← Chapters

အခန်း (၂၅၃-၂၅၅)

Vol. 17 Ch. 253-255

အခန်း (၂၅၃-၂၅၅)

Vol. 17 Ch. 253-255

အပိုင်း (၂၅၃) နာကြည်းဒေါသ

ယနေ့ညကျင်းပသော နန်းတွင်းစားသောက်ပွဲတွင် ချောင်မိဖုရားခေါင်သည် ပြုံးပျော်ရွှင်မြူးနေပြီး လုမင်ယွိကတော့ ချောင်မိဖုရားခေါင်ထက်ပင် မျက်နှာပွင့်လန်းလို့နေသည်။

ဒုတိယမင်းသားကို အိမ်ရှေ့အရာအပ်နှင်းသည်ဖြစ်စေ မအပ်နှင်းသည်ဖြစ်စေ ချောင်မိဖုရားကတော့ နန်းလယ်မိဖုရားခေါင်ပင် ဖြစ်လေသည်။ လုမင်ယွိအတွက်တော့ ဂုဏ်ဒြပ်အဆင့်အတန်းသည် ရုတ်တရက်မြင့်မားသွားခဲ့ပြီး မင်းသားကြင်ရာတော်အဖြစ်မှ အိမ်ရှေ့မင်းသားကြင်ရာတော် ဖြစ်လာကာ မင်းသားကြင်ရာတော်များကြားတွင် ခေါင်းဆောင်ဖြစ်လာခဲ့လေသည်။

အိမ်ရှေ့စံအရာ ခန့်အပ်ခြင်း၏ အကြောင်းအရင်းသည်လဲ လုမင်ယွိကြောင့်ပင်။

အကယ်၍ လုမင်ယွိသာ ကိုယ်ဝန်မရှိခဲ့ပါက မုန့်ကွေ့ဖေး၏ မျက်စိစပါးမွှေးစူးခြင်းကို ခံရလိမ့်မည်မဟုတ်သလို မုန့်ကွေ့ဖေးသည်လဲ လုမင်ယွိကို လုပ်ကြံရန် ထောင်ချောက်ဆင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် ကိုယ့်ကိုယ်ကို သက်သေရန်လဲ ကြိုးစားသည့်အဆင့်အထိ ရောက်သွားမည် မဟုတ်ချေ။ ကွမ်းပင်းနယ်စားသည်လဲ ရာထူးချခံရမည်မဟုတ်ပေ။

ဒီလို ဆက်တိုက်ဖြစ်ပွားခဲ့သော ကိစ္စရပ်များကြောင့်ပင် ယုံးကျားဧကရာဇ်သည် အိမ်ရှေ့စံခန့်အပ်ရန် ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်လေသည်။

တိုင်းပြည်တွင် အိမ်ရှေ့စံရှိလာမှသာ ပြည်သူတို့၏စိတ်နှလုံးသည် တည်ငြိမ်နိုင်ပေလိမ့်မည်။

ပြည်သူတို့၏စိတ်နှလုံး တည်ငြိမ်အေးချမ်းသွားပါက မှူးမတ်အရာရှိများသည်လဲ ဘယ်မင်းသားကို ထောက်ခံရမည်ဟု တွေးတောကြံစည်မနေကြတော့ဘဲ ဒုတိယမင်းသားကိုသာ ရိုးရိုးသားသား ခစားကြပေလိမ့်မည်။ ကျန်ရှိနေသောမင်းသားများ၏ စိတ်ထဲတွင် မကျေပ်နပ်မှုများ ရှိနေသည်မှာ ရှောင်လွှဲလို့မရသော်ငြား အချိန်ကြာလာသည်နှင့်အမျှ ကံကြမ္မာကို လက်ခံသွားပေလိမ့််မည်။

ပထမမင်းသားကြင်ရာတော်နှင့် မုန့်ယွင်လော်တို့က မည်သို့ တွေးတောနေသည်ကိုတော့ ယုံးကျားဧကရာဇ်က ထည့်သွင်းစဥ်းစားလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ပထမမင်းသားကြင်ရာတော်သည် စိတ်ထဲတွင် မည်မျှပင် မွန်းကြပ်နေပါစေ အပြုံးကို အတင်းညှစ်ထုတ်ကာ လုမင်ယွိကို ဂုဏ်ပြုစကားပြောရလေသည်။

တတိယမင်းသားကြင်ရာတော် မုန့်ယွင်လော်ကတော့ အပြုံးကိုပင် မညှစ်ထုတ်နိုင်တော့ဘဲ ရင်ထဲတွင်ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေတော့၏။

ကုတင်ပေါ်တွင် ပြင်းထန်စွာ ဒဏ်ရာဖြင့် လဲလျောင်းနေရသည့် မုန်ကွေ့ဖေးကို တွေးမိလိုက်၊ ရာထူးချခံလိုက်ရသည့် ဖခင်အရင်းကို တွေးမိလိုက်၊ အတွင်းရောအပြင်ပါ ဂုဏ်သိက္ခကျဆင်းသွားရသည့် မုန့်မိသားစုကို တွေးမိလိုက်နှင့် သူမ၏ ရှေ့မှောက်တွင် ဂုဏ်သရေတောက်ပနေသည့် လုမင်ယွိကို ကြည့်ရင်း အံကြိတ်ထားမိလေတော့သည်။

မုန့်ယွင်လော်သည် အသက်အရွယ်ငယ်ရွယ်သေးသူ ဖြစ်လေသည်။ ဉာဏ်နီဉာဏ်နက် အကောက်ကြံမှုနှင့် သည်းခံနိုင်စွမ်းတို့တွင် ချင်ဖေးနှင့်စူးဖေးတို့လောက် မမှီချေ။

ချောင်မိဖုရားခေါင်ကတော့ မျက်စိကန်းနေသူမဟုတ်ပေ။ မုန့်ယွင်လော်၏ ပုံမှန်မဟုတ်သောအမူအယာကို အစောကြီးကတည်းက ရိပ်မိနေပြီဖြစ်ရာ တစ်ချက်လှမ်းကြည့်လိုက်လေသည်။ "မုန့်ရှီ မင်းက မစားမသောက် စကားမပြောဘံ ပြုံးလဲမပြဘူးဆိုတော့ နေမကောင်းဖြစ်နေတာလား။ ဒါမှမဟုတ် ပန်ကုံးအပေါ် မကျေမနပ်ဖြစ်နေတာလား"

မုန့်ယွင်လော် "..."

အားလုံး၏အကြည့်များက မုန့်ယွင်လော်ဆီသို့ တပြိုင်တည်း ရောက်လာကြ၏။

မုန့်ယွင်လော်မှာ မတတ်သာတော့ဘဲ ထရပ်ကာဦးညွတ်ပြီး တောင်းပန်ရလေသည်။ "အာရှီ ဒီရက်ပိုင်း နေမကောင်းဖြစ်နေလို့ အစားအသောက် သိပ်မစားချင် ဖြစ်နေတာပါ။ မူဟုပ်ရဲ့ ပျော်ရွှင်မှုကို အနှောက်အယှက်ဖြစ်စေခဲ့ရင် ခွင့်လွှတ်ပေးပါ"

ချောင်မိဖုရားခေါင်ကတော့ လေသံအေးအေးဖြင့် ပြောလိုက်၏။ "တကယ်လို့ နေမကောင်းဘူးဆိုရင်လည်း စောစောပြန်နားလိုက်လေ။ လူအများရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးသလို မဖြစ်ပါစေနဲ့"

မုန့်ယွင်လော်သည် အရှက်ခွဲခံရသည့်ခံစားချက်ကို မျိုသိပ်ထားကာ ဟုတ်ကဲ့ပါဟု ပြန်ဖြေလိုက်ရ၏။ ထို့နောက်တွင်တော့ မြန်မြန်ပင် အရိုအသေပေးနှုတ်ဆက်ပြီး ထွက်ခွာသွားလေတော့သည်။

မထွက်ခွာခင် မုန့်ယွင်လော်သည် မနေနိုင်ဘဲ ခေါင်းမော့ကြည့်လိုက်သည်တွင် လုမင်ယွိ၏ အကြည့်နှင့် တည့်တည့်တိုးသွားတော့၏။

လုမင်ယွိ၏ မျက်နှာအမူအယာမှာ တည်ငြိမ်နေပြီး မျက်လုံးနှင့် မျက်ခုံးများတွင် အပြုံးရိပ်များ ရှင်သန်လို့နေသည်။

ထို့အပြုံးသည် အောင်နိုင်သူတို့သာပိုင်ဆိုင်သော အပြုံးမျိုးပင်။

မုန့်ယွင်လော်သည် ရင်ထဲက မကျေနပ်ချက်ကို မျိုသိပ်ထားလိုက်ပြီး လှည့်ထွက်သွားတော့၏။

မုန့်ယွင်လော်သည် ကျောင်းဖန်နန်းဆောင်မှ နှင်ထုတ်ခံလိုက်ရသဖြင့် သွားစရာနေရာမရှိ ဖြစ်နေတော့၏။ နန်းတော်တွင်းက ထွက်ခွာရမည်ကိုလဲ စိတ်ထဲတွင် မကျေမချမ်းဖြစ်နေသည်။ နန်းတော်တွင်းရှိ လူအားလုံးက ကျောင်းဖန်နန်းဆောင်တွင် ရောက်နေကြသဖြင့် သူမ သွားနိုင်သည့် တစ်ခုတည်းသောနေရာမှာ ယန်ရှီနန်းဆောင်သာ ရှိတော့သည်။

မုန့်ယွင်လော်သည် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ယန်ရှီနန်းဆောင်သို့ ထွက်လာခဲ့လိုက်၏။

...

