အခန်း (၂၄၇-၂၄၉)
Vol. 17 Ch. 247-249
အပိုင်း (၂၄၇) လျော်ကြေးပေးခြင်း (၂)
ဘာပြောလိုက်တယ်!
ယုံးကျားဧကရာဇ်က ဒုတိယမင်းသားကို အိမ်ရှေ့စံ အဖြစ်ခန့်အပ်တော့မယ် ဟုတ်လား!
ယိဟွားနန်းဆောင်အတွင်းတွင် စူးဖေးသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်ကာ သူမ၏ လက်ခုံများပင် ဖြူဖျော့သွားလေသည်။ သူမ၏ မျက်နှာပေါ်တွင်လည်း ထူးဆန်းသောသွေးရောင်များ လွမ်းခြုံလာပြီး အသံကုန် ဟစ်မေးမြန်းလိုက်လေသည်။ "အားဟောက် မင်း နားကြားမှားတာတော့ မဟုတ်ပါဘူးနော်။ အရှင်မင်းကြီးက ဘယ်လိုလုပ်ပြီး ဒီလောက်စောစောစီးစီး အိမ်ရှေ့စံနေရာကို သတ်မှတ်မှာလဲ။ ဘာဖြစ်လို့ ဒုတိယမင်းသားကို ခန့်အပ်ရတာလဲ။ ဒါက မဖြစ်နိုင်ဘူး!"
ဒါလုံးဝမဖြစ်နိုင်ဘူး!
သူမရဲ့ အရင်ဘဝမှာတုန်းကတောင် ယုံးကျားဧကရာဇ်က ဆုံးဖြတ်ချက်မချနိုင်ဘဲ အိမ်ရှေ့စံကို အကြာကြီး လစ်လပ်ထားခဲ့တာလေ။
နောက်တနှစ်ရောက်မှ ယုံးကျားဧကရာဇ်က စစ်ချီထွက်ရာမှ အရွယ်ရောက်ပြီးသား မင်းသားအားလုံးကလဲ စစ်တပ်နဲ့အတူ လိုက်ပါသွားကြရမှာ။ ပထမမင်းသားနဲ့ ဒုတိယမင်းသားတို့က စစ်မြေပြင်မှာ စစ်တိုက်သေဆုံးသွားကြပြီး သူမရဲ့သားကပဲ အင်အားအများကြီး ဆွဲထုတ်စရာမလိုဘဲ မက်မွန်သီးကို အလွယ်တကူခူးဆွတ်နိုင်သလို အိမ်ရှေ့စံအဖြစ် သတ်မှတ်ခံခဲ့ရတာ။
သူမရဲ့ အကြံအစည်က သည်းခံပြီး ငြိမ်ငြိမ်လေးနေနေဖို့ပဲလေ။ လုမင်ယွိ ဘယ်လောက်ပဲ စွမ်းဆောင်နိုင်ပါစေ လုမိသားစု ဘယ်လောက်ပဲ အင်အားကြီးမားပါစေ စစ်မြေပြင်ကို ဒုတိယမင်းသားအစား ဝင်ရောက်တိုက်ခိုက်ပေးနိုင်မှာ မဟုတ်ဘူး။ တစ်ချို့ကိစ္စတွေမှာ ကံစီမံရာအတိုင်းပဲ ဖြစ်လာလိမ့်မှာ။
ဒုတိယမင်းသားဆိုတဲ့ ထိုအသက်တိုမဲ့ကောင်က သိက်မကြာခင် စစ်မြေပြင်မှာ သေဆုံးရတော့မှာပဲ။
သို့သော်ငြား ယခုအချိန်တွင်တော့ ကိစ္စရပ်များမှာ သူမ မျှော်မှန်းထားသည်နှင့် လုံးဝကွဲပြားခြားနားလို့နေသည်။
ယုံးကျားဧကရာဇ်က ဒုတိယမင်းသားကို အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်ပြီတဲ့လား။
လီဟောက်သည် စိတ်လက်မကြည်မသာဖြစ်နေပြီး စူးဖေး၏ နားကွဲလုမတတ် အော်ဟစ်သံကို ကြားလိုက်ရသောအခါ ပိုလို့ပင် စိတ်ရှုပ်ထွေးလာကာ စိတ်မရှည်သည့်လေသံဖြင့် ပြောလိုက်တော့၏။ "ဖုဟွမ်က ဒီနေ့ ဝမ်ဟွားနန်းဆောင်မှာ ရှင်းရှင်းလင်းလင်း ပြောလိုက်တာပါ။ ချောင်ကောလောင် ဖူယန်မြို့စားနဲ့ ကွမ်းပင်းနယ်စားတို့ အားလုံးလည်း ရှိနေကြသလို ကျွန်တော်တို့ ညီအစ်ကိုတွေအားလုံးလည်း ရှိနေကြပါတယ်။ နောက်ပြောင်နေတာ ဖြစ်နိုင်ပါ့မလား"
"ကျွန်တော်တို့ ညီအစ်ကိုတွေထဲမှာ လီကျင့်တစ်ယောက်တည်းကပဲ မိဖုရားခေါင်ကြီးက မွေးဖွားလာတဲ့ သားအရင်းလေ။ ဖုဟွမ်က သူ့ကို အိမ်ရှေ့စံမပေးရင် ဘယ်သူ့ကိုပေးရမှာလဲ"
"မုန့်ကွေ့ဖေးက အမှားကြီးတစ်ခု ကျူးလွန်လိုက်တော့ ကွမ်းပင်းနယ်စားလဲ ရောပြီးအပြစ်ပေးခံရတယ်။ ရာထူးချခံလိုက်ရပြီလေ။ ဖုဟွမ်က စိတ်ပျက်ပြီး ဒေါသထွက်နေတဲ့အပြင် လီကျင့်ကို ပြန်ပြီးလျော်ကြေးပေးချင်တဲ့စိတ်နဲ့ အိမ်ရှေ့စံခန့်အပ်ပွဲကို စောစောစီးစီးကျင်းပလိုက်တာပဲ ဖြစ်မှာပါ။ မူဖေး ဒီလောက်အထိ ထိတ်လန့်တကြား ဖြစ်မနေပါနဲ့"
စူးဖေး၏ စိတ်ထဲတွင် ရှုပ်ထွေးနေပြီး နှုတ်ဖြင့်ဖွင့်ပြောမရနိုင်သည့် ကြောက်ရွံ့မှုများလည်း ဖြစ်ပေါ်လာတော့သည်။
အဖြစ်အပျက်များက ယခင်ဘဝနှင့် လုံးဝမတူတော့ချေ။ ပြောင်းလဲမှုများ အားလုံး၏ အရင်းအမြစ်သည် လုမင်ယွိဆီမှ ဖြစ်လာသည်မှာ သေချာသလောက်ပင်။
သူမကို ကျားချောင်းချောင်းကြည့်နေသည့် ရန်သူတစ်ယောက် ရောက်ရှိနေခြင်းက ကျောထဲတွင် ဆူးစိုက်နေသလို ခံစားရစေ၏။
သူမသည် လီဟောက်၏ လက်မောင်းကို ရုတ်တရက်လှမ်းဆွဲလိုက်ပြီး အလျင်စလို ပြောလိုက်လေသည်။ "အားဟောက် ... ဒုတိယမင်းသား အိမ်ရှေ့စံဖြစ်လာမဲ့ကိစ္စကို ဒီအတိုင်းထိုင်ကြည့်နေလို့ မဖြစ်ဘူး။ နည်းလမ်းရှာပြီး ဒီကိစ္စကိုတားမှဖြစ်မယ်"
လီဟောက်သည် မျက်မှောင်ကို တင်းနေအောင် ကြုတ်ထားလိုက်ပြီး တလေးတနက် ပြောလိုက်လေသည်။ "မုန့်ကွေ့ဖေးတောင် လှုပ်ရှားလိုက်လို့ ဘယ်လို အဆုံးသတ်သွားလဲဆိုတာ မူဖေး မြင်တယ် မဟုတ်ဘူးလား။ ဖုဟွမ်ရဲ့ အချစ်တော် လီယိတောင်မှ အခုဆိုရင် အမြီးကုတ်ပြီးနေနေရတာ။ ဒီလိုအချိန်မှာ ကျွန်တော်က ထွက်ပြီးလှုပ်ရှားလိုက်ရင် ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်မနေဘူးလား"
"ရှေ့လျှောက် အချိန်တွေအများကြီး ကျန်ပါသေးတယ်။ ဖုဟွမ်က အခုမှ သန်စွမ်းကျန်းမာတဲ့အရွယ် ရှိသေးတာဆိုတော့ ထီးနန်းပေါ်မှာ နောက်ထပ်နှစ်ပေါင်း၂၀ ၃၀လောက် ထိုင်နိုင်အုံးမှာပါ။ ဒုတိယမင်းသားရဲ့ အိမ်ရှေ့စံနေရာ မြဲမမြဲဆိုတာက ပြောလို့မရသေးပါဘူး"
"မင်းရဲ့ ဖုဟွမ်က ဘယ်မှာအဲလောက်အကြာကြီး အသက်ရှည်နိုင်မှာမလို့လဲ"
စူးဖေးသည် စဥ်းစားဆင်ခြင်ခြင်းမရှိဘဲ ပါးစပ်ထဲရှိသည့်အတိုင်း လွှတ်ခနဲ ပြောချလိုက်လေသည်။
လီဟောက် "..."
