှူသွင်းလိုက်မိသည်။ "မူဟုပ် အာ့စောင် လုပ်ကြံခံရတဲ့ကိစ္စက မဟုတ်မှလွဲရော..."
ချောင်မိဖုရားခေါင်က ဟွေ့အန်းကုန်းကျူ၏ စကားကို ဖြတ်ပြောလိုက်သည်။ "ပါးစပ်ပိတ်ထား။ တော်ဝင်သမားတော်တွေ လူကယ်နေတာကို မနှောင့်ယှက်နဲ့”
ဟွေ့အန်းကုန်းကျူသည် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်လေသည်။
...
အမွှေးတိုင်တစ်တိုင်လောက် အချိန်ကြာပြီးနောက် တံခါးဝတွင် လှုပ်ရှားသံတစ်ခု ထွက်ပေါ်လာသည်။
ချောင်မိဖုရားခေါင်နှင့် ဟွေ့အန်းကုန်းကျူတို့ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြရာ တွေ့လိုက်ရသူမှာ ယုံးကျားဧကရာဇ် မဟုတ်ဘဲ လျိုကုန်းကုန်း ဖြစ်နေလေသည်။
လျိုကုန်းကုန်းသည် လျင်မြန်စွာ ရှေ့တိုးကာ အရိုအသေပေးလိုက်သည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ အရှင်မင်းကြီးက တိုင်းရေးပြည်ရာတွေနဲ့ အလုပ်များနေလို့ ကြွလာဖို့ အချိန်မရသေးပါဘူး။ ဒါကြောင့် ကျွန်တော်မျိုးကို ယန်ရှီနန်းဆောင်ကို လာကြည့်ခိုင်းလိုက်ပါတယ်။ မုန့်ကွေ့ဖေး ဘယ်လောက်အထိ ဒဏ်ရာရသွားလဲ ဆိုတာကိုပါ"
မုန့်ကွေ့ဖေး သေရေးရှင်ရေး ဖြစ်နေပါလျက် ယုံးကျားဧကရာဇ်သည် လာကြည့်ဖို့ပင် ဆန္ဒမရှိခဲ့ပေ။
ဟွေ့အန်းကုန်းကျူ၏ စိတ်ထဲတွင် အံ့ဩတုန်လှုပ်သွားပြီး ချောင်မိဖုရားခေါင်ကို တစ်ချက် လှမ်းကြည့်လိုက်မိတော့သည်။
ချောင်မိဖုရားခေါင်ကတော့ သည်အချိန်တွင် လုံးဝ တည်ငြိမ်သွားခဲ့ပြီဖြစ်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "တော်ဝင်သမားတော်ချုပ်ကျိုးနဲ့ တော်ဝင်သမားတော်နှစ်ဦးက မုန့်ကွေ့ဖေးကို အရေးပေါ် ကုသပေးနေတယ်။ အသက်ကို ကယ်နိုင်မလား မကယ်နိုင်ဘူးလား ဆိုတာကတော့ အခုထိ မသိရသေးဘူး။ မင်း ပြန်ပြီး အရှင်မင်းကြီးကို သတင်းပို့လိုက်ပါ”
ခဏရပ်တန့်ပြီးနောက် သူမက ထပ်ပြောလိုက်သည်။ "အရှင်မင်းကြီး တိုင်းရေးပြည်ရာတွေ ပြီးသွားတဲ့အခါ ယန်ရှီနန်းဆောင်ကို တစ်ခေါက် ကြွလာခဲ့ဖို့ ပြောပေးပါ”
လျိုကုန်းကုန်းသည် ရိုသေစွာ လက်ခံလိုက်ပြီး အပြင်သို့ ပြန်ထွက်သွားလေသည်။
လျိုကုန်းကုန်း ထွက်သွားပြီး မကြာမီမှာပင် မယ်တော်ကြီးကျောက်က လူလွှတ်ကာ မေးမြန်းစုံစမ်းစေသည်။ ချင်ဖေးနှင့် စူးဖေးတို့ကတော့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာကြပြီး အနောက်နန်းဆောင်မှ အသက်ငယ်ရွယ်သော ကိုယ်လုပ်တော်များသည်လည်း မုန့်ကွေ့ဖေး မိမိကိုယ်ကို သတ်သေသည့် သတင်းကို ကြားသိရပြီးနောက် အားလုံး ယန်ရှီနန်းဆောင်သို့ ရောက်လာခဲ့ကြသည်။
ချောင်မိဖုရားခေါင်သည် သူတို့ကို ရင်ဆိုင်ဖြေရှင်းရန် စိတ်မရှည်ပေ။ ဟွေ့အန်းကုန်းကျူသည်လည်း အိပ်ဆောင်ထဲတွင် နေရသည်မှာ မွန်းကျပ်ပြီး မသက်မသာ ခံစားရသဖြင့် အိပ်ဆောင်အပြင်သို့ ထွက်လာကာ ချောင်မိဖုရားခေါင်ကိုယ်စား ဧည့်ခံဖြေရှင်းလိုက်လေသည်။
"မုန့်ကွေ့ဖေး သေကြောင်းကြံတဲ့ အကြောင်းရင်းကို အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူး”
"မင်းတို့အားလုံးလည်း ဒီနေရာမှာ စောင့်မနေကြနဲ့တော့။ ကိုယ့်နန်းဆောင်ကိုယ်ပြန်ပြီး သတင်းစောင့်ကြ”
စကား သုံးလေးခွန်းဖြင့် အတွေးအမျိုးမျိုး ကိုယ်စီရှိနေကြသော လူအုပ်ကြီးကို နှင်လွှတ်လိုက်လေသည်။
ချင်ဖေးနှင့် စူးဖေးတို့ နှစ်ဦးသာလျှင် တစ်ယောက်တစ်မျိုး စိုးရိမ်ပူပန်နေကြပြီး ထွက်မသွားဘဲ ကျန်ရစ်ခဲ့ကြသည်။
ချင်ဖေးက သက်ပြင်းချလိုက်သည်။ "ကွေ့ဖေး သေမလား ရှင်မလား မသိရသေးဘူး။ ကျွန်မ ဒီနေရာမှာ စောင့်နေတာက ပိုပြီး စိတ်အေးလက်အေး ရှိစေပါတယ်”
စူးဖေးကတော့ မျက်ဝန်းများပင် နီရဲလာပြီး မျက်ရည်များ ဝေ့သီလျက် ပြောလိုက်သည်။ "ဟုတ်ပါတယ်။ ကျွန်မလည်း ဒီသတင်းကို ကြားကြားချင်းပဲ ရင်ထဲမှာ ဗလောင်ဆူနေတာ။ ကောင်းကင်ဘုံက စောင့်ရှောက်ပြီး ကွေ့ဖေး အမြန်ဆုံး သတိပြန်ရလာပါစေလို့ပဲ ဆုတောင်းနေရတာ”
တစ်ယောက်မှ အကောင်းမပါဘူး။ ဟန်ဆောင်နေလိုက်ကြတာ။
စိတ်ထဲမှာ ဘယ်လိုတောင် ပျော်နေလိုက်ကြမလဲ မသိဘူး။
ဟွေ့အန်းကုန်းကျူသည် စိတ်ထဲမှ နှုတ်ခမ်းစူလိုက်မိသည်။
ထိုအခိုက်မှာပင် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာထားဖြင့် ပထမမင်းသားသည် အမြန်လျှောက်လှမ်းလာပြီး ဟွေ့အန်းကုန်းကျူ၏ လက်မောင်းကို ဆွဲကိုင်လိုက်တော့သည်။ "ဟွမ်ကျဲ။ မူဖေး အခု ဘယ်လိုနေသေးလဲ”
...
