← Chapters

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အပိုင်း (၂၆၂) ကာကွယ်စောင့်ရှောက်ခြင်း

လုမင်ယွိ အမြွှာကိုယ်ဝန်ရရှိသွားသည့် သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။ သတင်းကြားလိုက်ရသူများတွင် မနာလိုဝန်တိုသူများ ရှိသလို အားကျသူများလည်း ရှိပေသည်။ သို့သော် အများစုကတော့ လုမင်ယွိအတွက် ဝမ်းသာပေးကြလေသည်။

နောက်တစ်နေ့တွင် ဟွေ့အန်းကုန်းကျူသည် ပျော်ရွှင်ကြည်နူးစွာဖြင့် လာရောက်ဂုဏ်ပြုစကား ဆိုလေသည်။ “နင့်ရဲ့ ကံတရားကို ကြည့်ပါအုံး။ တစ်ခါတည်းနဲ့ နှစ်ယောက်တောင် ရတယ်။ ကြားတာတော့ နဂါးနဲ့ဇာမဏီ အမြွှာပူးဆို။ တကယ့်ကို အားကျစရာပဲ”

လုမင်ယွိသည် ဒီရက်ပိုင်းတွင် ဟွေ့အန်းကုန်းကျူနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာသဖြင့် နှုတ်ခမ်းပါးကို တွန့်ကွေးကာ ပြုံးလိုက်လေသည်။ “ကျိုးယွမ်ရှီက သွေးခုန်နှုန်းစမ်းပြီး နဂါးနဲ့ဇာမဏီ အမြွှာပူးလို့ ပြောတာပါ။ သေချာပေါက် မှန်မယ်လို့ မပြောနိုင်ပါဘူး”

“သေချာပေါက် မှန်မှာ။ သေချာပေါက် မှန်မှာ” ဟွေ့အန်းကုန်းကျူက တရစပ် ရယ်မောလိုက်လေသည်။ “ကျိုးယွမ်ရှီက သွေးခုန်နှုန်းစမ်းတာ ဘယ်တုန်းကမှ မမှားဖူးဘူး။ ငါက နောက်လနည်းနည်းကြာရင် တူတော်လေး တူမတော်လေး ရလာတော့မယ်ဆိုပြီး စောင့်နေတော့မှာ”

ပျော်ရွှင်စွာဖြင့် ပြန်သွားသော ဟွေ့အန်းကုန်းကျူကို ပို့ဆောင်ပြီးနောက် လုမင်ဖန်းနှင့် ရှန်းလန်တို့ ရောက်ရှိလာကြပြန်သည်။

ဟွေ့အန်းကုန်းကျူ၏ သက်သက်မဲ့ ဝမ်းသာနေမှုနှင့် ယှဉ်လျှင် လုမင်ဖန်းနှင့် ရှန်းလန်တို့ကတော့ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ယှဉ်တွဲနေတော့သည်။

“အမြွှာကိုယ်ဝန်ဆောင်တာက သာမန်ကိုယ်ဝန်ဆောင်တာထက် ပိုပြီးပင်ပန်းတယ်” လုမင်ဖန်း၏ မျက်လုံးများထဲတွင် သနားဂရုဏာသက်မှုနှင့် စိုးရိမ်ပူပန်မှုများ ပေါ်လွင်နေတော့သည်။ “ပြီးတော့ လမစေ့ဘဲ မွေးတတ်တယ်။ စစ်မေ့။ နင်က ပိုပြီးဂရုစိုက်မှ ဖြစ်မယ်”

ကိုယ်ဝန် ၅လကျော်ရှိနေပြီဖြစ်သည့် ရှန်းလန်ကလည်း စိုးရိမ်စွာ မှာကြားလိုက်လေသည်။ “ရှောင်ယွိ။ နင် အိမ်ထဲကနေ အပြင်ထွက်မနေနဲ့တော့။ စိတ်အေးလက်အေးပဲ ကိုယ်ဝန်ကို ဂရုစိုက်တော့”

လုမင်ယွဲ့က ဝင်ပြောလိုက်လေသည်။ “စန်းကျဲကလဲ လာချင်နေတာ။ ဒါပေမဲ့ သူက မွေးခါနီးနေပြီဆိုတော့ အချိန်မရွေး မွေးနိုင်တယ်လေ။ ဟိုဟိုဒီဒီ လျှောက်သွားလို့ အဆင်မပြေတော့ဘူး။ စစ်ကျဲကို အိမ်ထဲမှာပဲနေပြီး ကိုယ်ဝန်ကို ဂရုစိုက်ပါလို့ စကားပါးလိုက်တယ်”

အတိုချုပ်ပြောရလျှင်တော့ လူတိုင်းက တဖွဖွ ပြောနေကြသည်မှာ တစ်ခွန်းတည်းသာ။

ကိုယ်ဝန်ကို ကောင်းကောင်းဂရုစိုက်။ နန်းတော်ထဲ ထပ်မဝင်နဲ့တော့။

စကားများလွန်းသည်ဟု ထင်ရသော်ငြားလည်း ဆွေမျိုးသားချင်းများ၏ မေတ္တာစေတနာများ ဖြစ်ပေသည်။ လုမင်ယွိသည် စိတ်ရှည်လက်ရှည်ဖြင့် တစ်ခွန်းချင်း ပြန်ဖြေလိုက်လေသည်။

အစကတည်းက တိတ်ဆိတ်ငြိမ်သက်နေသည့် လုရွှမ်းက ပါးစပ်ဖွင့်ပြောလာခဲ့သည်။ “စစ်ကျဲ။ ကျွန်တော်နဲ့ ဝူကျဲ အိမ်မှာ တိုင်ပင်ပြီးပါပြီ။ ဝူကျဲက အိမ်မှာနေပြီး အာ့စောင်ကို ပြုစုလိမ့်မယ်။ ဒီနေ့ကစပြီး ကျွန်တော်က ဒုတိယမင်းသားအိမ်တော်မှာ လာနေပါမယ်။ စစ်ကျဲ မွေးဖွားပြီးမှပဲ ကျွန်တော် အိမ်ပြန်တော့မယ်”

လုမင်ယွိသည် အံ့အားသင့်သွားပြီး အလိုအလျောက် ငြင်းဆန်လိုက်မိသည်။ “မလိုပါဘူး။ အရှင်မင်းသားက နေ့တိုင်း ညီလာခံတက်ရတာ။ အိမ်မှာ မရှိဘူး။ ဒါပေမဲ့ ငါ့ဘေးမှာ ချီယွင်ရှိတယ်။ လုယိလဲ ရှိတယ်...”

“ဒါက ဘယ်လိုလုပ် တူမှာလဲ” လုမင်ဖန်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “သူတို့က နင့်အပေါ် သစ္စာရှိတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဂုဏ်ဒြပ်က အဆင်မပြေဘူးလေ။ တကယ်လို့ မသမာတဲ့သူတွေ အိမ်တော်ကို ရောက်လာရင် သူတို့က တားဆီးဖို့ အဆင်မပြေဘူး။ လျို့တိကတော့ မတူဘူး။ သူက နင့်ကိုယ်စား ကိစ္စတွေကို စီမံခန့်ခွဲပေးလို့ရတယ်။ နင် မတွေ့ချင်တဲ့သူတွေကို တားဆီးပေးလို့ရတယ်”

လုရွှမ်းသည် လုမင်ယွိ၏ မောင်ငယ်ဖြစ်ပြီး လီကျင့်၏ တရားဝင် ယောက်ဖတော်စပ်သူ ဖြစ်လေသည်။

ဒီခေတ်ကြီးထဲတွင် ယောက်ဖတော်စပ်သူ အိမ်တော်သို့ ရောက်လာလျှင် ခါးက တခြားသူများထက် ပိုမတ်နေတတ်သည်။ အခြားမင်းသားများ သို့မဟုတ် မင်းသားကြင်ရာတော်များ ရောက်လာလျှင်တောင် လုရွှမ်းက ဧည့်ခံစကားပြောရန် အင်အားရှိပေသည်။

ကိုယ်ဝန်ရှိသည့် အမျိုးသမီးသည် ပုံမှန်အချိန်ထက် ပိုမိုအားနည်းတတ်ပြီး ဂရုစိုက်မှု ပိုမိုလိုအပ်သည်မှာ အမှန်ပင်။

