← Chapters

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အပိုင်း (၂၆၅) စစ်ဘေးကာလ (၁)

မုန့်ယွင်လော်၏ ဒေါသများသည် ပေါက်ကွဲတော့မတတ်ဖြစ်သွားကာ ရုတ်တရက်ထရပ်လိုက်ပြီး လုမင်ယွိ၏ နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်လိုက်လေတော့သည်။ "လုမင်ယွိ။ နင် လူကို အရမ်းအနိုင်မကျင့်နဲ့နော်"

လုမင်ယွိက အပြုံးကို ရုတ်သိမ်းလိုက်ပြီး မျက်ဝန်းထဲတွင် အေးစက်သောအရိပ်အယောင် ဖြတ်ပြေးသွားလေသည်။ စားပွဲပေါ်ရှိ လက်ဖက်ရည်ပန်းကန်ခွက် အလွတ်တစ်လုံးကိုယူလိုက်ပြီး လက်ဖြင့် အသာအယာညှစ်လိုက်ရာ လက်ဖက်ရည်ပန်းကန်ခွက်သည် ချက်ချင်းဆိုသလို အမှုန့်များအဖြစ် ပြောင်းလဲသွားပြီး တဖွဲဖွဲ ကြွေကျလာတော့၏။

ဒီလုပ်ရပ်က စကားလုံးထောင်ပေါင်းများစွာထက် ပိုပြီးထိရောက်လေသည်။

မုန့်ယွင်လော်သည် ရင်တွေပူလောင်သွားသလို မြန်မြန်နောက်ဆုတ်လိုက်ပြီး အော်ဟစ်ကာ ထွက်ပြေးသွားလေတော့၏။ "ကောင်းပြီလေ ပြန်တာပေါ့။ ငါက နင့်ကို အရမ်းတွေ့ချင်နေတယ် မှတ်နေလား"

ဘေးတွင် တိတ်ဆိတ်စွာထိုင်နေသည့် လုရွှမ်းက လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေ၏။ "စစ်ကျဲ။ စစ်ကျဲက စန်းဟွမ်စစ်ဖေးကို တော်တော်လေး မုန်းနေတာပဲ"

ပထမမင်းသားကြင်ရာတော်ကိုတောင် စိတ်ရှည်လက်ရှည် ဟန်ဆောင်ဆက်ဆံသေးတယ်။ မုန့်ယွင်လော် အလှည့်ကျတော့ ဟန်ဆောင်ဖို့တောင် စိတ်ကူးမရှိတော့ဘူး။

လုမင်ယွိကလဲ အင်းဟုသာ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်လေသည်။

လုရွှမ်းသည် အသက်ငယ်သေးသော်ငြားလည်း ဉာဏ်ကောင်းသူ ဖြစ်လေ၏။ ဦးနှောက်ကို အနည်းငယ် အလုပ်ပေးလိုက်သည်နှင့် အဖြေမှန်ကို ရိပ်မိသွားလေတော့သည်။ "သူက တတိယမင်းသားကို လက်ထပ်လိုက်လို့ စစ်ကျဲက သူ့ကို ကြည့်မရဖြစ်နေတာ မဟုတ်ဘူးလား"

လုမင်ယွိ "..."

အတွင်းရေးကိစ္စတွေက ရှုပ်ထွေးလွန်းလို့ ပြောပြလို့မရနိုင်ဘူး။ ထားလိုက်ပါတော့လေ ရှင်းပြမနေတော့ပါဘူး။ လုရွှမ်းကို ဒီအတိုင်းပဲ အထင်လွဲခွင့် ပေးထားလိုက်တော့မယ်။

လုမင်ယွိက ဘာမှမပြောဘဲနေလိုက်ခြင်းက ဝန်ခံနေခြင်းပင်။

မကြာခင်မှာပင် လုမင်ယွိမှာ နောင်တရသွားလေတော့သည်။

လုရွှမ်းက သူမ၏ နားနားတွင် တတွတ်တွတ် လာပြောနေတော့၏။ "စစ်ကျဲ။ စစ်ကျဲနဲ့ တတိယမင်းသားက အရင်သိခဲ့ကြတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါတွေက အတိတ်ကကိစ္စတွေလေ။ စိတ်ထဲမှာထပ်ပြီး မထားပါနဲ့တော့။ အိမ်ရှေ့စံက စစ်ကျဲအပေါ် သံယောဇဥ်ကြီးမားတယ်။ စစ်ကျဲကလဲ အိမ်ရှေ့စံရဲ့မေတ္တာကို လစ်လျူရှုလို့မဖြစ်ဘူးနော်။ တတိယမင်းသားကို တစ်ခါတစ်လေလေးတောင် တွေးလို့မဖြစ်ဘူး"

လုမင်ယွိမှာ ရယ်ချင်စိတ်ဖြစ်သွားသလို ဒေါသလဲထွက်မိတော့သည်။ "ငါက ဘယ်အချိန်တုန်းက လီဟောက်ကို တွေးမိနေလို့လဲ"

လုရွှမ်း "ကျွန်တော့်ရှေ့မှာ ဟန်ဆောင်မနေပါနဲ့" ဟူသည့်အကြည့်ဖြင့် ကြည့်လာသည်တွင် လုမင်ယွိသည် ဒေါသထွက်ရင်း ရယ်မောလိုက်မိကာ လက်ကိုဆန့်ပြီး လုရွှမ်း၏ နောက်စေ့ကို ရိုက်လိုက်လေတော့သည်။ "ထပ်ပြီးလျှောက်တွေးနေရင် နင့်ကို ငါ ဘယ်လို ဆုံးမမလဲဆိုတာ စောင့်ကြည့်နေလိုက်"

လုရွှမ်းသည် နာကျင်သွားပြီး ပါးစပ်ပိတ်သွားလေတော့၏။ ခဏအကြာတွင် သူက တံခါးစောင့်အိမ်တော်ထိန်းယွီကို မှာကြားလိုက်လေသည်။ "စန်းဟွမ်စစ်ဖေး ထပ်လာရင် ကျွန်တော့်ဆီ ချက်ချင်းစ သတင်းပို့လိုက်။ ကျွန်တော် သူ့ကို ပြန်လွှတ်လိုက်မယ်။ သူက စကားပြောတာ မဆင်ခြင်ဘူး။ စစ်ကျဲ စိတ်မချမ်းမသာဖြစ်အောင် လုပ်မိလိမ့်မယ်"

အိမ်တော်ထိန်းယွီသည် ချက်ချင်းလက်ခံလိုက်လေသည်။

အခုချိန်မှာ ထိုက်ဇီဖေးရဲ့ ကျန်းမာရေးလောက် အရေးကြီးတာ ဘာမှမရှိဘူး!

...

မုန့်ယွင်လော်သည် ဒေါသတကြီးဖြင့် တတိယမင်းသားအိမ်တော်သို့ ပြန်ရောက်လာပြီး တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လေတော့သည်။

နန်းတွင်းအပျိုတော်များသည် သူမအနားသို့ မချဥ်းကပ်ရဲကြချေ။ မိဘအိမ်မှပါလာသော အစေခံမလေးသည် ဝမ်ရှို့က လက်ဖက်ရည်တစ်ခွက်ကို ဂရုတစိုက် ယူလာပေးလိုက်၏။ "စစ်ဖေးညန်ညန် လက်ဖက်ရည်လေးသောက်ပြီး စိတ်လျှော့လိုက်ပါအုံး"

မုန့်ယွင်လော်သည် လက်ဖက်ရည်ခွက်ကို မြင်လိုက်သည်နှင့် ဒေါသကပိုမိုကြီးထွားလာပြီး လက်ဖြင့်ရိုက်ချလိုက်ရာ ဝမ်ရှို့၏ မျက်နှာကို ရိုက်မိသွားပြီး မူးဝေသွားလေတော့၏။ "ဘယ်သူက နင့်ကို ဆရာလုပ်ခိုင်းလို့လဲ။ ထွက်သွားစမ်း!"

