← Chapters

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

အပိုင်း (၂၃၈) နှလုံးသားတို့အေးစက်ခြင်း (၂)

ချင်ဖေး တစ်ယောက်တည်း ကြိတ်ပြီးဝမ်းသာမိသည်တော့ မဟုတ်ပေ။

စူးဖေးသည်လဲ ဒီရက်ပိုင်းအတွင်းတွင် အလွန်အမင်း ပျော်ရွှင်လို့နေသည်။

နန်းတော်ထဲမှာ လူတိုင်းက သူမကို အထင်မကြီးကြပေ။ ယခုတော့ ကြည့်လိုက်စမ်းပါအုံး။ ဘယ်လိုဖြစ်နေသလဲ။ မုန့်ကွေ့ဖေးသည် ဧကရာဇ်၏ မျက်နှာသာပေးမှုကိုရသည်ဟု မိမိကိုယ်ကို ထင်မှတ်ကာ လုမင်ယွိကို လုပ်ကြံသတ်ဖြတ်ရန် လက်လှမ်းဝံ့ခဲ့သည်။ ယခုတော့ ကိုယ့်ဟာကို သေကြောင်းကြံစည်သည့် အခြေအနေသို့ ဆိုက်ရောက်နေပြီ။ ခြေတစ်ဖက်က သင်္ချိုင်းကုန်းသို့ ခြေချပြီးသား ဖြစ်နေလေ၏။

တစ်ခုတည်းသော နှမြောစရာကောင်းသည့်အချက်မှာ ထိုလုပ်ကြံသူများသည် အသုံးမကျဘဲ လုမင်ယွိကို ဓားနဲ့တစ်ချက်တည်းဖြင့် ထိုးသတ်နိုင်ခြင်း မရှိခဲ့ခြင်းပင်။ ထိုအစား လုမင်ယွိကို လုအိမ်တော်ထဲတွင် ကိုယ်ဝန်ဖြင့် ကောင်းကောင်းမွန်မွန် အနားယူခွင့်ပေးလိုက်သဖြင့် နှစ်ဦးနှစ်ဖက်စလုံး အပြင်းအထန် နာကျင်ထိခိုက်ရသည့် အခြေအနေမျိုး မဖြစ်ခဲ့ချေ။

အကောင်းဆုံးမှာ မုန့်ကွေးဖေး သေဆုံးသွားပြီး ယုံးကျားဧကရာဇ်က နှလုံးသားနာကျင်သောကြောင့် ချောင်မိဖုရားခေါင်နှင့် ဒုတိယမင်းသားအပေါ် ဒေါသပုံချလိုက်လျှင်တော့ အကျိုးအမြတ်ရရှိသူမှာ သူမတို့သားအမိပင် မဟုတ်ပါလား။

စူးဖေးသည် တွေးလေလေ ပျော်ရွှင်လေလေဖြစ်နေပြီး အပျိုတော်ကို ပါးစပ်ဖွင့်ကာ အမိန့်ပေးလိုက်လေသည်။ "အရောင်ငြိမ်တဲ့ နန်းတွင်းဝတ်စုံတစ်ထည် သွားရှာခဲ့"

အပေါ်ယံဟန်ဆောင်မှုကိုတော့ ပြုလုပ်ရန် လိုအပ်သေးသည်။

စူးဖေးသည် သန့်ရှင်းသပ်ရပ်သည့် နန်းတွင်းဝတ်စုံလေးကို လဲလှယ်ဝတ်ဆင်လိုက်ပြီး မျက်နှာထက်တွင် စိုးရိမ်ပူပန်ကာ ဝမ်းနည်းနေသော အမူအယာကို ဆင်းမြန်းလျက် ယန်ရှီနန်းဆောင်သို့ ထွက်ခွာသွားလေတော့၏။

ဒီအချိန်တွင် ပထမမင်းသားသည် ဝမ်ဟွားခန်းမဆောင် အပြင်ဘက်တွင် ဒူးထောက်လျက်ရှိလေ၏။ ချင်ဖေးက ရှို့နဥ်နန်းဆောင်သို့ သွားရောက်ခဲ့သည်။ ချောင်မိဖုရားခေါင်တို့ သားအမိမှာ ကျောင်းဖန်နန်းဆောင်ထဲတွင် စကားပြောဆိုနေကြသည်။ ယန်ရှီနန်းဆောင်ထဲတွင်တော့ နန်းတွင်းသူတစ်စု တော်ဝင်သမားတော်တစ်ချို့ ပထမမင်းသားကြင်ရာတော်နှင့် မျက်လုံးများနီရဲနေသည့် ကျင့်အန်းကုန်းကျူတို့သာ သတိမေ့မြောနေသော မုန့်ကွေ့ဖေးကို စောင့်ဆိုင်းနေကြလေသည်။

စူးဖေးရောက်လာသောအခါ နန်းတွင်းသူများက တုန်တုန်ယင်ယင်ဖြင့် အရိုအသေပေးကြပြီး တော်ဝင်သမားတော် တစ်ချို့ကလဲ အထူးတလည် ရိုသေလေစားစွာဖြင့် နှုတ်ဆက်ကြ၏။

ပထမမင်းသားကြင်ရာတော်လျန်ရှီနှင့် ကျင့်အန်းကုန်းကျူတို့ကတော့ ထရပ်ကာ စူးဖေးကို အရိုအသေပေးလိုက်ကြသည်။

စူးဖေးသည် "တောင်ထဲမှာ ကျားမရှိလို့ မျောက်ကဗိုလ်ကြတယ်" ဟူသောစကားပုံကဲ့သို့ အနည်းငယ် ကျေနပ်နေဟန်ဖြင့် ခပ်ပေါ့ပေါ့ မိန့်တော်မူလိုက်လေသည်။ "အားလုံးထကြပါ"

ထို့နောက်တွင်တော့ သမားတော်ချုပ်ကျိုးကို မေးလိုက်သည်။ "ကွေ့ဖေးညန်ညန် သတိရလာပြီလား"

သမားတော်ချုပ်ကျိုးသည် မျက်မှောင်ကို တင်းနေအောင် ကျုံ့ထားပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေကြားလိုက်လေသည်။ "စူးဖေးညန်ညန်ကို လျှောက်တင်ပါတယ်။ ကွေ့ဖေးညန်ညန် လောလောဆယ် သတိမရသေးပါဘူး"

စူးဖေးသည် စိတ်ထဲက ပျော်ရွှင်မှုကို သတိထားထိန်းချုပ်လိုက်ပြီး စိုးရိမ်ပူပန်ဟန်ဖြင့် သက်ပြင်းချလိုက်တော့၏။ "မင်းတို့အားလုံး ကွေ့ဖေးညန်ညန်ကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ကြပါ"

သမားတော်ချုပ်ကျိုးက အသံတိုးတိုးဖြင့် ဟုတ်ကဲ့ဟု ဖြေကြားလိုက်ပြီး စူးဖေး၏ မျက်ဝန်းထဲက တစ်ပါးသူ ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် အရိပ်အယောင်ကို မမြင်ချင်ဟန် ဆောင်နေလိုက်သည်။

နန်းတော်ထဲတွင် နေထိုင်ပြီး တော်ဝင်သမားတော်တစ်ဦး ဖြစ်သည့်အတွက် မိမိကိုယ်ကို ကာကွယ်ရန် အကြီးမားဆုံးနည်းလမ်းမှာ မမြင်သင့်သည်ကို မမြင်ရန်၊ မကြားသင့်သည်ကို မကြားရန်နှင့် မတွေးတောသင့်သည်ကို မတွေးတောရန်ပင် ဖြစ်လေသည်။

စူးဖေးက ပထမမင်းသားကြင်ရာတော်ကို ထပ်ကြည့်ကာ မေးမြန်းလိုက်၏။ "ဘာဖြစ်လို့ မင်းတစ်ယောက်တည်း ရှိနေတာလဲ။ ပထမမင်းသား ဘယ်သွားလဲ"

ပထမမင်းသားကြင်ရာတော်၏ အမူအယာမှာ မှိုင်တွေသွားပြီး ခပ်တိုးတိုး ဖြေလိုက်တော့သည်။ "အရှင်မင်းသား ဝမ်ဟွားနန်းဆောင်ကို သွားပါတယ်"

သူက ယုံးကျားဧကရာဇ်ကို ယန်ရှီနန်းဆောင်ကိုလာဖို့ သွားတာင်းပန်တာ ဖြစ်ရမယ်! ယုံးကျားဧကရာဇ်က မနေ့ကတည်းက မျက်နှာမပြခဲ့ဘူး။ ဒီနေ့ဆို ပိုတောင်လာမှာ မဟုတ်ဘူး။

စူးဖေးသည် စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သော်ငြား နှုတ်ကတော့ ပြောလိုက်လေသည်။ "စိတ်မပူပါနဲ့။ အရှင်မင်းကြီးက အမြဲတမ်း ကွေ့ဖေးကို ချစ်မြတ်နိုးပြီး ပထမမင်းသားကိုလည်း အရမ်းချစ်ခင်တာပဲလေ။ သိပ်မကြာခင် ယန်ရှီနန်းဆောင်ကို ကြွလာမှာပါ"

ပထမမင်းသားကြင်ရာတော်သည် တုံးအသူတစ်ယောက် မဟုတ်သဖြင့် စူးဖေး၏ ကြိတ်ပြီးကျေနပ်နေသည့် အမူအယာကို မည်သို့နားမလည်ဘဲ ရှိပါမည်နည်း။ သူမသည် စိတ်ထဲက ဟက်ခနဲ သရော်ကာ ရယ်မောမိလေတော့သည်။

