အခန်း (၂၆၈-၂၇၀)
Vol. 18 Ch. 268-270
အပိုင်း (၂၆၈) ပြန်လာခြင်း
ဖီကျိုးမှ အောင်မြင်မှုသတင်း ဆက်တိုက်ရောက်ရှိလာသည်တွင် ယုံးကျားဧကရာဇ်သည် အလွန်ပင်နှစ်သက်သွားတော်မူလေသည်။
မှူးမတ်များကလဲ ထိုက်ဇီကို တယောက်တပေါက် ဝိုင်းဝန်းချီးကျူးကြလေသည်။ "စိတ်နေစိတ်ထား တည်ငြိမ်တယ်" "လုပ်ရည်ကိုင်ရည် ပြည့်ဝတယ်" "သဘောထား ကြီးမြတ်တယ်" အစရှိသဖြင့် ချီးမွမ်းကြရာ စာလုံးရေထောင်ချီနှင့်ပင် ရှိနေပြီဖြစ်၏။
ပထမမင်းသားသည် စိတ်ထဲတွင် မနာလိုအားကျစိတ်များ ဖြစ်မိလေတော့သည်။
မိခင်ဖြစ်သူကသာ စိတ်လိုက်မာန်ပါဖြင့် မိုက်မဲသောအလုပ်ကို မလုပ်ခဲ့ပါက ဖုဟွမ်သည် စောစောစီးစီး ထိုက်ဇီရာထူးကို ပေးအပ်မည် မဟုတ်ပေ။ ဖုဟွမ်က သူ့အပေါ်ဘက်လိုက်ပြီး အရေးပေးသည်ကိုထောက်ဆလျှင် ဖီကျိုးသို့ စစ်ဆေးရေးမှူးအဖြစ် လိုက်ပါရမည့်တာဝန်သည်လဲ သူ့အတွက်ဖြစ်လာမှာ သေချာသည်။ ထိုသို့ဆိုရလျှင် နာမည်ကောင်းရသွားမည့်သူမှာလည်း သူသာဖြစ်သင့်ပေသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ယခုအချိန်တွင်တော့ တွေးတောရုံသာ တတ်နိုင်တော့၏။
စိတ်ထဲတွင် မည်မျှပင် ခါးသီးနေပါစေ ပထမမင်းသားသည် မျက်နှာပေါ်တွင်တော့ နည်းနည်းလေးမှ ထုတ်မပြရဲဘဲ အပြုံးကိုသာ အတင်းညှစ်ထုတ်ထားရပြီး တခြားသူများနှင့်အတူ ထိုက်ဇီ၏ ဉာဏ်ပညာကြီးမားပုံကို ဝိုင်းဝန်းချီးကျူးရလေတော့သည်။
လီဟောက်နှင့် စတုတ္ထမင်းသားတို့သည်လဲ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြသော်လည်း မျက်နှာတွင် မပေါ်လွင်စေဘဲ အိမ်ရှေ့စံအတွက် ဝမ်းသာဂုဏ်ယူသည့်ပုံစံကို တညီတညွတ်တည်း ပြသနေကြလေသည်။
ယုံးကျားဧကရာဇ်ကတော့ သားတော်များ၏ စိတ်ခံစားချက်ကို သတိမမူမိဘဲ ပြုံးရွှင်စွာဖြင့် ဝန်ထမ်းရွေးချယ်ရေးဌာနဝန်ကြီးကို ပြောလိုက်၏။ "ဖီကျိုးက အခုထိ မငြိမ်သက်သေးဘူး။ ရှင်းယန်စစ်တပ်က ဖီကျိုးမှာ ဆက်နေရမယ်။ ဝန်ကြီးဌာနက ရွေးချယ်ထားတဲ့အရာရှိတွေလဲ ဖီကျိုးကို မြန်မြန်သွားဖို့လိုတယ်။ ထိုက်ဇီ အသုံးပြုမဲ့လူ မရှိဖြစ်နေမှာ စိုးရိမ်ရတယ်"
ဝန်ထမ်းရွေးချယ်ရေးဌာနဝန်ကြီးသည် လက်နှစ်ဘက်ကိုယှက်ကာ အမိန့်ကို နာခံလိုက်လေသည်။
ညီလာခံပြီးဆုံးပြီးနောက် ယုံးကျားဧကရာဇ်သည် လုအိမ်တော်နှင့် ဒုတိယမင်းသားအိမ်တော်ကို ဆုလာဘ်များစွာ ချီးမြှင့်လိုက်လေသည်။
ဒါသည်လည်း နန်းတွင်းထုံးစံတစ်ခုပင်။ စစ်နိုင်လျှင် ဆုချီးမြှင့်လေ့ရှိ၏။
ကိုယ်ဝန်၇လရှိနေပြီဖြစ်သော ရှန်းလန်သည် နန်းတွင်းက ဆုလာဘ်များကို လက်ခံရရှိခဲ့ပြီးနောက် မြင်းလှည်းစီးကာ ဒုတိယမင်းသားအိမ်တော်သို့ သွားရောက်ခဲ့လေသည်။
လုမင်ယွိ၏ ကိုယ်ဝန်သည်လဲ ၆လရှိနေပြီဖြစ်ပြီး ဗိုက်က ရှန်းလန်ထက်ပင် ပိုကြီးနေသေးသည်။ သို့သော် မျက်နှာသွင်ပြင်ကတော့ အလွန်ကြည်လင်နေပြီး ဖြူဝင်းနေသော အသားအရေပေါ်တွင် ပန်းရောင်သမ်းနေကာ မျက်ဝန်းများက တောက်ပလျက် နှုတ်ခမ်းထောင့်တွင်လည်း အပြုံးတစ်ခုကို ဆင်မြန်းထားလေသည်။ " အာ့စောင် ... ဗိုက်က ဒီလောက်ကြီးနေတာကို မြင်းလှည်းစီးပြီး အပြင်ထွက်တာ သတိထားအုံးနော်"
ရှန်းလန်ကလဲ ပြုံးကာ ပြောလိုက်လေသည်။ "ဒီနေ့တစ်ခေါက်ပဲ လာသေးတာပါ။ နောက်ဆို အိမ်မှာပဲ မီးဖွားဖို့ စောင့်နေရတော့မှာ အပြင်မထွက်တော့ပါဘူး"
ထို့နောက် လုမင်ယွိ၏ ဗိုက်ကိုကြည့်ပြီး တအံ့တသြကြီီး ပြောလိုက်လေသည်။ "ပြီးခဲ့တဲ့တခေါက်တွေ့တုန်းက ဗိုက်က ဒီလောက်မကြီးသေးပါဘူး။ အခု ငါ့ထက်တောင်မှ ပိုကြီးနေပြီပဲ"
လုမင်ယွိကလဲ မတတ်သာဟန်ဖြင့် ရယ်မောလိုက်လေ၏။ "ဟုတ်တယ်။ သမားတော်ကျိုး ပြောဖူးတယ်။ ငါက အမြွှာကိုယ်ဝန်ဆောင်ထားတာဆိုတော့ ၅လကျော်ရင် ကလေးတွေက ပိုပြီး ကြီးထွားလာမှာမလို့ ဗိုက်က ပိုကြီးလာမှာပဲတဲ့"
ရှန်းလန်သည် မနေနိုင်တော့ဘဲ လုမင်ယွိ၏ ဗိုက်ကိုအသာအယာ လှမ်းကိုင်လိုက်လေသည်။ "၆လပဲရှိသေးတာတောင် ဒီလောက်ဖြစ်နေပြီ။ နောက်ထပ် နှစ်လလောက်ဆိုရင် လေထိုးထားတဲ့ဘောလုံးလို ဖြစ်လာတော့မှာပဲ"
နောက်ဆက်တွဲစကားများကိုတော့ ရှန်းလန်သည် မပြောတော့ပေ။
ဗိုက်က ဒီလောက်ကြီးပြီး ကလေးနှစ်ယောက် လွယ်ထားရတာ မီးဖွားမဲ့အချိန်ကျရင် သာမာန်ကိုယ်ဝန်ဆောင်တွေထက် ပိုပြီး အန္တရာယ်များမှာ သေချာတယ်။