အပိုင်း (၂၃၆) သေရေးရှင်းရေး (၂)
ပထမမင်းသားသည် နန်းတော်အပြင်ဘက်တွင် သတင်းရရှိချိန်တွင် နှလုံးသားမှာ မီးလောင်သကဲ့သို့ ပူလောင်ကာ ပထမမင်းသား ကြင်ရာတော်ကိုပင် မစောင့်ဘဲ တစ်ကိုယ်တည်း မြင်းစီးကာ နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့သည်။ စိတ်လှုပ်ရှားကာ အလျင်စလို ဖြစ်နေချိန်တွင် သူ၏အင်အားကလဲ သာမန်အချိန်များထက် အများကြီး ပိုပြီးကြီးမားနေတော့သည်။.
ဟွေ့အန်းကုန်းကျူသည် လက်မောင်းတွင် ဆုပ်ကိုင်ခံလိုက်ရသဖြင့် နာကျင်သွားသော်ငြားလည်း ပြစ်တင်စကားဆိုရန် မကောင်းလှချေ။ ပထမမင်းသား၏ မယ်တော်အရင်းမှာ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အသက်ကို ကယ်တင်နိုင်အုံးမည် မဟုတ်သည်ကိုလည်း မသိနိုင်သေးသဖြင့် ပထမမင်းသား အလျင်စလို ဖြစ်နေခြင်းကလဲ ရှောင်လွှဲလို့ မရနိုင်သည့်ကိစ္စဖြစ်ကြောင်း သိလိုက်မိလေသည်။
"တော်ဝင်သမားတော်ချုပ်ကျိုးနဲ့ တော်ဝင်သမားတော်နှစ်ဦးက အိပ်ဆောင်ထဲမှ ကွေ့ဖေးကို အရေးပေါ်ကုသပေးနေပါတယ်။ မူဟုပ်လဲ အိပ်ဆောင်ထဲမှာ ရှိနေပါတယ်"
ဟွေ့အန်းကုန်းကျူက မြန်မြန်ပြန်ဖြေလိုက်၏။
ပထမမင်းသားကလဲ ပြန်ပြောလိုက်လေသည်။ "ကျွန်တော်လဲ မူဖေးအနားမှာ ဝင်စောင့်နေမယ်"
ဟွေ့အန်းကုန်းကျူထံက စကားတစ်ခွန်းမှ ထွက်မလာသေးခင်မှာပင် သူသည် အိပ်ဆောင်အတွင်းသို့ ခြေလှမ်းကြဲများဖြင့် ဝင်ရောက်သွားလေသည်။
ကုတင်ဘေးရှိ ပိုးသားခန်းဆီးများကို ချထားသဖြင့် အမြင်အာရုံကို ကာကွယ်ထားလေ၏။ တော်ဝင်သမားတော်၏ အရိပ်များကိုသာ မြင်နေရ၏။
နှာခေါင်းတွင် စူးရှစွာတိုးဝင်လာသည့် သွေးညှီနံ့သည် ပထမမင်းသား၏ နှာခေါင်းဝသို့ လုယက်ကာဝင်ရောက်လာခဲ့၏။
ပထမမင်းသား၏ နှလုံးသားမှာ ဓားဖြင့်လှီးဖြတ်ခံရသလို နာကျင်သွားပြီး တစ်ကိုယ်လုံး အေးစက်သွားကာ အတန်ကြာမှ သတိပြန်လည်လာတော့သည်။ သူသည် ချောင်မိဖုရားခေါင်၏ အနားသို့ လျှောက်သွားကာ အရိုအသေပေးရန် ပြင်လိုက်ချိန်မှာပင် ချောင်မိဖုရားခေါင်ကလဲ တိုတိုတုတ်တုတ်သာ ပြောလိုက်၏။ "ဒီလိုအချိန်မှာ အပေါ်ယံယဥ်ကျေးမှုတွေ မလိုပါဘူး"
ပထမမင်းသား၏ စိတ်မှာ ရှုပ်ထွေးနေပြီး မထိန်းနိုင်တော့ဘဲ လေသံတိုးတိုးဖြင့် မေးလိုက်၏။ "မူဟုပ်ကို မေးခွင့်ပြုပါ။ မူဖေးက ကောင်းကောင်းရှိနေတာကနေ ဘာဖြစ်လို့ ရုတ်တရက် သေကြောင်းကြံရတာလဲ"
ချောင်မိဖုရားခေါင်သည် ပထမမင်းသာကို စိုက်ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် ဓားသွားကဲ့သို့ ထက်ရှသောအလင်းရောင်များ ပေါ်ထွက်လာတော့၏။ "ပန်ကုံးလဲ မသိဘူး။ ပန်ကုံးကတောင် မင်းကို မေးချင်နေတာ။ ကွေ့ဖေးက ဘာများလုပ်ခဲ့လို့ မင်းရဲ့ ဖုဟွမ်ကို ဒေါသထွက်အောင် လုပ်မိတာလဲ။ ဘာဖြစ်လို့ မင်းရဲ့ ဖုဟွမ်က ယန်ရှီနန်းဆောင်ကို ချက်ချင်းရောက်မလာတာလဲ"
ပထမမင်းသား "..."