သူမသည် မုန့်ကွေ့ဖေးဟူသည့် ဒီယောက္ခမကို ဘယ်သောအခါမှ မနှစ်သက်ခဲ့ချေ။

ထိုနည်းတူစွာ မုန့်ကွေ့ဖေးကလဲ သူ့မကို ဘယ်တုန်းကမှ မျက်နှာသာမပေးခဲ့ပေ။

သူမ ကိုယ်ဝန်ပျက်ကျပြီးနောက် အိပ်ရာထဲတွင် နာမကျန်းဖြစ်နေသည့် ကာလအတွင်း မုန့်ကွေ့ဖေး ကံဆိုးမိုးမှောင်ကျစေရန် သူမသည် တိတ်တဆိတ် ကြိမ်ဆဲနေခဲ့သည်မှာ အကြိမ်အရေအတွက်ကိုပင် မသိနိုင်တော့ချေ။ ဒီနေ့ရက်သည် အမှန်တကယ် ရောက်ရှိလာသောအခါမှ မုန့်ကွေ့ဖေးသည် ပထမမင်းသားအိမ်တော်၏ အထက်က အမိုးကာပေးထားသော သစ်ပင်ကြီးတစ်ပင်ဖြစ်ကြောင်း သူမ ရုတ်တရက် သဘောပေါက်သွားခဲ့၏။ ဒီသစ်ပင်ကြီးသာ အမှန်တကယ် လှဲကျသွားခဲ့လျှင် ပထမမင်းသားအိမ်တော်သည်လည်း လိုက်ပါ ယိမ်းယိုင်သွားပေလိမ့်မည်။

ယခုအချိန်တွင် ပထမမင်းသားကြင်ရာတော်သည် တခြားအရာများကို မတွေးတောတော့ဘဲ မုန့်ကွေ့ဖေး မျက်လုံးဖွင့်ပြီး သတိရလာရန်သာ မျှော်လင့်နေမိတော့သည်။ သူသာ မသေခဲ့လျှင် နာလန်ပြန်ထူလာနိုင်မည့် တနေ့တော့ ရှိလာနိုင်သေးသည်။

ကျင့်အန်းကုန်းကျူမှာ တညလုံး ငိုကြွေးထားသဖြင့် မျက်လုံးများနီရဲကာ ဖောင်းအစ်လို့နေ၏။ သည်အချိန်တွင် ရုတ်တရက် ပါးစပ်ဖွင့်ကာ ပြောလိုက်တော့သည်။ "ကျွန်မ ဝမ်ဟွားနန်းဆောင်ကို သွားမယ်။ ဖုယွမ်ကို မူဖေးကို လာကယ်ပေးဖို့ သွားတောင်းပန်ရမယ်"

ပထမမင်းသားကြင်ရာတော်က အထိတ်တလန့်ဖြစ်သွားကာ တားဆီးလိုက်တော့၏။ "ပထမမင်းသား သွားနှင့်ပြီလေ။ ကုန်းကျူ ထပ်မသွားပါနဲ့တော့။ ဒီနေရာမှာ မူဖေးကိုပဲ စောင့်နေလိုက်ပါ။ မူဖေးက မကြာခင် မျက်လုံးပွင့်ပြီး သတိရလာမှာပါ"

သွားပြီး ရှုပ်ရှုပ်ထွေးထွေးတွေ ထပ်မလုပ်ပါနဲ့တော့။

ကျင့်အန်းကုန်းကျူသည် ပုံမှန်အားဖြင့် နူးညံ့ပြီး စကားနည်းသူဖြစ်သော်ငြား ဒီအချိန်တွင်တော့ နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ အလွန်ခေါင်းမာစွာ ပြောလိုက်၏။ "ကျွန်မ ဖုဟွမ်ကို သွားတွေ့မယ်"

စူးဖေးသည် ပွဲကြည့်ရသည်ကို မငြီးငွေ့သည့်အပြင် ကိစ္စကြီးလာသည်ကိုပင် မစိုးရိမ်ဘဲ ပါးစပ်ဖွင့်ကာ ထောက်ခံလိုက်လေသည်။ "ကုန်းကျူက ဒီလောက်သိတတ်လိမ်မာတာပဲ။ အရှင်မင်းကြီးက ကုန်းကျူကိုတွေ့ရင် သေချာပေါက် စိတ်ပျော့သွားမှာပါ။ ကုန်းကျူ ဝမ်ဟွားနန်းဆောင်ကို တစ်ခေါက်သွားတာလဲကောင်းပါတယ်"

ပထမမင်းသားကြင်ရာတော်က တစ်စုံတစ်ခု ထပ်ပြောရန် ကြံရွယ်လိုက်သော်ငြား ကျင့်အန်းကုန်းကျူကတော့ ထရပ်ကာ ဝမ်ဟွားနန်းဆောင်သို့ ထွက်ခွာသွားနှင့်ပြီဖြစ်၏။ ပထမမင်းသားကြင်ရာတော်သည် မတတ်သာတော့ဘဲ ပါးစပ်ပိတ်ထားလိုက်ရလေတော့သည်။

...

ထိုအချိန်မှာပင် အပျိုတော်တစ်ဦးသည် မျက်နှာများ ပျက်ယွင်းစွာဖြင့် လာရောက်သတင်းပို့လေသည်။ "သာ့ဟွမ်စစ်ဖေးညန်ညန်ကို လျှောက်တင်ပါတယ်။ အပျိုတော်ယန်က ကွေ့ဖေးညန်ညန် အခက်အခဲဖြစ်တာကို ကြားပြီး လန့်သွားလို့ အခုဗိုက်နာတယ်လို့ အော်နေပါတယ်!"

အပျိုတော်ယန်သည် အိပ်ဆောင်ထဲတွင် အမြဲတမ်း ကိုယ်ဝန်ကို ဂရုစိုက်နေခဲ့ပြီး ဒီလများအတွင်းတွင် လူရှေ့သို့ လုံးဝထွက်ပေါ်လာခြင်း မရှိချေ။

ယန်ရှီနန်းဆောင်ထဲတွင် ဒီလောက်ကြီးမားသည့်ကိစ္စကြီး ဖြစ်ပွားသွားခဲ့ကာ အပျိုတော်များ အားလုံးကလဲ စိတ်လှုပ်ရှားကာ မတည်မငြိမ် ဖြစ်နေကြသဖြင့် ထိုသတင်းသည် အပျိုတော်ယန်၏ နားထဲသို့ ရောက်ရှိသွားတော့၏။ အပျိုတော်ယန်သည် ၈လအရွယ် ကိုယ်ဝန်ဆောင်ထားရသူဖြစ်ကာ ဒီလိုထိတ်လန့်သွားမှုကြောင့် လမစေ့ဘဲ မီးဖွားမည့်လက္ခဏာများ ပြသလာတော့သည်။

ပထမမင်းသားကြင်ရာတော်မှာ ထိတ်လန့်ပြီး အလောတကြီဖြစ်သွားကာ ချက်ချင်း အမိန့်ပေးလိုက်တော့၏။ "ယန်ရှီနန်းဆောင်ထဲမှာ မီးဖွားဆောင်အဖြစ် ထားပြီးသားပဲ။ အခုချက်ချင်း အပျိုတော်ယန်ကို မီးဖွားဆောင်ထဲ တွဲပို့လိုက်။ ပြီးတော့ နန်းတော်ထဲမှာ မီးဖွားပေးတဲ့ မားမားတွေကို သွားခေါ်လိုက်"

မုန့်ကွေ့ဖေး သေမလားရှင်မလား မသိရသေးသည့် သည်လိုအချိန်မျိုးတွင် အပျိုတော်ယန်က လမစေ့ဘဲ ထပ်မံမီးဖွားပြန်ရာ အမိုးပေါက်နေချိန်တွင် မိုးထပ်ရွာသည့်အလားပင်။ ယန်ရှီနန်းဆောင်တစ်ခုလုံး ပွက်လောရိုက်ကာ ရှုပ်ထွေးသွားတော့သည်။

ကံကောင်းချင်တော့ ချောင်မိဖုရားခေါင်က မကြာမီ ရောက်လို့လာခဲ့၏။

ချောင်မိဖုရားခေါင်သည် ဒီကိစ္စကို သိခဲ့ပြီးနောက်တွင် ပထမမင်းသား ကြင်ရာတော်ကို မိန့်တော်မူလိုက်၏။ "ဒီနေရာမှာ ပန်ကုံးရှိတယ်။ မင်းဒီမှာ ဆက်စောင့်နေစရာမလိုဘူး။ မီးဖွားဆောင်ဘက်ကို သွားကြည့်လိုက်။ အပျိုတော်ယန်က အဆင့်အတန်းနိမ့်ကျပေမဲ့ သူ လွယ်ထားရတာက တော်ဝင်သွေးသားပဲ။ ဒီကလေးကိုသာ အေးအေးချမ်းချမ်း မွေးဖွားနိုင်ရင် ပထမမင်းသားမှာလည်း မျိုးဆက်ရှိသွားပြီ"

ထို့နောက်တွင်တော့ ပထမမင်းသားကြင်ရာတော်ကို စူးရှစွာ တစ်ချက်ကြည့်လိုက်ပြီး "လမစေ့ဘဲမွေးတာက အန္တရာယ်အများဆုံးပဲ။ မင်း သွားပြီးတော့ ကြီးကြပ်လိုက်။ ကလေးကိုတော့ သေချာပေါက် အသက်ရှင်အောင် ကယ်ရမယ်"

ပထမမင်းသားကြင်ရာတော်၏ နှလုံးသည် ဝုန်းခနဲ ခုန်တက်သွားပြီး ခေါင်းငုံ့ကာ ထွက်သွားလိုက်လေသည်။ "မူဟုပ် ပြောတာ မှန်ပါတယ်။ အာရှီ အခုပဲ သွားလိုက်ပါ"

လမ်းတစ်လျှောက်တွင် ပထမမင်းသားကြင်ရာတော်သည် အပေါ်ယံတွင် တည်ငြိမ်နေဟန်တူသော်ငြားလည်း အမှန်တွင်တော့ သူမ၏ နှလုံးခုန်သံမှာ ဗုံတီးနေသလို ဆူညံနေတော့၏။

လမစေ့ဘဲမွေးတာက အန္တရာယ်အများဆုံးပဲ ... ကလေးကိုတော့ သေချာပေါက် အသက်ရှင်အောင်ကယ်ရမယ် ...

