← Chapters

အခန်း (၂၇၁-၂၇၃)

Vol. 19 Ch. 271-273

အခန်း (၂၇၁-၂၇၃)

Vol. 19 Ch. 271-273

အပိုင်း (၂၇၁) အချစ်တော်သစ် (၃)

ယုံးကျားဧကရာဇ်၏ အနီးအနားတွင် မိန်းမလှများဟူသည် မည်သည့်အခါကမျှ ပြတ်လပ်သွားခဲ့ခြင်း မရှိပေ။

ဧကရာဇ် မဖြစ်သေးမီ အချိန်ကတည်းက ဘေးနားတွင် ချင်ဖေးနှင့် စူးဖေးတို့ ရှိခဲ့သည်။ နန်းတက်ပြီးနောက်တွင် အနောက်နန်းဆောင်ထဲတွင် နုပျိုသော မိဖုရားငယ်လေးများသည် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာခဲ့ကြလေသည်။

မုန့်ဖေးသည် ဒီလူများကို မျက်လုံးထဲတွင် ဘယ်တုန်းကမှ ထည့်မထားခဲ့ပေ။ အလှအပကို မက်မောတွယ်တာခြင်းသည် ယောက်ျားတို့၏ သဘာဝဖြစ်ကြောင်း သိထားခဲ့သည်။ ယုံးကျားဧကရာဇ် အမှန်တကယ် ချစ်မြတ်နိုးသည်မှာ သူမတစ်ယောက်တည်းသာ ရှိလေသည်။

သို့သော် ယခုအခါတွင် ထိုယုံကြည်မှုသည် ဝမ်မေရန်ဟူသော မိန်းမလှလေးတစ်ဦးကြောင့် ပျက်စီးသွားခဲ့ရပြီ။

ပထမမင်းသားသည် မုန့်ဖေး သည်လို ဒေါသထွက်ကာ အမူအရာ ပျက်ယွင်းနေသည်ကို မြင်လိုက်ရသည်တွင် စိတ်ထဲတွင် မခံစားနိုင် ဖြစ်သွားရပြီး လေသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်လေသည်။

“မူဖေးက ဒဏ်ရာကုသနေတုန်းပဲလေ။ ဖုဟွမ်ရဲ့ဘေးမှာ အချစ်တော်သစ် ရောက်နေတာကလည်း ဆန်းတဲ့ကိစ္စမှ မဟုတ်တာ။ မူဖေး ကျန်းမာရေး ကောင်းသွားတာနဲ့ ဟိုဝမ်မေရန်ဆိုတဲ့ မိန်းမလည်း မကြာခင် အချစ်လျော့သွားမှာပါ။ ဖုဟွမ်ရဲ့စိတ်က မူဖေးဆီမှာပဲ အမြဲရှိနေတာလေ။ ဝမ်မေရန်လို အဆင့်အတန်းနိမ့်တဲ့သူကို ဘာလို့ ဂရုစိုက်နေမှာလဲ”

“မင်း နားမလည်ပါဘူး။ အခြေအနေက မတူတော့ဘူး” မုန့်ဖေးက ပထမမင်းသား၏ လက်မောင်းကို ရုတ်တရက် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်avသည်။ ရှည်လျားလှသော လက်သည်းများဖြင့် ကုတ်ဖဲ့လိုက်သဖြင့် ပထမမင်းသားပင် လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်အထိ။ “မတူတော့ဘူး”

“ဘယ်နေရာက မတူတာလဲ” ပထမမင်းသားက အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “နန်းတော်ထဲမှာ ဘယ်တုန်းက မိန်းမလှတွေ ပြတ်ဖူးလို့လဲ။ လတ်လတ်ဆတ်ဆတ်မို့လို့ ခဏတာ အချစ်ခံရရုံ သက်သက်ပါပဲ”

မုန့်ဖေး၏ စိတ်ထဲတွင် မနာလိုဝန်တိုမှု မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေပြီး အသံကလည်း အက်ကွဲနေတော့သည်။ “ငါက လုမင်ယွိကို တိတ်တဆိတ် လုပ်ကြံဖို့ စီစဉ်ခဲ့လို့ မင်းရဲ့ဖုဟွမ်က ငါ့ကို အကြီးအကျယ် စိတ်ပျက်သွားခဲ့တာ။ ငါ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားပြီး သေလုနီးပါး ဖြစ်ခဲ့တာတောင် သူက စိတ်မပျော့ဘဲ လီကျင့်ကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ခဲ့တာလေ”

“ငါ နန်းဆောင်တံခါးပိတ်ပြီး ဒဏ်ရာကုနေတာ လနဲ့ချီနေပြီ။ သူ ယန်ရှီးနန်းဆောင်ကို လာတာ လက်ချိုးရေလို့ရတဲ့ အကြိမ်ရေလောက်ပဲ ရှိတယ်”

“ဒီဝမ်မေရန်က ချောင်မိဖုရားခေါင် ရွေးထုတ်ထားတဲ့သူပဲ။ ငယ်ရွယ်နုပျိုပြီး ချောမောလှပတယ်၊ သွက်လက်ပြီး ဖြူစင်တယ်လို့ ကြားတယ်။ ဒါက ငါ့ရဲ့ ငယ်ဘဝပုံစံအတိုင်း တမင်သက်သက် ရွေးထားတဲ့ မိန်းမလှဆိုတာ သိသာလွန်းတယ်။ မင်းရဲ့ဖုဟွမ်က ငါ့ကို စိတ်မကျေမနပ် ဖြစ်နေတဲ့အချိန် ငါ့ရဲ့ ငယ်ဘဝနဲ့တူတဲ့ နုပျိုလန်းဆန်းတဲ့ မိန်းမလှလေးတစ်ယောက် မျက်စိရှေ့ ရောက်လာမှတော့ သူက ဘယ်လိုလုပ် သဘောမကျဘဲ နေမှာလဲ”

“ဝမ်မေရန် အချစ်လျော့သွားရင်တောင် ချောင်မိဖုရားခေါင်က ကျောက်မေရန်တို့ လီမေရန်တို့ကို ထပ်ရှာဦးမှာပဲ။ ငါ့ပုံစံနဲ့တူတဲ့သူ၊ မင်းရဲ့ဖုဟွမ် ကြိုက်တဲ့ပုံစံမျိုးကို ရှာပြီး သင်ကြားပေးဦးမှာ။ မင်းရဲ့ဖုဟွမ်က သူ့စိတ်ကို ငယ်ရွယ်တဲ့ မိန်းမလှတွေဆီ ဖြည်းဖြည်းချင်း ပြောင်းသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါက ဘယ်လိုလုပ် ချောင်မိဖုရားခေါင်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်တော့မှာလဲ…”

မုန့်ဖေးသည် ပြောလေလေ စိတ်လောလေဖြစ်ကာ တွေးလေလေ ဒေါသထွက်လေလေ ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ယိုင်နဲ့သွားတော့သည်။

ပထမမင်းသားသည် လန့်ဖျပ်သွားပြီး မုန့်ဖေး၏ လက်မောင်းကို အလျင်အမြန် လှမ်းတွဲလိုက်ရလေသည်။ “မူဖေး စိတ်လျှော့ပါဦး။ မူဖေး!”

မုန့်ဖေးသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး အသက်ကို ပြင်းပြင်းရှူသွင်းကာ ခဏကြာမှ ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်လေသည်။ မျက်ဝန်းထဲမှ နာကျင်ခါးသီးမှုများသည် ပထမမင်းသား၏ စိတ်ကိုပါ နေမထိထိုင်မသာ ဖြစ်စေတော့သည်။ “အားယိ… မင်းရဲ့ဖုဟွမ်က ငါပြောင်းလဲသွားပြီလို့ ပြောတယ်။ တကယ်တော့ ပြောင်းလဲသွားတဲ့သူက သူကိုယ်တိုင်ပဲ”

“သူက အခုဆိုရင် သာ့ဝေတိုင်းပြည်ရဲ့ ဧကရာဇ် ဖြစ်နေပြီ။ တိုင်းပြည်တစ်ဝှမ်းလုံး စည်းလုံးညီညွတ်ဖို့ကိုပဲ တွေးနေတယ်။ ညီလာခံကိစ္စနဲ့ တိုင်းသူပြည်သားတွေကိုပဲ တွေးနေတော့တာ။ သူ ရပ်နေတဲ့နေရာက အရမ်းမြင့်မားလွန်းပြီး သူ့ရဲ့ ရည်မှန်းချက်တွေက အရမ်းကြီးမားလွန်းတယ်။ ငါတို့ သားအမိနှစ်ယောက်က သူ့ရဲ့စိတ်နဲ့ လူကို ဖမ်းဆုပ်ထားနိုင်စွမ်း မရှိတော့ဘူး”