ပထမမင်းသား၏ မျက်နှာမှာ ရုတ်တရက်ဆိုသလို ဖြူဖျော့သွားလေတော့၏။
မည်သူကမှ တုံးအသူ မဟုတ်ကြပေ။
တစ်ချို့ကိစ္စများကို နည်းနည်းလေးစဥ်းစားရုံဖြင့် အကြောင်းအရင်းကို တွေးဆမိနိုင်လေသည်။
လွန်ခဲ့သည့်တလကျော်က လုမင်ယွိ ကိုယ်ဝန်ရှိသည့်သတင်း ထွက်ပေါ်လာပြီးနောက် မုန့်ကွေ့ဖေး၏ သရော်ကာ ရွဲ့စောင်းနေသော ရယ်မောသံများသည် ပထမမင်းသား၏ ဦးနှောက်ထဲသို့ ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာတော့သည်။ ပထမမင်းသားသည် တုန်လှုပ်သွားခြင်းလား။ ကြောက်ရွံသွားခြင်းလား။ မိမိကိုယ်တိုင် လုံးဝသတိမထားခဲ့ခြင်းအပေါ် အပြစ်တင်နေမိသည်လား မသိနိုင်ချေ။ သူ့ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားလေတော့သည်။
ဘယ်လိုလုပ်ရမလဲ ... အခု သူ ဘာလုပ်နိုင်သေးလဲ။
ချောင်မိဖုရားခေါင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "အတွင်းအကြောင်းစုံကိုတော့ မင်းရဲ့ ဖုဟွမ်ပဲ ရှင်းရှင်းလင်းလင်း သိလိမ့်မယ်။ မင်းစိတ်ထဲမှာ သံသယတွေ ရှိနေသေးတယ်ဆိုရင် မင်းရဲ့ ဖုဟွမ်ဆီ သွားမေးလိုက်ပေါ့"
ပထမမင်းသားသည် ဝမ်ဟွားနန်းဆောင်သို့ သွားရန်သတ္တိမရှိဘဲ တွန့်ဆုတ်စွာဖြင့် ဖွင့်ကာ မေးလိုက်တော့၏။ "မူဖေး အသက်အန္တရာယ်ကနေ စိတ်ချရတဲ့အထိ စောင့်ပြီးရင် ကျွန်တော် မူဖေးကိုယ်စား ဖုဟွမ်ဆီ သွားပြီးအပြစ်ဝန်ခံပါ့မယ်"
ပထမမင်းသားတွင်တာ့ တာဝန်ယူစိတ် အနည်းငယ် ရှိသည်ဟု ဆိုရမည်။ အကယ်၍ ဒီအချိန်ထိတိုင် လိမ်လည်ပြောဆို ငြင်းဆန်နေဦးမည်ဆိုလျှင် ထိုအပြုအမူက လူအများ၏ အထင်သေးမှုကို အမှန်တကယ် ခံရစေလိမ့်မည်။
ချောင်မိဖုရားခေါင်ကလဲ ဘာမှထပ်မပြောလိုက်တော့ချေ။
စောင့်ဆိုင်းနေရသည့်အချိန်မှာ ထူးထူးခြားခြား ရှည်လျားပြီး ခက်ခဲပင်ပန်းလှပေသည်။ မသိလိုက်မသိဘာသာပင် ကောင်းကင်သည် လုံးဝအမှောင်ကျသွားခဲ့၏။ ညအမှောင်ထုသည် ယန်ရှီနန်းဆောင်ပေါ်တွင် လေးလံစွာ ဖုံးလွှမ်းသွားခဲ့လေ၏။ သည်လို ခံ့ညားထည်ဝါခဲ့သော နန်းဆောင်သည် ညအမှောင်ထဲတွင် အရည်ပျော်ကာ ပျောက်ကွယ်သွားတော့မည့် အလားပင်။
...
"အရှင်မင်းကြီး နောက်တောင်ကျနေပါပြီ။ ကျွန်တော်မျိုး လူတွေကို ညစာပြင်ခိုင်းလိုက်ပါ့မယ်။ အရှင်မင်းကြီး နည်းနည်းလောက်တော့ သုံးဆောင်တော်မူပါ!"
ဝမ်ဟွားခန်းမဆောင်ထဲတွင် ယုံးကျားဧကရာဇ်သည် တော်ဝင်စာကြည့်စားပွဲရှေ့တွင် အသားနားခံစာတစ်စောင်ကို ကြည့်ရှုနေ၏။ အနားတွင် ခစားနေသော လျိုကုန်းကုန်းက အရှင်မင်းကြီးက လှုပ်တောင်မလှုပ်လာသည်မှာ ၁နာရီခန့်ပင် ရှိနေပြီဖြစ်ကြောင်း သိနေမိသည်။ ထိုအသားနားခံစာသည် တော်ဝင်စားပွဲပေါ်တွင် တစ်စောင်တည်း အထီးကျန်စွာ ကျရောက်လို့နေ၏။ အထဲတွင် မည်သည့်အကြောင်းအရာများ ရေးသားထားသည်ကိုတော့ ဘယ်သူကမှ စိတ်မဝင်စားကြပေ။
လျိုကုန်းကုန်းအဖို့ အရှင်မင်းကြီးကို ညစာသုံးဆောင်ရန် တိုက်တွန်းသည်မှာ တတိယအကြိမ်မြောက် ဖြစ်နေပြီဖြစ်၏။
ယုံးကျားဧကရာဇ်သည် နောက်ဆုံးတော့ ခေါင်းမော့လာခဲ့လေသည်။ သူ့နဂါးမျက်ဝန်းတစ်စုံက အနည်းငယ် နီရဲလို့နေလေ၏။ "ကျန်း စားချင်စိတ် မရှိဘူး။ စားစရာ ပြင်ဆင်ခိုင်းစရာ မလိုတော့ဘူး"
လျိုကုန်းကုန်းက ထိုအခြေအနေကို တွေ့မြင်လိုက်ရသည်တွင် စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်ရသလို စိုးရိမ်ပူပန်မိကာ လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်တော့သည်။ "လူကောင်းတွေကို နတ်ကောင်းတွေက အမြဲတမ်း မစပေးပါတယ်။ မုန့်ကွေ့ဖေးက ခဏလောက် စိတ်ရှုပ်ထွေးသွားပြီး အရှင်မင်းကြီးနဲ့ စိတ်ကောက်နေတာပါ။ စိုးရိမ်စရာ ရှိမှာမဟုတ်ပါဘူး။ အရှင်မင်းကြီး စိတ်လျှော့တော်မူပါ!"
ယုံးကျားဧကရာဇ်သည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးကာ အပြုံးတစ်ခုကို အားတင်းကာ ဖန်တီးလိုက်သော်ငြား သူ့အမူအယာသည် အလွန်တရာ တောင့်တင်းလို့နေ၏။ "မင်း ယန်ရှီနန်းဆောင်ကို နောက်တစ်ခေါက် သွားလိုက်အုံး"
လျိုကုန်းကုန်းမှာ မတတ်သာတော့ဘဲ အမိန့်ကိုနာခံကာ ထွက်ခွာသွားရတော့သည်။