ချောင်မိဖုရားခေါင်က ဒီစကားနှစ်ခွန်းကို ရုတ်တရက်ပြောလိုက်တာ ဘာ အဓိပ်ပါယျ လဲ။

ယန်ရှီနန်းဆောင်က မုန့်ကွေ့ဖေးရဲ့ နေရာပဲ။ သူမလို ချွေးမတစ်ယောက်က လက်လျှိုသွင်းဖို့မပြောနဲ့ သတင်းနည်းနည်းလောက် စုံးစမ်းဖို့တောင် မလွယ်ဘူး။ ဒီလဝက်အတွင်းမှာ အပျိုတော်ယန်က နန်းတော်ထဲမှာ အေးအေးဆေးဆေး ကိုယ်ဝန်လွယ်ထားခဲ့ရတာ။ ထူးထူးခြားခြားသာ မဖြစ်ရင် မျိုးဆက်မွေးဖွားပြီးရင်လည်း ယန်ရှီနန်းဆောင်မှာပဲ မွေးမြူလိမ့်မယ်။ ဒါပေမဲ့ အခုကျတော့ မုန့်ကွေ့ဖေးက အိပ်ယာပေါ်မှာ သတိမေ့နေတယ်။ အပျိုတော်ယန်က လမစေ့ဘဲ မီးဖွားရတယ်။ တကယ်လို့ မီးဖွားတဲ့အချိန်မှာ မတော်တဆ တစ်ခုခုဖြစ်သွားပြီး ကလေးပဲ အသက်ရှင် ကျန်ခဲ့မယ်ဆိုရင် ...

ပထမမင်းသား ကြင်ရာတော်သည် သူမ၏ လက်နှစ်ဖက်ကို အင်္ကျီလက်ထဲသို့ ထည့်ထားလိုက်ပြီး စိတ်လှုပ်ရှား၍လား။ တက်ကြွနေ၍လားတော့ မသိချေ။ တုန်ယင်မှုကို ဖုံးကွယ်ထားလိုက်ကာ ခြေလှမ်းများမှာ ပိုမိုမြန်ဆန်လာလေတော့သည်။

သူမ၏ နောက်က အပျိုတော်မှာ အမီလိုက်နိုင်ရန် ခြေလှမ်းတိုး၍ ပြေးလိုက်ရလုနီးပါး ဖြစ်သွားတော့သည်။

မီးဖွားဆောင်အပြင်ဘက်သို့ ရောက်လာသောအခါ အပျိုတော်ယန်၏ နာကျင်စွာ အော်ဟစ်ငိုယိုသံကို ကြားလိုက်ရလေသည်။

ပထမမင်းသားကြင်ရာတော်၏ တုန်ယင်နေသော လက်များသည် ရုတ်တရက် တည်ငြိမ်သွားပြီး မီးဖွားဆောင်ထဲသို့ ခြေလှမ်းဝင်သွားလိုက်တော့၏။

အသက်အနည်းငယ်ကြီးသော အပျိုတော်တစ်ချို့သည် ဘေးတွင် ပြုစုလုပ်ကိုင်ပေးနေကြပြီး အသက်၅၀ဝန်းကျင် မားမားနှစ်ဦးကတော့ မရပ်မနားအော်ဟစ်နေသည့် အပျိုတော်ယန်၏ အနားတွင် ရှိနေကြသည်။ တစ်ဦးက အပျိုတော်ယန်၏ မို့မောက်နေသောဝမ်းဗိုက်ကို ဖိနှိပ်ပေးနေပြီး ကျန်တစ်ဦးကတော့ ကတ်ကြေး၊ ပိတ်စနှင့် တခြားအရာများကို ရေနွေးထဲတွင်ထည့်ကာ သန့်စင်နေလေသည်။

အပျိုတော်ယန်၏ နဖူးပြင်တစ်ခုလုံး ချွေးစေးများပြန်နေပြီး မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေကာ အော်ဟစ်သံများကလဲ ပိုပြီးစူးရှလာတော့သည်။

ပထမမင်းသားကြင်ရာတော်သည် ရှေ့သို့တိုးသွားလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ကာ မီးဖွားပေးရန်ပြင်ဆင်နေသော မားမားကို မေးလိုက်၏။ "အပျိုတော်ယန်က လမစေ့ဘဲ မီးဖွားတာဆိုတော့ နည်းနည်းအန္တရာယ်များလား"

မီးဖွားပေးသည့် မားမားက ခေါင်းငုံ့ကာ တရိုတသေ ပြန်ဖြေလိုက်၏။ "လမစေ့ဘဲ မွေးတာက တကယ်ပဲ အန္တရာယ်များပါတယ်။ အပျိုတော်ယန်ရဲ့ ကလေးအနေအထားကလဲ သိပ်မမှန်ဘူး ဖြစ်နေတယ်။ ကလေးအနေအထားကို အရင်ပြန်တည့်အောင် ကြိုးစားကြည့်ရပါမယ်။ မဟုတ်ရင် မွေးဖွားရတာ ခက်ခဲပါလိမ့်မယ်။ ကျွန်တော်မျိုးမတို့ အစွမ်းကုန် ကြိုးစားမှာပါ"

ပထမမင်းသားကြင်ရာတော်ကလဲ ခေါင်းညိမ့်ပြလိုက်၏။ "ကလေးသာ အေးအေးချမ်းချမ်း မွေးလာနိုင်ရင် ဆုလာဘ်ကြီးကြီးပေးမယ်"

သူမသည် ကလေးအကြောင်းကိုသာပြောပြီး အပျိုတော်ယန်အကြောင်းကို ထည့်မပြောခဲ့ချေ။

မားမားနှစ်ဦးသည်လဲ အချင်းချင်း မျက်လုံးချင်းဆုံလိုက်ကြပြီး တစ်သံတည်း ပြန်လည်ဖြေကြားလိုက်လေတော့သည်။

...

(၂၃၉) ရှုပ်ထွေးပွေလီခြင်း

နန်းတော်ထဲတွင် ဤမျှကြီးမားသော ကိစ္စကြီး ဖြစ်ပွားခဲ့ရာ ဖုံးကွယ်ထားလိုသော်ငြားလည်း ဖုံးကွယ်ထား၍ ရနိုင်မည် မဟုတ်ပေ။

ကွမ်းပင်းနယ်စား၏ မျက်နှာမှာ သုန်မှုန်လျက်ရှိပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။

ကွမ်းပင်းနယ်စားကတော်သည်လည်း မျက်မှောင်ကြုတ်လျက် အသံတိုးတိုးဖြင့် မေးလိုက်၏။ "သခင်ကြီး၊ အခု ဘယ်လိုလုပ်ကြမလဲ”

ကွမ်းပင်းနယ်စားက ဖုံးကွယ်ထားလိုသေးသည်။ "ဘာကို ဘယ်လိုလုပ်ရမှာလဲ။ လုရှီ လုပ်ကြံခံရတာက ကျောက်မိသားစုနဲ့ ပတ်သက်တယ်။ ငါတို့ မုန့်မိသားစုနဲ့ ဘာမှ နည်းနည်းလေးတောင် မပတ်သက်ဘူး..."

"အကြောင်းရင်းမရှိဘဲနဲ့ ကွေ့ဖေးက ဘာလို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရမှာလဲ” ကွမ်းပင်းနယ်စားကတော်က မျက်မှောင်ကြုတ်ကာ ကွမ်းပင်းနယ်စား၏ စကားကို ဖြတ်ပြောလိုက်သည်။ "သခင်ကြီးက လူတိုင်းကို အရူးတွေလို့ ထင်နေတာလား!"

