အခန်း (၂၅၉-၂၆၁)
Vol. 18 Ch. 259-261
အပိုင်း (၂၅၉) အမြွှာ (၁)
ကိုယ်ဝန်သည် လေးလကျော်သွားသည်နှင့် လုမင်ယွိ၏ ဗိုက်သည် မိုးပျံပူပေါင်းကြီးသဖွယ် သိသိသာသာ စူထွက်လာ၏။ ကလေး၏ လှုပ်ရှားမှုသည်လဲ ပုံမှန်ထက်ပိုပြီး များပြားလာလေသည်။
လုမင်ယွိသည် ကလေးမွေးဖူးသည့် အတွေ့အကြုံရှိသောကြောင့် တစ်ခုခုမှားယွင်းနေကြောင်း သတိထားမိလိုက်၏။ သူမသည် လူအများ မသိစေရန် စီစဥ်လိုက်ပြီး အခကြေးငွေပေးကာ နာမည်ကြီး တိုင်းရင်းသမားတော်တစ်ဦးကို တိတ်တဆိတ် ပင့်ဖိတ်လိုက်လေသည်။
ထိုသမားတော်သည် နာမည်ကြီးသည်နှင့်အညီ လက်ကောက်ဝတ်ကို စမ်းသပ်လိုက်သည်နှင့် ပြုံးကာပြောလိုက်လေသည်။ "ဂုဏ်ယူပါတယ် ထိုက်ဇီဖေး ... အမြွှာကိုယ်ဝန်ဆောင်ထားတာပါ"
အမြွှာတဲ့လား!
လုမင်ယွိသည် အံအားသင့်သွားသလို ဝမ်းလဲသာသွားတော့သည်။
ဘေးတွင်ရပ်နေသော ချီယွင်သည်လဲ ဝမ်းသာအားရဖြင့် ပြုံးကာပြောလိုက်၏။ "ဒါက တကယ်ကို ကြီးမားတဲ့မင်္ဂလာတစ်ပါးပဲ"
ချီယွင်၏ ဒဏ်ရာများမှာ အရှင်းမပျောက်သေးသော်ငြားလည်း သူမကိုယ်တိုင်က မနေနိုင်တော့သဖြင့် နေ့စဥ်လာရောက်တတ်၏။ ကံကောင်းသည်မှာ လုမင်ယွိနှင့် စကားပြောကာ အပျင်းဖြေပေးရုံသာ ဖြစ်လေသည်။
ယနေ့ လုမင်ယွိ သမားတော် ခေါ်လိုက်သည့်အခါ ချီယွင်သည်လဲ ဘေးတွင်ရှိနေခဲ့ပြီး ပျော်ရွှင်မှုကြောင့် ပါးစပ်ပင် မပိတ်နိုင်တော့ပေ။
လုမင်ယွိက ပြုံးကာ သူမ၏ တွန့်နေသည့်မျက်ခုံးများကို ပြေလျော့ထားလိုက်ပြီး "အမွာဖြစ်နေမယ်လို့ တကယ်မျှော်လင့်မထင်ထားမိဘူး။ လာကြအုံး သမားတော်ကို ဆုချီးမြှင့်လိုက်အုံး!"
မြို့တော်က နာမည်ကြီးသမားတော်သည် ရက်ရောလှသည့်ဆုလာဘ်ကြောင့် ဝမ်းသာအားရဖြစ်သွားပြီး ကိုယ်ဝန်ဘေးကင်းစေရန်အတွက် ဆေးညွှန်းတစ်ခုကိုလဲ အထူးတလည် ချန်ရစ်ပေးခဲ့လေသည်။ သူက လုမင်ယွိကို အထူးတလည်မှာ ကြားချက်များလဲ ပေးခဲ့၏။ "ကိုယ်ဝန်က အမျိုးသမီးတစ်ယောက်အတွက် ခက်ခဲနေနှင့်ပြီးသားပါ။ ဒါပေမဲ့ အမြွှာကိုယ်ဝန်က ပိုပြီးတော့ ပင်ပန်းရပါတယ်။ ပြီးတော့ လမစေ့ဘဲ မွေးဖွားနိုင်ခြေရှိတာမလို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်"
ယေဘုယျအားဖြင့် အမြွှာကိုယ်ဝန်ဆောင်များသည် လမစေ့ဘဲ မွေးဖွားတတ်ကြပြီး ၁၀ယောက်တွင် ၈ယောက်၉ယောက်ခန့်သည် လမစေ့ဘဲ မွေးဖွားတတ်ကြလေသည်။
လမစေ့ဘဲ မွေးဖွားခြင်း၏ အန္တရာယ်ကို ပြောရန်ပင်မလိုပေ။
လုမင်ယွိသည် လေးနက်စွာဖြင့် သမားတော်ကို ကျေးဇူးတင်စကား ပြောလိုက်၏။
ချီယွင်သည်လဲ မရယ်နိုင်တော့ပေ။
နေ့တပိုင်း သမားတော် ပြန်သွားပြီးနောက် ချီယွင်သည် စိုးရိမ်တကြီးဖြင့် ပြောလာတော့သည်။ "သခင်မလေး ဒီကိစ္စက ကိစ္စသေးသေးလေး မဟုတ်ပါဘူး။ ဟွမ်ဟုပ်ညန်ညန်ကို အရင်ဆုံးအသိပေးလိုက်တာ ကောင်းမယ်ထင်တယ်။ လုအိမ်တော်ကိုလဲ သတင်းပို့လိုက်သင့်ပါတယ်"
တော်ဝင်မျိုးဆက်နှင့် သက်ဆိုင်နေသောကိစ္စဖြစ်သဖြင့် ပေါ့ပေါ့တန်တန် သဘောထားလို့မရပေ။
လုမင်ယွိကလဲ ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်လေသည်။ "ငါ အခုပဲ နန်းတော်ထဲဝင်ပြီး မူဟုပ်ကို ဂါရဝပြုလိုက်မယ်။ လုအိမ်တော်ကို သတင်းပို့ဖို့တော့ မလိုပါဘူး။ နောက်ရက်နည်းနည်းကြမှ အဖေ စစ်တပ်ကပြန်လာရင် သတင်းပို့လိုက်မယ်"
အမိန့်ပေးလိုက်သည်နှင့် မြင်းလှည်းက အဆင်သင့်ဖြစ်လာသည်။
လုမင်ယွိသည် မြင်လှည်းစီးပြီး နန်းတော်ထဲသို့ဝင်သွားကာ မကြာမှီ ကျောင်းဖန်နန်းဆောင်သို့ ရောက်လာခဲ့တော့၏။
လုမင်ယွိ ရုတ်တရက် ရောက်လာသဖြင့် ချောင်မိဖုရားခေါင်မှာ အံ့အားသင့်သွားပြီး ပြုံးကာမေးလိုက်တော့သည်။ "မင်း မနေ့ကမှ နန်းတော်ထဲဝင်လာတာလေ ဒီနေ့ ဘာလို့ထပ်လာပြန်တာလဲ။ ကိုယ်ဝန်ဆောင်ထားရတာ အနားယူဖို့ အဓိကပဲလေ။ နေ့တိုင်းလာဖို့ မလိုပါဘူး"
အရင်ကဆို ၅ရက်တစ်ကြိမ်မှ လာတတ်တာလေ။ ဒီနေ့ ဘာဖြစ်လို့ ရုတ်တရက် ရောက်လာရတာလဲ။
လုမင်ယွိကလဲ ပြုံးလိုက်ပြီး "အာရှီ မူဟုပ်ကို ပြောပြစရာကိစ္စတစ်ခု ရှိလို့ပါ"
ချောင်မိဖုရားခေါင်သည် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားပြီး လုမင်ယွိ၏ ဗိုက်ကိုကြည့်ကာ မေးလိုက်၏။ "ဘာဖြစ်လို့လဲ ကလေး တစ်ခုခုဖြစ်လို့လား"
လုမင်ယွိက ပြုံးလိုက်ကာ "အာရှီရဲ့ဗိုက်က ဒီရက်ပိုင်းမြန်မြန်ကြီးလာပြီး ကလေးကလဲ ခဏခဏလှုပ်နေလို့ စိတ်မချတာနဲ့ နာမည်ကြီး သမားတော်တစ်ယောက်ကို တိတ်တိတ်လေး ခေါ်ပြကြည့်လိုက်တာ အဲဒီ့သမားတော်က အမြွှာကိုယ်ဝန်ဆောင်ထားရတာပါလို့ ပြောသွားတယ်"
ချောင်မိဖုရားခေါင်သည် အစပိုင်းတွင် အံ့သြသွားပြီးနောက် ဝမ်းသာအားရ ပြောလိုက်လေသည်။ "တကယ်အမြွှာလား ... ဒါက တကယ့်သတင်းကောင်းပဲ! အရင်လွှတ်လိုက်တဲ့ နန်းတွင်းသမားတော်ကလဲ သုံးမရလိုက်တာ အမြွှာမှန်းတောင် မသိဘူး။ မဖြစ်သေးဘူး ပန်းကုံး အခုပဲ သမားတော်ချုပ်ကျိုးကိုခေါ်ပြီး မင်းကို စမ်းသပ်ခိုင်းလိုက်မယ်"
ချောင်မိဖုရားခေါင်သာမက လုမင်ယွိကိုယ်တိုင်ကလဲ ထပ်မံစစ်ဆေးကြည့်လျှင် ပိုကောင်းမည်ဟု ယူဆထားသဖြင့် သဘောတူလိုက်တော့သည်။ "ကောင်းပါပြီ သမားတော်ချုပ်ကျိုးကို ခေါ်လိုက်ပါ"