ယုံးကျားဧကရာဇ်သည် သူ၏နဂါးပလ္လင်ပေါ်တွင် ဆက်ပြီးထိုင်နေခဲ့၏။ သူ့ဦးနှောက်ထဲတွင် ဖြတ်ပြေးနေသည်မှာ ယခင်အတိတ်ကာလက မုန့်ကွေ့ဖေးနှင့် မရေမတွက်နိုင်အောင် ရင်းနှီးချစ်ခင်ခဲ့ကြသော ပုံရိပ်များပင်။ မျက်တောင်တစ်ခတ် အတွင်းတွင်ပင် ထိုပုံရိပ်များသည် သားတော် လီကျင့်က သူ၏ရှေ့မှောက်တွင် ဒူးထောက်နေသောမြင်ကွင်း၊ ထို့အပြင် လုလင်း၏ နီရဲနေသောမျက်လုံးများနှင့် ချောင်ကောလောင်၏ မျက်လုံးများအဖြစ် ... ပြောင်းလဲသွားပြန်သည်။
ယုံးကျားဧကရာဇ်သည် အံကိုတင်းနေအောင် ကြိတ်ထားလိုက်ပြီး လက်ကိုဝှေ့ယမ်းကာ တော်ဝင်စာကြည့်စားပွဲပေါ်က အရာအားလုံးကို ကြမ်းပြင်ပေါ်သို့ တွန်းချလိုက်တော့၏။ ထို့နောက် ရုတ်တရက် ထရပ်လိုက်ပြီး စားပွဲခုံကို ကန်လှဲပစ်လိုက်လေသည်။
ထို့နောက်တွင် ဒဏ်ရာရနေသော သားရိုင်းတစ်ကောင်လို ခန်းမဆောင်အတွင်းတွင် ဟိုဟိုဒီဒီ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတော့သည်။
ဧကရာဇ်မင်းတစ်ပါးဖြစ်သည့်တိုင် မိမိ၏ စိတ်ဆန္ဒနှင့် အမျက်ဒေါသအတိုင်း အရာရာကို လုပ်ဆောင်လို့လဲ မရနိုင်ပေ။ အမှားကြီးကို ကျူးလွန်ခဲ့သည့် မုန့်ကွေ့ဖေးသည် ပြင်းထန်သောပြစ်ဒဏ်ကို မဖြစ်မနေ ခံယူရပေမည်။ သူ့နှလုံးသားသည် ဆီပူအိုးထဲအကြော်ခံရသလို ပူလောင်နေစေသော်ငြား စိတ်ကိုတင်းထားရပေမည်။
လျိုကုန်းကုန်းသည် မကြာမှီ ပြန်ရောက်လာခဲ့၏။
လျိုကုန်းကုန်းသည် ခန်းမဆောင်အတွင်း ကြမ်းပြင်ပေါ်၌ ပွကြဲနေသည့် အခြေအနေကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး လက်နှစ်ဖက်ကိုယှက်ကာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ မုန့်ကွေ့ဖေးရဲ့ ပြင်ပဒဏ်ရာက လောလောဆယ် သွေးတိတ်သွားပါပြီ။ ဒါပေမဲ့ မုန့်ကွေ့ဖေးက အသက်ရှူသံတိုးပြီး အခုထိ သတိပြန်မရသေးပါဘူး။ တော်ဝင်သမားတော်ချုပ်ကျိုးက ပြောပါတယ်။ မုန့်ကွေ့ဖေး ဒီတစ်ကြိမ် အသက်ဘေးကနေ လွတ်မြောက်နိုင်မလားဆိုတာ အခုချိန်ထိ ပြောဖို့ခက်ပါသေးတယ်။ မုန့်ကွေ့ဖေးအနေနဲ့ ၂ရက်အတွင်း သတိပြန်မရလာဘူးဆိုရင်တော့ ... "
ယုံးကျားဧကရာဇ်သည် တစ်ကိုယ်လုံး အချိန်အတော်ကြာအောင် တောင့်တင်းသွားပြီးမှ တစ်ခွန်းတည်းသာ ပြောနိုင်တော့၏။ "ကျန်း သိပြီ"
လျိုကုန်းကုန်းကလဲ နောက်တကြိမ် ငြိမ်ငြိမ်သက်သက် ပြန်လည်ဆုတ်ခွာသွားပြီး စိတ်ထဲတွင် နှမြောတသစွာ သက်ပြင်းချလိုက်တော့၏။
မုန့်ကွေ့ဖေကလဲ အရမ်းကို စိတ်ဓာတ်ပြတ်သားလွန်းတယ်။ ဒါက ကိုယ့်ကိုယ်ကို ထိုးလိုက်တာတင် မဟုတ်ဘူး။ အရှင်မင်းကြီး နှလုံးသားကိုပါ ကတ်ကြေးနဲ့ တစ်ချက်တည်း ထိုးလိုက်တာပဲ...
နန်းတော်ထဲတွင် သတင်းကို တင်းကြပ်စွာ ပိတ်ဆို့ထားသော်ငြား မုန့်ကွေ့ဖေးက ကတ်ကြေးဖြင့် မိမိကိုယ်ကို သတ်သေသည့်ကိစ္စသည် လီကျင့်၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်ပင်။
ချောင်မိဖုရားခေါင်က တိတ်တဆိတ် လူလွှတ်ကာ နှုတ်စကားဖြင့် သတင်းပါးလိုက်ခြင်းဖြစ်၏။ လီကျင့်သည် ထိုသတင်းကိုကြားပြီးနောက် စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်ကာ မျက်နှာအမူအယာ မပြောင်းလဲဘဲ အနည်းငယ် ခေါင်းညိမ့်ပြလိုက်လေသည်။ "ငါ သိပါပြီ။ မင်း နန်းတော်ထဲကိုပြန်ပြီး မူဟုပ်ကို သတင်းပို့လိုက်ပါ။ မူဟုပ်ကို စောစောအနားယူဖို့ ပြောလိုက်ပါ။ မနက်ဖြန်မနက်စောစော ငါ နန်းတော်ထဲဝင်ပြီး မူဟုပ်ကို လာဂါရဝပြုပါမယ်လို့"
သတင်းလာပို့သည့် ကုန်းကုန်ကလဲ အမိန့်ကိုနာခံကာ ဆုတ်ခွာသွားတော့သည်။
တညနှင့် တရက်လုံး မအိပ်မနေ ကြိုးစားခဲ့ကြရသော ရာဇဝတ်မှုရုံးတော်က လူများသည် ဆက်ပြီးပင်ပန်းဆင်းရဲစွာ ကြိုးစားနေကြရလေသည်။
ဒုတိယမင်းသား အရှင်မင်းသားက ပြန်မသွားသဖြင့် သူတို့သည် အသက်ရှူချိန်ကိုပင် ချွေတာလိုစိတ် ဖြစ်နေကြလေသည်။ ရာဇဝတ်မှုတရားရုံး၏ ကြမ်းတမ်းသော နှိပ်စက်မှုများကို ကျောက်မိသားစု၏ အိမ်တော်ထိန်းအပေါ်တွင် တစ်လှည့်စီ အသုံးပြုကြလေသည်။
ဒီကျောက်အိမ်တော်ထိန်းသည် တညလုံး နှိပ်စက်ခံရပြီးနောက် မခံနိုင်တော့ဘဲ ဝန်ခံလိုက်လေတော့သည်။
