← Chapters

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အခန်း (၂၄၁-၂၄၃)

Vol. 17 Ch. 241-243

အပိုင်း (၂၄၁) မွှေးရနံ့တို့ လွင့်ပျယ်ခြင်း (၁)

လုမင်ယွိသည် ယခင်က လျင်မြန်ခဲ့သော်ငြား အဓိကကိစ္စ ပြီးစီးသွားသောအခါ နည်းနည်းလေးမှ အလျင်မလိုတော့ပေ။ သူမသည် ယုံးကျားဧကရာဇ် နောက်မှလိုက်ကာ ယန်ရှီနန်းဆောင်သို့ လိုက်ပါမသွားတော့ဘဲ ကျောင်းဖန်နန်းဆောင်သို့သာ သွားရောက်ခဲ့လေသည်။

အမွှေးတိုင် တစ်တိုင်စာအချိန်တွင် ချောင်မိဖုရားခေါင်သည် မြန်မြန်ပြန်ရောက်လာခဲ့၏။

"မူဟုပ်" လုမင်ယွိက ထရပ်ကာ ကြိုဆိုလိုက်လေသည်။

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် စိုးရိမ်ပူပန်နေသဖြင့် ရှေ့သို့တိုးလာကာ လုမင်ယွိ၏ လက်ကိုဆုပ်ကိုင်လိုက်ပြီး ခေါင်းအစခြေအဆုံး အနည်းငယ် ကြည့်ရှုစစ်ဆေးလိုက်ပြီးကာမှ နောက်မှနေ၍ အပြစ်တင်စကား ပြောလိုက်တော့၏။ "မင်း အိပ်ယာပေါ်မှာနေပြီး ကိုယ်ဝန်ကိုဂရုမစိုက်ဘဲ ဘာဖြစ်လို့ နန်းတော်ကို ပြေးလာရတာလဲ။ အရှင်မင်းကြီးက ရုတ်တရက် ယန်ရှီနန်းဆောင်ကို ကြွသွားတာ မင်းနဲ့ပတ်သက်နေတာလား"

လုမင်ယွိကလဲ ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်၏။ "ဟုတ်ပါတယ်။ ကျွန်မ ဖုဟွမ်ကို သွားတွေ့ပြီး မုန့်ကွေ့ဖေးအတွက် အသားနားခံပေးခဲ့တယ်"

နစ်နာသူကိုယ်တိုင် လာရောက်အသားနားခံခြင်းက အသင့်တော်ဆုံး ဖြစ်ပေသည်။

သည်လို အခြေအနေပေးလိုက်ခြင်းသည် အချိန်ကိုက် ဖြစ်နေသဖြင့် ယုံးကျားဧကရာဇ်သည် ကျေးဇူးတင်ရမည်ဖြစ်ပြီး ပထမမင်းသားနှင့် ဟွေ့အန်းကုန်းကျူတို့ဆိုလျှင်တော့ ကျေးဇူးတင်လို့မဆုံး ဖြစ်ကြပေလိမ့်မည်။

ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် အနည်းငယ် စိတ်မကောင်းသလို ခံစားလိုက်ရတော့၏။ "ဒီနေ့မနက်တုန်းက ပထမမင်းသားက အားကျင့်ကို အသားနားခံခိုင်းသေးတယ်။ အားကျင့်က ပြတ်ပြတ်သားသား ငြင်းပစ်လိုက်တာ"

လုမင်ယွိက လေသံတိုးတိုးဖြင့် စကားဖြတ်ပြောလိုက်၏။ "ဟုတ်ပါတယ်။ အရှင်မင်းသားက ကျွန်မကိုပဲ တစ်စိတ်တစ်ပိုင်း တွေးပေးခဲ့တာပါ။ ကျွန်မက ဘယ်လိုလုပ်ပြီး တစ်ကိုယ်ကောင်းဆန်ပြီး ကို့ကိုယ်ကိုပဲကြည့် မူဟုပ်နဲ့ အရှင်မင်းသားကို ထည့်မတွက်ဘဲနေနိုင်မှာလဲ"

ချောင်မိဖုရားခေါင်သည် နှာဖျားဝတွင် မွှန်ထူသွားသလို ခံစားလိုက်ရပြီး မျက်ဝန်းအိမ်တို့သည် ရုတ်တရက် ပူနွေးလာလေတော့သည်။

အိမ်တော်သို့ ဝင်ရောက်လာသည်မှာ မကြာသေးသည့် ချွေးမတော်ကပင် ယုံးကျားဧကရာဇ်သည် မုန့်ရှီအပေါ် မည်မျှဘက်လိုက် အကာအကွယ်ပေးနေသည်ကို သိမြင်နိုင်လေသည်။ သူမလို မိဖုရားခေါင်ကြီးသည် တရားဝင်ဇနီးဟူသော ဂုဏ်ပုဒ်ကလွဲလျှင် အရှင်မင်းကြီး၏ မျက်နှာသာပေးခြင်းကို ပြောရလျှင် နိမ့်ကျလှသည့် စူးရှီကိုပင် မမီချေ။

မုန့်ကွေ့ဖေးသာ သေဆုံးသွားခဲ့လျှင် ယုံးကျားဧကရာဇ် ပထမဦးဆုံး ဒေါသပုံချမည့်သူမှာ သူမတည်းဟူသော အလယ်နန်းဆောင် မိဖုရားခေါင်းကြီးပင် ဖြစ်လေသည်။

ချောင်မိဖုရားခေါင်သည် ခေါင်းကို တစ်ဖက်သို့လှည့်လိုက်ကာ မျက်ရည်စတို့သည် တိတ်တဆိတ် စီးကျလာလေတော့၏။

လုမင်ယွိကလဲ စိတ်ထဲတွင် တိုးတိုးတိတ်တိတ် သက်ပြင်းချလိုက်ပြီး ချောင်မိဖုရားခေါင်အပေါ် သနားကြင်နာစိတ် အနည်းငယ်ဖြစ်ပေါ်လာကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "အခု အသားစီးရထားတာက ကျွန်မတို့ပါ။ အမြစ်ပြတ် သတ်ဖြတ်ပစ်စရာ မလိုပါဘူး။ အရင်ဆုံး သဘောထားကြီးမြတ်တယ်ဆိုတဲ့ နာမည်ကောင်းတစ်ခုကို ယူထားလိုက်ပါ။ မုန့်ကွေ့ဖေး မသေတာကမှ ကောင်းမယ်။ နောက်ဆိုရင် သူတို့ကို ရင်ဆိုင်ဖို့ နည်းလမ်းတွေအများကြီးရှိတာပဲလေ"

ချောင်မိဖုရားခေါင်သည် အချိန်ခဏလောက် တိတ်တဆိတ် မျက်ရည်ကျလိုက်ပြီးနောက် လက်ကိုင်ပုဝါဖြင့် မျက်ရည်စများကို သုတ်လိုက်ပြီးခေါင်းပြန်လှည့်လာကာ လုမင်ယွိကို ပြောလိုက်လေသည်။ "မင်း အရင် အိမ်တော်ကို ပြန်လိုက်အုံး။ နန်းတော်ထဲမှာ ဘာလှုပ်ရှားမှုပဲရှိရှိ ပန်ကုံး နောက်တခေါက် လူလွှတ်ပြီး မင်းဆီကို သတင်းပို့လိုက်မယ်"

လုမင်ယွိကတော့ ပြောလိုက်၏။ "ဒါတော့ အလျင်မလိုပါဘူး။ ကျွန်မ လာလည်း လာပြီးသွားပြီပဲလေ။ ဒီတော့ နန်းတော်ထဲမှာပဲ ခဏလောက် ထပ်စောင့်လိုက်ပါအုံးမယ်။ မုန့်ကွေ့ဖေးကို အခွင့်ကောင်းယူပြီး သဘောထားကြီးမြတ်တယ်ဆိုတဲ့ နာမည်ကောင်းလေး ရအောင်ယူလိုက်အုံးမယ်"

ချောင်မိဖုရားခေါင်သည် ရယ်မောမိသွားပြီး မှောင်မိုက်လေးလံနေသည့် စိတ်အခြေအနေသည်လဲ အများကြီး ပေါ့ပါးသွားလေတော့သည်။ "ကောင်းပြီလေ။ ဒါဆိုလည်း မင်းကျောင်းဖန်နန်းဆောင်ထဲမှာပဲ နားနေလိုက်။ ယန်ရှီနန်းဆောင်ဘက်မှာ မုန့်ကွေ့ဖေးကလဲ သတိမရသေးဘူး။ အပျိုတော်ယန်ကလဲ မီးဖွားရခက်ခဲနေတယ်။ မင်းလိုကိုယ်ဝန်ရှိနေတဲ့သူက သွေးညှီနံ့တွေနဲ့ ထိတွေ့မိလို့မဖြစ်ဘူး။ အဲဒီ့ဘက်ကို မသွားနဲ့တော့"

လုမင်ယွိကလဲ ပြုံးကာခေါင်းညိမ့်ပြလိုက်တော့သည်။

ချောင်မိဖုရားခေါင်၏ စိတ်သည် တင်းကျပ်နေခဲ့ရာ ယခုအခါ ပြေလျော့သွားသောအခါ ပင်ပန်းနွမ်းနယ်မှုကို ချက်ချင်းခံစားလိုက်ရလေသည်။