ကွမ်းပင်းနယ်စားသည် စကားမဆိုတော့ဘဲ မျက်မှောင်ကို ပိုလို့ပင် တင်းတင်းကြုတ်ထားလိုက်လေသည်။

ကွမ်းပင်းနယ်စားကတော်၏ မျက်လုံးထဲတွင် ဒေါသရိပ်တို့ ဖြတ်ပြေးသွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။ "သခင်ကြီးမှာ ကွေ့ဖေးဆိုတဲ့ ညီမတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး။ မုန့်မိသားစု အိမ်တော်တစ်ခုလုံးလဲ ရှိသေးတယ်။ တစ်ခုခု မလုပ်ခင်မှာ ဘာလို့ သေသေချာချာ မစဉ်းစားခဲ့တာလဲ။ တကယ်လို့ ကိစ္စတွေ ပေါ်သွားခဲ့ရင် အရှင်မင်းကြီးကို ဘယ်လို မျက်နှာပြမလဲ။ ပြီးတော့ လုမိသားစုကိုရော ဘယ်လို မျက်နှာပြမလဲ”

"ရှင်းယန်ဝမ်မှာ ဒီတရားဝင် မျိုးဆက် တစ်ယောက်တည်းပဲ ရှိတာ။ သူ့သမီးကို မျက်လုံးသူငယ်အိမ်လိုပဲ ကြည့်ရှုစောင့်ရှောက်တာ။ လုရှီက ကြီးကြီးမားမား မဖြစ်လို့ တော်သေးတယ်။ တကယ်လို့ လုရှီသာ လုပ်ကြံသူတွေရဲ့ လက်ထဲမှာ သေသွားခဲ့ရင် မုန့်မိသားစုနဲ့ လုမိသားစုက သေချာပေါက် မဟာရန်သူတွေ ဖြစ်သွားကြမှာပဲ။ ရှင် အကျိုးဆက်တွေကို မတွေးခဲ့ဘူးလား”

ကွမ်းပင်းနယ်စားသည် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ "ငါက ကွေ့ဖေးကိုယ်စား ဒေါသထွက်တာကို ဖြေရှင်းပေးမလို့ပဲ တွေးခဲ့တာ။ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ဘယ်မှာ ထင်ထားခဲ့မှာလဲ”

ဟွန်း!

ကွမ်းပင်းနယ်စားကတော်သည် သည်းမခံနိုင်တော့ဘဲ 'ဟွန်း' ခနဲ နှာခေါင်းရှုံ့လိုက်လေသည်။ "အခု ဒါတွေ လာပြောနေလို့ ဘာအသုံးဝင်တော့မှာလဲ။ ဘယ်လို ပြန်ပြင်ဆင်ရမလဲဆိုတာကိုပဲ မြန်မြန် စဉ်းစားတာကမှ ကောင်းဦးမယ်။ ဒုတိယမင်းသားက တရားရေးဌာနကို မျက်စိဒေါက်ထောက် ကြည့်နေတာ။ တရားရေးဌာနဘက်က မကြာခင် အဖြစ်မှန်ကို အကုန်လုံး ရှင်းရှင်းလင်းလင်း သိသွားကြတော့မှာ”

"ကွေ့ဖေးက မနေ့က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတယ်။ ကတ်ကြေးနဲ့ သူ့နှလုံးကို ထိုးတာတဲ့။ ကြားရတာ အခုထိ သတိမရသေးဘူးတဲ့။ ပထမမင်းသားနဲ့ ကျင့်အန်းကုန်းကျူလဲ ဝမ်ဟွာခန်းမဆောင်အပြင်မှာ ဒူးထောက်နေကြတယ်။ ဟုတ်သားပဲ၊ အဲ့ဒီ အပျိုတော်ယန်ကလဲ လမစေ့ဘဲ မီးဖွားပြန်ပြီ”

တကယ့်ကို ရှုပ်ထွေးပွေလီနေသော အခြေအနေပင်!

သည်အချိန်တွင် အပျိုတော်ယန် လမစေ့ဘဲ မီးဖွားသည့်ကိစ္စကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဂရုမစိုက်ကြပေ။

အကယ်၍ မုန့်ကွေ့ဖေးသာ သေဆုံးသွားခဲ့လျှင် ပထမမင်းသား၏ အသင်းသည် ချက်ချင်းပင် ကောင်းကင်ကို ထောက်မထားသည့် သစ်ပင်ကြီးတစ်ပင်ကို ဆုံးရှုံးလိုက်ရသကဲ့သို့ ဖြစ်သွားပေမည်။ အနာဂတ်လမ်းခရီးသည် မည်မျှ ခက်ခဲကြမ်းတမ်းမည်ကို မသိနိုင်တော့ချေ။ သာမန် မိဖုရားငယ်တစ်ဦးမှ မွေးဖွားလာမည့် တော်ဝင်မြေးတော်တစ်ပါးသည်လည်း အရေးမပါတော့ပေ။

ကွမ်းပင်းနယ်စားသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ "ငါ အခုပဲ နန်းတော်ထဲ ဝင်တော့မယ်”

ကွမ်းပင်းနယ်စားကတော်သည် စိတ်မလုံမခြုံ ဖြစ်သွားပြန်ပြီး အလျင်အမြန် တိုးတိုးလေး ပြောလိုက်လေသည်။ "ရှင် ဒီကိစ္စအားလုံးကို ဝင်ပြီး တာဝန်ယူမလို့တော့ မဟုတ်ပါဘူးနော်။ ကွေ့ဖေးက အရှင်မင်းကြီးရဲ့ နှလုံးသားထဲက လူလေ။ အရှင်မင်းကြီးက ခဏလောက် ဒေါသထွက်နေပေမဲ့ ကွေ့ဖေးသာ သတိရလာခဲ့ရင် ပြန်ပြီး နာလန်ထူနိုင်မဲ့ နေ့တစ်နေ့ ရှိလာမှာပဲ။ ကျွန်မတို့ မုန့်မိသားစုတစ်စုလုံးက ရှင့်ကိုပဲ အားကိုးနေရတာ။ ရှင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် အဓိကထားရမယ်နော်”

ကွမ်းပင်းနယ်စား၏ မျက်နှာထားသည် ခက်ထန်နေပြီး နောက်ထပ် စကားမဆိုတော့ဘဲ ထရပ်ကာ ထွက်ခွာသွားလေသည်။

ကွမ်းပင်းနယ်စားကတော်သည် ထိုင်ခုံလက်တန်းကို ဆုပ်ကိုင်ရင်း ဖြည်းညှင်းစွာ ထိုင်ချလိုက်ကာ သူမ၏ စိတ်နှလုံးတစ်ခုလုံးသည် ဗလာနတ္ထိဖြစ်ကာ မှောင်မိုက်သွားတော့သည်။

...

လုအိမ်တော်။

ရှောင်ယွမ်သည် ခြံဝင်းထဲသို့ အလျင်အမြန် ဝင်လာခဲ့ပြီး တံခါးစောင့် အပျိုတော်ကို အသံတိုးတိုးဖြင့် ပြောလိုက်၏။ "ငါ့အတွက် သတင်းပို့ပေးပါဦး။ ဟွမ်စစ်ဖေးညန်ညန်ကို လျှောက်တင်စရာ ကိစ္စရှိတယ်လို့ ပြောပေး”

ချီယွင် ရရှိထားသည့် ဒဏ်ရာမှာ အမှန်တကယ်ပင် မပြင်းထန်ဘဲ ယခုအခါ အိပ်ရာထက်တွင် လဲလျောင်းကာ ဒဏ်ရာကို ကုသနေရသည်။

တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေသူမှာ လုမင်ယွိ၏ အခြားသော အပါးတော်မြဲ အပျိုတော် ချင်းအာ ဖြစ်လေသည်။

ချင်းအာက 'ဟုတ်ကဲ့' ဟု ဖြေကြားလိုက်ပြီး တံခါးကို ညင်သာစွာ တွန်းဖွင့်ကာ အိပ်ရာနားသို့ လျှောက်သွားလိုက်သည်။ "ဟွမ်စစ်ဖေးညန်ညန်၊ ရှောင်ယွမ်ကုန်းကုန်းက လျှောက်တင်စရာ ကိစ္စရှိပါတယ်တဲ့”

လုမင်ယွိသည် အိပ်ရာထက်တွင် နှစ်ရက်နှင့် နှစ်ညတိုင်တိုင် လဲလျောင်းနေခဲ့ပြီး ဝမ်းဗိုက်ထဲမှ ရံဖန်ရံခါ စူးခနဲ နာကျင်မှုသည် တဖြည်းဖြည်း သက်သာလာခဲ့သည်။ အပြင်ဘက်မှ ရှုပ်ထွေးပွေလီမှုများကို လူတိုင်းက တညီတညွတ်တည်း နှုတ်ဆိတ်နေကြပြီး လုမင်ယွိကလည်း များများစားစား မေးမြန်းခြင်း မရှိခဲ့ပေ။

ရှောင်ယွမ်သည် လီကျင့်၏ ကိုယ်ရံတော် ကုန်းကုန်းဖြစ်ရာ သည်အချိန်တွင် အရေးကြီးသော သတင်းကို သယ်ဆောင်လာသည်မှာ သေချာလေသည်။

လုမင်ယွိက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အိပ်ရာထက်တွင် ထထိုင်လိုက်သည်။ "ရှောင်ယွမ်ကို ဝင်လာခိုင်းလိုက်!"