သူသည် လွန်ခဲ့သော၂နှစ်ကတည်းက ကွမ်းပင်းနယ်စား၏ ဝယ်ယူခြင်းကို ခံခဲ့ရသည်။ တိတ်တဆိတ် သတင်းတစ်ချို့ကို ကွမ်းပင်းနယ်စားထံ မကြာခဏ ပေးပို့ရလေ့ရှိ၏။ ကွမ်းပင်းနယ်စားက သူ့ကို အန္တရာယ်ရှိသည့်ကိစ္စများ လုပ်ဆောင်ခိုင်းခြင်းမရှိဘဲ ကျောက်စန်းနှင့် မကြာခဏ တွေ့ဆုံဆက်ဆံရန်နှင့် ကျောက်စန်းကို သုံးစွဲရန် ငွေတစ်ချို့ပေးကမ်းရန်သာ ခိုင်းစေခဲ့သည်။
သည်တစ်ကြိမ် လုပ်ကြံမှု၏ အစအဆုံးကိုတော့ ကျောက်အိမ်တော်ထိန်းသည် အမှန်တကယ် တစိုးတစလေးမျှ မသိရှိခဲ့ရချေ။
ချူတာ့၏ ဇစ်မြစ်အခြေအနေကိုတော့ စစ်ဆေးလို့မရသေးချေ။ သူသည် တိတ်တဆိတ် မွေးမြူထားသော လုပ်ကြံသတ်ဖြတ်သူ အသေခံတိုက်ခိုက်ရေးတစ်ဦး ဖြစ်နိုင်ဖွယ်ရှိသည်။ ထိုဉာဏ်ရည်မမှီသော ကလေးမလေးကိုတော့ ချူတာ့က မည်သည့်နေရာက ခေါ်ဆောင်လာခဲ့ပြီး လူအများ၏ မျက်စိကို လှည့်စားရန် သမီးအဖြစ်မွေးမြူခဲ့သည်ကို မသိရချေ။
မိုးသောက်ချိန်တွင် လီကျင့်သည် ခံဝန်ချက်ကိုယူဆောင်ကာ နန်းတော်သို့ ဝင်ရောက်လာခဲ့၏။
သူသည် ပထမဦးဆုံး ဝမ်ဟွားခန်းမဆောင်သို့ သွားရောက်ခဲ့လေသည်။
ထင်ထားသည့်အတိုင်းပင်။ ယုံးကျားဧကရာဇ်သည် သူ့ကို တွေ့ဆုံခြင်း မရှိသည့်အပြင် မနက်ခင်းညီလာခံကိုပင် ဖျက်သိမ်းလိုက်လေ၏။
လျိုကုန်းကုန်းသည် ယုံးကျားဧကရာဇ်အပေါ် အလွန်သစ္စစောင့်သိသူ ဖြစ်သော်ငြား ချောင်မိဖုရားခေါင်နှင့် လီကျင့်တို့ သားအမိအပေါ်တွင်လည်း အနည်းငယ် သဘောထားကြီးမားနေသဖြင့် လေသံတိုးတိုးဖြင့် စကားနှစ်ခွန်းလောက် ဖွင့်ဟကာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး တညလုံး မအိပ်ရသေးဘူး။ စိတ်အခြေအနေ မတည်ငြိမ်တော့ ဘယ်သူ့ကိုမှ တွေ့ချင်စိတ်မရှိဘူး"
လီကျင့်၏ မျက်ဝန်းများက အရောင်တောက်သွားကာ အနည်းငယ် ခေါင်းညိမ့်ပြလိုက်၏။
သူ လှည့်ထွက်ရန် ပြင်လိုက်စဥ်မှာပင် ရင်းနှီးနေသောအရိပ်တစ်ခုသည် သူ့ရှေ့သို့ ရောက်လာသည်ကို တွေ့လိုက်ရလေသည်။
ပထမမင်းသားပင်။
ပထမမင်းသားသည်လဲ တညလုံး မအိပ်ရသေးသဖြင့် မျက်နှာတစ်ခုလုံး ပင်ပန်းနွမ်းနယ်နေပြီး မျက်လုံးနှစ်ဖက်ကလဲ နီရဲကာ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေတော့သည်။
ပထမမင်းသားက မြန်မြန်လမ်းလျှောက်လာခဲ့ပြီး လီကျင့်က တုံ့ပြန်ရန် အချိန်မရလိုက်သေးခင်မှာပင် လက်နှစ်ဖက်ကိုယှက်ကာ ခါးကိုင်းပြီး တောင်းပန်လိုက်လေသည်။ "အာ့တိ မူဖေးက အမှားလုပ်ခဲ့မိတယ်။ ငါ မူဖေးကိုယ်စား အာ့တိကို တောင်းပန်ပါတယ်"
"အခု မူဖေးက ကုတင်ပေါ်မှာ လဲလျောင်းနေပြီး သေသလား ရှင်သလား မသိရသေးဘူး။ ငါက အာ့တိကို တောင်းပန်ပါတယ်။ ငါနဲ့အတူ ဖုဟွမ်ကို ဝင်တွေ့ပေးပါ။ ဖုယွမ်ကို ယန်ရှီနန်းဆောင်ကို တစ်ခေါက်လောက်သွားပြီး မူဖေးကို ကယ်တင်ပေးဖို့ တောင်းဆိုပေးပါအုံး"
နောက်ဆုံးစကားများက ပထမမင်းသား၏ မျက်လုံးထဲတွင် လုံးဝနီရဲလာပြီး အသံများပင် တုန်ယင်လာလေသည်။
လီကျင့်ကလဲ စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာမပြဘဲ ပထမမင်းသားကို အေးစက်စွာ ကြည့်လိုက်၏။ "သာ့ကောနဲ့ မုန့်ကွေ့ဖေးတို့ သားအမိက သံယောဇဥ် ကြီးမားကြတာပဲ။ ကိုယ်တိုင်က ဖုဟွမ်ဆီ ဝင်တောင်းပန်လိုက်ပေါ့။ ကျွန်တော်ရဲ့ဇနီးနဲ့ သားသမီးကို အန္တရာယ်ပြုဖို့ ကြံစည်တဲ့လူအပေါ်မှာ ကျွန်တော်အတွက် သနားညှာတာစိတ် ဘာမှမရှိပါဘူး"
ပြောပြီးသည်နှင့် ပထမမင်းသား၏ ဘေးကဖြတ်ကာ အင်္ကျီလက်ကို ခါရမ်းရင်း ထွက်ခွာသွားလေတော့သည်။
...
အပိုင်း (၂၃၇) နှလုံးသားတို့အေးဆက်ခြင်း (၁)
ပထမမင်းသားသည် ရုတ်တရက် ရှေ့သို့ ဝုန်းခနဲပြေးလာပြီး လီကျင့်၏ လက်မောင်းကို ဖျတ်ခနဲဆွဲကိုင်လိုက်ကာ လေသံကိုနှိမ့်ပြီး တောင်းပန်လိုက်လေသည်။ "အားတိ သာ့ကော မင်းကို တောင်းပန်ပါတယ်။ ငါတို့သားအမိ မင်းနဲ့မူဟုပ်အပေါ် မှားခဲ့တာတွေ ရှိပါတယ်။ နောက်ဆိုရင် သာ့ကောက မင်းနဲ့ ဘယ်တော့မှ မပြိုင်ဆိုင်တော့ဘူး။ မူဖေးကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ပြီးတော့ သာ့ကောနဲ့အတူတူ ဖုဟွမ်ကို သွားပြီးတော့ လျှောက်တင်ပေးပါ"
"မင်းသာ မူဖေးအတွက် စကားပြောပေးမယ်ဆိုရင် ဖုဟွမ်လဲ အခြေအနေအရလိုက်လျောပြီး ယန်ရှီနန်းဆောင်ကို ကြွလာမှာပါ"
"အားတိ ငါ မင်းကို တောင်းပန်ပါတယ်!"