ပထမမင်းသား၏ နှာခေါင်းထိပ်များ ရှုံ့မဲ့သွားပြီး မျက်ရည်များ ဝဲတက်လာလေသည်။ “မူဖေး… အဲဒီလို မပြောပါနဲ့။ ဖုဟွမ်က မူဖေးကို အဂရုစိုက်ဆုံးပါ”

စိတ်လောနေသဖြင့် သင့်တော်သည် မသင့်တော်သည်ကို ဂရုမစိုက်နိုင်တော့ဘဲ ပါးစပ်ထဲ ရှိသည့်အတိုင်း လွှတ်ခနဲ ပြောထွက်လိုက်မိတော့သည်။

“ဝမ်မေရန်က မူဖေးရဲ့ ငယ်ဘဝနဲ့ တူနေလို့သာ ဖုဟွမ်ရဲ့ မျက်နှာသာပေးမှုကို ခံရတာပဲလေ။ ဒါကိုကြည့်ရင် ဖုဟွမ်ရဲ့ စိတ်ထဲမှာ ဂရုစိုက်တဲ့သူက အမြဲတမ်း မူဖေးပဲဆိုတာ သိသာနေတာပဲ”

မုန့်ဖေးက ပထမမင်းသားကို စိုက်ကြည့်လိုက်သည်။ “မင်း ဝမ်မေရန်ကို တွေ့ဖူးပြီလား”

ပထမမင်းသားမှာ ခေါင်းညိတ် ဝန်ခံလိုက်ရတော့သည်။ “ဟုတ်ကဲ့။ ကျောင်းဖန်နန်းဆောင်ကို ဂါရဝပြုဖို့သွားတုန်းက တစ်ခါတွေ့ဖူးပါတယ်”

မုန့်ဖေးက တီးတိုးရေရွတ်မေးမြန်းလိုက်၏။ “သူက တကယ်ပဲ လှသလား”

ပထမမင်းသားသည် မသိချင်ယောင်ဆောင်ကာ ပြန်ဖြေလိုက်လေသည်။ “သိပ်ကြီး လှတယ်လို့လည်း မဆိုနိုင်ပါဘူး။ ငယ်ရွယ်တာလေးတစ်ခုပါပဲ။ မူဖေးနဲ့ (၅)ပုံ (၆)ပုံလောက် ဆင်တူပါတယ်”

အမှန်တကယ်တော့ ပထမမင်းသားသည် ထိုနေ့က ဝမ်မေရန်ကို တွေ့လိုက်ရချိန်တွင် စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားခဲ့ရသည်။ ယောက်ျားချင်းသာ ယောက်ျားချင်း စိတ်ကို အသိဆုံးဖြစ်ပြီး သားဖြစ်သူကလည်း ဖခင်၏ အကြိုက်ကို ကောင်းစွာ သိရှိနေသည်။

ဝမ်မေရန်၏ အပြုံးနှင့် မျက်မှောင်ကြုတ်လိုက်ပုံတိုင်းသည် မုန့်ဖေး၏ ငယ်ဘဝနှင့် တူညီနေသည်။ မုန့်ဖေးက ပိုပြီး တောက်ပထင်ရှားသော်လည်း ဝမ်မေရန်ကတော့ မျက်ဝန်းများ ကြည်လင်ကာ ပိုပြီး ဖြူစင်နူးညံ့သည့်ဟန် ရှိလေသည်။

ဒီအချစ်တော်အသစ်က ယုံးကျားဧကရာဇ်၏ စိတ်တိုင်းကျ ဖြစ်နေခြင်းပင်။

မုန့်ဖေးသည် အတော်ကြာအောင် ငေးငိုင်နေပြီးမှ ပြောလိုက်၏။ “ထားလိုက်ပါတော့။ ဒီလိုဖြစ်လာမှတော့ ငါက ဒေါသထွက်ပြီး နာကျည်းနေလည်း အလကားပါပဲ။ ငါ့ခန္ဓာကိုယ် ပြန်ကောင်းလာပြီး အိပ်ဆောင်ထဲက ထွက်နိုင်တဲ့အချိန်ကျမှ အဲဒီကောင်မကို ပညာပေးရမယ်”

ထိုအခါမှသာ ပထမမင်းသားသည် တိတ်တဆိတ် သက်ပြင်းချနိုင်တော့သည်။ စကားလမ်းကြောင်း လွှဲလိုက်ကာ “မူဖေး အခုတလော ခံတွင်းတွေ့ရဲ့လား။ ဒဏ်ရာကရော ဘယ်လိုနေသေးလဲ”

“အစားအသောက် သိပ်မစားနိုင်ပေမယ့် ငတ်သေလောက်တဲ့အထိတော့ မဟုတ်ပါဘူး” မုန့်ဖေးက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။ “အပြင်ဒဏ်ရာကတော့ သက်သာသလောက် ရှိပါပြီ။ ဒါပေမဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းနေသေးလို့ တော်ဝင်သမားတော်က ဆက်ပြီး အနားယူခိုင်းထားတယ်”

ပထမမင်းသားသည် ရှင်းယန်စစ်တပ် အောင်ပွဲခံပြီး ပြန်လာသည့်ကိစ္စကို ထုတ်ပြောရဲခြင်း မရှိသလို လီကျင့် ဖီကျိုးတွင် နာမည်ကျော်ကြားခဲ့သည့် အကြောင်းကိုလည်း ပြောပြ၍ မဖြစ်ချေ။ မုန့်ဖေးနှင့်အတူ ဟိုဟိုဒီဒီ အရေးမကြီးသည့် စကားများကိုသာ ပြောဆိုနေလိုက်ရသည်။ မုန့်ဖေးမှာ စကားပြောရန် စိတ်ပါဝင်စားမှု မရှိသဖြင့် စကားနည်းနည်း ပြောပြီးသည်နှင့် ပင်ပန်းသည်ဟု အကြောင်းပြကာ ပထမမင်းသားကို ပြန်ခိုင်းလိုက်လေသည်။

ပထမမင်းသား ထွက်ခွာသွားပြီးနောက်တွင် မုန့်ဖေးသည် မှန်ရှေ့တွင် အကြာကြီး ထိုင်နေမိလေသည်။

မှန်ထဲမှ အမျိုးသမီးသည် အသက်(၄၀)နီးပါး ရှိနေပြီဖြစ်သည်။ မည်မျှပင် ထိန်းသိမ်းထားပါစေ မျက်လုံးထောင့်များတွင် အရေးအကြောင်းများ ပေါ်လာခဲ့ပြီ ဖြစ်သည်။ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်နှင့် ဖျားနာနေသည့် ပုံစံမှာ မိုးသက်လေပြင်း ကျရောက်တော့မည့်အချိန်တွင် ကြွေကျတော့မည့် ပန်းတစ်ပွင့်နှင့် တူလှသည်။

မုန့်ဖေးသည် စိတ်နှလုံး နာကျင်ခံစားလိုက်ရပြီး လက်ကို ဝှေ့ကာ မှန်တင်ခုံပေါ်ရှိ ပစ္စည်းအားလုံးကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။ ထို့နောက် ဒေါသတကြီး အော်ဟစ်လိုက်တော့၏။ “လာကြစမ်း။ ဒီ ကြေးမုံမှန်ကို သယ်သွားကြ။ အခန်းထဲက မှန်တွေအကုန်လုံး ယူသွားကြစမ်း”

……

မုန့်ဖေး ယန်ရှီးနန်းဆောင်ထဲတွင် သောင်းကျန်းနေသည့်အကြောင်းကို ချောင်မိဖုရားခေါင် ကြားသိလိုက်ရသည်မှာ သဘာဝပင်။ စိတ်ထဲတွင် မည်မျှ ကျေနပ်အားရနေမည်ကို ပြောနေစရာပင် မလိုတော့ပေ။

မုန့်ကျောင်းကျောင်း… နင့်မှာလည်း ဒီလိုနေ့မျိုး ရှိသေးတာပဲ!

