← Chapters

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အပိုင်း (၂၇၄) လမစေ့ဘဲ မွေးဖွားခြင်း (၂)

လီကျင့်သည် ထွက်ခွာသွားရန် ငြင်းဆန်နေပြီး ဘယ်သူကမှလဲ သူ့ကို နားချလို့မရပေ။

လီကျင့်က ဘေးတွင်ရှိနေသဖြင့် လုမင်ယွိ၏ စိတ်အခြေအနေသည် များစွာ သက်သာရာရသွားခဲ့လေသည်။ ချီယွင်သည်လဲ ဆက်ပြီး နားချခြင်းမပြုတော့ဘဲ ဝမ်းဆွဲသည် အဘွားကြီး၏ မှာကြားချက်အတိုင်း ကြက်ဥပြုတ်တစ်ချို့ကို ယူဆောင်လာခဲ့လေသည်။

သူမက ဘာမှမလုပ်ကိုင်ရသေးခင်မှာပင် လီကျင့်သည် ပန်းကန်လုံးကို လှမ်းယူလိုက်ပြီး ကြက်ဥအခွံများကို သေသေချာချာခွာကာ လုမင်ယွိ၏ ပါးစပ်နားသို့ တေ့ပေးပြီး ခွံ့ကျွေးလိုက်တော့သည်။ ထို့နောက်တွင်လည်း ရေနွေးနွေးလေးကို ဂရုတစိုက် တိုက်ကျွေးလေသည်။

ကြက်ဥ စားလိုက်ရခြင်းကြောင့်လား သိုတည်းမဟုတ် လီကျင့် ဘေးတွင် အဖော်ပြုနေခြင်းကြောင့်လားတော့ မသိရသော်ငြား လုမင်ယွိ၏ ခန္ဓာကိုယ်ထဲတွင် အင်အားများ ပြန်လည်ပြည့်ဖြိုးလာခဲ့သည်။

ပူနွေးသော စီးဆင်းမှုတစ်ခု တလဟောစီးဆင်းသွားသည်တွင် ဝမ်းဆွဲသည်များက အံ့သြဝမ်းသာစွာဖြင့် အော်ဟစ်လိုက်ကြ၏။ "ရေမွှာပေါက်သွားပြီ။ အားစိုက်ထားလိုက်ပါအုံး။ ကလေးက ထွက်လာတော့မယ်"

လုမင်ယွိသည် အသံတစ်ချက်မှ မထွက်ဘဲ မီးဖွားလက်သည်များ၏ ညွှန်ကြားချက်အတိုင်း အသက်ကို ပြင်းပြင်းရှူလိုက်မှုတ်ထုတ်လိုက် လုပ်ဆောင်နေပြီး အောက်ပိုင်းမှ တဖြည်းဖြည်းချင်း ညှစ်ထုတ်နေလေသည်။

လီကျင့်၏ မျက်နှာသည် လုမင်ယွိထက်ပင် ပိုပြီးဖြူဖပ်ဖြူရော် ဖြစ်နေရှာလေ၏။ သူသည် လုမင်ယွိ၏ လက်ကို တိတ်တဆိတ် တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်ပြီး ကုတင်ပေါ်တွင် နာကျင်မှုကို ခံစားနေရသူမှာ သူမအစား သူသာ ဖြစ်လိုက်ချင်တော့သည်။

"လီကျင့် ..." လုမင်ယွိသည် ခက်ခက်ခဲခဲ ခေါင်းကိုငဲ့ကာ မျက်ဝန်းအိမ်များ နီရဲနေသည့် ခင်ပွန်းသည်ကို ကြည့်လိုက်လေသည်။

လီကျင့်က အင်းဟု ခပ်တိုးတိုး ပြန်ထူးလိုက်ပြီး သူမ၏ လက်ကို ပိုပြီးတင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်၏။

"မကြောက်ပါနဲ့။ ကျွန်မ တောင့်ခံနိုင်ပါတယ်။ ကျွန်မတို့ကလေးကို ဘေးကင်းကင်းနဲ့ မွေးဖွားပေးမှာပါ" လုမင်ယွိသည် နာကျင်မှုကို ကြိတ်မှိတ်သည်းခံရင်း လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

လီကျင့်သည် နှာဝကရှုံ့မဲ့သွားပြီး မျက်ဝန်းများပူနွေးလာကာ အင်းဟုသာ ခပ်တိုးတိုး တုံ့ပြန်လိုက်တော့သည်။

...

မီးဖွားခန်းအပြင်ဘက်တွင် မူလက လုရွှမ်းတစ်ယောက်တည်းသာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၏။

မကြာမှီတွင် ဟွေ့အန်းကုန်းကျူသည် နန်းတော်ထဲက ရောက်ရှိလာပြီး လုရွှမ်းနှင့်အတူ မီးဖွားခန်းအပြင်ဘက်တွင် စောင့်ဆိုင်းလိုက်၏။

သိပ်မကြာခင်မှာပင် လုမင်ဖန်းပါ ရောက်ရှိလာခဲ့လေသည်။ လုမင်ဖန်းသည် သတင်းကြားသည်နှင့် မြင်းကို တဟုန်ထိုးစီးကာ ရောက်လာခဲ့ခြင်းဖြစ်ပြီး မျက်နှာတစ်ခု လုံးနီရဲနေကာ အသက်ရှူသံများပင် မြန်ဆန်နေတော့သည်။ "လျို့တိ ... စစ်မေ့ ဘယ်လိုနေသေးလဲ"

လုရွှမ်းက မြန်မြန်ပြန်ဖြေလိုက်၏။ "မမွေးသေးဘူး ထင်တယ်။ အထဲမှာ ဘာသံမှမကြားရသေးဘူး။ ထိုက်စီက နန်းတော်ထဲက ပြန်ရောက်လာပြီး အခု မီးဖွားခန်းထဲမှာ စစ်ကျဲကို အဖော်ပြုပေးနေတယ်"

စကားမဆုံးခင်မှာပင် လုလင်းသည်လဲ ခြေလှမ်းကြဲကြီးများဖြင့် လျှောက်လှမ်းလာခဲ့ပြီး အသံကလဲ စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေတော့သည်။ "လျို့တိ။ ရှောင်ယွိ အခုအခြေအနေ ဘယ်လိုရှိလဲ"

လုလင်းသည် လီကျင့်ထက် သတင်းရရှိမှု အနည်းငယ် နောက်ကျခဲ့သော်လည်း လုမင်ယွိ လမစေ့ဘဲ မွေးဖွားတော့မည်ဟူသည့် သတင်းကို ကြားသည်နှင့် ချက်ချင်းပင် အရှင်မင်းကြီးထံ ခွင့်ပန်ကာ ဒုတိယမင်းသားအိမ်တော်သို့ ရောက်လာခဲ့ခြင်းဖြစ်လေသည်။

လုလင်း၏ နောက်တွင်တော့ ကျန်းကျုံးနှင့်လုဖေးတို့ ပါကြသည်။

အားလုံးက ကာလရှည်ကြာခွဲခွာပြီးမှ ပြန်လည်ဆုံတွေ့ကြခြင်း ဖြစ်သော်ငြား ယခုအချိန်တွင်တော့ စကားစမြည်ပြောရန် အချိန်မရှိကြချေ။ လုရွှမ်းက စောစောကပြောခဲ့သည့်စကားကို နောက်တကြိမ် ထပ်ပြောလိုက်ရလေသည်။

လီကျင့်က မီးဖွားခန်းထဲတွင်ရှိနေသည်ဟု ကြားလိုက်ရမှ လုလင်း၏ တင်းကြပ်စွာ တွန့်ချိုးထားသည့် မျက်ခုံးများမှာ အနည်းငယ် ပြေလျော့သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "မင်ဖန်း သမီးလဲ မီးဖွားခန်းထဲဝင်ပြီး ရှောင်ယွိကို အဖော်ပြုပေးလိုက် တစ်ခုခု အဆင်မပြေတာရှိရင် သမားတော်ကျိုးကို ချက်ချင်းဖိတ်လိုက်နော်"

လီကျင့်သည် ယောက်ျားသားဖြစ်သည့်အလျောက် အမျိုးသမီးများ မီးဖွားသည့်ကိစ္စကို နားလည်မည် မဟုတ်ချေ။ လုမင်ဖန်းကတော့ ကလေးနှစ်ယောက်မိခင် ဖြစ်သဖြင့် အတွေ့အကြုံများစွာ ရှိလေသည်။ သူမကပါ ဝင်ရောက်စောင့်ရှောက်ပေးမည်ဆိုလျှင် စိတ်ထဲတွင် ပိုပြီးစိတ်ချရပေမည်။

လုမင်ဖန်းကလဲ ထိုသို့ဆန္ဒရှိနေသဖြင့် ခေါင်းညိမ့်လက်ခံလိုက်ပြီး မီးဖွားခန်းထဲသို့ ခြေလှမ်းသွက်သွက်ဖြင့် ဝင်ရောက်သွားတော့သည်။