လုမင်ယွိသည် ရှန်းလန်၏ မျက်ဝန်းထဲက စိုးရိမ်ပူပန်မှုကို ရိပ်မိသဖြင့် ပြုံးကာပြောလိုက်လေသည်။ "စိတ်မပူပါနဲ့။ သမားတော်ကျိုးက နေ့တိုင်း လာစမ်းသပ်ပေးနေပါတယ်။ သွေးခုန်နှုန်းက ပုံမှန်ပဲတဲ့။ ငါက သိုင်းကစားထားတဲ့အခြေခံရှိတော့ ကျန်းမာရေးကောင်းပါတယ်။ လမစေ့ဘဲ မွေးရင်တောင် စိတ်ပူစရာမလိုပါဘူး"
ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေနိုင်မှာလဲ။
ရှန်းလန်သည် မိမိကိုယ်ဝန်အတွက် သိပ်ပြီးစိတ်မပူရသော်ငြား လုမင်ယွိအတွက်တော့ အမြဲတမ်း စိတ်ပူနေရလေသည်။ သူမက အားတင်းကာ ပြုံးပြီးမေးလိုက်၏။ "မီးဖွားခန်း ပြင်ဆင်ပြီးပြီလား။ နို့ထိန်းမေမေတွေရော ရှာပြီးပြီလား"
လုမင်ယွိက အသာအယာ ခေါင်းညိမ့်ပြလိုက်ကာ "မီးဖွားခန်းက အဆင်သင့် ဖြစ်နေပါပြီ။ မူဟုပ်က နန်းတော်ထဲက လက်သည်လေးယောက် ရွေးထားပေးတယ်။ နို့ထိန်းမေမေလဲ လေးယောက် ပြင်ဆင်ပေးထားတယ်"
ရှန်းလန်သည် အံ့သြသွားပြီး ရယ်မောလိုက်လေတော့၏။ "နို့ထိန်းမေမေက ဒီလောက်များများ လိုလို့လား"
လုမင်ယွိကလဲ ရယ်ချင်မိလေတော့သည်။ "မူဟုပ်က ပြောတယ်လေ။ ကလေးတစ်ယောက်ကို နို့ထိန်းနှစ်ယောက်ဆိုရင် အတော်ပဲတဲ့။ ကလေးမွေးပြီးရင် နို့မလောက်မှာ စိုးလို့တဲ့"
ထိုအရာအားလုံးကလဲ ချောင်မိဖုရားခေါင်၏ စေတနာများပင်။ လုမင်ယွိသည် ချွေးမတစ်ယောက်အနေဖြင့် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ရုံသာပင်။
ရှန်းလန်ကလဲ ပြုံးကာ ထပ်ပြောလိုက်၏။ "နောက်ရက်အနည်းငယ်နေရင် စန်းမေ့မေ့ မီးဖွားပြီးလို့ တလပြည့်တော့မယ်။ ငါတို့နှစ်ယောက်က အခုလိုပုံစံနဲ့ဆိုတော့ ကျိုးအိမ်တော်ကို သွားလို့မဖြစ်တော့ဘူး။ လက်ဆောင်တော့ ကောင်းကောင်းထည့်ပေးရမယ်"
လုမင်ယွိကလဲ ပြုံးကာ ခေါင်းညိမ့်လိုက်၏။
လုမင်ဟွားသည် လွန်ခဲ့သည့်လဝက်ကျော်က သားယောက်ျားလေးတစ်ယောက် မွေးဖွားခဲ့လေသည်။
ကျိုးသခင်ကြီးနှင့် ကျိုးသခင်မတို့သည် မြေးရသဖြင့် ဝမ်းသာပျော်ရွှင်နေကြ၏။ ဖခင်လောင်းဖြစ်လာသော ကျိုးလီသည်လဲ အလွန်ပျော်ရွှင်နေပြီး လုအိမ်တော်နှင့် ဒုတိယမင်းသားအိမ်တော်သို့ ကိုယ်တိုင် လာရောက်သတင်းပို့ခဲ့လေသည်။
ကလေးမွေးပြီး ၃ရက်မြောက်နေ့တွင် ပြုလုပ်သောပွဲကို လုမင်ယွိနှင့် ရှန်းလန်တို့ နှစ်ယောက်စလုံး သွားခဲ့ကြသည်။ ကလေးတလပြည့်မည့်အချိန်တွင်တော့ သမီးယောင်းမနှစ်ယောက်စလုံး၏ ဗိုက်က အတော်လေးကို ကြီးနေပြီဖြစ်သဖြင့် အပြင်မထွက်သင့်တော့ပေ။ လက်ဆောင်ကိုတော့ ပိုပြီးများများစားစား ပို့ပေးရပေမည်။ သို့မှသာ ကျိုးမိသားစုက လုမင်ဟွားကို အထင်မသေးရဲကြတော့မှာဖြစ်သည်။
စကားစမြည်ပြောပြီးနောက် ရှန်းလန်က လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဖီကျိုးက အောင်ပွဲခံတဲ့သတင်းရတယ်။ ထိုက်ဇီက လူတွေကို နှစ်သိမ့်တဲ့နေရာမှာ အရမ်းတော်တယ်တဲ့။ အရှင်မင်းကြီးက သိပ်သဘောကျပြီး ညီလာခံမှာ ထိုက်ဇီကို အကြီးအကျယ် ချီးကျူးသွားတယ်လို့လဲ ကြားတယ်"
လီကျင့်အကြောင်းပြောလိုက်သည်နှင့် လုမင်ယွိ၏ မျက်ဝန်းအိမ်များက ပိုပြီးနူးညံ့သွားလေ၏။ "စစ်နိုင်ပြီးရင် စစ်ရေးကိစ္စတွေ စီစဥ်ရအုံးမှာ။ စစ်တပ်ကြီးက ဖီကျိုးမှာ အချိန်တစ်ခုကြာအောင်နေပြီးမှ ပြန်လာရမှာ အရှင်မင်းသားက စာရေးလိုက်တယ်။ အနည်းဆုံး ရက်တွေ တော်တော်ကြာအောင် စောင့်ပြီးမှ မြို့တော်ကို ပြန်လာနိုင်မယ်တဲ့ ကလေးနှစ်ယောက်မွေးတဲ့အချိန် အမီပြန်လာမယ်လို့ ပြောတယ်"
ရှန်းလန်က လုမင်ယွိကို ပြုံးကာကြည့်လိုက်လေသည်။ "မင်ယွိ ... နင့်ဘာသာ မှန်တစ်ချပ်လောက်ယူပြီး အခုပုံစံကို ပြန်ကြည့်လိုက်စမ်းပါအုံး"
လုမင်ယွိက ရှန်းလန်ကို ပြုံးကာ မျက်စောင်းထိုးလိုက်တော့သည်။ "ငါက ဘာဖြစ်နေလို့လဲ"
ရှန်းလန်ကလဲ နောက်ပြောင်ကာ ပြောလိုက်လေသည်။ "ဘာမှ များများစားစားတော့ မဟုတ်ပါဘူး။ ထိုက်ဇီအကြောင်း ပြောလိုက်တာနဲ့ နင့်မျက်လုံးတွေထဲမှာ အလွမ်းတွေ နူးညံ့မှုတွေ ပြည့်လျှံသွားတာပဲလေ။ အလိုလေး ... ဒါက ငါသိထားတဲ့ ရဲရင့်ပြတ်သားပြီး အချစ်ကိစ္စကို စိတ်မဝင်စားတဲ့ မင်ယွိမှ ဟုတ်ရဲ့လားလို့တောင် ထင်ရတယ်"
လုမင်ယွိမှာ ကြက်သီးထသွားပြီး ရှန်းလန်ကို ရယ်မောကာ တုံ့ပြန်ရန် ဟန်ပြင်လိုက်လေသည်။
သူမသည် အမှန်ပင် သူ့ကို လွမ်းနေမိလေ၏။
လီကျင့် ...ရှင် မြန်မြန်ပြန်လာရမယ်နော်။ ကျွန်မနဲ့ ကလေးနှစ်ယောက်စလုံး ရှင် ပြန်လာမှာကို စောင့်နေကြတယ်။
လုမင်ယွိသည် ဗိုက်ကို အသာအယာ ပွတ်သပ်လိုက်ပြီး နှုတ်ခမ်ထောင့်များကလဲ မသ်မသာ ကွေးညွတ်သွားလေတော့သည်။
...
