အခန်း (၂၄၄-၂၄၆)
Vol. 17 Ch. 244-246
အပိုင်း (၂၄၄) သတိရလာခြင်း (၂)
ယန်ရှီနန်းဆောင်
သမားတော်ချုပ်ကြီးကျိုးနှင့် တခြားသမားတော်များသည် ၃ရက်တိုင်တိုင် မအိပ်မနေစောင့်ကြပ်ခဲ့ကြပြီး ယခုမှသာ သက်ပြင်းချနိုင်တော့သည်။ သမားတော်တစ်ယောက်ကို စောင့်ဆိုင်းထားခဲ့ပြီး ကျန်လူများကတော့ သွားရောက်အနားယူကြပြီဖြစ်၏။
ကျင့်အန်းကုန်းကျူနှင့် ပထမမင်းသားကြင်ရာတော်တို့သည်လဲ ကုတင်ဘေးတွင် အတူတူစောင့်နေကြလေသည်။ ကျင့်အန်းကုန်းကျူ၏ ဖြူစင်သန့်ရှင်းသည့် ဝမ်းသာပီတိစိတ်နှင့် ယှဥ်ကြည့်လျှင် ပထမမင်းသားကြင်ရာတော်၏ ဝမ်းသာမှုထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ရောနှောပါဝင်နေလေသည်။ စိုးရိမ်ထိတ်လန့်ခြင်း ဗျာများရခြင်း၊ တုန်လှုပ်ခြင်း၊ အပြစ်ရှိစိတ်များ ...
တော်သေးသည်မှာ မုန့်ကွေ့ဖေး သတိရလာသော်ငြား မျက်လုံးဖွင့်ရုံသာရှိပြီး အားနည်းလွန်းသဖြင့် စကားပြောရန်ပင် အားမရှိရှာပေ။ ထို့ကြောင့် အပျိုတော်ယန် မီးဖွားရင်း သေဆုံးသွားသည့်ကိစ္စကို မေးမြန်းရန်လဲ အင်းအားမရှိတော့ချေ။
အနောက်နန်းဆောင်က မိဖုရားငယ်များသည်လဲ တဖွဲဖွဲ လာရောက်မေးမြန်းကြလေသည်။ သို့သော် သူတို့အားလုံးက အိပ်ဆောင်အပြင်ဘက်တွင် တားဆီးခံထားရ၏။ ချင်ဖေးနှင့် စူးဖေးတို့သည်လည်းပဲ အိပ်ဆောင်ထဲသို့ ဝင်ခွင့်မရကြချေ။
စူးဖေးက စိတ်ထဲကမပါသည့်စကားကို ပြောလိုက်၏။ "ကွေ့ဖေးညန်ညန်က ကံကောင်းပြီး အသက်ပြင်းပါတယ်။ နောက်ဆုံးတော့ သတိရလာပါပြီ"
ဒီအတိုင်းသေသွားရင် ဘယ်လောက်တောင်မှ ကောင်းလိမ့်မလဲ!
ချင်ဖေးသည်လဲ ဝမ်းသာအားရ ပြုံးကာပြောလေသည်။ "လူကောင်းတွေကို နတ်ကောင်းမပါတယ်။ ကွေ့ဖေးညန်ညန်က အသက်ရှည်မဲ့ဇာတာ ပါပါတယ်။ အခက်အခဲ တစ်ချို့ကြုံရပေမဲ့ ကျော်ဖြတ်သွားနိုင်မှာပါ"
ကောင်မစုတ်က အသက်ပြင်းလိုက်တာ။
စူးဖေးသည် သတင်းသိပ်မစုံသဖြင့် ကွမ်းပင်းနယ်စား နန်းတော်ထဲဝင်လာပြီး အဆူခံရသည့်ကိစ္စကို မသိသေးကာ ချင်ဖေးကို တိုးတိုးလေး မေးလိုက်လေသည်။ "ကွေ့ဖေးညန်ညန်က သေရွာကနေပြန်လာနိုင်ပြီဆိုတော့ အရှင်မင်းကြီးက လုပ်ကြံမှုကိစ္စကို ဆက်ပြီးအရေးယူတော့မှာ မဟုတ်လောက်ဘူးနော်"
ချင်ဖေးသည် နှုတ်ခမ်းကို တွန့်ရုံသာပြုံးလိုက်ပြီး စူးဖေးကို အဓိပ္ပါယ် ပါပါ စောင်းကြည့်လိုက်လေသည်။."အရေးယူမယ်ဆိုရင်တောင် ကွေ့ဖေးညန်ညန် ကျန်းမာလာတဲ့အထိ စောင့်ရအုံးမှာ။ ဒီကိစ္စထဲ ပါဝင်ပတ်သက်နေတဲ့ တခြားလူတွေအတွက်တော့ ပြောရခက်တယ်"
စူးဖေး၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားတော့သည်။
သူမသည် ထိုမျှလောက် မတုံးအလှသေးချေ။ ကွမ်းပင်းနယ်စားကို ချက်ချင်းသတိရလိုက်လေသည်။ "ရှင် ပြောချင်တာက မုန့်မိသားစုလဲ ပါဝင်ပတ်သက်နေမယ်လို့ ပြောချင်တာလား"
ကွမ်းပင်းနယ်စားသည် မယ်တော်ကြီးကျောက်ကို အမှုပတ်အောင် ကြံစည်ခဲ့သည်ကိုတွေးမိတိုင်း ချင်ဖေး၏ စိတ်ထဲတွင် ရွံရှာမုန်းတီးမိပြီး ကွမ်းပင်းနယ်စားအိမ်တော် ဒီနေရာတွင် ကံဆိုးမိုးမှောင်ကျသွားပါစေဟု ဆုတောင်းမိလေ၏။
ချင်ဖေးက ဟန်ဆောင်ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "အတွင်းရေးတွေကိုတော့ ကျွန်မလဲ မသိပါဘူး။ ဒီလိုကိစ္စမျိုးကိုလဲ လျှောက်မပြောရဲပါဘူး။ ဒါပေမဲ့ ကြားတာကတော့ ကွမ်းပင်းနယ်စားက မနေ့တုန်းက နန်းတော်ထဲဝင်ပြီး ကွေ့ဖေးညန်ညန်အတွက် အသားနားခံစာတင်တာ အရှင်မင်းကြီးရဲ့ ဆူပူကြိမ်းမောင်းတာ ခံလိုက်ရတယ်တဲ့။ ကွမ်းပင်းနယ်စားကို အိမ်ပြန်ပြီး ကိုယ့်ဟာကို ပြန်လည်သုံးသပ်ခိုင်းလိုက်တယ်။ ဒီနေ့ ညီလာခံမှာတောင် ကွမ်းပင်နယ်စား ရောက်မလာဘူးတဲ့"
စူးဖေးမှာ ချက်ချင်းမပြုံးနိုင်တော့ပေ။
ချင်ဖေးက နှုတ်ခမ်းကို လက်ကိုင်ပုဝါဖြင့် ဖုံးကွယ်ထားလိုက်ပြီး အနူးညံ့ဆုံးလေသံဖြင့် အဆိပ်ပြင်းဆုံးနောက်ပြောင်မှုကို ပြုလုပ်လိုက်လေသည်။ "ကျွန်မက ကွမ်းပင်းနယ်စားအကြောင်း ပြောလိုက်တာနဲ့ စူးဖေးက စိတ်ပူသွားတာပဲနော်။ ကြည့်ရတာ တတိယမင်းသားရဲ့ ယောက္ခမလောင်းအိမ်ကို ဘယ်လောက်တောင် အလေးထားလဲဆိုတာ သိသာပါတယ်"
စူးဖေး "..."