သမားတော်ချုပ်ကျိုးသည် ဆေးပညာကျွမ်းကျင်ပြီး နန်းတွင်းဆေးခန်းတွင် ထိပ်တန်းအဆင့်ရှိသူ ဖြစ်လေသည်။ ပုံမှန်အားဖြင့် ဧကရာဇ်နှင့် မိဖုရားခေါင်တို့၏ အမိန့်ကိုသာနာခံလေ့ရှိပြီး အလွယ်တကူ နန်းတော်ပြင်ပသို့ ထွက်ခွာလေ့မရှိချေ။
ခဏအကြာတွင် သမားတော်ချုပ်ကျိုး ရောက်ရှိလာခဲ့သည်။
အသက်၅၀ကျော်အရွယ် သမားတော်ချုပ်ကျိုးသည် ရုပ်ရည်သာမာန်မျှသာ ဖြစ်သော်ငြား တည်ငြိမ်ရင့်ကျက်သူ ဖြစ်လေသည်။ ရုတ်တရက် ဆင့်ခေါ်ခံလိုက်ရသော်လည်း ထိတ်လန့်ခြင်းမရှိဘဲ ရှေ့သို့တိုးကာ နှုတ်ဆက်လိုက်လေ၏။ "ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်"
ချောင်မိဖုရားခေါင်ကလဲ ပြုံးကာပြောလိုက်၏။ "မြန်မြန်ထပါ။ ထိုက်ဇီဖေးရဲ့ သွေးခုန်နှုန်းကို မြန်မြန်စမ်းသပ်ပေးလိုက်ပါအုံး"
အကြောင်းအရင်းမရှိဘဲ ဘာဖြစ်လို့ ရုတ်တရက်ကြီး ထိုက်ဇီဖေးကို စမ်းသပ်ခိုင်းရတာလဲ။
သမားတော်ချုပ်ကျိုးသည် ချောင်မိဖုရားခေါင်၏ ဖုံးကွယ်မထားသော ပျော်ရွှင်သည့်မျက်နှာနှင့် လုမင်ယွိ၏ ကြည်လင်နေသောမျက်ဝန်းများကို ကြည့်လိုက်ပြီး အခြေအနေကို ရိပ်စားမိသွားတော့သည်။ သူက ပြုံးကာ ရှေ့သို့တိုးလာပြီး စမ်းသပ်ပေးလိုက်၏။
ခဏအကြာတွင် သမားတော်ချုပ်ကျိုးသည် လက်ကို ပြန်ရုတ်သိမ်းကာ ပြုံးပြီး လျှောက်တင်လိုက်လေသည်။ "ဂုဏ်ယူပါတယ်။ ဟွမ်ဟုပ်ညန်ညန်။ ထိုက်ဇီဖေး ကိုယ်ဝန်ဆောင်ထားတာ အမြွှာကိုယ်ဝန်ပါ။ ကျွန်တော်မျိုး မမှားဘူးဆိုရင် သားတစ်ယောက် သမီးတစ်ယောက် ဖြစ်ပါလိမ့်မယ်"
ဆေးပညာအကျွမ်းကျင်ဆုံး သမားတော်ချုပ်ကျိုး ပီသပါပေတယ်။ အမြွှာမှန်းသိရုံမက ကျားမကိုပါ ခွဲခြားသိမြင်နိုင်သည်။
ချောင်မိဖုရားခေါင်သည် ဝမ်းသာလွန်းသဖြင့် ကောင်းတယ် ကောင်းတယ်ဟု တတွတ်တွတ်ရေရွတ်ပြီး သမားတော်ချုပ်ကျိုးကို ဆုလာဘ်များစွာ ချီးမြှင့်လိုက်လေသည်။
လုမင်ယွိသည် လက်နှစ်ဖက်ဖြင့် ဗိုက်ကို ဖွဖွလေး ပွတ်သပ်လိုက်ပြီး ရင်ထဲတွင် ပျော်ရွှင်မှုများ ပိုင်ဆိုင်ထားသလို ခံစားလိုက်ရ၏။
သူမ၏ ဗိုက်ထဲတွင် ကလေးနှစ်ယောက် ရှိနေသည်။ သားတစ်ယောက်နှင့် သမီးတစ်ယောက်။
ချောင်မိဖုရားခေါင်၏ အသံကို ကြားလိုက်ရ၏။ "သမားတော်ချုပ်ကျိုး ထိုက်ဇီဖေးက အမြွှာကိုယ်ဝန် ဆောင်ထားတာဆိုတော့ နေထိုင်စားသောက်ဖို့ပုံစံကို အထူးဂရုစိုက်ဖို့လိုလား"
လုမင်ယွိသည် သတိပြန်ဝင်လာပြီး သမားတော်ချုပ်ကျိုးကို ကြည့်လိုက်လေသည်။
သမားတော်ချုပ်ကျိုးက ပြုံးကာပြန်ဖြေလာခဲ့သည်။ "ထိုက်ဇီဖေးက ကျန်းမာရေးကောင်းမွန်ပြီး သွေးခုန်နှုန်းလဲပုံမှန်ပါပဲ။ ဗိုက်ထဲက ကလေးနှစ်ယောက်လုံး ကျန်းမာတာမလို့ သိပ်စိတ်ပူစရာမလိုပါဘူး။ ပုံမှန်အတိုင်းနေထိုင်ရင် ရပါပြီ။ ဒါပေမဲ့ လမစေ့ဘဲ မွေးဖွားနိုင်ခြေရှိတာမလို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်"
လမစေ့ဘဲမွေးဖွားနိုင်ချေရှိသည်ဟု ကြားလိုက်ရသောအခါ ချောင်မိဖုရားခေါင်၏ ပျော်ရွှင်မှုမှာ အနည်းငယ် လျော့ပါးသွားပြီး အသေးစိတ် မေးမြန်းလိုက်တော့သည်။
သမားတော်ချုပ်ပြောပြခဲ့သည်မှာ ယခင်သမားတာ်ပြောပြသည်နှင့် အတူတူပင်။ အမြွှာကိုယ်ဝန်ဆောင်သည် သာမာန်ကိုယ်ဝန်ဆောင်များထက် ပိုပြီး ပင်ပန်းနွမ်းနယ်တတ်သည်။ ထို့အပြင် ကိုယ်ဝန်ရင့်လာသောအခါ ကလေးနှစ်ယောက်လုံး ကြီးထွားလာသဖြင့် ပိုပြီးပင်ပန်းရသည်။ လမစေ့ဘဲ မွေးဖွားခြင်းသည် ဖြစ်လေ့ဖြစ်ထရှိပြီး ၈လကျော်သည် အထိခံနိုင်လျှင် အကောင်းဆုံးဖြစ်လေသည်။ စောလျှင်တော့ မွေးဖွားစဥ် အန္တရာယ်ရှိနိုင်လေသည်။
ထိုစကားများကို ကြားလိုက်ရသောအခါ ချောင်မိဖုရားခေါင်မှာ ပင့်သက်တစ်ချက် ရှိုက်လိုက်မိတော့၏။
လုမင်ယွိကတော့ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ "သတိပေးတဲ့အတွက် သမားတော်ချုပ်ကျိုးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အထူးဂရုစိုက်ပါ့မယ်"
ချောင်မိဖုရားခေါင်က စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး စဥ်းစဥ်းစားစားလေးဖြင့် အမိန့်ပေးလိုက်လေသည်။ "ပန်ကုံး အရှင်မင်းကြီးကို ပြောလိုက်မယ်။ မနက်ဖြန်ကစပြီး သမားတော်ချုပ်ကျိုး ဒုတိယမင်းသားအိမ်တော်ကိုသွားပြီး ကိုယ်ဝန်ကိုစောင့်ရှောက်ပေးပါ"
တခြားသမားတော်များနှင့်ယှဥ်လျှင် သမားတော်ချုပ်ကျိုးက ပိုပြီးစိတ်ချရပေသည်။
လုမင်ယွိကလဲ မငြင်းဆန်တော့ဘဲ ပြောလိုက်လေသည်။ "မူဟုပ်ကို ကျေးဇူးတင်ပါတယ်"
ချောင်မိဖုရားခေါင်က ပြုံးကာ ပြန်ပြောလာ၏။ " ဒါက ဘာမလို့လဲ။ ကလေးနှစ်ယောက် လွယ်ထားရတာက မင်းလေ။ ပင်ပန်းရမှာလဲ မင်းပဲ။ ပန်ကုံးက ပါးစပ်လေးလှုပ်ရုံနဲ့ ဘာပင်ပန်းစရာရှိလို့လဲ။ နောက်ဆိုရင် မင်း ကိုယ်ဝန်ကိုပဲဂရုစိုက် နန်းတော်ထဲလာပြီး ဂါရဝပြုစရာ မလိုတော့ဘူး"
လုမင်ယွိက ပြန်မပြောရသေးခင်မှာပင် ထပ်ပြောလိုက်ပြန်သည်။ "အခုချိန်မှာ မင်းဗိုက်ထဲကကလေးတွေထက် အရေးကြီးတာ ဘာမှမရှိဘူး။ မင်းကလေးနှစ်ယောက်ကို ဘေးကင်းကင်းနဲ့မွေးဖွားပေးနိုင်ရင် ပန်ကုံးကို အကြီးမားဆုံး ရိုသေတာပဲ"
ဒီလိုစေတနာထားသည်ကိုတော့ မငြင်းဆန်သင့်သဖြင့် လုမင်ယွိက ပြုံးကာလက်ခံလိုက်တော့သည်။ "အာရှီ မူဟုပ်စကားကို နားထောင်ပါ့မယ်"
...