ဝမ်ရှို့သည် မျက်လုံးများနီရဲလာပြီး လက်ဖြင့်ပါးကိုအုပ်ကာ ပြန်ထွက်သွားလေတော့သည်။ အခန်းထဲက ပစ္စည်းများရိုက်ခွဲသံ ထွက်ပေါ်လာခဲ့၏။

မုန့်ယွင်လော်သည် မနိုင်မနင်းဖြစ်နေသော ပစ္စည်းများအားလုံးကို ရိုက်ခွဲပစ်လိုက်လေသည်။ တစ်ကိုယ်လုံး အားကုန်သွားသော်ငြား ရက်ထဲက ဒေါသမီးကတော့ ငြိမ်းမသွားခဲ့ချေ။

လီဟောက်သည် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ရောက်လာပြီးနောက် နေ့တိုင်းအလုပ်များနေကာ မိုးချုပ်မှ အိမ်ပြန်ရောက်လာလေ့ရှိ၏။ ခြံဝန်းထဲသို့ ခြေချလိုက်သည်နှင့် မျက်မှောင်ကြုတ်လိုက်မိတော့သည်။

နန်းတွင်းအပျိုတော်နှစ်ယောက်သည် ခြံဝင်းထဲတွင် ဒူးထောက်နေကြလေသည်။ ဘယ်လောက်ကြာအောင် ဒူးထောက်နေရသည် မသိချေ။ မျက်နှာများမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မူးလဲတော့မလိုပင် ဖြစ်နေကြ၏။

ဂါရဝပြုရန်ရောက်လာသည့် ဝမ်ရှို့၏ မျက်ဝန်းအိမ်များကနီရဲနေကာ ပါးပေါ်တွင်လည်း လက်ရာများ မပျောက်သေးချေ။ "တတိယမင်းသားကို ဂါရဝပြုပါတယ်"

လီဟောက်၏ မျက်နှာအမူအယာမှာ တင်းမာသွားလေတော့သည်။ "ဒါက ဘယ်လိုဖြစ်တာလဲ"

ဝမ်ရှို့က ခေါင်းငုံ့ပြီးဖြေလိုက်၏။ "သူတို့နှစ်ယောက်က အလုပ်လုပ်တာ သတိမထားမိလို့ ဟွမ်စစ်ဖေးညန်ညန်က စိတ်ဆိုးပြီး ဒူးထောက်ခိုင်းထားတာပါ။ ကျွန်မ ဟွမ်စစ်ဖေးညန်ညန်ကို သွားပြီးလျှောက်တင်ပေးပါ့မယ်။ ခဏလောက် စောင့်ပေးပါ"

ဝမ်ရှို့သည် မုန့်ယွင်လော်၏ အိမ်ပါအစေခံဖြစ်ပြီး မုန့်ယွင်လော် အနားတွင် ပြုစုပေးလေ့ရှိ၏။ လီဟောက်သည်လဲ သူမနှင့် ရင်းနှီးနေပြီဖြစ်လေသည်။ ဒီလို ပြောလိုက်ခြင်းက မုန့်ယွင်လော်အတွက် ဖုံးဖိပေးနေမှန်းသိသာ၏။

ဘာအလုပ်လုပ်တာ သတိမထားမိလို့လဲ။ မုန့်ယွင်လော် စိတ်မကြည်လို့ ဘေးနားကလူတွေကို အပြစ်ရှာနေတာ သိသာနေတာပဲလေ။

လီဟောက်ကလဲ မျက်နှာထားတင်းမာစွာဖြင့် ပြောလိုက်တော့သည်။ "သွားပြောစရာမလိုဘူး။ ငါ့ဘာသာ ငါဝင်သွားမယ်။ မင်းတို့အားလုံး ထွက်သွားကြတော့"

ဝမ်ရှို့ကလဲ ထပ်မပြောရဲတော့ချေ။ ဒူးထောက်နေသော အပျိုတော်နှစ်ယောက်သည် သခင်၏ အမိန့်ကိုကြားလိုက်ရသည်နှင့် ငိုချင်သွားကြတော့သည်။ ကပျာကယာထကာ အချင်းချင်းတွဲကူပြီး ထွက်ခွာသွားကြလေတော့၏။

လီဟောက်သည် အသက်ကို တစ်ချက်ပြင်းပြင်းရှူလိုက်ပြီး အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်တော့သည်။

ထင်ထားသည့်အတိုင်းပင် အိပ်ခန်းထဲရှိ ပစ္စည်းများအားလုံး အသစ်လဲလှယ်ထားသည်ကို တွေ့လိုက်ရလေသည်။

လက်ထပ်ပြီး သုံးလကျော်အတွင်း ဒီအိပ်ခန်းထဲကပစ္စည်းများကို လဲလှယ်နေသည်မှာ လေးကြိမ်ရှိသွားပြီဖြစ်၏။

နှစ်ယောက်သားရန်ဖြစ်တိုင်း မုန့်ယွင်လော် စိတ်မကြည်တိုင်း အိပ်ခန်းထဲက ပစ္စည်းများကို ရိုက်ခွဲလေ့ရှိတတ်သည်။ ထို့နောက်တွင်တော့ အသစ်ပြန်လဲရသည်ပင်။

မင်းသားအိမ်တော်အနေနဲ့ ဒိပစ္စည်းလောက်ကိုဝယ်ဖို့ မတတ်နိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ဆိုးတိုင်း ပစ္စည်းရိုက်ခွဲတတ်တဲ့ အကျင့်ဆိုးက သည်းခံဖို့ကို ခက်ခဲလွန်းနေတာ။

လီဟောက်သည် မျက်နှာထား အေးစက်စွာဖြင့် ပြောလိုက်တော့သည်။ "မင်း ဒီနေ့ ဘာဖြစ်ပြန်ပြီလဲ။ ဘယ်သူက မင်းကို စိတ်ဆိုးအောင် လုပ်လိုက်လို့လဲ"

မုန့်ယွင်လော်သည် နေ့လယ်က နှစ်ကြိမ်တိုင်တိုင် ငိုကြွေးထားသဖြင့် မျက်လုံးများက ယောင်ယမ်းနေဆဲဖြစ်၏။ လီဟောက်၏ အပြစ်တင်သံပါသော အေးစက်စက်လေသံကို ကြားလိုက်ရသည့်အခါ ရင်ထဲကဝမ်းနည်းမှုများ လျှံကျလာပြီး ရှိုက်သံဖြင့် ပြောလေတော့သည်။ "ရှင်က အလုပ်လုပ်ရင် တနေကုန်ပျောက်သွားပြီး ပြန်လာတာနဲ့ မျက်နှာကြီးတင်းပြီး အပြစ်ရှာတော့တာပဲ"

လီဟောက်သည် ရင်ထဲကဒါသကိုထိန်းထားလိုက်ပြီး လေသံမာမာဖြင့် ပြောလိုက်လေသည်။ "နန်းတော်က စစ်တိုက်နေတာ။ ဖုဟွမ်က ငါ့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ တာဝန်ပေးထားတာ ဆောက်လုပ်ရေးဝန်ကြီးဌာနက လူတိုင်းက အလုပ်ရှုပ်နေကြတာ။ ဝန်ကြီးဆိုရင် ရုံးတော်မှာအိပ်နေတာ ဘယ်နှစ်ရက်တောင်ရှိနေပြီလဲ။ ငါက မင်းကို စိတ်မပူရင် ရုံးတော်မှာပဲအိပ်လိုက်တော့မှာ"

ဒါက စိတ်ပူတဲ့လေသံတဲ့လား။

သူမကို အပြစ်ရှာချင်နေတာ သက်သက်ပဲလေ။

မုန့်ယွင်လော်၏ မျက်လုံးများက မျက်ရည်များမှာ စီးကျလာပြီး ငိုကြွေးကာ ပြောလိုက်တော့သည်။ "ရှင် ကျွန်မကို ငြိုငြင်နေမှန်း သိပါတယ်။ မုန့်မိသားစု ပြဿနာတက်ပြီး ကျွန်မအဖေ ရာထူးချခံရတယ်။ ကျွန်မအဒေါ်ကလဲ ယန်ရှီနန်းဆောင်မှာ အကျယ်ချုပ်ကျနေတယ်။ ရှင်က ကျွန်မကို မျက်လုံးထဲ ဘယ်ထည့်တော့မှာလဲ"

လီဟောက်သည် စိတ်မရှည်နိုင်သည့်ခံစားချက်ကို ထိန်းချုပ်ထားကာ မုန့်ယွင်လော်ကို ချော့မော့ဖို့ရန် ကြိုးစားလိုက်တော့၏။ "မုန့်မိသားစု ပြဿနာတက်တာ ငါလဲပဲ စိတ်ပူတာပဲ။ ဒါပေမဲ့ အခုက အသားနားခံရမဲ့အချိန် မဟုတ်သေးဘူး။ အခြေအနေ တည်ငြိမ်သွားမှ ယွဲ့ဖုအတွက် ပြောပေးလို့ရမှာ။ မင်း လျှောက်တွေးမနေပါနဲ့။ ငါက အဲဒီ့လို သဘောထားသေးသိမ်တဲ့သူ မဟုတ်ပါဘူး"

မုန့်ယွင်လော်က ငိုကာ ပြောလိုက်လေသည်။ "ရှင်က အရင်တုန်းက အဲဒီ့လို မတွေးခဲ့ရင်တောင် ရှင့်အမေက ဘေးနားကနေ သွေးထိုးပေးနေရင် ရှင်က ကျွန်မကို ငြိုငြင်လာမှာပဲ"

လီဟောက် "..."