ယန်ရှီနန်းဆောင်ထဲတွင် မုန့်ကွေ့ဖေးသည် ကုတင်ပေါ်တွင် လဲလျောင်းရင်း နာကျင်စွာ ငြီးငြူလို့နေသည်။

ရင်ဘတ်ပေါ်ရှိ နက်ရှိုင်းသောဒဏ်ရာကြောင့် မည်သို့မနာကျင်ဘဲ ရှိပါမည်နည်း။

ကျင့်အန်းကုန်းကျူက ဖြူဖပ်ဖြူရော်မျက်နှာဖြစ်ကာ နာကျင်ခံစားနေရသည့် မုန့်ကွေ့ဖေးကိုကြည့်ရင်း ရင်ထဲတွင် နာကျင်ဝမ်းနည်းလာတော့သည်။ သူမက လက်ကိုင်ပဝါဖြင့် မုန့်ကွေ့ဖေး၏ နဖူးပေါ်ကချွေးစများကို သုတ်ပေးရင်း တိုးတိုးလေး ပြောလိုက်၏။ "မူဖေး သမီး စိတ်ငြိမ်ဆေးရည်.ပြင်ဆင်ခိုင်းလိုက်မယ်နော်"

အိပ်ပျော်နေချိန်တွင် နာကျင်မှုကို ခံရသက်သာပေလိမ့်မည်။

မုန့်ကွေ့ဖေးက ချွေးအေးများ မရပ်မနားထွက်နေပြီး မျက်နှာထားရှုံ့မဲ့ကာ စကားလုံးတစ်လုံးကိုသာ ညှစ်ထုတ်လိုက်လေသည်။ "မလိုဘူး"

သူမသည် အချိန်ပြည့်တော့ အိပ်မနေချင်ပေ။

ဒီလို ပြင်းထန်သောနာကျင်မှုက သူမ မသေဆုံးသေးကြောင်းကို ရှင်းလင်းစွာ သိရှိနေစေသည်။ မသေဆုံးသေးသမျှ ကာလပတ်လုံး သူမသည် ပြန်လည်အင်အားကောင်းလာမည့် နေ့ရက်အထိ ဆက်လက် အသက်ရှင်နေထိုင်ရပေလိမ့်မည်။

"မင်းရဲ့ ဘကြီး" မုန့်ကွေ့ဖေး၏ အသံက ပြတ်တောင်းပြတ်တောင်း ဖြစ်နေ၏။ "ဘယ်လိုအခြေအနေရှိလဲ"

ကျင့်အန်းကုန်းကျူကတော့ ထုတ်မပြောလိုချေ။ "မူဖေး အခုချိန်မှာ အရေးကြီးဆုံးက ဒဏ်ရာသက်သာအောင် နေဖို့ပါပဲ။ တခြားကိစ္စတွေကို မတွေးပါနဲ့"

မုန့်ကွေ့ဖေးသည် စိတ်လှုပ်ရှားသွားသဖြင့် ကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်မိသည်တွင် ဒဏ်ရာကိုထိခိုက်မိသွားပြီး နာကျင်မှုကြောင့် သတိလစ်မတတ်ပင် ဖြစ်သွားတော့၏။

ကျင့်အန်းကုန်းကျူ၏ မျက်ဝန်းထဲ ကမျက်ရည်များသည်လဲ ချက်ချင်းစီးကျလာလေတော့သည်။ "ဒီလိုအချိန်ရောက်မှတော့ မူဖေး မငြိမ်မသက် မလုပ်ပါနဲ့တော့။ ဒဏ်ရာသက်သာအောင်သာ နေပါ။ မူဖေး တခုခုဖြစ်သွားရင် သာ့ကောနဲ့သမီးက ဘယ်လိုလုပ်ရမှာလဲ"

မုန့်ကွေ့ဖေး၏ မျက်လုံးများက နီရဲသွားပြီး မျက်ရည်များ တသွင်သွင် စီးကျလာတော့၏။

သားအမိနှစ်ယောက် မျက်ရည်ကျနေချိန်တွင် မုန့်ယွင်လော် ရောက်ရှိလာခဲ့၏။

မုန့်ယွင်လော်နှင့် ကျင့်အန်းကုန်းကျူတို့သည် ညီအစ်မဝမ်းကွဲအရင်းများ ဖြစ်ကြပြီး အလွန်ရင်းနှီးကြလေသည်။ ယခုအခါတွင် ယောင်းမတော် စပ်သွားကြပြီး ပုံမှန်လဲ ဝင်ထွက်သွားလာလေ့ရှိကြ၏။

ကျင့်အန်းကုန်းကျူက မျက်ရည်များကို သုတ်ပြီး တိုးတိုးလေး လှမ်းနှုတ်ဆက်လိုက်သည်။ "စန်းစောင်"

ထို့နောက်တွင်တော့ မုန့်ယွင်လော်ကို မျက်စိမှိတ်ကာ အချက်ပြလိုက်လေသည်။

ယခုအချိန်တွင် နန်းတွင်းစားသောက်ပွဲအကြောင်း မပြောမိစေရန်ဖြစ်၏။

မုန့်ယွင်လော်သည် စိတ်ထဲတွင် အလွန်အမင်းမွန်းကြပ်နေသဖြင့် ကျင့်အန်းကုန်းကျူက မျက်ရိပ်ပြလိုက်သည်ကို သတိမထားမိဘဲ ဒေါသတကြီးဖြင့် ပြောလိုက်မိတော့သည်။ "ဒီည နန်းတွင်းစားသောက်ပွဲကို ငါတကယ် မသွားသင့်ဘူး!"

နန်းတွင်းစားသောက်ပွဲ! ဘာနန်းတွင်းစားသောက်ပွဲလဲ။

မုန့်ကွေ့ဖေး၏ စိတ်ထဲတွင် မကောင်းသည့်နမိတ်တစ်ခု ခံစားလိုက်ရပြီး မုန့်ယွင်လော်ကို စိုက်ကြည့်ကာ စကားလုံးအနည်းငယ်ကို ခက်ခက်ခဲခဲ ညှစ်ထုတ်လိုက်လေသည်။ "နန်းတော်ထဲမှာ ဘာဝမ်းသာစရာကိစ္စ ရှိလို့လဲ"

ကျင့်အန်းကုန်းကျူ၏ ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားပြီး စကားလမ်းကြောင်းလွှဲရန် ပြင်လိုက်လေသည်။ "ဘာမှ ... "

"ကူးမူ (ဒေါ်လေး) မသိသေးဘူးလား" မုန့်ယွင်လော်သည် မျက်လုံးများနီရဲကာ ကုတင်ဘေးသို့ ပြေးသွားလိုက်ပြီး ငိုကြွေးကာ ပြောလိုက်တော့၏။ "ဖုဟွမ်က အမိန့်တော်ပြန်တမ်း ထုတ်ပြန်လိုက်ပြီ။ ဒုတိယမင်းသားကို အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်ပြီတဲ့"

"ဒီနေ့ည အရှေ့နန်းဆောင်ရော အနောက်နန်းဆောင်မှာပါ စားတော်ပွဲ ကျင်းပနေကြတာ။ ဟွမ်ဟုပ်ညန်ညန်က ကျွန်မကို ကြည့်မရဖြစ်နေပြီး ပါးစပ်ဟတာနဲ့တင် မောင်းထုတ်လိုက်တယ်။ ကူးမူကလဲ ဒဏ်ရာအပြင်းအထန် ရထားတာ။ အဖေကလဲ ရာထူးချခံလိုက်ရတယ်။ အခုဆိုရင် ဘယ်သူကများ ကျွန်မလို တတိယမင်းသားကြင်ရာတော်တို့ မျက်လုံးထဲထည့်တော့မှာလဲ"

"ကူးမူ မြန်မြန်သက်သာအောင်လုပ်ပြီး မုန့်မိသားစုအတွက် ဝင်ပါပေးပါအုံး။ ဒီအတိုင်းသာဆက်သွားရင် ကျွန်မတို့ နန်းတော်ထဲမှာ နေစရာနေရာတောင် ရှိမှာမဟုတ်တော့ဘူး!"

ကျင့်အန်းကုန်းကျူ "..."