စူးဖေးသည် သူမနှင့် ကွမ်းပင်းနယ်စားတို့၏ အတိတ်ဇာတ်လမ်းကို တပါးသူများပြောဆိုသည်ကို အမုန်းဆုံးပင်။
ချင်ဖေးက သွယ်ဝိုက်ပြီးတိုက်ခိုက်လာသဖြင့် စူးဖေးမှာ ရှက်မိသလို ဒေါသလဲထွက်ရကာ ချင်ဖေး၏ စကားထဲက နက်ရှိုင်းလှသည့် အဓိပ္ပါယ်ကြောင့် ပိုလို့ပင် တုန်လှုပ်သွားရလေသည်။ ခဏအခိုက်အတန့် ပြန်လည်တုံ့ပြန်ဖို့ရန် သတိမရတော့ဘဲ လက်ထဲက လက်ကိုင်ပုဝါကိုသာ တင်းကျပ်နေအောင် ဆုပ်ထားမိလိုက်တော့သည်။
လုမင်ယွိ လုပ်ကြံခံရသည့်ကိစ္စသည် ကွမ်းပင်းနယ်စားက နောက်ကွယ်က ကြိုးကိုင်သူဆိုလျှင် ဒီတခေါက် သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပေတော့မည်။
သားတော်အတွက် သူမသည် အသေအလဲကြိုးစားပြီး ကြံစည်ပေးထားသည့် ယောက္ခမအိမ်တော်က ဒီလိုမျိုး ပြိုကွဲသွားလိမ့်မယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ။
ချင်ဖေးက မျက်နှာပျက်နေသော စူးဖေးကို အေးဆေးသက်သာစွာ ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ "ကျွန်မ အမြင်ပြောရရင်တော့ ဒီကိစ္စက ဒုတိယမင်းသားနဲ့ အာ့ဟွမ်စစ်ဖေးတို့ဆီကနေ စရမှာပဲ။ သူတို့သာ အပြစ်မယူတော့ဘူးဆိုရင်တော့ အရှင်မင်းကြီးကလဲ ကွေ့ဖေးနဲ့ မုန့်မိသားစုကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာမဟုတ်လောက်ဘူး"
သူမက လုမင်ယွိကို အောက်ကျို့ပြီးတောင်းပန်ရမှာလား။
စူးဖေးမှာ တိတ်တဆိတ် အံကြိတ်ထားလိုက်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်လေသည်။ "ချင်ဖေး စောစောက ပြောသလိုပါပဲ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ပြောမရဘူးလေ ... ဒီကိစ္စက အစအဆုံး မုန့်မိသားစုနဲ့ ဘာမှမဆိုင်တာလဲ ဖြစ်နိုင်တာပဲ"
ချင်ဖေးက အဓိပ္ပါယ် ဖော်မပြနိုင်သော ရယ်သံတစ်ချက်ပြုလိုက်၏။
ထိုအချိန်မှာပင် ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့ ရောက်လာကြလေသည်။
ချင်ဖေးနှင့် စူးဖေးတို့သည်လဲ အချင်းချင်း ထေ့ငေါ့ပြောဆိုမနေကြတော့ဘဲ အသီးသီးထရပ်လိုက်ကာ ချောင်မိဖုရားခေါင်ကို ဂါရဝပြုလိုက်ကြသည်။
ချောင်မိဖုရားခေါင်က အနည်းငယ်ခေါင်းညိမ့်ပြပြီး အိပ်ဆောင်ထဲသို့ ဝင်သွားလေသည်။
လုမင်ယွိလဲ အနောက်မှ ကပ်လျက်လိုက်ပါသွားခဲ့၏။ အစကအဆုံး စူးဖေးကို မျက်လုံးထောင့်ကနေပင် ကြည့်မသွားချေ။
စူးဖေး ရင်ဆိုင်ချင်စိတ် မရှိဆုံးသူမှာလဲ လုမင်ယွိပင် ဖြစ်လေသည်။ သို့သော်ငြား ဒီလို လစ်လျူရှုခံလိုက်ရသည့်အခါတွင်လည်း စူဖေး၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်ရပြန်၏။ ဒီလုမင်ယွိက သူမကို မျက်လုံးထဲတောင် ထည့်မတွက်ဘူးပဲ။
တကယ်လို့ လုမင်ယွိသာ စူးဖေး စဥ်းစားနေသည့်အတွေးများကိုသိလျှင် သေချာပေါက် အထင်သေးစွာဖြင့် နှာခေါင်းရှုံ့မိပေလိမ့်မည်။
ယခင်ဘဝတုန်းက သူမ နေရာတိုင်း သည်းခံအလျှော့ပေးခဲ့သည်မှာ လီဟောက်အတွက်ကြောင့်သာပင်။
စူးဖေးလိုလူမျိုးက ကိုယ့်အရည်အချင်းနဲ့ကိုဆိုရင် ဘယ်နေရာမှာများ အဖက်လုပ်စရာရှိလို့လဲ။
...
လုမင်ယွိသည် ချောင်မိဖုရားခေါင်နှင့်အတူ အိပ်ဆောင်ထဲသို့ ဝင်ရောက်လာခဲ့၏။
ကျင့်အန်းကုန်းကျူနှင့် ပထမမင်းသားကြင်ရာတော်တို့က ရှေ့သို့တိုးလာကာ ဂါရဝပြုလိုက်ကြသည်။ ချောင်မိဖုရားခေါင်ကလဲ "ထကြပါ" ဟုပြောကာ ကုတင်နားသို့လျှောက်သွားလိုက်ပြီး တစ်ချက်ကြည့်လိုက်လေသည်။ မုန့်ကွေ့ဖေးသည် အမှန်တကယ်ပင် မျက်လုံးဖွင့်နေပြီဖြစ်ပြီး မျက်နှာက သွေးဆုတ်ဖြူရော်နေကာ သွေးရောင်ဟူ၍ နည်းနည်းလေးမှပင် မရှိချေ။
မုန့်ကွေ့ဖေး၏အကြည့်နှင့် ချောင်မိဖုရားခေါင်တို့ ဆုံတွေ့မိကြ၏။ ထို့နောက်တွင်တော့ လုမင်ယွိ၏ မျက်နှာက မြင်ကွင်းထဲသို့ ဝင်ရောက်လာတော့သည်။
မုန့်ကွေ့ဖေး၏ မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားပြီး ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့၏။
လုမင်ယွိသည် မုန့်ကွေ့ဖေး၏ စိတ်အကြံအစည်များကို ဖောက်ထွင်းမြင်နေရသလို အမူအယာမပျက်ပြုံးကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကွေ့ဖေးညန်ညန် နောက်ဆုံးတော့ သတိရလာပြီပဲ။ ကျွန်မလဲ စိတ်ချထားလို့ရပါပြီ။ တကယ်လို့ ကျွန်မကြောင့်များ ကွေ့ဖေးညန်ညန်က အပြစ်ရှိစိတ်တွေဖြစ်ပြီး အသက်မရှင်ချင်တော့တာမျိုး ဖြစ်သွားရင် ကျွန်မ ဘယ်လိုလုပ်ပြီးတော့ စိတ်ကောင်းနိုင်ပါ့မလဲ"
မုန့်ကွေ့ဖေးသည် စကားပြောရန် အားမရှိသဖြင့် မျက်လုံးတစ်စုံဖြင့်သာ လုမင်ယွိကို စူးစိုက်ကြည့်နေတော့သည်။
လုမင်ယွိက ဆက်ပြောလိုက်၏။ "ဒီတော့ ကွေ့ဖေးညန်ညန် စိတ်ချပါနော်။ အဲဒီနေ့က လုပ်ကြံသူတွေရဲ့ တိုက်ခိုက်မှုက အန္တရာယ်များပေမဲ့ ကျွန်မ ဘာမှမဖြစ်ပါဘူး။ ကိုယ်ဝန်လေး နည်းနည်းထိခိုက်သွားရုံပဲရှိတာပါ။ အခုတော့ အားလုံးကောင်းသွားပါပြီ"
"မုန့်မိသားစုကို ဘယ်လိုစီရင်မလဲဆိုတာ ဖုဟွမ်မှာ အစီအစဥ်ရှိပြီးသားပါ။ ကွေ့ဖေးကတော့ စိတ်အေးအေးထားပြီး ကျန်းမားရေးကိုပဲ ဂရုစိုက်ပါ။ ဒီကိစ္စအတွက် စိတ်ပူမနေပါနဲ့တော့"
မုန့်ကွေ့ဖေးသည် ရင်ထဲတွင် သွေးများဆူပွက်လာပြီး နောက်တကြိမ် သတိလစ်မတတ်ပင် ဖြစ်သွားရလေသည်။
သမားတော်ကြီးချုပ်က ချောင်းဟန့်လိုက်ပြီး သတ္တိမွေးကာ လျှောက်တင်လိုက်လေသည်။ "ကွေ့ဖေးညန်ညန် သတိရလာတာ ၁နာရီတောင် မပြည့်သေးပါဘူး။ စိတ်ငြိမ်ငြိမ်ထားပြီး အနားယူသင့်ပါတယ်။ ကျွန်တော်မျိုး မရိုမသေလျှောက်တင်ပါရစေ။ မိဖုရားခေါင်ကြီးနဲ့ အာ့ဟွမ်စစ်ဖေးညန်ညန်တို့ ခဏလောက် ရှောင်ပေးကြပါ"
အထူးသဖြင့် အာ့ဟွမ်စစ်ဖေးညန်ညန်ပေါ့ ... သေမလိုဖြစ်ရာကနေ မနည်းပြန်ရှင်လာတဲ့ မုန့်ကွေ့ဖေးကို ဒေါသထွက်ပြီး သေအောင်လုပ်ဖို့ ကြံစည်နေတာများလား။
လုမင်ယွိကတော့ ပြုံးလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။
ချောင်မိဖုရားခေါင်သည် မုန့်ကွေ့ဖေးက ဒေါသထွက်ပြီး သွေးအန်မတတ်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် ကျေနပ်အားရသွားကာ ပြောလိုက်တော့သည်။ "ကွေ့ဖေး သတိရလာရင် ပြီးတာပါပဲ။ အရှင်မင်းကြီး စိတ်ပူနေတာကလဲ သက်သာတာပေါ့။ သမားတော်ချုပ်ကြီးကျိုး ... ကွေ့ဖေးကို ကောင်းကောင်းဂရုစိုက်လိုက်ပါ။ ပန်ကုံး မနက်ဖြန်မှ ထပ်လာခဲ့မယ်"
သမားတော်ချုပ်ကြီးကျိုးက ရိုသေစွာဖြင့် ပြန်ဖြေလိုက်လေသည်။
ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့ ထွက်သွားကြပြီး မုန့်ကွေ့ဖေးသည် မလှုပ်ရှားနိုင်သဖြင့် ခေါင်းကိုအနိုင်နိုင်စောင်းကာ မျက်လုံးထဲတွင် အမုန်းတရားများ တောက်လောင်လျက် ကြည့်ကာ ကျန်ရစ်နေလေတော့သည်။
စိတ်မလုံမလဲဖြစ်နေသော ပထမမင်းသားကြင်ရာတော်မှာ အနားသို့ မကပ်ရဲဘဲ ခေါင်းငုံ့ထားလိုက်လေသည်။ ကျင့်အန်းကုန်းကျူကတော့ ကုတင်ဘေးသို့သွားကာ လက်ကိုင်ပုဝါဖြင့် မုန့်ကွေ့ဖေး၏ နဖူးပေါ်ကချွေးစများကို သုတ်ပေးရင်း တိုးတိုးလေး နှစ်သိမ့်ပေးလိုက်၏။ "မူဖေးရဲ့ ကျန်းမာရေးက အရေးကြီးပါတယ်။ အခုချိန်မှာ စိတ်မလှုပ်ရှားပါနဲ့"
မုန့်ကွေ့ဖေးကတော့ နှာခေါင်းရှုံ့ကာ ဟင်းဟု အသံပြုလိုက်တော့သည်။
...