ချောင်မိဖုရားခေါင်သည် စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် ဝမ်မေရန်အပေါ် ပိုပြီး ဂရုစိုက်လေသည်။ နန်းတော်ထဲရှိ အရောင်အသွေး တောက်ပသော ပိုးကောင်းကတ္တီပါ (၁၀)စ ကို ဝမ်မေရန်အား ဆုချလိုက်ပြီး ပြုံးရွှင်စွာ ပြောလေသည်။ “မင်းက ဒီလောက် ငယ်ရွယ်နေတာ။ အလှဆုံးအချိန်ပဲလေ။ အရောင်တောက်တောက်လေးတွေ များများဝတ်ဆင်မှ ပိုပြီး သွက်လက်တောက်ပမှာပေါ့”

ဝမ်မေရန်သည် ချက်ချင်း နားလည်လိုက်၏။

ဒီလို တောက်ပသော အရောင်များသည် မုန့်ဖေး ကြိုက်နှစ်သက်သော အရောင်များ ဖြစ်သည်မှာ သေချာသည်။ သူမက မုန့်ဖေးကို တုပရမည်ဖြစ်၍ ဝတ်စားဆင်ယင်ပုံကလည်း တူညီနေရမည်ပင်။

ဝမ်မေရန်က အလျင်အမြန် ထရပ်လိုက်ပြီး ရိုသေစွာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။ “မိဖုရားခေါင်ကြီးရဲ့ ဆုလာဘ်တွေအတွက် ကျေးဇူးတင်ပါတယ်။ ချန်ချဲ့ အတိုင်းမသိ ကျေးဇူးတင်မိပါတယ်”

ချောင်မိဖုရားခေါင်က နူးညံ့စွာ ပြုံးရယ်လိုက်သည်။ “ဒီလိုပဲ ကျေးဇူးတင်စကားတွေ ပြောနေတာ။ မင်းပြောရတာ မမောပေမယ့် ပန်ကုံး နားထောင်ရတာ မောလှပြီ။ ထိုင်ပြီးမှ စကားပြောကြတာပေါ့”

ဝမ်မေရန်ကတော့ စည်းကမ်းကို အလွန်လိုက်နာပြီး နောက်ထပ်တစ်ကြိမ် ဂါရဝပြုပြီးမှ ထိုင်လိုက်လေသည်။

ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလိုက်လေသည်။ “အရှင်မင်းကြီးက နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ။ အနောက်နန်းဆောင်ကို ရောက်လာတယ်ဆိုတာက အပန်းဖြေဖို့ပဲလေ။ မင်းက အရှင်မင်းကြီးကို ဂရုတစိုက် ပြုစုပြီး အရှင်မင်းကြီးရဲ့ စိတ်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ရင် အကျိုးဆောင်မှုကြီးတစ်ခု ရလိုက်တာပဲ”

ဝမ်မေရန်က မျက်နှာလေး ရဲသွားပြီး ပြန်ဖြေလိုက်လေသည်။ “ချန်ချဲ့ မိဖုရားခေါင်ကြီးရဲ့ မြှောက်စားမှုကို အလဟဿမဖြစ်စေဘဲ အရှင်မင်းကြီးကို သေချာပေါက် ကောင်းကောင်းမွန်မွန် ပြုစုပါ့မယ်”

ချောင်မိဖုရားခေါင်က ထပ်ပြောလိုက်သည်။ “မင်း နန်းတော်ထဲ ဝင်လာတာ နှစ်နည်းနည်း ရှိပြီဆိုတော့ မိသားစုကို မတွေ့ရတာ ကြာပြီပေါ့။ နောက်ရက်နည်းနည်း ကြာရင် ပန်ကုံး မင်းရဲ့မိသားစုကို နန်းတော်ထဲ လာခိုင်းပြီး မင်းနဲ့ ပေးတွေ့မယ်”

ဝမ်မေရန်သည် အံ့လည်းအံ့ဩ ဝမ်းလည်းဝမ်းသာသွားပြီး မယုံကြည်နိုင်စွာဖြင့် မျက်နှာလှလှလေးကို မော့ကြည့်လာသည်။ “ဟွမ်ဟုပ်ညန်ညန် ပြောတာ တကယ်ပါနော်”

ချောင်မိဖုရားခေါင်သည် စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် စနောက်ချင်စိတ်များပင် ဖြစ်ပေါ်လာတော့သည်။ “ဒီအနောက်နန်းဆောင်ထဲမှာ ပန်ကုံးပြောတဲ့စကားက အရာရောက်ပါသေးတယ်”

ဝမ်မေရန်သည် စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး ဒူးထောက်ကာ ချောင်မိဖုရားခေါင်ကို သုံးကြိမ် ဦးချလိုက်လေသည်။ “ဟွမ်ဟုပ်ညန်ညန်ကို ကျေးဇူးအများကြီး တင်ပါတယ်”

လူတိုင်းတွင် အားနည်းချက် ကိုယ်စီ ရှိကြသည်။

မုန့်ဖေး၏ အားနည်းချက်မှာ အချစ်ခံရခြင်းကို အခွင့်ကောင်းယူပြီး ဘဝင်မြင့်ကာ မာန်မာနကြီးခြင်း ဖြစ်သည်။

ဝမ်မေရန်၏ အားနည်းချက်ကတော့ မိသားစုပင်။

ချောင်မိဖုရားခေါင်က ပြုံးကာ ထရပ်လိုက်ပြီး ဝမ်မေရန်ကို ကိုယ်တိုင် တွဲထူလိုက်လေသည်။ “ဒီလောက် ကိစ္စသေးသေးလေးအတွက်နဲ့ ဒီလောက်ကြီးတဲ့ ဂါရဝပြုမှုကို လုပ်စရာမလိုပါဘူး။ မှတ်ထားနော်… မင်းက အခုဆိုရင် အပြစ်ကျူးလွန်ထားတဲ့ အမတ်ရဲ့ သမီး မဟုတ်တော့ဘူး။ တံမြက်စည်းလှည်းပြီး သန့်ရှင်းရေးလုပ်ရတဲ့ နန်းတွင်းသူလည်း မဟုတ်တော့ဘူး။ မင်းက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရရှိထားတဲ့ ဝမ်မေရန် ဖြစ်နေပြီ”

ဝမ်မေရန်၏ မျက်ဝန်းထဲတွင် ခိုင်မာပြတ်သားမှုတို့ ဖြတ်ပြေးသွားတော့သည်။ “ဟုတ်ကဲ့ပါ။ ညန်ညန်ပြောတဲ့စကားတွေကို ချန်ချဲ့ နားလည်သဘောပေါက်ပါတယ်”

……

အပိုင်း (၂၇၂) မြို့တော်သို့ ပြန်လည်ရောက်ရှိခြင်း

မျက်စိတစ်မှိတ်အတွင်း ငါးရက်တာ ကုန်ဆုံးသွားခဲ့ပြီ။

ထိုနေ့ကား မိုးကောင်းကင်သည် ပြာလဲ့ကြည်လင်နေသည်။

မြို့တံခါးအပြင်ဘက် ဆယ်မိုင်အကွာတွင် အောင်ပွဲခံပြန်လာသော ရှင်းယန်စစ်တပ်ကြီးသည် သပ်ရပ်ညီညာစွာ မြင်းစီးလျက်၊ စစ်ပွဲအလံများ လေတွင် တလူလူ လွင့်ပျံနေသည်။ သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသည့် ရှင်းယန်ဝမ် လုလင်းသည် ခန့်ညားထည်ဝါစွာ ရှိလှ၏။

ထိုနည်းတူ သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့် အိမ်ရှေ့စံ လီကျင့်မှာလည်း ယခင်ကဲ့သို့ နုနယ်သည့်ဟန်များ ကင်းစင်သွားပြီး တည်ငြိမ်ရင့်ကျက်ကာ အရှိန်အဝါနှင့် ပြည့်စုံနေလေသည်။

မင်းသားတချို့ ဦးဆောင်သော မှူးမတ်အပေါင်းတို့သည် လက်နှစ်ဖက်ကို ယှက်ကာ ဂါရဝပြု ကြိုဆိုကြလေသည်။

"ထိုက်ဇီနဲ့ စစ်သည်တော်များ အောင်ပွဲရပြီး ပြန်လာတာကို ကြိုဆိုပါတယ်"

"ထိုက်ဇီကို ကြိုဆိုပါတယ်။ ရှင်းယန်ဝမ်ကို ကြိုဆိုပါတယ်"

လီကျင့်သည် မြင်းပေါ်မှမဆင်းဘဲ လူအုပ်ကြီးကို ပြုံးကာ ပြောလိုက်လေသည်။

"ကျွန်တော်က သံချပ်ကာဝတ်စုံ ဝတ်ထားတော့ မြင်းပေါ်ကဆင်းဖို့ အဆင်မပြေလို့ပါ။ အားလုံးပဲ ထကြပါဗျာ"

