အခန်း (၂၅၀-၂၅၂)
Vol. 17 Ch. 250-252
အပိုင်း (၂၅၀) အကျပ်အတည်း
ပထမမင်းသားသည် မွေးဖွားလာချိန်ကစပြီး ဖခင်ဖြစ်သူ၏ အချစ်ဆုံးသားဖြစ်ခဲ့ကာ အသက်၂၀အရွယ်အထိ အဆင်ပြေချောမွေ့သောဘဝကို ဖြတ်သန်းခဲ့ရလေသည်။
ယခုရက်ပိုင်းအတွင်းတွင်တော့ သူသည် အကြပ်အတည်းထဲတွင် ရောက်နေရသည့်ခံစားချက်ကို ပထမဦးဆုံးအကြိမ်အဖြစ် ခါးသီးစွာ ခံစားလိုက်ရ၏။
ယခင်က သူ ရရှိခဲ့သည်အရှိန်အဝါနှင့် မျက်နှာသာပေးခံရခြင်းအားလုံးမှာ မိခင်ဖြစ်သူကြောင့် ဖြစ်သည်ဟူသည့်အချက်ကို ယခုမှ ကောင်းကောင်း သဘောပေါက်သွားတော့သည်။ မုန့်ကွေးဖေး တစ်ခုခုလွဲချော်သွားသည်နှင့် သူသည် အမြင့်ဆုံးနေရာက ပြုတ်ကျသွားပြီး တရားဝင်မိဖုရားခေါင်ကြီးမှ မွေးဖွားသော ဒုတိယမင်းသားနှင့် ယှဥ်ပြိုင်ရန်ပင် အရည်အချင်း မရှိတော့ချေ။
"ဖုဟွမ်က အာ့တိကို အိမ်ရှေ့စံအဖြစ် သတ်မှတ်တော့မယ်" ပထမမင်းသားသည် တိုးတိုးလေး ရေရွတ်လိုက်လေသည်။ "ငါက ဖုဟွမ်ရဲ့ အချစ်ဆုံးသားဖြစ်တဲ့အတွက် အိမ်ရှေ့စံနေရာက ငါ့အတွက်ပဲလို့ အမြဲတမ်းထင်နေခဲ့တာ"
ပထမမင်းသား၏ စိတ်ပျက်လက်ပျက်ဖြစ်နေသော အမူအယာကိုကြည့်ပြီး ပထမမင်းသားကြင်ရာတော်သည် စိတ်မကောင်းဖြစ်သွားမိလေသည်။ မတတ်သာဘဲ နှစ်သိမ့်စကား ပြောလိုက်ရတော့၏။
"ဒုတိယမင်းသားက တရားဝင်မိဖုရားခေါင်းကြီးရဲ့သားလေ။ ဖုဟွမ်က သူ့ကို အိမ်ရှေ့စံအဖြစ် ရွေးချယ်တာက သဘာဝကျပါတယ်။ အရှင်မင်းသား ကိုယ့်ဟာကို အားငယ်မနေပါနဲ့။ ချဲ့စိတ်ထဲမှာတော့ အရှင်မင်းသားက ဒီလောကမှာ အရည်အချင်းအရှိဆုံးနဲ့ အထူးချွန်ဆုံး မင်းသားတစ်ပါးပါ"
ဒီလိုတွေးနေလို့ရော ဘာအသုံးဝင်မှာလဲ။
ဖုဟွမ်နဲ့ မှူးမတ်တွေကမှ ဒီလိုမတွေးကြတာ။
ပထမမင်းသား၏ ရင်ထဲတွင် ကျောက်တုံးကြီးဖြင့် ဖိခံထားရသလို ဖြစ်နေပြီး အသက်ရှူရန်ပင် ခက်ခဲနေတော့သည်။
သူသည် ရုတ်တရက် လက်ကိုဆန့်ထုတ်လိုက်ကာ ပထမမင်းသားကြင်ရာတော်၏ လက်ကိုဆုပ်ကိုင်ထားလိုက်ပြီး အံကြိတ်ကာ ပြောလိုက်၏။ "ငါ မကျေနပ်ဘူး ... ရှောင်အာ ... ငါတကယ် မကျေနပ်ဘူး"
ပထမမင်းသားသည် သိုင်းပညာ လေ့ကျင့်ထားသူဖြစ်ပြီး မင်းသားများထဲတွင် ကိုယ်ခံပညာအကောင်းဆုံး ဖြစ်လေသည်။ ရုတ်တရက် အားထည့်လိုက်သောအခါ အလွန်ပြင်းထန်သွားတော့၏။ ပထမမင်းသားကြင်ရာတော်မှာ အရိုးများကျိုးသွားမတတ် ခံစားလိုက်ရသဖြင့် အော်မိတော့မလိုပင် ဖြစ်သွားတော့သည်။
ထိုအခါမှ ပထမမင်းသားမှာလဲ သတိဝင်လာပြီး ချက်ချင်းလွှတ်ပေးလိုက်ကာ "တောင်းပန်ပါတယ်။ ငါ စိတ်လှုပ်ရှားသွားလို့ မင်းကို နာကျင်အောင် လုပ်မိသွားပြီ"
သည်လို ဂရုစိုက်ကြင်နာတတ်သည့်အပြုအမူမျိုး မတွေ့ရသည်မှာလဲ ကြာမြင့်ခဲ့ပြီဖြစ်၏။
မုန့်ကွေ့ဖေး ဒုက္ခရောက်ပြီး မုန့်မိသားစုကလဲ မိမိကိုယ်ကိုမိမိ မကယ်တင်နိုင်ဖြစ်နေချိန်တွင် သူမနှင့် သူမ၏ လျန်မိသားစုကို ပြန်လည်ချော့မော့ရန် ကြိုးစားလာခြင်း ဖြစ်လိမ့်မည်။
ပထမမင်းသားကြင်ရာတော်သည် ဝမ်းနည်းသလိုခံစားလိုက်ရပြီး ခပ်တိုးတိုးလေး ပြောလိုက်၏။ "အရှင်မင်းသားက နေကောင်းကျန်းမာပြီး အခုလိုစိတ်ဓာတ်ကျမနေရင် ပြီးတာပါပဲ။ ချဲ့က ဘာပဲဖြစ်ဖြစ် အရှင်မင်းသားအတွက် လုပ်ပေးပါ့မယ်"
ပထမမင်းသား၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် ဝိုင်းစက်ပြူးကျယ်လာကာ သူသည် သူမကို ရင်ခွင်ထဲတွင် ဆွဲသွင်းထားလိုက်လေသည်။ "မင်းကို ဇနီးမယားအဖြစ် လက်ထပ်ရတာ ငါ့ဘဝရဲ့ အကြီးမားဆုံး ကံကောင်းမှုပဲ"
ပထမမင်းသားကြင်ရာတော်ကလဲ ခပ်တိုးတိုးလေး ပြန်ဖြေလိုက်၏။ "အရှင်မင်းသားနဲ့ လက်ထပ်ခွင့်ရတာကမှ ချဲ့ရဲ့ ဘဝပေါင်းများစွာက ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုကနေရလာတဲ့ ကံကောင်းမှုပါ"
ယခင်ကဆိုလျှင် ဒီလို ချိုမြိန်သောစကားများကို ကြားလိုက်ရပါက စိတ်လှုပ်ရှားမိပေလိမ့်မည်။ ယခုအချိန်တွင်တော့ ထိုစကားလုံးများသည် သူမ၏ နှလုံးသားထဲသို့မရောက်ရှိတော့ဘဲ အပေါ်ယံသက်သက်သာ ဖြစ်နေသလို ခံးစားရတော့၏။
သို့ပေသိ ခင်ပွန်းဖြစ်သူက သူမကို ချော့မော့နေခြင်းသည် ယခင်ကလို လစ်လျူရှုထားခြင်းထက်တော့ များစွာသာလွန်ပါသေးသည်။
ပထမမင်းသားကြင်ရာတော်သည် စိတ်ကိုပြန်လည်စုစည်းထားကာ ပထမမင်းသားကို သေသေချာချာလေး နှစ်သိမ့်ပေးလိုက်၏။ "ခဏလောက်သည်းခံလိုက်ရင် လေငြိမ်သွားမှာပါ။ အနာဂတ်ကို စောင့်မျှော်ပြီး ခဏလောက် ငြိမ်ငြိမ်နေလိုက်ပါ စသဖြင့် နှစ်သိမ့်စကားဆိုလိုက်၏။
ပထမမင်းသား၏ အစောပိုင်းက စိတ်လှုပ်ရှားမှုများမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ပျော့ပျောင်းစွာဖြင့် ပြောလိုက်၏။ "မင်း ပြောတာ မှန်ပါတယ်။ ဖုဟွမ်က အခုမှ သန်စွမ်းကျန်းမာတဲ့အရွယ် ရှိနေသေးတုန်းဆိုတော့ အိမ်ရှေ့စံအဖြစ် သတ်မှတ်လိုက်ရင်တောင် နန်းလွှဲပေးဖို့က နောက်ထပ်၁၀နှစ်၊ အနှစ်၂၀လောက်ကြာမှာပဲ။ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ငါ ဒီနေရာမှာတင် အရှုံးပေးလို့ မဖြစ်ဘူး"