ချောင်မိဖုရားခေါင်သည် မြန်မြန်ဆန်ဆန်စီစဥ်လိုက်ပြီး ကျင်းလွမ်နန်းဆောင် အပြင်ဘက်တွင် လူစောင့်ခိုင်းထားလိုက်၏။ ယုံးကျားဧကရာဇ် ညီလာခံပြီးသည်နှင့် ချောင်မိဖုရားခေါင်၏ စကားက ရောက်ရှိလာလေသည်။ အကြောင်းအရင်းမရှိဘဲ ရုတ်တရက်ကြီး ဘာဖြစ်လို့ ကျောင်းဖန်နန်းဆောင်ကို လာခိုင်းရတာလဲ။
ယုံးကျားဧကရာဇ်သည် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်မပြေသဖြင့် စိတ်ညစ်နေခြင်းဖြစ်ရာ မျက်မှောင်ကြုတ်ကာ မေးလိုက်တော့သည်။ "ဟွမ်ဟုပ်က ဘာကိစ္စလို့ပြောလိုက်လဲ"
လျိုကုန်းကုန်းက တရိုတသေဖြင့် ပြန်လျှောက်တင်လေ၏။ "ကျွန်တော်မျိုးလဲ မသိပါဘူး။ ဒါပေမဲ့ သတင်းလာပို့တဲ့ အတွင်းနန်းဆောင်ကုန်းကုန်းက ပြုံးရွှင်နေတာဆိုတော့ သတင်းကောင်းဖြစ်မှာပါ"
ချောင်မိဖုရားခေါင်က အထူးတလည် ဖိတ်ခေါ်သည်ဆိုတော့ မျက်နှာသာပေးရပေမည်။
ယုံးကျားဧကရာဇ်ကလဲ ခေါင်းညိမ့်လိုက်ပြီး ကျောင်းဖန်နန်းဆောင်သို့ ထွက်ခွာလာခဲ့တော့၏။
လီကျင့်သည်လဲ အဖော်လိုက်ပါသွားပြီး စိတ်ထဲတွင် အံ့သြနေမိတော့သည်။ မူဟုပ်က ဘာကိစ္စမလို့ မစောင့်နိုင်ဘဲ ချက်ချင်းလာခိုင်းရတာလဲ။
...
အပိုင်း (၂၆၀) အမြွှာ (၂)
ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ ခြေလှမ်းကြဲကြီးများဖြင့် ဝင်လာခဲ့လေသည်။
လီကျင့်သည် ဖခင်ဖြစ်သူ၏နောက်က ကပ်ကာလိုက်ပါလာပြီး လုမင်ယွိကို မြင်လိုက်သည်နှင့် နောက်တစ်ကြိမ် အံ့သြသွားပြန်သည်။
သို့သော် အံ့သြစရာအကောင်းဆုံးသတင်းက နောက်တွင်ရှိနေသေးသည်။
ချောင်မိဖုရားခေါင်သည် ပျော်ရွှင်စွာဖြင့် ယုံးကျားဧကရာဇ်ထံသို့ လျှောက်လှမ်းလာပြီး ဂါရဝပြုလိုက်၏။ "အရှင်မင်းကြီးကို ချန်ချဲ့ ဖိတ်ခေါ်လိုက်ရတာက သတင်းကောင်းတစ်ခု လျှောက်တင်စရာရှိလို့ပါ။ လုရှီက အမြွှာကိုယ်ဝန်ဆောင်ထားတာပါ။ ခုနလေးတင် သမားတော်ချုပ်ကျိုးကို ခေါ်ပြလိုက်တာ ရှားရှားပါးပါး သားတစ်ယောက်၊ သမီးတစ်ယောက်။ အမြွှာလေးတွေပါတဲ့"
ယုံးကျားဧကရာဇ်၏ စိတ်ထဲတွင် မကျေနပ်မှုအနည်းငယ် ရှိနေသော်ငြားလည်း ထိုသတင်းကို ကြားလိုက်ရသည်နှင့် ပျော်ရွှင်သွားကာ ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။ "ကောင်းလိုက်တာ။ တကယ့်ကို မင်္ဂလာသတင်းပဲ။ လုရှီကို ဆုလာဘ်ကြီးကြီးမားမား ပေးရမယ်"
လီကျင့်သည် နားထဲတွင်ကြားလိုက်ရသည်ကို မယုံနိုင်လောက်အောင်ဖြစ်သွားပြီး လုမင်ယွိ အနားသို့ပြေးသွားကာ မေးလိုက်တော့သည်။ "ရှောင်ယွိ တကယ်ပဲ အမြွှာကိုယ်ဝန်ဆောင်ထားတာလား"
လုမင်ယွိက ပြုံးကာ ခေါင်းညိမ့်လိုက်ပြီး နောက်တခဏအတွင်း ရင်းနှီးနေကြရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရလေသည်။
လင်မယားနှစ်ယောက်သည် ချစ်ချစ်ခင်ခင် နေတတ်ကြပြီး အိမ်တော်တွင် လက်ချင်းတွဲခြင်းမှာ ပုံမှန်ပင်ဖြစ်၏။ သို့သော် ယခုအချိန်တွင် ကျောင်းဖန်နန်းဆောင်တွင်ရှိနေပြီး ဧကရာဇ်နှင့်မိဖုရားခေါင်တို့ ရှေ့မှောက်တွင် ဒီလိုဖက်လှဲတကင်းနေခြင်းက နည်းနည်းတော့ လွန်လွန်းနေလေသည်။
လုမင်ယွိသည် အပျော်လွန်နေသည့် လီကျင့်ကို တွန်းထုတ်လိုက်ပြီး သူ့ကို ကျီစယ်သလိုဒေါသမျက်စောင်းဖြင့် ကြည့်ကာပြောလိုက်၏။ "ဖုဟွမ်နဲ့ မူဟုပ်တို့ ကြည့်နေတယ်လေ!"