လုမင်ယွိက လေသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်၏။ "ကိစ္စက ဒီလိုဖြစ်မှတော့ စိတ်ပူနေလဲ အသုံးမဝင်တော့ပါဘူး။ မူဟုပ် အရင်သွားနားလိုက်ပါအုံး။ ဘာပဲရှိရှိ ကျွန်မ လူလွှတ်ပြီး မူဟုပ်ကို နိုးခိုင်းလိုက်ပါ့မယ်"

ချောင်မိဖုရားခေါင်သည် တညလုံး မအိပ်စက်ရဘဲ ယခုအချိန်အထိ တောင့်ခံထားခဲ့သဖြင့် အမှန်တကယ် ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကာ ခေါင်းငြိမ့်ပြလိုက်တော့သည်။ "ပန်ကုံး အရင်သွားနားလိုက်အုံးမယ်။ မင်းလဲ ဒီနေရာမှာ ထိုင်မနေနဲ့တော့။ ဘေးအခန်းဆောင်မှာ သွားလှဲပြီး သတင်းစောင့်နေလိုက်"

လုမင်ယွိကလဲ ပြုံးကာ သဘောတူလိုက်လေသည်။

ဒီအချိန်တွင် တရားရေးဌာနတွင်ရှိနေသည့် လီကျင့်သည်လဲ လုမင်ယွိ နန်းတော်ထဲသို့ ဝင်ရောက်သွားသည့်သတင်းကို ရရှိလိုက်လေသည်။

လီကျင့်၏ တွန့်ချိုးနေသည့် မျက်ခုံးနှစ်ခုမှာ ကြိုးလိမ်ကျစ်ထားသလို ကျုံ့သွားလေတော့၏။

အချိန်ကို တွက်ချက်ကြည့်လိုက်လျှင် လုမင်ယွိသည် နန်းတော်ထဲသို့ ဝင်ရောက်သွားပြီးမှတော့ လုပ်ချင်သည့် ကိစ္စများအားလုံးကို လုပ်ဆောင်ပြီးလောက်ပြီဖြစ်သလို ပြောချင်သည့်စကားများကိုလည်း သေချာပေါက် ပြောကြားပြီးလောက်ပြီဖြစ်သည်။ သူက ဒီအချိန်တွင် နန်းတော်ထဲသို့ အလျင်စလို လိုက်သွားလျှင်ပင် အချိန်မီတော့မည် မဟုတ်ချေ။

တော်ပါပြီလေ! သူ့မှာ သူ့ရဲ့စေတနာရှိသလို သူမမှာလည်း သူမရဲ့ ခေါင်းမာမှုရှိတာပဲ။

ခဏအကြာတွင် လီကျင့်သည် မျက်မှောင်ကို ဖြေလျော့ထားလိုက်ပြီး သတင်းပို့ရန် ရောက်လာသောကုန်းကုန်းကို မှာကြားလိုက်၏။ "ပြန်သွားရင် ရှောင်ယွမ်ကို တစ်ခွန်းပြောလိုက်။ သူ့ကို အာ့ဟွမ်စစ်ဖေးရဲ့ ဘေးမှာပဲစောင့်နေပြီး အမိန့်ကို နာခံခိုင်းလိုက်"

ကုန်းကုန်းကလဲ တရိုတသေ သဘောတူလိုက်၏။

လီကျင့်က ခဏလောက် စဥ်းစားလိုက်ပြီးမှ ထပ်မံမှာကြားလိုက်လေသည်။ "တရားရေးဌာနက အမှုစစ်ဆေးနေတာ အရေးကြီးတဲ့ အခြေအနေရောက်နေပြီ။ ငါတရားရေးဌာနမှာပဲ ဆက်ပြီးစောင့်ကြည့်နေရမယ်။ မင်း နန်းတော်ထဲပြန်ရောက်ရင် အာ့ဟွမ်စစ်ဖေးကို စကားတစ်ခွန်းပြောလိုက်။ တရားရေးဌာနဘက်က အမှုစစ်ဆေးတာ အဆင်ပြေနေတယ်လို့ ပြောလိုက်။ အာ့ဟွမ်စစ်ဖေးကိုလဲ စိတ်အေးအေးထားခိုင်းလိုက်။ ငါ့အတွက် ပူပန်ကြောင့်ကြမနေနဲ့လို့"

ကုန်းကုန်းသည် အမိန့်ကိုလက်ခံကာ နန်းတော်သို့ပြန်သွားပြီး ချက်ချင်းပင် ကျောင်းဖန်နန်းဆောင်သို့ သွားရောက်သတင်းပို့လေသည်။ လုမင်ယွိကလဲ အနည်းငယ် ခေါင်းညိမ့်ပြလိုက်ပြီး သိရှိသွားပြီဖြစ်သည့်အကြောင်း ပြသလိုက်၏။

ရှောင်ယွမ်ကတော့ သခင်၏စကားကို ကြားလိုက်သောအခါ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်ပင် ဝဲတက်လာမိတော့သည်။ သူသည် လုမင်ယွိထက်ပင် အများကြီး ပိုပြီးစိတ်လှုပ်ရှားနေခဲ့လေသည်။

တကယ်ပါပဲ။ အရှင်မင်းသားက အလိုက်သိဆုံးပဲ။

လုမင်ယွိသည် ဘေးခန်းဆောင်တွင် အနားယူနေပြီး ရှောင်ယွမ်ကတော့ အပြင်ဘက်တွင် စောင့်ဆိုင်းနေလေ၏။

...

အချိန်က မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားပြီး နေ့တစ်ဝက်ပင် ကြာမြင့်သွားပြန်သည်။

ချောင်မိဖုရားခေါင်သည် နာရီအနည်းငယ်လောက် အိပ်စက်လိုက်ကာ မျက်နှာအခြေအနေမှာ နောက်ဆုံးတော့ ပိုပြီးကောင်းမွန်လာခဲ့လေသည်။

လုမက်ယွိက တော်ဝင်စားဖိုဆောင်က အစားအသောက်များကို ယူဆောင်လာခိုင်းလိုက်ပြီး "မူဟုပ် ဆာနေရောပေါ့။ အရင်ဆုံး သုံးဆောင်လိုက်ပါအုံး! ဗိုက်ပြည့်မှ အားရှိမှာလေ"

ချောင်မိဖုရားခေါင်သည် အစားအသောက်များ၏ မွေးရနံ့ကို ရလိုက်သည်နှင့် ချက်ချင်းပင် ဆာလောင်မွတ်သိပ်လာသည်ကို ခံစားလိုက်ရပြီး နှစ်ပန်းကန်ဆက်တိုက် စားသုံးပြီးမှသာ တူကို ချလိုက်လေတော့သည်။

လုမင်ယွိ၏ အသားစားချင်စိတ်သည်လဲ မဆိုးလှဘဲ ချောင်မိဖုရားခေါင်ထက် နည်းနည်းလေးမှ လျော့အောင်မစားခဲ့ချေ။

ချောင်မိဖုရားခေါင်သည်လဲ အေးအေးဆေးဆေး စကားပြောလိုစိတ်မရှိသဖြင့် ချိုင်လန်ကို ယန်ရှီနန်းဆောင်သို့ တခေါက်လွှတ်လိုက်လေသည်။ "ချိုင်လန် မင်း ယန်ရှီနန်းဆောင်ကိုသွားပြီး မုန့်ကွေ့ဖေး သတိရပြီလားလို့ သွားမေးလိုက်"

ချိုင်လန်က အမိန့်ကိုနာခံကာ ထွက်ခွာသွားပြီး အမွှေးတိုင်တစ်တိုင် မလောင်ကျွမ်းခင်မှာပင် ထူးဆန်းသည့် မျက်နှာအမူအယာဖြင့် ပြန်ရောက်လာခဲ့၏။

ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် လေးလံသွားတော့သည်။ "မုန့်ကွေ့ဖေး ဘယ်လိုနေသေးလဲ"

သူမ၏ ဘဝတစ်လျှောက်လုံးတွင် အကြောက်ရွံ့ဆုံးနှင့် အမုန်းတီးရဆုံးသူမှာ မုန့်ကွေ့ဖေးကလွဲလျှင် တခြားမရှိတော့ချေ။ သို့သော်ငြား ယခုအချိန်တွင် မုန့်ကွေ့ဖေးသည် အမှန်တကယ် သေဆုံးလို့ မဖြစ်သေးချေ။

ချိုင်လန်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ ကွေ့ဖေးညန်ညန် သတိမရသေးပါဘူး။ ဒါပေမဲ့ ဆေးရည်တစ်ချို့ကိုတော့ အနိုင်နိုင်တိုက်ကျွေးထားလို့ ရနေပါပြီ။ ဒါပေမဲ့ တခြားကိစ္စတစ်ခု ရှိနေပါတယ်"

"အပျိုတော်ယန်က ကလေးအနေအထားမမှန်လို့ ကလေးကို အကြာကြီး မမွေးနိုင်ဘဲ ဖြစ်နေပါတယ်။ သာ့ဟွမ်စစ်ဖေးညန်ညန်လဲ ဘာမှမတတ်နိုင်တော့ဘဲ မျိုးဆက်ကိုပဲ ဦးစားပေးပြီး မီးဖွားပေးတဲ့ မားမားကြီးတွေကို အပျိုတော်ယန်ရဲ့ဗိုက်ကို ဖွင့်ခိုင်းလိုက်ပါတယ်။ ကလေးက အသက်ရှူသံတိုးလျပြီး ငိုသံလဲ သေးငယ်ပေမဲ့ နောက်ဆုံးတော့ အေးအေးချမ်းချမ်း မွေးဖွားလာခဲ့ပါတယ်။ အပျိုတော်ယန်ကတော့ သွေးထွက်လွန်သွားလို့ သာ့ဟွမ်စစ်ဖေးညန်ညန်က တော်ဝင်သမားတော်ကို သွားခေါ်ခိုင်းပေမဲ့လည်း အပျိုတော်ယန်ကို မကယ်တင်နိုင်ခဲ့ပါဘူး"

"ကျွန်တော်မျိုးမ သွားရောက်လိုက်တဲ့အချိန်မှာ အပျိုတော်ယန်က မျက်လုံးမှိတ်သွားတာ မကြာသေးပါဘူး"

"သာ့ဟွမ်စစ်ဖေးညန်ညန်က ကျွန်တော်မျိုးမကို ဟွမ်ဟုပ်ညန်ညန်ဆီ ပြန်လာပြီး သတင်းပို့ခိုင်းလိုက်ပါတယ်။ နောက်ဆက်တွဲ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုပါ မေးခိုင်းလိုက်ပါတယ်"

ချောင်မိဖုရားခေါင် "..."