"ရှောင်အာ စောင့်နေနော်။ တနေ့ကျရင် မင်းကို မိဖုရားခေါင်ဝတ်ရုံ ဆင်မြန်းပေးပြီး မိဖုရားခေါင်ပလ္လင်ပေါ်မှာ ထိုင်စေရမယ်။ တိုင်းပြည်ရဲ့မိခင် ဖြစ်လာစေရမယ်"
ပထမမင်းသားကြင်ရာတော်၏ ရင်ထဲတွင်နွေးထွေးသွားပြီး ညင်သာစွာ ပြန်ဖြေလိုက်လေ၏။ "ကောင်းပါပြီ။ ချဲ့ အဲဒီ့နေ့ကို စောင့်နေပါ့မယ်"
ဇနီးမောင်နှံနှစ်ဦး ခဏတာကြည်နူးပြီးနောက် လက်ရှိအခြေအနေကို ပြန်ရောက်လာခဲ့ကြ၏။
"မူဖေးလဲ သတိရလာပြီဆိုတော့ မင်းက ကုတင်နားမှာပြုစုရင်း မူဖေးကို အဖော်လုပ်ပေးလိုက်။ ပြီးတော့ အခုမှမွေးထားတဲ့ ကလေးလေးကိုလဲ ဂရုစိုက်ပေးပါအုံး"
ကလေးအကြောင်း ပြောလိုက်သည်နှင့် ပထမမင်းသားကြင်ရာတော်၏ ခေါင်းထဲတွင် မျက်နှာဖြူဖတ်ဖြူရော်နှင့် သွေးများပေကျံနေသော အပျိုတော်ယန်၏ပုံရိပ် ပေါ်လာလေသည်။ သူမသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး တိုးတိုးလေး ပြန်ဖြေလိုက်၏။ "ဒါက ချဲ့ရဲ့တာဝန်ပါ။ အရှင်မင်းသား စိတ်ချပါ။ ကလေးကို ကောင်းကောင်းစောင့်ရှောက်ပေးပါ့မယ်"
ပထမမင်းသားကလဲ အများကြီး မတွေးတောနေတော့ချေ။
အပျိုတော်ယန်သည် သေဆုံးသွားပြီဖြစ်ရာ မည်သည့်အကြောင်းကြောင့် သေဆုံးသည်ဆိုတာကတော့ အရေးမကြီးတော့ပေ။
မုန့်ကွေ့ဖေးသည် ဒဏ်ရာပြင်းထန်စွာရရှိထားသဖြင့် မည်မျှကြာအောင် ကုသမှုခံယူရမည်ကို မသိနိုင်ချေ။ ကလေးကို ပထမမင်းသားအိမ်တော်သို့ ခေါ်သွားပြီး ပထမမင်းသားကြင်ရာတော်၏ အဆောင်တွင်သာ ထားရှိရပေမည်။
...
နောက်တနေ့ မိုးလင်းခါစအချိန်တွင် ပထမမင်းသားသည် အိပ်ရာထကာ မုန့်ကွေ့ဖေး၏ အိပ်ဆောင်သို့ သွားလိုက်၏။
အိပ်ဆောင်ထဲတွင် ပြင်းထန်လှသည့် ခါးသက်သက်ဆေးနံ့များ ပျံ့လွင့်လို့နေသည်။
မုန့်ကွေ့ဖေးသည် သတိပြန်လည်လာပြီးနောက် ဒဏ်ရာမှနာကျင်မှုကို ပြင်းထန်စွာခံစားနေရသဖြင့် အိပ်ဆေးသောက်ထားရ၏။ အိပ်ပျော်နေခြင်းက နိုးနေခြင်းထက် ပိုပြီးသက်သာခြင်းကြောင့်ပင်။
ယခုအချိန်တွင် မုန့်ကွေ့ဖေးသည် နိုးနေပြီး စကားအနည်းငယ်ကို အားယူကာပြောလိုက်လေသည်။
"အခုဘယ်လိုဖြစ်သွားပြီလဲ"
ပထမမင်းသားသည် အိမ်ရှေ့စံခန့်အပ်မည့်ကိစ္စကို မပြောပြရဲချေ။ မိခင်ဖြစ်သူ သွေးအန်သွားမည်စိုးရိမ်သဖြင့် အရေးကြီးသည့် အကြောင်းအရာကို ရှောင်ကွင်းကာ ကွမ်းပင်နယ်စား ရာထူးချခံရသည့်ကိစ္စကိုသာ ပြောပြလိုက်တော့သည်။
ထိုကိစ္စသည်ပင် မုန့်ကွေ့ဖေးကို အကြီးအကျယ် ဒေါသထွက်ရစေ၏။ သို့သော်ငြား တစ်ကိုယ်လုံး လှုပ်မရဖြစ်နေသဖြင့် မျက်နှာကြွက်သားများသာ လှုပ်ရှားနိုင်ပြီး မျက်နှာထားမှာ တောင့်တင်းကာ ထူးဆန်းနေတော့သည်။
"မူဖေး စိတ်မဆိုးပါနဲ့"
ပထမမင်းသားက အလျင်အမြန် တိုးတိုးလေး ပြောလိုက်၏။ "ဖုဟွမ်က ဘကြီးကို ရာထူးအကုန်လုံး သိမ်းမပစ်ဘဲ ချန်ထားပေးခဲ့တာက သက်ညှာပေးလိုက်တာပါပဲ။ ရာထူးမရှိတော့လည်း နောက်ပိုင်းစစ်မြေပြင်မှာ စွမ်းဆောင်ရည်ပြပြီး ပြန်ယူလို့ ရတာပဲလေ။ ဘကြီးက အသက်အန္တရာယ်ကင်းရင် ဟုတ်နေပါပြီ"
မုန့်ကွေ့ဖေးသည် နှုတ်ခမ်းများတုန်ယင်သွားပြီး မကျေမနပ်ဖြင့် စကားအနည်းငယ်ကို ထုတ်ပြောလိုက်လေသည်။ "ဒီလိုပဲ လုပ်ရတော့မှာပေါ့"
ပထမမင်းသားသည် သက်ပြင်းချလိုက်ပြီး ပထမမင်းသားကြင်ရာတော်နှင့် ကျင့်အန်းကုန်းကျူတို့ကို ခေါ်လိုက်၏။
"ငါ ညီလာခံတက်ဖို့ သွားရအုံးမယ်။ မင်းတို့နှစ်ယောက် မူဖေးကို ကောင်းကောင်းပြုစုလိုက်ကြ ထူးခြားတာရှိရင် ငါ့ဆီ ချက်ချင်းလူလွှတ်ပြီး သတင်းပို့လိုက်"
အိမ်ရှေ့စံခန့်အပ်မည့်ကိစ္စကို လုံးဝမပြောပြရန် မှာကြားထားခဲ့ခြင်း ဖြစ်လေသည်။
ပထမမင်းသားကြင်ရာတော်သည် သဘောပေါက်သွားကာ ခေါင်းညိမ့်ပြလိုက်၏။
ကျင့်အန်းကုန်းကျူကတော့ ရက်တော်တော်ကြာအောင် ငိုကြွေးထားသဖြင့် မျက်လုံးများက နီရဲမို့အစ်နေပြီး အသံမှာလဲ အက်ကွဲလို့နေသည်။ "သာ့ကော စိတ်ချလက်ချ ညီလာခံသွားတက်ပါ။ ကျွန်မ မူဖေးကို ကောင်းကောင်းပြုစုထားလိုက်ပါ့မယ်"
ပထမမင်းသားသည် ညီမတော်ဖြစ်သူကို သနားသွားပြီး ခေါင်းလေးကို အသာအယာပွတ်ကာ တိုးတိုးလေး မှာလိုက်လေသည်။ "မူဖေးက ဒဏ်ရာကုသနေရတာမလို့ မပြောသင့်တဲ့စကားတွေကို မပြောနဲ့နော်"
ကျင့်အန်းကုန်းကျူကလဲ ခေါင်းညိမ့်ပြလိုက်ပြီး အားလုံးကိုနားလည်ကြောင်း အမူအယာပြလိုက်လေသည်။
အခက်အခဲများနှင့်ဆင်းရဲဒုက္ခများသည် လူတစ်ယောက်ကို လျင်လျင်မြန်မြန် ရင့်ကျက်လာစေလေသည်။ ဒီရက်ပိုင်းအတွင်း တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များသည် ကျင့်အန်းကုန်းကျူ၏ ဖြူစင်ရိုးသားမှုကို ဖယ်ရှားပစ်လိုက်ပြီး ယခင်ကထက် ပိုပြီး လေးနက်တည်ငြိမ်သွားစေတော့၏။
...