လီဟောက်သည် အသက်ရှူပင်ရပ်တန့်သွားပြီး မျက်ဝန်းထဲတွင်လည်း အံ့သြထိတ်လန့်မှုများအပြည့် ဖြစ်သွားတော့၏။
စူးဖေးသည် စကားပြောပြီးသည်နှင့် အခြေအနေမကောင်းမှန်းသိလိုက်သဖြင့် ချက်ချင်းပင် စကားကို ပြန်ပြင်ပြောလိုက်တော့သည်။ "ငါပြောချင်တာက နင့်ရဲ့ဖုဟွမ်က စစ်တိုက်ထွက်ရင် စစ်မြေပြင်ဆိုတာ အန္တရာယ်အများကြီး ရှိတယ်လေ။ အန္တရာယ်တစ်ခုခု ကြုံရတာမျိုး ဒါမှမဟုတ် ဒဏ်ရာရတာမျိုး ဖြစ်နိုင်တယ်လို့ ပြောတာပါ။ သက်တမ်းဘယ်လောက်ရှည်မလဲဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူးလေ"
စူးဖေးက လိမ်ပြောနေခြင်းပင်။
သူမ လွှတ်ခနဲပြောလိုက်သော ထိုစကားသည် အလွန်ရေရာသေချာနေသည့်ပုံစံ ပေါ်နေ၏။ အနာဂတ်တွင် ဖြစ်မည့်အရာများကို ရှင်းရှင်းလင်းလင်း သိနေသည့်ပုံပင်။
စူဖေးနှင့် လုမင်ယွိတို့ အပြန်အလှန် ရန်သူကဲ့သို့ဖြစ်နေသည်ကို တွေးမိပြီး ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့် အဖြစ်အပျက်များကို ပြန်စဥ်းစားမိလိုက်သောအခါ လီဟောက်၏ စိတ်ထဲတွင် ထိတ်လန့်ဖွယ်ရာ ထင်ကြေးတစ်ခု ဖြစ်လာတော့သည်။
လီဟောက်၏ ရင်ထဲတွင် လှိုင်းတံပိုးများ ထန်နေသော်ငြား မျက်နှာကတော့ တည်ငြိမ်နေသည်။
"ဒီမှာ ကျွန်တော်တို့ သားအမိနှစ်ယောက်တည်း ရှိတာပါ။ မူဖေးက လျှို့ဝှက်ချက်တစ်ချို့ သိနေတယ်ဆိုရင် ဘာဖြစ်လို့ ကျွန်တော့်ကို မပြောပြတာလဲ"
စူးဖေးသည် လျှို့ဝှက်ချက်ကို တင်းကျပ်နေအောင် ဖုံးကွယ်ထားပြီး ပြတ်ပြတ်သားသား ငြင်းပယ်လိုက်၏။ "အတွေးလွန်မနေနဲ့ ငါ ဘာမှမသိဘူး။ ငါက ဒီအတိုင်း ပါးစပ်ထဲရှိတာ လျှောက်ပြောလိုက်တာ။ နင့်ရဲ့ ဖုဟွမ်ကို စောစောသေစေချင်လို့ ကြိမ်စာတိုက်တဲ့သဘောမျိုး လုံးဝမရှိပါဘူး။ နင်လဲ ဘာမှမကြားခဲ့ဘူးသလိုပဲ သဘောထားလိုက်။ ဘယ်သူ့ကိုမှလည်း လျှောက်မပြောနဲ့"
လီဟောက်သည် စူးဖေးကို ပြင်းပြစွာဖြင့် စိုက်ကြည့်လိုက်၏။ "မူဖေး ... မူဖေးက ကျွန်တော့်ကိုတောင် မယုံဘူးလား"
ယုံကြည်တယ်ဆိုရင်တောင် ပြောပြလို့မရဘူးလေ!
ပြန်လည်ဝင်စားခြင်းနှင့်ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောလိုက်သည်နှင့် ယခင်ဘဝက အကြောင်းအရာများအားလုံးကို တစ်ခုမကျန် ပြောပြရပေတော့မည်။ လီဟောက်နှင့် လီချန်တို့လုပ်ခဲ့သည့် ကိစ္စများကို လီဟောက်အား သူမသည် မည်သို့သောမျက်နှာနှင့် ပြောပြရပါမည်နည်း။
သူမ အလေးထားဆုံးနှင့် ယုံကြည်ရဆုံးသူမှာ သားကြီးဖြစ်သော်လည်း လီချန်သည်လဲ သူမ၏ သားပင်ဖြစ်လေသည်။ ညီအစ်ကိုနှစ်ယောက်ကြားတွင် စိတ်ဝမ်းကွဲကာ ရန်သူများအဖြစ် ပြောင်းလဲသွားမည့်အဖြစ်မျိုးကိုတော့ အဖြစ်ခံလို့မဖြစ်ပေ။
စူးဖေးသည် ဆုံးဖြတ်ချက်ချလိုက်ပြီး မြန်မြန်ပြောလိုက်၏။
"အားဟောက် ငါ တကယ် ဘာမှမသိဘူး"
လီဟောက်သည် တိတ်ဆိတ်ငြိမ်သက်လို့နေလေသည်။
စူးဖေးကတော့ စကားအကြောင်းအရာကို မြန်မြန်လွှဲပြောင်းကာ ပြောလိုက်တော့၏။ "ဒါနဲ့ ကွမ်းပင်းနယ်စား ဒုက္ခရောက်သွားတဲ့ကိစ္စက နင့်ကို ထိခိုက်နိုင်လား"
လီဟောက်ကလဲ တိုတိုတုတ်တုတ်သာ ပြန်ဖြေလိုက်၏။
"လုပ်ကြံတဲ့ကိစ္စမှာ မုန့်ကွေ့ဖေးက တရားခံဖြစ်ပြီး ကွမ်းပင်းနယ်စားက ကြံရာပါအဖြစ် ပါသွားတာပါ။ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ ဖုဟွမ်က ကျွန်တော့်ဆီကို အပြစ်ပုံချပြီး ဒေါသထွက်မှာ မဟုတ်ပါဘူး"
စူးဖေးသည် အရင်ဆုံး သက်ပြင်းချလိုက်ပြီးနောက် မကျေမနပ်ဖြင့် ပြောလိုက်တော့၏။ "မုန့်ကွေ့ဖေးကလဲ အသုံးမကျလိုက်တာ။ မလုပ်ရင်လည်း မလုပ်နဲ့ပေါ့။ လုပ်တော့မယ်ဆိုရင်လည်း ဘာလို့လုပ်ကြံတာ မအောင်မြင်ရတာလဲ။ ဒုတိယမင်းသားကို အခွင့်ကောင်းရသွားစေပြီး လွယ်လွယ်ကူကူနဲ့ အိမ်ရှေ့စံဖြစ်သွားစေတာပဲ အဖတ်တင်တယ်"
ထို့နောက် သူမသည် လီဟောက်ကို ထပ်မံတိုက်တွန်းလိုက်ပြန်သည်။ "ကွမ်းပင်းနယ်စားက နင့်ယောက္ခမလေ။ အခုကံဆိုးနေတယ်ဆိုတာ ခဏပါပဲ။ နောက်ပိုင်းစစ်မှုထမ်းပြီး အောင်ပွဲရလာရင် ရာထူးပြန်ရဖို့ မခက်ပါဘူး။ နင် အခုချိန်မှာ မုန့်မိသားစုဆီကိုသွားပြီး သူတို့ကို စည်းရုံးသိမ်းသွင်းထားလိုက်"