လုမင်ယွိသည် လေးလေးနက်နက် စဉ်းစားလိုက်မိသည်။

လုရွှမ်းက ပြုံးစိစိဖြင့် ပြောလိုက်၏။ “စစ်ကျဲ သဘောတူတူ မတူတူ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီနေ့ကစပြီး ပြန်တော့မှာ မဟုတ်ဘူး။ ကျွန်တော်က အဝတ်အစားတွေ အထုပ်အပိုးတွေတောင် ပြင်ဆင်ပြီး ယူလာခဲ့တာ”

လုမင်ယွိ၏ ရင်ထဲတွင် နွေးထွေးမှုများ စီးဆင်းသွားပြီး ပြုံးကာ ပြောလိုက်လေသည်။ “ဒါဆိုလဲ ပြီးတာပါပဲ။ နင် ဒီမှာ လအနည်းငယ်လောက် နေလိုက်ပေါ့”

ထို့နောက် ညီမဖြစ်သူ လုမင်ယွဲ့ကို မှာကြားလိုက်သည်။ “လျို့တိက အိမ်တော်မှာ ငါ့ကို လာအဖော်ပြုပေးတော့ လုအိမ်တော်မှာ နင်နဲ့ အာ့စောင်ပဲ ကျန်တော့မယ်။ အိမ်မှုကိစ္စတွေကို ကောင်းကောင်း စီမံပြီး အာ့စောင်ကို ဂရုစိုက်နော်။ တကယ်လို့ တစုံတရာ ကိစ္စရှိရင် ငါ့ဆီကို ချက်ချင်း စာပို့လိုက်”

လုမင်ယွဲ့က ပြုံးကာ ပြန်ဖြေလိုက်သည်။ “စိတ်ချပါ။ အာ့စောင်ကို ကျွန်မ ကောင်းကောင်း ပြုစုလိုက်ပါ့မယ်”

လုအိမ်တော် တစ်ခုလုံး စည်းလုံးညီညွတ်ကြသည်။ အပြင်ကိစ္စများကို အိမ်တော်ထိန်းချုပ်လုကျားက တာဝန်ယူပြီး အတွင်းရေးကိစ္စများကို လုမင်ယွဲ့က တာဝန်ယူထားသည်။ လုလင်းတို့ သားအဖနှစ်ယောက်က ရက်အနည်းငယ်ကြာတိုင်း အိမ်ပြန်လေ့ရှိသည်။ အမှန်တကယ်ပင် စိတ်ပူစရာမလိုချေ။

လုမင်ယွိမှာသာ ယခင်က လုပ်ကြံခံရဖူးသည့် ကိစ္စရှိလာပြီး နန်းတွင်းတွင် လှိုင်းတံပိုးများ ထန်နေသဖြင့် မည်သည့်အချိန်တွင် မကောင်းဆိုးဝါးလေ တိုက်ခတ်လာမည်ကို မသိနိုင်ချေ။ စိတ်မချနိုင်စရာပင်။

...

မိုးချုပ်သွားပြီးနောက် လီကျင့် အိမ်ပြန်ရောက်လာခဲ့သည်။ အိမ်တံခါးဝသို့ ခြေချလိုက်သည်နှင့် လက်တံရှည် ခြေတံရှည် လည်ပင်းရှည်နှင့် ခေါင်းကြီးသည့် လူပျိုပေါက်တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီး ပြုံးစိစိဖြင့် ဂါရဝပြုလိုက်လေသည်။

“အရှင်မင်းသားကို ဂါရဝပြုပါတယ်”

လီကျင့်သည် အစပိုင်းတွင် လန့်သွားပြီးနောက် မျက်နှာကို သေချာကြည့်လိုက်မှ ပြုံးရယ်လိုက်မိတော့သည်။ “လျို့တိကိုး။ မြန်မြန်ထပါ”

လီကျင့် မမေးမြန်းရသေးခင်မှာပင် လုရွှမ်းက ပြုံးကာ ပြောလိုက်လေသည်။ “ကျွန်တော် အဝတ်အစားတွေ အထုပ်အပိုးတွေ သိမ်းဆည်းပြီး အိမ်တော်မှာ အချိန်ကာလတစ်ခုလောက် လာနေတာပါ။ စစ်ကျဲ မွေးဖွားပြီး ကလေးရမှ လုအိမ်တော်ကို ပြန်တော့မယ်။ နောက်ဆို အရှင်မင်းသား အိမ်ပြန်ရောက်ရင် နေ့တိုင်း ကျွန်တော်လို ယောက်ဖကို တွေ့ရတော့မယ်”

လီကျင့်သည် နောက်တစ်ကြိမ် အံ့အားသင့်သွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားတော့သည်။ “သိပ်ကောင်းတာပဲ။ အရင်ဆုံး လျို့တိကို ကျေးဇူးတင်ပါတယ်”

လေးလေးနက်နက် လက်နှစ်ဖက်ကို ယှက်ကာ ကိုယ်ကိုကိုင်းပြီး ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

လုရွှမ်းက မည်သို့ ခံယူဝံ့ပါမည်နည်း။ ကပျာကယာ ရှောင်ဖယ်လိုက်လေသည်။ “အရှင်မင်းသား ဒီလိုမလုပ်ပါနဲ့။ အရှင်မင်းသားက အိမ်ရှေ့စံလေ။ အရှင်မင်းသားက ကျွန်တော့်ကို ဂါရဝပြုရတယ်လို့ ဘယ်မှာရှိလို့လဲ။ ခံစားချက်အရ ပြောရရင် အရှင်မင်းသားက ကျွန်တော့်ရဲ့ ယောက်ဖပါ။ ကျွန်တော်လို ယောက်ဖက မျက်နှာပြောင်တိုက်ပြီး လာစားလာသောက်နေတာက တော်တော်လေး လွန်နေပါပြီ။ အရှင်မင်းသား ကျွန်တော့်ကို မငြိုငြင်ပါနဲ့”

လုရွှမ်းသည် ပုံမှန်အချိန်တွင် ဆော့ကစားတတ်သည်ဟု ထင်ရသော်ငြားလည်း အမှန်တကယ်တွင် စကားပြော အလွန်ကောင်းပြီး ပြောလိုက်သည့် စကားများက နားထောင်လို့ ကောင်းလှပေသည်။

လီကျင့်သည် ရင်ထဲတွင် နွေးထွေးသွားပြီး အားနာမနေတော့ဘဲ ပြုံးကာ လုရွှမ်း၏ ပခုံးကို ပုတ်လိုက်လေသည်။ “ကျေးဇူးတင်စကားတွေ အများကြီး မပြောတော့ပါဘူး။ နောက်ကျရင် မင်းပဲ ပင်ပန်းခံပြီး မင်းရဲ့ စစ်ကျဲကို ကောင်းကောင်း ဂရုစိုက်ပေးပါ”

၁၁နှစ်အရွယ် လုရွှမ်းသည် ရင်ကိုကော့လိုက်ပြီး လူကြီးတစ်ယောက်လို ဟန်ပန်လုပ်ကာ ပြောလိုက်လေသည်။ “အရာအားလုံး ကျွန်တော့်တာဝန် ထား။ အရှင်မင်းသား စိတ်ချပါ”

လီကျင့်သည် လုရွှမ်း၏ ခေါင်းကြီးကို မပွတ်ဘဲ မနေနိုင်တော့ဘဲ ရယ်မောလိုက်မိတော့သည်။

သူ့တွင် ညီသုံးယောက်နှင့် ညီမတစ်ယောက်ရှိသည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ မောင်နှမများအကြားတွင် အကောက်ကြံမှုများသာ များပြားပြီး သွေးသားရင်းချာ သံယောဇဉ်ဆိုသည်မှာ ဟန်ပြသက်သက်သာ ဖြစ်လေသည်။

ပါးနပ်ပြီး ဆော့ကစားတတ်သည့် ယောက်ဖလေးကို ကြည့်ရင်း အစ်ကိုကြီးတစ်ယောက်ဖြစ်ရသည့် ခံစားချက်ကို ရရှိစေသည်။

လုရွှမ်းနေထိုင်သည့် ခြံဝင်းသည် လုမင်ယွိ၏ ခြံဝင်းနှင့် ကပ်လျက်ပင်။

လုရွှမ်းသည် လီကျင့်ကို ခြံဝင်းအပြင်ဘက်အထိ လိုက်ပို့ပြီးနောက် ပြုံးကာ နှုတ်ဆက်ပြီး မိမိခြံဝင်းသို့ ပြန်သွားတော့သည်။ လင်မယားနှစ်ယောက် အတူရှိနေသည့်အချိန်ကို နှောင့်ယှက်လိုသည့်ဆန္ဒ လုံးဝမရှိချေ။