ရှောင်ယွမ်သည် လျင်မြန်စွာ ဝင်ရောက်လာခဲ့ပြီး "ကျွန်တော်မျိုး အရှင်မင်းသားရဲ့ အမိန့်တော်အရ သတင်းပြန်ပို့ဖို့ လာခဲ့တာပါ” ထို့နောက်တွင် တရားရေးဌာနမှ နောက်ဆုံး စစ်ဆေးတွေ့ရှိထားသည့် ကိစ္စရပ်များကို ပြောပြပြီး နန်းတော်ထဲတွင် ဖြစ်ပွားခဲ့သည့် ကိစ္စများကိုလည်း တစ်ခုချင်းစီ လျှောက်တင်လိုက်လေသည်။

အမှန်တကယ်ပင် မုန့်ကွေ့ဖေးက လက်စွမ်းပြခဲ့ခြင်းပင်။

လုမင်ယွိသည် ထိုအဖြေကို ကြားရသော်လည်း အံ့အားသင့်မသွားခဲ့ပေ။ သို့သော် မုန့်ကွေ့ဖေး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သည့် သတင်းကတော့ လုမင်ယွိကို မျက်မှောင်ကြုတ်သွားစေပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးများကို ဆန့်တန်းကာ ကုတင်ဘောင်ကို ညင်သာစွာ ခေါက်နေမိစေသည်။

မဖြစ်ဘူး။ မုန့်ကွေ့ဖေး ဒီအတိုင်း သေသွားလို့ မဖြစ်ဘူး။

မုန့်ကွေ့ဖေးက ရက်စက်ကြမ်းကြုတ်စွာ အမှားကြီးကြီးမားမား ကျူးလွန်ခဲ့ခြင်းက ရှင်းလင်းနေသော်လည်း သူမသာ သေဆုံးသွားခဲ့လျှင် လုမိသားစုနှင့် ချောင်မိသားစုတို့ ပူးပေါင်းကာ မုန့်ကွေ့ဖေးကို သေအောင် တွန်းပို့ခဲ့ကြသည်ဟု ဖြစ်သွားပေလိမ့်မည်။ ယုံးကျားဧကရာဇ်က ယခုအချိန်တွင် စိတ်မာထားပြီး ယန်ရှီနန်းဆောင်သို့ မသွားဘဲ နေသည်ကို ကြည့်မနေပါနှင့်။ ယုံးကျားဧကရာဇ်၏ မုန့်ကွေ့ဖေးအပေါ် ထားရှိသည့် သံယောဇဉ်အရ မုန့်ကွေ့ဖေးသာ အသက်ထွက်သွားခဲ့လျှင် သည်အပြစ်တင်မှုကို လုမိသားစုနှင့် ချောင်မိသားစုတို့၏ ခေါင်းပေါ်သို့ ချက်ချင်း ပုံချပေလိမ့်မည်။

ထိပ်ဆုံးမှ ရင်ဆိုင်ရမည့်သူများမှာ ချောင်မိဖုရားခေါင်နှင့် လီကျင့်တို့ သားအမိပင် ဖြစ်လေသည်။

ရှောင်ယွမ်က ဆက်လက် လျှောက်တင်သည်။ "အရှင်မင်းသားက ပြောလိုက်ပါတယ်။ ဟွမ်စစ်ဖေးညန်ညန်ကို စိတ်အေးလက်အေး ကိုယ်ဝန်ကိုပဲ ဂရုစိုက်နေဖို့ပါ။ နန်းတော်ထဲက ကိစ္စတွေကို စိတ်ပူနေစရာ မလိုပါဘူးတဲ့။ အရာအားလုံးကို အရှင်မင်းသား တာဝန်ယူပါလိမ့်မယ်”

လုမင်ယွိသည် တခဏအတွင်းမှာပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ "ကျွန်မ အခုပဲ နန်းတော်ထဲ ဝင်မယ်”

ရှောင်ယွမ်: "..."

ရှောင်ယွမ်သည် ထိတ်လန့်လွန်းသဖြင့် ဦးရေပြားပင် ထုံကျင်သွားပြီး အလျင်အမြန် ဒူးထောက်ချလိုက်တော့သည်။ "ဟွမ်စစ်ဖေးညန်ညန် ဒီအတွေးကို ဖျောက်ဖျက်တော်မူပါ! အခု နန်းတော်ထဲမှာ ရှုပ်ယှက်ခတ်နေတာပါ။ အရှင်မင်းကြီးက ဝမ်ဟွာခန်းမဆောင်ထဲမှာပဲ နေပြီး ဘယ်သူ့ကိုမှ မတွေ့ပါဘူး။ ပထမမင်းသားနဲ့ ကျင့်အန်းကုန်းကျူလဲ ဒူးထောက်နေတာ နေ့တစ်ဝက်လောက် ရှိနေပြီ။ မုန့်ကွေ့ဖေးကလဲ အခုထိ သတိမရသေးဘူး။ အဲ့ဒီ အပျိုတော်ယန်ကလဲ မီးဖွားရ ခက်ခဲနေတယ်... ဟွမ်စစ်ဖေးညန်ညန် ဒီလိုအချိန်မျိုးမှာ နန်းတော်ထဲ လုံးဝ ဝင်လို့ မဖြစ်ပါဘူး”

လုမင်ယွိသည် အိပ်ရာထက်မှ ဆင်းနှင့်ပြီးနေပြီဖြစ်ကာ မိမိဖိနပ်ကို မိမိဘာသာ ဝတ်ဆင်ရင်း ပါးစပ်ဖွင့်ကာ အမိန့်ပေးလိုက်သည်။ "ဘယ်သူ ရှိလဲ။ မြင်းလှည်း ပြင်ဆင်လိုက်။ ကျွန်မ နန်းတော်ထဲ ဝင်မယ်”

ရှောင်ယွမ်မှာ ငိုချင်စိတ်ပင် ပေါက်လာသည်။ "ညန်ညန်..."

"မရှင် ကျွန်မနဲ့အတူတူ နန်းတော်ထဲ လိုက်ခဲ့” လုမင်ယွိ၏ အကြည့်သည် ငိုမဲ့မဲ့ ဖြစ်နေသော ရှောင်ယွမ်ကို ဖြတ်ကျော်သွားပြီး သူမ၏ တည်ငြိမ်သော လေသံထဲတွင် ငြင်းဆန်၍မရနိုင်သော အေးဆေးတည်ငြိမ်မှုတို့ ပါဝင်နေသည်။

ရှောင်ယွမ်သည် မနာခံဘဲ မနေဝံ့သဖြင့် မျက်နှာငယ်လေးဖြင့် ပြန်ဖြေလိုက်ရတော့သည်။ "ဟုတ်ကဲ့ပါ။ ညန်ညန်က နန်းတော်ထဲ ဝင်ဖို့ ဇွတ်တောင်းဆိုနေမှတော့ ကျွန်တော်မျိုးလဲ ဒီအသက်ကို မမှုတော့ဘဲ ညန်ညန်နဲ့အတူတူ နန်းတော်ထဲ လိုက်ခဲ့ပါ့မယ်”

လုမင်ယွိက နှုတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး ခပ်ပေါ့ပေါ့ ပြောလိုက်လေသည်။ "စိတ်ချပါ။ အရှင်မင်းသား သိသွားရင်တောင် မင်းကို အပြစ်တင်မှာ မဟုတ်ဘူး”

...

လုမင်ယွိ နန်းတော်ထဲ ဝင်မည်ကို ဘယ်သူကမှ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

လုမင်ဖန်းသည် ထပ်ခါတလဲလဲ မှာကြားရုံသာ တတ်နိုင်တော့သည်။ "နန်းတော်ထဲ ရောက်သွားရင် စိတ်လိုက်မာန်ပါ မလုပ်နဲ့။ ဘာပဲ လုပ်လုပ်၊ ဘာပဲ ပြောပြော၊ အရင်ဆုံး ဗိုက်ထဲက ကလေးကို အရင် စဉ်းစား”

လုမင်ယွိက တစ်ခုချင်းစီ ခေါင်းညိတ်လိုက်ပြီး သူမ၏ လက်ကို ဆန့်တန်းကာ ဝမ်းဗိုက်ကို ပွတ်သပ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "သာ့ကျဲ စိတ်ချပါ။ ကိုယ့်ခန္ဓာကိုယ်အကြောင်း ကိုယ် အသိဆုံးပါ။ တကယ်လို့ မခံနိုင်တော့ဘူးဆိုရင် ကျွန်မ ချက်ချင်း ပြန်လာခဲ့မယ်”

လူတိုင်း၏ စိုးရိမ်ပူပန်သော အကြည့်များကြားတွင် မြင်းလှည်းသည် နန်းတော်ဆီသို့ ထွက်ခွာသွားလေသည်။

လုမင်ယွိ နန်းတော်တံခါးကို ဖြတ်ကျော်ဝင်ရောက်သည့် အချိန်သည် မွန်းတည့်ချိန်နီးပါး ဖြစ်နေလေပြီ။

သူမသည် ကျောင်းဖန်နန်းဆောင်သို့ မသွားခဲ့သလို၊ ယန်ရှီနန်းဆောင်သို့လည်း မသွားခဲ့ဘဲ ဝမ်ဟွာခန်းမဆောင်သို့ တိုက်ရိုက် သွားရောက်လိုက်လေသည်။

နေသည် အလွန်ပင် ပြင်းထန်နေပြီး ကျောက်စိမ်းများဖြင့် ခင်းကျင်းထားသော မာကျောသည့် မြေပြင်သည် နေရောင်ကြောင့် ပူလောင်နေသည်။ ပထမမင်းသားနှင့် ကျင့်အန်းကုန်းကျူ မောင်နှမနှစ်ဦးသည် ဘေးချင်းယှဉ်လျက် ဒူးထောက်နေကြ၏။ ပထမမင်းသားသည် နေ့တစ်ဝက်နီးပါး ဒူးထောက်ထားခဲ့သဖြင့် ဒူးများမှာ ထုံကျင်နေလေပြီ။ သိပ်မချောမောလှသော မျက်နှာသည် မှောင်မိုက်နေလေသည်။

ကျင့်အန်းကုန်းကျူသည် ဒူးထောက်သည့်အချိန် မကြာသေးသော်လည်း မိန်းကလေးတစ်ဦး၏ ခန္ဓာကိုယ်မှာ နူးညံ့သိမ်မွေ့သဖြင့် ပထမမင်းသားထက်ပင် ပို၍ ပင်ပန်းနွမ်းနယ်နေဟန် ပေါက်လို့နေသည်။ ဖြူနုသော မျက်နှာလှလှလေးမှာ နေလောင်၍ နီရဲနေပြီး မျက်နှာပေါ်တွင် မျက်ရည်လမ်းကြောင်းများ အပြည့်ဖြစ်နေတော့သည်။

ခြေသံကို ကြားလိုက်ရသဖြင့် မောင်နှမနှစ်ဦးသည် အလိုအလျောက် မော့ကြည့်လိုက်ကြ၏။

ထို့နောက်တွင်တော့ ဤအချိန်၌ လုံးဝ မပေါ်လာသင့်သော အရိပ်တစ်ခုကို တွေ့မြင်လိုက်ရလေသည်။

"လုမင်ယွိ!" ပထမမင်းသားသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အာမေဋိတ်သံ ပြုလိုက်မိသည်။ "မင်း ဘာလို့ နန်းတော်ထဲ ဝင်လာတာလဲ”

ဒုက္ခရောက်နေချိန် အခွင့်ကောင်းယူပြီး ထပ်နင်းဖို့ လာတာလား!