လုလင်းနှင့် တခြားသူများကတော့ အပြင်ဘက်တွင် ဆက်ပြီးစောင့်ဆိုင်းနေကြလေသည်။

ကျန်းကျုံးက အတွေ့အကြုံ ရှိပြီးသားဖြစ်သဖြင့် စိုးရိမ်ပူပန်နေသော ယောက္ခမကို နှစ်သိမ့်စကား ပြောလေ၏။ "ယွဲ့ဖု မစိုးရိမ်ပါနဲ့။ မိန်းမတွေ ကလေးမွေးတယ်ဆိုတာ တစ်ချို့က မြန်သလို တစ်ချို့ကလဲ နှေးတတ်ပါတယ်။ မြန်ရင်၂နာရီလောက်ပဲ။ နှေးရင်တော့ ၁ရက်။ ၂ရက်လောက် ကြာတတ်ပါတယ်"

"သာ့ကျဲဖူ ပြောတာ မှန်ပါတယ်။ ယိဖု စိတ်မပူပါနဲ့ ထိုင်ပြီး အေးအေးဆေးဆေး စောင့်နေကြတာပေါ့" လုဖေးက ဝင်ရောက်ထောက်ခံလိုက်ပြီး မျက်နှာထား တင်းမာခက်ထန်နေသည့် လုလင်းကို နှစ်သိမ့်လိုက်လေသည်။

လုလင်းကလဲ မည်သို့များ စိတ်မပူဘဲ နေနိုင်ပါမည်နည်း။

လွန်ခဲ့သည့် ၁၆နှစ်က ဇနီးသည် ရှောင်ယွိညန်သည် ကလေးမွေးဖွားရင်း အခက်တွေ့ကာ ဆုံးပါးသွားခဲ့ရသည်။ သူသည် သူမ၏ ဘေးနားတွင် စောင့်ဆိုင်းနေခဲ့ပြီး သူမ၏ မျက်နှာလေး ဖြူဖတ်ဖြူရော်ဖြစ်သွားကာ အသက်ရှူရပ်တန့်သွားသည်ကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ဖူးလေသည်။

အချိန်ကာလ၁၆နှစ် ကုန်ဆုံးသွားခဲ့ပြီးနောက်တွင် သူ၏သမီးလေး ရှောင်ယွိသည်လဲ မီးဖွားခန်းထဲတွင် လဲလျောင်းနေကာ လောကကြီး၏ အနာကျင်ရဆုံးဝေဒနါကို ခံစားနေရလေသည်။ ထို့အပြင် ဗိုက်ထဲတွင် ကလေးနှစ်ယောက်လဲ ရှိနေသေးသည် မဟုတ်ပါလား ...

ထိုအကြောင်းများကို တွေးလိုက်မိသည်နှင့် လုလင်း၏ ရင်ထဲတွင် ဆီပူနှင့် လောင်းထည့်လိုက်သလို ပူလောင်လာလေတော့၏။ မီးဖွားခန်းထဲသို့ အတင်းဝင်ရောက်သွားပြီး သမီးဖြစ်သူ၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။ သို့သော်ငြား သူသည် ဖခင်အရင်း ဖြစ်နေသည့်အတွက် မည်သို့သော အကြောင်းပြချက်နှင့်မဆို အဖေအရင်းက သမီးဖြစ်သူ၏ မီးဖွားခန်းထဲသို့ ဝင်ရောက်စောင့်ရှောက်ရိုးထုံးစံ ရှိမည် မဟုတ်ချေ။

လုလင်းသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို လေးပင်စွာချလိုက်ပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိတော့၏။ လမ်းလျှောက်နှုန်းက ပိုမိုမြန်ဆန်လာသဖြင့် ကြည့်ရသူများပင် ခေါင်းမူးနောက်လာလေတော့သည်။

လုရွှမ်းကလဲ မနေနိုင်တော့ဘဲ ပြောလိုက်ရတော့သည်။ "ယိဖု လမ်းလျှောက်မနေပါနဲ့တော့။ စစ်ကျဲ ကလေးမမွေးရသေးခင် ယိဖုက အရင်မောပြီးတော့ လဲသွားအုံးမယ်"

လုလင်းသည် လုရွှမ်း၏ နောက်ပြောင်လိုက်သည့်စကားကြောင့် အနည်းငယ် ပြုံးမိသွားပြီး နောက်ဆုံးတွင်တော့ ခြေလှမ်းများကို ရပ်တန့်ကာ ဝင်ထိုင်လိုက်လေတော့သည်။

ထိုအချိန်မှာပင် ကျယ်လောင်သည့် ကလေးငိုသံတစ်ခု နားထဲသို့ ဝင်ရောက်လာခဲ့လေသည်။

လုလင်းသည် တုန်လှုပ်သွားပြီး ရုတ်တရက် ထရပ်လိုက်တော့၏။ လုရွှမ်းနှင့် တခြားသူများကလဲ တပြိုင်နက်တည်း ထရပ်လိုက်ကြပြီး မီးဖွားခန်းရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြလေသည်။

ချီယွင်သည် ဝမ်းသာအားရ ပြေးထွက်လာပြီး သတင်းကောင်းကို ပြောပြလေ၏။ "ကလေးတစ်ယောက် မွေးလာပါပြီ။ သားလေးပါ!"

မြေးတော်ကလေးက အရင်ထွက်လာပြီပဲ။

လုလင်း၏ မျက်လုံးများတွင် ဝမ်းသာပီတိ အရိပ်အယောင်များ ဖြတ်သန်းသွားတော့သည်။ "ကောင်းတယ် သိပ်ကောင်းတာပဲ။ ရှောင်ယွိရော အခုဘယ်လိုနေသေးလဲ"

"ကျန်းကျွင်း စိတ်ချပါ။ ထိုက်ဇီဖေးညန်ညန်က မြေးတော်လေးကို မွေးဖွားနိုင်ပြီဖြစ်လို့ အားအင်တွေပြည့်နေပါတယ်။ ညန်ညန်က အထူးတလည် မှာလိုက်ပါတယ်။ ကျန်းကျွင်း စိတ်ချလက်ချနေပါတဲ့ ညန်ညန်ရဲ့ ဗိုက်ထဲမှာ တစ်ယောက်ကျန်နေသေးလို့ အားမွေးပြီး ဆက်မွေးနေပါသေးတယ်။ ခဏနေရင် ကျန်းကျွင်းက မြေးတော်လေးရော မြေးမတော်လေးရောကို မြင်တွေ့ရတော့မှာပါ"

ချီယွင်က စကားများကို သွက်လက်စွာပြောဆိုလိုက်လေသည်။

သားအဖချင်း ကိုယ်ချင်းစာစိတ်ရှိကြသည် ဆိုသောစကားသည် တစ်စက်ကလေးမှ မမှားချေ။ လုမင်ယွိသည် မီးဖွားရသည့်ဒုက္ခကို ခံစားနေရသည့်ကြားက ဖခင်ဖြစ်သူကို သတိရနေသေးသည်ပင်။

လုလင်း၏ ရင်ထဲက အပူလုံးကြီးသည် တစ်ဝက်လောက် လျော့ကျသွားပြီး ပြုံးကာ တိုက်တွန်းလိုက်လေတော့၏။ "ကောင်းပြီလေ။ ငါ သိပါပြီ။ မင်း မီးဖွားခန်းထဲကို မြန်မြန်ပြန်ဝင်ပြီး ပြုစုပေးလိုက်ပါ"

ချီယွင်က ပြုံးကာ ခေါင်းညိမ့်လိုက်ပြီး မီးဖွားခန်းထဲသို့ ခြေလှမ်းသွက်သွက်ဖြင့် ပြန်ဝင်သွားတော့သည်။

မီးဖွားခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည့် လူတိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးမှုများ ဖုံးလွှမ်းနေတော့၏။

လွန်ခဲ့သည့် လအနည်းငယ်က တော်ဝင်သမားတော်ချုပ်ကျိုးသည် လုမင်ယွိတင် အမွှာကိုယ်ဝန်ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ရသည်။ သို့သော်ငြား သွေးခုန်နှုန်းစမ်းသပ်ခြင်းသည် ရာနှုန်းပြည့်မှန်ကန်သည်ဟု မည်သူက အာမခံနိုင်ပါမည်နည်း။

ယခုတော့ အရာအားလုံးက အဆင်ပြေသွားပေပြီ။ မြေးတော်လေးက လူ့လောကထဲသို့ ရောက်ရှိလာခဲ့ပြီး လူတိုင်း၏ စိတ်နှလုံးသည်လဲ အေးချမ်းသွားကြတော့သည်။

သာမာန်ပြည်သူများပင် သားယောက်ျားလေးရရှိရန် မျှော်လင့်တောင်းတ ကြသည်ဆိုလျှင် မျိုးဆက်ပြတ်လပ်နေသည့် တော်ဝင်မိသားစုအတွက် ဆိုလျှင်တော့ ပြောဖွယ်ရာပင် မလိုတော့ချေ။ လုမင်ယွိသည် သားယောက်ျားလေး မွေးဖွားနိုင်ခဲ့ပြီဖြစ်ရာ အိမ်ရှေ့စံမင်းသား၏ ဘက်တော်သားများအတွက်လည်း အလွန်အမင်း ဝမ်းမြောက်ဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်လေသည်။