ထိုနေ့က မုန့်ယွင်လော်နှင့် စူးဖေးတို့ ရန်ဖြစ်ပြီးကတည်းက လင်မယားနှစ်ယောက် ဆက်ဆံရေးက အေးစက်လို့နေခဲ့လေသည်။

လီဟောက်သည် ဒီနေ့ည စောစောပြန်လာပြီး မုန့်ယွင်လော်ကို ချော့ကာ စစ်အေးကာလကို အဆုံးသတ်ရန် ရည်ရွယ်ထားခဲ့၏။ မုန့်ယွင်လော်က ဒီလိုပြောလာချိန်တွင် လီဟောက်၏ ရင်ထဲကဒေါသများကလဲ ပြန်လည်နိုးထလာလေတော့သည်။

"ငါ့အမေက ဘယ်တုန်းက သွေးထိုးဖူးလို့လဲ" လီဟောက်၏ မျက်ဝန်းထဲက ဒေါသမီးများမှာ တောက်လောင်လာပြီး လေသံက မြင့်တက်သွားတော့၏။ "ငါက မင်းကို အစောကြီးကတည်းက ပြောပြီးသားလေ။ ငါ့အမေက စိတ်သဘောထားနူးညံ့ပြီး အကြီးအကျယ် မခံစားနိုင်ဘူးလို့။ ဘာကိစ္စပဲရှိရှိ မင်းကပဲ သူ့ကို လိုက်လျောပေးလိုက်ပါလို့"

"မင်းလဲ ငါ့ကို ကတိပေးခဲ့တယ်လေ။ မူဖေးကို ကောင်းကောင်းပြုစုပါမယ်ဆို။ အခု မင်း ဘယ်လိုလုပ်နေတာလဲ။ အိမ်ထောင်ကျတာ သုံးလပဲရှိသေးတယ်။ မူဖေးကို ငိုအောင်လုပ်တာ ဘယ်နှစ်ခါရှိပြီလဲ"

"လောကကြီးမှာ မင်းလို ချွေးမမျိုး ဘယ်မှာရှိလို့လဲ။ ကိုယ့်အပြစ်ကို ပြန်မဆင်ခြင်ဘဲ အခုတော့ ယောက္ခမကို သွေးထိုးပါတယ်လို့ စွပ်စွဲနေသေးတယ်။ မင်းက တကယ့်ကို ပြောမရဆိုမရ ဖြစ်နေပြီပဲ"

မုန့်ယွင်လော်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး နားဝင်ဆိုးလှသည့် စကားများကို ပြောထွက်မိလေတော့သည်။ "ဟုတ်တယ်။ ကျွန်မက ပြောမရဆိုမရ ဖြစ်နေတာ။ ကျွန်မက ယောက္ခမအပေါ်မှာ မရိုမသေ လုပ်နေတာ။ ရှင် စွမ်းဆောင်နိုင်ရင် ကျွန်မကို ကွာရှင်းလိုက်လေ။ ပြီးရင် ရှင့်စိတ်တိုင်းကျမိန်းမကို သွားယူလိုက်"

"ဝမ်းနည်းစရာပဲ။ ရှင် အလိုချင်ဆုံးမိန်းမက ရှင့်ရဲ့မရီးဖြစ်သွားပြီ။ ထိုက်ဇီဖေး ဖြစ်သွားပြီ။ ဒီတသက် ရှင် စိတ်ကူးယဥ်မနေနဲ့တော့!"

...

အပိုင်း (၂၆၆) စစ်အေးတိုက်ပွဲ (၂)

လီဟောက်၏ မျက်နှာထားသည် ရုတ်ခြည်း ပြောင်းလဲသွားလေသည်။

မျက်ဝန်းအိမ်မှ ထွက်ပေါ်လာသော အေးစက်သည့် အရိပ်အယောင်သည် လူကိုပင် ရေခဲသွားစေနိုင်လောက်၏။

မုန့်ယွင်လော်သည် စိတ်ထဲတွင် ထိတ်လန့်သွားပြီး မိမိစကားမှားသွားမှန်း ရုတ်တရက် သတိပြုမိလိုက်တော့သည်။

သူမနှင့် လီဟောက် လက်ထပ်ပြီး သုံးလကျော်ကာလအတွင်း ရန်ဖြစ်ခဲ့ဖူးသည်မှာ အကြိမ်ရေ တော်တော်များခဲ့သည်။ သို့သော် အမြဲတမ်းလိုလို လျင်မြန်စွာ ပြန်လည်သင့်မြတ်သွားလေ့ရှိ၏။ သူမ ဘာပြောပြော လီဟောက်က သည်းခံလေ့ရှိသည်။ သို့သော် လူနှစ်ယောက်၏ အကြောင်းကိုတော့ လုံးဝ ထည့်ပြောလို့ မရပေ။

စူးဖေးက ဒုတိယနေရာတွင်သာ ရှိပြီး ပထမနေရာတွင် ရှိနေသူမှာ လုမင်ယွိ ဖြစ်လေသည်။

ယနေ့ညတွင် သူမသည် ဒေါသအလွန်ထွက်နေသဖြင့် ထိုလူနှစ်ဦးစလုံး၏ အကြောင်းကို လွှတ်ခနဲ ထည့်သွင်းပြောဆိုမိလိုက်ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်သည် လီဟောက်၏ ရင်ဘတ်ကို ဓားဖြင့် နှစ်ကြိမ်တိုင်တိုင် ထိုးစိုက်လိုက်သကဲ့သို့ပင် ဖြစ်သွားတော့၏။

လီဟောက်သည် မုန့်ယွင်လော်ကို စူးစိုက်ကြည့်နေလေသည်။

မုန့်ယွင်လော်သည် စိတ်ထဲတွင် ဗျာများသွားပြီး နှုတ်ခမ်းကို ဖိကိုက်ကာ တောင်းပန်စကားပြောရန် ပြင်လိုက်၏။ အသံမထွက်လာသေးခင်မှာပင် လီဟောက်က လှည့်ထွက်သွားတော့၏။ မုန့်ယွင်လော်သည် အလျင်အမြန် ပြေးလိုက်သွားပြီး လီဟောက်၏ အင်္ကျီလက်စကို ဆွဲထားလိုက်ကာ "ရှင် ဘယ်သွားမလို့လဲ"

လီဟောက်သည် အင်္ကျီလက်စကို အားဖြင့် ရုန်းထွက်လိုက်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားလေသည်။

မုန့်ယွင်လော်မှာ လိုက်လို့ မမီတော့ဘဲ ဒေါသတကြီးဖြင့် ထပ်မံငိုကြွေးရပြန်တော့သည်။

...