လီကျင့်ကလဲ သွားများဖြဲကာ ရယ်မောပြီး ပြောလိုက်လေသည်။ "ကြည့်ပါစေ။ ကိုယ့်မိန်းမကိုဖက်တာ ဘယ်သူက တားမှာမလို့လဲ"
ယုံးကျားဧကရာဇ်ကလဲ လုံးဝစိတ်ထဲမထားဘဲ လှိုက်လှိုက်လှဲလှဲ ရယ်မောလေတော့၏။
ချောင်မိဖုရားခေါင်သည်လဲ စိတ်ကြည်နူးနေပြီး သားဖြစ်သူကို မျက်စောင်းတစ်ချက်ထိုးကာ ယုံးကျားဧကရာဇ်ကို ပြောလိုက်တော့သည်။ "အမြွှာကိုယ်ဝန်ဆောင်တာက လမစေ့ဘဲ မွေးတတ်တယ်တဲ့။ ချန်ချဲ့က သမားတော်ချုပ်ကျိုးကို လုရှီရဲ့ ကိုယ်ဝန်အတွက် တာဝန်ပေးဖို့စီစဥ်ထားပါတယ်"
ယုံးကျားဧကရာဇ်ကလဲ တုံ့ဆိုင်းမနေဘဲ ခေါင်းညိမ့်လိုက်တော့သည်။ "သမားတော်ချုပ်ကျိုးက ဆေးပညာကျွမ်းကျင်တော့ လုရှီကို စောင့်ရှောက်ပေးတာ ပိုပြီးစိတ်ချရတာပေါ့"
ခဏနေပါအုံး! ဒီလိုဆိုရင် သမားတော်ချုပ်ကျိုးက ဒုတိယမင်းသားအိမ်တော်ကို သွားလိုက်ရတော့မှာပေါ့။
ဒါဆိုရင် ယန်ရှီနန်းဆောင်က မုန့်ကွေ့ဖေးက ဘယ်လိုလုပ်မှာလဲ။
မုန့်ကွေ့ဖေးကို တွေးလိုက်မိသည်နှင့် ယုံးကျားဧကရာဇ်၏ မျက်မှောင်များမှာ တွန့်ချိုးသွားလေတော့သည်။ မုန့်ကွေ့ဖေးသည် နန်းဆောင်ပိတ်ပြီး ဒဏ်ရာကို ကုသနေရသူဖြစ်သဖြင့် နေ့စဥ် သမားတော်ချုပ်ကျိုးက လာရောက်ပြီး ဆေးထည့်ပေးနေရသည်။ အကယ်၍ သမားတော်ချုပ်ကျိုး နန်းတော်ကထွက်ခွာသွားလျှင် အခြားသမားတော်တစ်ဦးနှင့် လဲလှယ်ပေးရပေတော့မည်။
နန်းတွင်းဆေးရုံတွင် ဆေးပညာကျွမ်းကျင်သော သမားတော် အများအပြားရှိသော်ငြား သမားတော်ချုပ်ကျိုးလောက် တော်သောသူတော့ မရှိသလောက်ပင်။
ချောင်မိဖုရားခေါင်ကလဲ အခြေအနေကို အကဲခတ်မိသွားပြီး စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်သော်ငြား တမင်သက်သက် ပြောလိုက်တော့၏။ "ယန်ရှီနန်းဆောင်က မုန့်ကွေ့ဖေးကလဲ သမားတော်ချုပ်ကျိုးမရှိလို့ မဖြစ်ဘူး။ ဒါမှမဟုတ် သမားတော်ချုပ်ကျိုးကို နန်းတော်ထဲမှာပဲ ဆက်ထားလိုက်ရမလား!"
မုန့်ကွေ့ဖေးရဲ့ကျန်းမာရေးက ပိုအရေးကြီးသလား။ မမွေးသေးတဲ့ မြေးတော် မြေးမတော်တွေ အမြွှာနှစ်ယောက်က အရေးကြီးသလား။
ဒီရွေးချယ်မှုကတော့ မခက်ခဲတာ ရှင်းလင်းပါတယ်။
ယုံးကျားဧကရာဇ်မှာ အခက်အတန့် ချီတုံချတုံ ဖြစ်သွားပြီးနောက်မှ မြန်မြန်ပြောလိုက်တော့သည်။ "မလိုပါဘူးလေ။ ယန်ရှီနန်းဆောင်က သမားတော်နှစ်ယောက်က မုန့်ကွေ့ဖေးကို စောင့်ရှောက်နေတာပဲ။ သူတို့ရှိနေရင် လုံလောက်ပါပြီ"
ဒါပေါ့ ကလေးတွေက ပိုပြီးအရေးကြီးတယ်လေ!
ချောင်မိဖုရားခေါင်သည် စိတ်အေးသွားပြီး လုမင်ယွိနှင့် လီကျင့်တို့ကို မျက်စပစ်ပြလိုက်လေသည်။ လင်မယားနှစ်ယောက်ကလဲ ရှေ့သို့တိုးလာကာ အရှင်မင်းကြီး၏ ကျေးဇူးတော်ကို ကျေးဇူးတင်စကား ဆိုလိုက်ကြတော့၏။
ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်တွင် နေ့လယ်စာ သုံးဆောင်ပြီးနောက် ပြန်လည်ထွက်ခွာသွားလေသည်။
လုမင်ယွိနှင့် လီကျင့်တို့ကလဲ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ယုံးကျားဧကရာဇ်က ယန်ရှီနန်းဆောင်သို့ သေချာပေါက် သွားပေလိမ့်မည်။
ချောင်မိဖုရားခေါင်ကလဲ ထိုကိစ္စကို သေသေချာချာလေး စဥ်းစားမိထားပြီးဖြစ်သဖြင့် ခပ်ယဲ့ယဲ့သာ ပြုံးလိုက်တော့သည်။ "အရှင်မင်းကြီးက မုန့်ကွေ့ဖေး ပြဿနာရှာမှာ စိုးရိမ်လို့။ ဒါကြောင့် သူ့ကို အရင်ဆုံးသွားပြီးတော့ ချော့မော့နေတာလေ။ မင်းတို့နှစ်ယောက်က ဘာမှမသိသလိုဘဲ နေလိုက်ကြ"
အမှန်တွင်တော့ လုမင်ယွိ၏ ကိုယ်ဝန်သည် နန်းတွင်းသမားတော်ချုပ်ကျိုး ရှိဖို့ကလဲ လိုအပ်လှသည်တော့ မဟုတ်ချေ။
သို့သော်ငြား နန်းတွင်းသမားတော်ချုပ်ကျိုးက အကောင်းဆုံးသမားတော် ဖြစ်နေသည်တွင် သူ့ကို အဘယ်ကြောင့် အသုံးမချရပါမည်နည်း။
မုန့်ကွေးဖေးအတွက် သူမ၏ ကိုယ်ပိုင်တန်ဖိုးနှင့် အရှင်မင်းကြီး၏ တကယ့်ခံစားချက် အစစ်အမှန်ကို သိဖို့ရန် အချိန်တန်လေပြီ။
-
ယန်ရှီနန်းဆောင်၏ တံခါးမကြီးကို တင်းကြပ်စွာ ပိတ်ထားလေသည်။
ယုံးကျားဧကရာဇ်က မုန့်ကွေ့ဖေးကို နန်းဆောင်ပိတ်ပြီးရောဂါကုသရန် အမိန့်ပေးလိုက်ကတည်းက ထိုတံခါးမကြီးကို သော့ခတ်ထားခြင်းဖြစ်၏။
နန်းတွင်းသူနန်းတွင်းသားများအားလုံး မုန့်ကွေ့ဖေးကို မနှောက်ယှက်ရပေ။ ချောင်မိဖုရားခေါင်လဲ တစ်ခါမှ ရောက်မလာခဲ့ချေ။ ပထမမင်းသားနှင့် ကျင့်အန်းကုန်းကျူတို့သည်လဲ ၁၀ရက်မှတစ်ကြိမ်သာ တွေ့ခွင့်ရလေသည်။
ယုံးကျားဧကရာဇ်ကိုယ်တိုင်လဲ ၂ကြိမ်ခန့်သာ လာရောက်ခဲ့ဖူး၏။
တိုင်းရေးပြည်ရေးများ ရှုပ်ထွေးနေချိန်တွင် ဧကရာဇ်တစ်ပါးအနေဖြင့် မိဖုရားတစ်ပါးတည်းအပေါ် အချိန်ကုန်ခံနေလို့ မဖြစ်ပေ။ ထို့အပြင် မုန့်ကွေ့ဖေးသည် နန်းဆောင်ပိတ်ပြီး ရောဂါကုသနေရသူဖြစ်ကာ သူက မကြာခဏလာရောက်လျှင် ပြင်းထန်သောအပြစ်ပေးမှု မည်သို့မည်ပုံ ဖြစ်နိုင်တော့ပါမည်နည်း။
ဧကရာဇ် ကြွချီလာသည်နှင့် နန်းတွင်းအပျိုတော်များက အပြေးအလွှား ဂါရဝပြုကြလေသည်။
ယုံးကျားဧကရာဇ်က လက်ကာပြလိုက်ပြီး အမိန့်ပေးလိုက်၏။ "တံခါးဖွင့်လိုက်!"