ပုံမှန်အားဖြင့် စိတ်သဘောထားနူးညံ့သိမ်မွေ့သည့် ကျင့်အန်းကုန်းကျူသည် မုန့်ကွေ့ဖေး၏ ဝမ်းနည်းဒေါသထွက်ကာ မျက်နှာတစ်ခုလုံး နီရဲလာသည်ကို မြင်လိုက်ရသောအခါ ဝမ်းနည်းခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောထွေးသွားပြီး မုန့်ယွင်လော်ကို အော်ဟစ်မိလိုက်တော့သည်။ "စန်းစောင်! မူဖေးက ဒီလိုဖြစ်နေတာကို နင်က ဘာဖြစ်လို့ ဒါတွေလာပြောနေတာလဲ။ မူဖေးက သေဘေးကနေ လွတ်ကင်းခါစပဲ ရှိသေးတာကို နင်က သေစေချင်နေတာလား"

မုန့်ယွင်လော်သည် အော်ငေါက်ခံလိုက်ရသဖြင့် ကြောင်းအမ်းအမ်း ဖြစ်သွားပြီး စိတ်အနည်းငယ် ငြိမ်သက်သွားတော့၏။ ထို့နောက်တွင်တော့ ကုတင်ပေါ်က မုန့်ကွေ့ဖေးမှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်ကို မြင်လိုက်ရသောအခါ ကြောက်ရွံ့ခြင်းနှင့် နောင်တရစိတ်တို့ ဖြစ်ပေါ်လာတော့သည်။

ဟုတ်သားပဲ။ ကူးမူးက အခုမှ သက်သာလာစပဲရှိသေးတယ်။ ဒေါသကြောင့် ပြန်ပြီးသတိလစ်သွားလို့ မဖြစ်ဘူးလေ။

မုန့်ယွင်လော်က ငိုယိုပြီး ပြောလိုက်လေသည်။ "ကူးမူ စိတ်မလှုပ်ရှားပါနဲ့။ မြန်မြန် စိတ်လျှော့လိုက်ပါတော့ တော်ဝင်သမားတော်ရော တော်ဝင်သမားတော်ကို မြန်မြန်သွားခေါ်ကြ!"

စကားမဆုံးခင်မှာပင် မုန့်ကွေ့ဖေးသည် မျက်လုံးများ လှန်သွားပြီး သတိလစ်မေ့မြောသွားလေတော့သည်။

...

ဝမ်ဟွားနန်းဆောင်ထဲတွင် စားတော်ပွဲသည် အစည်းကားဆုံးအချိန်သို့ ရောက်ရှိလို့နေသည်။

အတွင်းနန်းဆောင် ကုန်းကုန်းတစ်ဦးသည် လျိုကုန်းကုန်း အနားသို့ အလျင်အမြန် လျှောက်သွားလိုက်ပြီး စကားအနည်းငယ် တီးတိုးပြောလိုက်၏။

လျိုကုန်းကုန်းသည် မျက်မှောင်ကြုတ်သွားပြီး ကံမကောင်းပါလားဟု သက်ပြင်းချလိုက်သော်ငြားလည်း အချိန်ဆွဲမနေရဲချေ။ ယုံးကျားဧကရာဇ်၏ အနားသို့ တိတ်တဆိတ် လျှောက်သွားလိုက်လေသည်။

ယုံးကျားဧကရာဇ်သည် မှူးမတ်များနှင့်အတူ ခွက်ချင်းတိုက်ဂုဏ်ပြုနေပြီး မျက်နှာပေါ်တွင် ဒီရက်ပိုင်းအတွင်း ပထမဦးဆုံးအကြိမ် အပြုံးတစ်ခု ဖြစ်ပေါ်လို့နေ၏။

လျိုကုန်းကုန်းက ခါးကိုကိုင်းကာ ယုံးကျားဧကရာဇ်၏ နားနားသို့တိုးကပ်သွားပြီး တိုးတိုးလေး လျှောက်တင်လိုက်တော့သည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ယန်ရှီနန်းဆောင်ကလူတွေ သတင်းပို့လာပါတယ်။ မုန့်ယွင်လော်က ယန်ရှီနန်းဆောင်ကိုသွားပြီး ဘာစကားတွေ ပြောလိုက်လဲမသိဘူး။ မုန့်ကွေ့ဖေးက ဒေါသထွက်ပြီး သတိလစ်သွားပါတယ်။ တော်ဝင်သမားတော်တွေက မုန့်ကွေ့ဖေးကို အပ်စိုက်ပြီး အရေးပေါ်ကုသပေးနေကြပါတယ် ..."

စကားမဆုံးခင်မှာပင် ယုံးကျားဧကရာဇ်၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး အရက်ခွက်ကို ဒုန်းခနဲ ချလိုက်တော့၏။

မှူးမတ်အရာရှိများအားလုံးမှာ ထိတ်လန့်သွားကြတော့သည်။

လီကျင့်သည် ယုံးကျားဧကရာဇ်၏ ဘေးတွင်ထိုင်နေသူဖြစ်ပြီး စကားတစ်စွန်းတစ်စ ကြားလိုက်ရုံဖြင့် အကြောင်းအရာကို ခန့်မှန်းမိလိုက်တော့၏။

ယနေ့သည် သူ အိမ်ရှေ့စံဖြစ်သည့် ပထမဦးဆုံးနေ့ပင်။ မုန့်ကွေ့ဖေးသာ ယနေ့ဒေါသထွက်ပြီး သေဆုံးသွားပါက နိမိတ်မကောင်းလှချေ။

ထို့ကြောင့် လီကျင့်သည် ယုံးကျားဧကရာဇ်ကို အလိုက်တသိ ပြောလိုက်လေတော့သည်။ "ဒီနေရာမှာ သားတော်ရှိနေပါတယ်။ ဖုဟွမ် စိတ်ချလက်ချသွားကြည့်လိုက်ပါ"

...

အပိုင်း (၂၅၄) ဂယက်ရိုက်ခတ်ခြင်း

ယုံးကျားဧကရာဇ်သည် ဆက်လက်ထိုင်နေနိုင်စွမ်း မရှိတော့ချေ။ ခေါင်းကို အနည်းငယ်ညိတ်ကာ မှာကြားလိုက်လေသည်။ "အိမ်ရှေ့စံပဲ နန်းတွင်းစားပွဲတော်ကို ဆက်ပြီး ကြီးကြပ်လိုက်ပါ။ ကျန်း သွားကြည့်ပြီး ပြန်လာခဲ့မယ်"

မူးမတ်များက နှုတ်ဆက်ဂါရဝပြုသည်ကိုပင် မစောင့်ဆိုင်းတော့ဘဲ ယုံးကျားဧကရာဇ်သည် နေရာမှထကာ ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာသွားလေတော့သည်။

ပထမမင်းသားသည်လည်း တစ်စုံတစ်ခုကို တွေးမိလိုက်ဟန်တူပြီး လီကျင့်အား "ငါလည်း ယန်ရှီးနန်းဆောင်ကို လိုက်သွားလိုက်ဦးမယ်" ဟု အလျင်အမြန် ပြောဆိုကာ ထွက်ခွာသွားသော ခမည်းတော်၏ နောက်သို့ အပြေးလိုက်ပါသွားလေသည်။

အနောက်နန်းဆောင်တွင် ယုံးကျားဧကရာဇ်ကို တုန်လှုပ်သွားအောင် ပြဿနာရှာနိုင်သူမှာ မုန့်ကွေ့ဖေးတစ်ပါးသာ ရှိပေလိမ့်မည်။

မူးမတ်များအားလုံးသည် စိတ်ထဲတွင် ကိုယ်စီ တွေးတောခန့်မှန်းလိုက်ကြပြီး လီကျင့် မည်သို့ ဖြေရှင်းမည်ကို စောင့်ကြည့်ရန်အတွက် သူ၏ မျက်နှာထက်သို့ အကြည့်များ ရောက်ရှိလာကြသည်။

လီကျင့်၏ မျက်နှာထားသည် ပြောင်းလဲခြင်း မရှိဘဲ တိုင်းပြည်အမွေခံ မင်းသားတစ်ပါး၏ တည်ငြိမ်ရင့်ကျက်သော အသွင်အပြင်ကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်၏။ သူသည် ခွက်ကို မြှောက်ကာ မူးမတ်များကို ပြုံးရွှင်စွာ ပြောလိုက်လေသည်။

"နန်းတွင်းထဲမှာ မတော်တဆ ကိစ္စလေးတွေ ရှိတတ်စမြဲမို့လို့ ဖုဟွမ် သွားကြည့်တာပါ။ တိုင်းရေးပြည်ရာနဲ့ မသက်ဆိုင်တဲ့အတွက် အမတ်မင်းတို့ စိတ်လှုပ်ရှားမနေကြပါနဲ့။ ကျွန်တော် အားလုံးကို ဂုဏ်ပြုပြီး တစ်ခွက်မော့လိုက်ပါတယ်"