ကျင့်အန်းကုန်းကျူ၏ ခန္ဓာကိုယ်သည် အနည်းငယ် ယိမ်းယိုင်သွားပြီး ဆက်လက် မခံနိုင်တော့သည်မှာ ထင်ရှားနေသည်။ သူမက လုမင်ယွိကို တောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ "အာ့စောင်၊ ကျွန်မ တောင်းပန်ပါတယ်။ ဖုဟွမ်ကို ကူပြီး ပြောပေးပါဦး! မူဖေးက အာ့စောင်ကို မှားခဲ့ပါတယ်။ မူဖေး သတိရလာရင် အာ့စောင်ကို သေချာပေါက် လာတောင်းပန်ပြီး အပြစ်ဝန်ခံပါလိမ့်မယ်”

ထိုသို့ပြောရင်း မျက်ရည်ပူနှစ်ကြောင်းသည် ပါးပြင်ပေါ်သို့ ထပ်မံ စီးကျလာပြန်သည်။

လုမင်ယွိသည် ဘာမှ ပြန်မပြောဘဲ တံခါးစောင့် ကုန်းကုန်းကိုသာ ပြောလိုက်သည်။ "ခန်းမဆောင်ထဲ ဝင်ပြီး သတင်းပို့လိုက်။ ချွေးမတော် လုရှီက ဖုဟွမ်ကို တွေ့ခွင့်တောင်းနေတယ်လို့ လျှောက်တင်လိုက်!"

...

အပိုင်း (၂၄၀) လှိုင်းတံပိုးများ

လက်ဖက်ရည်တစ်ခွက် သောက်သုံးချိန်မျှ ကြာသောအခါ လျိုကုန်းကုန်း ထွက်လာခဲ့၏။ သူသည် ခန်းမဆောင်အပြင်ဘက်တွင် ရပ်စောင့်နေသော လုမင်ယွိကို တစ်ချက်တည်း လှမ်းမြင်လိုက်လေသည်။

လျိုကုန်းကုန်း၏ စိတ်အခြေအနေသည်လည်း အလွန် ရှုပ်ထွေးနေပြီး လုမင်ယွိ နန်းတော်ထဲသို့ အဘယ်ကြောင့် ဝင်လာသည်ကို တခဏမျှ နားမလည်နိုင် ဖြစ်သွားခဲ့သည်။ သူသည် သတိကြီးသောသူတစ်ဦး ဖြစ်သည့်အလျောက် ဤသို့သာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီးက အာ့ဟွမ်စစ်ဖေးညန်ညန်ကို ခန်းမဆောင်ထဲ ဝင်ဖို့ အမိန့်ရှိလိုက်ပါတယ်”

မနေ့ညမှ ယခုအချိန်အထိ ယုံးကျားဧကရာဇ်သည် ဝမ်ဟွာခန်းမဆောင်သို့ လူကို ဝင်ရောက်ခွင့်ပြုခြင်းမှာ ဒါသည် ပထမဆုံးအကြိမ်ပင်။

ပထမမင်းသားသည် မိမိ၏စိတ်ထဲတွင် မည်သို့သော ခံစားချက်မျိုး ဖြစ်ပေါ်နေသည်ကို မပြောပြတတ်ဘဲ လုမင်ယွိ ဝမ်ဟွာခန်းမဆောင်ထဲသို့ ဝင်ရောက်သွားသည်ကို မျက်စိအမြင်အာရုံထဲတွင်ပင် ကြည့်နေလိုက်ရလေသည်။

ကျင့်အန်းကုန်းကျူက ငိုကြွေးလျက် ပြောလိုက်သည်။ "သာ့ကော၊ အာ့စောင်က မယ်တော်မိဖုရားအတွက် အသနားခံပေးမှာလားဟင်”

ပထမမင်းသားက တိုးတိုးလေး ရေရွတ်လိုက်၏။ "ငါလဲ သူ ဘာလုပ်မလို့လဲဆိုတာ သဘောမပေါက်နိုင်ဘူး”

ကျင့်အန်းကုန်းကျူ၏ စိတ်နှလုံးတစ်ခုလုံးသည် ကြောက်ရွံ့ထိတ်လန့်မှု၊ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေပြီး တစ်စုံတစ်ခု ပြောရန် ကြံရွယ်လိုက်စဉ် ရုတ်တရက် သူမ၏ မျက်စိရှေ့တွင် အမှောင်ကျသွားကာ ထိုအတိုင်း သတိလစ် မေ့မြောသွားလေသည်။ ပထမမင်းသားက ခြေမြန်လက်မြန်ဖြင့် ကျင့်အန်းကုန်းကျူကို အချိန်မီ ဖမ်းထိန်းလိုက်လေသည်။

ဘေးနားရှိ ကုန်းကုန်းများနှင့် အပျိုတော်များက အလျင်အမြန် တိုးလာကြပြီး ကျင့်အန်းကုန်းကျူကို သယ်ဆောင်သွားကြလေသည်။

ပထမမင်းသားသည် စိတ်ထဲမှ ခါးသီးနာကျင်မှုကို မျိုသိပ်လိုက်ပြီး ကူကယ်ရာမဲ့စွာ ဆက်လက် ဒူးထောက်နေလိုက်ရသည်။

မကြာမီပင် အခြား ရင်းနှီးသော အရိပ်တစ်ခုသည် ပထမမင်းသား၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။

ပထမမင်းသား မော့ကြည့်လိုက်ရာ စိတ်ထဲတွင် တုန်လှုပ်သွား၏။ "ဘကြီး၊ ဘကြီး ဘယ်လိုလုပ် ရောက်လာတာလဲ”

လာသူမှာ အခြားသူမဟုတ်၊ မုန့်ကွေ့ဖေး၏ အစ်ကိုဖြစ်သူ၊ ပထမမင်းသား၏ မွေးမိခင်ဘက်မှ ဘကြီးတော်စပ်သူ ကွမ်းပင်းနယ်စား မုန့်ဟွေးပင် ဖြစ်လေသည်။

ကွမ်းပင်းနယ်စားသည် စစ်သူကြီးတစ်ဦး ဖြစ်သော်ငြား ချောမောခန့်ညားပြီး လွတ်လပ်ပေါ့ပါးဟန် ရှိသူဖြစ်ရာ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အမြဲတမ်း တောက်ပလင်းလက်နေတတ်သည်။ ဤအချိန်တွင်တော့ မျက်နှာတစ်ခုလုံး ဖုန်မှုန့်များ လူးကပ်နေပြီး ကံဆိုးမိုးမှောင်ကျနေသည့် အရိပ်အယောင်များ ထွက်ပေါ်နေလေသည်။

ကွမ်းပင်းနယ်စားက အသံတိုးတိုးဖြင့် မေးလိုက်၏။ "မင်း ဒူးထောက်နေတာ ဘယ်လောက်ကြာပြီလဲ။ အရှင်မင်းကြီးက မင်းကို အတွေ့မခံသေးဘူးလား”

ပထမမင်းသားက သက်ပြင်းတစ်ချက် ချလိုက်ပြီး အသံကို နှိမ့်ကာ ပြန်ဖြေလိုက်သည်။ "ကျွန်တော် မိုးလင်းတာနဲ့ ရောက်လာတာ၊ တစ်မနက်လုံး ဒူးထောက်နေခဲ့ပြီ။ ဖုဟွမ်က ကျွန်တော့်ကို လုံးဝ အတွေ့မခံဘူး။ ကျင့်အန်းလဲ နေ့တစ်ဝက်လောက် ဒူးထောက်နေခဲ့တယ်၊ ခုနက သတိလစ်သွားလို့ အိပ်ဆောင်ကို ပြန်သယ်သွားကြပြီ”

ခဏလောက် ရပ်တန့်ပြီးနောက် သူက ထပ်ပြောလိုက်လေသည်။ "အာ့တိမေ့လဲ နန်းတော်ထဲ ဝင်လာတယ်၊ ခုနကပဲ ဖုဟွမ်က သူ့ကို ဝမ်ဟွာခန်းမဆောင်ထဲ ဝင်ခိုင်းလိုက်ပြီ”

ဘာ!