ပထမမင်းသားသည် စကားဆက်မပြောနိုင်တော့ဘဲ ယန်ရှီနန်းဆောင်မှ အလျင်အမြန်ထွက်ခွာကာ ကျင်းလွမ်နန်းဆောင်သို့ ညီလာခံတက်ရန် သွားလိုက်လေတော့သည်။
ပထမမင်းသား စောစောရောက်လာသဖြင့် နန်းဆောင်ထဲတွင် စောင့်ဆိုင်းနေသည့် မှူးမတ်များက လာရောက်နှုတ်ဆက်ကြ၏။ သို့သော်ငြား သူတို့၏ အမူအယာက ယခင်ကလောက် နွေးထွေးရင်းနှီးနေခြင်း မရှိတော့ပေ။ တစ်ချို့ဆိုလျှင် လာပင်မနှုတ်ဆက်ကြတော့ပေ။
ပထမမင်းသားသည် ဒေါသထွက်ရသော်ငြား ဘာမှလဲမတတ်နိုင်ပေ။
ခဏအကြာတွင်တော့ မင်းသားများက တစ်ပါးပြီးတစ်ပါး ရောက်လာခဲ့ကြသည်။
လီဟောက်သည် တညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့သဖြင့် မျက်လုံးများတွင် သွေးကြောများ ယှက်သမ်းလို့နေသည်။ စတုတ္ထမင်းသားသည်လဲ ပုံမှန်ထက်ပိုပြီး တိတ်ဆိတ်လို့နေ၏။
အိမ်ရှေ့စံခန့်အပ်ခြင်းသည် မည်သည့် အဓိပ်ပါယျ ရှိသည်ကို သူတို့အားလုံးက ကောင်းကောင်းသိကြလေသည်။ ဧကရာဇ်နှင့် မှူးမတ်များ၏ရှေ့မှောက်တွင် ညီအစ်ကိုသံယောဇဥ်သည် နောက်တန်းသို့ ရောက်သွားပြီး အဆင့်အတန်းသတ်မှတ်ချက်က ရှေ့သို့ရောက်လာခဲ့၏။ အဆင့်အတန်းသတ်မှတ်ပြီးသည်နှင့် သူတို့သည် လီကျင့်ကို တွေ့သည့်အခါ အရှင်သခင်နှင့် အစေခံကဲ့သို့ ဆက်ဆံရပေတော့မည်။
လိုရင်းကို ပြောရမည်ဆိုလျှင် သာ့ဝေတိုင်းပြည်တွင် ဧကရာဇ်ပြီးလျှင် အိမ်ရှေ့စံက အမြင့်ဆုံးရာထူးဖြစ်ပေသည်။
သူတို့အားလုံးသည် သိုသိုသိပ်သိပ်လေးနေကာ အပြုအမူများကိုလည်း ဆင်ခြင်ရပေတော့မည်။
လီကျင့်သည် ကျင်းလွမ်နန်းဆောင်ထဲသို့ ဝင်ရောက်လာချိန်တွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက အလုအယက် သွားရောက်နှုတ်ဆက်ကြလေ၏။ ပုံမှန်အချိန်တွင် သိပ်မရင်းနှီးသည့် စစ်ဘက်အရာရှိများကပင် မျက်နှာပြောင်တိုက်ကာ လာရောက်ရင်းနှီးမှု ယူကြတော့သည်။
ဒါကလည်း ရာထူးအဆင့်အတန်း၏ အရေးပါပုံကို တိုက်ရိုက်ပြသနေခြင်းပင်။
ဒီမြင်ကွင်းသည် မျက်စိနောက်စရာ ကောင်းသော်ငြားလည်း ရှောင်လွှဲလို့ မရနိုင်ချေ။
ပထမမင်းသားမှာ စိတ်တိုဒေါသထွက်နေပြီး လီကျင့်နှင့် မှူးမတ်များကို မကြည့်ဘဲ ခေါင်းကိုတစ်ဖက်သို့ လွှဲထားလိုက်တော့၏။ သို့တိုင် အသံများကတော့ လှိုင်းလုံးများလို တစ်လုံးပြီးတစ်လုံး သူ့နားထဲသို့ ဝင်ရောက်လာလေသည်။ "အရှင်မင်းသားကို ဂုဏ်ပြုပါတယ်"
"ဒီနေ့ အရှင်မင်းကြီးက အရှင်မင်းသားကို အိမ်ရှေ့စံအဖြစ်ခန့်အပ်ကြောင်း အမိန့်တော် ထုတ်ပြန်တော့မယ်လို့ ကြားပါတယ်။ ဒါက သာ့ဝေတိုင်းပြည်အတွက် ကံကောင်းခြင်းဖြစ်သလို မှူးမတ်နဲ့ ပြည်သူတွေအတွက်လည်း ကံကောင်းခြင်းပါပဲ"
"အမှန်ပါပဲ။ အရှင်မင်းသားက သဘောထားပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်တာကြောင့် ကျွန်တော်မျိုးတို့လည်း ကြည်ညိုလေးစားရပါတယ်"
ဖွီ!
ကပ်မြှောင်တွေ!
...
အပိုင်း (၂၅၁) အိမ်ရှေ့စံ ခန့်အပ်ခြင်း (၁)
မကြာမီအချိန်တွင် ယုံးကျားဧကရာဇ် ကြွချီလာလေသည်။
အမတ်များအားလုံးသည် ချက်ချင်းဆိုသလို မိမိတို့နေရာအသီးသီးသို့ ပြန်သွားကြပြီး မင်းသားအချို့က ဦးဆောင်ကာ အတူတကွ လက်ယှက်ရိုသေ ဂါရဝပြုလိုက်ကြသည်။
ယုံးကျားဧကရာဇ်က ပြုံးကာ ပြောလိုက်လေသည်။ "ထကြ။ အားလုံး ကိုယ်စီ သက်တောင့်သက်သာ နေကြပါ"
အိမ်ရှေ့စံ ခန့်အပ်ရန် ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သည့်အတွက် ယုံးကျားဧကရာဇ်သည် ပြတ်ပြတ်သားသားပင် ရှိနေတော့သည်။ အမတ်များက ဘေးနားမှနေ၍ ဝေ့ဝိုက်မေးမြန်းသည်ကိုပင် စောင့်ဆိုင်းမနေတော့ဘဲ သူက စတင်ကာ နှုတ်ဖွင့်ပြောကြားလိုက်လေသည်။ "ကျန်း ဒီနေ့ ကြေညာစရာ အရေးကြီးတဲ့ကိစ္စတစ်ခု ရှိတယ်"
"ကျန်းလဲ အသက်(၄၀)နား ကပ်လာပြီဆိုတော့ တိုင်းပြည်အမွေခံ အိမ်ရှေ့စံတစ်ပါး ခန့်အပ်ဖို့ အချိန်တန်ပြီလေ"
"ဒုတိယမင်းသား လီကျင့်က ကျန်းရဲ့ တစ်ဦးတည်းသော သားအရင်း ဖြစ်တယ်။ သူက ငယ်စဉ်ကတည်းက ဉာဏ်ရည်ထက်မြက်ပြီး တစ်ချက်ကြည့်ရုံနဲ့ စာကြောင်းတစ်ဆယ်လောက်ကို မှတ်မိနိုင်တဲ့အထိ မှတ်ဉာဏ်ကောင်းတယ်။ ပြီးတော့ လူအများအပေါ်မှာ နှိမ့်ချဆက်ဆံတတ်ပြီး သဘောထားကြီးကာ ကြင်နာတတ်တဲ့ စိတ်ထားရှိလို့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့ ထိုက်တန်တယ်"
"ကျန်း ဒီနေ့ပဲ အမိန့်တော်ပြန်တမ်း ထုတ်ပြန်ပြီး ဒုတိယမင်းသားကို အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်မယ်။ အမတ်မင်းတို့ သဘောထား ဘယ်လိုရှိကြလဲ"
အမတ်မင်းများ အားလုံးကလည်း တညီတညွတ်တည်း ထောက်ခံလိုက်ကြပြီး လီကျင့်ကို ကောင်းကင်မှာရော မြေကြီးမှာပါ ပြိုင်ဘက်ကင်း လောက်အောင် ပြည့်စုံသူဖြစ်ကြောင်း ချီးကျူးစကား ဆိုကြလေသည်။
လီကျင့်ကတော့ အလွန်ပင် နှိမ့်ချစွာဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်ယှက်ပြီး ပြောလိုက်လေသည်။ "ဖုဟွမ်က သားတော်အပေါ် အလေးထားချစ်ခင်တဲ့အတွက် သားတော်ရဲ့ စိတ်ထဲမှာ အတိုင်းမသိ ဝမ်းမြောက်မိပါတယ်။ ဒါပေမဲ့ သားတော်က ငယ်ရွယ်သေးတဲ့အတွက် တာဝန်ကြီးတွေကို မထမ်းဆောင်နိုင်မှာ ဖုဟွမ်ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်မှာကိုပဲ စိုးရိမ်မိပါတယ်"
ယုံးကျားဧကရာဇ်သည် တစ်သက်နှင့်တစ်ကိုယ် မည်သည့်အခါကမှ မရှိခဲ့ဖူးသည့် ချီးကျူးလိုသော အကြည့်များဖြင့် လီကျင့်ကို ကြည့်လိုက်လေသည်။ "မင်းက ဘယ်တုန်းကမှ ကျန်း စိတ်ပျက်အောင် မလုပ်ခဲ့ဖူးပါဘူး။ ကျန်းရဲ့ အကြည့်တွေ မမှားဘူးဆိုတာ ယုံကြည်ပါတယ်"
"မင်းကို ထူးချွန်ထက်မြက်တဲ့ အိမ်ရှေ့စံတစ်ယောက် ဖြစ်လာဖို့ ကျန်း မျှော်လင့်တယ်။ နောင်တစ်ချိန်ကျရင် ကျန်းက စိတ်ချလက်ချနဲ့ သာ့ဝေတိုင်းပြည်ရဲ့ ထီးနန်းကို မင်းဆီ လွှဲပြောင်းပေးနိုင်မှာပါ"