၁၀ရက်ခန့်ကြာပြီးနောက်တွင် ကျိုးမိသားစု၏ မြေးဦးလေး တလပြည့်မွေးနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
လုမင်ဟွားသည် မီးဖွားပြီးတလပြည့်သည်နှင့် ဒုတိယမင်းသားအိမ်တော်သို့ လာရောက်ကာ လုမင်ယွိကို တွေ့ဆုံခဲ့လေသည်။ လုမင်ယွိ၏ မို့မောက်နေသော ဗိုက်ကြီးကို မြင်လိုက်ရသောအခါ လုမင်ဟွားသည်လဲ အံ့သြသွားပြီး ကိုယ်ဝန်ကို ကောင်းကောင်းဂရုစိုက်ရန် ထပ်ကာတလဲလဲ မှာကြားလေတော့သည်။
လုမင်ယွိကတော့ ပြုံးကာခေါင်းညိမ့်ပြီး လက်ခံလိုက်လေသည်။
လူတိုင်းက သူမ၏ ဗိုက်ကြီးကိုကြည့်ပြီး စိုးရိမ်ပူပန်နေကြသော်ငြားလည်း သူမကိုယ်တိုင်ကတော့ စိတ်အေးလက်အေးဖြင့် နေ့စဥ်နှင့်အမျှ ကိုယ်ဝန်ကို ဂရုစိုက်နေခဲ့သည်။
တနေ့သုံးနပ်အပြင် ညနေစာနှင့် ညလယ်စာပါ စားသောက်ပြီး ဗိုက်ဝလျှင် ဥယျာဥ်ထဲတွင် လမ်းလျှောက်ကာ အစာချေလေသည်။ သို့မဟုတ်လျှင်လည်း သိုင်းလေ့ကျင့်ကွင်းသို့ သွားရောက်လည်ပတ်ပြီး လုရွှမ်းကို သိုင်းသင်လေ့ကျင့် တိုက်တွန်းလေသည်။
ကိုယ်ဝန်ဆောင်ချိန်တွင် သင့်တော်သော လှုပ်ရှားမှုပြုလုပ်ခြင်းက ကောင်းမွန်သောအရာတစ်ခု ဖြစ်၏။ သမားတော်ကျိုးကလဲ တားမြစ်မည် မဟုတ်ချေ။
သို့သော်ငြား လုမင်ယွိ၏ ကိုယ်ဝန်၇လထဲသို့ ဝင်ရောက်လာသောအခါ သမားတော်ကျိုးသည် အထူးသတိထားလာပြီး နေ့စဥ် ဘေးကမခွာတမ်း စောင့်ရှောက်လေတော့သည်။
လုမင်ယွိက အချိန်မရွေးဗိုက်နာမှာ စိုးရိမ်သောကြောင့်ပင်။
အရပ်ထဲတွင်လည်း ဆိုးရိုးစကားရှိလေသည်။ ၇လဆိုအသက်ရှင်ပြီး ၈လဆိုအသက်မရှင်ဘူးဟူ၍ ဆိုလိုသည်မှာ ၇လနှင့် လမစေ့ဘဲ မွေးသည့်ကလေးသည် အသက်ရှင်နိုင်ပြီး ၈လနှင့်မွေးသောကလေးသည် အသက်ရှင်ရန်ခက်ခဲသည်ဟူသည့် အဓိပ္ပါယ်ပင်။
အမြွှာကိုယ်ဝန်ဆောင်ထားသော အမျိုးသမီးများ ၇လကျော်လာလျှင် မွေးဖွားခြင်းသည် ဆန်းကျယ်သောကိစ္စမဟုတ်ချေ။
လုမင်ယွိကိုယ်တိုင်ကလဲ သတိထား နေထိုင်လာခဲ့၏။
စောင့်ဆိုင်းရသောအချိန်ကာလသည် အလွန်နှေးကွေးလွန်းလှလေသည်။ နေ့ရက်တိုင်းကို လက်ချိုးရေတွက်ကာ ဖြတ်သန်းနေရ၏။
၁၀လပိုင်းသို့ ရောက်လာသောအခါ လုမင်ယွိ၏ ခြေထောက်များ ဖောရောင်လာပြီး ပါးပြင်သည်လဲ အနည်းငယ် ဖောရောင်လာခဲ့၏။ ဗိုက်သည် လေးလံလာပြီး ကုတင်ပေါ်တွင် ဘယ်ညာလှည့်ချင်လျှင်ပင် လူတစ်ယောက်က ကူညီပေးမှ ရတော့သည်။
ချီယွင်သည် ဒဏ်ရာပျောက်ကင်းသွားပြီဖြစ်ကာ တနေ့လုံး.လုမင်ယွိ၏ ဘေးနားတွင် နေထိုင်လေတော့၏။ ညဘက်ရောက်လျှင်လည်း ကုတင်ခြေရင်းတွင်သာ အိပ်စက်လေတော့သည်။
လုမင်ယွိက နည်းနည်းလေး လှုပ်ရှားလိုက်သည်နှင့် ချီယွင်သည် ချက်ချင်းထထိုင်ကာ လုမင်ယွိကို ဘယ်ညာလှည့်ပေးခြင်း သို့မဟုတ် အပေါ့အလေးသွားရန် ကူညီပေးခြင်းများကို ပြုလုပ်ပေးလေသည်။ လုမင်ယွိက ချီယွင်ကို သနားသဖြင့် နောက်ထပ် အစေခံတစ်ယောက်ခေါ်ယူကာ ချီယွင်နှင့် အလှည့်ကျ စောင့်ရှောက်စေချင်လေသည်။
သို့သော်ငြား ချီယွင်ကတော့ ငြင်းဆန်လေ၏။ "တခြားသူတွေပြုစုတာကို စိတ်မချပါဘူး"
လိုရင်းကို ပြောရမည်ဆိုလျှင်ဖြင့် အမြွှာကိုယ်ဝန်ဆောင်ခြင်းသည် အလွန်ပင်ပန်းလှပေသည်။ နူးညံ့သောအမျိုးသမီးသာဆိုလျှင် စောစောကတည်းက ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။
၁၀ပိုင်းလယ်လောက်တွင်တော့ လုမင်ယွိ၏ ကိုယ်ဝန်၈လပြည့်သောအချိန်တွင် ရှင်းယန်စစ်တပ်ကြီးသည် မြို့တော်သို့ ပြန်ရောက်လာခဲ့လေ၏။ အိမ်ရှေ့စံ လီကျင့်သည်လဲ အတူတူ ပြန်လည်ရောက်ရှိလာခဲ့တော့သည်။
...
အပိုင်း (၂၆၉) အချစ်တော်အသစ် (၁)
"ထိုက်ဇီဖေး ... ရှင်းယန်စစ်တပ်က မြို့တော်ကို ပြန်ရောက်ပါပြီ။ အရှင်မင်းသားလဲ အတူတူ ပြန်ရောက်လာပါတယ်"
လုယိသည် ဝမ်းမြောက်ဝမ်းသာမျက်နှာဖြင့် လာရောက်သတင်းပို့လေသည်။ "စစ်တပ်ကြီးက လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက စတင်ထွက်ခွာလာပြီလို့ ကြားပါတယ်။ ၁၀ရက်မတိုင်ခင်တော့ မြို့တော်ကို ပြန်ရောက်လာမှာပါ"
ချီယွင်က တိုးတိုးလေး ရယ်မောလိုက်၏။ "အရှင်မင်းသားက ကလေးတွေကို လာတွေ့ချင်နေပြီနဲ့ တူတယ်"
သမားတော်ကျိုးက ပြောထားဖူးသည်။ ကလေးနှစ်ယောက်က အချိန်မရွေး စောမွေးနိုင်သည်ဟုဆိုသည်။ ဒီရက်ပိုင်းအတွင်းတွင် လုမင်ယွိ မည်သည့်နေရာသို့သွားသွား သမားတော်ကျိုးနှင့် သားဖွားသည် လေးယောက်က တကောက်ကောက် လိုက်ပါစောင့်ရှောက်နေကြသည်။
လုမင်ယွိကလဲ ပြုံးကာ အင်းဟုပြောလိုက်ပြီး ညာဘက်လက်ကို မို့မောက်နေသောဗိုက်ပေါ်တွင် တင်ထားလိုက်လေသည်။
ဗိုက်ထဲက ကလေးနှစ်ယောက်သည် မိခင်ဖြစ်သူ၏ ပျော်ရွှင်မှုကို ခံစားမိလားမသိ ကန်ကျောက်လှုပ်ရှားလာလေသည်။ လုမင်ယွိ၏ ဗိုက်သားပြင်သည် ကလေးနှစ်ယောက်၏ လှုပ်ရှားမှုကြောင့် ပုံသဏ္ဍန်ပြောင်းလဲသွားလေ၏။
လုမင်ယွိက ပြုံးရင်း အနည်းငယ် ရှုံ့မဲ့လိုက်ကာ "ဒီကလေးဆိုးလေး နှစ်ယောက်ကတော့လေ တနေကုန် ဗိုက်ထဲမှာ ဆူညံနေကြတယ်။ သူတို့မွေးလာပြီး မျက်လုံးဖွင့်ရင် အရင်ဆုံး ရိုက်ပြီးတော့ ဆုံးမပစ်ရအုံးမယ်"
ထိုစကားကြောင့် ဘေးနားတွင်ရှိသည့် လူများအားလုံးက ရယ်မောလိုက်ကြ၏။