မုန့်ကွေ့ဖေး သတိရလာသည့်သတင်းကို မစောင့်ဆိုင်းရသေးခင်မှာပင် အပျိုတော်ယန်၏ သတင်းဆိုးကို အရင်ဆုံး ကြားလိုက်ရလေသည်။

လုမင်ယွိ၏ မျက်ခုံးများက တစ်ချက်လှုပ်ရှားသွားတော့၏။

ယခင်ဘဝက မုန့်ကွေ့ဖေး သေကြောင်းကြံစည်ခဲ့သည့် ဇာတ်လမ်းမျိုး မရှိချေ။ အပျိုတော်ယန်သည် အန္တရာယ်ကင်းကင်း ကလေးမွေးဖွားခဲ့ပြီး ကြင်ရာတော်ငယ် ချဲ့ဖေးအဖြစ် တင်မြှောက်ခံခဲ့ရကာ အတော်အတန်ပင် သြဇာအာဏာရှိခဲ့သေးသည်။ ဒီဘဝတွင်တော့ ဒီလိုဝမ်းနည်းဖွယ်ရာ မီးဖွားဆောင်ထဲတွင် သေဆုံးရခဲ့သည်တဲ့ ...

ချောင်မိဖုရားခေါင်က နောက်ဆုံးတော့ မိန့်တော်မူလိုက်တော့၏။ "ပန်ကုံး သိပြီ။ လူလွှတ်ပြီး အပျိုတော်ယန်ကို သင်္ဂြိုဟ်လိုက်တော့"

ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ထပ်ပြီးမိန့်တော်မူလိုက်၏။ "မျိုးဆက်တိုးတာက မင်္ဂလာရှိတဲ့ကိစ္စပဲ။ ဒါပေမဲ့ အခုချိန်မှာ မုန့်ကွေ့ဖေးက သတိမရသေးဘူး။ တော်ဝင်မြေးတော် ဖွားမြင်တဲ့သတင်းကို လောလေဆယ် အသံမထွက်လိုက်နဲ့အုံး။ သာ့ဟွမ်စစ်ဖေးကိုလဲ ကလေးကို ကောင်းကောင်းဂရုစိုက်ခိုင်းလိုက်"

ချိုင်လန်က တရိုတသေ အမိန့်ကို လက်ခံလိုက်ပြီး ယန်ရှီနန်းဆောင်သို့ သတင်းစကားပါးရန် ထွက်သွားလေတော့သည်။

ကျောင်းဖန်နန်းဆောင်ထဲတွင် ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့ နှစ်ယောက်လုံး အကြည့်ချင်း ဆုံမိသွားကြ၏။

ချောင်မိဖုရားခေါင်က ရုတ်တရက် အသံတိုးတိုးဖြင့် ပြောလာတော့သည်။ "ဒီလျန်ရှီက အချိန်ကောင်းကို ရွေးတတ်သားပဲ"

ဟုတ်ပါ့!

ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်သည်ဖြစ်စေ မတတ်သာ၍ လုပ်ဆောင်ခဲ့သည်ဖြစ်စေ မုန့်ကွေ့ဖေး သေရေးရှင်ရေး ဖြစ်နေသည့်အချိန်တွင် သာမာန်အပျိုတော်တစ်ဦး၏ သေရေးရှင်ရေးကို မည်သူက ဂရုစိုက်ပါမည်နည်း။

လုမင်ယွိ၏ မျက်လုံးက တစ်ချက်လင်းလက်သွားပြီး ပုံမှန်အတိုင်းသာ ပြောလိုက်တော့သည်။ "ဒီကိစ္စပြီးသွားရင်တော့ သူ့ကို အထူးသတိထားရတော့မယ်"

စိတ်ထားမှောင်မိုက်ပြီး ယုတ်မာကောက်ကျစ်သူသည် ပထမဆုံး ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်သည်နှင့် လက်တွင် သွေးစွန်းသွားခဲ့လျှင် လုပ်ဆောင်မှုများသည်လည်း တဖြည်းဖြည်း ပိုပြီး ရက်စက်ကြမ်းကြုတ်လာပြီး အဆုံးမရှိ ဖြစ်လာပေလိမ့်မည်။ သာ့ဟွမ်စစ်ဖေးသည် ယခင်ဘဝက သည်အခြေအနေသို့ ပြောင်းလဲမသွားခင်မှာပင် သေဆုံးသွားခဲ့လေသည်။ နောက်တွင်တော့ သူမကို ပိုပြီး သတိထားရပေတော့မည်။

ချောင်မိဖုရားခေါင်က စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ခေါင်းညိမ့်လိုက်တော့၏။

ယခင်က ယန်ရှီနန်းဆောင်တွင် သူမသည် ရုတ်တရက် စိတ်ကူးပေါ်လာသဖြင့် သာ့ဟွမ်စစ်ဖေးကို အရိပ်အမြွက်ပြော ကြားခဲ့မိလေသည်။ သို့သော်ငြား သာ့ဟွမ်စစ်ဖေးက အမှန်တကယ် လက်စွမ်းပြဝံလိမ့်မည်ဟုတော့ ထင်မထားခဲ့မိချေ။

နုပျိုလတ်ဆတ်သော အသက်တစ်ချောင်းသည် သည်လိုနှင့်ပင် တိတ်တဆိတ် ကြွေလွင့်ကာ ပျောက်ကွယ်သွားခဲ့ရလေသည်။

...

အပိုင်း (၂၄၂) မွှေးရနံ့တို့လွင့်ပြယ်ခြင်း (၂)

ယန်ရှီနန်းဆောင်။

မွေးကင်းစကလေးငယ်လေး၏ ငိုယိုသံသည် ယန်ရှီနန်းဆောင်အတွင်းက အသက်ရှူမှားလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေမှုကို ဖြိုခွဲလိုက်လေသည်။

ကုန်းကုန်းတစ်ဦးသည် ခြေသံတိတ်တိတ်ဖြင့် ဝင်ရောက်လာပြီး ပထမမင်းသား၏ နားနားသို့ကပ်ကာ စကားအနည်းငယ် တိုးတိုးလေး လျှောက်တင်လိုက်၏။

ပထမမင်းသား၏ စိတ်နှလုံးသည် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူ့အကြည့်တို့သည် အိပ်ရာထက်က မုန့်ကွေ့ဖေးနှင့် အိပ်ယာဘေးတွင် မလှုပ်မယှက်ထိုင်နေသည့် ယုံးကျားဧကရာဇ်တို့ထံတွင်သာ စူးစိုက်နေခဲ့ရာ မျက်နှာပင် မမှတ်မိတော့သော အပျိုတော်ယန်ကို သူသည် မည်သို့ ဂရုစိုက်နိုင်ပါအုံးမည်နည်း။

သေသွားရင်လည်း သေသွားလို့ပေါ့။ ကလေးသာ အေးအေးချမ်းချမ်းရှိရင် ပြီးတာပါပဲ။

ဟွေ့အန်းကုန်းကျူသည် သတိလစ်သွားပြီးနောက် တော်ဝင်သမားတော်၏ အပ်စိုက်ကုသမှုဖြင့် ပြန်လည်သတိရလာခဲ့ပြီး ဒီအချိန်တွင် အိပ်ဆောင်ထဲ၌ပင် စောင့်ဆိုင်းနေလေသည်။ နားထဲသို့ စကားအနည်းငယ် ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ အသံတိုးတိုးဖြင့် မေးလိုက်တော့သည်။ "သာ့ကော ဘာကိစ္စဖြစ်လို့လဲ"

ပထမမင်းသားသည် ယုံးကျားဧကရာဇ်၏ ကျောပြင်ကို မြန်မြန်တစ်ချက်ကြည့်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကလေးက အေးအေးချမ်းချမ်း မွေးလာပြီး သားယောက်ျားလေးတဲ့။ အပျိုတော်ယန်ကတော့ မီးဖွားရခက်ခဲလို့ ကုသလို့မရဘဲ သေဆုံးသွားပြီ"

