← Chapters

အခန်း (၂၈၀-၂၈၂)

Vol. 19 Ch. 280-282

အခန်း (၂၈၀-၂၈၂)

Vol. 19 Ch. 280-282

အပိုင်း (၂၈၀) ချစ်ခြင်းမေတ္တာအတွက် ပြိုင်ဆိုင်ခြင်း (၂)

စူးဖေး၏ ရယ်မောစရာဖြစ်ရပ်သည် မကြာခင်မှာပင် ချောင်မိဖုရားခေါင်၏ နားထဲသို့ ရောက်ရှိသွားလေသည်။ ခေါင်မိဖုရားခေါင်လို တည်ငြိမ်လေးနက်စွာ နေထိုင်တတ်သူပင်လျှင် အားရပါးရ ရယ်မောမိသွားလေသည်။

စူးဖေးသည် လှပသောမျက်နှာနှင့် ယောက်ျားများကိုပြုစုတတ်သည့် အတတ်ပညာကို အားကိုးကာ အနည်းငယ်မျက်နှာသာပေးခံရသူ ဖြစ်လေသည်။ ယခုတစ်ကြိမ်တွင်တော့ ပါးဖြတ်ရိုက်ခံလိုက်ရသလို အရှက်ကွဲသွားလေသည်။

သခင်မက စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် ချိုင်လန်သည်လဲ ပျော်ရွှင်နေသည့် လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ကြားတာတော့ အရှင်မင်းကြီးက စူးဖေးကို ဆူပူကြိမ်းမောင်းပြီး ထွက်သွားခိုင်းလိုက်တယ်တဲ့ စူးဖေးရဲ့ မျက်နှာက နီတစ်လှည့်ဖြူတစ်လှည့်နဲ့ ဘယ်လောက်တောင် ကြည့်ရဆိုးနေမလဲ မသိဘူး။ စူးဖေးရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် သန်းခေါင်ယံအချိန်အထိ ငိုကြွေးနေမှာ သေချာတယ်"

ချောင်မိဖုရားခေါင်က အေးအေးလူလူပင် ပြောလိုက်လေသည်။ "ဝမ်မေရန်က တက်ကြွလန်းဆန်းပြီး စိတ်သဘောထားဖြူစင်တဲ့အပြင် သူတစ်ပါးစိတ်ကို နားလည်ပေးတတ်တယ်။ ပန်ကုံးသာ အရှင်မင်းကြီးဆိုရင်လည်း ဝမ်မေရန်ကိုပဲ ပြုစုခိုင်းမှာပဲ"

အနောက်နန်းဆောင်တွင် သားရှိသောမိဖုရားတိုင်းသည် ကိုယ်ပိုင်အကြံအစည်လေးများ ရှိကြလေသည်။ ယုံးကျားဧကရာဇ်က အလုပ်များပြီး ပင်ပန်းနွမ်းနယ်နေချိန်တွင် ချင်ဖေးနှင့်စူးဖေးတို့၏ စိတ်ကိုခန့်မှန်းမိရန် အချိန်မရှိချေ။ သေချာပေါက် စိတ်ကျေနပ်မှုပေးနိုင်မည့် အချစ်ပန်းပွင့်လေးကိုသာ ရှာဖွေနေတော့မည်။

ချိုင်လန်က ပြုံးကာထောက်ခံလိုက်၏။ "ဟွမ်ဟုပ်ညန်ညန်ပြောတာ မှန်ပါတယ်" ခဏလောက်ရပ်ပြီးနောက် လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်လေသည်။ "ဝမ်မေရန်က ဒီလောက်အချစ်ခံနေရတာ မထင်မှတ်ထားဘူး ဟွမ်ဟုန်ညန်ညန်က သူ့ကို တားဆေးတွေ တိုက်သင့်သလား"

နန်းတော်ထဲတွင် မင်းသားများအလုံအလောက် ရှိနေပြီဖြစ်၏။ နောက်ထပ်မင်းသားငယ်တစ်ပါး ထပ်မံမွေးဖွားလာရန် မလိုအပ်တော့ပေ။

တခြားမိဖုရားများကိုတော့ ထားလိုက်ပါတော့ ဝမ်မေရန်သည် ချောင်မိဖုရားကိုယ်တိုင် မြှောက်စားထားသူဖြစ်သဖြင့် တိတ်တဆိတ် တားဆေးတွေတိုက်ကျွေးထားခြင်းက နောင်တစ်ချိန်တွင် ထိန်းချုပ်ရန် လွယ်ကူစေသည်။

ချောင်မိဖုရားခေါင်က ခဏလောက် နှုတ်ဆိတ်နေလိုက်ပြီးမှ တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။ "မလိုပါဘူး"

ချိုင်လန်သည် ချောင်မိဖုရားခေါင်၏ ယုံကြည်စိတ်ချရသူဖြစ်သဖြင့် သစ္စာရှိစွာ အကြံပြုလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန် ဝမ်မေရန်က အခုလောလောဆယ်တော့ ဟွမ်ဟုပ်ညန်ညန်ကို ရိုသေလေးစားပြီး နာခံနေပုံရပါတယ်။ ဒါပေမဲ့ လူစိတ်ဆိုတာ ကြာလာရင် ပြောင်းလဲတတ်ပါတယ်။ တကယ်လို့ သူက အရှင်မင်းကြီးရဲ့ အချစ်ကိုရပြီး ဘဝင်မြင့်ပြီး သစ္စာဖောက်ချင်စိတ်ဖြစ်လာရင် နောက်ပိုင်း မင်းသားလေးတစ်ပါး မွေးဖွားလာခဲ့ရင် ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီအတွက် အနှောက်အယှက် ဖြစ်လာနိုင်ပါတယ်"

ချောင်မိဖုရားခေါင်က ပြန်ပြောလိုက်လေသည်။ "ဝမ်မေရန် တစ်ယောက်တည်းနဲ့ မုန့်ဖေးကို ဘယ်လိုလုပ်ပြီး အပြီးတိုင် ဖိနှိပ်ထားနိုင်မှာလဲ။ ပန်ကုံးကတော့ သူကိုယ်ဝန်ရှိလာပြီး အနောက်နန်းဆောင်မှာ နေရာခိုင်မြဲသွားဖို့ မျှော်လင့်တယ်။ ဒါမှ မုန့်ဖေးအတွက် ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်လာမှာ"

.ထိုက်ဇီက အရွယ်ရောက်နေပြီ သားသမီးနှစ်ယောက်တောင် ရနေပြီ။ ဝမ်မေရန်က အခုနေ ကိုယ်ဝန်ရှိရင်တောင်မှ မွေးလာမဲ့ကလေးက အရွယ်ရောက်ဖို့ ၁၀နှစ်ကျော်လောက်ကြာအုံးမှာ ထိုက်ဇီအတွက် ဘာခြိမ်းခြောက်မှုမှ မရှိနိုင်ပါဘူး"

ချိုင်လန်သည် ဆက်ပြီးစကားမပြောတော့ဘဲ ချောင်မိဖုရားခေါင်ကို အဝတ်အစားလဲပေးပြီး အိပ်ရာဝင်ရန် ပြုစုပေးလိုက်တော့၏။

...

နောက်တနေ့တွင် ချင်ဖေးသည် ကျောင်းဖန်နန်းဆောင်သို့ ဂါရဝပြုရန်လာရောက်ပြီး နန်းဆောင်အပြင်ဘက်တွင် ခဏလောက် စောင့်ဆိုင်းနေလိုက်၏။ စူးဖေးရောက်လာသည်အထိ စောင့်ဆိုင်းပြီးမှ ချင်ဖေးသည် လက်ဖြင့်ပါးစပ်ကိုအုပ်ကာ ပြုံးလိုက်လေသည်။ "စူးဖေး မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား"

စူးဖေး "..."