ရှင်းယန်ဝမ်သည်လည်း မြင်းပေါ်မှ မဆင်းပေ။ စစ်အောင်နိုင်ပြီး ပြန်လာသော စစ်သူကြီးသည် သံချပ်ကာဝတ်စုံကို ချွတ်ပြီး မြင်းပေါ်မှ ဆင်းစရာမလိုပေ။ ဒါသည် ရှေးမင်းဆက်များလက်ထက်ကတည်းက ယနေ့အထိ ဆက်လက်ကျင့်သုံးခဲ့သော ထုံးတမ်းစဉ်လာတစ်ခုလည်း ဖြစ်လေသည်။

ထို့နောက် သူတို့အားလုံးသည် စစ်သည်များကို ဦးဆောင်ကာ မြို့တံခါးသို့ ဝင်ရောက်ကြကာ မြို့တော်အတွင်းက ပြည်သူများကို ရှင်းယန်စစ်တပ်၏ ခံ့ညားထည်ဝါမှုကို ပြသကြရဦးမည် ဖြစ်သည်။

ပထမမင်းသားမှာ မတ်တတ်ရပ်လိုက်ပြီးနောက် မြင်းဖြူကြီးပေါ်တွင် ခန့်ညားထည်ဝါစွာ လိုက်ပါလာသည့် ထိုက်ဇီကို ကြည့်ကာ ရင်ထဲတွင် ဆီပူနှင့်လောင်းကာ မီးကင်ခံရသကဲ့သို့ မနာလိုဝန်တိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာရသည်။ ထိုခံစားချက်ကို ကာယကံရှင် သူကိုယ်တိုင်သာ အသိဆုံးဖြစ်ပေလိမ့်မည်။

လီဟောက်၏ အကြည့်များသည်လည်း လီကျင့်အား ဖြတ်ခနဲကြည့်ပြီးနောက် လျင်မြန်စွာပင် လွှဲဖယ်သွားလေသည်။

စတုတ္ထမင်းသားကတော့ တက်ခေါက်သံပြုရင်း ပြောလာသည်။

"အာ့ကောက ဒီတစ်ခေါက် ဖီကျိုးကိုသွားပြီး တိုက်ပွဲအကြီးကြီးနိုင်ခဲ့တော့ အရှိန်အဝါတွေက အရင်ကနဲ့ မတူတော့ဘူးပဲ"

လီကျင့်က ဖျော့တော့စွာ ပြုံးလိုက်ပြီး ပြန်ပြောသည်။

"စစ်တိ ပြောတာ မှားနေပြီ။ စစ်ပွဲနိုင်ခဲ့တာက ရှင်းယန်စစ်တပ်လေ။ စစ်မှုထမ်းကောင်းဆု ရသင့်တာက ရှင်းယန်ဝမ်ပါ။ ငါကတော့ အစအဆုံး စစ်ရေးကိစ္စတွေမှာ ဝင်မပါခဲ့ပါဘူး။ ပြည်သူတွေကို နှစ်သိမ့်ပေးတဲ့ တာဝန်လောက်ပဲ ယူခဲ့တာပါ"

လုလင်းက ပြုံးရွှင်စွာဖြင့် လက်သီးဆုပ် ဂါရဝပြုရင်း ပြောသည်။

"ထိုက်ဇီက အရမ်း နှိမ့်ချလွန်းနေပါပြီ။ ထိုက်ဇီသာ ဦးစီးကွပ်ကဲမပေးရင် ကျွန်တော်မျိုးလည်း ဘယ်လိုလုပ် စိတ်အေးလက်အေးနဲ့ စစ်တိုက်နိုင်ပါ့မလဲ"

ဖူယန်နယ်စားမှာ မနာလိုသည့်ဟန်ဆောင်ကာ ဝင်ပြောလေသည်။

"ယောက္ခမနဲ့ သားမက် နှစ်ယောက်ပေါင်းမှတော့ ဘယ်စစ်ပွဲက မနိုင်ဘဲနေမှာလဲ။ ရှင်းယန်ဝမ်ကို မကျော်နိုင်တာပဲ နာစရာကောင်းတယ်။ နောက်တစ်ခါ စစ်မှုထမ်းကောင်းဆု ယူစရာရှိရင် ရှင်းယန်ဝမ်က ကျုပ်ကို ဦးစားပေးပါဦးဗျာ"

အားလုံးက သဘောကျစွာ ရယ်မောလိုက်ကြသည်။

ပထမမင်းသားသည် စိတ်ကို ငြိမ်သက်အောင်ထားပြီး အစ်ကိုကြီးတစ်ယောက်၏ စိတ်ဓာတ်နှင့် အမူအရာကို ထုတ်ဖော်ပြသလိုက်သည်။

"အချိန်လည်းမစောတော့ဘူး၊ မြို့ထဲ မြန်မြန်ဝင်ကြစို့။ ခမည်းတော်က ကျင်းလွမ်နန်းဆောင်မှာ မျှော်နေလောက်ပြီ"

လီကျင့်က ပြုံးကာ ခေါင်းညိတ်ကာ လက်ဝှေ့ယမ်းပြလိုက်ပြီး မြင်းကိုစီးပြီး မြို့ထဲသို့ အရင်ဆုံး ဝင်ရောက်လေသည်။

လုလင်းသည်လည်း အနည်းငယ်ပြုံးလိုက်ပြီး မြင်းကိုစီးကာ နောက်မှ လိုက်ပါသွားလေသည်။

ခြောက်သောင်းကျော်သော ရှင်းယန်စစ်တပ်ကြီး တစ်ခုလုံး မြို့ထဲသို့ ဝင်ရန် မဖြစ်နိုင်ပေ။ မနေ့ညကတည်းက စစ်တပ်စခန်းသို့ ပြန်ကာ နေရာချထားပြီး ဖြစ်သည်။ ယနေ့တွင် လက်ရွေးစင် စစ်သည်တော် သုံးထောင်နှင့် ရှင်းယန်စစ်တပ်မှ အကြီးအကဲ စစ်သူကြီးများသာ ကျန်ရှိတော့သည်။

သူတို့တစ်ဦးချင်းစီသည် သံချပ်ကာဝတ်စုံများကို ပြောင်လက်နေအောင် တိုက်ချွတ်ထားကြပြီး မြင်းစီးကာ မြို့တံခါးသို့ ဝင်ရောက်လာကြသည်။ လမ်းဘေးဝဲယာရှိ ပြည်သူလူထု၏ သောင်းသောင်းဖျဖျ ကြိုဆိုအားပေးသံများကြားတွင် ခါးကို မတ်မတ်ထားကာ ဝင်ရောက်လာကြလေသည်။

သာ့ဝေမင်းဆက် တည်ထောင်ပြီး နှစ်အနည်းငယ်အတွင်း စစ်ပွဲများ ပြတ်တောက်သည်ဟူ၍ မရှိခဲ့ပေ။ ပြည်သူများသည်လည်း နန်းတွင်းအစိုးရ၏ စစ်ပွဲအောင်နိုင်မှုများကို ကျင့်သားရနေကြပြီ ဖြစ်သည်။ ဤကဲ့သို့သော အချိန်မျိုးရောက်တိုင်း လာရောက်ကြည့်ရှုကြသော ပြည်သူများမှာ တောင်ပုံယာပုံပင် ဖြစ်သည်။

ဤကဲ့သို့ လူလုံးပြရသည့်ကိစ္စများကို ကျန်းကျုံးက အနှစ်သက်ဆုံးဖြစ်သည်။ သူသည် မြင်းကိုစီးရင်း ဘယ်ကြည့်ညာကြည့်နှင့် ရံဖန်ရံခါတွင် မိန်းမပျိုလေးများနှင့် အိမ်ထောင်ရှင်မလေးများကို သွားဖြဲ၍ ပြုံးပြလိုက်သေးသည်။

ဘေးနားရှိ လုဖေးက ပြုံးပြီး စနောက်လေသည်။

"သာ့ကျဲဖူရေ... နည်းနည်းလောက် ထိန်းပါဦးဗျ။ မဟုတ်ရင် အိမ်ပြန်ရောက်တဲ့အခါ သာ့ကျဲမေးလာရင် ကျွန်တော် ဘယ်လိုမှ ကာပေးနိုင်မှာ မဟုတ်ဘူးနော်"

ကျန်းကျုံးက လက်နှစ်ဖက်ကိုယျက်ကာ အလျင်အမြန် တောင်းပန်လေသည်။

"ကျို့ရှုန်းက (ယောက်ဖငယ်)... ညှာတာထောက်ထားပေးပါဦး"