နောက်ထပ်၁နာရီခန့် ကြာပြီးသွားသောအခါ
ညီလာခံပြီးဆုံးသွားပြီး ယုံးကျားဧကရာဇ်သည် အလျင်အမြန် ရောက်ရှိလာခဲ့၏။
ယုံးကျားဧကရာဇ်၏ မျက်နှာကို မြင်လိုက်ရသည်နှင့် မုန့်ကွေ့ဖေး၏ မျက်လုံးများမှာ နီရဲလာလေတော့သည်။
သူမသည် အားယူကာ ခေါင်းကိုအတွင်းဘက်သို့ လှည့်လိုက်ပြီး ယုံးကျားဧကရာဇ်ကို ကြည့်ရန် ငြင်းဆန်လိုက်၏။
ယုံးကျားဧကရာဇ်သည် မုန့်ကွေ့ဖေး၏ ရိုင်းပျမှုကို နည်းနည်းလေးမှ ဂရုမစိုက်ပေ။ မုန့်ကွေ့ဖေး သတိရလာဖို့သာ လိုလေသည်။ မျက်စောင်းဘယ်လောက်ထိုးထိုး သူကတော့ ကျေကျေနပ်နပ်ကြီး ခံယူပေလိမ့်မည်။
ကြီးမြတ်လှသော ဧကရာဇ်မင်းမြတ်သည် ကုတင်ဘေးတွင်ထိုင်ကာ နူးညံ့သိမ်မွေ့သောအသံဖြင့် မုန့်ကွေ့ဖေးကို ချော့မြူလေတော့၏။ "ကျောင်းကျောင်း ... မင်း နောက်ဆုံးတော့ သတိရလာပြီပေါ့။ အဲဒီ့နေ့က ကျန်း ပြောခဲ့တာတွေက ဒေါသထွက်ပြီး ပြောလိုက်တာပါ။ မင်းက ဘာဖြစ်လို့ စိတ်ထဲမှာထားနေတာလဲ"
"နောက်ဆိုရင် ဘာကိစ္စပဲကြုံကြုံ မိုက်မဲပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်တာမျိုး မလုပ်နဲ့တော့နော်"
"မင်းသာ ဒီလိုထွက်သွားရင် ကျန်း ဘယ်လိုလုပ်ရမှာလဲ"
ပြောတဲ့စကားကတော့ ချိုနေတာပဲ။
ပါးစပ်ကသာ သူမကို ချစ်တယ်ပြောနေတာ။ ဟိုတုန်းကကြတော့ သူ့အဖေ စကားနားထောင်ပြီး ချောင်မိသားစုကို လက်ထပ်ခဲ့တာပဲ မဟုတ်လား။ တရားဝင်သားကို အိမ်ရှေ့စံအဖြစ် တင်မြှောက်ဖို့ စီစဥ်နေတာပဲ မဟုတ်ဘူးလား။
ဒီလိုအချစ်မျိုးက တကယ့်ကို အပေါ်ယံဆန်လွန်းပါတယ်။
မုန့်ကွေ့ဖေး၏ မျက်ဝန်းထဲကမျက်ရည်များသည် လျင်မြန်စွာစီးကျလာပြီး မကြာခင်မှာပင် ခေါင်းအုံးတစ်ခြမ်းမှာ စိုရွှဲသွားလေတော့သည်။
...
အပိုင်း (၂၄၅) နောက်ဆက်တွဲ
မုန့်ကွေ့ဖေး နိုးလာသည်နှင့် တပြိုင်နက် နန်းတော်ထဲရှိ မွန်းကြပ်ပိတ်လှောင်နေသော တင်းမာမှုများအားလုံး လွင့်ပါးသွားလေသည်။
ချောင်မိဖုရားခေါင်သည်လည်း စိတ်ထဲက အလုံးကြီးကျသွားသကဲ့သို့ ဖြစ်သွားကာ မျက်နှာထားမှာ များစွာ လန်းဆန်းသွားပြီး လုမင်ယွိကို ပြောလိုက်လေသည်။ "မင်း ပြောတာ မမှားပါဘူး။ မုန့်ကွေ့ဖေးက သေသွားတာထက် အသက်ရှင်နေတာက ပိုကောင်းတယ်"
"အသက်ရှင်နေတဲ့သူက သေသွားတဲ့သူကို ဘယ်တော့မှ ယှဥ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ အသက်ရှင်နေသရွေ့ကတော့ အမှားတွေ မရပ်မနား လုပ်နေဦးမှာပဲ"
လုမင်ယွိက လေသံအေးအေးဖြင့် ပြောလိုက်လေသည်။ "ကွေ့ဖေးညန်ညန်ကတော့ ကိုယ့်ကိုယ်ကိုယ် နစ်နာတယ်လို့ ခံစားနေရလောက်တယ်"
ချောင်မိဖုရားခေါင်က မနေနိုင်ဘဲ နှုတ်ခမ်းမဲ့လိုက်လေသည်။ "ဒီလို ဟန်ဆောင်ကောင်းပြီး အမူပိုတဲ့ အကျင့်စရိုက်တွေက အလိုလိုက်ခံထားရလို့ ဖြစ်လာတာတွေချည်းပဲ"
ဘယ်သူက အလိုလိုက်ထားသလဲ ဆိုတာကိုတော့ ထုတ်ပြောနေစရာ မလိုတော့ပေ။
လုမင်ယွိသည် ဒါက ချောင်မိဖုရားခေါင်၏ ရင်ထဲက ဆူးတစ်ချောင်းဖြစ်ကြောင်း သိသဖြင့် စကားဆက်မပြောတော့ဘဲ နောက်ဆက်တွဲကိစ္စရပ်များကိုသာ တိုင်ပင်ဆွေးနွေးလိုက်လေသည်။ "မုန့်ကွေ့ဖေးက ဒဏ်ရာပြင်းထန်တော့ အနည်းဆုံး လအတော်ကြာအောင် အိပ်ရာထဲ လဲနေရဦးမှာပါ။ အပြစ်ပေးမယ်ဆိုရင်လည်း အခုအချိန်တော့ မဟုတ်သေးပါဘူး"
"မုန့်မိသားစုဘက်ကိုတော့ လက်တွန့်နေစရာ မလိုပါဘူး။ အရင်ဆုံး မုန့်မိသားစုရဲ့ လက်တစ်ဖက်ကို ဖြတ်တောက်ရပါမယ်"
မုန့်မိသားစုကို ထိပါးဖို့ ဒီလောက်ကောင်းမွန်တဲ့ အခွင့်အရေးမျိုး ရလာမှတော့ လက်လွှတ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ။
မုန့်မိသားစု အင်အားချိနဲ့သွားရင် ပထမမင်းသားရဲ့ အရှိန်အဝါလဲ အများကြီး ကျဆင်းသွားမှာဖြစ်ပြီး အခွင့်ကောင်းယူကာ တတိယမင်းသားကိုပါ ဖိနှိပ်ပြီးသား ဖြစ်သွားလိမ့်မယ်။
ချောင်မိဖုရားခေါင်၏ မျက်လုံးများက အရောင်တောက်လာကာ ပြောလိုက်လေသည်။ "မင်း ပြောတာ မမှားဘူး။ ညီလာခံက ကိစ္စတွေကိုတော့ ချောင်ကောလောင်ရယ်၊ မင်းအဖေရယ် ပြီးတော့ အားကျင့်တို့ ရှိနေတာပဲ။ မုန့်မိသားစုကို အထိနာအောင် လုပ်နိုင်မှာ သေချာပါတယ်"
လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး ချောင်မိဖုရားခေါင်ကို အကြံဉာဏ်တစ်ခု ထပ်ပေးလိုက်လေသည်။ "အာရှီက သတ္တိမွေးပြီး အကြံပြုပါရစေ။ မူဟုပ် အနေနဲ့ အပြစ်မမြင်ပါနဲ့နော်။ ဖုဟွမ်က နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတော့ အနောက်နန်းဆောင်က ကိစ္စတွေနဲ့ စိတ်မရှုပ်သင့်ပါဘူး။ မုန့်ကွေ့ဖေးကလဲ ဒဏ်ရာကုနေရတယ်။ ချင်ဖေးကလဲ အရင်တုန်းက ခဏခဏ သွေးထိုးလှုံ့ဆော်မှုတွေလုပ်ခဲ့လို့ ဖုဟွမ်က စိတ်ငြိုငြင်နေတာ။ စူးဖေးကလဲ တုံးအပြီး ဘာမှနားမလည်ဘူး"
"အနောက်နန်းဆောင်က ခြောက်ကပ်နေတော့ မူဟုပ်အနေနဲ့ ဖုဟွမ်ကို ပြုစုဖို့ ငယ်ရွယ်ပြီးချောမောလှပတဲ့ နန်းတွင်းအပျိုတော်တချို့ကို ကိုယ်တိုင် ရွေးချယ်ပေးလိုက်ပါလား"
ချောင်မိဖုရားခေါင် "..."