စူးဖေးသည် မနေ့ညက တစ်ညလုံး ငိုကြွေးခဲ့ရသဖြင့် ဒီနေ့မနက်တွင် မျက်လုံးကိုရေခဲကပ်ပြီး မျက်နှာချေ ထူထူလိမ်းကာ ဖုံးကွယ်ထားရလေသည်။ သို့သော် ရောက်လာသည်နှင့် ချင်ဖေး၏ စကားနာထိုးခြင်းကို ခံလိုက်ရ၏။

စူးဖေးသည် ခေါင်းကို မတ်မတ်ထားလိုက်ပြီး တည်ငြိမ်ချင်ယောင်ဆောင်ကာ ပြန်ဖြေလိုက်တော့သည်။ "မနေ့ညက နောက်ကျမှအိပ်ဖြစ်လို့ မျက်နှာလေးနည်းနည်း ညှိုးနွမ်းနေတာပါ။ ဒီနေ့ မျက်နှာချေလိမ်းတာကြာသွားလို့ နောက်ကျသွားတာပါ"

ချင်ဖေးကလဲ ဆိုးညစ်စွာဖြင့် ပြုံးလိုက်လေသည်။ "ဘယ်သူတွေ အတင်းပြောပြီး ကောလာဟလလွှင့်နေလဲ မသိပါဘူး။ စူးဖေးက မနေ့ညက ပါးလွှာတဲ့နွေဦးဝတ်စုံကိုဝတ်ပြီး နန်းတော်တံခါးဝမှာ အရှင်မင်းကြီးကို စောင့်နေတယ်ဆိုပဲ"

"ဘယ်သူက ထင်ထားမှာလဲ။ အရှင်မင်းကြီးက နည်းနည်းလေးမှ မသနားဘဲ ဆူပူကြိမ်းမောင်းလိုက်မယ်လို့လေ။ အို ... ကျွန်မ ဒီသတင်းကြားတုန်းက နည်းနည်းလေးမှ မယုံပါဘူး။ အနောက်နန်းဆောင်ထဲက မိဖုရားတစ်ပါးအနေနဲ့ ဘယ်လိုလုပ်ပြီး ဒီလိုပေါ့ပျက်တဲ့အပြုအမူမျိုး လုပ်နိုင်မှာလဲ"

စူးဖေးသည် ဓားဖြင့် တစ်ချက်ပြီးတစ်ချက် အထိုးခံနေရသလို ရင်ဘတ်မှာ နာကျင်နေရသော်ငြား အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ထားရလေသည်။ "ဟုတ်တာပေါ့။ ဘယ်လို လူယုတ်မာတွေက လျှောက်ပြောနေလဲမသိပါဘူး"

ချင်ဖေးသည် ခပ်တိုးတိုး ရယ်မောလိုက်ပြီး ရှားရှားပါးပါး စူးဖေး၏လက်ကို တရင်းတနှီး လှမ်းချိတ်လိုက်ကာ ကျောင်းဖန်နန်းဆောင်ထဲသို့ အတူဝင်ရောက်သွားလေတော့သည်။

ဝမ်မေရန်သည် စောစောစီးစီး ရောက်နေပြီး ချောင်မိဖုရားခေါင်နှင့် စကားပြောနေလေသည်။ ချင်ဖေးနှင့်စူးဖေးတို့ ရောက်လာသည်နှင့် ဝမ်မေရန်က ချက်ချင်းထပြီး ပြုံးကာဂါရဝပြုလိုက်၏။ "ချင်ဖေးညန်ညန် စူးဖေးညန်ညန်တို့ကို ဂါရဝပြုပါတယ်"

၁၆နှစ်အရွယ် ဝမ်မေရန်သည် မျက်လုံးဝိုင်းဝိုင်း သွားဖြူဖြူနှင့် ကြာပန်းလေးတစ်ပွင့်လို လှပကျော့ရှင်းနေလေ၏။ စူးဖေးသည် မိမိ၏အလှအပကို ယုံကြည်မှုရှိသော်ငြား ငယ်ရွယ်နုပျိုမှု ရှေ့မှောက်တွင်တော့ သူမ၏ အလှတရားက မှေးမှိန်သွားကြောင်းကို ဝန်ခံရပေမည်။

ချင်ဖေးကတော့ ရုပ်ရည်အတော်အသင့်သာရှိသဖြင့် လှပကျော့ရှင်းလှသည့် ဝမ်မေရန်ကိုကြည့်ပြီး ရင်ထဲတွင် မနာလိုဝန်တိုမှုများ ဖြစ်ပေါ်လာလေသည်။ သို့သော်ငြား နှုတ်ကတော့ ပြုံးလျက်ပြောလိုက်လေသည်။ "ဝမ်မေရန် ထပါ ထပါ"

ထို့နောက် ချင်ဖေးနှင့်စူးဖေးတို့သည် ချောင်မိဖုရားခေါင်ကို ဂါရဝပြုလိုက်ကြ၏။

ချောင်မိဖုရားခေါင်သည် ကျန်းမာရေးကောင်းမွန်နေပြီး ပြုံးကာ ပြောလိုက်လေသည်။ "ထကြပါ။ အားလုံးထိုင်ပြီး စကားပြောကြတာပေါ့!"

သုံးဦးသားသည် ထိုင်လိုက်ကြပြီးနောက်တွင် ချောင်မိဖုရားခေါင်က သွယ်ဝိုက်သောနည်းဖြင့် သတိပေးစကားပြော လာသည်ကို ကြားလိုက်ရလေသည်။ "တိုင်းပြည်ရေးရာတွေက မငြိမ်သက်ဘူး။ ကိစ္စတွေက တစ်ခုပြီးတစ်ခုဖြစ်နေတာ အရှင်မင်းကြီးက နေ့တိုင်း နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်များပြီး ပင်ပန်းနေရတာ။ အနောက်နန်းဆောင်ကို ရောက်လာရင် နူးညံ့သိမ်မွေ့တဲ့အဖော်မွန်ကိုပဲ လိုအပ်တာ။ မင်းတို့အားလုံး ကိုယ့်အကြံအစည်ကို သိမ်းထားပြီး နောက်နောင် အရှင်မင်းကြီးကို ကောင်းကောင်းပြုစုကြပါ"

"အဆင့်အတန်းမရှိတဲ့ နည်းလမ်းတွေကိုသုံးပြီး အချစ်တွေကို မလုကြပါနဲ့။ အရှင်မင်းကြီး စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ကြပါနဲ့။ အပျိုတော်တွေ ကုန်းကုန်းတွေ အရှက်ရအောင် ရယ်စရာဖြစ်အောင်လဲ မလုပ်ကြပါနဲ့။ အပြင်ကို သတင်းပျံ့နှံသွားရင် တော်ဝင်မိသားစုရဲ့ဂုဏ်သိက္ခာ ဘယ်မှာရှိတော့မှာလဲ။ အနောက်နန်းဆောင်က ဘယ်လိုလုပ်ပြီး မျက်နှာပြရဲတော့မလဲ"

ဒီစကားများက စူးဖေးကို ရည်ရွယ်ကာ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားလေသည်။

စူးဖေး၏ နားရွက်များမှာ ထူပူသွားပြီး ခေါင်းငုံ့ကာ လက်ခံလိုက်ရတော့၏။

ဝမ်မေရန်သည်လဲ စကားမပြောဘဲ ရိုသေစွာလက်ခံလိုက်လေသည်။

ချင်ဖေးကတော့ ဒီအခွင့်ရေးကိုအသုံးချကာ စူးဖေးကို ထပ်မံထိုးနှက်လေတော့သည်။"ဟွမ်ဟုပ်ညန်ညန် စိတ်ချပါ။ ကျွန်မက ငယ်ငယ်ကတည်းက စာပေသင်ကြားခဲ့ပြီး ကျမ်းစာတွေကို ဖတ်ဖူးပါတယ်။ အရှက်အကြောက်ဆိုတာ ဘာလဲဆိုတာ သိပါတယ်"

စာမဖတ်ဖူး အရှက်အကြောက်နည်းသူမှာ စူးဖေးပင် ဖြစ်တော့သည်။

စူးဖေး "..."

စူးဖေးသည် စိတ်ထဲတွင် ချင်ဖေးကို ပြင်းထန်စွာကြိမ်ဆဲလိုက်ပြီး ကြိတ်ကာသည်းခံလိုက်ရတော့၏။

လောလောဆယ်တွင်တော့ သူမသည် ချင်ဖေးကို ရန်မစရဲသေးပေ။

...