ဒါသည် မျက်နှာလုပ်သော စကားများ ဖြစ်ကြောင်း သိနေသော်ငြားလည်း လီကျင့်၏ နှလုံးသားထဲတွင်တော့ စိတ်လှုပ်ရှားမှု ဒီရေများ ဖြတ်စီးသွားခဲ့ရသည်။
ကောင်းကင်အောက်ရှိ သားယောက်ျားလေး တိုင်းတွင် တူညီသော ခံစားချက်မျိုး ရှိကောင်းရှိနိုင်ပေသည်။ ဖခင်ဖြစ်သူ၏ ချီးကျူးစကား တစ်ခွန်းကို ရရှိရန်မှာ အမှန်တကယ်ပင် မလွယ်ကူလှချေ။
လီကျင့်သည် ဒူးထောက်ချလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။ "သားတော် အစွမ်းကုန် ကြိုးစားပါ့မယ်။ ဖုဟွမ်ရဲ့ မျှော်လင့်ချက်တွေကို လုံးဝ အပျက်စီးခံမှာ မဟုတ်ပါဘူး"
စာပေပညာရှိ အမတ်များဘက်တွင် ချောင်ကောလောင်က ခေါင်းဆောင်ဖြစ်လေသည်။ ချောင်ကောလောင်သည် ငြင်းဆန်နေခြင်း မရှိဘဲ ပထမဆုံး လူထွက်လာခဲ့သည်။ "တိုင်းပြည်မှာ အိမ်ရှေ့စံရှိတော့ ပြည်သူတွေရဲ့ စိတ်နှလုံး တည်ငြိမ်ရတာပေါ့။ ကျွန်တော်မျိုးအနေနဲ့ အရမ်းကို ဝမ်းမြောက်မိပါတယ်။ အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်"
ကွမ်းပင်းနယ်စားက ညီလာခံ မတက်ရောက်သဖြင့် စစ်ဘက်ဆိုင်ရာ အရာရှိများတွင် ရှင်းယန်ဝမ်က ခေါင်းဆောင်ဖြစ်နေပြီး လက်ယှက်ကာ ဂုဏ်ပြုစကား ဆိုလေသည်။ "အိမ်ရှေ့စံမင်းသားက စာပေရော စစ်ရေးပါ ကျွမ်းကျင်နှံ့စပ်ပြီး လူတိုင်းအပေါ် သဘောထားကြီးကာ ပြိုင်ဘက်ကင်းအောင် ထက်မြက်ပါတယ်။ နောင်တစ်ချိန်ကျရင် တိုင်းပြည်အမွေခံ အိမ်ရှေ့စံရဲ့ တာဝန်တွေကို ကျိန်းသေပေါက် ထမ်းဆောင်နိုင်မှာပါ။ ကျွန်တော်မျိုးက အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ သာ့ဝေတိုင်းပြည်ရဲ့ ထီးနန်းဆက်ခံမယ့်သူ ပေါ်ထွန်းလာတဲ့အတွက် ဂုဏ်ပြုပါတယ်"
တကယ့်ကို ယောက္ခမစစ်စစ်ကြီးပါပေ။
ပါးစပ်ကိုက အိမ်ရှေ့စံဟု ပြောင်းလဲခေါ်ဝေါ်နေလေပြီ။
စာပေဘက်တွင် ချောင်ကောလောင်ရှိပြီး စစ်ရေးဘက်တွင် ရှင်းယန်ဝမ်ရှိကာ မယ်တော်ဘက်နှင့် ဇနီးသည်ဘက်မှ အင်အားစုများက ကြီးမားလှသည်။ ဒုတိယမင်းသားကလည်း ချောင်မိဖုရားခေါင်၏ သားအရင်း ဖြစ်လေသည်။ ဘယ်ဘက်ကကြည့်ကြည့် ညာဘက်ကကြည့်ကြည့် အိမ်ရှေ့စံနေရာက သူ့ကိုမပေးလျှင် ဘယ်သူ့ကို ပေးရပါမည်နည်း။
အမတ်များအားလုံးသည် လက်များကိုယှက်ကာ ဝမ်းမြောက်ဂုဏ်ပြုစကား ဆိုလိုက်ကြပြီး ယနေ့ ညီလာခံသည် အသစ်ခန့်အပ်ခံရသော အိမ်ရှေ့စံမင်းသားအား ချီးကျူးထောပနာပြုသော အသံများဖြင့်သာ ကုန်ဆုံးသွားခဲ့လေသည်။
ယုံးကျားဧကရာဇ်သည် ညီလာခံတွင်ပင် အတွင်းရေးမှူးအရာရှိကို အမိန့်တော်ပြန်တမ်း ရေးဆွဲဖတ်ကြားစေခဲ့သည်။
မနက်ခင်းညီလာခံ ပြီးဆုံးသည်နှင့် ဤအမိန့်တော်သည် တိုင်းပြည်အနှံ့ ကြေညာမောင်းခတ်သွားမည် ဖြစ်သည်။ တရားဝင် အိမ်ရှေ့စံ ဘိသိက်သွန်းပွဲ အခမ်းအနားကိုတော့ အချိန်အတန်ကြာ ပြင်ဆင်ရဦးမည်ဖြစ်ပြီး အနည်းဆုံးတော့ နောက်ထပ် လအနည်းငယ် ကြာမှသာ ကျင်းပနိုင်မည်ဖြစ်သည်။
သို့သော်ငြား ဤအမိန့်တော် ရှိနေပြီဖြစ်သဖြင့် အမတ်များအားလုံးသည် အိမ်ရှေ့စံမင်းသားဟု ပြောင်းလဲခေါ်ဝေါ်နိုင်ပြီ ဖြစ်လေသည်။
...
ညီလာခံပြီးဆုံးပြီးနောက် ယုံးကျားဧကရာဇ်သည် မင်းသားများကို စာသင်ဆောင်သို့ ခေါ်လိုက်လေသည်။
မင်းသားများသည် ယုံးကျားဧကရာဇ်၏ ရည်ရွယ်ချက်ကို ကိုယ်စီ တွေးတော ခန့်မှန်းနေကြသည်။
ထိုအထဲတွင် ထိပ်ဆုံးမှ ခံစားရသူမှာ ပထမမင်းသားသာ ဖြစ်ပေသည်။
"ကျန်းက မင်းရဲ့ညီလေးကို အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်တော့ မင်းရဲ့စိတ်ထဲမှာ ဘယ်လိုခံစားရလဲ"
ယုံးကျားဧကရာဇ်သည် ဧကရာဇ်မင်းတစ်ပါး ဖြစ်သည်နှင့်အညီ ဆုံးဖြတ်ချက် ချပြီးသည်နှင့် ပထမမင်းသားအပေါ် ထားရှိသည့် မျက်နှာလိုက်ချစ်ခင်မှုများကို ဘေးဖယ်ထားလိုက်ကာ ပါးစပ်ကနေ နှလုံးသားကို ထွင်းဖောက်မတတ် မေးခွန်းကို တည့်တည့်ပင် မေးလိုက်တော့သည်။ "မင်း စိတ်ထဲမှာ ကျေနပ်ရဲ့လား"
ပထမမင်းသား၏ စိတ်နှလုံး တင်းကျပ်သွားပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲဘဲ ချက်ချင်း ပြန်လည်လျှောက်တင်လိုက်လေသည်။ "အာ့တိက ဖုဟွမ်ရဲ့ သားအရင်း ဖြစ်ပါတယ်။ ဂုဏ်ဒြပ်အရ ပြောမယ်ဆိုရင် ဘယ်သူမှ သူ့ကို မယှဉ်နိုင်ပါဘူး။ ဉာဏ်ရည်ထက်မြက်မှုအပိုင်းမှာ ဆိုရင်လည်း သားတော်တို့ ညီအစ်ကိုတွေအားလုံး သူ့ကို မမီပါဘူး။ အာ့တိက အိမ်ရှေ့စံ ဖြစ်လာတာကို သားတော် နှလုံးသားထဲကရော ပါးစပ်ကပါ လက်ခံပါတယ်"
"သားတော်က အာ့တိထက် အသက်နည်းနည်း ပိုကြီးပေမဲ့ ဂုဏ်ပုဒ်က သတ်မှတ်ပြီးသွားပါပြီ။ နောက်နောင်ကျရင် သားတော်က အာ့တိကိုပဲ ဦးစားပေးပြီးအာ့တိအစွမ်းကုန် ကူညီပံ့ပိုးပေးပါ့မယ်"
ယုံးကျားဧကရာဇ်သည် ပထမမင်းသားကို လေးလေးနက်နက် ကြည့်လိုက်လေသည်။ "မင်းပြောတဲ့စကားတွေကို ကျန်း သေချာကြားလိုက်ပါတယ်။ မင်း ဒီနေ့ပြောခဲ့တဲ့ စကားတွေကို မှတ်ထားမယ်လို့ ကျန်း မျှော်လင့်ပါတယ်"
"ညီအစ်ကိုတွေကြားမှာ အကြီးအငယ် အစီအစဉ်ဆိုတာ ရှိတယ်။ ဒါပေမဲ့ မင်းနဲ့အစိုးရကြားက ခြားနားချက်က ညီအစ်ကို သံယောဇဉ်ထက် ပိုပြီး အရေးကြီးတယ်။ မင်း သေချာစဉ်းစားပြီး နားလည်နိုင်မယ်ဆိုရင် ဒါက မင်းရဲ့ကံကောင်းခြင်းပဲ။ တကယ်လို့ မင်း နားမလည်ဘဲ ပြောဆိုလုပ်ကိုင်တာတွေ လွဲချော်ခဲ့မယ်ဆိုရင် ကျန်းက သက်ညှာမှာ မဟုတ်ဘူး"
ခါးသက်သော ခံစားမှုတို့သည် ရင်ထဲမှ လှိုက်တက်လာပြီး ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားကာ ပါးစပ်ထဲတွင်ပင် ခါးသက်သော အရသာကို ရရှိလိုက်သလို ဖြစ်သွားသည်။
ပထမမင်းသားသည် စိတ်ထဲက မကျေနပ်ချက်များကို မျိုသိပ်ထားလိုက်ပြီး ရိုကျိုးစွာ ပြန်ပြောလိုက်လေသည်။ "ဖုဟွမ်ရဲ့ ဆုံးမစကားကို သားတော် မှတ်သားထားပါ့မယ်"