ချောင်မိဖုရားခေါင်၏ မျက်နှာထားသည် ရှုပ်ထွေးသွားပြီး ဘေးနားရှိ အပျိုတော်များကို အရင်ဆုံး ထွက်သွားခိုင်းလိုက်ကာ အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အဲဒီလိုနည်းလမ်းမျိုး ငါ မသုံးဖူးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးက သံယောဇဥ် အဟောင်းတွေကို တွယ်တာတတ်တော့ ယန်ရှီနန်းဆောင်ကိုပဲ သွားချင်နေတာ"
အရှင်းဆုံး ပြောရမယ်ဆိုရင် အသစ်အဆန်းကို နှစ်သက်တာက ယောကျ်ားတွေရဲ့ သဘာဝဖြစ်ပြီး ယုံးကျားဧကရာဇ်ကလဲ ငယ်ရွယ်တဲ့ မိဖုရားငယ်တွေကို အိပ်ခန်းဆောင်ကို ခေါ်ချင်တာပါပဲ။
ဒါပေမဲ့ ရင်ထဲက အချစ်စစ်ဖြစ်တဲ့ မုန့်ကွေ့ဖေးရဲ့ နေရာကိုတော့ ဘယ်သူမှ မလှုပ်ခါနိုင်ကြဘူးလေ။
ချောင်မိဖုရားခေါင်က အကြိမ်ကြိမ် စမ်းသပ်ခဲ့ဖူးသော်လည်း မုန့်ကွေ့ဖေးဆီက အချစ်တွေကို ခွဲယူလို့ မရခဲ့သည့်အပြင် အနောက်နန်းဆောင်မှာ မျက်နှာသစ်တွေသာ တိုးလာခဲ့ပြီး စိတ်ထဲတွင် အော့နှလုံးနာစရာ ကောင်းသည်ဟုသာ ခံစားခဲ့ရလေသည်။
ဒါကြောင့် နောက်ပိုင်းမှာ ထပ်ပြီး မလုပ်ချင်တော့ခြင်း ဖြစ်လေသည်။
လုမင်ယွိက အသံတိုးတိုးဖြင့် ပြောလိုက်၏။ "ဒီမှာက လူစိမ်းတွေမှ မရှိတာ။ ချွေးမတော်ကပဲ ရှင်းရှင်းလင်းလင်း ပြောပြပါရစေ"
"ဖုဟွမ်က မုန့်ရှီအပေါ်မှာ တကယ်ပဲ သံယောဇဥ်အစစ်အမှန် ရှိတာပါ။ ဘယ်လောက်ပဲ ငယ်ရွယ်လှပတဲ့ မိဖုရားငယ်တွေဖြစ်ပါစေ ဖုဟွမ်ရဲ့ စိတ်ထဲကို မဝင်ရောက်နိုင်ပါဘူး။ ဒါပေမဲ့ အဲဒါက အရင်တုန်းကလေ။ အခုတော့ လုပ်ကြံခံရတဲ့ကိစ္စကြောင့် ဖုဟွမ်နဲ့ မုန့်ရှီကြားမှာ စိတ်ဝမ်းကွဲသွားခဲ့ပြီ"
"မုန့်ရှီက ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်ရတာလဲ။ ဖုဟွမ်က သူ ခံနိုင်ရည်မရှိတဲ့ စကားမျိုး သေချာပေါက် ပြောလိုက်လို့ နေမှာပေါ့"
ချောင်မိဖုရားခေါင်သည် ကြောင်အမ်းသွားပြီး သေချာလေး စဥ်းစားတွေးတောလိုက်လေသည်။ "မင်း ဆိုလိုတာက မုန့်ရှီ့စိတ်ထဲမှာ နာကြည်းချက်တွေ ရှိနေသလို အရှင်မင်းကြီးရဲ့ စိတ်ထဲမှာလဲ မကျေနပ်ချက်တွေ ရှိနေတယ်ဆိုတာလား"
"ဟုတ်ပါတယ်" လုမင်ယွိက စကားဆက်ပြောလိုက်လေသည်။ "အခုလောလောဆယ်တော့ မုန့်ရှီက သေလုမြောပါး ဖြစ်သွားခဲ့လို့ ဖုဟွမ်က ကိစ္စအားလုံးကို ဖိနှိပ်ထားတာပါ။ မုန့်ရှီ့ရဲ့ ကျန်းမာရေး တစ်ရက်ထက်တစ်ရက် ကောင်းလာတာနဲ့အမျှ ဒီစာရင်းကို ပြန်ရှင်းကြမှာပါပဲ"
"ဖုဟွမ်နဲ့ မုန့်ရှီကြားမှာ ပဋိပက္ခဖြစ်လာဖို့က မလွဲမသွေပါပဲ"
"မူဟုပ်အနေနဲ့ နန်းတွင်းအပျိုတော်တွေကို ရွေးချယ်တဲ့အခါ မုန့်ရှီ့ရဲ့ ငယ်ဘဝက ပုံစံမျိုးနဲ့ တူတဲ့သူတွေကို ရွေးချယ်လိုက်ပါလား"
ချောင်မိဖုရားခေါင် "..."
ဒီနည်းလမ်းက တကယ့်ကို ယုတ်မာပြီး ရက်စက်ရာကျလွန်းလှသည်။
ယုံးကျားဧကရာဇ် နှစ်သက်သည်မှာ တောက်ပပြီး တက်ကြွလန်းဆန်းကာ စိတ်ဆန္ဒပြင်းပြတတ်သည့် မုန့်ကျောင်းကျောင်းပင် ဖြစ်လေသည်။
ဒီလိုစံနှုန်းမျိုးနဲ့ မုန့်ကွေ့ဖေးထက် ပိုပြီးငယ်ရွယ်နုပျိုကာ ချောမောလှပတဲ့သူ အနည်းငယ်လောက်ကို ရွေးချယ်လိုက်ရုံပါပဲ။ တစ်ယောက်လောက် အရှင်မင်းကြီးရဲ့ မျက်လုံးထဲ ဝင်သွားရင်ပဲ လုံလောက်ပါပြီ။
ချောင်မိဖုရားခေါင်က ချွေးမတော်ကို ကြည့်လိုက်သည့်အကြည့်များမှာ ပိုမိုရှုပ်ထွေးလာတော့သည်။ "ဒီအကြံက မဆိုးပါဘူး"
လုမင်ယွိက လက်လှမ်းလိုက်ပြီး ချောင်မိဖုရားခေါင်၏လက်ကို ဆုပ်ကိုင်လိုက်လေသည်။ "ဒီအကြံဉာဏ်က တကယ်တော့ သိပ်ပြီးလေးနက်လှတာ မဟုတ်ပါဘူး။ မူဟုပ်က ဒီလိုမလုပ်ခဲ့တာက စိတ်ထဲမှာ ဖုဟွမ်အပေါ် မျှော်လင့်ချက်တွေ ရှိနေသေးလို့ပါ။ ပြီးတော့ ကိုယ့်မာနကို ကိုယ်ပြန်မချနိုင်ခဲ့လို့လေ။ အာရှီကပဲ တဲ့တိုးပြောခွင့်ပြုပါ။ မူဟုပ်အနေနဲ့ ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်တော့ပါဘူး"
"ဒီလောက်နှစ်တွေအကြာကြီး စောင့်ခဲ့ပြီးတာတောင် မူဟုပ်က ဖုဟွမ်ရဲ့ စိတ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးဘူးလား"
နောက်ဆုံးပြောလိုက်သည့် စကားတစ်ခွန်းမှာ အလွန်ပင် စူးရှလှလေသည်။
ဟုတ်ပေသားပဲ။ ယုံးကျားဧကရာဇ်ရဲ့ အချစ်စစ်က မုန့်ကွေ့ဖေးဖြစ်ပြီး မိခင်ကိုငဲ့ညှာလို့ ချင်ဖေးကို ဂရုစိုက်ကာ အလှအပ မက်မောတဲ့အခါကျတော့ စူးဖေးဆီကို သွားတတ်တယ်။
သူမလို တရားဝင်မယားကြီးကတော့ လစ်လျူရှုခံထားရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး အခုဆိုရင် အသက် ၄၀ တောင် ရောက်နေပြီ။ ငယ်ရွယ်စဉ်အချိန်တုန်းကတောင် ခင်ပွန်းသည်ရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခြင်း မရှိခဲ့တာ အခုလို လူလတ်ပိုင်းအရွယ်ရောက်မှ လုပ်နိုင်ပါတော့မလား။
ချောင်မိဖုရားခေါင်၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ခေါင်းကို တစ်ဖက်သို့ လှည့်သွားလေသည်။
အတော်ကြာပြီးမှ ချောင်မိဖုရားခေါင်သည် စိတ်ငြိမ်သွားပြီး ခေါင်းပြန်လှည့်လာကာ လုမင်ယွိကို ကြည့်လိုက်လေသည်။ "ပန်ကုံး ဒီကိစ္စကို သေချာ စဉ်းစားကြည့်ပါ့မယ်။ မင်းလဲ ထပ်ပြီး စိတ်ပူမနေပါနဲ့တော့။ ဒီနေ့ပဲ လုအိမ်တော်ကို ပြန်ပြီး ကိုယ်ဝန်ကို ဂရုစိုက်ပြီး နေလိုက်ပါတော့"
လုမင်ယွိကို ဒုတိယမင်းသားအိမ်တော်သို့ ပြန်ခိုင်းဖို့ကိစ္စကိုတော့ ထည့်မပြောတော့ချေ။
မူလကတော့ လုမင်ယွိကို ကိုယ်ဝန်သုံးလပြည့်မှ ဒုတိယမင်းသားအိမ်တော်သို့ ပြန်ပို့ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ အခုတော့ လုပ်ကြံမှုကိစ္စ ဖြစ်ပျက်ပြီးသွားပြီဆိုတော့ ဘယ်သူကများ မျက်နှာပြောင်တိုက်ပြီး လုမင်ယွိကို ပြန်လာဖို့ ပြောရဲပါတော့မည်နည်း။ မိဘအိမ်မှာပဲ အကြာကြီး နေလိုက်တာက ပိုကောင်းပါတယ်။
လုမင်ယွိကလဲ ပြုံးကာ လက်ခံလိုက်လေသည်။
...