ကြည့်စမ်း။ ဒါမှ အိမ်ရှေ့စံတစ်ပါးရဲ့ ဂုဏ်ဒြပ်ဆိုတာမျိုး။

အနောက်နန်းဆောင်က အပြိုင်အဆိုင် နေကြတာတွေက ဘာမှ မဟုတ်ပါဘူး။ လတ်တလော အရေးအကြီးဆုံး နိုင်ငံရေးကိစ္စက သာ့ဝေတိုင်းပြည်မှာ အိမ်ရှေ့စံတစ်ပါး ရှိလာတာပဲလေ။ ဒါကလွဲရင် ကျန်တာတွေက အသေးအမွှားကိစ္စတွေပဲ။ လီကျင့်က အိမ်ရှေ့စံတစ်ယောက်အနေနဲ့ တည်ငြိမ်နေမှ ဖြစ်မှာ။

မူးမတ်များ၏ ရင်ထဲမှ စိုးရိမ်စိတ်များသည် ပျောက်ကွယ်သွားကြပြီး အပြုံးများဖြင့် ခွက်ကို မြှောက်ကာ ပြန်လည် ဂုဏ်ပြုလိုက်ကြလေသည်။

လီကျင့်သည် ပုံမှန်အတိုင်းပင် ရယ်မော စကားပြောဆိုနေသည်။ လီဟောက်သည် ထိုအရာကို ကြည့်ရင်း ရင်ထဲတွင် လေးလံသွားရတော့သည်။

ယခုအချိန်တွင် လီဟောက်သည် ပြဿနာရှာလိုက်သူမှာ မုန့်ယွင်လော် ဖြစ်ကြောင်း မသိရှိသေးသဖြင့် ဆက်လက် ထိုင်နေနိုင်ခြင်းပင်။

နန်းတွင်းစားပွဲတော် ပြီးဆုံးသွားသည် အထိ ယုံးကျားဧကရာဇ်နှင့် ပထမမင်းသားတို့ ပြန်ရောက်မလာကြပေ။

လီကျင့်သည် လုမင်ယွိကို ကြိုပြီး အိမ်တော်သို့ အတူပြန်ရန် ကျောင်းဖန်နန်းဆောင်သို့ သွားလေသည်။ လီဟောက်သည် အားတင်းကာ ပြုံးလိုက်ပြီး "အာ့ကော... ကျွန်တော်လည်း အစ်ကိုနဲ့အတူ ကျောင်းဖန်နန်းဆောင်ကို လိုက်ခဲ့မယ်"

လီဟောက်၏ အတွေးထဲတွင် မုန့်ယွင်လော်သည်လည်း ကျောင်းဖန်နန်းဆောင်တွင် ရှိနေမည်မှာ သေချာသလောက်ပင်။

မုန့်မိသားစု ကံဆိုးမိုးမှောင်ကျပြီး အပြစ်ပေးခံထားရသော်လည်း ချက်ချင်းကြီး မျက်နှာပြောင်းလိုက်၍ မဖြစ်သေးပေ။ ပြောင်းပြန်အားဖြင့်ဆိုရသော် ဒီလိုအချိန်မျိုးမှသာ မုန့်ယွင်လော်အပေါ်ထားရှိသည့် သူ၏ "စစ်မှန်သော မေတ္တာတရား" ကို ထုတ်ဖော်ပြသနိုင်မည် မဟုတ်ပါလား။

လီကျင့်သည် လီဟောက်ကို တစ်ချက် ကြည့်လိုက်သည်။ နက်ရှိုင်းသော မျက်ဝန်းများထဲတွင် လှောင်ပြောင်သရော်လိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ခေါင်းကို အသာညိတ်လိုက်လေသည်။ "ကောင်းပြီလေ။ ငါတို့ ညီအစ်ကိုနှစ်ယောက် အတူတူ သွားကြတာပေါ့"

စတုတ္ထမင်းသားသည် ပွဲစည်သည့်နေရာဆိုလျှင် မပါမဖြစ် ဝင်ပါတတ်သူ ပီပီ ချက်ချင်းပင် ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "ကျွန်တော်လည်း အာ့ကော၊ စန်းကောတို့နဲ့အတူ လိုက်မယ်"

ပဉ္စမမင်းသား လီချန်ကတော့ စကားတစ်ခွန်းမှ မဆိုဘဲ လီဟောက်၏ နောက်မှသာ လိုက်ပါလာခဲ့သည်။ ဤသို့ဖြင့် ညီအစ်ကိုလေးယောက်သား ကျောင်းဖန်နန်းဆောင်သို့ အတူတကွ ရောက်ရှိလာကြတော့သည်။

ယခုအချိန်တွင် အနောက်နန်းဆောင်၏ စားပွဲတော်သည်လည်း ပြီးဆုံးသွားပြီ ဖြစ်သည်။

ချောင်မိဖုရားခေါင်သည် စိတ်လက်ကြည်သာနေပြီး ယနေ့ညတွင် အရက်အနည်းငယ် သောက်ထားသဖြင့် ရီဝေေဝ ဖြစ်နေလေသည်။ သူမသည် မင်းသားများကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်၏။ "မင်းတို့ ရောက်လာတာ အတော်ပဲ။ ကိုယ့်မိန်းမ ကိုယ်ခေါ်ပြီး ပြန်ကြတော့"

ပြောပြီးသည်နှင့် တစ်ခုခု လွဲနေသည်ဟု ခံစားလိုက်ရကာ "ပထမမင်းသားက ဘာလို့ ရောက်မလာတာလဲ" ဟု မေးလိုက်သည်။ ထို့နောက် လီဟောက်ဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။

"စန်းဟွမ်စစ်ဖေးက စားပွဲဝိုင်းမှာ အနေအထိုင် အပြောအဆို မဆင်ခြင်လို့ ပန်ကုံး သူ့ကို စောစောစီးစီး ပြန်နားခိုင်းလိုက်ပြီ။ မင်း ဒီကိုလာတာ အလကား ဖြစ်သွားပြီ"

ချောင်မိဖုရားခေါင်၏ စကားကြောင့် ပထမမင်းသားကြင်ရာတော်၏ မျက်နှာတွင် ရှက်ရွံ့အားနာစိတ်များ ပေါ်ပေါက်လာသည်။

လီဟောက်၏ ရင်ထဲတွင်တော့ ထိတ်ခနဲ ဖြစ်သွားပြီး မကောင်းသော ထင်မြင်ယူဆချက်များ ဝင်ရောက်လာတော့သည်။

လီကျင့်သည်လည်း တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး ချောင်မိဖုရားခေါင်ကို လျှောက်တင်လိုက်လေသည်။ "စောစောက စားပွဲတော် ခင်းကျင်းနေတုန်း ယန်ရှီးနန်းဆောင်က လူလွှတ်ပြီး သတင်းလာပို့လို့ ဖုဟွမ်နဲ့ အစ်ကိုကြီးတို့ ယန်ရှီးနန်းဆောင်ကို သွားကြပါတယ်"

ချောင်မိဖုရားခေါင်မှာ အရက်ရှိန်ကြောင့် ခေါင်းမကြည်မလင် ဖြစ်နေသဖြင့် ချက်ချင်း နားမလည်ပေ။ လုမင်ယွိကတော့ ဖြတ်ထိုးဉာဏ် ကောင်းစွာဖြင့် ချက်ချင်း ဝင်ပြောလိုက်လေသည်။ "မုန့်ယွင်လော်ကများ ယန်ရှီးနန်းဆောင်ကို သွားပြီး ကွေ့ဖေးကို မပြောသင့်တဲ့ စကားတွေ သွားပြောမိလို့များလား"

အိမ်ရှေ့စံ တင်မြှောက်လိုက်ခြင်းက ဒုတိယမင်းသား ဘက်တော်သားတွေအတွက်တော့ ကောင်းကင်ဘုံကပေးတဲ့ လက်ဆောင်လို သတင်းကောင်းမျိုးပေါ့။ မုန့်ကွေ့ဖေးအတွက်ကျတော့ သတင်းဆိုးကြီး ဖြစ်နေမှာ။ မုန့်ကွေ့ဖေးရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် ဒီသတင်းကြားပြီး ဒေါသထွက် မမေ့လဲသွားတာကမှ ထူးဆန်းနေဦးမယ်။

လီဟောက်၏ မျက်နှာထားသည် ရုတ်ချည်း ပျက်ယွင်းသွားတော့သည်။ သူက လက်ကို ယှက်ကာ ပြောလိုက်တော့သည်။ "ကျွန်တော် အခုပဲ ယန်ရှီးနန်းဆောင်ကို သွားပြီး အကျိုးအကြောင်း သွားမေးလိုက်ပါဦးမယ်"

စတုတ္ထမင်းသားကလည်း လိုက်သွားချင်သဖြင့် ပြင်လိုက်သော်လည်း ချင်ဖေးက အင်္ကျီလက်စကို လှမ်းဆွဲထားလိုက်လေသည်။ "မိုးချုပ်နေပြီ။ စောစောပြန်ပြီး နားလိုက်တော့"

ပွဲကြည့်ချင်ရင်လည်း အချိန်အခါလေးတော့ ကြည့်ဦးမှပေါ့။ မုန့်ကွေ့ဖေးက အမှားကြီး ကျူးလွန်ထားရင်တောင် သူက ယုံးကျားဧကရာဇ်ရဲ့ အသည်းနှလုံးလေ။ ပွဲကြည့်ဖို့ နေနေသာသာ ယုံးကျားဧကရာဇ်ရဲ့ ဒေါသမီးက ကိုယ့်ဆီ ကူးစက်လာဦးမယ်။