လီကျင့်သည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် ထပ်တူထပ်မျှ သက်ပြင်းချမိလေသည်။
ယုံးကျားဧကရာဇ် ကိုယ်တိုင် ပါးစပ်မှဖွင့်ဟကာ ပထမမင်းသားကို သတိပေးနေခြင်းက စေတနာထားကာ ပြောဆိုခြင်း ဖြစ်လေသည်။ ယုံးကျားဧကရာဇ်က ပထမမင်းသားကို ကာကွယ်ပေးနေကြောင်းလည်း သိသာစေသည်။ သို့မဟုတ်ပါက ပထမမင်းသား အမှားကျူးလွန်မိသည့်အချိန်အထိ စောင့်ဆိုင်းပြီးမှ ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်လျှင် ပထမမင်းသားအနေဖြင့် နာကျင်သွားပြီး သဘာဝအလျောက် ငြိမ်ကုပ်သွားပေလိမ့်မည်။
ယခုလို ပြောဆိုခြင်းက သတိပေးခြင်း ဖြစ်သလို၊ အသစ်ခန့်အပ်လိုက်သော အိမ်ရှေ့စံ ဖြစ်သည့် သူ့ကိုလည်း မင်းနှင့်အစိုးရ ဆက်ဆံရေးကို ဘေးဖယ်ထားလျှင် ညီအစ်ကိုရင်းချာ သံယောဇဉ် ရှိသေးကြောင်း ပြောပြနေခြင်းလည်း ဖြစ်သည်။
လီကျင့်သည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး လက်ယှက်ကာ ပြောလိုက်လေသည်။ "ဖုဟွမ် သားတော်ပြောတာကို နားထောင်ပေးပါဦး"
ယုံးကျားဧကရာဇ်က လှမ်းကြည့်လိုက်၏။ "ပြောစရာရှိရင် ပြောလေ"
ဇာတ်ခုံပင် ဆောက်ပြီးနေပြီဖြစ်ရာ လီကျင့်သည်လည်း ပူးပေါင်းပြီး ဒီပြဇာတ်ကောင်းကို ဆက်ကရပေမည်။ "ဖုဟွမ်က သားတော်ကို အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်လို့ သားတော် ဝမ်းသာပေမဲ့ စိုးရိမ်စိတ်လည်း ဖြစ်မိပါတယ်။ သားတော်က ငယ်ရွယ်ပြီး အတွေ့အကြုံ နည်းပါးသေးသလို တိုင်းရေးပြည်ရာ ကိစ္စတွေကိုလည်း တစွန်းတစပဲ နားလည်ပါသေးတယ်။ သင်ယူစရာတွေ အများကြီး ကျန်ပါသေးတယ်"
"အစ်ကိုကြီးက သားတော်ထက် သုံးနှစ်ကြီးပြီး စစ်ရေးစစ်ရာမှာလည်း ကျွမ်းကျင်ပါတယ်။ သားတော်က နောင်ကျရင် အစ်ကိုကြီးဆီကနေ အများကြီး သင်ယူလေ့လာရဦးမှာပါ။ ညီအစ်ကိုတွေ စည်းလုံးခြင်းကမှ မှန်ကန်တဲ့ လမ်းစဉ်ဖြစ်ပါတယ်"
ထင်ထားသည့်အတိုင်းပင် လီကျင့်၏ စကားများသည် ယုံးကျားဧကရာဇ်၏ နှလုံးသားထဲသို့ တည့်တည့်ဝင်သွားခဲ့လေသည်။
ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် သိသိသာသာကြီး လျော့ပါးသက်သာသွားတော့သည်။ "မင်း ဒီလိုတွေးတတ်တာကို ကြည့်ရင် နှစ်ပေါင်းများစွာ ဖတ်မှတ်လေ့လာခဲ့တဲ့ ပညာတွေက အလဟသ မဖြစ်ဘူးဆိုတာ သိသာပါတယ်။ စကားပုံတောင် ရှိသေးတယ်လေ။ စစ်တိုက်ရင် ညီအစ်ကိုအရင်းတွေ ပါရမယ်။ စစ်မြေပြင်ဝင်ရင် သားအဖတွေ ရှိရမယ်တဲ့။ မင်းတို့က ညီအစ်ကိုတွေပဲ။ သွေးသားရင်းချာတွေ။ ဘယ်အချိန်ရောက်ရောက် ဒီအချက်ကို မှတ်ထားရမယ်"
လီကျင့်နှင့် ပထမမင်းသားတို့က ပြိုင်တူပင် "ဟုတ်ကဲ့ပါ" ဟု ပြန်ဖြေလိုက်ကြသည်။
တစ်ယောက်ထက်တစ်ယောက် အမူအရာများက ရိုကျိုးနေကြလေသည်။
လီဟောက်က စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကိုယှက်ကာ ရှေ့တိုးလာခဲ့သည်။ "ဖုဟွမ်ရဲ့ စကားတစ်ခွန်းကို ကြားလိုက်ရတာက သားတော် ၁၀ နှစ်လောက် စာထိုင်ဖတ်နေတာထက် ပိုပြီးထိရောက်ပါတယ်။ သားတော်က ဖုဟွမ်ရဲ့ ဆုံးမစကားကို မှတ်သားထားပြီး နောင်ကျရင် အာ့ကောရဲ့ စကားကို နားထောင်ကာ သာ့ကောကို လေးစားပါ့မယ်"
စတုတ္ထမင်းသားကလည်း အားကျမခံ တည်ငြိမ်စွာ ပြောလိုက်လေသည်။ "သားတော်က ပါးစပ်မသွက်လို့ သဘောတရားကြီးတွေကို မပြောတတ်ပါဘူး။ သားတော်က နောင်ကျရင် အာ့ကောကိုပဲ ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး နေသွားပါ့မယ်။ သာ့ကော ဘာပြောပြော သားတော်က သေချာပေါက် နားထောင်ပါ့မယ်"
တကယ်လို့ သာ့ကောနဲ့ အာ့ကောတို့ ရန်ဖြစ်ပြီး သဘောထား ကွဲလွဲကြရင်ရော ဘယ်သူ့စကားကို နားထောင်မှာလဲ။
အဲဒီအချိန်ကျမှပဲ ကြည့်ကြတာပေါ့။
စတုတ္ထမင်းသား၏ စကားထဲက အဓိပ္ပာယ်ကို လီကျင့် နားလည်လိုက်သလို ပထမမင်းသားကလည်း သဘောပေါက်လိုက်သည်။ သူတို့နှစ်ဦးစလုံး မတိုင်ပင်ထားဘဲနှင့် စိတ်ထဲတွင် ဟားခနဲ ရယ်မောလိုက်မိကြသည်။
ဒီ လီရှန်ကတော့ ဒီလောက်ထိ ကောက်ကျစ်နေတုန်းပဲ။
ဒါပေမဲ့လည်း လီဟောက်ကလည်း လူကောင်းတော့ မဟုတ်ပါဘူး။ မျက်နှာပေါ်မှာ တည်တည်ကြည်ကြည်နဲ့ ရိုသေချင်ယောင် ဆောင်ထားတာကို မကြည့်နဲ့။ စိတ်ထဲမှာ ဘာတွေ ကြံစည်နေမလဲဆိုတာ ဘယ်သူသိမှာလဲ။
သားတော်တွေ အားလုံးက အရွယ်ရောက်လာကြပြီ။ တစ်ယောက်ချင်းစီတိုင်းမှာ ကိုယ်ပိုင်အကြံအစည်တွေ၊ အတွေးတွေ ရှိကြသည်။ ယုံးကျားဧကရာဇ်သည် ဧကရာဇ်မင်း ဖြစ်သော်ငြားလည်း သားတော်များ၏ နှလုံးသားကို ထုတ်ပြီး သူတို့ ဘာတွေတွေးနေလဲဆိုတာကို ကြည့်လို့ရသည်တော့ မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ဒီလို သဘောထားထုတ်ဖော်ကြတာက ယုံးကျားဧကရာဇ်ကို အလွန် ကျေနပ်စေခဲ့သည်။
ယုံးကျားဧကရာဇ်က ပြုံးကာ ပြောလိုက်လေသည်။ "ကောင်းတယ်။ ကျန်းရဲ့ သားတွေက တစ်ယောက်ချင်းစီတိုင်း တော်ကြပါတယ်။ ဒီလို ဝမ်းမြောက်စရာကိစ္စကိုတော့ ဂုဏ်ပြုပွဲ လုပ်ရမှာပေါ့။ တရားဝင် အိမ်ရှေ့စံ ဘိသိက်သွန်းပွဲက နောက်လအနည်းငယ် ကြာမှဆိုပေမဲ့ ဒီနေ့ ကျန်း ကိုယ်တိုင် ဦးစီးပြီး စားပွဲသောက်ပွဲ လုပ်မယ်။ အမတ်ကြီးတွေအားလုံး လာခဲ့ကြ။ မင်းတို့ ညီအစ်ကိုတွေအားလုံးလည်း လာခဲ့ကြ"
မင်းသားများအားလုံး ဝမ်းမြောက်စွာ လက်ခံလိုက်ကြသည်။
လီဟောက်က ပြုံးကာ ပြောလိုက်လေသည်။ "ဖုဟွမ် ဝူတိက စာသင်ဆောင်မှာ စာလေ့လာနေတုန်းမို့လို့ ဒီသတင်းကောင်းကို မသိသေးပါဘူး။ နန်းတွင်းစားပွဲသောက်ပွဲကို သူ့ကိုလည်း လာခိုင်းလိုက်ပါဦး"
ဟုတ်သားပဲ။ ပဉ္စမမင်းသား ရှိသေးတာကို မေ့နေလိုက်တာ။
ယုံးကျားဧကရာဇ်သည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "လျိုကုန်းကုန်း စာသင်ဆောင်ကိုသွားပြီး ကျန်းရဲ့ အမိန့်နဲ့ ပဉ္စမမင်းသားကို သွားခေါ်ချည်"
...