ထိုသို့ပြောရင်း သူသည် လီကျင့်၏ ရှေ့တွင်ဒူးထောက်ချလိုက်လေသည်။
နေရောင်ခြည်တစ်စသည် ထိုးထွက်သော တိမ်တိုက်များကြားက ရုတ်တရက် ထိုးထွက်လာကာ တောက်ပသော အလင်းရောင်တို့ ဖြာကျလို့နေသည်။
လီကျင့်သည် နေရောင်ခြည်ကို တည့်တည့်မျက်နှာမူထားသဖြင့် တုံ့ပြန်မှုအဖြစ် မျက်လုံးများကို မှေးထားလိုက်တော့သည်။ ထို့နောက်တွင်တော့ စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး တည်တည်ငြိမ်ငြိမ် လေသံဖြင့် ပြောလိုက်၏။ "သာ့ကော သာ့ကောက ကျွန်တော့်ရဲ့ အစ်ကိုအရင်းပါ။ အခု ကျွန်တော့်ကို ဒူးထောက်နေရတာက ညီအစ်ကို သံယောဇဥ်ကို အသုံးပြုပြီး ကျွန်တော့်ကို အတင်းအကြပ် ဖိအားပေးနေတာပဲ"
ပထမမင်းသားမှာ မျက်လုံးများနီရဲလျက် ပြန်ပြောလိုက်၏။ "ငါ မင်းကို ဖိအားပေးနေတာ မဟုတ်ပါဘူး။ ငါ တောင်းပန်ပါတယ်။ မင်းက တကယ်ပဲ ဒီလိုရက်စက်ပြီး ငါ့မူဖေး သေသွားတာကို မျက်စိမှိတ် ကြည့်နေတော့မှာလား"
လီကျင့်က အေးစက်စက် ရယ်မောလိုက်၏။ "ပြီးခဲ့တဲ့၂ရက်တုန်းက ကျွန်တော့်မိန်းမကို ရက်စက်လွန်းတဲ့ လုပ်ကြံသူတွေ ဝင်တိုက်ခိုက်ခဲ့တယ်။ သူသာ နည်းနည်းလေး တုံ့ပြန်မှုနှေးသွားရင် အဆိပ်မိပြီး သေသွားနိုင်တယ်။ သူနဲ့အတူတူ ကျွန်တော့်ရဲ့မမွေးသေးတဲ့ ကလေးပါ ပါသွားမှာ"
"ဒါပေမဲ့ လုရှီက ဘာမှမဖြစ်ခဲ့ဘူးလေ ... "
"ရှောင်ယွိ ဖြစ်ဖြစ် မဖြစ်ဖြစ်။ အဓိကကြိုးကိုင်သူကို ခွင့်လွှတ်ပေးရမဲ့ အကြောင်းပြချက် မဟုတ်ဘူး"
လီကျင့်သည် ပထမမင်းသား၏ စကားကို အေးစက်စွာ ဖြတ်တောက်လိုက်လေသည်။ "ဒါကသာ အစ်ကိုကြီးဆိုရင်လည်း အစ်ကိုကြီးက ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး"
"သာ့ကော ဒူးထောက်ချင်ရင် ဒီနေရာမှာဆက်ထောက်နေလိုက်ပါ။ ဒီလိုသနားစရာ ဟန်ဆောင်တဲ့နည်းလမ်းနဲ့ ကျွန်တော့်ကို လာမခြိမ်းခြောက်ပါနဲ့။ တစ်ယောက်ယောက်က လီကျင့်က ရက်စက်တယ်။ သံယောဇဥ်မရှိဘူးလို့ လျှာအရိုးမရှိတိုင်း ပြောချင်လဲ ပြောလိုက်စမ်းပါ။ ကျွန်တော်ကတော့ ဂရုမစိုက်ဘူး!"
ထိုသို့ပြောလိုက်ပြီးနောက် သူသည် မြန်မြန်သွက်သွက် ထွက်ခွာသွားလေတော့သည်။
ပထမမင်းသား "..."
မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိသည့် ပထမမင်းသားသည် လီကျင့်၏ ပြတ်သားလှသော ကျောပြင်ကို မယုံကြည်နိုင်စွာ ကြည့်နေမိလေ၏။ သူ့စိတ်ထဲတွင် ပြင်းထန်လှသည့် ဒေါသမီးများ တောက်လောင်နေသော်ငြားလည်း တစ်ချိန်တည်းမှာပင် ထူးထူးဆန်းဆန်း အေးစက်မှုကိုလည်း ခံစားနေရသေးသည်။
အရင်တုန်းက နူးညံ့ပြီး အလျော့ပေးတတ်တဲ့ ညီလေးက အခုတော့ လုံးဝပြောင်းလဲသွားခဲ့ပြီပဲ!
တကယ်လို့ မူဖေးသာ သတိပြန်မရလာခဲ့ရင် သူက အကြီးမားဆုံး အထောက်အပံ့ကို ဆုံးရှုံးရတော့မယ်။ နောက်ဆိုရင် ချောင်မိသားစုနဲ့ လုမိသားစုရဲ့ အကူအညီကိုရထားပြီး နန်းတော်ထဲမှာလည်း ချောင်မိဖုရားခေါင်ရဲ့ အကာအကွယ်ကို ရထားတဲ့ လီကျင့်ကို သူ ဘယ်လိုလုပ်ပြီးတော့ ထပ်ပြီးယှဥ်ပြိုင်နိုင်တော့မှာလဲ။
ပထမမင်းသား၏ စိတ်တို့သည် ရှုပ်ထွေးနေပြီး ဝမ်ဟွားခန်းမဆောင် အပြင်ဘက်တွင် ထိုအတိုင်း ဆက်ပြီး ဒူးထောက်နေလိုက်လေသည်။
...
လီကျင့်သည် ကျောင်းဖန်နန်းဆောင်သို့ ဝင်ရောက်လာသည့်အခါ တညလုံး မအိပ်စက်ထားရသဖြင့် မျက်နှာပင်ပန်းနွမ်းနယ်နေသော ချောင်မိဖုရားခေါင်ကို တွေ့လိုက်ရ၏။ ထို့အတူ မျက်နှာတော် မကောင်းလှသည့် ဟွေ့အန်းကုန်းကျူကလဲ ရှိနေလေသည်။
နန်းတော်ထဲတွင် ဒီလောက်ကြီးမားသည့်ကိစ္စ ဖြစ်ပွားသွားခဲ့သည်တွင် ဟွေ့အန်းကုန်းကျူသည် စိတ်မချနိုင်ဘဲ ညက နန်းတော်မှပင် ပြန်မသွားနိုင်ခဲ့ချေ။ သူမသည် ကျောင်းဖန်နန်းဆောင်တွင် တစ်ညတာ အိပ်စက်ခဲ့လေသည်။ အမှန်တကယ် အိပ်ပျော်ခြင်း ရှိမရှိကိုတော့ သူမ မှိန်ဖျော့ဖျော့မျက်နှာကို ကြည့်ရုံဖြင့် သိနိုင်လေသည်။
"မူဟုပ်။ ဟွမ်ကျဲ" လီကျင့်က ရှေ့သို့တိုးလာပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "မျက်နှာက ဘာလို့ ဒီလောက်တောင် မကောင်းဖြစ်နေကြတာလဲ"
ချောင်မိဖုရားခေါင်က သက်ပြင်းချလိုက်ကာ "မုန့်ကွေ့ဖေး သတိမရသေးဘူး။ မင်းရဲ့ ဖုဟွမ်ကလဲ ဝမ်ဟွားခန်းမဆောင်ထဲမှာ တညလုံး မအိပ်ခဲ့ဘူး။ ပန်ကုံးက ဘယ်လိုလုပ်ပြီးတော့ အိပ်ပျော်နိုင်တော့မှာလဲ။
"ငါလဲ အိပ်မပျော် စားမဝင်ဘူး" ဟွေ့အန်းကုန်းကျူသည် မျက်မှောင်ကြုတ်လုမတတ် ဖြစ်နေတော့သည်။ "အာ့တိ ဒီအတိုင်းဆက်သွားရင် ကွေ့ဖေးက တကယ် အသက်ရှင်တော့မှာ မဟုတ်ဘူး။ ဖုဟွမ်က ... "