ကျင့်အန်းကုန်းကျူသည် ငယ်စဥ်ကတည်းက ပိုးဖဲကတ္တီပါများကြားတွင် ကြီးပြင်းလာခဲ့ပြီး အလိုလိုက်အကြိုက်ဆောင်ခြင်းကို ခံခဲ့ရကာ ဖန်လုံအိမ်ထဲက ပန်းပွင့်လေးတစ်ပွင့်နှယ် သေရေးရှင်ရေးကို တခါမှ မကြုံတွေ့ခဲ့ရဘူးချေ။ တွေ့ကြုံဖူးပြီး အတော်အတန် ရင်းနှီးကျွမ်းဝင်သော အမျိုးသမီးတစ်ဦး သည်လို သေဆုံးသွားသည်ကို ကြားလိုက်ရသောအခါ ကျင့်အန်းကုန်းကျူသည် မထိန်းနိုင်ဘဲ အာမေဋိတ်သံ ပြုလိုက်မိလေသည်။

နေ့လယ်ခင်းတစ်ခုလုံး မလှုပ်မယှက်ထိုင်နေသည့် ယုံးကျားဧကရာဇ်သည် နောက်ဆုံးတော့ အနည်းငယ်တုံ့ပြန်လာပြီး ခေါင်းလှည့်ကာကြည့်လိုက်၏။ "ကျင့်အန်း ဘာဖြစ်တာလဲ"

ယုံးကျားဧကရာဇ်၏ မျက်ဝန်းတော်ထဲတွင် သွေးကြောမျှင်များ ပြည့်နှက်နေပြီး အသံကလဲ ခြောက်ကပ်လို့နေသည်။

ကျင့်အန်းကုန်းကျူသည် ယုံးကျားဧကရာဇ်၏ ပုံစံကိုကြည့်ရင်း မျက်ရည်များ ဖြိုင်ခနဲစီးကျလာတော့သည်။ "ဖုဟွမ် အပျိုတော်ယန် မီးဖွားရခက်လို့ သေဆုံးသွားပါပြီ"

ယုံးကျားဧကရာဇ်သည် ခဏလောက် စဥ်းစားလိုက်ပြီးမှ အပျိုတော်ယန်မှာ မည်သူဖြစ်သည်ကို သတိရသွားကာ နှုတ်ဖွင့်ကာ မေးလိုက်၏။ "ကလေးအန္တရာယ်ကင်းရဲ့လား"

ကျင့်အန်းကုန်းကျူက ရှိုက်ကြီးတငင်ဖြင့် ခေါင်းညိမ့်ပြလိုက်လေသည်။

ယုံးကျားဧကရာဇ်သည် နောက်ထပ် စကားမဆိုတော့ဘဲ ခေါင်းကိုပြန်လှည့်သွားပြီး အကြည့်တို့က အိပ်ရာထက်က မုန့်ကွေ့ဖေး၏ မျက်နှာပေါ်သို့ ကျရောက်သွားလေ၏။ ထိုလန်းဆန်းတောက်ပပြီး လှပသက်ဝင်နေသော မျက်နှာလေးသည် သွေးရောင်တစ်စက်မှမရှိဘဲ ထိတ်လန့်ဖွယ်ရာ ဖြူဖျော့လို့နေလေသည်။ မျက်ဝန်းအစုံကို တင်းနေအောင် မှိတ်ထားပြီး အသက်ရှူသံမှာလည်း အလွန်တိုးလျကာ မရှိသလောက်နီးပါးပင်။

ကျောင်းကျောင်း။ မင်း ဘယ်လိုတောင် ဒီလောက် ရက်ရက်စက်စက် နိုင်ရတာလဲ။ အဲဒီ့ကတ်ကြေးက ထိုးလိုက်တာ မင်းရဲ့နှလုံးသားကို ဒါပေမဲ့ ဒါက. ကျန်းရဲ့နှလုံးသားကို ပိုပြီး ထိုးနှက်လိုက်တာပဲ။

ကြီးမားလှသော နှိုင်းယှဥ်မှုသည် အဆုံးမရှိသော သမုဒ္ဒရာမှာ သူ့ကို ထိုအထဲတွင် နစ်မြှုပ်သွားစေတော့မလိုပင်။

ယုံးကျားဧကရာဇ်သည် မုန့်ကွေ့ဖေး၏ နူးညံ့အေးစက်သောလက်ကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားလိုက်ပြီး ကွဲအက်နေသည့်အသံဖြင့် တိုးတိုးလေးပြောလိုက်သည်။ "ကျောင်းကျောင်း မင်း မြန်မြန်သတိရလာပါတော့။ မင်းသာ သတိရလာရင် ကျန်း ဘာကိုမှ အရေးမယူတော့ပါဘူး။ မင်း ကျန်းကို ဒီလိုမျိုးထားပြီး မထွက်သွားပါနဲ့ ..."

ပထမမင်းသားနှင့် ကျင့်အန်းကုန်းကျူတို့သည် အတူတကွ ငိုကြွေးလိုက်မိကြ၏။ အိပ်ဆောင်ထဲတွင် စောင့်ဆိုင်းနေကြသော သမားတော်ချုပ်ကျိုးနှင့် အခြားသူများပင်လျှင် စိတ်ထဲတွင် လေးလံနေကြလေသည်။

မုန့်ကွေ့ဖေး၏ ဒဏ်ရာမှာ အမှန်တကယ်ပင် အလွန်ပြင်းထန်လှလေသည်။ ထိုကတ်ကြေးတစ်ချက် ထိုးစိုက်လိုက်ခြင်းက နှလုံးသားနှင့်အဆုတ်ကို ထိမှန်သွားခဲ့ရာ အပြင်ဒဏ်ရာကို ကုသရန်လွယ်သော်ငြား အကယ်၍ အသက်အန္တရာယ်ရှိသော အတွင်းဒဏ်ရာအတွက်တော့ ကောင်းမွန်သော နည်းလမ်းတစ်စုံတစ်ရာ မရှိချေ။ တိုက်ကျွေးသင့်သော ဆေးများအားလုံးကိုလည်း တိုက်ကျွေးပြီးပြီဖြစ်သော်ငြား အသက်တစ်ချောင်းကို အမှန်တကယ် ကယ်တင်နိုင်ခြင်းရှိမရှိကတော့ မုန့်ကွေ့ဖေး၏ အသက်ရှင်သန်လိုစိတ် မည်မျှရှိသည်ဟူသော အချက်ပေါ်တွင်သာ မူတည်နေတော့သည်။

...

အူဝဲ ... အူဝဲ

မွေးကင်းစကလေးငယ်လေး၏ ငိုသံသည် အတော်အတန် ကျယ်လောင်လာလေသည်။

မွေးကင်းစ သားယောက်ျားလေးက ကြည့်ကောင်းသည်ဟုတော့ မဆိုနိုင်ချေ။ တစ်ကိုယ်လုံး နီတာရဲလေးဖြစ်နေပြီး လက်သီးဆုပ်လေးနှစ်ဖက်ကို ဟိုဟိုဒီဒီ ရမ်းခါလျက် မျက်လုံးတစ်စုံကို တင်းတင်းမှိတ်ထားကာ ပါးစပ်သေးသေးလေးကို ဖွင့်ဟပြီး မရပ်မနား အော်ဟစ်နေလေသည်။

ပထမမင်းသားကြင်ရာတော်သည် မရပ်မနားငိုယိုနေသည့် သားလေးကို ပွေ့ချီထားရင်း အကြည့်တို့က ရှုပ်ထွေးလို့နေတော့သည်။ ဘေးနားက အပျိုတော်က လေသံတိုးတိုးဖြင့် သတိပေးလိုက်လေသည်။ "သာ့ဟွမ်စစ်ဖေးညန်ညန် နို့ထိန်းရောက်လာပါပြီ"

ပထမမင်းသားကြင်ရာတော်သည် သတိပြန်ဝင်လာပြီး သပ်သပ်ရပ်ရပ် အနှီးလေးထုပ်ပေးထားသော သားလေးကို နို့ထိန်း၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်၏။ နို့ထိန်းက နောက်ဆုတ်ရန်ပြင်လိုက်သော်ငြား ပထမမင်းသားကြင်ရာတော်၏ အမိန့်ပေးသံကို ကြားလိုက်ရလေသည်။ "ဒီနေရာမှာပဲ နို့တိုက်။ ငါကိုယ်တိုင် ကြည့်မယ်"

သခင်မက အမိန့်ပေးသဖြင့် နို့ထိန်းသည်လဲ မငြင်းဆန်ဝံ့ချေ။

သေးငယ်လှသည့် သားကလေးသည် အစာ၏ မြစ်ဖျားခံရာကို လောဘတကြီး ရှာဖွေတွေ့ရှိသွားပြီး အားရပါးရ နို့စို့နေလေတော့သည်။ သူ၏ မိခင်အရင်းသည် လွန်ခဲ့သော နာရီဝက်ခန့်ကပင် အသက်ရှူရပ်တန့်သွားခဲ့သည်ကိုတော့ သူသည် လုံးဝမသိရှိခဲ့ချေ။

နန်းတော်ထဲတွင် ဒီလိုကိစ္စရပ်များကို အထူးတလည် တာဝန်ယူဖြေရှင်းပေးသူများ ရှိလေသည်။ သန်မာထွားကြိုင်းလှသည့် မားမားကြီးတစ်ချို့က ဖျာကြမ်းတစ်ချပ်ကို အသုံးပြုကာ အပျိုတော်ယန်၏ ရုပ်အလောင်းကို လိပ်ပတ်ပြီး ဆွဲယူသွားကြလေသည်။ နာရီဝက်ခန့် ကြာမြင့်သွားခဲ့ပြီဖြစ်သဖြင့် ပါးလွှာသော ခေါင်းတလားထဲသို့ ထည့်သွင်းသင်္ဂြိုဟ်ပြီးလောက်ပြီ ဖြစ်ပေမည်။