ကောင်းသတင်းသည် အိမ်ပြင်မထွက်သော်ငြား ဆိုးသတင်းကတော့ မိုင်ထောင်ချီပျံ့နှံ့သွားလေသည်။

ဒီကိစ္စသည် နန်းတော်ပြင်ပသို့ လျင်မြန်စွာပျံ့နှံ့သွားပြီး မုန့်ယွင်လော်၏ နားထဲသို့ ရောက်သွားလေတော့၏။

မုန့်ယွင်လော်သည် အလွန်အရှက်ရပြီး ဒီလိုအရှက်ခွဲတတ်သော ယောက္ခမမျိုး မရှိလျှင် ကောင်းလေစွဟု တွေးမိလေတော့၏။ သူမသည် လီဟောက်ကို မပြောဘဲမနေနိုင်တော့ပေ။ "အရှင်မင်းသား မူဖေးကို နည်းနည်းလောက် ပြောပြသင့်ပါတယ်။ နန်းတော်ထဲမှာ အနေအထိုင်ဆင်ခြင်ဖို့ ဒီလိုရယ်စရာကိစ္စတွေ မလုပ်ဖို့ပေါ့။ သတင်းတွေ အပြင်ထွက်လာရင် မူဖေးလဲ မျက်နှာပျက်ရသလို အရှင်မင်းသားလဲ သိက္ခာကျရပါတယ်"

လီဟောက်သည် စိတ်ထဲတွင် ဒေါသထွက်နေပြီး မုန့်ယွင်လော်က မိခင်ဖြစ်သူကို အပြစ်ပြောသည်ကို နားထောင်လိုစိတ် မရှိချေ။ သူ၏ ချောမောလှသည့် မျက်နှာထားသည် အနည်းငယ်တည်သွားပြီး "လူငယ်တစ်ယောက်အနေနဲ့ လူကြီးကို ကွယ်ရာမှာဝေဖန်ပြောဆိုတာက ဂုဏ်ယူစရာကိစ္စမှ မဟုတ်တာ"

မုန့်ယွင်လော်သည် ဒေါသထွက်သွားပြီး ချက်ချင်းပင် ပြန်ပြောလိုက်လေသည်။ "လူကြီးက လူကြီးလိုမနေရင် ကျွန်မလို ချွေးမက သည်းခံနေရမှာလား"

ဒီစကားကိုပြောလိုက်မိသည်နှင့် မှားသွားပြီဟု သိလိုက်တော့သည်။

ထင်ထားသည့်အတိုင်းပင်။ လီဟောက်သည် မျက်နှာပျက်သွားပြီး အေးစက်စွာ ပြောလာလေသည်။ "မင်း သည်းမခံချင်ရင် အစကတည်းက ငါ့ကို ဘာလို့လက်ထပ်ခဲ့လဲ"

ထို့နောက်တွင်တော့ လက်ကိုခါယမ်းကာ ထွက်သွားလေတော့သည်။

မုန့်ယွင်လော်မှာ ဝမ်းနည်းပက်လက်ဖြစ်ကာ ငိုကြွေးလိုက်ပြီး အခန်းထဲရှိ ပစ္စည်းများကို ရိုက်ခွဲပစ်လိုက်တော့သည်။

ငိုကြွေးပြီးနောက် ပုံမှန်အတိုင်း ရက်အနည်းငယ်အကြာ စကားမပြောဘဲ နေလိုက်ကြပြန်သည်။

နောက်ဆုံးတွင် မုန့်ယွင်လော်သည် သည်းမခံနိုင်တော့ဘဲ လီဟောက်ကို အရင်ဆုံး တောင်းပန်လိုက်ရတော့၏။ ထို့နောက်တွင်တော့ နန်းတော်ထဲသို့ဝင်ကာ စူးဖေးကို ဂါရဝပြုမည်ဟု ပြောလိုက်မှသာ လီဟောက်ကလဲ ပြန်လည်ပြုံးရွှင်လာတော့သည်။

မုန့်ယွင်လော်သည် နန်းတော်ထဲသို့ ဝင်ရောက်လာပြီး စူးဖေးကို အလိုက်အထိုက် ဆက်ဆံရတော့၏။ စူးဖေး၏ ရယ်စရာကိစ္စကိုတော့ တစ်လုံးမှ မပြောရဲချေ။ သို့သော်ငြား စိတ်ထဲတွင်တော့ ပိုပြီးဝမ်းနည်းလာလေတော့သည်။

လက်ထပ်ပြီး တစ်နှစ်အတွင်း မင်္ဂလာဦးကာလ၏ ချစ်ခင်မြတ်နိုးမှုများသည် ပျောက်ကွယ်သွားခဲ့ပြီး ဇနီးမောင်နှံနှစ်ဦးသည် မကြာခဏ ရန်ဖြစ်နေကြရလေသည်။ ၁၀ကြိမ်တွင် ၉ကြိမ်သည် စူးဖေးကြောင့်ပင် ဖြစ်လေ၏။

လီဟောက်တွင် ကြီးမားသော အပြစ်အနာအဆာ မရှိသလို သူမအပေါ်တွင်လည်း ကောင်းမွန်စွာ ဆက်ဆံပေးပါရဲ့ တစ်ခုတည်းသော အားနည်းချက်မှာ မိဘကို အလွန်ရိုသေကိုင်းရှိုင်းခြင်းပင်။ ယောက္ခမနှင့် ချွေးမ ပြဿနာတတ်တိုင်း သူသည် စူးဖေးဘက်က အမြဲတမ်း ရပ်တည်ပေးလေ့ရှိလေသည်။

ဒီလိုနေ့ရက်များက မွန်းကြပ်ဖွယ်ရာ အလွန် ကောင်းလွန်းလှလေတော့သည်။

...

အပိုင်း (၂၈၁) တလပြည့်

နန်းတွင်းထဲက သတင်းများသည် လုမင်ယွိ၏ နားထဲသို့ ရောက်ရှိလာလေသည်။

စူးဖေး၏ အရှက်ကွဲသည့်ဖြစ်ရပ်ကို ကြားသိရသောအခါ လုမင်ယွိသည် အလွန်ပျော်ရွှင်သွားမိ၏။ ဒီလိုပျော်ရွှင်ဖွယ်ကောင်းသည့် အချိန်တွင် ရွှီအာနှင့်ရွှမ်းအာတို့၏ တလပြည့်သည့်ရက် ရောက်ရှိလာခဲ့လေသည်။

မီးထွက်ပြီးနောက် လုမင်ယွိ ပထမဦးဆုံး လုပ်ဆောင်သည့်အရာမှာ ရေနွေးနွေးထဲတွင် ရေစိမ်ပြီး တစ်ကိုယ်လုံး သန့်စင်အောင် ဆေးကြောခြင်းပင်။ ထို့နောက် အသစ်ချုပ်ထားသော အနီရောင်ဝတ်စုံကို ဝတ်ဆင်လိုက်လေသည်။

မှန်ထဲတွင် မိမိကိုယ်ကို ပြန်ကြည့်လိုက်သောအခါ ခါးသည် တစ်လက်မလောက် ကျဥ်းသွားပြီး ရင်ဘတ်ကတော့ ယခင်က ထက်ပိုပြီး ပြည့်ဖြိုးလာသည်ကို တွေ့လိုက်ရ၏။ မူလကတည်းက အေးစက်ပြီး ခံ့ညားလှသော အလှတရားတွင် ယခုအခါ မိခင်ဖြစ်ပြီးမှ ရရှိလာသော နူးညံ့သိမ်မွေ့မှု အရိပ်အယောင်များ ထပ်ပေါင်းပါဝင်လာခဲ့သည်။

လုမင်ယွိသည် မှန်ထဲက မိမိပုံရိပ်ကိုကြည့်ကာ ပြုံးလိုက်မိလေ၏။

ယခင်ဘဝနှင့်ယှဥ်လျှင် ယခုဘဝတွင် သူမသည် ပိုပြီးသဘောထားကြီးပြီး ပျော့ပျောင်းလာခဲ့သည်။ အရာအားလုံး အဆင်ပြေချောမွေ့နေသဖြင့် သူမ၏ စိတ်ထဲကဒေါသနှင့် ရက်စက်မှုများလဲ လျော့နည်းသွားခြင်းဖြစ်ပေမည်။

ရင်းနှီးကျွမ်းဝင်ပြီးသား လက်မောင်းတစ်စုံသည် သူမကို ပွေ့ဖက်ထားလိုက်၏။ ရင်းနှီးနေသော ခန္ဓာကိုယ်တစ်ခုကလဲ သူမ၏ ကျောပြင်ကို ကပ်လာပြီး ပူနွေးနေသောနှုတ်ခမ်းများက သူမ၏ နားအနောက်သို့ ကျရောက်လာခဲ့သည်။