ကွမ်းပင်းနယ်စား၏ မျက်နှာရောင်သည် ရုတ်ချည်း ပြောင်းလဲသွားလေသည်။

သည်အချိန်အထိ ရောက်လာမှတော့ ပထမမင်းသားအနေဖြင့် အဘယ်အရာကို နားမလည်နိုင်စရာ ရှိတော့မည်နည်း။ မုန့်ကွေ့ဖေးက လုမင်ယွိကို နောက်ကွယ်မှ လက်စွမ်းပြခဲ့စဉ်တွင် သူသည် သားအရင်း ဖြစ်ပါလျက် မသိရှိခဲ့ပေ။ "လက်စွမ်းပြ" ပေးခဲ့သူမှာ ကွမ်းပင်းနယ်စားမှလွဲ၍ အခြားသူ မည်သူ ရှိနိုင်ဦးမည်နည်း။

"ဘကြီး၊ ဘကြီးလဲ ဒီမှာ အရင် ဒူးထောက်လိုက်ပါဦး!" ပထမမင်းသား၏ အသံထဲတွင် မတတ်သာသည့် အရိပ်အယောင်များ ပါဝင်နေသည်။ "ဖုဟွမ် ထွက်လာတဲ့အချိန်ကျမှ ဘကြီး ဒီနေရာမှာ ဒူးထောက်ပြီး အပြစ်ဝန်ခံနေတာကို တွေ့ရင် အပြစ်ဒဏ်ကို လျှော့ပေါ့ပေးကောင်း ပေးနိုင်ပါသေးတယ်”

ရှေ့နောက်ဆက်စပ် တွေးတောကြည့်သော်လည်း လောလောဆယ်တွင် ကောင်းမွန်သော နည်းလမ်း တစ်စုံတစ်ရာ မရှိသေးပေ။ ကွမ်းပင်းနယ်စားသည်လည်း မတတ်သာဘဲ အတူတကွ ဒူးထောက်လိုက်ရတော့သည်။

...

ဝမ်ဟွာခန်းမဆောင်ထဲတွင်တော့ အခြားသော မြင်ကွင်းတစ်ခု ဖြစ်နေပြန်သည်။

လုမင်ယွိသည် ပင်မခန်းမဆောင်ထဲသို့ ဝင်ရောက်ပြီးနောက် အရင်ဆုံး ဒူးကွေးညွှတ်ကာ အရိုအသေပြုလိုက်သည်။ "အာရှီ လုရှီ၊ ရုတ်တရက် အနှောင့်အယှက်ပေးမိတာကို ဖုဟွမ်က တွေ့ဆုံခွင့် ပေးတဲ့အတွက် ကျေးဇူးတင်လှပါတယ်”

ခြောက်ကပ်ကပ် အသံတစ်ခု ထွက်ပေါ်လာသည်။ "ထပါ”

လုမင်ယွိက ကျေးဇူးတင်စကား ဆိုပြီးနောက် မတ်တပ်ထရပ်လိုက်ကာ အကြည့်တစ်ချက် ဝေ့ဝဲကြည့်လိုက်ရာ ထင်မှတ်ထားသည့်အတိုင်းပင် ပင်ပန်းနွမ်းနယ်နေသော သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ဦးကို တွေ့မြင်လိုက်ရလေသည်။

သည်အခိုက်အတန့်တွင် မြင့်မြတ်လှသော ဧကရာဇ်မင်းသည်လည်း သာမန်ယောက်ျားတစ်ဦးကဲ့သို့ပင် အိမ်တွင်းရေးကိစ္စများကြောင့် စိတ်သောကရောက်ကာ နာကျင်ခံစားနေရလေသည်။

သူသည် တစ်ညလုံး မအိပ်စက်ရသေးဘဲ မနေ့ညမှ ယခုအချိန်အထိ ရေတစ်စက်ပင် မသောက်သုံးရသေးရာ မျက်ဝန်းထဲတွင် သွေးကြောမျှင်များ ပြည့်နှက်နေလေသည်။ ဆူးနွယ်ခြုံထဲတွင် ပိတ်မိနေသော သားရဲတစ်ကောင်ပမာ အတားအဆီးကို မဖောက်ထွက်နိုင်ဘဲ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသကဲ့သို့ပင်။

ကြည့်စမ်းပါလေ။ ဧကရာဇ်မင်း ဖြစ်နေရင်တောင်မှပဲ အရာရာတိုင်းက စိတ်တိုင်းကျ ဖြစ်နိုင်တာမှ မဟုတ်တာ။

လုမင်ယွိသည် အကျိုးအပြစ်တို့ကို ကြိုတင် ချိန်ဆပြီးသားဖြစ်ရာ အသံတိုးတိုးဖြင့် နှုတ်ဖွင့် လျှောက်တင်လိုက်သည်။ "နန်းတော်ထဲက ရှုပ်ထွေးမှုတွေ အားလုံးက အာရှီကြောင့် ဖြစ်ပေါ်လာရတာပါ။ အာရှီ ဖုဟွမ်ကို လာရောက် တွေ့ဆုံခွင့် တောင်းတာက ဖုဟွမ်ကို ယန်ရှီနန်းဆောင်ကို ကြွတော်မူဖို့ တောင်းဆိုချင်လို့ပါပဲ။ ကွေ့ဖေးညန်ညန်က အမှားရှိတယ် ဆိုဦးတော့ သေလောက်တဲ့ အပြစ်ဒဏ်မျိုးတော့ မဟုတ်သေးပါဘူး”

ယုံးကျားဧကရာဇ်: "..."

ယုံးကျားဧကရာဇ်၏ အမူအရာသည် မျက်စိဖြင့် မြင်သာအောင်ပင် ချက်ချင်း ပျော့ပျောင်းသွားသည်။ "ကွေ့ဖေးက နောက်ကွယ်ကနေ အကွက်ချပြီး မင်းကို လမ်းမပေါ်မှာ လူလွှတ် လုပ်ကြံခဲ့တာ၊ မင်း သူ့ကို မမုန်းဘူးလား”

လုမင်ယွိက မဆိုင်းမတွပင် ပြန်လည် ဖြေကြားလိုက်သည်။ "မုန်းတာပေါ့။ အံကြိတ်မတတ်အောင် မုန်းပါတယ်။ ချက်ချင်း ဖယ်ရှားပစ်လိုက်ချင်တဲ့အထိ မုန်းတာပါ”

"ဒါပေမဲ့ စိတ်အေးအေးထားပြီး ပြန်စဉ်းစားကြည့်တော့ အာရှီက ကြီးကြီးမားမား ထိခိုက်သွားတာမှ မဟုတ်တာပဲ။ ကွေ့ဖေးသာ ဒီအတိုင်း သေဆုံးသွားခဲ့ရင် ဒီအသက်တစ်ချောင်းက အာရှီနဲ့ မမွေးသေးတဲ့ ကလေးရဲ့ အပေါ်မှာ ဖိအားတစ်ခုလို ဖြစ်သွားလိမ့်မယ်။ အာရှီက လူတွေရဲ့ ကဲ့ရဲ့စကားကို မကြောက်ပေမဲ့ ကိုယ့်ကလေးအတွက်တော့ ကောင်းမှုကုသိုလ်တွေ စုဆောင်းပေးချင်မိတယ်”

"အာရှီက ဖုဟွမ်ကို ယန်ရှီနန်းဆောင်ကို တစ်ခေါက် ကြွတော်မူဖို့ လေးလေးနက်နက် တောင်းပန်ပါတယ်။ ကွေ့ဖေးညန်ညန်ကို ကယ်တင်လို့ သတိပြန်ရလာတဲ့အခါကျမှ ဘယ်လို အပြစ်ပေးမလဲ ဆိုတာက အနာဂတ်ရဲ့ ကိစ္စတွေပါ။ အာရှီက မိသားစုတစ်စုတည်း ဒီလိုအခြေအနေမျိုးအထိ ရောက်သွားတာကို တကယ်ပဲ မမြင်ချင်ပါဘူး”

ယုံးကျားဧကရာဇ်သည် ယန်ရှီနန်းဆောင်သို့ မသွားချင်သည်မှာ မဟုတ်တန်ရာ။ သူသည် ဤကဲ့သို့သော အခြေအနေပေးတစ်ခုကိုသာ လိုအပ်နေခဲ့ခြင်းသာပင်။

အမှန်ပင် လုမင်ယွိ၏ ဤစကားများက ယုံးကျားဧကရာဇ်၏ နှလုံးသားထဲသို့ တည့်တည့်မတ်မတ် ရောက်ရှိသွားခဲ့သည်။ ယုံးကျားဧကရာဇ်၏ အမူအရာသည် အနည်းငယ် ပိုပြီး နူးညံ့သွားပြန်သည်။ "လုရှီ၊ ကျန်း အရင်တုန်းက မင်းရဲ့ စိတ်ဓာတ်က နည်းနည်း မာကျောလွန်းတယ်လို့ ထင်ခဲ့မိတယ်။ ဒီနေ့မှပဲ မင်းက ဒီလောက်တောင် သဘောထားကြီးပြီး ခွင့်လွှတ်တတ်တယ်ဆိုတာ သိတော့တယ်”

မဟုတ်ဘူး။ သူမက ဘယ်တုန်းကမှ သဘောထားကြီးပြီး ခွင့်လွှတ်တတ်တဲ့သူ မဟုတ်ဘူး။

သူမက ချောင်မိဖုရားခေါင်နဲ့ လီကျင့်ကို ဒီကိစ္စမှာ ပါဝင်ပတ်သက်စေချင်တာ မဟုတ်ဘူး။ အခုလို ကောင်းမွန်နေတဲ့ အခြေအနေကြီးကို တစ်ခဏအတွင်း ပျက်စီးသွားစေချင်တာ မဟုတ်ဘူး။ မုန့်ကွေ့ဖေးက ဒီအချိန်ကစပြီး ယုံးကျားဧကရာဇ်ရဲ့ နှလုံးသားထဲက ထိတွေ့လို့မရတဲ့ နီစွေးစွေး မှဲ့နီလေးတစ်ခု ဖြစ်သွားမှာကို မလိုလားတာ။