ခဏအကြာတွင် ယုံးကျားဧကရာဇ်သည် မုန့်ကွေ့ဖေး၏ အိပ်ဆောင်သို့ ဝင်ရောက်လာခဲ့၏။
မုန့်ကွေ့ဖေးသည် နှလုံးနှင့်အဆုတ် ထိခိုက်သွားသောကြောင့် နေ့စဥ် ဆေးစစ်ဆေးထည့်နေရပြီး တနေ့၃ကြိမ် ဆေးသောက်ရလေသည်။ အခန်းထဲတွင် ဆေးနံ့ပြင်းပြင်းများ ပျံ့နှံ့နေပြီး အလွယ်တကူ ပျောက်ကွယ်သွားခြင်းမရှိချေ။
ရာသီဥတုက ပူပြင်းနေသောကြောင့် နန်းဆောင်အသီးသီးတွင်လည်း ရေခဲဇလုံများ ထားရှိကြသည်။
သို့သော် ယန်ရှီနန်းဆောင်တွင်တော့ မုန့်ကွေ့ဖေး အအေးမမိစေရန် ရေခဲဇလုံမထားရှိချေ။ အခန်းထဲတွင် ပူအိုက်နေပြီး ဆေးနံ့များနှင့်ရောနှောကာ မွန်းကြပ်ဖွယ်ကောင်းလှလေသည်။
မုန့်ကွေ့ဖေးသည် တစ်ကိုယ်လုံး ပိန်ချုံးနေပြီး မျက်နှာဖြူဖျော့ကာ မျက်လုံးမှိတ်ပြီး ကုတင်ပေါ်တွင် လဲလျောင်းလို့နေ၏။
ခြေသံကို ကြားလိုက်ရသဖြင့် မုန့်ကွေ့ဖေးက မျက်လုံးဖွင့်ကြည့်လိုက်သည်တွင် ရင်းနှီးနေသည့်မျက်နှာကို မြင်လိုက်ရသဖြင့် ယုံးကျားဧကရာဇ်က အရင်ဆုံး လှမ်းနှုတ်ဆက်လိုက်တော့သည်။ " ကျန်း ကျောင်းကျောင်းကို လာကြည့်တာ"
မုန့်ကွေ့ဖေးသည် စိတ်ထဲတွင် ဒေါသထွက်နေသော်ငြားလည်း မျက်နှာပေါ်တွင်တော့ ကျေးဇူးတင်ပြီး ဝမ်းသာသောအပြုံးကို ဆင်မြန်းထားလိုက်၏။ "တိုင်းရေးပြည်ရေးတွေ ရှုပ်ထွေးနေတဲ့ကြားက အရှင်မင်းကြီး ယန်ရှီနန်းဆောင်ကိုလာလည်တာ ချန်ချဲ့ ဝမ်းသာလိုက်တာ"
မုန့်ကွေ့ဖေးသည် တလကျော် ကုသပြီးနောက် ယခုအခါ ကုတင်ပေါ်တွင် နေထိုင်နိုင်ပြီဖြစ်ပြီး စကားပြောရာတွင်လည်း ပိုပြီးအဆင်ပြေလာလေသည်။
ယုံးကျားဧကရာဇ်က ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး မုန့်ကွေ့ဖေး၏မျက်နှာကို ဖွဖွလေးပွတ်သပ်ကာ တိုးတိုးလေး မေးမြန်းလိုက်၏။ "ကျန်းက မင်းကို နေ့တိုင်းသတိရနေတာ။ ဒါပေမဲ့ ယန်ရှီနန်းဆောင်ကို နေ့တိုင်းလာလို့ မဖြစ်နိုင်ဘူးလေ။ မင်း ဒီရက်ပိုင်း သက်သာရဲ့လား"
မုန့်ကွေ့ဖေးသည် အားယူပြီး လက်ကိုမြှောက်ကာ ယုံးကျားဧကရာဇ်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် ဝမ်းနည်းပလက် ပြောလေတော့သည်။ "ချန်ချဲ့ ဒီရက်ပိုင်း ကိုယ့်ဟာကို ပြန်သုံးသပ်မိပါတယ်။ အရှင်မင်းကြီးက ချန်ချဲ့အပေါ် တကယ်ကောင်းခဲ့တာကို ချန်ချဲ့က မိုက်မဲပြီး အမှားကြီးကျူးလွန်ခဲ့မိတယ်။ အရှင်မင်းကြီးကို စိတ်ဆင်းရဲအောင်လုပ်မိလို့ ချန်ချဲ့ သေသင့်ပါတယ်။ အရှင်မင်းကြီးကို မျက်နှာချင်းဆိုင်ဖို့တောင်မှ ရှက်မိပါတယ်"
ပြောရင်းဆိုရင်း မျက်ရည်များစီးကျလာပြီး ရှိုက်ကြီးတငင် ငိုကြွေလေတော့သည်။
မုန့်ကွေးဖေးသည် ငယ်စဥ်ကတည်းက တက်ကြွလန်းဆန်းပြီး လီမိသားစုထဲ ရောက်လာပြီးနောက်တွင်လည်း စိတ်နေသဘောထားပြောင်းလဲခြင်း မရှိချေ။ ကွေ့ဖေးဖြ စ်လာပြီးနောက်တွင် ပိုလို့ပ င်မာနကြီးကာ ထောင်လွှားလာခဲ့သည်။ ယခုလို အားနည်းပြီး သနားစရာကောင်းသောပုံစံမျိုး တစ်ခါမှ မပြခဲ့ဖူးချေ။
ယုံးကျားဧကရာဇ်မှာ စိတ်မကောင်းဖြစ်သွားပြီး မုန့်ကွေ့ဖေးကို အကြာကြီး နှစ်သိမ့်ပေးလိုက်ရ၏။
မုန့်ကွေ့ဖေးကတော့ ငိုရင်းက စိတ်အတွင်းကိုယ့်ဟာကို သရော်လှောင်ပြောင်မိတော့သည်။
သူမသည် အရင်က စူးဖေး၏ ငိုယိုပြီးသနားအောင် လုပ်တတ်သည့်အကျင့်ကို အလွန်မုန်းတီးခဲ့သည်။ ယခုအခါ သူမကိုယ်တိုင်က ဧကရာဇ်၏ သနားမှုကိုရရှိရန် ထိုနည်းလမ်းကို အသုံးပြုနေရပြီ မဟုတ်ပါလား။
ဟုတ်ပါသည်။ သူမ မည်မျှပင် မုန်းတီးဒေါသထွက်နေပါစေ အမှန်တရားကိုတော့ လက်ခံရပေအုံးမည်။
သူမ၏ ရာထူးဂုဏ်သိက္ခာအားလုံးသည် ယုံးကျားဧကရာဇ်၏ ချစ်ခင်မှုပေါ်တွင် မူတည်နေလေသည်။ ထိုချစ်ခင်မှုကို လက်လွှတ်လို့တော့ မဖြစ်ပေ။ ရွံရှာစရာကောင်းလှသော်ငြားလည်း ဆက်ပြီးတော့ ဟန်ဆောင်ရပေအုံးမည်။
တစ်ခါ ငိုလိုက်ရသဖြင့် မုန့်ကွေ့ဖေး၏ စိတ်အခြေအနေမှာ အနည်းငယ် သက်သာသွားလေ၏။
ယုံးကျားဧကရာဇ်က မရည်ရွယ်သလိုဖြင့် လုမင်ယွိ အမြွှာကိုယ်ဝန်ဆောင်သည့်ကိစ္စကို ပြောပြလိုက်တော့သည်။ "- သမားတော်ချုပ်ကျိုးက ဆေးပညာကျွမ်းကျင်တော့ လုရှီ ကိုယ်ဝန်ဆောင်ထားတာကလဲ သားတစ်ယောက် သမီးတစ်ယောက် အမြွှာလေးပါတဲ့။ ဒါက တကယ့်ကို မင်္ဂလာသတင်းဖြစ်သလို တိုင်းပြည်အတွက်လည်း နိမိတ်ကောင်းပဲလေ"
"ဒါကြောင့် ကျန်းက သမားတော်ချုပ်ကျိုးကို လုရှီ ကိုယ်ဝန်အတွက် တာဝန်ပေးလိုက်ပြီ"
မုန့်ကွေ့ဖေး ဆွံ့အမိလေတော့၏။ စိတ်ထဲတွင် မနာလိုခြင်း ဒေါသထွက်ခြင်းနှင့် စိတ်ပျက်ခြင်းတို့ ရောနှောနေတော့သည်။
နန်းတော်ထဲတွင် သမားတော်များ အများကြီးရှိပါလျက် သူမသည် အသက်အန္တရာယ် စိုးရိမ်ရသည့်ချိန်ကို ကျော်ဖြတ်ပြီးပြီဖြစ်သဖြင့် သမားတော်ချုပ်ကို မဖြစ်မနေလိုအပ်တော့သည်လဲ မဟုတ်ပေ။
သို့သော်ငြား သူမ၏ နေထိုင်စားသောက်မှုပုံစံသည် အကောင်းဆုံးဖြစ်ရမည်။ ဒဏ်ရာကုသရာတွင်လည်း အဘယ်ကြောင့်များ သမားတော်ချုပ်ကျိုးကို မခေါ်နိုင်ရပါမည်နည်း။
ဒါသည် တခြားသူများ၏အမြင်တွင် မည်သို့သော အဓိပ္ပါယ် ဖြစ်သွားပါမည်နည်း။
မုန့်ကွေ့ဖေးသည် မျက်လုံးများကိုပင့်ကာ ယုံးကျားဧကရာဇ်ကို ကြည့်လိုက်လေသည်။
ယုံးကျားဧကရာဇ်ကလဲ တော်တော်လေး အားနာနေသည့်ပုံစံဖြင့် လေသံပျော့ပျော့လေး ပြောလိုက်၏။ "မင်း စိတ်မပူပါနဲ့။ ကျန်း တခြားတော်တဲ့ သမားတော်တစ်ယောက်ကို ယန်ရှီနန်းဆောင်အတွက် စီစဥ်ပေးပါ့မယ်"
မုန့်ကွေ့ဖေးသည် မာနကြီးသူဖြစ်ပြီး ငိုယိုပြီးအသားနားခံခြင်းက သူမ၏ နောက်ဆုံးစည်းပင် ဖြစ်လေသည်။ ထို့ထက်ပိုပြီး မလုပ်နိုင်တော့ပေ။ ထို့ကြောင့် မျက်လွှာချပြီးသာ ပြောလိုက်ရတော့၏။ "အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"
...