ဟွေ့အန်းကုန်းကျူသည် ဝမ်းသာအားရဖြင့် နန်းတွင်းအပျိုတော်ကို ဆင့်ခေါ်လိုက်လေ၏။ "နန်းတော်ထဲကို အရင်သွားပြီး သတင်းကောင်း သွားပို့လိုက်။ ထိုက်ဇီဖေးက မြေးတော်လေးတစ်ပါး မွေးဖွားပါတယ်လို့"

လုလင်းသည် သတိပြန်ဝင်လာပြီး ဟွေ့အန်းကုန်းကျူကို တားလိုက်၏။ "ကုန်းကျူ မလောပါနဲ့အုံး။ ဒုတိယ ကလေးလေး မွေးပြီးမှပဲ အတူတူ သတင်းပို့လိုက်တာ ပိုကောင်းမယ် ထင်ပါတယ်"

ဟွေ့အန်းကုန်းကျူသည် ယခင်က ဗိုလ်ကျစိုးမိုးတတ်သည့် စိတ်နေစိတ်ထားများက များစွာပြောင်းလဲသွားခဲ့လေပြီ လုလင်း၏ တားမြစ်ချက်ကို ခံလိုက်ရသော်ငြား ဒေါသထွက်ခြင်းမရှိဘဲ ပြုံးကာ ပြန်ပြောလိုက်လေ၏။ "ရှင်းယန်ဝမ် ပြောတာ ဟုတ်ပါတယ်။ ကျွန်မက အတွေးလွန်သွားခဲ့တယ်။ နည်းနည်းလောက် ထပ်စောင့်လိုက်ကြတာပေါ့"

...

ထိုသို့စောင့်ဆိုင်းနေသည်မှာ နောက်ထပ်၂နာရီခန့်ကြာမြင့်သွားတော့သည်။

ချောင်မိဖုရားခေါင်သည် စိတ်မရှည်နိုင်တော့ဘဲ ချိုင်လန်ကို ဒုတိယမင်းသားအိမ်တော်သို့ စေလွှတ်လိုက်လေတော့၏။

ယုံးကျားဧကရာဇ်ကလဲ လျိုကုန်းကုန်းကို စေလွှတ်လိုက်လေသည်။

ဝမ်းဆွဲသည်ကြီးက ပြုံးရွှင်စွာထွက်လာပြီး ဂုဏ်ပြုစကားဆိုလေ၏။ "မင်းသမီးလေး မွေးဖွားပါပြီ။ မိခင်ရော ကလေးပါ ကျန်းမာပါတယ်"

မီးဖွားခန်းအပြင်ဘက်တွင် ရှိနေကြသည့်သူများသည် အားလုံးက ဝမ်းသာပျော်ရွှင်သွားကြတော့၏။ ထို့နောက်တွင်တော့ နေရာအနှံ့သို့ သတင်းကောင်း လိုက်လံပို့ဆောင်ကြလေသည်။

ထိုကိစ္စများကို စီစဥ်ဆောင်ရွက်မည့်သူများက ရှိပြီးသားပင်။

ကလေးနှစ်ယောက် မွေးဖွားပြီးနောက်တွင် လုမင်ယွိသည် တစ်ကိုယ်လုံးရှိ အင်အားများ စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရပြီး နှုံးချိကာ အိပ်ချင်လာတော့သည်။

လီကျင့်က လက်ကိုင်ပုဝါဖြင့် လုမင်ယွိ၏ နဖူးပေါ်ကချွေးများကို သုတ်ပေးလိုက်ပြီး လေသံထဲတွင်လည်း ဖုံးဖိထားလို့မရနိုင်သည့် ဝမ်းသာပီတိများ ပြည့်နှက်လို့နေ၏။ "ရှောင်ယွိ ... ပင်ပန်းသွားပြီ။ ကိုယ်တို့ရဲ့ သားသမီးနှစ်ယောက်စလုံး ဘေးကင်းတဲ့ လူလောကထဲကို ရောက်လာကြပြီ"

လုမင်ယွိက အားယူကာ ပြောလိုက်လေသည်။ "ကလေးကို ခေါ်လာခဲ့ပါအုံး။ ကျွန်မ ကလေးတွေကို ကြည့်ချင်လို့"

လုမင်ဖန်းနှင့်ချီယွင်တို့သည် ကလေးကို တစ်ယောက်စီ ပွေ့ဖက်ထားလိုက်ကြပြီး မွေးကင်းစ ကလေးငယ်လေးများကို သူမ၏ ရှေ့သို့ ယူဆောင်လာပြကြလေသည်။

ကလေးနှစ်ယောက်သည် တစ်ပုံစံတည်း ရုပ်ချင်းဆင်တူကြ၏။ ကိုယ်လုံးကိုယ်ထည် မကြီးဘဲ မျက်နှာလေးများမှာ နီရဲနေကာ ပါးစပ်များကိုဟပြီး အားကုန် အော်ဟစ်ငိုကြွေးနေကြလေသည်။ ပြိုင်ပွဲလုပ်နေသည့်အလား ငိုသံများက အလွန်ကျယ်လောင်လှ၏။

လုမင်ယွိ၏ ရင်ထဲတွင် နွေးထွေးသွားပြီး မျက်ရည်များက အထိန်းအကွပ်မဲ့ စီးကျလာလေတော့သည်။

...

အပိုင်း (၂၇၅) သားသမီးရတနာ

ဒီသားသမီးနှစ်ယောက်က သူမနှင့်လီကျင့်တို့၏ သွေးသားရင်းချာများပင်။

တွေးကြည့်ရင် တကယ် အံ့သြစရာကောင်းလိုက်တာ။ ဒီကလေးနှစ်ယောက်က သူရဲ့ကလေးတွေဖြစ်သလို သူမရဲ့ကလေးတွေလဲ ဖြစ်နေတယ်။ သူတို့နှစ်ယောက်ရဲ့ သွေးသားတွေက ဒီကလေးနှစ်ယောက်ကြောင့် တစ်သားတည်း ပေါင်းစည်းသွားခဲ့ကြပြီ။

ဒီလို ပြင်းထန်ကာ စိတ်လှုပ်ရှားတက်ကြွသည့် ခံစားချက်ကြောင့် လုမင်ယွိသည် မျက်ရည်များကျမိလာတော့သည်။

လီကျင့်၏ မျက်ဝန်းအိမ်များကလဲ စိုစွတ်လာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ရှောင်ယွိ ကြည့်ပါအုံး ကိုယ်တို့ရဲ့ကလေးတွေက တကယ့်ကို သန်မာထွားကြိုင်းလိုက်တာ"

ငိုသံကျယ်လောင်တယ်ဆိုတာက ကလေးတွေရဲ့ ကျန်းမာရေး ကောင်းမွန်ပြီး ကြံ့ခိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။

လုမင်ယွိသည် ရှိုက်ကြီးတငင် ငိုလိုက်ပြီးနောက် အင်းဟု ပြန်ဖြေလိုက်၏။

လုမင်ဖန်းကလဲ ပြုံးပြီး ပြောလိုက်လေသည်။ "ဒီလောက် ဝမ်းသာစရာကိစ္စကြီးကို ဘာဖြစ်လို့ ငိုနေရတာလဲ စိတ်ချလက်ချသာ အိပ်လိုက်ပါ။ ကလေးတွေကို အစ်မတို့ ကြည့်ထားပေးမယ်။ စိတ်မပူနဲ့"

လုမင်ယိသည် ခေါင်းညိမ့်ပြလိုက်ပြီး မျက်လုံးများကို မှိတ်ကာ မကြာခင် အိပ်ပျော်သွားလေတော့သည်။

ဒီတစ်ခါ မျက်လုံးမှိတ်လိုက်သည်က အချိန်မည်မျှကြာသွားသည် မသိချေ။

ပြန်နိုးလာသည့်အချိန်တွင် အခန်းထဲ၌ ဖယောင်းတိုင်မီးများ ထွန်းညှိထားလေသည်။ သူမ၏ အဝတ်အစားများက သန့်ရှင်းသပ်ရပ်နေပြီး အိပ်ရာခင်း စောင်များကိုလဲ အသစ်လဲလှယ်ထား၏။ အခန်းထဲတွင်လည်း အမွှေးနံ့သာများ မွှေးပျံ့လို့နေသည်။

"ရှောင်ယွိ" ရင်းနှီးနေ့သည့် ချောမောလှသည့် မျက်နှာလေးက မျက်လုံးထဲသို့ ဝင်လာခဲ့သည်။ "နိုးလာပြီလား"