လုဖေးက ဟားတိုက် ရယ်မောလိုက်သည်။

သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာကြသူများဖြစ်ပြီး စစ်တပ်ထဲတွင်လည်း အတူတူ ကျင်လည်ခဲ့ကြသဖြင့် သံယောဇဉ် ကြီးမားကြသည်။ ကျန်းကျုံးသည် ဟာသဉာဏ်ရွှင်ပြီး ရယ်စရာမောစရာ ပြောရသည်ကို နှစ်သက်သူဖြစ်သည်။ မိန်းမပျိုလေးများနှင့် အိမ်ထောင်ရှင်မလေးများကို မြင်လျှင် စနောက်တတ်သည်မှာ ရှိရင်းစွဲပင်။ သို့သော် ထိုမျှသာဖြစ်သည်။ သူကိုယ်တိုင် ပြောဖူးသည့် စကားအရဆိုလျှင် သူ့ဇနီးသည်အပေါ်ထားရှိသော စိတ်သည် လုံးဝ သစ္စာရှိပြီး ပြောင်းလဲခြင်းမရှိဟု ဆိုသည်။

မြို့တော်နှင့် သုံးလကျော်ကြာ ခွဲခွာခဲ့ရသဖြင့် သူတို့စိတ်ထဲတွင် ကိုယ့်ဇနီးသည်ကို အသီးသီး လွမ်းဆွတ်တသကာ အိမ်ပြန်ချင်စိတ်များ စောနေကြပြီဖြစ်သည်။

အထူးသဖြင့် လုဖေးသည် ရှန်းလန်၏ ကိုယ်ဝန်ဆောင်ကာလကို တွက်ချက်ရင်း လုအိမ်တော်သို့ ချက်ချင်း ပြန်ပျံသွားချင်စိတ် ပေါက်နေလေသည်။

သို့သော်လည်း ဒါကလဲ စိတ်ကူးသက်သက်သာ။ နန်းတွင်းထုံးစံအရ ယနေ့တွင် ကျင်းလွမ်နန်းဆောင်သို့ဝင်ရောက်ပြီး ဘုရင်မင်းမြတ်ကို သွားရောက်ဖူးမြော်ရမည် ဖြစ်ပြီး စစ်ရေးအကျိုးဆောင်မှုအလိုက် ဆုလာဘ်များ ချီးမြှင့်ခံရမည်ဖြစ်ကာ နန်းတွင်းစားပွဲလည်း ရှိနေသေးသည်။ မိုးမချုပ်မချင်း အိမ်ပြန်နိုင်မည် မဟုတ်ပေ။

……

ယနေ့တွင် လူအများကြား အထင်ရှားဆုံးသူမှာ အိမ်ရှေ့စံ လီကျင့်မှလွဲ၍ တခြားသူမရှိပေ။

ယုံကျားဧကရာဇ်သည် မျက်နှာထား ပြုံးရွှင်လျက် မှူးမတ်များရှေ့တွင် လီကျင့်အား နာရီဝက်နီးပါးခန့် ချီးကျူးစကား ဆိုလေသည်။ လီကျင့်သည် အိမ်ရှေ့စံဖြစ်သည့်အတွက် ရာထူးတိုးပေးစရာ မရှိတော့သဖြင့် လယ်ယာမြေကောင်းများနှင့် ရွှေငွေများကိုသာ ဆုချလေသည်။

လီကျင့်သည် အမှန်တကယ်ပင် များစွာ တည်ငြိမ်ရင့်ကျက်လာခဲ့သည်။ လက်သီးဆုပ် ဂါရဝပြုကာ ဧကရာဇ်၏ ကျေးဇူးတော်ကို ခံယူပြီးနောက် ရှင်းယန်စစ်တပ်အတွက်လည်း ဆုတောင်းခံပေးလေသည်။

ယုံကျားဧကရာဇ်က ရယ်မောကာ ပြောလိုက်၏။ "ရှင်းယန်စစ်တပ်က အကြီးမားဆုံး အရည်အချင်းကို ပြသခဲ့တာပဲ၊ မင်း ပြောစရာမလိုပါဘူး၊ ကျန်းကိုယ်တိုင် ဆုကြီးကြီး ချပေးမှာပါ"

ရှင်းယန်ဝမ်သည် အမြင့်ဆုံးရာထူးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ရာထူးထပ်တိုးလို့ မရတော့ပေ။ ထို့ကြောင့် လယ်ယာမြေကောင်းများနှင့် ရွှေငွေများကိုသာ ဆုချလေသည်။ လူငယ်စစ်သူကြီးများထဲတွင် ကျန်းကျုံးနှင့် လုဖေးတို့သည် စစ်ပွဲတွင် စွမ်းဆောင်နိုင်ခဲ့ကြသဖြင့် အသီးသီး ရာထူးနှစ်ဆင့် တိုးမြှင့်ခံကြရသည်။

လုလင်းသည် လူငယ်စစ်သူကြီးများကို ဦးဆောင်ကာ ဧကရာဇ်၏ ကျေးဇူးတော်ကို ခံယူလေသည်။

ထို့နောက်တွင်ကား ဧကရာဇ်က စားပွဲတော် တည်ခင်းပေးလေသည်။

မှူးမတ်အပေါင်းက အလှည့်ကျ ရှေ့ထွက်ကာ အရက်ခွက်မြှောက်ပြီး ဂုဏ်ပြုကြ၏။ လီကျင့်မှာ ငြင်းဆန်မရသဖြင့် ခွက်အနည်းငယ် သောက်လိုက်ရသည်။

သုံးခွက်ပြည့်သည်နှင့် လီကျင့်သည် အရက်ခွက်ကို စားပွဲပေါ်တွင် မှောက်လိုက်ပြီး အရက်လာတိုက်သော မှူးမတ်များကို ပြုံးကာသာ ပြောလိုက်တော့သည်။

"ကျွန်တော့်ခံနိုင်ရည်က မကောင်းပါဘူး။ ဒီထက်ပိုသောက်ရင် မူးလဲပြီး အထမ်းနဲ့ ပြန်ရမယ့်ကိန်း ဆိုက်နေလိမ့်မယ်။ ထိုက်ဇီဖေးနဲ့ ခွဲနေရတာ ၃ လကျော်ပြီဆိုတော့ ဒီပုံစံနဲ့ပြန်သွားရင် အိမ်တံခါးဝတောင် နင်းခွင့်ရမှာ မဟုတ်ဘူး။ အားလုံးပဲ နားလည်ပေးကြပါဗျာ"

မိမိကိုယ်ကို လှောင်ပြောင်သလိုလိုနှင့် ရယ်စရာပြောလိုက်သော စကားကြောင့် မှူးမတ်များမှာ တဟားဟား ရယ်မောကြလေသည်။

ပထမမင်းသားသည် ကြယ်တာရာများ ဝန်းရံနေကာ လမင်းကဲ့သို့ ဖြစ်နေသော ထိုက်ဇီကို ကြည့်ရင်း စိတ်ထဲတွင် ပိုပြီး စိတ်ဓာတ်ကျလာသည်။

သူ အရှိန်အဝါ အကောင်းဆုံးအချိန်တုန်းကတောင်မှ လီကျင့်၏ လက်ရှိအခြေအနေလောက် မတောက်ပခဲ့ပေ။ ရာထူးဂုဏ်ရှိန် မည်မျှ အရေးကြီးကြောင်း ဤနေရာတွင် တွေ့မြင်နိုင်သည်။

မှူးမတ်များက ထိုက်ဇီကို လေးစားသမှုပြုကြတာ မှားသလား။ မမှားပေ။ ထိုက်ဇီက ကြီးမားသော အောင်ပွဲကို ရယူလာခဲ့သည်။ မှူးမတ်များက ထိုက်ဇီကို မည်သို့ပင် လေးစားချစ်ခင်ကြစေကာမူ ၎င်းမှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စသာ။

လီကျင့်သည် ယခုအခါ မြင့်မားသော နေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး မင်းသားအကုန်လုံးကို ငုံ့ကြည့်နိုင်သည့် အနေအထားဖြစ်နေသည်။ သူ့လို အစ်ကိုကြီးသည်ပင်လျှင် ခေါင်းငုံ့နေရုံသာ ရှိတော့သည်။

ပထမမင်းသားသည် သတိမထားမိလိုက်ဘဲ စိတ်ညစ်ညစ်နှင့် အရက်အတော်များများ သောက်မိသွားတော့သည်။

လီဟောက်မှာ အတော်ပင် တည်ငြိမ်ပြီး ချုပ်တည်းထားနိုင်ကာ မျက်နှာတွင် မည်သည့် အရိပ်အယောင်မှ မပေါ်ပေ။