အပိုင်း (၂၅၂) အိမ်ရှေ့စံခန့်အပ်ခြင်း (၂)
အိမ်ရှေ့စံခန့်အပ်လိုက်သည့် အမိန့်တော်ပြန်တမ်းသည် ကျောင်းဖန်နန်းဆောင်ဆီသို့ ရောက်ရှိလာခဲ့၏။ ချောင်မိဖုရားခေါင်၏ စိတ်နှလုံးသည်လုံးဝအေးချမ်းသွားပြီး မျက်နှာတစ်ပြင်လုံးတွင် ဝမ်းမြောက်မှုများ ဖုံးလွှမ်းနေတော့သည်။ လုမင်ယိက ပြုံးကာ ဂုဏ်ပြုစကားပြောလိုက်၏။ "မူဟုပ်ကို ဂုဏ်ပြုပါတယ်"
ချောင်မိဖုရားခေါင်သည် စိတ်အခြေအနေ အလွန်ကောင်းမွန်နေပြီး ချွေးမဖြစ်သူကို ရှားရှားပါးပါး ရယ်စရာပြောလိုက်၏။ "အိမ်ရှေ့စံကြင်ရာတော်ကိုလဲ ထပ်တူဂုဏ်ပြုရမှာပါ"
သမီးယောက္ခမနှစ်ယောက်သည် အပြန်အလှန်အကြည့်ချင်းဆုံကာ ပြုံးလိုက်ကြလေသည်။
လုမင်ယွိက မတ်တပ်ထရပ်လိုက်ကာ "ဒီလို ဝမ်းသာစရာကိစ္စအတွက် အာရှီက ဝမ်ဟွားနန်းဆောင်ကိုသွားပြီး ဖုဟွမ်ကို ကျေးဇူးတင်စကား သွားပြောသင့်တာပေါ့"
ချောင်မိဖုရားခေါင်သည်လဲ ပြုံးကာထရပ်လိုက်၏။ "ပန်ကုံးလဲ မင်းနဲ့အတူလိုက်ခဲ့မယ်"
သမီးယောက္ခမနှစ်ယောက်သည် ဝမ်ဟွားနန်းဆောင်သို့ အတူတူထွက်လာခဲ့ကြလေသည်။ နန်းဆောင်တံခါးကို စောင့်ကြည့်နေသည့် အပျိုတော်နှင့်ကုန်းကုန်းများသည် အလွန်လျင်မြန်ဖျတ်လတ်နေကြပြီး ချက်ချင်းပင် ရှေ့သို့တိုးကာ ဂါရဝပြုလိုက်ကြ၏။ "ကျွန်တော်မျိုး ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေး(အိမ်ရှေ့စံ ကြင်ရာတော်)တို့ကို ဂါရဝပြုပါတယ်"
အိမ်ရှေ့စံခန့်အပ်သည့် အမိန့်ထွက်လာသည်နှင့် ဒုတိယမင်းသားသည် အိမ်ရှေ့စံဖြစ်လာခဲ့ပြီဖြစ်သဖြင့် လုမင်ယွိသည်လဲ အိမ်ရှေ့စံကြင်ရာတော် ဖြစ်လာခဲ့သည်မဟုတ်ပါလား။
လုမင်ယွိကလဲ အနည်းငယ် ပြုံးလိုက်လေသည်။ "အတွင်းထဲဝင်ပြီး လျှောက်တင်ပေးပါ။ ကျွန်မနဲ့မူဟုပ် အတူတူကျေးဇူးတင်စကား လာပြောတာပါလို့"
ကုန်းကုန်းကလဲ သွက်သွက်လက်လက်ပင် ဟုတ်ကဲ့ပါဟု ပြန်ဖြေလိုက်လေသည်။
ချောင်မိဖုရားခေါင်သည် မနေနိုင်တော့ဘဲ တိုးတိုးလေးရယ်မောကာ ပြောလိုက်တော့၏။ "အရင်တုန်းက ပန်ကုံး ဝမ်ဟွားနန်းဆောင်ကိုလာတုန်းက တစ်ယောက်မှ ဒီလောက်အလိုက်သိတာ မတွေ့ဖူးပါဘူး"
ဟုတ်ပါသည်။ ယခင်က ယုံးကျားဧကရာဇ် အချစ်ဆုံးသူမှာ မုန့်ကွေ့ဖေးဖြစ်ပြီး ဘက်အလိုက်ဆုံးသားတော်မှာ ပထမမင်းသားဖြစ်သည်။ အရှင်မင်းကြီး၏ မျက်နှာသာပေးခြင်းကို ယှဥ်ပြိုင်မည်ဆိုပါက လီကျင့်သည် ပထမမင်းသားကို လုံးဝမမှီချေ။ ချောင်မိဖုရားခေါင်ဆိုသည့် မိဖုရားခေါင်ကြီးသည်လဲ လူအများ၏မျက်လုံးထဲတွင် သိပ်ပြီးအလေးထားစရာ မဟုတ်ခဲ့ချေ။
ယခုတော့ အခြေအနေက ကွာခြားသွားခဲ့လေပြီ။
မုန့်ကွေ့ဖေးနှင့် ပထမမင်းသားတို့သည် အကြီးအကျယ်ထိုးနှက်ခံလိုက်ရပြီး ကွမ်းပင်းနယ်စားဆိုလျှင် ရာထူးချပြီး နယ်စားဘွဲ့ပါ အသိမ်းခံလိုက်ရသည်။ လီကျင့်က အိမ်ရှေ့စံအဖြစ် ခန့်အပ်ခံလိုက်ရပြီဖြစ်၏။ မျက်စိပါသည့် ဘယ်သူမဆို သားအရင်းဘက်တော်သားများကို အပြတ်အသတ် အနိုင်ရသွားသည်ကို တွေ့နိုင်ပေမည်။ ထို့ကြောင့် အပြေးအလွှားလာရောက်ပြီး မျက်နှာလိုမျက်နှာရ လုပ်ကြသည် မဟုတ်ပါလား။
လုမင်ယွိက ခေါင်းလှည့်ကာ ချောင်မိဖုရားခေါင်ကို ပြုံးပြလိုက်၏။ "နိမ့်တဲ့သူကိုနင်းချပြီး မြင့်တဲ့သူကိုအားပေးတာက လူ့သဘာဝပါပဲ။ မူဟုပ်ရဲ့ နေ့ရက်ကောင်းတွေက နောက်မှာကျန်ပါသေးတယ်"
ချောင်မိဖုရားခေါင်သည် စိတ်လက်ပေါ့ပါးသွားကာ သဘောကျပြီး ရယ်မောလိုက်တော့၏။
ခဏအကြာတွင် လျိုကုန်းကုန်းသည် ထွက်လာပြီး ကြိုဆိုလိုက်လေသည်။ သူ့အပြုံးများက ယခင်ကထက်ပိုပြီး ရိုသေကိုင်းရှိုင်းလို့နေ၏။ "အရှင်မင်းကြီးက ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေးတို့ကို ဝင်ခွင့်ပြုလိုက်ပါတယ်"
လုမင်ယွိနှင့် ချောင်မိဖုရားခေါင်တို့သည် နားလည်မှုရှိကြသည့်အပြုံးဖြင့် အချင်းချင်း ကြည့်လိုက်ကြ၏။
...