လုမင်ယွိက တိုးတိုးလေး ရယ်မောလိုက်ပြီး နောက်ကိုအလှည့်တွင် ပူနွေးသောနှုတ်ခမ်းများဖြင့် ဖုံးအုပ်ခြင်းကို ခံလိုက်ရလေသည်။

နှုတ်ခမ်းချင်းထိတွေ့ကာ လျှာချင်းဆက်နွယ်လိုက်သည်နှင့် မီးတောက်များသည် လျင်မြန်စွာ တောက်လောင်လာ လေတော့သည်။

လုမင်ယွိသည် စိတ်လောနေသော အိမ်ရှေ့မင်းသားကို အားမပါဘဲ တွန်းထုတ်လိုက်ကာ "ဒီနေ့ ကလေးတွေ တလပြည့်တဲ့နေ့လေ။ ခဏနေရင် ဧည့်သည်တွေ လာတော့မှာ"

"စောပါသေးတယ်" အိမ်ရှေ့မင်းသား၏ လက်များသည် အလုပ်ရှုပ်နေသလို ပါးစပ်ကလဲ မအားမလပ်ဖြစ်နေပြီး စကားသံများက ဗလုံးဗထွေး ဖြစ်နေတော့၏။ "ကို မြန်မြန်လုပ်လိုက်မယ်။ အလုပ်မပျက်စေရပါဘူး"

သနားစရာကောင်းသော လီကျင့်သည် လုမင်ယွိ ကိုယ်ဝန်ရှိကတည်းက သက်သက်လွတ်စားနေရသကဲ့သို့ အောင့်အီးနေခဲ့ရလေသည်။ မယ်တော်ကြီးကျောက် ပို့ပေးသော မိန်းမလှလေးနှစ်ဦးကိုပင် တစ်ချက်ကလေးမှ မကြည့်ဘဲ ပြန်လွှတ်လိုက်လေသည်။

အချိန်ကြာမြင့်စွာ အောင့်အီးခဲ့ရပြီးနောက် လုမင်ယွိ မီးထွက်မည့်နေ့ကို စောင့်မျှော်ခဲ့သည်ဖြစ်ရာ ယခုအခါ မည်သို့သည်းခံနိုင်ပါတော့မည်နည်း။

...

၂နာရီခန့် ကြာပြီးနောက်တွင် အနည်းငယ် ကျေနပ်သွားသော အိမ်ရှေ့စံမင်းသားနှင့် အိမ်ရှေ့စံကြင်ရာတော်တို့သည် တစ်ဖန်ရေချိုးပြီး အဝတ်အစားလဲ လိုက်ကြပြန်သည်။ အားလုံး ပြင်ဆင်ပြီးချိန်တွင်တော့ ဂုဏ်ပြုရန်ရောက်လာကြသည့် ဧည့်သည်များကလဲ တော်တော်များများ ရှိနေပြီဖြစ်၏။

အစောဆုံးရောက်လာသူမှာ လုမိသားစုဝင်များနှင့် ဟွေ့အန်းကုန်းကျူတို့ ဖြစ်ကြသည်။

ပထမမင်းသားဇနီးမောင်နှံ၊ တတိယမင်းသားဇနီးမောင်နှံ စတုတ္ထမင်းသား၊ ပဥ္စမမင်းသားနှင့် ကျင့်အန်းကုန်းကျူတို့လဲ ရောက်ရှိလာကြသည်။

လီကျင့်သည် လန်းဆန်းတက်ကြွစွာဖြင့် လူအများကို ပြုံးရွှင်စွာ နှုတ်ဆက်လိုက်လေသည်။

လုမင်ယွိ၏ ပါးပြင်သည် ပန်းရောင်သမ်းနေပြီး မျက်ဝန်းများကလဲ ကြယ်ရောင်များကဲ့သို့ တောက်ပနေလေ၏။ ဒီလိုတောက်ပမှုသည် ပထမမင်းသားကြင်ရာတော်နှင့် မုန့်ယွင်လော်တို့၏ စိတ်ထဲတွင် မနာလိုဝန်တိုမှုများ ဖြစ်ပေါ်လာစေတော့သည်။

ဒါသည် ဘဝမှာ အဆင်ပြေချောမွေ့ပြီး ပျော်ရွှင်သော ခင်ပွန်းသည်၏အချစ်ကို အပြည့်အဝရရှိထားသော ယောက္ခမဖြစ်သူ၏ နှိပ်စက်မှုကို မခံရသော အမျိုးသမီးများတွင်သာ ရှိနိုင်သော တောက်ပမှုမျိုးပင်။

အိမ်ထောင်ကျပြီးသား အမျိုးသမီးများသာ နားလည်နိုင်သော ပျော်ရွှင်မှုမျိုး ဖြစ်လေသည်။

စတုတ္ထမင်းသားက ပြုံးကာကျီစယ်ပြီး ပြောဆိုလိုက်၏။ "ကျွန်တော်တို့ ရောက်နေတာကြာလှပြီ။ အာ့ကောနဲ့ အာ့စောင်တို့ အခုမှထွက်လာကြတယ်။ ကျွန်တော်တို့က သူစိမ်းတွေ မဟုတ်လို့ပေါ့။ မဟုတ်ရင် ဧည့်သည်တွေကို နှောက်နှေးစေတယ်ဆိုပြီး အပြစ်တင်ရတော့မှာ"

လီကျင့်ကလဲ မျက်ခုံးပင့်ကာ ပြုံးပြလိုက်လေသည်။ "ငါတို့က နောက်ကျတာ မဟုတ်ပါဘူး မင်းတို့က စောလွန်းနေတာပါ"

ဒီလိုမျက်နှာပြောင်တိုက်သော စကားမျိုးကို လီကျင့်သည် ပြောထွက်လေသည်။

လူအများက ရယ်မောလိုက်ကြ၏။

လီဟောက်ကတော့ လုမင်ယွိကို တိတ်တိတ်လေး လှမ်းကြည့်လိုက်ပြီး အကြည့်ကို မြန်မြန်ပြန်ရုတ်သိမ်းထားလိုက်၏။

မကြာခင်တွင် ရွှီအာနှင့် ရွှမ်းအာတို့ကို ပွေ့ချီကာ ထွက်လာကြ၏။ ယနေ့သည် မောင်နှမနှစ်ယောက်၏ တလပြည့်နေ့ဖြစ်သဖြင့် သူတို့နှစ်ယောက်သည် အဓိကဇာတ်ဆောင်များ ဖြစ်ကြသည်။ ကလေးနှစ်ယောက်စလုံး အနီရောင်ဖဲအင်္ကျီများကို ဝတ်ဆင်ထားပြီး အသားအရေ ဖြူဖွေးနုဖတ်ကာ မျက်နှာသွင်ပြင် ပီပြင်လာသဖြင့် အလွန်ချစ်စရာ ကောင်းလှပေသည်။

လူအများက ဝိုင်းအုံလာကြပြီး ကလေးကိုပွေ့ချီရန် လုယက်နေကြတော့၏။

ဟွေ့အန်းကုန်းကျူကတော့ ခြေမြန်လက်မြန်ပြီး ဗိုလ်ကျတတ်သူဖြစ်သဖြင့် ရွှီအာကို ပွေ့ချီကာ ပြန်မပေးတော့ချေ။

ပထမမင်းသားက ပြုံးကာဖြင့် ပြောလိုက်တော့သည်။ "ဟွမ်ကျဲ ရွှီအာကို များများချီထားပြီး မင်္ဂလာယူထားလိုက်။ သိပ်မကြာခင် သတင်းကောင်း ကြားရမှာပါ"

ဟွေ့အန်းကုန်ကျူသည် စကားနာထိုးခံလိုက်ရသဖြင့် အားမနာဘဲ ပြန်လည်တုံ့ပြန်လိုက်လေသည်။ "ငါ ရွှီအာကို ချီပြီးရင် လျန်ရှီကို ပေးချီလိုက်အုံးမယ်။ ထန်အာရှိတယ်ဆိုပေမဲ့ ကိုယ်ဝန်ဆောင်ပြီး မွေးထားတာမဟုတ်တော့ တစ်လွှာခြားနေသလိုပဲလေ။ ကိုယ်တိုင်မွေးတဲ့ သားအရင်းလေးရှိမှ ကောင်းမှာ"

ပထမမင်းသားကြင်ရာတော် "..."