လီဟောက်က ရုတ်တရက်မေးခွန်းတစ်ခု ထုတ်မေးလိုက်လေသည်။
"ယန်နဲ့ ချူတိုင်းပြည်ကို တိုက်ခိုက်မဲ့စစ်ပွဲမှာ သေချာပေါက် နိုင်မှာပါ"
"ဒါပေါ့" အရာအားလုံကို သိရှိနေသည့်လေသံဖြင့် အတည်ပြု ပြောဆိုလိုက်ပြန်သည်။ စူးဖေးသည် သူမ၏ စကားလွန်သွားမှန်းမသိလိုက်ဘဲ ဟန်ဆာင်ကာ ခန့်မှန်းပြလိုက်၏။ "ငါတို့ သာ့ဝေတိုင်းပြည်မှာ စွမ်းရည်ထက်မြက်တဲ့ စစ်သည်တော်တွေ အများကြီးရှိသလို အားလုံးကလဲ စိတ်ဓာတ်ခိုင်မာကြတယ်။ နင့်ရဲ့ ဖုဟွမ်ကလဲ သဘာဝကပေးထားတဲ့ စစ်ရေးစွမ်းအင်တွေ ရှိတဲ့သူပဲ။ သူကိုယ်တိုင် ဦးဆောင်တိုက်ခိုက်မယ်ဆိုရင် ဒီစစ်ပွဲက အချိန်နည်းနည်း ကြာကောင်းကြာနိုင်ပေမဲ့ သေချာပေါက် နိုင်မှာပါ"
ဒါဆိုရင် ယန်နဲ့ချူကိုတိုက်တဲ့စစ်ပွဲက နောက်ဆုံးတော့ သေချာပေါက် အောင်မြင်မှာပေါ့။
သာ့ဝေတိုင်းပြည်က ပြည်မကြီးတစ်ခုလုံးကို စည်းရုံးနိုင်လိမ့်မယ်။
ဒါပေမဲ့ ဒီစစ်ပွဲက အချိန်အကြာကြီး ကြာလိမ့်မယ်။ ဖုဟွမ်က ဒီစစ်ပွဲမှာ ဒဏ်ရာရပြီး အသက်တိုသွားတာ ဖြစ်ရမယ်။
လီဟောက်သည် စိတ်ထဲတွင် ကြိတ်ပြီးတွေးတောနေလိုက်၏။ စူးဖေးဆီမှ စကားများ ထွက်လာအောင် ဆွဲထုတ်ချင်သော်လည်း စူးဖေးက ဆက်မပြောတော့ဘဲ မုန့်မိသားစုဆီသို့သာသွားရန် သူ့ကို တိုက်တွန်းနေတော့သည်။ လီဟောက်သည်လဲ ထိုအတွေးကို ခဏလောက် ခေါက်ထားလိုက်ပြီး ခေါင်းညိမ့်လက်ခံကာ ယိဟွားနန်းဆောင်မှ ထွက်လာခဲ့လေတော့သည်။
လီဟောက် ထွက်သွားပြီးနောက်တွင် စူးဖေးသည် သက်ပြင်းရှည်ကြီး ချလိုက်မိလေ၏။ ထို့နောက်တွင်တော့ စိတ်ထဲတွင် လုမင်ယွိကို ပြင်းပြင်းထန်ထန် ကြိမ်ဆဲနေတော့သည်။
မည်မျှပင် ဆိုးဆိုးရွားရွား ကြိမ်ဆဲနေပါစေ လီကျင့် အိမ်ရှေ့စံ အဖြစ်ခန့်အပ်ခံရမည့် အမှန်တရားကို ပြောင်းလဲနိုင်မည် မဟုတ်ချေ။ မုန်းစရာကောင်းသည့် လုမင်ယွိသည်လဲ အိမ်ရှေ့စံကြင်ရာတော် ဖြစ်လာပေတော့မည်။
...
လုလင်းသည် နန်းတော်ထဲက အိမ်ပြန်ရောက်လာပြီးနောက် ဒုတိယမင်းသား အိမ်ရှေ့စံအဖြစ် ခန့်အပ်ခံရတော့မည့်သတင်းကို ယူဆောင်လာခဲ့လေသည်။ လုအိမ်တော်တစ်ခုလုံးကလဲ ချက်ချင်းဆိုသလို ဝမ်းသာသွားကြတော့၏။
"ဒါက တကယ့်ကို ဝမ်းသာစရာပဲ"
"ဟုတ်တာပေါ့။ အရှင်မင်းသားက အိမ်ရှေ့စံဖြစ်လာပြီဆိုတော့ စတုတ္ထသခင်မလေးလုက အိမ်ရှေ့စံကြင်ရာတော် ဖြစ်ပြီပေါ့"
အားလုံး၏အကြည့်များက လုမင်ယွိဆီသို့ တညီတညွှတ်တည်း ရောက်လာကြလေသည်။
လုမင်ယွိကတော့ အတည်ငြိမ်ဆုံး လူတစ်ယောက် ဖြစ်နေပြီး ခပ်ဖွဖွလေး ပြုံးလိုက်ကာ "အိမ်ရှေ့စံနေရာက အစကတည်းက အရှင်မင်းသားနဲ့ ထိုက်တန်ပြီးသားပါ"
ယုံးကျားဧကရာဇ်၏ စိတ်နေစိတ်ထားအရဆိုလျှင် ယန်နှင့်ချူစစ်ပွဲ ပြီးဆုံးချိန်အထိ နောက်ထပ် သုံးလေးနှစ်လောက်စောင့်ပြီးမှ အိမ်ရှေ့စံရွှေးချယ်မည် ဖြစ်လေသည်။ မုန့်ကွေ့ဖေး၏ လုပ်ရပ်ကတော့ အကူအညီအကြီးကြီးပေးလိုက်သလို ဖြစ်သွားခဲ့တော့သည်။
လုလင်းက ပြုံးလိုက်၏။ "မုန့်ကွေ့ဖေးသာ ဒီသတင်းကိုကြားရင် သူ့ရင်ဘတ်ကို ကတ်ကြေးနဲ့ ထိုးချင်လောက်အောင် ဖြစ်သွားမှာပဲ"
ဘာပဲဖြစ်ဖြစ် ဒါက ဝမ်းသာစရာ သတင်းကြီးတစ်ခုပင်။
လုမင်ယွိသည် ခဏလောက် စဥ်းစားလိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်လေသည်။ "အဖေ သမီးက အစတုန်းကတော့ လုအိမ်တော်မှာပဲ ဆက်နေမယ်လို့ စဥ်းစားထားတာပါ။ ဒါပေမဲ့ အခုအခြေအနေအရဆိုရင်တော့ ဒုတိယမင်းသားအိမ်တော်ကို ပြန်မှဖြစ်မယ် ထင်တယ်"
အိမ်ရှေ့စံအဖြစ် သတ်မှတ်ခံရခြင်းက သာမာန်ကိစ္စ မဟုတ်ပေ။
လီကျင့်သည် သေချာပေါက် ဒုတိယမင်းသားအိမ်တော်သို့ ပြန်လာရမည်ဖြစ်သဖြင့် လုမင်ယွိသည်လဲ အတူတကွ လိုက်ပြန်သွားရပေမည်။
လုလင်းသည် ခွဲခွာရမည့်စိတ်ကို ဖိနှိပ်ထားလိုက်ပြီး လေသံတိုးတိုးဖြင့် မှာကြားလိုက်လေသည်။ "ကောင်းပါပြီ။ အထုပ်အပိုးတွေကို သိမ်းဆည်းခိုင်းထားလိုက်မယ်။ နေ့လယ်ကျရင် ပြန်လိုက်တော့။ နောက်ဆိုရင် ပြောဆိုလုပ်ကိုင်တဲ့နေရာတိုင်းမှာ အစစအရာရာ ပိုပြီးတော့ သတိထားရမယ်နော်"
...