ဒီအချိန်တွင် မင်းသားများအားလုံးသည်လဲ နန်းဆောင်ထဲတွင် ရှိနေကြလေသည်။
ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့သည် ရှေ့ဆင့်နောက်ဆင့် ဝမ်ဟွားနန်းဆောင်ထဲသို့ ဝင်ရောက်လာကြ၏။ မင်းသားများက အလျင်အမြန် ရှေ့သို့လာပြီး ချောင်မိဖုရားခေါင်ကို ဂါရဝပြုကြလေသည်။
လီကျင့်ကတော့ လုမင်ယွိထံသို့ သဘာဝကျကျ လျှောက်သွားလိုက်ကာ လုမင်ယွိကို လှမ်းကြည့်လိုက်၏။
လုမင်ယွိ၏ စိတ်ထဲတွင် နွေးထွေးသွားသလို ရယ်လဲရယ်ချင်နေတော့သည်။ သူမ လုပ်ကြံခံရပြီးသည့်နောက်ပိုင်းတွင် လီကျင့်သည် သူမကို ပိုပြီးဂရုတစိုက် ကြည့်ရှုတတ်လာသည်။ သူမကို ကျိုးပဲ့လွယ်သည့် ကြွေထည်ပစ္စည်းလေးတစ်ခုလို သဘောထားပြီး မျက်တောင်မခတ် တစိုက်မတ်မတ် ကြည့်ရှုစောင့်ရှောက် နေလေတော့သည်။
လီဟောက်၏ မျက်လုံးထောင့်က သူတို့ဘက်သို့ရောက်လာပြီးမှ ချက်ချင်း အကြည့်ပြန်လွှဲထားလိုက်၏။
ခဏလောက် နှုတ်ဆက်စကား ပြောဆိုလိုက်ပြီးနောက် ချောင်မိဖုရားခေါင်သည် သားတော်နှင့် ချွေးမတော်ကိုခေါ်ဆောင်ကာ ရှေ့သို့ထွက်လာပြီး တလေးတနက် ကျေးဇူးတင်စကား ပြောလိုက်လေတော့သည်။
ယုံးကျားဧကရာဇ်က နဂါးပလ္လင်ပေါ်က ဆင်းလာပြီး ချောင်မိဖုရားခေါင်ကို တွဲထူကာ ကြင်နာစွာဖြင့် ပြောလိုက်၏။ "ဟွမ်ဟုပ်က ယဥ်ကျေးလွန်းနေပါပြီ။ အိမ်ရှေ့စံခန့်အပ်တာက မင်းတို့သားအမိ ဝမ်းသာစရာကိစ္စပဲ မဟုတ်ပါဘူး။ ကျန်းရဲ့ ဝမ်းသာစရာကိစ္စဆိုလည်း ဟုတ်တယ်"
ပြောရမည်ဆိုလျှင် ယုံးကျားဧကရာဇ်သည် နားထောင်ကောင်းသည့် စကားများကို မပြောတတ်ခြင်း မဟုတ်ပေ။ ယခင်က ချောင်မိဖုရားခေါင်ကို မပြောခဲ့ခြင်းသာ ဖြစ်လေသည်။
ချောင်မိဖုရားခေါင်သည် ယုံးကျားဧကရာဇ်အပေါ် မျှော်လင့်ချက် မထားတော့သည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် ယခုအချိန်တွင် စိတ်ထားက အထူးပင် တည်ငြိမ်အေးချမ်းနေပြီး ပြုံးကာသာ ပြန်ဖြေလိုက်တော့၏။ "ဒီလိုဝမ်းမြောက်စရာကိစ္စမျိုးအတွက် ချန်ချဲ့က အကြိမ်ကြိမ်လာပြီး ကျေးဇူးတင်စကားပြောရင်တောင် စိတ်ထဲမှာ ပျော်နေမိမှာပါ"
ယုံးကျားဧကရာဇ်ကလဲ တဟားဟား လှိုက်လှိုက်လှဲလှဲ ရယ်မောတော့သည်။
လုမင်ယွိကလဲ ပြုံးကာပြောလိုက်၏။ "မူဟုပ် ပြောတာ မှန်ပါတယ်။ အာရှီလဲ ဒီလိုပဲတွေးမိပါတယ်။ နောက်ဆိုရင် မူဟုပ်က လာပြီးကျေးဇူးတင်စကားပြောတိုင်း အာရှီကလဲ လိုက်လာခဲ့ပါ့မယ်"
ယုံးကျားဧကရာဇ်သည် ကိုယ်ဝန်ဆောင်ထားရသည့် ချွေးမတော်အပေါ် အထူးသဘောကောင်းလို့ နေလေ၏။ "လုရှီ ... မင်းက ကိုယ်ဝန်နဲ့ဆိုတော့ ကလေးကိုဂရုစိုက်ဖို့က အဓိကပဲ။ ဒီနေ့နန်းတော်ထဲဝင်ပြီး ကျေးဇူးတင်စကား လာပြောတာတော့ ထားလိုက်ပါတော့။ နောက်ဆိုရင် အရေးကြီးကိစ္စမရှိရင် နန်းတော်ထဲကို မကြာခဏဝင်လာဖို့ မလိုပါဘူး"
အထူးသဖြင့် ရှို့နဥ်နန်းဆောင်ကို နည်းနည်းလောက် ရှောင်နိုင်ရင်တော့ ကောင်းတာပေါ့။
မယ်တော်ကြီးကျောက်သည် မည်သို့သော စိတ်နေစိတ်ထားရှိသည်ကို ယုံးကျားဧကရာဇ်က အသိဆုံးပင်။ ပုံမှန်အချိန် အနိုင်ကျင့်တာကလဲ ရှိပါစေတော့။ ယခုတော့ ချွေးမက ကိုယ်ဝန်ရှိနေခြင်းကြောင့် မျိုးဆက်သစ်ကလေးကို အဓိကထားရပေမည်။ ဝေးဝေးနေခြင်းက ပိုကောင်းပေလိမ့်မည်။
လုမင်ယွိသည် ယုံးကျားဧကရာဇ်၏ စကားနောက်ကွယ်က အဓိပ္ပါယ် ကို နားလည်လိုက်သဖြင့် ပြုံးကာပြန်ဖြေလိုက်၏။ "အာရှီ ဖုဟွမ်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်"
စေတနာဟုပြောလိုက်မှ ယုံးကျားဧကရာဇ်သည် ပိုလို့ပင် ရှက်ရွံ့သွားမိတော့သည်။
စဥ်းစားကြည့်လိုက်လျှင် လုမင်ယွိ ကိုယ်ဝန်စရှိကတည်းက လုမင်ယွိကို ဒုက္ခပေးသူမှာ မယ်တော်ကြီးကျောက်ပင်။ လုမင်ယွိကို တိတ်တဆိတ်လုပ်ကြံသူမှာ သူ၏ အချစ်ဆုံးမိဖုရားငယ် ဖြစ်လေသည်။ ယောက္ခမဖြစ်သူ သူသည် ချွေးမတော်၏ ရှေ့တွင် ခါးပင်မတ်မတ်မရပ်နိုင်သလို ဖြစ်နေရ၏။
ယုံးကျားဧကရာဇ်က လည်ချောင်းကိုရှင်းကာ ပြောလိုက်သည်။ "ကျန်း ညဖက်စားသောက်ပွဲလုပ်မယ်။ မင်းတို့ ခဏပြန်နားလိုက်ကြအုံး"
လူများအားလုံးကလဲ အမိန့်ကိုနာခံပြီး နှုတ်ဆက်ကာ ထွက်ခွာသွားကြ၏။
လူများအားလုံး ထွက်ခွာသွားပြီးနောက် ယုံးကျားဧကရာဇ်က လျိုကုန်းကုန်းကို ခေါ်လိုက်၏။ "ဒီနေ့ ကွေ့ဖေးရဲ့အခြေအနေ ဘယ်လိုရှိလဲ"
လျိုကုန်းကုန်းက ပြုံးကာ ပြန်လျှောက်တင်လေသည်။"ကျွန်တော်မျိုး ခုဏကပဲ လူလွှတ်ပြီး ယန်ရှီနန်းဆောင်ကို မေးခိုင်းလိုက်ပါတယ်။ ကြားတာတော့ ကွေ့ဖေးညန်ညန်က စိတ်ငြိမ်ဆေးသောက်ပြီး နေ့ခင်းတစ်ဝက်လောက် အိပ်ပျော်သွားပါတယ်တဲ့။ အခုတော့ နိုးလာပြီဖြစ်လို့ စိတ်အခြေအနေ မဆိုးပါဘူး။
ယုံးကျားဧကရာဇ်က အင်းဟု ခပ်တိုးတိုးပြန်ဖြေလိုက်ပြီး သတိပေးလိုက်၏။ "အိမ်ရှေ့စံခန့်အပ်တဲ့ကိစ္စကို အခုလောလောဆယ်တော့ အသိမပေးသေးနဲ့အုံး"
မုန့်ကွေ့ဖေး၏ စိတ်ထားနှင့်ဆိုလျှင် ဒီကိစ္စကိုသိသွားပါက ဘယ်လောက်ထိ ဆူပူသောင်းကျန်းအုံးမည်ကို မသိနိုင်ချေ။ ဒဏ်ရာက ဒီလောက်အထိ ဖြစ်နေမှတော့ နောက်ထပ်လှုပ်ခတ်မှုတွေကို ခံနိုင်တော့မည်မဟုတ်ပေ။
လျိုကုန်းကုန်းကလဲ အမိန့်ကို မြန်မြန်နာခံလိုက်လေသည်။
မုန့်ကွေ့ဖေးသည် ဒီလိုကိစ္စမျိုး လုပ်ခဲ့တာတောင်မှ အချစ်တော်နေရာမှ ပြုတ်ကျသွားခြင်း မရှိခဲ့ချေ။ အရှင်မင်းကြီး၏ စိတ်ထဲတွင် တော်တော်လေး သံယောဇဥ် ရှိနေသေးသည်။ ထို့ကြောင့် လူတိုင်းက ယန်ရှီနန်းဆောင်နှင့် မုန့်ကွေ့ဖေး ပထမမင်းသားတို့ကို ဆက်ပြီးလေးစားနေရဆဲပင်။
...