လင်မယားနှစ်ယောက်သည် ထိုအချိန်မှစပြီး စစ်အေးတိုက်ပွဲ ဆင်နွှဲကြလေတော့သည်။

လီဟောက်သည် အပျော်အပါးလိုက်စားခြင်း၊ နန်းတွင်းအပျိုတော်များ ပါလာသည့် အစေခံများနှင့် အိပ်စက်ခြင်းမျိုး မရှိသော်လည်း စက်မှုဝန်ကြီးဌာနတွင် သွားရောက်နေထိုင်ကာ ရက်ပေါင်းများစွာ အိမ်မပြန်ဘဲ နေလေတော့သည်။

မုန့်ယွင်လော်မှာ ရန်ဖြစ်ချင်လျှင်ပင် လူရှာမတွေ့သဖြင့် ဒေါသအောင့်ကာ ရင်ကွဲနာကျမတတ် ဖြစ်ရတော့သည်။

နန်းတော်ထဲသို့ ဝင်ရောက်ဂါရဝပြုချိန်တွင် စူးဖေး၏ ဟန်ဆောင်ကောင်းလွန်းသော မျက်နှာကို မြင်လိုက်ရသောအခါ မုန့်ယွင်လော်မှာပိုလို့ပင် နေရခက်သွားရသည်။ စူးဖေးသာ မရှိလျှင် သူမနှင့် လီဟောက်တို့ အဆင်ပြေနေမည်ဖြစ်ပြီး ယခုကဲ့သို့ စကားမပြောဘဲ စစ်အေးတိုက်ပွဲ ဆင်နွှဲရသည့် အခြေအနေထိ ရောက်ရှိလာမည် မဟုတ်ပေ။

စူးဖေးသည် မုန့်ယွင်လော်၏ ပင်ပန်းနွမ်းနယ်မှုကို မမြင်သည့်အလား ပါးစပ်ဟသည်နှင့် မေးမြန်းလိုက်တော့သည်။ "အားဟောက်က ဒီရက်ပိုင်း ဘာလို့ စက်မှုဝန်ကြီးဌာနမှာပဲ သွားနေနေရတာလဲ။ တာဝန်ကျေပွန်အောင် ကြိုးစားတာ မှန်ပေမယ့် ကိုယ့်ကျန်းမာရေးကိုတော့ လစ်လျူရှုလို့ မဖြစ်ဘူးလေ။ မင်း သူ့ကို ကောင်းကောင်း ပြောပြလိုက်ဦး။ ကျန်းမာရေး ထိခိုက်တဲ့အထိ အလုပ်မလုပ်ခိုင်းနဲ့"

သူမက ပြောပြချင်ပါသော်လည်း လီဟောက်က အိမ်ပြန်လာပြီး သူမကို တွေ့ခွင့်ပေးမှ ဖြစ်မည်မဟုတ်ပါလား။ သူမအနေဖြင့် စက်မှုဝန်ကြီးဌာနအထိ သွားပြီး ကိုယ့်ခင်ပွန်းသည်ကို သွားတွေ့ရမည်တဲ့လား။

မုန့်ယွင်လော်သည် စိတ်အခြေအနေ မကောင်းသဖြင့် "အင်း" ဟုသာ ပြီးပြီးရော ပြန်ဖြေလိုက်လေသည်။

စူးဖေးသည် သူမ၏ သေချင်သလို ဖြစ်နေသော ပုံစံကို မြင်သောအခါ စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားပြီး ခပ်ပြတ်ပြတ် ပြောလိုက်တော့သည်။ "မင်း အားလပ်ရင် မုန့်အိမ်တော်ကို ပြန်ပြီး မင်းအဖေကို နားချလိုက်ဦး။ သာ့ဝေတိုင်းပြည်က စစ်တိုက်နေတာ။ သူကလဲ စစ်သူကြီးတစ်ယောက်ပဲ။ နန်းတော်အတွက် အားကိုးရမယ့်သူ ဖြစ်သင့်တယ်"

စစ်တိုက်ပြီး အကျိုးဆောင်မှုယူရမည့် ကိစ္စများကို လုမိသားစု သားအဖက ဦးအောင် ရယူသွားကြပြီဖြစ်သည်။

စူးဖေးသည် နိုင်ငံရေးကိစ္စများကို နားမလည်သော်လည်း အချက်တစ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်း သိထားလေသည်။ လုမိသားစုက စစ်မှုထမ်းခြင်းတွင် အောင်မြင်မှုများလေ လုမင်ယွိ၏ ထိုက်ဇီဖေး ရာထူးက ပိုမိုခိုင်မြဲလေ ဖြစ်လိမ့်မည်။

လုမိသားစု၏ ထည်ဝါကြီးကျယ်မှုကို ဒီအတိုင်း ထိုင်ကြည့်နေရလျှင် စူးဖေး၏ စိတ်ထဲတွင် မည်သို့ လိပ်ပြာသန့်နိုင်ပါမည်နည်း။

မုန့်ယွင်လော်သည် စိတ်ထဲတွင် မကြည်မလင် ဖြစ်နေသဖြင့် စူးဖေးကို အရေးမစိုက်ချင်တော့ဘဲ ဝတ်ကျေတမ်းကျေ "အင်း" ဟုသာ ထပ်ပြောလိုက်ပြန်သည်။

စူးဖေးသည် ဒေါသထွက်သွားပြီး မျိုးဆက်သစ်ကိစ္စနှင့် ပတ်သက်ပြီး မုန့်ယွင်လော်ကို ထပ်မံ ဖိအားပေး ပြောဆိုပြန်တော့သည်။ မုန့်ယွင်လော် ဒေါသထွက်ပြီး ရန်ထလုပ်တော့မည့် ဆဲဆဲတွင်မှ မုန့်ယွင်လော်ကို ပြန်လွှတ်လိုက်လေသည်။

မုန့်ယွင်လော်သည် စိတ်ထဲတွင် ဒေါသများ၊ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေပြီး နန်းတော်ထဲမှ ထွက်လာပြီးနောက်တွင် မိဘအိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့တော့၏။

မုန့်အိမ်တော်၏ တံခါးမကြီးသည် တင်းကျပ်စွာ ပိတ်ထားပြီး ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေလေသည်။ ယခင်က လူဝင်လူထွက်များပြီး စည်ကားသိုက်မြိုက်ခဲ့သည်များနှင့် နှိုင်းယှဉ်လိုက်လျှင် စိတ်နှလုံး ဆွေးမြေ့ဖွယ်ရာပင် ကောင်းလှတော့သည်။

ယုံးကျားဧကရာဇ်က ကွမ်းပင်းနယ်စားကို တံခါးပိတ်ပြီး ကိုယ့်အပြစ်ကိုယ် ပြန်လည်သုံးသပ်ရန် အမိန့်ပေးထားခြင်း ဖြစ်သည်။ အမှန်စင်စစ်တွင်တော့ မည်သူမှ ဝင်ထွက်သွားလာခွင့် မရှိလောက်အောင် တင်းကျပ်ထားခြင်း မရှိပေ။ သို့သော် မုန့်မိသားစု ဘေးဒုက္ခသင့်နေချိန်တွင် လူတိုင်းက ရှောင်ဖယ်လိုကြသည်ဖြစ်ရာ မည်သူက လာရောက်လည်ပတ်လိုပါမည်နည်း။

မုန့်ယွင်လော်သည် အိမ်သို့ရောက်ရှိပြီး ပိန်ကျသွားသော မိခင်ဖြစ်သူ ကွမ်းပင်းနယ်စားကတော်ကို မြင်လိုက်ရသောအခါ ရင်ထဲတွင် နာကျင်သွားပြီး မျက်ဝန်းများ ရုတ်တရက် နီရဲလာတော့သည်။ "အမေ.. ဘာလို့ ဒီလောက် ပိန်သွားရတာလဲ"

ကွမ်းပင်းနယ်စားကတော်က ခါးသက်စွာ ရယ်မောလိုက်လေသည်။ "တစ်နေ့ သုံးနပ် တစ်နပ်မှ မလျော့ပါဘူး။ ဘာလို့ ဒီလောက် ပိန်သွားမှန်းလည်း မသိပါဘူး"

ထို့နောက် အားတင်းကာ သမီးဖြစ်သူကို ဂရုတစိုက် မေးမြန်းလိုက်လေသည်။ "သမီး ဘာကိစ္စရှိလို့ ရုတ်တရက် ပြန်လာတာလဲ။ အမေ အရင်က မှာထားတယ်လေ။ တတိယမင်းသားရဲ့ စားသောက်နေထိုင်မှုကို ကောင်းကောင်း ဂရုစိုက်ပြီး နန်းတော်ထဲက စူးဖေးညန်ညန်ကို ရိုသေပါလို့"

မုန့်ယွင်လော်က ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး စိတ်ပျက်လက်ပျက် ပြောလိုက်လေသည်။ "သမီး သူတို့အကြောင်း မပြောချင်ဘူး"

ကွမ်းပင်းနယ်စားကတော်သည် ကြားလိုက်သည်နှင့် အခြေအနေ မဟန်မှန်း သိလိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ သမီး စူးဖေးနဲ့ စကားများလာတာလား။ ဒါမှမဟုတ် အရှင်မင်းသားနဲ့ စိတ်ကောက်လာတာလား"