မွန်းတည့်ချိန် ကျော်လွန်ပြီးနောက်တွင် လုမင်ယွိသည် မြင်းလှည်းစီးကာ လုအိမ်တော်သို့ ပြန်လာခဲ့လေသည်။
လုမင်ဖန်းက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်လေသည်။ "နင် နန်းတော်ထဲ ဝင်သွားတာ တစ်နေ့နဲ့တစ်ညတောင် ရှိသွားပြီ။ ငါတို့အားလုံး ရင်တမမနဲ့ နင် နန်းတော်ထဲမှာ တစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေကြတာ"
ရှန့်လန်နှင့် လုမင်ဟွားတို့က လုမင်ယွိ၏ လက်တစ်ဖက်စီကို ဆုပ်ကိုင်လိုက်ကြပြီး ခေါင်းအစခြေအဆုံး သေချာကြည့်ရှု စစ်ဆေးလိုက်ကြတော့သည်။
လုမင်ယွိက ပြုံးကာပြောလိုက်၏။ "ငါ ကောင်းကောင်းမွန်မွန်ပါပဲ။ ဘာမှမဖြစ်ပါဘူး။ မုန့်ကွေ့ဖေးကလဲ သတိရလာပြီ။ မူဟုပ်က ငါ့ကို လုအိမ်တော်မှာပဲ ဆက်နေပြီး ကိုယ်ဝန်စောင့်ရှောက်ဖို့ ပြောလိုက်တယ်"
ဒါကတော့ မမျှော်လင့်ထားတဲ့ သတင်းကောင်းပင်။
လူတိုင်း ပျော်ရွှင်သွားကြသည်မှာ ပြောပြနေစရာပင် မလိုတော့ချေ။
ညနေစောင်းချိန်တွင် လုလင်းနှင့် လုဖေး သားအဖနှစ်ယောက် အိမ်တော်သို့ ပြန်ရောက်လာကြလေသည်။
လုလင်းက နန်းတော်ထဲက အခြေအနေကို မေးမြန်းပြီးနောက် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ "တပ်စခန်းထဲမှာ စစ်သည်တွေ လေ့ကျင့်ရေးကို ကြီးကြပ်ဖို့ လူလိုတယ်။ လုဖေးက မနက်ဖြန် ပြန်သွားလိုက်။ အဖေက ဒီမှာနေခဲ့ပြီး အရှင်မင်းကြီးက မုန့်မိသားစုကို အပြစ်ပေးပြီးတဲ့အထိ စောင့်လိုက်ဦးမယ်"
လုဖေးက ခေါင်းညိတ်ကာ လက်ခံလိုက်လေသည်။ "တပ်စခန်းမှာ ကျွန်တော်ရှိနေမှတော့ ယိဖု စိတ်ချလက်ချသာ နေခဲ့ပါ"
မုန့်ကွေ့ဖေးက သေရွာပြန်လာတာကို ခဏထားလိုက်ဦး။ မုန့်မိသားစုက အရေခွံတစ်လွှာလောက် မကွာသွားဘူးဆိုရင် လုမိသားစုက ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။
တိုက်ဆိုင်စွာပင် ချောင်မိသားစုကလည်း ထိုနည်းတူ တွေးတောထားလေသည်။
နောက်တစ်နေ့ ညီလာခံတွင် တရားရေးဝန်ကြီးယန်က အမှုတွဲအပြည့်အစုံကို ရှေ့တော်မှောက်သို့ တင်သွင်းလိုက်လေသည်။
ဒုတိယမင်းသားလီကျင့်က အရေးဆိုလွှာ တင်သွင်းလိုက်၏။ ချောင်ကောလောင်နှင့် လုလင်းတို့ကလည်း တစ်ယောက်တစ်စောင်စီ အသီးသီးတင်သွင်းကြပြီး ကွမ်းပင်းနယ်စားကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် လျှောက်ထားကြသည်။ သူတို့နှင့်အတူ ဖူယန်မြို့စားကလည်း အရေးဆိုလွှာ တင်သွင်းလိုက်လေသည်။
ဖူယန်မြို့စားသည် အကြောင်းမဲ့သက်သက် ရေဆိုးလောင်းခံလိုက်ရသဖြင့် ဒေါသထွက်နေမှုမှာ ချောင်မိသားစုနှင့် လုမိသားစုတို့ထက် မလျော့နည်းချေ။ ဘာပဲဖြစ်ဖြစ် မုန့်မိသားစု ကံဆိုးသွားတာက ကျောက်မိသားစုအတွက် အကျိုးရှိတာပါပဲ။ ဒီအချိန်ကို အခွင့်ကောင်းယူပြီး အားကုန်နင်းချေပစ်လိုက်တာ အကောင်းဆုံးပဲပေါ့။
ညီလာခံရှိ စာပေပညာရှင်များနှင့် စစ်ဘက်ဆိုင်ရာအရာရှိ အတော်များများကလည်း ထောက်ခံကြောင်း အရေးဆိုလွှာ တင်သွင်းကြလေသည်။
အနောက်နန်းဆောင်ထဲတွင်လည်း မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့က မီးလောင်ရာလေပင့် လုပ်နေကြပြန်သည်။
ယုံးကျားဧကရာဇ်သည် ပြတ်သားသူပီပီ ချိန်ဆတွေးတောပြီးနောက် လျင်မြန်စွာပင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ယုံးကျားဧကရာဇ်သည် ကွမ်းပင်းနယ်စားကို နန်းတော်ထဲသို့ ဝင်ခိုင်းလိုက်ပြီး လုလင်း၊ ဖူယန်မြို့စား၊ ချောင်ကောလောင်နှင့် မင်းသားများအားလုံးကိုပါ ခေါ်ယူလိုက်လေသည်။ လူအများ၏ရှေ့မှောက်တွင် ကွမ်းပင်းနယ်စားကို ကိုယ်တိုင်ကိုယ်ကျ အပြစ်မေးမြန်းတော့သည်။
အမှုတွဲမှတ်တမ်းပါ သက်သေထွက်ဆိုချက်များက ရှင်းလင်းနေသဖြင့် ကွမ်းပင်းနယ်စားသည် ငြင်းဆန်နိုင်ခြင်းမရှိတော့ဘဲ ဒူးထောက်ကာ အပြစ်ဝန်ခံလိုက်ရတော့သည်။ "ကျွန်တော်မျိုးက ညီမဖြစ်သူကို ကာကွယ်ချင်စိတ်စောပြီး တစ်ခဏတာ စိတ်အမှောင်ဖုံးကာ မှားယွင်းမိသွားပါတယ်။ အရှင်မင်းကြီး အပြစ်ပေးတော်မူပါ"
မျက်နှာဖြူဖျော့နေသော ပထမမင်းသားက ဒူးထောက်ချလိုက်ပြီး ကွမ်းပင်းနယ်စားအတွက် ဝင်ရောက်တောင်းပန်လေသည်။ "ဖုဟွမ် ကွမ်းပင်းနယ်စားက သာ့ဝေတိုင်းပြည်အတွက် ကြီးမားတဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်မှာ အမှားကြီးကျူးလွန်ခဲ့ပေမဲ့ ကံကောင်းစွာနဲ့ပဲ အာ့တိမေ့မှာ ထိခိုက်မှုမရှိခဲ့ပါဘူး။ ဖုဟွမ်အနေနဲ့ သက်ညှာစွာ အပြစ်ပေးပါရန် လျှောက်ထားအပ်ပါတယ်"
တတိယမင်းသား လီဟောက်ကလည်း ယောက္ခမဖြစ်သူအတွက် ဒူးထောက်ပြီး ဝင်ရောက်တောင်းပန်လိုက်လေသည်။ "သားတော်ရဲ့ ယွဲ့ဖုက သာ့ဝေတိုင်းပြည်ရဲ့ နာမည်ကျော် စစ်သူကြီးတစ်ယောက်ဖြစ်ပြီး လက်အောက်မှာ ထူးချွန်တဲ့ စစ်သည်အများအပြား ရှိပါတယ်။ သူ့ကို အပြစ်ကနေ ပြန်လည်ပေးဆပ်ဖို့ အခွင့်အရေးအနေနဲ့ သာ့ဝေတိုင်းပြည်အတွက် ဆက်လက်စစ်တိုက်ခွင့် ပြုလိုက်ပါ"
...