လုမင်ယွိသည် အိပ်မှုန်စုံမွှားနှင့် ဖြည်းဖြည်းချင်း သတိဝင်လာကာ ပါးစပ်ဟလိုက်သည်နှင့် အသံက အက်ကွဲနေတော့သည်။ "ကျွန်မ အိပ်ပျော်သွားတာ ဘယ်လောက်ကြာသွားပြီလဲ အခုဘယ်ချိန်ရှိသွားပြီလဲ ကလေးတွေရော"

လီကျင့်၏ မျက်လုံးများထဲတွင် သွေးကြောမျှင်လေးများ ယှက်သမ်းနေပြီး မည်မျှကြာအောင် အိပ်ရေးပျက်ခံပြီး စောင့်နေရသည် မသိချေ။ အသံကလဲ ကြမ်းရှလို့နေသည်။ "မင်း မနေ့ကတည်းက ဒီနေ့မနက် အစောကြီးအထိ အိပ်နေတာ ၁၆နာရီလောက်တော့ ရှိပြီထင်တယ်။ ကလေးနှစ်ယောက်က အခုလေးတင်နို့ဝပြီး အိပ်ပျော်သွားကြပြီ။ သူတို့နိုးလာရင် ကိုသွားခေါ်လာခဲ့မယ်"

လုမင်ယွိက အင်းဟု ခပ်တိုးတိုးပြန်ဖြေရင်း နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်၏။ "အဖေရော"

လီကျင့်က ပြုံးပြီးပြန်ဖြေလာသည်။ "ယွဲ့ဖု မပြန်ပါဘူး။ မနေ့ညက အိမ်တော်မှာပဲ အိပ်တယ်။ မင်း နိုးလာရင် တွေ့မယ်ဆိုပြီး စောင့်နေတာ။ ကို အခုပဲ ယွဲ့ဖုကို သွားခေါ်ခိုင်းလိုက်မယ်"

လုမင်ယွိက ခေါင်းညိမ့်ပြလိုက်ပြီး လက်ကိုဆန့်ထုတ်ကာ လီကျင့်၏ မျက်နှာကို ပွတ်သပ်လိုက်လေသည်။ "ရှင် တညလုံး မအိပ်ရသေးဘူး မဟုတ်လား"

လီကျင့်က ခပ်တိုးတိုး ရယ်မောလိုက်ကာ "ကို့စိတ်ထဲမှာ ပျော်နေတာလေ ဘယ်လိုလုပ် အိပ်ပျော်နိုင်မှာလဲ"

သူသည် ကုတင်ဘေးတွင်ထိုင်ပြီး သူမကို တညလုံး စောင့်ကြည့်ပေးခဲ့လေသည်။

လုမင်ယွိ၏ လည်ချောင်းထဲတွင် အလုံးကြီးတစ်ခု ဆို့သွားသလို ခံစားလိုက်ရပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ကျွန်မ ကောင်းကောင်းမွန်မွန် ရှိနေပါတယ်။ ဘာမှ မဖြစ်ပါဘူး။ ရှင်ကျွ န်မကို စောင့်နေစရာ မလိုပါဘူး။ သွားနားလိုက်ပါအုံး။ ဒီလိုပုံစံဖြစ်နေတာကို ကျွန်မက စိတ်မကောင်းမဖြစ်ဘူးလို့ ထင်နေတာလား"

လီကျင့်၏ မျက်ခုံးများက ပြေလျော့သွားပြီး သူသည် ခေါင်းလောင်းပန်းလေးလို ပြုံးပျော်ရွှင်သွားတော့သည်။

ဒီခေါင်းလောင်းပန်းလေးက မျက်နှာပြောင်ပြောင်ဖြင့် ရှေ့သို့ တိုးကပ်လာကာ လုမင်ယွိကို တစ်ချက် နမ်းရှုံ့လိုက်လေသည်။ "မင်းက ကို့ကို ဒီလောက်တောင် ဂရုစိုက်နေမှတော့ ကိုအခုပဲ သွားအိပ်လိုက်ပါ့မယ်။ အတော်ပဲ ယွဲ့ဖုကို ဒီလွှတ်လိုက်မယ်လေ"

...

လီကျင့်ထွက်သွားပြီး မကြာခင်မှာပင် လုလင်းလဲ ရောက်လာခဲ့လေသည်။

လုလင်းသည်လဲ တညလုံး ကောင်းကောင်းမအိပ်ရသေးမှန်း သိသာလှသည်။ မေးစေ့ပေါ်တွင် မုတ်ဆိတ်ငုတ်တိုလေးများ ထွက်နေပြီး မျက်ဝန်းအိမ်များကလဲ နီရဲလို့နေ၏။ သို့သော်ငြား စိတ်အခြေအနေကတော့ ထူးထူးခြားခြား တက်ကြွလို့နေသည်။

လုမင်ယွိကို တစ်ချက်အကဲခတ်ကြည့်လိုက်ပြီး သူမက မီးဖွားပြီးသားဖြစ်သဖြင့် အနည်းငယ် အားနည်းနေသည်ကလွဲလျှင် တခြား ဘာပြဿနာမှမရှိမှန်း သေချာသွားတော့မှ လုလင်း၏ ရင်ထဲက အပူလုံးကြီးမှာ ကျသွားလေတော့သည်။ "သမီး ဘေးကင်းကင်းနဲ့ရှိနေတာ ကောင်းပါတယ်"

လုမင်ယွိသည် စိုးရိမ်စွာဖြင့် ငြီးငြူလိုက်၏။ "အဖေ ... အဖေလဲ တညလုံး မအိပ်ရသေးဘူး မဟုတ်လား"

လုလင်းကတော့ ဂရုမစိုက်သလို ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ကာ "စစ်တိုက်ထွက်တုန်းကဆိုရင် အဖေ ၃ရက်၃ညလုံး မအိပ်ဘဲနေခဲ့ဖူးတယ်။ တစ်ညလောက် အိပ်ရေးပျက်တာ ဘာဖြစ်လဲ"

ထို့နောက်တွင်တော့ မျက်ခုံးများပင့် မျက်လုံးရွဲကြီးများဖြင့် ကလေးနှစ်ယောက်အကြောင်းကို ချီးကျူးပြန်လေတော့သည်။ "ကလေးနှစ်ယောက်က တကယ့်ကို ချစ်စရာလေးတွေ သမီးမွေးတုန်းကထက်တောင် ပိုပြီးကြည့်ကောင်းသေးတယ်။ ငိုသံတွေကလဲ ကျယ်လိုက်တာ။ ကျန်းမာသန်စွမ်းပြီးအားရှိမှန်း သိသာတယ်"

လုမင်ယွိ၏ ရင်ထဲတွင် နူးညံ့ပျော့ပျောင်းသွားပြီး ပြုံးကာ ပြောလိုက်တော့၏။ "သမီး မနေ့က ကလေးနှစ်ယောက်ကို တွေ့ပြီးပါပြီ။ ကျန်းမာသန်စွမ်းတယ်ဆိုတာက ဟုတ်ပါတယ်။ ချစ်စရာကောင်းတယ်ဆိုတာကတော့ နည်းနည်းလေး ပိုနေသလိုပဲ။ မျက်နှာတွေက နီရဲနေပြီး မျက်လုံးတွေက မှေးနေတာကို ဘယ်နားကများ ချစ်စရာကောင်းနေလို့လဲ"

လုလင်းက ရယ်မောလိုက်ကာ "ကလေးက အခုမှမွေးတာလေ ဒီလောက်ဆိုရင် တော်တော် ကြည့်ကောင်းနေပါပြီ။ နောက်ရက်နည်းနည်းကြာရင် မျက်လုံးတွေပွင့်လာပြီး မျက်နှာပေါ်က အနီရောင်တွေ ပျောက်သွားရင် သေချာပေါက် ချစ်စရာကောင်းလာမှာပါ"

လုမင်ယွိ၏ မျက်လုံးထဲတွင်လည်း အပြုံးရိပ်များ ယှက်သမ်းသွားတော့၏။ "ချစ်စရာ ကောင်းကောင်း မကောင်းကောင်း သမီးရဲ့ ကလေးတွေပဲလေ။ သမီးကတော့ မချစ်ဘဲမနေပါဘူး"

ခဏလောက် ရပ်တန့်လိုက်ပြီးမှ လုမင်ယွိက လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။ "အဖေ ... သမီးနေကောင်းပါတယ်။ အမေ့လိုမျိုး အဖေ့ကိုထားခဲ့ပြီး ထွက်သွားမှာမဟုတ်ဘူး။ အဖေ စိတ်မပူပါနဲ့"

မျက်ရည်တစ်စသည် လုလင်း၏ မျက်ဝန်းထဲတွင် ဖျတ်ခနဲ ဝေ့သီလာပြီး သူက ခေါင်းညိမ့်ပြလိုက်လေသည်။ "သမီးကို တွေ့ရတော့ အဖေလဲ စိတ်ချသွားပါပြီ။ ခဏနေရင် အဖေ အိမ်ပြန်မယ်။ ကလေးတွေ ၃ရက်မြောက် ရေချိုးမင်္ဂလာကျမှ ပြန်လာခဲ့မယ်"

ကလေးမွေးပြီး ၃ရက်မြောက်နေ့က ရေချိုးမင်္ဂလာပြုလုပ်မဲ့နေ့ဆိုတော့ မနက်ဖြန်ပေါ့!