ထိုကဲ့သို့ အလိုက်တသိရှိပြီး လိမ္မာပါးနပ်မှုကြောင့် လီကျင့်၏ ရင်ထဲတွင် နောက်တစ်ကြိမ် နွေးထွေးသွားပြန်သည်။

ခြံဝင်းထဲသို့ ဝင်ရောက်ပြီးနောက် လင်မယားနှစ်ယောက် တွေ့ဆုံသည်နှင့် လီကျင့်က ပြုံးကာ ပြောလိုက်လေသည်။ “ကို လျို့တိနဲ့ တွေ့ပြီးပြီ”

လုမင်ယွိ၏ မျက်ဝန်းများက နူးညံ့သွားတော့သည်။ “သူက အိမ်တော်မှာနေမယ်လို့ ဇွတ်ပြောနေတာ။ သူ့ရဲ့ စေတနာကို ကျွန်မ မငြင်းရက်လို့ နေခွင့်ပေးလိုက်တာ”

လီကျင့်သည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။ “သူ နေခဲ့တာ ပိုကောင်းပါတယ်။ ကို မင်းနဲ့ တိုင်ပင်စရာ ကိစ္စတစ်ခု ရှိနေလို့”

လီကျင့်သည် သူစိမ်းများရှေ့တွင် တည်ငြိမ်စွာ နေလေ့ရှိသော်လည်း သီးသန့် လင်မယားနှစ်ယောက် ရှိနေချိန်တွင် ဤမျှ လေးနက်သည့်အချိန် ရှားပါးလှသည်။ လုမင်ယွိသည်လည်း နောက်ပြောင်လိုစိတ် ပျောက်ကွယ်သွားတော့သည်။ “နန်းတွင်းမှာ ကိစ္စတစ်ခုခု ဖြစ်လို့လား”

သာ့ဝေတိုင်းပြည် တည်ထောင်သည်မှာ နှစ်အနည်းငယ်သာ ရှိသေးပြီး ယုံးကျားဧကရာဇ်၏ ထီးနန်းသည် တည်ငြိမ်လှသည် မဟုတ်ချေ။ နေရာအနှံ့တွင် ဆူပူသောင်းကျန်းမှုများ ဖြစ်ပွားလေ့ရှိသည်။ စစ်ထွက်တိုက်ခိုက်ခြင်းသည်လည်း သာ့ဝေတိုင်းပြည်အတွက် သမားရိုးကျ ကိစ္စတစ်ခု ဖြစ်လေသည်။

လီကျင့်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ဖီကျိုးမှာ ပြဿနာတက်လို့”

ဖီကျိုးတွင် မိုးခေါင်ရေရှား ဘေးအန္တရာယ် ကျရောက်သဖြင့် နန်းတော်မှ စပါးကျီဖွင့်ပြီး ဆန်စပါး ဝေငှရန် အမိန့်ထုတ်လိုက်သည်။ မထင်မှတ်ဘဲ ဖီကျိုးနယ်စားမင်းက မသမာမှုပြုလုပ်ကာ တိုက်ပိုင်စပါးကျီထဲက ဆန်စပါးများကို တိတ်တဆိတ် ရောင်းစားပြီးလေပြီ။ ဆန်အိတ်ထဲတွင် ထည့်ထားသည်မှာ ဆန်စပါးများ မဟုတ်ဘဲ သဲမြေကြီးများသာ ဖြစ်နေတော့သည်။

စပါးကျီဖွင့်လိုက်သည်နှင့် သည်ကိစ္စကို ဖုံးဖိထား၍ မရတော့ချေ။ ဖီကျိုးတွင် ချက်ချင်းဆိုသလို ဆူပူသောင်းကျန်းမှုများ ဖြစ်ပွားလာတော့သည်။

ဖီကျိုး၏ အုပ်ချုပ်ရေးရုံးသည် သူပုန်များ၏ ဝင်ရောက်စီးနင်းခြင်းကို ခံရပြီး နယ်စားမင်းသည် ကြိုးဆွဲချ သေဆုံးသွားခဲ့သည်။ ရှုပ်ထွေးပွေလီသော ပြဿနာများကိုသာ ချန်ရစ်ခဲ့တော့သည်။

“ဖုဟွမ်က တော်တော်လေး ဒေါသထွက်နေတယ်။ ယွဲ့ဖုကို စစ်ချီပြီး ပုန်ကန်မှုကို နှိမ်နင်းဖို့ အမိန့်ပေးလိုက်ပြီ။ ကိုလဲ စစ်တပ်နဲ့အတူ လိုက်ပါသွားပြီး စစ်ဆေးရေးတာဝန် ယူရမယ်။ နောက်နှစ်ရက်နေရင် ထွက်ခွာရတော့မယ်”

“ကိုက အစက မင်းတစ်ယောက်တည်းကို အိမ်တော်မှာ ထားခဲ့ရမှာ စိတ်မချဖြစ်နေတာ။ လျို့တိ ရောက်လာတော့ ကို့စိတ်ထဲမှာ သက်သာသွားတာပေါ့”

...

အပိုင်း (၂၆၃) ဆူပူသောင်းကျန်းမှု

အိမ်ရှေ့စံမင်းသားဖြစ်သူသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏ အရှင်သခင်ဖြစ်လာမည့်သူပီပီ ကြီးမားသော တာဝန်ဝတ္တရားများကို ထမ်းဆောင်ရလိမ့်မည်။

ဖီကျိုးနယ်စားမင်း၏ အကျင့်ပျက်ခြစားမှုကြောင့် ကြီးမားသော ဆူပူသောင်းကျန်းမှုများ ဖြစ်ပွားခဲ့ရာ နန်းတော်အနေဖြင့် အချိန်တိုအတွင်း နှိမ်နင်းရayမည်။ ယုံးကျားဧကရာဇ်သည် တွေဝေခြင်းမရှိဘဲ အရည်အချင်းအရှိဆုံးနှင့် ရဲရင့်ဆုံးဖြစ်သည့် ရှင်းယန်စစ်တပ်ကို စေလွှတ်လိုက်လေသည်။

နန်းတွင်းထုံးစံအရ စစ်သူကြီးတစ်ဦး စစ်ထွက်ရာတွင် စစ်တပ်ကို ကြီးကြပ်ကွပ်ကဲမည့် အရပ်ဘက်အရာရှိတစ်ဦး ပါဝင်ရလိမ့်မည်။ ယုံးကျားဧကရာဇ်သည် အိမ်ရှေ့စံကို ကိုယ်တိုင်စေလွှတ်ခြင်းမှာ ပထမအချက်အနေဖြင့် အိမ်ရှေ့စံအား စစ်ရေးကိစ္စများနှင့် ရင်းနှီးကျွမ်းဝင်စေရန်ဖြစ်ပြီး ဒုတိယအချက်မှာမူ အိမ်ရှေ့စံအတွက် ဂုဏ်သတင်းကောင်းများ စုဆောင်းပေးလိုသောကြောင့်ပင်။

စစ်ချီမည့် ရှင်းယန်ဝမ်သည် အိမ်ရှေ့စံ၏ ယောက္ခမတော်စပ်သူ ဖြစ်သည်။ ယောက္ခမ၏ စောင့်ရှောက်မှုအောက်တွင် အိမ်ရှေ့စံသည် မည်သို့သော အန္တရာယ်နှင့်မျှ ကြုံတွေ့ရမည်မဟုတ်ချေ။

သည်အကြောင်းအရာများကို လုမင်ယွိသည် တွေးလိုက်သည်နှင့် နားလည်သွားခဲ့လေသည်။ "ဖုဟွမ်က ဒီလိုစီစဉ်တာ ရှင့်အတွက် ထည့်သွင်းစဉ်းစားပေးထားလို့ပါ"

ဟုတ်ပါ့!