အပိုင်း (၂၆၁) မနာလိုဝန်တိုခြင်း
ထိုနေ့တွင်ပင် ကျိုးယွမ်ရှီ(နန်းတွင်းသမားတော်ကျိုး)သည် ဒုတိယမင်းသားအိမ်တော်သို့ ရောက်ရှိသွားခဲ့လေသည်။
ဒါက မင်္ဂလာကိစ္စဖြစ်သဖြင့် လူများကို ဖုံးကွယ်ထား၍ မရသလို ဖုံးကွယ်ထားရန်လည်း မလိုအပ်ချေ။
ချောင်မိဖုရားခေါင်သည် ရှို့နင်နန်းဆောင်သို့ ကိုယ်တိုင်သွားရောက်ပြီး မယ်တော်ကြီးကျောက်ကို သတင်းကောင်း ပါးလိုက်လေသည်။ မယ်တော်ကြီးကျောက်သည် မည်မျှပင် မျက်နှာလိုက်တတ်ပါစေ ဤကဲ့သို့သော မင်္ဂလာသတင်းကို ကြားလိုက်ရသည်တွင် အလွန်ဝမ်းမြောက်သွားရတော့၏။
“ကောင်းတယ်။ လုရှီက တကယ်ပဲ အားကိုးရတာပဲ။ အိုက်ကျား သူ့ကို ကောင်းကောင်း ဆုချရမယ်”
ချောင်မိဖုရားခေါင်က ပြုံးကာ လျှောက်တင်လိုက်လေသည်။ “ချန်ချဲ့က လုရှီရဲ့ ကိုယ်စား မူဟုပ်ကို ကျေးဇူးတင်ပါတယ်”
မယ်တော်ကြီးကျောက်သည် ရှားရှားပါးပါး သဘောကောင်းနေပြီး ပြုံးရွှင်စွာ ပြောလိုက်လေသည်။ “လုရှီကို ကိုယ်ဝန်ကို ကောင်းကောင်း ဂရုစိုက်ခိုင်းလိုက်ပါ။ ကလေးနှစ်ယောက်လုံးကို ဘေးကင်းကင်းနဲ့ မွေးဖွားနိုင်ရင် လီမိသားစုအတွက် အကြီးမားဆုံး ကုသိုလ်ရှင်ပဲ”
နဂါးနှင့်ဇာမဏီ အမြွှာပူးဆိုသည်မှာ နဂါးနှင့်ဇာမဏီတို့ ပေါင်းစပ်ခြင်းကို ဆိုလိုသည်။ တော်ဝင်မိသားစုအတွက်တော့ အမှန်တကယ်ပင် မင်္ဂလာရှိသော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။
အကယ်၍ သားယောက်ျားလေးချည်း အမြွှာပူးဖြစ်ခဲ့လျှင်မူ နိမိတ်ပုံ မကောင်းပေ။ ယခင်မင်းဆက် တော်ဝင်မိသားစုတွင် သားယောက်ျားလေး အမြွှာပူး မွေးဖွားခဲ့ဖူးသည်။ မွေးဖွားပြီးသည်နှင့် အကြီးလေးကိုသာ ချန်ထားခဲ့ပြီး ကျန်တစ်ယောက်ကို ဘုန်းကြီးကျောင်းသို့ ပို့ဆောင်မွေးမြူခဲ့ရသည်။ ထိုကလေးသည် နှစ်အနည်းငယ်အကြာတွင် သေဆုံးသွားခဲ့ရ၏။ ချန်ရစ်ခဲ့သည့် ပထမမင်းသားသည် နောက်ပိုင်းတွင် အိမ်ရှေ့စံဖြစ်လာပြီး ထီးနန်းဆက်ခံကာ ဧကရာဇ်မင်းမြတ် ဖြစ်လာခဲ့သည်။
ဤအကြောင်းအရာသည် ယခင်မင်းဆက် သမိုင်းမှတ်တမ်းများတွင် ပေါ့ပေါ့ပါးပါးသာ ရေးသားထားခဲ့သည်။ သို့သော် အသေအချာ တွေးကြည့်လျှင်တော့ ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်။
လီကျင့်သည် အိမ်ရှေ့စံအရာ ခန့်အပ်ခံထားရသူ ဖြစ်သည်။ လုမင်ယွိသည်လည်း ထိုက်ဇီဖေး ဖြစ်လေသည်။ အကယ်၍ သားယောက်ျားလေး အမြွှာပူး မွေးဖွားလာပါက ပြဿနာတစ်ခု ဖြစ်လာနိုင်ပေသည်။ သားတစ်ယောက် သမီးတစ်ယောက်ဆိုလျှင်တော့ အကောင်းဆုံးပင် ဖြစ်လေသည်။
ချောင်မိဖုရားခေါင်က ပြုံးကာ ထပ်ပြောလိုက်ပြန်သည်။
“ပြောစရာကိစ္စ တစ်ခုရှိပါသေးတယ်။ အာရှီက မူဟုပ်ကို လျှောက်တင်စရာ ရှိလို့ပါ။ လုရှီက အမြွှာကိုယ်ဝန် လွယ်ထားရတာဆိုတော့ ဗိုက်က သာမန်အမျိုးသမီးတွေထက် ပိုကြီးလာမှာပါ။ နန်းတော်ထဲ ဝင်ထွက်သွားလာရတာ အဆင်မပြေဖြစ်မှာ စိုးလို့ပါ။ ဒါကြောင့် အာရှီက သူ့ကို ဂါရဝပြုဖို့လာတာကို ကင်းလွတ်ခွင့် ပေးလိုက်ပါပြီ”
မယ်တော်ကြီးကျောက်သည် “ကိုယ်ဝန်ရှိတာနဲ့ ဒီလောက်တောင် နွဲ့ဆိုးနေရလား” ဟူသည့် စကားများကို မပြောဘဲ ခေါင်းညိတ်ကာ ပြောလိုက်လေသည်။ “အရာအားလုံးက ဗိုက်ထဲက ကလေးကိုပဲ အဓိကထားရမှာပေါ့”
လုရှီ ကလေးမွေးပြီးမှပဲ အတိုးနဲ့အရင်းပေါင်းပြီး ပြန်ရှင်းရမယ်။ အခုလောလောဆယ်တော့ နောက်မကျသေးပါဘူး။
ချောင်မိဖုရားခေါင်သည် မယ်တော်ကြီးကျောက်၏ မျက်လုံးထဲတွင် “စာရင်းမှတ်ထားပြီး နောက်မှ ရှင်းမယ်” ဟူသည့် အရိပ်အယောင်ကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ “မူဟုပ်ကို ကျေးဇူးတင်ပါတယ်”
...