စတုတ္ထမင်းသားကတော့ မျက်နှာအပြောင်ဆုံးပင်။ လီကျင့်၏ ဘေးနားသို့ တန်းတန်းမတ်မတ် သွားပြီးနောက် လီကျင့်ကိုယ်စား အရက်သောက်ပေးမည်ဟု အော်ဟစ်လေသည်။ လီကျင့်ကလည်း သူ့ကို အားမနာဘဲ တကယ်ပင် သူ့ကိုယ်စား အရက်အများကြီး သောက်ခိုင်းလိုက်တော့သည်။

နန်းတွင်းစားပွဲ မပြီးခင်မှာပင် စတုတ္ထမင်းသား တစ်ယောက် မူးလဲသွားလေတော့သည်။

ချောင်မိဖုရားခေါင်သည်လည်း နောက်နန်းဆောင်တွင် နန်းတွင်းစားပွဲ ပြုလုပ်နေလေသည်။ မင်းသား၏ ကြင်ယာတော်များ၊ နှမတော်များနှင့် ကိုယ်လုပ်တော်များအားလုံး တက်ရောက်ကြသည်။ မယ်တော်ကြီးကျောက်လည်း ရှားရှားပါးပါး မျက်နှာပြလာပြီး ထိပ်ဆုံးတွင် ထိုင်လျက် အမိန့်ပေးလေသည်။

"မြေးတော်အိမ်ရှေ့စံကို မတွေ့ရတာ လနဲ့ချီနေပြီမို့ အိုက်ကျားမှာ လွမ်းလိုက်ရတာ။ သွား... အိမ်ရှေ့စံကို အိုက်ကျားဆီလာခဲ့ဖို့ သွားပြောချေ"

မယ်တော်ကြီးကျောက်က အမိန့်ပေးလိုက်သည်နှင့် လီကျင့်သာမက တခြားမင်းသားများပါ အတူတူ ရောက်ရှိလာကြသည်။

လီကျင့်က ပြုံးရွှင်စွာဖြင့် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

"ဘွားတော်နဲ့ မူဟုပ်ကို ဂါရဝပြုပါတယ်"

လီကျင့်၏ ပြောင်းလဲမှုများကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသဖြင့် မယ်တော်ကြီးကျောက်က ပြုံးကာ ချီးကျူးစကား ဆိုလေသည်။

"မြေးတော်အိမ်ရှေ့စံက အပြင်ထွက်သွားတာ လအနည်းငယ်ပဲ ရှိသေးတယ်။ တာဝန်တွေကို သေချာထမ်းဆောင်ပြီး လောကကြီးအကြောင်း သိမြင်လာတော့ ပိုပြီးရင့်ကျက်လာတာပဲ"

ချောင်မိဖုရားခေါင်သည်လည်း သားတော်ကိုကြည့်ကာ ကျေနပ်ပီတိ ဖြစ်နေသည်။

"ဟုတ်ပါ့... ထိုက်ဇီက တကယ်ပဲ တည်ငြိမ်ရင့်ကျက်လာတယ်"

ထို့နောက် မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့သည် ဖီကျိုး၏ အခြေအနေများကို မေးမြန်းကြလေသည်။

အစီရင်ခံစာ သို့မဟုတ် အိမ်ပြန်ပေးစာထဲတွင် ရေးသားထားသည်များက ကိုယ်တိုင်ပြောပြသည်လောက် သက်ဝင်လှုပ်ရှားမှု မရှိပေ။

လီကျင့်သည် ပြုံးကာ အကြောင်းအရာတချို့ကို ပြောပြလိုက်ပြီး မယ်တော်ကြီးကျောက် စိတ်အခြေအနေကောင်းနေခိုက်တွင် ခွင့်တောင်းလိုက်သည်။

"ဘွားတော်၊ မူဟုပ်... ကျွန်တော် အိမ်ပြန်ပြီး ရှောင်ယွိကို အရင်သွားကြည့်ချင်ပါတယ်။ မနက်ဖြန်ကျမှပဲ နန်းတော်ထဲဝင်ပြီး ဂါရဝပြုပါတော့မယ်"

မယ်တော်ကြီးကျောက် ဘာမှမပြောရသေးခင် ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလိုက်၏။

"လုရှီမှာ ကိုယ်ဝန်က ၈ လရှိနေပြီ။ သမားတော်ချုပ်ကျိုးက ပြောထားတယ်။ အချိန်မရွေး မီးဖွားနိုင်တယ်တဲ့၊ ဒါကြောင့် အိမ်တော်ပြင်ကို ပေးမထွက်တာ။ သားတော် စိတ်ပူနေတာလည်း ဖြစ်သင့်ပါတယ်။ စောစောပြန်လိုက်ပါ"

ချောင်မိဖုရားခေါင်က ထိုသို့ပြောလာမှတော့ မယ်တော်ကြီးကျောက်လည်း တားမြစ်ရန် မသင့်တော်တော့ပေ။

"ကောင်းပြီလေ၊ ပြန်ချင်လည်း ပြန်တော့။ မနက်ဖြန်ကျရင် စောစောစီးစီး နန်းတော်ထဲ ဝင်ခဲ့ဦး"

စကားဆုံးသည်နှင့် နန်းတွင်းအပျိုတော်တစ်ဦးသည် ဝမ်းသာအားရ မျက်နှာထားဖြင့် လာရောက် လျှောက်တင်လေသည်။

"ထိုက်ဇီဖေး မီးဖွားဖို့ ဗိုက်နာနေပါပြီ"

...

အပိုင်း (၂၇၃) လမစေ့ဘဲ မီးဖွားခြင်း (၁)

ဘာ... ရှောင်ယွိ ကလေးမွေးတော့မယ် ဟုတ်လား။

လီကျင့် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး အကြောင်းကြားလာသော အပျိုတော်ကို လှမ်းကြည့်လိုက်သည်။

"ဘယ်သူ သတင်းလာပို့တာလဲ"

အပျိုတော်က ပြုံးရွှင်စွာဖြင့် ဖြေကြားလေသည်။

"လုအိမ်တော်က လျို့ကုန်းဇီ စေလွှတ်လိုက်တဲ့သူပါ။ ထိုက်ဇီဖေးညန်ညန်က မွန်းတည့်ချိန်လောက်ကတည်းက ဗိုက်အောင့်နေတာပါ။ အခုဆိုရင် မီးဖွားခန်းထဲကို ဝင်သွားပါပြီ..."

စကားမဆုံးသေးခင်မှာပင် အိမ်ရှေ့စံမင်းသားသည် လေတစ်ချက် တိုက်ခတ်သွားသကဲ့သို့ အပြင်သို့ ပြေးထွက်သွားလေသည်။

ချောင်မိဖုရားခေါင်လည်း စိတ်မထိန်းနိုင်တော့ဘဲ ထရပ်လိုက်သည်။

"ချိုင်လန်... ငါ့ကိုယ်စား ဒုတိယမင်းသားအိမ်တော်ကို အခုချက်ချင်းသွား"

ဟွေ့အန်းကုန်းကျူက ပြုံးကာ ထရပ်လိုက်ပြီး စကားဆက်တိုက် ပြောလိုက်သည်။

"ကျွန်မပဲ သွားလိုက်ပါ့မယ်။ အာ့တိမေ့ ကလေးမွေးပြီးတာနဲ့ နန်းတော်ထဲကို သတင်းကောင်းလာပို့ဖို့ လူလွှတ်လိုက်ပါ့မယ်"

အေး... ဒါလည်း ကောင်းတာပဲ။

ဒါက လုမင်ယွိရဲ့ ပထမဆုံးကိုယ်ဝန်၊ အမြွှာကိုယ်ဝန်ဖြစ်သလို လမစေ့ဘဲ မွေးဖွားရခြင်းလည်း ဖြစ်သည်။ အားကိုးရသူတစ်ယောက်မှ အနားမှာမရှိလျှင် မဖြစ်ပေ။

ချောင်မိဖုရားခေါင်က စကားအများကြီး မပြောတော့ဘဲ မှာကြားလိုက်သည်။

"နန်းတွင်းသမားတော် နှစ်ယောက်လောက်ပါ ခေါ်သွားလိုက်ဦး"

ဟွေ့အန်းကုန်းကျူက ခေါင်းတစ်ချက်ညိတ်ကာ နန်းဆောင်တံခါးဝသို့ ထွက်ခွာသွားသည်။

ဤအဖြစ်အပျက်ကြောင့် လူအများသည် စားသောက်ကာ ဖျော်ဖြေရေးများကို ကြည့်ရှုရန် စိတ်မပါတော့ပေ။ အားလုံး၏ ခေါင်းစဉ်မှာ ထိုက်ဇီဖေးညန်ညန် မီးဖွားသည့်ကိစ္စသာ ဖြစ်နေကြသည်။

ကလေးမွေးရင်း အခက်တွေ့ပြီး သားအမိသုံးယောက်လုံး သေသွားရင် ကောင်းမယ်။

စူးဖေးက စိတ်ထဲတွင် ကျိန်ဆဲလိုက်သော်လည်း အပြင်ပန်းတွင်မူ ပြုံးရွှင်နေလေသည်။

"ချန်ချဲ့က မိဖုရားခေါင်ကြီးကို ကြိုပြီး ဂုဏ်ပြုပါတယ်နော်။ မကြာခင် မြေးတော်လေးနဲ့ မြေးမတော်လေးကို ပိုင်ဆိုင်ရတော့မယ်"

"ဟုတ်ပါ့..."