လုမင်ယွိမှာ ရယ်ချင်သွားသော်ငြား ရင်ထဲတွင်တော့ နွေးထွေးသွားတော့၏။ "ကောင်းပါပြီ။ အဖေ မနက်ဖြန်ကျရင် ပြန်လာခဲ့နော်"

လုလင်းသည် နောက်ဆုံးတော့ ကျေနပ်သွားပြီး သမီးဖြစ်သူကို စောင်ခြုံပေးလိုက်ကာ "သမီးရဲ့ခန္ဓာကိုယ်က အားနည်းနေသေးတယ်။ များများအိပ်ပြီး များများစားနော်။ ခန္ဓာကိုယ် ပြန်ကောင်းလာဖို့က အရေးအကြီးဆုံးပဲ။ ကလေးနှစ်ယောက်ကို နို့ထိန်းတွေကို ကြည့်ခိုင်းထားလိုက်။ သမီးက စိတ်ပူမနေနဲ့"

စကားအများကြီး ပြောလိုက်ရသဖြင့် လုမင်ယွိသည်လဲ နည်းနည်းမောပန်းသွားပြီး ခေါင်းညိမ့်ကာ လက်ခံလိုက်တော့သည်။

လုလင်းပြန်သွားပြီးနောက်တွင် လုမင်ယွိက ချီယွင်၏ ပြုစုမှုအောက်တွင် ဟင်းရွက်စိမ်းများပါသည့် ဟင်းရည်ကျဲတစ်ပန်းကန်ကို သောက်လိုက်ပြီး ပြန်အိပ်လိုက်လေသည်။

...

ဒီတစ်ခေါက် အိပ်လိုက်သည်ကလဲ နေ့တစ်ဝက်ပင် ကြာသွားခဲ့သည်။

မွန်းတည့်ချိန်တွင် လုမင်ယွိသည် တစ်ဖန်ပြန်နိုးလာခဲ့၏။

အိပ်ရေးဝသွားသဖြင့် ခန္ဓာကိုယ်ထဲက အင်အားများကလဲ ပြန်လည်ပြည့်ဖြိုးလာလေသည်။ လုမင်ယွိက ချီယွင်ကို တွဲထူခိုင်းပြီး ထိုင်လိုက်၏။ ထို့နောက်တွင်တော့ နို့ထိန်းများကို ကလေးများအား ခေါ်လာခိုင်းလိုက်တော့သည်။

နို့ထိန်းမေမေ လေးယောက်က သခင်ငယ်လေးများကို ပွေ့ချီကာ ဝင်လာကြလေသည်။

လုမင်ယွိသည် လောလောဆယ်တွင် ကလေးချီဖို့ရန် အင်အားမရှိသေးသဖြင့် နို့ထိန်းမေမေများက ကလေးနှစ်ယောက်ကို ကုတင်ပေါ်တွင် တင်ပေးလိုက်ကြသည်။

ကလေးများက အိပ်ရာနိုးနေပြီး အစားလဲစားနှင့်ပြီဖြစ်သဖြင့် မငိုယိုကြတော့ချေ။ မျက်လုံးလေးများ ကိုယ်စီဖွင့်ထားပြီး လက်သေးသေးလေးများကလဲ လှုပ်ယမ်းနေကြလေသည်။

လုမင်ယွိ၏ ရင်ထဲတွင် နွေးထွေးသည့် စီးကြောင်းတစ်ခု ဖြတ်သန်းသွားပြီး ကလေးနှစ်ယောက်၏ နဖူးလေးကို ခေါင်းငုံ့ကာ တစ်ချက်စီ နမ်းလိုက်တော့၏။ ထို့နောက်တွင်တော့ ချီယွင်ကို မေးလိုက်လေသည်။ "ဘယ်သူက အစ်ကို။ ဘယ်သူက ညီမလေးလဲ"

အမြွှာမောင်နှမနှစ်ယောက်က တစ်ပုံစံတည်း တူညီနေ၏။ ပန်းထိုးထားသည့် အကွက်ပုံစံတူ ပိုးသားစနှင့် ထုပ်ပိုးထားသဖြင့် သူမလို မိခင်အရင်းကပင် မနေ့က တစ်ခါပဲ တွေ့ဖူးသေးသည်ဖြစ်ရာ မည်သူက သားဖြစ်ပြီး မည်သူက သမီးဖြစ်သည်ကို ခွဲမရဖြစ်နေတော့သည်။

ချီယွင်ကလဲ နှုတ်ခမ်းလေးကိုစူကာ ပြုံးလိုက်လေသည်။ "ညန်ညန် သေချာကြည့်ကြည့်ပါ။ အစ်ကိုလုပ်တဲ့သူက နားရွက်နောက်မှာ မှဲ့နက်လေးပါတယ်။ ညီမလေးရဲ့ နားရွက်နောက်မှာကတော့ မှဲ့အနီလေးပါတယ်"

မျက်နှာကတော့ တစ်ပုံစံတည်းပါပဲ။ လုံးဝခွဲမရဘူး။

တစ်ခုတည်း သောကွားခြားချက်က နားရွက်နောက်ကမှဲ့အရောင် မတူတာပဲ။

လုမင်ယွိက ခပ်တိုးတိုး ရယ်မောလိုက်ပြီး အနားကပ်နေသည့်ကလေးကို လှမ်းကြည့်လိုက်သည်တွင် မှဲ့နက်ကလေး ဖြစ်နေလေသည်။ နည်းနည်းဝေးသည့် ကလေးကို ချီယွင်က လှမ်းပြလိုက်သည်တွင် အမှန်ပင် မှဲ့နီကလေး ပါနေ၏။

နို့ထိန်းမေမေများထဲက သတ္တိကောင်းသူ တစ်ယောက်ကလဲ ပြုံးကာ ဝင်ပြောလေသည်။ "ကျွန်မလဲ အမြွှာတွေ အများကြီးကို မြင်ဖူးပါတယ်။ ဒါပေမဲ့ ဒီလောက်တူတဲ့ အမြွှာမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး။ ထိုက်စစ်ဖေးညန်ညန်က တကယ်ကံကောင်းတာပဲ"

လုမင်ယွိက အသာအယာ ပြုံးလိုက်လေသည်။ "မင်းတို့အားလုံး.ကလေးကို သေချာဂရုစိုက်ကြပါ။ ဆုတွေအများကြီး ချီးမြှင့်ပေးမယ်"

နို့ထိန်းမေမေများကလဲ အလျင်အမြန် ဒူးထောက်လိုက်ပြီး ကျေးဇူးတင်စကား ပြောကြတော့သည်။

နေ့တစ်ဝက်လောက် အိပ်စက်အနားယူလိုက်ပြီးပြီဖြစ်သည့် လီကျင့်ကလဲ ယခုအချိန်တွင်တော့ အခန်းထဲသို့ ဝင်လာလေသည်။

အခန်းထဲက ပျော်ရွှင်ကြည်နူးနေကြသည်ကို မြင်လိုက်သည်တွင် လီကျင့်၏ စိတ်ထဲတွင် ဝမ်းသာပီတိများပြည့်နှက်သွားကာ ကုတင်ဘေးသို့ လျှောက်လာပြီး လက်တစ်ဖက်နှင့် ကလေးတစ်ယောက်စီကို ပွေ့ချီလိုက်၏။ "လာပါအုံး။ အဖေ ချီပါရစေအုံး"

လုမင်ယွိက ပြုံးကာ မျက်စောင်းထိုးလိုက်ပြိး "ကလေးတွေကို ချီတဲ့အခါ သတိထားအုံးနော်"

ယောက်ျားလေးတွေက ဘယ်လောက်ပဲစိတ်ရှည်ပါစေ ကလေးချီတဲ့နေရာမှာကတော့ အမြဲတမ်း ခြေမငြိမ်လက်မငြိမ် ဖြစ်တတ်တယ်လေ။ လီကျင့်တစ်ယောက်ကလဲ လက်တစ်ဖက်နှင့် ကလေးတစ်ယောက်စီကို ချီထားတာ ကလေးချီထားတာနဲ့မတူဘဲ ဓားနှစ်လက်ကို ကိုင်ထားသလို ဖြစ်နေပြီ။

လီကျင့်သည် သွားများဖြဲကာ ရယ်မောလိုက်ပြီး လုမင်ယွိ၏ ညွှန်ကြားချက်အောက်တွင် ကလေးချီသည့်ပုံစံကို မနည်း ပြန်ပြင်လိုက်ရလေသည်။

သားသမီးနှစ်ယောက်ကတော့ အဖေအရင်းကို မျက်နှာသာလုံးဝမပေးဘဲ အချီမတတ်သဖြင့် နေမထိထိုင်မသာ ဖြစ်သွားကာ ပါးစပ်လေးများဟပြီး ငိုကြလေတော့သည်။ လီကျင့်ခမျာ ချက်ချင်းဆိုသလို ကတုန်ကယင် ဖြစ်သွားပြီး လက်နှစ်ဖက်လုံး မအားတော့သဖြင့် ကလေးများကို ပုတ်ပေးဖို့ပင် လက်မအားတော့ချေ။

လုမင်ယွိမှာ ရယ်လဲရယ်ချင် စိတ်မကောင်းလဲ ဖြစ်သွားပြီး နို့ထိန်းမေမေများကို ကလေးများကို ပြန်ခေါ်ခိုင်းရတော့သည်။

နို့ထိန်းမေမေများကလဲ သေချာရွေးချယ်ထားသူဖြစ်ပြီး ကလေးထိန်းသည့် အတွေ့အကြုံ များနေသဖြင့် လီကျင့်လို ဖခင်အရင်းထက် အများကြီးပိုပြီး သာလေသည်။

လီကျင့်သည် လက်ကိုမြှောက်ကာ အောင့်သက်သက်ဖြင့် နဖူးပေါ်က ချွေးကို သုတ်လိုက်ရတော့၏။

လုမင်ယွိကလဲ မနေနိုင်ဘဲ ရယ်မောမိလေတော့သည်။

....