မုန့်ကွေ့ဖေး သေလို့မဖြစ်ဘူး။ သူ ကောင်းကောင်းမွန်မွန် အသက်ရှင်နေရမယ်။ ယုံးကျားဧကရာဇ်နဲ့ သံယောဇဉ်တွေ ကုန်ခန်းသွားပြီး အချင်းချင်း အပြန်အလှန် မုန်းတီးသွားကြမယ့် နေ့တစ်နေ့အထိ သူ အသက်ရှင်နေရမယ်။

လုမင်ယွိက နောက်တစ်ကြိမ် အရိုအသေပြုလိုက်ပြန်သည်။ "ဖုဟွမ်က ဒီလောက်တောင် ချီးကျူးနေမှတော့ အာရှီလဲ မျက်နှာပြောင်ပြောင်နဲ့ပဲ လက်ခံလိုက်ပါ့မယ်။ ဖုဟွမ်က အာရှီကို ဆုချီးမြှင့်ချင်တယ်ဆိုရင်လဲ ကွေ့ဖေး သတိရလာတဲ့အထိ စောင့်ပြီးမှပဲ ချီးမြှင့်တော်မူပါ”

ယုံးကျားဧကရာဇ်သည် တွေဝေမနေတော့ဘဲ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ယန်ရှီနန်းဆောင်သို့ ကြွချီရန် အမိန့်ပေးလိုက်လေသည်။

လျိုကုန်းကုန်းသည် စိတ်ထဲမှနေ၍ ထက်မြက်လှသော ဒုတိယမင်းသားကြင်ရာတော်ကို လက်မထောင် ချီးကျူးလိုက်မိလေသည်။

...

ယုံးကျားဧကရာဇ်သည် ဝမ်ဟွာခန်းမဆောင်မှ လျင်မြန်စွာ ထွက်ခွာလာခဲ့ပြီး လျိုကုန်းကုန်းနှင့် ကုန်းကုန်းတစ်စုကလည်း အနီးကပ် လိုက်ပါလာကြသည်။

ခန်းမဆောင်အပြင်ဘက်တွင် ဒူးထောက်နေသော ပထမမင်းသားသည် ယုံးကျားဧကရာဇ်ကို မြင်လိုက်သည့် ခဏမှာပင် မျက်ရည်တို့သည် မထိန်းချုပ်နိုင်ဘဲ စီးကျလာတော့သည်။ "ဖုဟွမ်!"

ဖုဟွမ်သည် နောက်ဆုံးတွင် ယန်ရှီနန်းဆောင်သို့ ကြွချီရန် သဘောတူလိုက်ပြီ။

ယုံးကျားဧကရာဇ်သည် ပထမမင်းသားကို တစ်ချက် စွေကြည့်လိုက်သော်လည်း စကားတစ်ခွန်းလေးပင် မိန့်တော်မမူခဲ့ပေ။ ထို့နောက် သူ၏ အကြည့်တော်သည် ပထမမင်းသား၏ ဘေးနားရှိ ကွမ်းပင်းနယ်စားထံသို့ ကျရောက်သွားလေသည်။

ကွမ်းပင်းနယ်စားသည် ဓားသွားကဲ့သို့ ထက်ရှသော အကြည့်တော်နှစ်စုံ သူ၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်ကို ခံစားမိလိုက်ရပြီး ဧကရာဇ်၏ တန်ခိုးအရှိန်အဝါကြောင့် တစ်ချက် တုန်လှုပ်သွားလေသည်။

"ကွမ်းပင်းနယ်စား" ယုံးကျားဧကရာဇ်၏ အသံတော်သည် ပြင်းထန်သော ဆောင်းရာသီကဲ့သို့ အေးစက်နေပြီး ထွက်ပေါ်လာသော စကားလုံးတိုင်းသည် ရေခဲစများ သယ်ဆောင်လာသကဲ့သို့ ရှိသည်။ "မင်း ဒီနေရာမှာ ဒူးထောက်ပြီး ဘာလုပ်နေတာလဲ”

ကွမ်းပင်းနယ်စားက မော့ကြည့်ကာ ယုံးကျားဧကရာဇ်နှင့် အကြည့်ချင်း ဆုံလိုက်သည်။ "ကျွန်တော်မျိုး အရှင်မင်းကြီးထံ အပြစ်ဝန်ခံဖို့ လာခဲ့တာပါ! အာ့ဟွမ်စစ်ဖေးညန်ညန်ကို လုပ်ကြံတဲ့ကိစ္စက ကျွန်တော်မျိုးရဲ့ အကြံအစည်ပါ၊ ကွေ့ဖေးညန်ညန်နဲ့ ဘာမှ မပတ်သက်ပါဘူး။ ကွေ့ဖေးညန်ညန်က အစ်ကိုဖြစ်တဲ့ ကျွန်တော်မျိုးကို သနားလို့၊ တမင် ကာကွယ်ပေးချင်လို့သာ အရှင်မင်းကြီးနဲ့ စိတ်ဆိုးပြီး အချင်းများသွားတာပါ။ အရာအားလုံးက ကျွန်တော်မျိုးရဲ့ အမှားပါပဲ။ အရှင်မင်းကြီး အရင်ဆုံး ကွေ့ဖေးညန်ညန်ကို ကယ်တင်တော်မူပါ!"

ယုံးကျားဧကရာဇ်သည် တိတ်ဆိတ်သွားလေသည်။

ပထမမင်းသားသည်လည်း အံ့အားသင့်သွားခဲ့သည်။

ကွမ်းပင်းနယ်စားက ဤကဲ့သို့ ပြတ်ပြတ်သားသား အပြစ်ဝန်ခံလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ ထို့အပြင် မုန့်ကွေ့ဖေးအတွက်ပါ ဆင်ခြေပေး သွားသေးသည်။

လုမင်ယွိ ထွက်လာသည့်အချိန်တွင် ကွမ်းပင်းနယ်စား၏ ခိုင်မာပြတ်သားပြီး သံယောဇဉ်ကြီးမားလှသည့် စကားများကို အတိအကျ ကြားလိုက်ရရာ စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်မိလေသည်။

တော်လိုက်တဲ့ ကွမ်းပင်းနယ်စား! ဒါက ယုံးကျားဧကရာဇ်ရဲ့ စိတ်နေစိတ်ထားကို အတိအကျ နားလည်ပြီး ဒီအခွင့်အရေးကို အသုံးချပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းစင်အောင် လုပ်နေတာပဲ။ ညီမအရင်းကို တစ်စိတ်တစ်ပိုင်း ကာကွယ်ပေးချင်တဲ့ အစ်ကိုကောင်းတစ်ယောက်က မကောင်းတဲ့အကြံအစည် ရှိပြီး ဧကရာဇ်ရဲ့ အရိုက်အရာ ဆက်ခံမှုကိစ္စကို ဝင်ရောက်စွက်ဖက်ချင်တဲ့ မှူးမတ်တစ်ယောက်ထက် အများကြီး သာလွန်တာပေါ့။

လုမင်ယွိက ကွမ်းပင်းနယ်စားကို ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။ "နယ်စားကြီးက 'ထောင်ချောက်' ဆိုတဲ့ အဆိပ်ပြင်းကို ဘယ်နေရာကနေ ရှာဖွေတွေ့ရှိခဲ့တာလဲတော့ မသိဘူးနော်”

ကွမ်းပင်းနယ်စားသည် ချက်ချင်းပင် ဆွံ့အနေလေသည်။

"ကျွန်မက ကံကောင်းလွန်းလို့သာ သေရွာကနေ ပြန်လွတ်မြောက်လာခဲ့တာ” လုမင်ယွိ၏ အသံသည် အေးစက်သွားလေသည်။ "မဟုတ်လို့ရှိရင် အခု ဒီနေရာမှာ ဒူးထောက်ပြီး ဖုဟွမ်ကို တရားမျှတမှုအတွက် လာတောင်းဆိုနေရမယ့်သူက ကျွန်မရဲ့အဖေနဲ့ ဒုတိယမင်းသားတို့ ဖြစ်နေလောက်ပြီ”

သူမလို နစ်နာသူရဲ့ ရှေ့မှာတောင် ဘာတွေ လာပြီး ဟန်ဆောင်ကောင်းနေရတာလဲ။ ဘယ်လို မျက်နှာမျိုးနဲ့များလဲ။

ယုံးကျားဧကရာဇ်သည်လည်း သတိပြန်လည် ဝင်လာပြီး 'ဟမ့်' ခနဲ အသံပြင်းပြင်း နှာခေါင်းရှုံ့လိုက်လေသည်။ "ဒီကိစ္စကို ကျန်း ကိုယ်တိုင် အဖြစ်မှန် ပေါ်အောင် စစ်ဆေးမယ်! မင်း ဒီနေရာမှာ ဒူးထောက်မနေနဲ့တော့၊ ကိုယ့်အိမ်တော်ကို ပြန်စမ်း! ကျန်းရဲ့ အမိန့်တော်မရှိဘဲ မင်း နန်းတော်ထဲကို ခြေတစ်လှမ်းတောင် ဝင်မလာရဘူး! သွားတော့!"

ကွမ်းပင်းနယ်စားသည် အရှက်တကွဲ အကျိုးနည်းစွာဖြင့် မောင်းထုတ်ခံလိုက်ရလေသည်။

ယုံးကျားဧကရာဇ်သည် ယန်ရှီနန်းဆောင်သို့ လျင်မြန်သော ခြေလှမ်းများဖြင့် ကြွချီသွားလေသည်။

ပထမမင်းသားကတော့ မိမိ၏ အင်္ကျီလက်စဖြင့် မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ပြီး ထရပ်ကာ နောက်မှ လိုက်ပါသွားလေတော့သည်။

...

All Chapters