ထိုအချိန်မှာပင် တံခါးစောင့်အစေခံလေးတစ်ယောက်က ပြေးလာပြီး ဟွေ့အန်းကုန်းကျူ ရောက်ရှိလာကြောင်း သတင်းပို့လေသည်။
ဟွေ့အန်းကုန်းကျူသည် ၂ရက်၃ရက်ခြားတစ်ခါ လာလေ့ရှိပြီး ဒုတိယမင်းသားအိမ်တော်နှင့် အလွန်ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်၏။ လုမင်ယွိက ထရပ်လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံသာ ရှိသေးသည် ဟွေ့အန်းကုန်းကျူ၏ ပုံရိပ်က မျက်စိရှေ့သို့ ရောက်ရှိလာလေတော့၏။
"မြန်မြန်ပြန်ထိုင်ပြီး နားနေပါ" ဟွေ့အန်းကုန်းကျူက တရစပ် ပြောလိုက်လေသည်။ "ကြည့်ပါအုံး။ ဗိုက်ကြီးကလဲ ဒီလောက်ကြီးနေတာကို ကောင်းကောင်းမနေဘဲနဲ့ ဘာဖြစ်လို့ ထပြီး လာကြိုနေရတာလဲ။ သူစိမ်းတွေမှ မဟုတ်တာပဲ အားနာစရာတွေ လုပ်မနေပါနဲ့"
လုမင်ယွိကလဲ အားနာဟန်မပြတော့ဘဲ ပြုံးကာပြန်ထိုင်လိုက်တော့သည်။
တိုက်တိုက်ဆိုင်ဆိုင် ကလေးက ဗိုက်ထဲတွင် လှုပ်ရှားလိုက်ပြန်ရာ ဗိုက်သားပြင်က မို့မောက်တက်လာပြန်သည်။
ဟွေ့အန်းကုန်းကျူသည် ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်သော်ငြားလည်း မြင်လိုက်ရသည့်အခါတိုင်း အံ့သြမှင်သက်သွားရစမြဲပင်။ "ကလေးတွေက ဗိုက်ထဲမှာ အရမ်းလှုပ်ရှားတာပဲနော်"
ဟုတ်တာပေါ့။
လုမင်ယွိကလဲ ပြုံးကာ သက်ပြင်းချလိုက်၏။ "အခုဆို ညဘက်ကောင်းကောင်းအိပ်လို့တောင် မရတော့ဘူး။ ကလေးနှစ်ယောက်က အလှည့်ကျလှု ပ်ရှားနေကြတာလေ။ ဗိုက်က တစ်ချိန်လုံးလှုပ်နေတော့ ဘယ်လိုလုပ် အိပ်လို့ရတော့မှာလဲ"
ဟွေ့အန်းကုန်းကျူကတော့ မနာလိုဟန်ဖြင့် ပြောလိုက်လေသည်။ "သူများတွေက နင့်ကို အားကျလို့မဆုံးဘူး။ နင်ကတော့ ကလေးနှစ်ယောက် လှုပ်နေတာကိုတောင် အပြစ်တင်နေသေးတယ်"
လုမင်ယွိသည် ဟွေ့အန်းကုန်းကျူ၏ စိတ်ထဲတွင် ရှိသောခံစားချက်ကို နားလည်သဖြင့် သူမနှင့်ပြိုင်ပြီး မငြင်းခုန်တော့ပေ။
ဟွေ့အန်းကုန်းကျူသည် မိမိကလဲ စကားလွန်သွားမှန်းသိလိုက်ပြီး စကားလမ်းကြောင်းလွှဲကာ နန်းတော်အတွင်းက အကြောင်းအရာများကို ပြောပြလေတော့သည်။
လုမင်ယွိသည် တနေကုန်အိမ်ထဲတွင်နေပြီး မျက်နှာဟောင်းများကိုသာ မြင်တွေ့နေရသဖြင့် ငြီးငွေ့လို့နေလေသည်။ ဟွေ့အန်းကုန်းကျူ၏ အတင်းအဖျင်း ပြောစကားများကို နားထောင်ရသည်မှာလည်း စိတ်ဝင်စားစရာ ကောင်းနေပြန်၏။
...
ဥပမာအားဖြင့် ယန်ရှီနန်းဆောင်က မုန့်ဖေးသည် ဒဏ်ရာရပြီး လအနည်းငယ်ကြာ နားနေခဲ့ရာမှ ဒဏ်ရာသက်သာလာသောအခါ သည်းမခံနိုင်တော့ဘဲ ယုံးကျားဧကရာဇ် လာရောက်ကြည့်ရှုချိန်တွင် အိမ်အပြင်ထွက်ခွင့်ပေးရန် တောင်းဆိုခဲ့လေသည်။
ယုံးကျားဧကရာဇ်က ခွင့်မပြုဘဲ စကးလုံးများကို ပြင်းထန်စွာ ပြောဆိုလေသည်။ "မင်းက အမှားကြီး ကျူးလွန်ထားတာ နန်းဆောင်ထဲမှာပဲ ငြိမ်ငြိမ်လေးနေလိုက်ပါ။ ဒါမှ နန်းတွင်းရော နန်းပြင်ပါ အေးချမ်းမှာ"
မုန့်ဖေးသည် ယုံးကျားဧကရာဇ်က ဒီလောက်ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ချက်ချင်းငိုယိုကာ အော်ဟစ်လေတော့၏။
ယုံးကျားဧကရာဇ်က စကားနည်းနည်းဖြင့် ချော့မော့သော်လည်း မုန့်ဖေးကတော့ လက်မခံဘဲ ဆက်ပြီးဆူပူနေသဖြင့် စိတ်ပျက်ကာ ထွက်ခွာသွားလေတော့သည်။ မုန့်ဖေးသည် ဒေါသထွက်ပြီး တရက်လုံး ထမင်းမစားဘဲ နေလိုက်တော့၏။ သို့သော်ငြား နောက်တစ်ရက်အထိ အရှင်မင်းကြီးက စိတ်ပြောင်းမလာသဖြင့် ဗိုက်ဆာလာကာ မတတ်သာတော့ဘဲ ဒေါသကိုလျှော့ချပြီး ယန်ရှီနန်းဆောင်ထဲတွင်သာ ဆက်လက်သည်းခံနေရလေတော့သည်။
ယုံးကျားဧကရာဇ်က အဘယ်ကြောင့်များ ရုတ်တရက်ကြီး မုန့်ဖေးအပေါ် အေးစက်သွားရပါသနည်း။
ဒါကလည်း အကြောင်းရင်းရှိပေသည်။
လွန်ခဲ့သည့်တလလောက်က ချောင်မိဖုရားခေါင်သည် ဘယ်ကမှန်းမသိ မိန်းမလှလေးတစ်ယောက်ကို ရှာတွေ့ခဲ့ပြီး ယုံးကျားဧကရာဇ် အနားသို့ ပို့ပေးလိုက်လေသည်။
ထိုမိန်းမလှလေးမှာ အသက်၁၆နှစ်သာ ရှိသေးသည်။ နုပျိုလန်းဆန်းပြီး လှပသည်။ တက်ကြွလန်းဆန်းသည့် သူ့အမူအယာများ အပြုံးများက မုန့်ဖေး ငယ်ငယ်ကပုံစံနှင့် တော်တော်လေးကို ဆင်တူလှသည်။
ချောင်မိဖုရားခေါင်ကလဲ အချိန်ကိုက်ပြီး ဆက်သလိုက်ခြင်းဖြစ်၏။ ဖီကျိုးမှ စစ်နိုင်သတင်း ဆက်တိုက်ရောက်လာသည့်အချိန် ဖြစ်သဖြင့် ယုံးကျားဧကရာဇ်က စိတ်ပျော်ရွှင်နေပြီး မိန်းမလှလေးကို လက်ခံဖို့ရန် စိတ်ပါနေလေတော့သည်။
ထိုမိန်းမလှလေးကလဲ အချစ်တော်ဖြစ်လာပြီး ဝမ်မေရန်ရာထူး ရသွားတော့သည်။ အသစ်အဆန်းဖြစ်နေသဖြင့် ယုံးကျားဧကရာဇ်က သဘောကျနေပြီး ယခင်က အသည်းစွဲဖြစ်ခဲ့ရသည့် မုန့်ဖေးအပေါ် နည်းနည်းစိတ်ကုန်သွားလေ၏။
မုန့်ဖေးက ယန်ရှီနန်းဆောင်ထဲတွင် အကျယ်ချုပ်ချထားသော်ငြား မျက်စိကန်း နားကန်းနေခြင်းမှ မဟုတ်။ ဝမ်မေရန်အကြောင်း သိသွားသည်တွင် ဒေါသထွက်ပြီး ရူးမတတ်ဖြစ်သွားတော့သည်။ သို့သော်ငြား ဒေါသထွက်လို့လည်း ဘာတတ်နိုင်မှာမည်နည်း။ အပြင်က ထွက်ခွင့်မရှိ။ ဝမ်မေရန်ကို ဒုက္ခပေးဖို့ လက်လှမ်းမမှီပေ။
"... တွေးကြည့်ရင် တကယ်ကျေနပ်စရာပဲ"