အပိုင်း (၂၇၆) ၃ရက်မြောက် ရေချိုးမင်္ဂလာ

လုမင်ယွိက သားသမီးတစ်ယောက်စီကို ဘေးကင်းစွာ မွေးဖွားနိုင်ခဲ့ခြင်းက နန်းတော်အတွက် ကြီးမားသော မင်္ဂလာကိစ္စကြီးတစ်ခု ဖြစ်လေသည်။

ယုံးကျားဧကရာဇ်သည် ယမန်နေ့ညက ကျောင်းဖန်နန်းဆောင်တွင် ညအိပ်စက်ခဲ့လေသည်။ ယနေ့မနက် ညီလာခံပြီးသည့်နောက်တွင်လည်း ကျောင်းဖန်နန်းဆောင်သို့ နေ့လယ်စာသုံးဆောင်ရန် ထပ်မံရောက်ရှိလာခဲ့ပြန်သည်။ ဧကရာဇ်နှင့် မိဖုရားခေါင်တို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး မျက်နှာပေါ်က အပြုံးရိပ်များကလဲ ရပ်တန့်သွားခြင်းမရှိချေ။

"မနက်ဖြနိ ကလေးနှစ်ယောက်ရဲ့ ၃ရက်မြောက်ရေချိုးမင်္ဂလာပွဲ ရောက်ပြီလေ" ချောင်မိဖုရားခေါင်က ပြုံးကာပြောလိုက်လေသည်။ "ချန်ချဲ့က အဘွားတစ်ယောက်အနေနဲ့ မြေးတော်လေးနဲ့ မြေးမတော်လေးတို့အတွက် လက်ဆောင်တွေ ပြင်ဆင်ထားပြီးပါပြီ။ အရှင်မင်းကြီး အလုပ်ရှုပ်နေတယ်ဆိုရင်တော့ သီးသန့်လက်ဆောင်တွေ ချီးမြှင့်နေစရာ မလိုတော့ပါဘူး"

ယုံးကျားဧကရာဇ်က ချက်ချင်းပင် ရယ်မောကာ ပြောလိုက်လေသည်။ "ကျန်း ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ ဒီကိစ္စကိုတော့ မေ့လို့မဖြစ်ဘူးလေ"

ပထမမင်းသားအိမ်တော်က ထန်အာသည် မယားငယ်မှ မွေးဖွားလာသူဖြစ်ပြီး မွေးမိခင်ကလဲ မျိုးရိုးနိမ့်ပါးသူဖြစ်လေသည်။

ဒီကလေးနှစ်ယောက်ကတော့ ကွာခြားလေသည်။ တရားဝင်ဇနီးမှ မွေးဖွားလာသည့် သားသမီးအရင်းများ ဖြစ်ကြပြီး ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက် အမြွှာပူးများလည်း ဖြစ်ကြသည်။

ယုံးကျားဧကရာဇ်သည် တရားဝင်မြေးတော်လေးနှင့် မြေးမတော်လေးကို ရရှိလိုက်သဖြင့် စိတ်နှလုံးရွှင်လန်းနေပြီး စဥ်းစားကာ ထပ်ပြောလိုက်လေ၏။ "ကျန်း သေချာလေး စဥ်းစားကြည့်ရအုံးမယ်။ သူတို့မောင်နှမနှစ်ယောက်အတွက် နာမည်ကောင်းကောင်း လေးနှစ်ခုလောက် ပေးမှဖြစ်မယ်"

ချောင်မိဖုရားခေါင်သည် ဆင်းရဲဒုက္ခရောက်ပြီးနောက် ချမ်းသာသု ခရောက်လာပြဖြစ်သဖြင့် ဝမ်းသာပီတိဖြစ်နေကာ မျက်ခုံးများ ပြေလျော့ကာ ကွေးညွှတ်နေတော့သည်။ "မြေးတော်ရဲ့မျိုးဆက်က ဝမ်ဆိုတဲ့စကားလုံး ပါရမယ်။ ပထမမင်းသားရဲ့ သားအကြီးဆုံးက နာမည်တစ်လုံးတည်း ထန်လို့ ပေးထားတာ။ သူတို့မောင်နှမ အလှည့်ကျရင်တော့ ဝမ်စကားလုံးပါတဲ့ စာလုံးမျိုးပဲပေးရမှာ"

ယုံးကျားဧကရာဇ်သည် စိတ်ဝင်စားလာသဖြင့် စာရေးကိရိယာများ ယူဆောင်လာရန် အမိန့်ပေးလိုက်လေသည်။

ဧကရာဇ်နှင့် မိဖုရားခေါင်တို့သည် ကလေးနာမည်အတွက် အချိန်ကြာမြင့်စွာ တိုင်ပင်ဆွေးနွေးပြီးနောက်မှ နာမည်တစ်ခုကို အတည်ပြုနိုင်ခဲ့ကြလေသည်။

မြေးတော်လေးကို လီရွှီဟု အမည်ပေးလိုက်ပြီး မြေးမတော်လေးကိုတော့ လီရွှမ်းဟု အမည်ပေးလိုက်ကြသည်။

ငယ်နာမည်လေးများ ရရှိသွားကြပြီး တစ်ယောက်ကို ရွှီအာ နောက်တစ်ယောက်ကို ရွှမ်းအာဟု ခေါ်ဝေါ်ကြလေသည်။

...

၃ရက်မြောက် ရေချိုးမင်္ဂလာပွဲနေ့တွင် ဧကရာဇ်နှင့်မိဖုရားခေါင်တို့၏ များပြားလှသော ဆုလာဘ်များသည် ဒုတိယမင်းသား အိမ်တော်သို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာခဲ့ကြလေသည်။ ထို့အပြင် ထူထဲလေးလံသည့် သက်ရှည်ရွှေသော့ခလောက်ကြီးနှစ်ခုလဲ ပါဝင်လေသည်။ တစ်ခုပေါ်တွင် ရွှီဟုထွင်းထားပြီး နောက်တစ်ခုပေါ် တွင်တော့ ရွှမ်းဟု ထွင်းထားသည်။

အဘိုးဖြစ်သူက မြေးတော်လေးနှင့် မြေးမတော်လေးတို့ကို နာမည်ပေးခြင်းမှာလည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စပင်။

လုမင်ယွိသည် သက်ရှည်ရွှေသော့ခလောက်နှစ်ခုကို သားနှင့်သမီးထံတွင် အသီးသီး ဆင်းမြန်းပေးလိုက်၏။ ရွှေသော့ခလောက်လေးများသည် လေးလံနေသဖြင့် ကလေးများ၏ နူးညံ့သည့်လည်ပင်းပေါ်တွင် ဝတ်ဆင်ထားရသည်မှာလည်း သက်တောင့်သက်သာ မရှိလှပေ။ သို့သော်ငြား ဒါသည် ဧကရာဇ်မင်းမြတ် ချီးမြှင့်ထားခြင်းဖြစ်သဖြင့် တကြိမ်တော့ ဝတ်ဆင်ထားရမည်ဖြစ်ပြီး လူအများကို ကြည့်ရှုခွင့်ပေးရပေမည်။

အဒေါ်ဖြစ်သူ ဟွေ့အန်းကုန်းကျူကလဲ ကလေးများအတွက် ရွှေသော့ခလောက် လက်ကောက်နှင့် ခြေကျင်းများကို သေချာပြင်ဆင်ပေးလိုက်ပြီး အားလုံးကလဲ ရွှေအစစ်များဖြစ်ကာ အလေးချိန်လဲ စီးလေသည်။

လုမင်ဖန်း၊ လုမင်ဟွားနှင့် တခြားသူများကလဲ တန်ဖိုးကြီးမားသည့် လက်ဆောင်များကို ပြင်ဆင်ထားကြလေသည်။