ပထမမင်းသားကြင်ရာတော်၏ ဦးနှောက်ထဲတွင် ဖြူဖျော့အေးစက်နေသော မျက်နှာတစ်ခု ဖျတ်ခနဲပေါ်လာပြီး ပြင်းထန်လှသည့် သွေးညှီနံ့သည် နှာခေါင်းထဲတွင်တော့ ပျောက်ကွယ်သွားခြင်း မရှိသေးချေ။ အစာအိမ်ထဲက လှိုင်းထလာသဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်ကာ ထရပ်လိုက်ပြီး ကန့်လန့်ကာ၏နောက်ကွယ်သို့ သွားရောက်ကာ အကုန်အစင် အန်ထုတ်လိုက်လေသည်။

သားကလေးသည် ဗိုက်ပြည့်သွားပြီးနောက် မြန်မြန်ပင် အိပ်ပျော်သွားလေတော့၏။

ပထမမင်းသားကြင်ရာတော်က နို့ထိန်းကို သားလေးအား ဘေးအဆောင်သို့ ပွေ့ချီသွားကာ သိပ်ပေးလိုက်ရန် အမိန့်ပေးလိုက်ပြီး မိမိကိုယ်တိုင်လည်း စိတ်ကို ပြန်လည်အားတင်းထားလျက် မုန့်ကွေ့ဖေး၏ အဆောင်သို့ သွားရောက်ခဲ့လေ၏။

သည်အချိန်တွင် ကောင်းကင်က မှောင်မည်းနေလေပြီ။

ယန်ရှီနန်းဆောင်ထဲမှ နန်းတွင်းမီးပုံးများကို ချိတ်ဆွဲထားသော်ငြား ဘာကြောင့်မှန်းမသိ မီးရောင်များထဲတွင် ဝမ်းနည်းဖွယ်ရာ အရိပ်အယောင်တစ်ချို့ ထွက်ပေါ်နေလေသည်။

ပထမမင်းသားကြင်ရာတော်သည် အိပ်ဆောင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် အိပ်ရာဘေးတွင်ထိုင်နေသော ယုံးကျားဧကရာဇ်ကို တစ်ချက်တည်းနှင့် လှမ်းမြင်လိုက်၏။ သူမ၏ ရှုထောင့်ကကြည့်လျှင် ယုံးကျားဧကရာဇ်၏ ကျောပြင်ကိုသာမြင်ရပြီး ဧကရာဇ်၏ မျက်နှာအမူအယာ မည်သို့ရှိသည်ကိုတော့ မသိနိုင်ပေ။

သို့သော် အိပ်ဆောင်ထဲက လေးလံသော အငွေ့အသက်အရ မုန့်ကွေ့ဖေးသည် သတိမရသေးသည်မှာ သေချာသလောက်ပင်။

ပထမမင်းသားကြင်ရာတော်၏ စိတ်ထဲတွင် ကျေနပ်ကာ ဒေါသပြေသွားသလို ခံစားရသော်ငြားလည်း အနည်းငယ် လေးလံနေပြန်သည်။

သူမသည် ပထမမင်းသား၏ ဘေးနားသို့ ခြေလှမ်းဖွဖွလေးဖြင့် လျှောက်သွားလိုက်ပြီး လေသံကို နှိမ့်ကာပြောလိုက်၏။ "အရှင်မင်းသား ဒါတွေအားလုံး ချန်ချဲ့ အသုံးမကျလို့ပါ။ အပျိုတော်ယန်က မီးဖွားရခက်ခဲလို့ သေဆုံးသွားတာကို ချန်ချဲ့ ဘာမှမတတ်နိုင်ခဲ့ပါဘူး"

ပထမမင်းသားသည် တစ်နေ့နှင့်တစ်ညလုံး အစာမစားရသေးဘဲ ယနေ့ ကျောင်းဖန်နန်းဆောင်တွင်လည်း နေ့တစ်ဝက်ခန့် ဒူးထောက်ခဲ့ရသဖြင့် မျက်နှာမှာ ပင်ပန်းနွမ်းနယ်ကာ မှောင်မိုက်နေပြီး လေသံတိုးတိုးဖြင့် ပြောလိုက်တော့၏။ "ဒါက သူ ကံမကောင်းတာပါ။ လမစေ့ဘဲ မွေးရတဲ့အပြင် မီးဖွားရခက်ခဲတာကို ဘယ်လိုလုပ်ပြီး မင်းကို အပြစ်တင်လိုရမှာလဲ။ ကလေးရော ဘာမှမဖြစ်ဘူး မဟုတ်လား!"

ပထမမင်းသားကြင်ရာတော်၏ စိတ်နှလုံးသည် ပြန်လည်တည်ငြိမ်သွားပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။ "ကလေးက ဗိုက်ပြည့်အောင် နို့စို့ပြီးသွားလို့ နို့ထိန်းက ပွေ့ချီပြီး သွားသိပ်ခိုင်းလိုက်ပါပြီ"

ပထမမင်းသားသည် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီး နောက်ထပ် စကားပြောလိုစိတ် မရှိတော့ဘဲ ပထမမင်းသားကြင်ရာတော်ကို မိမိ၏ ဘေးနားတွင်ထိုင်ရန် မျက်ရိပ်ပြလိုက်လေသည်။ ထို့နောက် ပထမမင်းသားကြင်ရာတော်၏ လက်ကို ဆုပ်ကိုင်ထားလိုက်၏။

ဒီလို စိတ်လှုပ်ရှားပြီး ယောက်ယက်ခပ်နေသည့် အခိုက်အတန့်မျိုးတွင် မိဘအိမ်တော် အင်အားတောင့်တင်းသော ဇနီးတစ်ဦးကို လက်ထပ်ရခြင်း၏ အကျိုးကျေးဇူးကို နားလည်သဘောပေါက်နိုင်လေသည်။ မုန့်မိသားစုက ထိခိုက်နစ်နာသွားသော်ငြားလည်း ယောက္ခမဖြစ်သူ ဒီကိုယ်ရံတော်တပ်မှူးချုပ်ကြီးကတော့ ဖုဟွမ် အယုံကြည်ရဆုံး အနီးကပ်လူယုံပင်။

ပထမမင်းသားကြင်ရာတော်သည် ခင်ပွန်းဖြစ်သူ၏ စိတ်ဆန္ဒကို သိသွားသလား မသိသွားသလားတော့ မသိချေ။ အနားသို့ အသာအယာ တိုးကပ်လာကာ ပထမမင်းသားအား တိုးဝှေ့ကာ မှီထားတော့မတတ် ဖြစ်နေတော့သည်။

"ညန်ညန်ရဲ့ လက်ချောင်းလေး လှုပ်လာပါပြီ!"

သမားတော်ချုပ်ကျိုးသည် ရုတ်တရက် ဝမ်းသာအားရ အော်ဟစ်လိုက်၏။

ပထမမင်းသားနှင့် ကျင့်အန်းကုန်းကျူတို့သည်လဲ ဝုန်းခနဲ ထရပ်လိုက်ကြပြီး အိပ်ရာနားသို့ ပြေးသွားကြတော့သည်။ ပထမမင်းသားကြင်ရာတော်သည်လဲ ဟိုဟိုဒီဒီ တွေးတောနေလိုစိတ်မရှိတော့ဘဲ အတူတူ အိပ်ရာနားသို့ ပြေးသွားလိုက်လေသည်။

အိပ်ရာဘေးတွင်ထိုင်နေသည့် ယုံးကျားဧကရာဇ်သည် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ့လက်ဖဝါးထဲက လက်ချောင်းလေးများ နောက်တစ်ကြိမ် လှုပ်ရှားသွားသည်ကို ကြည့်နေမိလေသည်။

ထို့နောက်တွင် နောက်ထပ်လှုပ်ရှားမှု မရှိတော့သော်ငြား မုန့်ကွေ့ဖေး၏ လက်ချောင်းများ နှစ်ကြိမ်တိုင်တိုင် လှုပ်ရှားသွားခဲ့ခြင်းက လူတိုင်းကို အတိုင်းအဆမရှိသော ယုံကြည်မှုများကို ပေးစွမ်းလိုက်တော့၏။ အနည်းဆုံးတော့ မုန့်ကွေ့ဖေး၏ အသက်ရှင်သန်လိုစိတ်ကို လှုံ့ဆော်ပေးနိုင်ခဲ့ပြီး သတိရလာနိုင်ချေကလဲ အလွန်မြင့်တက်သွားတော့သည်။

ပထမမင်းသားက အင်္ကျီလက်စဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်၏။ "ဖုဟွမ် နေ့တစ်ဝက်လောက်တောင် စောင့်ဆိုင်းနေခဲ့တာ ပင်ပန်းနေရောပေါ့။ ဝမ်ဟွားခန်းမဆောင်ကို အရင်ပြန်ပြီး နားတော်မူပါအုံး! သားတော် ဒီည ဒီနေရာမှာ စောင့်နေလိုက်ပါ့မယ်။ မူဖေး သတိရလာတာနဲ့ ချက်ချင်း ဖုဟွမ်ဆီ သတင်းပို့လိုက်ပါ့မယ်"

ကျင့်အန်းကုန်းကျူသည်လဲ ရှိုက်ကြီးတငင်ဖြင့် တိုက်တွန်းလျှောက်တင်လေသည်။ "ဖုဟွမ်ရဲ့ နဂါးကျန်းမာရေးက အရေးအကြီးဆုံးပါ။ ပင်ပန်းပြီးလဲကျသွားလို့ မဖြစ်ပါဘူး။ အရင်ဆုံး ပြန်တော်မူပါအုံး။ ညစာသုံးဆောင်ပြီးတော့ စောစောနားနေတော်မူပါ!"