သမီးတစ်ယောက်အနေဖြင့် ဖခင်အရင်း၏ မကောင်းကြောင်းကို မပြောလိုချေ။ သို့သော် တစ်ချို့စကားများမှာ ရင်ထဲတွင် ပြောမထွက်ဘဲ ပိတ်ဆို့နေလျှင်လည်း အမှန်တကယ်ပင် မွန်းကြပ်လှပေသည်။
ဟွေ့အန်းကုန်းကျူသည် အံကြိတ်လိုက်ပြီး ဆက်ပြောလိုက်၏။ "ကွေ့ဖေးသာ သေသွားရင် အပြစ်တွေ အားလုံးကလဲ ပျောက်ကွယ်သွားလိမ့်မယ်။ ဖုဟွမ်က မူဟုပ်နဲ့မင်းအပေါ် ကိုပဲ ဒေါသပုံချတော့မှာ သေချာတယ်”
တကယ်တမ်း ပြောရမည်ဆိုလျှင် လုမင်ယွိသည် ကိုယ်ဝန်မတည်မငြိမ် ဖြစ်သွားသည်ကလွဲလျှင် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာမရှိခဲ့ချေ။
လုမိသားစုနဲ့ ချောင်မိသားစုတို့ ပူးပေါင်းကာ ယုံးကျားဧကရာဇ်ကို တရားခံအား ပြင်းပြင်းထန်ထန် အပြစ်ပေးရန် ဖိအားပေးခဲ့သည်။ မုန့်ကွေ့ဖေးသည် ထို့ကြောင့် သေဆုံးသွားခဲ့လျှင် ယုံးကျားဧကရာဇ်၏ နှလုံးသားထဲတွင် စိုက်ဝင်သွားသော ဆူးတစ်ချောင်းဖြစ်လာခဲ့ပေမည်။ ထိုအအရာက လီကျင့်၏ အနာဂတ်အတွက် အမှန်ပင် အကျိုးမရှိလှချေ။
ထိုအကြောင်းကို လီကျင့်နှင့် ချောင်မိဖုရားခေါင်တို့ နှစ်ဦးစလုံးက နားလည်ကြ၏။
ယခု အကောင်းဆုံး လုပ်ဆောင်ရမည့်နည်းလမ်းမှာ လှုပ်ကြံမှုကိစ္စကို ခဏဘေးဖယ်ထားပြီး ယုံးကျားဧကရာဇ်ကို သွားရောက်နှစ်သိမ့်ရန်ပင်။ ယုံးကျားဧကရာဇ်ကို ယန်ရှီနန်းဆောင်သို့ သွားရောက်ရန်တောင်းပန်ပြီး မုန့်ကွေ့ဖေး သတိရလာသည်အထိ စောင့်ဆိုင်းပြီးမှ ဆက်လက်ဆွေးနွေးသင့်လေသည်။
မုန့်ကွေ့ဖေးကို ယုံးကျားဧကရာဇ်၏ နှလုံးသားထဲက လုံးဝမမေ့နိုင်သည့် မှဲ့နီလေးအဖြစ်သို့ လုံးဝအရောက်မခံနိုင်ပေ။
လီကျင့်၏ မျက်ဝန်းများက တစ်ချက်လင်းလက်သွားပြီး လေသံခပ်လေးလေးဖြင့် ပြောလိုက်တော့၏။ "ခုနက သာ့ကောက ဝမ်ဟွားနန်းဆောင် အပြင်ဘက်မှာ ဒူးထောက်ပြီး ကျွန်တော့်ကို တောင်းပန်တယ်။ ကျွန်တော် လစ်လျူရှုထားခဲ့တယ်"
ဟွေ့အန်းကုန်းကျူမှာ အသက်မရှူနိုင်လောက်အောင် အံ့အားသင့်သွားပြီး ချောင်မိဖုရားခေါင်ကို မြန်မြန်လှမ်းကြည့်လိုက်တော့၏။
ချောင်မိဖုရားခေါင်က ခဏလောက် တိတ်ဆိတ်သွားပြီးမှ ပြောလာတော့သည်။ "အားကျင့်လုပ်တာမမှားဘူး။ မှားတဲ့သူတွေကလဲ ငါတို့မဟုတ်ဘူး။ ဘာဖြစ်လို့ ငါတို့ကပဲ တစ်ဖက်သက်ကြီး သည်းခံပြီး သဘောထားကြီး ပြနေရမှာလဲ"
"မုန့်ကွေ့ဖေး သတိပြန်ရလာရင် ဒါ သူ ကံကောင်းလို့ပဲ။ တကယ်လို့ သူသာ တကယ်သေသွားရင်လည်း အဲဒါ သူ ဝဋ်လည်တာပဲ။ မင်းရဲ့ ဖုဟွမ်က ဒီကိစ္စကြောင့် မကျေမနပ်ဖြစ်မလား။ အညှိုးအတေး ထားမလားဆိုတာက နောက်ပိုင်းကိစ္စတွေပဲ"
တစ်ချို့ကိစ္စများမှာ မလုပ်နိုင်သောကြောင့် မဟုတ်ဘဲ မလုပ်ချင်သောကြောင့်သာ ဖြစ်လေသည်။
လူဆိုတာ ဂုဏ်သိက္ခာနဲ့ အသက်ရှင်နေရတာ။
ဒီလို မခံချိမခံသာဖြစ်ရတဲ့ ဒေါသကို ဘယ်လိုလုပ်ပြီး မျိုသိပ်ထားနိုင်မှာလဲ!
လီကျင့်သည် မျက်မှောင်ကြုတ်ထားရာမှ အနည်းငယ် ပြေလျော့သွားလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "မူဟုပ်ကို ကျေးဇူးတင်ပါတယ်"
ချောင်မိဖုရားခေါင်က သားနှင့်သမီးဖြစ်သူတို့ကို ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်တွင်တော့ ခါးသီးသည့် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။ "အားကျင့်၊ ဟွေ့အန်း။ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ အမေဖြစ်တဲ့ ငါက အမြဲတမ်း အရှက်ခွဲခံရတာကို သည်းခံပြီး အလျှော့ပေးခဲ့ရတာ။ အခု မင်းတို့တွေ ကြီးပြန်လာကြပြီ။ ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်နေကြပြီ။ ငါ့စိတ်ထဲက အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးကြီးနှစ်ခုလဲ ချထားနိုင်ခဲ့ပြီ"
"မင်းတို့ရဲ့ ဖုဟွမ်က မုန့်ကွေ့ဖေးအပေါ်မှာ သံယောဇဥ် ကြီးမားတယ်။ မုန့်ကွေ့ဖေးကလဲ စိတ်ဓာတ်ပြင်းထန်တဲ့သူပဲ။ ကိုယ့်ဟာကိုရော တခြားသူတွေကိုရော နှိပ်စက်နိုင်တဲ့သူမျိုး ဒီတစ်ခါ သူသာသေသွားခဲ့ရင် နင်တို့ဖုဟွမ်က မကျေမနပ်ဖြစ်ပြီး ဒေါသပုံချမှာ သေချာတာ်။ အဲဒီ့အချိန်ကျရင် မင်းတို့နှစ်ယောက်စလုံး ရှေ့မတိုးလာကြနဲ့။ အရာအားလုံးကို ငါပဲ ရင်ဆိုင်မယ်"
မောင်နှမနှစ်ယောက်စလုံးမှာ တပြိုင်တည်း တုန်လှုပ်သွားပြီး အာမေဋိတ်သံများ ထွက်လာကြတာ့သည်။ "ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ!"