အပိုင်း (၂၄၈) ချစ်ခင်နှစ်သက်ခြင်း
လုမင်ယွိ အမိန့်ပေးလိုက်သည်နှင့် လေးနာရီအတွင်းမှာပင် အဝတ်အစားများနှင့် အထုပ်အပိုးများကို သေသပ်စွာ သိမ်းဆည်းလိုက်ကြလေသည်။
လုလင်းသည် လုယိကို ခေါ်လိုက်ပြီး လုမင်ယွိ၏လုံခြုံရေးကို သေချာဂရုစိုက်ရန် မှာကြားလိုက်လေသည်။
လုယိက စဉ်းစားမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်၏။
"နောက်တစ်ခါ ထပ်ပြီးအမှားအယွင်း ဖြစ်လာရင် ကျန်းကျွင်း အပြစ်ပေးစရာ မလိုပါဘူး။ ကျွန်တော့်ဘာသာ သေကြောင်းကြံပါ့မယ်"
လုမင်ယွိ လုပ်ကြံခံရသည့်ကိစ္စအတွက် မိမိကိုယ်ကို အပြစ်အတင်ဆုံးလူမှာ လုယိပင်ဖြစ်ျဘသည်။ ဒီရက်ပိုင်းအတွင်း သူသည် အစောင့်တပ်သားများကို အလွန်ပြင်းထန်စွာ လေ့ကျင့်ပေးခဲ့သည်။ တပ်သားများအားလုံးလည်း ညည်းညူခြင်းမရှိဘဲ မကျေမနပ်ဖြစ်ခြင်းလည်း မရှိကြချေ။
သခင်မလေးသည် သူတို့၏မျက်စိအောက်မှာပင် လုပ်ကြံခံရလုနီးပါး ဖြစ်ခဲ့ရသည်။ ထိုကိစ္စကို တွေးမိတိုင်း သူတို့သည် သေဆုံးသွားသည့် လုပ်ကြံသူများကို ပြန်လည်တူးဖော်ပြီး ရိုက်နှက်ချင်လောက်အောင်ကို မုန်းတီးမိကြလေသည်။
လုလင်းသည် မျက်နှာညှိုးငယ်နေသော လုယိကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်၏။
"မင်းလည်း ငယ်တော့တာ မဟုတ်ဘူး။ ချီယွင် ဒဏ်ရာပျောက်တာနဲ့ မင်္ဂလာပွဲ စီစဉ်လိုက်တော့"
လုယိ "......"
ခုနလေးကမှ ရင်ကော့ခေါင်းမော့ပြီး ရဲရင့်တက်ကြွနေသည့် တပ်မှူးလုသည် ရုတ်တရက် မျက်နှာကြီးနီရဲလာကာ ဗလုံးဗထွေးဖြင့် ပြောလေတော့သည်။ "ကျွန်တော်... ကျွန်တော်..."
"ဘာ ကျွန်တော် ကျွန်တော် ဖြစ်နေတာလဲ"
လုလင်းသည် ရယ်မောလိုက်ပြီး လက်ကိုဆန့်ကာ လုယိ၏ပခုံးကို ပုတ်လိုက်လေသည်။ "မင်းနဲ့ချီယွင် မျက်စပစ်ပြီး ကြိုက်နေကြတာ တစ်ရက်နှစ်ရက်မှ မဟုတ်တာ။ မင်းက ရှက်ပြီးမပြောပေမဲ့ ငါက မသိဘူးလို့ ထင်နေတာလား။ ငါ မင်းကို ရှောင်ယွိဆီ ပို့လိုက်ကတည်းက ဒီအစီအစဉ် ရှိပြီးသား။ မဟုတ်ရင် မင်းက လုအိမ်တော်မှာပဲ ဆက်နေပြီး ချီယွင်က ဒုတိယမင်းသားအိမ်တော်ကို ပါသွားရင် မင်းတို့နှစ်ယောက် ဘယ်လိုလုပ် ပေါင်းဖက်လို့ရမှာလဲ"
လုယိသည် မျက်နှာနီရဲစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ရှက်ရွံ့စွာ ပြောလိုက်၏။ "ကျန်းကျွင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အသက် ၃၀ ရှိနေတဲ့ လူပျိုကြီး ဖြစ်နေပြီလေ။ ချီယွင်ထက် ၁၂ နှစ်တောင် ပိုကြီးတာ။ သခင်မလေးကို ဖွင့်ပြောဖို့ တကယ် အားနာစရာကောင်းနေလို့ပါ"
လုလင်းသည် မေးစေ့ကို ပွတ်သပ်ရင်း လေးနက်စွာ စဉ်းစားလိုက်လေသည်။ "အသက်ကွာတာက တကယ်ကြီးတော့ ကြီးသားပဲ။ ဒါဆိုရင် ငါ ရှောင်ယွိကို ပြောပြီး ချီယွင်အတွက် ငယ်ရွယ်ချောမောတဲ့ ကောင်လေးတစ်ယောက် ရှာပေးဖို့ ပြောလိုက်ရမလား"
လုယိ "......"
လုယိ ဟန်ဆောင်မနေနိုင်တော့ဘဲ ချက်ချင်း စကားပြင်ပြောလိုက်တော့သည်။ "တကယ်တော့လည်း သိပ်ကြီးတယ်လို့ မဆိုနိုင်ပါဘူး။ ကျွန်တော်က အသက်ပိုကြီးတော့ ကိုယ့်မိန်းမကို ဘယ်လိုချစ်ရမလဲဆိုတာ ပိုသိတာပေါ့။ နောက်ဆိုရင် နေရာတိုင်းမှာ သူ့ကိုပဲ ဦးစားပေးပါ့မယ်"
မိန်းမလိုချင်တာလား မျက်နှာလိုချင်တာလားဆိုသည့် ရွေးချယ်စရာ မေးခွန်းမျိုးကို သူ ရွေးချယ်နေစရာ မလိုပေ။
လုလင်းက ဟားတိုက် ရယ်မောလိုက်လေသည်။
လုယိသည် ရိုးသားစွာဖြင့် လိုက်ရယ်ပြီး ပြောလိုက်၏။ "ကျန်းကျွင်း... ကျွန်တော်ပြောတာတွေ အားလုံးက ရင်ထဲကစကားတွေပါ။ သခင်မလေး ကျွန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို သဘောတူလာအောင် ကျွန်တော့်အစား ပြောပေးပါဦး"
လုလင်းသည် ပြုံးရယ်ရင်း လုယိကို တစ်ချက်ကန်လိုက်လေသည်။ "ဘယ်မှာ ဒီလောက်ကောင်းတဲ့ကိစ္စ ရှိမှာလဲ။ မိန်းမ ယူချင်ရင် ကိုယ့်ဘာသာ ရှောင်ယွိကို သွားပြော။ ရှောင်ယွိ ခေါင်းညိတ်လိုက်တာနဲ့ ချီယွင်ကို အိမ်ခေါ်ပြန်ဖို့ ပြင်ဆင်ထားလိုက်တော့။ တကယ်လို့ ရှောင်ယွိသာ ခေါင်းမညိတ်ရင် ငါလည်း ဝင်မပါနိုင်ဘူး"
......