မယ်တော်ကြီးကျောက် သိရှိသွားသည့် ကိစ္စကို ချင်ဖေးသည်လည်း လျင်မြန်စွာ သိရှိသွားခဲ့လေသည်။
ချင်ဖေး၏ ရင်ထဲတွင်တော့ မနာလိုဝန်တိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာရတော့သည်။
ဒီလုမင်ယွိရဲ့ ကံတရားကလည်း ကောင်းလွန်းလိုက်တာ။
ရင်ထဲတွင် မည်မျှပင် မနာလိုဖြစ်နေပါစေ မျက်နှာပေါ်တွင်တော့ ထုတ်ဖော်ပြသ၍ မရချေ။ ချင်ဖေးသည် ကျောင်းဖန်နန်းဆောင်သို့ ရင်းရင်းနှီးနှီး သွားရောက်ကာ ဂုဏ်ပြုစကားများကို လှည်းတိုက်၍ သယ်ဆောင်လာသကဲ့သို့ ပြောဆိုရလေသည်။
ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလိုက်သည်။ “ပန်ကုံးလဲ မထင်ထားခဲ့ပါဘူး။ လုရှီရဲ့ ကံတရားက ဒီလောက်ကောင်းလိမ့်မယ်လို့လေ။ ချင်ဖေးလဲ စိတ်မပူပါနဲ့။ နောက်လနည်းနည်းကြာရင် စတုတ္ထမင်းသားလဲ ဇနီးသည်ကို အိမ်ထဲခေါ်သွင်းရတော့မှာဆိုတော့ မကြာခင်မှာပဲ မင်းဝမ်းသာရမယ့်အလှည့် ရောက်လာတော့မှာပါ”
ချင်ဖေးက ပြုံးကာ ပြန်ပြောလိုက်လေသည်။ “ချန်ချဲ့က မိဖုရားခေါင်ကြီး ပြောသလို ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ နဂါးနဲ့ဇာမဏီ အမြွှာပူးဆိုတဲ့ ကံကောင်းခြင်းမျိုးက တစ်ထောင်မှာ တစ်ယောက်တောင် ရှိတာမဟုတ်ဘူးလေ။ ဒီလိုကိစ္စကောင်းမျိုးကို ချန်ချဲ့က တွေးတောင် မတွေးရဲပါဘူး”
“ထိုက်ဇီဖေး ကိုယ်ဝန်ဆောင်တာက ထိပ်တန်းအရေးကိစ္စပဲလေ။ ကျိုးယွမ်ရှီကို စောင့်ရှောက်ဖို့ လွှတ်လိုက်တာက ဖြစ်သင့်ပါတယ်။ မုန့်ကွေ့ဖေးက ဘယ်လောက်ပဲ အရေးကြီးတယ်ဆိုဆို မြေးတော်လေးနဲ့ မြေးမတော်လေးလောက်တော့ ဘယ်အရေးကြီးပါ့မလဲ”
ချောင်မိဖုရားခေါင်၏ အပြုံးများက အထူးတလည် ကြည်နူးဖွယ်ကောင်းနေတော့သည်။
“ချင်ဖေးက တကယ်ပဲ စကားပြောတတ်တာပဲ”
ချင်ဖေးက ပြုံးကာ ပြောလိုက်သည်။ “မိဖုရားခေါင်ကြီး ချီးကျူးနေမှတော့ ချန်ချဲ့ကလဲ အားမနာဘဲ လက်ခံလိုက်ပါ့မယ်”
စူးဖေး၏ ရင်ထဲက ဒေါသနှင့် နာကျည်းမုန်းတီးမှုများကိုတော့ ပြောပြနေစရာပင် လိုမည်မဟုတ်ချေ။ စက်ဆုပ်ဖို့ကောင်းလိုက်တဲ့ လုမင်ယွိ။ လီဟောက်ကို ထပ်ပြီးလက်ထပ်ဖို့ ငြင်းဆန်ခဲ့ပြီး လီကျင့်ကို လက်ထပ်သွားတာတောင် ထားလိုက်ပါတော့။ အခု လီကျင့်အတွက် နဂါးနှင့်ဇာမဏီ အမြွှာပူးကိုပါ လွယ်ထားရသည်တဲ့။
စူးဖေးသည် ကျောင်းဖန်နန်းဆောင်သို့ သွားရောက်ဂုဏ်ပြုပြီးနောက်တွင် ဒေါသများကို မြိုသိပ်ကာ ယိဟွားနန်းဆောင်သို့ ပြန်လာခဲ့သည်။ မုန့်ယွင်လော် လာရောက် ဂါရဝပြုသည့်အချိန်တွင် စူးဖေးသည် ချွေးမဖြစ်သူကို ဘယ်လိုကြည့်ကြည့် အမြင်မကြည်ဖြစ်နေတော့သည်။
“လုရှီက အမြွှာပူး ကိုယ်ဝန်ရသွားတဲ့ကိစ္စကို မင်းလဲ သိပြီးပြီမလား”
“ပြောရမယ်ဆိုရင် မင်းနဲ့ အားဟောက် လက်ထပ်တာ ၃လတောင် ရှိနေပြီ။ ဘာလို့ အခုထိ သတင်းကောင်း မကြားရသေးတာလဲ”
မုန့်ယွင်လော်သည် ဒီရက်ပိုင်းတွင် စိတ်အခြေအနေ အမြဲတမ်း ညှိုးငယ်နေခဲ့သည်။
သူမ၏ အဒေါ်အရင်းဖြစ်သူ မုန့်ဖေးသည် နန်းဆောင်ပိတ်ကာ ရောဂါကုသနေရပြီး ယခင်ကကဲ့သို့ ဂုဏ်ရှိန်အဝါ မရှိတော့ချေ။ သူမ၏ဖခင် ကွမ်းပင်းနယ်စားသည်လည်း အပြစ်ဒဏ်ကြီးကြီးမားမား ပေးခံထားရပြီး ယခုအချိန်အထိ မုန့်အိမ်တော်ထဲတွင် အကျယ်ချုပ်ကျနေကာ မည်သူ့ကိုမှ တွေ့ဆုံခွင့်မရချေ။
သူမသည် ဖခင်ဖြစ်သူကို စိတ်ပူကာ မုန့်အိမ်တော်သို့ အကြိမ်ကြိမ်ပြန်သော်လည်း တံခါးပိတ် ငြင်းဆန်ခြင်းကိုသာ ခံခဲ့ရသည်။ ကွမ်းပင်းနယ်စားကတော်က သူမထံသို့ စကားပါးလိုက်၏။ “မုန့်မိသားစုက အပြစ်ကြီး ကျူးလွန်ထားတာ။ အရှင်မင်းကြီးက သက်ညှာစွာ အပြစ်ပေးထားတာ။ မင်းက တတိယမင်းသားရဲ့ ကြင်ရာတော်ဖြစ်နေပြီ။ ယောက္ခမအိမ်ကိုပဲ ဦးစားပေးသင့်တယ်။ မိဘအိမ်ကိုပဲ အမြဲတမ်း စိတ်ရောက်မနေနဲ့။ တတိယမင်းသားကို ကောင်းကောင်းပြုစုပြီး မိဖုရားခေါင်နဲ့ စူးဖေးကို ရိုသေပါ” ဟူ၍။
သမီးတစ်ယောက်အနေဖြင့် မိဘအရင်းကို မည်သို့များ စိတ်မပူဘဲ နေနိုင်ပါမည်နည်း။
မုန့်ယွင်လော်သည် နေ့စဉ်နေ့တိုင်း စိတ်သောကရောက်ကာ တဖြည်းဖြည်း ပိန်လှီလာခဲ့သည်။ စူးဖေး၏ ထိုကဲ့သို့သော ငေါတော့တော့စကားကို ကြားလိုက်ရသည့်အခါ သူမ၏ ရင်ထဲတွင် ဒေါသမီးတောက်တစ်ခု ထတောက်လာတော့သည်။
သူမသည် ဒေါသကိုထိန်းကာ ပြန်ဖြေလိုက်၏။ “သတို့သမီးအသစ် အိမ်ထဲဝင်ပြီး ၃နှစ်ကြာလို့ ကလေးမရမှ ယောက္ခမအိမ်က ပြောဆိုပြစ်တင်ကြတာပါ။ သာ့စောင်တောင်မှ ၃နှစ်ကျော်ကြာတဲ့အထိ ကိုယ်ဝန်မရှိလို့ မုန့်ကွေ့ဖေးက အပျိုတော်နှစ်ယောက် ချီးမြှင့်ခဲ့တာလေ။ ကျွန်မက အခုမှ ၃လပဲ ရှိသေးတာ။ မူဖေးက အရှင်မင်းသားအတွက် လူဖြည့်ပေးဖို့ စိတ်လောနေပြီလား”
လေသံက အနည်းငယ်မာထန်နေပြီး ပုံမှန်ကဲ့သို့ ရိုသေလေးစားမှု မရှိတော့ချေ။
စူးဖေးသည် စိတ်အခြေအနေ မကောင်းဖြစ်နေသည့်အချိန်တွင် ဒီလိုစကားမျိုးကို ကြားလိုက်ရသဖြင့် ဒေါသထွက်သွားတော့သည်။ “ငါက ဘယ်တုန်းက အားဟောက်ကို လူဖြည့်ပေးမယ်လို့ ပြောမိလို့လဲ။ ဒီတိုင်း စေတနာနဲ့ မေးကြည့်ရုံပါပဲ။ မင်းက ဘာလေသံနဲ့ လာပြောနေတာလဲ”
မုန့်ယွင်လော်က မျက်နှာထားတင်းတင်းဖြင့် ပြန်ပြောလိုက်လေသည်။ “ကျွန်မက ကိုယ့်ဘာသာကိုယ်တော့ လေသံက မသင့်တော်ဘူးလို့ မထင်ပါဘူး။ မူဖေးက ပါးစပ်ဖွင့်လိုက်တိုင်း လုမင်ယွိကို ချီးကျူးနေတာ။ အဲဒီတုန်းက ဘာဖြစ်လို့ အရှင်မင်းသားကို လုမင်ယွိနဲ့ လက်ထပ်ဖို့ သွားမတောင်းဆိုခဲ့တာလဲ”
စူးဖေး “...”