စတုတ္ထမင်းသားသည် မကျေနပ်သော်လည်း ချင်ဖေး၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရတော့သည်။ စူးဖေးသည်လည်း လီချန်ကို ခေါ်ဆောင်ကာ နှုတ်ဆက်ထွက်ခွာသွားလေသည်။

ချွေးမဖြစ်သူ ပြဿနာ ရှာထားသော်လည်း စူးဖေးသည် သိပ်ပြီး စိတ်ပူပန်ပုံ မရချေ။ ယန်ရှီးနန်းဆောင်သို့ သွားရောက် ကြည့်ရှုလိုစိတ်လည်း မရှိဘဲ ယိဟွားနန်းဆောင်သို့သာ အေးအေးလူလူ ပြန်လာခဲ့သည်။ လီချန်သည် လမ်းတစ်လျှောက်လုံး မျိုးသိပ်လာခဲ့သမျှ ယိဟွားနန်းဆောင်သို့ ရောက်သောအခါမှ မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။

"မူဖေး... ယန်ရှီးနန်းဆောင်ကို သွားမကြည့်တော့ဘူးလား"

စူးဖေးက နှုတ်ခမ်းကို မဲ့လိုက်ပြီး နှာခေါင်းရှုံ့လိုက်လေသည်။ "နင့်ရဲ့ အဲဒီစန်းစောင်... နင့်စန်းကောနဲ့ လက်ထပ်ပြီးတာတောင် စိတ်က ကွေ့ဖေးဆီမှာပဲ ရှိနေတာ။ ဒီည ပြဿနာတက်တာ ကောင်းတယ်။ နောက်ဆို သူ ယန်ရှီးနန်းဆောင်ကို သွားဦးမလား ကြည့်ရသေးတာပေါ့"

လီချန်သည် ခဏမျှ ဆွံ့အသွားပြီးမှ ပြောလိုက်သည်။ "စန်းကောရဲ့ မိန်းမ အပြစ်ပေးခံရရင် စန်းကောနဲ့ ကျွန်တော်တို့ကိုပါ ထိခိုက်လာမှာ မူဖေး မကြောက်ဘူးလား"

စူးဖေးက ထပ်ပြီး နှာခေါင်းရှုံ့လိုက်ပြန်သည်။ ပြောလိုက်သည့် စကားလုံးများကလည်း ပို၍ စူးရှလာ၏။

"ကြောက်နေလို့ကော ဘာထူးမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရောပြီး ပါလာမှာပဲဟာ။ ငါက သူ့အတွက် သွားပြီး အသနားခံပေးရဦးမှာလား။ ဒီတစ်ခါ သင်ခန်းစာရသွားရင် နောက်ဆို ဘယ်သူ့ကို ပိုခင်တွယ်သင့်လဲဆိုတာ သူ သိသွားမှာပေါ့"

လီချန်သည် ပါးစပ်ပိတ်ထားလိုက်ရတော့သည်။

...

ယန်ရှီးနန်းဆောင်။

သမားတော်ချုပ်ကျိုးသည် သတိမေ့မြောနေသော မုန့်ကွေ့ဖေးအား အပ်စိုက်ကုသပေးနေလေသည်။

မျက်လုံးများ နီရဲနေအောင် ငိုကြွေးထားသော ကျင့်အန်းမင်းသမီးသည် ပထမမင်းသား၏ ပခုံးပေါ်တွင် ခေါင်းမှီထားလေသည်။ ပထမမင်းသားသည် ခါးကို မတ်မတ်ထား၍ ရပ်နေသော်လည်း သူ၏ စိတ်နှလုံးမှာမူ ရေပုံး၁၅ပုံးဖြင့် ရေခပ်နေသကဲ့သို့ နိမ့်ချည်မြင့်ချည်ဖြင့် ဂယောက်ဂယက် ဖြစ်နေရတော့သည်။

ယုံးကျားဧကရာဇ်သည် ကုတင်ဘေးတွင် ထိုင်ကာ မျက်နှာတစ်ခုလုံး စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေသည်။

ပြဿနာမီးမွှေးခဲ့သူ တတိယမင်းသားကြင်ရာတော် မုန့်ယွင်လော်သည်လည်း မျက်လုံးများ နီရဲနေအောင် ငိုကြွေးထားပြီး မုန့်ကွေ့ဖေး၏ ကုတင်ဘေးတွင် ဒူးထောက်လျက် ရှိနေသည်။ သူမ၏ ရင်ထဲတွင် အူများ စိမ်းဖန့်သွားသည်အထိ နောင်တရနေမိတော့သည်။

သူ ဘာလို့ သေသေချာချာ မစဉ်းစားမိခဲ့တာပါလိမ့်။ စိတ်လိုက်မာန်ပါ လုပ်မိလိုက်လို့ မုန့်ကွေ့ဖေး ဒေါသထွက်ပြီး မေ့လဲသွားရတာလေ။ တကယ်လို့ မုန့်ကွေ့ဖေးသာ တစ်ခုခု ဖြစ်သွားရင် အပြစ်တွေအားလုံး သူ့ခေါင်းပေါ် ရောက်လာတော့မှာ မဟုတ်လား။

ကူးမူ... အသက်တော့ မထွက်သွားပါနဲ့ဦးနော်။ မျက်လုံးဖွင့်ပြီး စကားလေးတစ်ခွန်းလောက်တော့ ပြောပါဦး။

ကံဆိုးစွာပင် ကောင်းကင်ဘုံသည် သူမ၏ ဆုတောင်းသံကို ကြားပုံမရချေ။ သမားတော်ချုပ်ကျိုးသည် အချိန်အတော်ကြာအောင် အလုပ်ရှုပ်နေပြီးနောက် မုန့်ကွေ့ဖေး၏ အသက်ရှူသံမှာ အနည်းငယ် တည်ငြိမ်သွားသော်လည်း သတိပြန်မလာသေးချေ။

ယုံးကျားဧကရာဇ်သည် ရင်ထဲမှ ဒေါသမီးများကို ဖွင့်ထုတ်စရာ နေရာမရှိဖြစ်နေရာမှ ခေါင်းကိုလှည့်ကာ မုန့်ယွင်လော်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်လေသည်။

မုန့်ယွင်လော်သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ငိုကြွေးကာ အပြစ်ပေးရန် တောင်းဆိုလိုက်တော့သည်။ "အာရှီ မိုက်မဲပြီး အပြောအဆို မဆင်ခြင်မိတာပါ။ ဖုဟွမ် အပြစ်ပေးတော်မူပါ"

ယုံးကျားဧကရာဇ်သည် ယောက္ခမတစ်ယောက်အနေဖြင့် ချွေးမများအပေါ် အမြဲတမ်း သဘောကောင်းခဲ့ပြီး စကားကြမ်းကြမ်းတမ်းတမ်း တစ်ခါမျှ မပြောဆိုခဲ့ဖူးပေ။ ယခုအချိန်တွင်မူ ဒေါသအမျက် ခြောင်းခြောင်းထွက်နေသဖြင့် တတိယချွေးမ၏ မျက်နှာကို ထောက်ထားမနေတော့ဘဲ အေးစက်စွာ ပြောလိုက်လေသည်။

"ကွေ့ဖေး ဘာမှမဖြစ်ရင်တော့ အကောင်းဆုံးပဲ။ တကယ်လို့များ တစ်ခုခုဖြစ်သွားခဲ့ရင် မင်းရဲ့လျှာကို ဖြတ်၊ အသံဆွံ့ဆေး တစ်ခွက်တိုက်ပြီး နောက်နောင် ပေါက်ကရတွေ လျှောက်ပြောရဲဦးမလားဆိုတာ ကြည့်ရသေးတာပေါ့"

မုန့်ယွင်လော်သည် ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး ပျော့ခွေသွားကာ မျက်နှာကို အုပ်၍သာ ငိုကြွေးနေမိတော့သည်။

ထိုအချိန်မှာပင် လီဟောက်သည် ယန်ရှီးနန်းဆောင်သို့ ရောက်ရှိလာခဲ့သည်။ လီဟောက်သည် မုန့်ကွေ့ဖေး၏ အိပ်ဆောင်အတွင်းသို့ ဝင်ရောက်ခွင့် မရှိသဖြင့် အိပ်ဆောင်အပြင်ဘက်တွင်သာ ဒူးထောက်လိုက်လေသည်။

"လျိုကုန်းကုန်း... ဖုဟွမ်ကို လျှောက်တင်ပေးပါ။ မုန့်ယွင်လော်က နှုတ်စောင့်စည်းမှု ပျက်ကွက်ခဲ့တဲ့အတွက် သူ့ကိုယ်စား ကျွန်တော်က ဖုဟွမ်ဆီမှာ အပြစ်လာတောင်းပန်တာပါလို့"