ချောင်မိဖုရားခေါင်သည် ဆုံးဖြတ်ချက်ချပြီးနောက် လုံးဝ တည်ငြိမ်သွားလေတော့၏။ "ဒါက အဆိုးဆုံးအခြေအနေကို တွေးထားတာပါ။ မင်းတို့တွေ လောလောဆယ် စိတ်မပူကြနဲ့အုံး။ အရင်ဆုံး စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရအောင်။ မုန့်ကွေ့ဖေးက သေရွာကနေ ပြန်လွတ်လာနိုင်တာပဲလေ"
ခဏလောက် ရပ်တန့်ထားလိုက်ပြီးမှ လီကျင့်ကို ထပ်ပြီး ပြောလိုက်လေသည်။ "လုပ်ကြံသူတွေရဲ့ကိစ္စကို ဆက်ပြီး စုံစမ်းစစ်ဆေးလိုက်ပါ။ ဘယ်လိုအဖြေပဲ ထွက်လာလာ လောလောဆယ်တော့ ဖိနှိပ်ထားလိုက်အုံး။ မင်းရဲ့ ဖုဟွမ်ကို တွေ့ဖို့အလျင်မလိုနဲ့အုံး"
ယုံးကျားဧကရာဇ်သည် မနက်ခင်းညီလာခံကိုပင် ဖျက်သိမ်းထားသဖြင့် ယခုအချိန်တွင် သားဖြစ်သူကို တွေ့ချင်စိတ်ရှိလိမ့်မည်မဟုတ်ချေ။
လီကျင့်ကလဲ ခေါင်းညိမ့်ပြလိုက်တော့သည်။
...
ထိုနည်းတူ တညလုံး မအိပ်စက်ခဲ့ရသည့် ချင်ဖေးသည် မနက်စောစောတွင် ရှို့နဥ်နန်းဆောင်သို့ သွားရောက်ခဲ့လေသည်။
မယ်တော်ကြီးကျောက်သည် မုန့်ကွေ့ဖေးကို မည်မျှပင် မနှစ်သက်သည်ဖြစ်စေ နန်းတော်ထဲတွင် လူသေခြင်းကို မြင်တွေ့လိုသူတော့ မဟုတ်ပေ။ သူမက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။ "တကတည်း အခြေအနေက ဘယ်လိုဖြစ်တာလဲ။ အကြောင်းအရင်းမရှိဘဲ မုန့်ရှီက ဘာလို့ ကိုယ့်ဟာကို သေကြောင်းကြံရတာလဲ"
ချင်ဖေးကလဲ လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်၏။ "ဒါက လုရှီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ သေချာပေါက် ပတ်သက်နေမှာပဲ"
မယ်တော်ကြီးကျောက်သည်လဲ တညလုံးနီးပါး တွေးတောနေခဲ့ကာ ထိုစကားကို ကြားလိုက်ရသောအခါ အေးစက်စွာ နှာခေါင်းရှုံ့လိုက်တော့သည်။ "သူ့ကိုယ်သူ သေကြောင်းကြံတာလည်း မဆန်းပါဘူး။ ဒီလောက်တောင် စိတ်ထားယုတ်မာပြီး တော်ဝင်မျိုးဆက်ကိုတောင် လုပ်ကြံရဲတဲ့အထိ။ အရှင်မင်းကြီး သူ့အပေါ်ထားတဲ့ စေတနာအစစ်အမှန်တွေကိုတောင် မထောက်ထားဘူး"
"စေတနာအစစ်အမှန်" ဟူသောစကားလုံးသည် ချင်ဖေး၏ ရင်ဘတ်ကို ဆူးနှင့်ထိုးလိုက်သလို နာကျင်သွားလေတော့၏။
ချင်ဖေးသည်လဲ စိတ်ကို ပြန်လည်အားတင်းထားလိုက်ကာ လျှောက်တင်လိုက်လေသည်။ "ကြားရတာတော့ အရှင်မင်းကြီးလဲ တညလုံး မအိပ်စက်ဘဲ နေတော်မူတယ်တဲ့။ ချန်ချဲ့ကလဲ မျက်နှာသာ မရလို့ပါ။ မယ်တော်ကြီးကျောက်ပဲ ဝမ်ဟွားခန်းမဆောင်ကို တစ်ခေါက်ကြွချီပြီး အရှင်မင်းကြီးကို နဂါးခန္ဓာကိုယ်အတွက် ကျန်းမာရေးဂရုစိုက်ဖို့ သွားရောက်လျှောက်တင်ပေးပါအုံး"
မယ်တော်ကြီးကျောက်သည်လဲ အလွန်အမင်း စိုးရိမ်နေမိတော့၏။ "အိုက်ကျားလဲ တကယ်စိတ်မချပါဘူး။ အခုပဲ ဝမ်ဟွားနန်းဆောင်ကို သွားကြည့်လိုက်အုံးမယ်။ မင်းလဲ အိုက်ကျားနဲ့ အတူတူလိုက်ခဲ့"
ချင်ဖေးသည် အနည်းဆုံးတော့ မိမိကိုယ်ကိုမိမိ သတိရှိသူဖြစ်လေသည်။ ထို့ကြောင့် ခါးသီးစွာ ပြုံးလိုက်ပြီး လျှောက်တင်လိုက်တော့၏။ "ချန်ချဲ့ မလိုက်တာပဲ ကောင်းပါတယ်။ မဟုတ်ရင် အရှင်မင်းကြီး စိတ်အနှောက်အယှက်ဖြစ်သွားပြီး ချန်ချဲ့မှာ တခြားအတွေးအကြံ ရှိနေတယ်လို့ ထင်တော်မူသွားမှာ စိုးလို့ပါ။ ချန်ချဲ့ အခု ယန်ရှီနန်းဆောင်ကို သွားလိုက်ပါအုံးမယ်။ ကွေ့ဖေးညန်ညန် အမြန်ဆုံး သတိရလာပါစေလို့ မျှော်လင့်ရမှာပေါ့"
သူမ၏ မျက်နှာထက်တွင် ခါးသီးစွာ ပြုံးမိသော်ငြားလည်း စိတ်ထဲတွင်တော့ အတိုင်းမသိ ပျော်ရွှင်ကျေနပ်စွာ ရယ်မောနေ၏။
သိပ်ကောင်းတာပဲ!
ကျားနှစ်ကောင်အချင်းချင်း တိုက်ခိုက်ကြပြီး နှစ်ဖက်စလုံး အပြင်းအထန် နာကျင်ရမှပဲကောင်းမယ်။ အကောင်းဆုံးကတော့ မုန့်ကွေ့ဖေး ဒီနေ့ပဲ မျက်စိမှိတ်သွားပြီး ယုံးကျားဧကရာဇ်က ဒုတိယမင်းသားနဲ့ ချောင်မိဖုရားခေါင်အပေါ် ဒေါသထွက်မှဖြစ်မယ်။ အဲဒီ့အချိန်ကျမှ သူမကလဲ ကြားထဲကနေ အကျိုးအမြတ်ရနိုင်တော့မှာပဲ။
...