ပထမမင်းသားကြင်ရာတော်နှင့် မုန့်ယွင်လော်တို့သည်လဲ ယနေ့တွင် ရောက်ရှိလာကြ၏။ ယောင်းမနှစ်ယောက်သည် အမြွှာပူး မောင်နှမလေးများကိုကြည့်ရင်း မနာလိုဝန်တိုစိတ်များကြောင့် မျက်လုံးများပင် နီရဲလာကြတော့သည်။

သို့သော်ငြား စိတ်ထဲတွင် မည်မျှပင် မကျေနပ်ဖြစ်နေ မနာလိုပါစေ မျက်နှာပေါ်တွင်တော့ ဖုံးကွယ်ထားရပြီး တခြားသူများ ရိပ်မိသွားအောင် လုပ်လို့လည်း မဖြစ်ချေ။

ပထမမင်းသားကြင်ရာတော်က ကလေးများ၏ ရုပ်ရည်ချောမောပုံကို ချီးကျူးလေသည်။

မုန့်ယွင်လော်သည် မနာလိုဝန်တိုစိတ်ကို သည်းခံရင်း တစ်ခါလောက်တော့ ချီးကျူးလိုက်လေ၏။ လိုရင်းကို ပြောရမည်ဆိုလျှင်ဖြင့် လူတိုင်း၏မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်နှက်နေကြတော့သည်။

ချောင်ဝမ်သည်လဲ ယနေ့တွင် ဂုဏ်ပြုရန် ရောက်ရှိလာခဲ့လေသည်။

လုမင်ယွိ ကလေးမွေးဖွားပြီးသည်မှာ ရက်ပိုင်းလေးသာရှိသေးသဖြင့် ဂုဏ်ပြုရန် ရောက်လာကြသူအများစုမှာ ကလေးကိုသာ ကြည့်ရှုကြခြင်းဖြစ်သည်။ လုမင်ယွိ၏ အိပ်ဆောင်တွင်းသို့ ဝင်ရောက်နိုင်သူမှာ ရင်းနှီးကျွမ်းဝင်သူများသာ ဖြစ်လေသည်။

ချောင်ဝမ် ရောက်လာကြောင်းသိလိုက်ရသည်တွင် လုမင်ယွိက ချီယွင်ကို အထူးတလည် မှာကြားလိုက်၏။ "ချောင်ပြောင်မေ့ကို ဒီဘက်လာခဲ့ဖို့ ဖိတ်လိုက်ပါ"

ချောင်ဝမ်သည် လက်ထပ်ပြီးနောက် ခင်ပွန်းသည်နှင့် စိတ်သဘောထားချင်း တိုက်ဆိုင်ကာ နေရသည်မှာ တော်တော်လေး အဆင်ပြေနေပုံရ၏။ နူးညံ့သိမ်မွေ့သည့် မျက်နှာလေးပေါ်တွင် တည်ငြိမ်ရင့်ကျက်သည့် အပြုံးလေးတစ်ခု ပေါ်ထွက်နေလေသည်။ "ထိုက်ဇီဖေးကို ဂုဏ်ပြုပါတယ်။ သားသမီးရတနာနှစ်ယောက်လုံး ပိုင်ဆိုင်ရပြီနော်"

လုမင်ယွိကလဲ ပြုံးလိုက်လေသည်။ "ဒီမှာ အပြင်လူတွေရှိနေတာမှ မဟုတ်တာ။ ပြောင်ကျဲလို့ပဲ ခေါ်ပါ"

ချောင်ဝမ်က နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်ပြီး လျင်မြန်စွာဖြင့် အခေါ်အဝေါ်ကို ပြောင်းလဲလိုက်လေသည်။ "ပြောင်ကျဲရဲ့ မျက်နှာအဆင်းက ကျွန်မ ထင်ထားတာထက် အများကြီး ပိုကောင်းနေတာပဲ"

လုမင်ယွိသည် ၂ရက်လောက်အနားယူပြီးနောက်တွင် သိပ်ပြီး အားနည်းနေခြင်းမရှိတော့ဘဲ စကားပြောရာတွင်လည်း အားအင်ပြည့်ဝလာခဲ့သည်။ "ဒီ၂ရက်လုံး အိပ်ပဲအိပ်နေတာလေ အားပြန်ပြည့်တာမြန်တာပေါ့"

ချောင်ဝမ်သည် ကလေးများကို တွေ့မြင်ခဲ့ပြီးဖြစ်သဖြင့် ပြုံးကာ ချီးကျူးပြောဆိုလိုက်၏။ "ကလေးနှစ်ယောက်လုံးက ချစ်စရာကောင်းလိုက်တာ။ ပြီးတော့ မျက်နှာသွင်ပြင်တွေကလဲ တစ်ပုံစံတည်းပဲနော်။ ဘယ်သူက အစ်ကို၊ ဘယ်သူက ညီမလေးဆိုတာတောင် ခွဲလို့မရဘူး"

အမြွှာချင်း ဒီလောက်တူညီကြသည်မှာလည်း အလွန်ရှားပါးလှလေသည်။

ဂုဏ်ပြုစကားပြောပြီးနောက်တွင် ချောင်ဝမ်က ရှက်သွေးဖြာကာ လေသံတိုးတိုးဖြင့် ပြောလာလေသည်။ "ကျွန်မမှာလဲ ကိုယ်ဝန်ရှိနေပြီ။ ရက်ကနည်းနေသေးတော့ အသံမထွက်သေးတာ"

သူမသည် ဖန်းမိသားစုသို့ဝင်ရောက်ပြီး နှစ်ဝက်အကြာတွင် ကိုယ်ဝန်ရရှိလာခြင်း ဖြစ်၏။ ယောက္ခမများကလဲ အလွန်ပျော်ရွှင်နေကြပြီး ခင်ပွန်းသည်ကလဲ သူမအပေါ် ပိုပြီးဂရုစိုက် ကြင်နာလာခဲ့လေသည်။

လုမင်ယွိသည် ချောင်ဝမ်အတွက် စိတ်ရင်းဖြင့် ဝမ်းသာမိလေ၏။ "ကိုယ်ဝန်ကို ကောင်းကောင်းဂရုစိုက်နော်။ ကောင်းမွန်တဲ့နေ့ရက်တွေက နောက်မှာ ကျန်နေပါသေးတယ်"

ချောင်ဝမ်၏ မျက်ခုံးများက ပြေလျော့သွားပြီး မျက်ဝန်းထဲတွင်လည်း ပျော်ရွှင်နေသည့်အရိပ်များ လင်းလက်သွားတော့၏။ သူမက လုမင်ယွိကို လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ပြောင်ကျဲကို မဖုံးကွယ်ဘဲ ပြောရရင် ကျွန်မ လက်ထပ်တဲ့နေ့တုန်းက ပြောင်ကျဲက လုပ်ကြံတဲ့သူတွေနဲ့ တွေ့ခဲ့ရတယ်လေ။ ကျွန်မ စိတ်ထဲမှာတော်တော်လေး ခံစားလိုက်ရတာ"

"အခု ပြောင်ကျဲက ကလေးနှစ်ယောက်ကို ဘေးကင်းကင်းနဲ့ မွေးဖွားနိုင်ခဲ့ပြီဆိုတော့ ကျွန်မလဲ စိတ်အေးသွားပါပြီ"

"ဘာကြောင့်မှန်းမသိပေမဲ့ ကျွန်မမှာ ထူးဆန်းတဲ့ခံစားချက်တစ်ခု အမြဲတမ်းရှိနေတယ်။ မမြင်နိုင်တဲ့ ကံတရားတစ်ခုတည်းမှာ ကျွန်မက တခြားမတူညီတဲ့ဘဝတစ်ခု ရှိခဲ့ဖူးသလိုပဲ။ အခု ဖြတ်သန်းနေရတဲ့နေ့ရက်တွေက အိမ်မက်တစ်ခုလိုပဲ။ ကိုယ်ဝန်ရှိလာပြီးမှပဲ စိတ်ထဲမှာလုံခြုံပြီး စိတ်ချလက်ချ ဖြစ်သွားတော့တယ်"

တကယ့်ကို ဖြူစင်ရိုးသားပြီး စိတ်ထားနူးညံ့ကာ အကင်းပါးသည့် အမျိုးသမီးလေးပင်။

လုမင်ယွိသည် စိတ်ထဲတွင် ကြိတ်ပြီးသက်ပြင်းချလိုက်ကာ ချောင်ဝမ်၏ လက်ကို ဆုပ်ကိုင်ထားလိုက်လေသည်။ "ဒါဆိုရင်တော့ ပိုပြီးတောင် ကောင်းကောင်း နေထိုင်ရအုံးမယ်။ ချစ်စရာကောင်းတဲ့ သားသမီးလေးတွေ မွေးဖွားပြီး ခင်ပွန်းသည်နဲ့အတူ ဆံဖြူသွားကျိုးတဲ့အထိ ချစ်ချစ်ခင်ခင် ပေါင်းသင်းသွားရမယ်။ ဒါမှ ဒီဘဝမှာ နေပျော်မှာ"

ချောင်ဝမ်ကလဲ ပြုံးကာပြန်ဖြေလိုက်၏။ "ပြောင်ကျဲကို ကျေးဇူးတင်ပါတယ်။ ကျွန်မလဲ ဒီလိုပဲစိတ်ရင်းအမှန်နဲ့ မျှော်လင့်ပါတယ်"

အပျိုဖော်ဝင်စအရွယ်ကတည်းက သူမသည် လီကျင့်အပေါ် စိတ်ဝင်စားခဲ့ဖူးလေသည်။ နှစ်ပေါင်းများစွာက သံယောဇဥ်များသည် နောက်ဆုံးတွင်တော့ အပြီးတိုင်ဖြတ်တောက်နိုင်ခဲ့ပြီး အတိတ်တွင်သာ ကျန်ရစ်ခဲ့တော့၏။

...