ချင်ဖေးက ရယ်မောကာ ဝင်ထောက်လေသည်။

"မြေးတော်လေး အရင်ထွက်လာမလား၊ မြေးမတော်လေး အရင်ထွက်လာမလားဆိုတာပဲ မသိရသေးတာ"

သူတို့နှစ်ဦး၏ ပျော်ရွှင်နေသော ပုံစံကိုကြည့်လျှင် မသိနားမလည်သူများက သူတို့နှစ်ဦး မည်မျှ ဝမ်းသာနေသည်ဟု ထင်မှတ်မှားနိုင်ပေသည်။

ချောင်မိဖုရားခေါင်မှာ သူတို့ကို အာရုံစိုက်ရန် အချိန်မရှိသလို စိတ်လည်းမပါသဖြင့် ပြုံးရုံသာ ပြုံးပြလိုက်သည်။

"ကလေးနှစ်ယောက်လုံး ဘေးကင်းကျန်းမာရင် ဘယ်သူအရင်လာလာ ဝမ်းသာစရာပါပဲ"

ထို့နောက် ခေတ္တရပ်တန့်ကာ ဆက်ပြောလိုက်သည်။

"ဒီနေ့ နန်းတွင်းစားသောက်ပွဲကို ဒီလောက်နဲ့ပဲ ရပ်လိုက်ကြစို့"

မည်သူကမှ ကန့်ကွက်စရာမရှိသဖြင့် အသီးသီး နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။

မယ်တော်ကြီးကျောက်သည်လည်း ချောင်မိဖုရားခေါင်ကို အပြစ်မဆိုတော့ဘဲ "သတင်းကောင်းရရင် ရှုနင်းနန်းဆောင်ကို လာပြောချေ" ဟု မှာကြားကာ ချင်ဖေး၏ တွဲကူမှုဖြင့် ထွက်ခွာသွားလေသည်။

ချောင်မိဖုရားခေါင်မှာ ကျောင်းဖန်နန်းဆောင်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စိတ်ပူပန်စွာ စောင့်ဆိုင်းနေလေသည်။

လီကျင့်သည်လည်း မြင်းကိုစီးကာ လေကဲ့သို့ အလျင်အမြန် အိမ်ပြန်လေတော့သည်။

……

ထိုအချိန်တွင် ဒုတိယမင်းသားအိမ်တော်၌ အရာရာ သပ်ရပ်သေချာစွာ စီစဉ်ထားပြီး ဖြစ်၏။

လုမင်ယွိသည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ ဗိုက်နာလာသည့်အချိန်တွင် မီးဖွားတော့မည်မှန်း သူမ သိလိုက်သည်။ သူမသည် တည်ငြိမ်စွာပင် ဝမ်းဆွဲသည်များကိုခေါ်ပြီး မီးဖွားခန်းထဲသို့ တွဲပို့ခိုင်းလေသည်။

မီးဖွားခန်းထဲတွင် အရာအားလုံး အဆင်သင့် ဖြစ်နေပြီ။ ချီယွင်က အစေခံများကို ရေနွေးအိုး တည်ခိုင်းပြီး ဝမ်းဆွဲသည်လေးဦးကလည်း မီးဖွားရာတွင် လိုအပ်သည့် ပစ္စည်းများကို အသီးသီး ပြင်ဆင်နေကြသဖြင့် အလုပ်ရှုပ်နေသော်လည်း စနစ်တကျ ရှိနေသည်။

သမားတော်ချုပ်ကျိုးသည် မီးဖွားခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး လိုအပ်ပါက အချိန်မရွေး ဝင်ရောက်ကုသပေးနိုင်ရန် အဆင်သင့် ပြင်ဆင်ထားသည်။

လုရွှမ်းမှာ မည်မျှပင် စိတ်ပူနေစေကာမူ မီးဖွားခန်းထဲသို့ ဝင်ရောက်ခွင့်မရှိပေ။ သူသည် နန်းတော်သို့ သတင်းပို့ရန် လူလွှတ်လိုက်ပြီး လုအိမ်တော်နှင့် ကျိန့်အိမ်တော်သို့လည်း သတင်းပို့ရန် လူလွှတ်လိုက်သည်။

လုအိမ်တော်တွင် အာ့စောင် ရှန်းလန်မှာလည်း ကိုယ်ဝန်လစေ့ခါနီးပြီဖြစ်ပြီး လုမင်ယွဲ့က အိမ်တော်တွင် နေရမည် ဖြစ်သည်။ အစ်မကြီး လုမင်ဖန်း စောစောရောက်လာနိုင်လျှင် အကောင်းဆုံးပင်။ နန်းတော်ထဲမှ အိမ်ရှေ့စံမင်းသားကတော့ စောစောပြန်ရောက်လာနိုင်မည် မဟုတ်လောက်...

လုရွှမ်း စိတ်ထဲတွင် တွက်ချက်နေစဉ်မှာပင် အလျင်စလို ခြေသံများကို ကြားလိုက်ရသည်။

မော့ကြည့်လိုက်ရာ ရင်းနှီးနေသော ပုံရိပ်တစ်ခု အလျင်အမြန် လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။

သူ ယခုလေးတင် တွေးနေမိသော အိမ်ရှေ့စံမင်းသားပင်။

"စစ်ကျဲဖူ..." လုရွှမ်း အံ့အားသင့် ဝမ်းသာသွားသည်။ "ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ"

လီကျင့်မှာ စိတ်ပူလွန်းသဖြင့် စကားပြောရန် စိတ်မပါဘဲ လုရွှမ်း၏ ပခုံးကို အမြန်ပုတ်လိုက်သည်။

"မင်း ပင်ပန်းသွားပြီ"

ထို့နောက် မီးဖွားခန်းထဲသို့ ပြေးဝင်သွားလေသည်။

လုရွှမ်း တားမည်ပြုသော်လည်း အချိန်မမီတော့ပေ။

ယောက်ျားလေးတွေ မီးဖွားခန်းထဲ မဝင်ရဘူး၊ သွေးညှီနံ့တွေကြောင့် ကံနိမ့်တတ်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အခုချိန်မှာ စစ်ကျဲဖူကို ဘယ်သူ တားနိုင်မှာလဲ။

……

လုမင်ယွိသည် ထိုအချိန်တွင် ဗိုက်နာကျင်မှုကို ခံစားနေရသည်။

ကလေးမွေးဖူးသူများသာလျှင် မည်မျှ နာကျင်ကြောင်း သိရှိနိုင်သည်။ နာကျင်မှုသည် လှိုင်းလုံးများပမာ တစ်လုံးပြီးတစ်လုံး ဆက်တိုက် ဝင်ရောက်လာပြီး လူတစ်ကိုယ်လုံး အဆုံးအစမဲ့ ပင်လယ်ပြင်တွင် နစ်မြုပ်နေသကဲ့သို့ မွန်းကျပ်နေလေသည်။

လုမင်ယွိကဲ့သို့ ကြံ့ခိုင်သည်းခံနိုင်သူပင်လျှင် ညည်းညူသံ သဲ့သဲ့ ထွက်လာရသည်။

သူမ၏ နဖူးတွင် ချွေးစများ သီးနေပြီး ကျောပြင်သည်လည်း ချွေးများဖြင့် စိုရွှဲနေသည်။

ချီယွင်သည် သူမအစား နာကျင်ပေးချင်စိတ် ပေါက်နေတော့သည်။ လက်ကိုင်ပဝါဖြင့် လုမင်ယွိ၏ နဖူးမှ ချွေးများကို မရပ်မနား သုတ်ပေးရင်း တိုးတိုးလေး ပြောလိုက်သည်။ "သခင်မလေး... အရမ်းနာရင် အော်သာပစ်လိုက်ပါ၊ အောင့်အီးသည်းခံမနေပါနဲ့"

လုမင်ယွိက မျက်လုံးကို အားယူဖွင့်ရင်း ပြောသည်။ "ကိစ္စမရှိပါဘူး၊ ငါ သည်းခံနိုင်ပါတယ်"