ထိုနေ့ညတွင် ယုံးကျားဧကရာဇ်သည် နန်းတော်ထဲတွင် စားသောက်ပွဲ ကျင်းပလေ၏။
စားသောက်ပွဲသို့ တက်ရောက်ခွင့်ရသူများမှာ အရေးကြီး နန်းတွင်းအမတ်ကြီးများ ဖြစ်ကြ၏။ အဆင့်၂နှင့်အထက် စာပေပညာရှင်အမတ်များ အဆင့်၃နှင့်အထက် စစ်တပ်ဘက်ဆိုင်ရာ အရာရှိများ၊ တော်ဝင်ဆွေမျိုးများနှင့် မင်းညီမင်းသားများ ကြင်ရာတော်များအားလုံး ပါဝင်ကြလေသည်။ စုစုပေါင်းလူဦးရေ ၁၀ဂဏန်းမျှရှိပြီး စည်းကားသိုက်မြိုက်ကာ ပျော်ရွှင်ဖွယ်ရာအတိ ဖြစ်နေ၏။
ချောင်မိဖုရားခေါင်သည်လဲ အနောက်နန်းဆောင်တွင် နန်းတွင်းစားသောက်ပွဲကို ကျင်းပပေးလေသည်။
မယ်တော်ကြီးကျောက်က နေမကောင်းပါဟု အကြောင်းပြကာ မလာခဲ့ချေ။ မုန့်ကွေ့ဖေးကလဲ ကုတင်ပေါ်တွင်လဲလျောင်းကာ ဒဏ်ရာကို ကုသနေရသဖြင့် မလာနိုင်ပေ။ ချင်ဖေးနှ င့်စူးဖေးတို့ကတော့ စောစောစီးစီး ရောက်ရှိလာကြပြီး နန်းတွင်းထဲက မိဖုရားငယ်လေးများကလဲ တစ်ယောက်မှ မပျက်ကွက်ခဲ့ကြပေ။.
ဟွေ့အန်းကုန်းကျူသည် ပျော်ရွှင်မြူးတူးစွာဖြင့် နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့၏။
ကျင့်အန်းကုန်းကျူကတော့ မိခင်အတွက် စိတ်ပူနေသဖြင့် ပထမမင်းသားကြင်ရာတော်ကို ကိုယ်စား ခွင့်ပန်ခိုင်းလိုက်လေသည်။ ပထမမင်းသားကြင်ရာတော်ကလဲ ရိုသေစွာဖြင့် ပြောလိုက်၏။ "ကွေ့ဖေးက ကုတင်ပေါ်မှာလဲနေတော့ လူခွဲလို့ မရဘူးဖြစ်နေလို့ပါ။ အာရှီက စားသောက်ပွဲကို လာတက်တာမလို့ ကျင့်အန်းက ယန်ရှီနန်းဆောင်မှာပဲနေပြီး ကွေ့ဖေးညန်ညန်ကို ပြုစုနေရပါတယ်။ မူဟုပ်အနေနဲ့ အပြစ်မယူဖို့ မျှော်လင့်ပါတယ်"
ချောင်မိဖုရားခေါင်သည် စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် ဒီလိုအသေးအဖွဲကိစ္စလေးကို ဂရုစိုက်နေမည်မဟုတ်ဘဲ ပြုံးကာသာ ပြောလိုက်တော့သည်။ "ကျင့်အန်းက ကွေ့ဖေးကို ကောင်းကောင်းပြုစုပါစေ"
ချင်ဖေးက ပြုံးကာ ချောင်မိဖုရားခေါင်ကို မြှောက်ပင့်ပြောဆိုလိုက်၏။ "ဒုတိယမင်းသားက အိမ်ရှေ့စံဖြစ်လာတော့ ဟွမ်ဟုပ်ညန်ညန်အတွက် ဝမ်းသာစရာပဲ။ ချဲ့ ကြည့်ရတာ ညန်ညန်ရဲ့မျက်နှာလေးက ပုံမှန်ထက်တောင် ပိုပြီးကြည်လင်နေသလိုပါပဲ"
စူးဖေးသည်လဲ ပြုံးကာဝင်ပြောလေသည်။ "ဒုတိယမင်းသားက အရှင်မင်းကြီးရဲ့ တစ်ဦးတည်းသာ သားအရင်းပဲလေ။ အရှင်မင်းကြီးက အိမ်ရှေ့စံမခန့်အပ်ရင်သာနေမယ် ခံအပ်မယ်ဆိုရင်တော့ ဒုတိယမင်းသားပဲ ဖြစ်မှာပေါ့"
မိဖုရားများအားလုံးကလဲ တညီတညွတ်တည်း ထောက်ခံပြီး ဂုဏ်ပြုစကား ပြောကြလေ၏။
သူတို့၏ စိတ်ထဲတွင်တော့ မည်သို့ပင်တွေးတောနေကြပါစေ ဒီလိုအခမ်းအနားမျိုးတွင်တော့ နည်းနည်းလေးမှ မထုတ်ပြရဲကြဘဲ တစ်ယောက်ထက်တစ်ယောက် အပြိုင်အဆိုင် နားဝင်ချိုသည့် စကားများကိုသာ ပြောဆိုနေကြတော့သည်။
လုမင်ယွိသည် အသစ်စက်စက် ခန့်အပ်ခံလိုက်ရသည့် အိမ်ရှေ့စံကြင်ရာတော် ဖြစ်သည့်အလျောက် လူတိုင်း၏အာရုံစိုက်ခြင်းကို ခံနေရ၏။
သို့သော်ငြား ရာထူးနိမ့်သည့် ကိုယ်လုပ်တော်များကတော့ သူမနှင့် စကားပြောခွင့် မရကြချေ။
ဟွေ့အန်းကုန်းကျူက ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။ "အာ့တိမေ့ နင် နဲ့အာ့တိက ဘယ်တော့ နန်းတော်ထဲပြောင်းလာမှာလဲ"
ဟုတ်သားပဲ။ မင်းသားနဲ့ မင်းသမီးနှစ်ယောက်က နန်းတော်အပြင်ဘက်တွင် နေထိုင်ကြသော်ငြား အိမ်ရှေ့စံကတော့ နန်းတော်ထဲတွင် နေထိုင်ရပေမည်။
လုမင်ယွိက မသိမသာလေးပြုံးကာ ပြောလိုက်၏။ "အလောတကြီးတော့ မဟုတ်ပါဘူး။ အိမ်ရှေ့စံနန်းဆောင်ကို ပြုပြင်မွမ်းမံရအုံးမှာဆိုတော့ လနည်းနည်းလောက် ကြာအုံးမှာပါ။ ပြီးတော့ တရားဝင် အိမ်ရှေ့စံအပ်နှင်းပွဲပြီးမှပဲ အိမ်ရှေ့စံနန်းဆောင်ကို ဝင်ရမှာပါ"
ဟွေ့အန်းကုန်းကျူက ပြုံးကာပြောလိုက်၏။ "အချိန် တွက်ကြည့်လိုက်ရင်တော့ နှစ်မကုန်ခင် နန်းတော်ထဲပြောင်းလာလို့ ရလောက်ပါတယ်။ နင့်ဗိုက်ထဲကကလေးက နန်းတော်ထဲမှာပဲ မွေးဖွားလာနိုင်တာပေါ့"
ကလေးက အိမ်ရှေ့စံနန်းဆောင်ထဲတွင် မွေးဖွားလာမည်ဆိုပါက ဂုဏ်ပုဒ်က ပိုလို့ပင် မြင့်မြတ်လာပေလိမ့်မည်။
လုမင်ယွိကလဲ ပြုံးကာ ခေါင်းညိမ့်ပြလိုက်တော့သည်။ "ဟွမ်ကျဲ ပြောတာ ဟုတ်ပါတယ်"
...