ဒီနေ့တွင် ဂုဏ်ပြုရန်ရောက်ရှိလာကြသည့် အမျိုးသမီး ဧည့်သည်တော်များသည် ခန့်မှန်းထားသည်ထက် နှစ်ဆလောက် ပိုများနေတော့သည်။

မြို့တော်က အရာရှိအပေါင်းတို့သည် ရာထူးကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အိမ်တော်သို့လာရောက်ကာ လက်ဆောင်များ ပေးပို့ကြလေသည်။ ဒုတိယမင်းသားအိမ်တော်အတွင်းသို့ ဝင်ရောက်ကာ မင်္ဂလာအရက် သောက်သုံးနိုင်သူများမှာ ညီလာခံတွင် နေရာတနေရာရထားသည့် အရေးပါသောအမတ်ကြီးများသာ ဖြစ်ကြလေသည်။

လီကျင့်က အရက်မသောက်နိုင်သည်မှာလည်း လျှို့ဝှက်ချက် မဟုတ်ချေ။ အရက်ခွက်အနည်းငယ် ကုန်သွားသည်နှင့် အရက်တိုက်သူ အရက်ခွက် မြှောက်သူများလဲ နည်းပါးသွားတော့သည်။ ပထမမင်းသားသည် မနာလိုဝန်တိုစိတ်ကို သည်းခံရင်း ပြုံးကာ ခွက်ကို မြှောက်လိုက်လေသည်။ "ထိုက်ဇီက သားသမီးနှစ်ယောက်လုံး ပိုင်ဆိုင်ခဲ့ပြီဆိုတော့ ငါက အစ်ကိုတစ်ယောက်အနေနဲ့ ထိုက်ဇီအတွက် ဝမ်းသာပါတယ်။ ထိုက်ဇီကို ဂုဏ်ပြုပြီး တစ်ခွက်သောက်ပါ့မယ်"

လီကျင့်ကလဲ ပြုံးကာပြန်ဖြေလိုက်၏။ "သာ့ကောကို ကျေးဇူးတင်ပါတယ်"

ခွက်ထဲကအရက်ကို အားရပါးရ မော့သောက်လိုက်တော့သည်။

လီဟောက်ကလဲ ခွက်ကိုမြှောက်ကာ ဂုဏ်ပြုလိုက်လေသည်။ "အာ့ကောကို ဂုဏ်ပြုပါတယ်"

အစတုန်းက ဒါတွေအားလုံးက သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်သင့်တာ။ ဒီလိုချစ်စရာကောင်းတဲ့ သားသမီးနှစ်ယောက်ကလဲ သူ့ရဲ့သားသမီးတွေပဲ ဖြစ်သင့်တာ။

လီကျင့်၏ တောက်ပသောမျက်လုံးများသည် လီဟောက်နှင့် ဆုံဆည်းသွားပြီး လီဟောက်၏ စိတ်ထဲက အနက်ရှိုင်းဆုံးတွင် ဖုံးကွယ်ထားသည့် မကျေနပ်ချက်များကို ထိုးဖောက်မြင်ယောင်နေသကဲ့သို့ပင်။ စကားနာထိုးသည့် အဓိပ္ပါယ် ပါပါဖြင့် ပြန်ပြောလိုက်လေသည်။ "ရှောင်ယွိကို လက်ထပ်ရတာ အစ်ကို့ရဲ့အရင်ဘဝကပြုခဲ့တဲ့ ကုသို့လ်ကံကြောင့် ဖြစ်မှာပါ။ စန်းတိတို့လင်မယားလဲ အဆင်ပြေကြပြီး သားတစ်ယောက် မြန်မြန်ရပါစေလို့ ဆုတောင်းပေးပါတယ်"

လီဟောက်သည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ခွက်ထဲကအရက်ကို တရှိန်ထိုး မော့သောက်လိုက်လေတော့သည်။ အရက်သည် ပါးစပ်ထဲသို့ ဝင်ရောက်သွားသော်ငြားလည်း ခါးသက်သက်အရသာသာ ကျန်ရစ်လေတော့၏။

စတုတ္ထမင်းသား၏ ပွဲကြည့်ရသည်ကိုနှစ်သက်သော အကျင့်စရိုက်ကတော့ နည်းနည်းလေးမှ မပြောင်းလဲသေးချေ။ မျက်လုံးတစ်စုံက ဟိုဒီဝေ့ဝဲကာ အကဲခတ်နေတော့သည်။

လီကျင့်က စတင်ကာ ခွက်ကိုမြှောက်လိုက်ပြီး ပြုံးကာပြောလိုက်လေ၏။ "ဒီနှစ်က မင်္ဂလာကိစ္စတွေ ဆက်တိုက်ပဲ နောက်ရက်အနည်းငယ်ကြရင် စစ်တိရဲ့ မင်္ဂလာပွဲလည်း ရောက်တော့မယ်"

စတုတ္ထမင်းသားက စိတ်လက်ပေါ့ပါးစွာ အရက်သောက်လိုက်ပြီး မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လေး လုပ်ပြကာ ပြောလိုက်လေသည်။ "အာ့ကောကို မဖုံးကွယ်ဘဲပြောရရင် ကျွန်တော်က ဒီနေ့ကိုမျှော်နေတာ ကြာလှပါပြီ။ ကျွန်တော်လဲ နန်းတော်ထဲကထွက်ပြီး ကိုယ်ပိုင်မင်းသားအိမ်တော်မှာ နေရတော့မယ်"

ပထမမင်းသားက ရယ်မောလိုက်ပြီး စကားတစ်ခွန်း ဝင်ပြောလိုက်လေသည်။ "မင်းက မင်းသားအိမ်တော်ကို ပြောင်းရွှေ့ပြီးတာနဲ့ ထိုက်ဇီနဲ့ ထိုက်ဇီဖေးတို့ကလဲ မကြာခင် အရှေ့နန်းဆောင် (အိမ်ရှေ့စံနန်းဆောင်)ကို ပြောင်းရွှေ့ရတော့မှာ"

သူ့စကားလုံးများထဲတွင် မနာလိုဝန်တိုမှု အရိပ်အယောင်များ ပါဝင်နေတော့၏။

သာဝေ့တိုင်းပြည် တည်ထောင်သည်မှာ မကြာသေးသဖြင့် အနေအထား တော်တော်များများက ယခင်မင်းဆက်များ၏ အလေ့အထများကို ဆက်လက်ကျင့်သုံးရလေသည်။ ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့သည် အရှေ့နန်းဆောင်တွင် နေထိုင်ကြရမည်ဖြစ်သည်။ ဒါကလဲ ထိုက်ဇီနှင့် တခြားမင်းသားများ၏ မတူညီသည့် မြင့်မားသောအဆင့်အတန်းကို ပြသနေခြင်းပင်။

မယားငယ်မှ မွေးဖွားသော သားများကို ခွဲထုတ်လိုက်ပြီး အိမ်မှုကိစ္စများကို ဆက်ခံမည့်သားကတော့ မိဘများနှင့်အတူ ဘိုးဘွားပိုင်အိမ်တွင် နေထိုင်ရသည်မှာ သဘာဝပင်။

ဒီစည်းမျဥ်းသည် တော်ဝင်မိသားစုအတွက်လည်း အတူတူပင် အကျုံးဝင်လေသည်။

အရှေ့နန်းဆောင်သို့ ဝင်ရောက်နေထိုင်မှသာ တရားဝင် အရှေ့နန်းဆောင် အုပ်ချုက်ရေးရုံးကို ဖွင့်လှစ်နိုင်လိမ့်မည်။ လူစုဆောင်းခြင်း ... မဟုတ်သေး... ညီလာခံအမတ်များကို အရှေ့နန်းဆောင်တွင် တာဝန်ထမ်းဆောင်ရန် ရွေးချယ်နိုင်ပေလိမ့်မည် ...

လီကျင့်ကတော့ ပေါ့ပေါ့ပါးပါးသာ ပြုံးလိုက်လေ၏။ "ဒါကတော့ လောစရာမလိုပါဘူး။ ကိစ္စရပ်အားလုံးက ဖုဟွမ်က စီစဥ်ထားတဲ့အတိုင်းပါပဲ"

...

All Chapters