ဒီစကားကတော့ စူးဖေး၏ အနာကျင်ဆုံးနေရာကို တည့်တည့် ထိုးနှက်လိုက်ခြင်းပင်။
စူးဖေးသည် ချက်ချင်းပင် လက်ကိုင်ပုဝါဖြင့် မျက်လုံးကိုအုပ်ကာ ငိုကြွေးလိုက်လေတော့သည်။ “ငါ သိပါတယ်။ မင်းလို ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းက ဆင်းသက်လာတဲ့ မင်းသားကြင်ရာတော်က ငါလို ယောက္ခမမျိုးကို မျက်လုံးထဲ ထည့်မှာမဟုတ်ပါဘူး။ ထားလိုက်ပါတော့လေ။ ငါ အခုပဲ လူလွှတ်ပြီး အားဟောက်ကို ခေါ်ခိုင်းလိုက်မယ်။ နောက်ဆိုရင် မင်း ယိဟွားနန်းဆောင်ကို လာပြီး ငါ့ကို ဂါရဝပြုစရာ မလိုတော့ပါဘူး။ ငါလို နိမ့်ကျတဲ့ မျိုးရိုးက ဆင်းသက်လာတဲ့ ယောက္ခမက မင်းမျက်စိထဲမှာ အနှောင့်အယှက် ဖြစ်နေမှာစိုးလို့ပါ”
မုန့်ယွင်လော် “...”
ဒီဝမ်းနည်းပက်လက် ငိုကြွေးသံကြီးက နားထဲတွင် မာန်ဖီနေသလိုပင်။
မုန့်ယွင်လော်သည် နားထင်ကြောများ ဒိတ်ဒိတ်ခုန်လာပြီး ဒေါသထွက်လွန်းသဖြင့် ပြောဆိုသည့်စကားများက ပိုမိုလွန်ကဲလာတော့သည်။ “ကျွန်မ အိမ်ထဲရောက်လာပြီးကတည်းက မူဖေးအပေါ်မှာ အမြဲတမ်း ရိုရိုသေသေ ဆက်ဆံခဲ့ပါတယ်။ မူဖေးရဲ့ ဒီစကားတွေက ဘယ်ကနေ ရောက်လာတာလဲ။ ကျွန်မ အမြင်ပြောရရင် မူဖေးက ကျွန်မနဲ့ အရှင်မင်းသားတို့ လင်မယားနှစ်ယောက် ဆက်ဆံရေး အဆင်ပြေနေတာကို မမြင်ချင်ဘဲ ကျွန်မတို့ လင်မယား စိတ်ဝမ်းကွဲပြီး ခဏခဏ ရန်ဖြစ်နေတာကိုပဲ မြင်ချင်နေတာ ဖြစ်မယ်”
“အရှင်မင်းသားက အင်မတန်မှ သိတတ်လိမ္မာပြီး မိဘစကား နားထောင်တဲ့သူပါ။ မူဖေးက တမင်သက်သက် ရန်ရှာမှန်း သိရင်တောင် ကျွန်မကို ခေါင်းငုံ့ပြီး တောင်းပန်ခိုင်းမှာ။ ဒီလိုဆိုရင် ကျွန်မတို့ လင်မယား စိတ်ဝမ်းကွဲသွားပြီး မူဖေးရဲ့ စိတ်တိုင်းကျ ဖြစ်သွားပြီပေါ့”
စူးဖေးသည် မျက်လုံးများနီရဲလာပြီး တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးထိုးကာ ပါးစပ်က တစ်စုံတစ်ရာ ပြောရန်ပြင်လိုက်သော်လည်း အသံထွက်မလာဘဲ မျက်လုံးအိမ်များ လည်ထွက်သွားကာ မူးလဲကျသွားလေတော့သည်။
ဘေးနားရှိ နန်းတွင်းအပျိုတော်က မူးလဲသွားသော စူးဖေးကို အလျင်အမြန် တွဲထူလိုက်လေသည်။ “လာကြပါအုံး။ ဟွမ်ဟုပ်ညန်ညန်ဆီကို မြန်မြန် သွားလျှောက်တင်လိုက်။ စူးဖေးညန်ညန် မူးလဲသွားပြီလို့ ပြောလိုက်။ သမားတော်ကို မြန်မြန်ပင့်ခဲ့ကြ”
ထိုအချိန်ကျမှ မုန့်ယွင်လော်သည် အခြေအနေ မကောင်းတော့ကြောင်း သတိပြုမိလိုက်သည်။
သွားပြီ။ သူမ ဘယ်လိုလုပ်ပြီး စူးဖေးကို စိတ်ဆိုးအောင်လုပ်ပြီး မူးလဲသွားအောင် လုပ်လိုက်မိတာလဲ။
လီဟောက်က အမေအပေါ် သိတတ်လိမ်မာတာ။ ဒီကိစ္စကို သိသွားရင် သူမကို အပြစ်မတင်ဘဲ နေပါ့မလား။
...
သမားတော်သည် အလျင်အမြန်ပင် ရောက်ရှိလာခဲ့သည်။
သွေးခုန်နှုန်းစမ်းသပ်ပြီးနောက် အပ်စိုက်ကုသပေးကာ ဆေး方 ရေးပေးပြီး ဆေးပြုတ်ခိုင်းလိုက်သည်။ ဆေးပြုတ်ပြီး၍ ကုတင်ဘေးသို့ ဆေးခွက်ယူလာချိန်တွင် လီဟောက်ညီအစ်ကိုနှစ်ယောက်သည် ကပျာကယာ ရောက်ရှိလာကြလေသည်။
မုန့်ယွင်လော်သည် စိတ်ထဲတွင် အပြစ်ရှိစိတ်ဖြင့် ရှေ့တိုးကာ ကြိုဆိုလိုက်သော်လည်း စကားတစ်ခွန်းမှ မပြောရသေးခင်မှာပင် လီဟောက်၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။
လီဟောက်သည် စိတ်ပူလွန်းသဖြင့် အားကို မထိန်းချုပ်နိုင်လိုက်ပေ။ မုန့်ယွင်လော်သည် ရုတ်တရက် အတွန်းခံလိုက်ရသဖြင့် ဒယိမ်းဒယိုင် နောက်ဆုတ်သွားရပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
လီဟောက်သည် မုန့်ယွင်လော်၏ ဖြစ်ပျက်ပုံကို ဂရုမစိုက်နိုင်တော့ဘဲ ကုတင်ဘေးသို့ ပြေးသွားကာ စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်လေသည်။ “မူဖေး။ ဘာဖြစ်လို့ ရုတ်တရက်ကြီး မူးလဲသွားရတာလဲ”
လီချန်သည်လည်း အလွန်ပင် စိတ်ပူပန်နေလေသည်။ “မူဖေး နေမကောင်းဖြစ်နေတာလား။ သမားတော်က ဘယ်လိုပြောလဲ”
စူးဖေးသည် မျက်နှာအပြည့် မျက်ရည်များဖြင့် ငိုကြွေးကာ ပြောလိုက်လေသည်။ “အမေဖြစ်တဲ့သူက စကားပြော မဆင်ခြင်မိလို့ မုန့်ရှီ စိတ်မချမ်းသာဖြစ်အောင် လုပ်မိသွားတယ်။ သူက အမေ မူးလဲသွားအောင် တမင်ရည်ရွယ်ပြီး လုပ်တာ မဟုတ်ပါဘူး။ အားဟောက် မင်း သူ့ကို အပြစ်မတင်ပါနဲ့”
လီဟောက်သည် နှုတ်ခမ်းပါးကို စေ့လိုက်ပြီး မျက်လုံးထဲတွင် ဒေါသရိပ်များ ဖြတ်သန်းသွားကာ မုန့်ယွင်လော်ကို လှည့်ကြည့်လိုက်ပြီး အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။
မုန့်ယွင်လော် “...”
...