လျိုကုန်းကုန်းသည် အိပ်ဆောင်ထဲသို့ ဝင်သွားပြီး ခဏအကြာတွင် ပြန်ထွက်လာသည်။ သူနှင့်အတူ အသက်ရှူမှားမတတ် ငိုကြွေးနေသော မုန့်ယွင်လော်လည်း ပါလာလေသည်။

မုန့်ယွင်လော်သည် မြေပြင်ပေါ်သို့ ဝပ်ဆင်းလိုက်ပြီး လီဟောက်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

"အရှင်မင်းသား... အားလုံးက ကျွန်မ ပါးစပ်မစောင့်စည်းမိလို့ ဖြစ်ရတာပါ။ ကွေ့ဖေးက အခုထိ သတိမရသေးဘူး။ ဖုဟွမ်က ပြောတယ်။ တကယ်လို့ ကွေ့ဖေးသာ တစ်ခုခုဖြစ်သွားရင် ကျွန်မရဲ့ လျှာကိုဖြတ်ပြီး အသံဆွံ့ဆေး တိုက်မယ်တဲ့"

ပါးစပ်ဖွာလွန်းလို့သာ ဒီလိုပြဿနာတွေ ဖြစ်လာရတာလေ။ ဖုဟွမ် ပြောတာ မမှားပါဘူး။ ဒီလောက် ဦးနှောက်မရှိတဲ့ အရူးမက လျှာဖြတ်ခံရတာတောင် နည်းသေးတယ်။

လီဟောက်သည် စိတ်ထဲတွင် ဒေါသထွက်ကာ စိတ်ရှုပ်နေသော်လည်း အတင်းအောင့်အီး သည်းခံထားလိုက်ရသည်။ မိမိ၏ အင်္ကျီလက်စဖြင့် ထိုအရူးမ၏ မျက်ရည်များနှင့် နှပ်များကို သုတ်ပေးလိုက်ပြီး တစ်သက်နှင့်တစ်ကိုယ် မရှိဖူးလောက်အောင် စိတ်ကို ထိန်းချုပ်ကာ နူးညံ့သော အသံဖြင့် ပြောလိုက်လေသည်။

"ဖုဟွမ်က ဒေါသထွက်ပြီး ပြောလိုက်တာပါ။ မကြောက်ပါနဲ့။ ကိုယ် ရှိပါတယ်။ မင်းကို ဘာမှ အဖြစ်မခံပါဘူး"

မုန့်ယွင်လော်သည် ကြည်နူးဝမ်းသာသွားပြီး ထပ်ပြီး ငိုကြွေးပြန်ရာ မျက်ရည်များနှင့် နှပ်များက မျက်နှာတစ်ခုလုံး ပေကျံကုန်တော့သည်။

လီဟောက် "..."

...

အပိုင်း (၂၅၅) နာကျင်မှု

ဒုတိယမြောက်နေ့ အာရုဏ်တက်ချိန်တွင် မုန့်ကွေ့ဖေး သတိရလာခဲ့လေသည်။

ယုံးကျားဧကရာဇ်သည် သန်းခေါင်ကျော် သုံးချက်တီးအချိန်အထိ စောင့်ဆိုင်းပြီးမှ ဝမ်ဟွာနန်းဆောင်သို့ ပြန်သွားခဲ့သည်။ ကျင့်အန်းကုန်းကျူခမျာ အိပ်ချင်စိတ်ကို မတောင့်ခံနိုင်တော့သဖြင့် တွဲကူဖေးမကာ ဘေးခန်းဆောင်တွင် ဝင်ရောက်အနားယူစေခဲ့ရသည်။ ကုတင်ဘေးတွင် စောင့်ဆိုင်းနေသူမှာ ပထမမင်းသားပင် ဖြစ်လေသည်။

မုန့်ကွေ့ဖေး မျက်လုံးပွင့်လာသောအခါ မျက်ဝန်းအကြည့်များက ဗလာသက်သက် ဖြစ်နေတော့သည်။

တစ်ညလုံး အိပ်စက်ခြင်းမရှိခဲ့သည့် ပထမမင်းသား၏ မျက်လုံးများမှာ နီရဲနေပြီး အသံများမှာလည်း အက်ကွဲနေလေသည်။ “မူဖေး... မူဖေး နောက်ဆုံးတော့ သတိရလာပြီပဲ”

မုန့်ကွေ့ဖေးသည် အသံတစ်စွန်းတစ်စမျှ ထွက်မလာခဲ့ချေ။

ပထမမင်းသားသည် မုန့်ကွေ့ဖေးမှာ အားအင်နည်းပါးပြီး စကားမပြောနိုင် ဖြစ်နေသည်ဟု ထင်မှတ်လိုက်ကာ လေသံတိုးတိုးဖြင့် အလျင်အမြန် ပြောလိုက်လေသည်။ “မူဖေး... တောင်စိမ်းသာရှိနေရင် ထင်းခွေစရာမရှိမှာ ပူစရာမလိုပါဘူး။ မူဖေးသာ ဒေါသကြောင့် တစ်ခုခုဖြစ်သွားရင် ကျွန်တော်နဲ့ ကျင့်အန်းတို့ ဘယ်လိုလုပ်ကြမလဲ။ မူဖေးက ကျွန်တော်တို့အတွက်နဲ့ပဲ ဒီလေတစ်လုပ်ကို တောင့်ခံထားပြီး ကျန်းမာအောင်နေပါနော်”

“ကျွန်တော်က မူဖေး စိတ်ဒေါသထွက်မှာ စိုးရိမ်လို့ အိမ်ရှေ့စံ တင်မြှောက်လိုက်တဲ့ကိစ္စကို ဖုံးကွယ်ထားခဲ့တာပါ”

“ညီမဝမ်းကွဲက ပါးစပ်စည်းမရှိဘဲ လျှောက်ပြောခဲ့တာပါ။ တကယ်တမ်းတော့ သူက စိတ်ရင်းယုတ်မာတာ မဟုတ်ပါဘူး။ မနေ့ညက မူဖေး သတိမေ့နေတုန်း ဖုဟွမ်က ဒေါသထွက်လွန်းလို့ ညီမဝမ်းကွဲရဲ့ လျှာကို ဖြတ်ပစ်မယ်လို့တောင် ပြောခဲ့တာ။ ညီမဝမ်းကွဲခမျာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားရှာတယ်။ အခု မူဖေး သတိရလာပြီဆိုတော့ ကျွန်တော် စာရေးပြီး စန်းတိဆီ သတင်းပို့လိုက်ပါ့မယ်...”

အချိန်အတော်ကြာသည်အထိ မုန့်ကွေ့ဖေးမှာ တုံ့ပြန်ခြင်း မရှိသေးချေ။

ပထမမင်းသားသည် နောက်ဆုံးတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိလိုက်ပြီး မုန့်ကွေ့ဖေး၏ အေးစက်နေသော လက်ကို ဆုပ်ကိုင်လိုက်လေသည်။ “မူဖေး... မူဖေး”

အကြိမ်ပေါင်းများစွာ အော်ခေါ်လိုက်တော့မှ အသံများပင် တုန်ခါလာတော့သည်။

မုန့်ကွေ့ဖေးသည် နောက်ဆုံးတွင် ပထမမင်းသားကို တစ်ချက်ကြည့်လိုက်လေသည်။

ထိုအကြည့်သည် မီးလောင်ကျွမ်းပြီးခါနီး မီးပွားလေးတစ်ခုကဲ့သို့ မှိန်ဖျော့ကာ မျှော်လင့်ချက် ကင်းမဲ့နေတော့သည်။

ပထမမင်းသားသည် နှလုံးသားကို ဓားဖြင့်မွှန်းလိုက်သလို နာကျင်ခံစားလိုက်ရပြီး မုန့်ကွေ့ဖေး၏ လက်ကို ဆုပ်ကိုင်ကာ မျက်ရည်ကျလာလေသည်။ “အိမ်ရှေ့စံ တင်မြှောက်တဲ့ကိစ္စကြောင့် မူဖေး ဒေါသထွက်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်ကိုယ်တိုင်ရော ဝမ်းမနည်းဘဲ စိတ်မပျက်ဘဲ နေပါ့မလား”

“ဖုဟွမ်က ကျွန်တော့်ကို အချစ်ဆုံးလေ။ ကျွန်တော် ၅နှစ်သားအရွယ်ကတည်းက ဖုဟွမ်ကိုယ်တိုင် မြင်းစီးသိုင်းကစားတာတွေကို သင်ပေးခဲ့တာ။ ညီလာခံကိုလည်း ပထမဆုံး တက်ခွင့်ရခဲ့သလို ဖုဟွမ်ရဲ့ဘေးမှာ စာရေးစာဖတ် လုပ်ခွင့်ရခဲ့တာ။ ဖုဟွမ်က ကျွန်တော့်ကို စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့တာ အာ့တိထက်တောင် ပိုပြီးကောင်းသေးတယ်”