လုမင်ယွိသည် ချီယွင်၏အခန်းထဲတွင် ရောက်နေလေသည်။
ချီယွင်၏ဒဏ်ရာမှာ သိပ်မပြင်းထန်သော်လည်း ကုတင်ပေါ်တွင် ရက်အနည်းငယ် အနားယူလိုက်ပြီးနောက် မျက်နှာလေးမှာ ကြည့်ကောင်းလာတော့သည်။ ကုတင်ပေါ်မှ ဆင်းပြီး လမ်းအနည်းငယ်ပင် လျှောက်နိုင်ပြီဖြစ်သည်။ ချီယွင်သည် ဒုတိယမင်းသား အိမ်ရှေ့စံ ဖြစ်မည့်ကိစ္စအတွက် ပျော်ရွှင်နေစဉ် လုယိ ရောက်လာကြောင်း ကြားလိုက်ရသည်နှင့် မျက်နှာလေးမှာ ရုတ်တရက် ရဲခနဲ ဖြစ်သွားတော့သည်။
လုမင်ယွိသည် ထိုအမူအရာကို မြင်လိုက်သည်နှင့် တစ်စုံတစ်ခုကို နားလည်သွားပြီး မရယ်ဘဲ မနေနိုင်တော့ပေ။ "ချီယွင် နင်နဲ့လုယိ ဘယ်တုန်းက ကြိုက်သွားကြတာလဲ"
ချီယွင်သည် ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။ "သခင်မလေး ကျွန်မကို မစပါနဲ့တော့"
ကွယ်ရာတွင် သူတို့နှစ်ဦးသည် ယခင်ကအတိုင်း ခေါ်ဝေါ်ဆက်ဆံကြပြီး စကားပြောဆိုရာတွင်လည်း ပိုမိုလွတ်လပ်မှု ရှိကြသည်။
လုမင်ယွိက ပြုံးကာ ကျီစယ်လိုက်ပြန်သည်။
"နင် သူ့ကို သဘောကျတယ်ဆိုရင် ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပြရမှာပေါ့။ လုယိက နင့်ထက် အသက်အများကြီး ပိုကြီးတာဆိုတော့... အင်း... ငါ နင့်အတွက် ငယ်ရွယ်ချောမောတဲ့ လူငယ်လေးတစ်ယောက် ရှာပေးတာ ပိုကောင်းမယ်ထင်တယ်"
ချီယွင်သည် မျက်နှာနီရဲစွာဖြင့် ပြန်ပြောလိုက်၏။ "အသက်ကြီးတဲ့လူက ပိုပြီးချစ်တတ်တယ်လေ"
လုမင်ယွိသည် အသံထွက်ကာ ရယ်မောလိုက်တော့သည်။
ချီယွင်၏မျက်နှာမှာ ပိုပြီးနီရဲလာကာ သတ္တိမွေးပြီး မော့ကြည့်လိုက်လေသည်။ "သခင်မလေး... ကျွန်မလည်း သခင်မလေးကို မလိမ်ချင်တော့ပါဘူး။ လုအိမ်တော်မှာတုန်းက နေ့တိုင်း သခင်မလေး ကိုယ်ခံပညာလေ့ကျင့်ဖို့ သွားတဲ့အချိန် ကျွန်မက ဘေးကနေ စောင့်နေရတာလေ။ အဲဒီအချိန်မှာ လုယိက အခွင့်အရေးရှာပြီး ကျွန်မကို လာစကားပြောတတ်တယ်။ ကျွန်မတို့နှစ်ယောက်စလုံး စိတ်ဝင်စားနေကြပေမဲ့ တစ်ယောက်မှ ဖွင့်မပြောခဲ့ကြဘူး"
"နောက်ပိုင်း ကျွန်မက သခင်မလေးရဲ့ အပါးတော်မြဲအပျိုတော်အဖြစ် ပါလာခဲ့သလို လုယိလည်း သခင်မလေးနဲ့အတူ ဒုတိယမင်းသားအိမ်တော်ကို လိုက်ပါလာခဲ့တယ်။ အဲဒီတော့ လုအိမ်တော်မှာတုန်းကထက် စကားပြောဖို့ အခွင့်အရေးတွေ ပိုရလာတာပေါ့"
"ကျွန်မ စဉ်းစားပြီးပါပြီ။ တကယ်လို့ အိမ်ထောင်မပြုဘဲ နေရမယ်ဆိုရင် တစ်သက်လုံး သခင်မလေးနားမှာပဲ နေသွားမယ်။ တကယ်လို့ အိမ်ထောင်ပြုရမယ်ဆိုရင်တော့ သူ့ကိုပဲ လက်ထပ်ချင်ပါတယ်။ လက်ထပ်ပြီးရင်လည်း သခင်မလေးကို နေ့တိုင်း ပြုစုစောင့်ရှောက်ပေးလို့ ရတာပဲလေ"
ပျိုမြစ်နုနယ်သော အရွယ်ဖြစ်သည့် ချီယွင်၏ မျက်ဝန်းများထဲတွင် အနာဂတ်ဘဝအတွက် မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုများ တောက်ပနေပြီး လှပသော မျက်နှာလေးမှာလည်း ဝင်းပနေလေသည်။
လုမင်ယွိ၏ ရင်ထဲတွင်မူ နာကျင်သွားတော့သည်။
ယခင်ဘဝတွင် သူမ လီဟောက်နှင့် လက်ထပ်ပြီးနောက် လုယိအပါအဝင် ကိုယ်ရံတော်များနှင့် လျှို့ဝှက်သက်တော်စောင့်အားလုံးကို လီဟောက်အား ပေးအပ်ခဲ့သည်။ လီဟောက် စစ်တိုက်ထွက်သည့်အခါ လုယိလည်း အတူလိုက်ပါသွားခဲ့သည်။ လုယိသည် လီဟောက်ကို ကာကွယ်ရင်း စစ်မြေပြင်တွင် သေဆုံးသွားခဲ့ရသည်။
လုယိ သေဆုံးသွားသည့်သတင်း ရောက်လာသောအခါ သူမ အလွန်ဝမ်းနည်းခဲ့ရသလို ချီယွင်လည်း သည်းထန်စွာ ငိုကြွေးခဲ့လေသည်။ အရင်က သူမ သေချာမစဉ်းစားမိခဲ့သော်လည်း ယခု ပြန်စဉ်းစားကြည့်မိသောအခါ ထိုအချိန်က ချီယွင် မည်မျှနာကျင်ခံစားခဲ့ရမည်ကို နားလည်လိုက်ရသည်။
လုမင်ယွိသည် ချီယွင်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "နင့်ဒဏ်ရာ ပျောက်တာနဲ့ နင်တို့နှစ်ယောက်အတွက် ငါ မင်္ဂလာပွဲ စီစဉ်ပေးမယ်"
ချီယွင်သည် အံ့ဩဝမ်းသာသွားပြီး ရှက်ရွံ့နေမှုကိုပင် ဂရုမစိုက်နိုင်တော့ချေ။
"ကျေးဇူးတင်ပါတယ် သခင်မလေး"
လုမင်ယွိသည် မျက်လုံးတစ်ဖက်ကို မှိတ်ပြကာ ပြုံးလိုက်လေသည်။
"လုယိက ငါ့ကို လာတွေ့မယ်လို့ ပြောထားတယ်။ ငါ အခု သူ့ကိုသွားတွေ့လိုက်ဦးမယ်။ နင် ငါနဲ့အတူ လိုက်ခဲ့မလား"
ချီယွင်က သေချာပေါက် ငြင်းဆန်လိုက်ပြီး ရှက်လွန်းသဖြင့် မျက်နှာကိုအုပ်ကာ ကုတင်ပေါ်သို့ ပြန်လှဲလိုက်တော့သည်။
လုမင်ယွိသည် ချိုမြိန်စွာ ပြုံးလိုက်ပြီး လုယိနှင့်တွေ့ဆုံရန် ထွက်လာခဲ့လိုက်တော့သည်။
......
လက်ဖက်ရည်တစ်ခွက်စာ အချိန်ကြာပြီးနောက် လုယိသည် ခြံဝင်းထဲမှ ထွက်လာခဲ့၏။ ခြေလှမ်းများမှာ ပေါ့ပါးသွက်လက်နေလေသည်။
ကိုယ်ရံတော်တစ်ယောက် အနားကပ်လာပြီး ပြုံးကာ မေးလိုက်သည်။
"တပ်မှူးလု... ဝမ်းသာစရာကိစ္စ ရှိလို့လား"
"ဟုတ်တယ်လေ။ တပ်မှူး မျက်နှာကြီးက ပန်းပွင့်တော့မလို ဖြစ်နေတာ ကြည့်ရတာ ကြောက်ဖို့တောင် ကောင်းတယ်"