သူမသည် ကလေးမွေးရန် အားမွေးထားရမည်။ အော်ဟစ်ငိုယိုပြီး အားအင်ကုန်ခမ်းမခံနိုင်ပေ။

ချီယွင်၏ မျက်ဝန်းအိမ်များမှာ နီရဲနေပြီ ဖြစ်သည်။

ဘေးနားရှိ ဝမ်းဆွဲသည်က ချီးကျူးစကား ဆိုလေသည်။

"သခင်မလေးက သည်းခံနိုင်ရင် မအော်တာ ပိုကောင်းပါတယ်။ ကလေးမွေးဖို့ အားမွေးထားပါ။ ဒီတစ်ခါ နာတာ သက်သာသွားရင် ကြက်ဥနည်းနည်းလောက် စားလိုက်ပါ၊ ဒါမှ ပိုပြီး အားရှိမှာ"

"သခင်မလေး စိတ်ချပါ... ဒီအဘွားကြီး စမ်းကြည့်ပြီးပြီ။ သခင်မလေးက လမစေ့ဘဲ မွေးတာဆိုပေမဲ့ ကလေးအနေအထားက အရမ်းမှန်ပါတယ်"

"ဟုတ်တယ်၊ အမြွှာမွေးရင် လမစေ့ဘဲ မွေးတတ်ကြတာ ထုံးစံပါပဲ။ လန့်စရာမလိုပါဘူး။ စိတ်အေးအေးထားပါ၊ ကလေးက မကြာခင် ထွက်လာတော့မှာပါ"

ချီယွင်က အင်္ကျီလက်စဖြင့် မျက်ရည်စများကို သုတ်လိုက်ပြီး လုမင်ယွိ၏ ချွေးများကို ဆက်လက် သုတ်ပေးနေသည်။

လုမင်ယွိသည် မျက်လုံးကို မှိတ်ထားပြီး ဖြည်းညှင်းစွာ အသက်ရှူနေလေသည်။

ထိုအချိန်တွင် အလောတကြီး ရင်းနှီးသော ခြေသံတစ်သံ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို သူမ၏ နားနားသို့ ရောက်ရှိလာသည်။

"ရှောင်ယွိ... ကိုယ် ပြန်ရောက်ပြီ"

လုမင်ယွိ တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်လုံးကို ချက်ချင်း ဖွင့်ကြည့်လိုက်ရာ လီကျင့်နှင့် မျက်လုံးချင်း ဆုံမိလေ၏။

လီကျင့်သည် ချီယွင်ကို ဘေးသို့တိုးခိုင်းလိုက်ပြီး လက်ကိုင်ပဝါကို ယူကာ သူမ၏ ချွေးများကို သုတ်ပေးလေသည်။

"ရှောင်ယွိ... မကြောက်နဲ့နော်။ ကိုယ် မင်းအနားမှာ ရှိတယ်"

အဘယ်ကြောင့်မှန်းမသိ၊ ထိုစကားလုံး အနည်းငယ်ကို ကြားလိုက်ရသည်နှင့် လုမင်ယွိ၏ နှာခေါင်းများ ရှုံ့မဲ့သွားပြီး မျက်ဝန်းအိမ်များလည်း နီရဲလာသည်။

"ရှင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့"

သူမသည် အလွန် မာနကြီးသူဖြစ်ပြီး သူတစ်ပါးရှေ့တွင် မည်သည့်အခါမျှ အားနည်းချက်မပြတတ်သူ။ မည်မျှ နာကျင်နေပါစေ သည်းခံတတ်သူ။ လီကျင့်ရှေ့ရောက်မှသာ သူမ၏ အားနည်းချက်များကို အနည်းငယ် ထုတ်ပြတတ်သူ ဖြစ်လေသည်။

သူမ၏ ယခင်က ကြံ့ခိုင်မာကျောမှု၊ မာနကြီးမှုတို့သည် သူမချစ်ခင်ရသူများ ဆုံးပါးသွားပြီးနောက် သူမကို ကြင်နာယုယမည့်သူ မရှိတော့သောကြောင့် ဖြစ်နိုင်သည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် သူမသည် ပိုပြီး ခက်ထန်မာကျောလာရခြင်း ဖြစ်သည်။

လီကျင့်နှင့် လက်ထပ်ပြီးနောက် သူမ၏ ခက်ထန်မာကျောမှုများ လျော့နည်းလာပြီး အားနွဲ့သည့်အချိန်များ ပိုများလာခဲ့သည်။

လီကျင့်၏ မျက်လုံးများတွင် သနားကြင်နာမှုနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများ ပြည့်နှက်နေပြီး အလျင်အမြန် တိုးတိုးလေး ပြောလိုက်သည်။ "ကိုယ်လည်း စောစောပြန်လာချင်တာပေါ့။ ဒါပေမဲ့ ဖီကျိုးမှာ ပြည်တွင်းပုန်ကန်မှုတွေ မငြိမ်သေးလို့ နည်းနည်း ကြာသွားတာပါ"

"ကံကောင်းလို့ နေပြည်တော်ကို အချိန်မီ ပြန်ရောက်လာပြီး မင်း မီးဖွားတဲ့နေ့ကို မီလိုက်တာ။ ရှောင်ယွိ... ကိုယ် မင်းအနားမှာ အမြဲရှိနေမှာပါ။ ကလေးမွေးပြီးတဲ့အထိ ကိုယ် အဖော်ပြုပေးမယ်"

"ကျွန်မကို မကြည့်နဲ့၊ အခု အရမ်း အရုပ်ဆိုးနေတယ်" လုမင်ယွိက တိုးတိုးလေး ပြောလိုက်သည်။

လီကျင့်က သူမ၏ ချွေးများကို ညင်သာစွာ သုတ်ပေးရင်း ပြောသည်။

"ဘယ်သူက မင်းကို ရုပ်ဆိုးတယ် ပြောလဲ။ ကိုယ့်မျက်လုံးထဲမှာတော့ မင်းက အခုချိန်လောက် ဘယ်တုန်းကမှ မလှဖူးဘူး"

လုမင်ယွိက နှာခေါင်းရှုံ့လိုက်၏။

"ကျွန်မ အရမ်းနာတယ်"

လီကျင့်က သူမ၏ ချွေးများကို ဆက်လက် သုတ်ပေးရင်း ပြောသည်။

"ကလေးမွေးပြီးရင် မင်း ကိုနဲ့ စာရင်းရှင်းလို့ရတယ်။ မင်း ဘယ်လောက်နာလဲ၊ ကို့ကို မင်းနာသလောက် ပြန်ရိုက်ပေါ့"

လုမင်ယွိမှာ ရယ်ချင်သွားသည်။

"ဒါဆို ရှင် သေလုမျောပါး ဖြစ်အောင် အရိုက်ခံရမှာပေါ့"

လီကျင့်က သူမကို ကြည့်ရင်း တိုးတိုးလေး ပြောသည်။

"ကို့ခန္ဓာကိုယ်တစ်ခုလုံး မင်းပိုင်တာပဲလေ။ သေလုမျောပါး မကလို့ အသေရိုက်လည်း ရပါတယ်"

ချီယွင်မှာ ကြက်သီးထလွန်းသဖြင့် လက်မောင်းကို ပွတ်သပ်နေမိသည်။

ဝမ်းဆွဲသည်များလည်း အသံတိတ် ရယ်မောနေကြလေသည်။

အိမ်ရှေ့စံနှင့် ကြင်ယာတော်တို့၏ ချစ်ခြင်းမေတ္တာ နက်ရှိုင်းကြောင်း ကြားဖူးသည်မှာ ကြာပြီဖြစ်သည်။ ယနေ့ ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ သတင်းကြီးသည်ထက် ပိုသည်ကို တွေ့ရသည်။ သူတို့လို အသက်အရွယ်ကြီးသူများပင် ကြက်သီးထမိသွားတော့သည်။

သို့သော် လုမင်ယွိကတော့ ဤပေါ့ပါးသော စကားလုံးများ၏ တန်ဖိုးကို သိလေသည်။

ဗိုက်က နာနေဆဲပင်။ သို့သော် သည်းမခံနိုင်လောက်အောင်တော့ မဟုတ်တော့ပေ။ နားထဲတွင် ပဲ့တင်ထပ်နေသော တိုးတိုးညင်းညင်း စကားသံများသည် စမ်းချောင်းရေစီးသံကဲ့သို့ သူမ၏ နာကျင်မှုကို နှစ်သိမ့်ပေးနေလေသည်။

……

All Chapters