မုန့်ယွင်လော်သည် အစပိုင်းတွင် မပြောဘဲ နေသေးသော်လည်း မိခင်ဖြစ်သူက ထပ်ခါတလဲလဲ မေးမြန်းလာသဖြင့် နောက်ဆုံးတွင် လင်မယားနှစ်ယောက် စိတ်ကောက်ပြီး စစ်အေးတိုက်ပွဲ ဖြစ်နေသည့် အကြောင်းစုံကို ပြောပြလိုက်ရတော့သည်။

ကွမ်းပင်းနယ်စားကတော်သည် ဒေါသထွက်စွာဖြင့် မုန့်ယွင်လော်၏ နဖူးကို လက်ညှိုးဖြင့် ထိုးလိုက်လေသည်။ "သမီး ဘာလို့ ဒီလောက်တောင် အသိဉာဏ် မရှိရတာလဲ"

"အမေ သမီးကို ဘယ်နှစ်ခါလောက် သင်ပေးရမလဲ။ သမီးက စူးဖေးအပေါ် ဘယ်လောက်ပဲ မကျေနပ်ပါစေ။ အရှင်မင်းသားရဲ့ ရှေ့မှာ ယောက္ခမမကောင်းကြောင်း မပြောပါနဲ့လို့။ အရှင်မင်းသားက မိဘကို သိတတ်တဲ့သူပါ။ သမီးက စူးဖေးကို လေးစားရင် အရှင်မင်းသားက သမီးရဲ့ စေတနာကို အသိအမှတ်ပြုမှာပေါ့။ သမီးက ယောက္ခမနဲ့ ပြဿနာတက်ရင် အရှင်မင်းသားက သူ့အမေဘက်ကပဲ ပါမှာ သေချာပေါက်ပဲလေ"

"ပြီးတော့ အရှင်မင်းသားနဲ့ လုမင်ယွိကြားက ဟိုးအရင်က ဖြစ်ခဲ့တဲ့ ဇာတ်လမ်းဟောင်းတွေကို သမီးက ဘာကိစ္စ ထပ်ပြောရဲရတာလဲ။ တခြားလူတွေ မကြားသွားလို့ တော်သေးတယ်။ မဟုတ်ရင် စကားများစရာတွေ ဖြစ်ကုန်မှာ။ အရှင်မင်းသားက သမီးကို ခွင့်လွှတ်မှာ မဟုတ်သလို အရှင်မင်းကြီးနဲ့ မိဖုရားခေါင်တို့ဆီ ရောက်သွားရင်လည်း သမီးအတွက် ကောင်းမှာ မဟုတ်ဘူး"

မုန့်ယွင်လော်သည် အဆူပူခံရသဖြင့် ငိုကြွေးလိုက်လေသည်။

"ငိုနေလို့ ဘာထူးမှာလဲ" ကွမ်းပင်းနယ်စားကတော်သည် စိတ်ကိုတင်းကာ ဆက်လက် ဆူပူလိုက်သည်။ "သမီးကို ချစ်တဲ့သူက သမီး မျက်ရည်ကျအောင် လုပ်မှာ မဟုတ်ဘူး။ သမီးကို မချစ်တဲ့သူကျတော့ သမီး မျက်လုံးတွေ ကွယ်သွားတဲ့အထိ ငိုရင်တောင် သူက သမီးရဲ့ ငိုသံကို နားငြီးတယ်လို့ပဲ ထင်နေမှာ"

မုန့်ယွင်လော် "..."

မုန့်ယွင်လော်သည် နှလုံးသားကို ဓားနှင့်မွှန်းသလို နာကျင်သွားရပြီး အင်္ကျီလက်စဖြင့် မျက်ရည်များကို သုတ်လိုက်ကာ ဝမ်းနည်းပက်လက် ပြောလိုက်သည်။ "သမီး ဒီလောက် ဝမ်းနည်းနေတာကို အမေက နှစ်သိမ့်ပေးဖို့ မစဉ်းစားဘဲ အနာပေါ် ဒုတ်ကျချနေတယ်"

ကွမ်းပင်းနယ်စားကတော်က သက်ပြင်းချလိုက်၏။ "ယွင်လော်... သမီးက အိမ်ထောင်သည် ဖြစ်နေပြီ။ အရွယ်ရောက်သင့်ပြီ။ အိမ်မှာနေတုန်းကလို စိတ်ရှိတိုင်း လုပ်လို့ ဘယ်ရတော့မလဲ။ သူများအိမ်ရောက်သွားရင် သည်းခံပြီး နေတတ်အောင် သင်ယူရမယ်"

မုန့်ယွင်လော်သည် နှာခေါင်းကို ရှုံ့လိုက်ပြီး ခေါင်းမာစွာ ပြောလိုက်သည်။ "လုမင်ယွိကျတော့ စိတ်ရှိတိုင်း လုပ်လို့ရပြီး သမီးကျမှ ဘာလို့ မရရတာလဲ"

ကွမ်းပင်းနယ်စားကတော်က တဲ့တိုးပင် ပြောချလိုက်သည်။ "ထိုက်ဇီက သူ့ကို အလိုလိုက်ထားလို့လေ။ သမီးယောက်ျားက သမီးကို အဲဒီလို မဆက်ဆံချင်ဘူးလေ။ ဘာတတ်နိုင်မှာလဲ"

မုန့်ယွင်လော် "..."

မုန့်ယွင်လော်သည် မိခင်ဖြစ်သူ၏ စကားကြောင့် ဒေါသထွက်ပြီး သွေးအန်မတတ် ဖြစ်သွားရတော့သည်။

ကွမ်းပင်းနယ်စားကတော်သည် လေသံကို လျှော့လိုက်ပြီး တိုးတိုးလေး သက်ပြင်းချလိုက်သည်။ "လူချင်းမှ မတူတာ။ လိုက်ယှဉ်နေရင် ဘယ်လိုလုပ် ရှေ့ဆက်မလဲ။ သမီး ပြန်ရောက်ရင် အရှင်မင်းသားကို ကောင်းကောင်း တောင်းပန်လိုက်ပါ။ ပြီးခဲ့တာတွေ ထားလိုက်တော့။ နောက်ဆို အေးအေးချမ်းချမ်း နေပါ"

"ဒုတိယမင်းသားက ဒီလောက်မြန်မြန် ထိုက်ဇီ ဖြစ်သွားတာ ပြောရမယ်ဆိုရင် သမီးအဖေရဲ့ 'ကောင်းမှု' တစ်ခုလည်း ပါတာပဲ။ အရင်တုန်းက အမေ သူ့ကို မတားခဲ့တာမှ မဟုတ်တာ။ ငါတို့ မုန့်မိသားစုက ဒီလောက် ချမ်းသာကြွယ်ဝနေပြီပဲ။ ရှေ့ဆက်တိုးဖို့ မစဉ်းစားပါနဲ့တော့လို့ ပြောခဲ့သားပဲ"

"သူက နားမထောင်ဘဲ ပထမမင်းသားနဲ့ ရင်းရင်းနှီးနှီး နေတယ်။ နောက်ကွယ်မှာ မုန့်ကွေ့ဖေးနဲ့ ပူးပေါင်းကြံစည်တယ်။ မုန့်ကွေ့ဖေးက လုမင်ယွိကို ဒုက္ခပေးချင်တော့ သူက လူမိုက်တွေလွှတ်ပြီး လုပ်ကြံခိုင်းတယ်။ ရလဒ်က ဘယ်လိုဖြစ်သွားလဲ သမီး မြင်တယ်မလား"

"အရှင်မင်းကြီးက အစက ဒီလောက်စောစောစီးစီး ထိုက်ဇီတင်မြှောက်ဖို့ အစီအစဉ် မရှိသေးဘူး။ ဒီကိစ္စ ဖြစ်လာတော့ မုန့်ကွေ့ဖေး သားအမိကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့လည်း မလုပ်ရက်ဘူး။ လုမိသားစုနဲ့ ချောင်မိဖုရားခေါင်ဘက်ကိုလည်း ဖြေရှင်းချက် တစ်ခုတော့ ပေးရမယ်။ ဒါကြောင့် လူတိုင်း စိတ်ကျေနပ်အောင် ထိုက်ဇီ တင်မြှောက်လိုက်ရတာ မဟုတ်လား"