အပိုင်း (၂၄၆) လျော်ကြေး (၁)
လီဟောက်သည် လူ့စိတ်ကို အကဲခတ်ရာတွင် အတော်ဆုံးပင်။
တိုတောင်းလှသည့် စကားလေးနှစ်ခွန်းဖြင့် ယုံးကျားဧကရာဇ်၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့လေသည်။
ကွမ်းပင်းနယ်စားကို အပြစ်ပေးရမည်မှာ သေချာသော်ငြား ဒီကိစ္စတစ်ခုတည်းနှင့် ကွမ်းပင်းနယ်စားကို ရာထူးအားလုံး ဖြုတ်ချပစ်လိုက်သည်အထိ မလုပ်ဆောင်နိုင်ပေ။
ယုံးကျားဧကရာဇ်၏ အကြည့်မျာသည် လူတိုင်း၏မျက်နှာကို ဖြတ်ကျော်သွားပြီးနောက် နောက်ဆုံးတွင်တော့ ရှက်ရွံ့ကာ နောင်တရနေသည့် ကွမ်းပင်းနယ်စား၏ မျက်နှာပေါ်တွင်ရပ်တန့်သွားကာ လေးနက်သောအသံဖြင့် အမိန့်ချမှတ်လိုက်လေသည်။
"ဒီနေ့ကစပြီး ကွမ်းပင်းနယ်စားရဲ့ ဘွဲ့ထူးဂုဏ်ထူးကို ရုတ်သိမ်းလိုက်တယ်။ စစ်ဖက်ရာထူးကိုတော့ အဆင့်၄ရှိတဲ့ တပ်မှူ;ရာထူးအဖြစ် လျှော့ချလိုက်တယ်"
ဘွဲ့ထူးဂုဏ်ထူးကို ရုတ်သိမ်းခံလိုက်ရပြီး အင်းအား ငါးသောင်းကို ကွပ်ကဲရသည့် စစ်သူကြီးဘဝမှ အဆင့်၄တပ်မှူးအဆင့်သို့ လျှော့ချခံလိုက်ရခြင်းဖြစ်ကာ ဒီပြစ်ဒဏ်သည် မပြင်းထန်ဘူးဟုတော့ ဆို၍မရပေ။
ကွမ်းပင်းနယ်စားသည် မျက်နှာများဖြူဖျော့သွားပြီး ခေါင်းကို ကြမ်းပြင်နှင့်ဆောင့်ကာ ကျေးဇူးတင်စကား ဆိုလိုက်ရသော်ငြားလည်း စိတ်ထဲတွင်တော့ တိတ်တဆိတ် သက်ပြင်းချမိလေ၏။
သာ့ဝေတိုင်းပြည်သည် အကျိုးဆောင်မှုကို အလေးအနက်ထားလေသည်။ စစ်တပ်ကိုဦးဆောင်ပြီး စစ်တိုက်ခွင့်ရှိနေသရွေ့ စစ်မှုထမ်းကာ အကျိုးဆောင်မှုများ စုဆောင်နိုင်မည်ဖြစ်ကာ တနေ့တွင် တန်ခိုးအာဏာပြန်လည်ကြီးထွားနိုင့်မည် အခွင့်အရေး ရှိနေသေးသည်။
လုလင်းနှင့် ချောင်ကောလောင်တို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားကြတော့၏။
သို့သော်ငြား သူတို့က စကားမပြောရသေးခင်မှာပင် ယုံးကျားဧကရာဇ်က ဆက်ပြောလာသည်ကို ကြားလိုက်ရလေသည်။ "တိုင်းပြည်မှာ အိမ်ရှေ့စံမရှိရင် တိုင်းသူပြည်သားတွေ စိတ်မအေးနိုင်ကြဘူး။ ကျန်းက ဒုတိယမင်းသားကို အိမ်ရှေ့စံအရာအပ်နှင်းဖို့ ရည်ရွယ်ထားတယ်။ မနက်ဖြန်ကြရင် အမိန့်ပြန်တမ်းထုတ်ပြီး တိုင်းပြည်ကို ကြေငြာမယ်"
ထိုစကား ထွက်ပေါ်လာသည်နှင့် လူတိုင်း၏တုံ့ပြန်မှုများမှာ အမျိုးမျိုးကွဲပြားသွားတော့၏။
လုလင်းနှင့် ချောင်ကောလောင်တို့၏ စိတ်ထဲကမကျေနပ်ချက် အနည်းငယ်သည် ချက်ချင်းပင် လွင့်ပြယ်ပျောက်ကွယ်သွားတော့သည်။
ဒီကိစ္စကို အခွင့်ကောင်းယူပြီး ဒုတိယမင်းသားအတွက် အိမ်ရှေ့စံနေရာကို ရယူပေးနိုင်လိုက်ခြင်းမှာ မမျှော်လင့်ထားသော သတင်းကောင်းပင်။ ဒီလိုလျော်ကြေးမျိုး ရရှိမည်ဆိုလျှင် မုန့်မိသားစုကို အပြစ်ပေးခြင်း ပေါ့လျော့သွားလျှင်လည်း ထားလိုက်ပါတော့။
ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော ကွမ်းပင်းနယ်စားမှာ စိတ်သက်သာရာရသွားမှုများ ပျောက်ဆုံးသွားပြီး ကံဆိုးမိုးမှောင်ကျသွားသလို ခံစားလိုက်ရလေသည်။
ယခုမှ သူသဘောပေါက်သွားတော့၏။ မုန့်ကွေ့ဖေး ဒေါသထွက်ပြီး မိမိကိုယ်ကို သတ်သေချင်ရသည့် အကြောင်းအရင်းကို ယုံးကျားဧကရာဇ်က သူ့သဘောထားကို ကြိုတင်ဖွင့်ဟပြောကြားခဲ့ဖူးခြင်းကြောင့် မုန့်ကွေ့ဖေးက မကျေမနပ်ဖြစ်ပြီး ဒေါသတကြီးနှင့် ကတ်ကြေးကိုယူကာ ရင်ဘတ်ကို ထိုးစိုက်ခဲ့ခြင်း ဖြစ်တန်ရာသည်။
ဒီလုပ်ကြံမှုက လုမင်ယွိကို မသတ်နိုင်ခဲ့သည့်အပြင် ဒုတိယမင်းသားကိုပါ နေရာပေးလိုက်သလို ဖြစ်သွားခဲ့ရလေသည်။
တွေးကြည့်လေလေ ဒေါသထွက်စရာကောင်းလေလေပင်။
ပထမမင်းသား၏ မျက်နှာအမူအယာမှာ တောင့်တင်းသွားပြီး နှလုံးသားတစ်ခုလုံး အောက်ဆုံးအထိပြုတ်ကျသွားသလို ခံစားလိုက်ရတော့၏။
ဒါပေါ့။ သူကလဲ သေချာပေါက် အိမ်ရှေ့စံဖြစ်ချင်တာပေါ့။
ခမည်းတော်ရဲ့ အချစ်ဆုံးသားကြီးဖြစ်သလို သာ့ဝေတိုင်းပြည်ရဲ့ ပထမမင်းသားတစ်ပါးအနေနဲ့ သူက အိမ်ရှေ့စံဖြစ်ချင်တာက သဘာဝကျတဲ့ကိစ္စပဲလေ။ မုန့်ကွေ့ဖေးက လုမင်ယွိကို လက်ပါခဲ့ရတဲ့အကြောင်းအရင်းမှန်ကလဲ သူ့အတွက်ကြောင့်ပဲ။
ဒါပေမဲ့ အခုတော့ ကြက်ခိုးမလို့ ပြင်ကာမှ ဆန်ပါကုန်ရသလို ဖြစ်နေပြီ ... မဟုတ်သေးဘူး ကြက်ခိုးတဲ့လူပါ အဖမ်းခံလိုက်ရသလို ဖြစ်သွားပြီ။
လီဟောက်၏ စိတ်အခြေအနေမှာလဲ မကောင်းလှချေ။ သို့သော် သူသည် ဟန်ဆောင်ကောင်းသူပီပီ မျက်နှာပေါ်တွင်အနည်းငယ်မှ မထုတ်ပြဘဲ ရိုးသားဟန်ဆောင်ကာ လီကျင့်ကို ဂုဏ်ပြုစကားဆိုလိုက်၏။ "ဂုဏ်ပြုပါတယ် အာ့ကော"
လီကျင့်၏ ရှုပ်ထွေးနေသောစိတ်အခြေအနေကို ဘယ်သူမှ မသိနိုင်ကြပေ။
ယခင်ဘဝက လိုချင်တောင့်တခဲ့သော်ငြားလည်း မရရှိခဲ့သည့်အရာသည် ယခုဘဝတွင် မျက်စိရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့လေသည်။