ကိုယ်ရံတော်အချို့က တစ်ယောက်တစ်ပေါက် ဝိုင်းဝန်းစနောက်ကြတော့သည်။ အဓိကမှာ လုယိသည် စိတ်ဓာတ်မာကျောပြီး လက်ရဲဇက်ရဲရှိကာ ကိုယ်ပိုင်တပ်သားများကို လေ့ကျင့်ပေးရာတွင်လည်း ရက်စက်တတ်သောကြောင့်ပင်။ ယခုကဲ့သို့ ရီဝေဝေနှင့် ပြုံးဖြီးဖြီးမျက်နှာမျိုးကို မြင်တွေ့ရခဲလှသဖြင့် မစနောက်လိုက်ရလျှင် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားနေရလိမ့်မည်။
လုယိက ဟီးခနဲ ရယ်မောလိုက်ကာ "ဝမ်းသာစရာကိစ္စကြီး ရှိတယ်"
"ဘာကိစ္စလဲ"
"မိန်းမယူတော့မှာ မဟုတ်ပါဘူးနော်"
ကိုယ်ရံတော်များအားလုံး ဝါးခနဲ ပွဲကျသွားကြတော့သည်။
လုယိက နောက်တစ်ကြိမ် ဟီးခနဲ ရယ်မောလိုက်ပြန်သည်။
သူသည် မျက်နှာပြောင်တိုက်ပြီး သခင်မလေးဆီသွားကာ ချီယွင်ကို လက်ထပ်ခွင့် တောင်းခဲ့သည်။ တကယ်တော့ အဆူခံရမည်၊ အငြင်းခံရမည်ဟု ကြိုတင်ပြင်ဆင်ထားပြီးသားပင်။
ချီယွင်သည် ငယ်စဉ်ကတည်းက လုမင်ယွိနှင့်အတူ ကြီးပြင်းလာသူဖြစ်ပြီး လုမင်ယွိ အယုံကြည်ရဆုံး အပျိုတော်ဖြစ်သည်။ လုမင်ယွိက ချီယွင်ကို မည်မျှ အရေးပေးသည်ကို လူတိုင်းသိကြသည်။
သူလည်း မညံ့ဖျင်းသော်လည်း အသက်အရွယ်က အနည်းငယ် ကြီးနေပြီဖြစ်သည်။ ဒီအချက် တစ်ချက်တည်းနှင့်ပင် လုမင်ယွိက သူ့ကို ဖားက ကြိုးကြာသား စားချင်နေတယ်ဆိုပြီး ငေါက်ငမ်းနိုင်လေသည်။
သို့သော် မထင်မှတ်ဘဲ သူ ပါးစပ်ဟလိုက်သည်နှင့် လုမင်ယွိက သဘောတူခဲ့သည်။
"ကောင်းပြီလေ။ ချီယွင် ဒဏ်ရာပျောက်တာနဲ့ နင်တို့နှစ်ယောက် လက်ထပ်ကြတော့"
လုယိသည် ကောင်းကင်ပေါ်မှ ပိုင်မုန့်များ ပြုတ်ကျလာသကဲ့သို့ ခေါင်းမူးသွားပြီး ရှားရှားပါးပါး ကြောင်တောင်တောင် ရုပ်မျိုး ဖြစ်သွားခဲ့သည်။
လုမင်ယွိက အများကြီး ရှင်းပြမနေဘဲ ပြုံးကာ ပြောလိုက်၏။
"လက်ထပ်ပြီးရင် ချီယွင်ကို ကောင်းကောင်းဆက်ဆံနော်။ တကယ်လို့ ချီယွင်သာ စိတ်ဆင်းရဲရရင် ငါကိုယ်တိုင် ချီယွင်ဘက်က ပါမှာနော်"
လုယိသည် ငေးကြောင်ကြောင်နှင့်ပင် ကျေးဇူးတင်စကားဆိုကာ ဦးညွှတ်လိုက်ပြီးနောက် ငေးကြောင်ကြောင်နှင့်ပင် ပြန်ထွက်လာခဲ့တော့သည်။
ကိုယ်ရံတော်များသည် လုယိ ထိုကဲ့သို့ ရယ်မောနေသည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်း စိတ်ဝင်စားသွားကြတော့သည်။
"တကယ်ကြီး မိန်းမရတော့မှာလား"
"တပ်မှူးလုက ဘယ်မိန်းကလေးကို လက်ထပ်မှာလဲ။ လုအိမ်တော်ကလူလား။ ဒါမှမဟုတ် ဒုတိယမင်းသားအိမ်တော်က အပျိုတော်လား"
လုယိသည် ပြုံးရယ်ရင်း အားလုံးကို မျက်စောင်းထိုးလိုက်လေသည်။
"အပိုတွေ ပြောမနေနဲ့တော့။ အမြန်ပြန်ပြီး ပြင်ဆင်ကြ။ ခဏနေရင် ဒုတိယမင်းသားအိမ်တော်ကို ပြန်ရတော့မှာ။ ငါ ဘယ်သူ့ကို ယူမလဲဆိုတာ နောက်ရက်ကျရင် မင်းတို့ သိရမှာပါ"
ကိုယ်ရံတော်များကို မောင်းထုတ်ပြီးနောက် လုယိသည် တခွိခွိ ဆက်ပြီး ရယ်မောနေလေတော့သည်။
...
အပိုင်း (၂၄၉) အိမ်တော်ပြန်ခြင်း
လုမင်ယွိသည် မြင်းလှည်းဖြင့် ဒုတိယမင်းသား အိမ်တော်သို့ ပြန်လာခဲ့လိုက်၏။
တခါးစောင့်အိမ်တော်ထိန်းသည် ပင်မတံခါးကြီးကိုဖွင့်ထားပြီး အိမ်တော်ရှိ လူအားလုံးသည်လဲ ပင်မတံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။
မြင်းလှည်းရပ်တန့်သွားသည့်အခါ လုမင်ယွိသည် မြင်းလှည်းပေါ်မှ ဆင်းလာခဲ့လေသည်။ အိမ်တော်ထိန်းများနှင့် နန်းတွင်းအပျိုတော်များသည် တပြိုင်တည်း ဦးညွတ်ဂါရဝပြုလိုက်ကြလေသည်။ "ကျွန်တော်မျိုး / မတို့ ဟွမ်စစ်ဖေးကို ဂါရဝပြုပါတယ်"
လုမင်ယွိသည် တည်ငြိမ်စွာ ပြောလိုက်၏။ "ထကြပါ"
သူတို့အားလုံးကလဲ ရိုသေလေးစားစွာဖြင့် ကျေးဇူးတင်စကားဆိုပြီး မတ်တပ်ရပ်လိုက်ကြသည်။
လုမင်ယွိက အိမ်တော်ထဲသို့ ဝင်ရောက်သွားမှသာ အားလုံးသည် သက်ပြင်းချနိုင်ကြတော့သည်။
ပြောရမည်ဆိုလျှင် လုမင်ယွိသည် မင်းသားအိမ်တော်သို့ ဝင်ရောက်လာပြီးနောက် တစ်ကြိမ်သာ လက်စွမ်းပြခဲ့ဖူးလေသည်။ ထိုတစ်ကြိမ်တည်းဖြင့် ချိုင်ကုန်းကုန်းကို အနောက်အရပ်သို့ ပို့ဆောင် ပေးလိုက်နိုင်ခဲ့သည်။ ထိုအချိန်ကစပြီး အိမ်တော်ထိန်းများအားလုံးသည် လုမင်ယွိကို မြင်သည်နှင့် အလွန်ယဥ်ကျေးလိမ်မာသွားကြတော့၏။
စည်းကမ်းတင်းကြပ်မှ အိမ်တော်ကို စီမံခန့်ခွဲရသည်မှာ ပိုမိုလွယ်ကူသည် ဟူသောအချက်ကို သက်သေပြလိုက်ခြင်းပင်။
လုမင်ယွိသည် လုအိမ်တော်တွင် ၂လကြာနေထိုင်ခဲ့သော်ငြားလည်း ဒုတိယမင်းသားအိမ်တော်၏ အတွင်းရေးကိစ္စများသည် စနစ်တကျ ရှိနေဆဲပင်။
အပျင်းကြီးသူများ၊ ခိုးကြောင်ခိုးဝှက် လောင်းကစားသူများ တစ်ယောက်မှ မရှိချေ။
ဒုတိယမင်းသားကတော့ မကြာခဏပြန်လာလေ့ရှိပြီး ပြန်လာတိုင်း လူတစ်ချို့ ပျောက်ဆုံးးသွားလေ့ရှိလေသည်။
ထိုကြောင့် မင်းသားအိမ်တော်ရှိလူတိုင်းသည် စိုးရိမ်ထိတ်လန့်နေကြရပြီး ခေါင်းကို ငုံးကောင်လေးလို ဝှက်ထားချင်နေကြတော့၏။
လုမင်ယွိသည် ချွေ့ရုံကို ခေါ်ယူပြီး အိမ်တော်အခြေအနေကို မေးမြန်းလိုက်လေသည်။