"အခြေအနေက ဒီအဆင့်ထိ ရောက်လာပြီဆိုတော့ သမီးအဖေမှာ ရာထူးငယ်လေး ကျန်နေသေးတာပဲ တော်လှပြီ။ အရှင်မင်းကြီး စိတ်ပြေမယ့်အချိန်ကို စောင့်ရမယ်။ နောက်နှစ်ကျရင် အရှင်မင်းကြီးနဲ့အတူ ယန်နိုင်ငံနဲ့ ချူနိုင်ငံကို စစ်ထွက်တိုက်တဲ့အခါ မုန့်မိသားစု ပြန်ပြီး ခေါင်းမော့နိုင်မယ့် နေ့ရက် ရောက်လာမှာပါ"

"သမီးလည်း လိမ္မာပါတော့။ အမေတို့က သမီးကို အားကိုးမပေးချင်လို့ မဟုတ်ဘူး။ လောလောဆယ်တော့ မုန့်မိသားစုက အစွမ်းအစကို ဖုံးကွယ်ပြီး ငြိမ်ငြိမ်လေး နေမှ ဖြစ်မှာ"

မုန့်ယွင်လော်သည် တွေဝေငေးမောလျက် နားထောင်နေပြီး အတော်ကြာသည်အထိ အသံထွက်မလာတော့ပေ။

အချိန်အတော်ကြာမှ မုန့်ယွင်လော်က လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အမေ ပြောတာ သမီး နားလည်ပါပြီ။ သမီး ပြန်ရောက်ရင် စက်မှုဝန်ကြီးဌာနကို လူလွှတ်ပြီး အရှင်မင်းသားကို စာပို့လိုက်ပါ့မယ်။ သမီး မှားသွားပါပြီလို့ ပြောလိုက်ပါ့မယ်"

မိဘအိမ်က သူမအတွက် အားကိုးမဖြစ်နိုင်တော့သည့်အခါ သူမ ခေါင်းမငုံ့ဘဲ ဘာတတ်နိုင်ဦးမည်နည်း။

ကွမ်းပင်းနယ်စားကတော်၏ စိတ်နှလုံးသည် နာကျင်ရလေတော့သည်။

မုန့်ယွင်လော် နောက်ဆုံးတော့ အရွယ်ရောက်လာခဲ့လေပြီ။ အရွယ်ရောက်လာခြင်း၏ နောက်ကွယ်တွင် ယောက္ခမ၏ နှိပ်စက်မှုနှင့် ခင်ပွန်းသည်၏ လစ်လျူရှုမှု ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေလေတော့သည်။

...

အပိုင်း (၂၆၇) အောင်မြင်မှုသတင်းကောင်း

လီဟောက်နှင့် မုန့်ယွင်လော် လင်မယားနှစ်ဦး ရန်ဖြစ်ပြီး စစ်အေးတိုက်ပွဲ ဆင်နွှဲကြရာမှ ပြန်လည်သင့်မြတ်သွားသည့်သတင်းသည် လုမင်ယွိထံသို့ လျင်မြန်စွာ ရောက်ရှိလာလေသည်။

ဒုတိယမင်းသားအိမ်တော်နှင့် တတိယမင်းသားအိမ်တော်သည် ကပ်လျက်တွင်ရှိပြီး လုမင်ယွိက လူလွှတ်ကာ စုံစမ်းရန်မလိုဘဲ တတိယမင်းသားအိမ်တော်ရှိ လှုပ်ရှားမှုများကို သိရှိနေရခြင်း ဖြစ်သည်။

လုရွှမ်းသည် တတိယမင်းသားအိမ်တော်ရှိ ပြဿနာများကို ကြည့်ကာ သဘောကျနေပြီး လုမင်ယွိ၏ နားနားကပ်ကာ တတွတ်တွတ် ပြောပြလေတော့သည်။ "ကြားတာတော့ တတိယမင်းသားက စက်မှုဝန်ကြီးဌာနမှာ ငါးရက်ဆက်တိုက်နေပြီး အိမ်မပြန်ဘူးတဲ့။ စန်းဟွမ်စစ်ဖေးက လူလွှတ်ပြီး ပြန်လာဖို့ သွားခေါ်ခိုင်းမှ လင်မယားနှစ်ယောက် ပြန်တည့်သွားကြတာတဲ့"

လုမင်ယွိက ပြုံးလျက်ပင် လုရွှမ်းကို မျက်စောင်းထိုးလိုက်လေသည်။ "နင် အားလွန်းလို့ အလုပ်မရှိ ကြံဖန်လုပ်နေတာ မဟုတ်လား။ ဒီကိစ္စတွေက နင်နဲ့ ဘာမှမဆိုင်ဘူး။ အချိန်ရရင် သိုင်းကွင်းမှာ သွားပြီး လေ့ကျင့်တော့"

လုရွှမ်းသည် မျက်နှာမဲ့သွားပြီး မသွားချင်သွားချင်ဖြင့် သိုင်းကွင်းသို့ ထွက်သွားလေတော့သည်။

အရင်က လုအိမ်တော်တွင် နေတုန်းကဆို ခဏခဏ ခိုးပြီး ပျင်းနေလို့ ရသည်။ ယခု ဒုတိယမင်းသားအိမ်တော်သို့ ရောက်လာပြီးနောက် လုမင်ယွိက ကိုယ်တိုင် ကြီးကြပ်နေသဖြင့် အနည်းငယ်မျှပင် ခိုကပ်လို့ မရတော့ပေ။

လုမင်ယွိသည် လုရွှမ်း၏ ပျင်းရိပျင်းတွဲ မျက်နှာထားကို မြင်တိုင်း ရယ်ချင်စိတ်နှင့် ဒေါသစိတ် နှစ်ခုလုံး ဖြစ်ပေါ်ရလေသည်။

တစ်ယောက်နှင့်တစ်ယောက် စိတ်ထားချင်း မတူကြပေ။ လုရွှမ်းသည် ငယ်စဉ်ကတည်းက သည်အကျင့် ပါလာခဲ့ပြီး ယခုအချိန်တွင် ပြင်၍မရတော့ပေ။

လုမင်ယွိသည် ကိုယ်ဝန်ရှိလာပြီးနောက်ပိုင်း သိုင်းကစားခြင်း မရှိတော့ပေ။ သိုင်းကွင်းဘေးတွင် ထိုင်နေရင်း ပျင်းရိလာသဖြင့် ကျောက်ခဲထည့်ထားသော ပန်းကန်လုံးတစ်လုံးကို ယူလာခိုင်းလိုက်သည်။

သူမသည် ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်ပြီး အနည်းငယ် အားထည့်ကာ ပစ်လွှတ်လိုက်ရာ ကျောက်ခဲသည် လုရွှမ်း၏ လက်မောင်းကို တည့်တည့်မတ်မတ် ထိမှန်သွားလေတော့သည်။

အားသုံးပုံ ဆယ်ပုံတွင် သုံးပုံခန့်သာ သုံးထားသဖြင့် သိပ်မပြင်းထန်လှပေ။

သို့သော် လုရွှမ်းကတော့ အံကိုတင်းတင်းကြိတ်ကာ အော်ဟစ်လိုက်လေသည်။ "အား... နာလိုက်တာ။ စစ်ကျဲရာ... ဘာလို့ ဒီလောက် လက်ပါရတာလဲ... အား"

နောက်ထပ် ကျောက်ခဲတစ်လုံး ပျံဝဲလာပြန်ရာ လုရွှမ်းသည် လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း တတိယမြောက် ကျောက်ခဲကိုတော့ မလွတ်တော့ပေ။ ခြေသလုံးကို ထိမှန်သွားပြန်သည်။

လုမင်ယွိ၏ အေးစက်မာကျောသော အသံ ထွက်ပေါ်လာတော့သည်။ "သိုင်းကစားနေတဲ့အချိန်မှာ နားက မျက်စိလို အလုပ်လုပ်ရမယ်။ မျက်စိကလည်း အရပ်ရှစ်မျက်နှာကို မြင်နိုင်ရမယ်။ ကျောက်ခဲ လေးငါးလုံးလောက်နဲ့တင် နင်က ပြာပြာသလဲ ဖြစ်နေပြီ။ တကယ်လို့များ တစ်ယောက်ယောက်က ချုံခိုတိုက်ခိုက်ရင် နင် ဘယ်လို ရှောင်မလဲ"

"ဆက်ပြီး လေ့ကျင့်။ မရပ်နဲ့"