သူမက ဘာမှဝင်မပြောဘဲ နေတာတောင် မြှားက လာပြီးတော့ ထိမှန်ရသလား။

ပထမမင်းသား၏ အပြုံးမှာ တောင့်တင်းသွားပြီး ဟွေ့အန်းကုန်းကျူ၏ မဲ့ပြုံးပြုံးနေသည့် မျက်လုံးများအောက်တွင် ဝန်ခံလိုက်ရတော့သည်။ "ဟွမ်ကျဲ ပြောတာ မှန်ပါတယ်"

ဟွေ့အန်းကုန်ကျူသည် စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်လေတော့၏။

ပထမမင်းသားက အရင်လိုအခြေအနေမျိုး ထင်နေတုန်းလား။

မုန့်ဖေးသည် နန်းဆောင်ထဲတွင် လအနည်းငယ်ကြာ ပိတ်လှောင်ခံထားရပြီး အနောက်နန်းဆောင်တွင် အချစ်တော် ဝမ်မေရန် ပေါ်လာခဲ့ပြီး လီကျင့်က အိမ်ရှေ့စံဖြစ်လာသဖြင့် ပထမမင်းသားသည် အရောင်မှိန်သွားခဲ့လေပြီ။ မလိမ်မာဘဲ ခုန်ပေါက်ချင်နေသေးလျှင်တော့ သူမကလဲ သည်းခံနေမည် မဟုတ်ပေ။

လုမင်ယွိက ထိုအခြေအနေကိုကြည့်ပြီး ပြုံးလိုက်မိတော့၏။

ယခင်က သူမသည် အမြဲတမ်း ရှေ့ဆုံးမှရပ်တည်ပေးပြီး ဓားတစ်စင်းလို တွေ့သမျှ လူကို တိုက်ခိုက်ခဲ့ရသည်။

ယခုအခါ ချောင်မိဖုရားခေါင်က ရှေ့မှ ကာကွယ်ပေးထားသလို ခင်ပွန်းသည် လီကျင့်ကလဲ စောင့်ရှောက်ပေးထားသည်။ အစ်မဖြစ်သူ ဟွေ့အန်းကုန်းကျူကလဲ ကူညီပေးနေသဖြင့် သူမကိုယ်တိုင် ဝင်ရောက်ဖြေရှင်းရန် မလိုအပ်တော့ပေ။

ခဏအကြာတွင် ဂုဏ်ပြုရန် ရောက်လာကြသော အမတ်များနှင့် အမတ်များ၏ဇနီးများလဲ ရောက်ရှိလာကြလေသည်။

လက်ဆောင်ပစ္စည်းများ တောင်ပုံရာပုံဖြစ်နေပြီး လက်ဆောင်စာရင်းများလည်း အလွန်များပြားလွန်းသဖြင့် သေချာဖတ်ရှုရန်ပင် အချိန်မရှိတော့ချေ။ နန်းတော်က မယ်တော်ကြီးကျောက်နှင့် ဧကရာဇ်တို့၏ ဆုလာဘ်များမှာ ပိုမိုများပြားလှသည်။

ရွှီအာနှင့်ရွှမ်းအာတို့သည် ယနေ့တွင် အလွန်လိမ်မာကြပြီး မငိုယိုကြပေ။ ဗိုက်ဆာပြီး ပါးစပ်လေးများ လှုပ်ရှားလာမှသာ ပြန်လည်ပွေ့ချီသွားလေသည်။

...

ကလေးများ တလပြည့်ပြီးနောက် ချောင်မိဖုရားခေါင်သည် သည်းမခံနိုင်တော့ဘဲ လုမင်ယွိကို နန်းတော်သို့ ဝင်ရောက်ရန် အမိန့်ထုတ်ပြန်လိုက်တော့၏။

နောက်တနေ့တွင် လုမင်ယွိသည် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ပြီး နန်းတော်သို့ ဝင်ရောက်လာခဲ့လေသည်။

မယ်တော်ကြီးကျောက်သည်လဲ သည်းမခံနိုင်တော့ဘဲ မနက်စောစောစီးစီး ကျောင်းဖန်နန်းဆောင်သို့ ရောက်ရှိလာခဲ့၏။ လုမင်ယွိက ကလေးများကို ခေါ်ဆောင်ပြီး နန်းဆောင်ထဲသို့ ဝင်ရောက်လာကာ ဂါရဝမပြုရသေးခင်မှာပင် မယ်တော်ကြီးကျောက်က စိတ်မရှည်စွာဖြင့် ပြောလိုက်လေတော့သည်။ "ရွှီအာကို အမြန်ခေါ်လာခဲ့ပါအုံး။ အိုက်ကျား ကြည့်ချင်လှပြီ"

စကားကို နားထောင်ကြည့်ပါအုံး တကယ့်ကို မျက်နှာလိုက်တဲ့ အဘွားကြီးပါလား။

လုမင်ယွိသည် မယ်တော်ကြီးကျောက်ကို စိတ်ထဲတွင် ရွံရှာမိသော်ငြား မျက်နှာပေါ်တွင်တော့ မပေါ်လွင်စေဘဲ ရွှီအာကို ပွေ့ချီပြီး ရှေ့ကိုသွားလိုက်တော့၏။

မယ်တော်ကြီးကျောက်သည် ရွှီအာကို ဝမ်းသာအားရပွေ့ချီလိုက်ပြီး တရစပ် ချီးကျူးလေတော့သည်။ "ကြည့်ပါအုံး။ ရွှီအာက မျက်ခုံးကောင်းကောင်း မျက်လုံးကြီးကြီးနဲ့ တကယ်ပဲ ချောမောလိုက်တာ"

ချောင်မိဖုရားခေါင်ကတော့ မြေးမတော်လေးရွှမ်းအာကို ပွေ့ချီလိုက်ပြီး မြေးမလေးလှပကြောင်း ချီးကျူးလိုက်လေသည်။

လုမင်ယွိက ပြုံးကာပြောလိုက်၏။ "ရွှီအာနဲ့ရွှမ်းအာက တပုံစံတည်း တူပါတယ်။ နားရွက်အနောက်က မှဲ့လေးတွေပဲ မတူကြတာပါ။ မှဲ့အနက်လေးပါတာက ရွှီအာ။ မှဲ့အနီပါတာကတော့ ရွှမ်းအာပါ"

ဒီအကြောင်းကို ချောင်မိဖုရားခေါင်က သိပြီးသားပင်။

မယ်တော်ကြီးကျောက်ကတော့ ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သဖြင့် ကလေးနှစ်ယောက်ကို အတူတူထားကြည့်ရန် ချောင်မိဖုရားခေါင်ကို ပြောလိုက်လေသည်။ ယှဥ်ကြည့်လိုက်သောအခါ အမှန်တကယ် တစ်ပုံစံတည်းတူညီနေပြီး မည်သူကအစ်ကို မည်သူကညီမဖြစ်သည်ကိုပင် ခွဲခြားလို့မရနိုင်ချေ။

မယ်တော်ကြီးကျောက်က ပြုံးကာ ပြောလိုက်လေ၏။ "မောင်နှမ ဖြစ်လို့တော်သေးတာပေါ့။ ညီအစ်ကိုနှစ်ယောက်သာဆိုရင် တစ်ယောက်ကို အိမ်ရှေ့စံမြေးတော်ခန့်လိုက်ရင် ကျန်တစ်ယောက်က စိတ်ထဲမှာ ဘယ်ကျေနပ်နိုင်ပါ့မလဲ"

လုမင်ယွိကတော့ ထိုစကားမျိုးကို မကြားလိုသဖြင့် ဖျော့တော့စွာဖြင့် ပြုံးလိုက်တော့၏။ "သားပဲဖြစ်ဖြစ် သမီးပဲဖြစ်ဖြစ် ကျွန်မနဲ့ အိမ်ရှေ့စံမင်းသားရဲ့ သွေးသားတွေပါ။ ကျွန်မတို့က ကလေးတွေကို တန်းတူချစ်ပါတယ်”

မယ်တော်ကြီးကျောက်ကတော့ စိတ်ပျက်စရာကောင်းသူပီပီ နှုတ်ခမ်းကိုတွန့်ကာ ပြောလိုက်လေသည်။ "ဘယ်လိုလုပ်တူမှာလဲ။ မိန်းမဆိုတာက သားယောက်ျားလေး မွေးမှဖြစ်မှာ။ ချောင်မိဖုရားခေါင်လိုပေါ့။ ပထမကိုယ်ဝန်မှာ သမီးမွေးတယ်။ နှစ်အတော်ကြာတော့ သားအရင်းကို မွေးနိုင်တာ။ တကယ်ဆို ပထမကိုယ်ဝန်မှာကတည်းက သားယောက်ျားလေးမွေးခဲ့ရင် မုန့်ဖေးက သားကိုအကြောင်းပြပြီး ဒီလောက်နှစ်တွေအကြာကြီး အချစ်ခံရမှာမဟုတ်ဘူး"

ချောင်မိဖုရားခေါင် "..."