ယုံးကျားဧကရာဇ်က ပြန်ဖို့ရန် ဆန္ဒမရှိလေရာ ဤသို့သာ ပြောလိုက်လေတော့သည်။ "ကျန်း ဒီနေရာမှာပဲ နေမယ်။ ယန်ရှီနန်းဆောင်ထဲမှာ ဘေးအခန်းဆောင်တွေ ဒီလောက်များတာပဲ။ ကျန်း မခံနိုင်တော့ရင် အဲဒီ့မှာ သွားနားလိုက်မှာပါ။ မင်းတို့ မောင်နှမနှစ်ယောက်လဲ အတူတူပဲ။ အရမ်းအပင်ပန်းမခံကြနဲ့။ မင်းတို့ရဲ့ မူဖေးက မင်းတို့ကို အချစ်ဆုံးပဲ။ သူသာ သတိရလာပြီးရင်တောင် မင်းတို့ရဲ့ပုံစံကို မြင်သွားရင် စိတ်မကောင်းဖြစ်သွားမှာ သေချာတယ်"

မုန့်ကွေ့ဖေးသည် သူမ၏ သားနှင့်သမီးအပေါ်တွင်တော့ အမှန်တကယ်ပင် စိတ်ရောကိုပါနှစ်မြှုပ်ကာ အဆုံးစွန်ထိ ချစ်ခင်မြတ်နိုးခဲ့လေသည်။

သည်တစ်ကြိမ်တွင်လည်း ပထမမင်းသားအတွက်သာ မဟုတ်ခဲ့လျှင် သူမသည် အန္တရာယ်ကို ရင်ဆိုင်စွန့်စားပြီး လုမင်ယွိကို နောက်ကွယ်မှ အကွက်ချကာ လုပ်ကြံလိမ့်မည် မဟုတ်ချေ။

ပထမမင်းသား၏ စိတ်ထဲတွင် ပြောမပြတတ်အောင် နာကျင်ခံစားလိုက်ရပြီး မျက်ရည်ပူတို့သည် နောက်တစ်ကြိမ် တိုးထွက်လာပြန်တော့၏။

ထိုအချိန်မှာပင် အပျိုတော်တစ်ဦး ဝင်ရောက်လာကာ ချောင်မိဖုရားခေါင်နှင့် ဒုတိယမင်းသားတို့ဇနီးမောင်နှံ ရောက်ရှိလာကြောင်း လျှောက်တင်လေသည်။

ယုံးကျားဧကရာဇ်က မသိမသာ ခေါင်းညိမ့်ပြလိုက်၏။ "ကွေ့ဖေးက သတိမရသေးဘူး။ သူတို့ကို အပြင်မှာ စောင့်ခိုင်းထားလိုက်။ ကျန်း သူတို့ကို သွားတွေ့လိုက်မယ်"

...

အပိုင်း (၂၄၃) နိုးထလာခြင်း (၁)

လူတစ်စုသည် အိပ်ဆောင်အတွင်းသို့ ဝင်ရောက်လာသည်တွင် အမှန်တကယ်ပင် ဆူညံနေလေတော့သည်။

ယုံးကျားဧကရာဇ်သည် အပြင်သို့ထွက်လာပြီး ပထမမင်းသားမှာ အနည်းငယ် ချီတုံချတုံ ဖြစ်သွားပြီးနောက် ကျင့်အန်းကုန်းကျူကို အိပ်ယာဘေးတွင် နေခဲ့ဖို့ မှာထားလိုက်တော့သည်။ သူနှင့် ပထမမင်းသားကြင်ရာတော်တို့ကတော့ အိပ်ခန်းထဲက အတူတူ ထွက်လာခဲ့ကြ၏။

သူတို့သည် အိပ်ခန်းအပြင်ဘက် အတွင်းခန်းမဆောင်ထဲတွင် တွေ့ဆုံလိုက်ကြ၏။

ဘယ်သူကမှ ဦးညွတ်အရိုအသေ မပေးရသေးခင်မှာပင် ယုံးကျားဧကရာဇ်က မိန့်တော်မူလာသည်။ "ငါတို့တွေက မိသားစုတွေပဲ။ ဒီလိုယဥ်ကျေးနေဖို့ မလိုပါဘူး"

ချောင်မိဖုရားခေါင်သည် ယုံးကျားဧကရာဇ်၏ သွင်ပြင်ကို ကြည့်လိုက်ပြီး ရင်နာသည့်ခံစားချက် မဖြစ်မိဘဲ အေးစက်စက် ခံစားချက်တစ်ခုသာ ရှိလေတော့သည်။

တကယ်လို့ ကုတင်ပေါ်မှာ သတိလစ်ပြီး မေ့မြောနေတဲ့သူက သူမသာ ဖြစ်ခဲ့မယ်ဆိုရင် ယုံးကျားဧကရာဇ်က ဒီလောက်စိုးရိမ်တကြီးနဲ့ မျက်တွင်းတွေ ကျနေပါ့မလား။ သူက အရာအားလုံးကို ဘေးချိတ်ထားပြီးတော့ သူမရဲ့ ဘေးမှာပဲ နေနေပါ့မလား။

လုံးဝ ဘယ်ဟုတ်ပါ့မလဲ။

ရင်းနှီးနေကျဖြစ်သော ကူကယ်ရာမဲ့မှုနှင့် ခါးသက်မှုတို့သည် လျှာဖျားဆီသို့ တိုးဝင်လာပြီး ပျံ့နှံ့သွားလေတော့သည်။

ဘေးတွင်ရှိနေသည့် ချွေးမတော် လုမက်ယွိက ရုတ်တရက် လက်လှမ်းလိုက်ပြီး ချောင်မိဖုရားခေါင်၏ လက်ကို ဖွဖွလေး ဆုပ်ကိုင်လိုက်လေသည်။ ချောင်မိဖုရားခေါင်သည် သတိပြန်ဝင်လာပြီး လုမင်ယွိကို အနည်းငယ် ခေါင်းခါရမ်းပြလိုက်ကာ သူမ ဘာမှမဖြစ်ကြောင်း အမူအယာပြလိုက်၏။

လီကျင့်သည်လဲ ချောင်မိဖုရားခေါင်၏ ထူးခြားနေသည့်အမူအယာကို ရိပ်မိလိုက်သဖြင့် တိတ်ဆိတ်မှုကိုဖြိုခွဲရန် အလျင်အမြန် ပါးစပ်ဟကာ ပြောလိုက်တော့သည်။ "ဖုဟွမ်။ မုန့်ကွေ့ဖေး သတိရလာပြီလို့ ကြားတယ်"

ယုံးကျားဧကရာဇ်သည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ပြောလိုက်သည်။ "သူ့လက်ချောင်းလေးတွေ နည်းနည်းလောက် လှုပ်ရှားလာတယ်။ သမားတော်ကြီးကျိုးက ပြောတယ် ... အသိစိတ်ရှိလာရုံနဲ့တင် ကောင်းတဲ့ လက္ခဏာပဲတဲ့။ နောက်ထပ် နာရီအနည်းငယ်လောက် ထပ်စောင့်ကြည့်ရင် သတိရလာလောက်ပါပြီ"

လီကျင့်၏ အမူအယာကတော့ တည်ငြိမ်နေပြီး ဘာခံစားချက်မှ မပေါ်လွင်ချေ။ "ဒါဆိုရင် ကောင်းတာပေါ့။ မဟုတ်ရင် မုန့်ကွေ့ဖေးသာ တစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်တော်နဲ့ ရှောင်ယွိတို့ ဘယ်လိုလုပ် တာဝန်ယူနိုင်ပါမလဲ"

ထေ့ငေါ့ပြောဆိုလိုက်သည့် စကားလုံးများကို ယုံးကျားဧကရာဇ်မှာ နားထောင်ရုံသာ တတ်နိုင်လေတော့သည်။

ပထမမင်းသားသည်လဲ ပြန်လှန်ပြောဆိုဖို့ရန် သတ္တိမရှိတော့ချေ။ ပြောရမည်ဆိုလျှင် အရင်ဆုံး လက်ဦးမှုရယူကာ လူကို ဒုက္ခပေးခဲ့သူမှာ မုန့်ကွေ့ဖေး ဖြစ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ရန် ကြိုးစားခဲ့သူမှာလည်း မုန့်ကွေးဖေး ကိုယ်တိုင်ပင် ဖြစ်လေသည်။

တကယ်တမ်း ပြောရမည်ဆိုလျှင်တော့ လုမင်ယွိကသာ အမှန်တကယ် နစ်နာသူဖြစ်လေသည်။ လီကျင့်က ယန်ရှီနန်းဆောင်တွင် ဆူပူသောင်းကျန်းခြင်း မပြုလုပ်သည်မှာပင် တော်တော်လေး ထိန်းချုပ်ထားသည်ဟု ဆိုရပေမည်။