“ဖုဟွမ်က ကျွန်တော့်ကို အိမ်ရှေ့စံအဖြစ် တင်မြှောက်လိမ့်မယ်လို့ ကျွန်တော် အမြဲတမ်း ထင်ခဲ့မိတယ်။ တကယ်တမ်းကျတော့ ဖုဟွမ်က အဲဒီလို တွေးခဲ့တာ မဟုတ်ပါဘူး”

“ဖုဟွမ်က ကျွန်တော့်ကို ဘယ်လောက်ပဲ ချစ်တယ်ပြောပြော ကျွန်တော်လို မယားငယ်ကမွေးတဲ့ သားကို အိမ်ရှေ့စံအဖြစ် ဘယ်တော့မှ တင်မြှောက်မှာ မဟုတ်ဘူး။ ဖုဟွမ်ရဲ့ စိတ်ထဲမှာ တရားဝင်မယားကြီးကမွေးတဲ့ သားကသာ ပိုပြီးအရေးပါခဲ့တာပါ”

“မူဖေးက မိဖုရားခေါင်နဲ့ တိုက်ခိုက်လာတာ ဒီလောက်နှစ်တွေ ကြာခဲ့ပြီ။ တရားဝင်မယားကြီးဆိုတဲ့ ဂုဏ်ပုဒ်ကလွဲရင် ဘာမဆို သူ့ထက်သာလွန်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်တို့က သူတို့သားအမိကို ရှုံးနိမ့်သွားခဲ့ရပြီ။ မူဖေးရဲ့ စိတ်ထဲမှာ မကျေမနပ်ဖြစ်ပြီး နာကြည်းနေမယ်ဆိုတာ ကျွန်တော် အကုန်နားလည်ပါတယ်”

“ဒါပေမဲ့ လက်ရှိအခြေအနေမှာ ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူး။ မူဖေးသာ ပြန်ကျန်းမာလာပြီး ဖုဟွမ်ရဲ့ စိတ်ကို ဆွဲဆောင်နိုင်ရင် ကျွန်တော်တို့ ပြန်ပြီး အသာစီးရနိုင်မယ့် အခွင့်အရေး ရှိပါသေးတယ်။ တကယ်လို့ မူဖေးသာ ဒီအတိုင်း လက်လွှတ်လိုက်မယ်ဆိုရင် ချစ်တဲ့သူက ဝမ်းနည်းပြီး မုန်းတဲ့သူက ပျော်ရွှင်သွားရုံပဲ ရှိမှာပေါ့”

မည်သည့်စကားလုံးက မုန့်ကွေ့ဖေး၏ စိတ်ကို လှုပ်ရှားသွားစေသည် မသိချေ။

မုန့်ကွေ့ဖေးသည် သူမ၏ လက်ချောင်းများကို ခက်ခဲစွာ လှုပ်ရှားလိုက်ပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်လေသည်။ “စိတ်... စိတ်ချပါ။ ငါ မသေပါဘူး”

ပထမမင်းသားသည် အင်္ကျီလက်စဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။ “ဟုတ်ပါတယ်... မူဖေးက ကောင်းကောင်း ရှင်သန်နေရမှာ။ ဒါမှ နောင်တစ်ချိန်ကို စောင့်ဆိုင်းနိုင်မှာပေါ့”

မုန့်ကွေ့ဖေးက အင်း ဟု ပြန်ဖြေလိုက်ပြီး မျက်လုံးအစုံကို မှိတ်ထားလိုက်တော့သည်။

သူမ ထပ်ပြီး သေကြောင်းကြံတော့မည် မဟုတ်ပေ။ သူမ ကောင်းမွန်စွာ ဆက်ပြီး ရှင်သန်ရမည်။

သူမက လီယွမ်အပေါ်ထားတဲ့ နှလုံးသား သေသွားခဲ့ပြီဖြစ်သော်ငြား ထီးနန်းအရိုက်အရာကို လိုချင်သည့်စိတ်ကတော့ ပိုမိုပြင်းထန် တောက်လောင်လာခဲ့သည်။

ဒီလောကကြီးထဲတွင် ဘယ်သူ့ကိုမှ အားကိုးလို့မရပေ။ တစ်ချိန်တုန်းက စိတ်ရောကိုယ်ပါ နှစ်ပြီးချစ်ခဲ့ရတဲ့ ယောက်ျားကလည်း ဟိုးအစောကြီးကတည်းက ပြောင်းလဲသွားခဲ့ပြီ။ သူမကသာ ကိုယ့်အခြေအနေကိုယ် သတိမထားမိဘဲ သူ့ရဲ့အချစ်ကို အားကိုးပြီး တစ်သက်လုံး စိတ်တိုင်းကျ နေနိုင်မယ်လို့ ထင်ခဲ့မိတာ။ အခုပြန်စဉ်းစားကြည့်တော့ ဘယ်လောက်တောင် သနားစရာကောင်းပြီး ရယ်စရာကောင်းလိုက်သလဲ။

သူမ သေမလိုဖြစ်နေတဲ့အချိန်မှာ သူက လက်တစ်ချက်မတွန့်ဘဲ ကွမ်းပင်းနယ်စားကို နှိပ်ကွပ်လိုက်ပြီး လီကျင့်ကို အိမ်ရှေ့စံအဖြစ် ခန့်အပ်တဲ့ အမိန့်တော်ကို ထုတ်ပြန်လိုက်တယ်။

အဟက်!

ခွေးကောင်!

...

မနက်ခင်းတစ်ခုလုံးတွင် ချောင်မိဖုရားခေါင်၊ ချင်ဖေးနှင့် စူးဖေးတို့သည် လာလိုက်ပြန်လိုက် လုပ်နေကြလေသည်။ ပထမမင်းသားကြင်ရာတော်နှင့် ကျင့်အန်းကုန်းကျူတို့ကတော့ မုန့်ကွေ့ဖေး၏ ဘေးနားတွင် စောင့်ရှောက်နေကြသည်။ တတိယမင်းသားကြင်ရာတော် မုန့်ယွင်လော်လည်း ရောက်လာပြီး ကုတင်ဘေးတွင် ဒူးထောက်ကာ ငိုကြွေးရင်း အပြစ်တောင်းပန်နေတော့သည်။

“ကူးမူ... မနေ့ညက တူမလေး မှားသွားပါတယ်။ အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောသင့်ပါဘူး။ ကူးမူကို ဒေါသထွက်အောင် လုပ်မိသွားတယ်။ ဒီတစ်ခါတော့ တူမလေးကို ခွင့်လွှတ်ပေးပါနော်။ နောက်ဆိုရင် ဘယ်တော့မှ လျှောက်မပြောရဲတော့ပါဘူး”

မုန့်ယွင်လော်သည် ပြီးဆုံးမည့်ပုံမပေါ်ဘဲ တရစပ် ငိုကြွေးနေသဖြင့် မုန့်ကွေ့ဖေးက စိတ်ရှုပ်လာပြီး ကျင့်အန်းကုန်းကျူကို တစ်ချက်ကြည့်လိုက်သည်။

သူ့ကို ထွက်သွားခိုင်းလိုက်!

ကျင့်အန်းကုန်းကျူကလည်း အလိုက်တသိ သဘောပေါက်ပြီး မုန့်ယွင်လော်ကို တွဲထူလိုက်လေသည်။ “စန်းစောင်... မငိုပါနဲ့တော့။ မူဖေးက သတိရလာပါပြီ။ မနေ့ညက ကိစ္စတွေကို ထပ်မပြောကြပါစို့နဲ့။ ဖုဟွမ်ရဲ့ ဒေါသတကြီး ပြောတဲ့စကားကိုလည်း စန်းစောင် စိတ်ထဲမထားပါနဲ့”

ဒါပေါ့ ဒေါသထွက်လို့ ပြောတဲ့စကားပဲလေ။ တကယ်ပဲ ချွေးမတော်ရဲ့ လျှာကို ဖြတ်ပစ်ပါ့မလား။

တစ်ညတာ ကုန်ဆုံးသွားပြီးနောက် မုန့်ယွင်လော်မှာလည်း သိပ်ပြီး မကြောက်ရွံ့တော့ချေ။ ဒီနေ့ မနက်စောစောစီးစီး နန်းတော်ထဲဝင်ပြီး လာတောင်းပန်ခြင်းမှာလည်း အဓိကအားဖြင့် ခေါင်းငုံ့ခံပြီး အမှားဝန်ခံသည့် ပုံစံကို ပြသချင်၍သာ ဖြစ်လေသည်။

မုန့်ယွင်လော်၏ ငိုသံများ တဖြည်းဖြည်း တိတ်သွားပြီး ကျင့်အန်းကုန်းကျူ၏ ဆွဲထူမှုဖြင့် မတ်တပ်ရပ်လိုက်ကာ ရှိုက်သံတိုးတိုးဖြင့် ပြောလိုက်သည်။ “ကူးမူ ကျွန်မကို စိတ်မဆိုးရင် ပြီးတာပါပဲ။ ကူးမူ မြန်မြန် ကျန်းမာလာဖို့ပဲ ဆုတောင်းနေပါတယ်”