ဒေါသထွက်ပြီး ပြန်ပြောချင်စိတ်ကို အစွမ်းကုန် ချုပ်ထိန်းလိုက်ရလေသည်။

မယ်တော်ကြီးကျောက်က ဒီလိုယုံကြည်ချက်ရှိရခြင်းကလဲ အကြောင်းရှိပေသည်။ သူမသည် သားယောက်ျားလေး မွေးဖွားပေးနိုင်ခဲ့သဖြင့် လီမိသားစုတွင် နေရာရခဲ့ခြင်းဖြစ်၏။ နောက်ပိုင်းတွင် ဒါကိုအကြောင်းပြုပြီး ဂုဏ်ရှိန်ကြီးမားသော မယ်တော်ကြီး ဖြစ်လာကာ စည်းစိမ်ချမ်းသာများကို ခံစားနေရခြင်းပင်။

လုမင်ယွိကတော့ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်လေသည်။ "ယောက်ျားတစ်ယောက် စိတ်ပြောင်းသွားပြီဆိုရင် သားတစ်ယောက် မပြောနဲ့ သားသုံးယောက်၊ ငါးယောက်မွေးပေးလည်း ပြန်ဆွဲထားလို့ မရပါဘူး။ မိန်းမဆိုတာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရမယ်။ ယောက်ျားကိုပဲ မှီခိုပြီး သူတစ်ပါးရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ကိုယ့်ရဲ့ဝမ်းနည်းပူဆွေးမှုအဖြစ် သတ်မှတ်နေရင် တကယ့်ကို သနားစရာကောင်းပါတယ်"

ချောင်မိဖုရားခေါင်ကလဲ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။ "လုရှီပြောတာ ကျိုးကြောင်းသင့်ပါတယ်"

ယခုအချိန်တွင် သူမထက် နက်နက်ရှိုင်းရှိုင်း ခံစားနားလည်သူ မရှိတော့ချေ။

ခင်ပွန်းသည်က မိမိကိုမချစ်လျှင် မိမိက ကိုယ့်ဟာကို ပြန်ချစ်တတ်ရပေမည်။

...

အပိုင်း (၂၈၂) ဂါရဝပြုခြင်း (၁)

သဘောထားချင်း မတိုက်ဆိုင်လျှင် ပြောသမျှစကားလုံးများအားလုံးက အပေါ်ယံချည်းပင်။

မယ်တော်ကြီးကျောက်သည် နားထောင်ချင်စိတ် လုံးဝမရှိတော့ပဲ စိတ်မရှည်စွာ မျက်စောင်းထိုးလိုက်ပြီး "တော်ပါပြီ အိုက်ကျား ကလေးတွေကို ကြည့်ပြီးပြီ ပြန်တော့မယ်။ မင်းတို့သားအမိနှစ်ယောက်ပဲ အေးအေးဆေးဆေး စကားပြောကြတော့"

ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ထပြန်သွားလေတော့သည်။

မျက်စိနောက်စရာကောင်းပြီး စိတ်ရှုပ်စရာကောင်းသူကတော့ အမြန်ပြန်သွားလေ ကောင်းလေပင်။

ချောင်မိဖုရားခေါင်သည် သက်ပြင်းချလိုက်ပြီး မယ်တော်ကြီးကျောက်ကို လိုက်ပါပို့ဆောင်ပေးလေသည်။ ထို့နောက်တွင်တော့ လုမင်ယွိကို ပြုံးကာပြောလိုက်၏။ "မယ်တော်ကြီးက အသက်ကြီးနေပြီ။ စိတ်သဘောထားက ခေါင်းမာတယ်။ စကားပြောရင်လည်း နားဝင်ဆိုးလှတယ်။ မကြားချင်ယောင် ဆောင်နေလိုက်ပါ"

လုမင်ယွိကလဲ လေးနက်စွာ ပြန်ဖြေလိုက်၏။ "ကျွန်မက အသက်ငယ်ပေမဲ့ စိတ်သဘောထား ခေါင်းမာပါတယ်။ နားမဝင်တဲ့စကားကြားရင် သေချာပေါက် ပြန်ပြောမိမှာပဲ"

ချောင်မိဖုရားခေါင်ကတော့ ရယ်မောမိလေ၏။

ချွေးမဖြစ်သူ၏ စိတ်ထားက အမှန်ပင် ပေါင်းရသင်းရ ခက်လှလေသည်။ တစ်ခါတစ်ရံတွင် သူမကိုယ်တိုင်ပင် စိတ်ထဲ၌ ကြိတ်ပြီးမကျေမနပ် ဖြစ်ရသေးသည်။ သို့သော်ငြား သူမကို ပြန်မပြောသရွေ့တော့ ချွေးမ၏ ပြန်ပြောပုံကိုကြည့်ပြီး စိတ်ကျေနပ်မိလေသည်။

ရွှီအာသည် ခြေထောက်လေးများကို ကန်ကြောက်ကာ တီတီတာတာ အသံပြုလိုက်လေ၏။

ခေါင်မိဖုရားခေါင်၏ အာရုံသည် ကလေးဆီသို့ ချက်ချင်း ပြန်ရောက်သွားပြီး မြေးကလေးကို ပြုံးရွှင်စွာ ပွေ့ချီလိုက်လေသည်။ "ရွှီအာက တကယ်ပဲ ချောလိုက်တာ။ မျက်လုံးတွေကလဲ အရောင်တောက်နေတာပဲ။ ကြည့်ရတာ ဉာဏ်ကောင်းမဲ့ပုံစံလေးပဲ"

ထို့နောက်တွင်တော့ ရွှီအာ၏ ပါးပြင်လေးကို ပွတ်သပ်ကာ ပြုံးရွှင်စွာ စနောက်မိတော့သည်။

ချောင်မိဖုရားခေါင်သည်လဲ ရွှီအာကို ပိုပြီးအလေးထားကြောင်း ထင်ရှားလေသည်။

ဒါကလည်း အပြစ်ဆိုစရာတော့ မဟုတ်ပေ။

ယခုခေတ်တွင် မျိုးဆက်ပြန့်ပွားရေးကို အလေးထားကြလေသည်။ အမျိုးသမီးတစ်ယောက် အိမ်ထောင်ပြုပြီး သုံးနှစ်အတွင်း ကိုယ်ဝန်မရှိပါက သားသမီးမရနိုင်သူဟု သတ်မှတ်ပြီး ယောက္ခမအိမ်က ကွားရှင်းလိုက်ခြင်းသည် တရားမျှတသည်ဟု ယူဆကြသည်။

ချောင်မိဖုရားခေါင်သည် ပထမဦးဆုံးကိုယ်ဝန်တွင် သမီးမိန်းကလေး မွေးဖွားခဲ့ပြီး မုန့်ဖေး အိမ်တော်သို့ ရောက်ရှိလာသည့်အခါ သားကြီးကို မွေးဖွားပေးလိုက်သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်။ ခင်ပွန်းသည်က မယားငယ်၏ အခန်းထဲတွင် နေ့စဥ်အိပ်စက်ပြီး မယားငယ်ကမွေးဖွားသော သားကို အသည်းနှလုံးလိုချစ်ခင်ကာ အတူအိပ်စက်ခြင်း စကားပြောသင်ပေးခြင်းများ ပြုလုပ်ခဲ့လေသည်။