ချောင်မိဖုရားခေါင်ကလဲ ပါးစပ်ကို ဖွင့်ဟကာ ပြောလိုက်တော့၏။ "မိုးတောင် မှောင်မည်းနေပါပြီ။ အရှင်မင်းကြီးလဲ ပင်ပန်းနေလောက်ပြီမလို့ စောစောစီးစီး အနားယူသင့်ပါတယ်။ ဒီနေ့ ညီလာခံတောင် ရပ်နားထားတာ။ မနက်ဖြန်ကျရင်ရော ညီလာခံမတက်တော့ဘူးလား"

ယုံးကျားဧကရာဇ်သည် မည်မျှပင် မျက်နှာအရည်ထူပါစေ ယခုအချိန်တွင်တော့ မျက်နှာများ ပူထူလာကာ ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြောလိုက်လေသည်။ "ကျန်း မနက်ဖြန်ညီလာခံ တက်မယ်။ ဒီညတော့ ယန်ရှီနန်းဆောင်မှာပဲ အိပ်လိုက်မယ်"

ချောင်မိဖုရားခေါင်သည် ပါးစပ်ဖျားမှ ထွက်ကျလုနီးပါးဖြစ်သွားသော လှောင်ပြောင်သရော် စကားများကို ထိန်းချုပ်ထားလိုက်ပြီး တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။ "အရှင်မင်းကြီး ဆုံးဖြတ်ပြီးပြီပဲဟာ ချန်ချဲ့လဲ ထပ်ပြီးတော့ အကြံမပေးတော့ပါဘူး"

ဘုရင်နှင့် မိဖုရားခေါင်တို့နှစ်ဦးစလုံး အသံမထွက်လာကြတော့သဖြင့် ကျန်သူများမှာလည်း ဝင်ရောက်ပြောဆိုရန် မသင့်တော်ကြတော့ချေ။

ခဏအကြာတွင် ပထမမင်းသားသည် ရှေ့သို့တိုးလာပြီး လီကျင့်နှင့် လုမင်ယွိတို့ရှေ့တွင် ခါးကိုကိုင်းကာ အရိုအသေပြုလိုက်လေသည်။ "အာ့တိ အာ့တိမေ့ မင်းတို့နှစ်ယောက် သဘောထားကြီးပြီးတော့ မူဖေးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မူဖေးက ကုတင်ပေါ်မှာ လဲလျောင်းနေတုန်းဆိုတော့ သာ့ကောကပဲ မူဖေးကိုယ်စား မင်းတို့ကို တောင်းပန်ပါတယ်"

လုမင်ယွိက လေသံအေးအေးဖြင့် ပြောလိုက်လေသည်။ "သာ့ကောရဲ့ တောင်းပန်တာကိုတော့ ကျွန်မ လက်မခံနိုင်ပါဘူး"

"တရားစီရင်ရေးဌာန အမှုတွဲတွေကို ကျွန်တော် နန်းတော်ထဲ ယူလာခဲ့ပြီးပြီ" လီကျင့်က အေးစက်စွာဖြင့် စကားဖြတ်ပြောလိုက်လေသည်။ "ဖုဟွမ် အုးလပ်တဲ့အချိန်ကြရင် ကျွန်တော်ကိုယ်တိုင် ဖုဟွမ်ကို ဆက်သလိုက်ပါ့မယ်"

မှားယွင်းတဲ့အလုပ်တွေ လုပ်ခဲ့ပြီးမှ ပေါ့ပေါ့ပါးပါး တောင်းပန်စကား တစ်ခွန်းတည်းနဲ့ ပြီးသွားချင်တာလား။

ဒါကတော့ လွယ်လွန်းအားကြီးနေပြီ!

ပထမမင်းသားသည် လင်မယားနှစ်ယောက်၏ ဝိုင်းဝန်းလှောင်ပြောင်ခြင်း ခံလိုက်ရသဖြင့် နေစရာနေရာပင် မရှိတော့လောက်အောင် ဖြစ်သွားတော့သည်။ "မင်းတို့ အထင်မလွဲပါနဲ့။ သာ့ကောက ဒီလိုသဘောမျိုးပြောတာ မဟုတ်ပါဘူး ..."

"အဲဒီ့လိုသဘောမျိုးမဟုတ်ရင် ပြီးတာပါပဲ" လုမင်ယွိက ဖျော့တော့စွာ ပြုံးလိုက်လေသည်။ "ပထမမင်းသားက အခွင့်ကောင်းယူပြီး ကျွန်မနဲ့ ဗိုက်ထဲကကလေးကို လုပ်ကြံခဲ့တဲ့ တရားခံအစစ်ကို ခွင့်လွှတ်ပေးဖို့ ပြောလာမှာစိုးလို့ ကျွန်မက စိတ်ပူနေတာ"

ပထမမင်းသား "..."

ပထမမင်းသားမှာ ဆွံ့အသွားလေတော့သည်။

သူ့မှာ အမှန်တကယ်ပင် ထိုရည်ရွယ်ချက်ရှိနေခဲ့ခြင်းပင်။ ယုံးကျားဧကရာဇ်က စိတ်နှလုံးပျော့ပျောင်းနေခိုက်၊ မုန့်ကွေ့ဖေး လုံးဝသတိမရလာသေးခင်အချိန်တွင် လုပ်ကြံမှုကိစ္စကို တတ်နိုင်သမျှ ပေါ့ပါးသွားအောင် ကြိုးစားကြည့်ခြင်းပင်။

လေသံနည်းနည်းလောက် ပစ်ကြည့်လိုက်ရုံပင်ရှိသေးသည် လုမင်ယိက ချက်ချင်းပင် အားမနာတမ်း ပိတ်ပြောလိုက်တော့၏။

ပထမမင်းသားမှာ စကားဆက်ပြောမရဖြစ်သွားမှ ယုံးကျားဧကရာဇ်ကလဲ ပါးစပ်ဟကာ ဆက်ပြောလိုက်တော့သည်။ "စိတ်ချပါ။ ကျန်းက အမှားအမှန် မခွဲခြားနိုင်လောက်တဲ့အထိ မူးနောက်မနေသေးပါဘူး။ တရားစီရင်ရေးဌာနက အဆုံးအထိ စုံစမ်းစစ်ဆေးပြီး လုပ်ကြံမှုနဲ့ ပတ်သက်တဲ့ ဘယ်သူ့ကိုမဆို ကျန်း အလွတ်ပေးမှာမဟုတ်ဘူး"

ယုံးကျားဧကရာဇ်၏ စကားဆုံးသည်နှင့် ပထမမင်းသား၏ မျက်နှာထားမှာ ပြောင်းလဲသွားလေတော့သည်။

လီကျင့်နှင့် လုမင်ယွိတို့ကလဲ တပြိုင်တည်း လက်နှစ်ဖက်ယှက်ကာ အရိုအသေ ပြုလိုက်ကြလေသည်။ "ဖုဟွမ်က ဉာဏ်အမြှော်အမြင် ကြီးမားလှပါတယ်။ ဖုဟွမ်ကို ကျေးဇူးတင်ပါတယ်"

...

ထိုနေ့ညတွင် ယုံးကျားဧကရာဇ်သည် ယန်ရှီနန်းဆောင်တွင် အိပ်စက်ခဲ့လေသည်။

လုမင်ယွိနှင့် လီကျင့်တို့သည် နန်းတော်အပြင်ဘက်သို့ မထွက်တော့ဘဲ ကျောင်းဖန်နန်းဆောင်တွင်သာ အနားယူလိုက်ကြတော့၏။

"မင်း ဘာဖြစ်လို့ တစ်ယောက်တည်း နန်းတော်ထဲဝင်လာတာလဲ" လီကျင့်က ဇနီးသည်ကို ပွေ့ဖက်ထားပြီး သူ့လက်က သူမ၏ ဝမ်းဗိုက်ပေါ်သို့ ဖွဖွလေးရောက်ရှိလာခဲ့၏။ "သမားတော်က ပြောထားတယ်လေ။ မင်း ကိုယ်ဝန်ထိခိုက်ထားတာ ကောင်းကောင်းအနားယူသင့်တယ်တဲ့"

လုမင်ယွိသည် ခန္ဓာကိုယ်ကို လျှော့ချထားလိုက်ပြီး လီကျင့်၏ ရင်ခွင်ထဲတွင် မှီတွယ်နေလိုက်၏။ "ရှင် ကျွန်မကျန်းမာရေးအတွက် စိတ်ပူတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ကျွန်မကလဲ ရှင်နဲ့ မူဟုပ်တို့အတွက် စိတ်ပူတာပဲလေ"

"ဖုဟွမ်ရဲ့ ဒီနေ့အဖြစ်အပျက်ကို ရှင်လဲ မြင်တယ်မဟုတ်လား။ မုန့်ကွေ့ဖေး သတိရလာရင်တော့ တော်သေးတာပေါ့။ တကယ်လို့များ ဒီအတိုင်းသေသွားခဲ့ရင် ဒီစာရင်းကို မူဟုပ်နဲ့ ကျွန်မတို့အပေါ်မှာ မှတ်ယူတော့မှာ"