ဒီအခိုက်အတန့်တွင် သူသည် ဝမ်းသာအားရဖြစ်မနေဘဲ စိတ်ထဲတွင် ခါးသက်လို့နေမိ၏။
တရားဝင်မိဖုရားကြီးက မွေးဖွားလာတဲ့ သားတစ်ယောက်အတွက် ထိုက်တန်တဲ့ အရာအားလုံးက သူ့ဆီ ရောက်လာတဲ့အခါမှာတော့ ငယ်စဥ်ကတည်းက ပျောက်ဆုံးနေခဲ့တဲ့ဖခင်မေတ္တာနဲ့ အလေးပေး ဆက်ဆံမှုတွေ ဖြစ်နေခဲ့တယ်။ ဒီအိမ်ရှေ့စံနေရာက အစကတည်းသူ့အတွက် ဖြစ်သင့်တာပါ။ ဖုဟွမ်က ဆုံးဖြတ်ချက်မချဘဲ အချိန်ဆွဲနေခဲ့တာ။ အခုဆုံးဖြတ်ချက်ချလိုက်တာကလဲ လျော်ကြေးပေးတဲ့ သဘောမျိုး ဖြစ်နေတယ်။
ထားလိုက်ပါတော့လေ။
အားငယ်မနေပါနဲ့တော့။
ဘာပဲဖြစ်ဖြစ် သူ့ပိုင်ဆိုင်သင့်တဲ့ အိမ်ရှေ့စံနေရာကို အရင်ဆုံး ပြန်ယူထားရမှာပဲ။
လီကျင့်သည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး လီဟောက်ကို ပြုံးကာ ကျေးဇူးတင်စကား ပြောကြားလိုက်ပြီးမှ ယုံးကျားဧကရာဇ်ကို လက်နှစ်ဖက်ယှက်ကာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။ "ဖုဟွမ်ရဲ့ မျှော်လင့်ချက်တွေကို သားတော်နားလည်ပါတယ်။ သားတော်က နောင်တစ်ချိန်မှာ သာ့ဝေတိုင်းပြည်ရဲ့ ထူးချွန်တဲ့ အိမ်ရှေ့စံတစ်ယောက်ဖြစ်အောင် အစွမ်းကုန်ကြိုးစားပါ့မယ်"
ယုံးကျားဧကရာဇ်သည် လီကျင့်ကို စိုက်ကြည့်နေလိုက်၏။ "ကောင်းပြီ မင်းအနေနဲ့ အိမ်ရှေ့စံဆိုတဲ့နေရာနဲ့ ထိုက်တန်သူဖြစ်လာဖို့ ကျန်းမျှော်လင့်ပါတယ်"
ထို့နောက်တွင်တော့ ဆက်ပြောလာခဲ့၏။ "ကျန်း ဒီနေ့ ပင်ပန်းနေပြီ။ မင်းတို့အားလုံး ပြန်ကြတော့"
လူများအားလုံးသည် ကျေးဇူးတင်စကားပြောကာ ထွက်ခွာသွားကြတော့၏။
ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော ကွမ်းပင်းနယ်စားသည် ထရပ်လိုက်ချိန်တွင် ခြေထောက်များ ပျော့ခွေနေတော့သည်။
ဖူယန်မြို့စားကြီးက မျက်စိလျင်ကာ လက်မြန်စွာဖြင့် ရှေ့သို့တိုးလာပြီး ကွမ်းပင်းနယ်စားကို တွဲထူပေးလိုက်ကာ မျက်လုံးထဲတွင်လည်း အားရကျေနပ်မှုများအပြည့်ဖြင့် ပြောလိုက်လေသည်။ "နယ်စားမင်း သတိထားပါအုံး ... သြော် မဟုတ်သေးဘူး အခုတော့ တပ်မှူးမုန့်လိုခေါ်မှပဲ မှန်တော့မှာပဲ"
ကွမ်းပင်းနယ်စားသည် ဒေါသထွက်လွန်းသဖြင့် သွေးအန်ချင်စိတ်ပေါက်သွားပြီး ဖူယန်မြို့စားနဲ့ စကားနိုင်လုရန် စိတ်မပါတော့ဘဲ မြန်မြန်ထွက်ခွာသွားလေတော့သည်။
...
လူအများ ဝမ်ဟွားနန်းဆောင်မှထွက်ခွာပြီး လူစုကွဲသွားကြ၏။
လုလင်းသည် လီကျင့်၏ ဘေးသို့လျှောက်လာပြီး လေသံတိုးတိုးဖြင့် ရယ်မောကာ ပြောလိုက်လေသည်။ "အိမ်ရှေ့စံအရာ ရတယ်ဆိုတာ ဝမ်းသာစရာကိစ္စကြီးပါ။ အရှင်မင်းသားအနေနဲ့ ပျော်ရွှင်တဲ့ပုံစံလေး ပြသင့်တာပေါ့"
လီကျင့်ကို ကြည့်လိုက်ပါအုံး။ ဝမ်းသာပျော်ရွှင်တဲ့အရိပ်အယောင် နည်းနည်းလေးမှမရှိဘဲ မျက်နှာကြီး တည်ထားလိုက်တာ။ အပြစ်ရှာချင်နေတဲ့သူတွေ မြင်သွားရင် ပြောဆိုစရာတွေ ဖြစ်လာအုံးမယ်။
လီကျင့်က နှုတ်ခမ်းများကို တွန့်ကွေးထားလိုက်ကာ ပြောလိုက်၏။ "ယွဲ့ဖု ပြောတာမှန်ပါတယ်" ထို့နောက်တွင်တော့ ခဏလောက်တုံ့ဆိုင်းသွားကာ လေသံတိုးတိုးဖြင့် ဆက်ပြောလေသည်။ "ဒီတစ်ခါ ရှောင်ယွိ ဒုက္ခရောက်ခဲ့ရလို့ ကျွန်တော် တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်"
လုလင်းသည် ယခုအချိန်တွင် စိတ်အခြေအနေ အလွန်ကောင်းမွန်နေပြီ ဖြစ်သော်ငြား နန်းတော်ထဲတွင်ဖြစ်သဖြင့် များများစားစား မပြောလိုတော့ဘဲ ပြုံးကာသာ ပြောလိုက်လေသည်။ "အရှင်မင်းသား အရင်ဆုံး မိဖုရားခေါင်ကြီးကို သွားပြီး သတင်းကောင်းပြောပြလိုက်ပါအုံး။ ညကြမှ လုအိမ်တော်ကို ပြန်ရောက်တဲ့အခါ ကျွန်တော် အရှင်မင်းသားကို အသေးစိတ်ပြောပြပါမယ်"
လီကျင့်က ခေါင်းညိမ့်ပြလိုက်၏။
ဟွေ့အန်းကုန်းကျူသည် ယနေ့နန်းတော်ထဲသို့ ဝင်ရောက်လာပြီး ချောင်မိဖုရားခေါင်နှင့်အတူ သတင်းစကားကို စိတ်ပူပန်စွာ စောင့်ဆိုင်းနေခဲ့ကြလေသည်။
လီကျင့်သည် ကျောင်းဖန်နန်းဆောင်ထဲသို့ ဝင်လာသည်နှင့် ဟွေ့အန်းကုန်းကျူက မနေနိုင်တော့ဘဲ ရှေ့သို့ပြေးထွက်လာကာ အလောတကြီး မေးလေတော့သည်။ "ဘယ်လိုလဲ။ ဖုဟွမ်က ကွမ်းပင်းနယ်စားကို ဘယ်လိုအပြစ်ပေးလိုက်လဲ"
ချောင်မိဖုရားခေါင်သည်လဲ ထရပ်ကာ လျှောက်လာခဲ့၏။
လီကျင့်က ကွမ်းပင်းနယ်စား၏ ဘွဲ့ထူးဂုဏ်ထူး ရုတ်သိမ်းခံရပြီး စစ်ဘက်ရာထူးလျှော့ချခံရသည့်အကြောင်းကို ပြောပြလိုက်လေသည်။ ဟွေ့အန်းကုန်းကျူသည် မကျေမနပ်ဖြစ်သွားပြီး နှာခေါင်းတစ်ချက်ရှုံ့ကာ ပြောလိုက်လေတော့သည်။ "ဖုဟွမ်က တကယ်မျက်နှာလိုက်တာပဲ။ အပြစ်ပေးတာလဲ ပေါ့လွန်းတယ်"
နည်းနည်းလေးမှ ထိခိုက်သွားတာလဲ မဟုတ်ဘူး။
စစ်မြေပြင်မှာ တိုက်ပွဲလေးနည်းနည်းလောက် နိုင်အောင်တိုက်ပြလိုက်ရင် ဒီဘွဲ့ထူးဂုဏ်ထူးက မုန့်မိသားစုဆီ ပြန်ရောက်သွားမှာပဲလေ!