ချောင်မိဖုရားခေါင်သည် သမီးကို ပွေ့ဖက်ကာ တစ်ကိုယ်တည်း အိပ်စက်ရင်း တိတ်တဆိတ် မည်မျှငိုကြွေးခဲ့ရသည်ပင် မသိတော့ချေ။ ထိုနာကျင်မှုကို နှစ်ပေါင်းများစွာ ကြာသည့်တိုင် ပြန်တွေးမိတိုင်း ရင်ထဲတွင် မကျေမနပ် ဖြစ်နေရဆဲပင်။

ယခုအခါ ရွှီအာကို ကြည့်ပြီး ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် ကျေနပ်အားရနေသဖြင့် မျက်တောင်ပင် မခတ်နိုင်လောက်အောင် ဖြစ်နေတော့၏။

လုမင်ယွိသည် အနည်းငယ် မျက်နှာငယ်နေရသည့် ရွှမ်းအာကို ပွေ့ချီလိုက်ပြီး သမီးလေး၏ မျက်နှာလေးကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်လေသည်။

ရွှမ်းအာ မကြောက်နဲ့နော်။ အမေက သမီးကို အချစ်ဆုံးပဲ။ နောက်ကျရင် အမေက သမီးဘက်မှာ ရပ်တည်ပေးမှာ။

ထိုအချိန်တွင် ချင်ဖေးနှင့် တခြားသူများကလဲ ဂါရဝပြုရန် ရောက်ရှိလာကြ၏။

ချောင်မိဖုရားခေါင်က မသိမသာ ခေါင်းညိမ့်ပြလိုက်ပြီး ချင်ဖေး စူးဖေး ဝမ်မေရန်နှင့် တခြားသော မိဖုရားငယ်များသည် ကျောင်းဖန်နန်းဆောင်ထဲသို့ ဝင်ရောက်လာကြလေသည်။ မိဖုရားများသည် အရင်ဆုံး ဂါရဝပြုနှုတ်ဆက်လိုက်ကြပြီးနောက် ကလေးနှစ်ယောက်၏ အနားသို့ စုဝေးရောက်ရှိလာကြ၏။

တစ်ပုံစံတည်းတူလှပြီး ချောမောလှသည့် မျက်နှာလေးနှစ်ခုကို ကြည့်ပြီး လူအများမှာ အံ့အားသင့်ကာ တရစပ် ချီးကျူးနေကြတော့သည်။

ချင်ဖေးသည် အလွန်အားကျပြီး ပြုံးကာပြောလိုက်လေ၏။ "ကျွန်မလဲ ရွှီအာကို ချီပြီး မင်္ဂလာယူချင်လိုက်တာ။ ယိအာ အိမ်ထောင်ကျပြီးရင် စောစောစီးစီး မြေးယောက်ျားလေးမွေးပေးဖို့ မျှော်လင့်တာပါ"

နောက်ရက်အနည်းငယ်ကျရင် စတုတ္တမင်းသားနှင့် ကျောက်ယွိတို့၏ မင်္ဂလာပွဲ ကျင်းပတော့မည်။

ချင်ဖေးသည် သားဖြစ်သူကို ချက်ချင်းမိန်းမပေးစားပြီး နောက်တနေ့တွင် မြေးယောက်ျားလေး မွေးဖွားလာစေချင်သည်အထိ စိတ်စောနေလေသည်။

ချောင်မိဖုရားခေါင်ကတော့ ပြုံးကာပြောလိုက်၏။ "ကလေးက ငယ်သေးတယ်။ တစ်ကိုယ်လုံးက နုနယ်နေတာ ကြီးလာမှ ချီကြတာပေါ့"

ချင်ဖေးကို မယုံကြည်ကြောင်း ပြသလိုက်ခြင်းပင်။

ချင်ဖေးသည် ငြင်းပယ်ခံလိုက်ရသော်ငြား မျက်နှာမပျက်ဘဲ ပြုံးကာပြောလိုက်လေသည်။ "ကြည့်ပါအုံး။ ချန်ချဲ့က အမြဲတမ်း ပေါ့ဆတတ်တယ်။ ဟွမ်ဟုပ်ညန်ညန်ပြောတာ မှန်ပါတယ်။ နောက်ကျရင် ထိုက်ဇီနဲ့ထိုက်ဇီဖေးတို့ အိမ်ရှေ့စံနန်းဆောင်ကို ပြောင်းလာရင် ချန်ချဲ့လဲ ကလေးကို တွေ့ဖို့၊ ချီဖို့ အချိန်တွေအများကြီး ရှိပါသေးတယ်"

စူးဖေးသည်လဲ ပျော်ရွှင်စွာဖြင့် ထရပ်ကာ ရွှီအာ၏ အနားသို့ ကပ်သွားလိုက်ပြီး ရွှီအာ၏ မျက်နှာကို လက်ဖြင့် ထိရန် ပြင်လိုက်လေသည်။

လုမင်ယွိက လက်တစ်ဖက်ဖြင့် ရွှမ်းအာကို ချီထားပြီး ကျန်လက်တစ်ဖက်ဖြင့် စူးဖေး၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆွဲလိုက်လေ၏။

မည်မျှအားပြင်းသွားသည်မသိ။ စူးဖေး၏ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး ညာဘက်လက်သည် တုန်ယင်သွားခြင်းကို ကြည့်ရုံဖြင့် သိနိုင်လေသည်။

စူးဖေးသည် နာကျင်စွာ အော်ဟစ်လုနီးပါးဖြစ်သွားပြီး လှည့်ကြည့်လိုက်သည်တွင် လုမင်ယွိ၏ အေးစက်စက် မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရလေ၏။ "စူးဖေးညန်ညန်ရဲ့ လက်သည်းတွေက ရှည်ပြီး ချွန်ထက်နေတယ်လေ။ ကလေးရဲ့ အသားအရေက နုနယ်တော့ နည်းနည်းလေး ထိမိရင်တောင် အရာထင်သွားလိမ့်မယ်။ ကျွန်မ ရိုင်းပျမိရင် ခွင့်လွှတ်ပါ"

ချောင်မိဖုရားခေါင်၏ အကြည့်သည် လုမင်ယွိ ဆုပ်ကိုင်ထားသော စူးဖေး၏ ညာဘက်လက်ပေါ်သို့ ကျရောက်သွားတော့၏။

နန်းတွင်းသူများသည် အလှအပ ကြိုက်နှစ်သက်ကြပြီး လက်သည်းများကို အရှည်ထားကာ ဒန်းပန်းရည်ဖြင့် လက်သည်းနီ ဆိုးကြလေ့ရှိကြသည်။

စူးဖေးသည် ကချေသည်ဘဝက လာသူဖြစ်သဖြင့် ဒီကိစ္စတွင် ပိုပြီးကျွမ်းကျင်လေသည်။ လက်နှစ်ဖက်စလုံးရှိ လက်သည်းများကို အရှည်ထားပြီး ယနေ့တွင် သေချာစွာ ညှပ်ကာပုံဖော်ထားသဖြင့် လက်သည်းထိပ်များက ချွန်ထက်လို့နေ၏။

အကယ်၍ ကလေးပါးပြင်ကို ထိတွေ့ရာတွင် အားပါသွားပါက အနီရောင်အစင်းရာထင်ရုံမက အမှတ်အသားပင် ကျန်ရစ်နိုင်လေသည်။

ချောင်မိဖုရားခေါင်၏ မျက်နှာထားကလဲ တည်သွားလေတော့၏။

စူးဖေးကလဲ မတရား စွပ်စွဲခံလိုက်ရသလို ရှင်းပြလေတော့သည်။ "ထိုက်ဇီဖေးက ကျွန်မကို အထင်လွဲနေပါပြီ။ ကျွန်မက ရွှီအာကို ရင်းနှီးချင်ရုံသက်သက်ပါ။ ဘယ်လိုလုပ် မကောင်းတဲ့စိတ် ရှိရမှာလဲ"

ထို့နောက် ချက်ချင်းပင် ကျိန်ဆိုလိုက်လေ၏။ "တကယ်လို့ ကျွန်မမှာ မကောင်းတဲ့စိတ်ရှိခဲ့ရင် မိုးကြိုးပစ်ပြီး သေပါစေ"

လုမင်ယွိ၏ မျက်ခုံးများက မလှုပ်ရှားဘဲ အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။ "စူးဖေးက ကျိန်ဆိုရတာ ဒီလောက်ကြိုက်မှတော့ တခြားတစ်ခုပြောင်းပြီး ကျိန်ဆိုပါလား။ တကယ်လို့ ရှင် စောစောက မကောင်းတဲ့စိတ်ရှိခဲ့ရင် ဓားနဲ့အသည်းနှလုံးကို ထိုးဖောက်ခံရပြီး သေပါစေလို့လေ"

စူးဖေး "..."

လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသောလက်သည် တဖြည်းဖြည်း အားစိုက်လာလေသည်။ သံကွင်းနှစ်ခုက လက်ကောက်ဝတ်ကို တင်းကြပ်စွာ စည်းနှောင်ထားသလို ခံစားလိုက်ရပြီး လက်ကောက်ဝတ်သည် အချိန်မရွေး ကျိုးသွားနိုင်သည့် အခြေအနေပင်။

ချင်ဖေးသည် ပွဲကြည့်ရသည်ကို မဝသေးသဖြင့် ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်လေ၏။ "စူးဖေး ရှင့်မှာ အဲလိုစိတ်မရှိမှတော့ ပါးစပ်ကနေ ကျိန်ဆိုလိုက်တာ ဘာကြောက်စရာရှိလို့လဲ"

ပုံမှန်အားဖြင့် တိတ်ဆိတ်စွာနေလေ့ရှိသော ဝမ်မေရန်ကလဲ ပြုံးကာ ဝင်ပြောလိုက်လေ၏။ "ချင်ဖေးညန်ညန် ပြောတာ မှန်ပါတယ်။ စူးဖေးညန်ညန်အနေနဲ့ အပြစ်ကင်းကြောင်း သက်သေပြဖို့ ကျိန်ဆိုလိုက်ရုံပါပဲ။ အခုလို တွေဝေနေတာက စိတ်မလုံလို့များလား"

စူးဖေးသည် လုမင်ယွိ၏ အေးစက်စက် မျက်ဝန်းများကိုကြည့်ပြီး အံကြိတ်ကာ ကျိန်ဆိုလိုက်ရလေတော့သည်။ "တကယ်လို့ ကျွန်မမှာ မကောင်းတဲ့စိတ်ရှိခဲ့ရင် ဓားနဲ့ရင်ဘတ်ကို ထိုးဖောက်ခံရပါစေ"

လုမင်ယွိ၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခုပေါ်လာပြီး လက်ကို လွှတ်ပေးလိုက်လေသည်။

စူးဖေးသည် လက်ကို မြန်မြန်ပြန်ရုတ်သိမ်းလိုက်ပြီး ထပ်မံထုတ်မပြရဲတော့ချေ။ ရွှီအာကို ဟန်ဆောင်ပန်ဆောင် ချီးကျူးပြီးနောက် သူမ၏ နေရာတွင် ပြန်ထိုင်နေလိုက်လေသည်။

...

ခဏလောက် ထိုင်လိုက်ပြီးနောက်တွင် စူးဖေးနှင့် တခြားသူများသည် တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွားကြတော့၏။

ချောင်မိဖုရားခေါင်က လုမင်ယွိကို ကြည့်လိုက်လေသည်။ "မင်းက စူးဖေးကို ထူးထူးခြားခြား မုန်းတီးနေပုံရတယ်နော်"

စူးဖေးသည် မည်မျှပင် သတ္တိကောင်းပါစေ။ လူအများရှေ့တွင် ရွှီအာကို ထိခိုက်အောင် လုပ်ရဲမည် မဟုတ်ချေ။ သို့သော်ငြား လုမင်ယွိကတော့ စူးဖေးအပေါ် အဆိုးမြင်စိတ်ဖြင့် သံသယဝင်နေခဲ့သည်။ လက်တုံ့ပြန်ရာတွင်လည်း သက်ညှာမှုမရှိခဲ့ချေ။

စူးဖေး၏ ညာဘက်လက်ကောက်ဝတ်တွင် အညိုအမည်း စွဲနေပြီဖြစ်၏။ လုမင်ယွိက မည်မျှအားစိုက်ထုတ်ခဲ့သည်ကို သိသာနေလေသည်။

လုမင်ယွိသည် မော့ကြည့်လိုက်ပြီး ချောင်မိဖုရားခေါင်နှင့် အကြည့်ချင်း ဆုံလိုက်တော့၏။ "မူဟုပ် ပြောတာ မှန်ပါတယ်။ ကျွန်မ စူးဖေးကို တကယ်ပဲ ရွံရှာပါတယ်။ တစ်စက်လေးတောင်မှ မကြည့်ချင်ပါဘူး။ ကျွန်မရဲ့ ကလေးကို ထိတွေ့တာကိုလည်း လုံးဝခွင့်မပြုနိုင်ဘူး"

ချောင်မိဖုရားခေါင်၏ မျက်လုံးထဲတွင် စူးစမ်းလိုစိတ်များ ပေါ်လာလေတော့၏။ "ဘာဖြစ်လို့လဲ။ ပန်ကုံး မှတ်မိသလောက်တော့ မင်း စူးဖေးကို ပထမဦးဆုံးအကြိမ် တွေ့တုန်းကလဲ ပြဿနာဖြစ်ခဲ့တယ်။ မင်းနဲ့သူက တခါမှ မတွေ့ဖူးပဲနဲ့ ဘာလို့မုန်းတီးနေရတာလဲ"

လုမင်ယွိကတော့ ခပ်ယဲ့ယဲလေး ပြုံးပြလိုက်ကာ "အထွေအထူး အကြောင်းပြချက်တော့ မရှိပါဘူး။ မွေးကတည်းက မတည့်ခဲ့တာ ဖြစ်မှာပါ။ ကောင်းကင်က သိမ်းငှက်နဲ့ မြေပြင်က အဆိပ်ပြင်းတဲ့ မြွေလိုပေါ့။ မွေးရာပါ ရန်သူတွေဖြစ်လို့ အတူယှဥ်တွဲ နေထိုင်လို့မရတာ နေမှာပါ"

ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် ထိတ်လန့်သွားတော့သည်။

အတူယှဥ်တွဲ နေထိုင်လို့မရဘူး ဆိုသည့် စကားလုံးကိုပင် ပြောထွက်လာခဲ့သည်။ လုမင်ယွိသည် စူးဖေးကို မည်မျှ မုန်းတီးနေသည်ကို သိသာလေသည်။

စူးဖေးသည် လုမင်ယွိကို တမင်ဖြစ်စေ မတော်တဆဖြစ်စေ ရှောင်ရှားလေ့ရှိပြီး သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် စကားပြောဆိုသည့် အကြိမ်အရေအတွက်ကလဲ လက်ချိုးရေလို့ ရလေသည်။

အမှန်တွင်တော့ လုမင်ယွိ အမုန်းဆုံးလူသည် လုပ်ကြံသတ်ဖြတ်မှုကို ဦးဆောင်ခဲ့သော မုန့်ဖေး သို့မဟုတ် မယ်တော်ကြီးကျောက်ကို သွေးထိုးလှုံ့ဆော်ပြီး သူမကို ဒုက္ခပေးခဲ့သော ချင်ဖေးသာ ဖြစ်သင့်လေသည်။

အဘယ့်ကြောင့်များ စူးဖေး ဖြစ်နေရပါသနည်း။

ယုံးကျားဧကရာဇ် ရောက်ရှိလာခြင်းက ယောက္ခမနှင့်ချွေးမကြားက ထူးဆန်းသော တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေ၏။

ယုံးကျားဧကရာဇ်သည် ညီလာခံပြီးဆုံးသည်နှင့် ကျောင်းဖန်နန်းဆောင်သို့ အလျင်အမြန် ရောက်လာခဲ့လေသည်။ နန်းတွင်းသူများ အကြောင်းမကြားရသေးခင်မှာပင် ယုံးကျားဧကရာဇ်က နန်းဆောင်ထဲသို့ ဝင်ရောက်လာပြီး ပြုံးကာဖြင့် ပြောလိုက်လေတော့၏။

"ရွှီအာ ဘယ်မှာလဲ။ ကျန်းကို အမြန်ပြပါအုံး"

...

All Chapters