လီကျင့်၏ မျက်ဝန်းထဲတွင် ဝမ်းနည်းသည့်အရိပ်အယောင် ဖြတ်ပြေးသွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အရင်တုန်းက ကို ထင်ခဲ့တာ ဖုဟွမ်က အစ်ကိုကြီးကိုပဲ မျက်နှာသာပေးပြီး ကို့ကိုတော့ အေးစက်စက် ဆက်ဆံတယ်ပေါ့။ တကယ်တော့ ဖုဟွမ်က ဘယ်လောက်ပဲ မျက်နှာလိုက်တယ်ပြောပြော ကို့လိုသားတစ်ယောက်ကို မချစ်တာတော့ မဟုတ်ပါဘူး"

"ဖုဟွမ်က ကို့ကို အိမ်ရှေ့စံအရာ ခန့်အပ်ဖို့ အမိန့်ထုတ်ပြီးကတည်းက ကို့အတွက် အရာရာကို စီစဉ်ပေးခဲ့တယ်။ နေ့တိုင်း ကို့ကို နိုင်ငံရေးကိစ္စတွေ သင်ပေးတယ်။ အခု စစ်ထွက်ခိုင်းတာကလဲ ကို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်လို့ပါ"

လီကျင့်သည် ငယ်စဉ်ကတည်းက စာဖတ်ခြင်းကို ဝါသနာပါပြီး ဉာဏ်ရည်ထက်မြက်သူ ဖြစ်သည်။ စာပေပညာတွင် မင်းသားများအားလုံး သူ့ကို မယှဉ်နိုင်ကြချေ။ သို့သော် ကိုယ်ခံပညာနှင့် စစ်မဟာဗျူဟာတွင်တော့ လီကျင့်သည် ပထမမင်းသားနှင့် လီဟောက်တို့ကို မယှဉ်နိုင်ချေ။

ယခုတစ်ကြိမ် ရှင်းယန်စစ်တပ်နှင့်အတူ စစ်ထွက်ပြီး စစ်ရေးကိစ္စများနှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စစ်တိုက်နည်းဗျူဟာများကို လေ့လာရန်နှင့် အိမ်ရှေ့စံ၏ ဂုဏ်သတင်းကို မြှင့်တင်ရန် စသည်ဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်လိမ့်မည်။

လုမင်ယွိသည် ခေါင်းမော့ကာ လီကျင့်၏ နှုတ်ခမ်းထောင့်ကို နမ်းလိုက်လေသည်။ "ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပါတယ်။ အိမ်တော်ကိစ္စတွေအတွက် လျို့တိ ရှိနေတာပဲ။ ရှင် စိတ်ချလက်ချ သွားပါ"

လီကျင့်သည် သတိပြန်ဝင်လာပြီး လုမင်ယွိကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ ကြီးမားသော လက်ဖဝါးကြီးဖြင့် လုမင်ယွိ၏ စူထွက်နေသော ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။ "ကောင်းပြီ။ ကို အမြန်ဆုံး ဘေးကင်းကင်းနဲ့ ပြန်လာခဲ့မယ်"

လုမင်ယွိသည် ခဏလောက် စဉ်းစားလိုက်ပြီး တိုးတိုးလေး မှာကြားလိုက်လေသည်။ "စစ်တိုက်တဲ့ကိစ္စက အဖေရယ်၊ သာ့ကျဲဖူရယ်၊ အစ်ကိုလုအစ်ရှိတယ်။ ရှင်က ရှေ့ထွက်ဖို့ မလောပါနဲ့။ များများနားထောင်၊ များများကြည့်ပြီး များများလေ့လာပါ"

ဒီစကားက ကြားရသည်မှာ သတ္တိနည်းရာ ကျသော်လည်း တကယ့်လက်တွေ့ဘဝအတွက် အလွန်အရေးကြီးသော စကားဖြစ်လေသည်။

လီကျင့်သည် ယခင်ဘဝက စစ်မြေပြင်တွင် လအနည်းငယ်ကြာ နေထိုင်ခဲ့ဖူးပြီး တိုက်ပွဲအချို့ကို အောင်နိုင်ခဲ့ဖူးသည်။ သို့သော် စစ်မှန်သော စစ်သူကြီးများနှင့် ယှဉ်လျှင်တော့ အများကြီး ကွာခြားနေသေးသည်။

လီကျင့်သည် မျက်ခုံးများ ပြေလျော့သွားပြီး ရယ်မောလိုက်လေသည်။ "ရှောင်ယွိ။ မင်းက ကို့ကို စိတ်ပူနေတာလား"

လုမင်ယွိက ပြုံးကာ မျက်စောင်းထိုးလိုက်လေသည်။ "အဓိပ္ပာယ်မရှိတဲ့ စကားတွေ လျှောက်ပြောနေတာ။ ရှင်က ကျွန်မရဲ့ ခင်ပွန်းလေ။ ကျွန်မက ရှင့်ရဲ့ ဘေးကင်းရေးကို စိတ်မပူဘဲ နေပါ့မလား"

လီကျင့်သည် အဆူခံလိုက်ရသော်လည်း တစ်ကိုယ်လုံး သက်သောင့်သက်သာ ဖြစ်သွားပြီး လုမင်ယွိကို ပိုပြီး တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။

လုမင်ယွိသည် ခေါင်းကို လီကျင့်၏ ရင်ဘတ်ပေါ်တွင် မှီထားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ဘေးကင်းကင်းနဲ့ ပြန်လာပါ"

...

စစ်တိုက်ခြင်းသည် ရှင်းယန်ဝမ် လုလင်းအတွက် ထမင်းစားရေသောက်သကဲ့သို့ ရိုးရှင်းသော ကိစ္စတစ်ခုသာ။

အမိန့်တော်ကို လက်ခံရရှိပြီးနောက် လုလင်းသည် စစ်တပ်ကို လျင်မြန်စွာ စုစည်းလိုက်လေသည်။

ရှင်းယန်စစ်တပ်တွင် မူလက စစ်သည် ၅သောင်းရှိသော်လည်း ယမန်နှစ်က တိုက်ပွဲကြီးတစ်ခုတွင် အကျအဆုံး များပြားခဲ့သည်။ စစ်သည်သစ်များ ထပ်မံစုဆောင်းခဲ့ရာ ယခုအခါ စစ်သည်အင်အား ၆သောင်းရှိလေပြီ။

ဒီစစ်သည်သစ်တွေကို လေ့ကျင့်ပေးတာ တစ်နှစ်ကျော်ပြီ။ စစ်မြေပြင်မှာ သွေးစွန်းဖို့ အချိန်တန်ပြီ။ စစ်သားကောင်းဆိုတာ စစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်းနဲ့ပဲ ပေါ်ပေါက်လာတာ။

လုဖေးသည် စစ်မထွက်မီ လုအိမ်တော်သို့ ပြန်လာပြီး ဇနီးဖြစ်သူ ရှန်းလန်ကို နှုတ်ဆက်လေသည်။

ရှန်းလန်မှာ ရင်ထဲတွင် မခွဲနိုင်မခွာရက် ဖြစ်နေသော်လည်း မျက်နှာပေါ်တွင် ထုတ်မပြဘဲ ပြုံးကာ ပြောလိုက်လေသည်။ "ကျွန်မ အိမ်မှာ အရာရာ အဆင်ပြေပါတယ်။ ရှင် ကျွန်မအတွက် စိတ်မပူပါနဲ့။ စစ်ပွဲကို အမြန်ဆုံး နိုင်အောင်တိုက်ပြီး စောစောပြန်လာဖို့ပဲ မှတ်ထားပါ"

လုဖေးက အင်း ဟု ပြောလိုက်ပြီး ဇနီးသည်၏ စူထွက်နေသော ဝမ်းဗိုက်ပေါ်တွင် နားကိုကပ်ကာ အကြာကြီး နားထောင်နေလိုက်လေသည်။

ဖီကျိုးသည် မြို့တော်နှင့် မိုင်ပေါင်းရာချီ ဝေးကွာလေသည်။ စစ်ချီသွားလျှင် အသွားအပြန် လဝက်ခန့် ကြာမြင့်မည်။ အကယ်၍ အဆင်ပြေလျှင် တစ်လအတွင်း ပြန်ရောက်နိုင်သည်။ အကယ်၍ သူပုန်ထမှု ပြင်းထန်လျှင်တော့ အချိန်မည်မျှကြာမည်က ပြောရခက်လေသည်။

ကံမကောင်းလျှင် ကလေးမွေးချိန်ပင် မှီလိုက်မည်မဟုတ်ပေ။

သူမသည် သူ့ကို လက်ထပ်သည့်နေ့ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု အပြည့်အဝ ပြုလုပ်ထားပြီးဖြစ်၏။ စစ်သူကြီးကို လက်ထပ်မှတော့ နေ့တိုင်း အတူတူနေရဖို့ မဖြစ်နိုင်ဘူးလေ။