မုန့်ကွေ့ဖေးက သူမကို ဂရုစိုက်ဖို့ စိတ်မပါသဖြင့် မျက်လုံးကို မှိတ်ကာ ခေါင်းကို အတွင်းဘက်သို့ လှည့်လိုက်တော့သည်။

ကျင့်အန်းကုန်းကျူကလည်း ပြောလိုက်လေသည်။ “မူဖေးက ငြိမ်ငြိမ်လေး အနားယူရမှာ။ စန်းစောင်... ကျွန်မတို့ အပြင်ထွက်ပြီး စကားပြောရအောင်” ဟုဆိုကာ ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် မုန့်ယွင်လော်ကို အပြင်သို့ ဆွဲထုတ်သွားလေတော့သည်။

ညီလာခံပြီးဆုံးသည်နှင့် ယုံးကျားဧကရာဇ် ရောက်လာပြန်သည်။ မျက်နှာပေါ်တွင်တော့ အော့နှလုံးနာချင်စရာကောင်းလောက်အောင် ဟန်ဆောင်ထားသည့် ဂရုစိုက်မှုများ၊ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေတော့သည်။ “ကျောင်းကျောင်း... မင်းရဲ့ ဒေါသကလည်း ကြီးလွန်းပါလား။ သမားတော်ကြီးကျိုးက ပြောတယ်။ မင်းက အားအင်တွေ အများကြီး ယုတ်လျော့သွားပြီတဲ့။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ကောင်းကောင်း အနားယူမှဖြစ်မယ်။ နောက်ဆိုရင် ဒေါသထွက်စရာတွေ မတွေးနဲ့တော့။ မဟုတ်ရင် နောင်ကျ ရောဂါအမြစ်တွယ်သွားလိမ့်မယ်”

“မင်းသာ တစ်ခုခုဖြစ်သွားရင် ကျန်း ဘယ်လိုလုပ်မလဲ”

ဟန်ဆောင်ကောင်းလိုက်တဲ့ ခွေးကောင်။

သားမယားတွေ တစ်ပုံကြီးနဲ့ သားသမီးတွေလည်း အများကြီး။ အိမ်ရှေ့စံလည်း တင်မြှောက်ပြီးပြီ။ တရားဝင်မြေးတော်ကလည်း နောက်လနည်းနည်းဆိုရင် မွေးလာတော့မယ်။ သူမသာ တကယ်တမ်း သေသွားခဲ့ရင်တောင် သူက နဂါးပလ္လင်ပေါ်မှာ ထိုင်ပြီး ကောင်းကောင်းမွန်မွန် ဆက်ရှင်သန်နေမှာပဲလေ။

သူမနောက်ကို လိုက်ပြီး အသေခံမယ်များ ထင်နေသလား။

မုန့်ကွေ့ဖေးသည် စိတ်ထဲတွင် တွေးတောနေသော်လည်း မျက်ရည်များက မျက်ဝန်းထောင့်မှ စီးကျလာကာ အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “ချန်ချဲ့ မှားသွားပါတယ်။ အရှင်မင်းကြီး အပြစ်ပေးတာကို ခံယူပါ့မယ်”

ယုံးကျားဧကရာဇ်လည်း မျက်လုံးများ နီရဲလာပြီး မုန့်ကွေ့ဖေး၏ မျက်ရည်များကို လက်ဖြင့် သုတ်ပေးလိုက်လေသည်။ “မင်း မြန်မြန် ကျန်းမာအောင်လုပ်။ ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် မလုပ်နဲ့တော့။ အိမ်ရှေ့စံ တင်မြှောက်တဲ့ကိစ္စကို ကျန်း စဉ်းစားထားတာ ကြာပါပြီ။ ပြောင်းလဲလို့ မရတော့ပါဘူး”

“အိမ်ရှေ့စံက သဘောထားကြီးပြီး ကိုယ်ချင်းစာစိတ် ရှိပါတယ်။ မင်းတို့သားအမိကို လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး။ မိဖုရားခေါင်ကလည်း သဘောထားပြည့်ဝတဲ့သူပါ။ မင်းက အမှားကြီး ကျူးလွန်ထားတော့ ကျန်းအနေနဲ့ အပြစ်မပေးဘဲ နေလို့မရဘူး”

“မင်းက ဒဏ်ရာအပြင်းအထန် ရထားတော့ နန်းဆောင်ထဲကနေ ထွက်လို့မရဘူးလေ။ အဲဒါကြောင့် နန်းဆောင်တံခါးပိတ်ပြီး အနာရောဂါ ကုသလိုက်ပါ။ ရာထူးအဆင့်အတန်းကိုလည်း နည်းနည်းလောက် လျှော့ချရမယ်။ ဒါတွေက အပေါ်ယံ နာမည်တွေပါပဲ။ မင်း စိတ်ထဲထားမနေပါနဲ့။ နောက်တစ်နှစ်နှစ်နှစ်နေလို့ ဒီကိစ္စတွေ အေးသွားရင် ကျန်းက မင်းကို ကွေ့ဖေးရာထူး ပြန်ပေးပြီး နန်းဆောင်ထဲက ထွက်ခွင့်ပေးမှာပါ”

ပါးစပ်ကသာ သံယောဇဉ်ကြီးမားကြောင်း ပြောနေသော်ငြား လက်ကတော့ နည်းနည်းလေးမှ မလျော့ချေ။ မုန့်မိသားစုရဲ့ နယ်စားဘွဲ့ကို ရုပ်သိမ်းတယ်။ သူ့ရဲ့ရာထူးကို ချတယ်။ ယန်ရှီနန်းဆောင်ရဲ့ တံခါးကို ပိတ်တယ်။

ခွေးကောင်။

မုန့်ကွေ့ဖေးက စိတ်ထဲတွင် အကြီးအကျယ် ဆဲဆိုကြိမ်းမောင်းလိုက်သော်လည်း မျက်နှာပေါ်တွင်တော့ နောင်တရသည့် အမူအရာကို ပြသကာ ရှိုက်သံဖြင့် တိုးတိုးလေး ပြောလိုက်သည်။ “အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”

ယုံးကျားဧကရာဇ်သည် မုန့်ကွေ့ဖေး အမှန်တကယ် အရှုံးပေးပြီး ခေါင်းငုံ့သွားပြီဟု ထင်မှတ်လိုက်သဖြင့် စိတ်သက်သာရာ ရသွားကာ အချိန်အတော်ကြာ နှစ်သိမ့်စကား ပြောလိုက်လေသည်။ “မင်း နန်းဆောင်ထဲမှာ ကောင်းကောင်း အနားယူပါ။ အစားအသောက် အသုံးအဆောင်တွေကို အရင်အတိုင်းပဲ ထားရှိစေရမယ်။ ကျန်း ရှိနေသရွေ့ ဘယ်သူမှ မင်းကို နှိပ်စက်လို့ မရစေရဘူး”

ထို့နောက် ယုံးကျားဧကရာဇ်သည် မတ်တပ်ရပ်ကာ ကျောင်းဖန်နန်းဆောင်သို့ သွားပြီး ချောင်မိဖုရားခေါင်ကို ပြောလိုက်လေသည်။ “မုန့်ကွေ့ဖေးက လုရှီကို လုပ်ကြံဖို့ ခိုင်းစေခဲ့တာ။ ကျန်းအနေနဲ့ ပေါ့ပေါ့တန်တန် လွှတ်ပေးလို့မရဘူး။ ဒီနေ့ကစပြီး မုန့်ကွေ့ဖေးကို ဖေးရာထူးအဆင့် လျှော့ချလိုက်မယ်။ ယန်ရှီနန်းဆောင်ရဲ့ တံခါးကို ပိတ်ထားလိုက်။ ကျန်းရဲ့ အမိန့်မရှိဘဲ ဘယ်သူမှ ယန်ရှီနန်းဆောင်ကို ဝင်ထွက်သွားလာခွင့် မရှိစေရ”

ဒါက အပြစ်ပေးတာတဲ့လား။

ရှင်းရှင်းလင်းလင်းကိုပဲ မုန့်ကွေ့ဖေး အေးအေးဆေးဆေး အနားယူနိုင်အောင် ကာကွယ်ပေးလိုက်တာပဲ။

ကွေ့ဖေးရာထူးကနေ ဖေးရာထူးကို လျှော့ချလိုက်တာက ယားလို့ ကုတ်ပေးလိုက်သလိုပါပဲ။ ဘာများ အပြစ်ပေးရာ ရောက်လို့လဲ။ ယုံးကျားဧကရာဇ်ရဲ့ စကားတစ်ခွန်းနဲ့တင် ကွေ့ဖေးရာထူးကို ပြန်ပေးလို့ရတဲ့ကိစ္စပဲလေ။

ချောင်မိဖုရားခေါင်သည် နှလုံးသားထဲတွင် အေးစက်စွာ ရယ်မောလိုက်ပြီး ပါးစပ်ကတော့ နူးညံ့စွာ ပြောလိုက်လေသည်။ “အရှင်မင်းကြီးက တကယ်ပဲ ဉာဏ်အမြော်အမြင် ကြီးမားပါတယ်”

ဖွီး!

ခွေးကောင်!

...

All Chapters