ချောင်မိဖုရားခေါင်သည် ထက်မြက်ပြီး အကဲခတ်တော်သူဖြစ်သဖြင့် လီကျင့်ကို ကြည့်ကာမေးလိုက်လေသည်။ "အားကျင့် မင်း ပြောစရာ စကားကျန်နေသေးတယ် မဟုတ်လား"
လီကျင့်က ခေါင်းညိမ့်ပြလိုက်ကာ "ဟုတ်ပါတယ်။ ဝမ်းသာစရာကိစ္စတစ်ခု ကျန်ပါသေးတယ်။ ဖုဟွမ်က ကျွန်တော့်ကို အိမ်ရှေ့စံအရာပေးဖို့ အမိန့်ချမှတ်လိုက်ပြီ!"
ဟွေ့အန်းကုန်းကျူမှာ ဝမ်းသာအားရဖြစ်သွားပြီး မျက်နှာက လင်းလက်သွားကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်။ "မင်း တကယ်ပြောနေတာလား"
ချောင်မိဖုရားခေါင်သည် ဟွေ့အန်းကုန်းကျူထက်ပင် ပိုပြီးစိတ်လှုပ်ရှားနေကာ လီကျင့်၏ လက်ကို အားကုန် လှမ်းဆွဲလိုက်မိတော့သည်။ "မင်းရဲ့ ဖုဟွမ်က တကယ်ပဲ အဲလို ပြောခဲ့တာလား"
အိမ်ရှေ့စံခန့်အပ်မည့်ကိစ္စသည် ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် အမြဲတမ်းလေးလံနေသော ကျောက်တုံးကြီးတစ်တုံးပင်။ မရေရာသေးသရွေ့ သူမသည် စိတ်အေးရမည် မဟုတ်ပေ။
ယုံးကျားဧကရာဇ်သည် ရုတ်တရက်ကြီး သဘောတူလိမ့်မည်ဟု လုံးဝထင်မထားခဲ့မိချေ။
လီကျင့်သည် ချောင်မိဖုရားခေါင်၏ ပျော်ရွှင်မှုများ ကူးစက်လာပြီး နောက်ဆုံးတွင် အပြုံးရိပ်များ ပေါ်လာလေတော့၏။ "တကယ်ပြောခဲ့တာပါ။ ဖုဟွမ်က ပြောတယ်။ မနက်ဖြန်ကြရင် တိုင်းပြည်ကို အမိန့်ပြန်တမ်း ထုတ်ပြန်ကြေငြာမယ်တဲ့"
ချောင်မိဖုရားခေါင်က ကောင်းတယ်ဟု အကြိမ်ကြိမ်ရွတ်ဆိုရင်း သူမ၏ မျက်ဝန်းအိမ်များက နီရဲလာလေတော့သည်။
ဟွေ့အန်းကုန်းကျူက ကြည်နူးစွာရယ်မောလိုက်ပြီး ပြောလိုက်၏။ "ဒီလိုဝမ်းသာစရာကိစ္စကြီးကို ပျော်ရမဲ့အစား မူဟုပ်က ဘာဖြစ်လို့ ငိုနေတာလဲ"
ချောင်မိဖုရားခေါင်သည် မည်သို့ အောင့်အီးထားနိုင်ပါမည်နည်း။ ဝမ်းသာရလွန်းသဖြင့် မျက်ရည်ကျလာပြီး နောက်ဆုံးတွင်တော့ ငိုကြွေးမိလေတော့သည်။
...
အိမ်ရှေ့မင်းသား ခန့်အပ်မည့်သတင်းသည် လျင်မြန်စွာပြန့်နှံ့သွားပြီး မကြာခင်မှာပင် နန်းတော်ရှိလူတိုင်း သိရှိသွားကြလေသည်။ မျက်စိလျင် ခြေသွက်လက်သွက် နန်းတွင်းအပျိုတော်လေးများသည် ကျောင်းဖန်နန်းဆောင်သို့ အလျင်အမြန်ပြန်ရောက်လာကာ ဂုဏ်ပြုစကား ဆိုကြတော့၏။
ချင်ဖေးကတော့ တကယ်ကို သူများထက်ပိုပြီး စောစောစီးစီး သိရှိခဲ့ရသည်။
ချင်ဖေး၏ ရင်ထဲတွင် တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရပြီး ကျောင်းဖန်နန်းဆောင်သို့ သွားရောက်ဂုဏ်ပြုခြင်းမပြုဘဲ ရှို့နဥ်နန်းဆောင်သို့ အရင်ဆုံး ဦးတည်သွားလိုက်လေသည်။ မယ်တော်ကြီးကျောက်ကို တွေ့သည်နှင့် ပြုံးရွှင်စွာပြောလိုက်တော့၏။ "မယ်တော်ကြီးအတွက် ဝမ်းသာစရာပါပဲ!"
မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ်က ရုတ်တရက် အိမ်ရှေ့စံအရာကို ခန့်အပ်လိုက်သည့်ကိစ္စအပေါ် မကျေမနပ်ဖြစ်လို့နေ၏။ ထိုစကားကို ကြားလိုက်ရသည့်အခါ သူမက ခပ်တိုးတိုးနှာခေါင်းရှုံ့လိုက်ပြီး "ကျောင်းဖန်နန်းဆောင်က သားအမိတွေကတော့ အပျော်လွန်နေတော့မှာပဲ။ အိုက်ကျားက ဒါနဲ့ပတ်သက်ပြီး ဘာများပျော်စရာရှိလို့လဲ"
အနီးအနားတွင် ခစားနေကြသည့် နန်းတွင်းအပျိုတော်လေးများသည် မျက်လွှာချထားကာ သစ်ပင်ကြီးများနှယ် ငြိမ်သက်လို့နေလေသည်။
အဘွားတစ်ယောက်က ကိုယ့်ရဲ့တရားဝင် မြေးတော်တစ်ယောက်အတွက် အကောင်းဆုံးတောင် မမျှော်လင့်ပေးနိုင်ဘူးတဲ့လေ! ဒီလိုကိစ္စမျိုးက တော်ဝင်မိသားစုထဲမှာ မပြောနဲ့ သာမာန်မိသားစုတစ်ခုမှာတောင် အတင်းအဖျဥ်းပြောဖို့ လုံလောက်နေပြီ!
ချင်ဖေးသည်လဲ မကျေနပ်သော်ငြား ချိုလွင်စွာဖြင့် ပြောလိုက်လေသည်။ "အိမ်ရှေ့စံရှိမှပဲ ပြည်သူတွေရဲ့နှလုံးသားကို အေးချမ်းအောင် လုပ်ပေးနိုင်မှာလေ။ အရှင်မင်းကြီးကလဲ နောက်တနှစ်ကျရင် တစ်တိုင်ပြည်လုံး စစ်ဆေးရေးတစ်ခု စီစဥ်ထားခဲ့တာဆိုတော့ ကိစ္စရပ်တွေကို ကိုင်တွယ်စီမံဖို့ ညီလာခံမှာကျန်ခဲ့မဲ့ မင်းသားတစ်ပါးတော့ ရှိမှဖြစ်မှာပေါ့။ အိမ်ရှေ့စံ တစ်ယောက်ရှိနေတော့ စိုးရိမ်စရာ မလိုတော့ပေါ့"
မယ်တော်ကြီးကျောက်က ပြန်ပြောလိုက်၏။ "ငါက အစတုန်းက စတုတ္ထမင်းသားကို မြို့တော်မှာခေါ်ထားမယ်လို့ ရည်ရွယ်ထားတာ"
အခုမှ ဒီစကားကိုပြောတော့ရော ဘာအသုံးဝင်တော့မှာလဲ။ အိမ်ရှေ့စံနေရာက ယူပြီးသွားပြီ။ သူ့ကို ခေါ်ထားဖို့လည်း အကြောင်းမရှိတော့ဘူးလေ။
ချင်ဖေးသည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီးနောက် ပြုံးကာပြောလိုက်တော့၏။ "စတုတ္ထမင်းသားက ငယ်ရွယ်ပြီးတော့ အတွေ့အကြုံနုပါသေးတယ်။ သူက နောက်လာမဲ့နှစ် စစ်ဆင်ရေးမှာ အရှင်မင်းကြီးကို အဖော်လုပ်ပြီး တိုင်းပြည်နဲ့နန်းတော်အတွက် အကျိုးဆောင်ပေးနိုင်ရင် ဟုတ်နေပါပြီ"
...