ရှန်းလန်သည် နှာခေါင်းများ ရှုံ့ပွလာပြီး မျက်ရည်များကို ထိန်းကာ ခင်ပွန်းသည်ကို နှုတ်ဆက်လိုက်လေသည်။

လုဖေး ထွက်သွားပြီးနောက်မှ ရှန်းလန်၏ မျက်ရည်များ စီးကျလာတော့သည်။

မကြာမီတွင် အိမ်ဖော်မိန်းကလေးက လာရောက်သတင်းပို့လေသည်။ "ဒုတိယသခင်မလေး။ ရှန်းသခင်မ ရောက်လာပါတယ်"

ရှန်းသခင်မသည် ရှန်းလန်၏ မိခင်အရင်းပင်။

စစ်တပ်မထွက်ခွာမီ ရိက္ခာများ ကြိုတင်ပေးပို့ရလိမ့်မည်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ရှန်းအမတ်ကြီးသည် ရုံးတော်တွင် နေထိုင်သည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်ပြီး အိမ်မပြန်ရသေးချေ။ ရှန်းသခင်မက ကိုယ်ဝန် ၆လရှိသော သမီးဖြစ်သူကို စိတ်ပူသဖြင့် အထူးတလည် လာရောက်အားပေးခြင်း ဖြစ်သည်။

ရှန်းလန်၏ မျက်နှာပေါ်တွင် မျက်ရည်များ မခြောက်သေးဘဲ မျက်လုံးများ နီရဲနေသည်ကို မြင်လိုက်ရသောအခါ ရှန်းသခင်မမှာ စိတ်မကောင်း ဖြစ်သွားရတော့သည်။

"အဲဒီတုန်းက မင်းက လုဖေးကို ယူမယ်လို့ ဇွတ်ပြောတုန်းက အမေ ပြောခဲ့သားပဲ။ ပင်ပန်းမယ့်ရက်တွေက နောက်မှလာမှာလို့" ရှန်းသခင်မက သက်ပြင်းချလိုက်လေသည်။ "ရှင်းယန်စစ်တပ်က သာ့ဝေတိုင်းပြည်ရဲ့ အကောင်းဆုံး စစ်တပ်ပဲ။ စစ်တိုက်ရတာက ရိုးနေပြီ"

"အရင်တုန်းကတော့ စစ်သားသစ်တွေကို လေ့ကျင့်ပေးနေတာ။ အခုမှ တကယ့်စစ်ပွဲကြီးက လာတော့မှာ။ ဒီတစ်ခါ စစ်ထွက်တာက သူပုန်တွေကို နှိမ်နင်းရုံပဲဆိုတော့ ၃လ ၅လလောက်ဆိုရင် ပြန်ရောက်လာလောက်ပါတယ်။ ဒါတောင် မင်းက ငိုယိုနေရင် နောက်ကျရင် ဘယ်လိုလုပ်မလဲ"

ရှန်းလန်သည် နှာခေါင်းရှုံ့လိုက်ပြီး အသံအက်အက်ဖြင့် ပြောလိုက်လေသည်။ "သမီး ခံနိုင်ရည်ရှိပါတယ်။ သူ့ကို မခွဲနိုင်လို့ ခဏလောက် ငိုလိုက်တာပါ။ ခဏနေရင် ကောင်းသွားပါလိမ့်မယ်"

ရှန်းသခင်မသည် လက်ကိုင်ပုဝါကို ထုတ်ယူပြီး သမီးဖြစ်သူ၏ မျက်ရည်များကို သုတ်ပေးလိုက်လေသည်။ "ငိုပြီးရင် ပြီးရော။ ဘာမှ ထွေထွေထူးထူး တွေးမနေနဲ့တော့။ ကိုယ်ဝန်ကို ကောင်းကောင်း ဂရုစိုက်။ အိမ်မှုကိစ္စတွေကို သေချာလုပ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။ လုဖေးကို အပြင်မှာ စစ်တိုက်နေရင်း မင်းအတွက် စိတ်မပူရအောင် နေ"

ရှန်းလန်က ခေါင်းညိတ်လိုက်လေသည်။

ရှန်းသခင်မက ဆက်ပြောလိုက်၏။ "မင်း လုမိသားစုထဲ ရောက်တာ တစ်နှစ်နီးပါး ရှိပြီ။ အိမ်ထဲရောက်တာနဲ့ အိမ်မှုကိစ္စတွေကို စီမံခွင့်ရတယ်။ ယောက္ခမက ရက်စက်တာမျိုး မရှိဘူး။ ယောက္ခထီးကလဲ သဘောထားကြီးတယ်။ ခင်ပွန်းကလဲ မင်းအပေါ် ကောင်းတယ်။ ယောက်မတွေနဲ့လဲ အဆင်ပြေတယ်။ ဒီလိုဘဝမျိုးက တခြားချွေးမအသစ်တွေထက် အများကြီး သာလွန်နေပြီ"

ရှန်းလန်သည် ရယ်မောလိုက်မိတော့သည်။ "အမေရယ်။ အမေက သမီး စစ်သူကြီးအိမ်ကို ရောက်သွားလို့ အပြစ်တင်နေတာလား။ ဒါမှမဟုတ် ကောင်းလို့ ချီးကျူးနေတာလား"

ရှန်းသခင်မကလည်း ပြုံးလိုက်လေသည်။ "မိုက်လိုက်တဲ့ ကလေး။ အရင်တုန်းက အမေနဲ့ မင်းအဖေ သဘောမတူခဲ့တာက မင်း ဒုက္ခရောက်မှာစိုးလို့ပါ။ အခုတော့ မင်းလဲ ယူပြီးသွားပြီဆိုတော့ အရာရာကို ကောင်းတဲ့ဘက်ကပဲ တွေးရတော့မှာပေါ့"

ရှန်းလန်၏ ရင်ထဲတွင် နွေးထွေးသွားပြီး မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်လေသည်။ "အမေ။ အမေက သမီးအပေါ် တကယ်ကောင်းတာပဲ"

ရှန်းသခင်မသည် လန့်သွားပြီး ရှန်းလန်ကို ကပျာကယာ တွဲထူကာ ထိုင်ခိုင်းလိုက်လေသည်။ ပြီးနောက် ဆူပူလေတော့သည်။ "အမေဖြစ်တော့မယ့်လူက ဒီလောက်တောင် မတည်ငြိမ်ရဘူးလား။ ဒီလိုကြီး တိုးဝင်လာတော့ ငါ့မြေး ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ"

ရှန်းလန် "..."

...

စစ်တပ်ထွက်ခွာမည့်နေ့တွင် ယုံးကျားဧကရာဇ်သည် စစ်တပ်စခန်းသို့ ကိုယ်တိုင်ကြွရောက်ပြီး စစ်သည်များကို အားပေးစကား ပြောကြားလေသည်။

အိမ်ရှေ့စံမင်းသားသည်လည်း သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး မြင်းပေါ်တွင် ထိုင်ကာ ခါးတွင် ဓားရှည်ကို ချိတ်ဆွဲထားလေသည်။ ငွေရောင် သံချပ်ကာဝတ်စုံသည် နေရောင်အောက်တွင် တောက်ပနေပြီး ချောမောသော မျက်နှာသည်လည်း လင်းလက်နေသကဲ့သို့ပင်။

သို့သော် အိမ်ရှေ့စံမင်းသားသည် မည်မျှပင် ချောမောပါစေ ရှင်းယန်ဝမ်လောက်တော့ ခန့်ညားထည်ဝါမှု မရှိချေ။

ရှင်းယန်ဝမ် လုလင်းသည် အနက်ရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်လေးနက်သော မျက်နှာထားနှင့် မျက်လုံးများတွင် စူးရှသော အလင်းရောင်များ တောက်ပနေလေသည်။ လူတစ်ကိုယ်လုံးသည် ဓားအိမ်မှ ဆွဲထုတ်ထားသော ဓားသွားပမာ ထက်မြက်နေတော့သည်။

လေတိုက်ခတ်မှုကြောင့် တဖျပ်ဖျပ် လွင့်ပျံနေသော အလံတိုင်ပေါ်တွင် 'လု' ဟူသော စာလုံးကြီးကို ရေးထိုးထားလေသည်။ အလံတိုင်သည် လေထဲတွင် လွင့်ပျံနေပြီး ထိုစာလုံးကြီးသည်လည်း ကခုန်နေသကဲ့သို့ပင်။

"မနိုင်ရင် မပြန်ဘူး" လုလင်းသည် ဓားကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်လေသည်။

ရှင်းယန်စစ်သည် ၆သောင်းကလည်း တညီတညွတ်တည်း လိုက်လံအော်ဟစ်ကြလေသည်။ "မနိုင်ရင် မပြန်ဘူး"

ထိုခဏတွင် စစ်သည်များအားလုံး၏ ရင်ထဲ၌ သွေးများ ဆူပွက်လာပြီး အော်ဟစ်သံများသည် မိုးနတ်မင်းကိုပင် တုန်လှုပ်သွားစေတော့သည်။

လီကျင့်သည်လည်း သွေးများ ဆူပွက်လာပြီး ဓားရှည်ကို မြှောက်ကာ အတူတကွ အော်ဟစ်လိုက်လေသည်။

စစ်သည်တော်များ ချီတက်ကြပြီ။ မနိုင်ရင် မပြန်ဘူး။

...