ဟွေ့အန်းကုန်းကျူသည် အားပါးတရ ရယ်မောလိုက်လေ၏။ "မုန့်ဖေးက ဖုဟွမ်ရဲ့ အချစ်ကိုအားကိုးပြီး မူဟုပ်ကို မျက်လုံးထဲမထည့်ဘူးလေ။ အခုတော့ သူလဲ အချစ်လျှော့ခံလိုက်ရပြီ။ လစ်လျူရှုခံရတာ ဘယ်လိုအရသာလဲဆိုတာကို မြည်းစမ်းကြည့်ရတော့မယ်"
လုမင်ယွိကတော့ ပြုံးကာမေးလိုက်၏။ "ဒီဝမ်မေရန်က တကယ်ပဲ အချစ်တော်ဖြစ်နေတာလား"
ဟွေ့အန်းကုန်းကျူကလဲ နှာခေါင်းရှုံ့လိုက်ကာ "မူဟုပ်က ဘယ်က ရှာတွေ့လာမှန်း မသိပါဘူး။အလှအပဆုံးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငယ်ရွယ်ပြီး တောက်ပတယ်။ မုန့်ဖေး ငယ်ငယ်တုန်းကနဲ့ ၅ပုံ၆ပုံလောက် တူတယ်"
ပြောရမယ်ဆိုရင်တော့ ယုံးကျားဧကရာဇ်က မုန့်ဖေးကိုပဲ ချစ်တာပါ။ ဝမ်မေရန်ကို သဘောကျတာကလဲ မုန့်ဖေးနဲ့တူလို့ပါပဲ။
ဒါပေမဲ့ အနောက်နန်းဆောင်မှာ ယုံးကျားဧကရာဇ်ရဲ့ အချစ်ကို ခွဲဝေယူနိုင်မဲ့သူ ပေါ်လာတာတော့ ကောင်းတဲ့ကိစ္စပဲလေ။
ဝမ်မေရန်သည် ချောင်မိဖုရားခေါင် ရွေးချယ်ထားသည့်သူဖြစ်သဖြင့် ချောင်မိဖုရားခေါင်အပေါ် အရမ်းရိုသေလေသည်။ အရှင်မင်းကြီး၏ အချစ်ကို ရထားသော်ငြား မောက်မာမနေချေ။ နေ့တိုင်း ကျောင်းဖန်နန်းဆောင်သို့သွားပြီး ဂါရဝပြုသည်။ ယုံးကျားဧကရာဇ် ရှေ့တွင်လည်း ချောင်မိဖုရားခေါင်အကြောင်း မကြာခဏ ထည့်ပြောတတ်သေးသည်။
ထို့အပြင် အိမ်ရှေ့စံက ဖီကျိုးတွင် မျက်နှာပန်းလှခဲ့သဖြင့် ဒီရက်ပိုင်းအတွင်း ယုံးကျားဧကရာဇ်ကလဲ ကျောင်းဖန်နန်းဆောင်သို့ လာသည့်အကြိမ်ရေ ပိုများလာခဲ့၏။
ကြည့်မြင်တတ်သူများအတွက်တော့ မုန့်ဖေးက ဒါသည် အချစ်လျော့တော့မည့် နမိတ်လက္ခဏာပင်။
လုမင်ယွိကလဲ အေးအေးဆေးဆေး ပြုံးလိုက်လေသည်။ "မူဟုပ်က စောစောကတည်းက ဒီလိုလုပ်သင့်တာ"
ဟွေ့အန်းကုန်းကျူက လုမင်ယွိကို တစ်ချက်လှမ်းကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ငါ မူဟုပ်ကို မေးကြည့်တော့ မူဟုပ်က ပြောတယ်။ ဒါက နင် တိတ်တိတ်လေး အကြံပေးထားတာဆို"
လုမင်ယွိကလဲ မငြင်းလိုက်ချေ။ "မုန့်ဖေးက ဒဏ်ရာပြင်းထန်လို့ အိပ်ရာထဲမှာ လှဲနေရတာလေ။ ဒီလိုရှားပါးတဲ့အခွင့်အရေးကို လက်လွတ်ခံလို့ ဘယ်ဖြစ်မလဲ"
ဟွေ့အန်းကုန်းကျူက စဥ်းစားလိုက်ပြီး ရယ်မောလိုက်လေတော့၏။ "နင် ပြောတာမှန်တယ်။ ဒါက တကယ်အကောင်းဆုံးအချိန်ပဲ"
ယုံးကျားဧကရာဇ်က အသစ်ကိုလဲကြိုက်သလို အဟောင်းကိုလဲ လွမ်းတတ်တယ်။ အနောက်နန်းဆောင်မှာ မိဖုရားငယ်တွေ အများကြီးရှိပေမဲ့ ဘယ်သူကမှ မုန့်ဖေးရဲ့ နေရာကို မယူနိုင်ခဲ့ဘူး။ အခု မုန့်ဖေးက အမှားကြီး ကျူးလွန်ထားပြီး ဒဏ်ရာကြောင့် အိပ်ဆောင်ထဲနေနေရတော့ အရှင်မင်းကြီးကို မပြုစုနိုင်တော့ဘူးပေါ့။
ဝမ်မေရန် ပေါ်လာတာက လစ်လပ်နေတဲ့နေရာကို အစားဖိုးလိုက်သလို ဖြစ်သွားတာပေါ့။ ယုံးကျားဧကရာဇ်က စိတ်ပြောင်းသွားတာပဲဖြစ်ဖြစ် အသစ်အဆန်းကို မက်မောတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပါ ဝမ်မေရန်ကတော့ အနောက်နန်းဆောင်ရဲ့ အချစ်တော်သစ် ဖြစ်လာပြီလေ။
...
ဟွေ့အန်းကုန်းကျူနှင့် လုမင်ယွိတို့ စကားစမြည်ပြောနေကြချိန်တွင် လူပြောများနေသည့် ဝမ်မေရန်သည် ကျောင်းဖန်နန်းဆောင်သို့ ရောက်လာကာ ဂါရဝပြုနေလေသည်။
"ချန်ချဲ့ ဟွမ်ဟုပ်ညန်ညန်ကို ဂါရဝပြုပါတယ်" ငယ်ရွယ်နုပျိုပြီး လှပသော ဝမ်မေရန်သည် မျက်နှာထားမှာ သက်ဝင်လှုပ်ရှားနေပြီး ပြုံးလိုက်လျှင် ပန်းပွင့်လေးများ ပွင့်လန်းလာသကဲ့သို့ပင်။
ချောင်မိဖုရားခေါင်သည် ကြည့်ရင်းသဘောကျသွားပြီး ပြုံးကာ ပြောလိုက်လေသည်။ "ထပါ ... ရပါတယ်"
ဝမ်မေရန်သည် မုန့်ဖေးနှင့်တူသလို အပြောအဆိုအနေအထိုင်ကိုလဲ တမင်လေ့ကျင့်ထားပုံရ၏။
သို့သော်ငြား ချောင်မိဖုရားခေါင် ရှေ့တွင်တော့ သူမသည် ရိုးရိုးသားသားနေထိုင်ပြီး မြှောက်ပင့်လိုသော အမူအယာများကို သိမ်းဆည်းထားကာ ချောင်မိဖုရားခေါင်၏ ကျေးဇူးကို တုံ့ပြန်လိုက်လေသည်။
ချောင်မိဖုရားခေါင်သည် ဝမ်မေရန်ကို ရွေးချယ်ပြီး လေ့ကျင့်ပေးရန် အချိန်အတော်ကြာ ကြိုးစားခဲ့ရပြီး သူမအပေါ်လဲ အလွန်သဘောထားကောင်းမွန်၏။ "ပန်ကုံးရှေ့မှာ သက်တောင့်သက်သာ နေပါ"
ဝမ်မေရန်က နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်ပြီး ကြည်လင်နေသည့် အသံလေးဖြင့် ပြောလာ၏။ "ဟွမ်ဟုပ်ညန်ညန်က ချန်ချဲ့အပေါ် သဘောထားကြီးတာ ချန်ချဲ့ရဲ့ ကံကောင်းမှုပါ။ ချန်ချဲ့က ဘယ်လိုလုပ်ပြီး မရိုမသေနေရဲပါ့မလဲ"
ချောင်မိဖုရားခေါင်သည် ကြားလိုက်ရသည့်စကားကြောင့် စိတ်ချမ်းသာသွားလေတော့၏။
ဟုတ်တာပေါ့။ ဘယ်လောက်ပဲ အချစ်တော်ဖြစ်နေပါစေ။ မယားငယ်က မယားငယ်ပါပဲ။
တရားဝင်မယားကြီးရှေ့မှာ ခေါင်းငုံ့ရမဲ့အပိုင်းပဲ ရှိတာလေ။
အရက်တုန်းက သူမက သည်းခံလွန်းခဲ့တာ ခင်ပွန်းသည်အပေါ် မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေ ထားခဲ့မိတာ။ အခုတော့ သူမ တည်ငြိမ်သွားပါပြီ။ သတိလဲပြန်ဝင်လာပြီ ယုံးကျားဧကရာဇ်အပေါ် သံယောဇဥ်ဆိုတာကလဲ မရှိတော့ပါဘူး။ ဒီလိုဆိုတာ့လည်း နေရထိုင်ရတာ ပိုပြီးလွတ်လပ်ပေါ့ပါးသွားသလိုပါပဲ။
...