"ကျွန်မ ဒီနေ့ နန်းတော်ထဲဝင်လာပြီး မုန့်ကွေ့ဖေးအတွက် ဝင်ပြောပေးတယ်ဆိုတာ အသားစီး ရယူထားချင်လို့ပဲ။ ကျွန်မ ရောက်လာပြီဆိုကတည်းက နောက်ပိုင်းမှာ မုန့်ကွေ့ဖေး သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ကျွန်မတို့ကို အပြစ်လာတင်လို့ မရတော့ဘူးလေ"

.လီကျင့် ... ရှင်က ကျွန်မအတွက် တရားမျှတမှုကို တောင်းဆိုပေးတာ ကျွန်မ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဒါပေမဲ့ ကျွန်မတို့က လင်မယားတွေပါ။ အပြန်အလှန် ဖေးမကူညီသင့်တာပေါ့။ ရှင်က ကျွန်မအတွက် စိတ်နှလုံးအပြည့်နဲ့ စဥ်းစားပေးနေတာ ကျွန်မက ဘယ်လိုလုပ်ပြီး လစ်လျူရှုပြီးနေနိုင်မှာလဲ"

လီကျင့်သည် တစ်ကိုယ်လုံး တုန်ယင်သွားလေတော့သည်။ ခေါင်းမော့ကာဖြင့် လုမင်ယွိ၏ မျက်ဝန်းအိမ်ထဲသို့ လေးနက်စွာ စိုက်ကြည့်နေလိုက်၏။ "ရှောင်ယွိ မင်း တကယ်ပဲ ကို့ကိုယ် ဒီလောက်တောင် ဂရုစိုက်တာလား"

လုမင်ယွိက လက်ကိုလှမ်းလိုက်ကာ လီကျင့်၏ ထူထဲနေသည့် မျက်ခုံးမွှေးများကို ပွတ်သပ်ပေးလိုက်ပြီး သူမ၏အသံထဲတွင်လည်း ရယ်မောသံလေးများ ပါဝင်နေတော့သည်။."ဒါက ဘယ်လိုတုံးအတဲ့ မေးခွန်းလဲ။ ရှင်မျက်လုံးထဲမှာ ကျွန်မက အဲဒီ့လောက်တောင် အသည်းနှလုံးမရှိတဲ့မိန်းမ ဒါမှမဟုတ် ကျောက်တုံးလိုမာကျောနေတဲ့ နှလုံးသားပိုင်ရှင်လို့ ထင်နေတာလား"

လီကျင့်သည် ၂ရက်အတွင်း ပထမဦးဆုံးအကြိမ် ပြုံးရယ်လိုက်နိုင်ပြီး နှုတ်ခမ်းထောင့်များ ကွေးတက်သွားလေတော့သည်။

လုမင်ယွိ၏ ရင်ထဲတွင်လည်း နွေးထွေးမှုများ စီးဆင်းသွားလေတော့၏။

အပြန်အလှန်လေးစားပြီး အပြန်အလှန်သံယောဇဥ်တွယ်ကာ တစ်ဖက်လူအတွက် ပုံမှန်ဆိုလျှင် မလုပ်ပေးဖြစ်မည့်ကိစ္စရပ်များကို လိုလိုလားလား လုပ်ဆောင်ပေးမိကြလေသည်။

သူမသည် သူ့အပေါ်တွင် ပူလောင်ပြင်းပြပြီး အရာအားလုံးကို ဂရုမစိုက်နိုင်တော့သည့်အဖြစ်မျိုး မရှိသည်မှာ ဖြစ်နိုင်သော်ငြား ပိုမိုနက်ရှိုင်းပြီး ရှည်ကြာသော ခိုင်မြဲသည့် လင်မယားသံယောဇဥ်မျိုးတော့ ရှိနေပေသည်။

လင်းမယားနှစ်ယောက်က ပွေ့ဖက်ထားရင်း တိုးတိုးလေး စကားပြောနေကြ၏။

"ဖုဟွမ်က မုန့်ကွေ့ဖေးအပေါ်မှာ တကယ်သံယောဇဥ်အစစ် ရှိပုံရတယ်"

"ဒါက ဘာသံယောဇဥ်အစစ်မလို့လဲ။ တကယ်လို့ ဖုဟွမ်က သူ့ကို တကယ်ချစ်တယ်ဆိုရင် အစကတည်းက ကို့ရဲ့ မူဟုပ်ကို လက်မထပ်သင့်ခဲ့ဘူးလေ" လီကျင့်က လေးနက်လှသည့်အသံဖြင့် ပြောလိုက်လေသည်။ "သူက ချောင်မိသားစုရဲ့ ထောက်ပံ့မှုကိုလည်း လိုချင်သေးတယ်။ မုန့်ရှီကိုလဲ အိမ်တော်ထဲ ခေါ်သွင်းသေးတယ်။ တရားဝင်ဇနီးသည်အပေါ်မှာလည်း တာဝန်မကျေဘူး။ သူချစ်ရတဲ့ မိန်းမအပေါ်မှာလည်း တာဝန်မကျေဘူး"

ဒီလို သံယောဇဥ်အစစ်မျိုးကတော့ မရှိတာမှကောင်းအုံးမယ်။

အိပ်ချင်စိတ်များက တရိပ်ရိပ်တက်လာလေသည်။

လုမင်ယွိသည် သမ်းဝေလိုက်ပြီး မျက်လုံးများကိုမှိတ်ကာ တိတ်ဆိတ်စွာ အိပ်မောကြသွားတော့သည်။

လီကျင့်သည် ဒီ၂ရက်အတွင်း တရားစီရင်ရေးဌာနတွင် မျက်တောင်မခပ်ဘဲ အမှုစစ်ဆေးခြင်းကို စောင့်ကြည့်ခဲ့ရသဖြင့် စိတ်အာရုံများတင်းမာနေခဲ့ကာ ယခုအချိန်ရောက်မှသာ လျှော့ကျသွားလေတော့သည်။ ခေါင်းကို လုမင်ယွိနှင့်အတူတူ မှီထားလိုက်ပြီး မကြာခင်မှာပင် အိပ်ပျော်သွားလေတော့၏။

...

တညတာ ကုန်လွန်သွားပြီးနောက် မုန့်ကွေ့ဖေး၏လက်များ နောက်ထပ် အကြိမ်အနည်းငယ် လှုပ်ရှားလာကာ ဆေးတိုက်ရသည်မှာလဲ ပိုပြီးလွယ်ကူလာခဲ့သည်။

ယုံးကျားဧကရာဇ်သည် ရင်ထဲက စိုးရိမ်ပူပန်မှုများကို ဖိနှိပ်ထားပြီး ညီလာခံတက်ရန် ကျင်းလွမ်နန်းဆောင်သို့ ထွက်ခွာသွားလေသည်။

မုန့်ကွေ့ဖေး မိမိကိုယ်ကို အဆုံးစီရင်သည့်ကိစ္စသည် အရာရှိများ၏နားထဲသို့ ရောက်ရှိနေပြီဖြစ်လေ၏။ ညီလာခံတွင် ကွမ်းပင်းနယ်စား မရှိနေချေ။ ဇကာကွက်ထက်ပင် အကွက်များသော အရာရှိများသည် စိတ်ထဲတွင် ပြောင်မြောက်လှသည့် ဇာတ်လမ်းတစ်ပုဒ်ကို အသီးသီး ပုံဖော်နေကြတော့သည်။

ပထမမင်းသားသည် ဒီနေ့တွင် ရောက်မလာခဲ့ချေ။ ကျန်မင်းသားများကတော့ အားလုံးရောက်ရှိနေကြသည်။

ချောင်ကောလောင်နှင့် လုလင်းတို့သည် နားလည်မှုရှိစွာဖြင့် လုပ်ကြံမှုအကြောင်းကို ထပ်မံထည့်သွင်းမပြောကြတော့ချေ။

ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်မှ လွတ်သွားမှာမှ မဟုတ်တာလေ။

ညီလာခံစတင်ပြီး ၁နာရီခန့်အကြာတွင်တော့ ကုန်းကုန်းတစ်ဦးသည် ကျင်းလွမ်နန်းဆောင်ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး လျိုကုန်းကုန်း၏ နားနားသို့ကပ်ကာ စကားပြောလိုက်လေသည်။ လျိုကုန်းကုန်းက ခေါင်းအနည်းငယ် ညိမ့်လိုက်ပြီး အမူအယာမပျက် ယုံးကျားဧကရာဇ်အနားသို့ တိုးကပ်သွားကာ တိုးတိုးလေး လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး ကွေ့ဖေးညန်ညန် သတိရပါပြီ"

ယုံးကျားဧကရာဇ်သည် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မျက်လုံးများထဲတွင်လည်း ရုတ်တရက် အလင်းရောင်များ တောက်ပလာတော့၏။

ညီလာခံမပြီးဆုံးသေးသည်ကိုသာ မုန်းမိတော့သည်။ မဟုတ်လျှင် ယန်ရှီနန်းဆောင်သို့ ချက်ချင်းပြေးသွားချင်စိတ်ကို အောင့်အီးသည်းခံထားရမည် မဟုတ်ပေ။

လီကျင့်ကတော့ ထိုအရာများကို ကြည့်ရင်း စိတ်ထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့မိလေတော့သည်။

လျိုကုန်းကုန်း ဘာပြောလိုက်သည်ကို မကြားရသော်ငြားလည်း ယုံးကျားဧကရာဇ်၏ ပုံးစံကိုကြည့်ရုံမျှဖြင့် မှန်းဆကြည့်လို့ရနေလေသည်။

...

All Chapters