အပိုင်း (၂၆၄) သမီးယောက်မ ဆက်ဆံရေး

လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း သာ့ဝေတိုင်းပြည်သည် စစ်ပွဲများဆက်တိုက်ဆိုသလို ဖြစ်ခဲ့လေသည်။ စစ်ပွဲကြီးစစ်ပွဲငယ်များ တစ်ခုပြီးတစ်ခု မရပ်မနား ဖြစ်ပွားခဲ့၏။ ပြီးခဲ့သောတနှစ်တာ ငြိမ်းချမ်းစွာ အနားယူခဲ့သည့်ကာလသည် အမှန်တကယ်ပင် ရှားပါးလှပေသည်။

ယခုတစ်ကြိမ်တွင် ရှင်းယန်စစ်တပ်ချီတပ်ပြီး အိမ်ရှေ့စံမင်းသားကိုယ်တိုင် စစ်ရေးတာဝန်ယူထားသဖြင့် အစိုးရအဖွဲ့ကြီးတစ်ခုလုံးက လျင်မြန်စွာလှုပ်ရှားလာ၏။

ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေကြေးများကို ခွဲဝေပေးရမည်။ စစ်ဘက်ရေးရာဝန်ကြီးဌာနက ရိက္ခာနှင့်လက်နက်များကို ပြင်ဆင်ရမည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက လက်နက်များ အမြန်ဆုံး ထုတ်လုပ်ရမည်။ အခမ်းအနားရေးရာဝန်ကြီးဌာနက အိမ်ရှေ့စံခန့်အပ်ပွဲအခမ်းအနား ပြင်ဆင်နေသည်။ ဝန်ထမ်းရေးရာဝန်ကြီးဌာနက ဖီကျိုးပြည်နယ်တွင် လစ်လပ်သွားသောနေရာများအတွက် အရာရှိများကို အရေးပေါ် ခန့်ထားရသည်။

ဖီကျိုးပြည်နယ်တွင် နယ်စားမင်း သေဆုံးသွားရုံသာမက ခရိုင်အုပ်ချုပ်ရေးမှူးနှစ်ယောက်လဲ သေဆုံးသွားခဲ့သည်။ အရာရှိကြီးငယ် အများစုမှာ သေဆုံးသူသေဆုံး ထွက်ပြေးသူထွက်ပြေးနှင့် လူနည်းစုသာ ကျန်ရှိတော့၏။ ထို့ကြောင့် ပြည်သူများ မငြိမ်မသက်မှုကလဲ ပိုမိုပြင်းထန်လာခဲ့သည်။

ဝန်ကြီးဌာန၆ခုတွင် တစ်ခုတည်းသော အလုပ်နည်းပါးသည့်ဌာနမှာ တရားစီရင်ရေးဝန်ကြီးဌာန ဖြစ်လေသည်။

သို့သော်ငြား ထိုအရာကလဲ အခိုက်အတန့်ပင်။ စစ်တပ်က တိုက်ပွဲဝင်ပြီး ဖမ်းဆီးရမိသောသူပုန်များ သို့မဟုတ် ထွက်ပြေးသွားသော အရာရှိများကို မြို့တော်သို့ ပြန်လည်ပို့ဆောင်လာသည့်အခါ စစ်ဆေးမေးမြန်းပြီး အပြစ်ပေးရန်မှာ တရားစီရင်ရေးဌာန၏ တာဝန်ဖြစ်လာပေလိမ့်မည်။

ယုံးကျားဧကရာဇ်သည် အိမ်ရှေ့စံကို လေ့ကျင့်ပေးသည့်အပြင် ကျန်နေသည့်သားတော်များကိုလဲ မေ့လျော့သွားခြင်းမရှိချေ။

ပထမမင်းသားလီယိကို စစ်ဘက်ရေးရာဝန်ကြီးဌာနသို့ စေလွှတ်လိုက်သည်။ တတိယမင်းသား လီဟောက်ကိုတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပို့ဆောင်လိုက်ပြီး စတုတ္ထမင်းသားလီရှန်က ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ရောက်သွားလေသည်။

ပဥ္စမမင်းသားလီချန်ကတော့ ... အသက်အရွယ် ငယ်ရွယ်သေးသဖြင့် တာဝန်မထမ်းဆောင်နိုင်သေးဘဲ စာသင်ခန်းထဲတွင်သာ ဆက်လက်ပညာသင်ကြားနေရသည်။

ပထမမင်းသားသည် စစ်ဘက်ရေးရာဝန်ကြီးဌာနတွင် အလုပ်များနေချိန် ပထမမင်းသားကြင်ရာတော်ကတော့ အိမ်တော်အတွင်းရေးကိစ္စများကို စီးမံခန့်ခွဲနေပြီး သားတော်လေးထန်အာကို ပြုစုစောင့်ရှောက်နေရ၏။ အားလပ်ချိန်ရလျှင် ဒုတိယမင်းသားအိမ်တော်သို့ သွားရောက်လည်ပတ်လေ့ရှိသည်။

"လူကြီးတွေရဲ့ကိစ္စကို ကျွန်မတကယ်မသိပါဘူး" ပထမမင်းသားကြင်ရာတော်က မျက်နှာပေါ်တွင် အားနာစိတ်အပြည့်ဖြင့် သက်ပြင်းချလိုက်လေသည်။ "ကံကောင်းလို့ အာ့တိမေ့က ဘာမှမဖြစ်လို့ပေါ့။ မဟုတ်ရင် ကျွန်မမှာ အာ့တိမေ့ကို လာတွေ့ဖို့မျက်နှာတောင် ရှိမှာမဟုတ်ဘူး"

ပြဿနာဖြစ်ခဲ့သည်မှာ ကွမ်းပင်းနယ်စားနှင့်မုန့်ကွေ့ဖေးတို့ပင်။

လုမင်ယွိသည် ဘာမှမဖြစ်ရုံသာမက ဒုတိယမင်းသားကြင်ရာတော်ဘဝမှနေပြီး အိမ်ရှေ့စံကြင်ရာတော် အဖြစ်သို့ပါ ရောက်ရှိခဲ့လေသည်။

အနိုင်ရရှိသူဆိုတာ သဘောထားကြီးရမယ်လေ။

လုမင်ယွိကလဲ ခပ်ပါးပါးပြုံးလိုက်ကာ "လုပ်ကြံခံရတဲ့ကိစ္စက အစကနေအဆုံးအထိ သာ့စောင်နဲ့ ဘာမှမဆိုင်ပါဘူး။ သာ့စောင် အားနာနေစရာမလိုပါဘူး"

နန်းတော်ထဲက ယုံးကျားဧကရာဇ် မြင်ချင်သည်ကလဲ "အတိတ်ကိုမေ့ပြီး အရင်လိုပြန်ချစ်ခင်ကြမယ်" ဆိုတဲ့ ဇာတ်လမ်းမျိုးပဲလေ။ အားလုံးက ကိုယ့်သဘောနှင့်ကိုယ် သိနေကြတာပဲ။ ဟန်ဆောင်ကောင်းပြနေလိုက်တာ ဘာမှမဖြစ်ပါဘူး။