အပိုင်း (၂၇၀) အချစ်တော်အသစ် (၂)
ချောင်မိဖုရားခေါင်၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေသော်ငြား ဘေးတွင်ထိုင်နေသည့် ချင်ဖေးနှင့် စူးဖေးတို့ကတော့ စိတ်လက်မကြည်မသာ ဖြစ်နေကြလေသည်။
မူလက မုန့်ကွေ့ဖေး ဒဏ်ရာရသွားသည့်အတွက် သူမတို့၏ အခွင့်အရေး ရောက်လာပြီဟု တွေးကာ စိတ်ထဲတွင်ကြိတ်ပြီး ဝမ်းသာမိခဲ့ကြ၏။ သို့သော်ငြား ချောင်မိဖုရားခေါင်က ဝမ်မေရန်ကို မြှောက်စားလိုက်ပြီး ချက်ချင်းပင် ယုံးကျားဧကရာဇ်၏ အချစ်တော်အသစ်ဖြစ်လာကာ တစ်ခဏချင်းအတွင်း အနောက်နန်းဆောင်တွင် မျက်နှာပန်းအလှဆုံး ဖြစ်လာလိမ့်မည်ဟု မည်သူကထင်ထားပါမည်နည်း။ သူမတို့သည် မျက်စိရှေ့မှောက်တွင်ပင် လူသစ်တစ်ယောက် အချစ်တော် ဖြစ်လာသည်ကို ကြည့်ရင်း ရင်ထဲတွင် မည်မျှ အောင့်သက်သက် ဖြစ်နေသည်ကို ထည့်ပြောရန်ပင် လိုမည်မထင်။
ပိုပြီး ဒေါသထွက်စရာကောင်းသည်မှာ ထိုဝမ်မေရန်သည် ချောင်မိဖုရားခေါင်အပေါ် အလွန်သစ္စာစောင့်သိခြင်းပင်။ သူတို့ ကွယ်ရာတွင် သွေးထိုးစကားများ ပြောဆိုခဲ့သော်လည်း လုံးဝကို အရာမထင်ခဲ့ချေ။
"ဟွမ်ဟုပ်ညန်ညန်က တကယ်ပဲ မျက်စိအမြင်ရှိတာပဲ"
ချင်ဖေးသည် ရင်ထဲတွင် အံကြိတ်ထားသော်ငြား မျက်နှာတွင်တော့ အပြုံးပန်းဆင်မြန်းကာ ပြောလိုက်လေသည်။ "ဒီလို ဉာဏ်ကောင်းပြီး လိမ်မာတဲ့ ဝမ်မေရန်လို လူမျိုးကို ညန်ညန်က ဘယ်နေရာကနေ ရှာတွေ့ခဲ့တာလဲ မသိဘူးနော်။ ချစ်စရာကောင်းပြီး သိမ်မွေ့လိုက်တာ"
ချောင်မိဖုရားခေါင်က ချင်ဖေးကို ပြုံးကာတစ်ချက် စွေကြည့်လိုက်ပြီး အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။ "ချင်ဖေး ပြောတာ ဟုတ်တယ်။ ဝမ်မေရန်က တကယ်ပဲ ဉာဏ်ကောင်းပြီး လိမ်မာတဲ့သူပါ။ ဒီအနောက်နန်းဆောင်ထဲမှာ လိုအပ်နေတာက ဒီလိုအလိုက်သိတတ်တဲ့ ကိုယ်လုပ်တော်မျိုးပဲလေ"
"အရှင်မင်းကြီးက နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ အနောက်နန်းဆောင်ကို ရောက်လာရင် စိတ်အပန်းပြေအောင် ပြုစုပေးနိုင်မဲ့ လိမ်မာရေးခြားရှိတဲ့သူမျိုး ရှိသင့်တာပေါ့။ ဒါမှလည်း အနောက်နန်းဆောင်ကကိစ္စတွေ ဆူညံမနေတော့မှာ"
ချင်ဖေး "..."
ချင်ဖေးသည် စကားနာထိုးခံလိုက်ရသဖြင့် နေရခက်စွာပြုံးလိုက်ပြီး အောင့်သက်သက်ဖြင့် ပြောလိုက်ရလေသည်။ "ညန်ညန် ပြောတာ မှန်ပါတယ်"
စူးဖေးကလဲ ဘေးမှနေ၍ ပွဲကြည့်နေခဲ့သော်ငြား သူမ၏ စိတ်ထဲတွင်လည်း သိပ်ပြီးမပျော်ရွှင်လှချေ။
ယခင်ဘဝတုန်းကဆိုလျှင် မုန့်ကွေ့ဖေးသည် ယုံးကျားဧကရာဇ် နတ်ရွာစံသည်အထိ ဂုဏ်ရှိန်တောက်ပြောင်ခဲ့သည်။ အနောက်နန်းဆောင်တွင် ဝမ်မေရန်ဆိုသူလဲ မရှိခဲ့ဖူးချေ။ ဒီကိစ္စက လုမင်ယွိ နောက်ကွယ်မှဉာဏ်ဆင်ပြီး ချောင်မိဖုရားခေါင်ကို အကြံပေးလိုက်တာ သေချာသည်။
သေနာမ လုမင်ယွိ!