ချွေ့ရုံကလဲ ပျော့ပျောင်းစွာဖြင့် ပြန်ဖြေလိုက်၏။ "ဟွမ်စစ်ဖေးညန်ညန်ကို လျှောက်တင်ပါတယ်။ ဒီနှစ်လအတွင်းမှာ အိမ်နော်ထဲမှာ ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး။ အရှင်မင်းသားက မကြာခဏပြန်လာပြီး အိမ်တော်က လူတွေကို သုံးပုံတစ်ပုံလောက် လဲလှယ်ပစ်လိုက်ပါတယ်"
လုမင်ယွိက ခေါင်းညိမ့်ပြလိုက်၏။
လီကျင့်သည် ထိုကိစ္စများကို သူမအား ဖုံးကွယ်ထားမည်မဟုတ်ပေ။ ထိုလူများထဲတွင် မုန့်ကွေ့ဖေး၏လူများ ချင်ဖေး၏ သတင်းပေးများနှင့် တတိယမင်းသား စတုတ္ထမင်းသားတို့နှင့် ဆက်သွယ်နေကြသည့်သူများ ပါဝင်လေသည်။ ထိုလူများအားလုံးကို ရှင်းထုတ်လိုက်ခြင်းပင်။
နှစ်ကြိမ်တိုင်တိုင် ရှင်းလင်းပြီးသည့်တိုင် လီကျင့်သည် စိတ်မချနိုင်သေးဘဲ သူမကို ပြောပြခဲ့ဖူးလေသည်။ "မင်းလုအိမ်တော်မှာပဲ ဆက်ပြီးကိုယ်ဝန်စောင့်ရှောက်လိုက်ပါ။ ဖုဟွမ်နဲ့ မူဟုပ်ဘက်ကိုတော့ ကိုပဲ ပြောလိုက်ပါ့မယ်"
သူမသည်လဲ လုအိမ်တော်တွင် ဆက်နေရသည်ကို ပျော်ရွှင်မိ၏။ သို့သော်ငြား ထင်မှတ်မထားဘဲ ယုံးကျားဧကရာဇ်က ရုတ်တရက် အိမ်ရှေ့စံခန့်အပ်ရန် အမိန့်တော်ထုတ်ပြန်လိုက်လေသည်။ ထို့ကြောင့် သူမအနေဖြင့် မိဘအိမ်တွင် ဆက်နေရန် မသင့်တော်တော့ပေ။
ချွေ့ရုံက အကြောင်းစုံကို တင်ပြပြီးနောက် လုမင်ယွိသည် ချွေရုံကို ရွှေဆံထိုးတစ်စုံ ဆုချလိုက်လေသည်။ "ဒီရက်ပိုင်းအတွင်း မင်းကပဲ တာဝန်ယူပြီး အတွင်းဆောင်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ခဲ့တယ်။ ဒါက မင်းအတွက် ဆုချတာ"
ချွေ့ရုံသည် အံ့သြဝမ်းသာသွားပြီး ကျေးဇူးတင်စကား အလျင်အမြန် ပြောလိုက်တော့သည်။
အမှန်တွင်တော့ သခင်ဖြစ်သူက အစေခံကိုဆုချသည်မှာ ထူးဆန်းသည့်ကိစ္စပေ။ သို့သော်ငြား လုမင်ယွိဆီမှ ဆုလာဘ်ရရှိခြင်းကတော့ အနည်းငယ် ထူးခြားနေသလို ခံစားရလေသည်။
လုမင်ယွိက သူမကို လက်ဖက်ရည်ခွက်ချေမွသလို မလုပ်လျှင်ပင် သူမက ကျေးဇူးတင်နေပြီဖြစ်၏။
လုမင်ယွိသည် ချွေ့ရုံ၏ အမူအယာကိုကြည့်ပြီး မနေနိုင်ဘဲ ရယ်မိလေတော့သည်။
"ငါ့စည်းကမ်းတွေက နည်းနည်းတင်းကျပ်ပြီး ငါ့စိတ်ကလဲ သိပ်မကောင်းဘူး။ ဒါပေမဲ့ လွယ်လွယ်နဲ့ လူသတ်တာ ရိုက်နှက်တာမျိုး မလုပ်ပါဘူး။ မင်းတာဝန်ကျေရင် ငါက သေချာပေါက်ဆုချမှာပါ"
ချွေ့ရုံသည် ထိုအခါမှ သူမ၏ အမူအယာပျက်သွားသည်ကို သတိထားမိလိုက်ပြီး အလျင်အမြန်ခေါင်းငုံ့ကာ တောင်းပန်လိုက်ရတော့သည်။ "ကျွန်မ လျှောက်တွေးပြီး ညန်ညန်ရဲ့ သဘောထားကို ခန့်မှန်းမိသွားပါတယ်။ ကျွန်မကို အပြစ်ပေးပါ"
လုမင်ယွိက ပြုံးကာပြောလိုက်၏။ "ထပါ။ မင်းက စေ့စပ်သေချာပြီး တည်ငြိမ်တဲ့အပြင် အလုပ်လုပ်တာလဲ တော်တယ်။ အခု ငါက ကိုယ်ဝန်ရှိနေတော့ နောက်ပိုင်း အတွင်းဆောင်ကိစ္စတွေကို မင်းပဲ ဆက်ပြီးတာဝန်ယူထားလိုက်။ နေ့တိုင်း ငါ့ဆီကို သတင်းလာပို့ရင်ရပြီ"
ချီယွင်သည် ဒဏ်ရာရထားပြီး ကျန်ရှိနေသည့်အပါးတော်နှင့် အပျိုတော်များသည် သစ္စာရှိသော်ငြားလည်း အသုံးမဝင်လှပေ။ ကြည့်ရသည်မှာ ချွေ့ရုံကသာ အသင့်တော်ဆုံးဖြစ်လိမ့်မည်။
ဒါသည် သခင်၏ လူယုံတော်မှသာရနိုင်သည့် အခွင့်အရေးပင်။
ချွေ့ရုံသည် ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်တော့ချေ။ "ကျေးဇူးတင်ပါတယ် ဟွမ်စစ်ဖေးညန်ညန်။ စိတ်ချပါ ကျွန်မ သေချာပေါက် တာဝန်ကျေအောင်ထမ်းဆောင်ပြီး ဟွမ်စစ်ဖေးညန်ညန်ရဲ့ ယုံကြည်မှုကို အလဟဿ မဖြစ်စေရပါဘူး"
လုမင်ယွိသည် အိမ်တော်ထိန်းများကိုခေါ်ယူပြီး မေးမြန်းလိုက်လေသည်။
အိမ်တော်ထိန်းများသည်လဲ လီကျင့်၏ ပြတ်သားလှသောလုပ်ရပ်ကြောင့် ကြောက်လန့်နေကြပြီဖြစ်သည်တွင် လုမင်ယွိ၏ ရှေ့မှောက်တွင် ရိုးသားပြီးနာခံတတ်သူများ ဖြစ်ကုန်ကြတော့သည်။
လုပ်ခိုင်းတာလုပ်ပြီး ပြောခိုင်းတာ ပြောနေကြတော့သည်။
...
လီကျင့် အိမ်တော်သို့ပြန်ရောက်ချိန်တွင် သန်းခေါင်ကျော်နေပြီဖြစ်၏။
"ဒီနေ့ဘာဖြစ်လို့ ဒီလောက်နောက်ကျနေတာလဲ"
လုမင်ယွိက ပြုံးပြီးမေးလိုက်၏။
လီကျင့်ကလဲ မတတ်သာသောအပြုံးဖြင့် ပြန်ဖြေရလေသည်။ "ထုဟွမ်က ကို့ကိုအိမ်ရှေ့စံအဖြစ် ခန့်အပ်တော့မယ်လေ။ အဲဒါကြောင့် မူဟုပ်က ဒီနေ့ညနန်းတော်ထဲမှာ စားသောက်ပွဲကျင်းပပေးနေလို့ အခုမှပြီးတာ"
ထိုကဲ့သို့သော နန်းတွင်းစားသောက်ပွဲကို လုမင်ယွိသည်လဲ တက်ရောက်တတ်လေသည်။ သို့သော်ငြား ချောင်မိဖုရားခေါင်က ချွေးမဖြစ်သူကို မပင်ပန်းစေချင်သဖြင့် လုမင်ယွိကို နန်းတော်သို့ လာရောက်ရန် မခေါ်ခဲ့ခြင်းပင်။
လီကျင့်သည် ဒီနေ့ညတွင် အရက်တော်တော်လေး သောက်ထားသဖြင့် ကိုယ်ပေါ်တွင် အရက်နံ့များ ရနေလေသည်။
လုမင်ယွိ ကိုယ်ဝန်ရှိလာပြီးနောက် အရက်နံ့မခံနိုင်သဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။ လီကျင့်ကလဲ ချက်ချင်းပြောလာခဲ့သည်။ "ကို ရေသွားချိုးလိုက်အုံးမယ်။ အရက်နံ့တွေ ပျောက်အောင်ဆေးပြီးမှ ပြန်လာခဲ့မယ်"