ပထမမင်းသားကြင်ရာတော်သည် လုမင်ယွိ၏ ဝမ်းဗိုက်ကို အားကျတဝက် မနာလိုတဝက် အကြည့်များဖြင့် ကြည့်လိုက်လေသည်။ "အာ့တိမေ့က ကံကောင်းတဲ့သူပဲ။ နဂါးနဲ့ဇာမဏီ အမြွှာပူးလွယ်ထားရတာ။ တကယ့်ကို နမိတ်ကောင်းကြီးပဲ"

လုမင်ယွိသည် ဘယ်သူ့ကိုမှ အလိုလိုက်လေ့မရှိသဖြင့် ဖြည်းဖြည်းချင်း ပြန်လည်တုံ့ပြန်လိုက်၏။ "အပျိုတော်ယန်က တကယ်ပဲ ကံဆိုးရှာပါတယ်။ ကလေးမွေးတဲ့အထိ တောင့်ခံပြီးကာမှ မျက်လုံးမှိတ်သွားရရှာတယ်။ ကံကောင်းတာက သာ့စောင်လို သဘောထားပြည့်ဝတဲ့သူက ထန်အာကို ကိုယ့်သွေးသားအရင်းလို သဘောထားပြီး မွေးစားမိလိုက်လို့ပေါ့။ အပျိုတော်ယန်လဲ မြေအောက်ကနေသိရင် စိတ်အေးလက်အေး မျက်လုံးမှိတ်သွားနိုင်မှာပါ"

ပထမမင်းသားကြင်ရာတော် "..."

မကောင်းမှုလုပ်ထားတဲ့သူတိုင်း စိတ်မလုံကြတာ သဘာဝပဲလေ။ ပထမမင်းသားကြင်ရာတော်၏ အပြုံးသည် အနည်းငယ် တောင့်တင်းသွားတော့၏။ "အပျိုတော်ယန်က လမစေ့ဘဲမွေးပြီး မွေးဖွားရခက်ခဲလို့ တကယ်ပဲ ကံဆိုးရှာပါတယ်။

ဟွန့်။ ရှင်အခုတော့ ကျေနပ်နေလိုက်အုံးပေါ့။ ရှင်လဲ လမစေ့ဘဲမွေးရမဲ့နေ့ကြရင် အမြွှာပူးမွေးရတာက အန္တရာယ် အများဆုံးပဲ။ ရှင်လဲ အဲဒီ့အခက်အခဲကို ဖြတ်ကျော်နိုင်မလား ကြည့်ရသေးတာပေါ့။

လုမင်ယွိ၏ မျက်လုံးများက လက်ခနဲဖြစ်သွားပြီး ပထမမင်းသားကြင်ရာတော်၏ ထုတ်မပြောဝံ့သော မကောင်းဆိုးဝါးစိတ်ဓာတ်ကို ရိပ်မိလိုက်သဖြင့် လှောင်ပြောင်ပြုံး ပြုံးလိုက်မိလေသည်။

ပထမမင်းသားကြင်ရာတော်သည် ခဏလောက်ထိုင်ပြီးနောက် နှုတ်ဆက်ကာ ပြန်သွားလေတော့၏။

လုရွှမ်းသည် ဘေးတွင် တောက်လျှောက်ထိုင်နေသော်လည်း စကားတစ်ခွန်းမှ မပြောခဲ့ချေ။ လုမင်ယွိက ထပြီး လိုက်ပို့ရန်ပြင်လိုက်သည်တွင် လုရွှမ်းက ချက်ချင်းပြောလိုက်လေသည်။ "ကျွန်တော်ပဲ သာ့ဟွမ်စစ်ဖေးကို လိုက်ပို့လိုက်ပါမယ်။ စစ်ကျဲက မထပါနဲ့တော့ ကောင်းကောင်းအနားယူလိုက်ပါ"

လုမင်ယွိက ပြုံးလိုက်ကာ "ကောင်းပြီလေ"

ပထမမင်းသားကြင်ရာတော်သည် ထိုအခြေအနေကို မြင်လိုက်ရသည်တွင် ရင်ထဲ၌ နောက်တကြိမ် နာကျင်သွားရတော့၏။

တကယ်ပဲ လူချင်းယှဥ်ကြည့်ရင် ဒေါသထွက်စရာကောင်းလိုက်တာ။

လုမင်ယွိက ခင်ပွန်းကောင်းတစ်ယောက်ကို ရထားတဲ့အပြင် မိဘအိမ်ကလဲ သူ့ဘက်ကနေ ရပ်တည်ပေးတယ်။ အဲဒီ့တုန်းက လုမင်ယွိ လုပ်ကြံခံရတော့ ရှင်းယန်ဝမ်က ဒေါသထွက်ပြီး ဝမ်ဟွားနန်းဆောင် ကို ဝင်သွားတဲ့ကိစ္စ ဘယ်သူကမသိလို့လဲ။

လုမင်ယွိ အမြွှာကိုယ်ဝန်ရှိနေမှန်းသိလို့ လုမိသားစုရဲ့ သခင်လေး၆က အထူးတလည်လာနေပြီး ကိုယ်ဝန်ဆောင် လုမင်ယွိကို စောင့်ရှောက်ပေးနေတာ။ ဒီလိုလုပ်ရပ်မျိုးက တကယ်ပဲ အားကျစရာကောင်းလိုက်တာ။

သူမကို ပြန်ကြည့်လိုက်တော့လည်း ပထမမင်းသားအိမ်တော်မှာ စိတ်ဆင်းရဲစရာတွေ အများကြီး ခံစားခဲ့ရ။ မိဘအရင်းတွေ အစ်ကိုတွေ ယောက်မတွေလာကြရင်လည်း သည်းခံဖို့ပဲ ထပ်ခါတလဲလဲပြောကြ။ သူမအတွက် ပထမမင်းသားကို အပြစ်တင်ပြောဖို့ လုံးဝဆန္ဒမရှိကြဘူး။ အရှင်မင်းကြီးဆီသွားတွေ့ဖို့ဆိုတာ ပိုလို့တောင်ဝေးသေးတယ်။

ပထမမင်းသားကြင်ရာတော်သည် တွေးလေလေ ဝမ်းနည်းလာလေလေ ဖြစ်ပြီး အိမ်ရောက်သည်နှင့် မျက်ရည်ကျ ငိုကြွေးမိတော့သည်။

နို့ထိန်းမေမေက လာရောက်သတင်းပို့လေသည်။ "သာ့ဟွမ်စစ်ဖေးညန်ညန်ကို လျှောက်တင်ပါတယ်။ ထန်အာက ခဏခဏ နို့အန်နေလို့ သမားတော်ပင့်ပြီး ကြည့်ခိုင်းသင့်သလားလို့ပါ"

၂လတောင် မပြည့်သေးတဲ့ကလေးက နို့အန်တာ ပုံမှန်ပဲ မဟုတ်ဘူးလား။

ပထမမင်းသားကြင်ရာတော်သည် စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။ "မလိုဘူး။ နန်းတော်က စစ်တိုက်ဖို့ အလုပ်များနေတာ။ အရှင်မင်းသားကလဲ နေ့တိုင်း စစ်ဘက်ရေးရာဝန်ကြီးဌာနမှာ အလုပ်ရှုပ်နေပြီး ရုန်းမထွက်နိုင်ဖြစ်နေတာ ဒီလိုကိစ္စလေးအတွက်နဲ့ ငါက နန်းတော်ထဲဝင်ပြီး သမားတော်ပင့်ဖို့ မတန်ပါဘူး"

နို့ထိန်မေမေကလဲ စကားဆက်မပြောရဲဘဲ ဟုတ်ကဲ့ဟုပြောကာ ပြန်ထွက်သွားသော်ငြား ရင်ထဲတွင်တော့ ကြိတ်ပြီး သက်ပြင်းချလိုက်မိလေသည်။

သာ့ဟွမ်စစ်ဖေးညန်ညန်က မယားငယ်က မွေးတဲ့သားကို ကိုယ့်သားအရင်းလို သဘောထားပါတယ်လို့ ပြောနေတာတွေက လူကြားကောင်းအောင် ပြောနေတာပဲ။ မိခင်အရင်းသာဆိုရင် ကလေးကို ဒီ လောက်တောင် လစ်လျူရှုထားပါ့မလား။

...