သူမသာ လမစေ့ဘဲမွေးပြီး ကလေးမွေးရင် ဟိုအပျိုတော်ယန်လိုမျိုး သေသွားရင် ကောင်းမှာပဲဟုပင် ဆုတောင်းမိလေတော့သည်။
စူးဖေးသည် စိတ်ထဲတွင် လုမင်ယွိကို မုန်းတီးစွာ ကြိမ်ဆဲလိုက်ပြီးနောက် ပါးစပ်ကတော့ ပြုံးကာ ချီးကျူးစကား ပြောလိုက်လေသည်။."ဝမ်မေရန်က ငယ်ရွယ်နုပျိုပြီးလှပတာ သစ်ကိုင်းထက်က ပန်းပွင့်လေးလိုပဲ။ အရှင်မင်းကြီး မပြောပါနဲ့ ချန်ချဲ့တို့ မြင်ရင်တောင် သဘောကျမိပါတယ်"
စူးဖေးသည် အလှအပဖြင့် နာမည်ကျော်ကြားသူ ဖြစ်လေသည်။ ဝမ်မေရန်၏ ရုပ်ရည်သွင်ပြင်က သူမလောက် မလှပသော်ငြားလည်း ငယ်ရွယ်နုပျိုခြင်းက အကြီးမားဆုံး အရင်းအနှီးပင် ဖြစ်တော့သည်။ စူးဖေးက မည်မျှပင် ထိန်းသိမ်းထားပါစေ အသက်၃၀ကျော်နေပြီဖြစ်ကာ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်လောက် မည်သို့ လန်းဆန်းနုပျိုနိုင်ပါမည်နည်း။
ချောင်မိဖုရားခေါင်သည် စူးဖေး၏ စကားထဲက မနာလိုသည့်လေသံကို ကြားလိုက်ရသဖြင့် နှုတ်ခမ်းထောင့်မှာ ကွေးညွှတ်ကာ ပြုံးလိုက်တော့၏။ "အရှင်မင်းကြီးက သံယောဇဥ်ကြီးတဲ့သူပါ။ လူသစ်ရောက်လာပေမဲ့ မင်းတို့ကို မေ့သွားမှာ မဟုတ်ပါဘူး။ မင်းတို့နှစ်ယောက်က အသက်ဆယ်နှစ်ကျော်အရွယ် မိန်းကလေးတစ်ယောက်နဲ့ ရန်စောင်ပြီး သဝန်တိုမနေကြပါနဲ့။ တကယ်လို့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ပြဿနာတွေ လျှောက်လုပ်နေမယ်ဆိုရင် ပန်ကုံးက မျက်နှာထောက်ထားမှာ မဟုတ်ဘူးနော်"
ချင်ဖေးနဲ့စူး ဖေးတို့သည် သတိပေးစကား အနည်းငယ် ပြောခံလိုက်ရသဖြင့် ခေါင်းငုံ့ကာ သဘောတူလိုက်ရတော့သည်။
ဝမ်မေရန်ကလဲ ကျေးဇူးတင်စိတ်အပြည့်ဖြင့် ထရပ်လိုက်ကာ ချောင်မိဖုရားခေါင်ကို ထပ်ပြီး ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
ချောင်မိဖုရားခေါင်၏ မျက်နှာသာပေးမှုမရှိပါက သူမသည် ရာဇဝတ်သား၏ သမီးတစ်ယောက်အနေဖြင် အဝတ်လျှော်ဌာနတွင် နေ့စဥ် အဝတ်လျှော်ရေခပ်ကာ ကြမ်းတမ်းသည့် အလုပ်များကိုသာ လုပ်ကိုင်နေရမည်။ သူမ၏ ဖခင်အရင်းနှင့် အစ်ကိုတို့သည်လည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရကာ နယ်နှင်ဒဏ်ခံရလျက်မှ ဇာတိမြေသို့ ဒီလောက်မြန်မြန်ဆန်ဆန် ပြန်လာနိုင်မည် မဟုတ်ပေ။ ယခုဆိုလျှင် လယ်မြေဧက ရာချီပိုင်ဆိုင်ကာ စားဝတ်နေရေးပူပန်စရာမလိုဘဲ သူဌေးဖြစ်နေကြလေသည်။
ထိုအရာများအတွက် သူမသည် ချောင်မိဖုရား ခိုင်းစေသမျှကို လိုလိုလားလား လုပ်ဆောင်ပေးမည်ဖြစ်ပြီး ချောင်မိဖုရားခေါင် လက်ထဲက ဓားတစ်လက်အဖြစ် ခံယူထားလေသည်။
မူလက သူမသည် သေသည့်အထိ ပေးဆပ်ရန် ပြင်ဆင်ထားခဲ့၏။ သို့သော်ငြား လက်တွေ့ဘဝသည် သူမ ထင်ထားသည်ထက် များစွာသက်တောင့်သက်သာ ရှိလှလေသည်။ ယုံးကျားဧကရာဇ်သည် သန်စွမ်းကျန်းမာသည့်အရွယ်တွင် ရှိနေပြီး အိုမင်းခြင်းမရှိသေးသဖြင့် အိပ်ဆောင်အတွင်း အပြုအစုခံယူရခြင်းမှာ ပင်ပန်းဆင်းရဲသည့် အလုပ်တစ်ခုတော့ မဟုတ်ချေ။
ချောင်မိဖုရားခေါင်၏ အကာအကွယ်ပေးမှုကြောင့် ငယ်ရွယ်သည့် ကိုယ်လုပ်တော်များသည် သူမကို ခြေထိုးခံရန်လဲ မဝံ့ရဲကြပေ။ သားယောက်ျားလေး မွေးဖွားထားသည့် ချင်ဖေးနှင့် စူးဖေးတို့သည်လဲ သူမအပေါ်တွင် ယဥ်ကျေးစွာ ဆက်ဆံကြရလေသည်။
သူမတွင် ရေရှည်အချစ်တော်ဖြစ်လိုသည့် ရည်မှန်းချက်ကြီးမားမှုမျိုး မရှိချေ။ ယုံးကျားဧကရာဇ်၏ စိတ်ကို မုန့်ကွေ့ဖေးထံမှ အနည်းငယ် ပြန်လည်ဆွဲယူနိုင်ရန် ချောင်မိဖုရားခေါင်အား ကူညီပေးနိုင်ကာ သူမကိုယ်တိုင်ကလဲ အချိန်အတိုင်းအတာတစ်ခုအထိ မျက်နှာသာပေးခံရရုံဖြင့် လုံလောက်သည်ဟု ခံယူထားလေ၏။
...
ထိုနေ့ညတွင် ယုံးကျားဧကရာဇ်သည် ဝမ်မေရန်၏ နန်းဆောင်တွင် ညအိပ်လေသည်။ ဝမ်မေရန်သည် ငယ်ရွယ်စဥ်ကတည်းက မိသားစု အပြောင်းအလဲနှင့် ကြုံတွေ့ခဲ့ရပြီး နန်းတော်ထဲတွင် နှစ်အနည်းငယ်ကြာအောင် ခေါင်းငုံ့ကာ နေထိုင်ခဲ့ရသူဖြစ်၏။ ချောင်မိဖုရားခေါင် ရွေးချယ်ခဲ့သည့် နှလသုံးလခန့် "လေ့ကျင့်သင်ကြား" ပေးလိုက်ပြီးနောက်တွင် ရယ်မောလိုက်လျှင် သွက်လက်တက်ကြွပြီး မျက်ဝန်းအိမ်များက စင်ကြယ်တောက်ပနေသဖြင့် ယုံးကျားဧကရာဇ်၏စိတ်ကို အလွန်လှုပ်ရှားစေခဲ့လေသည်။
ပိုပြီးရှားပါးသည်မှာ ဝမ်မေရန်သည် အချစ်တော် ဖြစ်သော်ငြား ဘဝမြင့်ခြင်းမရှိဘဲ နည်းနည်းလေးမှ ဟန်မလုပ်ခြင်းပင်။
ယုံးကျားဧကရာဇ်က ဆုလာဘ်များစွာ ချီးမြှင့်သော်ငြား ဝမ်မေရန်ကတော့ စိတ်မသန့်သလိုဖြစ်ကာ တိုးတိုးလေး ငြင်းဆန်လေတတ်သည်။
"အရှင်မင်းကြီးကို ပြုစုခွင့်ရတာက ချန်ချဲ့ရဲ့ ဘဝဆက်တိုင်းပြုခဲ့တဲ့ ကုသိုလ်တွေကြောင့်ပါ။ ချန်ချဲ့က ဒီနန်းဆောင်မှာ တစ်ယောက်တည်း နေရပြီး စားဝတ်နေရေး အကုန်လုံးကလဲ ပြည့်စုံနေပါပြီ။ ကျေနပ်လှပါပြီ အရှင်မင်းကြီး ထပ်ပြီးဆုမချပါနဲ့တော့ ချန်ချဲ့ မခံယူရဲပါဘူး"
ယုံးကျားဧကရာဇ်က လှိုက်လှိုက်လှဲလှဲ ရယ်မောမိတော့၏။
"မိန်းမတွေက တစ်ယောက်ပြီးတစ်ယောက် ကျန်းရဲ့ ဆုလာဘ်ကို မျှော်ကိုးနေကြတာ မင်းကတော့ ကျန်းက ပေးတာတောင် မလိုချင်ဘူးဆိုတော့"
ဝမ်မေရန်က နှုတ်ခမ်းကိုဖိကာ ပြုံးလိုက်လေ၏။ ရှက်သွေးဖြာနေပြီး ချစ်စရာကောင်းလှတော့သည်။
"အရှင်မင်းကြီး ချန်ချဲ့ဆီကို မကြာခဏ လာပေးတာက ချန်ချဲ့အတွက် အကြီးမားဆုံး ဆုလာဘ်ပါပဲ"