"နောက်တစ်ခါ ကျောက်ခဲမှန်ရင် ဒီနေ့ နာရီဝက် ပိုပြီး လေ့ကျင့်ရမယ်"

လုရွှမ်းသည် ဆက်လက် ပျင်းရိမနေရဲတော့ဘဲ အာရုံစိုက်ကာ လေ့ကျင့်ရင်း နေရာပေါင်းစုံမှ ပျံဝဲလာသော ကျောက်ခဲများကို ရှောင်တိမ်းနေရလေသည်။ သိုင်းကွင်းထဲရှိ ကိုယ်ရံတော်များသည်လည်း လေ့ကျင့်ရင်း တိတ်တဆိတ် ရယ်မောကာ ပွဲကြည့်နေကြတော့သည်။

လုယီသည် အလျင်အမြန် လျှောက်လှမ်းလာပြီး မျက်နှာထက်တွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ "ထိုက်ဇီဖေးကို လျှောက်တင်ပါတယ်။ စစ်သူကြီးနဲ့ ထိုက်ဇီဆီကနေ စာရောက်လာပါတယ်"

လီကျင့်သည် စစ်ချီရာတွင် မင်းသားအိမ်တော်မှ ကိုယ်ရံတော် နှစ်ရာကို ခေါ်ဆောင်သွားပြီး ဘယ်တပ်မှူးနှင့် ရှောင်ယွမ်တို့လည်း ပါသွားလေသည်။ ယခုအခါ အိမ်တော်၏ လုံခြုံရေးသည် လုယီ၏ ပခုံးပေါ်တွင် ရှိနေလေသည်။

စစ်တပ်ကြီး ထွက်ခွာသွားသည်မှာ ဆယ်ရက်နီးပါး ရှိနေပြီဖြစ်ပြီး နောက်ဆုံးတွင် ပထမဆုံး စာရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

လုမင်ယွိသည် မျက်မှောင်ကြုတ်ထားရာမှ ပြေလျော့သွားပြီး ပြုံးရွှင်စွာဖြင့် စာကို လှမ်းယူကာ ဖွင့်ဖတ်လိုက်လေသည်။

လုရွှမ်းတစ်ယောက် စိတ်သက်သာရာ ရသွားသည်မှာ သိသာထင်ရှားလှပြီး လှုပ်ရှားမှုများလည်း နှေးကွေးသွားပြန်သည်။

လုယီမှာ ရယ်ချင်စိတ်ကို ထိန်းချုပ်ကာ လုမင်ယွိကို ပြောလိုက်လေသည်။ "လျို့ကုန်းဇီ(သခင်လေး ၆) တစ်ယောက်တည်း လေ့ကျင့်နေရတာ ပျင်းစရာကောင်းပါတယ်။ ကျွန်တော်မျိုး ဝင်ပြီး လေ့ကျင့်ပေးပါရစေ"

လုမင်ယွိက ပြုံးကာ ခေါင်းညိတ်ခွင့်ပြုလိုက်သည်။

လုရွှမ်း "..."

သွားပြီ။ စိတ်ရောကိုယ်ပါ ရက်စက်ကြမ်းကြုတ်သည့် လုယီလက်ထဲ ရောက်သွားပြီ။ သေချာပေါက် သွားပြီ။

လုယီသည် "လျို့ကုန်းဇီကို ကောင်းကောင်း လေ့ကျင့်ပေးမယ်" ဟူသော မျက်နှာထားဖြင့် လျှောက်လှမ်းလာသည်ကို မြင်သောအခါ ဉာဏ်များသော လုရွှမ်းသည် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "တပ်မှူးလု... ချီယွင်အစ်မရဲ့ ဒဏ်ရာက သက်သာခါနီးပြီ။ ကျွန်တော် စစ်ကျဲကို ပြောပေးမယ်။ ခင်ဗျားတို့နှစ်ယောက် မြန်မြန် လက်ထပ်ရအောင် စီစဉ်ပေးမယ်လေ။ ဘယ်လိုလဲ"

လုယီ၏ မျက်လုံးများ အရောင်တောက်သွားပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်ကာ တိုက်ခိုက်သည့် အားကို လျှော့ချလိုက်လေတော့သည်။

လုမင်ယွိသည် တစ်ခါတစ်ရံ မော့ကြည့်လိုက်သောအခါ လုယီက လက်လျှော့ပေးထားသည်ကို သတိထားမိလိုက်ပြီး တိတ်တဆိတ် ရယ်မောလိုက်မိသည်။

ဒီမောင်လေးကတော့ ဆန်ကောထက်တောင် အကွက်စိပ်သေးတယ်။ ဘာတွေ ပြောပြီး လုယီကို မြှူဆွယ်လိုက်လဲ မသိဘူး။

ထားလိုက်ပါတော့လေ။ ဒီနေ့ စိတ်ကြည်နေတာမို့ မျက်စိတစ်ဖက် မှိတ်ထားပေးလိုက်ပါ့မယ်။

...

"ရှောင်ယွိ... ကိုယ်တို့ စစ်ချီလာတာ ရက်နည်းနည်း ရှိနေပြီ။ ရှင်းယန်စစ်တပ်က တကယ်ပဲ သာ့ဝေတိုင်းပြည်ရဲ့ နံပါတ်တစ် တပ်မတော် ဆိုတာ မမှားပါဘူး။ ယွဲ့ဖုက သဘောထားကြီးပြီး ပျော်ပျော်နေတတ်ပေမယ့် စစ်တပ်ကို အုပ်ချုပ်တဲ့နေရာမှာတော့ အရမ်း စည်းကမ်းကြီးတယ်။ စံပြပုဂ္ဂိုလ်ပဲ။ စစ်မိန့်ဆိုတာ တောင်လိုခိုင်ခံ့တယ်။ တကယ် လေးစားစရာပဲ။ သာ့ကျဲဖူနဲ့ အာ့ကောတို့ကလည်း စစ်တိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူငယ်စစ်သူကြီးတွေပဲ။ ကိုယ် သူတို့ဆီကနေ အများကြီး သင်ယူခွင့်ရတယ်..."

လုမင်ယွိသည် နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး ပြုံးလိုက်မိလေသည်။

လီကျင့်သည် ယခင်ဘဝကလည်း စစ်မြေပြင်သို့ ရောက်ဖူးသော်လည်း တကယ်တမ်း စစ်တိုက်သည့်သူများမှာ စစ်သူကြီးများသာ ဖြစ်ပြီး သူ့လို မင်းသားတစ်ပါးမှာ အလှပြရုံ သက်သက်သာ ဖြစ်လေသည်။ စစ်ပွဲနိုင်သည့်အခါ သူ့နာမည်ဖြင့် မှတ်တမ်းတင်ရုံသာ ရှိသည်။

တကယ်တမ်း စစ်တိုက်သည့်ကိစ္စတွင်တော့ သာ့ကျဲဖူနှင့် အာ့ကော လုဖေးတို့ကို သူ မမီနိုင်ပေ။

အမှန်စင်စစ် သူက စိတ်ပါလက်ပါ သင်ယူချင်သော်လည်း တစ်ဖက်လူက အကုန်အစင် သင်ကြားပေးချင်စိတ် ရှိမှ ရမည်ဖြစ်သည်။ ကျန်းကျုံးနှင့် လုဖေးတို့ကတော့ ပြောစရာမလို။ လုလင်းကလည်း ပညာကုန် သင်ကြားပေးလေသည်။

ရက်အနည်းငယ်အတွင်း သူ အများကြီး အကျိုးရှိခဲ့လေသည်။

လီကျင့်သည် စာရွက်ထူထူကြီး ပြည့်အောင် ရေးသားထားပြီး နောက်ဆုံး နှစ်မျက်နှာတွင်တော့ ကျန်းမာရေး ဂရုစိုက်ရန်နှင့် စိတ်မဆိုးဘဲ အေးအေးဆေးဆေး ကိုယ်ဝန်စောင့်ရှောက်ရန် ထပ်ခါတလဲလဲ မှာကြားထားလေသည်။

"တကယ့်ကို လေရှည်တာပဲ" လုမင်ယွိက ပြုံးလျက် ညည်းတွားလိုက်ပြီး ဖခင်ဖြစ်သူ၏ စာကို ဖွင့်ဖတ်လိုက်ပြန်သည်။