မင်းသားအိမ်တော်များသည် ကပ်ရပ်တည်ရှိကြလေသည်။ ပထမမင်းသားကြင်ရာတော်သည် လုမင်ယွိကို သုံးကြိမ်တိုင်တိုင် သွားရောက်တွေ့ဆုံပြီးမှ တတိယမင်းသားကြင်ရာတော် မုန့်ယွင်လော်က မသွားချင်သွားချင်ဖြင့် ဒုတိယအိမ်တော်သို့ ရောက်လာခဲ့တော့၏။

လုရွှမ်းသည် လုမင်ယွိနှင့် မုန့်ယွင်လော်တို့အကြားက အငြိုးအတေးရှိသည်ကို သိထားသဖြင့် တိုးတိုးလေးပြောလိုက်၏။ "စစ်ကျဲက မုန့်ယွင်လော်ကို မတွေ့ချင်ရင်လည်း မတွေ့နဲ့တော့လေ။ ကျွန်တော် သူ့ကို ပြန်လွှတ်လိုက်ပါ့မယ်"

လုမင်ယွိက ပြန်ပြောလိုက်လေ၏။ "အခုက အားနေတာပဲဟာ သူ့ကို အိမ်ထဲဖိတ်လိုက်ပါ။ ငါ သူနဲ့စကားပြောပြီး အချိန်ဖြုန်းတာပေါ့"

လုရွှမ်းက နားလည်ကြောင်း ခေါင်းညိမ့်ပြလိုက်လေသည်။ "စစ်ကျဲက အားနေတော့ လူကို အနိုင်ကျင့်ချင်နေတာပဲ"

လုမင်ယွိသည် ဟားခနဲရယ်မောလိုက်ကာ လက်ကိုဆန့်လိုက်ပြီး လုရွှမ်း၏နောက်စေ့ကို ရိုက်ချလိုက်လေသည်။ "နင်က စကားတော်တော်များတာပဲ"

လီကျင့်ထွက်သွားပြီးနောက်တွင် အိမ်တော်သည် အနည်းငယ်မှ တိတ်ဆိတ်သွားခြင်းမရှိဘဲ ပုံမှန်ထက်ပင် ပိုစည်ကားနေတော့၏။ ထိုအရာအားလုံးကလဲ လုရွှမ်း၏ ကောင်းမှုကြောင့်ပင်။

လုရွှမ်းသည် တမင်သက်သက် မျက်နှာရှုံ့မဲ့ကာ နာကျင်ကြောင်း အော်ဟစ်ပြနေသဖြင့် လုမင်ယွိမှာ နောက်တစ်ကြိမ် ရယ်မောရပြန်သည်။

မုန့်ယွင်လော်သည် မကြာခင်တွင် အတွင်းဆောင်သို့ ဝင်ရောက်လာပြီး ဟန်ဆောင်အပြုံးဖြင့် လုမင်ယွိကို ဂုဏ်ပြုစကားပြောလေ၏။ "အာ့စောင်က နဂါးနဲ့ဇာမဏီ အမြွှာပူးကိုယ်ဝန် ရထားတယ်ဆို ဒီလိုဝမ်းသာစရာကိစ္စအတွက် ကျွန်မက အထူးတလည်လာပြီးတော့ ဂုဏ်ပြုတာပါ"

ထို့နောက် နန်းတွင်းသူများကို လက်ဆောင်များ ပေးအပ်ခိုင်းလိုက်၏။

ဟန်ဆောင်ကောင်းလိုက်တာ။ အရင်ကထက် ပိုတော်လာပါရောလား။

လုမင်ယွိက ကျေးဇူးတင်စကားပြောလိုက်ပြီး လက်ဆောင်များကို သိမ်းဆည်းခိုင်းလိုက်လေသည်။ သမီးယောက်မနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ကာ ဟိုအကြောင်းဒီအကြောင်း ပြောဆိုလိုက်ကြ၏။

နောက်ဆုံးတွင်တော့ မုန့်ယွင်လော်သည် စိတ်မထိန်းနိုင်တော့ဘဲ ဖွင့်ဟကာ ပြောလာလေတော့သည်။ "အာ့စောင် တကယ်တော့ ကျွန်မ ဒီနေ့လာတာ အကူအညီတစ်ခုတောင်းချင်လို့ပါ"

လုမင်ယွိကလဲ သူမကို တစ်ချက်လှမ်းကြည့်လိုက်ကာ "မင်းအဖေအတွက် လာပြောပေးတာဆိုရင်တော့ ပါးစပ်ဖွင့်မနေနဲ့တော့"

မုန့်ယွင်လော် "..."

မုန့်ယွင်လော်သည် စကားတစ်ခွန်းတည်းနှင့် ပိတ်ဆို့ခံလိုက်ရသဖြင့် အသက်ရှူကြပ်မတတ်ပင် ဖြစ်သွားလေတော့သည်။ သူမသည် အစကတည်းက စိတ်သဘောထား ကောင်းမွန်သူမဟုတ်သလို လုမင်ယွိနှင့်လည်း ရန်ငြိုးကြီးမားသူ ဖြစ်လေသည်။ ရင်ထဲတွင် ဖိနှိပ်ထားသော မနာလိုဝန်တိုစိတ်များမှာ အချိန်မရွေး ပေါက်ကွဲသွားနိုင်၏။

ပါးစပ်ဖွင့်လိုက်သည်နှင့် လေသံက သိပ်ပြီးမကောင်းတော့ချေ။ "ကျွန်မအဖေက ခဏလောက်စိတ်ရှုပ်ထွေးသွားပြီး အမှားလုပ်မိတာပါ။ အရှင်မင်းကြီးကလဲ ပြင်းပြင်းထန်ထန် အပြစ်ပေးပြီးပါပြီ။ ဂုဏ်သရေရှိတဲ့ ကွမ်းပင်းနယ်စားက လက်ထောက်တပ်မှူးအဆင့် လျှော့ချခံလိုက်ရတယ်။ အိမ်တော်ထဲမှာလည်း အကျယ်ချုပ် ကျနေရတယ်"

"ဒီတစ်ခါ သူပုန်နှိမ်နင်းတဲ့နေရာမှာလည်း သူ မပါရဘူး"

"ဒီလောက်ဆို မလုံလောက်သေးဘူးလား"

"ရှင်က ဘာမှမဖြစ်ဘဲ ကောင်းကောင်းမွန်မွန် ရှိနေတဲ့အပြင် အမြွှာကိုယ်ဝန်တောင် ဆောင်ထားရပြီပဲ။ ဘာလို့ဒီရန်ငြိုးကို စွဲလန်းနေရတာလဲ။ ဘာဖြစ်လို့ နန်းတော်ထဲဝင်ပြီး ကျွန်မအဖေအတွက် မပြောပေးရတာလဲ။ အရှင်းမင်းကြီးကို ကျွန်မအဖေကို စောစောပြန်လွှတ်ပေးဖို့ ပြောပေးလို့မရဘူးလား"

လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးထားလိုက်၏။ "မင်းက စကားပြောအရမ်းကောင်းတာပဲ။ မင်းကိုယ်တိုင် နန်းတော်ထဲဝင်ပြီး သွားပြောလိုက်ပါလား။ ဘာဖြစ်လို့ ဒီမှာ ငါ့ကို လာရစ်နေတာလဲ"

မုန့်ယွင်လော်သည် ဒေါသကြောင့် မျက်နှာများနီရဲသွားပြီး ထိုစကားတစ်ခွန်းမှာ ပြောထွက်လုနီးပါး ဖြစ်သွားတော့၏။ ငါသာ နန်းတော်ထဲဝင်ရဲရင် နင့်ကို လာတောင်းပန်နေစရာလိုမလား။

လုမင်ယွိက အေးစက်စွာ ရယ်မောလိုက်လေ၏။ "မင်းကိုယ်တိုင် နန်းတော်ထဲမဝင်ရဲဘူး မဟုတ်လား။ ငါ ပြောပြမယ်။ ငါက သဘောထားသေးသိမ်တဲ့သူ။ ရန်ငြိုးကို အမှတ်ထားတတ်ဆုံးသူ။ တစ်ချက်ချင်းစီ မှတ်ထားတတ်တယ်"

"လျို့တိ စန်းဟွမ်စစ်ဖေးညန်ညန်က ပြန်တော့မယ်။ ငါ့အစား ဧည့်သည်ကို လိုက်ပို့ပေးလိုက်"

မုန့်ယွင်လော် "..."

...

All Chapters