ယုံးကျားဧကရာဇ်သည် သဘောကျစွာ ရယ်မောလိုက်ပြီး မိန်းမလှလေးကို ပွေ့ဖက်ကာ အကြိမ်အနည်းငယ် နမ်းရှိုက်လိုက်ပြီးမှ ညီလာခံတက်ရန် ထွက်ခွာသွားလေတော့သည်။
မနက်ခင်းညီလာခံတွင် ချောင်ကောလောင်က ပြုံးရွှင်စွာဖြင့် လျှောက်တင်လေသည်။ "ရှင်းယန်ဝမ်က စစ်ပွဲမှာ အကြီးအကျယ်နိုင်ပြီး ပြန်လာနေပါပြီ။ စစ်သည်တွေလဲ လမ်းခုလတ်ကို ရောက်နေပြီ။ လမ်းခရီးအကွာအဝေးကို တွက်ကြည့်မယ်ဆိုရင် ၅ရက်မပြည့်ခင် မြို့တော်ကို ရောက်လာပါလိမ့်မယ်"
"အရာရှိဟောင်းအနေနဲ့ အရှင်မင်းကြီးကို လျှောက်တင်ချင်တာက မြို့တံခါးဝအထိ လူလွတ်ပြီး ကြိုဆိုခိုင်းစေချင်ပါတယ်"
စစ်ပွဲနိုင်ပြီး ပြန်လာခြင်းဖြစ်သဖြင့် နန်းတွင်းက အရာရှိများကို စေလွှတ်ပြီး ကြိုဆိုခြင်းမှာ ဖြစ်သင့်သည့်ကိစ္စပင်။
ပြည်တွင်းဆူပူမှုကို ငြိမ်သက်ခြင်းက သိပ်ပြီးကြီးကျယ်သည်ဟု မဆိုနိုင်သော်ငြား အဓိကအချက်မှာ ဒီအခွင့်အရေးကို အသုံးချပြီး အိမ်ရှေ့စံ၏ဂုဏ်ကို မြှင့်တင်ပေးရန်ပင်။
ယုံးကျားဧကရာဇ်ကလဲ စဥ်းစားမနေတော့ဘဲ ခေါင်းညိမ့်လိုက်သည်။ မင်းသားတစ်ချို့ကို နာမည်တပ်ကာ ချက်ချင်း အမိန့်ပေးလိုက်တော့သည်။ "ပထမမင်းသား၊ တတိယမင်းသား၊ စတုတ္ထမင်းသား၊ ထိုက်ဇီ ပြန်လာတော့မှာဆိုတော့ မင်းတို့တွေ ညီအစ်ကိုသုံးယောက် မြို့ပြင်ထွက်ပြီးတော့ ကြိုဆိုလိုက်ကြ"
မင်းသားများသည် လက်နှစ်ဘက်ယှက်ကာ ပြိုင်တူ အမိန့်ကို နာခံလိုက်ကြ၏။
ယုံးကျားဧကရာဇ်သည် စာပေပညါရှင်များနှင့် သက်ဆိုင်ရာ အရာရှိတစ်ချို့ကိုလဲ လိုက်ပါသွားရန် ရွေးချယ်ပေးလိုက်လေသည်။
ညီလာခံပြီးဆုံးသောအခါ ယုံးကျားဧကရာဇ်သည် ပထမမင်းသားကို ခေါ်လိုက်ပြီး မှာကြားလေသည်။ "မင်း ယန်ရှီနန်းဆောင်ကို သွားပြီး မုန့်ဖေးနဲ့ စကားသွားပြောချေ"
ပထမမင်းသားသည် သတင်းအချက်အလက် ပြည့်စုံသူဖြစ်သည်တွင် မုန့်ကွေ့ဖေးနှင့် ယုံးကျားဧကရာဇ်တို့ စကားများပြီး စိတ်ခုနေကြသည်ကို အစောကြီးကတည်းက သိရှိထားပြီးဖြစ်၏။ မိခင်ဖြစ်သူအတွက်လည်း စိတ်ပူပင်ပန်နေရလေသည်။ ထိုစကားကို ကြားသည်နှင့် သူက တောင်းပန်လိုက်လေ၏။ "သားတော် စကားလွန်သွားမယ်ဆိုရင်လည်း ခွင့်လွှတ်ပေးပါ။ ဖုဟွမ် စိတ်မရှိပါနဲ့"
"မူဖေးစိတ်ထဲမှာ တမ်းတနေတာက ဖုဟွမ်ပါ။ သာတော်သွားရင်လည်း မူဖေးက စိတ်ပျော်မှာ မဟုတ်ပါဘူး။ ဖုဟွမ် ယန်ရှီနန်းဆောင်ကို တစ်ခါလောက်တော့ သွားပေးပါလား"
ယုံးကျားဧကရာဇ်က သက်ပြင်းတစ်ချက် ချလိုက်လေသည်။ "ကျန်း တခေါက်သွားလိုက်ရင် သူက နန်းဆာင်ထဲ ကထွက်မယ်ပဲ အော်နေမှာ။ အားယိ ကျန်းမှာလဲ ကျန်းရဲ့ အခက်အခဲတွေရှိတယ်။ ကျန်းက မင်းတို့သားအမိကို အမြဲတမ်းအချစ်ပိုခဲ့လို့ မင်းရဲ့မူဖေးက စိတ်ကြီးဝင်ပြီး အမှားကြီးကျူးလွန်မိလုနီးပါး ဖြစ်ခဲ့တာ"
"အခု ကျန်းက ထိုက်ဇီကို ခန့်အပ်ပြီးပြီ။ မင်းတို့သားအမိတွေလည်း နည်းနည်းလောက် ဆင်ခြင်ကြအုံး။ မဟုတ်ရင် ဟွမ်ဟုပ်နဲ့ထိုက်ဇီရဲ့ မျက်နှာကို ဘယ်နားထားရမှာလဲ"
."မင်း ယန်ရှီနန်းဆောင်ကိုသွားပြီး မင်းရဲ့မူဖေးကို သေသေချာချာလေး ပြောပြလိုက်။ သူ သဘောပေါက်သွားတဲ့ အချိန်ကျမှ ကျန်း သူ့ကိုလာကြည့်မယ်"
ထိုစကားများကြောင့် ပထမမင်းသား၏ ရင်ထဲတွင် အေးစက်သွားရတော့သည်။
အရင်တုန်းက သူတို့သားအမိဖက်ပါစဥ်တုန်းက ယုံးကျားဧကရာဇ်သည် ဒီလိုနာကျင်စေမည့်စကား မျိုး ဘယ်တုန်းက ပြောခဲ့ဖူးလို့လဲ။
အခုကျတော့မှ မိဖုရားခေါင်နဲ့ မိဖုရားငယ်ခွဲခြားတာတွေ ပြောလာတယ်။ ဟွမ်ဟုပ်နဲ့ သားတော်ရဲ့မျက်နှာကို ထောက်ထားရမယ်ဆိုတာတွေ ပြောလာတယ်။
ပြောရမယ်ဆိုရင် အချစ်တော်အသစ် ရသွားလို့ မုန့်ဖေးကို ဘေးဖယ်ထားလိုက်တာ မဟုတ်ဘူးလား
ပထမမင်းသားသည် ခေါင်းငုံ့ကာ ပြန်ဖြေလိုက်ရတော့သည်။ "သားတော် ဖုဟွမ်ရဲ့ အမိန့်တော်အတိုင်း လိုက်နာပါ့မယ်"
...
ပထမမင်းသားသည် လေးလံသော စိတ်အခြေအနေဖြင့် ယန်ရှီနန်းဆောင်သို့ ရောက်လာခဲ့လေသည်။
မုန့်ဖေးကို မြင်လိုက်ရသည်တွင် ပထမမင်းသားမှာ လန့်ဖြန့်သွားပြီး ပါးစပ်မှ အလောတကြီး ထွက်သွားတော့၏။ "မူဖေး ... မူဖေးရဲ့မျက်နှာက ဘာဖြစ်လို့ ဒီလောက်ကြည့်ရဆိုးနေတာလဲ ပြီးတော့ ပိန်သွားလိုက်တာ!"
မုန့်ဖေးသည် အများကြီး ပိန်ကျသွားပြီး ယခင်က အဝတ်အစားများသည် ခန္ဓာကိုယ်ပေါ်တွင် ချောင်ချိနေတော့၏။ တောက်ပခဲ့သောမျက်နှာသည် ဖြူဖျော့ပြီး နွမ်းနယ်နေကာ မျက်လုံးထောင့်တွင်လည်း အရေးအကြောင်းများ ပေါ်လာခဲ့လေသည်။
ရက်ပိုင်းလေးသာ မတွေ့ရသော်လည်း မုန့်ဖေးသည် နှစ်အနည်းငယ်လောက် အိုစာသွားသလိုပင်။
မုန့်ဖေး၏ မျက်ဝန်းထဲတွင် နာကျည်းမှုနှင့် မနာလိုမီးတောက်များ ဖြတ်ပြေးသွားပြီး အံကိုကြိတ်ကာ မေးလိုက်လေသည်။ "မင်းရဲ့ ဖုဟွမ်က ဘာလို့မလာတာလဲ"
ပထမမင်းသားသည် ခဏလောက် အသံတိတ်သွားပြီးမှ ပြောလိုက်တော့၏။ "ဖုဟွမ်က နိုင်ငံ့အရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ပါ။ တကယ်ကို မလာနိုင်လို့ပါ ..."
"ဟွန့်! ဘာကအလုပ်ရှုပ်နေတာလဲ!" မုန့်ဖေးသည် ဒေါသတကြီး ဆဲဆိုလိုက်တော့သည်။ "ဟိုဝမ်မေရန်က ဖမ်းစားထားလို့ နေမှာပေါ့။ အချစ်သစ် တွေ့နေမှတော့ ငါ့ကို စိတ်ထဲ ဘယ်ထည့်တော့မှာလဲ"
...