လုလင်း၏ စာသည်လည်း ထူထဲပြီး ရှည်လျားလေသည်။ အရင်ဆုံး လီကျင့်ကို ချီးမွမ်းထားလေသည်။ လီကျင့်သည် "စိတ်ပါလက်ပါ သင်ယူတတ်ပြီး" "နားမလည်ဘဲနှင့် နားလည်ချင်ယောင် မဆောင်တတ်" ဟု ဆိုထားသည်။ အမှန်တကယ်တွင် စစ်တိုက်သည့် စစ်သူကြီးများအနေဖြင့် ရန်သူ၏ ရက်စက်မှုကို မကြောက်ဘဲ တိုက်ပွဲအတွင်း ဗရမ်းဗတာ အမိန့်ပေးမည့်သူ ရှိနေမည်ကိုသာ ကြောက်ရွံ့ကြခြင်းဖြစ်သည်။

လီကျင့်သည် စစ်ဆေးရေးမှူးအဖြစ် လိုက်ပါလာသည့် ထိုက်ဇီ ဖြစ်သော်လည်း စစ်ရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ စစ်ချီသည့် အစီအစဉ်များကိုလည်း ဝင်ရောက်စောဒကတက်ခြင်း မရှိပေ။ ထိုအချက်သည် လုလင်းအတွက် အလွန် စိတ်ကျေနပ်စရာ ကောင်းလှသည်။

နောက်ဆုံး နှစ်မျက်နှာတွင်တော့ လုလင်းက သမီးဖြစ်သူကို ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ပြီး ကိုယ်ဝန်ကို ဂရုစိုက်ရန် မှာကြားထားပြန်သည်။

သားမက်နှင့် ယောက္ခမ နှစ်ယောက်စလုံး လေရှည်ကြသည်မှာ အတူတူပင်။

လုမင်ယွိ၏ မျက်ဝန်းများထဲတွင် အပြုံးရိပ်များ ပိုမိုနက်ရှိုင်းသွားပြီး စာကို နှစ်ခေါက်ပြန်ဖတ်ကာ သိမ်းဆည်းလိုက်လေသည်။

...

နောက်ဆက်တွဲ တစ်လကျော်ကာလအတွင်း နန်းတွင်းသို့ ဖီကျိုးမှ စစ်သတင်းများ ဆက်တိုက် ရောက်ရှိလာခဲ့သည်။

လုလင်း ဦးဆောင်သော စစ်တပ်သည် ဖီကျိုးသို့ မရောက်ရှိမီ လမ်းခုလတ်တွင် ထွက်ပြေးတိမ်းရှောင်နေသော သူပုန်တစ်သိုက်နှင့် တွေ့ဆုံခဲ့သည်။ ထိုသူပုန်အဖွဲ့သည် လူအင်အား သုံးထောင်ခန့် ရှိပြီး သူပုန်များကြားတွင် အင်အားကြီးမားသော အဖွဲ့တစ်ဖွဲ့ ဖြစ်လေသည်။

သို့သော် ရှင်းယန်စစ်တပ်ရှေ့တွင် ထိုသူပုန်များသည် ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။

လုလင်းသည် ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ခြင်း မပြုဘဲ ကျန်းကျုံးကို စစ်သည်ငါးထောင်ဖြင့် စေလွှတ်လိုက်ရာ ခေါင်းဆောင်အချို့ကို သတ်ဖြတ်နိုင်ခဲ့သည်။ ကျန်ရှိနေသော သူပုန်များသည် လျင်မြန်စွာ ကစဉ့်ကလျား ဖြစ်သွားပြီး လက်နက်ချ အရှုံးပေးကြလေသည်။

ဒုက္ခသည်များကို နေရာချထားရေးသည် ခေါင်းကိုက်စရာ ကိစ္စတစ်ခု ဖြစ်သဖြင့် လုလင်းသည် လက်မခံဘဲ ထိုက်ဇီလီကျင့်ထံသို့ လွှဲပြောင်းပေးလိုက်လေသည်။

လီကျင့်သည် ထိုကိစ္စကို ကြိုတင်စဉ်းစားထားပြီးဖြစ်သဖြင့် ဒုက္ခသည်များကို နှစ်သိမ့်နေရာချထားရေး တာဝန်ကို ယူလိုက်လေသည်။ အရင်ဆုံး ဖီကျိုးမြို့ အနှံ့အပြားတွင် ကြေညာချက်များ ကပ်စေပြီး လက်နက်ချ အလင်းဝင်သူများကို အပြစ်မယူကြောင်း ကြေညာလိုက်သည်။

ဖမ်းဆီးရမိထားသော သူပုန်များထဲမှ မိသားစုရှိသူများကို နေရပ်သို့ ပြန်ပို့ပေးသည်။ မိသားစု မရှိသူများကိုတော့ ထိုနေရာတွင်ပင် နေရာချထားပေးသည်။ အိမ်၊ မြေနှင့် စားနပ်ရိက္ခာများ ဝေငှပေးပြီး ဓား၊ လှံ၊ လက်နက်များကို သိမ်းဆည်းကာ ပေါက်တူးနှင့် မျိုးစေ့များ ထုတ်ပေးလိုက်သည်။ သုံးနှစ်အတွင်း အခွန်ကင်းလွတ်ခွင့် ပေးမည်ဟုလည်း ကတိပြုလိုက်သည်။

ပြည်သူများသည် ငတ်မွတ်ခေါင်းပါးပြီး အသက်ရှင်ရန် လမ်းစမရှိတော့သဖြင့် သူပုန်ဖြစ်လာကြခြင်းပင်။

ယခုအခါ မြေရှိ၊ စားစရာရှိပြီး ဗိုက်ဝအောင် စားနိုင်သည့်အပြင် သုံးနှစ်အတွင်း လယ်ခွန် ပေးဆောင်စရာ မလိုတော့ပေ။ သတင်းပြန့်နှံ့သွားသည်နှင့် သူပုန်များ၏ စိတ်ဓာတ်သည် ထက်ဝက်ခန့် ကျဆင်းသွားပြီး နေ့စဉ်နှင့်အမျှ ခိုးကြောင်ခိုးဝှက် ထွက်ပြေးလာကာ လက်နက်ချသူများ ရှိလာလေသည်။

ရှင်းယန်စစ်တပ်သည် တိုက်ပွဲများကို ဆက်တိုက် အနိုင်ရရှိခဲ့ပြီး ရက်စက်ပြတ်သားကာ လျင်မြန်လှသည်။

ထို့ကြောင့် ကျန်ရှိနေသော ပြည်သူတစ်ဝက်၏ စိတ်ဓာတ်သည်လည်း ယိမ်းယိုင်သွားပြီး နန်းတွင်းသို့ ဝင်ရောက်ခိုလှုံသူများ ပိုမိုများပြားလာလေသည်။ တစ်လကျော်ကာလအတွင်း ဖီကျိုး၏ အခြေအနေသည် တည်ငြိမ်သွားခဲ့လေသည်။

ယုံးကျားဧကရာဇ်သည် အောင်မြင်မှု သတင်းကောင်းကို ကြားသိရသောအခါ အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေသည်။ "ကောင်းတယ်! ကောင်းတယ်! ကောင်းတယ်!"

ကောင်းတယ် ဟူသော စကားကို သုံးကြိမ်ဆက်တိုက် ပြောဆိုလိုက်လေသည်။

ရှင်းယန်စစ်တပ်၏ ရန်သူကို မုန်တိုင်းသဖွယ် ချေမှုန်းနိုင်စွမ်း ရှိခြင်းသည် မျှော်လင့်ထားပြီးသား ဖြစ်သည်။ ယုံးကျားဧကရာဇ်ကို ပျော်ရွှင်စေသည်မှာ ထိုက်ဇီ၏ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်ပင်။

ပြည်တွင်းဆူပူမှုကို နှိမ်နင်းရာတွင် အရင်ဆုံး ပြင်းထန်သော အရှိန်အဟုန်ဖြင့် ဖိနှိပ်ထားပြီးနောက် ဆက်လက်၍ ငြိမ်းချမ်းအောင် ဆောင်ရွက်ရန်မှာလည်း အလွန် အရေးကြီးလှသည်။ သို့မဟုတ်ပါက မကြာမီတွင် နောက်ထပ် ဆူပူမှုများ ထပ်မံ ပေါ်ပေါက်လာဦးမည် ဖြစ်သည်။

လီကျင့်၏ စွမ်းဆောင်ရည်သည် အလွန်ပင် ပြောင်မြောက်လှပေသည်။

...

All Chapters