ရေချိုးအဝတ်အစားလဲပြီးနောက် အမူးပြေဟင်းရည် တစ်ပန်းကန်လုံး သောက်လိုက်ရာ ခေါင်းကြည်သွားတော့သည်။
လီကျင့်သည် ကုတင်ပေါ်တွင် လဲလျောင်းလိုက်ပြီး ညဘက်လက်မောင်းကို ဆန့်ထုတ်လိုက်၏။ လုမင်ယွိကလဲ သဘာဝကျကျပင် အနားသို့ တိုးကပ်သွားပြီး သူ့လက်မောင်းကို ခေါင်းအုံးကာ အိပ်လိုက်လေသည်။ လင်မယားနှစ်ယောက်သည် ခေါင်းချင်းဆိုင်ပြီး ရင်းနှီးစွာ တီးတိုးပြောဆိုလိုက်ကြ၏။
လီကျင့်က ဒီနေ့ ကျင်းလွမ်နန်းဆောင်တွင် ဖြစ်ပျက်ခဲ့သမျှကို အရင်ဆုံး ပြောပြလိုက်တော့သည်။
"... ဖုဟွမ်က ကွမ်းပင်းနယ်စားကို အပြစ်ပေးတာ သိပ်မပြင်းထန်ပါဘူး။ ယွဲ့ဖုနဲ့အဘိုးတို့က မကျေနပ်မှာစိုးလို့ထင်တယ် အဲဒါကြောင့် ချက်ချင်းပဲ ကို့ကိုယ် အိမ်ရှေ့စံအဖြစ်ခန့်အပ်မယ်လို့ ပြောလိုက်တာ"
"ရှောင်ယွိ ဒီလိုဝမ်းသာစရာကိစ္စမျိုးကို ကိုက သိပ်ပြီးမပျော်ပါဘူးကွာ"
လုမင်ယွိကလဲ ပြုံးပြလိုက်ပြီး သူ့ကို မျက်စောင်းထိုးလိုက်လေသည်။ "တော်ပါတော့။ လျောကြေးပေးတာဆိုရင်တောင် ဒါက အိမ်ရှေ့စံနေရာပဲလေ။ ဖုဟွမ်က အစကတည်းက ဒီလိုရည်ရွယ်ချက်ရှိပြီးသား ဖြစ်မှာပါ။ မုန့်ကွေ့ဖေးက ကျွန်မကို လုပ်ကြံခိုင်းလိုက်လို့ အိမ်ရှေ့စံခန့်အပ်တာကို စောစောလုပ်လိုက်တာပဲ ဖြစ်မှာပါ"
"တိုင်းပြည်ရဲ့အနာဂတ်နဲ့ဆိုင်တဲ့ကိစ္စကို ဖုဟွမ်က သေချာပေါက်စဥ်းစားပြီးမှ ဆုံးဖြတ်မှာပါ"
"ရှင် ကျွန်မအပေါ် အားနာမနေပါနဲ့။ ကျွန်မက လန့်သွားရုံကလွဲပြီး ဘာမှမဖြစ်ပါဘူး။ မုန့်ကွေ့ဖေးနဲ့ ပထမမင်းသားကသာ အထိနာသွားကြတာ။ ကွမ်းပင်းနယ်စားလဲ ကံဆိုးသွားတာပေါ့။ တတိယမင်းသားလဲ သူ့ယောက္ခမကြောင့် ထိခိုက်အုံးမှာပဲ"
"ပြောရမယ်ဆိုရင် တကယ်အကျိုးရှိသွားတာက ကျွန်မတို့ လင်မယားနှစ်ယောက်ပဲလေ။ အမြတ်ရပြီးမှ မသိချင်ယောင် ဆောင်မနေနဲ့အုံးလေ"
စဥ်းစားကြည့်တော့လည်း ဟုတ်လေသည်။
လီကျင့်၏ စိတ်ထဲကအဖုအထစ်လေးများ ပြေပျောက်သွားပြီး ပြုံးကာ အင်းဟုပြန်ဖြေလိုက်လေသည်။
သူက လက်ကိုဆန့်ကာ လုမင်ယွိ၏ ဗိုက်လေးကိုပွတ်သပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။ "အိမ်တော်ကလူတွေကို ကိုနှစ်ခါလောက် ရှင်းထုတ်ပြီးပြီ။ ဒါပေမဲ့ လွတ်သွားတဲ့လူတွေရှိနေမှာ စိုးရိမ်ရသေးတယ်။ မင်းအိမ်တော်မှာနေရင် ကိုယ်ဝန်ကိုဂရုစိုက်နော် သတိထားအုံး"
လုမင်ယွိသည်လဲ လက်ကိုဆန့်ထုတ်ကာ သူ့လက်ချောင်းများကို ယှက်နွယ်လိုက်ပြီး ပြုံးကာပြောလိုက်လေသည်။ "စိတ်ချပါ။ ကျွန်မ ပိုသတိထားပါ့မယ်"
ခဏအကြာမှ ဆက်ပြောလိုက်ပြန်သည်။ "ရှင့်ကို ဝမ်းသာစရာ သတင်းတစ်ခု ပြောစရာရှိတယ်"
လုယိနှင့် ချီယွင်တို့ လက်ထပ်မည့်အကြောင်းကို လီကျင့်အား.ပြောပြလိုက်လေသည်။
လီကျင့်လဲ အနည်းငယ် အံ့သြသွားပြီး ပြုံးကာပြောလိုက်တော့၏။ "တကယ်ဝမ်းသာစရာပဲ။ ဒါပေမဲ့ လုယိက အသက်နည်းနည်းကြီးနေတယ်။ ကိုက နောက်ထပ် နှစ်နှစ်လောက်နေရင် ချွေ့ရုံကို လုယိနဲ့ပေးစားမလို့ စဥ်းစားထားတာ။ တော်သေးတာပေါ့ ကို ဖွင့်မပြောမိလို့ဘဲ"
ချွေ့ရုံသည် ချီယွင်ထက် သုံးလေးနှစ်ခန့်ပိုကြီးပြီး ရုပ်ရည်ချောမောကာ တည်ငြိမ်အေးဆေးသူ ဖြစ်လေသည်။ နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သူဖြစ်ပြီး မည်သို့ပင်ဖြစ်စေ လုယိနှင့် လိုက်ဖက်ပေသည်။
လုမင်ယွိကလဲ ပြုံးလိုက်လေသည်။ "ကျွန်မလဲ ဒီနေ့မှ သိရတာ။ သူတို့နှစ်ယောက်က ဟိုအရင်ကတည်းက ကြိုက်နေကြတာတဲ့လေ"
ချစ်သူရည်စားလောက်ကောင်းတာ ဘယ်ရှိပါ့မလဲ။
လီကျင့်သည် ပြုံးလိုက်ပြီး ခေါင်းငုံ့ကာ လုမင်ယွိ၏ နှုတ်ခမ်းလေးကို နမ်းရှုံ့လိုက်၏။ "ညနက်နေပြီ အိပ်ကြစို့။ မနက်ဖြန် ကိုနန်းးတော်ထဲကို စောစောသွားရအုံးမယ်။ မင်းလဲ ကိုနဲ့အတူလိုက်ပြီး ကျေးဇူးတင်စကား ပြောရမယ်"
အိမ်ရှေ့စံခန့်အပ်ခြင်းသည် နန်းတွင်းကိစ္စသာမက တိုင်းပြည်နှင့် ဆိုင်သောကိစ္စလည်း ဖြစ်လေသည်။ လုမင်ယွိသည် အနာဂတ် အိမ်ရှေ့စံကြင်ရာတော် ဖြစ်လာမဲ့သူဖြစ်သည့်အလျောက် နန်းတော်သို့ လိုက်ပါပြီး ကျေးဇူးတင်စကား ပြောကြားသင့်လေသည်။
လုမင်ယွိကလဲ ပြုံးကာ ခပ်တိုးတိုး သဘောတူလိုက်ပြီးနောက် မျက်လုံးများကို မြန်မြန်မှိတ်ကာ အိပ်ပျော်သွားလေတော့သည်။
ထိုနေ့ညမှာပင် ယန်ရှီနန်းဆောင်တွင် ရှိနေသော ပထမမင်းသားနှင့် ပထမမင်းသားကြင်ရာတော်တို့မှာ အိပ်မပျော်နိုင်ကြပေ။
ဇနီးမောင်နှံနှစ်ဦးသည် မျက်နှာချင်းဆိုင်ထိုင်ကာ အချိန်အကြာကြီး စကားမပြောဘဲ ငြိမ်သက်နေကြ၏။
အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိပေ။ ပထမမင်းသားကြင်ရာတော်က တိုးတိုးလေး ပြောလိုက်လေသည်။ "သန်းခေါင်ကျော်နေပြီ အရှင်မင်းသား အနားယူပါတော့"
ပထမမင်းသားက ကိုယ့်ဟာကို လှောင်ပြောင်သောအပြုံးဖြင့် ပြုံးလိုက်၏။ ထိုအပြုံးမှာ ငိုသံနှင့်ပင် မခြားပေ။
"ငါက ဘယ်လိုလုပ်ပြီး အိပ်ပျော်မှာလဲ"
...